အခန်း (၂၄၃၄-၂၄၃၆)
Vol. 99 Ch. 2434-2436
အပိုင်း (၂၄၃၄)
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် အောက်ဘက်သို့ ဆင်းလာရင်းမှ ပြောလိုက်လေသည်။ “မင်းတို့အမှိုက်နှစ်ကောင် အချိန်မြစ်မဟာဧကရာဇ်ရဲ့ ပညာရပ်အောက်မှာ သေရတာ ကိုယ့်ကိုယ်ကို ဂုဏ်ယူသင့်တယ်…”
“အချိန်မြစ်မဟာဧကရာဇ်…” အချိန်မြစ်မဟာဧကရာဇ်ဟူသော စကားကို ကြားသည့်အခါ စီနီယာအစ်ကိုဆိုသည့်လူ မျက်လုံးပြူးသွားခဲ့လေသည်။ သူ့လည်ချောင်းမှာ တဖြည်းဖြည်း ခြောက်ကပ်လာခဲ့ပြီး နောက်ဆုံးထွက်သက်ကို ရှူထုတ်သွားပြီးသည့်နောက် သူ့ခေါင်းတစ်ခုလုံး ဘေးဘက်သို့ စောင်းကျသွားကာ တစ်ခါတည်း အသက်ပျောက်သွားတော့လေသည်။
ဂျူနီယာညီလေးဆိုသူမှာ ချက်ချင်းမသေသွားခဲ့သော်ငြား အခြေအနေတော့ ကောင်းမနေခဲ့ပေ။ အချိန်မရွေး သေတော့မည့်အလား သူ့အရှိန်အဝါမှာ အလွန်ကိုမှ အားနည်းနေလေ၏။ အသက်စွမ်းအင်ကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်သော ရတနာတစ်မျိုးမျိုးသာ မရှိပါက ထိုလူ ကျိန်းသေ သေရပေလိမ့်မည်။
အသက်မဲ့နေသည့် သူ့မျက်လုံးထဲ နောင်တရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ရန်ကိုင် ဤမျှ အားကောင်းမည်မှန်းသာ ကြိုသိခဲ့မည်ဆိုလျှင် ဤကပ်ဘေးကြယ်အား လုံးဝကို ရန်စခဲ့လိမ့်မည် မဟုတ်ချေ။
မကြာမီ ဂျူနီယာညီလေးဆိုသူလည်း သူ့စီနီယာအစ်ကို ထွက်သွားရာလမ်းကြောင်းနောက်သို့ လိုက်သွားခဲ့လေ၏။
ထို့နောက်တွင် တဝှစ်ဝှစ်မြည်သံများနှင့်အတူ အလင်းတန်းနှစ်ခု ပျံသန်းထွက်လာခဲ့လေသည်။ ပျံထွက်လာသည့် အလင်းတန်းနှစ်ခုမှာ သေဆုံးသွားသည့် ညီအစ်ကိုနှစ်ဦး၏ လက်ပေါ်ရှိ ငါးထောင့်ပုံစံ ကြယ်စည်းတံဆိပ်မှ လာခြင်း ဖြစ်ပေသည်။
ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို ရန်ကိုင် တစ်ကြိမ်မက မြင်ခဲ့ဖူးပေသည်။ ဥတုလေးမျိုးနယ်မြေထဲတွင် ရှိစဉ်က ရန်ကိုင်သည် ကြယ်စည်းတံဆိပ်ပိုင်ဆိုင်သူများအား သတ်လိုက်သည့်အခါ ထိုလူများ၏ ကြယ်စည်းတံဆိပ်များသည် ဤကဲ့သို့သော ပုံစံမျိုးဖြင့် ပျံသန်းထွက်လာလေ့ရှိပေသည်။
ထိုငါးထောင့်ပုံစံကြယ်စည်းတံဆိပ်နှစ်ခုသည် သူတို့၏ပိုင်ရှင်များလက်မှ ပျံသန်းထွက်လာပြီးသည့်နောက် ခပ်ဝေးဝေးသို့ ပျံသန်းသွားခြင်းမရှိဘဲ ရန်ကိုင့်နားတွင် ဝဲကာ ပျံသန်းနေခဲ့လေသည်။ ခဏမျှကြာပြီးသည့်နောက် ရန်ကိုင့်၏လက်ခုံပေါ်သို့ တိုးဝင်သွားခဲ့လေ၏။
သူ့လက်ခုံ ရုတ်တရက် ပူလောင်လာသဖြင့် ရန်ကိုင်လည်း ငုံ့ကြည့်လိုက်ရာ မူလက ငါးထောင့်ပုံစံရှိနေသော ကြယ်စည်းတံဆိပ်သည် မူလပုံစံနှင့်မတူ အနည်းငယ်ပြောင်းလဲသွားကြောင်းကို တွေ့ရှိလိုက်ရလေသည်။
ရန်ကိုင့်စိတ်ထဲ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ငါးထောင့်ပုံစံ ကြယ်စည်းတံဆိပ်နှစ်ခုမှာ ကြယ်အလင်းစက်ကလေးများအဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့လေ၏။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် မှင်တက်သွားခဲ့ရလေသည်။
အစောပိုင်းက ညီအစ်ကိုနှစ်ဦး သူ့ကြယ်စည်းတံဆိပ်ကို လိုချင်သည်ဟု ပြောခဲ့စဉ်က အခြားသူများ၏ ကြယ်စည်းတံဆိပ်အား လိုက်လုလျှင် သူ့အတွက် ကြီးကြီးမားမား အကျိုးအမြတ် ရှိလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား လက်ရှိအဖြစ်အပျက်သည် ရန်ကိုင့်အား အတော်လေးကိုမှ အံ့အားသင့်သွားစေခဲ့လေသည်။
(ငါ့ကြယ်စည်းတံဆိပ်က သူတို့ဟာနဲ့ပေါင်းပြီး ပေါက်ကွဲသွားတာလား…)
ဤသည်မှာ မည်သို့များ ကောင်းပါတော့မည်နည်း။ ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်လာပြီးသည် ဖြစ်သည့်အတွက်ကြောင့် ကြယ်စည်းတံဆိပ်အား ထပ်မံမလိုအပ်တော့သော်ငြား ရန်ကိုင့်အနေဖြင့် ကြယ်စည်းတံဆိပ်ကိုသုံးလျက် ကြယ်အမြုတေများကို အာရုံခံနိုင်ပေသေးသည်။ ကြယ်စည်းတံဆိပ်မရှိဘဲနှင့် ကြယ်အမြုတေများကို မည်ကဲ့သို့များ လိုက်ရှာရပါမည်နည်း။ ဤကဲ့သို့ဖြစ်မည်မှန်းသာ ကြိုသိခဲ့မည်ဆိုပါက ထိုကြယ်စည်းတံဆိပ်နှစ်ခုကို သူ့ကြယ်စည်းတံဆိပ်နှင့် ပေါင်းစည်းခွင့် ပေးခဲ့လိမ့်မည် မဟုတ်ချေ။ ယခုမူ ရန်ကိုင့်မှာ ဝမ်းနည်းနေရုံမှအပ ဘာမှမတတ်နိုင်တော့ချေ။
ထိုစဉ်မှာပင် ထူးဆန်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့လေသည်။
ပေါက်ကွဲထွက်သွားခဲ့သော ကြယ်အလင်းစက်ကလေးများသည် ရန်ကိုင့်လက်ခုံပေါ်သို့ ပြန်လည်စီးဆင်းလာပြီး အခြားသော ကြယ်စည်းတံဆိပ်တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့လေ၏။
“ခြောက်ထောင့်လား…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ သူ့မျက်လုံးပင် သူမယုံကြည်နိုင်တော့ချေ။ သူ့လက်ခုံပေါ်ရှိ ငါးထောင့်ပုံစံကြယ်စည်းတံဆိပ်သည် အခြားသော ငါးထောင့်ပုံစံ ကြယ်စည်းတံဆိပ်နှစ်ခုနှင့် ပေါင်းစပ်သွားပြီးသည့်နောက် ပေါက်ကွဲထွက်သွားကာ ခြောက်ထောင့်ပုံစံကြယ်စည်းတံဆိပ်တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ ဝမ်းနည်းနေသော ရန်ကိုင့်၏စိတ်အစုံမှာ ရုတ်ချည်းဆိုသလို ပန်းခင်းထဲ ရောက်သွားသည့်အလား ပြန်လည် ရွှင်မြူးလာခဲ့သည်။
သူ့လက်ပေါ်ရှိ ကြယ်စည်းတံဆိပ် ခြောက်ထောင့်ပုံစံသို့ ပြောင်းလဲသွားသည့် အချိန်မှစ၍ ကြယ်အမြုတေအပေါ် အာရုံခံနိုင်သည့် စွမ်းရည်မှာလည်း သိသိသာသာကို အားကောင်းလာကြောင်း တွေ့ရှိလိုက်ရလေသည်။
“ဒီတော့ ကြယ်စည်းတံဆိပ်ရဲ့ အဆင့်က ပိုမြင့်လေ ကြယ်အမြုတေကို ပိုပြီး အလွယ်တကူနဲ့ အာရုံခံနိုင်လေပေါ့…” ထိုအချက်ကို ရန်ကိုင် ချက်ချင်း တွေးမိသွားခဲ့သည်။ ထို့နောက်တွင် ကြယ်ဝိဉာဉ်နန်းတော်၏ မင်းသမီးလန်ရွှင်းမှ ကြယ်စည်းတံဆိပ်များတွင် အဆင့်များ ရှိကြပြီး ကြယ်စည်းတံဆိပ်တစ်ခု၏အဆင့် ပိုမြင့်လေ ကြယ်ပျက်ပင်လယ်ထဲ၌ ရှိသော အကျိုးအမြတ်များကို ရယူနိုင်ရန် ပိုမိုလွယ်ကူလေဟု ပြောခဲ့သည့်စကားကို ပြန်သတိရသွားခဲ့လေသည်။
နေမင်းပြာကျောင်းတော်၏ အကြီးအကဲများသည်လည်း ထိုအကြောင်းကို ပြောခဲ့သည်။ မည်သူမျှ ရန်ကိုင့်အား အသေးစိတ်မရှင်းပြခဲ့ခြင်းသာ ရှိလေသည်။
ယခုမူ သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် အကျိုးအမြတ်များကို ရယူရန် ပိုမိုလွယ်ကူသည်ဟူသော စကားမှာ ဤနေရာရှိ ကြယ်အမြုတေများကို ပို၍ ရှင်းလင်းပြတ်သားစွာ အာရုံခံနိုင်ဟူသော အချက်ကို ပြောနေခြင်းမှန်း ရန်ကိုင် နားလည်သွားတော့သည်။ ကြယ်စည်းတံဆိပ်တစ်ခု၏အဆင့် ပိုမြင့်လေ အဝေးတစ်နေရာတွင် ရှိနေသော ကြယ်အမြုတေများကို ပို၍လွယ်ကူစွာ အာရုံခံနိုင်လေပင်။
ကြယ်စည်းတံဆိပ်များကို အဆင့်အမျိုးမျိုးခွဲထားပြီး အမြင့်ဆုံးအဆင့်မှာ ကိုးထောင့်ပုံစံ ကြယ်စည်းတံဆိပ်ဖြစ်ကြောင်း လန်ရွှင်းပြောပြခဲ့ဖူးသည်။ ရန်ကိုင်မှတ်မိသလောက် ဥတုလေးမျိုးနယ်မြေထဲမှ ကျင့်ကြံသူများ ရရှိခဲ့သည့် အဆင့်အမြင့်ဆုံးသော ကြယ်စည်းတံဆိပ်မှာ ငါးထောင့်သာ ဖြစ်လေသည်။ ထို့ထက်ပိုမိုအဆင့်မြင့်မားသော ကြယ်စည်းတံဆိပ်များအား မည်ကဲ့သို့များ ရအောင် လုပ်ရပါ့မလဲဟု ရန်ကိုင်တွေးခဲ့ဖူးသော်ငြား အဖြေရှာမရခဲ့ချေ။ ယခု လက်ရှိ အဖြစ်အပျက်ကို မြင်ပြီးသည့်နောက်မှသာ ကြယ်စည်းတံဆိပ်များကို ကိုးထောင့်ပုံစံအဆင့်သို့ ရောက်သည်အထိ မည်ကဲ့သို့ မြှင့်တင်ရမလဲဆိုသည်ကို နားလည်သွားတော့သည်။
မိမိ၏ကြယ်စည်းတံဆိပ်ကို ပိုမိုအဆင့်မြင့်လာစေလိုပါက ရန်သူများကို သတ်ဖြတ်၍ ထိုသူများ၏ ကြယ်စည်းတံဆိပ်ကို လုယူရပေလိမ့်မည်။ လုံလောက်သော ကြယ်စည်းတံဆိပ်များကို ရသွားမည်ဆိုပါက ကြယ်စည်းတံဆိပ်များသည် ပေါက်ကွဲထွက်သွားခဲ့ပြီး ပိုမိုအဆင့်မြင့်မားသည့် ကြယ်စည်းတံဆိပ်တစ်ခုအသွင်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ရန်ကိုင့်၏ ခြောက်ထောင့်ပုံစံ ကြယ်စည်းတံဆိပ်မှာ အကောင်းဆုံးသော ဥပမာဖြစ်ပေသည်။
သူသတ်လိုက်သည့် လူနှစ်ဦးတွင် ငါးထောင့်ပုံစံ ကြယ်စည်းတံဆိပ် တစ်ခုစီ ရှိနေခဲ့သည်။ ရန်ကိုင်ကိုယ်တိုင်တွင် ငါးထောင့်ပုံစံကြယ်စည်းတံဆိပ်တစ်ခု ရှိ၏။ ထိုကြောင့် ထိုကြယ်စည်းတံဆိပ်သုံးခုမှာ အတူတကွပေါင်းစည်းသွားပြီး ခြောက်ထောင့်ပုံစံကြယ်စည်းတံဆိပ်တစ်ခု ဖြစ်သွားခဲ့လေသည်။
တစ်နည်းဆိုရသော် ရန်ကိုင်သာ နောက်ထပ် ခြောက်ထောင့်ပုံစံ ကြယ်စည်းတံဆိပ်နှစ်ခုကို ထပ်မံရရှိနိုင်မည်ဆိုပါက ရန်ကိုင့်၏ကြယ်စည်းတံဆိပ်သည် ခုနှစ်ထောင့်ပုံစံ ကြယ်စည်းတံဆိပ်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ထိုနည်းဖြင့် ထပ်ခါထပ်ခါ အဆင့်မြှင့်တင်သွားမည်ဆိုလျှင် ရန်ကိုင့်အနေဖြင့် အဆင့်မြင့်အဆုံးသော ကိုးထောင့်ပုံစံ ကြယ်စည်းတံဆိပ်ကို ရနိုင်ပေလိမ့်မည်။
ကိုးထောင့်ပုံစံကြယ်စည်းတံဆိပ်ကိုသာ ရသွားမည်ဆိုပါက အလွန်ကိုမှ ဝေးကွာသော နေရာတွင် ရှိနေသည့် ကြယ်အမြုတေများကိုပင်လျှင် အာရုံခံနိုင်လိမ့်မည်ဖြစ်ကာ ခြေဦးတည့်ရာ လျှောက်သွားနေစရာ လိုတော့လိမ့်မည် မဟုတ်ချေ။
ယနေ့အတွေ့အကြုံသည် ရန်ကိုင့်အား ကြယ်စည်းတံဆိပ်များနှင့် ကြယ်ပျက်ပင်လယ်၏ ဆန်းကြယ်မှုများအကြောင်းကို နားလည်သွားစေခဲ့လေသည်။
(ဒီနှစ်ယောက် ငါ့ကြယ်စည်းတံဆိပ်ကို လုချင်နေတာ အထူးအဆန်းမဟုတ်တော့ပါဘူးလေ… ကြယ်စည်းတံဆိပ်တွေက ဒီလိုမျိုး အဆင့်မြှင့်နိုင်တာကိုး…)
သို့သော်ငြား ကြယ်စည်းတံဆိပ်တစ်ခုကို ကိုးထောင့်ပုံစံကြယ်စည်းတံဆိပ်တစ်ခု ဖြစ်လာသည်အထိ အဆင့်မြှင့်တင်ရန်မှာ လွယ်ကူသည့် ကိစ္စတစ်ခုတော့ မဟုတ်ချေ။ ထိုကဲ့သို့ ဖြစ်လာစေနိုင်ရန်အတွက် မြောက်မြားစွာသော ကျင့်ကြံသူများဆီမှ ကြယ်စည်းတံဆိပ်များကို လိုက်လုရပေလိမ့်မည်။ ရန်ကိုင်ကိုယ်တိုင်သည် သွေးဆာတတ်သူ၊ ရက်စက်ကြမ်းကြုတ်လွန်းသူတစ်ဦး မဟုတ်သည့်အတွက်ကြောင့် ကိုးထောင့်ပုံစံကြယ်စည်းတံဆိပ်တစ်ခု ရရန် မျှော်လင့်ချက် အရမ်းကြီးမထားခဲ့ချေ။
ခြောက်ထောင့်ပုံစံကြယ်စည်းတံဆိပ်ကို သုံး၍ရနေမည်ဆိုပါက ဘာကြောင့်များ ကိုးထောင့်ပုံစံကြယ်စည်းတံဆိပ်ကို ရအောင် လုပ်နေဦးမည်နည်း။
တစ်ခဏမျှ ရပ်စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုအကြောင်းများကို ဆက်တွေးမနေတော့ဘဲ သေဆုံးသွားသော ညီအစ်ကိုနှစ်ဦး၏ သိုလှောင်လက်စွပ်နှစ်ကွင်းကို ကောက်ယူလိုက်လေသည်။ သို့သော်ငြား သူ့လက်နှင့် ထိုလူနှစ်ဦးကို သွားထိမိချိန် ညီအစ်ကိုနှစ်ဦးစလုံး၏ ခန္ဓာကိုယ်မှာ အမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင့်မှာ ကြိတ်၍ အံ့အားသင့်သွားခဲ့ရလေသည်။ ရန်ကိုင်သည် အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ကို မကြာသေးခင်ကမှ နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ထိုပညာရပ်မှာ အလွန်ကိုမှ အားကောင်းမှန်း သိသည့်တိုင် ယခင်အသုံးပြုခဲ့ဖူးခြင်း မရှိသည့်အတွက်ကြောင့် မည်သည့်အတိုင်းအတာထိ အားကောင်းသလဲဆိုသည်ကိုတော့ မသိခဲ့ချေ။ ယခု လက်တွေ့စမ်းသုံးကြည့်ပြီးသွားသည့် အခါမှသာ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ် မည်မျှအားကောင်းကြောင်းကို နားလည်သွားတော့သည်။
ထိုလူနှစ်ဦး၏ သိုလှောင်လက်စွပ်များကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်က အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ သူတို့နှစ်ဦး၏ သိုလှောင်လက်စွပ်ထဲတွင် သူတို့အပိုင်မဟုတ်သည့် ပစ္စည်းပေါင်းများစွာ ရှိနေခဲ့လေသည်။ ဥပမာပြရသော် အချို့သောမိန်းကလေးများ၏ အတွင်းခံများပင်။
ထိုအချက်ကိုကြည့်ရုံပင်လျှင် ထိုလူနှစ်ဦးမှာ လူပေါင်းများစွာကို သတ်ဖြတ်၍ ဓါးပြတိုက်လာခဲ့ကြောင်း သိနိုင်ပေသည်။ ထို့အတွက်ကြောင့် ထိုလူနှစ်ဦး၏ ကြယ်စည်းတံဆိပ်များမှာ ငါးထောင့်ပုံစံသို့ ပြောင်းလဲနေခဲ့ရခြင်း ဖြစ်ရပေလိမ့်မည်။ သူတို့၏ ကြယ်စည်းတံဆိပ်နှစ်ခုလုံး ငါးထောင့်ပုံစံသို့ ရောက်ရန် လူမည်မျှကို သတ်ခဲ့ရသလဲ ဆိုသည်ကိုတော့ မည်သူမျှ မသိကြချေ။
ဤနေရာတွင် ရန်ကိုင်တစ်ဦးတည်းသာ ရှိနေခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ဤကြယ်ပျက်ကြီး၏ ကြယ်အမြုတေမှာ ပြီးပြည့်စုံခြင်း မရှိသည့်တိုင် ကြယ်အမြုတေတစ်ခုတော့ ဖြစ်နေဆဲပင်။ ရန်ကိုင့်အနေဖြင့် ထိုအကြယ်မြုတေအား လက်လွှတ်လိုက်စရာ ဘာအကြောင်းမှမရှိချေ။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် သူ့လက်ကို ဝှေ့ယမ်းလျက် ဟွာချင်းစီကို ဆင့်ခေါ်လိုက်လေသည်။
အပြင်သို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟွာချင်းစီ၏မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။ “သခင်လေး… ဒါ ကြယ်ပျက်ပင်လယ်လား…”
“ဟုတ်တယ်… ဒါကြယ်ပျက်ပင်လယ်ပဲ…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။
ဟွာချင်းစီက ကတုန်ကယင်လေသံဖြင့် ပြောလိုက်လေ၏။ “တကယ်ကြီးကြယ်ပျက်ပင်လယ်ပဲ… ဒီထဲကို ဝင်လာချင်နေတဲ့ တာအိုသခင်အဆင့် ကျင့်ကြံသူတွေ နည်းတာမဟုတ်ဘူး… ဒီထဲမှာသာ အခွင့်အလမ်းကောင်းလေးတစ်ခုခုလောက် ရသွားခဲ့ရင် ဧကရာဇ်အဆင့်ကို ကျိန်းသေ ချိုးဖြတ်ဝင်ရောက်နိုင်မှာ…” ထိုသို့ပြောနေရင်း ရန်ကိုင့်အား လှမ်းကြည့်လျက် “နင် ဘာလို့ ငါ့ကို အခုလို စိုက်ကြည့်နေတာလဲ…”
ရန်ကိုင်က ပြန်မေးလိုက်လေသည်။ “အစ်မဟွာ မသက်မသာခံစားရတာမျိုးရှိလား… ဘယ်လိုမျိုးလဲဆိုတော့ ဒီလောကကြီးက အစ်မဟွာကို လက်မခံလို့ တွန်းထုတ်ဖို့ ကြိုးစားနေတာမျိုးလေ…”
ဟွာချင်းစီ အံ့အားသင့်သွားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင် မည်သည့်အရာကို ပြောချင်နေမှန်း နားလည်သွားခဲ့သော် ပြုံးကာ ပြန်ပြောလိုက်လေ၏။ “နင်က ငါ့ကို ခေါ်လာမှတော့ ငါ့မှာ ကြယ်စည်းတံဆိပ် ရှိရှိမရှိရှိ ဒီမှာ နေလို့ရသွားပြီ… ငါ့မှာ ကြယ်စည်းတံဆိပ်မရှိလို့ အပြင်ကို ပြန်ပို့ခံရမှာကို နင်စိတ်ပူနေတာမလား…”
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။
ဟွာချင်းစီက သူမလက်ကို ဝှေ့ယမ်းလျက် ပြောလိုက်လေသည်။ “အဲ့ကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူနေစရာမလိုဘူး… တကယ်သာ အဲ့လိုမျိုးဖြစ်မယ်ဆိုရင် ကြယ်စည်းတံဆိပ်အလုခံလိုက်ရတဲ့ လူတွေအကုန်လုံး အပြင်ပြန်ရောက်ကုန်မှာပေါ့… ဒါပေမဲ့ သူတို့မရောက်ဘူးလေ… ဒီမှာပဲ ဆက်နေနေကြတာပဲ…”
ထိုစကားကိုကြားသော် ဤမျှတုံးလွန်းရလေသလားဟု ရန်ကိုင်သည် သူ့ခေါင်းသူ ပြန်ရိုက်လိုက်လေသည်။
ကြယ်ပျက်ပင်လယ်အကြောင်း သိချင်သည်ဆိုပါက သူ့ဘေးနားတွင် ဟွာချင်းစီတစ်ယောက်လုံး ရှိနေပေသည်။ လက်ရှိဟွာချင်းစီသည် ကမ္ဘာငယ်လေးထဲတွင် အချိန်ပေါင်းများစွာ ပိတ်မိနေခဲ့ရသည့်တိုင် သူမသည် ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်တစ်ယောက် ဖြစ်နေဆဲ။ ထို့အတွက်ကြောင့် အခြားသူများထက် ကြယ်ပျက်ပင်လယ်အကြောင်းကို ပိုသိထားရပေလိမ့်မည်။ ရန်ကိုင်မှာ ကြယ်ပျက်ပင်လယ်အကြောင်းကို အခြားသူများအား လိုက်မေးရန် စိတ်စောနေခဲ့ပြီး ဟွာချင်းစီကို လုံးဝမေ့လျော့နေခဲ့လေသည်။
ဟွာချင်းစီကိုယ်တိုင်သည်ပင်လျှင် ကြယ်ပျက်ပင်လယ်ထဲ ကြယ်စည်းတံဆိပ်မရှိဘဲ နေနိုင်သည့်အတွက်ကြောင့် ရန်ကိုင်လည်း လျို့ယန်နှင့် ကျန်းရို့ရှီတို့ကိုပါ တစ်ခါတည်း ဆင့်ခေါ်လိုက်လေ၏။
ကျန်းရို့ရှီမှာ ကမ္ဘာငယ်လေးထဲမှ အပြင်သို့ ထွက်လာခဲပေသည်။ အဆင့်ကြီးတစ်ဆင့် ချိုးဖြတ်မည့် အချိန်မျိုးတွင်သာ အပြင်သို့ ထွက်လာလေ့ရှိ၏။ ထို့ကြောင့် ရန်ကိုင်မှ သူမအား အပြင်သို့ ခေါ်ထုတ်လာသည်ကိုမြင်သော် ရန်ကိုင့်အား သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်လေသည်။
“ဒါ ကြယ်ပျက်ပင်လယ်ပဲ… ငါတို့လို တာအိုသခင်အဆင့် ကျင့်ကြံသူတွေအတွက်တော့ ဒီနေရာက ရတနာသိုက်ကြီးတစ်ခုပဲ… အစ်မဟွာ ကျုပ်တို့ ဒီမှာ ဘာတွေကို သတိထားရမလဲဆိုတာကို တစ်ချက်လောက်လေး ပြောပြပေးပါလား…”
ဟွာချင်းစီက ခေါင်းညိတ်လိုက်ပြီး သူမသိသလောက်အကြောင်းအရာများကို စတင်ရှင်းပြလိုက်လေသည်။
ဟွာချင်းစီပြောသွားသည့် အကြောင်းအရာအများစုမှာ ရန်ကိုင် ခန့်မှန်းမိပြီးသားများပင်။ သူမပြောသွားသည့် အကြောင်းအရာများထဲ ကြယ်စည်းတံဆိပ်၏အသုံးပြုပုံနှင့် ကြယ်စည်းတံဆိပ်များကို မည်ကဲ့သို့ အဆင့်မြှင့်တင်ရမလဲဆိုသည်တို့ ပါဝင်နေခဲ့လေသည်။
သို့သော်ငြား ဟွာချင်းစီပြောပြသွားသည့် အကြောင်းအရာများမှာ ပို၍ကျယ်ပြန့်ကာ ပြည့်စုံပေ၏။ သူမပြောသွားပုံအရ ပို၍အဆင့်မြင့်သည့် ကြယ်စည်းတံဆိပ်များသည် ကြယ်အမြုတေများကို ပို၍ ရှင်းလင်းပြတ်သားစွာ အာရုံခံနိုင်ရုံမက ၎င်းထက် အဆင့်နိမ့်သည့် ကြယ်စည်းတံဆိပ်များ၏ တည်နေရာကိုလည်း အာရုံခံနိုင်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၃၅)
တစ်နည်းဆိုရသော် အဆင့်မြင့်ကြယ်စည်းတံဆိပ်များသည် ၎င်းထက်အဆင့်နိမ့်သည့် ကြယ်စည်းတံဆိပ်များကို ခပ်ဝေးဝေးမှပင်လျှင် အာရုံခံနိုင်ပေသည်။
အဆင့်နိမ့်ကြယ်စည်းတံဆိပ်ကို ပိုင်ဆိုင်ထားသည့်လူသည် မည်သို့သော ကိုယ်ပျောက်ပညာရပ်ကို အသုံးပြုနေစေကာမူ ၎င်းထက် အဆင့်မြင့်သည့် ကြယ်စည်းတံဆိပ်အား ပိုင်ဆိုင်ထားသည့်လူ၏ အာရုံခံစက်ကွင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့်ပင်လျှင် ကြယ်ပျက်ပင်လယ် ပွင့်သည့်အချိန်တိုင်း ကျင့်ကြံသူပေါင်းများစွာ သေဆုံးရခြင်းဖြစ်ပေသည်။ မိမိ၏ ကြယ်စည်းတံဆိပ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ကျင့်ကြံသူတို့သည် အခြားသူများအား သတ်ဖို့ရာ ဝန်လေးမနေတော့ချေ။ ကြယ်စည်းတံဆိပ်၏ ထိုစွမ်းရည်ကို သိရှိသွားရပြီးသည့်နောက်တွင် ရန်ကိုင့်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။
ယခင်က ကြယ်စည်းတံဆိပ်များ၏အဆင့်ကို ရန်ကိုင် အရမ်းကြီး ဂရုမစိုက်ခဲ့ပေ။ ခြောက်ထောင့်ပုံစံကြယ်စည်းတံဆိပ်တစ်ခုနှင့်ပင်လျှင် လုံလောက်နေပြီဟု ထင်ခဲ့သည်။ သို့သော်ငြား ဟွာချင်းစီရှင်းပြသည်ကို နားထောင်ပြီးသည့်နောက် သူ့ကိုယ်ပိုင်လုံခြုံရေးအတွက် သူ၏ကြယ်စည်းတံဆိပ်ကို အဆင့်မြင့်နိုင်သမျှမြင့်အောင် မြှင့်တင်ထားရတော့မည်မှန်း နားလည်သွားခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက အခြားသူများသည် သူ၏တည်နေရာကိုအာရုံခံကာ သူ့အား လာရောက်ပြဿနာရှာကြပေလိမ့်မည်။
“ကြယ်စည်းတံဆိပ်ရဲ့ အကျိုးအမြတ်တွေကတော့ ဒီလောက်လောက်ပဲ… ဒါပေမဲ့ ငါကြားထားတဲ့ ဒဏ္ဍာရီတစ်ခုတော့ ရှိတယ်…” ထိုသို့ပြောနေရင်းမှ ဟွာချင်းစီ၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။
ကျန်းရို့ရှီက အဆောတလျင် မေးလိုက်လေသည်။ “ဘာဒဏ္ဍာရီလဲ…”
ဟွာချင်းစီသည် ရန်ကိုင့်ကိုကြည့်လျက် ပြောလိုက်လေ၏။ “ပြောကြတာတော့ ကိုးထောင့်ပုံစံကြယ်စည်းတံဆိပ်ကိုသာ ရနိုင်မယ်ဆိုရင် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ရဲ့ အမွေအနှစ်တည်နေရာကို အာရုံခံနိုင်မယ်ဆိုတာပဲ…”
“တကယ်ကြီးလား…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
ဟွာချင်းစီက သူမ၏နှုတ်ခမ်းလေးကိုကွေးလျက် ပြုံးကာ ပြန်ဖြေလိုက်လေ၏။ “ကြယ်ပျက်ပင်လယ် စဖွင့်တည်းက အဲ့လိုမျိုးတွေ ပြောကြတာပဲ… တကယ်ဟုတ်မဟုတ်တော့ ဘယ်သူမှ မသိကြဘူး… ဘယ်သူကမှလည်း အခုချိန်ထိ အတည်မပြုနိုင်သေးဘူး…” မတ်တပ်ရပ်ပြီးသည့်နောက်တွင် ဆက်၍ ပြောလိုက်လေ၏။ “ဒါပေမဲ့ ဒါက ရှင့်အတွက်တော့ စိတ်ဝင်စားစရာ ကောင်းနေမှာတော့ မဟုတ်ဘူးပေါ့ သခင်လေးရန်ရယ်…”
ရန်ကိုင့်၏ကျောက်တုံးကိုယ်ပွားသည် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို ကျင့်ကြံနေပေသည်။ ထိုအရာမှာ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်၏ ပင်တိုင်အမွေအနှစ်ကြီး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ထိုအခွင့်အရေးကို လိုချင်နေလိမ့်မည် မဟုတ်ချေ။
“ကျုပ်အတွက်တော့ အဲ့လောက်စိတ်ဝင်စားစရာ မကောင်းနေပေမဲ့ သူများအတွက်ကတော့ မတူဘူးပေါ့…” ရန်ကိုင့်၏အမူအယာ အနည်းငယ် တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ ကြယ်ပျက်ပင်လယ်ထဲရှိ ကြယ်စည်းတံဆိပ်များသည် အကောင်းရောအဆိုးကိုပါ ဖြစ်စေနိုင်သည့် အသွားနှစ်ဖက်ဓါးသွားများမှန်း ရန်ကိုင်နားလည်သွားတော့လေသည်။ ကြယ်စည်းတံဆိပ်များမှာ ကျင့်ကြံသူများအား ကြယ်အမြုတေများကို အာရုံခံနိုင်အောင် ကူညီပေးနိုင်ပါသော်ငြား ထိုကြယ်စည်းတံဆိပ်များကြောင့်ပင် မရေမတွက်နိုင်သော ကျင့်ကြံသူများ တစ်ဦးကိုတစ်ဦး အပြန်အလှန် သတ်ဖြတ်ကြလေသည်။
“ဟုတ်တာပေါ့… လူတိုင်းကတော့ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်ရဲ့ အမွေအနှစ်ကို လိုက်ရှာမနေဘူးပေါ့… ကြယ်ပျက်ပင်လယ်ထဲမှာ အခြားမဟာဧကရာဇ်တွေ ချန်ထားရစ်ခဲ့တဲ့ ရတနာတွေလည်း ရှိနေသေးတာပဲကို… လူတိုင်းကတော့ တစ်ခုတည်းကို ဘယ်လိုက်ရှာကြပမလဲ… လွန်ခဲ့တဲ့နှစ်ငါးသန်းလောက်ကတုန်းက မိုးပြာကြာပန်းမဟာဧကရာဇ်ရဲ့ မိုးပြာကြာပန်းကို ရသွားတဲ့လူတစ်ယောက် ရှိတယ်လို့ ငါကြားဖူးတယ်…”
“အခု အဲ့လူဘာဖြစ်သွားလဲ…” လျို့ယန်က မေးလိုက်လေသည်။
ဟွာချင်းစီက ပြန်ပြောလိုက်၏။ “အရှေ့ဘက်နယ်မြေမှာ မိုးပြာကြာပန်းနန်းတော်ဆိုတဲ့ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ခဲ့တယ်… အဲ့လူကိုယ်တိုင်ကလည်း မိုးပြာကြာပန်းနန်းတော်ရဲ့ နန်းတော်သခင်ပဲ…”
“သူတော်တော်ကံကောင်းတာပဲ…” ရန်ကိုင်က မျက်ခုံးပင့်လိုက်လေသည်။
“ကံဆိုတာလည်း အခွင့်အလမ်းပဲလေ… ဘယ်သူကများ အခွင့်အလမ်းတွေ လုံးဝမကြုံခဲ့ရပဲ ကျင့်ကြံလာခဲ့ရလို့လဲ….” ဟွာချင်းစီက ပြောလိုက်လေ၏။
ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ကျင့်ကြံသူတိုင်းသည် သိုင်းတာအိုတွင် ပိုမိုမြင့်မားသောအဆင့်သို့ လျှောက်လှမ်းနိုင်ရန်အတွက် အခွင့်အလမ်းအမျိုးမျိုးကို လိုအပ်ကြပေသည်။ လုံလောက်သည့် အခွင့်အလမ်းများနှင့် ကြုံရလျှင် ဧကရာဇ်အဆင့်သို့ ရောက်နိုင်ပါသော်ငြား အခွင့်အလမ်းသာ မလုံလောက်ပါက တာအိုသခင်အဆင့်တွင်သာ ထာဝရ ရပ်တန့်သွားရပေလိမ့်မည်။
“ကဲ ကဲ… အဲ့အကြောင်းကို မပြောဘဲ ထားလိုက်ကြရအောင်… ဒီမှာ မပြည့်စုံတဲ့ ကြယ်အမြုတေတစ်ခု ရှိနေတယ်… အဲ့ဒါကို အတူတူ သန့်စင်ကြရအောင်…” ရန်ကိုင်က ပြောလိုက်လေသည်။
ပုံမှန်အားဖြင့် ကြယ်အမြုတေများသည် ကျင့်ကြံရေးကြယ်တစ်လုံး၏ အတွင်းပိုင်းထဲတွင် ရှိနေသည့် အတွက်ကြောင့် ၎င်းတို့အား လိုက်ရှာရန်မှာ အတော်လေးကိုမှ အားစိုက်ရပေသည်။ သို့သော်ငြား ဤကျင့်ကြံရေးကြယ်ကြီး၏ တစ်ခြမ်းလောက်မှာ ပျက်စီးနေပြီဖြစ်သည့်အတွက်ကြောင့် ကြယ်အမြုတေစွမ်းအားတို့သည် အပြင်သို့ စိမ့်ထွက်နေခဲ့လေ၏။ ထို့အတွက်ကြောင့် ကြယ်အမြုတေကို တစ်သီးတစ်သန့် လိုက်ရှာနေစရာမလိုပဲ အဆင်သင့် သန့်စင်နိုင်ပေသည်။
ထိုစကားကို ကြားသော် ဟွာချင်းစီနှင့် ကျန်နှစ်ယောက် အသီးသီးခေါင်းညိတ်လိုက်ကြပြီး နေရာတစ်ခုရှာ၍ တင်ပလင်ခွေထိုင်ကာ ကျင့်စဉ်များကို လှည့်ပတ်လိုက်ကြလေသည်။
ရန်ကိုင်သည်လည်း သူတို့အတိုင်း လိုက်လုပ်လိုက်လေ၏။ သူသည် ဤမျှလောက်သော ကြယ်အမြုတေကို စိတ်မဝင်စားပါသော်ငြား မိုးရေစက်ပေါင်း၍ ရေကန်တစ်ကန် ဖြစ်ပေါ်လာရသည် မဟုတ်ပေလော။ ကြယ်အမြုတေပမာဏမှာ အနည်းငယ်လေးဆိုလျှင်ပင် တဖြည်းဖြည်း များပြားလာမည်ဆိုပါက သိသာသော အကျိုးရလဒ်ကို ဖြစ်ပေါ်စေပေလိမ့်မည်။
ကြယ်အမြုတေစွမ်းအားမှာ အလွန်ကိုမှ ထူးခြားလှသည့် စွမ်းအင်တစ်မျိုး ဖြစ်ပေသည်။ ထိုအရာများကို သန့်စင်စုပ်ယူလိုက်၍ မိမိ၏ခွန်အားကို တိုးတက်လာစေနိုင်လိမ့်မည် မဟုတ်။ သို့သော်ငြား ထိုအရာများသည် ကျင့်ကြံသူများအတွက် အလွန်ကိုမှ အကျိုးရှိနေပေသေးသည်။ အထူးသဖြင့် ကြယ်အမြုတေတစ်ခုအား တစ်ခါမျှပင်လျှင် သန့်စင်ဖူးခြင်းမရှိသော ဟွာချင်းစီနှင့် ကျန်းရို့ရှီတို့ကဲ့သို့သော လူများအတွက်ပင်။ သူတို့သည်သာ ကြယ်ပျက်ပင်လယ်ထဲ ကြယ်အမြုတေစွမ်းအားအချို့ကို ရယူနိုင်မည်ဆိုပါက နိယာမစွမ်းအားများကို ပို၍ လွယ်ကူလျင်မြန်စွာ အာရုံခံနိုင်ပေလိမ့်မည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့လေ၏။
နေ့ဝက်ခန့် ကြာသွားပြီးသည့်နောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
ဤနည်းလမ်းဖြင့် ကြယ်အမြုတေကို စုပ်ယူရသည်မှာ အကျိုးသိပ်မရှိလှကြောင်း တွေ့ရှိလိုက်ရလေသည်။
နေ့ဝက်ခန့်ကြာအောင် မရပ်မနား ထိုင်သန့်စင်နေသည့်တိုင် ရန်ကိုင်တို့လေးဦးသည် ကြယ်အမြုတေ၏ စွမ်းအားများများစားစားကို မစုပ်ယူနိုင်သေးချေ။ ဤနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ဤမပြီးပြည့်စုံသည့် ကြယ်အမြုတေတစ်ခုလုံးကို စုပ်ယူပစ်နိုင်ရန်အတွက် ဆယ်ရက်မှ လဝက်ခန့်အထိ ကြာသွားပေလိမ့်မည်။
သူတို့လေးဦး ပူးပေါင်း၍ အတူတကွ သန့်စင်နေသည့်တိုင် ဤမျှကြာနေလျှင် သူတစ်ဦးတည်းသာ ထိုင်စုပ်ယူမည်ဆိုပါက မည်မျှပင် ကြာလိမ့်မည်နည်း။ တစ်လလော၊ နှစ်လလော။ ဤသည်မှာ တကယ်ကို ပြဿနာများသည့် အခြေအနေဖြစ်ပေသည်။
ရန်ကိုင်သည် ဟွာချင်းစီတို့အား လှမ်းကြည့်လိုက်ရာ သူတို့သည်လည်း သူ့ကဲ့သို့ပင် ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ကျန်းရို့ရှီတစ်ဦးသည်သာ အခြားသူများထက် ပိုမိုမြန်ဆန်သည့်နှုန်းဖြင့် ကြယ်အမြုတေ၏စွမ်းအားကို စုပ်ယူနေနိုင်၏။ သို့တိုင် သူမစုပ်ယူသည့်နှုန်းမှာ နှေးကွေးနေဆဲပင်။
(ကျောက်တုံးကိုယ်ပွားကိုသာ အပြင်ထုတ်ပြီး ကောင်းကင်ဝါးမျိုခြင်းဥပဒေသနဲ့ စုပ်ယူခိုင်းလိုက်ရင် ဘယ်လိုနေမလဲမသိဘူး… ကောင်းကင်ဝါးမျိုခြင်းဥပဒေသက စွမ်းအင်ရှိတဲ့ ဘယ်အရာကိုမဆို စုပ်ယူနိုင်တာဆိုတော့ ကြယ်အမြုတေကိုလည်း စုပ်ယူနိုင်လောက်တယ်…)
ထိုကဲ့သို့ စဉ်းစားမိလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပနေခဲ့လေသည်။
ကျောက်တုံးကိုယ်ပွား၌ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ ရှိသကဲ့သို့ ရန်ကိုင့်တွင် ကြယ်အမြုတေများကို သန့်စင်ရန်အတွက် အထူးတလည် ဖန်တီးထားသော ပညာရပ်တစ်ခုလည်း ရှိနေပေသေးသည်။
“ကြယ်သန့်စင်ခြင်းပညာရပ်” ပင်။
ဤပညာရပ်ကို အရိပ်ကြယ်ပေါ်ရှိ ဧကရာဇ်ဥယျာဉ်ထဲ စူးစမ်းရှာဖွေစဉ်က ရရှိခဲ့ခြင်း ဖြစ်ပေသည်။ ဤသည်မှာ ယန်ယန်၏ ပညာရပ်များထဲမှာ တစ်ခုဖြစ်သလို ဤပညာရပ်၏ ကျေးဇူးကြောင့်သာလျှင် ရန်ကိုင်သည် အရိပ်ကြယ်၏ ကြယ်အမြုတေကို သန့်စင်ကာ ထိုကြယ်၏ ကြယ်သခင် ဖြစ်လာနိုင်ခဲ့ခြင်းပင်။
နောက်ပိုင်းတွင် ကြယ်သန့်စင်ခြင်းပညာရပ်ကို သူ၏ စီနီယာမမလေးဖြစ်သော ရှနင်းချန်ဆီသို့ လက်ဆင့်ပေးကမ်းလိုက်ပြီး ထိုပညာရပ်၏ အကူအညီဖြင့် ရှနင်းချန်သည် ထုန်းရွှမ်လောကကြီး၏ ကြယ်အမြုတေကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့လေသည်။
ကြယ်သန့်စင်ခြင်းပညာရပ်အကြောင်း စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင်စိတ်လှုပ်ရှားလာခဲ့ပြီး ချက်ချင်းပဲ ထိုကျင့်စဉ်ကို လှည့်ပတ်လိုက်လေ၏။
အစပိုင်းတွင် သိပ်မသိသာသေးသော်ငြား အချိန်ကြာလာသည်နှင့်အမျှ ရန်ကိုင့်ဆီသို့ တိုးဝင်လာနေသော ကြယ်အမြုတေစွမ်းအားမှာ ပိုပို၍ များပြားလာနေခဲ့လေသည်။
ခဏအကြာတွင် ရန်ကိုင့်ခန္ဓာကိုယ်တစ်ခုလုံး မြောက်မြားလှစွာသော အလင်းစက်ကလေးများ၏ လွှမ်းခြုံသွားခြင်း ခံလိုက်ရလေသည်။ ထိုအလင်းစက်ကလေးများထဲ အံ့ဩဖွယ်ရာကောင်းလှသော ကြယ်အမြုတေစွမ်းအားတို့ဖြင့် ပြည့်နှက်နေခဲ့လေသည်။
ရန်ကိုင့်ခန္ဓာကိုယ်တစ်ခုလုံးသည် အဆုံးမဲ့တွင်းနက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလား တိုးဝင်လာနေသမျှ စွမ်းအင်အားလုံးကို အကုန်အစင် စုပ်ယူပစ်နေလေသည်။ ထိုအဖြစ်အပျက်ကြောင့် ဟွာချင်းစီနှင့် အခြားသူများမှာ ထိတ်လန့်သွားခဲ့ကြပြီး မျက်လုံးပွင့်လာကြလေ၏။ ထို့နောက် အကုန်လုံးသည် ရန်ကိုင့်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်ကြလေသည်။ ယခုဆိုလျှင် အလင်းစက်အားလုံးမှာ ရန်ကိုင့်ဆီသို့သာ ရောက်ရှိသွားကြလေရာ ဟွာချင်းစီမဆိုထားနှင့် ကျန်းရို့ရှီသည်ပင်လျှင် မည်သည့်ကြယ်အမြုတေစွမ်းအားကိုမှ ထပ်မံမစုပ်ယူနိုင်တော့ချေ။
အချိန်တစ်ခုသို့ ရောက်သော် ရန်ကိုင့်ခန္ဓာကိုယ်တစ်ဝိုက်တွင် စုဝေးနေကြသည့် ကြယ်အလင်းစက်ကလေးများမှာ တဖြည်းဖြည်း မှေးမှိန်ကာ ပျောက်ကွယ်သွားခဲ့ကြလေသည်။ အမြုတေစွမ်းအားကုန်သွားမှန်း နားလည်လိုက်သော် ရန်ကိုင်သည် ကျေနပ်အားရနေသည့် အမူအယာဖြင့် မျက်လုံး ပြန်ဖွင့်လာခဲ့လေ၏။
သို့သော်ငြား သူ့အား မကျေမချမ်းဖြင့် စိုက်ကြည့်နေသော မျက်ဝန်းသုံးစုံကို မြင်တွေ့လိုက်ရလေသည်။
ရန်ကိုင်သည် နဖူးထက်တွင် ဝေ့သီလာသော ချွေးများကို သုတ်ပစ်လိုက်ရင်းမှ ရှက်ရှက်ဖြင့် ပြောလိုက်လေ၏။ “ငါစမ်းသပ်ကြည့်နေတာ… တကယ်အလုပ်ဖြစ်သွားမယ်လို့ မထင်ထားခဲ့ဘူး…”
ရန်ကိုင်သည် ကြယ်အမြုတေကို သန့်စင်ရာတွင်သာ အာရုံစိုက်နေခဲ့သော်ငြား ဟွာချင်းစီနှင့် အခြားသူများ ဘာကြောင့် သူ့အား ဤကဲ့သို့သော အကြည့်မျိုးဖြင့် စိုက်ကြည့်နေသလဲ ဆိုသည်ကို ကောင်းကောင်း နားလည်ထားပေသည်။
ဟွာချင်းစီက ပြောလိုက်လေ၏။ “သခင်လေး… ရှင်သုံးနေတာ ဘာပညာရပ်လဲဟင်… ဘာဖြစ်လို့ ဒီကြယ်အမြုကြီးကို စုပ်ယူဖို့ နေ့တစ်ဝက်လောက်ပဲ ကြာသွားတာလဲ…”
“ကြယ်သန့်စင်ခြင်းပညာရပ်လေ…” ရန်ကိုင်က ပြောလိုက်လေ၏။ “လာခဲ့… ငါနင်တို့ကို သင်ပေးမယ်… ဒီပညာရပ်က ဒီနေရာအတွက် လုံးဝ အထူးသီးသန့် ဖန်တီးထားတာပဲ…”
ထိုစကားကိုကြားသည့်အခိုက် မိန်းကလေးသုံးဦး၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ကြပြီး ရန်ကိုင့်ဆီသို့သွားကာ အလျင်အမြန် တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။
ရန်ကိုင်လည်း ကြယ်သန့်စင်ခြင်းပညာရပ်အား ထိုသုံးဦးထံ ချက်ချင်း လွှဲပြောင်းပေးလိုက်လေ၏။
မိန်းကလေးသုံးယောက်စလုံးသည် ရန်ကိုင်ရှင်းပြနေသည်ကို သေချာဂရုတစိုက် နားထောင်နေခဲ့လေသည်။ သူတို့၏အရည်အသွေးမှာ အတော်လေးကိုမှ ကောင်းမွန်သည့်အတွက်ကြောင့် ကြယ်သန့်စင်ခြင်းပညာရပ်ကို နှစ်ရက်အတွင်း ကျွမ်းကျင်သွားကြလေ၏။ သူတို့အားလုံး ကြယ်သန့်စင်ခြင်းပညာရပ်အား နားလည်သွားပြီးသည့်နောက် ရန်ကိုင်သည် ဗလာကျင်းနေသော ကြယ်တာရာကောင်းကင်ထဲ နောက်တစ်ကြိမ် ခရီးထွက်တော့ပြန်လေသည်။ ဤကြယ်သန့်စင်ခြင်းပညာရပ်၏ အကူအညီနှင့်သာ ဆိုပါက ဆုံးရှုံးသွားသော အချိန်တစ်နှစ်တာကို ပြန်လည်ဖာထေးနိုင်မည်ဟု ရန်ကိုင် ယုံကြည်နေခဲ့သည်။
တကယ်တော့ အခြားသူများအဖို့ ကြယ်အမြုတေများကို သန့်စင်ရန်အတွက် နှစ်နှင့်ပင်ချီကာ ကြာမြင့်နိုင်သည် မဟုတ်ပေလော။ ငါးရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ကြယ်အမြုတေ လုံးဝပျောက်ကွယ်ခြင်း မရှိသေးသည့် ကျင့်ကြံရေးကြယ်တစ်လုံးနှင့် သွားတိုးပြန်လေသည်။
ရန်ကိုင်တို့အားလုံး အတူပူးပေါင်း စုပ်ယူလိုက်ရာ ထိုကျင့်ကြံရေးကြယ်၏ ကြယ်အမြုတေမှာ နေ့ဝက်အတွင်း ပြောင်သွားခဲ့လေသည်။ ဤသည်မှာ ဟွာချင်းစီနှင့် အခြားသူများအဖို့ ကြယ်အမြုတေအား ပထမဦးဆုံးအကြိမ်အဖြစ် လုံလုံလောက်လောက် စုပ်ယူနိုင်ခဲ့ခြင်းဖြစ်လေသည်။ ထို့အတွက်ကြောင့် သူတို့စိတ်ထဲ ပိုပို၍ လိုချင်လာမိခဲ့သည်။
နောက်တစ်လအတွင်း ရန်ကိုင်သည် ကြယ်တာရာကောင်းကင်ထဲ စူးစမ်းသွားလာရင်း ကြယ်အမြုတေပေါင်းများစွာကို လိုက်ရှာခဲ့လေသည်။
ထိုတစ်လတာအတောအတွင်း ရန်ကိုင်သည် ကြယ်စည်းတံဆိပ်၏ အသုံးဝင်ပုံများကို အတော်လေး သိလာခဲ့ရသည်။ သွားရင်းလာရင်းမှ ရန်ကိုင်သည် ကြယ်စည်းတံဆိပ်၏အကူအညီဖြင့် အချို့သောသူများ၏ တည်နေရာကိုပါ အာရုံခံနိုင်ခဲ့လေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ထိုလူများ၏ ကြယ်စည်းတံဆိပ်များမှာ ရန်ကိုင်ပိုင်ဆိုင်ထားသည့် ကြယ်စည်းတံဆိပ်ထက် ပို၍အဆင့်နိမ့်နေသည့် အတွက်ကြောင့်သာ ဖြစ်၏။
ရန်ကိုင်ကမူ ထိုလူများအား အာရုံစိုက်မနေခဲ့ဘဲ ကြယ်အမြုတေများအား ရှာသည့်အရေးတွင်သာ အာရုံစိုက်ထားခဲ့လေသည်။
ဤသို့ဖြင့် နောက်တစ်လ ကုန်ဆုံးသွားခဲ့လေ၏။
သို့သော်ငြား ယနေ့တွင် ကျင့်ကြံရေးကြယ်တစ်လုံး၏ ကြယ်အမြုတေကို စုပ်ယူပြီးသည့်နောက် ဟွာချင်းစီသည် တစ်ခုခုပြောချင်နေသည့်အလား ရန်ကိုင့်နားသို့ ကပ်လာခဲ့လေသည်။
ရန်ကိုင်သည် သူမအား ကြည့်လျက် မေးလိုက်လေ၏။ “ဘာဖြစ်လို့လဲ အစ်မဟွာ…”
ဟွာချင်းစီက ပြောလိုက်လေ၏။ “သခင်လေး… ကျွန်မတစ်ယောက်တည်း လှုပ်ရှားချင်တယ်…”
ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး မျက်မှောင်ကျုံ့လျက် ပြန်မေးလိုက်လေသည်။ “ကြယ်အမြုတေရတာ နည်းလွန်းလို့လား…”
ဟွာချင်းစီက ခေါင်းခါလျက် ပြန်ပြောလိုက်လေ၏။ “မဟုတ်ဘူး… အဲ့ဒါကြောင့်မဟုတ်ဘူး… အခြား…” ထိုသို့ပြောနေရင်းမှ ဟွာချင်းစီသည် ပိန်းပိန်းပိတ် မည်းမှောင်နေသည့် ဟင်းလင်းပြင်ထဲသို့ လှမ်းကြည့်လိုက်လေ၏။ သူမ၏မျက်လုံးထဲ ထူးဆန်းသည့် အလင်းရောင်တို့ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “ကျွန်မ ခံစားနေရတယ်… ကြယ်ပျက်ပင်လယ်ထဲမှာ ကျွန်မကို နောက်ဆုံးအတားအဆီးကို ကျော်ဖြတ်အောင် လုပ်ပေးနိုင်တဲ့ အရာတစ်ခုခု ရှိနေတယ်လို့ ခံစားနေရတယ်… အဲ့ဒါကြောင့် ကျွန်မတစ်ယောက်တည်း လှုပ်ရှားချင်တာ…”
ဟွာချင်းစီသည် တာအိုသခင် အထွဋ်အထိပ်အဆင့်သို့ ရောက်နေပြီ ဖြစ်သည့်အတွက်ကြောင့် နောက်တစ်လှမ်းသာ တိုးလိုက်မည်ဆိုပါက ဧကရာဇ်အဆင့်သို့ ရောက်သွားပေလိမ့်မည်။ ယခုကဲ့သို့ အရေးကြီးသည့် အခြေအနေမျိုးတွင် ဤကဲ့သို့ ခံစားနေရသည့် အတွက်ကြောင့် ဤကြယ်ပျက်ပင်လယ်ထဲတွင် ဟွာချင်းစီအတွက် အခွင့်အလမ်းကောင်းတစ်ခုခု စောင့်ဆိုင်းနေခြင်း ဖြစ်လောက်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၃၆)
ထိုသို့စဉ်းစားပြီးသော် ရန်ကိုင်လည်း ဟွာချင်းစီအား မတားတော့ချေ။ ဟွာချင်းစီအား တစ်ယောက်တည်း လှုပ်ရှားခိုင်းလိုက်ခြင်းသည် သူမအတွက် ပို၍ အကျိုးရှိလောက်ပေသည်။
ထို့အပြင် ဟွာချင်းစီကိုယ်တိုင်ကလည်း ဧကရာဇ်အဆင့်သို့ ရောက်ခါနီးပါး တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အပြင် ယခင် ယောင်ချန်ကျွင်း ပိုင်ဆိုင်ခဲ့သော ဧကရာဇ်အဆင့် မှော်ရတနာဖြစ်သည့် ငါးရောင်ခြယ်လှံကိုလည်း ပိုင်ဆိုင်ထားသေးသည့်အတွက်ကြောင့် ဟွာချင်းစီ၏ ခွန်အားသည် သာမန်တာအိုသခင်အဆင့် ကျင့်ကြံသူများထက် အများကြီး ပိုမိုမြင့်မားပေသည်။
ဟွာချင်းစီတွင် မရှိသည့်အရာဆို၍ ကြယ်စည်းတံဆိပ်သာ ရှိလေ၏။ ကြယ်စည်းတံဆိပ်မရှိသည့်အတွက်ကြောင့် သူမအနေဖြင့် ခြေဦးတည့်ရာ လျှောက်သွားပြီးမှသာလျှင် ကြယ်အမြုတေများကို ရှာဖွေနိုင်ပေလိမ့်မည်။
“ဒါကို ယူသွားလိုက်…” ရန်ကိုင်က သိုလှောင်လက်စွပ်တစ်ကွင်းကို လှမ်းပေးလိုက်လေ၏။
သိုလှောင်လက်စွပ်ကို လှမ်းယူ၍ အထဲရှိ ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ဟွာချင်းစီက အံ့အားသင့်နေသည့် လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “အရင်းအမြစ်ကျောက်တွေ အများကြီးပဲ…”
သိုလှောင်လက်စွပ်ထဲတွင် ရှိသည့်အရာ အကုန်နီးပါးမှာ အရင်းအမြစ်ကျောက်များသာ ဖြစ်ကြပေသည်။ အကြမ်းဖျင်း အရင်းအမြစ်ကျောက် သန်းနှစ်ရာမှ သုံးရာအထိ ရှိနေပြီး အတော်များများမှာ အဆင့်မြင့် အရင်းအမြစ်ကျောက်များ ဖြစ်ကြပေသည်။ ထိုအရင်းအမြစ်ကျောက်များအပြင် ရန်ကိုင်ကိုယ်တိုင်ဖော်စပ်ထားသည့် အမျိုးမျိုးသော ဆေးလုံးများလည်း ရှိနေသေးသည်။
“အခွင့်အရေးတစ်ခုခုနဲ့ ကြုံရလို့ ဧကရာဇ်အဆင့်ကို ချိုးဖြတ်တော့မယ်ဆိုရင် ဒီအရင်းအမြစ်ကျောက်တွေကို မဖြစ်မနေလိုအပ်လာမှာ… ကြယ်ပျက်ပင်လယ်ထဲက မိုးမြေစွမ်းအင်က ဒီလောက်များတာမဟုတ်ဘူး… ဒီတော့ ငြင်းမနေနဲ့…” ရန်ကိုင်က ပြောလိုက်လေသည်။
ဟွာချင်းစီသည် သိုလှောင်လက်စွပ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက် ခေါင်းညိတ်ပြလိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးရန်… ဒီလောကကြီးမှာ သခင်လေးရန်က ကျွန်မကို ဂရုအစိုက်ပေးဆုံးပဲ…”
အစပိုင်းတွင် ရန်ကိုင်သည် သူမအား အတင်းအကြပ် တွန်းအားပေး၍ သူ့လက်အောက်သို့ ခိုဝင်စေခိုင်းခဲ့သလို သူမကိုလည်း ကမ္ဘာငယ်လေးထဲတွင် အချိန်အတန်ကြာအောင် ပိတ်လှောင်ထားခဲ့ပါသော်ငြား ယခင်နှစ်များအတွင်း ရန်ကိုင်သည် သူမအပေါ် မမျှမတ မဆက်ဆံခဲ့ပေ။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ဤလောကကြီးထဲရှိ လူတိုင်း အိပ်မက်မက်ရုံသာ တတ်နိုင်သော အလွန်တရာကိုမှ အဖိုးတန်လှသည့် အဆုံးမဲ့ရတနာဆေးလုံးကိုလည်း သူမအား ပေးခဲ့သေးသည်။ ထို့အပြင် ဧကရာဇ်အဆင့် မှော်ရတနာဖြစ်သော ငါးရောင်ခြယ်လှံကိုပင်လျှင် ပေးခဲ့သေးသည်။
ယခုဆိုလျှင်လည်း အရင်းအမြစ်ကျောက် သန်းသုံးရာလောက်ကို ထပ်ပေးလာပြန်လေသည်။ ဤလောကကြီးတွင် ရန်ကိုင်တစ်ဦးတည်းသာ သူမအား ဤမျှကောင်းမွန်စွာ ဆက်ဆံဖူးခြင်း ဖြစ်လေသည်။ အဆုံးမဲ့ရတနာဆေးလုံးဖြစ်စေ၊ ငါးရောင်ခြယ်လှံဖြစ်စေ ထိုနှစ်ခုစလုံးသည် မရေမတွက်နိုင်သော ပညာရှင်များအား အရူးအမူးဖြစ်သွားစေနိုင်သော အရာများ ဖြစ်ကြပေသည်။ ကြယ်ဝိဉာဉ်နန်းတော်တွင်ရှိနေသော သူမ၏ ဆရာသည်ပင်လျှင် သူမအပေါ် ဤမျှ မကောင်းခဲ့ချေ။
ရန်ကိုင့်၏ ကြင်နာရက်ရောမှုကြောင့် ဟွာချင်းစီမှာ အမှန်တကယ်ကို ရင်ထဲထိသွားခဲ့ရလေသည်။
နောက်ပိုင်းတွင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်သွားနိုင်မည်ဆိုပါက သူမအနေဖြင့် ရန်ကိုင့်ကိုသာ ကျေးဇူးအတင်ရဆုံး ဖြစ်ပေလိမ့်မည်။ ယခုလေးတွင် အခွင့်အလမ်းတစ်ခုကို ခံစားမိလိုက်ရသည်ဟု ပြောခဲ့ပါသော်ငြား တကယ့်တကယ်တွင် ရန်ကိုင့်အား တွေ့ခဲ့ရခြင်းမှာ သူမဘဝ၏ အကြီးမားဆုံးသော အခွင့်အလမ်းတစ်ခု ဖြစ်ပေသည်။
“အခုလိုတွေ ပြောနေစရာမလိုပါဘူး အစ်မဟွာရယ်…” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်လေသည်။ ထို့နောက် တစ်ခုခုအား မှတ်မိသွားဟန်ဖြင့် ပြောလိုက်လေ၏။ “မလှုပ်နဲ့နော်….”
ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လက်ချောင်းကို ဆန့်ထုတ်လျက် ဟွာချင်းစီ၏ နဖူးကို ထိလိုက်လေသည်။
ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း ဟွာချင်းစီမသိပေ။ သို့သော်ငြား ရန်ကိုင်ပြောသည့်အတိုင်း ငြိမ်နေပေးလိုက်လေ၏။
ရန်ကိုင့်၏လက်ချောင်း သူမနဖူးကို ထိလာသည်နှင့်တစ်ပြိုင်နက် ဟွာချင်းစီ၏ခန္ဓာကိုယ် တုန်တက်သွားခဲ့လေသည်။ သူမကိုယ်ထဲရှိ မမြင်နိုင်သော အချုပ်အနှောင်တစ်ခု ပျက်စီးသွားသည့်အလား သူမ၏ စိတ်ခန္ဓာအစုံမှာ လုံးဝကို လွတ်လပ် ပေါ့ပါးသွားခဲ့ရလေသည်။
ရန်ကိုင် ဘာလုပ်လိုက်မှန်း ဟွာချင်းစီ ချက်ချင်း နားလည်သွားခဲ့သည်။ ရန်ကိုင်သည် သူမ၏ ဝိဉာဉ်အမှတ်အသားကို သူမ၏အသိစိတ်ပင်လယ်ထဲသို့ ပြန်ထည့်ပေးလိုက်ခြင်းသာ ဖြစ်လေသည်။
ကမ္ဘာငယ်လေးထဲတွင် ပိတ်လှောင်ထားခံရစဉ်က ရန်ကိုင်သည် သူမ၏ ဝိဉာဉ်အမှတ်အသားကို အတင်းအကြပ် တောင်းယူခဲ့လေသည်။ ဟွာချင်းစီမှာ ပြန်လည်၍ မခုခံနိုင်သည့် အတွက်ကြောင့် ရန်ကိုင်ပြောသည့်အတိုင်းသာ လုပ်ပေးခဲ့လိုက်ရသည်။
သို့သော်ငြား ယခုမူ ရန်ကိုင်သည် သူမ၏ ဝိဉာဉ်အမှတ်အသားကို သူ့ဘာသာ ပြန်ပေးလာခဲ့လေသည်။ တစ်နည်းဆိုရသော် ယခုအချိန်မှစ၍ သူမ၏ဘဝကြီးမှာ ယခင်ကကဲ့သို့ ပြန်လည်လွတ်လပ်သွားပြီဟု ပြောနိုင်ပေသည်။
“သခင်လေးရန်…” ဟွာချင်းစီသည် ရန်ကိုင့်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ဧကရာဇ်အဆင့်ကို ချိုးဖြတ်ချင်တယ်ဆိုလို့ရှိရင် ကိုယ့်စိတ်ထဲမှာ ဘာအချုပ်အနှောင် အနှောင့်အယှက်မှ ရှိနေလို့မရဘူး…”
ဟွာချင်းစီသည် ယဲ့ယဲ့လေးပြုံးလျက် သူမရင်ဘတ်ပေါ် လက်တင်ရင်းမှ ပြောလိုက်လေ၏။ “သခင်လေးရန် စိတ်ပူမနေနဲ့… သခင်လေးရန်ရဲ့ လျှို့ဝှက်ချက်တွေကို ကျွန်မ ဘယ်သူ့ကိုမှ လျှောက်မပြောဘူး… အကယ်၍ ကျွန်မ လျှောက်ပြောမိခဲ့ရင် ကျွန်မရဲ့ ကျင့်ကြံခြင်း သွေဖီသွားပြီး အသေဆိုးနဲ့ သေရပါစေလို့ ကျိန်ဆိုတယ်…”
သူမသည် ရန်ကိုင့်၏ လျှို့ဝှက်ချက်ပေါင်းများစွာကို သိထားပေသည်။ ကမ္ဘာငယ်လေးဖြစ်စေ၊ ရန်ကိုင့်၏ အမျိုးမျိုးသော ဝှက်ဖဲများဖြစ်စေ၊ အင်မော်တယ်သစ်ပင်နှင့် မိုးကောင်းကင်သစ်ပင် ဖြစ်စေကာမူ အကုန်လုံးသည် မည်သည့်ကျင့်ကြံသူကိုမဆို အရူးတစ်ပိုင်း ဖြစ်သွားစေနိုင်သည့် အရာများဖြစ်ကြပေသည်။ ထိုရတနာများအကြောင်းသာ သတင်းပြန့်သွားမည်ဆိုပါက ရန်ကိုင့်အနေဖြင့် ကြယ်တာရာအစုအဝေးထဲတွင် ဆက်နေနိုင်တော့လိမ့်မည် မဟုတ်ဘဲ ပညာရှင်ပေါင်းများစွာ၏ အမဲလိုက်ခြင်း ခံရပေလိမ့်မည်။
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ကျုပ်သာ အစ်မဟွာကို မယုံလို့ရှိရင် ဝိဉာဉ်အမှတ်အသားကို ပြန်ပေးပါ့မလား… အစ်မဟွာ သွားမယ်ဆိုရင် လွတ်လွတ်လပ်လပ်သာသွား၊ ဘာကိုမှ စိတ်ပူမနေနဲ့…”
ဟွာချင်းစီက ခေါင်းညိတ်၍ ပြန်မေးလိုက်လေသည်။ “ကြယ်ပျက်ပင်လယ် ပြန်ပိတ်သွားရင် သခင်လေးရန်ကို ဘယ်လိုပြန်ရှာရမှာလဲ…”
“ရွက်တစ်ထောင်ဂိုဏ်းကိုသာ သွားလိုက်… တစ်နေ့နေ့ကျရင် ကျုပ် အဲ့ရွက်တစ်ထောင်ဂိုဏ်းဆီ ပြန်သွားရဦးမှာ…”
ချီယွဲ့၊ အိုင်းအောင်တို့ အခြားသောသူများသည် ရွက်တစ်ထောင်ဂိုဏ်းတွင် ရှိနေကြသည့်အတွက် ရန်ကိုင်သည် တစ်နေ့နေ့ကျလျှင် သူတို့နှင့် ပြန်တွေ့နိုင်ရန် ရွက်တစ်ထောင်ဂိုဏ်းသို့ သွားရပေလိမ့်မည်။
“ကောင်းပြီလေ… ဒါဆိုရင် ကြယ်ပျက်ပင်လယ်ပိတ်သွားတာနဲ့ ကျွန်မ အဲ့ကို သွားပြီး သခင်လေးရန်ကို စောင့်နေပါ့မယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ဟွာချင်းစီသည် လျို့ယန်နှင့် ကျန်းရို့ရှီတို့အား နှုတ်ဆက်စကားအချို့ ပြောပြီးသည့်နောက် လှည့်ထွက်သွားခဲ့လေသည်။ တဖြည်းဖြည်းနှင့် သူမ၏ပုံရိပ်မှာ ကြယ်တာရာကောင်းကင်၏ အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ဟွာချင်းစီထွက်သွားသည့်ဘက်သို့ ကြည့်ရင်း ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်လေ၏။
လွန်ခဲ့သောနှစ်များအတွင်း ဟွာချင်းစီသည် သူ့အား အကူအညီများစွာ ပေးခဲ့ပေသည်။ ဟွာချင်းစီကို ကမ္ဘာငယ်လေးထဲ ပိတ်လှောင်ထားခဲ့ရခြင်းမှာ မကောင်းသည့် ရည်ရွယ်ချက်ကြောင့်မဟုတ်။ ဟွာချင်းစီသည် သူ၏ လျှို့ဝှက်ချက်ပေါင်းများစွာကို သိထားသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ သူမ ဧကရာဇ်အဆင့်သို့ချိုးဖြတ်သွားနိုင်သည့်တစ်နေ့ သူမ၏ဝိဉာဉ်အမှတ်အသားကို ပြန်ပေးရန် စဉ်းစားထားပြီးသားပင်။ ယခု ပြန်ပေးလိုက်ခြင်းသည် အနည်းငယ်စောသွားခြင်းသာ ရှိလေသည်။
ဟွာချင်းစီနှင့် အချိန်အတော်ကြာအောင် အတူရှိလာပြီးသည့်နောက်တွင် ဟွာချင်းစီသည် ယုံကြည်ထိုက်သည့် လူတစ်ဦးမှန်း ရန်ကိုင်သိလာခဲ့လေသည်။ ထို့အတွက်ကြောင့် သူမအနေဖြင့် တိုင်တည်ကျိန်ဆိုခြင်း မရှိခဲ့လျှင်ပင် ရန်ကိုင်ကတော့ စိတ်ပူနေလိမ့်မည် မဟုတ်ချေ။
“ဆရာ…” ရုတ်တရက် သူ့အင်္ကျီစကို တစ်ယောက်ယောက်မှ လှမ်းဆွဲနေသည်ကို ရန်ကိုင် ခံစားမိလိုက်လေသည်။ ငုံ့ကြည့်လိုက်ရာ ကျန်းရို့ရှီသည် သူ့အား မျှော်လင့်တကြီးအမူအယာဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရလေ၏။
ရန်ကိုင်ကမေးလိုက်လေသည်။ “ဘာဖြစ်လို့လဲ…”
“ဆရာ… ကျွန်မ… ကျွန်မ…” ကျန်းရို့ရှီမှာ ချီတုံချတုံ ဖြစ်နေကာ စကားအထစ်ထစ်အငေါ့ငေါ့ပင် ဖြစ်နေလေ၏။
ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်လေသည်။ “နင်လည်း တစ်ယောက်တည်း လှုပ်ရှားချင်နေတာလို့တော့ လာမပြောနဲ့နော်…”
ကျန်းရို့ရှီမှာ စိုးလည်းစိုးရိမ် စိတ်လည်းလှုပ်ရှားနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ထို့အတွက်ကြောင့် ဤကဲ့သို့ မေးလိုက်ပါသော်ငြား ကျန်းရို့ရှီက တကယ်ကြီး ခေါင်းညိတ်ပြလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရန်ကိုင်အံ့ဩသွားခဲ့လေ၏။ “နင်သေချာလို့လား…”
ကျန်းရို့ရှီသည် သူမ၏ နှုတ်ခမ်းလေးများကို ကိုက်လျက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးသည့်နောက် တည်ကြည်ပြတ်သားသည့် အမူအယာဖြင့် ပြောလိုက်လေသည်။ “ရို့ရှီ ကျန်းမိသားစုထဲက ထွက်လာတည်းက ဆရာ့လက်အောက်မှာပဲ အမြဲ ကျင့်ကြံနေခဲ့တာ… ရို့ရှီကိုယ်တိုင်က အတော်လေး တိုးတက်လာနိုင်ခဲ့တယ်ဆိုပေမဲ့ ဘိုးဘေးတစ်ခါ ပြောဖူးတာရှိတယ်… လေဒဏ်မိုးဒဏ်တွေ မခံရတဲ့ပန်းက ဘယ်တော့မှ အားကောင်းလာမှာ မဟုတ်ဘူးတဲ့… ရို့ရှီ ဆရာ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်ချင်ဘူး… ရို့ရှီ ကိုယ်တိုင်လည်း ပိုပြီး အားကောင်းလာချင်တယ်… ဒါကြောင့် ရို့ရှီ ကြိုးစားကြည့်ချင်တာပါ…”
ရန်ကိုင့်အမူအယာ လေးနက်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “အခုလိုလုပ်တာ ဘယ်လောက်အန္တရာယ်များလဲ နင်သိလား…”
ကျန်းရို့ရှီသည် တုံ့ဆိုင်းတွေဝေနေပြီးနောက် ခေါင်းညိတ်ပြလိုက်လေ၏။
ရန်ကိုင်က ထပ်ပြောလိုက်လေသည်။ “ဒါဆိုရင် ဒီထဲကို ဘယ်လိုလူမျိုးတွေ ဝင်လာလဲဆိုတာကိုတော့ နင်သိတယ်မလား… နင့်က အရမ်းကို ကြင်နာတတ်လွန်းတယ်… ဒီလောကကြီး ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်လဲ ဆိုတာကို နင်မမြင်ဖူးသေးဘူး… အဲ့လိုလူတွေလက်ကနေ အသက်ရှင်အောင်လုပ်နိုင်မယ်လို့ နင် ယုံကြည်လား…”
“ရို့ရှီ အကောင်းဆုံးကြိုးစားပါမယ်…”
ရန်ကိုင်သည် ကျန်းရို့ရှီ၏ အခြားသော ပုံစံတစ်မျိုးကို ပထမဦးဆုံးအကြိမ် မြင်တွေ့လိုက်ရသည့်အလား သူမအား ငေးကြောင်ကြည့်နေမိလေသည်။ ဤအားနည်းပုံထင်ရသော ကောင်မလေးမှာ ယခင်ကနှင့်စာလျှင် အများကြီး သန်မာလာခဲ့လေပြီ။
“ဆရာ… ကျွန်မ သူနဲ့အတူ သွားလိုက်မယ်လေ…” လျို့ယန်က ရုတ်တရက် ဝင်ပြောလိုက်လေသည်။ “ကျွန်မနဲ့ရို့ရှီသာ အတူရှိနေမယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်လို့ရတယ်… ပြီးတော့ ကျွန်မမှာ ရှောင်ပိုင်လည်းရှိသေးတာဆိုတော့ ဘာအန္တရာယ်မှတော့ ရှိလောက်မှာမဟုတ်ပါဘူး…”
ရန်ကိုင် လျို့ယန်အား လှမ်းကြည့်လိုက်ရာ လျို့ယန်မှ သူ့အား ခေါင်းညိတ်ပြနေသည်ကို မြင်သော် ရန်ကိုင်က အနည်းငယ်စိတ်သက်သာရာ ရသွားဟန်ဖြင့် “လျို့ယန်လည်း နင်နဲ့အတူသွားမယ်တဲ့ အဆင်ပြေလား…”
ကျန်းရို့ရှီက ဝမ်းသာအားရဖြင့် “အဲ့ဒါဆိုပိုကောင်းတာပေါ့…”
ရန်ကိုင်က စိတ်ခံစားချက်တို့ ရောပြွမ်းနေသည့်လေသံဖြင့် ပြောလိုက်လေသည်။ “အတောင်ပံတွေ ပေါက်လာပြီဆိုမှတော့လည်း ပျံခွင့်ပေးရတော့မှာပေါ့…”
ကျန်းရို့ရှီအား ကျန်းမိသားစုမှ ခေါ်လာစဉ်က သူမသည် တန်ခိုးရှင် ပထမအဆင့်သာ ရှိခဲ့သော်ငြား တစိုက်မက်မက် ကြိုးစားကျင့်ကြံလာပြီးသည့်နောက်တွင် တာအိုသခင်အဆင့်သို့ ရောက်လာခဲ့လေသည်။
ကျန်းမိသားစုမှ တစ်ဦးဦးသာ ဤအကြောင်းကို သိသွားခဲ့မည်ဆိုပါက အလွန်ကိုမှ ဝမ်းသာသွားပေလိမ့်မည်။ ကျန်းမိသားစုတွင် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး မရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ လက်ရှိအချိန်တွင် ကျန်းမိသားစု၌ အားအကောင်းဆုံး ပညာရှင်ဆို၍ သူတို့ ဘိုးဘေးဖြစ်သော တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူသာ ရှိလေသည်။ ထိုကဲ့သို့သော ခွန်အားမျိုးသည် ဤလောကကြီးတွင် ဘာဆိုဘာမှ မဟုတ်ချေ။
ကျန်းရို့ရှီကိုသာ တစ်ယောက်တည်း လှုပ်ရှားခွင့်ပေးလိုက်မည်ဆိုပါက ရန်ကိုင့်အနေဖြင့် စိတ်အေးနိုင်လိမ့်မည် မဟုတ်ချေ။ ကျန်းရို့ရှီသည် ဟွာချင်းစီ၏လမ်းစဉ်အတိုင်း တစ်ယောက်တည်းလှုပ်ရှားချင်သလို သူမ မည်မျှ အားကောင်းလာသလဲဆိုသည်ကိုလည်း စမ်းသပ်ချင်လိုခြင်းသာ ဖြစ်ပေသည်။ သို့သော်ငြား သူမသည် တာအိုသခင်ပထမအဆင့်သာ ရှိသေးလေ၏။ သူမ၏ သွေးမျိုးဆက်မှာ ထူးခြားသည်ဆိုလျှင်ပင် သူမ၏ကျင့်ကြံခြင်းမှာ အလွန်ကိုမှ နိမ့်ကျနေသလို တိုက်ခိုက်ရေးအတွေ့အကြုံမှာလည်း မရှိသည့်အတွက်ကြောင့် ဤကဲ့သို့သော နေရာမျိုးတွင် အန္တရာယ်နှင့် ကြုံရမည်မှာ မလွဲမသေပင်။
သို့သော်ငြား လျို့ယန်သာ သူမနှင့်အတူ ရှိနေမည်ဆိုပါက ပြဿနာမရှိတော့ချေ။
လျို့ယန်တွင် ကောင်းကင်အဆင့် ရုပ်သေးရုပ်ဖြစ်သော ရှောင်ပိုင် ရှိနေသည့် အချက်ကို ထည့်မတွက်လျှင်ပင် လျို့ယန်၏ ကိုယ်ပိုင်ခွန်အားမှာ တာအိုသခင် အထွဋ်အထိပ်အဆင့်သို့ ရောက်နေလေ၏။ ထို့အပြင် လျို့ယန်၌ သူပေးထားသော သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးလည်း ရှိနေပေသည်။ ထိုမျှသာမဟုတ်သေး ကျန်းရို့ရှီကိုယ်တိုင်မှာ အားနည်းဟန်ထင်ရသော်ငြား သူမတွင် ပန်းရောင်တိမ်တိုက်ဖီးနစ်ဝတ်ရုံ ရှိနေခဲ့လေသည်။
ထို့အတွက်ကြောင့် သူတို့နှစ်ဦးသည်သာ သတိထား၍ လှုပ်ရှားမည်ဆိုပါက မည်သည့်အန္တရာယ်နှင့်မှ ကြုံရလိမ့်မည်မဟုတ်ချေ။
ရန်ကိုင့်၏စကားကိုကြားသော် ကျန်းရို့ရှီက ကြောက်လန့်တကြားဖြင့် သူမလက်ကို ဝှေ့ယမ်းရင်း ရှင်းပြလိုက်လေ၏။ “ဆရာ နားလည်မှုလွဲနေပြီ… ရို့ရှီ အဲ့လိုပြောချင်တာ မဟုတ်ပါဘူး…”
လျို့ယန်က နှစ်သိမ့်ပေးလိုက်လေသည်။ “စိတ်ပူမနေနဲ့… ဆရာက ဒီတိုင်းလျှောက်ပြောနေတာ…”
ရန်ကိုင်သည် လျို့ယန်အား သိုလှောင်လက်စွပ်တစ်ကွင်းပေး၍ ပြောလိုက်လေသည်။ “ဒါတွေကိုယူသွားလိုက်… ဒီထဲမှာပါတာက အစ်မဟွာကို ပေးလိုက်တဲ့ သိုလှောင်လက်စွပ်ထဲမှာ ပါတာတွေနဲ့ အတူတူပဲ… ကြယ်ပျက်ပင်လယ်ပြန်ပိတ်သွားလို့ ငါ့ကိုမတွေ့ဘူးဆိုလို့ရှိရင် ရွက်တစ်ထောင်ဂိုဏ်းကို သွားပြီးတော့သာ စောင့်နေလိုက်…”
လျို့ယန်သည် သိုလှောင်လက်စွပ်ကို ယူ၍ ခေါင်းညိတ်လိုက်လေသည်။ “ကျွန်မ မှတ်ထားလိုက်ပါမယ်…”
“ကဲ… အဲ့ဒါဆိုသွားပေတော့…” ရန်ကိုင်က လက်ဝှေ့ယမ်းလိုက်လေသည်။
ရို့ရှီသည် သူမ၏နှုတ်ခမ်းလေးကို ကိုက်ရင်း ရန်ကိုင့်ဆီသို့ လျှောက်လာပြီး သူ့ရှေ့တွင် ဒူးထောက်၍ ဦးညွှတ်လိုက်လေသည်။ ထို့နောက် ပြောလိုက်လေသည်။ “ဆရာ့ရဲ့ ကြင်နာမှုကို ရို့ရှီ အမြဲတမ်း အမှတ်ရနေပါ့မယ်… ဆရာလည်း အသက်ရှင်အောင် နေပါနော်… နောက်နောင်ကြရင် ရို့ရှီကနေ ဆရာ့ကို ပြန်ပြီး ဂရုစိုက်ပေးပါမယ်…”
“ထပေတော့… တစ်သက်လုံး မတွေ့ရတော့တာမှ မဟုတ်တာ… တစ်နေ့နေ့ကျရင် ပြန်တွေ့ရဦးမှာပဲဟာကို…” ရန်ကိုင်က ရို့ရှီအား ထူမပေးလိုက်လေသည်။
“သွားကြရအောင်…” ထို့နောက်တွင် လျို့ယန်သည် ကျန်းရို့ရှီ၏လက်ကို ဆွဲကာ အရင်းအမြစ်ချီကိုလှည့်ပတ်၍ ကြယ်တာရာကောင်းကင်ထဲ ပျံသန်းသွားလေသည်။
တစ်ခဏအကြာတွင် သူတို့နှစ်ဦး ရန်ကိုင့်၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။
“အကုန်လုံး ထွက်သွားကုန်ပြီ…” ရန်ကိုင်က ထိုနေရာတွင် ရပ်ရင်း အနည်းငယ် အထီးကျန်နေသည့်ဟန်ဖြင့် ရေရွတ်လိုက်လေသည်။
ရန်ကိုင့်အနေဖြင့် ကြယ်တာရာအစုအဝေးထဲ နှစ်ပေါင်းများစွာကြာအောင် တစ်ကိုယ်တည်း လှုပ်ရှားခဲ့ပါသော်ငြား သူ့စိတ်ထဲ အထီးကျန် အဖော်မဲ့သလို မခံစားခဲ့ရပေ။ အကြောင်းမှာ ကမ္ဘာငယ်လေးထဲတွင် ကျန်းရို့ရှီတို့ ရှိနေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ ဟွာချင်းစီ၊ လျို့ယန်နှင့် ကျန်းရို့ရှီတို့အားလုံး ထွက်သွားကြလေရာ ရန်ကိုင့်စိတ်ထဲ တစ်ခုခုလိုအပ်နေသလို ခံစားနေခဲ့ရလေသည်။
သူတို့အားလုံး အတူတူ ရှိနေခြင်းသည် ပို၍ အန္တရာယ်ကင်းမှန်း ရန်ကိုင် သိပါသော်ငြား ရလာမည့်အကျိုးအမြတ်မှာတော့ နည်းပါးသွားပေလိမ့်မည်။
ယခု ရန်ကိုင်မှ ကြယ်သန့်စင်ခြင်းပညာရပ်ကို ဟွာချင်းစီတို့အား သင်ပေးလိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် သူတို့သာ တစ်ကိုယ်တည်း လှုပ်ရှားမည်ဆိုပါက ပိုမိုများပြားသော အကျိုးအမြတ်များကို ရနိုင်ပေလိမ့်မည်။ ဤသည်မှာ သူတို့ထွက်သွားချင်ရသည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်နေနိုင်ပေ၏။ သူတို့သည် ရန်ကိုင်၏ တိုးတက်မှုကို မနှောင့်နှေးစေချင်ပေ။
ရန်ကိုင့်စိတ်ထဲ ငေးကြောင်ကြောင်ဖြစ်နေစဉ်မှာ ကျောက်တုံးကိုယ်ပွားမှ သူ့အား လှမ်းခေါ်နေသည်ကို သတိပြုမိလိုက်လေသည်။
ချက်ချင်းပဲ ကမ္ဘာငယ်လေးထဲသို့ အသိစိတ်ကို ပို့လွှတ်၍ ကျောက်တုံးကိုယ်ပွားနှင့် ဆက်သွယ်ကြည့်လေ၏။ “မင်းလည်း တစ်ယောက်တည်း လှုပ်ရှားချင်နေတာတော့ မဟုတ်ပါဘူးနော်…”
ကျောက်တုံးကိုယ်ပွား၏ ဝိဉာဉ်မှာ ရန်ကိုင့်၏ ဝိဉာဉ်ကိုယ်ပွားသာ ဖြစ်သော်ငြား သူ၏ခွန်အား မြင့်တက်လာသည်နှင့်အမျှ ရန်ကိုင့်၏ ဝိဉာဉ်ကိုယ်ပွားသည် ကျောက်တုံးရုပ်သေးရုပ်ခန္ဓာကိုယ်နှင့် အပြည့်အဝ ပေါင်းစပ်သွားခဲ့လေသည်။ ယခုဆိုလျှင် ကျောက်တုံးကိုယ်ပွားသည် သီးသန့် တည်ရှိမှုတစ်ခု ဖြစ်သွားပြီဟူ၍ပင် ပြော၍ရသည်။ ရန်ကိုင့်၏ ဝိဉာဉ်ကိုယ်ပွား သက်သက်သာလျှင် မဟုတ်တော့။ ကျောက်တုံးကိုယ်ပွားသည် ယခုဆိုလျှင် ကိုယ့်ဘာသာကိုယ် တွေးတတ် စဉ်းစားတတ်နေလေပြီ။