ဒီနေ့ညလှုပ်ရှားမယ်
Vol. 15 Ch. 204
အခန်း (၂၀၄) ဒီနေ့ညလှုပ်ရှားမယ်
ခွန်လွန်တောင် အဓိကခန်းမဆောင်။
တောင်သခင်များအားလုံးက ကျိုးကျုန်းထျန်းကို ဝိုင်းပြီးကြည့်လိုက်ကြသည်။ မည်သူမှ စကားမပြောကြတော့ဘဲ တအံ့တသြဖြင့် ဆွံ့အနေကြသည်။
ကျိုးကျုန်းထျန်း ပြောလိုက်သည့်စကားကလည်း အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဖြစ်နေသည် မဟုတ်ပါလား။
ကျူးချင်က…
"ဂိုဏ်းတူအစ်ကို… ဒါတော့ နည်းနည်းများသွားပြီထင်တယ်… ၊ ရှောင်ယွိက အခုမှ ကလေးပဲ ရှိသေးတာ… ၊ အသက်မပြည့်သေးဘူးလေ… ၊ သူက အရွယ်ရောက်တဲ့မိန်းမပျိုတစ်ယောက်လို ဟန်ဆောင်ထားပေမယ့် သူက ကလေးမလေးတစ်ယောက်လေ…"
မြောင်ယွဲ့က ပြုံးလိုက်ရင်း…
"ဒါ အကြံကောင်းပဲ…"
သူမက ဆက်ပြောလိုက်သည်။
"အမှန်ပဲလေ… ၊ အင်မော်တယ်ဖြစ်ပြီးမှ လက်ထပ်ကြမယ်ဆိုပေမယ့် လက်ထပ်ပြီးမှ အတူတူအိပ်ရမယ်လို့ ဘယ်သူက သတ်မှတ်ထားလို့လဲ…"
ကျူးချင်က စိတ်ပူပန်ဟန်ဖြင့် အော်ဟစ်လိုက်သည်။
"ဂိုဏ်းတူအစ်မ…"
"ဒီကိစ္စအတွက် မင်းစိတ်ပူစရာမလိုပါဘူး ဂိုဏ်းတူညီမလေးရယ်… ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမက ကျန်းလန်နဲ့အတူ နေချင်ဦးမှ ဖြစ်မှာပါ… ၊ ဒီလောက်လည်း မလွယ်ပါဘူး…"
ဒုတိယတောင်ထွတ်၏တောင်သခင် လျိုကျင်းက ကျူးချင်ကို နှစ်သိမ့်စကားဆိုလိုက်ပြီး အခြားတောင်သခင်များနှင့် စကားဆက်ပြောလိုက်သည်။
"အဲဒါ အကြံကောင်းတော့ဟုတ်တယ်… ၊ ဒါပေမဲ့ ကျုပ်တို့ ဝင်စွက်ဖက်လို့မရဘူး… ၊ ကျန်းလန်အပေါ်လည်း မူတည်သေးတယ်…"
ထိုအချိန် ထောင့်တစ်ထောင့်တွင် ကပ်နေသည့် မော့ကျန်းသုန့်ထံမှ စကားသံထွက်ပေါ်လာ၏။
"အတူအိပ်ဖို့အသာထား… ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ဘယ်လိုရင်းနှီးကျွမ်းဝင်အောင် နေရမလဲဆိုတာတောင် ကျန်းလန်က သိတာမဟုတ်ဘူး… ၊ အဲဒါ မင်းရဲ့ ဂိုဏ်းတူညီမလေးတွေကို ကျန်းလန်ကို နည်းနည်းပါးပါး သင်ပြပေးဖို့ ပြောကြည့်ပေးပါဦးကွာ…"
မော့ကျန်းသုန့်က အစည်းအဝေးများတွင် ဝင်ပြီး စကားပြောခဲသည်။
ယခုတစ်ကြိမ်တော့ ရွေးခြယ်စရာမရှိဘဲ တပည့်ဖြစ်သူအတွက် ဝင်ပြောပေးရခြင်း ဖြစ်၏။
တပည့်ဖြစ်သူ ပြင်ပလောကသို့ သွားရောက်စဉ်က သူ့အတွက် အမဲခြောက်ဖုတ်နှင့် ပဲငံပြာရည်ဝယ်လာသည်က ပြဿနာမရှိပေ။
သို့သော် မိမိနှင့်စေ့စပ်ထားသည့်မိန်းကလေးအား တုတ်ထိုးသကြားလုံး လက်ဆောင်ပေးခြင်းကတော့ စိုးရိမ်ဖွယ်ရာကိစ္စပင်။
သို့သော် သူကလည်း ထိုသို့သောကိစ္စမျိုးအထိ လိုက်လံသင်ပြမပေးနိုင်ပေ။
မော့ကျန်းသုန့်စကားကြောင့် မြောင်ယွဲ့နှင့် ကျူးချင် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
မြောင်ယွဲ့က…
"ဂိုဏ်းတူညီမလေးက ပိုပြီးမိန်းကလေးဆန်တော့ ဒီလိုကိစ္စတွေ နားလည်မယ်ထင်တယ်…"
ကျူးချင်က ပြိုင်ဘက်မရှိအောင် ချောမောလှပသူဖြစ်ပြီး အလွန်မှသန့်စင်ကာ ကျက်သရေရှိသူ ဖြစ်သည်။ ဆန့်ကျင်ဘက်လိင်ယောကျ်ားလေးများ သူမကို ချဉ်းကပ်နိုင်ရန်မှာလည်း ခက်ခဲလှသည်။
ထို့ပြင် ခွန်လွန်တောင်အဓိကခန်းမဆောင်တွင် အစည်းအဝေးများ ပြုလုပ်လျှင်လည်း သူမက မိန်းကလေးဆန်စွာ တိတ်တိတ်ဆိတ်ဆိတ်ပင် နေလေ့ရှိသည်။
သို့ရာတွင် တကယ်တမ်းက ထိုသို့မဟုတ်ပေ။
သူမက ကျင့်ကြံခြင်းကိုသာ အစဉ်အမြဲ အာရုံစိုက်နေသူဖြစ်ရာ သမီးရည်းစားကိစ္စများကို တစ်လုံးတစ်ပါဒမျှ နားလည်သူ မဟုတ်ပေ။
ကျူးချင်က မြောင်ယွဲ့ကိုကြည့်ပြီး မသိမသာခေါင်းခါရမ်းပြသည်တွင် မြောင်ယွဲ့ကလည်း စကားလမ်းကြောင်း ပြောင်းလိုက်လေတော့၏။
"ကဲ… ကဲ… ငရဲတံခါးမှာ မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်တဲ့အချိန် နဂါးမျိုးနွယ်တွေနဲ့ နတ်မိစ္ဆာတွေက ဘယ်လိုမျိုးတွေ တိုက်ခိုက်လာနိုင်မလဲဆိုတာပဲ ဆွေးနွေးကြတာပေါ့…"
မော့ကျန်းသုန့်သည်ကား တိတ်ဆိတ်လျှက်ပင် ရှိတော့၏။
……………
မရဏဂူထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုလူရိပ်သည်ကား အစစ်အမှန်အင်မော်တယ်အဆင့် ၊ တန်ခိုးစွမ်းအားများကို အပြည့်အေ၀ ကျင့်ကြံအောင်မြင်သွားပြီဖြစ်သော ကျန်းလန်ပင် ဖြစ်သည်။
သူက (၃)နှစ်အတွင်း အစစ်အမှန်အင်တော်တယ်အဆင့်တွင် ရှိသင့်ရှိထိုက်သည့် တန်ခိုးစွမ်းအားများနှင့် မန္တန်ပညာများအားလုံးကို ကျင့်ကြံခဲ့သည်။
တိုက်ပွရင်ဆိုင်ရမည့်အချိန်တွင် တန်ခိုးစွမ်းအားအပြည့်အဝအသုံးပြုရန် လိုအပ်သည် မဟုတ်ပါလား။
သို့တိုင် မရဏဂူနှင့်ပတ်သက်ပြီး ကျန်းလန် အနည်းငယ် စိုးရိမ်နေဆဲပင်။ ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်တော့မည် ဖြစ်လေရာ နတ်မိစ္ဆာများ တိုက်ခိုက်မည့်နေ့ရက်သည်လည်း နီးကပ်လာပြီဟု ဆိုနိုင်သည်။
"ပုံမှန်ဆိုရင် ငရဲတံခါးက မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်လာချိန်မှာ နတ်မိစ္ဆာတွေက တိုက်ခိုက်လိမ့်မယ်… ၊ ဒါပေမဲ့ အဲဒါက ယေဘူယျသုံးသပ်ချက်ပဲ…"
ကျန်းလန်တွေးလိုက်သည်။
သူတွက်ချက်ထားသည့့် အချက် (၂)ချက် ရှိသည်။
ပထမအချက်မှာ နတ်မိစ္ဆာများ တိုက်ခိုက်မည့်အချိန်ကို အတိအကျ မတွက်ချက်နိုင်ပေ။
ဒုတိယအချက်မှာ ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ချိန်တွင် နတ်မိစ္ဆာများလှုပ်ရှားမည်ဆိုသည့်အချက်ကို လူတိုင်းနီးပါး သိထားကြသည်။ သို့ဆိုလျှင် နတ်မိစ္ဆာများက ထိုအချိန်တွင် အမှန်တကယ်ပင် လှုပ်ရှားမှု ပြုလုပ်ပါမည်လား။
သူတို့က လူအများရိပ်မိနေသည့်အချိန်တွင် မတိုက်ခိုက်ဘဲ အသင့်တော်ဆုံးအချိန်ကို ရွေးခြယ်လှုပ်ရှားကြမည် ဖြစ်သည်။
"ငါသာဆိုရင်တော့ ငရဲတံခါးက မရဏအငွေ့အသက်တွေ လုံလောက်တဲ့ပမာဏအထိ မြင့်တက်လာပြီဆိုတာနဲ့ တိုက်ခိုက်မှာပဲ… ၊ မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်တဲ့အထိ စောင့်နေမှာ မဟုတ်ဘူး…"
တစ်ဖက်ရန်သူ မရိပ်မိသည့်အချိန်တွင် လှုပ်ရှားရန် အကောင်းဆုံး ဖြစ်၏။ အချိန်ကောင်းကို ရွေးခြယ်တိုက်ခိုက်နိုင်ခြင်းက ရလဒ်ကိုလည်း ပိုမိုကောင်းမွန်စေနိုင်သည်။
ခြံဝန်းထဲတွင် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များလောင်းပေးနေရင်း ကျန်းလန် နဂါးမျိုးနွယ်များအကြောင်း စဉ်းစားနေမိသည်။
နဂါးမျိုးနွယ်များ ရောက်မလာသေးသည့်အတွက် ကျန်းလန် စိတ်ရှုတ်ထွေးနေရသည်။
နဂါးများကလည်း အခွင့်ကောင်းကို စောင့်နေကြဟန် ရှိ၏။
"အခုချိန် ရောက်လာကြမယ်ဆိုရင်တော့ သူတို့အတွက် အချိန်ကောင်းပဲ…"
အတွေးနှင့်တူ ကျန်းလန် မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။
ကြည့်ရင်းဖြင့် ဝိညာဉ်ဆေးရည်များ အရမ်းကာရော လောင်းမချမိစေရန် လက်ကို အသာပြတ်ရုတ်လိုက်သည်။
ထို့နောက် ဝိညာဉ်ဆေးရည်ပုလင်းကို ဘေးသို့ချလိုက်စဉ်မှာပင် မိုးကုပ်စက်ဝိုင်းဆီမှ နဂါးဟိန်းသံကြီးထွက်ပေါ်လာသည်ကို ကြားလိုက်ရလေတော့၏။
နဂါးဟိန်းသံကြီးက မိုးကောင်းကင်တစ်ခုလုံး တုန်လှုပ်သွားစေသည်။
ထို့နောက် ကောင်းကင်ထက်မှ ဆင်းသက်လာသည့် နဂါးတစ်ကောင်၏ ပုံရိပ်ကို တွေ့မြင်လိုက်ရသည်။
ထိုနဂါး၏ ခန္ဓာကိုယ်တစ်ခုလုံး ရောင်စုံတိမ်တိုက်များ ရစ်သိုင်းလွှမ်းခြုံထားပြီး ရောင်ဝါများလည်း တောက်ပနေလေရာ မြင်ကွင်းက ရင်သပ်ရှုမောစရာ ကောင်းလှသည်။
"သူတို့ ရောက်လာကြပြီ…"
ကျန်းလန် အံ့သြခြင်း မဖြစ်မိပေ။
ကမ္ဘာပေါ်ရှိ မည်သည့်အင်အားကြီးအုပ်စုမဆို ရိုးရှင်းခြင်း မရှိကြပေ။
နတ်မိစ္ဆာများက ခွန်လွန်တောင်ကို တိုက်ခိုက်ချင်ကြသည်။ ဤသည်က ခွန်လွန်တောင်အကြီးအကဲများရော ကျန်းလန်ပါ သိရှိထားသည့် အမှန်တရား ဖြစ်၏။
တစ်ချိန်တည်းမှာပင် နဂါးမျိုးနွယ်များကလည်း ခွန်လွန်တောင်ကို ထပ်မံဖိအားပေးလာသည်။
ဤသည်မှာ ခွန်လွန်တောင်ကို အခက်တွေ့စေသော်လည်း နဂါးမျိုးနွယ်များနှင့် နတ်မိစ္ဆာများအတွက်တော့ နှစ်ဦးနှစ်ဖက် အကျိုးရှိသည်။
"ဝှစ်…"
ပထမတောင်ထွတ်မှ ကြည်လင်သည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထူးဆန်းသည့်ရောင်ဝါများဖြင့် ဖုန်းယီရှောက် ထွက်ပေါ်လာသည်။
သူက နဂါးမျိုးနွယ်ကျင့်ကြံသူများကို ကြိုဆိုလိုက်ပြီး ပထမတောင်ထွတ်သို့ ဖိတ်ကြားခေါ်ဆောင်သွားသည်။
"အခု ငါလုပ်ထားတဲ့အစီအရင်တွေကို အသက်သွင်းဖို့ အချိန်တန်ပြီ…"
ကျန်းလန် မိုးကုပ်စက်ဝိုင်းဆီမှ အကြည့်ကို လွှဲဖယ်လိုက်သည်။
နဂါးများရောက်ရှိလာကြပြီဖြစ်ရာ နတ်မိစ္ဆာများလည်း လှုပ်ရှားကြတော့မည် ဖြစ်သည်။
ခွန်လွန်တောင်သည်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားမည်ဖြစ်သော်လည်း အစီအစဉ်အတိအကျကို ကျန်းလန် မသိရှိပေ။
ငရဲတံခါးတွင် ပြဿနာတစ်စုံတစ်ရာဖြစ်လျှင် ချက်ချင်းရှောင်နေရန် ဆရာဖြစ်သူက သူ့ကို သတိပေးထားသည်။ နတ်မိစ္ဆာများတိုက်ခိုက်တော့မည်ကို ဆရာဖြစ်သူလည်း ရိပ်မိဟန်ရှိ၏။
ခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက် ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့သည်။
အခြေအနေများနှင့်ပတ်သက်ပြီး အခြားတပည့်များ မည်သို့သုံးသပ်ပြောဆိုကြမည်ကို သိချင်မိသည်။
ခွန်လွန်တောင်မှ တပည့်များက ပျက်သုန်းတစ်စပြင်လောကကြီးအကြောင်း ဝေဖန်သုံးသပ်ရသည်ကို သဘောကျသူများ ဖြစ်၏။ သူတို့ဆီမှ ကောလာဟလများက တိကျမှုမရျိသော်လည်း ကျန်လန်အနေဖြင့် အခြေအနေကို အနည်းအကျဉ်း သိရှိနိုင်သည်။
အခြားသူများက သူ့ထက်တော့ ပိုပြီးသိရှိကြသည်ချည်းပင်။
သူကတော့ နဝမတောင်ထွတ်တွင် တစ်ယောက်တည်း ကျင့်ကြံနေသူဖြစ်ရာ ခွန်လွန်တောင် ပြိုကျလျှင်ပင် သိရှိမည့်သူ မဟုတ်ပေ။
"သတင်းတွေစုံစမ်းရင်း သေရည်ဆိုင်ကို တစ်ခေါက်လောက်သွားလိုက်ဦးမယ်…"
တောအုပ်လေးကို ဖြတ်သန်းလမ်းလျှောက်ရင်း ကျန်းလန်ခေါင်းထဲ အကြံရလိုက်သည်။
နာမ်ဝိညာဉ်သေရည်ဆိုင်ကို သေသေချာချာ နားလည်နိုင်ခြင်း မရှိသေးသောကြောင့် ထပ်မံလေ့လာကြည့်ချင်သည်။ သူ့အနေဖြင့် သေရည်ဆိုင်၏ကောင်တာနောက်သို့ မဝင်ရောက်နိုင်သည့်အတိုင် အချို့အရာများကို နားလည်အောင် ကြိုးစားကြည့်နိုင်သည်။
ခဏအကြာတွင် တောင်သခင်များနှင့် အကြီးအကဲများက တပည့်များကို သင်ကြားပေးလေ့ရှိသည့် ရင်ပြင်သို့ ရောက်ရှိလာသည်။
ဤနေရာတွင် တပည့်များစွာ ရှိနေတတ်ပြီး ခွန်လွန်တောင်နှင့်ပတ်သက်သည့်အကြောင်းအရာများကို ပြောဆိုဆွေးနွေးလေ့ ရှိကြသည်။
စကားပြောနေကြသည့် တပည့်အများစုက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများနှင့် မူလဝိညာဉ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
အချို့အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကတော့ ကျင့်ကြံခြင်းပြုလုပ်လျှင်ပြုလုပ် ၊ မဟုတ်လျှင်လည်း အကြီးများပြောသည်ကို ထိုင်ပြီး နားထောင်ကြ၏။
ကျန်းလန်သည်လည်း နားထောင်သူများထဲမှ တစ်ယောက် ဖြစ်သည်။
တပည့်တစ်ယောက်က စကားစပြောလိုက်သည်။
"နဂါးမျိုးနွယ်တွေ ရောက်လာကြပြီ… ၊ ပထမတောင်ထွတ်မှာ ဧည့်ခံထားတယ်တဲ့… ၊ မင်းတို့ရော ဘာသတင်းကြားသေးလဲ…"
အခြားတပည့်တစ်ယောက်က…
"ပထမတောင်ထွတ်က တပည့်တွေကို သွားမေးကြရအောင်…"
"အခုချက်ချင်းကြီး သွားမေးလို့ကောင်းပါ့မလား…"
"ဒါပေမဲ့ နဂါးတွေရဲ့ပစ်မှတ်က နဝမတောင်ထွတ်ပဲ ဖြစ်မှာပေါ့ကွာ…"
"ပြောသာပြောရတယ်… နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကို ကျုပ်တော့ တစ်ခါမှ မတွေ့ဖူးဘူး… ၊ အဲဒီလူက ရှိရောရှိသေးရဲ့လား…"
"သေချာပေါက် ရှိတာပေါ့… သူက တောင်ပေါ်က ဆင်းမလာတာ… ၊ သူ တောင်ပေါ်က ဆင်းလာရင်တောင် သူ့ပုံစံကို မင်းလည်း မသိဘူး ၊ ကျုပ်လည်းမသိဘူးလေကွာ… ၊ ဒီတော့ အနားရောက်နေရင်တောင် မသိနိုင်ဘူး…"
ကျန်းလန် ဆွံ့အသွားသည်။
ထို့နောက် ထိုနေရာမှ လစ်ခဲ့တော့၏။ ထို့နောက် ခွန်လွန်တောင် ပြဒါးဆေးကျိုသည့်နေရာသို့ ကျန်းလန် ထွက်ခွာလာခဲ့သည်။
အားလုံးက နဂါးမျိုးနွယ်များ ရောက်လာသည့်အကြောင်းကိုသာ အာရုံထားပြောဆိုနေကြ၏။
"နဂါးမျိုးနွယ်တွေ ရောက်လာကြပြီ… ၊ ရက်အနည်းငယ်အတွင်း သူတို့ ဘာလိုချင်လဲဆိုတာ သိကြရတော့မှာပဲ… ၊ သူတို့တန်ခိုးစွမ်းအားတွေကတော့ အံ့မခန်းပဲဟေ့…"
"နဂါးမျိုးနွယ်တွေနဲ့ နတ်မိစ္ဆာတွေလည်း တိုက်ပွဲသာပြီးသွားတယ် နဂါးမျိုးနွယ်တွေက အောင်ပွဲ မခံရသေးဘူး… ၊ ရှုံးသွားတဲ့နတ်မိစ္ဆာတွေက အခြားသူတွေကို ပြဿနာရှာပြီး ရန်စ နေကြပြီ…"
"သူတို့တိုက်ပွဲက အချိန်အရမ်းကြာနေပြီကွ… ၊ ဘာနေနေ နှစ်ဖက်လုံးတော့ ဆုံးရှုံးမှုတွေ များပြားကြမှာပါပဲ…"
"သူတို့က ကြီးမားတဲ့လှုပ်ရှားမှုတွေ မလုပ်သေးပေမယ့် သေးသေးလေးတွေတော့ လှုပ်ရှားနေကြတာပဲ… ၊ သူတို့ရည်ရွယ်ချက်က ဘာလဲဆိုတာတော့ မသိနိုင်ဘူး…"
"နတ်မိစ္ဆာတွေရဲ့ လှုပ်ရှားမှုကို ကျုပ်တော့ နားမလည်နိုင်ဘူး… ၊ ဒါပေမဲ့ နတ်လူသားမျိုးနွယ်တွေနဲ့ ဇာမဏီမျိုးနွယ်တွေလည်း အပြင်းအထန် တိုက်ခိုက်နေကြတာနော်… ၊ ဇာမဏီတွေဘက်က အရေးနိမ့်နေတယ်လို့ သိရတယ်… ၊ သူတို့ထဲက တစ်ချို့တောင် ထွက်ပြေးလာကြရတယ်တဲ့…"
"ဒါက ဖြစ်နိုင်မယ် မထင်ပါဘူးကွာ… ၊ ဟုတ်တယ်မလား… စကားမစပ် နတ်လူသားမျိုးနွယ်တွေဘက်က အဲဒီ ပါရမီရှင်ဆိုတဲ့သူက ခံစားချက်ကင်းမဲ့တဲ့အဆင့်ကို ရောက်သွားပြီး ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံအောင်မြင်သွားပြီလား…"
"ဘာတွေဖြစ်နေလဲတော့ သေသေချာချာ မသိပါဘူးကွာ… ၊ တိုက်နေကြတာပဲ သိတယ်…"
"မရဏလောကက နတ်ဆိုးတွေကလည်း တစ်မှောက်နော်… ၊ ကြားတာတော့ သူတို့က ထူးဆန်းတဲ့ တောင်တစ်တောင်ကို သိးပိုက်ပြီး မြို့တည်နေတယ်ဆိုပဲ… ၊ သူတို့ ဘာတွေလုပ်နေလဲ သိချင်လိုက်တာ…"
ကျန်းလန် ခဏမျှ နားထောင်နေပြီးနောက် ခွန်လွန်တောင်မှ ထွက်ခွာလာခဲ့သည်။
အကြမ်းဖျင်းအခြေအနေများကို သူ သိရှိခဲ့ရပြီ မဟုတ်ပါလား။
.............
ခွန်လွန်တောင်နှင့် အနည်းငယ်ဝေးကွာသည့်နေရာ...
အမည်မသိတောင်တစ်ခုထက်တွင် ဝူမူနှင့် ဝူလျဲ့ ပေါ်လာလေသည်။
သူတို့က ခွန်လွန်တောင် တည်ရှိရာအရပ်သို့ ကြည့်နေကြ၏။
ဝူလျဲ့က...
"နဂါးမျိုးနွယ်တွေ ရောက်နေကြပြီ... ၊ ကျုပ်တို့ ဘယ်အချိန်လောက် လှုပ်ရှားကြမလဲ..."
ဝူလျဲ့က လွန်ခဲ့သည့် နှစ်များစွာကနှင့် မတူညီတော့ဘဲ များစွာ ပြောင်းလဲနေပြီ ဖြစ်သည်။
အင်မော်တယ်စွမ်းအားများကို အပြည့်အဝထိန်းချုပ်ထားနိုင်သည်ကို ကြည့်ခြင်းအားဖြင့် အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိသာထင်ရှားသည်။
ဝူမူက...
"ဘယ်အချိန်လှုပ်ရှားရင် သင့်တော်မယ်လို့ ထင်သလဲ..."
ဝူလျဲ့က…
"ခွန်လွန်တောင်နဲ့ နဂါးမျိုးနွယ်တွေ ပဋိပက္ခဖြစ်ကြပြီဆိုတာနဲ့ အချိန်ကောင်းရွေးပြီး လှုပ်ရှားကြတာပေါ့…"
ဝူမူက ပြုံးလိုက်ရင်း....
"မဟုတ်ဘူး... ဒီညလှုပ်ရှားမှာ...."