အခန်း (၂၄၃၇-၂၄၃၉)
Vol. 99 Ch. 2437-2439
အပိုင်း (၂၄၃၇)
ကျောက်တုံးကိုယ်ပွားက ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “ငါ့ဘာသာငါ တစ်ယောက်တည်းလှုပ်ရှားလို့ လွယ်မယ်လို့ မင်းထင်လား…”
ရန်ကိုင်က နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေ၏။ “အနည်းဆုံးတော့ ကိုယ့်အကြောင်းကိုယ် သိသားပဲ…”
ကျောက်တုံးကိုယ်ပွားက ထပ်ပြောလိုက်လေသည်။ “မင်းတစ်ယောက်တည်း အဖော်မဲ့ အထီးကျန်နေတာကို ငါမကြည့်ရက်တော့လို့ ခေါ်လိုက်တာ… လာလေ အတူတူ စကားပြောကြရအောင်…”
ရန်ကိုင်က မျက်နှာကြီးမဲ့လျက် “ငါ့ကိုယ်ငါ စကားပြန်ပြောနေလို့ ဘာထူးတော့မှာလဲ….” ထိုသို့ပြောပြီးသည့်နောက် အထီးကျန်နေသည့် ခံစားချက် အကြောင်းအရင်းမရှိ ပျောက်ကွယ်သွားခဲ့လေသည်။ သူ့စိတ်ထဲ ဟာတာတာဖြစ်နေသည့် ခံစားချက်မှာလည်း ပျောက်ကွယ်သွားခဲ့လေ၏။
“ငါ မင်းကို မပြောရသေးတာ တစ်ခု ရှိတယ်…” ကျောက်တုံးကိုယ်ပွားက ရုတ်တရက် အလေးအနက်လေသံဖြင့် ပြောလိုက်လေသည်။
“ဘာကိစ္စလဲ…” ရန်ကိုင်က မေးလိုက်လေသည်။
ကျောက်တုံးကိုယ်ပွားက ပြန်ပြောလိုက်၏။ “ငါ အဆင့်တစ်ဆို့တဲ့ အခြေအနေနဲ့ ကြုံနေရပြီ…”
ရန်ကိုင်က ပြောလိုက်လေ၏။ “အဆင့်တစ်ဆို့တဲ့ အခြေအနေနဲ့ ကြုံရတာ ဘာဆန်းလို့လဲ… ကျင့်ကြံတဲ့လူတိုင်း ကြုံရတာပဲကို… မင်း…”
ရန်ကိုင့်အနေဖြင့် ဆုံးအောင် မပြောနိုင်သေးခင်မှာပင် တစ်ခုခု ထူးဆန်းနေမှန်း နားလည်သွားခဲ့လေသည်။
ကျောက်တုံးကိုယ်ပွားက ထပ်ပြောလိုက်သည်။ “ရှင်းရှင်းပြောရလို့ရှိရင် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို ကျင့်ကြံထားလို့ ငါ့အနေနဲ့ ဘာအဆင့်တစ်ဆို့တဲ့ အခြေအနေမျိုးနဲ့မှ မကြုံတွေ့သင့်ဘူး… မင်းကိုယ်တိုင်လည်း ဒီကျင့်စဉ်ကို လေ့လာဖူးတာပဲ… ငါ ဘာပြောချင်လဲ မင်းနားလည်မှာပေါ့…”
ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ သူသည်လည်း ဤကျင့်စဉ်ကို သေချာ လေ့လာကြည့်ခဲ့ဖူးသည်။ ကျင့်စဉ်ကိုယ်တိုင်က အလွန်ကိုမှ အစွမ်းထက်သည်ဟုလည်း ရန်ကိုင် ခံစားခဲ့ရသည်။ ထိုကျင့်စဉ်သည် စွမ်းအင်ရှိသည့် မည်သည့်အရာကိုမဆို စုပ်ယူဝါးမျိုပစ်နိုင်ပေသည်။ ထို့အတွက်ကြောင့် သီအိုရီအရ ဤလောကကြီးတွင် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ မဝါးမျိုနိုင်သည့် အရာဆို၍ ဘာမှမရှိချေ။ ထို့အပြင် ဤကျင့်စဉ်ကို ကျင့်ကြံရာ၌ မည်သည့်အဆင့်တစ်ဆို့သည့် အတားအဆီးနှင့်မှလည်း ကြုံရလိမ့်မည်မဟုတ်။
သို့သော်ငြား ကျောက်တုံးကိုယ်ပွားကမူ သူ အဆင့်တစ်ဆို့သည့် အတားအဆီးနှင့် ကြုံနေရသည်ဟု ပြောလာခဲ့လေသည်။ ဤသည်မှာ လုံးဝကို ပုံမှန်မဟုတ်။
“ဒီအဆင့်တစ်ဆို့တဲ့ အတားအဆီးက ကျင့်ကြံခြင်းနဲ့လည်း ဘာမှမဆိုင်ဘူး… အခွင့်အလမ်းတွေနဲ့လည်း ဘာမှမဆိုင်ဘူးလို့ ငါခံစားနေရတယ်… ဝူမုန်ချွမ် မင်းကို ပေးလိုက်တဲ့ ကျင့်စဉ်က ပြည့်ကောပြည့်စုံရဲ့လား…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင့်စိတ်ထဲ မယုံသင်္ကာ ဖြစ်သွားခဲ့လေသည်။
ဝူမုန်ချွမ်ပေးလိုက်သည့် ကောင်းကင်ဝါးမျိုခြင်း ကျင့်စဉ်သည်သာ မပြည့်စုံပါက လက်ရှိ ကျောက်တုံးကိုယ်ပွား ဤကဲ့သို့ ဖြစ်နေသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။
သို့ရာတွင် ဝူမုန်ချွမ်သည် မပြည့်စုံသည့် ကျင့်စဉ်ကို ဘာကြောင့်များ သူ့အား သင်ပေးခဲ့ရလေသနည်း။ ရန်ကိုင်မှ သူ့အသက်ကို ကယ်ပေးခဲ့သည့် အသက်ကယ်ကျေးဇူးကို ပြန်ဆပ်လိုလျှင်ပင် တန်ဖိုးမှာ အလွန်ကိုမှ မြင့်မားလွန်းနေသည်။ ဤကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသသည် ကြယ်တာရာအစုအဝေးထဲတွင် နံပတ်တစ်ကျင့်စဉ်တစ်ခု ဖြစ်လေသည်။ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်သည် ဤကျင့်စဉ်၏အကူအညီဖြင့် ကြယ်တာရာအစုအဝေး၏ နံပတ်တစ်နေရာသို့ တက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် ပညာရှင်တိုင်း ဧကရာဇ်တိုင်းသည် ဤကျင့်စဉ်အား လိုချင်ကြပေသည်။
ယခု သေချာ ပြန်စဉ်းစားကြည့်လိုက်သော် ထိုစဉ်က အဖြစ်အပျက်များမှာ အလွန်ကိုမှ သံသယဝင်စရာ ကောင်းကြောင်း ရန်ကိုင် တွေ့ရှိသွားခဲ့ရသည်။
“ဒီကြယ်ပျက်ပင်လယ် ပိတ်သွားတာနဲ့ ငှက်မွေးပြာဂိုဏ်းဆီသွားပြီးတော့ ဝူမုန်ချွမ်ကို ဒီအကြောင်းသွားမေးကြတာပေါ့…” တစ်ခဏမျှ စဉ်းစားနေပြီးနောက် ရန်ကိုင်က ပြောလိုက်လေသည်။
ယခင်က ရန်ကိုင်သည် ဝူမုန်ချွမ်ကို ကြောက်ခဲ့ရလေသည်။ ပထမဦးစွာ ဝူမုန်ချွမ်သည် သာမန်လူတစ်ဦးမဟုတ်။ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်၏ မျိုးဆက်တစ်ဦး ဖြစ်သည်။ ထို့အပြင် ဝူမုန်ချွမ်၌ ဝှက်ဖဲများစွာ ရှိနေသလို အရေးအကြီးဆုံးမှာ သူသည် ရန်ကိုင်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းပေသည်။
ယခုမူ ထိုကဲ့သို့ မဟုတ်တော့ချေ။ အဆင့်တူကျင့်ကြံသူများထဲတွင် ရန်ကိုင် မည်သူ့ကိုမှ မကြောက်။ ထို့အတွက်ကြောင့် ဝူမုန်ချွမ်အနေဖြင့် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားမည်ဆိုလျှင်ပင် ရန်ကိုင်ကတော့ သူ့အား မကြောက်ချေ။
ကြယ်တာရာကောင်းကင်ထဲ ရန်ကိုင် ပျံသန်းနေခဲ့လေ၏။ ဟွာချင်းစီနှင့် ကျန်းရို့ရှီတို့ သူ့ဆီမှ ထွက်သွားခဲ့သည်မှာ တစ်လနီးပါးခန့် ရှိနေခဲ့လေပြီ။
လွန်ခဲ့သော ရက်များအတွင်း ရန်ကိုင်သည် ခြောက်ထောင့်ပုံစံကြယ်စည်းတံဆိပ်၏ အကူအညီကိုယူ၍ ကြယ်အမြုတေများ၏ တည်နေရာကို အာရုံခံကာ ထိုကြယ်အမြုတေများကို သူနှင့် ကျောက်တုံးကိုယ်ပွားတို့မှ စုပ်ယူခဲ့ကြလေသည်။
ကျောက်တုံးကိုယ်ပွားကိုယ်တိုင်တွင်လည်း ကြယ်အမြုတေတစ်ခု ရှိပေသည်။ ၎င်း၏ခန္ဓာကိုယ် အလွန်ကိုမှ ကြီးမားနေရခြင်းမှာ လွင့်မျောတိုက်ကြီးနှင့် ပေါင်းစပ်ထားသည့် အတွက်ကြောင့်ပင်ဖြစ်သည်။ လွင့်မျောတိုက်ကြီးသည် ကြယ်အမြုတေတစ်ခုကို မွေးဖွားပေးခဲ့ပြီး ယခုဆိုလျှင် ကျောက်တုံးကိုယ်ပွားနှင့် လွင့်မျောတိုက်ကြီးတို့မှာ လုံးဝကို ပေါင်းစပ်သွားခဲ့လေပြီ။
လွန်ခဲ့သည့်ရက်များအတွင်း သူတို့စုဆောင်းရရှိခဲ့သည့် ကြယ်အမြုတေများမှာ မပြောပလောက်ချေ။ ထိုရက်များအတွင်း ရန်ကိုင့်အား လာပြဿနာရှာကြသည့် ကျင့်ကြံသူပေါင်းများစွာလည်း ရှိကြပေသည်။ ရန်ကိုင့်လက်ပေါ်ရှိ ကြယ်စည်းတံဆိပ်ကို လိုချင်သည့် အတွက်ကြောင့် ကျင့်ကြံသူပေါင်းများစွာမှာ သူ့အား လာရောက်တိုက်ခိုက်ခဲ့ကြသည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း မည်သည့်လူကိုမှ ပြန်လည်ညှာတာနေခြင်း မရှိဘဲ အကုန်လုံးကို သတ်ပစ်ခဲ့လေသည်။
သို့သော်ငြား ခြောက်ထောင့်ပုံစံ ကြယ်စည်းတံဆိပ်မှာတော့ အဆင့်တက်မည့် အရိပ်အယောင် မပြသေးချေ။ ယခင်ကထက် အနည်းငယ်သာ ပိုမိုတောက်ပလာခဲ့လေသည်။
ယနေ့ ရန်ကိုင်သည် ကြယ်အမြုတေစွမ်းအားအချို့ကို အာရုံခံမိလိုက်ပြီး ထိုအရပ်ဆီသို့ ချက်ချင်း ပြေးထွက်သွားလေသည်။
သွားနေရင်းမှ ရန်ကိုင်သည် အနည်းငယ် ကွဲပြားသော စွမ်းအင်လှိုင်းနှစ်ခုကို အာရုံခံလိုက်ရလေသည်။
ထိုစွမ်းအင်လှိုင်းများနှင့် ရန်ကိုင် ရင်းနှီးပေသည်။ ထိုစွမ်းအင်လှိုင်းများမှာ ကြယ်စည်းတံဆိပ်မှ ထွက်ပေါ်လာနေသည့် စွမ်းအင်လှိုင်းများသာ ဖြစ်ကြပေသည်။ တစ်နည်းဆိုရသော် ရန်ကိုင်ဦးတည်သွားနေသည့် ကြယ်အမြုတေရှိနေသည့် နေရာတွင် အခြားသောလူနှစ်ဦး ရှိနေပေသည်။
ရန်ကိုင်သည် တစ်ခဏမျှ တုံ့ဆိုင်းသွားခဲ့သော်ငြား နောက်ဆုံးတွင် ဆက်သွားရန်သာ ဆုံးဖြတ်လိုက်လေ၏။ ထို့နောက် အရှိန်ကုန်တင်ကာ ထိုလူနှစ်ဦး ရှိနေသည့် နေရာဆီသို့ ပြေးထွက်သွားလေသည်။
မကြာမီတွင် ဧရာမဂြိုလ်သိမ်ကြီးတစ်ခုဆီသို့ ရန်ကိုင်ရောက်လာလေ၏။ ထိုဂြိုလ်သိမ်ကြီးမှာ အနည်းဆုံး မီတာပေါင်း ထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး ကြယ်တာရာကောင်းကင်ထဲ လွင့်မျောနေခဲ့လေသည်။ ရန်ကိုင့်အား အံ့အားသင့်သွားစေသည့် အချက်မှာ ဤဂြိုလ်သိမ်ကြီးဆီမှ အရင်းအမြစ်စွမ်းအားများကို ခံစားနေရသည့် အချက်ပင်လျှင်။ တစ်နည်းဆိုရသော် ကြယ်အမြုတေအစိတ်အပိုင်းအချို့သည် ဤဂြိုလ်သိမ်ကြီးထဲတွင် ရှိနေခဲ့ပြီး ရှိနေသည့် ပမာဏမှာလည်း မနည်းခဲ့ပေ။
ဤသည်မှာ အတော်လေးကိုမှ ထူးဆန်းလှသည်။ ရန်ကိုင် ကြုံတွေ့ခဲ့ဖူးသည့် ကြယ်အမြုတေအားလုံးသည် ပျက်စီးသွားသော ကျင့်ကြံရေးဂြိုလ်များ ရှိနေသည့်နေရာတွင် တွေ့ရခြင်း ဖြစ်ပေသည်။ ယခုကဲ့သို့ ဂြိုလ်သိမ်ပေါ်တွင် တွေ့ရသည့် ကြယ်အမြုတေမျိုးကို တစ်ခါမှ မတွေ့ခဲ့ရဖူးပေ။
လက်ရှိအချိန်တွင် ဂြိုလ်သိမ်ပေါ်၌ လူနှစ်ဦး ရှိနေခဲ့လေသည်။ အမျိုးသားနှင့် အမျိုးသမီးတစ်ဦးပင်။ နှစ်ယောက်စလုံးမှာ တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး မည်မျှကြာအောင် တိုက်ခိုက်နေခဲ့သလဲတော့ မသိ နှစ်ဦးစလုံးမှာ အမောတကော အသက်ရှူနေကြလေသည်။ ရန်ကိုင် ရောက်လာသည့်အချိန်တွင် နှစ်ယောက်စလုံး၏ အရှိန်အဝါမှာ အနည်းငယ် မတည်မငြိမ် ဖြစ်နေခဲ့လေသည်။
အမျိုးသားဝတ်ထားသည့် အဝတ်အစားကို ရန်ကိုင် ရင်းနှီးနေသလို ခံစားလိုက်ရလေသည်။ အမျိုးသားသည် အသက်သုံးဆယ်လောက်ရှိမည့် လူကြီးတစ်ဦး ဖြစ်လေ၏။
အမျိုးသမီးမှာတော့ သေးသေးသွယ်သွယ်မျက်နှာနှင့် ကျော့ရှင်းသည့် ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားခဲ့ပေသည်။ သို့သော်ငြား သူမဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် ရန်ကိုင့်အား မသက်မသာ ဖြစ်စေလေ၏။ သူမ၏အရှိန်အဝါမှာ ပုံမှန်နှင့်မတူ ထူးထူးခြားခြားကို အေးစက်နေလေ၏။
ထိုကဲ့သို့သော အေးစက်မှုမျိုးသည် ရေခဲဓာတ်ကို ကျင့်ကြံရင်းမှ ထွက်ပေါ်လာသည့် အအေးဓာတ်မျိုးနှင့် မတူချေ။ ဤအမျိုးသမီးဆီမှ ထွက်ပေါ်နေသည့် အအေးဓာတ်မှာ အခြားသူများ သူမအနားသို့ ကပ်မလာအောင် တွန်းဖယ်နေသလိုမျိုးပင်။ တစ်နည်းဆိုရသော် ဤအမျိုးသမီးသည် ဤလောကကြီးနှင့် လားလားမျှ မသက်သည့်လူတစ်ဦး ဖြစ်နေသလိုလိုပင်။
နှစ်ဦးစလုံးမှာ ရေကုန်ရေခမ်း တိုက်ခိုက်နေခဲ့ကြသော်ငြား ရန်ကိုင် ရုတ်တရက် ပေါ်လာသည်ကိုမြင်သည်နှင့် နှစ်ယောက်စလုံး ထိတ်လန့်သွားခဲ့ကြလေသည်။ အသီးသီး နောက်ပြန်ဆုတ်လိုက်ကြပြီး ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လာကြလေ၏။
ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်၍ ရန်ကိုင်သည် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးမှန်း သိလိုက်သော် နှစ်ဦးစလုံး၏အမူအယာ လေးနက်တည်ကြည်သွားခဲ့ကြလေသည်။ သူတို့နှစ်ဦးလုံးမှာ တာအိုသခင်ဒုတိယအဆင့်များသာ ဖြစ်ကြပြီး အချိန်အတော်ကြာအောင် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်လေသည်။ ယခုနေသာ ရန်ကိုင်မှ သူတို့အား တိုက်ခိုက်မည်ဆိုပါက သူတို့နှစ်ဦးစလုံး မည်သို့မျှ ပြန်လည်ခုခံနိုင်လိမ့်မည်မဟုတ်ချေ။
ရန်ကိုင်သည် ထိုနှစ်ဦးအား ထူးမခြားနားဟန်ဖြင့် လှမ်းကြည့်လိုက်ပြီးသည့်နောက် သူတို့၏လက်ခုံဆီသို့ လှမ်းကြည့်လိုက်လေသည်။ အံ့အားသင့်ဖွယ်ကောင်းစွာပင် နှစ်ယောက်စလုံး၏ လက်ခုံပေါ်၌ ငါးထောင့်ပုံစံ ကြယ်စည်းတံဆိပ်များ ရှိနေကြောင်း တွေ့လိုက်ရသည်။
ရန်ကိုင် သိသလောက်ဆိုလျှင် ဤကြယ်ပျက်ပင်လယ်ထဲ၌ ငါးထောင့်ပုံစံ ကြယ်စည်းတံဆိပ်များအား ပိုင်ဆိုင်ထားသည့်လူ များများစားစား မရှိချေ။ အများစု ပိုင်ဆိုင်ထားသည်မှာ သုံးထောင့်နှင့် လေးထောင့်ကြယ်စည်းတံဆိပ်များသာ ဖြစ်ကြသည်။ ထိုနှစ်ဦးသည် ငါးထောင့်ပုံစံကြယ်စည်းတံဆိပ်များကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် ကြယ်ပျက်ပင်လယ်ထဲ၌ လူပေါင်းများစွာကို သူတို့ သတ်ဖြတ်ခဲ့ရပေလိမ့်မည်။
(ဒီကောင်တွေက လူကောင်းတွေ မဟုတ်ဘူးပဲ…) ရန်ကိုင်က တွေးလိုက်လေသည်။
ရန်ကိုင်ဘာမှမပြောဘဲ ရပ်နေသည်ကိုမြင်သော် အမျိုးသမီးနှင့် အမျိုးသားတို့ ဖိအားဝင်လာခဲ့ကြလေသည်။ အမျိုးသမီးသည် ဆက်၍ မအောင့်အီးနိုင်တော့သည့်အဆုံး ပြုံးလျက် ရန်ကိုင့်အား ရင်းနှီးဖော်ရွေစွာ ခေါင်းညိတ်ပြလိုက်လေ၏။
သို့သော်ငြား သူမ ဘာမှမပြောနိုင်သေးခင်မှာပင် အမျိုးသားက လက်သီးဆုပ်လျက် ဖြတ်ပြောလိုက်လေသည်။ “နှုတ်ဆက်ပါတယ် ရောင်းရင်း… ကျုပ်က မြောက်ဘက်နယ်မြေ ရမ္မက်ရှာဂိုဏ်းရဲ့ တပည့် ကွမ်းချီပါ… ဒီကရောင်းရင်းကို ဘယ်လိုခေါ်ရမလဲ မသိဘူး…”
“ရမ္မက်ရှာဂိုဏ်း…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။
တစ်ဖက်လူ၏ အင်္ကျီကို ဘာကြောင့် ရင်းနှီးနေပါသလဲဟု ခံစားနေခဲ့ရသည်မှာ အခြားမဟုတ်ဘဲ ထိုလူသည် ရမ္မက်ရှာဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်နေသည့် အတွက်ကြောင့်ပေကိုး။
ရမ္မက်ရှာဂိုဏ်းဟူသည့် နာမည်ကို ကြားကြားချင်း ရန်ကိုင့်ခေါင်းထဲ ပေါ်လာသည့်လူနှစ်ဦးမှာ အရှက်မရှိသည့် သားအဖနှစ်ယောက်ဖြစ်သော ဖုန်းရှီနှင့် ဖုန်းရွှမ်တို့သာ ဖြစ်ကြပေသည်။ ဖအေသည် သူ့ခွန်အားကိုသုံး၍ အားနည်းသူများအား အနိုင်ကျင့်ရသည်ကို ကြိုက်နှစ်သက်ပြီး သားမှာတော့ အဆင့်အတန်းကိုသုံး၍ အခြားသူများအား လိုက်အနိုင်ကျင့်ပေသည်။ ဤကြယ်ပျက်ပင်လယ်ထဲသို့ စရောက်ရောက်ချင်း ဖုန်းရှီကြောင့်ပင်လျှင် ရန်ကိုင် ဒုက္ခလှလှနှင့် တွေ့ခဲ့ရပေသေးသည်။ ထိုဧကရာဇ်အာဏာပိုင်ဓာတ်လုံးသည် ရန်ကိုင့်အသက်ကို နှုတ်ယူလုနီးပါး ဖြစ်ခဲ့ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ရမ္မက်ရှာဂိုဏ်းအား ကြည့်မရဟု ပြောလျှင် မမှားချေ။
ရန်ကိုင့်၏တုံ့ပြန်ပုံကိုမြင်သော် ကွမ်းချီက မျက်ခုံးပင့်လျက် မေးလိုက်လေ၏။ “ရောင်းရင်း… မင်းကလည်း မြောက်ဘက်နယ်မြေကပဲလား…”
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေ၏။ “ငါ မြောက်ဘက်နယ်မြေက ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းနဲ့မဆိုင်ဘူး…”
ရန်ကိုင့်၏ရိုင်းပျပုံကိုမြင်သော် ကွမ်းချီစိတ်ထဲ ဒေါသအနည်းငယ် ထွက်သွားခဲ့လေသည်။ သူ၏ကျင့်ကြံခြင်းမှာ ရန်ကိုင့်ထက်တစ်ဆင့်ပိုနိမ့်သော်ငြား သူကိုယ်တိုင်သည် ရမ္မက်ရှာဂိုဏ်း၏ လက်ရွေးစင်တပည့်တစ်ဦး ဖြစ်သည်။ ကြယ်ပျက်ပင်လယ်ထဲ ဝင်လာနိုင်သည့် အချက်ကိုကြည့်လျှင်ပင် သူ၏ပါရမီမှာ သာမန်မဟုတ်ကြောင်း မြင်တွေ့နိုင်ပေသည်။ အပြင်ဘက်တွင်သာဆိုလျှင်တော့ တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးလောက်ကို ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။ သူ့နာမည်နှင့် ဂိုဏ်းနာမည်ကို ထုတ်ပြောလိုက်လျှင်ပင် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူအများစု သူ့အား တိုက်ခိုက်ရဲတော့လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား ယခုအချိန်တွင် သူသည် ပြိုင်ဘက်တစ်ဦးနှင့် တိုက်ခိုက်နေရခြင်း ဖြစ်ပေသည်။ အချိန်အတော်ကြာအောင် တိုက်ခိုက်လာခဲ့ရသည့် အတွက်ကြောင့် သူ့ခွန်အားမှာ တစ်ဝက်လောက်ပင် မကျန်တော့ချေ။ ထို့အပြင် ရန်ကိုင့်ပုံစံကို ကြည့်ရသည်မှာလည်း ပြောရဆိုရ လွယ်ကူမည့်ပုံမပေါ်။ ထို့အတွက်ကြောင့်ပင်လျှင် အရမ်းကာရော မလှုပ်ရှားသေးဘဲ သူ့ဒေါသကို ချုပ်တည်းထားခဲ့ခြင်း ဖြစ်လေသည်။
ရန်ကိုင့်မှ ကွမ်းချီအား တစ်ချက်ကလေးပင် မျက်နှာသာမပေးသည်ကို မြင်သော် အမျိုးသမီးမှာ ရုတ်တရက် စိတ်သက်သာရာ ရသွားခဲ့လေသည်။
ရန်ကိုင်နှင့် ကွမ်းချီတို့ တစ်ဦးနှင့်တစ်ဦး သိနေမည်ကို သူမ စိတ်ပူနေခြင်း ဖြစ်ပေသည်။ ရန်ကိုင်သာ မြောက်ဘက်နယ်မြေရှိ ရမ္မက်ရှာဂိုဏ်းနှင့် သိနေမည်ဆိုပါက သူမအနေဖြင့် ထွက်ပြေးရုံသာ တတ်နိုင်ပေတော့မည်။
သို့သော်ငြား လက်ရှိအခြေအနေသည် သူမမြင်ချင်နေသည့် အခြေအနေနှင့် ဘာမှမကွာချေ။ ထို့အတွက်ကြောင့် ရုတ်တရက် တခစ်ခစ် အော်ရယ်မောလျက် လှောင်ပြောင်ပြောဆိုလိုက်လေ၏။ “ရမ္မက်ရှာဂိုဏ်းက ဘာမို့လို့လဲ… ကြယ်ပျက်ပင်လယ်ထဲမှာတောင် ရှင့်ဂိုဏ်းနာမည်ကို လာပြောနေရဲသေးတယ်… ရှင်က တကယ်အရေထူတာပဲနော်…”
ပထမဦးဆုံးအကြိမ်၌ ရန့်ကိုင်၏လှောင်ပြောင်ခြင်း ခံခဲ့ရလေသည်။ ယခု ဤအမျိုးသမီးကပါ သူ့အား ထပ်မံလှောင်ပြောင်နေသည်ကို မြင်သော် ကွမ်းချီ၏မျက်နှာ သုန်မှုန်သွားခဲ့လေ၏။
အမျိုးသမီးသည် ကွမ်းချီအား လျစ်လျူရှုထားလိုက်ပြီး ရန်ကိုင့်ဘက်သို့ လှည့်၍ မျက်စိတစ်ဖက် မှိတ်ပြရင်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ညုတုတုလေသံဖြင့် ပြောလိုက်လေသည်။ “စီနီယာအစ်ကိုကို နှုတ်ဆက်ပါတယ်… ဒီဂျူနီယာညီမက အရှေ့ဘက်နယ်မြေက မရဏဂိုဏ်းရဲ့တပည့် ယုယင်ပါ…”
ရန်ကိုင့်၏သူငယ်အိမ် ကျုံ့ဝင်သွားခဲ့ပြီး ပြောလိုက်လေသည်။ “မရဏဂိုဏ်း…”
ယုယင် ကြောင်သွားခဲ့လေသည်။ ရန်ကိုင် ဘာကြောင့် ဤကဲ့သို့ ဖြစ်သွားမှန်းကို သူမနားမလည်။ ထို့အတွက်ကြောင့် သတိထားလျက် ပြန်မေးလိုက်လေသည်။ “စီနီယာအစ်ကို မရဏဂိုဏ်းကို ကြားဖူးတာလား…”
ရန်ကိုင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် စိတ်လှုပ်ရှားမှုကို ဖုံးဖိလိုက်ရင်း ပြုံးကာ ပြန်ပြောလိုက်လေသည်။ “ကြားဖူးတာပေါ့… မရဏဂိုဏ်းက ဒီလောက်နာမည်ကြီးတာ ဘာလို့ အဲ့ဂိုဏ်းအကြောင်းကို မကြားဖူးပဲ နေရမှာလဲ…”
ရန်ကိုင် ထိုကဲ့သို့ ပြောနေသည်ကို ကြားသော် ကွမ်းချီမှာ ဒေါသထွက်လွန်းသဖြင့် သွေးပင်အန်ချင်သွားခဲ့လေသည်။
အစောပိုင်းက ကွမ်းချီမှ သူသည် ရမ္မက်ရှာဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်သည်ဟု ပြောစဉ်က ရန်ကိုင်သည် သူ့အား တစ်ချက်ကလေးမှပင် အရေးမလုပ်ခဲ့ပေ။ သို့ရာတွင် ဤအမျိုးသမီးမှ သူမသည် မရဏဂိုဏ်းမှ လာသည်ဟု ပြောပြလိုက်သော် ရန်ကိုင်မှာ သူမအား မိုးမွှန်အောင် ချီးကျူးတော့လေသည်။ သူတို့နှစ်ဦးအပေါ် ရန်ကိုင့်၏ဆက်ဆံပုံမှာ မိုးနှင့်မြေနှယ် ကွာခြားလွန်းလှသည်။
ကြယ်တာရာအစုအဝေးထဲတွင် မရဏဂိုဏ်းနှင့် ရမ္မက်ရှာဂိုဏ်း နှစ်ဂိုဏ်းစလုံးသည် သူတို့၏ နယ်မြေအသီးသီးထဲတွင် ထိပ်တန်းဂိုဏ်းများ ဖြစ်ကြပေသည်။
သို့သော်ငြား ရန်ကိုင့်၏တုံ့ပြန်ပုံမှာ ကွမ်းချီအား အရှက်ခွဲခံလိုက်ရသလို ခံစားသွားရစေခဲ့လေသည်။ သူ့ခမျာ ဒေါသထွက်လွန်းသည့် အတွက်ကြောင့် သူ့ရှေ့ရှိ လူနှစ်ဦးအား ရက်ရက်စက်စက် တိုက်ခိုက်ကာ သတ်ဖြတ်ချင်စိတ်များပင် ထွက်ပေါ်လာခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၃၈)
ကွမ်းချီ၏ အမြင်အရ ရန်ကိုင်သည် မိန်းမလှလေးများနှင့် တွေ့လျှင် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့သည့် တဏှာရူးတစ်ယောက် ဖြစ်ပေသည်။ ယုယင်အား မိုးမွှန်အောင် ချီးကျူးနေသည့် ပုံစံအရ ရန်ကိုင်သည် ယုယင်၏အလှတွင် နစ်မြောသွားသည်မှာ သေချာသလောက်ရှိသည်။ ယုယင်ဆိုသည့် ကောင်မလေးမှာလည်း မိန်းမကောင်းတစ်ယောက်မဟုတ်ချေ။ ကွမ်းချီရောက်လာစဉ်က တခစ်ခစ်ရယ်သွမ်းသွေးရင်း သူမအား ကြယ်အမြုတေကို ပေးလာစေအောင် ကွမ်းချီအား ဖြားယောင်းဆွဲဆောင်ရန် ကြိုးစားခဲ့လေသည်။ သို့သော်ငြား ကွမ်းချီမှ ငြင်းလိုက်သည့်အခါတွင်တော့ တုံ့ဆိုင်းခြင်းမရှိကို ထတိုက်ခိုက်တော့၏။ ယခုဆိုလျှင်လည်း ရန်ကိုင်ရောက်လာသည်ကို မြင်သည့်အခါ မျက်တောင်တစ်ချက်ပင် မခတ်ပဲ ရန်ကိုင့်အား ဖြားယောင်းသွေးဆောင်ရန် ကြိုးစားနေပြန်လေသည်။ သူမသည် တကယ်ကို ဂုဏ်သိက္ခာမရှိသည့် အရှက်မဲ့သော မိန်းမတစ်ဦး ဖြစ်လေ၏။
ယုယင်က ပြုံးလျက် မေးလိုက်လေသည်။ “စီနီယာအစ်ကို ကျွန်မတို့ မရဏဂိုဏ်းနဲ့ ရင်းနှီးတာလား…”
ယုယင်မှာ သာမန်ကာလျှံကာ မေးခွန်းတစ်ခုကို မေးလိုက်သည့်ပုံစံ ပေါ်နေသော်ငြား တကယ့်တကယ်တွင်တော့ သေချာစစ်ဆေးလိုသည့် ရည်ရွယ်ချက်ဖြင့် မေးလိုက်ခြင်းဖြစ်ပေသည်။ ဤကြယ်ပျက်ပင်လယ်ထဲရှိ မည်သူမျှ ယုံစား၍ရသည့်လူများ မဟုတ်မှန်း ယုယင်သိနေသည်။ ရန်ကိုင်သည် သူမတို့၏ ဂိုဏ်းနာမည်ကို ကြားဖူးနေပြီး သူ့ပုံစံမှာလည်း ဂိုဏ်းအား လေးစားနေသည့် ပုံစံမျိုး ပေါက်နေသော်ငြား ရန်ကိုင်သည် သူမဆီသို့ မကောင်းသည့်ရည်ရွယ်ချက်ဖြင့် မချဉ်းကပ်လာပါဟု မည်သူကများ ပြောနိုင်ပါမည်နည်း။
ထို့အတွက်ကြောင့် ရန်ကိုင် သူမအား အကောက်ကြံနေခြင်းဟုတ်မဟုတ် သေချာလေအောင် အနည်းငယ်လေး ထပ်မေးလိုက်ခြင်း ဖြစ်ပေသည်။ တကယ်တော့ ရန်ကိုင်သာ သူမအပေါ် အကောက်ကြံလာမည်ဆိုပါက ယုယင်အနေဖြင့် မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
“ရင်းနှီးတာပေါ့…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလိုက်လေသည်။ ယုယင် ဘာတွေးနေသလဲ ဆိုသည်ကို သူသိပေသည်။ တစ်ခဏမျှ စဉ်းစားလိုက်ပြီးသည့်နောက် ထပ်ပြောလိုက်လေ၏။ “ငါက တစပြင်ကန္တာရကြယ်စီရင်စုကြီးထဲကနေ လာတာလေ… ဂျူနီယာညီမ အဲ့နေရာအကြောင်းကို ကြားဖူးလားမသိဘူး…”
ထိုစကားကိုကြားသည့်အခါ ယုယင်၏မျက်လုံးလေးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး အံ့အားသင့်နေသည့်လေသံဖြင့် “တစပြင်ကန္တာရ ကြယ်စီရင်စုကြီးလား…”
ရန်ကိုင်က အော်ရယ်မောလျက် ဆက်ပြောလိုက်သည်။ “ဟုတ်တယ်… ဂျူနီယာညီမ အဲ့နေရာအကြောင်း ကြားဖူးတယ်ဆိုရင် စီနီယာအစ်ကိုယင်လဲ့ရှန်းကိုလည်း သိလောက်မှာပေါ့ ဟုတ်တယ်မလား…”
ယင်လဲ့ရှန်းသည် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲမှ ဖြစ်ပေသည်။ လျို့ရှန်းယွင်ကဲ့သို့ပင် သူသည် ထိုကြယ်စီရင်စုကြီး၏ အရှင်သခင်တစ်ပါး ဖြစ်ခဲ့ဖူးသည်။
ကြယ်ပျက်ပင်လယ်ထဲ လျှောက်သွားရင်း အရှေ့ဘက်နယ်မြေရှိ မရဏဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးနှင့် လာတိုးလာရလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။
ရွက်တစ်ထောင်ဂိုဏ်းမှ ထွက်လာစဉ်က ရန်ကိုင်သည် မရဏဂိုဏ်းသို့ သွား၍ ယင်လဲ့ရှန်းကိုရှာကာ ရှောင်ရှောင်အကြောင်းမေးရန် တွေးထားခဲ့လေသည်။ သို့သော်ငြား လက်တွေ့မှာ ထင်ထားသလို ဖြစ်မလာခဲ့ချေ။ မရဏဂိုဏ်းဆီသို့ မရောက်သေးခင်မှာပင် ဟင်းလင်းပြင်ဝဲကတော့ကြီး၏ ဆွဲခေါ်ခြင်းခံရကာ ဟင်းလင်းပြင်ကမ္ဘာကြီးထဲသို့ ရောက်သွားခဲ့ရသည်။ ထို့နောက် ထိုထဲမှ ပြန်ထွက်လာသည့် အခါတွင်လည်း မြောက်ဘက်နယ်မြေသို့ ရောက်သွားခဲ့လေသည်။
ကံကောင်းစွာဖြင့် လက်ရှိအချိန်တွင် ရန်ကိုင်သည် မရဏဂိုဏ်းမှ ဂိုဏ်းသူတစ်ဦးနှင့် ပက်ပင်းလာတိုးလေ၏။
ကံကောင်းထောက်မ၍ ယင်လဲ့ရှန်းသာ ကြယ်ပျက်ပင်လယ်ထဲသို့ ရောက်နေမည်ဆိုပါက ယုယင်မှတစ်ဆင့် ယင်လဲ့ရှန်းရှိနေသည့်နေရာအား သိနိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။
(ရှောင်ရှောင်ကို ရှာချင်တယ်ဆိုလို့ရှိရင် ယင်လဲ့ရှန်းကနေ အရင်ဆုံးစမှ ရလိမ့်မယ်) ချက်ချင်းဆိုသလို ယုယင်အား ကြည့်နေသည့် ရန်ကိုင့်၏အကြည့်မှာ မီးတောက်လာခဲ့လေသည်။
ယုယင်မှာလည်း ထိုအချက်ကို သတိပြုမိသွားခဲ့ပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုယင်က ကျွန်မအပေါ် အရမ်းကောင်းတာ…”
“စီနီယာအစ်ကိုလား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး အံ့အားသင့်နေသည့်လေသံဖြင့် ပြန်မေးလိုက်လေသည်။ ယင်လဲ့ရှန်း ကြယ်တာရာအစုအဝေးထဲသို့ ရောက်သည်မှာ ၆နှစ် ၇နှစ်သာ ရှိလောက်ပေသေးသည်။ ထိုအချိန်အတောအတွင်း သူ့အနေဖြင့် စီနီယာအစ်ကိုတစ်ဦး ဖြစ်မလာသင့်လောက်ပေ။
ယုယင်သည် တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သို့သော်ငြား သူမကဲ့သို့ လူမျိုးသည်ပင်လျှင် ယင်လဲ့ရှန်းအား စီနီယာအစ်ကိုဟု ခေါ်ဝေါ်နေပုံကို ထောက်ရှုကြည့်လျှင် ယင်လဲ့ရှန်း၏ ကျင့်ကြံခြင်းသည် သူမထက်ပို၍ မြင့်မားရပေလိမ့်မည်။
“ဟုတ်တယ်လေ…” ယုယင်က ပြုံးလျက် “စီနီယာအစ်ကိုယင်က ဂိုဏ်းထဲကို နောက်ကျမှ ဝင်လာတာဆိုပေမဲ့ သူ့အရည်အချင်းက အရမ်းကောင်းတာ… ဂိုဏ်းချုပ်ကတောင် သူ့ကိုသဘောကျလို့ တပည့်အဖြစ် လက်ခံလိုက်သေးတယ်… အခုဆိုရင် သူ့ကျင့်ကြံခြင်းက တာအိုသခင် တတိယအဆင့်ကိုတောင် ရောက်နေပြီ…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင် သက်ပြင်းချမိသွားခဲ့လေသည်။
ယင်လဲ့ရှန်းသည် ဤမျှ အချိန်တိုအတွင်း တာအိုသခင် တတိယအဆင့်သို့ ရောက်အောင် တက်လှမ်းနိုင်ခဲ့သည်။ သူ့ကျင့်ကြံနှုန်းမှာ အတော်လေးကိုမှ မြန်နေပြီဟု ထင်မိခဲ့သော်ငြား ယင်လဲ့ရှန်း၏ ကျင့်ကြံနှုန်းမှာလည်း သူ့အောက်နိမ့်ကျခြင်းမရှိကြောင်း တွေ့ရှိလိုက်ရလေသည်။
အိုင်းအောင်၊ ချီယွဲ့နှင့် အခြားသူများ၏ လက်ရှိကျင့်ကြံခြင်းနှုန်းဖြင့် ယှဉ်ကြည့်လိုက်သော် ယင်လဲ့ရှန်း၏အမြန်နှုန်းမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။
ယုယင်က ပြုံးလျက် ဆက်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုယင်က အဆင့်နိမ့်ကြယ်စီရင်စုက ကြယ်သခင်တစ်ယောက်လေ… ဒီတော့ ဂိုဏ်းချုပ်က သူ့ကို ပစားပေးထားတာ… ကျင့်ကြံဖို့ လိုအပ်သမျှ အရင်းအမြစ်တွေကိုတောင် ထောက်ပံ့ပေးတာ… ဒါပေမဲ့ အဲ့လိုဆိုရင်တောင် ဒီလောက်အချိန်တိုလေးနဲ့ တာအိုသခင် တတိယအဆင့်ကို ရောက်လာတယ်ဆိုတာ လုံးဝကို အံ့ဩစရာပဲ… သူဂိုဏ်းထဲဝင်လာတုန်းက ကျွန်မလည်း တာအိုသခင် ပထမအဆင့်ပဲရှိသေးတာ… ဒါပေမဲ့အခုတော့… ဟင်း ဟင်း…”
ထိုသို့ပြောနေပြီးသည့်နောက် ယင်လဲ့ရှန်းနှင့် ယှဉ်လိုက်သော် သူမကိုယ်သူမ နိမ့်ကျသည်ဟု ခံစားနေရသည့်အလား သူမ၏မျက်နှာထက် ဝမ်းနည်းသည့် အမူအယာတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“စီနီယာအစ်ကိုယင်ရဲ့ အရည်အချင်းက လုံးဝကို ပုံမှန်မဟုတ်ဘူး… သူက ငါအလေးစားရဆုံး လူတွေထဲက တစ်ယောက်ပဲ… သူ တာအိုသခင်တတိယအဆင့်ကို ရောက်သွားပြီလို့ ကြားရတာ ငါတကယ်ဝမ်းသာတယ်…” ရန်ကိုင်သည် သူ့ရင်ထဲရှိ ရွံရှာစက်ဆုပ်သည့် ခံစားချက်ကို ဖိနှိပ်ရင်း ချီးမွမ်းပြောဆိုလိုက်လေသည်။
လက်ရှိအချိန်တွင် ယုယင်သည် ရန်ကိုင့်အား သံသယမဝင်တော့ချေ။ ရန်ကိုင်မှ တစ်စပြင်ကန္တာရကြယ်စီရင်ကြီးနှင့် ယင်လဲ့ရှန်းအကြောင်း စပြောလိုက်စဉ်တည်းက ဖြစ်ပေသည်။ ရန်ကိုင်သာ ယင်လဲ့ရှန်းနှင့် မသိလျှင် ဘာကြောင့်များ သူ့အကြောင်းကို သိနေရမည်နည်း။
“စီနီယာအစ်ကို ကိုယ်တိုင်လည်း တာအိုသခင်တတိယအဆင့်ပဲ မဟုတ်ဘူးလား… ဂျူနီယာညီမရဲ့ အမြင်အရဆိုရင် စီနီယာအစ်ကိုကလည်း စီနီယာအစ်ကိုယင်အောက် မနိမ့်ကျပါဘူး…” ယုယင်က ပြုံးကာ ပြောလိုက်လေသည်။
“ငါ့ကိုယ်ငါတော့ စီနီယာအစ်ကိုယင်နဲ့ သွားမယှဉ်ရဲပါဘူး… ငါ ဒီအဆင့်ထိရောက်လာတယ်ဆိုတာ ကံကောင်းမှုတစ်ခုနဲ့ ကြုံခဲ့ရလို့ပဲ… ဒီတိုင်း ပုံမှန်ကျင့်ကြံသွားမယ်ဆိုရင် စီနီယာအစ်ကိုယင်ကို ဘယ်လိုမှ မီမှာမဟုတ်ဘူး… တကယ့်တကယ်ဆိုရင် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲမှာ ရှိတုန်းက စီနီယာအစ်ကိုယင်က ငါ့ကို အများကြီးကူညီပေးခဲ့တာ… ရှင်းရှင်းပြောရရင် သူ့ကြောင့်ပဲ ငါ ကြယ်တာရာအစုအဝေးထဲကို ရောက်လာတာလို့ ပြောလို့ရတယ်… အစကတော့ သူနဲ့အတူ မရဏဂိုဏ်းထဲ ဝင်မလို့ပဲ… ဒါပေမဲ့ ကြယ်တာရာလမ်းကြောင်း ပျက်စီးသွားတဲ့အချိန် တောင်ဘက်နယ်မြေကို ရောက်သွားမယ်လို့ မထင်ထားဘူး… အဲ့အချိန်တည်းကစပြီး မရဏဂိုဏ်းကို ဝင်ဖို့ ဘယ်လိုမှ အခွင့်အရေး မရတော့တာ…”
“စီနီယာအစ်ကိုကလည်း ဂိုဏ်းထဲဝင်မလို့လား…” ယုယင်သည် ရန်ကိုင့်အား အံ့အားသင့်တကြီးဖြင့် ကြည့်၍ မေးလိုက်လေသည်။ “ဒါဆိုရင် စီနီယာအစ်ကိုအကြောင်းကို စီနီယာအစ်ကိုယင်ဆီကနေ ဘာလို့ တစ်ခါမှ မကြားရတာလဲ…”
သူမလေသံကို ကြည့်ရသလောက် ယင်လဲ့ရှန်းအကြောင်း အတော်လေး သိသည့်ပုံပင်။
ရန်ကိုင်က ပြုံးကာရှင်းပြလိုက်လေသည်။ “စီနီယာအစ်ကိုယင်ကတော့ ငါသေသွားပြီလို့ ထင်နေတာနေမှာပေါ့… အဲ့တုန်းက ငါကိုယ်တိုင်ကလည်း ဒဏ်ရာဆိုးဆိုးရွားရွား ရထားတာလေ… ဒါပေမဲ့ မသေရုံတင်မဟုတ်ဘူး အခုလိုမျိုးပါ ဖြစ်လာလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားခဲ့ဘူး…”
“အဲ့လိုကိုး…” ယုယင် ခေါင်းညိတ်လိုက်လေသည်။
ရန်ကိုင်က ချက်ချင်း ခေါင်းစဉ်ပြောင်းလိုက်လေ၏။ “ဒါနဲ့ စီနီယာအစ်ကိုယင်ကရော ကြယ်ပျက်ပင်လယ်ထဲမှာလား…”
“ဟုတ်တယ်… ဒီထဲကို ကျွန်မတို့ဂိုဏ်းက လူဆယ့်နှစ်ယောက် ရောက်လာခဲ့တာ… စီနီယာအစ်ကိုယင်က မပါမဖြစ်ပေါ့…” ယုယင်က ပြန်ပြောလိုက်လေသည်။
“အဲ့ဒါကောင်းတယ်…” ရန်ကိုင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေ၏။ “အစကတော့ အရှေ့ဘက်နယ်မြေကိုသွားပြီး စီနီယာအစ်ကိုယင်နဲ့ ကိုယ်တိုင်သွားတွေ့မလို့ပဲ… ဒါပေမဲ့ အရှေ့ဘက်နယ်မြေက ဝေးလွန်းနေတာက ဆိုးတာ… ကံကောင်းထောက်မစွာနဲ့ပဲ ဒီကြယ်ပျက်ပင်လယ်ထဲမှာ ဂျူနီယာညီမယုနဲ့ လာတွေ့မယ်လို့ မထင်ထားဘူး… ကြည့်ရတာ ငါတို့ကိုယ်တိုင်ကကို ရေစက်ပါတာနဲ့တူတယ်…”
ယုယင်က တခစ်ခစ်ရယ်မောလျက် ထပ်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုနဲ့ ဒီနေရာမှာတွေ့ရတာကိုက ဂျူနီယာညီမယုရဲ့ကံပါ… ဒါနဲ့ စီနီယာအစ်ကိုကို ဘယ်လိုခေါ်ရမလဲမသိဘူး…”
“ဖုန်းတဲ့… ငါ့နာမည်က ဖုန်းတဲ့ပဲ…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
ဖုန်းတဲ့သည် ထိုစဉ်က ကြယ်တာရာလမ်းကြောင်းထဲတွင် ယင်လဲ့ရှန်းနှင့်အတူ ရှိခဲ့သည့် ခေါင်းပြောင်ပြောင် လူထွားကြီး ဖြစ်ပေသည်။ လျို့ရှန်းယွင်ကဲ့သို့ပင် သူသည်လည်း တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲမှ လာခြင်းဖြစ်ပေသည်။ သို့သော်ငြား ကြယ်တာရာလမ်းကြောင်းထဲ၌ ရန်ကိုင့်၏ သတ်ဖြတ်ခြင်း ခံခဲ့ရပေသည်။ ရန်ကိုင်သည် သူ့ကိုယ်သူ တစ်စပြင် ကန္တာရကြယ်စီရင်စုကြီးထဲမှ လာသည်ဟု ဟန်ဆောင်မည်ဖြစ်သည့်အတွက်ကြောင့် ဖုန်းတဲ့၏နာမည်ကို ယူသုံးလိုက်ခြင်း ဖြစ်လေသည်။
ဖုန်းတဲ့ သေရာမှ ပြန်ရှင်လာသည် ဆိုသည့်အကြောင်းကိုသာ ကြားသွားမည်ဆိုပါက ယင်လဲ့ရှန်း မည်ကဲ့သို့ ဖြစ်သွားမလဲ ဆိုသည်ကို ရန်ကိုင် အတော်လေး သိချင်နေမိသည်။
“စီနီယာအစ်ကိုဖုန်းကို နှုတ်ဆက်ပါတယ်…” ခဏမျှ စကားပြောနေပြီးသည့်နောက်တွင် ယုယင်သည် ရန်ကိုင့်အား သံသယမဝင်တော့ချေ။ ထို့အစား ရင်းရင်းနှီးနှီးပင် ဆက်ဆံလာခဲ့သည်။ ထို့နောက်တွင် သူမ၏မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး မေးလိုက်လေသည်။ “စီနီယာအစ်ကိုဖုန်း… ကျွန်မတို့ဂိုဏ်းထဲကို ဝင်ဖို့ စိတ်ဝင်စားသေးလား… ဒါမှမဟုတ် စီနီယာအစ်ကိုဖုန်းက အခြားဂိုဏ်းတစ်ခုထဲကို ဝင်ပြီးသွားပြီလား…”
ရန်ကိုင်က ချက်ချင်းပြောလိုက်လေ၏။ “တစ်ခြားဂိုဏ်းတစ်ဂိုဏ်းကတော့ ဝင်ဖူးတယ်… ဒါပေမဲ့ အဲ့ဂိုဏ်းထဲကို ဝင်ပြီး မကြာဘူး ဂိုဏ်းတစ်ခုလုံးက ဖျက်ဆီးခံလိုက်ရတယ်… အဲ့နောက်ပိုင်း ငါ့ဘာသာငါ တစ်ယောက်တည်း လျှောက်သွားနေတော့တာ…” ထိုသို့ပြောနေရင်း ယုယင်အား မျှော်လင့်တကြီးဖြင့် ကြည့်လျက် “ရှင်းရှင်းပြောရရင်တော့ မရဏဂိုဏ်းထဲကို ဝင်လို့ရမယ်ဆိုရင် ဝင်ချင်တယ်… ဒါပေမဲ့ စီနီယာအစ်ကိုယင်နဲ့ တစ်ခါမှ တွေ့ခွင့်မရတော့ ဂိုဏ်းထဲဝင်မယ်ဆိုလို့ရှိရင် ထောက်ခံပေးမဲ့သူ ရှိပါ့မလား စဉ်းစားနေတာ…”
ထိုစကားကိုကြားသော် ယုယင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “အဲ့ကိစ္စက ဘာမှမခက်ပါဘူး… ဒီကကိစ္စပြီးတာနဲ့ ဂျူနီယာညီမ စီနီယာအစ်ကိုကို စီနီယာအစ်ကိုယင်ဆီ ခေါ်သွားပေးမယ်… စီနီယာအစ်ကိုယင်နဲ့ တွေ့တဲ့အခါကျရင်တော့ ကိုယ်တိုင်မေးကြည့်လိုက်ပေါ့… သူ ငြင်းမယ်လို့တော့ မထင်ပါဘူး…”
“တကယ်လား…” ရန်ကိုင် ဝမ်းသာသွားခဲ့လေသည်။
“တကယ်ပေါ့… ဂျူနီယာညီမက ဘာဖြစ်လို့ လိမ်ရမှာလဲ…” ယုယင်သည် ရန်ကိုင့်ဆီသို့ ပျံသန်းလာခဲ့ပြီး သူ့ခန္ဓာကိုယ်နားသို့ ကပ်လျက် အဓိပ္ပာယ်ပါပါမေးလိုက်လေသည်။ “စီနီယာအစ်ကိုဖုန်း ဂိုဏ်းထဲဝင်လာလို့ရှိရင် ဂျူနီယာညီမကို စောင့်ရှောက်ပေးဖို့ မမေ့နဲ့ဦးနော်…”
ရန်ကိုင်သည် တဏှာရမ္မက်ကြီးသည့် အမူအယာဖြင့် ချက်ချင်း သဘောတူလိုက်လေသည်။ “မရဏဂိုဏ်းထဲသာ ဝင်လို့ရမယ်ဆိုရင် ဂျူနီယာညီမယုက ငါ့ရဲ့ကျေးဇူးရှင်ဖြစ်လာမှာ… ဒီဖုန်းက ဂျူနီယာညီမယုကို ဘယ်တော့မှ အပြင်လူလို ဆက်ဆံမှာမဟုတ်ဘူး…”
ယုယင်က တခစ်ခစ် ရယ်သွမ်းသွေးလျက် “အဲ့ဒါဆိုရင် စီနီယာအစ်ကိုဖုန်းကို ကြိုပြီး ကျေးဇူးတင်ထားရတာပေါ့…”
ပေါက်ပေါက်ဖောက်သည့်အလား စကားပြောဆိုနေကြသည့် ရန်ကိုင်နှင့်ယုယင်တို့ကြည့်ရင်း အနီးအနားတွင်ရှိနေသော ကွမ်းချီ၏မျက်နှာကြီး မှုန်ကုပ်လာခဲ့လေသည်။
ရန်ကိုင်မှ တစပြင်ကန္တာရကြယ်စီရင်စုကြီးထဲမှ လာသည်ဟု ပြောလိုက်စဉ်တည်းက တစ်ခုခု မှားယွင်းနေပြီမှန်း ကွမ်းချီနားလည်သွားခဲ့သည်။ ထို့နောက် ရန်ကိုင် ယုယင်နှင့် တရင်းတနှီး ပြောဆိုနေသည်ကို မြင်သော် ကွမ်းချီစိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာခဲ့လေ၏။
ကွမ်းချီကိုယ်တိုင်မှာ ယုယင်နှင့် တစ်ယောက်ချင်း ယှဉ်တိုက်ရမည်ဆိုပါက အဆင်ပြေသေးပါသော်ငြား ရန်ကိုင်သာ ဝင်ပါလာမည်ဆိုလျှင်တော့ လုံးဝ နိုင်နိုင်ချေ မရှိတော့ချေ။ ထို့အပြင် ရန်ကိုင့်၏ပုံစံကို ကြည့်ရသလောက် ရမ္မက်ရှာဂိုဏ်းအား အမြင်မကြည်သည့်ပုံပင်။ သူသည် ရမ္မက်ရှာဂိုဏ်း၏ ဂိုဏ်းသားတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဤနေရာမှ ထွက်သွားသည်မှာ အကောင်းဆုံးဖြစ်ပေသည်။ သို့သော်ငြား ရန်ကိုင်နှင့် ယုယင်တို့ သူ့အား ချက်ချင်း တိုက်ခိုက်လာမည်ကို ကြောက်ရွံ့သည့်အတွက်ကြောင့် မဆင်မခြင် မလှုပ်ရှားရဲခဲ့ပေ။
သို့ရာတွင် ဤနေရာမှ ထွက်မသွားပါက သူ့အနေဖြင့် ဘာများ လုပ်နိုင်ပါမည်နည်း။
ထိုအချက်ကို စဉ်းစားမိလိုက်သော် အံကို တင်းတင်းကြိတ်လျက် လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “ရောင်းရင်းတို့ ဆက်ပြီး စကားပြောနေလိုက်ပါ… ဒီကွမ်း သွားလိုက်ပါဦးမယ်…”
ပြောပြီးသည့်နောက် ပျံထွက်သွားရန် ပြင်ဆင်လိုက်လေသည်။
ထိုစဉ် တပြုံးပြုံးဖြင့် ရန်ကိုင်နှင့် စကားပြောနေသော ယုယင်သည် ရုတ်တရက် အေးစက်စက်အမူအယာဖြင့် လှမ်းအော်ပြောလိုက်လေ၏။ “နင် ဘယ်ကိုသွားဖို့ ကြံနေတာလဲ…”
ထိုကဲ့သို့ အော်ဟစ်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သူမလက်ကိုမြှောက်၍ ကွမ်းချီရှိနေသည့်ဘက်သို့ ခုတ်ချလိုက်ရာ တစ္ဆေလက်သည်းတစ်ခု ထွက်ပေါ်လာပြီး ကွမ်းချီဆီသို့ တိုးဝင်သွားခဲ့လေသည်။
ထိုအချင်းအရာကို မြင်သည့်အခါ ကွမ်းချီ၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး တိုးဝင်လာနေသည့် တစ္ဆေလက်သည်းတည့်တည့်သို့ လက်သီးချက်များ ပစ်သွင်းလိုက်လေ၏။
နားပင်းမတတ် ပေါက်ကွဲသံများနှင့်အတူ တိုက်ခိုက်မှုနှစ်ခုမှာ တစ်ခုကိုတစ်ခု ချေဖျက်သွားခဲ့လေသည်။
သို့သော်ငြား ယုယင်မှ ဤကဲ့သို့ တားထားသည့်အတွက်ကြောင့် ကွမ်းချီမှာ ထွက်မသွားရဲတော့ချေ။
“စီနီယာအစ်ကိုဖုန်း…” ရုတ်တရက် ယုယန်သည် ရန်ကိုင့်အား ညုတုတုအမူအယာဖြင့် ခြေဆောင့်ကာ လှမ်းခေါ်လိုက်လေသည်။ “သူ ကျွန်မကို အနိုင်ကျင့်နေတယ်… စီနီယာအစ်ကိုဖုန်း ဒီတိုင်းပဲ ရပ်ကြည့်နေတော့မှာလား…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင့်တစ်ကိုယ်လုံး ကြက်သီးမွေးညှင်း ထသွားခဲ့ပြီး ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲသွားခဲ့လေသည်။ သူ့ရင်ထဲရှိ ရွံရှာစက်ဆုပ်သည့် ခံစားချက်ကို ဖိနှိပ်ရင်း နှာခေါင်းရှုံ့လျက် ပြောလိုက်လေသည်။ “ခွေးကောင်လေး… မင်း ငါ့ဂျူနီယာညီမယုကို အနိုင်ကျင့်ရဲတယ်ပေါ့… မင်းအသက်ရှင်ရတာ ငြီးငွေ့နေတာလား…”
သူသည် ရမ္မက်ရှာဂိုဏ်းသားများကို သဘောမတွေ့သော်ငြား နောက်ဆုံးတွင်တော့ သူနှင့် ကွမ်းချီကြား မည်သည့်ရန်ငြိုးမှ မရှိလေပဲ။ ထို့အတွက်ကြောင့် ဘာကြောင့်များ ကွမ်းချီကို အလကားသက်သက် သတ်ပစ်ရမည်နည်း။ ထို့အပြင် အခြားတစ်ကောင်၏ ခွေးတစ်ကောင်အဖြစ် ဆက်ဆံရသည်ကိုလည်း ရန်ကိုင်မကြိုက်နှစ်သက်ပေ။ ယုယင်သည် ရန်ကိုင့်အား သူမကြိုးဆွဲရာအတိုင်း လိုက်ကခိုင်းစေလိုခြင်းဖြစ်ပေသည်။ ထိုကဲ့သို့သောလူမျိုးကို ရန်ကိုင် အလွန်ကိုမှ အမြင်ကပ်ပေ၏။ ထို့အတွက်ကြောင့် ကွမ်းချီအား ခြိမ်းခြောက်စကားပြောလိုက်သည့်တိုင် သူ့ဆီမှ မည်သည့်သတ်ဖြတ်လိုစိတ်မှ ဖြာထွက်လာခဲ့ခြင်း မရှိခဲ့ချေ။
ကွမ်းချီက အံကိုတင်းတင်းကြိတ်၍ ရှင်းပြလိုက်လေသည်။ “ရောင်းရင်းဖုန်း… ရှင်းရှင်းပြောရရင် ဒီကြယ်အမြုတေကို ငါအရင်တွေ့ခဲ့တာ… အဲ့ဒါကို ဒီသခင်မလေးကပဲ လာလုဖို့ ကြိုးစားတာ… ငါ သဘောမတူလို့ တိုက်ပွဲဖြစ်တယ်ထား… ဒါပေမဲ့ သူဘာဒဏ်ရာမှ မရလိုက်ဘူးလေ… ပြီးတော့ ငါဒီကြယ်အမြုတေကိုလည်း မယူတော့ဘူး… ငါဒီကနေ ထွက်သွားချင်ရုံပဲ… ဒါကြောင့် ရောင်းရင်း ငါ့ကို ထွက်သွားခွင့်ပေးဖို့ တောင်းဆိုပါတယ်…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၃၉)
“ဘယ်သူက နင့်ဆီက လုနေလို့လဲ… နင်ပဲ ငါ့ခန္ဓာကိုယ်ကို တဏှာထပြီး ဒီကြယ်အမြုတေကို သုံးပြီး ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားတာလေ… ငါ ငြင်းလိုက်လည်း ငြင်းလိုက်ရော နင့်ဘာသာနင် ဒေါသထွက်ထွက်နဲ့ ငါ့ကို လာတိုက်ခိုက်တာ မဟုတ်ဘူးလား… ကံကောင်းသွားလို့ပေါ့ ငါ့ဘက်ကပြင်ထားတာ… မဟုတ်သာမဟုတ်လို့ရှိရင် ငါ ဆိုးဆိုးရွားရွား ဒဏ်ရာ ရနေလောက်ပြီ….” ယုယင်က မကျေမနပ်ဖြင့် သူမကိုယ်သူမ ပြန်၍ ခုခံကာကွယ်ပြောဆိုလိုက်လေသည်။
ကွမ်းချီသည် ယုယင်အား မျက်လုံးအပြူးသားဖြင့် ကြည့်ရင်း မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။ “နင် တကယ်ကို အရှက်မရှိတာပါလား…”
ယုယင်သည် မှုန်ကုပ်ကုပ် အမူအယာဖြင့် ပြန်အော်ပြောလိုက်လေသည်။ “နင် ငါ့ကို အရှက်မရှိဘူးလို့ ပြောရဲတယ်ပေါ့…”
ကွမ်းချီက ဒေါသတကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “ကြယ်အမြုတေကို ငါအရင်တွေ့တာလေ… နင်ကပဲ လာလုချင်နေတာ မဟုတ်ဘူးလား… ဘာဖြစ်လို့ မလှိမ့်တပတ်နဲ့ နင့်အပြစ်ကို သူများပေါ် လိုက်ပုံချနေတာလဲ…”
ရုတ်တရက်ဆိုသလို ကွမ်းချီနှင့် ယုယင်သည် အတောမသတ်နိုင်အောင်ကို စတင် ငြင်းခုံကြတော့လေသည်။ နှစ်ယောက်စလုံးမှာ ပြောပြီးသားစကားများကို ထပ်တလဲလဲ ပြောဆိုနေကြပါသော်ငြား သူတို့တွင် မည်သည့်သက်သေအထောက်အထားမှ ရှိမနေခဲ့ပေ။ သူတို့ပြောသည်မှာ အမှန်ဖြစ်ပါသည်ဟု သက်သေပြမည့် နည်းလမ်းလည်းမရှိ။
ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ ရပ်ကြည့်နေပေသည်။
(ငါ ထင်တာမှန်မယ်ဆိုရင်တော့ ကွမ်းချီပြောတာ အမှန်ဖြစ်လောက်တယ်… ယုယင်ကကို သူအရင်တွေ့ထားတဲ့ဟာကို သွားလုနေတာ…)
ရန်ကိုင် ဤကဲ့သို့ တွေးရခြင်းမှာ ရှင်းပေသည်။ ကွမ်းချီသည် ကြယ်ပျက်ပင်လယ်ထဲသို့ လာနိုင်သည့်အတွက်ကြောင့် သူ့အရည်အချင်းမှာ အတော်လေးကို ကောင်းမွန်ရပေလိမ့်မည်။ ရှင်းရှင်းပြောရလျှင် ကွမ်းချီသည် ရမ္မက်ရှာဂိုဏ်း၏ လက်ရွေးစင်တပည့်တစ်ဦးဖြစ်ကာ ရမ္မက်ရှာကျင့်စဉ်ကိုလည်း ကျင့်ကြံထားရပေလိမ့်မည်။
ရမ္မက်ရှာကျင့်စဉ်ကို ကျင့်ကြံထားသည့်လူတိုင်းသည် ရမ္မက်တာအိုကို လိုက်စားကြပေသည်။ ထို့အတွက်ကြောင့် ရမ္မက်ရှာဂိုဏ်း၏ လက်ရွေးစင်တပည့်များမှာ တဏှာထသည်ဆိုလျှင်ပင် သူတို့တစ်ယောက်ချင်းစီ၌ မရေမတွက်နိုင်သော မိန်းမများ ကိုယ်လုပ်တော်များ ရှိနေသလို ရမ္မက်ရှာကျင့်စဉ်၏ ပုံစံကြောင့်လည်း မည်သည့်အမျိုးသမီးကိုမှ အတင်းသွားတွန်းအား ပေးနေလိမ့်မည်မဟုတ်ချေ။ သူတို့သာ အမျိုးသမီးတစ်ယောက်ကို လိုချင်သည်ဆိုပါက ထိုအမျိုးသမီးအား သူတို့အပေါ် စိတ်ညွှတ်လာအောင် အရင်ဦးဆုံး ဆွဲဆောင်ပေလိမ့်မည်။
သို့သော်ငြား ယုယင်ကမူ ကွမ်းချီသည် သူမအပေါ် တဏှာထနေသည်ဟု ပြောခဲ့သည်။ မဟုတ်တရုတ် လျှောက်ပြောနေခြင်းသာ ဖြစ်ပေသည်။
ရန်ကိုင်သာ ရမ္မက်ရှာဂိုဏ်း၏ ရမ္မက်ရှာကျင့်စဉ်အကြောင်း သိမထားခဲ့လျှင် မည်သူက အမှန်ပြောလို့ ပြောနေမှန်းကို သိလိမ့်မည်မဟုတ်ချေ။
သို့သော်ငြား ထိုသို့ဆိုလျှင်ပင် နှစ်ယောက်စလုံးမှာ ကောင်းမွန်သည့်လူများ မဟုတ်ကြပေ။ နှစ်ယောက်စလုံးသည် ခွေးနှစ်ကောင်နှယ် အပြန်အလှန် ဟောင်ရင်း ကိုက်နေကြလေ၏။
အချိန်အတော်ကြာအောင် အပြန်အလှန် ငြင်းခုံနေပြီးသည့်နောက်တွင် ယုယင်သည် ရန်ကိုင့်နားသို့ ကပ်လာပြီး သူ့လက်မောင်းကို ဆွဲလားရမ်းလားလုပ်ရင်း တိုးတိုးလေးပြောလိုက်လေ၏။ “စီနီယာအစ်ကိုဖုန်း… သူ ကျွန်မကို အနိုင်ကျင့်နေတယ်….”
ရန်ကိုင်လည်း ဆက်မကြည့်နေနိုင်တော့ချေ။ ထို့အတွက်ကြောင့် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် တိုက်ရိုက်ပြောလိုက်လေ၏။ “ငါ့ဂျူနီယာညီမကို မင်းက လာရန်စတယ်ဆိုမှတော့ ဒီကိစ္စကို ဒီအတိုင်း လွှတ်ပေးလိုက်လို့ မရတော့ဘူး…”
ကွမ်းချီက အံကြိတ်၍ ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်ရင်း ပြန်ပြောလိုက်လေ၏။ “ဒါဆို မင်း ဘာလိုချင်တာလဲ… ရောင်းရင်း မင်းနဲ့ငါကြားမှာ ဘာရန်ငြိုးမှရှိတာမဟုတ်ဘူးနော်… အရမ်းကြီးလွန်မလာနဲ့…”
လက်ရှိကွမ်းချီပုံစံမှာ ကိုယ့်ကိုယ်ကို နှိမ့်ချခြင်းလည်း မရှိသလို အလွန်အကျူး မောက်မာခြင်းလည်း မရှိချေ။ ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ဒါပေမဲ့ ဂျူနီယာညီမယု ဘာဒဏ်ရာမှ ရမသွားတာ မင်းကံကောင်းတယ်မှတ်… မဟုတ်ရင် ငါမင်းအသက်ကို ဒီမှာတင် တစ်ခါတည်း တန်းယူပစ်မှာ…”
ထိုစကားကိုကြားသည့်အခါ ကွမ်းချီ စိတ်သက်သာရာ ရသွားခဲ့လေသည်။ လက်ရှိပုံစံကို ကြည့်ရသလောက် ရန်ကိုင်သည် သူ့အား ကျဉ်းထဲကြပ်ထဲသို့ တွန်းပို့မည့်ပုံမပေါ်။ ထို့အတွက်ကြောင့် ကွမ်းချီမှာ အနည်းငယ်တော့ အံ့အားသင့်မိသွားခဲ့ရပေသေးသည်။
ဤအစုတ်အပြတ်နေရာကြီးတွင် တာအိုသခင်တတိယအဆင့်ကျင့်ကြံသူတစ်ဦးသည် သူ့အား အလွယ်အတကူ သတ်ဖြတ်ပစ်နိုင်ပေသည်။ ထို့အပြင် မည်သို့သော ပဋိပက္ခကြောင့်မဆို သူ့အသက်ကို ဤနေရာတွင် ဆုံးရှုံးနိုင်ရပေ၏။
“ကျွန်မ မထိခိုက်ဘူးလို့ ဘယ်သူပြောလဲ… ကျွန်မရဲ့ နှလုံးသားလေး ဆိုးဆိုးရွားရွားကို ထိခိုက်သွားရတာ.... စီနီယာအစ်ကို မယုံလို့ရှိရင် ကိုယ်တိုင်စစ်ဆေးကြည့်လိုက်…” ယုယင်က လေသံတိုးတိုးဖြင့် ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် ရန်ကိုင့်ရှေ့တည့်တည့်၌ “ကျွန်မက စီနီယာအစ်ကိုရဲ့ အပိုင်” ဟု ပြောနေသည့်ပုံစံမျိုးဖြင့် ရင်ကော့ပေးလိုက်လေသည်။
ရန်ကိုင့်၏နဖူးထက် အရေးအကြောင်းများ ထွက်ပေါ်လာပြီး ချက်ချင်း ပြောလိုက်လေ၏။ “ဒီမှာ အခြားလူတစ်ယောက်ရှိနေတယ်…”
ယုယင်က တခစ်ခစ် ရယ်သွမ်းသွေးလျက် ပြောလိုက်လေသည်။ “စီနီယာအစ်ကိုဖုန်း… ရှင်က တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲနော်…”
ရန်ကိုင်ရှက်သွားသည်ဟု သူမထင်နေခြင်း ဖြစ်ပေသည်။
ရန်ကိုင်က အလျင်အမြန်ပဲ ခေါင်းစဉ်ပြောင်းကာ ကွမ်းချီဘက်သို့ လှည့်၍ အော်ပြောလိုက်လေ၏။ “ဒီလိုလုပ်ကြရအောင်… မင်း တစ်ခုခုချန်ထားခဲ့လိုက်… ငါမင်းကို သွားခွင့်ပေးမယ်…”
“ဘာချန်ထားရမှာလဲ…” ကွမ်းချီ၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင့်၏တောင်းဆိုချက်သာ အလွန်အကျူးမဟုတ်ပါက သူ့အနေဖြင့် သဘောတူနိုင်သေးသော်ငြား အလွန်အကျူး ဖြစ်လာမည်ဆိုလျှင်ပင် သူ့အသက်အား စွန့်စားရမည်ဆိုလျှင်ပင် လုံးဝကို ငြိမ်ခံနိုင်လိမ့်မည်မဟုတ်ချေ။
“မင်းသိုလှောင်လက်စွပ်ကို ထားခဲ့လိုက်…” ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။
ကွမ်းချီအား အသက်ရှင်လျက် လွှတ်ပေးမည့် ရန်ကိုင့်၏အစီအစဉ်ကြောင့် ယုယင်မှာ မပျော်မရွှင် ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင် နောက်ဆက်ပြောလိုက်သည့်စကားကို ကြားပြီးသည့်နောက် သူမ၏မျက်နှာတစ်ပြင်လုံး အပျော်များဖြင့် ဖုံးလွှမ်းသွားခဲ့လေသည်။
ကွမ်းချီသည် ငြိမ်သက်စွာ စဉ်းစားနေလေသည်။ သူ့အနေဖြင့် ရန်ကိုင့်လက်မှ မည်သည့်နည်းနှင့်မျှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်မှန်း သိထားသည့်အတွက်ကြောင့် နောက်ဆုံးတွင် မပေးချင်ပေးချင်ဖြင့် သူ့သိုလှောင်စွပ်ကို ရန်ကိုင့်ဆီသို့ ပစ်ပေးလိုက်လေ၏။
ရန်ကိုင်၏ သိုလှောင်လက်စွပ်အား သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ သိုလှောင်လက်စွပ်ထဲ သူလိုချင်သည့် မည်သည့်ပစ္စည်းမှ ရှိမနေမှန်း တွေ့လိုက်သော် သိုလှောင်လက်စွပ်ကို ယုယင်ဆီသို့ ပေးလိုက်လေ၏။
“ဒီကွမ်း သွားလို့ရပြီလား…” ကွမ်းချီက စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။
“မင်းထွက်သွားလိုက်ပေတော့…” ရန်ကိုင်က အော်ပြောလိုက်လေသည်။
ကွမ်းချီသည် ရန်ကိုင်နှင့် ယုယင်အား ခါးသီးစွာ စိုက်ကြည့်လိုက်ပြီးသည့်နောက် သိုင်းပညာရပ်တစ်မျိုးမျိုးကို ထုတ်သုံးလျက် အရှိန်ကုန်တင်ကာ ထွက်ပြေးသွားလေ၏။
“စီနီယာအစ်ကိုဖုန်း… ရှင်သာ အခုချိန် အလစ်အငိုက် ချောင်းတိုက်ခိုက်လိုက်လို့ရှိရင် သူလုံးဝကို ခုခံနိုင်မှာမဟုတ်ဘူး…” ယုယင်သည် ရန်ကိုင့်နားသို့ တိုးတိုးလေးကပ်ပြောလာရင်း အချိန်မရွေးတိုက်ခိုက်ရန် ပြင်ဆင်နေသည့်အလား သူမ၏အရင်းအမြစ်ချီကို မသိမသာလေး လှည့်ပတ်လိုက်လေသည်။
(ဒီမိန်းမက တကယ်ကို ရက်စက်တာပဲ…) ရန်ကိုင် စိတ်ထဲမှနေ၍ တွေးလိုက်လေသည်။ ယခုအချိန်ထိတိုင် ယုယင်သည် ကွမ်းချီအား အလွတ်ပေးရန် မစဉ်းစားထားပေ။ ကွမ်းချီအား နိုင်မနိုင် မသေချာသည့် အတွက်ကြောင့်သာမဟုတ်လျှင် အစောကြီးတည်းက လှုပ်ရှားလောက်ပေသည်။
သူမခွန်အားဖြင့် ကွမ်းချီအား အနိုင်ယူနိုင် မယူနိုင်သည့်အပေါ် မသေချာသည့် အတွက် ဓါးငှား၍ ကွမ်းချီအား သတ်ဖြတ်ရန် ကြံနေခြင်း ဖြစ်ပေသည်။
သို့သော်ငြား ယုယင် စိတ်ပျက်သွားရသည်မှာ ကွမ်းချီထွက်သွားသည့်အချိန်မှစ၍ သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ရန်ကိုင်သည် တစ်ချက်ကလေးမှကို မလှုပ်ရှားခြင်းပေ။ ထိုကိစ္စနှင့်ပတ်သက်၍ ယုယင်မှာတော့ အတော်လေးကို မကျေမနပ် ဖြစ်နေခဲ့လေသည်။
(အဲ့ကွမ်းချီမှာ ငါးထောင့်ပုံစံကြယ်စည်းတံဆိပ်ရှိနေတာ… ငါသာ သူ့ကို သတ်ပြီးတော့ ကြယ်စည်းတံဆိပ်ကို ယူနိုင်မယ်ဆိုလို့ရှိရင် ငါ့ကြယ်စည်းတံဆိပ် အဆင့်တက်သွားလောက်ပြီ… ဒီလို အခွင့်ကောင်းကြီးကို လက်လွှတ်လိုက်ရတာ နှမြောစရာပဲ…) ကွမ်းချီ၏ သိုလှောင်လက်စွပ်ကို ရလိုက်သည့် ယုယင်၏အပျော်လေး အတော်လေးကို လျော့ကျသွားခဲ့ရလေသည်။
“ရမ္မက်ရှာဂိုဏ်းရဲ့တပည့်တွေက ရန်စလို့ကောင်းတဲ့ လူတွေမဟုတ်ဘူး… သူ့မှာ အခြားဝှက်ဖဲတွေ ရှိရင် ရှိနေနိုင်ဦးမှာ… သူ့ဝှက်ဖဲကိုသာ ထုတ်သုံးလာလို့ရှိရင် ငါတို့အတွက်လည်း လွယ်မှာမဟုတ်ဘူး…” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ရှင်းပြလိုက်လေသည်။
တကယ်တော့ ယုယင်၏ အသုံးချခြင်း မခံလိုသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ယုယင်သာ မပါပဲ သူတစ်ယောက်တည်းသာ ကွမ်းချီနှင့် သွားတိုးမည်ဆိုပါက ယနေ့ကဲ့သို့ အဆုံးသတ်ချင်မှသတ်ပေလိမ့်မည်။
“စီနီယာအစ်ကိုပြောတာ ဟုတ်တယ်နော်…” ယုယင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် ပြုံး၍ ဆက်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုဖုန်းက သေသေချာချာကို စဉ်းစားထားတာပဲ…”
တစ်ချက်ရပ်ပြီးသည့်နောက် မေးလိုက်လေ၏။ “စီနီယာအစ်ကိုဖုန်း… အဲ့သိုလှောင်လက်စွပ်ကလေ…”
“ငါလက်ဆောင်ပေးတာလို့ပဲ သဘောထားလိုက်…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေ၏။
ယုယင်က ဝမ်းသာအားရဖြင့် သိုလှောင်လက်စွပ်ကိုသိမ်းကာ ပြောလိုက်လေသည်။ “စီနီယာအစ်ကိုဖုန်း.. ရှင်က ကျွန်မအပေါ် တကယ်ကောင်းတာပဲ…”
ရန်ကိုင်က ပြုံးကာ ဆက်ပြောလိုက်လေ၏။ “အခြားလူရဲ့ ပစ္စည်းကိုယူပြီး စီနီယာအစ်ကိုက လက်ဆောင်ပေးနေတာလေ… ဒီတော့ ဂျူနီယာညီမ စိတ်ထဲ ထားနေစရာမလိုဘူး…” ထို့နောက်တွင် ရန်ကိုင်က ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “ဒါနဲ့ စီနီယာအစ်ကိုယင်ကို မတွေ့ရတာ တော်တော်လေး ကြာနေပြီ… သူ့ကို သွားတွေ့ကြရအောင်လား….”
သူ့စိတ်ထဲတွင်တော့ ယင်လဲ့ရှန်းနှင့် မြန်မြန်သွားတွေ့ကာ ရှောင်ရှောင်အကြောင်းကို မေးမြန်းချင်မိနေပေသည်။ ထိုအကြောင်းကြောင့်သာ မဟုတ်ပါက ယုယင်၏အရှက်မဲ့မှုကို ဤမျှ သည်းခံနေလိမ့်မည်မဟုတ်ချေ။
“စီနီယာအစ်ကိုယင်ကို ရှာဖို့က အဲ့လောက်မလွယ်ဘူး… ကျွန်မတို့မရဏဂိုဏ်းသားတွေက တစ်ယောက်နဲ့ တစ်ယောက် အာရုံခံလို့ရတဲ့ ကျင့်စဉ်တစ်မျိုးကို ကျင့်ကြံထားတယ်ဆိုပေမဲ့ ဒီကြယ်ပျက်ပင်လယ်က အကျယ်ကြီး… အဲ့ကျင့်စဉ်ကို ထုတ်သုံးဖို့က တစ်ယောက်နဲ့တစ်ယောက်ကြားက အကွာအဝေးက အရမ်းကြီး ကွာမနေမှရတာ… ဒါပေမဲ့ စီနီယာအစ်ကိုဖုန်း စိတ်ပူမနေပါနဲ့… အခုလောလောဆယ် စီနီယာအစ်ကိုယင်ကို ရှာလို့မတွေ့ဘူးဆိုရင်တောင် နောက်ပိုင်း စီနီယာအစ်ကိုဖုန်း မရဏဂိုဏ်းကိုလာလို့ရှိရင် ကျွန်မနာမည်ကိုသာပြောလိုက်… ဂျူနီယာညီမကိုယ်တိုင် စီနီယာကို လာထွက်ကြိုမယ်…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင် စိတ်ပျက်သွားခဲ့လေသည်။ ယင်လဲ့ရှန်းကိုမတွေ့မှဖြင့် ယုယင်နှင့် အတူရှိနေရသည်မှာ ဘာအကျိုးထူးပါဦးမည်နည်း။
ယုယင်ကပြောလိုက်လေသည်။ “ဒါပေမဲ့ မျှော်လင့်ချက်မရှိတာတော့ မဟုတ်ပါဘူးလေ… ကျွန်မတို့ အခုရှိနေတဲ့နေရာက ကြယ်ပျက်ပင်လယ်ရဲ့ အပြင်ဖျားပိုင်းမှာပဲ ရှိသေးတာ… စီနီယာအစ်ကိုယင်ကတော့ အတွင်းပိုင်းကို သွားနေတာဆိုတော့ ကျွန်မတို့သာ အတွင်းပိုင်းဆီ သွားမယ်ဆိုရင် သူနဲ့တွေ့ကောင်းတွေ့နိုင်လောက်တယ်…”
“အဲ့ဒါဆို ဘာစောင့်နေဦးမှာလဲ… သွားကြမယ်လေ…” ရန်ကိုင်က ပြောလိုက်လေ၏။
ယုယင်သည် ရန်ကိုင့်အား ကြည့်လျက် ပြောလိုက်လေ၏။ “စီနီယာအစ်ကိုဖုန်း ဘာဖြစ်လို့ ဒီလောက်တောင် လောနေတာလဲ… စီနီယာအစ်ကိုယင်ကို ရှာဖို့က အရေးကြီးတယ်ဆိုပေမဲ့ ဒီကကြယ်အမြုတေကို လက်လွှတ်လိုက်လို့လည်း မဖြစ်ဘူးလေ…”
ရန်ကိုင်က သူ့နဖူးကို ပုတ်လျက် ပြောလိုက်လေ၏။ “ဟုတ်သားပဲ… ငါ ဒါကိုမေ့တော့မလို့… သတိပေးလို့ ဂျူနီယာညီမယုကို ကျေးဇူးအများကြီးတင်ပါတယ်…”
ယုယင်က ယဲ့ယဲ့လေးပြုံးလျက် “စီနီယာအစ်ကိုဖုန်းက အရမ်းချစ်ဖို့ကောင်းတာပဲ…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဒါဆိုရင် ဒီက ကြယ်အမြုတေကို အရင်သန့်စင်ပြီးတော့မှပဲ စီနီယာအစ်ကိုယင်ကို သွားရှာကြတာပေါ့…”
“အင်း…”
ထို့နောက်တွင် ရန်ကိုင်တို့နှစ်ဦးသည် လုံခြုံလောက်မည့်နေရာအသီးသီးကို ရှာလျက် ကြယ်အမြုတေကို စတင်သန့်စင်တော့လေသည်။
ဤနေရာရှိ ကြယ်အမြုတေမှာ မဆိုးလှ။ တာအိုသခင်အဆင့် ကျင့်ကြံသူနှစ်ဦးအဖို့ ဤအရာကြီးကို စုပ်ယူရန်အတွက် တစ်လနီးပါးခန့် အချိန်ယူရနိုင်ပေသည်။
ကံကောင်းစွာဖြင့် ကြယ်ပျက်ပင်လယ်သည် အချိန်အတော်ကြာအောင် ဖွင့်ပေ၏။ ထို့အတွက်ကြောင့် ကြယ်အမြုတေကို စုပ်ယူရသည်မှာ အချိန်ကုန်သည့်တိုင် ကျင့်ကြံသူများစွာကတော့ ထိုကဲ့သို့ လုပ်နိုင်ကြပေသည်။ ကြယ်ပျက်ပင်လယ်သာ ခဏလောက်သာ ပွင့်မည်ဆိုလျှင် မည်သည့်ကျင့်ကြံသူမှ ကြယ်အမြုတေများကို စုပ်ယူနိုင်တော့လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည် ယင်လဲ့ရှန်းအား သွားရှာရန် စိတ်စောနေသည့်အတွက်ကြောင့် ကြယ်သန့်စင်ခြင်း ပညာရပ်ကို တိုက်ရိုက်ထုတ်သုံးလိုက်လေ၏။ ဂြိုလ်သိမ်ကြီးတစ်ဝိုက်တွင် ရစ်သိုင်းနေသော ကြယ်အမြုတေစွမ်းအားမှာ ကြယ်အလင်းစက်ကလေးများ အသွင်သို့ ပြောင်းလျက် ရန်ကိုင့်ဆီသို့ တစ်ဟုန်ထိုး စီးဝင်လာကုန်ကြလေသည်။
ထို့အတွက်ကြောင့် နှစ်ရက်အတွင်း ကြယ်အမြုတေမှာ လုံးဝကို ပြောင်စင်အောင် စုပ်ယူခံလိုက်ရလေ၏။
နှစ်ရက်ကြာသွားသည်မှာ ရန်ကိုင့်ဘက်မှ ထိန်းထားသည့် အတွက်ကြောင့်ပင်။ သူသာ စွမ်းအားကုန်သုံး၍ စုပ်ယူပစ်မည်ဆိုပါက ဤကြယ်အမြုတေကိုစုပ်ယူရန် နေ့ဝက်ပင် ကြာလိမ့်မည်မဟုတ်။
ကြယ်အမြုတေထဲရှိ စွမ်းအင် ၉၉ရာခိုင်နှုန်းလောက်ကို ရန်ကိုင်တစ်ယောက်တည်းကသာ စုပ်ယူလိုက်သည့် အတွက်ကြောင့် ယုယင်သည် ဘာမှ သိပ်ရမသွားခဲ့ချေ။
နှစ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ယုယင်နှင့် လူချင်းပြန်ဆုံလေ၏။ ရန်ကိုင့်အားတွေ့သည့်အခါ ယုယင်က ထူးထူးဆန်းဆန်းအမူအယာဖြင့် “စီနီယာအစ်ကိုဖုန်း… ဒီနေရာက ကြယ်အမြုတေစွမ်းအားတွေ ဘာလို့ ဒီလောက်မြန်မြန်ကုန်သွားတာလဲ…”
“ငါလည်းမသိဘူး…” ရန်ကိုင် မသိချင်ယောင်ဆောင် နေခဲ့လေသည်။ ရန်ကိုင် ကြယ်သန့်စင်ခြင်းပညာရပ်အား ထုတ်သုံးနေသည်ကို ယုယင်မမြင်ခဲ့ချေ။ ထို့အတွက်ကြောင့် ဤနေရာရှိ ကြယ်အမြုတေအားလုံးနီးပါးကို ရန်ကိုင်မှ စုပ်ယူသွားခဲ့သည်ကိုလည်း သူမ သိလိမ့်မည်မဟုတ်။
ယုယင်က ပြောလိုက်လေသည်။ “ကြယ်အမြုတေထဲက စွမ်းအားတော်တော်များများက စီနီယာအစ်ကိုဘက်ဆီသွားနေတာကို ကျွန်မခံစားမိတယ်… စီနီယာအစ်ကိုဖုန်း… ရှင် ဒီကြယ်အမြုတေကို သန့်စင်တဲ့အမြန်နှုန်းက ကျွန်မထက် အများကြီးမြန်တာပဲ…”
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ယုယင်သည် တစ်ခုခုအား နားလည်သွားသည့်အလား ရန်ကိုင့်အား ကတုန်ကယင်လေသံဖြင့် ပြန်မေးလိုက်လေသည်။ “စီနီယာအစ်ကိုဖုန်း… ရှင်က ကြယ်သခင်တစ်ယောက်တော့ မဟုတ်ပါဘူးနော်…”
ရန်ကိုင်ကြောင်သွားခဲ့လေသည်။ သို့သော်ငြား ချက်ချင်းပဲ ခေါင်းညိတ်သဘောတူလိုက်လေ၏။ “အင်း… ဟုတ်တယ်… ငါက တစပြင်ကန္တာရ ကြယ်စီရင်စုကြီးရဲ့ ကြယ်သခင်တစ်ယောက်ပဲ…”
ထိုစကားကိုကြားသည့်အခါ ယုယင်သည် သူမပါးစပ်ကို လက်ဖြင့် အလန့်တကြားအုပ်လျက် ရန်ကိုင့်အား မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်လေ၏။ ထို့နောက်တွင် အဖိုးတန်ရတနာတစ်ခုကို ရှာတွေ့သွားသည့်အလား စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။ “စီနီယာအစ်ကိုဖုန်း.. ရှင်က တကယ်ကြီး ကြယ်သခင်တစ်ယောက်လား…”