အခန်း (၂၄၃၁-၂၄၃၃)
Vol. 99 Ch. 2431-2433
အပိုင်း (၂၄၃၁)
ဧကရာဇ်အာဏာပိုင်ဓာတ်လုံး၏ စွမ်းအားမှာ သူ့အား ပွတ်ကာသီကာလေးသာ ထိမှန်သွားခဲ့သော်ငြား ရန်ကိုင့်၏ ကျောပြင်တစ်ခုလုံးမှာတော့ စုတ်ပြတ်သွားခဲ့ရသလို ကိုယ်တွင်းအင်္ဂါများမှာလည်း ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့ရလေသည်။ သူမည်မျှ ထိခိုက်သွားသလဲဆိုသည်အား ကောင်းကင်စိတ်အာရုံကို သုံး၍ပင် စစ်ဆေးနေစရာမလိုခဲ့။
လေဟာနယ်တာအိုကို ကျွမ်းကျင်ထားခဲ့သည်မှာ ကံကောင်းသွားခဲ့လေသည်။ ထို့ကြောင့်သာ မဟုတ်ပါက သူ့တစ်ကိုယ်လုံး အသားအစအနပင် ကျန်တော့လိမ့်မည်မဟုတ်ချေ။
ရန်ကိုင်သည် အမောတကော အသက်ရှူနေခဲ့ရလေသည်။ သူ့မျက်နှာမှာ စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်နေသော်ငြား ခက်ခက်ခဲခဲဖြင့် ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်ထဲရှိ ဂြိုလ်သိမ်ကြီးတစ်လုံးဆီသို့ ပျံသန်းသွားနိုင်ခဲ့လေ၏။ ထိုနေရာသို့ရောက်သော် ကမ္ဘာငယ်လေးကိုထုတ်ယူလျက် ထိုထဲတွင် ဝင်ပုန်းနေလိုက်လေသည်။
ဤဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်ကြီးမှာ ရှင်းပြမရသည့် စွမ်းအား၏ လမ်းညွှန်ရာအတိုင်း အဆုံးအစမရှိအောင် ကျယ်ပြောလှသော ကြယ်စီရင်စုကြီး၏ အတွင်းပိုင်းဆီသို့ ရွေ့လျားသွားလာနေခဲ့လေသည်။ ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်ကြီးသည် မည်သည့်နေရာဆီသို့ အတိအကျ ဦးတည်နေသလဲ ဆိုသည်ကို ရန်ကိုင်မသိသော်ငြား လက်ရှိအချိန်တွင်တော့ ဘာကိုမှ အရေးမစိုက်နိုင်တော့ချေ။ လတ်တလောတွင် အရေးကြီးဆုံးမှာ သူ့ဒဏ်ရာများအား ပြန်လည်ကုစားရန်သာ ဖြစ်လေ၏။
ကမ္ဘာငယ်လေးထဲသို့ ရောက်သော် ရန်ကိုင်သည် ဆေးဥယျာဉ်အနီးတွင် ထိုင်ချလိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ ကုသရေးဆေးလုံးများစွာကို ထုတ်ကာ တစ်ထိုင်တည်း သောက်ချလိုက်လေ၏။ ထို့နောက် ဆေးလုံးထဲရှိ ဆေးအာနိသင်များကို စုပ်ယူရင်း အင်မော်တယ်သစ်ပင်၏ မြောက်မြားလှသော အသက်စွမ်းအင်များကို စုပ်ယူ၍ သူ့ဒဏ်ရာများကို စတင်ကုသလေ၏။
ယခုအချိန်တွင် ရန်ကိုင်မှာ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကြောင့် ဆိုးဆိုးရွားရွား ထိခိုက်သွားရသော်ငြား အရမ်းကြီးတော့ စိတ်ပူနေခြင်းမရှိခဲ့ချေ။ သူ့ခန္ဓာကိုယ်မှာ အလွန်ကိုမှ ကြံ့ခိုင်ပေသည်။ ထို့အပြင် အင်မော်တယ်သစ်ပင်လည်း ရှိနေသေးသည့် အတွက်ကြောင့် ရန်ကိုင်သာ ချက်ချင်း သေမသွားခဲ့ပါက သူ့ဒဏ်ရာများမှာ တဖြည်းဖြည်းနှင့် ပြန်လည်ကောင်းမွန် လာပေလိမ့်မည်။
ဧကရာဇ်အာဏာပိုင်ဓာတ်လုံးမှ လွတ်မြောက်ရန်အတွက် ရန်ကိုင်သည် သူ့သွေးအဆီအနှစ်ကိုပင် လောင်ကျွမ်းပစ်ခဲ့ပေသည်။ ထို့အတွက်ကြောင့် လက်ရှိ ရန်ကိုင်မှာ အတော်လေးကိုမှ အားနည်းနေခဲ့ကာ အပြည့်အဝ ပြန်ကောင်းလိုပါက အချိန်အတော်လေး ယူရပေလိမ့်မည်။
သောင်းနှင့်ချီသော တာအိုသခင်အဆင့် ကျင့်ကြံသူပေါင်းများစွာ ဗြုန်းစားကြီး ရောက်ရှိလာမှုကြောင့် ကြယ်ပျက်ပင်လယ်တစ်ခုလုံးမှာ ဂယက်ထနေတော့လေသည်။ များလှစွာသော ပညာရှင်များသည် ဧကရာဇ်အဆင့်သို့ ရောက်လို့ရောက်ငြား အခွင့်အလမ်းများကို အရူးအမူး လိုက်လံရှာဖွေနေကြလေ၏။
အခြားသူများနှင့် မတူညီစွာပင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲ၌ နေ၍ ငြိမ်သက်အေးချမ်းစွာ ဒဏ်ရာများကို ပြန်လည်ကုသနေခဲ့လေ၏။
တစ်လခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင် မျက်လုံးပြန်ပွင့်လာခဲ့လေသည်။ လက်ရှိ သူ့မျက်လုံးထဲ ဒွိဟဖြစ်နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်နေခဲ့လေ၏။
သူ့ဒဏ်ရာများကို ကုသရန်အတွက် ဤမျှ အချိန်ယူလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးမှ ဖန်တီးထားသည့် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးဟု ဆိုသည့်အတိုင်း ရမ္မက်ရှာလက်ချောင်းသည် သူ့အား ဒဏ်ရာရသွားစေရုံမက ခန္ဓာကိုယ်ကို အဆက်မပြတ် ဖျက်ဆီးပစ်နေသော စွမ်းအင်တစ်မျိုးကိုလည်း သူ့ခန္ဓာကိုယ်ထဲ ချန်ထားရစ်ခဲ့လေ၏။
ထိုအကြောင်းကြောင့်သာလျှင် ရန်ကိုင်သည် သူ့ကိုယ်ထဲတွင် ကျန်ရစ်နေသော စွမ်းအင်များကို ဖယ်ရှားပစ်ရန်အတွက် တစ်လခန့် အချိန်ယူလိုက်ရခြင်း ဖြစ်ပေသည်။ ထို့ကြောင့်သာမဟုတ်လျှင် အစောကြီးတည်းက ပြန်ကောင်းနေခဲ့လေပြီ။
ရန်ကိုင့်ဒဏ်ရာအားလုံးမှာ လုံးဝကို ပျောက်ကင်းသွားခဲ့ပြီဖြစ်ကာ သူ့ခွန်အားမှာလည်း အထွဋ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့လေပြီ။ မည်သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ ချက်ချင်း ထွက်မသွားသေးဘဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အပြင်ဘက်ရှိ အခြေအနေကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝကို ငြိမ်သက်တိတ်ဆိတ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။
မည်သည့်အန္တရာယ်မှ မရှိမှန်း အတည်ပြုပြီးသည့်နောက်တွင် ရန်ကိုင်သည် အရောင်အမျိုးမျိုးရှိသော ဓာတ်လုံးလေးလုံးကို ထုတ်ယူလိုက်လေ၏။
ထိုဓာတ်လုံးလေးလုံးမှာ ဥတုလေးမျိုးဓာတ်လုံးများသာ ဖြစ်ကြလေသည်။
ဖုန်းရှီ၏ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးသည် ရန်ကိုင့်အား သူသည် လုံးဝကို ပြိုင်ဘက်မကင်းသေးကြောင်း နားလည်သွားစေခဲ့သည်။ ရန်ကိုင့်၏လက်ရှိခွန်အားအရ သူနှင့်အဆင့်တူ မည်သည့်ကျင့်ကြံသူကိုမှ ကြောက်နေစရာမလိုချေ။ သို့သော်ငြား ထိုကျင့်ကြံသူများနှင့်အတူ ပါလာမည့် ဝှက်ဖဲများကိုတော့ ကြောက်ရပေသည်။
ဖုန်းရှီ၏ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးမှာ အကောင်းဆုံးသော ဥပမာ ဖြစ်လေသည်။ အခြားသောကျင့်ကြံသူများတွင်လည်း ဖုန်းရှီကဲ့သို့ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးတစ်လုံး ရှိမနေနိုင်ဟု မည်သူမျှ မပြောနိုင်ပါချေ။ ဧကရာဇ်အာဏာပိုင်ဓာတ်လုံး မရှိလျှင်ပင် အခြားသော ဝှက်ဖဲများကတော့ ရှိနေပေလိမ့်မည်။
တကယ်တော့ ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်လာသည့်လူအားလုံးမှာ နယ်မြေကြီးလေးခု၏ ထိပ်တန်းဂိုဏ်းများရှိ တက်သစ်စကြယ်ပွင့်များပင် မဟုတ်ကြလေလော။ အချို့ဆိုလျှင် အလွန်ကိုမှ အားကောင်းလှသော ဧကရာဇ်အဆင့် ပညာရှင်များ၏ တိုက်ရိုက်မျိုးဆက်များ၊ လက်ရွေးစင်တပည့်များပင် ဖြစ်နေကြပေသေးသည်။
ထိုလူများကို လုံးဝ သွားအထင်သေး၍ မဖြစ်ချေ။ တစ်ချက်လောက် အမှုမဲ့အမှတ်မဲ့ ပြုလိုက်မိပါက ကိုယ့်အသက်ကိုပင်လျှင် ဆုံးရှုံးရနိုင်ပေသည်။
ထို့အတွက်ကြောင့် ရန်ကိုင်သည် သူ့ခွန်အားကို မြှင့်တင်ရန်အတွက် အလွန်ကိုမှ စိတ်အားထက်သန်နေခြင်း ဖြစ်လေသည်။ လက်ရှိရန်ကိုင်မှာ တာအိုသခင်တတိယအဆင့်သို့ ရောက်နေပြီဖြစ်သည့်အတွက်ကြောင့် နောက်တစ်ဆင့်သာ ထပ်တက်မည်ဆိုပါက ဧကရာဇ်အဆင့်သို့ ရောက်သွားပေလိမ့်မည်။ သို့သော်ငြား ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ရန်မှာ ဤမျှ လွယ်ကူမနေခဲ့ချေ။ သင့်လျော်လျောက်ပတ်သည့် အခွင့်အလမ်းတစ်ခုနှင့်သာ မကြုံရပါက ဧကရာဇ်အဆင့်သို့ မည်သည့်အချိန်မှ ရောက်မလဲဆိုသည်ကို ရန်ကိုင်ကိုယ်တိုင်ပင် မပြောနိုင်ချေ။
လတ်တလောတွင် ဧကရာဇ်အဆင့်သို့ မချိုးဖြတ်နိုင်သေးသည့်အတွက်ကြောင့် ရန်ကိုင်သည် သူ့မျှော်လင့်ချက်အားလုံးကို သူကျွမ်းကျင်ထားသည့် သိုင်းပညာရပ်များအပေါ်တွင်သာ ပုံအပ်ထားရတော့လေသည်။
လက်ရှိအချိန်တွင် ဥတုလေးမျိုးဓာတ်လုံးသည် အကောင်းဆုံးသော ရွေးချယ်မှုတစ်ခု ဖြစ်လေသည်။ သူသာ ဥတုလေးမျိုးဓာတ်လုံးထဲတွင် ကိန်းအောင်းနေသော နက်နဲဆန်းကြယ်မှုများကို နားလည်နိုင်မည်ဆိုပါက အချိန်မြစ်မဟာဧကရာဇ်၏ အမွေအနှစ်ကိုပင်လျှင် ရကောင်းရနိုင်ပေသည်။
အချိန်မြစ်မဟာဧကရာဇ်သည် အချိန်စွမ်းအားကို ကျွမ်းကျင်ထားကာ သူ့ခေတ်သူ့အခါက ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ခဲ့လေသည်။ ရန်ကိုင်သာ ထိုကဲ့သို့သော ပညာရှင်တစ်ဦး၏ အမွေအနှစ်ကို ရလိမ့်မည်ဆိုပါက သူ့ခွန်အားမှာ ကျိန်းသေကို သိသိသာသာ တိုးတက်လာရပေလိမ့်မည်။
ထို့အတွက်ကြောင့် ရန်ကိုင်သည် အချိန်ဆွဲမနေတော့ဘဲ ဥတုလေးမျိုးဓာတ်လုံးကို ချက်ချင်း စတင် လေ့လာတော့လေ၏။
အံအားသင့်ဖွယ်ကောင်းသည့်အချက်မှာ ရေခဲနှလုံးသားတောင်ကြား၏ တားမြစ်နေရာ၌ ဂိမာန်ဓာတ်လုံးကို ထုတ်ယူလိုက်စဉ်က ဆောင်းဓာတ်လုံးမှာ ထူးထူးခြားခြားကို တုံ့ပြန်ခဲ့သော်ငြား ဥတုလေးမျိုးဓာတ်လုံးလေးခုစလုံး စုဆုံသွားချိန် ထိုကဲ့သို့သော တုံ့ပြန်မှုမျိုး ထွက်ပေါ်လာခြင်း မရှိခြင်းပင်။
ရန်ကိုင့်မှာ ဥတုလေးမျိုးဓာတ်လုံးလေးလုံးစလုံးကို မည်ကဲ့သို့ အသက်သွင်းရမလဲ မသိသည့်အတွက်ကြောင့် ဓာတ်လုံးလေးလုံးကို လက်ထဲထည့်ရင်း အရင်းအမြစ်ချီနှင့် စိတ်စွမ်းအင်ကို ထည့်သွင်း၍သာ စမ်းသပ်ကြည့်ရတော့လေသည်။
ရန်ကိုင်သည် လောနေခြင်းမရှိခဲ့ဘဲ အလွန်ကိုမှ တည်ငြိမ်နေခဲ့လေ၏။
တဖြည်းဖြည်းနှင့် ရန်ကိုင့်၏စိတ်ထဲ အခြားမည်သည့်အတွေးမှ ရှိမနေတော့ဘဲ စိတ်တစ်ခုလုံးမှာ တိမ်စိုင်တိမ်တိုက်များအကြား လွင့်မျောနေသည့်အလား အလွန်ကိုမှ ပေါ့ပါးသွားခဲ့လေသည်။ မည်သည့်နေရာသို့ရောက်နေသလဲ၊ ဘာလုပ်နေသလဲ ဆိုသည်ကိုပင်လျှင် မေ့လျော့သွားခဲ့ပြီး ရှင်းပြရခက်သော ခံစားချက်ထဲတွင်သာ နစ်မျောသွားတော့လေ၏။
ဤသို့ဖြင့် လဝက်၊ ထိုမှ တစ်လ၊ ထို့နောက် နှစ်လ ကုန်ဆုံးသွားခဲ့လေသည်။
ဥတုလေးမျိုးဓာတ်လုံးလေးလုံးစလုံးမှာ ပုံမှန်အတိုင်း ငြိမ်သက်မြဲ ငြိမ်သက်ဆဲပင်။ သို့ရာတွင် ရန်ကိုင်မှာ ကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်များကို အရူးအမူးစုပ်ယူနေသည့် အတွက်ကြောင့် သူ့အရင်းအမြစ်ချီမှာ ပိုပို၍ သိပ်သည်းသန့်စင်လာခဲ့လေ၏။ သူ၏ တာအိုသခင်တတိယအဆင့် ကျင့်ကြံခြင်းမှာလည်း တဖြည်းဖြည်းနှင့် တိုးတက်လာနေခဲ့ရာ မကြာမီ လက်ရှိအဆင့်၏ အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။
သုံးလကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက် တစ်နေ့တွင် ရန်ကိုင့်၏နှလုံးသားအတွင်းမှ ထိတ်လန့်ဖွယ်ရာ ခံစားချက်တစ်ခု လှိုက်တက်လာခဲ့လေသည်။ ချက်ချင်းဆိုသလို သူ့လက်တစ်ခုလုံး ပူတက်လာသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ အရောင်တလက်လက်တောက်နေသည့် ဓာတ်လုံးလေးလုံးသည် သူ့လက်ထဲမှ ပျံတက်သွားခဲ့ပြီး ဖဲကြိုးလေးများနှယ် သူ့ပတ်ပတ်လည်တွင် ပျံသန်းကခုန်နေကြောင်း တွေ့ရှိလိုက်ရလေသည်။
ထိုဓာတ်လုံးလေးလုံးဆီမှ အလွန်ကိုမှ ကွဲပြားပြီး ဆန်းကြယ်လှသည့် နိယာမစွမ်းအားတစ်ခုစီ ဖြာထွက်နေခဲ့သည်။ နိယာမစွမ်းအားလေးခုသည် တစ်ခုအပေါ်တစ်ခု အပြန်အလှန် အမှီသဟဲပြုရင်း တစ်ခု၏စွမ်းအားကို အခြားတစ်ခုမှ မြှင့်တင်ပေးနေခဲ့လေသည်။
ဤသည်မှာ ဥတုလေးမျိုးနိယာမများသာ ဖြစ်ကြလေ၏။
ဥတုလေးမျိုးဓာတ်လုံး၏ စွမ်းအားကို မတော်တဆ အသက်သွင်းလိုက်မိပြီမှန်း နားလည်လိုက်သည့်နောက်တွင် ရန်ကိုင် ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ ဤသည်မှာ အခွင့်အလမ်းကြီးတစ်ခုမှန်း သိလိုက်သည့်အတွက်ကြောင့် ရန်ကိုင်သည် ဆက်၍ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း မျက်လုံးပြန်ပိတ်ကာ သူ့ပတ်ပတ်လည်တစ်ဝိုက်တွင် ရစ်သိုင်းနေသော နိယာမစွမ်းအားများကို နားလည်အောင် စတင်ကြိုးစားတော့လေသည်။
သူ့အသိစိတ်ကို ဖြန့်ကျက်လိုက်သည်နှင့် တစ်ပြိုင်နက် အလွန်တရာကိုမှ နက်နဲဆန်းကြယ်ကာ အားကောင်းလှသည့် နိယာမစွမ်းအားများ သူ့ကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။ တစ်ခုမှာ နွေဦးလေပြေအလား သိမ်မွေ့လှပြီး အခြားတစ်ခုမှာ ဂိမာန်ရာသီအလား ပူလောင်လှသည်။ ကျန်တစ်ခုမှာတော့ ဆောင်းဦးရာသီကဲ့သို့ ခြောက်ကပ်ကပ်ဖြစ်ကာ နောက်ဆုံးတစ်ခုမှာတော့ ဆောင်းဥတုနှယ် အလွန်ကိုမှ အေးစက်လှပေသည်။ ထိုစွမ်းအင်လေးခုသည် မဆုံးနိုင်သော သံသရာစက်ကွင်းနှယ် တစ်ခုမှတစ်ခုသို့ ဆင့်ကဲ့ပြောင်းလဲနေခဲ့သလို အပြန်အလှန်လည်း အားဖြည့်ပေးနေကြလေ၏။
ဤသို့ဖြင့် ရန်ကိုင်သည် ထိုနိယာမစွမ်းအားများကို ဆင်ခြင်သုံးသပ်ရာ၌ နစ်မြောသွားတော့လေသည်။
ရန်ကိုင့်၏အသားအရေသည် တဖြည်းဖြည်းနှင့် အိုမင်းရွတ်တွ လာခဲ့သည်။ အမွေးတိုင်တစ်ချောင်း လောင်ကျွမ်းစာခန့် ကြာပြီးသည့်နောက် ရန်ကိုင်သည် တစ်ခေါင်းလုံး ဆံပင်ဖြူဖွေးနေသော လူအိုကြီးတစ်ယောက်အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ သို့သော်ငြား ထိုကဲ့သို့သော သေရေးရှင်ရေး အခြေအနေမျိုး၌ ရန်ကိုင်မှာ ဖီးနစ်ငှက်တစ်ကောင်နှယ် ပြန်လည်ရှင်သန်လာခဲ့လေ၏။ အသားအရေမှာ တဖြည်းဖြည်းနှင့် ပြန်လည်ချောမွေ့လာပြီး အဆုံးတွင် လူငယ်လေးတစ်ဦး၏ အသွင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့လေသည်။ ဖြစ်စဉ်တစ်ခုလုံးမှာ အလွန်ကိုမှ ထူးဆန်းလှပေသည်။ ဥတုလေးမျိုးနိယာမစွမ်းအားများမှာ အဆက်မပြတ် ဖြာထွက်နေခဲ့ပြီး ရန်ကိုင့်ဘေးပတ်ဝန်းကျင်ရှိ ပတ်ဝန်းကျင်သည်ပင်လျှင် ထိုနိယာမစွမ်းအားများကြောင့် စဉ်ဆက်မပြတ် ပြောင်းလဲနေခဲ့လေ၏။
ဆေးဥယျာဉ်ထဲတွင် စိုက်ပျိုးထားသော ဆေးပင်များသည်ပင်လျှင် နှစ်ပေါင်းများစွာ အချိန်ကျော်လွန်ခြင်းကို ခံစားလိုက်ရသည့်အလား အလွန်လျင်မြန်သည့်နှုန်းဖြင့် ရှင်သန်ကြီးထွားလာကြကုန်လေသည်။ ဥတုလေးမျိုးနိယာမစွမ်းအား၏ သက်ရောက်ခြင်းမခံရသည့် အပင်ဆို၍ နှစ်ပင်သာ ရှိလေသည်။ အင်မော်တယ်သစ်ပင်နှင့် မိုးကောင်းကင်သစ်ပင်တို့သာ ဖြစ်ကြ၏။
ရန်ကိုင်မှာလည်း သူ့ကိုယ်သူ အိပ်မက်တစ်ခုထဲ ရောက်နေသလို ခံစားနေခဲ့ရလေသည်။ ရန်ကိုင့်၏စိတ်အစုံသည် အသက်ငယ်သွားလိုက် အသက်ကြီးလာလိုက် ဖြစ်စဉ်နှစ်ခုကြား ကူးကလန်ခတ်ရင်း သူ့ခန္ဓာကိုယ်ကို အသုံးချ၍ တဖြည်းဖြည်း ကုန်လွန်နေသော အချိန်စွမ်းအားကို အသေအချာ ခံစားကြည့်နေခဲ့သည်။ တဖြည်းဖြည်းနှင့် ဝိုးတဝါးတားဖြစ်နေသော အကြောင်းအရာအသစ်များ ရန်ကိုင့်စိတ်ထဲ ထွက်ပေါ်လာတော့လေသည်။
ရန်ကိုင်မှာ ထိုအရာများကို သွားကြည့်ချင်ပါသော်ငြား အတားအဆီးတစ်ခုမှ သူ့အား ရှေ့ဆက်မသွားနိုင်အောင် လုပ်ထားသလို ခံစားနေခဲ့ရလေသည်။ ရန်ကိုင် မည်သို့ပင် ကြိုးစားနေစေကာမူ ထိုအကာအရံကို မထိုးဖောက်နိုင်ခဲ့ပေ။
သို့သော်ငြား ရန်ကိုင် ကြုံတွေ့နေခဲ့ရသည့် ဖြစ်စဉ်စက်ဝန်းတစ်ခုချင်းစီတိုင်းသည် ထိုအကြောင်းအရာများကို ပိုပို၍ ရှင်းလင်းပြတ်သားလာစေခဲ့လေသည်။
တစ်ခုသောအချိန်သို့ ရောက်သော် ရန်ကိုင် ဉာဏ်အလင်းပွင့်သွားတော့သည်။
အဆုံးမဲ့အိပ်မက်ကြီးထဲမှ ရုတ်တရက် လန့်နိုးလာခဲ့ပြီး သူ့မျက်လုံးများမှာလည်း တဖျတ်ဖျတ် တောက်ပနေခဲ့လေ၏။
အရောင်တလက်လက်တောက်နေသော ဓာတ်လုံးလေးလုံးမှာမူ ဖဲကြိုးများနှယ် သူ့ကိုယ်ပတ်လည်တွင် ဆက်လက်ပျံသန်းနေခဲ့သည်။
သို့သော်ငြား ရန်ကိုင်ကမူ ထိုအရာများကို ဂရုစိုက်မနေခဲ့ဘဲ အလွန်ကိုမှ လေးနက်တည်ကြည်သည့် အမူအယာဖြင့် ဆန်းကြယ်နက်နဲသည့် လက်ကွက်တစ်ခုကို ဖန်တီးလျက် ရေရွတ်လိုက်လေ၏။ “အဆုံးမဲ့သံသရာအိပ်မက်တစ်ခုအလား စီးဆင်းသွားလာနေတဲ့ အချိန်စွမ်းအား… အဆုံးမဲ့အချိန်ကုန်လွန်ခြင်း…”
ပြောနေသည့်နှုန်းမှာ အလွန်ကိုမှ နှေးကွေးသလို သူ့လှုပ်ရှားမှုများမှာလည်း ပို၍ပင် နှေးကွေးနေခဲ့သော်ငြား ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် နက်နဲဆန်းကြယ်သည့် ချိတ်စည်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့လေသည်။
ထို့နောက်တွင် သူ့ပတ်ပတ်လည်၌ အဆက်မပြတ်ပျံသန်းနေခဲ့သော အရောင်တလက်လက်တောက်နေသည့် ဓာတ်လုံးလေးလုံးမှာ ညွှန်ကြားချက်တစ်ခုခုအား ရရှိလိုက်သည့်အလား အလင်းစက်လေးများအသွင်သို့ ပြောင်းလျက် ရန်ကိုင့်၏ကိုယ်ထဲသို့ စိမ့်ဝင်သွားကုန်ကြလေသည်။
“ဘုန်း…”
ရန်ကိုင့်ကို ဗဟိုပြုလျက် အားကောင်းလှသည့် အရှိန်အဝါတစ်ရပ်မှာ အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။
အကုန်လုံး ပြန်လည်တည်ငြိမ်သွားသည့်နောက်တွင် ရန်ကိုင့်၏မျက်လုံးထဲ ထူးဆန်းသည့် အလင်းတစ်ခု ထွက်ပေါ်လာခဲ့လေ၏။ ထို့နောက် အံ့အားသင့်တကြီး အော်ဟစ်လိုက်လေသည်။ “ဒီတော့ ဒါက အချိန်နိယာမစွမ်းအားကိုး… အချိန်မြစ်မဟာဧကရာဇ်က တကယ်ကို အထင်ကြီးစရာပဲ…”
ဤလောကကြီးထဲတွင် လေဟာနယ်တာအိုထက် ပို၍ နားလည်ရခက်သည့် တာအိုဆို၍ အချိန်တာအိုသာ ရှိတော့လေသည်။ ထိုတာအိုနှစ်ခုသည် အခြားသောတာအိုများနှင့် ယှဉ်လိုက်သော် နားလည်နိုင်ရန် အလွန်ကိုမှ ခက်ခဲလှပြီး ကျွမ်းကျင်ဖို့ရာ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။
ရန်ကိုင့်အနေဖြင့် လေဟာနယ်တာအိုကို ကျင့်ကြံနိုင်ခဲ့ခြင်းမှာ ကံကောင်းသွားသည့်အတွက်ကြောင့်ဟုပင် ပြော၍ရပေသည်။
ကျင့်ကြံလာခဲ့သည့် ခရီးတစ်လျှောက် ရန်ကိုင်သည် လေဟာနယ်တာအိုကို နားလည်ထားသည့် ကျင့်ကြံသူအချို့နှင့် ကြုံတွေ့ခဲ့ရဖူးပေသည်။ သို့သော်ငြား ကျွမ်းကျင်ထားသည့်လူဆို၍ သူမှလွဲ၍ လီဝူရီတစ်ဦးသာ ရှိလေသည်။
လီဝူရီသည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားပြီး ကြယ်တာရာအစုအဝေးတစ်ခုလုံးတွင် နာမည်ကျော်ကြားသည့် လူတစ်ဦးဖြစ်ကာ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးလည်း ဖြစ်ပေသည်။
လေဟာနယ်တာအိုကို အနည်းအကျဉ်း ကျွမ်းကျင်ထားသော ကျင့်ကြံသူအချို့အား ရန်ကိုင်မြင်ခဲ့ဖူးသော်ငြား အချိန်တာအိုစွမ်းအားကို ကျွမ်းကျင်ထားသည့်လူကိုတော့ တစ်ခါမှ မမြင်ခဲ့ဖူးပေ။
ထိုအချက်ကိုကြည့်ရုံနှင့် အချိန်တာအိုသည် လေဟာနယ်တာအိုထက် ပို၍ ကျင့်ကြံရခက်ကြောင်း သိမြင်နိုင်ပေသည်။
သို့သော်ငြား အချိန်မြစ်မဟာဧကရာဇ်သည် အချိန်တာအိုကို အလွန်ကိုမှ အဆင့်မြင့်သည်အထိ ကျွမ်းကျင်ခဲ့ပေသည်။
ရန်ကိုင် မူလက တွေးထင်ထားခဲ့သည်မှာ ဥတုလေးမျိုးနိယာမစွမ်းအားသည် ဥတုလေးမျိုးကိုသာ ကိုယ်စားပြုခြင်း ဖြစ်သည်ဟူ၍ပင်။ သို့သော်ငြား ဤစည်းတံဆိပ်ကို နားလည်သွားပြီးသည့်အခါမှသာ အချိန်မြစ်မဟာဧကရာဇ်သည် ဥတုလေးမျိုးနိယာမစွမ်းအားအား အချိန်နိယာမစွမ်းအားအထိသို့ပင် ရောက်အောင် နားလည်ထားကြောင်း သဘောပေါက်သွားခဲ့လေသည်။
အချိန်မြစ်မဟာဧကရာဇ်၏ ကျေးဇူးကြောင့် ရန်ကိုင်သည် ဥတုလေးမျိုးဓာတ်လုံးကို ရရှိပြီးသည့်နောက် အချိန်တာအို၏ အစပိုင်းလောက်ကို နားလည်သွားပြီဟု ပြော၍ရပေသည်။
သမိုင်းတစ်လျှောက်တွင် အချိန်တာအိုနှင့် လေဟာနယ်တာအိုကို တစ်ပြိုင်တည်းကျင့်ကြံထားသည့် ကျင့်ကြံသူဆို၍ ရန်ကိုင်တစ်ဦးတည်းသာ ရှိလောက်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၃၂)
ဓာတ်လုံးလေးခုထဲရှိ အချိန်စွမ်းအင်ပညာရပ်ကို နားလည်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် ဖြည်းဖြည်းချင်း ထရပ်လာခဲ့လေသည်။
လျို့ယန်နှင့် ဟွာချင်းစီမှာမူ ရန်ကိုင့်အနီးတွင် ရပ်နေကြလေ၏။ ရန်ကိုင်ဖန်တီးလိုက်သည့် ရုတ်ရုတ်သဲသဲအဖြစ်အပျက်ကြောင့် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သော်ငြား ရန်ကိုင်ကျင့်ကြံနေသည်ကိုမြင်သော် အနားသို့ ကပ်မလာခဲ့ဘဲ ခပ်ဝေးဝေးမှ နေ၍သာ ရပ်စောင့်ကြည့်နေခဲ့ကြလေသည်။
ရန်ကိုင် ထရပ်လာသည်ကိုမြင်သော် မိန်းကလေးနှစ်ဦး အကြည့်ချင်း ဖလှယ်လျက် ရန်ကိုင့်ဆီသို့ ပျံသန်းလာခဲ့လေ၏။
“သခင်… ဘယ်လိုကျင့်စဉ်မျိုးကို ကျင့်ကြံနေလို့ သခင့်ရုပ်က အိုသွားလိုက် ပြန်ငယ်သွားလိုက် ဖြစ်နေတာလဲ…” လျို့ယန်က စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။
“ငါ့ရုပ် တကယ်ကြီး ပြောင်းလဲသွားတာလား…” ရန်ကိုင်က အံ့အားသင့်နေသည့် လေသံဖြင့် ပြန်မေးလိုက်လေသည်။ သူ့ရုပ် ငယ်လိုက် အိုသွားလိုက် ဖြစ်နေသည်မှာ သူ့စိတ်ထင်သက်သက်သာ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်ငြား တကယ်ကြီး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
(ငါ အချိန်နိယာမစွမ်းအားကို နားလည်ပြီး အချိန်မြစ်မဟာဧကရာဇ်ရဲ့ အချိန်စည်းကို ဖန်တီးနိုင်ခဲ့တာ အထူးအဆန်းမဟုတ်တော့ပါဘူးလေ… ငါ့ခန္ဓာကိုယ်က အချိန်စွမ်းအားကို လက်တွေ့ခံစားလိုက်ရတာကိုး… ငါသိသွားပြီ… ဒီတော့ ဒီနည်းလမ်းနဲ့ ငါက အချိန်တာအိုကို နားလည်သွားခဲ့တာပေါ့…)
“ဟုတ်တယ်… နင်အသက်ကြီးသွားတုန်းက နင့်ပုံစံက တကယ်ကို သနားစရာကောင်းတာ…” အနားတွင်ရှိနေသော ဟွာချင်းစီက ခေါင်းညိတ်လိုက်လေ၏။
ရန်ကိုင် ယဲ့ယဲ့လေးသာ ပြုံးလိုက်လေသည်။ ထိုအရာနှင့်ပတ်သက်၍ ရန်ကိုင်လည်း ဂရုစိုက်မနေခဲ့ပေ။ လူတိုင်းသည် တစ်နေ့နေ့တစ်ချိန်ချိန်သို့ ရောက်လာသော် အိုမင်းကာ သေဆုံးကြရလိမ့်မည် မဟုတ်ပေလော။ ထိုအရာသည် မည်သူမျှ မလွတ်မြောက်နိုင်သည့် သံသရာစက်ကွင်းတစ်ခု ဖြစ်ပေသည်။ အချိန်တာအိုကို နားလည်သွားပြီးသည့်နောက်တွင် ထိုကဲ့သို့သော သဘောတရားတို့နှင့် ပတ်သက်၍ ရန်ကိုင့်စိတ်ထဲ ပို၍ သက်တောင့်သက်သာ ဖြစ်လာခဲ့လေသည်။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “အဲ့လိုဖြစ်နေတာ အချိန်မြစ်မဟာဧကရာဇ်ရဲ့ ပညာရပ်ကြောင့်လေ…”
ထိုစကားကိုကြားသော် လျို့ယန်နှင့် ဟွာချင်းစီတို့၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့ကြသည်။ လျို့ယန်က အံအားသင့်နေသည့် လေသံဖြင့် ပြန်မေးလိုက်လေသည်။ “သခင် အချိန်မြစ်မဟာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရလိုက်တာလား…”
ရန်ကိုင်သည် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ အမွေအနှစ်ကို ရခဲ့ပါသော်ငြား သူရခဲ့သည့် ကျင့်စဉ်သည် လူသားများကျင့်ကြံရန်အတွက် မသင့်တော်ချေ။ မဟာဧကရာဇ်တစ်ပါး၏ အမွေအနှစ်မှာ အလွန်ကိုမှ အဖိုးတန်ပေသည်။ ရန်ကိုင်သာ အချိန်မြစ်မဟာဧကရာဇ်၏ အမွေအနှစ်ကို ရလိုက်ပါက သူ့အနာဂတ်မှာ အလွန်ကိုမှ ချောမွေ့ တောက်ပသွားပေတော့မည်။
ရန်ကိုင်က ခေါင်းတခါခါဖြင့် ပြန်လည်ငြင်းဆိုလိုက်လေ၏။ “မရလိုက်ဘူး… ငါလည်း ဥတုလေးမျိုးဓာတ်လုံးထဲမှာ အချိန်မြစ်မဟာဧကရာဇ်ရဲ့ အမွေအနှစ်ရှိနေမယ်လို့ ထင်ထားခဲ့တာ…. အဲ့လိုမျိုးမဟုတ်ဘူး… အဲ့ထဲမှာ အချိန်မြစ်မဟာဧကရာဇ် ကျင့်ကြံခဲ့တဲ့ သိုင်းပညာရပ်တစ်ခုပဲ ရှိခဲ့တာ… ဒါပေမဲ့ အဲ့ဒါနဲ့တောင် တော်တော်လေး အဆင်ပြေနေပြီလို့ ပြောလို့ရတယ်…”
အချိန်တာအို၏ အခြေခံ အကြောင်းအရာများကို နားလည်သွားပြီးသည့်နောက်တွင် အချိန်မြစ်မဟာဧကရာဇ်၏အမွေအနှစ်ကို ရရ မရရ အရေးမကြီးတော့ပေ။ သူသာ တစိုက်မတ်မတ်နှင့် ကြိုးစားကျင့်ကြံပါက တစ်နေ့နေ့တစ်ချိန်ချိန်တွင် အချိန်မြစ်မဟာဧကရာဇ် ရောက်ရှိခဲ့သည့် အဆင့်သို့ပင် ရောက်ကာ အချိန်မြစ်မဟာဧကရာဇ်ကိုပင်လျှင် ကျော်တက်ကောင်း ကျော်တက်သွားနိုင်ပေသည်။
သို့သော်ငြား ထိုကဲ့သို့ မလုပ်နိုင်ခင် သူ့အနေဖြင့် လေဟာနယ်တာအိုကို အထွဋ်အထိပ်သို့ ရောက်အောင် ကျင့်ကြံရပေလိမ့်မည်။ တန်ဆေးလွန်ဘေးဟူသော စကားပုံပင် ရှိနေသေးသည် မဟုတ်ပေလော။ ဝါးနိုင်သည်ထက် ပိုစားလိုက်မည်ဆိုပါက သူ့အတွက် အကျိုးမရှိရုံသာမက သူ့ကိုပင်လျှင် ပြန်လည် ဒုက္ခရောက်သွားစေနိုင်ပေသည်။ ရန်ကိုင်သည် ထိုအချက်ကို ကောင်းကောင်းနားလည်ထားလေ၏။
“အခု ဘယ်လောက်ကြာသွားပြီလဲ…” ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်လေသည်။
ရန်ကိုင်သည် ထပ်တလဲလဲ ဖြစ်ပျက်နေသော အချိန်စက်ကွင်းထဲ နစ်မျောသွားသည့်အတွက်ကြောင့် အပြင်လောကကြီးတွင် အချိန်မည်မျှ ကုန်ဆုံးသွားသလဲဆိုသည်ကို သတိမပြုမိခဲ့ချေ။
“တစ်နှစ်လောက်ကြာသွားပြီ…” ဟွာချင်းစီက ပြန်ပြောလိုက်လေသည်။
ရန်ကိုင် ဒဏ်ရာရပြီး ကမ္ဘာငယ်လေးထဲသို့ ရောက်လာစဉ်က ဟွာချင်းစီလည်း ရန်ကိုင့်၏အရှိန်အဝါကို သတိပြုမိလိုက်ပေသည်။ ထိုအချိန်မှစ၍ ယခုအချိန်ထိ တစ်နှစ်တင်းတင်းခန့် ကြာသွားခဲ့လေပြီ။
“တစ်နှစ်တောင်လား…” ရန်ကိုင် ကြောင်သွားခဲ့လေသည်။ အချိန်ကုန်သွားမည်ဆိုလျှင်ပင် နှစ်လ၊ သုံးလလောက်သာ ရှိလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား တကယ့်တကယ်တွင် တစ်နှစ်ပင် ကြာသွားခဲ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။
တစ်နည်းဆိုရသော် ကြယ်ပျက်ပင်လယ် ပွင့်လာခဲ့သည်မှာ တစ်နှစ်ခန့် ရှိသွားခဲ့လေပြီ။ ရန်ကိုင်သည် ကြယ်ပျက်ပင်လယ်ထဲတွင် ဥတုလေးမျိုးဓာတ်လုံး၏ နက်နဲဆန်းကြယ်မှုများကို ထိုးထွင်းနားလည်ခဲ့သည်မှာ အခွင့်အရေးကို အမိအရဆုပ်ကိုင်ခြင်းပေလား ဖြုန်းတီးခြင်းပေလား မပြောတတ်တော့ချေ။
ကြယ်ပျက်ပင်လယ် မည်မျှကြာအောင် ပွင့်နေမလဲ ဆိုသည်ကိုလည်း ရန်ကိုင်မသိချေ။ တစ်နှစ်လောက်သာ ပွင့်မည်ဆိုလျှင်တော့ ရန်ကိုင်သည် သူ့အချိန်အားလုံးကို ဤနေရာတွင် ဖြုန်းပစ်လိုက်ခြင်းနှင့် အတူတူသာ ဖြစ်သွားပေလိမ့်မည်။
ထိုအချက်ကို သတိထားမိလိုက်သော် ရန်ကိုင် မျက်နှာပျက်သွားခဲ့ပြီး သူ့ရင်ထဲ မကောင်းသည့်ခံစားချက်တို့ ရလိုက်လေ၏။
“ဘာတွေဖြစ်နေလဲ ငါတစ်ချက်သွားကြည့်လိုက်ဦးမယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ ချက်ချင်း ထွက်လာခဲ့လိုက်လေသည်။
ကြယ်ပျက်ပင်လယ်ထဲသို့ တစ်နှစ်ကြာအောင် ဝင်လာပြီးသည့်တိုင် မည်သည့်အကျိုးအမြတ်ကိုမှ မရသေးသည့်အတွက်ကြောင့် ရန်ကိုင့်စိတ်ထဲ အလွန်ကိုမှ ပျာယာခတ်နေလေ၏။
ကမ္ဘာငယ်လေးထဲမှ ထွက်လာပြီးသည့်နောက် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်ရာ သူရောက်နေသည့်နေရာသည် ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်လာစဉ်က မြင်ခဲ့ရသည့်နေရာနှင့် ဘာမှ ကွာခြားခြင်းမရှိကြောင်း တွေ့လိုက်ရလေသည်။
သို့သော်ငြား ရန်ကိုင်ပြောနိုင်သည့် တစ်ချက်တော့ ရှိပေသည်။ ဤနေရာသည် ကြယ်ပျက်ပင်လယ်ထဲသို့ စရောက်စဉ်က နေရာမဟုတ်ပေ။ ထို့နောက်တွင် ရန်ကိုင်သည် သူ၏သင်္ဘောငယ်လေးကို ထုတ်ယူလိုက်လေသည်။
ကြယ်ပျက်ပင်လယ်ထဲတွင် တာအိုသခင်အဆင့် ကျင့်ကြံသူများအတွက် အခွင့်အလမ်းပေါင်းများစွာ ရှိသည်ဟု ပြောကြပါသော်ငြား ထိုအခွင့်အလမ်းများမှာ မည်သည့်နေရာတွင် ရှိနေမှန်း မသိသည့်အတွက်ကြောင့် ရန်ကိုင်လည်း ခြေဦးတည့်ရာ လျှောက်သွားရုံသာ တတ်နိုင်ခဲ့လေ၏။
နောက်ရက်များအတွင်း ရန်ကိုင်သည် အာရုံစိုက်စရာ မည်သည့်အရာနှင့်မှ မကြုံတွေ့ခဲ့ရချေ။ သို့ရာတွင် အာကာသမုန်တိုင်းများစွာနှင့်တော့ ကြုံခဲ့ရပေသည်။ ဤကြယ်ပျက်ပင်လယ်ထဲရှိ အာကာသာမုန်တိုင်းများမှာ အလွန်တရာကိုမှ အားကောင်းလှလေရာ ၎င်းတို့အနီးတစ်ဝိုက်ရှိ ဟင်းလင်းပြင်ကိုပင်လျှင် ကွဲကြေသွားစေပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ အာကာသမုန်တိုင်းများကို မြင်သည်နှင့် ခပ်ဝေးဝေးမှသာ ရှောင်သွားလေ၏။
ထိုရက်များအတွင်း မည်သည့်အန္တရာယ်နှင့်မှ မကြုံခဲ့ရသလို မည်သည့်ကျင့်ကြံသူနှင့်မှလည်း မတွေ့ခဲ့ရပေ။ ထို့ကြောင့် ရန်ကိုင်လည်း ကြယ်ပျက်ပင်လယ်ပိတ်သွားပြီး ဤထဲတွင် ရှိနေသော ကျင့်ကြံသူအားလုံး အပြင်ပြန်ထွက်သွား၍များ သူတစ်ယောက်တည်း ကျန်နေခဲ့လေသလားဟု တွေးမိသွားခဲ့ရလေသည်။
ထိုသို့သာဆိုလျှင်တော့ ဒုက္ခလှလှ တွေ့ရပေပြီ။
သို့ရာတွင် တစ်နေ့၌ ရန်ကိုင်ပျံသန်းနေစဉ်အတောအတွင်း သူ့လက်ခုံ ရုတ်တရက် ပူလောင်လာသည်ကို ခံစားမိလိုက်လေသည်။
ရန်ကိုင်လည်း မျက်ခုံးပင့်လျက် ငုံ့ကြည့်လိုက်ရာ သူ့လက်ခုံပေါ်တွင် ရှိနေသော ငါးထောင့်ပုံစံကြယ်စည်းတံဆိပ် အရောင်တလက်လက် တောက်နေသည်ကို တွေ့ရှိလိုက်ရလေသည်။ ထို့အပြင် တစ်ခုသောဘက်ဆီမှ တစ်စုံတစ်ခုသည် သူ့လက်ပေါ်ရှိ ငါးထောင့်ပုံစံကြယ်စည်းတံဆိပ်အား လှမ်းဆွဲနေသည်ကိုလည်း ခံစားမိနေခဲ့လေသည်။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့ရလေ၏။
တစ်ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် ထိုဆွဲအား ထွက်ပေါ်လာသည့်ဘက်ဆီသို့ ပျံသန်းသွားလိုက်လေသည်။
တုံ့ပြန်မှုတစ်ခုခု ရှိလာပြီဖြစ်သည့်အတွက်ကြောင့် ခြေဦးတည့်ရာ ပျံသန်းသွားလာနေခြင်းထက် ထိုတုံ့ပြန်မှုကို ဖြစ်စေသည့် နေရာဆီသို့ သွားလိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပေသည်။
ကြယ်ပျက်ပင်လယ်ကြီးမှာ အလွန်ကိုမှ ကျယ်ပြောသည့်အတွက်ကြောင့် ရန်ကိုင်မှ အရှိန်ကုန်တင်၍ ပျံသန်းလာသည့်တိုင် တုံ့ပြန်မှုကို ဖြစ်စေသည့် နေရာဆီသို့ ရောက်ရန် နှစ်နာရီခန့် အချိန်ယူလိုက်ရပေသည်။ လက်ရှိ ရန်ကိုင့်ရှေ့တွင် တစ်စစီပျက်စီးနေသော ကျင့်ကြံရေးကြယ်တစ်လုံး ရှိနေခဲ့လေ၏။ ထိုကျင့်ကြံရေးကြယ်မှာ အရမ်းကြီး ကြီးမားလှခြင်းမရှိဘဲ ပုံမှန်အရွယ်အစားသာ ဖြစ်လေသည်။
ထိုကျင့်ကြံရေးကြယ်မှာ ရန်ကိုင် ကြယ်ပျက်ပင်လယ်ထဲသို့ ရောက်စဉ်က မြင်ခဲ့ရသည့် ကျင့်ကြံရေးကြယ်ပျက်ကြီးနှင့် တူပေသည်။ ကျင့်ကြံရေးကြယ်၏တစ်ခြမ်းမှာ တစ်စစီပျက်စီးနေပြီး ကျန်တစ်ခြမ်းမှာတော့ မလှုပ်မယှက် ဟင်းလင်းပြင်ထဲတွင် မျောနေခဲ့သည်။
ရန်ကိုင့်လက်ခုံပေါ်ရှိ ငါးထောင့်ပုံစံကြယ်စည်းတံဆိပ်ကို လှမ်းဆွဲနေသည့်စွမ်းအားမှာ ဤနေရာဆီမှ လာနေခြင်း ဖြစ်ပေသည်။
ထို့အတွက်ကြောင့် ရန်ကိုင်လည်း သင်္ကာမကင်းအမူအယာဖြင့် ထိုကြယ်ပျက်ကြီးကို သွားရောက်စစ်ဆေးကြည့်လေ၏။
ကြယ်ပျက်ကြီးပေါ်သို့ ရောက်ပြီးသည့်နောက် လှည့်ပတ်ကြည့်လိုက်ရာ လွင်ထီးခေါင်ပြင်ကုန်းမြေကြီးနှင့် မရေမတွက်နိုင်သော ချိုင့်ခွက်တွင်းပေါက်များကို မြင်တွေ့လိုက်ရလေသည်။
ကြယ်ပျက်ပေါ်သို့ တက်လာပြီးသည့်နောက်တွင် ရန်ကိုင့်လက်ခုံပေါ်ရှိ ငါးထောင့်ပုံစံကြယ်စည်းတံဆိပ်မှာ ပို၍စူးရှစွာ တောက်ပလာခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ မကြာမီတွင် တစ်ခုခုအား အာရုံခံမိသွားပြီး မျက်ခုံးပင့်လျက် ဝမ်းသာအားရဖြင့် ရေရွတ်လိုက်လေ၏။ “ကြယ်အမြုတေလား…”
ရန်ကိုင်ကိုယ်တိုင်သည် အရိပ်ကြယ်၏ ကြယ်အမြုတေနှင့် ပေါင်းစပ်ထားသည့်အတွက်ကြောင့် ကြယ်အမြုတေများ၏အရှိန်အဝါကို ကောင်းကောင်းသိနေခဲ့ပေသည်။ ကြယ်ပျက်ကြီးမှာ ပျက်စီးနေပြီဖြစ်သော်ငြား ၎င်း၏ကြယ်အမြုတေမှာတော့ အပြီးတိုင်ပျက်စီးသွားခြင်း မရှိချေ။
သို့ရာတွင် ကြယ်တစ်ခုလုံးမှာ ဆိုးဆိုးရွားရွား ထိခိုက်နေသည့်အတွက်ကြောင့် ကြယ်အမြုတေမှာလည်း အကောင်းအတိုင်းမကျန်ရစ်တော့ဘဲ ပျက်စီးနေခဲ့လေ၏။
ကြယ်အမြုတေတစ်ခုသည် ကြယ်တာရာအစုအဝေးမှ ကျင့်ကြံသူများအတွက် အလွန်ကိုမှ အဖိုးအနဂ္ဂထိုက်တန်သည့် ရတနာတစ်ခုဖြစ်ပေသည်။ အကြောင်းမှာ ကြယ်အမြုတေကို ပိုင်ဆိုင်ထားမည်ဆိုပါက လောကနိယာမများကို ပို၍လွယ်ကူစွာ အာရုံခံနိုင်လေရာ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ရန် ပိုမိုလွယ်ကူသွားသည့် အတွက်ကြောင့်ပင်ဖြစ်လေသည်။
သို့သော်ငြား ကြယ်အမြုတေများကို ကျင့်ကြံရေးကြယ်များတွင်သာ တွေ့နိုင်သည့် အတွက်ကြောင့် ကြယ်တာရာအစုအဝေးထဲရှိ ကျင့်ကြံသူများအတွက် ကြယ်အမြုတေတစ်ခုကို ရရန်မှာ အလွန်ကိုမှ ခက်ခဲလှပေသည်။ ထို့အတွက်ကြောင့် ကြယ်တာရာအစုအဝေးထဲတွင် ကြယ်အမြုတေဆို၍ အနည်းငယ်လောက်သာ ရှိကြသည်။ ကြယ်အမြုတေတစ်ခု ပေါ်လာမည်ဆိုပါက ကြယ်တာရာအစုအဝေးတစ်ခုလုံး ဂယက်ရိုက်သွားလေ့ ရှိပေသည်။
သို့သော်ငြား ဤကြယ်ပျက်ပင်လယ်ထဲတွင် ကြယ်အမြုတေတစ်ခု ရှိနေခဲ့လေသည်။ ဤကြယ်အမြုတေသည် အကောင်းအတိုင်း ရှိမနေတော့သော်ငြား ကြယ်အမြုတေတော့ ဖြစ်နေဆဲပင်။
ကောလဟာလများသည် တကယ်ကြီးကို အမှန်ဖြစ်နေခဲ့လေသည်။ ကြယ်ပျက်ပင်လယ်ထဲတွင် ကြယ်အမြုတေများ တကယ်ကို ရှိနေခဲ့သည်။ တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးသည်သာ ထိုကြယ်အမြုတေများကို စုပ်ယူပစ်နိုင်မည်ဆိုပါက ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ရာ၌ ပို၍လွယ်ကူ အဆင်ပြေချောမွေ့လာပေလိမ့်မည်။
“ငါ့လက်ခုံပေါ်က ကြယ်စည်းတံဆိပ်က ဒီကြယ်အမြုတေကို အာရုံခံမိလို့ ငါ့ကို ဒီနေရာဆီ ခေါ်လာခဲ့တာလား…” ရန်ကိုင် တွေးလိုက်လေသည်။
ရန်ကိုင့်စိတ်ထဲ ထိုကဲ့သို့ တွေးနေစဉ်မှာပင် တစ်ခုခုအား အာရုံခံမိသွားပြီး အာရုံခံမိသည့်အလား ကောင်းကင်ပေါ်သို့ လှမ်း၍ မော့ကြည့်လိုက်လေ၏။ ချက်ချင်းဆိုသလို ဟင်းလင်းပြင်ထဲမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာခဲ့ပြီး မကြာမီတွင် ထိုအလင်းတန်းနှစ်ခုသည် သူ့အနားတွင် ရပ်တန့်သွားခဲ့လေသည်။
အလင်းတန်းများ ပျောက်ကွယ်သွားသည့်နောက် လူနှစ်ယောက် ပေါ်လာခဲ့လေ၏။
နှစ်ယောက်စလုံးမှာ အမျိုးသားများဖြစ်ကြပြီး တစ်ဂိုဏ်းတည်းမှလာကြသည့်အလား သူတို့၏အရှိန်အဝါများနှင့် ဝတ်ရုံများမှာ တစ်ထပ်တည်း တူညီနေကြလေသည်။ ထို့အပြင် ထိုနှစ်ဦးစလုံးမှာ တာအိုသခင်တတိယအဆင့် ကျင့်ကြံသူများလည်း ဖြစ်ကြသေး၏။
နှစ်ဦးစလုံး၏ လက်ခုံများပေါ်တွင် ငါးထောင့်ပုံစံကြယ်စည်းတံဆိပ်များလည်း ရှိနေကြပေသည်။ ထိုနှစ်ဦးသည် ရန်ကိုင်ကဲ့သို့ပင် သူတို့၏ကြယ်စည်းတံဆိပ်များ ခေါ်ဆောင်ရာအတိုင်း ပျံသန်းလာခဲ့ကြခြင်း ဖြစ်သည်။
ထိုလူနှစ်ဦးကို မြင်လိုက်သည့်အခိုက် ရန်ကိုင့်စိတ်ထဲ ဝမ်းသာသွားခဲ့လေသည်။
အကြောင်းမှာ ဤနေရာတွင် လူများ ရှိနေသေးသည့်အတွက်ကြောင့် ကြယ်ပျက်ပင်လယ်မှာ မပိတ်သေးမှန်း သူပြောနိုင်သွားခဲ့လေပြီ။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ အတော်လေးကို ဝမ်းသာမိသွားတော့လေ၏။
ထိုနှစ်ဦးမှာတော့ ရန်ကိုင် ဘာကြောင့် စိတ်လှုပ်ရှားလို့ ရှားနေမှန်းမသိ။ သို့သော်ငြား မာနကြီးခက်ထန်သည့် ပုံစံမျိုးဖြင့်သာ ရပ်နေကြလေသည်။ ရန်ကိုင့်အား တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် မမြင်ချင်ယောင်ဆောင်ကာ သူတို့၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လေ၏။
ထို့နောက်တွင် နှစ်ဦးအနက်မှ တစ်ဦးက မျက်မှောင်ကြုတ်လျက် ပြောလိုက်လေသည်။ “ဒီမှာရှိတဲ့ အမြုတေစွမ်းအားက အတော်လေးအားနည်းလွန်းတယ်…”
“ဟုတ်တယ်… ဟိုတစ်နေ့က ငါတို့တွေ့တဲ့ ဟာလောက်တောင် မကောင်းဘူး…” အခြားတစ်ယောက်ကလည်း ပြောလိုက်လေသည်။
“ဒါပေမဲ့ မရှိတာထက်စာရင်တော့ ပိုကောင်းတာပေါ့… တိုက်တစ်လုံးဖြစ်လာဖို့တောင် သဲမှုန်တွေအများကြီးစုဝေးရတာပဲ မဟုတ်ဘူးလား… အမြုတေစွမ်းအားနည်းနေလို့ဆိုပြီး ဒီအခွင့်အရေးကို လက်လွှတ်ပေးလိုက်လို့ မဖြစ်ဘူး…” ပထမဦးဆုံးပြောလိုက်သည့်လူက ထပ်ပြောလိုက်လေသည်။ ထို့နောက် ရန်ကိုင့်အားကြည့်၍ အော်ပြောလိုက်လေ၏။ “မင်း ဘာကြည့်နေတာလဲ ထွက်သွားစမ်း…”
တစ်ခြားတစ်ဦးကလည်း လှောင်ပြုံးပြုံးလျက် ပြောလိုက်လေသည်။ “ဒီကြယ်အမြုတေက ငါတို့ဟာပဲ… မင်းအတွက် ဘာကောင်းတယ်ဆိုတာသိရင် ချက်ချင်း ထွက်သွားလိုက်ပေတော့… မဟုတ်ရင် ဒီနေရာမှာ တစ်သက်လုံး နေသွားရမယ်မှတ်…”
ထိုနှစ်ဦးသည် ဤနေရာသို့ ရောက်ရောက်ချင်း သူ့အား သတ်မည်တကဲကဲ ခြိမ်းခြောက်လာသဖြင့် ရန်ကိုင့်မှာ ဒေါသူပုန်ထသွားခဲ့ရလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၃၃)
ဤနေရာရှိ အမြုတေစွမ်းအားမှာ အလွန်ကိုမှ အားနည်းလှသည်။ ကြယ်အမြုတေကြီးတစ်ခုလုံးကိုပင် ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ဤမျှလောက်သော ကြယ်အမြုတေကိုတော့ ဂရုစိုက်မနေခဲ့ချေ။ သို့သော်ငြား ထိုနှစ်ဦးမှ သူ့အား ဤကဲ့သို့ လာရောက်အော်ငေါက်နေသည့်အခါ ရန်ကိုင်မှာ စတင်၍ ဒေါသထွက်လာခဲ့လေသည်။
သို့ရာတွင် မဆင်မခြင် လှုပ်ရှားသေးခြင်းမရှိဘဲ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားလျက် လက်သီးဆုပ်ကာ မေးလိုက်လေ၏။ “ရောင်းရင်းတို့… ကျုပ် ခင်ဗျားတို့ကို တစ်ခုလောက်မေးချင်လို့… ကျေးဇူးပြုပြီး ဖြေပေးလို့ရမလားမသိဘူး…”
ပထမဦးဆုံး စကားပြောလိုက်သည့်လူသည် ရန်ကိုင့်အား တစ်ချက်စောင်းငဲ့ကြည့်လျက် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ “မင်း ဘာသိချင်တာလဲ…”
ရန်ကိုင်က ချက်ချင်း မေးလိုက်လေသည်။ “ရောင်းရင်းတို့ ဒီနေရာကို အဲ့ကြယ်စည်းတံဆိပ်က လမ်းညွှန်ပေးလို့ ရောက်လာခဲ့တာလား…”
ထိုလူသည် ရန်ကိုင့်အား အံ့အားသင့်တကြီးဖြင့် ကြည့်လျက် ပြောလိုက်လေသည်။ “မင်းရော အဲ့လိုနည်းနဲ့ပဲ ရောက်လာတာမဟုတ်ဘူးလား…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ဒါပေါ့…”
သူထင်ထားသည့်အတိုင်း တကယ်ဖြစ်နေခဲ့လေသည်။ ကြယ်စည်းတံဆိပ်များသည် ကြယ်အမြုတေများကို အာရုံခံနိုင်လေ၏။ လက်ခုံပေါ်ရှိ ကြယ်စည်းတံဆိပ်သည် ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်နိုင်မည့် သော့တစ်ချောင်းသာလျှင် မဟုတ်ဘဲ ကြယ်ပျက်ပင်လယ်ထဲရှိ ကြယ်အမြုတေများကို အာရုံခံနိုင်မည့် အာရုံခံစက်တစ်ခုလည်း ဖြစ်သည်။
ထိုလူက ဒေါသတကြီး ပြန်အော်ပြောလေသည်။ “အဲ့ဒါဆိုရင် ဘာလို့ လာမေးနေသေးတာလဲ ခွေးကောင်လေးရဲ့…”
ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီတိုင်းမေးကြည့်ရုံပါပဲ ရောင်းရင်းရာ… ဘာလို့ ဒီလောက် ဒေါသထွက်နေတာလဲ… ဒေါသထွက်တာမကောင်းဘူးဗျ… ဒါနဲ့ ရောင်းရင်းတို့... ဒီကြယ်ပျက်ပင်လယ်က ဘယ်လောက်ကြာအောင် ဖွင့်တာလဲ…”
ရန်ကိုင်မှ ထိုကဲ့သို့မေးလိုက်သည်နှင့် တစ်ပြိုင်နက် ထိုလူနှစ်ဦးစလုံးသည် ရန်ကိုင့်အား ထူးထူးဆန်းဆန်းအမူအယာများဖြင့် ကြည့်လာခဲ့ကြလေသည်။ ထို့နောက် တစ်ယောက်က ပြောလိုက်လေ၏။ “ကြည့်ရတာ မင်း ဒီကအကြောင်းတွေကို ဘာမှ မသိဘူးနဲ့တူတယ်…”
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် သူ့ကိုယ်သူနှိမ့်ချလျက် လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “ရောင်းရင်း ကျေးဇူးပြုပြီး တစ်ချက်လောက် ရှင်းပြပေးလို့ရမလား…”
သူသည် ကြယ်ပျက်ပင်လယ်အကြောင်း ဘာဆိုဘာမှမသိချေ။ ထိုအကြောင်းကို ဖုံးကွယ်ထား၍လည်း ဘာအကျိုးမှရှိမည်မဟုတ်သည့်အတွက်ကြောင့် ပွင့်ပွင့်လင်းလင်းသာ ဝန်ခံလိုက်လေ၏။
ထိုလူနှစ်ဦးမှာ လူကောင်းပုံ မပေါက်သော်ငြား ရန်ကိုင်ကမူ သူသိချင်နေသည်များကို မေးမြန်းလိုက်ပေသေးသည်။
ထိုလူနှစ်ဦးအနက် တစ်ဦးက ဝါးလုံးကွဲအော်ရယ်မောလျက် လှောင်ပြောင်ပြောဆိုလိုက်လေ၏။ “စီနီယာအစ်ကို… ကြယ်ပျက်ပင်လယ်ထဲကို ဘာအကြောင်းမှမသိဘဲနဲ့ ဝင်လာတဲ့ကောင် တကယ်ကြီးရှိနေတာပဲ… ဟေ့ကောင်… မင်းဆရာ၊ မင်းဂိုဏ်းနဲ့ မင်းဂိုဏ်းက အကြီးအကဲတွေ မင်းကို ဘာမှ မပြောပြလိုက်ဘူးလား…”
ထိုလူသည် အလွန်ကိုမှ ရယ်ရလွန်းသည့် ပြက်လုံးတစ်ခုကို ကြားလိုက်သည့်အလား ဝါးလုံးကွဲအော်ရယ်မောနေခဲ့လေသည်။
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “ကျုပ်မှာ ဆရာမရှိဘူး… ဂိုဏ်းလည်းမရှိဘူး… အကြီးအကဲတွေလည်းမရှိဘူး… အဲ့ဒါ ရယ်စရာပါလို့လား…”
ထိုလူသည် မျက်နှာကို အတတ်နိုင်ဆုံး တည်အောင်ထိန်းရင်း ရှင်းပြလိုက်လေသည်။ “ရယ်စရာတော့မပါပါဘူး… ဒါပေမဲ့ မင်းလိုမျိုး ဆရာလည်းမရှိ၊ ဂိုဏ်းလည်းမရှိ၊ ဘာအကြီးအကဲမှလည်း မရှိတဲ့လူတစ်ယောက် ဒီကြယ်ပျက်ပင်လယ်ထဲကို ရောက်လာတာ တကယ် အံ့ဩဖို့ကောင်းတယ်…”
“ရောင်းရင်း… မင်း ငါမေးတဲ့မေးခွန်းကို မဖြေရသေးဘူးနော်…” ရန်ကိုင်က ပြောလိုက်လေသည်။
“မင်းမေးတာကိုဖြေလို့ ဘာအကျိုးရှိမှာမို့လို့လဲ…” တစ်ဖက်လူက ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်လေသည်။
ရန်ကိုင်က ပြောလိုက်လေသည်။ “ဒီကြယ်အမြုတေကို ပေးမယ်ဆိုရင်ရော…” တစ်ချက်ရပ်ပြီးသည့်နောက် ရန်ကိုင်က ဆက်ပြောလိုက်လေ၏။ “ရှင်းရှင်းပြောရရင် ငါ ဒီကို အရင်ဆုံးရောက်တာ… ဒါပေမဲ့ ရောင်းရင်းတို့သာ ငါမေးတဲ့မေးခွန်းကို ဖြေပေးမယ်ဆိုရင် ငါ ချက်ချင်းထွက်သွားပေးမယ်… ဒီကြယ်အမြုတေကို ဘယ်သူယူမလဲဆိုတာတော့ မင်းတို့ဘာသာမင်းတို့ ဆုံးဖြတ်ပေါ့… ငါဝင်ရှုပ်မှာမဟုတ်ဘူး…”
ဂျူနီယာညီလေးဆိုသည့်လူက ဒေါသတကြီးဖြင့် ပြန်အော်ပြောလေသည်။ “ဒီကြယ်အမြုတေကို လိုချင်ရင် ငါတို့ဘာသာငါတို့ ယူလို့ရတယ်… မင်းခွင့်ပြုပေးမှ ယူလို့ရတာမဟုတ်ဘူး…”
စီနီယာအစ်ကိုက သူ့လက်ကို ထောင်၍ တားလိုက်ပြီးမှ ပြောလိုက်လေသည်။ “ရောင်းရင်းက ဒီလောက် ယဉ်ယဉ်ကျေးကျေးနဲ့ ပြောနေတာ ဆိုတော့လည်း ငါတို့ဘက်က ရိုင်းနေလို့ ဘယ်ဖြစ်ပါ့မလဲ…”
ထိုစကားကိုကြားသော် ဂျူနီယာညီလေးဆိုသူက အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
စီနီယာအစ်ကိုဆိုသည့်လူက ဆက်ပြောလိုက်လေ၏။ “ကြယ်ပျက်ပင်လယ် ဘယ်အချိန်ပိတ်မလဲဆိုတာကို ဘယ်သူမှမသိကြဘူး… သမိုင်းမှတ်တမ်းတွေအရတော့ ကြယ်ပျက်ပင်လယ် တစ်ခါဖွင့်လို့ရှိရင် နှစ်နှစ်ကနေ ဆယ်နှစ်အထိ ကြာတတ်တယ်… ပိတ်မယ်ဆိုရင်တောင် ဘာပိတ်မယ့်အရိပ်အယောင်မှမပြဘူး… ပိတ်သွားပြီဆိုတာနဲ့ ကြယ်ပျက်ပင်လယ်ထဲမှာ ရှိတဲ့လူတွေအကုန်လုံး အပြင်ကို ပြန်နှင်ထုတ်ခံရရော… မင်း ဘယ်မှာပဲရှိရှိ အပြင်ကို အလိုလို ပြန်ရောက်သွားမှာပဲ… ဒီအဖြေနဲ့ပတ်သက်ပြီး ရောင်းရင်းကျေနပ်ရဲ့လားမသိဘူး…”
“ပိတ်ချင်တဲ့အချိန် ပိတ်တာလား…” ရန်ကိုင် အနည်းငယ်လေး အံ့အားသင့်သွားခဲ့လေသည်။ သို့သော်ငြား သူ့ဘဝတွင် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံဖူးသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း အရမ်းကြီးဂရုစိုက်မနေခဲ့ချေ။
သို့သော်ငြား ထိုလူပြောပုံအရ ကြယ်ပျက်ပင်လယ်သည် အနည်းဆုံး နှစ်နှစ်ခန့် ဖွင့်သည့်ပုံပင်။ တစ်နည်းဆိုရသော် သူ့တွင် ကြယ်ပျက်ပင်လယ်ကြီးကို စူးစမ်းရန်အတွက် တစ်နှစ်ခန့် အချိန်ရှိပေသေးသည်။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရန်ကိုင်က လက်သီးဆုပ်လျက် ပြောလိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ် ရောင်းရင်းတို့… နှုတ်ဆက်ပါတယ်…”
သူ့တွင် မေးစရာမေးခွန်းများစွာ ရှိနေသေးသော်ငြား ထိုလူနှစ်ဦးပုံစံကို ကြည့်ရသလောက် အမှန်အတိုင်း ပြန်ဖြေမည့်ပုံမပေါ်။ တစ်ဖက်လူ၏ အလိမ်အညာစကားများကို ကြားနေရခြင်းထက် သူ့ဘာသာ စူးစမ်းလေ့လာကြည့်လိုက်သည်ကမှ ပို၍ပင် အကျိုးရှိသေးသည့်အတွက်ကြောင့် ရန်ကိုင်လည်း ထိုလူများကို သွားမမေးနေတော့ဘဲ ထိုနေရာမှသာ ထွက်လာခဲ့လိုက်တော့လေသည်။
သို့သော်ငြား သူ လှည့်ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်၏မေးခွန်းကို ပြန်ဖြေခဲ့သော စီနီယာအစ်ကိုဆိုသည့်လူ၏ မျက်လုံးထဲ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး သူ့လက်ကို ဝှေ့ယမ်းလျက် ရန်ကိုင့်ဆီသို့ အနက်ရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်လေသည်။ ထိုအလင်းတန်းသည် လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ပြေးထွက်သွားလေရာ ရန်ကိုင့်ဆီသို့ တမုဟုတ်ချည်း ရောက်ရှိသွားခဲ့လေသည်။
အလင်းတန်းမှာ ရန်ကိုင့်အား ထိခါနီးမှာပင်လျှင် ရန်ကိုင်သည် သူ့ခန္ဓာကိုယ်ကို လိမ်လျက် ရှောင်လိုက်လေသည်။
ထို့နောက်တွင် လေထဲတွင်ဝဲလျက် ထူးမခြားနားဟန်ဖြင့် အောက်ဘက်ရှိလူနှစ်ဦးကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ “ရောင်းရင်းတို့ ဒါဘာသဘောလဲ…”
စီနီယာအစ်ကိုဆိုသည့်လူမှာ အံ့အားသင့်သွားခဲ့ပြီး ရေရွတ်လိုက်လေ၏။ “ဒီကောင် တကယ်ကြီးရှောင်သွားတာလားဟ… ဘယ်လိုရှောင်သွားတာလဲ…”
စီနီယာအစ်ကိုဆိုသည့်လူသည် မပြောမဆိုဘဲ အလစ်ချောင်းတိုက်ခိုက်လိုက်ခြင်း ဖြစ်ပေသည်။ ထိုကဲ့သို့ တိုက်ခိုက်ရာတွင်လည်း မည်သည့်သတ်ဖြတ်လိုစိတ်ကိုမှ ထုတ်ဖော်ထားခြင်း မရှိခဲ့ချေ။ ထို့အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် သူ့တိုက်ကွက်ကို လုံးဝ မရှောင်နိုင်ခဲ့သင့်ပေ။
(ဒီကောင်က အချဉ်တော့မဟုတ်ဘူးပဲ…) စီနီယာအစ်ကိုဆိုသည့်လူက တွေးလိုက်လေသည်။
သူ၏ဂျူနီယာညီလေးမှာတော့ ရန်ကိုင့်အား မျက်လုံးထဲမထည့်သည့် အတွက်ကြောင့် ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။ “ဘာသဘောလဲ မင်းနားမလည်ဘူးလား… ဒါမှမဟုတ် သိနေသေးတာကိုပဲ မသိချင်ယောင်ဆောင်နေတာလား…”
“ရောင်းရင်းတို့နှစ်ယောက်က ငါ့ကို သတ်ချင်တယ်ပေါ့…” ရန်ကိုင်က မျက်ခုံးပင့်လျက် ဝမ်းနည်းနေသည့် လေသံမျိုးဖြင့် “ရောင်းရင်းတို့နဲ့ ငါက လမ်းမှာ မတော်တဆ တွေ့ခဲ့ကြတဲ့လူတွေပဲ… ငါတို့ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိဘူး… မင်းတို့က ကြယ်အမြုတေကို စိတ်ဝင်စားတယ်ဆိုလို့တောင် ငါက မင်းတို့ကို ပေးလိုက်သေးတယ်… မင်းတို့နဲ့တောင် တစ်ချက်ကလေးမှ ပြိုင်လုနေခဲ့တာမဟုတ်ဘူး… အဲ့ဒါကိုတောင် မင်းတို့က ငါ့ကို အောက်တန်းကျတဲ့နည်းလမ်းတွေသုံးပြီး သတ်ပစ်ချင်တယ်ဆိုတော့ မင်းတို့ ငါ့ကို တကယ် ဝမ်းနည်းအောင် လုပ်လိုက်တာပဲ… ငါနဲ့ မင်းတို့ကြားက အခြေခံယုံကြည်ချက်လေးကိုတောင် မင်းတို့က ဖျက်စီးပစ်လိုက်တာပဲ”
စီနီယာအစ်ကိုဆိုသည့်လူက နှုတ်ခမ်းကြီးကိုမဲ့လျက် ပြန်ပြောလိုက်လေသည်။ “မသေချင်ရင် မင်းရဲ့ ညာလက်ကို ထားပြီး ထွက်သွားလိုက်…”
ဂျူနီယာညီလေးဆိုသူကလည်း ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်… အသက်ရှင်ချင်လို့ရှိရင် မင်းညာဘက်လက်ကို ဖြတ်ပြီးတော့ ထားခဲ့လိုက်… အဲ့ဒါဆို မင်းအသက်ကို ချမ်းသာပေးမယ်… မဟုတ်ရင်တော့ နောက်နှစ် ဒီအချိန်က မင်းရဲ့နှစ်ပတ်လည်နေ့ ဖြစ်သွားလိမ့်မယ်…”
ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်လေသည်။ “ရောင်းရင်းတို့ ဘာလို့ ကျုပ်ညာလက်ကို လိုချင်နေတာလဲ… ရောင်းရင်းတို့မှာလည်း ကိုယ်ပိုင်ညာလက်တွေ ရှိနေတာပဲ မဟုတ်ဘူးလား…”
ဂျူနီယာညီလေးဆိုသူက လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “မင်းညာလက်ကို ရတနာလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်… ငါတို့ မင်းညာလက်ကို လိုချင်နေတာမဟုတ်ဘူး… မင်းညာလက်ပေါ်က ကြယ်စည်းတံဆိပ်ကိုပဲ လိုချင်တာ…”
“ရောင်းရင်းတို့မှာလည်း ကိုယ်ပိုင်ကြယ်စည်းတံဆိပ် ရှိတာပဲ… ပြီးတော့ ကျုပ်တို့အကုန်လုံး ကြယ်ပျက်ပင်လယ်ထဲကို ရောက်နေပြီလေ… ဘာဖြစ်လို့ ကျုပ်ကြယ်စည်းတံဆိပ်ကို လာလိုချင်နေသေးတာလဲ…” ရန်ကိုင် လုံးဝကို နားမလည်နိုင် ဖြစ်နေလေသည်။
“မင်းက တကယ်ကို ဘာမှမသိတာပဲ…” ဂျူနီယာညီလေးဆိုသူက ဝါးလုံးကွဲအော်ရယ်မောလျက် “အဲ့လိုဆိုမှတော့လည်း ငါတို့ညီအစ်ကိုနှစ်ယောက်က ရက်ရက်ရောရောနဲ့ မင်းကို နောက်ဆုံးအကြိမ်အဖြစ် ရှင်းပြပေးရသေးတာပေါ့… ဒီကြယ်ပျက်ပင်လယ်ကြီးထဲမှာ အခြားသူတွေရဲ့ ကြယ်စည်းတံဆိပ်ကို လိုက်လုတယ်ဆိုတာ သဘာဝပဲ… ဘာလို့လုကြလဲဆိုတာကတော့ ဟဲ ဟဲ… မင်းကိုယ်တိုင်လုဖူးရင် သိမှာပေါ့…”
စီနီယာအစ်ကိုဆိုသည့်လူက မျက်စိပျက်မျက်နှာပျက်ဖြင့် ပြောလိုက်လေသည်။ “ရောင်းရင်း… ငါ့တိုက်ကွက်ကို ရှောင်သွားလို့ မင်းမှာ အရည်အချင်း နည်းနည်းပါးပါးလောက်ရှိတာကို ငါလက်ခံတယ်… ဒါပေမဲ့ အဲ့လောက်နဲ့ ငါတို့ညီအစ်ကိုနှစ်ယောက်ကို အနိုင်ယူနိုင်မယ် ထင်နေရင်တော့ မင်းမှားသွားလိမ့်မယ်… ဒီတော့ မသေချင်ရင် ငါတို့ပြောတဲ့အတိုင်းလုပ်လိုက်… မဟုတ်ရင်တော့ မင်းကိုသတ်ပြီးတော့ပဲ မင်းရဲ့ကြယ်စည်းတံဆိပ်ကို လုရလိမ့်မယ်…”
ရန်ကိုင်က သူ့လက်ဖြင့် မေးစေ့ကို ပွတ်ရင်း ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ “ရောင်းရင်းတို့နှစ်ယောက်က ငါ့ကို တကယ်သိချင်လာအောင် လုပ်နေတာပဲ… ကြယ်စည်းတံဆိပ်တွေကို လိုက်လုတာ ဘာအကျိုးရှိလို့လဲ… ငါတကယ်သိချင်လာပြီ… ငါ မင်းတို့နှစ်ယောက်ကို သတ်ပြီးတော့ မင်းတို့ဆီက ကြယ်စည်းတံဆိပ်ကို လုချင်တဲ့အထိတောင် ငါသိချင်လာပြီ…”
“ငါတို့ကို သတ်ဖို့…” ဂျူနီယာညီလေးဆိုသူ မျက်လုံးပြူးသွားခဲ့လေသည်။ ထို့နောက် ဝါးလုံးကွဲအော်ရယ်မောလျက် ရန်ကိုင့်အား လက်ညှိုးထိုးရင်း ပြောလိုက်လေ၏။ “စီနီယာအစ်ကို… ဒီကောင်ပြောတာ ကြားလိုက်… ဒီကောင်က ကျုပ်တို့ကို သတ်ချင်တယ်တဲ့… သူတစ်ယောက်တည်းနဲ့ ကျုပ်တို့နှစ်ယောက်ကို သတ်ချင်တယ်တဲ့… ဒီကောင် ရူးများရူးနေတာလား…”
စီနီယာအစ်ကိုဆိုသည့်လူက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေသည်။ “ရောင်းရင်း… ငါတို့က အကြမ်းနည်းမသုံးချင်လို့ စေတနာနဲ့ပြောပေးနေတာ… အဲ့ဒါကို မင်းက တန်ဖိုးမထားချင်ဘူးဆိုမှတော့လည်း ငါတို့ကို မယဉ်ကျေးဘူးလို့်ဆိုပြီး အပြစ်မတင်နဲ့ပေါ့ကွာ…”
ထိုကဲ့သို့ ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ဂျူနီယာလေးဆိုသူ၏ ရယ်သံ ရပ်တန့်သွားခဲ့ပြီး သူ့မျက်နှာထက် ရက်စက်ကြမ်းကြုတ်သည့် အမူအယာတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် အရင်းအမြစ်ချီကို လှည့်ပတ်၍ ရန်ကိုင့်အား တိုက်ခိုက်ရန် ပြင်ဆင်လိုက်လေသည်။
ရန်ကိုင်ကမူ ထူးဆန်းသည့်လက်ကွက်တစ်ခုကို ကောက်ခါငင်ခါဖြင့် ဖန်တီးလိုက်လေသည်။ ထိုလက်ကွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှင်းပြမရသည့် စွမ်းအင်တစ်ရပ် သူ့ဆီမှဖြာထွက်လာပြီး ညီအစ်ကိုနှစ်ဦးအား တစ်မုဟုတ်ချည်း လွှမ်းခြုံသွားခဲ့လေသည်။
ထိုအရှိန်အဝါ သူတို့အပေါ်သို့ လွှမ်းခြုံလာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်အား တိုက်ခိုက်ရန် ကြံစည်နေကြသော ညီအစ်ကိုနှစ်ဦးစလုံးမှာ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည့်အလား တုန်တုန်ရီရီ ဖြစ်သွားခဲ့ကြလေသည်။
ရန်ကိုင် ဘာတွေများ လုပ်နေသလဲ ဆိုသည်အား သိချင်စိတ်ဖြင့် မော့ကြည့်ရန် ကြိုးစားခဲ့ပါသော်ငြား ကြုံလိုက်ရသည့် အဖြစ်အပျက်ကြောင့် လုံးဝကို မှင်တက်သွားလေတော့သည်။ ခေါင်းမော့ရန် ကြိုးစားခဲ့ပါသော်ငြား သူတို့၏ မည်သည့်ခန္ဓာကိုယ်အစိတ်အပိုင်းကိုမှ လှုပ်ရှား၍မရကြောင်း တွေ့ရှိလိုက်ရလေသည်။ အရေးအကြီးဆုံးမှာ သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ထူးထူးဆန်းဆန်းကို တည်ငြိမ်နေပြီး တိတ်ဆိတ်နေခြင်းပင်။ အချိန်သည် လုံးဝစီးဆင်းခြင်းမရှိတော့ဘဲ အပြီးတိုင်ရပ်တန့်သွားသည့်အလားပင်။
တိုးလျလျ အသံတစ်သံ ရုတ်တရက် သူတို့နားထဲ ပျံ့လွင့်လာခဲ့လေရာ နှစ်ဦးစလုံးမှာ နှင်းမုန်တိုင်းထဲသို့ ရောက်သွားသည့်အလား တဆတ်ဆတ် တုန်ရီလာခဲ့ကြလေသည်။
“အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်…”
ထိုကဲ့သို့ ရေရွတ်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်နှစ်ဖက်ကို သူ့ပြိုင်ဘက်နှစ်ဦးဆီသို့ ဆန့်ထုတ်လိုက်လေရာ ဆန်းကြယ်သည့် ချိတ်စည်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ညီအစ်ကိုနှစ်ဦးအား တမုဟုတ်ချည်း ထိမှန်သွားခဲ့လေသည်။
ထို့နောက်တွင် အလွန်ကိုမှ မြန်ဆန်သည့်နှုန်းဖြင့် ညီအစ်ကိုနှစ်ဦး၏ ဆံပင်များမှာ တဖြည်းဖြည်း အညိုရောင်သန်းလာပြီးနောက် လုံးဝ ဖြူဆွတ်သွားကာ ခေါင်းပေါ်မှ ကျွတ်ထွက်ကုန်လေသည်။ အသားအရေများလည်း အရေတွန့်လာပြီး ကျန်းမာသန်စွမ်းကြံ့ခိုင်လှသော သူတို့၏ ခန္ဓာကိုယ်များသည်လည်း ပိန်ချုံးကျလာခဲ့ရာ အသက်ဆယ်ရှိုက်စာအတွင်း နှစ်ဦးစလုံး အရိုးပေါ်အရေတင် ဖြစ်သွားကုန်ကြ၏။ လက်ရှိအချိန်တွင် နှစ်ယောက်စလုံးမှာ အစာရေစာပြတ်လပ်နေသော သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသည့် အဘိုးကြီးများနှယ် အချိန်မရွေး လဲကျတော့မလို ဖြစ်နေခဲ့လေသည်။
နှစ်ထောင်ပေါင်းများစွာမှာ တမုဟုတ်ချည်း ကုန်လွန်သွားသည့်အတွက်ကြောင့် နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်သည် သူတို့အား ဆက်၍ မထောက်ပံ့ပေးထားနိုင်တော့ပေ။
အထူးဆန်းဆုံးသောအချက်မှာ နှစ်ဦးစလုံးသည် သူတို့၏ခန္ဓာကိုယ် ထိုကဲ့သို့ ပြောင်းလဲသွားသည်ကို သတိမမူမိသည့်အလား ရန်ကိုင့်အား တိုက်ခိုက်မည့်ပုံစံ လုပ်ထားနေကြခြင်းပင်။ တစ်ခုသောအချိန်သို့ရောက်သော် နှစ်ဦးစလုံး အသိပြန်ဝင်လာကြပြီး မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားလေ၏။
သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသည့် အဘိုးကြီးတစ်ဦးနှင့် မခြားတော့သည့် ဂျူနီယာညီလေးဆိုသူသည် ယခင်ပုံစံနှင့် လုံးဝမတူတော့သည့် သူ့စီနီယာအစ်ကိုအားကြည့်ရင်း ကြောက်လန့်တကြားဖြင့် ရေရွတ်လိုက်လေသည်။ သူ့ပါးစပ်ထဲ သွားများပင်လျှင် မကျန်ရစ်တော့ချေ။ “စီနီယာအစ်ကို… ဘယ်လိုလုပ်ပြီး အဲ့လိုမျိုးဖြစ်သွားတာလဲ…”
“ဂျူနီယာညီလေး… မင်း…” စီနီယာအစ်ကိုဆိုသည့်လူမှာလည်း သူ၏ဂျူနီယာညီလေးကိုကြည့်ရင်း အလွန်ကိုမှ ကြောက်လန့်နေခဲ့လေသည်။
ထိုအခါမှသာ ဂျူနီယာညီလေးဆိုသူလည်း တစ်ခုခုအား နားလည်သွားခဲ့ပြီး သူ့မျက်နှာအား ပြန်ကိုင်ကြည့်လေသည်။ သူ့မျက်နှာတစ်ခုလုံး ပါးရေတွန့်နေခဲ့ပြီး သူ့လက်ချောင်းများမှာလည်း အရိုးပေါ်အရေတင်ဖြစ်နေသည်ကို တွေ့လိုက်ရပြီးသည့်နောက် ကြောက်လန့်တကြား ထအော်တော့လေ၏။
“မင်း… မင်း ငါတို့ကို ဘာလုပ်လိုက်တာလဲ…” စီနီယာအစ်ကိုဆိုသည့်လူသည် ကောင်းကင်ပေါ်သို့ ခက်ခက်ခဲခဲမော့ကြည့်ရင်း တုန်လှုပ်ခြောက်ခြားမှုအပြည့်ဖြင့် အော်ပြောလိုက်လေသည်။
ဤမျှထူးဆန်းသည့် သိုင်းပညာရပ်မျိုးကို သူတို့တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ တိုက်ကွက်တစ်ကွက်သာဖြစ်သော်ငြား သူတို့ညီအစ်ကိုနှစ်ဦးမှာ တစ်ချက်ကလေးပင် ပြန်မတိုက်နိုင်ခဲ့ဘဲ ရှုံးနိမ့်သွားခဲ့ရပေသည်။ ရန်ကိုင့်ကဲ့သို့ အားကောင်းလွန်းလှသည့် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးကို သူ့ဘဝတွင် တစ်ခါမှ မမြင်ခဲ့ဖူးချေ။