အခန်း (၂၄၄၀-၂၄၄၂)
Vol. 99 Ch. 2440-2442
အပိုင်း (၂၄၄၀)
ယုယင်၏ အလွန်ကိုမှ စိတ်လှုပ်ရှားနေသည့် ပုံစံကိုကြည့်ရင်း ရန်ကိုင်က နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။ “ဟုတ်တယ်လေ… ဘာဖြစ်လို့လဲ…”
ယုယင်က စိတ်လှုပ်ရှားတကြီးဖြင့် ရှင်းပြလိုက်လေ၏။ “ကြယ်ပျက်ပင်လယ်က ကြယ်သခင်တွေအတွက် အခွင့်အလမ်းတွေကို ရှာဖွေဖို့ အကောင်းဆုံးနေရာလို့ ပြောတာတွေက ကောလဟာလသက်သက်လို့ မှတ်နေတာ… တကယ်ကြီး ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး… စီနီယာအစ်ကို ဒီကြယ်အမြုတေကို သန့်စင်တုန်းက ကျွန်မထက် အများကြီးမြန်တာပဲ…”
ရန်ကိုင်က ပြန်မေးလိုက်လေသည်။ “ကြယ်သခင်တွေမှာ အဲ့လိုစွမ်းရည်မျိုး ရှိတာလား…”
“စီနီယာအစ်ကိုဖုန်း မသိဘူးလား…”
ရန်ကိုင်က ခေါင်းခါလျက် ပြန်ပြောလိုက်လေသည်။ “မသိဘူး… ဒီကိုရောက်ပြီးတည်းက ငါ့ဘာသာငါ တစ်ယောက်တည်း လှုပ်ရှားနေတာ… ဒီတော့ ကြယ်အမြုတေတွေကို ငါစုပ်ယူတဲ့နှုန်းက အခြားသူတွေနဲ့ အတူတူပဲဖြစ်မယ်လို့ ထင်ခဲ့တာ…”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…” ယုယင်က ပြန်အော်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုသာ ဂျူနီယာညီမကို ဒီကြယ်အမြုတေကို တစ်ယောက်တည်း သန့်စင်ခိုင်းခဲ့လို့ရှိရင် အနည်းဆုံး နှစ်လလောက်ကြာမှာ…”
“အဲ့လောက်တောင်ကြာတာလား…” ရန်ကိုင်က အလွန်ကိုမှ အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်လေသည်။
ယုယင်သည် ရန်ကိုင့်အား မီးတောက်မတတ်အကြည့်ဖြင့် စိုက်ကြည့်၍ ရှင်းပြလိုက်လေသည်။ “စီနီယာအစ်ကို… ရှင် ဘယ်လောက် အံ့ဩဖို့ကောင်းလဲဆိုတာ ရှင်သိလား… ရှင်က စီနီယာအစ်ကိုယင်နဲ့ အတူတူပဲ…”
ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “စီနီယာအစ်ကိုယင်က ငါ့ထက်ပိုအားကောင်းတယ်… ဒီတော့ သူက ငါ့ထက်ပိုပြီး ကျိန်းသေကို အံ့ဩဖို့ ကောင်းမှာ…”
ထိုသို့ပြောနေစဉ်အတောအတွင်း ရန်ကိုင့်မှာတော့ သူ့စိတ်ထဲ ကြိတ်၍ လှောင်ပြောင်နေခဲ့လေသည်။ ယင်လဲ့ရှန်းအနေဖြင့် ကြယ်သခင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ကြယ်အမြုတေကို အခြားသူများထက် ပို၍ မြန်မြန် သန့်စင်နိုင်လိမ့်မည်ဖြစ်သော်ငြား ရန်ကိုင့်လောက်တော့ မြန်နိုင်လိမ့်မည် မဟုတ်ချေ။ ယင်လဲ့ရှန်း အမြန်ဆုံးသန့်စင်နိုင်မှ အခြားသူများထက် အနည်းငယ်လေး ပိုမြန်ရုံသာ ရှိပေလိမ့်မည်။
သူ့အား ဤမျှ မြန်မြန် စုပ်ယူနိုင်အောင် လုပ်ပေးနေသည့် အရာမှာ ကြယ်သန့်စင်ခြင်းပညာရပ်သာ ဖြစ်ပေသည်။
“စီနီယာအစ်ကိုဖုန်းရဲ့ အနာဂတ်ကတော့ တောက်ပနေမှာ လုံးဝကို သေချာသွားပြီ…” ယုယင်သည် ရန်ကိုင့်အား မီးတောက်မတတ်အကြည့်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။ ရန်ကိုင်သည် ယင်လဲ့ရှန်းကဲ့သို့ပင် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲမှလာပြီး သူ့ပါရမီမှာလည်း အတော်လေးကိုမှ ကောင်းမွန်ကြောင်း သိထားလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် မြင့်မားသော ဂုဏ်ဒြပ်အာဏာနှင့် ခွန်အားကို တစ်နေ့နေ့တွင် ပိုင်ဆိုင်လာပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်သည် ကြယ်သခင်တစ်ဦး ဖြစ်နေသည်ဆိုသည့်အကြောင်းကို သိလိုက်ရပြီးသည့်နောက် သူမရှေ့ရှိ ဖုန်းတဲ့ဆိုသည့်လူမှာ ဒုတိယယင်လဲ့ရှန်း ဖြစ်ကြောင်းကို ယုယင် ချက်ချင်း နားလည်သွားတော့လေသည်။
သူမသာ ဤကဲ့သို့သော လူတစ်ယောက်ကို မရဏဂိုဏ်းထဲသို့ ခေါ်သွင်းလာနိုင်မည်ဆိုပါက သူမ၏အဆင့်အတန်းသည်လည်း မြင့်မားလာရပေလိမ့်မည်။ ဤကဲ့သို့သော ပါရမီရှင်တစ်ဦးကို ဂိုဏ်းထဲသို့ ခေါ်လာပေးသည့် အတွက်ကြောင့် ဂိုဏ်း၏အထက်အရာရှိများက သူမအား ချီးကျူးကြပေလိမ့်မည်။ ထို့နောက် စီနီယာအစ်ကိုဖုန်း၏ ကျင့်ကြံခြင်း ထိပ်ဆုံးသို့ ရောက်သွားသည့်အခါ မည်သူကများ သူမကို ရန်စရဲပါဦးမည်နည်း။
ယုယင် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်လေသည်။ စီနီယာအစ်ကိုဖုန်း၏ နှလုံးသားကို သိမ်းပိုက်နိုင်မည့် အခွင့်အရေးတစ်ခုကို ရှာရမည်ဟု သူမစိတ်ထဲ သံဓိဌာန်ချလိုက်လေ၏။
“ဂျူနီယာညီမယုက အရမ်းယဉ်ကျေးနေတာပဲ… ကြယ်အမြုတေ ကုန်သွားပြီဆိုမှတော့ သွားကြတာပေါ့…” ရန်ကိုင့်စိတ်ထဲ ယင်လဲ့ရှန်းကို ရှာချင်နေသည့် အတွေးတို့ဖြင့်သာ ပြည့်နေခဲ့လေသည်။ ထို့ကြောင့် သူမနှင့်စကားပြော၍ အချိန်ဖြုန်းမနေချင်နေခဲ့ပေ။
ယုယင်က ခေါင်းညိတ်သဘောတူလိုက်လေသည်။ “ကောင်းပြီလေ…” ထိုသို့ပြောပြီးသည့်နောက်တွင် သူမလက်ကိုဝှေ့ယမ်းလျက် ပျံသန်းရေးမှော်ရတနာလေးတစ်ခုကို ထုတ်ယူလိုက်လေသည်။ ထိုမှော်ရတနာမှာ အလွန်ကိုမှ ပျက်စီးလွယ်သည့် ပုံစံမျိုးပေါက်နေသော်ငြား ၎င်းဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်အရှိန်အဝါမှာတော့ အားနည်းခြင်းမရှိချေ။ အံ့အားသင့်ဖွယ်ကောင်းစွာပင် ဤပျံသန်းရေးမှော်ရတနာလေးသည် ရန်ကိုင်အသုံးပြုနေသည့် သစ်သားလှေကလေးနှင့် ယှဉ်နိုင်သော တာအိုအဆင့်မြင့် မှော်ရတနာတစ်ခု ဖြစ်နေခဲ့လေသည်။
ရန်ကိုင့်စိတ်ထဲ အထိတ်တလန့်ဖြင့် တွေးမိလိုက်လေ၏။ (ဒီယုယင်က အရှေ့ဘက်နယ်မြေထဲက ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းရဲ့ လက်ရွေးစင်တစ်ယောက် ဆိုတဲ့အတိုင်းပါပဲလား…) ယုယင်ကဲ့သို့သော တာအိုသခင် ဒုတိယအဆင့်သာ ရှိသေးသည့် ကျင့်ကြံသူတစ်ဦးတွင် ဤကဲ့သို့သော အဆင့်မြင့် မှော်ရတနာတစ်ခု ရှိနေသည့်အပေါ် ရန်ကိုင် အံ့အားသင့်နေရခြင်း ဖြစ်လေသည်။
“စီနီယာအစ်ကိုဖုန်း… တက်တော့လေ…” ယုယင်သည် ရန်ကိုင့်အား မျက်စပစ်ပြလိုက်လေ၏။ ထို့နောက် သိမ်မွေ့ချိုသာသည့် လေသံဖြင့် “သွားရမဲ့ခရီးက အဝေးကြီးလိုသေးတယ်… ဒီတော့ ကျွန်မတို့နှစ်ယောက်သာ အတူရှိနေမယ်ဆိုလို့ရှိရင် ဒီလောက်ပျင်းရတော့မှာမဟုတ်ဘူး…”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင့်ဦးရေပြား စပ်ဖျင်းဖျင်း ဖြစ်သွားခဲ့လေသည်။ ရှင်းရှင်းပြောရလျှင် သူ့အနေဖြင့် သူမနှင့် တစ်ခန်းတည်း မနေချင်ချေ။ သို့သော်ငြား လက်ရှိအခြေအနေအရ ငြင်းလိုက်ဖို့ရာလည်း မသင့်တော်။ ထို့ကြောင့် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ကြိတ်မှိတ်သည်းခံရင်းဖြင့်သာ သဘောတူလိုက်လေသည်။
“ကောင်းပြီလေ…”
ပြောပြီးသည့်နောက်တွင် လွန်းပျံယာဉ်၏ တံခါးပေါက် ပွင့်သွားခဲ့လေသည်။ ဤသို့ဖြင့် ရန်ကိုင်တို့နှစ်ဦး လွန်းပျံယာဉ်ထဲသို့ ဝင်သွားလိုက်လေ၏။
အထဲသို့ ဝင်လာပြီးသည့်နောက်တွင် လွန်းပျံယာဉ်၏ အတွင်းပိုင်းမှာ အရမ်းကျယ်ဝန်းခြင်းမရှိကြောင်း တွေ့လိုက်ရလေသည်။ လွန်းပျံယာဉ်ကို ထိန်းချုပ်သည့် နေရာမှလွဲ၍ အထဲတွင် အိပ်ခန်းတစ်ခန်းသာ ရှိနေခဲ့လေ၏။ သို့သော်ငြား မှော်ရတနာ၏ အတွင်းပိုင်းကိုတော့ အလွန်ကိုမှ တန်ဖိုးကြီးသည့် ပစ္စည်းများဖြင့် တန်ဆာဆင်ထားလေ၏။
ထို့ပြင် ရန်ကိုင့်၏နှာခေါင်းထိပ်တွင် ပုံမှန်မဟုတ်သည့် သင်းပျံ့သော မွှေးရနံ့တို့ကို ရလာခဲ့လေသည်။ ဤလွန်းပျံယာဉ်ထဲသို့ ယောက်ျားဘယ်လောက်များများကို သူမ ဖိတ်ခေါ်ခဲ့ဖူးပြီးပြီလဲ မည်သူမျှ မသိချေ။ မည်သို့ပင်ဖြစ်စေကာမူ ရန်ကိုင်ကတော့ ဤလွန်းပျံယာဉ်အတွင်းပိုင်းပုံစံကြီးကို လုံးဝမကြိုက်ချေ။
ယုယင်သည် အံ့ဩဖွယ်ရာတစ်ခုခု ဖြစ်ပျက်တော့မည်ကို မျှော်လင့်နေသည့်အလား သူမ၏ မျက်လုံးများထဲ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့လေသည်။
ရန်ကိုင်သည် ယုယင်ပြောလာမည်ကို စောင့်မနေဘဲ ချက်ချင်း ပြောလိုက်လေ၏။ “ဂျူနီယာညီမယု… ဒီကို မလာခင်တုန်းက လူတော်တော်များများနဲ့ တိုက်ခိုက်ခဲ့ရတာ… ငါ့အရင်းအမြစ်ချီတွေက တော်တော်ကို ကုန်နေပြီ… ဒါကြောင့် ဂျူနီယာညီမယုရဲ့အခန်းကို ခဏလောက်သုံးမယ်နော်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် တစ်ခန်းတည်းရှိသည့် အိပ်ခန်းထဲသို့ လျှောက်ဝင်သွားပြီး အခန်းတံခါးကို ပိတ်ကာ တင်ပလင်ခွေထိုင်ချလိုက်လေသည်။
ယုယင်မှာတော့ ငေးကြောင်ကြောင်ကြီးဖြင့်သာ ရပ်ကျန်ခဲ့လေ၏။ သူမဘာတွေးနေသလဲ ဆိုသည်မှာ အသိသာကြီးပင်။ ခဏအကြာ၌ နှာခေါင်းရှုံ့လျက် လွန်းပျံယာဉ်အား သွားရောက်ထိန်းချုပ်လေသည်။
နောက်ရက်များအတွင်း ရန်ကိုင်သည် အခန်းတံခါးထဲမှ ခြေတစ်ဖဝါးပင် မခွာခဲ့ချေ။
ထိုရက်များအတွင်း ယုယင်သည် သူ့ဆီသို့ ခဏခဏလာလျှက် စနောက် နှောင့်ယှက် နားပူနားဆာ လုပ်လေသည်။ ရန်ကိုင်မှ သူမလိုချင်သည့် အရာကို ပေးရန် မျှော်လင့်နေခဲ့သည်။ ယင်လဲ့ရှန်းကိုရှာရန်အတွက် ယုယင်အား လိုအပ်နေသည့် အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်သည် ဤအရှက်မရှိသည့်မိန်းမအား သေသည်အထိ ရိုက်သတ်ပစ်လိုက်ပေပြီ။
သူမနှင့် ရက်အတော်ကြာအောင် အတူရှိလာပြီးသည့်နောက် ဤမိန်းမနှင့် အတူရှိနေ၍ သူ့အတွက် ဘာကောင်းကျိုးမှ ရှိလိမ့်မည်မဟုတ်မှန်း ရန်ကိုင်သိလာခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ယုယင်၏ အခန်းထဲတွင်နေလျက် ကျင့်ကြံရင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့လေသည်။ တစ်ခါတစ်ရံ လူလဲ၍ လွန်းပျံယာဉ်ကို ထိန်းချုပ်သည်မှအပ ရန်ကိုင်သည် အမြဲတမ်းလိုလို အခန်းထဲတွင်သာ နေတတ်လေ၏။ ထို့အတွက်ကြောင့် ယုယင်မှာ ရန်ကိုင်နှင့် သူမကြားရှိ ဆက်ဆံရေးကို ရှေ့ဆက်တိုးနိုင်မည့် အခွင့်အရေးတစ်ခုတစ်လေကိုမှ ရှာမတွေ့နိုင် ဖြစ်နေခဲ့လေသည်။
သွားရင်းလာရင်းဖြင့် ကြယ်အမြုတေများကို တွေ့သည့်အခါတိုင်း ရန်ကိုင်တို့သည် လွန်းပျံယာဉ်ကို ရပ်လျက် ထိုကြယ်အမြုတေကို သွားရောက်စုပ်ယူကြလေသည်။ ထိုသို့စုပ်ယူရာတွင် ရန်ကိုင်သည် ကြယ်သန့်စင်ခြင်းပညာရပ်ကို သုံး၍ မြန်မြန်ဆန်ဆန် စုပ်ယူခဲ့လိုက်သည်။ ထို့အတွက်ကြောင့် ယုယင်အတွက် ဘာမှ သိပ်မကျန်တော့ချေ။ ထိုအကြောင်းကြောင့်ပင်လျှင် ယုယင်မှာ မကျေမနပ်ဖြင့် ထိုင်ငြီးတွားနေခဲ့လေ၏။ ဖုန်းတဲ့သည် သူမအပေါ် အနည်းငယ်မျှပင်လျှင် ညှာတာခြင်းမရှိဘဲ ရှိသမျှ ကြယ်အမြုတေအကုန်လုံးနီးပါး စုပ်ယူပစ်နေသည်ဟု မကျေမနပ်ဖြင့် ငြီးတွားနေခဲ့လေသည်။ သို့သော်ငြား သူမလုပ်နိုင်သည့်အရာလည်း ဘာမှရှိမနေခဲ့ပေ။
ထို့အပြင် ယုယင်သည်လည်း ရန်ကိုင့်အား မျက်နှာသာမပေးဘဲ မနေရဲခဲ့ပေ။ ပထမဦးဆုံးအနေဖြင့် ရန်ကိုင့်၏ကျင့်ကြံခြင်းမှာ သူမထက်ပိုမြင့်ပေသည်။ ဒုတိယအနေဖြင့် ရန်ကိုင် မရဏဂိုဏ်းထဲ ဝင်လာပြီးသည့်နောက်ပိုင်း သူမအား စောင့်ရှောက်ပေးရန် မျှော်လင့်နေမိလေသည်။ ထို့အတွက်ကြောင့် သူမစိတ်ထဲ အလွန်ကိုမှ မကျေမနပ် ဖြစ်နေသည့်တိုင် ရန်ကိုင့်ရှေ့တွင် ဖွင့်မပြောရဲခဲ့ပဲ နောက်ကွယ်တွင်သာ ကြိတ်၍ ကျိန်ဆဲနေခဲ့ရသည်။
သို့သော်ငြား ရန်ကိုင့်၏ကောင်းကင်စိတ်အာရုံသည် သူမအား တောက်လျှောက်စောင့်ကြည့်နေသည်ဆိုသော အချက်ကိုတော့ ယုယင်မသိခဲ့ချေ။ ထို့အတွက်ကြောင့် ယုယင် နောက်ကွယ်တွင် သူ့အပေါ် မည်ကဲ့သို့ ကျိန်ဆဲနေသလဲ ဆိုသည်ကို ရန်ကိုင် ကောင်းကောင်းသိထားသည်။
ယနေ့တွင် ရန်ကိုင်သည် လွန်းပျံယာဉ်ထဲ တံခါးပိတ်ကျင့်ကြံနေစဉ် ကြယ်စည်းတံဆိပ်အရှိန်အဝါအချို့ သူ့ဆီသို့ ချဉ်းကပ်လာနေသည်ကို ခံစားမိလိုက်သည့်အတွက်ကြောင့် ချက်ချင်း မျက်လုံးပွင့်လာခဲ့လေသည်။ ကြယ်စည်းတံဆိပ်အရှိန်အဝါများ သူ့ဆီသို့ ချဉ်းကပ်လာနေခြင်းမှာ ကျင့်ကြံသူတစ်ဦးဦး သူ့ဆီသို့ လာနေသည်ဟု ပြောလိုက်ခြင်းနှင့် အတူတူသာ ဖြစ်ပေသည်။ သို့သော်ငြား သူ့ဆီသို့ လူဘယ်လောက်များများ လာနေသလဲ ဆိုသည်ကိုတော့ သေချာအာရုံမခံနိုင်ပေ။ ရန်ကိုင်သည် သူ၏ ကြယ်စည်းတံဆိပ်ထက် အဆင့်နိမ့်သည့် ကြယ်စည်းတံဆိပ်များကိုသာ အာရုံခံနိုင်သည့် အတွက်ကြောင့် သူ့ကြယ်စည်းတံဆိပ်ထက် ပိုအဆင့်မြင့်သည့် ကြယ်စည်းတံဆိပ်ကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူတစ်ဦးသာ သူ့ဆီသို့ လာနေပါက ရန်ကိုင့်အနေဖြင့် ထိုလူအား အာရုံခံမိလိမ့်မည် မဟုတ်ပေ။
ထိုအချက်ကို စဉ်းစားမိလိုက်သည့်နောက်တွင် ရန်ကိုင်သည် ယုယင်အား လှမ်းပြောလိုက်လေ၏။ “ဂျူနီယာညီမယု… လူအချို့ ငါတို့ဆီကို ချည်းကပ်လာနေတယ်…”
ယုယင်မှာ လွန်းပျံအား မောင်းနှင်နေရသည့်အပေါ် အတော်လေးကိုမှ ပျင်းရိနေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင့်၏စကားကို ကြားလိုက်သည့်အခိုက် အံ့အားသင့်နေသည့်အမူအယာဖြင့် ချက်ချင်းမေးလိုက်လေ၏။ “သူတို့ဘယ်မှာလဲ… လူဘယ်လောက်လောက် လာနေတာလဲ…”
သူမပုံစံကို ကြည့်ရသလောက် ချည်းကပ်လာနေသည့် လူများကို သတိမထားမိသည့် ပုံပင်။ တစ်နည်းဆိုရသော် ယခုလာနေသည့် လူများ၏ ကြယ်စည်းတံဆိပ်မှာ ယုယင်ပိုင်ဆိုင်ထားသည့် ကြယ်စည်းတံဆိပ်ထက် အဆင့်ပိုမြင့်လျှင်မြင့် မမြင့်လျှင် အဆင့်တူ ဖြစ်နေရပေလိမ့်မည်။
“အရှေ့ဘက်ကနေ လာနေတာ… ဘယ်လောက်များလဲဆိုတော့ အနည်းဆုံး သုံးယောက်တော့ ရှိတယ်…” ရန်ကိုင်သည် ကြယ်စည်းတံဆိပ်သုံးခု၏ အရှိန်အဝါကိုသာ ခံစားမိသည့်အတွက်ကြောင့် သူတို့ဆီသို့ လာနေသည့် လူများမှာ အနည်းဆုံး သုံးယောက်ခန့် ရှိမည်ဆိုသည်ကိုတော့ သေချာပေသည်။ ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် တစ်ချက်ရပ်၍ ထပ်ပြောလိုက်လေသည်။ “သူတို့အရှိန်တင်လိုက်ပြီ… အခု ငါတို့ဆီကို အမြန်လာနေပြီ…”
ထိုစကားကိုကြားသည့်အခါ ယုယင် အကြီးအကျယ် ထိတ်လန့်သွားခဲ့လေ၏။ အထိတ်ထိတ်အပျာပျာဖြင့် လွန်းပျံယာဉ်အား အရှိန်တင်တော့မည်အပြု ကြယ်အလင်းတန်းတစ်ခု သူမရှေ့တွင် ထွက်ပေါ်လာခဲ့လေသည်။ ထိုအခိုက်အတန့်မှာပင်လျှင် ကြယ်အလင်းတန်းသည် လွန်းပျံယာဉ်နှင့် မလှမ်းမကမ်းသို့ ရောက်ရှိလာခဲ့ပြီး ရပ်တန့်သွားခဲ့လေ၏။
ထို့နောက် ကြယ်အလင်းတန်း ပျောက်ကွယ်သွားသည့်အခါ လူငါးယောက် ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင်လည်း ထိုအတွက်ကြောင့် အံ့အားသင့်သွားခဲ့ရလေသည်။ သူခံစားမိလိုက်သည်မှာ ကြယ်စည်းတံဆိပ်သုံးခု၏ အရှိန်အဝါသာ ဖြစ်လေသည်။ သို့သော်ငြား လူငါးယောက်ဖြစ်နေခဲ့သည်။ တစ်နည်းဆိုရသော် ထိုလူငါးယောက်အနက် နှစ်ယောက်သည် အနည်းဆုံး ခြောက်ထောင့်ပုံစံ ကြယ်စည်းတံဆိပ်ကို ပိုင်ဆိုင်ထားသည်ဟု ပြောလိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။
ယုယင်မှာတော့ ထိုလူများကို မြင်လိုက်ပြီးသည့်နောက် သူမ၏မျက်နှာ သွေးမရှိတော့သည့်အလား ဖြူလျော်သွားခဲ့ပြီး ကြောက်ကြောက်လန့်လန့်ဖြင့် တံတွေးတစ်လုပ် မျိုချမိလိုက်လေသည်။
(အခုမှတော့ ထွက်ပြေးလို့လည်း ဘာမှမထူးတော့ဘူး… နည်းနည်းလောက် မဆင်မခြင်လုပ်မိတာနဲ့ ပြဿနာတွေ တန်းတက်သွားမှာ… ဒီလူတွေကို ကြည့်ရသလောက် ငါတို့ကို တမင်သက်သက် ပစ်မှတ်ထားနေတဲ့ပုံပဲ) ယုယင် အတော်လေးကိုမှ ထိတ်လန့်နေမိလေ၏။
“အဲ့လူတွေက ဘယ်သူတွေလဲ…” ရန်ကိုင် သူမဘေးတွင် ရုတ်တရက်ပေါ်လာပြီး မေးလိုက်လေသည်။
ယုယင်က ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် ပြန်ပြောလိုက်လေ၏။ “ဗြဟ္မာကုန်းမြေက လူတွေပဲ… ဗြဟ္မာကုန်းမြေက အရှေ့ဘက်နယ်မြေက ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းပဲ… ကျွန်မတို့ မရဏဂိုဏ်းတောင် သူတို့လောက် အားမကောင်းဘူး”
ရန်ကိုင်က ထပ်မေးလိုက်လေသည်။ “ပြီးတော့ နင်တို့ဂိုဏ်းနဲ့ သူတို့ဂိုဏ်းကြားက ဆက်ဆံရေးက မကောင်းဘူးမလား…”
ယုယင်က ခါးသက်စွာပြုံးလျက် ပြန်ပြောလိုက်လေ၏။ “အရမ်းကြီးမဆိုးပေမဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာတော့ ပဋိပက္ခတွေရှိတယ်… အဲ့အတိုင်းပဲ တပည့်တွေကြားမှာလည်း ပြဿနာတွေ နည်းနည်းပါးပါးရှိတယ်…”
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး နှစ်ဦးကို ညွှန်ပြရင်း မေးလိုက်လေသည်။ “အဲ့နှစ်ယောက်ကို ကြည့်ရတာ တော်တော်အားကောင်းမဲ့ပုံပဲ…”
ယုယင်သည် ရန်ကိုင်ညွှန်ပြနေသည့် လူနှစ်ဦးကို ကြည့်ပြီးနောက် အံ့အားသင့်နေသည့် လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “အဲ့နှစ်ယောက်က ဗြဟ္မာကုန်းမြေက တော်ဝင်သားတော်တွေပဲ… သူတို့အားကောင်းတယ်ဆိုတာ လုံးဝ ယုံမှားသံသယ ရှိစရာ မလိုဘူး… ကျွန်မတို့ဂိုဏ်းထဲမှာဆိုလို့ရှိရင် စီနီယာအစ်ကိုအချို့လောက်ပဲ သူတို့နဲ့ ယှဉ်ပြိုင်နိုင်မှာ…”
“တော်ဝင်သားတော်တွေလား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။
“သူတို့ ဒီမှာ ဘာလုပ်နေတာလဲတော့ ကျွန်မလည်း မသိဘူး… ဒါပေမဲ့ စီနီယာအစ်ကိုဖုန်း… ဘာမှမပြောနဲ့နော်… အေးအေးဆေးဆေးလေးပဲနေ… ကျွန်မဘာသာ သူတို့ကိုရှင်းလိုက်မယ်…” ယုယင်စိတ်ထဲ အလွန်ကိုမှ စိုးရိမ်နေခဲ့လေသည်။ ရန်ကိုင်သည် ထိုလူများအကြောင်းကို မသိဘဲ တစ်ဖက်လူအား သွားရန်စမိလိုက်မည်ကို ယုယင် စိတ်ပူနေခြင်း ဖြစ်လေသည်။
“ကောင်းပြီလေ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။
ထိုအခိုက်အတန့်တွင် လူငါးယောက်ထဲက တစ်ယောက်က ရုတ်တရက် အော်ပြောလိုက်လေ၏။ “ထွက်လာစမ်း…”
ယုယင်က ခါးသက်သက်အမူအယာဖြင့် လွန်းပျံယာဉ်တံခါးကိုဖွင့်ကာ ထွက်သွားလိုက်လေသည်။
ရန်ကိုင်လည်း သူမနောက်မှ အနီးကပ်လိုက်သွားလိုက်လေသည်။ ယခုအချိန်ရောက်မှတော့ ပုန်းနေ၍လည်း အပိုသာ ဖြစ်ပေလိမ့်မည်။ တစ်ဖက်လူ၏ ကောင်းကင်စိတ်အာရုံသည် လွန်းပျံယာဉ်တစ်ခုလုံးကို လွှမ်းခြုံပြီးနေခဲ့လေပြီ။ ထို့အတွက်ကြောင့် ရန်ကိုင်ရှိနေသည်ကို အစောကြီးတည်းက ရှာတွေ့ပြီးသားပင်။
လွန်းပျံယာဉ်ထဲမှ ထွက်လာပြီးသည့်နောက်တွင် ယုယင်သည် ယဉ်ယဉ်ကျေးကျေးဖြင့် လက်သီးဆုပ်လျက် နှုတ်ဆက်လိုက်လေသည်။ “ယုယင် စီနီယာအစ်ကိုကျန်းဟောင်နဲ့ စီနီယာအစ်ကို ကျန်းရှန်ကို နှုတ်ဆက်ပါတယ်…”
ထိုကျန်းဟောင်နှင့် ကျန်းရှန်သည် ယုယင်ကြောက်နေသည့် ဗြဟ္မာ့ကုန်းမြေ၏ တော်ဝင်သားတော်နှစ်ဦး ဖြစ်လောက်ပေသည်။ နှစ်ယောက်စလုံးမှာ တာအိုသခင် အထွဋ်အထိပ်အဆင့် ပညာရှင်များဖြစ်ကြပြီး အလွန်ကိုမှ အားကောင်းကြပေသည်။ ကျန်သုံးယောက်မှာတော့ တာအိုသခင် ဒုတိယအဆင့်သာ ရှိနေသည့်အတွက် ထိုလူများကို ယုယင်မကြောက်ချေ။
ကျန်းဟောင်က ဒေါသထွက်နေဟန်ဖြင့် မျက်လုံးမှေးစင်းကာ အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ “ဘယ်သူလဲမှတ်နေတာ နင်ဖြစ်နေတာကိုး မိန်းမပျက်မ…”
ကျန်းဟောင်သည် ယုယင်ကို မြင်သည်နှင့် အနည်းငယ်မျှပင် ယဉ်ကျေးနေခြင်းမရှိဘဲ မိန်းမပျက်မဟု ခေါ်ဝေါ်သုံးစွဲ ပစ်လိုက်လေသည်။ ယုယင်အကြောင်းကို အတော်လေး သိထားသည့်ပုံပင်။
တကယ်တော့ သူတို့နှစ်ဦးစလုံးမှာ အရှေ့ဘက်နယ်မြေရှိ ထိပ်တန်းဂိုဏ်းများ၏ တပည့်များပင် မဟုတ်ကြလေလော။ ထို့အတွက်ကြောင့် တစ်ယောက်အကြောင်း တစ်ယောက်သိနေသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။ ထို့အပြင် ယုယင်ကိုယ်တိုင်ကလည်း အရှေ့ဘက်နယ်မြေတွင် မကောင်းသတင်းဖြင့် ကျော်ကြားသည့်လူတစ်ဦး မဟုတ်ပေလော။
ကျန်းရှန်ကမူ ရန်ကိုင့်အား အဓိပ္ပာယ်ပါပါဖြင့် ကြည့်လျက် လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “မတွေ့လိုက်ရတာ နည်းနည်းလေးကြာသွားတာနဲ့ နင်က လူတောင်ပြောင်းပြီးသွားပြီပေါ့ ဟုတ်လား ယုယန်… နင် ငါ့ကို တကယ် အံ့အားသင့်သွားအောင် လုပ်နိုင်တာပဲ…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၄၁)
ယုယင်က သူမ၏နှုတ်ခမ်းလေးကို ကိုက်လျက် သနားစဖွယ်အမူအယာဖြင့် ပြောလိုက်လေသည်။ “စီနီယာအစ်ကိုတို့… ဘာဖြစ်လို့ တွေ့တွေ့ချင်း ကျွန်မကို အခုလိုမျိုး အပုပ်ချနေရတာလဲ… ဂျူနီယာညီမ စီနီယာအစ်ကိုတို့ကို ဘယ်လိုရန်စမိလိုက်လို့လဲ… စီနီယာအစ်ကိုဖုန်းနဲ့ ကျွန်မက ရိုးရိုးသားသားပဲ… စီနီယာအစ်ကိုတို့ ကျေးဇူးပြုပြီး ကျွန်မဂုဏ်သတင်းကို ပျက်ပြားအောင် မလုပ်ပါနဲ့လား…”
ပြောနေရင်း ရန်ကိုင် သူမနောက်ကြောင်းကို သိသွားမည်ကို စိုးရိမ်သည့်အလား ရန်ကိုင့်အား စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်လေသည်။
“ရိုးရိုးသားသား ဟုတ်လား…” ကျန်းရှန် မျက်လုံးပြူးသွားခဲ့လေသည်။ ဗြဟ္မာကုန်းမြေ၏ အခြားသော တပည့်လေးဦးသည်လည်း နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်သည့်အလား မျက်လုံးအပြူးသားဖြစ်နေကြလေ၏။ တစ်ခဏအကြာတွင် ဗြဟ္မာကုန်းမြေမှ တပည့်ငါးဦးစလုံး ဝါးလုံးကွဲ အော်ဟစ်ရယ်မောကြတော့လေသည်။
ကျန်းဟောင်သည် ရုတ်တရက် အရယ်ရက်သွားပြီး အေးစက်စက်အမူအယာဖြင့် ပြောလိုက်လေသည်။ “ဒါ ငါကြားဖူးသမျှထဲမှာ အရယ်ရဆုံးဟာသပဲ…”
ကျန်းရှန်ကလည်း ဝင်ပြောလိုက်လေ၏။ “နင်နဲ့ တစ်ခန်းတည်း အတူနေဖူးတဲ့ ဘယ်ယောက်ျားတွေက ရိုးသားတယ်ရှိလို့လဲ…”
ယုယင်မျက်နှာ နီရာမှ ပြာနှမ်းသွားခဲ့လေသည်။ ရန်ကိုင့်အား တစ်ချက်လှမ်းကြည့်လျက် ယုယင်က သူမကိုယ်သူမ ခုခံကာကွယ်ပြောဆိုလိုက်လေ၏။ “စီနီယာအစ်ကိုဖုန်း… သူတို့ပြောတာတွေကို နားထောင်မနေနဲ့… ဂျူနီယာညီမက အဲ့လိုလူစားမျိုးမဟုတ်ဘူး…”
ရန်ကိုင်က ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေ၏။ “ငါသိတယ်…”
သို့သော်ငြား သူ့စိတ်ထဲတွင်တော့ ကြိတ်၍ လှောင်ပြောင်နေခဲ့လေသည်။ ယုယင် မည်ကဲ့သို့သော လူစားမျိုးမှန်း သူမနှင့်အတူရှိစဉ်တည်းက ရန်ကိုင် သိပြီးသားပင်။ (ဒီကောင်မက ဘာလဲကွ… အခုလိုမျိုး ဖြစ်နေတာတောင် သူဘာမှမဟုတ်ပါဘူးဆိုပြီး လိုက်ကာပြောနေတုန်း… ငါ့ကို အရူးများမှတ်နေတာလားမသိဘူး…)
ရန်ကိုင့်၏ထူးမခြားနားဟန်ကို မြင်သော် ယုယင်စိတ်ထဲ ညစ်တစ်တစ် ဖြစ်သွားခဲ့ပြီး ဗြဟ္မာကုန်းမြေမှ တပည့်များကို ကြိတ်၍ အပြစ်တင်လိုက်လေသည်။ သို့သော်ငြား ထိုလူများမှာ သူမထက် ပိုအားကောင်းနေသည့် အတွက်ကြောင့် ယုယင်မှာ ဒေါသထွက်မပြရဲခဲ့။ သနားစဖွယ် အမူအယာဖြင့်သာ ပြန်လည်ပြောဆိုလိုက်လေသည်။ “စီနီယာအစ်ကိုတို့… ရှင်တို့ ကျွန်မကို အရှက်ခွဲဖို့များ ဒီနေရာမှာလာရပ်လိုက်တာလား… အဲ့လိုဆိုရင်တော့ ရှင်တို့ အောင်မြင်သွားပြီလို့ ပြောရမယ်… ဒီဂျူနီယာညီမ သွားလိုက်ပါဦးမယ်…”
“သွားချင်တယ်ပေါ့… ငါနင့်ကို သွားခွင့်ပေးလို့လား…” ကျန်းဟောင်က ရုတ်တရက် အော်ပြောလိုက်လေသည်။
“စီနီယာအစ်ကို… ရှင်ဘာလုပ်ချင်နေတာလဲ…” ယုယင် ရင်တဒုန်းဒုန်း ခုန်လာခဲ့လေသည်။ ကျန်းဟောင်နှင့် သူတို့အဖွဲ့ ဤနေရာတွင် ရပ်လိုက်သည်ကို ကြည့်လျှင် သူမနှင့် စကားစမြည်ပြောရုံသက်သက်အတွက် မဟုတ်သည်မှာ သေချာသလောက် ရှိပေသည်။
ကျန်းရှန်သည် ရန်ကိုင့်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်ရင်း နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ “မိန်းမပျက်မ… ငါနင့်ကို မေးလိုက်ဦးမယ်… ငါတို့ဂျူနီယာညီလေးတုန်းရုန် အခုဘယ်မှာလဲ…”
ထိုစကားကိုကြားသည့်အခါ ယုယင်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ သို့သော်ငြား သူမ၏အမူအယာကို ချက်ချင်း ပြန်ထိန်းလိုက်ပြီး အားတင်းပြုံးလျက် ပြောလိုက်လေ၏။ “စီနီယာအစ်ကိုကျန်းရှန်… ရှင် ဒါကို ဘာလို့ ကျွန်မကို လာမေးနေတာလဲ… တုန်းရုန် ဘယ်မှာဆိုတာကို ရှင်တို့ပဲ သိရမှာပေါ့… ကျွန်မက ဘယ်လိုလုပ်ပြီး သိရမှာလဲ…”
“လာလိမ်မနေနဲ့…” ကျန်းဟောင်သည် ယုယင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်ရင်း အော်ပြောလိုက်လေ၏။ “ဂျူနီယာညီလေးတုန်းရုန် နင့်လက်မှာ သေသွားတယ်ဆိုတာကို ငါသိပြီးသား…”
ယုယင်မှာ အထိတ်ထိတ်အလန့်လန့်ဖြင့် သူမကိုယ်သူမ ခုခံကာကွယ်ပြောဆိုလိုက်ပြန်လေသည်။ “စီနီယာအစ်ကိုကျန်း… ဘာဖြစ်လို့ ကျွန်မကို အခုလိုမျိုးစွပ်စွဲနေရတာလဲ… ကျွန်မနဲ့ တုန်းရုန်ကြားမှာ ဘာရန်ငြိုးရန်စမှ ရှိတာမဟုတ်ဘူး… ကျွန်မ သူ့ကို တွေ့မယ်ဆိုရင်တောင် ဘာဖြစ်လို့ ကျွန်မက သူ့ကိုသတ်ရမှာလဲ… ပြီးတော့ တုန်းရုန်ကလည်း ကျွန်မထက် အများကြီး ပိုအားကောင်းသေးတယ်… ကျွန်မလိုလူက သူ့ကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ… စီနီယာအစ်ကိုကျန်းဟောင် ကျွန်မကို အခြေအမြစ်မရှိဘဲ မစွပ်စွဲပါနဲ့…”
“နင်က အကြောင်းပြချက်တွေ ပေးချင်နေသေးတယ်ပေါ့…” ကျန်းဟောင်က အံကြိတ်လိုက်လေသည်။ ယုယင်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်ရင်း အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “နင်က ဒီလောက်တောင် ခေါင်းမာနေမှတော့လည်း ငါကလည်း နင်နားလည်သွားအောင် လုပ်ပြပေးရသေးတာပေါ့… ဂျူနီယာညီလေးတုန်းရုန်ရဲ့ ဝိဉာဉ်ကြေကွဲစည်းတံဆိပ်က နင့်ခန္ဓာကိုယ်ပေါ်မှာ ရှိနေတာ… ငါတို့ အဲ့စည်းတံဆိပ်အတိုင်း ခြေရာခံလိုက်လာတာ… အခု နင်ဘာပြောချင်သေးလဲ…”
ယုယင်၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။
ကျန်းရှန်ကလည်း ဝင်ပြောလိုက်လေ၏။ “အစတုန်းကတော့ တုန်းရုန်ကို ဘယ်သူသတ်သွားလဲမှတ်နေတာ… နင့်လိုမိန်းမပျက်မ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး… တုန်းရုန် နင့်ထက်အားကောင်းတာမှန်တယ်… ဒါပေမဲ့ သူနင့်လက်မှာ သေသွားတာ အံ့အားသင့်စရာတော့မဟုတ်ဘူး… အဲ့ကောင်က တဏှာရူးပဲဟာကို…”
ကျန်းဟောင်ကလည်း ဆက်ပြောလိုက်လေသည်။ “တုန်းရုန်ကိုယ်တိုင်က တဏှာရူးလွန်းအားကြီးလို့ အပြစ်ပေးခံရသင့်တယ်ဆိုပေမဲ့ သူက ဗြဟ္မာကုန်းမြေရဲ့ တပည့်တစ်ယောက် ဖြစ်နေတုန်းပဲ… ယုယင်… သူ့အသက်ကို နင့်အသက်နဲ့ ပြန်ပေးဆပ်ဖို့ ပြင်ထားပေတော့… ဒါပေမဲ့ ငါနင့်ကို ကိုယ့်ကိုယ်ကို သတ်သေဖို့ အခွင့်အရေးတစ်ခု ပေးလိုက်မယ်… ငါတို့ကိုယ်တိုင် လုပ်ရမယ်ဆိုရင်တော့ သက်သာနေမှာ မဟုတ်ဘူးနော်…”
နှစ်ယောက်စလုံးသည် ယုယင်အား သတ်ဖြတ်ချင်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ယုယင်၏မျက်နှာတစ်ခုလုံး သွေးမရှိတော့သည့်အလား ဖြူလျော်သွားခဲ့ပြီး သူမ၏ခန္ဓာကိုယ်လေးမှာ ကတုန်ကယင် ဖြစ်လာခဲ့လေ၏။
ထိုအခါမှသာ ယုယင်၏ခန္ဓာကိုယ်ပေါ်တွင် ဝိဉာဉ်အမှတ်အသားတစ်ခု ရှိနေသည်ကို ရန်ကိုင် သတိထားမိသွားခဲ့လေသည်။ ထိုအမှတ်အသားသည် တုန်းရုန်မသေခင် ချန်ထားရစ်ခဲ့သည့် အမှတ်အသားတစ်ခု ဖြစ်လောက်သည်။ ယုယင်ကိုယ်တိုင်က ထိုအချက်ကို သတိမထားမိသည်မှာ တကယ်ကို ရယ်စရာပင်။
ဗြဟ္မာကုန်းမြေမှ တပည့်ငါးဦး သူတို့လမ်းတွင် ဘာကြောင့် လာပိတ်ရပ်နေသလဲ ဆိုသည်ကို ရန်ကိုင်တွေးမိနေခဲ့သော်ငြား ထိုအချက်ကြောင့် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ယုယင် တုန်းရုန်အား မည်သည့်အချိန်က သတ်ပစ်လိုက်သလဲ ဆိုသည်ကို သူမသိသော်ငြား ဤနှစ်အတွင်းတော့ ဖြစ်ရပေလိမ့်မည်။
ရန်ကိုင့်စိတ်ထဲ ကြိတ်၍ ငြီးတွားနေခဲ့လေသည်။ ယင်လဲ့ရှန်းကို ရှာချင်သည့်အတွက်ကြောင့် ယုယင်နောက်သို့ လိုက်လာခဲ့ပါသော်ငြား ဤကဲ့သို့သော ပြဿနာမျိုးနှင့် လာကြုံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ပိုဆိုးသည်မှာ ယုယင်သေသွားမည်ကို သူ့အနေဖြင့် ခွင့်မပြုနိုင်ခြင်းပင်။ သူ့ဘက်မှ တစ်ခုခု ဝင်မလုပ်လျှင် ယုယင် ကျိန်းသေ သေရပေလိမ့်မည်။ ထိုအခါ သူအားစိုက်ထုတ်ထားသမျှ အရာအားလုံး အချည်းအနှီးသာ ဖြစ်သွားပေလိမ့်မည်။
ထို့အတွက်ကြောင့် သူ့စိတ်ထဲ ဆန္ဒမရှိလျှင်ပင် ယုယင်ကို ကယ်တင်ရပေလိမ့်မည်။
“မလုပ်သေးဘူးပေါ့…” ယုယင် ရပ်နေသည်ကို မြင်သော် ကျန်းဟောင်က အော်ပြောလိုက်လေသည်။ “နင်သေသေချာချာ စဉ်းစားနော်… ငါတို့ကိုယ်တိုင် လာရမယ်ဆိုလို့ရှိရင် နင် သေချင်တယ်ဆိုရင်တောင် သေလို့ရတော့မှာမဟုတ်ဘူး…”
ယုယင်၏မျက်နှာ ပို၍ဖြူလျော်သွားခဲ့ပြီး အံကိုကြိတ်လျက် နောက်ပြန်ဆုတ်လိုက်လေသည်။ ထို့နောက် အော်ပြောလိုက်လေ၏။ “ဒါ ငါတို့ဂိုဏ်းက စီနီယာအစ်ကိုဖုန်းတဲ့ပဲ… ရှင်တို့ တစ်ခုခုပြောချင်လို့ရှိရင် သူနဲ့ပြော…”
သူမအတွက် အခြေအနေ မဟန်တော့သည်ကို မြင်သော် ရန်ကိုင်အား ချက်ချင်း ရှေ့သို့ တွန်းထုတ်လိုက်လေ၏။ ရန်ကိုင့်ကို ဒိုင်းကာအဖြစ် သုံးချင်နေသည့်ပုံပင်။
“ဖုန်းတဲ့လား…” ကျန်းဟောင် မျက်လုံးမှေးစင်းသွားခဲ့လေသည်။ ရန်ကိုင့်အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်လျက် “ဒီအမှိုက်ကောင် ဘယ်ကနေပြီး ထွက်လာတာလဲ… ငါ သူ့နာမည်ကို တစ်ခါမှ မကြားဖူးဘူး…”
မရဏဂိုဏ်းတွင်သာ ဗြဟ္မာကုန်းမြေ၏ တော်ဝင်သားတော်များနှင့် ယှဉ်ပြိုင်နိုင်သည့် တပည့်တစ်ဦး ရှိနေမည်ဆိုပါက ထိုတပည့်အကြောင်းကို သူတို့ သိထားရပေလိမ့်မည်။ သို့သော်ငြား ဖုန်းတဲ့ဆိုသည့်လူအား သူတို့တစ်ခါမှ မကြားဖူးချေ။ ထို့အတွက်ကြောင့် ဖုန်းတဲ့သည် သာမန်တပည့်တစ်ဦးသာ ဖြစ်ရပေလိမ့်မည်။
“ကောင်လေး… မင်း ဒီမိန်းမပျက်မ ဘက်ကနေ ဝင်ပြီး ကာပေးချင်နေတာလား… မင်း တစ်ခုခုမလုပ်ခင် သေချာပြန်စဉ်းစားနော်…” ကျန်းရှန်သည် ရန်ကိုင့်အား ကြည့်ကာ လှောင်ပြောင်ပြောဆိုလိုက်လေ၏။
ရန်ကိုင်မှာ သူ့စိတ်ထဲ ဒေါသထွက်မိနေပါသော်ငြား စိတ်ကို တည်တည်ငြိမ်ငြိမ်ထားရင်း ပြန်ပြောလိုက်လေ၏။ “ဂျူနီယာညီမယု… နင်က ငါ့ကို စီနီယာအစ်ကိုလို့ ခေါ်မှတော့ ဒီဖုန်း ဒီတိုင်း ရပ်မကြည့်နေနိုင်တော့ဘူး… မင်းတို့ သူ့ကို သတ်ချင်တယ်ဆိုရင် ဒီဖုန်းကို အရင်ဖြတ်သွားမှပဲ ရလိမ့်မယ်…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင့်နောက်တွင် ပုန်းနေသော ယုယင်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။ ရန်ကိုင် သူမဘက်မှ ဤကဲ့သို့ ခုခံကာကွယ်ပြောဆိုပေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။ တကယ်တော့ ရန်ကိုင်သည် မရဏဂိုဏ်း၏ တပည့်တစ်ဦးမဟုတ်သေးသလို သူတို့နှစ်ဦးသည်လည်း အသိအကျွမ်းများသာ မဟုတ်လေလော။ ယခုကဲ့သို့ အခြေအနေမျိုးတွင် ရန်ကိုင် ထွက်ပြေးသွားမည်ဆိုလျှင်ပင် သူ့အား အပြစ်တင်၍ မရချေ။
(ဒီကောင်က တကယ်တုံးတာပဲ…) ယုယင်စိတ်ထဲ ကြိတ်၍ လှောင်ပြောင်နေခဲ့လေသည်။
သို့သော်ငြား ဖုန်းတဲ့သည်သာ ထိုငါးယောက်ကို အချိန်ဆွဲထားပေးနိုင်မည်ဆိုပါက သူမအနေဖြင့် ထွက်ပြေးကောင်း ထွက်ပြေးနိုင်ပေလိမ့်မည်။ ဖုန်းတဲ့ အသက်ရှင်မရှင်ကိုတော့ သူမဂရုစိုက်မနေပါချေ။ သူမ၏အသက်သည်သာ အရေးကြီးဆုံး မဟုတ်ပေလော။
(သူ့ကို ငါနဲ့အတူ မရဏဂိုဏ်းဆီ ခေါ်မသွားနိုင်တာ ဆိုးတာပဲ… ငါ့ကံက ဘာလို့ ဒီလောက်ဆိုးနေတာလဲမသိဘူး…)
ယုယင်မှာ စိတ်ထဲ အစီအစဉ် ကြိုချနေခဲ့လေပြီ။ တစ်ခုခုဖြစ်လာသည်နှင့် အချိန်မရွေး ထွက်ပြေးရန် ပြင်ဆင်ထားခဲ့၏။ ယုယင်မှာ ထွက်ပြေးမည့်ပုံ မပြသော်ငြား ရန်ကိုင်ကမူ သူမဘာလုပ်ချင်နေသလဲ ဆိုသည်ကို သတိထားမိပေသည်။
ထို့အတွက်ကြောင့် သူ့စိတ်ထဲ ကြိတ်၍ လှောင်ပြုံးပြုံးနေခဲ့လေသည်။ ယုယင်မှာ အမှန်တကယ်ကိုမှ ကောက်ကျစ်ဉာဏ်များလွန်းလှသည့် မိန်းမတစ်ဦးဖြစ်ပေသည်။ သူသာ တကယ်ဖုန်းတဲ့ဆိုပါက ယုယင်၏ ရောင်းစားခြင်း ခံနေရလောက်ပေပြီ။ ကံမကောင်းစွာဖြင့် သူမ၏ လှည့်ကွက်အားလုံးမှာ ရန်ကိုင့်အတွက် အသုံးမဝင်ခဲ့ချေ။
“ကောင်းပြီလေ… မင်းက သေချင်တယ်ဆိုမှတော့လည်း ငါတို့က မင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့…” ကျန်းဟောင်ဆိုသည့်လူသည် အတော်လေးကိုမှ ဒေါသကြီးသည့် ပုံစံပင်။ ရန်ကိုင် ယုယင်ရှေ့၌ ပိတ်ရပ်နေသည်ကိုမြင်သော် စိတ်ရှည်မနေတော့ဘဲ တိုက်ပွဲတူတစ်ချောင်းကို ထုတ်ယူလိုက်လေ၏။ ထို့နောက် ရန်ကိုင်နှင့် ယုယင်တည့်တည့်သို့ အညှာအတာကင်းမဲ့စွာ ထုချလိုက်လေသည်။
ချက်ချင်းဆိုသလို ဟင်းလင်းပြင်တစ်ခုလုံး ပြိုကျတော့မည့်အလား ပတ်ဝန်းကျင်လေဟာနယ်တစ်ခုလုံး အေးခဲသွားခဲ့လေသည်။ ထို့နောက်တွင် ဧရာမတူပုံရိပ်ကြီးတစ်ခုသည် ရန်ကိုင်နှင့် ယုယင်တို့ခေါင်းထက် ထွက်ပေါ်လာခဲ့လေ၏။
ကျန်းဟောင်၏တိုက်ကွက်မှာ အားကောင်းပါသော်ငြား ရန်ကိုင့်အတွက်တော့ ဘာဆိုဘာမှ မဟုတ်ချေ။ ရန်ကိုင်သာ ဆန္ဒရှိလျင် ထိုငါးယောက်လုံးကို အလွယ်တကူ ရှင်းပစ်နိုင်ပေသည်။
သို့သော်ငြား သူ့အစစ်အမှန်စွမ်းရည်ကို ဤနေရာတွင် ထုတ်မပြချင်ပေ။ အထူးသဖြင့် ယုယင်ရှေ့တွင်ပင်။
ထို့အတွက်ကြောင့် ရန်ကိုင်သည် ကြောက်လန့်တုန်လှုပ်သွားဟန် ဆောင်ပြလိုက်လေသည်။ မည်သည့်ပညာရပ်ကိုမှ မသုံးသလို မှော်ရတနာကိုလည်း အသုံးမပြုခဲ့ဘဲ လက်သီးသက်သက်ဖြင့်သာ ဧရာမတူကြီးကို ပြန်ထိုးချလိုက်လေ၏။
“ဘုန်း ဘုန်း ဘုန်း…”
ထို့နောက်တွင် ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး အားကောင်းသည့် စွမ်းအင်လှိုင်းတို့ အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။
ရန်ကိုင်သည် သွေးတစ်ပွက်အန်ထုတ်ရင်း ဆယ်မီတာအကွာသို့ ဆုတ်သွားခဲ့ရလေ၏။
နောက်သို့ လွင့်ထွက်သွားသည်ကို အခွင့်ကောင်းယူလျက် ရန်ကိုင်သည် တစ်ချက်ကလေးပင် လှည့်ကြည့်မနေတော့ဘဲ ချက်ချင်း ထွက်ပြေးတော့လေသည်။ တစ်ချိန်တည်းတွင်လည်း အော်ပြောလိုက်သေး၏။ “ဂျူနီယာညီမယု… ပြေးပေတော့…”
ရန်ကိုင် မပြောခင်ကတည်းက ယုယင်မှာ ထွက်ပြေးနေပြီးလေပြီ။ သူမ၏ပုံရိပ်မှာ မီးခိုးမှုန်များကဲ့သို့ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး လေအလျင်နှယ် အဝေးတစ်နေရာဆီသို့ ပြေးထွက်သွားလေ၏။ ရန်ကိုင့်၏ အော်ပြောသံကို ကြားသော် ယုယင်က အလျင်စလို ပြန်အော်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုဖုန်း… မြန်မြန်ထွက်ပြေးတော့နော်… သူတို့ရှင့်ကို ဖမ်းမိသွားရင် ရှင်သေလိမ့်မယ်…”
ယုယင်အသုံးပြုနေသည့် ထွက်ပြေးသည့်နည်းလမ်းမှာ အတော်လေးကိုမှ ထူးခြားလှပေသည်။ ကြည့်ရသလောက် သူမ၏ အရင်းအမြစ်ချီအားလုံးကို လောင်ကျွမ်းပစ်နေသည့်ပုံပင်။ သူမ၏အရင်းအမြစ်ချီများကို လျင်မြန်စွာ ကုန်ဆုံးစေနိုင်ပါသော်ငြား သူမ၏အမြန်နှုန်းမှာလည်း သိသိသာသာကို မြင့်တက်သွားခဲ့ရလေသည်။
ရန်ကိုင်သည် ယုယင်အား တစ်ချက်လှမ်းကြည့်လျက် သူ့နှုတ်ခမ်းကို ကိုက်ကာ သွေးအဆီအနှစ်တစ်စက်ကို ထွေးထုတ်သည့်ဟန် လုပ်ပြလိုက်လေသည်။ ထို့နောက် သူ့အရှိန်ကိုတင်ကာ ယုယင်နောက်သို့ အမှီလိုက်လေ၏။
ကျန်းဟောင်နှင့် သူ့အဖွဲ့မှာ ငေးကြောင်ကြောင်ဖြင့် ရပ်ကြည့်နေကြလေသည်။
ရန်ကိုင် သူတို့၏တိုက်ကွက်ကို မကြောက်မရွံ့ ပြန်တိုက်ခိုက်သည်ကို မြင်သော် တကယ်သတ္တိရှိသည့် လူတစ်ဦးနှင့်တွေ့ပြီဟု ထင်ခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်သည် သွေးတစ်ပွက်အန်ပြီးသည့်နောက် ချက်ချင်း လှည့်ထွက်ပြေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ဒီကောင်… လေလုံးထွားနေတဲ့ကောင်ပဲ…” ကျန်းရှန်က မှတ်ချက်ပေးလိုက်လေ၏။
“ဟမ့်… အပြေးမြန်သွားတာ ကံကောင်းသွားတယ်မှတ်… မဟုတ်ရင် ဒီကောင် အလောင်းတောင်မြုပ်စရာမရှိဘဲ သေသွားရမှာ…” ကျန်းဟောင်က ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။ ထို့နောက် သူ့တူကိုပြန်သိမ်း၍ လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်လေ၏။ “သူတို့နောက်ကို လိုက်ကြ… ဘာပဲဖြစ်ဖြစ် ဂျူနီယာညီလေးတုန်းရုန်အတွက် ပြန်လက်စားချေပေးရမယ်…”
လေးယောက်စလုံးမှာ ခေါင်းညိတ်လိုက်ကြပြီး ရန်ကိုင်နှင့် ယုယင်တို့နောက်သို့ ပြေးလိုက်ကြလေသည်။
ယုယင်နှင့် ဖုန်းတဲ့ဆိုသည့်လူမှာ ခြေကုန်သုတ်ကာ ထွက်ပြေးနေကြသည်။ ယုယင်သည် အရင်းအမြစ်ချီအလွန်စားသည့် ကျင့်စဉ်တစ်ခုကို သုံး၍ ထွက်ပြေးနေချိန် ဖုန်းတဲ့မှာတော့ သူ၏ သွေးအဆီအနှစ်ကို လောင်ကျွမ်းကာ ထွက်ပြေးနေခဲ့လေသည်။ သို့သော်ငြား နှစ်ယောက်စလုံး သုံးနေသည့်နည်းလမ်းမှာ ရေရှည်သုံးလို့ရသည့် နည်းလမ်းမျိုးမဟုတ်ချေ။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏အမြန်နှုန်းမှာ သိသိသာသာကို နှေးကျသွားပေလိမ့်မည်။
ထိုသို့ဖြစ်လာသည့်နောက်တွင် ဗြဟ္မာကုန်းမြေမှ တပည့်များအဖို့ ရန်ကိုင်တို့ကို သတ်ပစ်ရန်မှာ ကိစ္စမရှိတော့ချေ။
ရန်ကိုင်နှင့် ယုယင်သည် နောက်သို့ တစ်ချက်ကလေးပင် လှည့်မကြည့်ဘဲ ခြေကုန်သုတ်သာ ထွက်ပြေးနေခဲ့လေသည်။
သွေးအဆီအနှစ်ကို လောင်ကျွမ်းထားရသည့် အတွက်ကြောင့် ရန်ကိုင့်ပုံစံမှာ အတော်လေးကိုမှ သနားစဖွယ် ဖြစ်နေခဲ့လေ၏။ သို့သော်ငြား တကယ့်တကယ်တွင်တော့ အကုန်လုံးမှာ သူ့ထိန်းချုပ်မှုအောက်တွင်သာ ရှိနေပေသည်။ ရန်ကိုင်မှ တစ်ဖက်လူသံသယမဝင်သွားစေရန်အတွက် ဟန်ဆောင်နေခြင်းသာ ဖြစ်လေ၏။
တစ်ခဏကြာမျှကြာအောင် ပျံသန်းလာပြီးသည့်နောက်တွင် ရန်ကိုင်က အော်ပြောလိုက်လေသည်။ “ဂျူနီယာညီမယု နင့်ကိုယ်ပေါ် ဝိဉာဉ်ကြေကွဲစည်းတံဆိပ်ကို မြန်မြန်ဖျက်ဆီးလိုက်ပေတော့… မဟုတ်ရင် ငါတို့ ထွက်ပြေးလို့ လွတ်မှာမဟုတ်ဘူး…”
(ဒီမိန်းမက တကယ်တုံးတာပဲကွာ… သူ့ကိုယ်ပေါ်က ဝိဉာဉ်ကြေကွဲ စည်းတံဆိပ်ကြောင့် သူ့နောက်ကို လိုက်လာပါတယ်လို့ ဟိုနှစ်ယောက်က ပြောပြီးတာတောင် အခုချိန်ထိ မဖျက်ပစ်သေးဘူး…) ရှောင်ရှောင်ကို ရှာရန်အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင့်အနေဖြင့် ဤမျှ အလုပ်ရှုပ်ခံနေလိမ့်မည် မဟုတ်ပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၄၂)
ရန်ကိုင် သတိပေးလိုက်သည့်အခါမှသာ ယုယင်လည်း ထိုအချက်ကို သတိရသွားခဲ့ပြီး သူမ၏ အဝတ်အစားများကို စတင် ချွတ်ပစ်တော့လေသည်။ တစ်ခဏအကြာတွင် ယုယင်၏ ခန္ဓာကိုယ်ပေါ်၌ အတွင်းခံလေးနှစ်ထည်သာ ကျန်ရစ်တော့လေ၏။
ထိုအချင်းအရာကိုကြည့်ရင်း ရန်ကိုင့်နဖူးထက် အရေးအကြောင်းတို့ ထွက်ပေါ်လာပြီး မေးလိုက်လေသည်။ “ဂျူနီယာညီမယု… နင်ဘာလုပ်နေတာလဲ…”
ယုယင်က ပြန်ပြောလိုက်လေသည်။ “စည်းတံဆိပ်ဘယ်မှာလဲ ကျွန်မရှာလို့မတွေ့ဘူး… အဝတ်အစားပေါ်မှာမှတ်လို့ အဝတ်တွေအကုန်လုံးကို ချွတ်ပစ်လိုက်တာ…”
ရန်ကိုင် ဆွံ့အသွားခဲ့လေသည်။ “နင့်ပုခုံးပေါ်မှာလေ… ကောင်းကင်စိတ်အာရုံကိုသုံးပြီးတော့ ရှာကြည့်လိုက်…”
ဝိဉာဉ်ကွဲကြေစည်းတံဆိပ်သည် အလွန်ကိုမှ လျှို့ဝှက်စွာ တည်ရှိနေခြင်း ဖြစ်သည်။ ရန်ကိုင့်၏ အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံကြောင့်သာ မဟုတ်လျှင် ထိုစည်းတံဆိပ်ကို အလွယ်တကူ ရှာတွေ့နိုင်ခဲ့လိမ့်မည်မဟုတ်ချေ။ ယခု ရန်ကိုင်မှ ညွှန်ပြလိုက်သည့်နောက် ယုယင်သည် ကောင်းကင်စိတ်အာရုံကို သူမပုခုံးထက်တွင် စုစည်းလိုက်လေသည်။
တစ်ခဏအကြာတွင် သူမမျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေ၏။
ယုယင် မည်ကဲ့သို့သော ပညာရပ်ကို ထုတ်သုံးလိုက်လဲတော့ မသိလေရာ ထွက်ပြေးနေစဉ် အတောအတွင်း ယုယင်ကိုယ်ပေါ်တွင် ရှိနေသော ဝိဉာဉ်ကွဲကြေစည်းတံဆိပ် တဖြည်းဖြည်း ပျောက်ကွယ်လာပြီး အဆုံးတွင် အပြီးတိုင် ပျောက်ကွယ်သွားသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။
ထိုအခါမှသာ ယုယင်လည်း စိတ်သက်သာရာ ရသွားခဲ့ပြီး အဝတ်အစားအသစ်များကို ထုတ်ဝတ်တော့လေ၏။
ယခု ဝိဉာဉ်ကွဲကြေစည်းတံဆိပ် မရှိတော့သည့်အတွက်ကြောင့် ရန်ကိုင်တို့အနေဖြင့် မြန်နိုင်သမျှ မြန်အောင်ပြေးကာ ဗြဟ္မာကုန်းမြေမှ တပည့်များကို မျက်ခြေဖြတ်ပစ်ရန်သာ ကျန်တော့ပေသည်။
စည်းတံဆိပ်ကို ဖျက်ဆီးပစ်ပြီးသည့်နောက် ယုယင်သည် ရန်ကိုင့်အား ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် စီနီယာအစ်ကိုဖုန်း…”
ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေ၏။ “မလိုပါဘူး…”
ရန်ကိုင့်၏ ထူးမခြားနားဟန်ကို မြင်သော် ယုယင် အနည်းငယ် ဝမ်းနည်းသွားခဲ့လေသည်။ သူမ၏ လုပ်ပုံကြောင့် စီနီယာအစ်ကိုဖုန်း ဒေါသများ ထွက်သွားလေသလားဟု တွေးကာ စိတ်ညစ်နေရလေသည်။ သူမ၏လုပ်ရပ်မှာ တကယ်ကို လွန်ပေသည်။ အခြားတစ်ယောက်ယောက်သာဆိုလျှင် ကျိန်းသေ ဒေါသထွက်နေလောက်ပေပြီ။
နာရီဝက်ခန့်ကြာအောင် ထွက်ပြေးလာပြီးသည့်နောက်တွင် ယုယင်၏ မျက်နှာမှာ ဖြူသည်ထက် ဖြူလျော်လာခဲ့လေသည်။ ယခုဆိုလျှင် အရင်းအမြစ်ချီများကို အလွန်အကျွံ သုံးစွဲထားရသည့် အတွက်ကြောင့်လားမသိ အသက်ပင် အမောတကော ရှူနေရလေ၏။ ဤနှုန်းအတိုင်း ဆက်၍ ထွက်ပြေးရန် မလွယ်ကူတော့ပေ။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်လည်း သူ့အရှိန်ကို နှေးချလိုက်ပြီး သူ့သင်္ဘောကိုထုတ်လျှက် ပြောလိုက်လေသည်။ “တက်လိုက်… ငါနင့်ကို ခေါ်သွားပေးမယ်…”
ယုယင်သည် ချက်ချင်း ခေါင်းညိတ်လိုက်ပြီး သင်္ဘောပေါ်သို့ ခုန်တက်လိုက်လေ၏။ “ထို့နောက် တင်ပလင်ခွေထိုင်ကာ ကုသရေးဆေးလုံးများကို သောက်သုံး၍ အားပြန်ဖြည့်လေသည်။ ထိုသို့အားပြန်ဖြည့်နေစဉ် အတောအတွင်း မရဏဂိုဏ်းမှ တပည့်များကို ဆက်သွယ်နေသည့်အလား ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ သတင်းတစ်ခုပြီးတစ်ခု ပို့နေလေ၏။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင် ကြိတ်၍ ဝမ်းသာသွားခဲ့လေသည်။ ယုယင် ယင်လဲ့ရှန်းနှင့် မြန်မြန်တွေ့နိုင်ပါစေဟု ရန်ကိုင် မျှော်လင့်နေမိလေ၏။
ဗြဟ္မာကုန်းမြေမှ တပည့်များသည် ရန်ကိုင်တို့အား မျက်ခြေပြတ်သွားသည့်အလား ရန်ကိုင်မှ သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည့်တိုင် ထိုလူများကို ရှာမတွေ့ခဲ့ချေ။
တစ်ရက်ကြာပြီးသည့်နောက်တွင် ယုယင်၏မျက်လုံးလေးများ ရုတ်တရက် တောက်ပလာခဲ့ပြီး လေသံတိုးတိုးဖြင့် အော်ပြောလိုက်လေ၏။ “စီနီယာအစ်ကိုဖုန်း… ကျွန်မတို့ဂိုဏ်းက တစ်ယောက်ယောက်ကို ရှာတွေ့ပြီ…”
ရန်ကိုင် ဝမ်းသာသွားခဲ့ပြီး ချက်ချင်း ပြန်မေးလိုက်လေ၏။ “ဘယ်သူလဲ…”
ယုယင်ကပြန်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုကျုန်းပဲ… ကျုန်းကျန်းယုံ… စီနီယာအစ်ကိုဖုန်း သူ့အကြောင်းကို ကြားဖူးလားတော့မသိဘူး…”
(ယင်လဲ့ရှန်းမဟုတ်ဘူးပဲ) ရန်ကိုင် စိတ်ပျက်သွားခဲ့လေသည်။ သို့သော်ငြား ပြန်၍တော့ ပြောလိုက်သေး၏။ “အရှေ့ဘက်နယ်မြေကို တစ်ခါမှ မရောက်ဖူးတော့ သူတို့အကြောင်းတော့မသိဘူး…”
ယုယင်က ရှင်းပြလိုက်လေ၏။ “စီနီယာအစ်ကိုကျုန်းက မရဏဂိုဏ်းကတပည့်တွေထဲမှာ ထိပ်ဆုံးသုံးယောက်ထဲဝင်တယ်… ကျွန်မတို့သာ သူ့အနားမှာ နေလို့ရှိရင် ဗြဟ္မာကုန်းမြေက တပည့်တွေကို ကြောက်နေစရာ မလိုတော့ဘူး… ကျွန်မတို့ သူ့ကို သွားရှာကြရအောင်…”
“ကောင်းပြီလေ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။
ယုယင်သည် ယင်လဲ့ရှန်းနှင့် မဆက်သွယ်နိုင်သော်ငြား ကျုန်းကျန်းယုံဆိုသည့်လူမှ ယင်လဲ့ရှန်းအကြောင်း မေးလို့ရနိုင်သည်ဟု ရန်ကိုင် တွေးမိပေသည်။ တကယ်တော့ ကျုန်းကျန်းယုံသည် သူတို့မသိထားသည့် အကြောင်းအရာများကိုပင် သိထားလောက်ပေသည်။
ထို့နောက်တွင် ရန်ကိုင်သည် ယုယင်၏ လမ်းညွှန်မှုအတိုင်း ဦးတည်ချက်ပြောင်းကာ ပျံသန်းသွားလေ၏။
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင့်၏မြင်ကွင်းထဲ လူတစ်ယောက် ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်လည်း ထိုလူဆီသို့ ချက်ချင်း ပျံသန်းသွားလိုက်ပြီး သင်္ဘောမရပ်ရသေးခင်မှာပင် ယုယင်က ဝမ်းသာအားရဖြင့် သင်္ဘောပေါ်မှ ခုန်ထွက်သွားပြီး အော်ပြောလိုက်လေ၏။ “စီနီယာအစ်ကိုကျုန်း…”
“ဂျူနီယာညီမယုလား…” ကျုန်းကျန်းယုံသည် ယုယင်အား ပြုံးကာ ကြည့်လိုက်ပြီးသည့်နောက် မျက်ခုံးပင့်လျက် ရန်ကိုင့်အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်၍ မေးလိုက်လေသည်။ “ဒါက ဂျူနီယာညီမယုပြောနေတဲ့ ရောင်းရင်းဖုန်းဆိုတဲ့လူလား…”
ယုယင်သည် ဤနေရာသို့ မလာခင်ကတည်းက ရန်ကိုင့်အကြောင်းကို ကြိုပြောပြီးထားပြီ ဖြစ်လောက်၏။
ယုယင်က ခေါင်းညိတ်၍ သဘောတူလိုက်လေသည်။ “ဟုတ်တယ် စီနီယာအစ်ကိုကျုန်း… စီနီယာအစ်ကိုဖုန်းကြောင့်ပဲ ဂျူနီယာညီမ ဒီကို အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ခဲ့တာ…”
ကျုန်းကျန်းယုံ၏ ပုံစံမှာ အတော်လေးကိုမှ ချောမောခန့်ညားပြီး ဖော်ရွေမည့်ပုံစံပေါက်ပေသည်။ ယုယင်ပြောသည်ကို ကြားပြီးသည့်နောက် ကျုန်းကျန်းယုံသည် ရန်ကိုင့်အား ကြည့်လျက် မေးလိုက်လေသည်။ “ဂျူနီယာညီမယုပြောတာတော့ မင်းက တစပြင်ကန္တာရကြယ်စီရင်စုကြီးထဲကနေ လာတဲ့ ဂျူနီယာညီလေးယင်လိုပဲ ကြယ်သခင်တစ်ယောက်ဆို…”
ရန်ကိုင်က လက်သီးဆုပ်လျက် ယဉ်ယဉ်ကျေးကျေးဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီဖုန်းက တစပြင်ကန္တာရကြယ်စီရင်စုကြီးထဲကနေ လာခဲ့တာပါ… စီနီယာအစ်ကိုယင်လိုပဲ ကြယ်သခင်တစ်ယောက်ပါပဲ… စီနီယာအစ်ကိုယင်ကို မတွေ့ရတာကြာလို့ ဂျူနီယာညီမယုရဲ့ အကူအညီနဲ့ လာတွေ့တာပါ… စီနီယာအစ်ကိုကျုန်း စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်…”
ကျုန်းကျန်းယုံက အော်ရယ်မောလျက် ပြောလိုက်လေသည်။ “မလိုပါဘူး မလိုပါဘူး… မင်းက ငါတို့ မရဏဂိုဏ်းထဲကို ဝင်ချင်မှတော့ နောက်ပိုင်းကျရင် ငါတို့က ရောင်းရင်းညီအစ်ကိုတွေ ဖြစ်လာကြတော့မှာ… အခုလိုမျိုး ယဉ်ကျေးနေစရာမလိုပါဘူး…”
ယုယင်က ဝင်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုကျုန်း… ဒီနေရာက စကားပြောလို့ကောင်းတဲ့နေရာ မဟုတ်ဘူး… ကျွန်မတို့နှစ်ယောက်ကို ဗြဟ္မာကုန်းမြေက ကျန်းဟောင်နဲ့ ကျန်းရှင်တို့ လိုက်ဖမ်းနေတာ… အခုချိန်ထိ သူတို့ လိုက်ဖမ်းနေသေးလားတော့ မပြောတတ်ဘူး… သွားရင်းနဲ့မှ ပြောကြရအောင် စီနီယာအစ်ကိုကျုန်း…”
“ကျန်းဟောင်နဲ့ ကျန်းရှန်…” ကျုန်းကျန်းယုံ၏မျက်လုံးများထဲ အေးစက်စက်အလင်းရောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “သူတို့ နင့်ကို လိုက်ဖမ်းရဲတယ်ပေါ့… ဘာလို့လိုက်ဖမ်းတာလဲ…”
ယုယင်က တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်လေသည်။ “ဂျူနီယာညီမ တုန်းရုန်ကို မတော်တဆ သတ်မိသွားတယ်…”
ကျုန်းကျန်းယုံသည် ယုယင်အား ဒေါသတကြီးဖြင့် ကြည့်လျက် မေးလိုက်လေသည်။ “သူ့အရင်းအမြစ်ချီကုန်သွားလို့ သေသွားတာမလား… ငါနင့်ကို အခုလိုမျိုးနည်းလမ်းသုံးပြီး နင့်ခွန်အားကို တိုးတက်အောင်မလုပ်ဖို့ ဘယ်နှစ်ခါပြောရမလဲ… အခုလိုမျိုးလုပ်တာ နင့်အုတ်မြစ်ကို ထိခိုက်သွားနိုင်တယ်ဆိုတာ နင်မသိဘူးလား…”
“သိပါတယ် သိပါတယ်…” ကျုန်းကျန်းယုံမှ သူမ၏အတိတ်အကြောင်းကို ရန်ကိုင်ရှေ့တွင် အကုန်ဖွင့်ထုတ်ပြောဆိုတော့မည်ကို မြင်သော် ယုယင်မှာ အလျင်အမြန်ကောက်တား၍ ညုတုတုအမူအယာဖြင့် သတိပေးလိုက်လေသည်။ “မြန်မြန်သွားကြရအောင် စီနီယာအစ်ကိုကျုန်း… စီနီယာအစ်ကိုဖုန်းကြောင့်ပဲ ကျွန်မ နောက်ဆုံး အဆင်ပြေသွားခဲ့ရတာ… စီနီယာအစ်ကိုဖုန်းက ကျွန်မရဲ့ ကျေးဇူးရှင်ပဲ…”
“အဲ့ဒါဆိုရင် အခြားသူတွေကို နောက်ပိုင်း နည်းနည်းလေး ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလေ…” ကျုန်းကျန်းယုံက ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။
ယုယင်မှာ ရန်ကိုင့်၏ကောင်းကြောင်းများစွာကို ပြောပြထားသည့် အတွက်ကြောင့်လားမသိ ရန်ကိုင့်အပေါ် ကျုန်းကျန်းယုံ၏သဘောထားမှာ အတော်လေးကို ကောင်းမွန်နေခဲ့လေသည်။ ကျုန်းကျန်းယုံကိုကြည့်ရသလောက် ရန်ကိုင်နှင့် မိတ်ဆွေဖြစ်ချင်နေသည့်ပုံပင်။
ယုယင်မှ ထပ်တလဲလဲ ပြောနေသည့် အတွက်ကြောင့် ကျုန်းကျန်းယုံလည်း မနေသာတော့ဘဲ ချက်ချင်း ထွက်ခွာလာခဲ့လေ၏။
ကျုန်းကျန်းယုံတွင် သွားချင်သည့် နေရာတစ်ခု ရှိနေသည့်ပုံပင်။ ယုယင်မှ မြန်မြန်ထွက်သွားရန် ပြောလိုက်သည်နှင့်တစ်ပြိုင်နက် စကားတစ်ခွန်းမှပင် မပြောတော့ဘဲ ထွက်သွားလေ၏။ ရန်ကိုင်နှင့် ယုယင်တို့မှာလည်း ရွေးချယ်စရာမရှိသည့်အတွက်ကြောင့် သူ့နောက်မှ ငြိမ်ငြိမ်လေးသာ လိုက်သွားရလေသည်။
တစ်ခဏမျှကြာအောင် ပျံသန်းနေပြီးသည့်နောက်တွင် ယုယင်က မေးလိုက်လေသည်။ “စီနီယာအစ်ကိုကျုန်း… ကျွန်မတို့ ဘယ်ကိုသွားနေတာလဲ…”
“အခြားသူတွေကို လိုက်ရှာနေတာ… သူတို့ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတစ်ခု ရှာတွေ့ထားတယ်နဲ့တူတယ်…”
“စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတစ်ခု…” ယုယင်၏မျက်လုံးလေးများ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး ချက်ချင်း ပြန်မေးလိုက်လေသည်။ “ဘယ်လိုနေရာလဲ…”
“ရောက်ရင်သိလိမ့်မယ်…” ကျုန်းကျန်းယုံက ရှင်းမပြဘဲ လိုရင်းတိုရှင်းသာ ပြန်ပြောလိုက်လေသည်။
ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ပြန်မေးလိုက်လေ၏။ “စီနီယာအစ်ကိုယင်ရော အဲ့မှာ ရှိနေမှာလား…”
ကျုန်းကျန်းယုံက ပြန်ပြောလိုက်လေသည်။ “အဲ့ဒါတော့ငါလည်းမသိဘူး… အခြားတပည့်တစ်ယောက် ခေါ်လို့ ငါ သူ့ဆီသွားနေတာ… အဲ့အချိန်မှာ ရုတ်တရက်ကြီး ဂျူနီယာညီမဆီက သတင်းစကားတစ်ခု ရောက်လာတာ… ဒါကြောင့်ရပ်ပြီး မင်းတို့ကို စောင့်နေလိုက်တာ…” ရန်ကိုင့်အား တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ပြုံးကာ ပြောလိုက်လေ၏။ “ဂျူနီယာညီလေးယင်ကို ဒီလောက်တောင်တွေ့ချင်နေတာဆိုတော့ ရောင်းရင်းဖုန်းနဲ့ ဂျူနီယာညီလေးယင်က တော်တော်လေး ရင်းနှီးတယ်နဲ့တူတယ်…”
သူအလွန်ကိုမှ စိတ်စောသွားမှန်း သဘောပေါက်လိုက်သည့်နောက် ရန်ကိုင် ရင်တဒိန်းဒိန်း ခုန်သွားခဲ့လေသည်။ သို့သော်ငြား သူ့အမူအယာကို ထိန်းထားရင်းမှ ပြန်၍ ရှင်းပြလိုက်လေ၏။ “တစပြင်ကန္တာရကြယ်စီရင်စုကြီးထဲမှာ ရှိတုန်းက စီနီယာအစ်ကိုယင်က ကျုပ်ကို အများကြီး ကူညီပေးခဲ့တယ်လေ… ကျုပ်က သူ့ဆီကသာ အကူအညီယူခဲ့တာ သူ့အတွက် ဘာမှ ပြန်မလုပ်ပေးနိုင်ခဲ့ဘူး… ဒါကြောင့် ကျုပ်သူ့အတွက် တစ်ခုခု ပြန်လုပ်ပေးချင်တာပေါ့”
“ကျေးဇူးကြွေးကို မဖြစ်မနေ ပြန်ဆပ်ဖို့ ကြိုးစားနေတာဆိုတော့ ရောင်းရင်းဖုန်းက တကယ်ကို လေးစားထိုက်တဲ့လူတစ်ယောက်ပဲ… ရောင်းရင်းဖုန်းလိုလူမျိုးကို ကျုပ်တို့ မရဏဂိုဏ်းက ဝမ်းပန်းတသာနဲ့ အမြဲတမ်းကြိုဆိုနေပြီးသား…” ကျုန်းကျန်းယုံက ဝါးလုံးကွဲအော်ရယ်မောလျက် ပြန်ပြောလိုက်လေသည်။
ရန်ကိုင်ကလည်း ပြန်၍ပြောလိုက်လေ၏။ “မရဏဂိုဏ်းကို ဝင်ခွင့်ရတာ ဒီဖုန်းရဲ့ကံကောင်းမှုကြောင့်လို့တောင် ပြောရပါတယ်… ဒါပေမဲ့ မရဏဂိုဏ်းရဲ့ စံနှုန်းက ဘယ်လောက်ထိမြင့်လဲဆိုတာတော့ ကျုပ်လည်းမသိဘူး…”
ကျုန်းကျန်းယုံသည် ရန်ကိုင့်၏ပုခုံးကို ပုတ်ရင်းမှ ပြောလိုက်လေသည်။ “စိတ်မပူနဲ့… မင်းအဆင်ပြေသွားလိမ့်မယ်…”
“အဲ့ဒါဆိုရင် စီနီယာအစ်ကိုကျုန်းကို ကြိုပြီး ကျေးဇူးတင်ထားရတာပေါ့…”
သို့ဖြင့် ရန်ကိုင်တို့သုံးဦးသည် စကားတပြောပြောဖြင့် ခရီးဆက်လာလိုက်ရာ နှစ်ရက်ကြာပြီးသည့်နောက်တွင် နီကြင့်ကြင့်ကြယ်တစ်လုံး ရန်ကိုင်တို့ရှေ့၌ ထွက်ပေါ်လာခဲ့လေ၏။
ထိုကြယ်ကို မြင်လိုက်သည့်အခိုက် ကျုန်းကျန်းယုံဖြစ်စေ ယုယင်ဖြစ်စေ ရန်ကိုင်ဖြစ်စေ သုံးယောက်စလုံး အသီးသီး အံ့ဩသွားကြလေ၏။
ကြယ်ပျက်ပင်လယ်ထဲသို့ ရောက်လာသည့်အချိန်မှစ၍ သူတို့မြင်တွေ့ခဲ့ရသည်မှာ ပျက်စီးနေသည့် ကျင့်ကြံရေးကြယ်များသာ ဖြစ်ကြလေသည်။ ယခုကဲ့သို့ အကောင်းအတိုင်း ရှိနေသေးသည့် ကြယ်တစ်လုံးအား တစ်ခါမှ မမြင်တွေ့ခဲ့ရပေ။
ဤကြယ်ကြီး တည်ရှိလာသည်မှာ အတော်လေးကို ကြာနေသည့်ပုံပင်။ ကြယ်ကြီး၏ပုံစံမှာ ဘေးပတ်ဝန်းကျင်တစ်ခုလုံးအား ထူးမခြားဟန်ဖြင့် စိုက်ကြည့်နေသည့် ဧရာမမျက်လုံးကြီးတစ်လုံးနှင့်ပင် တူနေပေသေးသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ဤကျင့်ကြံရေးကြယ်မှာ အတော်လေးကိုမှ ကြီးမားလှကာ ကြောက်မက်ဖွယ်ရာ အပူဓာတ်တို့ကိုလည်း ထုတ်လွှတ်နေသေး၏။ ထိုအပူဓာတ်ကြောင့် ဘေးပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည်ပင်လျှင် တွန့်လိမ်နေသယောင် ထင်ရလေသည်။ ထို့အပြင် မရေမတွက်နိုင်အောင် များပြားလှသော အရွယ်အစားအမျိုးမျိုးရှိသည့် တွင်းနက်များမှာလည်း ကြယ်တစ်ဝိုက်တွင် ရှိနေကြသေး၏။
“စီနီယာအစ်ကိုကျုန်း…” ထိုကြယ်ကိုမြင်သော် ယုယင်၏မျက်နှာ မဆိုစလောက်ကလေး ဖြူလျော်သွားခဲ့ပြီး ကျုန်းကျန်းယုံနားသို့ ကပ်လျက် တိုးတိုးလေး မေးလိုက်လေသည်။ “စီနီယာအစ်ကိုပြောနေတာ ဒီနေရာလား…”
ကျုန်းကျန်းယုံက ညစ်ကျယ်ကျယ်ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်…”
ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ပြန်ပြောလိုက်လေသည်။ “အားကောင်းလိုက်တဲ့ အမြုတေစွမ်းအားပါလား… ပြီးတော့ ဒီအမြုတေစွမ်းအားက ပုံမှန်အမြုတေစွမ်းအားတွေနဲ့ မတူသလိုပဲ…”
ကျုန်းကျန်းယုံက ခေါင်းညိတ်လျက် ရှင်းပြလိုက်လေသည်။ “ဘာလို့လဲဆိုတော့ ဒီအမြုတေစွမ်းအားက မီးဓာတ်အမျိုးအစား ဖြစ်နေလို့ပဲ… သာမန်အမြုတေစွမ်းအားလိုမျိုးမဟုတ်ဘူး…. မီးဓာတ်ကျင့်ကြံနေတဲ့ ကျင့်ကြံသူတစ်ယောက်သာ ဒီအမြုတေစွမ်းအားကို စုပ်ယူလိုက်မယ်ဆိုလို့ရှိရင် သူတို့ရဲ့ ခွန်အားက သိသိသာသာကို တိုးတက်သွားလိမ့်မယ်…”
“မီးဓာတ်အမြုတေစွမ်းအား…” ရန်ကိုင့်အမူအယာ ပြောင်းလဲသွားခဲ့ပြီး လျို့ယန်အကြောင်းကို ချက်ချင်း စဉ်းစားမိလိုက်လေသည်။
ဤကြယ်အမြုတေသည် လျို့ယန်အတွက် အလွန်ကိုမှ အသုံးဝင်ပေသည်။ သို့သော်ငြား လျို့ယန်မှာ သူ့ဆီမှ ထွက်သွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ဘာမှမတတ်နိုင်တော့ချေ။
(ဒါပေမဲ့ ငါဒါကိုသာ ရနိုင်မယ်ဆိုလို့ရှိရင် လျို့ယန်အတွက် သိမ်းထားပေးလိုက်လို့ ရတယ်…)
ရုတ်တရက်ဆိုသလို ရန်ကိုင်သည် ဤထူးဆန်းသောကြယ်ကို စိတ်ဝင်စားလာမိလေသည်။
ထိုကဲ့သို့ သတိလက်လွတ်ဖြစ်နေစဉ်မှာပင် ရန်ကိုင့်စိတ်ထဲ အန္တရာယ်အငွေ့အသက်တို့ကို ခံစားလိုက်ရလေသည်။ ချက်ချင်းဆိုသလို အားကောင်းလှသည့် စွမ်းအင်လှိုင်းများ ရန်ကိုင့်တည့်တည့်သို့ တိုးဝင်လာလေ၏။
ချက်ချင်းလှည့်ကြည့်လိုက်ရာ ဧရာမတစ္ဆေလက်သည်းကြီးတစ်ခု သူ့ရင်ဘတ်တည့်တည့်ဆီသို့ တိုးဝင်လာနေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရလေသည်။
ဤကဲ့သို့သော တစ္ဆေလက်သည်းကို ရန်ကိုင်မြင်ဖူးသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်တော့။ ယုယင်နှင့် ကွမ်းချီတို့ တိုက်ခိုက်နေစဉ်က ယုယင်သည် တစ္ဆေလက်သည်းကိုသုံးလျက် ကွမ်းချီအား တိုက်ခိုက်ခဲ့ဖူးပေသည်။
ထို့အတွက်ကြောင့် ထိုတစ္ဆေလက်သည်းကို မြင်လိုက်သည်နှင့် သူ့အား မည်သူအလစ်ချောင်းတိုက်ခိုက်လိုက်မှန်း ရန်ကိုင် ချက်ချင်း နားလည်သွားတော့သည်။
သာမန်ကျင့်ကြံသူတစ်ဦးသည်သာ ဤကဲ့သို့ အနီးကပ် အလစ်ချောင်းတိုက်ခိုက်ခံရမည်ဆိုပါက မည်သို့မှ ခုခံနိုင်လိမ့်မည်မဟုတ်ချေ။ သို့သော်ငြား လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသူတစ်ဦးပီပီ ရန်ကိုင်သည် ထိုအလစ်ချောင်းတိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းလိုက်နိုင်ခဲ့လေသည်။ ရန်ကိုင်သည် ဗလာနတ္ထိပညာရပ်ကို အသက်သွင်းလျက် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲပစ်လိုက်လေ၏။
တစ္ဆေလက်သည်းသည် ရန်ကိုင့်၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့ပြီး ဟင်းလင်းပြင်အနက်ပိုင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
တစ္ဆေလက်သည်းမရှိတော့သည့်နောက် ရန်ကိုင့်၏ခန္ဓာကိုယ် တစ်ဖန်ပြန်ပေါ်လာပြီး ကျုန်းကျန်းယုံအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။