အခန်း (၁၃၃၃-၁၃၃၅)
Vol. 89 Ch. 1333-1335
အခန်း(၁၃၃၃)
"ကြည့်ကောင်းတုန်းပဲ ရှိသေးတာကို.. ပြီးသွားပြီလား"
ရှထျန်းရီက ရုတ်တရက် အရှုံးပေးလိုက်သည်ကို မြင်လျှင် လူအများအပြားသည် မှင်တက်သွားကြသည်။
"အရှုံးအနိုင်လည်း မပေါ်သေးဘဲနဲ့ ဘာလို့ ရှထျန်းရီက ကျန်းချန်ကို ရုတ်တရက် အရှုံးပေးလိုက်ရတာလဲ"
"ကျန်းချန်က တကယ်ကို သန်မာလွန်းတဲ့ ကျင့်ကြံသူပဲ.. ရှထျန်းရီက ကျန်းချန်ကို အနိုင်ရဖို့ မသေချာတဲ့ အတွက် ကျန်းချန်နဲ့သူသေကိုယ်သေ တိုက်ခိုက်ဖို့ မဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်"
လူတစ်ဦးက သုံးသပ်လိုက်သည်။
"သြော် ဒါကြောင့် ထိပ်တိုက် တွေ့ဆုံမှုက ဒီလိုနဲ့ပဲ ရုတ်တရက် ပြီးဆုံးသွားတာကိုး"
ထိုလူ၏ သုံးသပ်မှုကို ကြားလျှင် လူတိုင်းသည် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
"ကျန်းချန် ခဏလေးနေပါဦး"
စင်ပေါ်ကနေ ကျန်းချန် ဆင်းတော့မည့် ဆဲဆဲတွင် ရှားချန်ခုံး၏ လေသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး လေထဲရှိ ရှားချန်ခုံးကို မော့ကြည့်လိုက်သည်။
ထို့နောက် သူက တည်ငြိမ်သောလေသံဖြင့် ပြောလိုက်၏။
"အကြီးအကဲချန်ခုံး ကျွန်တော့်ကို ဘာပြောစရာရှိသေးလို့လဲ"
ရှားချန်ခုံးက ပေါ့ပါးစွာပင် ပြန်ဖြေလိုက်သည်။
"စည်းမျဥ်းတွေအရတော့ ရှထျန်းရီကို အနိုင်ယူလိုက်တဲ့အတွက် မင်းက နောက်ထပ် စိန်ခေါ်သူကို မင်းကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်ပြီး စိန်ခေါ်လို့ရတယ်.. ဒါမှမဟုတ်ရင် စိန်မခေါ်ဘဲ နေချင်လည်းရတယ်"
ထိုစကားကို ကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ပုံမှန်အားဖြင့် စိန်ခေါ်သူများကို ရှချန်ခုံးက သတ်မှတ်ပေးရသည်။
ထိုစိန်ခေါ်သူများသည် မိမိစိန်ခေါ်မည့်သူကို သတိထား၍ ရွေးချယ်လေ့ ရှိသည်။
သို့သော်လည်း အနိုင်ရရှိပြီးနောက်တွင် ဆက်လက် စိန်ခေါ်ခြင်း မရှိတော့ချေ။
ရှားချန်ခုံးက သူ့ကို နောက်ထပ် စိန်ခေါ်မှု ပြုလုပ်ရန် သတိပေးလိုက်မည်ဟု ကျန်းချန် မထင်ထားခဲ့ပေ။
ဟောင်ထျန်း သူတော်စင်နယ်မြေက သူ့ကို တမင်တကာ ပစ်မှတ်ထားနေသလားဟုပင် ကျန်းချန် သံသယဝင်လာခဲ့သည်။
"ဒါဆိုလည်း ဆက်ပြီး စိန်ခေါ်မယ်"
ကျန်းချန်က ပေါ့ပါးစွာ ပြုံးလိုက်ပြီးနောက်တွင် စင်မြင့်၏ အလယ်သို့ ပြန်လှည့်သွားခဲ့သည်။
ဤပြိုင်ပွဲသည် ကြယ်စွမ်းအင်လုယူပွဲ ဖြစ်ပြီး ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းထဲတွင် နေနိုင်မည့် အချိန်ကာလနှင့်လည်း တိုက်ရိုက် ဆက်စပ်နေခဲ့သည်။
သူက ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းတွင် အချိန်ခပ်ကြာကြာ နေချင်ခဲ့ရာ ပြိုင်ဘက်များကို စိန်ခေါ်ပြီး ကြယ်စွမ်းအင်များကို ပိုမို၍ စုဆောင်းရလိမ့်မည် မဟုတ်ပါလော။
ယခု ဆက်လက် စိန်ခေါ်ခွင့်ရနေပြီ ဖြစ်ရာ ကျန်းချန်သည် ထိုအခွင့်အရေးကို အဘယ်ကြောင့် လက်လွှတ်ခံနိုင်ပါမည်နည်း။
ဤသည်က ဟောင်ထျန်း သူတော်စင်နယ်မြေ၏ အကြံအစည်ပင်ဖြစ်နေပါစေ၊ ကျန်းချန် လုံးဝ မကြောက်ရွံ့ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ပြီးပြည့်စုံသည့် ခွန်အားရှေ့တွင် အကြံအစည်အားလုံးသည် အသုံးမဝင်သောကြောင့်ပင်။
ရှားချန်ခုံးက တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ.. မင်းဆက်လက် စိန်ခေါ်မယ်ဆိုရင် စိန်ခေါ်ချင်တဲ့သူရဲ့ နာမည်ကို ပြောပါ"
ရှားချန်ခုံး၏စကားကိုကြားလျှင် ကျန်းချန်၏ အကြည့်သည် ရင်ပြင်ပေါ်ရှိ လူတိုင်းကို ကျရောက်သွားခဲ့သည်။
ကျန်းချန်က ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ နံပါတ်(၁)နေရာတွင် ဖြစ်၍ အဆင့်(၁၁)အတွင်းသာလျှင် စိန်ခေါ်၍ ရလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် သူက မည်သူ့ကို စိန်ခေါ်သည်ဖြစ်စေ၊ စိန်ခေါ်ခံရသူသည် လျှို့ဝှက်နယ်မြေရှစ်ခုမှ သူတော်စင်သားတော်၊သမီးတော်များ ဖြစ်ရန် သေချာသလောက်ပင်။
ထိုကဲ့သို့ စိန်ခေါ်မှုသည် သေချာပေါက် အလွန်တရာ စိတ်လှုပ်ရှားဖွယ် ဖြစ်လာပေလိမ့်မည်။
ရင်ပြင်ပေါ်ရှိ မရေမတွက်နိုင်သော အကြည့်များကို ခံယူရင်း ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ စင်မြင့်အောက်ရှိ ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းမှ ကျင့်ကြံသူများကို ငုံ့ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ မောက်မာသောအသံသည် စင်မြင့်ထက်ကနေ ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။
"ငါ ပါရမီရှင်နတ်သန္ဓေအင်ပါယာစာရင်းရဲ့ ထိပ်ဆုံးကို ရောက်ကတည်းကစပြီး လူအများအပြားက ငါ့အပေါ်ကို မကျေနပ်ကြဘူးဆိုတာ ငါသိပါတယ်.. ဒီမှာ ရှိနေတဲ့ ကျင့်ကြံသူတွေထဲမှာလည်း ငါ့ကို စိန်ခေါ်ချင်တဲ့သူတွေ ရှိနေမှာ သေချာတယ် အခု ငါက မင်းတို့အားလုံးကို အခွင့်အရေးပေးမယ်.. ငါ့ကိုစိန်ခေါ်ချင်တဲ့သူတွေ အားလုံး တစ်ခါတည်းပဲ စင်ပေါ်ကို တက်လာခဲ့ကြပါ"
"ဘာ.. ဘယ်လို"
ကျန်းချန်၏ မောက်မာသော စကားကိုကြားလျှင် လူတိုင်း၏ အကြည့်၌ မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သိထားရမည်မှာ ယခုရင်ပြင်ထဲတွင် ရှန်းဝူတိုက်ကြီး၏ ပါရမီရှင်အားလုံးနီးပါး စုဝေးနေကြခြင်း ဖြစ်သည်။
ထိုကောင်လေးသည် တစ်ကိုယ်တော် စွမ်းရည်ဖြင့် ပါရမီရှင်နတ်သန္ဓေအင်ပါယာ စာရင်းမှ ကျင့်ကြံသူအားလုံးကို စိန်ခေါ်နေခဲ့သည်။
ယင်းမှာ ရူးသွပ်လွန်းသော လုပ်ရပ်ပင် မဟုတ်ပါလော။
ဤအချိန်တွင် လျှို့ဝှက်နယ်မြေရှစ်ခုမှ သူတော်စင်သားတော်သမီးတော်များ၏ မျက်နှာအမူအရာသည် သိပ်မကောင်းတော့ပေ။
အဘယ်ကြောင့်ဆိုသော် ကျန်းချန်၏ စကားများသည် လျှို့ဝှက်နယ်မြေရှစ်ခုမှ ပါရမီရှစ်ဦးကို အဓိက ပစ်မှတ်ထားမှန်း ရှင်းလင်းစွာ ဖော်ပြနေသောကြောင့်ပင်။
"ကျန်းချန် မင်းသိပ်ပြီး မာန်တက်မနေနဲ့.. ဟောင်ထျန်းသူတော်စင်နယ်မြေက ရှားဟုန် မင်းကို စိန်ခေါ်ဖို့ လာပြီ"
ရှားဟုန်က ကြွေးကြော်လိုက်ပြီး စင်မြင့်ပေါ် ပထမဆုံး ပြေးတက်လာခဲ့သည်။
ကျန်းချန်က ရှားဟုန်ကို ပေါ့ပါးစွာ ကြည့်လိုက်ပြီး မထီမဲ့မြင်အမူအရာဖြင့် ပြောလိုက်၏။
"မင်းလို အရှုံးသမားက ငါ့ကို စိန်ခေါ်ချင်ရင်တော့ တစ်ယောက်တည်းနဲ့ လုံလောက်မှာမဟုတ်ဘူး"
"ဒါဆိုလည်း ငါ့ကို ထည့်ပေါင်းလိုက်ပါ"
သူရိန်နယ်မြေမှ သူတော်စင်သားတော် ယန်ယောင်က အေးစက်စက် ရေရွတ်လိုက်ပြီး ကျန်းချန်၏ ရှေ့သို့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့သည်။
"မင်းတို့နှစ်ယောက်ပဲလား ဒါဆိုရင် မလုံလောက်သေးဘူး"
ကျန်းချန်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။
"မင်းက ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ နံပါတ်(၁)နေရာနဲ့ ထိုက်တန်ပါပေတယ်...တကယ်ကို မာနကြီးလွန်းတာပဲ.. ဒါဆိုလည်း ငါ့ကိုပါ ထည့်ပေါင်းလိုက်"
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ချောမောသောလူငယ်တစ်ဦးသည် စင်ပေါ်သို့ ထပ်မံ၍ ရောက်ရှိလာခဲ့သည်။
ထိုလူငယ်မှာ ဟောင်ထျန်း သူတော်စင်နယ်မြေမှ ရှားချင်းချန်ဖြစ်သည်။
နတ်သန္ဓေအင်ပါယာစာရင်း၏ အဆင့်(၉)ရှားဟုန်၊အဆင့်(၆)ရှားချင်းချန်၊ အဆင့်(၄)ယန်ယောင်။
တစ်ခဏအတွင်းမှာပင် နတ်သန္ဓေအင်ပါယာ စာရင်း၏ ထိပ်ဆုံးဆယ်ယောက် စာရင်းမှ သုံးဦးသည် စင်မြင့်ပေါ်သို့ ရောက်ရှိသွားခဲ့ကြသည်။
"ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲက သုံးယောက်က နံပါတ်(၁)နေရာက ကျင့်ကြံသူကို စိန်ခေါ်နေတယ်ဟ...ဒီတိုက်ပွဲက တကယ်ကို ရာစုနှစ်ရဲ့ ရှားပါးတဲ့တိုက်ပွဲပဲ.. ကျန်းချန်က သုံးယောက် တစ်ယောက်တိုက်တာ နိုင်မယ်လို့ ထင်လား"
"တစ်ယောက်ချင်းစီ တိုက်မယ် ဆိုရင်တော့ ကျန်းချန် အနိုင်ရနိုင်တယ်.. သုံးယောက်တစ်ယောက် တိုက်တယ် ဆိုရင်တော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
".............."
ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းမှ ကျင့်ကြံသူ တချို့က ခေါင်းခါရမ်း၍ ရေရွတ်လိုက်ကြသည်။
ဤတစ်ခေါက်တွင် ကျန်းချန်အနေဖြင့် အလွန်အမင်း ယုံကြည်မှု လွန်ကဲနေသည်ဟု သူတို့ ထင်ခဲ့သည်။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားအရ ဆိုလျှင် ယန်ယောင်တို့ တစ်ယောက်ချင်းစီသည် ကျန်းချန်၏ ပြိုင်ဘက်မဟုတ်ပေ။
သို့သော်လည်း ထိုသုံးယောက်သည် နတ်သန္ဓေ အင်ပါယာစာရင်း၏ ထိပ်ဆုံးဆယ်ယောက်ထဲမှ ဖြစ်ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူပင် ၎င်းတို့၏ ပြိုင်ဘက်မဟုတ်ကြပေ။
ထိုသုံးဦး ပူးပေါင်းလိုက်လျှင် လျှို့ဝှက်နယ်မြေရှစ်ခုမှ သူတော်စင် သခင်များပင် အနိုင်ယူရန် မလွယ်ချေ။
"မင်းတို့သုံးယောက်ပဲလား.. ငါ့အထင်တော့ မလုံလောက်သေးဘူး"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလို ဟောင်ထျန်း သူတော်စင်နယ်မြေမှ ရှားယွမ်ဟောင်ကို ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
"ဟောင်ထျန်း သူတော်စင်နယ်မြေက သူတော်စင်သားတော်.. မင်းရော စင်ပေါ်ကို မတက်တော့ဘူးလား"
ထိုစကားသံ ထွက်ပေါ်လာသည်နှင့်အမျှ ပရိသတ်အားလုံးကြားတွင် ဆူညံပွက်လော ရိုက်သွားခဲ့သည်။
ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ ထိပ်ဆုံးဆယ်ယောက်ထဲမှ သုံးယောက်ကို တစ်ပြိုင်နက်တည်း စိန်ခေါ်လိုက်ခြင်းကပင် အတော်လေး လွန်လွန်းနေခဲ့ပြီ ဖြစ်၏။
သို့တိုင် ထိုကောင်လေးသည် ဟောင်ထျန်း သူတော်စင်နယ်မြေမှ သူတော်စင်သားတော်ကိုပင် ဖိတ်ခေါ်လိုက်သေး၏။
သိထားရမည့်အချက်မှာ ပါရမီရှင် နတ်သန္ဓေ အင်ပါယာစာရင်းကို နှစ်ပေါင်းများစွာ သိမ်းပိုက်ထားခဲ့သော ဟော်ထျန်းသူတော်စင်နယ်မြေ၏ သူတော်စင်သားတော် ရှားယွမ်ဟောင်သည် လျှို့ဝှက်နက်နဲသော ခွန်အားများကို ပိုင်ဆိုင်ထားခြင်းပင်။
ကောင်းကင် သူတော်စင်နယ်မြေမှ မကြာသေးမီက ထုတ်ပြန်ခဲ့သော ပါရမီရှင် နတ်သန္ဓေအင်ပါယာအဆင့်တွင် ကျန်းချန်ကို ရှားယွမ်ဟောင်ထက် သာလွန်သည်ဟု သတ်မှတ်ခဲ့သော်လည်း လူတိုင်းသည် ရှားယွမ်ဟောင်နှင့် ကျန်းချန်ကို သိပ်မကွာလောက်ဟု ထင်ခဲ့ကြသည်။
တစ်ဦးချင်း ထိပ်တိုက်ရင်ဆိုင်တွေ့လျှင်ပင် အကြိတ်အနယ်ရင်ဆိုင်ပြီးမှသာ ရလဒ်က ထွက်ပေါ်နိုင်လောက်၏။
သို့သော်လည်း ထိုကောင်လေးသည် ရှားယွမ်ဟောင်ကိုပါ စင်ပေါ်သို့ တက်လာခိုင်းပြီး လေးယောက်တစ်ယောက် ရင်ဆိုင်ချင်နေခဲ့သည်။
"ဒီကောင်က တကယ်ကို ရူးသွပ်လွန်းတာပဲ"
"ကျန်းချန်.. မင်းကို အနိုင်ယူဖို့အတွက် တခြား လူတွေနဲ့ ပူးပေါင်းဖို့ မလိုအပ်ဘူး.. မင်း သူတို့သုံးယောက်ကို အနိုင်ယူပြီးရင် ငါမင်းနဲ့တိုက်ခိုက်မယ်"
ရှားယွမ်ဟောင်က အေးစက်စက် ပြောလိုက်သည်။
သူက ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ အဆင့်(၁)နေရာတွင် နှစ်ပေါင်းများစွာ ရပ်တည်နေသော ရှားယွမ်ဟောင် ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်နှင့် တိုက်ခိုက်ရမည်ဆိုလျှင်ပင် သူ၏ ကိုယ်ပိုင်ခွန်အားဖြင့်သာ အနိုင်ယူချင်ခဲ့သည်။
ကျန်းချန်က သူတို့သုံးယောက်ကို ဤမျှလောက်အထိ အထင်သေးနေသည်ကိုမြင်လျှင် သူတော်စင်သားတော် ယန်ယောင်သည် ကျန်းချန်ကို မကျေမနပ် စူးစိုက်ကြည့်လိုက်သည်။
သူ၏ ဆံပင်ရှည်များက လေထဲတွင် ကြည့်ကောင်းစွာ လွင့်နေပြီး သူ၏ တစ်ကိုယ်လုံးကနေ ရွှေရောင်အလင်းများ တောက်ပနေသည်မှာ နေမင်း၏ သားတော်တစ်ပါးလို ဖြစ်နေခဲ့၏။
"ကျန်းချန် မင်းစကားများမနေနဲ့တော့.. ငါတို့သုံးယောက်ကိုပဲ အနိုင်ရအောင် အရင်လုပ်ကြည့်ပါဦး"
အခန်း(၁၃၃၃)ပြီး၏။
အခန်း(၁၃၃၄)
သူရိန်နယ်မြေမှ သူတော်စင်သားတော်ယန်ယောင်၏ အရှိန်အဝါ ပေါက်ကွဲထွက်လာသည်နှင့်အမျှ ရှားချင်းချန်နှင့် ရှားဟုန်တို့၏ အရှိန်အဝါများသည်လည်း အင်အား အပြည့်အဝဖြင့် ပေါက်ကွဲထွက်လာကြသည်။
ထိုသုံးဦးကို တစ်ချိန်တည်းတွင် ရင်ဆိုင်နေရသော်လည်း ကျန်းချန်၏ အမူအရာသည် အလွန်တရာပင် တည်ငြိမ်နေခဲ့၏။
သူက ယန်ယောင်တို့ သုံးဦးကို ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
"ကောင်းပြီလေ စကြတာပေါ့...ဘယ်သူကမှ စင်ပေါ်ကို ထပ်မတက်လာမှတော့ မင်းတို့သုံးယောက်ကို အရင်ဖြေရှင်းဖို့ပဲ ရှိတော့တယ်"
ကျန်းချန်၏ စကားကိုကြားလျှင် လူတိုင်း၏ အမူအရာသည် လေးနက်သွားခဲ့သည်။
ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ ထိပ်ဆုံးဆယ်ယောက်ထဲမှ သုံးယောက်က နံပါတ်(၁)နေရာမှ ကျင့်ကြံသူကို စိန်ခေါ်သောတိုက်ပွဲမှာ ရာစုနှစ်တစ်ခုတွင် မကြုံစဖူး ရှားပါးသော တိုက်ပွဲတစ်ပွဲပင် ဖြစ်သည်။
ထို့ကြောင့် လျှို့ဝှက်နယ်မြေရှစ်ခုမှ သူတော်စင် သခင်များပင် စင်မြင့်ထက်ကို စိတ်ဝင်တစားဖြင့် လေးလေးနက်နက် ကြည့်နေခဲ့ကြ၏။
"အစ်ကိုမို.. ဒီပါရမီရှင် နတ်သန္ဓေ အင်ပါယာစာရင်းက အစ်ကိုမိုတို့ ကောင်းကင် သူတော်စင်နယ်မြေက စီစဥ်တာဆိုတော့ ကျန်းချန်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ထက် ပိုပြီးတော့ အစ်ကိုမိုက နားလည်မယ်လို့ ထင်တယ်.. ဒီတိုက်ပွဲရဲ့ အနိုင်အရှုံးကို အစ်ကိုမို ဘယ်လိုမြင်လဲ"
ထိုအချိန်တွင် ကျိရှောင် သူတော်စင်နယ်မြေမှ ရှန်းယွင်က ကောင်းကင် သူတော်စင်နယ်မြေမှ မိုကျိရွှယ်ကို မေးလိုက်သည်။
ရှန်းယွင်၏ စကားကိုကြားလျှင် ရှားယွမ်ဟောင်နှင့် ချင်ဝူချွှယ်တို့ပင် ကောင်းကင် သူတော်စင်နယ်မြေမှ သူတော်စင်သားတော် မိုကျိရွှယ်ကို လှမ်းမကြည့်ဘဲ မနေနိုင်တော့ပေ။
"မင်းတို့က ငါ့ကို အရမ်းပဲ အထင်ကြီးလွန်းနေပါပြီ.. ငါက ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ အဆင့်တွေကို ဝင်ရောက်စွက်ဖက်ဖို့လောက် အထိ အရည်အချင်း မရှိပါဘူး.. ဒါကြောင့် ဒီညီနောင် ကျန်းချန်နဲ့ ပတ်သက်ပြီး ငါက မင်းတို့ထက် ပိုမသိဘူး"
မိုကျိရွှယ်က ပေါ့ပါးစွာပြုံး၍ ပြန်ဖြေလိုက်သည်။
ထိုသို့ ပြောလိုက်သော်လည်း ကျန်းချန်ကို ကြည့်နေသည့် သူ၏အကြည့်တွင် ထူးဆန်းသော အမူအရာတချို့ ရှိနေခဲ့၏။
သူက ကျန်းချန်၏ ခွန်အားကို နားမလည်သော်လည်း ကျန်းချန်က အလွယ်တကူ မရှုံးနိမ့်နိုင်မှန်း ကောင်းစွာ သိထားခဲ့သည်။
ကျန်းချန်သည် ကျုံးကျိုးကုန်းမြေတွင် တစ်ဟုန်ထိုး ကျော်ကြားလာပြီးနောက်တွင် လျှို့ဝှက်နယ်မြေ ၈ခုလုံးသည် ကျန်းချန်ကို အလေးအနက် ထားလာခဲ့ကြသည်။
သိထားရမည့်အချက်မှာ ကောင်းကင်သူတော်စင်နယ်မြေ၏ မှော်ရတနာ အကူအညီဖြင့်ပင် သူတို့ ကောင်းကင်သူတော်စင်နယ်မြေ၏ သခင်သည် ကျန်းချန်၏ ကံကြမ္မာကို မမြင်နိုင်ခဲ့ပေ။
ထို့ကြောင့် ထိုကောင်လေးသည် ဒဏ္ဍာရီလာ ကံကြမ္မာပိုင်ရှင်ဖြစ်ပြီး ရှန်းဝူတိုက်ကြီး၏ အနာဂတ်ကို ထိန်းချုပ်နိုင်သူတစ်ယောက် ဖြစ်နိုင်လောက်၏။
ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်သည့် ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်ရာ လျှို့ဝှက်နယ်မြေ ရှစ်ခုမှ အထွတ်အထိပ် ပါရမီရှင်များသည် ကျန်းချန်နှင့် ယှဥ်ပြိုင်ရန် မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။
"ကျန်းချန်.. မင်းမှာ ငါတို့ကို အနိုင်ယူနိုင်မဲ့စွမ်းရည် ရှိမရှိ ကြည့်ရသေးတာပေါ့"
ရှားဟုန်က ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလို ငွေရောင်လှံကို ဝှေ့ယမ်းလိုက်သည်။
ထို့နောက်တွင် ငွေရောင်လှံကနေ ငွေရောင်အလင်းကိုးခု ထွက်ပေါ်လာခဲ့ပြီး ထိုငွေရောင် အလင်းများသည် ငွေရောင်နဂါးကိုးကောင်အဖြစ် ပြောင်းလဲကာ ကျန်းချန်ဆီသို့ ဦးတည်သွားခဲ့သည်။
ကျန်းချန် မည်မျှ သန်မာကြောင်းကို သိထားသော ရှားဟုန်သည် အနည်းငယ်မျှပင် မပေါ့ဆရဲဘဲ သူ၏ အားအကောင်းဆုံး တိုက်ကွက်ကို ထုတ်ဖော်လိုက်၏။
"ဒီလောက်လေးပဲလား"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး သူ၏လက်ချောင်းကို လှုပ်ရှားလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ့လက်ညှိုးကနေ ဓားချီ ထွက်ပေါ်လာခဲ့ပြီး လေထုကို ထိုးဖောက်ကာ ငွေရောင်နဂါးများပေါ်သို့ အလွန်တိကျစွာ ထိမှန်သွားခဲ့သည်။
ထို့နောက်တွင် လွှမ်းမိုးနိုင်သောစွမ်းအားများ ရှိသည့်
ငွေရောင်နဂါး ကိုးကောင်သည် ချက်ချင်းပင် ပြိုကွဲသွားခဲ့ပြီး ငွေရောင်အလင်းစများ အဖြစ် ပြောင်းလဲကာ လေထဲတွင် ပြန့်ကျဲသွားခဲ့သည်။
ထိုရလဒ်၏ အကျိုးဆက်အဖြစ် ရှားဟုန်သည် မီတာရာပေါင်းများစွာ အဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့၏။
"ရွှေကျီးကန်း လက်ဝါးသိုင်း"
ကျန်းချန်က ရှားဟုန်ကို တစ်ကွက်တည်းဖြင့် နောက်ဆုတ်စေခဲ့သည်ကို မြင်လျှင် ယန်ယောင်သည် ချက်ချင်းပင် ရွှေကျီးကန်း လက်ဝါးသိုင်းကို ထုတ်ဖော်လိုက်သည်။
ထို့နောက်တွင် နေကဲ့သို့ တောက်ပနေသော ရွှေကျီးကန်း တစ်ကောင်သည် ခန္ဓာကိုယ်ကနေ ရွှေရောင် အလင်းတန်းများကို ထုတ်လွှတ်ကာ ကျန်းချန်ဆီသို့ အလျင်အမြန် ဆင်းသက်လာခဲ့သည်။
"ဒီလှည့်ကွက်လောက်က ငါ့အတွက် အသုံးမဝင်ဘူး"
ကျန်းချန်က လက်ညှိုးမှ ဓားစွမ်းအင်ဖြင့် ပစ်ခတ်လိုက်ရာ ဓားစွမ်းအင်သည် လေထုထဲရှိ ရွှေကျီးကန်းကို ထိမှန်သွားခဲ့သည်။
ထို့နောက်တွင် ဓားစွမ်းအင်၏ လက်ချက်ဖြင့် ရွှေကျီးကန်းသည် နှစ်ပိုင်း ပြတ်ထွက်သွားခဲ့သည်။
ယန်ယောင်၏ ခန္ဓာကိုယ်သည်လည်း ထိုဓားစွမ်းအင်ကြောင့် ထိခိုက်ခဲ့ရပြီး ခြေဆယ်လှမ်းခန့် နောက်သို့ ဆုတ်လိုက်ရသည်။
ရွှေကျီးကန်း လက်ဝါးသိုင်းကို ဖြိုခွင်းပြီးနောက်တွင် ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်၏။
"မင်းတို့က အရမ်းကို အားနည်းလွန်းတယ်.. မင်းတို့အားလုံး အတူတူ ပူးပေါင်းပြီးတော့ တိုက်ခိုက်သင့်တယ်"
ရှားဟုန်နှင့် ယန်ယောင်တို့ကို လက်ညှိုးဖြင့်ပင် အလွယ်တကူအနိုင်ယူလိုက်သည့် ကျန်းချန်ကို ရင်ပြင်ပေါ်ရှိ ပါရမီရှင် ကျင့်ကြံသူ အများအပြားသည် မျက်စိမျက်နှာ ပျက်သွားကြသည်။
"အရမ်းကို သန်မာလွန်းတာပဲ.. ဒါက ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ နံပါတ်(၁)နေရာက ကျင့်ကြံသူရဲ့ ခွန်အားလား.. တကယ်ကို ကြောက်စရာပဲ"
"ဒီကောင့်ရဲ့ခွန်အားက တကယ်ကို သန်မာလွန်းတယ်.. ငါတို့အတူတူ ပူးပေါင်းပြီး တိုက်ခိုက်ကြရအောင်"
ယခုအချိန်ထိ မတိုက်ခိုက်ရသေးသည် ရှားချင်းချန်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
သူ၏ ချောမောသော မျက်နှာထက်တွင် လေးနက်သောအမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအင်သည် သူတို့ သုံးယောက်ထက် များစွာ သာလွန်နေခဲ့သည်။
သူသာ အတူတူ ပူးပေါင်း၍ မတိုက်ခိုက်လျှင် သူတို့သုံးယောက်လုံးကို ကျန်းချန်သည် တစ်ယောက်ပြီး တစ်ယောက် အမှန်တကယ် အနိုင်ယူသွားလိမ့်မည် မဟုတ်ပါလား။
ထို့နောက်တွင် ယန်ယောင်နှင့် ရှားဟုန်ထံကနေ ကြောက်မက်ဖွယ် အသက်စွမ်းအင်သည် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။
ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်း၏ ထိပ်ဆုံးဆယ်ယောက်ထဲမှ သုံးယောက်၏ တစ်ချိန်တည်း တိုက်ခိုက်မှုစွမ်းအားသည် ကမ္ဘာကိုပင် တုန်လှုပ်စေခဲ့သည်။
ရှားဟုန်က ငွေရောင်လှံ တစ်လက်ကို လက်ထဲတွင်
ဆုပ်ကိုင်ထား၏။
ယန်ယောင်၏ ကျောဘက်တွင်မူ ရွှေရောင်အလင်းများ တောက်ပနေသည့် နေတစ်စင်း ရှိနေခဲ့သည်။
ရှားချင်းချန်၏ မျက်လုံးတစ်စုံကမူ နတ်ဘုရားမျက်လုံး ကဲ့သို့ ရွှေရောင် တလက်လက် တောက်ပနေခဲ့၏။
၎င်းတို့ထံမှ စွမ်းအင်က ပေထောင်ပေါင်းများစွာ အချင်းရှိသည့် လေထုကိုပင် တုန်ခါစေခဲ့ပြီး မရေမတွက်နိုင်သော ကြောက်မက်ဖွယ် စွမ်းအင်များသည် ကျန်းချန်ဆီသို့ ရူးသွပ်စွာ ဝင်ရောက်လာခဲ့သည်။
"ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားပါလား"
ကမ္ဘာမြေကိုပင် တုန်ခါစေသည့် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ကျင့်ကြံသူ အားလုံးသည် တုန်လှုပ်နေခဲ့ကြသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို
နတ်သန္ဓေအင်ပါယာ နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူပင် ခုခံနိုင်မည် မဟုတ်ဟု ထင်ရ၏။
"ဟားဟား အားလုံးတက်ခဲ့.. ငါ့ရဲ့သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်ကို မြည်းကြည့်လိုက်.. ကမ္ဘာဖျက်ဆီး နဂါးမီးလျှံ"
ကျန်းချန်က ကျယ်လောင်စွာ လှောင်ရယ်လိုက်ပြီးနောက်တွင် ကမ္ဘာဖျက်ဆီး နဂါးမီးလျှံ စွမ်းရည်ကို ထုတ်သုံးလိုက်ရာ သူ၏ ကျောနောက်တွင် ရွှေရောင်နဂါး တစ်ကောင် ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရွှေနဂါးကြီးသည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
နဂါး၏ ဟိန်းဟောက်သံကြောင့် လေထုသည် ပေါက်ကွဲထွက်သွားပြီး နေနှင့်လတို့ပင် အဆက်မပြတ် တုန်ခါနေခဲ့သည်။
ယန်ယောင်တို့ သုံးယောက်၏ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သော မရေမတွက်နိုင်သည့် စွမ်းအင်မုန်တိုင်းများသည် ဖြိုခွင်းခံလိုက်ရပြီး အရပ်လေးမျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
ထိုရလဒ်၏ အကျိုးဆက်ဖြင့် ယန်ယောင်တို့ သုံးယောက်၏ ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်များသည် မတည်မငြိမ် ဖြစ်လာခဲ့ပြီး သုံးဦးစလုံးသည် မီတာ ၁၀၀ နီးပါး အထိ နောက်ပြန် လွင့်စင်သွားခဲ့ကြသည်။
အထူးသဖြင့် ထိုသုံးယောက်ထဲတွင် အားအနည်းဆုံး ဖြစ်သည့် ရှားဟုန်သည် ပါးစပ်ကနေ သွေးများကိုပါ အန်ထုတ်လိုက်ရပြီး အဆုံးသတ်တွင် မြင်ကွင်းတစ်ခုလုံး မှောင်အတိကျကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
သူတို့ရှေ့မှ ထိတ်လန့်စရာ ကောင်းသော မြင်ကွင်းကို မြင်လျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် ရုတ်တရက် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက မျက်စိမျက်နှာ ပျက်နေခဲ့ကြပြီး အံ့သြထိန်လန့်မှုကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရ၏။
ကျန်းချန်က မည်မျှ အားကောင်းကြောင်း သိထားကြသော်လည်း ဤမျှအထိ အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်း၏ ထိပ်ဆုံးဆယ်ယောက် စာရင်းဝင် ကျင့်ကြံသူ သုံးဦးက ပူးပေါင်း တိုက်ခိုက်ခဲ့သော်လည်း ကျန်းချန်သည် အလွယ်တကူပင် အနိုင်ယူခဲ့သည်။
"ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ရင်ပြင်မှ ပါရမီရှင် နတ်သန္ဓေ အင်ပါယာများသာမက ရှချန်ခုန်း၏ မျက်လုံးတွင်ပင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။
"ဒီကောင်လေးရဲ့ သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်က ငါတို့ ဟောင်ထျန်း သူတော်စင်နယ်မြေရဲ့ သဘာဝလွန် သွေးမျိုးဆက် စွမ်းရည်ထက်တောင် ပိုပြီး အားကောင်းနေပါလား ဒါက ဒဏ္ဍာရီလာ ရှေးဟောင်း နတ်ခန္ဓာကိုယ်များလား"
ရှားချန်ခုန်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး
သူ၏ရင်ထဲမှ ထိတ်လန့်မှုကို ထိန်းချုပ်လိုက်သည်။
ကောင်းကင် သူတော်စင်နယ်မြေက ဤကောင်လေးကို ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ နံပါတ်(၁)နေရာတွင် သတ်မှတ်လိုက်သည်မှာ အံ့သြစရာ မရှိတော့ပေ။
ဤကောင်လေးသည် သူ့ဘဝတစ်လျှောက် မြင်တွေ့ဖူးသော လူငယ် ပါရမီရှင်များထဲတွင် အစွမ်းအထက်ဆုံး ပါရမီရှင်ဟု ဆို၍ ရလောက်သည် မဟုတ်ပါလား။
အခန်း(၁၃၃၄)ပြီး၏။
အခန်း(၁၃၃၅)
"မင်းတို့တွေက သန်မာပေမဲ့ ငါ့ကိုစိန်ခေါ်ဖို့ မလုံလောက်သေးဘူးလို့ ငါပြောခဲ့သားပဲ"
ကျန်းချန်က ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ စင်မြင့်ထက်တွင် ဝင်ကြွားစွာ ရပ်နေခဲ့သည်။
သူက မတ်တပ်ရပ်နိုင်သေးသည့် ယန်ယောင်နှင့် ရှားချင်းချန်တို့ကို မထီမဲ့မြင် ကြည့်ကာ မေးလိုက်သည်။
"ငါနဲ့ ဆက်တိုက်ဦးမှာလား"
ထိုစကားကိုကြားလျှင် ယန်ယောင်နှင့် ရှားချင်းချန်တို့သည် မျက်စိမျက်နှာ ပျက်သွားကြသည်။
ထိပ်ဆုံး ဆယ်ယောက်စာရင်းတွင် ပါဝင်သော သူတို့သုံးဦးသည် ကျန်းချန်နှင့် ရင်ဆိုင်ရန်အတွက် သူတို့၏မာနနှင့် ဂုဏ်သိက္ခာ အားလုံးကို ဤတိုက်ပွဲတွင် ရင်းနှီးခဲ့ကြသည်။
ဤတိုက်ပွဲတွင် အရှုံးပေးလိုက်လျှင် သူတို့၏ မာနနှင့် ဂုဏ်သိက္ခာ အားလုံးသည် အမှန်တကယ် ဆုံးရှုံးသွားလိမ့်မည်ဖြစ်၏။
သို့သော်လည်း ကျန်းချန်၏ ခွန်အားသည် သူတို့စိတ်ကူးထားသည်ထက် လုံးဝကို ကျော်လွန်နေခဲ့၏။
သူတို့သုံးဦးက အင်အားအပြည့်အဝဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့သော်လည်း အဆုံးသတ်တွင် ရှုံးနိမ့်ခဲ့ရသည်။
ယန်ယောင်နှင့် ရှားချင်းချန်တို့တွင် ကိုယ်ပိုင်ဝှက်ဖဲများ ရှိသော်လည်း ထိုဝှက်ဖဲများသည် ရန်သူကို ဒဏ်ရာဒဏ်ချက်တစ်ထောင်ရစေလျှင် မိမိက ရှစ်ရာ ပြန်လည် ထိခိုက်မည့် ဗျူဟာများသာ ဖြစ်သည်။
ထို့ကြောင့် သူတို့အနေဖြင့် ကျန်းချန်ကို အနိုင်ယူနိုင်လျှင်ပင် သူတို့၏ အသက်စွမ်းအားများစွာကို ထိခိုက်စေမည် ဖြစ်ပြီး ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းသို့ ဝင်ရောက်ရာတွင် သိသာထင်ရှားသော သက်ရောက်မှုများ ရှိလာနိုင်လိမ့်မည် ဖြစ်သည်။
"မင်းက ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းရဲ့နံပါတ်(၁) နေရာနဲ့ ထိုက်တန်ပါတယ်.. ငါအရှုံးပေးပါတယ်"
အဆုံးသတ်တွင် ရှားချင်းချန်က သက်ပြင်းချကာ အရှုံးပေးလိုက်သည်။
ထိုအချိန်တွင် ယန်ယောင်၏ မျက်နှာသည် အလွန်တရာပင် သုန်မှုန်နေ၏။
သို့သော်လည်း သူက အရှုံးကို ရှင်းရှင်းလင်းလင်းပင် လက်ခံခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်ကို အနိုင်ယူရန်ထက် နှစ်တစ်ရာတွင် တစ်ကြိမ်သာ ဖွင့်လှစ်သည့် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းသို့ ဝင်ရောက်ရန်မှာ ပို၍ အရေးကြီးသည် မဟုတ်ပါလား။
ဤအချိန်တွင် ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူများသည် မှင်တက်နေခဲ့ကြပြီး သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။
သူတို့ထင်ထားသည်မှာ ယန်ယောင်တို့ သုံးယောက်နှင့် ကျန်းချန်တို့ကြားရှိ တိုက်ပွဲသည် အလွန်ပင် စိတ်လှုပ်ရှားစရာကောင်းသော တိုက်ပွဲတစ်ခု ဖြစ်လာမည်ဟူ၍ ဖြစ်၏။
ထို့အပြင် ယန်ယောင်တို့ဘက်တွင် အနိုင်ရရန် အခွင့်အလမ်း ပိုများသည်ဟု သူတို့ ထင်ခဲ့ကြသည်။
သို့သော်လည်း ယန်ယောင်တို့သုံးယောက် အဖွဲ့သည် မည်သူမှမထင်ထားလောက်သည် အထိ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားခဲ့ကြသည်။
"ဒီကောင်လေးက တကယ်ကို သန်မာလွန်းတယ်.. ဒီတိုက်ပွဲ တစ်ပွဲတည်းနဲ့တင် သူက နတ်သန္ဓေ အင်ပါယာစာရင်းရဲ့ ထိပ်ဆုံး နေရာနဲ့ ထိုက်တန်နေခဲ့ပြီ"
ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းမှ ကျင့်ကြံသူ
အများအပြားသည် ကျန်းချန်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေခဲ့ကြသည်။
ကျန်းချန်က ပထမဦးစွာ ရှထျန်းရီကို အနိုင်ယူခဲ့ပြီးနောက်တွင် ယန်ယောင်တို့ သုံးယောက် အဖွဲ့ကို တစ်ဦးတည်းဖြင့် သုံးယောက်တစ်ယောက် တိုက်ခိုက်ကာ အနိုင်ယူခဲ့သည်။
ထိုကောင်လေးသည် သူတော်စင် နယ်မြေများမှ မာနကြီးသော သူတော်စင် သားတော်များကို ခေါင်းငုံ့စေရန် စွမ်းဆောင်နိုင်ခဲ့သည်။
ရှားချင်းချန် အရှုံးပေးလိုက်သည်နှင့် အမျှ ကျန်းချန်သည် ၎င်းတို့၏ ကြယ်စွမ်းအား ၁၀ပုံ၁ပုံ ဖြစ်သည့် ကြယ်စွမ်းအားသုံးခုကို ရရှိခဲ့သည်။
"ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းမှာ နောက်ထပ် ရက်သုံးဆယ် နေလို့ရသွားပြီ"
သူ၏ ကြယ်စင်ကျောက်တုံးပေါ်ရှိ ကြယ်စွမ်းအား (၁၄)ခုခွဲကို ကြည့်ကာ ကျန်းချန်သည် ကျေနပ်စွာ ပြုံးလိုက်သည်။
"ကျန်းချန် ဆက်ပြီး စိန်ခေါ်ဦးမှာလား"
ထိုအချိန်တွင် ရှားချန်ခုံး၏အသံသည် ကျန်းချန်၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က ပေါ့ပါးစွာပြုံး၍ ပြန်ဖြေလိုက်၏။
"ဒါက သူတို့တွေ စင်ပေါ်တက်လာရဲသလားဆိုတဲ့ အပေါ်မှာပဲ မူတည်လိမ့်မယ် စင်ပေါ်ကို တက်လာဖို့ ဆန္ဒရှိနေသမျှတော့ ကျွန်တော်က ပျော်ပျော်ကြီး ရင်ဆိုင်ပါ့မယ်"
"ကျန်းချန် မင်းအရမ်း မောက်မာလွန်းနေပြီ.. ငါတို့ မျိုးဆက်ထဲမှာ မင်းကတကယ်ပဲ ပြိုင်ဘက်ကင်းလား ဆိုတာ ငါ ရှားယွမ်ဟောင် ကြည့်ချင်သေးတယ်"
စကားဆုံးသည်နှင့် ရှားယွမ်ဟောင်သည် လေထဲကနေ ပျံသန်းကာ နတ်ဘုရား တစ်ပါးနှယ် ကျန်းချန်၏ အရှေ့သို့ ဆင်းသက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် တောင်တစ်လုံး ကဲ့သို့ လွှမ်းမိုးနိုင်သောစွမ်းအားသည် ရင်ပြင် တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည်
ရင်ပြင်ပေါ်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများကိုပင် တုန်လှုပ်စေခဲ့၏။
ဟောင်ထျန်း သူတော်စင်နယ်မြေ၏ သူတော်စင်သားတော် ရှားယွမ်ဟောင်သည် ရှန်းဝူတိုက်ကြီး၏ ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းကို နှစ်ပေါင်းများစွာ စိုးမိုးခဲ့သော ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦး ဖြစ်သည်။
ယခုအခါတွင် ရှားယွမ်ဟောင်နှင့် ကျန်းချန်တို့သည်
ထိပ်တိုက် ရင်ဆိုင်ကြတော့မည် ဖြစ်ရာ ပြိုင်ပွဲကို ကြည့်ရှုနေသူများသည် အသက်ရှူဖို့ပင် မေ့လျော့နေခဲ့ကြ၏။
ထိုနှစ်ဦးထဲမှ တစ်ဦးသည် နှစ်ပေါင်းများစွာ ပါရမီရှင် နတ်သန္ဓေ အင်ပါယာစာရင်း၏ ထိပ်ဆုံးနေရာတွင် ရှိခဲ့သည့် ကျင့်ကြံသူ ဖြစ်ပြီး နောက်တစ်ဦးမှာ မကြာသေးမီက ရှန်းဝူတိုက်ကြီးတွင် တစ်ရှိန်ထိုး နာမည်ကျော်ကြားလာခဲ့သည့် ကျင့်ကြံသူ ဖြစ်သည်။
ရှန်းဝူတိုက်ကြီး၏ လူငယ်မျိုးဆက်ထဲတွင် ထိပ်ဆုံးနေရာ၌ ရပ်တည်နေသော ပါရမီရှင်နှစ်ဦးသည် ဤကဲ့သို့ပင် ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ကြ၏။
ထိုနှစ်ဦးတိုက်ပွဲကို ရှန်းဝူတိုက်ကြီး၏ လူငယ်မျိုးဆက် အထွတ်အထိပ် တိုက်ပွဲဟု တင်စားလျှင်ပင် လွန်ရာကျမည်မထင်ပေ။
"ကျန်းချန် မင်းက ငါ့ကို အံ့အားသင့်စရာတွေ အများကြီးလုပ်နိုင်ခဲ့တယ်.. ငါမွေးဖွားလာကတည်းက ငါ့ရဲ့မျိုးဆက်ထဲမှာ ချင်ဝူချွယ်ကပဲ ငါ့ရဲ့ပြိုင်ဘက် ဖြစ်နိုင်လောက်တဲ့ အရည်အချင်းရှိခဲ့တယ်.. ဒါပေမဲ့ အခုတော့ မင်းတစ်ယောက် ထပ်တိုးလာခဲ့ပြီ.. ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ ငါရှားယွမ်ဟောင်ရဲ့ ထိပ်ဆုံးနေရာကို ဘယ်သူမှ လုယူလို့မရဘူးဆိုတာ မင်းကို သက်သေပြမယ်"
ရှားယွမ်ဟောင်၏ ရေခဲကဲ့သို့ အေးစက်စက် စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ခမ်းနားထည်ဝါသော အရှိန်အဝါသည် မီးတောင်ပေါက်ကွဲ သကဲ့သို့ ပေါက်ကွဲ၍ ထွက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရှားယွမ်ဟောင်သည် သူ၏ ခြေထောက်ကို မြေပြင်တွင် တစ်ချက် ဆောင့်နင်းလိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံးက လေထုကို ထိုးဖောက်၍ ပျံသန်းကာ ကျန်းချန်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
သူ၏ လက်သီးချက်တွင် မည်သည့် အသက်စွမ်းအားကိုမှ
အသုံးမပြုထားခဲ့ပေ။
သို့သော်လည်း လက်သီးထဲတွင် ပါဝင်သည့် ကြောက်မက်ဖွယ်ရာစွမ်းအားသည် လက်သီးဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ နေရာလွတ်များကို ဘာမှ မကျန်ရှိလောက်သည်အထိ ချိုးဖျက်ပစ်လိုက်သည်။
"ရှားယွမ်ဟောင်က ရုပ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခံပညာ နှစ်မျိုးလုံးမှာ ပြိုင်ဘက်ကင်းတယ် ဆိုတဲ့သတင်းက တကယ်ပဲကိုး.. သူ့ရဲ့ လက်သီးချက်က အရမ်းအားကောင်းတာပဲ.. ဒီလက်သီးချက်တစ်ချက်နဲ့တင် ဒီနေရာမှာရှိတဲ့ ပါရမီရှင် နတ်သန္ဓေအင်ပါယာ အများအပြားကို သတ်ဖြတ်ပစ်ဖို့ လုံလောက်တယ်"
".............."
လူတိုင်းက ရှားယွမ်ဟောင်၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်ကို ကြည့်ကာ ထိတ်လန့်နေခဲ့ကြသည်။
ကျန်းချန်က ရှားယွမ်ဟောင်၏ လက်သီးချက်ကို
ရှောင်တိမ်းမနေဘဲ လက်သီးချက်ဖြင့်ပင် ရှားယွမ်ဟောင်၏ လက်သီးချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
နှစ်ဦးစလုံးက အသက်စွမ်းအင် အနည်းငယ်မျှပင် အသုံးမပြုဘဲ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသီးသန့်ကိုသာ အသုံးပြုကာ မျက်စိတစ်မှိတ်အတွင်း ဆယ်ကွက်ကျော်ခန့် တိုက်ခိုက်ခဲ့ကြသည်။
တဖြည်းဖြည်းနှင့် ဆယ်ကွက် ကျော်လာပြီးနောက်တွင် ရှားယွမ်ဟောင်သည် အဆုံးသတ်၌ ကျန်းချန်၏ လက်သီးစွမ်းအားကို မခုခံနိုင်တော့ဘဲ နောက်ဆုတ်လာရ၏။
"ဒီကောင်လေးက ဘယ်လို ရုပ်ပိုင်းဆိုင်ရာ ကျင့်စဥ်ကို
ကျင့်ကြံနေတာများလဲ.. သူ့ရဲ့ကျင့်စဥ်က ငါတို့ ဟောင်ထျန်းသူတော်စင် နယ်မြေမှာ ရှိတဲ့ ကျင့်စဥ်ထက်တောင် အများကြီးပိုမို အားကောင်းနေပါလား"
သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ကျန်းချန်က တဖြည်းဖြည်း ဖိနှိပ်နေသည်အား မြင်လျှင် ရှားယွမ်ဟောင်သည် ဒေါသထွက်နေခဲ့သည်။
"ကျန်းချန် မင်းက ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုမှာ အားကောင်းတယ်ဆိုပေမဲ့ ဒီလောက်လေးနဲ့ ငါ့ကို ဖိနှိပ်ဖို့ကတော့ မလုံလောက်သေးဘူး"
ရှားယွမ်ဟောင်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး အေးစက်စက် ကြုံးဝါးလိုက်သည်။
"ဟောင်ထျန်း တိုက်ခိုက်ရေးခန္ဓာကိုယ်ကျင့်စဥ် အသက်ဝင်"
အခန်း(၁၃၃၅)ပြီး၏။