← Chapters

အခန်း (၂၄၄၃-၂၄၄၅)

Vol. 99 Ch. 2443-2445

အခန်း (၂၄၄၃-၂၄၄၅)

Vol. 99 Ch. 2443-2445

အပိုင်း (၂၄၄၃)

“စီနီယာအစ်ကိုကျုန်း… ရှင်ဘာလုပ်နေတာလဲ…” ယခုအချိန်မှပဲ ယုယင်လည်း အသိပြန်ဝင်လာပြီး ကျုန်းကျန်းယုံအား အံ့ဩတကြီးဖြင့် ကြည့်လျက် မေးလိုက်လေသည်။

လမ်းတစ်လျှောက်တွင် ကျုန်းကျန်းယုံသည် အလွန်ကိုမှ ဖော်ဖော်ရွေရွေနှင့် ရှိခဲ့ပြီး ရန်ကိုင်နှင့်ပင်လျှင် ရယ်ရယ်မောမောဖြင့် စကားပြောလာခဲ့သေးသည်။ ထို့အတွက်ကြောင့် ဤနေရာသို့ ရောက်သည်နှင့် ဘာကြောင့်များ ရန်ကိုင့်အား အလစ်ချောင်းတိုက်ခိုက်သလဲ ဆိုသည်ကို ယုယင် နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။

“ဟုတ်တယ် စီနီယာအစ်ကိုကျုန်း… ခင်ဗျား ဒါ ဘာသဘောလဲ…” ရန်ကိုင်သည် ကျုန်းကျန်းယုံအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် မှုန်ကုပ်ကုပ်အမူအယာဖြင့် မေးလိုက်လေသည်။ “ဒီဖုန်း ခင်ဗျားကို ဘယ်တုန်းကများ ရန်စမိလိုက်လို့ အခုလို အလစ်ချောင်း လာတိုက်ခိုက်တာလဲ…”

“ဒီဖုန်း ဟုတ်လား…” ကျုန်းကျန်းယုံက မျက်ခုံးပင့်လျက် ဝါးလုံးကွဲအော်ရယ်မောရင်း ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းဖုန်း… ဒီကျုန်း မင်းကို မေးခွန်းတစ်ခု မေးပါရစေ… မင်းပေးတဲ့အဖြေက ငါလိုချင်တဲ့အဖြေမျိုးဆိုလို့ရှိရင် ဒီကျုန်း ဖြစ်ခဲ့တာတွေအားလုံးအတွက် ပြန်တောင်းပန်မယ်… ဒါပေမဲ့ မဟုတ်ဘူးဆိုရင်တော့ ဟဲ ဟဲ ဟဲ…”

ရန်ကိုင်သည် မျက်လုံးမှေးစင်းလျက် ပြန်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုကျုန်း ဘာကိုမေးချင်တာလဲ…”

ကျုန်းကျန်းယုံသည် ညစ်ကျယ်ကျယ်ပြုံးလျက် “ရောင်းရင်းဖုန်း… မင်း တစပြင်ကန္တာရကြယ်စီရင်စုကြီးထဲက ဘယ်ဂိုဏ်းက လာခဲ့တာလဲ… ပြီးတော့ ဂျူနီယာညီလေးယင်နဲ့ ဘယ်လိုတွေ့ခဲ့တာလဲ…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင် မည်ကဲ့သို့ ပြန်ဖြေလို့ ဖြေရမှန်း မသိတော့ချေ။

ကျုန်းကျန်းယုံသည် ရန်ကိုင့်၏ ပြောင်းလဲသွားသည့် အမူအယာအားလုံးကို သေချာ အသေးစိတ် လေ့လာနေခဲ့ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင် မျက်နှာတစ်ချက် ပျက်သွားသည်ကို သတိထားမိလိုက်သည်။ အနားတွင်ရှိနေသော ယုယင်သည်လည်း ထိုအခါမှသာ တစ်ခုခုမှားယွင်းနေမှန်း နားလည်သွားခဲ့လေသည်။ သူမ မည်မျှပင် တုံးအနေစေကာမူ ရန်ကိုင်နှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်မှန်း နားလည်လိုက်သည့်နောက် အရင်းအမြစ်ချီကို တိတ်တဆိတ် လှည့်ပတ်၍ ရန်ကိုင့်အား သတိချပ်ကာ စိုက်ကြည့်နေလိုက်လေ၏။

တစ်ခဏအကြာတွင် ရန်ကိုင်က မျက်ခုံးပင့်လျက် ကျုန်းကျန်းယုံအား စိုက်ကြည့်ရင်း ပြန်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုကျုန်း… ခင်ဗျားမေးတာ မေးခွန်းနှစ်ခုနော်…”

ထိုစကားကိုကြားသည့်အခါ ကျုန်းကျန်းယုံကြောင်သွားခဲ့ပြီး ချက်ချင်း ပြန်၍ ပြောလိုက်လေ၏ “တစ်ခုဖြစ်ဖြစ် နှစ်ခုဖြစ်ဖြစ် ဖြေသာဖြေစမ်းပါ…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ကျုန်းကျန်းယုံအား စိုက်ကြည့်ရင်း တွေးတွေးဆဆဖြင့် ပြောလိုက်လေသည်။ “စီနီယာအစ်ကိုကျုန်းကို ကြည့်ရတာ တစ်ခုခုသိထားတယ်နဲ့ တူတယ်…”

သူ့အား အလစ်ချောင်းတိုက်ခိုက်လိုက်သည့် အတွက်ကြောင့် ကျုန်းကျန်းယုံ တစ်ခုခုသိထားသည်မှာ သေချာသလောက်ရှိပေသည်။ ရန်ကိုင်သည် ဖုန်းတဲ့အယောင်ဆောင်နေသည့်လူတစ်ဦး ဖြစ်သည် ဆိုသည့်အချက်ကိုပင်လျှင် သိကောင်း သိထားနိုင်ပေသည်။

“စီနီယာအစ်ကိုကျုန်း… ဘာတွေဖြစ်နေတာလဲ…” ယုယင်က မေးလိုက်လေသည်။

ကျုန်းကျန်းယုံသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ရန်ကိုင့်ကို လက်ညှိုးထိုးရင်း ရှင်းပြလိုက်လေသည်။ “ဂျူနီယာညီမယု… နင့်နောက်ကို တောက်လျှောက်လိုက်လာနေတဲ့ ဒီဖုန်းတဲ့ဆိုတဲ့လူက အယောင်ဆောင်ပဲ…”

“အယောင်ဆောင်…” ယုယင်ကြောင်သွားခဲ့ပြီး ရန်ကိုင့်အား အံ့ဩတကြီးဖြင့် ကြည့်လိုက်လေသည်။

“တကယ့်ဖုန်းတဲ့က သေသွားတာကြာပြီ…”

“သေသွားပြီ…” ယုယင် နားမလည်နိုင် ဖြစ်သွားခဲ့ပြီး မယုံကြည်နိုင်ဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ “ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…”

ဖုန်းတဲ့သာ သေသွားပြီဆိုလျှင် ဤလူသည် သူမ၏ စီနီယာအစ်ကိုယင်အကြောင်းကို မည်ကဲ့သို့များ သိနေရလေသနည်း။ သူမ၏ စီနီယာအစ်ကိုယင်နှင့် ဤလူသည် မည်ကဲ့သို့များ ပတ်သက်နေသနည်း။ စီနီယာအစ်ကိုယင်အနား ကပ်ချင်သည့်အတွက်ကြောင့် ဖုန်းတဲ့အယောင်ဆောင်ခဲ့လေသလော။ ရန်ကိုင် မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို သေချာမသိခဲ့ပဲ ရန်ကိုင် ဘာလုပ်ချင်နေသလဲ ဆိုသည်ကိုပင်လျှင် လုံးဝ သတိမမူခဲ့မိဘဲ သူမနှင့်အတူ ခေါ်ခဲ့သည်ကို ပြန်စဉ်းစားမိလိုက်သော် ယုယင်တစ်ကိုယ်လုံး တုန်ရီသွားခဲ့လေသည်။

“တကယ့်ဖုန်းတဲ့က ကြယ်တာရာလမ်းကြောင်းထဲမှာ သေသွားခဲ့တာ… သူသေသွားတာကို ဂျူနီယာညီလေးယင်ကိုယ်တိုင် မြင်လိုက်တယ်… အဲ့ဒါ အမှန်တရားပဲ… အခု နင့်ရှေ့မှာ ရှိနေတဲ့လူကတော့ ဂျူနီယာညီလေးယင်နဲ့ ရန်ငြိုးရန်စ ရှိတဲ့ လူတစ်ယောက်ပေါ့…” ကျုန်းကျန်းယုံသည် လှောင်ပြောင်လိုဟန်ဖြင့် ရန်ကိုင့်အား စိုက်ကြည့်လျက် ပြောလိုက်လေသည်။ “ငါပြောတာမှန်လား ရောင်းရင်းရန်…”

ရန်ကိုင်က မျက်ခုံးပင့်လျက် အံ့အားသင့်နေသည့် လေသံဖြင့် “အိုး… ကျုပ်နာမည်ကို‌တောင် သိနေတယ်ဆိုမှတော့ ကြည့်ရတာ ရောင်းရင်းကျုန်း ယင်လဲ့ရှန်ကို ဆက်သွယ်သွယ်ပြီးသွားပြီနဲ့တူတယ်”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် သူ့ရှေ့တွင်ရှိနေသော ထူးဆန်းသည့် ကြယ်ကြီးကို လှမ်းကြည့်လိုက်လေသည်။

ယင်လဲ့ရှန်း မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို ကျုန်းကျန်းယုံ ပြောမသွားခဲ့သော်ငြား ယင်လဲ့ရှန်းသည် ထိုကြယ်ပေါ်တွင် ရှိနေသည်ဆိုသည်မှာတော့ ကိုးဆယ်ရာခိုင်နှုန်းခန့် သေချာပေသည်။ ထို့ကြောင့်သာမဟုတ်လျှင် ကျုန်းကျန်းယုံအနေဖြင့် ယင်လဲ့ရှန်းနှင့် ဆက်သွယ်၍ ရန်ကိုင့်အကြောင်းကို မေးနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။

“ဟုတ်တယ်… ဆက်သွယ်ပြီးပြီ…” ကျုန်းကျန်းယုံသည် မည်သည်ကိုမှ ဖုံးကွယ်မနေဘဲ ပြန်ပြောလိုက်လေသည်။ “အခုကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာအားလုံးကို ဂျူနီယာညီလေးယင်ဆီက သိခဲ့တာ… မင်းနဲ့ ဂျူနီယာညီလေးယင်ကြားမှာ ဘယ်လိုရန်ငြိုးရန်စပဲ ရှိရှိ မင်းအနေနဲ့ အဲ့ရန်ငြိုးတွေကို ရှင်းဖို့ အခွင့်အရေးရတော့မှာ မဟုတ်ဘူး…”

ထိုသို့ပြောနေရင်းမှ ရက်စက်ကြမ်းကြုတ် လောဘကြီးသည့် အမူအယာတို့ ကျုန်းကျန်းယုံ၏ မျက်နှာထက် ထွက်ပေါ်လာခဲ့လေသည်။

“ရှင်ဘယ်သူလဲ… ရှင် ဘာဖြစ်လို့ ကျွန်မကို လိမ်ခဲ့တာလဲ…” ယုယင်မှာ ဒေါသူပုန်ထလာခဲ့လေ၏။ သူမ၏ မျက်လုံးလေးများမှာ အမျက်ဒေါသမီးတောက်တို့ဖြင့် လောင်မြိုက်နေခဲ့ပြီး နှုတ်ခမ်းလေးကို တင်းတင်းကိုက်ရင်း ရန်ကိုင့်အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။

ရန်ကိုင်သည် ယုယင်အား စိုက်ကြည့်လျက် အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ “ဘယ်လိုတောင် ကျေးဇူးမသိတတ်တဲ့ မိန်းမလဲကွာ… ဒီသခင်လေးက နင့်အသက်ကို ကယ်ပေးခဲ့တာတောင် ငါ့ကို လာသတ်ချင်နေတယ်ပေါ့… အရှက်မရှိဘူးဆိုရင်တောင် အကန့်အသတ်တော့ ရှိသင့်သေးတယ်…”

ယုယင်က ပြန်အော်ပြောလိုက်လေသည်။ “အဲ့တော့ ဘာဖြစ်လဲ… ငါ့ကို လိမ်ရဲတယ်ဆိုမှတော့ နင်သေဖို့ ထိုက်တန်သွားပြီ…” ယုယင်သည် ကျုန်းကျန်းယုံဘက်သို့ လှည့်၍ “စီနီယာအစ်ကိုကျုန်း… ဒီကောင့်မှာ ကြယ်အမြုတေတစ်ခု ရှိတယ်… စီနီယာအစ်ကိုကျုန်းသာ အဲ့ဒါကို ရနိုင်မယ်ဆိုရင် စီနီယာအစ်ကိုအတွက် အရမ်း အကျိုးရှိသွားမှာ…”

ကျုန်းကျန်းယုံသည် သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း စိတ်လှုပ်ရှားနေသည့် လေသံဖြင့် ပြောလိုက်လေသည်။ “ငါသိတယ်…”

မရဏဂိုဏ်းထဲတွင် ကျုန်းကျန်းယုံသည် သူ့အရည်အချင်းသည် ယင်လဲ့ရှန်းအောက် နိမ့်ကျခြင်းမရှိဟု ယုံကြည်နေပါသော်ငြား ယင်လဲ့ရှန်း၏ ကြောက်မက်ဖွယ်ရာ ကျင့်ကြံနှုန်းအရ အနှေးနှင့်အမြန်ဆိုသလို ယင်လဲ့ရှန်းသည် သူ့အား ကျော်တက်သွားပေလိမ့်မည်။ ယင်လဲ့ရှန်း ထိုမျှ လျင်မြန်စွာ တိုးတက်နေရခြင်းမှာ ကြယ်သခင်တစ်ဦး ဖြစ်နေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

သို့သော်ငြား ယခုတွင်မူ ကြယ်အမြုတေတစ်ခုကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ဦး သူ့ရှေ့တွင် ရပ်နေခဲ့လေ၏။ ထိုကဲ့သို့သော ကြယ်အမြုတေသည် ကြယ်ပျက်ပင်လယ်ထဲတွင် တွေ့ရသည့် ကြယ်အမြုတေများနှင့် လုံးဝကို ကွာခြားပေသည်။ ကျုန်းကျန်းယုံသာ ရန်ကိုင့်၏ ကြယ်အမြုတေကို ရလိုက်နိုင်မည်ဆိုပါက သူ့အတွက် အလွန်ကိုမှ အကျိုးရှိပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ သူ့အနေဖြင့် ယင်လဲ့ရှန်းမှ သူ့အား ကျော်တက်သွားမည်ကို စိတ်ပူစရာ လိုတော့လိမ့်မည် မဟုတ်ချေ။ နှစ်ယောက်စလုံးတွင် ပြီးပြည့်စုံသော ကြယ်အမြုတေများ ရှိနေကြသည့် အတွက်ကြောင့် သူတို့ မည်မျှကြိုးစားအားထုတ်သလဲ ဆိုသည့်အပေါ်တွင်သာ မူတည်ပေတော့မည်။ ကြိုးစားသည့်အပိုင်းတွင်တော့ မည်သူ့ကိုမှ မရှုံးနိမ့်နိုင်ဟု ကျုန်းကျန်းယုံ သူ့ကိုယ်သူ ယုံကြည်ပေသည်။

ရန်ကိုင်က ရုတ်တရက် မေးလိုက်လေ၏။ “ယင်လဲ့ရှန်း အဲ့ကြယ်ပေါ်မှာလား…”

ကျုန်းကျန်းယုံက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “သေတော့မဲ့ဟာကို ဘာတွေလာမေးနေသေးတာလဲ…”

ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ယင်လဲ့ရှန်းကို တွေ့ပြီဆိုမှတော့ မင်းတို့ကို အသက်ရှင်လျက် ထားစရာ မလိုတော့ဘူး…”

ကျုန်းကျန်းယုံ ထိတ်လန့်သွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလေသည်။ “ကောင်စုတ်လေး… မင်းတကယ်ကို ရူးနေတာပဲ… ဒီကျုန်းကို အခုလိုမျိုး ပြောရဲဖူးတာ မင်းပထမဆုံးပဲကွ… အဲ့လိုဆိုမှတော့လည်း ငါလည်း မင်းကို ငါ့ရဲ့ မရဏငရဲခန်းအလံသုံးပြီး ယမမင်းဆီ ပို့ပေးရသေးတာပေါ့ကွာ…”

ပြောပြီးသည့်နောက်တွင် သူ့လက်ကို ဆန့်ထုတ်၍ အနက်ရောင်အလံတိုင်တစ်တိုင်ကို ထုတ်ယူလိုက်လေသည်။ ခြောက်ခြားဖွယ်ရာကောင်းသည့် အော်ဟစ်သံပေါင်းများစွာ ထိုအနက်ရောင်အလံတိုင်ဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သွေးပျက်ဖွယ်ရာကောင်းသည့် လေပြင်းတို့မှာလည်း တဟူးဟူး တိုက်ခတ်လာခဲ့လေသည်။

မရဏငရဲခန်းအလံတိုင် ပွင့်ထွက်လာသည်နှင့် တစ်ပြိုင်နက် ပိုမိုသိပ်သည်းလှသော ယင်ချီတို့ ရန်ကိုင့်ဆီသို့ တိုးဝင်လာခဲ့လေရာ ရန်ကိုင့်မှာ တကယ့်မရဏကမ္ဘာထဲသို့ ဆွဲခေါ်ခံနေရသလိုပင် ခံစားလိုက်ရလေသည်။

ကျုန်းကျန်းယုံသည် စတိုက်တိုက်ချင်း သူ၏ဝှက်ဖဲအား ထုတ်သုံးနေသည်ကိုမြင်သော် ယုယင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး အလျင်စလို နောက်သို့ ဆုတ်လိုက်လေ၏။

“စိတ်ဝင်စားစရာ မှော်ရတနာတစ်ခုပါလား… ကွေ့ဇူအတွက်ဆို လုံးဝ ကွက်တိဖြစ်လောက်တယ်…” မရဏငရဲခန်းအလံတိုင်ကိုမြင်သော် ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။ ဤမှော်ရတနာသည် ကွေ့ဇူ၏ ဝိဉာဉ်တစ်သောင်းအလံတိုင်နှင့် ဆင်တူပေသည်။ ထိုမှော်ရတနာနှစ်ခုစလုံးမှာ ပုံစံတူသာ ဖြစ်သော်ငြား မရဏငရဲခန်းအလံတိုင်၏ အဆင့်မှာ ကွေ့ဇူ၏ ဝိဉာဉ်တစ်သောင်းအလံတိုင်ထက် ပိုအဆင့်မြင့်သည်မှာ သေချာသလောက် ရှိပေသည်။

ထိုမှော်ရတနာဆီမှ ဧကရာဇ်အရှိန်အဝါ မှိန်ဖျဖျကိုပင်လျှင် ရန်ကိုင် ခံစားမိနေခဲ့သည်။

တစ်နည်းဆိုရသော် ထိုမှော်ရတနာကို ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးမှ သန့်စင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မှော်ရတနာသည် ဧကရာဇ်တစ်ပိုင်းအဆင့် မှော်ရတနာဖြစ်နေခဲ့လေပြီ။ ဧကရာဇ်အဆင့်သို့ မရောက်သေးသည်သာ ရှိလေ၏။ သို့သော်ငြား ကျုန်းကျန်းယုံသည်သာ ဧကရာဇ်အဆင့်သို့ ရောက်သွား၍ သူ၏ဧကရာဇ်အရှိန်အဝါဖြင့် ဤမှော်ရတနာကို အားဖြည်ပေးလိုက်မည်ဆိုလျှင် မှော်ရတနာ၏အဆင့်သည် ဧကရာဇ်အဆင့်သို့ ကျိန်းသေ ရောက်ရှိသွားပေလိမ့်မည်။

ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း၏ ထိပ်ဆုံးသုံးယောက်ထဲ ဝင်သည့် တပည့်တစ်ဦးဆိုသည့်အတိုင်း ကျုန်းကျန်းယုံ၏မှော်ရတနာမှာ အမှန်တကယ်ကို အားကောင်းလှပေသည်။

ညံမစဲအောင် ထွက်ပေါ်လာနေသော အော်မြည်သံများမှာ နတ်ဆိုးတစ်ကောင်၏ တီးတိုးပြောစကားသံများအလား ကျင့်ကြံသူတစ်ဦး၏စိတ်ကို ခက်ထန်သွားစေနိုင်သည့် နက်နဲဆန်းကြယ်လှသော စွမ်းအားတို့ဖြင့် ပြည့်နှက်နေခဲ့လေသည်။ ဤမှော်ရတနာကို ထုတ်သုံးလိုက်သည့် ပုံကို ကြည့်လျှင် ကျုန်းကျန်းယုံသည် ရန်ကိုင့်အား တိုက်ကွက်တစ်ကွက်တည်းဖြင့် အပြတ်ရှင်းပစ်ချင်သည့် ပုံပင်။

ပြီးပြည့်စုံသော ကြယ်အမြုတေတစ်ခုသည် သူ့အတွက် အလွန်ကိုမှ စွဲမက်ဖွယ် ကောင်းလွန်းနေခဲ့လေသည်။

ရန်ကိုင်ကလည်း အလေးအနက်အမူအယာဖြင့် သူ့လက်ကိုမြှောက်လျက် လက်ကွက်များကို အလျင်အမြန် ဖန်တီးလိုက်လေ၏။

ရန်ကိုင့်၏လက်ကွက်များ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရှင်းပြမရသော စွမ်းအားတစ်ရပ်နှင့်အတူ နက်နဲဆန်းကြယ်လှသည့် နိယာမစွမ်းအင်တစ်ရပ် အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။

သူ့စိတ်ထဲ မကောင်းသည့်ခံစားချက်တို့ကို ရလိုက်သည့်အခိုက် ကျုန်းကျန်းယုံ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။ ထိုအခိုက်အတန့်တွင် သူ့လှုပ်ရှားမှုနှင့် အတွေးများသာလျှင် မဟုတ်ဘဲ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကပါ နှေးကွေး၍ ရပ်တန့်သွားသလို ခံစားလိုက်ရလေသည်။

သူ့မျက်လုံးထဲ ဆက်လက်လှုပ်ရှားနေသည့်အရာဆို၍ ဖုန်းတဲ့အယောင်ဆောင်ထားသည့်လူသာ ရှိတော့လေသည်။

(ဘယ်လိုစွမ်းရည်ကြီးလဲ…) ကျုန်းကျန်းယုံ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။

ရန်ကိုင့်၏လက်ကွက်များမှာ ပြီးဆုံးခြင်းမရှိသေးသော်ငြား ကျုန်းကျန်းယုံ၏ ခေါင်းထဲတွင်မူ အချက်ပေးသံတို့ ဆူဝေနေခဲ့လေပြီ။

(ဒီမျိုးရိုးနာမည်ရန်နဲ့ကောင်က ရန်စလို့ ကောင်းတဲ့ကောင်တစ်ယောက် မဟုတ်ဘူးဟ…)

ဘယ်ကမှန်းမသိ ပျံ့လွင့်လာသော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ထိုအသံကို ကြားလိုက်သည့်အခိုက် ကျုန်းကျန်းယုံ၏ ဝိဉာဉ် တုန်ခါသွားခဲ့ရလေသည်။

“အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်…”

အလွန်ကိုမှ ပြင်းထန်လွန်းလှသော အန္တရာယ်အငွေ့အသက်တို့ ကျုန်းကျန်းယုံ၏ ရင်ထဲ ထွက်ပေါ်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျုန်းကျန်းယုံသည် သူ့လျှာကိုကိုက်၍ သွေးအဆီအနှစ်တစ်စက်ကို ထွေးထုတ်လိုက်လေသည်။ ထိုသွေးအဆီအနှစ်ကို ထုတ်သုံးပြီးလိုက်သည့်အခါမှသာ သူ့အား လှုပ်မရအောင် ချုပ်နှောင်ထားသည့်အရာ ပျက်စီးသွားခဲ့ပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား ခေါင်းမော့ကြည့်လိုက်သည့်အခိုက်တွင် ဧရာမ စည်းတံဆိပ်ကြီးတစ်ခုသည် သူ့ရှေ့တည့်တည့်သို့ ရောက်နေကြောင်း တွေ့လိုက်ရလေ၏။

“ဘုတ်…”

ချိပ်စည်းသည် သူ့အား လာရောက်ထိမှန်သွားခဲ့ပါသော်ငြား ကျုန်းကျန်းယုံသည် သူမျှော်လင့်ထားသည့် အဖျက်စွမ်းအားကို မခံစားခဲ့ရ။ ထို့အတူ သူ့ခန္ဓာကိုယ်ထက်လည်း မည်သည့်ဒဏ်ရာမှ ရမသွားခဲ့ချေ။ သို့သော်ငြား ထူးဆန်းသည့် စွမ်းအင်တစ်မျိုးမှာ သူ့ခန္ဓာကိုယ်ထဲသို့ ရောက်နေပြီး ထိုစွမ်းအင်ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော သူ့အသက်စွမ်းအင်အားလုံး လျင်မြန်စွာ ယုတ်လျော့လာနေကြောင်းကို ထိတ်လန့်ဖွယ်ရာ တွေ့ရှိလိုက်ရလေသည်။ မျက်တောင်တစ်ခတ်အတွင်း ကျုန်းကျန်းယုံသည် နှစ် ရာပေါင်းထောင်ပေါင်းများစွာ အသက်ပိုကြီးရင့်သွားသလို ဖြစ်သွားခဲ့လေ၏။

“စီနီယာအစ်ကိုကျုန်း…” သူမရှေ့ရှိ မယုံကြည်နိုင်ဖွယ်ရာ ဖြစ်ရပ်ကို ကြည့်ရင်း ယုယင် အလန့်တကြား ထအော်လေသည်။

ထိုအခါမှသာ ကျုန်းကျန်းယုံသည်လည်း တစ်ခုခုမှားယွင်းနေမှန်း နားလည်သွားခဲ့ပြီး အိုမင်းရွတ်တွနေသော သူ့လက်နှစ်ဖက်ကို မျက်လုံးရှေ့တည့်တည့်သို့ မြှောက်ကြည့်လိုက်လေ၏။ ထို့နောက် ကတုန်ကယင်လေသံဖြင့် မေးလိုက်လေသည်။ “ဘာ… ဘာတွေ… မင်း ငါ့ကို ဘာတွေလုပ်လိုက်တာလဲ…”

ရန်ကိုင်သည် ကျုန်းကျန်းယုံအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေရင်းမှ လဓါးသွားတစ်စင်းကို ပစ်လွှတ်လိုက်လေ၏။

ကျုန်းကျန်းယုံသာ အထွဋ်အထိပ်အခြေအနေတွင် ရှိနေမည်ဆိုပါက လဓါးသွားကို ရှောင်နိုင်လိမ့်မည် ဖြစ်သော်ငြား သူ၏ အသက်စွမ်းအင် ကိုးဆယ်ရာခိုင်နှုန်းလောက် ဆုံးရှုံးနေပြီးသည့် အချိန်တွင်တော့ မည်သို့မျှ မရှောင်နိုင်တော့ချေ။

လဓါးသွားသည် ကျုန်းကျန်းယုံ၏ ခန္ဓာကိုယ်ကို လွယ်လင့်တကူ နှစ်ပိုင်း ပိုင်းသွားခဲ့၏။

ထိုအချင်းအရာကိုမြင်သည့်အခါ ယုယင်၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေ၏။

သူသေသွားခဲ့လေပြီ။ သူမ၏ စီနီယာအစ်ကိုကျုန်းကျန်းယုံမှာ ဤကဲ့သို့ သေသွားခဲ့ရလေပြီ။

စီနီယာအစ်ကိုကျုန်းဆိုသည့်လူသည် သူမဂိုဏ်းထဲရှိ ထိပ်ဆုံးတပည့်သုံးယောက်အနက် တစ်ယောက်ဖြစ်ပေသည်။ တစ်နည်းဆိုရသော် အရှေ့ဘက်နယ်မြေရှိ ထိပ်တန်းလက်ရွေးစင်တစ်ယောက် ဖြစ်သည်ဟုပင် ပြော၍ရပေသည်။ သို့သော်ငြား သူသည် အဆင့်တူတွင်ရှိနေသော အခြားကျင့်ကြံသူတစ်ဦး၏ အလွယ်တကူ သတ်ဖြတ်ခြင်း ခံလိုက်ရလေ၏။

ဤအဖြစ်အပျက်ကို နဖူးတွေ့ဒူးတွေ့ ကြုံနေရသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ယုယင်အနေဖြင့် မည်သို့မျှ ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်ငြား အမှန်တရားမှာ သူမရှေ့တွင် ရှိနေပြီဖြစ်လေရာ ယုယင်အနေဖြင့် မယုံချင်လျှင်ပင် ယုံရပေတော့မည်။

ယခုမှသာလျှင် ရန်ကိုင်သည် ခရီးတစ်လျှောက်လုံး သူ့ခွန်အားကို ဖုံးကွယ်ထားကြောင်း ယုယင်နားလည်သွားတော့လေသည်။ အစောပိုင်းက ဗြဟ္မာကုန်းမြေမှ တပည့်များနှင့် တိုက်ခိုက်ခံရစဉ် သွေးအန်ခဲ့ရသည်မှာလည်း ရန်ကိုင် ဟန်ဆောင်နေခြင်းသာ ဖြစ်ပေသည်။ ယခု ပြန်စဉ်းစားကြည့်လိုက်သော် သူမ၏ လုပ်ရပ်များမှာ အလွန်ကိုမှ ရယ်ဖွယ်ရာအတိ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေတော့သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၄၄)

(ဒီခွန်အားနဲ့ဆိုရင် ကျန်းဟောင်နဲ့ ကျန်းရှန်တို့ နှစ်ယောက်ပေါင်းတောင် သူ့ဖိနပ်သယ်ဖို့ အဆင့်မမီဘူး…)

(တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလောက်တောင် အားကောင်းနိုင်တာလား…) ဖုန်းတဲ့အယောင်ဆောင်သည့်လူ၏ ရှေ့တွင် ရပ်နေရသည်မှာ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး၏ရှေ့တွင် ရပ်နေရသည့်နှယ် ယုယင် ခံစားလာခဲ့ရလေသည်။ ထွက်ပြေးဖို့ရာမဆိုထားနှင့် သူမ၏လက်တစ်ချောင်းကိုပင်လျှင် မမြှောက်နိုင်တော့။ ထုံထုံထိုင်းထိုင်းဖြင့်သာ ငေးကြောင်ပြီး ရပ်နေမိလေသည်။ သူမတစ်ကိုယ်လုံးမှာလည်း နှင်းမုန်တိုင်းထဲသို့ ရောက်နေသည့်အလား တဆတ်ဆတ်ကို တုန်ရီနေတော့လေ၏။

ကျုန်းကျန်းယုံကို သတ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့သိုလှောင်လက်စွပ်နှင့် မရဏငရဲခန်းအလံတိုင်ကိုပါ ကောက်ယူသိမ်းဆည်းလိုက်လေသည်။ တစ်ချိန်တည်းတွင် ကျုန်းကျန်ယုံ၏ ခန္ဓာကိုယ်ဆီမှ ကြယ်အလင်းတန်းတစ်ခု ပျံသန်းထွက်လာခဲ့ပြီး ရန်ကိုင်၏ လက်ခုံပေါ်ရှိ ကြယ်စည်းတံဆိပ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။

ကျုန်းကျန်းယုံ၏ ကြယ်စည်းတံဆိပ်မှာ ရန်ကိုင်၏ ကြယ်စည်းတံဆိပ်ကဲ့သို့ပင် ခြောက်ထောင့်ပုံစံဖြစ်လေသည်။ ထို့အတွက်ကြောင့် ထိုနှစ်ခု ပေါင်းစည်းသွားပြီးသည့်နောက်တွင် ရန်ကိုင့်၏ကြယ်စည်းတံဆိပ်မှာ သိသိသာသာကို တိုးတက်လာရလေတော့သည်။

နောက်ဆုံးတွင် ရန်ကိုင်သည် ယုယင်ဘက်သို့ အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။

“စီနီယာ… စီနီယာအစ်ကိုဖုန်း… ကျွန်… ကျွန်မ…” ရန်ကိုင် သူမဘက်သို့ အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လာသည်ကိုမြင်သော် ယုယင်မှာ အထိတ်ထိတ်အပျာပျာဖြစ်ကာ စကားများပင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်ကုန်တော့လေသည်။

“ဒီကိုလာခဲ့တဲ့ လမ်းတစ်လျှောက် ငါနင့်ကို ဒုက္ခပေးမိသွားတယ်…” ရန်ကိုင်က ထူးမခြားဟန်ဖြင့် ပြောလိုက်လေသည်။

ယုယင်က အားတင်းပြုံးလျက် ကတုန်ကယင်ဖြင့် ပြန်ပြောလိုက်လေ၏။ “စီနီယာအစ်ကိုဖုန်းကို ကူညီပေးခွင့်ရတာ ညီမလေးအတွက် ဂုဏ်ယူစရာပါ…”

“အင်း…” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် သူ့လက်ကိုဝှေ့ယမ်းလျက် လဓါးသွားတစ်စင်းကို ပစ်လွှတ်လိုက်လေသည်။

“မ… မဟုတ်ဘူး……” ထိုအချင်းအရာကိုမြင်သော် ယုယင်၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး သွေးပျက်ခြောက်ခြားစွာ ထအော်လေသည်။

ရန်ကိုင် မည်ကဲ့သို့သော ပညာရပ်အား ထုတ်သုံးလိုက်သလဲ ဆိုသည်ကို သူမ မသိသော်ငြား ကျုန်းကျန်းယုံ ထိုတိုက်ကွက်အောက်တွင် သေသွားသည်ကိုတော့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရလေသည်။ ယခု ရန်ကိုင်သည် ထိုတိုက်ကွက်ကိုပင်လျှင် ထပ်မံထုတ်သုံးလာခဲ့လေရာ သူမအား သတ်ချင်နေကြောင်း အသိသာကြီးပင်။

ထိုသို့အော်ဟစ်ရင်း ယုယင်သည် သူမ၏အကာအကွယ်မှော်ရတနာကို အလျင်အမြန် ထုတ်ယူ၍ အရင်းအမြစ်ချီကို လှည့်ပတ်ရင်း သူမကိုယ်သူမ ကာကွယ်ရန် ကြိုးစားလိုက်လေသည်။ သို့သော်ငြား လဓါးသွား၏ ကြောက်မက်ဖွယ်ရာစွမ်းအားမှာ သူမထင်ထားသည်ထက်ကို ပိုနေခဲ့လေသည်။ ထိုလဓါးသွားသည် သူမ၏မှော်ရတနာကို နှစ်ပိုင်းပြတ်ထွက်သွားစေရုံမက သူမ၏အရင်းအမြစ်ချီ အကာအကွယ်ကိုပင်လျှင် ထပ်မံထိုးဖောက်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို နှစ်ပိုင်းပြတ်ထွက်သွားစေခဲ့လေသည်။

ယုယင်မှာ နာကျင်မှုလေးတစ်ချက်ကိုသာ ခံစားမိလိုက်ပြီး သူမ၏စိတ်တစ်ခုလုံး အမှောင်အတိ ကျသွားခဲ့ရလေ၏။

ထို့နောက်တွင် ရန်ကိုင်သည် ယုယင်၏ သိုလှောင်လက်စွပ်ကို ကောက်ယူသိမ်းဆည်းလိုက်ပြီး သူမ၏ကြယ်စည်းတံဆိပ် သူ့လက်ထဲသို့ ပျံသန်းဝင်လာမည်ကို စောင့်နေလိုက်လေသည်။ ကြယ်စည်းတံဆိပ်ကို ရပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကို မြှောက်လျက် ကျုန်းကျန်းယုံနှင့် ယုယင်တို့၏အလောင်းများကို တစ်စစီဖြစ်အောင် ဖျက်ဆီးပစ်လိုက်လေ၏။

ရန်ကိုင်သည် ယုယင်အား သတ်ပစ်ရန် တွေဝေမနေခဲ့ချေ။ သူသည် ဖုန်းတဲ့ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ယုယင်၏အသက်ကို ကယ်ခဲ့သည်မှာ အမှန်တရားသာ ဖြစ်လေသည်။ သို့သော်ငြား ယုယင်ကမူ သူ ဖုန်းတဲ့မဟုတ်မှန်း သိလိုက်သည်နှင့် တစ်ပြိုင်နက် သူ့အား သတ်ဖြတ်ရန် ကြိုးစားခဲ့လေသည်။ ထိုကဲ့သို့သော လူတစ်ယောက်အား အနည်းငယ်မျှပင်လျှင် မသနားသင့်ပေ။

ထို့ပြင် ရန်ကိုင်သည် အစကတည်းက ယုယင်အား ကြည့်မရခြင်း ဖြစ်လေသည်။ ကျုန်းကျန်းယင်နှင့် ယုယင်တို့အား ရှင်းပစ်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် မျက်မှောင်ကြုတ်လျက် သူ့နောက်ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ယခင်က တွေ့ခဲ့ရသော ဗြဟ္မာကုန်းမြေမှ တပည့်များ ပြန်ပေါ်လာကြောင်းကို တွေ့ရှိလိုက်ရသည်။ ထိုဗြဟ္မာကုန်းမြေမှ တပည့်များ သူ့နောက်သို့ လိုက်လာရင်းမှ ဤနေရာသို့ ရောက်လာလေသလား ထိုသို့မဟုတ်ဘဲ မီးဓာတ်ကြယ်အမြုတေ ရှိနေသည့်အကြောင်းကို ကြား၍များ ဤနေရာသို့ ရောက်လာလေသလား ဆိုသည်ကိုတော့ မသိရချေ။

သို့သော်ငြား ရန်ကိုင်ကမူ ထိုဗြဟ္မာ့ကုန်းမြေမှ တပည့်များနှင့် တိုက်ခိုက်ရန် စိတ်မဝင်စားချေ။ ထိုလူများနှင့် ရန်ငြိုးရှိသည်မှာ ယုယင်သာ ဖြစ်လေသည်။ ယခု ယုယင် သေသွားပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ကျန်းဟောင်၊ ကျန်းရှန်တို့နှင့် စိတ်ရှုပ်ခံတော့လိမ့်မည်မဟုတ်။

ထို့နောက်တွင် ရန်ကိုင်သည် ကြယ်နီကြီးဆီသို့ မယုံကြည်နိုင်စရာ အမြန်နှုန်းဖြင့် ပြေးထွက်သွားလေ၏။

တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ကြယ်နီကြီးဆီမှ ဖြာထွက်နေသည့် အပူဓာတ်မှာ ပိုပို၍ ပြင်းထန်လာခဲ့လေသည်။ ကြယ်နီကြီးသည် သူထင်ထားသည်ထက်ပင် ပို၍ အံ့ဩဖွယ်ကောင်းနေကြောင်း တွေ့ရှိလိုက်ရသည့်အခါ ရန်ကိုင့်မှာ အလွန်ကိုမှ စိတ်လှုပ်ရှားသွားရလေတော့သည်။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ကြယ်ပေါ်ရှိ တစ်နေရာသို့ ရောက်လာခဲ့လေသည်။ ကြယ်ပေါ်ရှိ ကုန်းမြေတစ်ခုလုံးမှာ ဖုန်းဆိုးမြေကြီး ဖြစ်နေခဲ့ပြီး အကုန်လုံးမှာလည်း နီကြင့်ကြင့်အရောင်ကြီး ဖြစ်နေခဲ့လေသည်။ အလွန်ပြင်းထန်သည့် အပူဓါတ်ကြောင့် မြေပြင်သည်ပင်လျှင် ပက်ကြားအက်များဖြင့် ပြည့်နေခဲ့၏။

များစွာသော မဟာဧကရာဇ်များ သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြသည့်တိုင် ဤကြယ်ကြီး မည်ကဲ့သို့များ အကောင်းအတိုင်း ရှိနေသေးသလဲ ဆိုသည်မှာတော့ စိတ်ဝင်စားစရာပင်။

“အိုး… တိမ်မီးတောက်မှိုပါလား…” ရန်ကိုင့်၏အကြည့်သည် မီးလောင်နေသော တိမ်တိုက်တစ်ခုနှင့် ဆင်တူသည့် အရာတစ်ခုဆီသို့ ရောက်ရှိသွားခဲ့လေသည်။ သူသိထားသ‌လောက် ထိုအရာသည် တိမ်မီးတောက်မှိုဖြစ်ပေသည်။ ရန်ကိုင့်အား အံ့အားသင့်သွားစေသည့် အချက်မှာ တိမ်မီးတောက်မှိုသည် ဤကဲ့သို့သော နေရာများတွင်ပင် ပေါက်ရောက်ရှင်သန်နိုင်ပြီး ဧကရာဇ်အဆင့်သို့ပင် ရောက်နေသည့် အချက်ပင်လျှင် ဖြစ်ပေသည်။

သို့သော်ငြား ခဏမျှ စဉ်းစားကြည့်ပြီးသည့်နောက် မီးဓာတ်အမျိုးအစား ဆေးပင်များကို ဤနေရာတွင် လာတွေ့ရသည်မှာ အထူးအဆန်းမဟုတ်မှန်း နားလည်သွားခဲ့လေသည်။ ကြယ်ကြီးတစ်ခုလုံးသည် မီးဓာတ်စွမ်းအင်တို့ဖြင့် အလွန်ကိုမှ သိပ်သည်းရုံမက ကြယ်အမြုတေမှာလည်း မီးဓာတ်အမျိုးအစား ကြယ်အမြုတေတစ်ခု ဖြစ်နေခဲ့လေသည်။

ရန်ကိုင် ဤကဲ့သို့ တုံ့နှေးနေစဉ်အတောအတွင်း အခြားလူတစ်ဦး တိမ်မီးတောက်မှိုဆီသို့ ပြေးဝင်လာနေသည်ကို တွေ့ရှိလိုက်ရလေသည်။ ထိုလူသည် ရန်ကိုင့်ထက်ဦးအောင် ထိုမှိုကို ခူးချင်နေသည့်ပုံပင်။

တိမ်မီးတောက်မှိုသည် ဧကရာဇ်အဆင့် ဆေးပင်တစ်ပင် ဖြစ်ရုံသာမဟုတ်ဘဲ တိမ်မီးတောက်မှို ပေါက်ရောက်နိုင်ရန်အတွက် လိုအပ်သည့် ပတ်ဝန်းကျင်မှာလည်း အလွန်ကိုမှ ရှားပါးလှပေသည်။ ထို့အတွက်ကြောင့် တိမ်မီးတောက်မှို၏ တန်ဖိုးသည် သာမန်ဧကရာဇ်အဆင့် ဆေးပင်တစ်ပင်၏ တန်ဖိုးထက် အများကြီး ပိုများပေ၏။

ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည်နှင့်အညီ ဤမျှအဖိုးတန်သည့် ဆေးပင်တစ်ပင်အား အခြားသူခူးသွားမည်ကို ရန်ကိုင့်အနေဖြင့် မည်သို့များ ရပ်ကြည့်နေနိုင်ပါမည်နည်း။ ထို့ကြောင့် လေဟာနယ်စွမ်းအားကိုသုံး၍ ခုန်ကျော်သွားလိုက်ရာ ခြေတစ်လှမ်းတည်းဖြင့် တိမ်မီးတောက်မှိုနားသို့ ရောက်သွားခဲ့လေသည်။ ထို့နောက် တိမ်မီးတောက်မှိုအား မြေကြီးနှင့်အတူ တူးယူပစ်လိုက်ပြီး ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်လိုက်၏။

ရန်ကိုင် ထိုကဲ့သို့ လုပ်ပြီးပြီးချင်းမှာပင် တိမ်မီးတောက်မှိုဆီသို့ ပြေးဝင်လာနေသည့်တစ်ဖက်လူ သူ့အနားသို့ ရောက်လာခဲ့လေသည်။ သို့သော်ငြား ထိုလူမှာ ခြေတစ်လှမ်းခန့် နောက်ကျသွားခဲ့ရလေ၏။ ရန်ကိုင်မှ တိမ်မီးတောက်မှိုအား ခူးယူးသွားသည်ကိုမြင်သော် ထိုလူသည် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်နေခဲ့လေသည်။

ရန်ကိုင်လည်း ထူးမခြားနားဟန်ဖြင့် ပြန်ကြည့်လိုက်ရာ တစ်ဖက်လူ၏ ပုံစံကြောင့် မျက်မှောင်ကြုတ်သွားခဲ့ရလေသည်။ အကြောင်းမှာ ဤအတိုင်းကြည့်လိုက်ရုံဖြင့် တစ်ဖက်လူသည် ယောက်ျားလား မိန်းမလားဆိုသည်ကို မပြောနိုင်သည့် အတွက်ကြောင့်ပင်လျှင်။

တစ်ဖက်လူသာ ယောက်ျားတစ်ယောက်ဆိုလျှင်တော့ အလွန်ကိုမှ ချောမောလှလွန်းသည်ဟု ပြောရပေမည်။ သူ့အသားအရေမှာ နှင်းဖြူရောင်တောက်ပနေပြီး အလွန်ကိုမှ သိမ်မွေ့ချောမွတ်မည့်ပုံပင်။ သို့သော်ငြား အမျိုးသမီးတစ်ဦးသာဆိုခဲ့လျှင်တော့ ရန်ကိုင်လည်း ပြောရခက်ပေတော့မည်။ အကြောင်းမှာ တစ်ဖက်လူ၏ ရင်ဘတ်သည် အဖုအထစ် အနည်းငယ်မျှ မရှိရလေအောင် ပြားချပ်နေသည့် အတွက်ကြောင့်ပင်။ ထို့အပြင် သူမ၌ မိန်းမသားတို့ ရှိသင့်ရှိထိုက်သည့် အမို့အမောက် အရှိုက်အဝန်းတို့လည်း ရှိမနေခဲ့ချေ။ သူမ၏ခန္ဓာကိုယ်မှာ သေးသွယ်နေသည့်တိုင် မိန်းကလေးတစ်ယောက်နှင့် လုံးလုံးမှမတူ။

ထို့အပြင် သူမဝတ်ထားသည့် အဝတ်အစားများမှာလည်း မိန်းကလေးရော ယောက်ျားလေးရော နှစ်ဦးစလုံး ဝတ်လို့ရသည့် အဝတ်အစားမျိုးဖြစ်နေ၏။

(ဒီလူ ယောကျ်ားလား မိန်းမလား…) ရန်ကိုင် နားမလည်နိုင်အောင် ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်မှ တစ်ဖက်လူအား သေသေချာချာ စစ်ဆေးကြည့်နေစဉ် ထိုလူသည် ရန်ကိုင့်အား ရုတ်တရက် ပြောလိုက်လေသည်။ “ရောင်းရင်းရဲ့လုပ်ရပ်က သိပ်မသင့်တော်ဘူးလားလို့… ဒီဆေးပင်ကို ငါအရင်တွေ့တာလေ…”

တစ်ဖက်လူ၏အသံကို ကြားလိုက်သည်နှင့် ရန်ကိုင် ကြောင်သွားတော့လေသည်။

အစကတော့ တစ်ဖက်လူ၏ ရုပ်ရည်ကို ကြည့်၍ ယောက်ျားလား မိန်းမလား ဆိုသည်ကို မခွဲခြားနိုင်ပါသော်ငြား အသံကို ကြားလိုက်သည့်အခါတွင် ခွဲခြားနိုင်လိမ့်မည်ဟု ထင်ခဲ့ပေသည်။ ယခုမှသာ သူအလွန်ကိုမှ တုံးအနေမှန်း နားလည်သွားခဲ့သည်။

တစ်ဖက်လူ၏အသံသည် အလွန်ကိုမှ ချိုသာသော်ငြား မိန်းကလေးအသံကဲ့သို့ သိမ်မွေ့ချိုသာနေခြင်းမရှိသလို ယောကျ်ားလေးတစ်ဦး၏အသံကဲ့သို့ ခပ်ဩဩလည်း ဖြစ်မနေခဲ့ပေ။ ထို့အတွက်ကြောင့် သူမ၏အသံကို နားထောင်ရင်းမှ ယောကျ်ားလား မိန်းမလား ပြောရခက်ပြန်လေ၏။ တစ်ဖက်လူသည် ရန်ကိုင်ကဲ့သို့ပင် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြား သူ့လက်ပေါ်ရှိ ကြယ်စည်းတံဆိပ်မှာတော့ ငါးထောင့်သာ ရှိပေသေးသည်။

ရန်ကိုင်သည် တစ်ဖက်လူ ယောကျ်ားလား မိန်းမလား ဆိုသည်ကို ဂရုစိုက်မနေတော့ဘဲ ပြုံး၍သာ ပြန်ပြောလိုက်လေသည်။ “ဒီကညီအစ်ကို… မင်း အစားကိုကုန်အောင်စား စကားကိုတော့ ကုန်အောင်မပြောနဲ့ကွ… မင်းဘာသာမင်း ဒီဆေးပင်ကို အရင်တွေ့တွေ့ မတွေ့တွေ့ ဒီဆေးပင်က ပိုင်ရှင်မှမရှိတာ ရတဲ့သူယူပေါ့…”

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူ၏မျက်နှာ ဒေါသကြောင့် ရှုံ့မဲ့သွားခဲ့ပြီး ရန်ကိုင့်အား ဒေါမာန်တကြီးဖြင့် အော်ဆဲတော့လေသည်။ “ရှင်ကသာ ညီအစ်ကို… ရှင့်တစ်မျိုးလုံးတစ်ဆွေလုံးကသာ ညီအစ်ကိုတွေ… ကျွန်မ မိန်းမတစ်ယောက်ဆိုတာကို ရှင်မမြင်ဘူးလား…”

ရန်ကိုင့်မှာ အနည်းငယ်ပျာယာခတ်သွားခဲ့ပြီး တစ်ဖက်လူအား သေသေချာချာ ထပ်မံစစ်ဆေး ကြည့်လိုက်လေသည်။ အချိန်အတော်ကြာအောင် ကြည့်နေပြီးသည့်တိုင် ရန်ကိုင့်မှာ ထိုလူ မိန်းမဖြစ်သည်ဆိုသောအချက်ကို လုံးဝမမြင်နိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် ခေါင်းခါ၍သာ ပြန်ပြောလိုက်လေ၏။ “မမြင်ဘူး…”

အမျိုးသမီးမှာ ပို၍ပင် ဒေါသပုန်ထလာခဲ့လေ၏။ ထို့နောက် ခေါင်းမော့လျက် သူမ၏လည်တိုင်ကို လက်ညှိုးထိုးရင်း ပြောလိုက်လေသည်။ “ရှင် ကန်းနေတာလား… ကျွန်မမှာ လည်ဇလုတ်မရှိတာကို ရှင်မမြင်ဘူးလား…”

ရန်ကိုင့်၏နဖူးကြောများ ထောင်တက်သွားခဲ့ပြီး ပြန်၍ပြောလိုက်လေသည်။ “အဲ့ဒါတော့ မြင်တယ်လေ… ဒါပေမဲ့ အခြားဟာတွေကတော့ တွေ့မှမတွေ့တာ…”

ထိုသို့ပြောနေရင်း ရန်ကိုင်သည် သူမ၏ရင်ဘတ်နေရာဆီသို့ လှမ်းကြည့်လိုက်လေ၏။

အမျိုးသမီး၏မျက်နှာ အလွန်ကိုမှ သုန်မှုန်သွားခဲ့ပြီး ဒေါသထွက်ထွက်ဖြင့် သူမ၏ရင်ဘတ်ကို ကော့ပြလိုက်လေသည်။ ထိုအခါ သူမ၏ရင်ဘတ်မှာ မဆိုစလောက်ကလေး ဖုထွက်လာခဲ့လေ၏။

ထိုအခါမှသာ ရန်ကိုင်မှ လက်သီးဆုပ်၍ ပြောလိုက်လေ၏။ “အခုတော့ နည်းနည်းပါးပါးတော့ မြင်သွားပါပြီ…”

“ရှင့်သောက်စေ့က လုံးဝကိုကန်းနေတာပဲ…” အမျိုးသမီးကို ကြည့်ရသည်မှာ အတော်လေးကို ဒေါသကြီးသည့်ပုံပင်။ ရန်ကိုင့်အား အော်ဟစ်ဆဲရေးတော့လေ၏။

ရန်ကိုင်သည် နဖူးထက်ဝေ့သီလာသော ချွေးများကို သုတ်ရင်းမှ ပြန်ပြောလိုက်လေသည်။ “ညီမလေး… နင်အသက်ဘယ်လောက်ရှိပြီလဲ… ကလေးတွေဆိုတာ စကားပြောရင် ယဉ်ယဉ်ကျေးကျေး ပြောရတယ်လေ… ဘာလို့ တောက်လျှောက် ဆဲဖို့ချည်းပဲ လုပ်နေတာလဲ…”

“ရှင်ကသာ ကလေး…. ရှင့်တစ်ဘဝလုံး ကလေးဖြစ်နေမှာ…” အမျိုးသမီးမှာ မည်မျှဒေါသထွက်နေသလဲတော့ မသိ စကားပင်မပြောနိုင်ဘဲ ရန်ကိုင့်အား လက်ဝါးဖြင့် ကောက်ရိုက်ချလိုက်လေသည်။

အမျိုးသမီး၏လက်ဝါးချက်မှာ အားကောင်းခြင်းမရှိသလို သူမ၏တိုက်ကွက်ထဲ မည်သည့်သတ်ဖြတ်လိုစိတ်မှလည်း ပါဝင်နေခြင်းမရှိခဲ့ချေ။ ရန်ကိုင့်အား အမှန်တကယ် တိုက်ခိုက်လိုသည့်အတွက်ကြောင့်မဟုတ်ဘဲ ဒေါသထွက်ထွက်ဖြင့်သာ ရိုက်ချလိုက်ခြင်းဖြစ်လေ၏။

ထိုကဲ့သို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်နှင့် စကားတစ်ခွန်းပင် ပြောမနေတော့ဘဲ ချက်ချင်း လှည့်ထွက်သွားတော့လေသည်။

ရန်ကိုင်က သူ့လက်အား မြှောက်ရင်း သူမ၏တိုက်ကွက်ကို အသာအယာချေ ဖျက်ပစ်လိုက်လေ၏။ ထို့နောက် လှမ်းကြည့်လိုက်ရာ အမျိုးသမီးသည် သူနှင့် မီတာထောင်ပေါင်းများစွာအကွာခန့်သို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ နောက်ဆုံးတွင် အမျိုးသမီးသည် ရန်ကိုင့်အား ဒေါမာန်တကြီး နောက်ဆုံးတစ်ချက် စိုက်ကြည့်လိုက်ပြီးသည့်နောက် လုံးဝကို လှည့်ထွက်သွားတော့လေ၏။

“ညီမလေး… မသွားပါနဲ့ဦး… ငါနင့်နာမည်ကို မသိရသေးဘူးလေ….” ရန်ကိုင်က ပြုံးဖြီးဖြီးလုပ်ရင်း လှမ်းအော်ပြောလိုက်လေသည်။

သို့သော်ငြား မည်သည့်တုံ့ပြန်စကားမှ မကြားခဲ့ရချေ။ အမျိုးသမီး မည်သည့်နေရာသို့ ထွက်သွားသလဲဆိုသည်ကို ရန်ကိုင် မသိချေ။ သူသိသည့်အချက်မှာတော့ တစ်ဖက်လူမှာ သူ့အပေါ် အလွန်ကို ဒေါသထွက်သွားသည့်အတွက်ကြောင့် စကားပင် ပြန်မပြောနိုင်တော့ဘူးဟူသည့် အချက်ပင်။ မီးတိမ်တိုက်မှိုကိစ္စနှင့် ပတ်သက်၍လည်း ရန်ကိုင့်အား နားပူနားဆာ လုပ်မနေခဲ့။ ထိုအချက်မှာတော့ အလွန်ကိုမှ ကောင်းပေသည်။

ထိုကဲ့သို့သော အမျိုးသမီးတစ်ဦးအား စနောက်လိုက်ရပြီးသည့်နောက် ရန်ကိုင်မှာ အတော်လေးကို ဝမ်းသာပျော်ရွှင် ဖြစ်လာခဲ့လေသည်။

အနီးအနားတွင် အခြားသော အဖိုးတန်ဆေးပင်များ ရှိမရှိ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် မည်သည့်ဆေးပင်မှ ရှိမနေသည့်အခါမှသာ လှေပျံလေးကိုထုတ်လျက် မီးဓာတ်ကြယ်အမြုတေစွမ်းအားကို အာရုံခံပြီးသည်နှင့် ကြယ်အမြုတေစွမ်းအင် အသိပ်သည်းဆုံးနေရာဆီသို့ ပျံသန်းထွက်သွားလေသည်။

ရန်ကိုင်သေချာသည့်တစ်ချက်မှာ ယင်လဲ့ရှန်း ဤကြယ်ပေါ်တွင် ရှိနေသည် ဟူသောအချက်ပင်။ ယင်လဲ့ရှန်း မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို အတိအကျ မသိခြင်းသာ ရှိလေ၏။

သို့သော်ငြား မည်သို့ပင် ဖြစ်နေစေကာမူ ကြယ်အမြုတေစွမ်းအား အသိပ်သည်းဆုံးနေရာသို့ သွားခြင်းမှာ အမှန်ကန်ဆုံး ရွေးချယ်မှုတစ်ခုသာ ဖြစ်လေသည်။ အကြောင်းမှာ ယင်လဲ့ရှန်းကိုယ်တိုင်သည်လည်း ထိုနေရာသို့ ကျိန်းသေသွားမည့်အတွက်ကြောင့်ပင်။ ယင်လဲ့ရှန်းကိုသာ ရှာနိုင်မည်ဆိုပါက ရှောင်ရှောင်အကြောင်း မေးမြန်းနိုင်လေပြီ။

ရန်ကိုင်သည် ကြယ်တာရာအစုအဝေးထဲသို့ ရောက်ပြီးစဉ်ကတည်းက ရှောင်ရှောင်ကို မတွေ့တော့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် ရှောင်ရှောင်ကို အလွန်ကိုမှ စိတ်ပူရလေသည်။ ရှောင်ရှောင်သည် ပုံမှန်အားဖြင့် အလွန်ကိုမှ အားကောင်းလှပါသော်ငြား သာမန်လူများနှင့်မတူ အတော်လေးကိုမှလည်း တုံးအပေသည်။ ထို့အတွက်ကြောင့် အားကောင်းသော ပညာရှင်တစ်ဦးဦးနှင့်သာ ကြုံရပါက ဒုက္ခရောက်သွားနိုင်၏။

ဤကြယ်သည် အလွန်ကိုမှ ထူးခြားလှသည်။ ရန်ကိုင်သည် အရိပ်ကြယ်ထဲသို့ ရောက်နေသည်မှာ အတော်လေးကြာနေပြီဖြစ်သော်ငြား ဤကဲ့သို့သော ဆေးပင်များပင် ပေါက်ရောက်နေသည့် ကြယ်တစ်လုံးကို တစ်ခါမှ မမြင်တွေ့ခဲ့ရဖူးပေ။ သို့သော်ငြား ဤကြယ်ပေါ်တွင်တော့ ဆေးပင်ပေါင်းများစွာ ရှိနေလေ၏။

ဆေးပင်အားလုံးသည် မီးဓာတ်အခြေပြုဆေးပင်များသာ ဖြစ်ကြလေသည်။ ဤနေရာရှိ အလွန်သိပ်သည်းလှသော မီးဓာတ်စွမ်းအားများကြောင့် ထိုဆေးပင်များ ပေါက်ရောက်လာခြင်း ဖြစ်လောက်သည်။ ရန်ကိုင်သည် တွေ့သမျှ ဆေးပင် တော်တော်များများကို ခူးယူခဲ့ပါသော်ငြား ဆေးပင်တိုင်းကိုတော့ မခူးခဲ့ပေ။ ဆေးပင်တိုင်းသာ လိုက်ခူးနေပါက အချိန်ကုန်ရုံသာ ရှိပေလိမ့်မည်။

သွားရင်းလာရင်းမှ အခြားကျင့်ကြံသူများနှင့်လည်း ရန်ကိုင် တွေ့ခဲ့ရသေးသည်။ ထိုကျင့်ကြံသူများသည် တစ်ကိုယ်တည်းဖြစ်စေ နှစ်ယောက်တွဲဖြစ်စေ အုပ်စုလိုက်ဖြစ်စေ လှုပ်ရှားနေကြပေသည်။ တစ်ရက်ကြာအောင် ပျံသန်းလာပြီးသည့်နောက်တွင် ခပ်လှမ်းလှမ်းတစ်နေရာဆီမှ အားကောင်းလှသည့် စွမ်းအင်လှိုင်းတို့ ဖြာထွက်နေသည်ကို ရန်ကိုင် ရုတ်တရက် ခံစားမိလိုက်လေသည်။ ချက်ချင်းပဲ ရပ်လိုက်ပြီး ထိုအရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ ထိုနေရာဆီမှ ဧကရာဇ်ဖိအားတို့ ဖြာထွက်လာနေသည်ကို ခံစားမိလိုက်လေ၏။ ထို့အတွက်ကြောင့် ရန်ကိုင့်မှာ အံ့အားသင့်သွားပြီး မည်သူကများ ဤနေရာတွင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နေရသလဲဟု အတွေးများမိသွားခဲ့လေသည်။

ရန်ကိုင်

အပိုင်း (၂၄၄၅)

ကြယ်ပျက်ပင်လယ်ထဲတွင် ကျင့်ကြံသူများသည် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်ကြပေသည်။ ကြယ်ပျက်ပင်လယ်ဖွင့်သည့်အခါတိုင်း ကျင့်ကြံသူပေါင်းများစွာသည် အခွင့်အလမ်းအမျိုးမျိုးနှင့် ကြုံတွေ့ရကာ နဂါးဂိတ်ကို ဖြတ်ကျော်သွားနိုင်သည့် ငါးတစ်ကောင်နှယ် ဖြစ်သွားခဲ့ကြသည်။

ထို့အတွက်ကြောင့် ရန်ကိုင် ဤကဲ့သို့ စဉ်းစားမိလိုက်ခြင်း ဖြစ်လေသည်။ သို့သော်ငြား သေချာစဉ်းစားကြည့်လိုက်သည့်အခိုက် တစ်ခုခုမှားယွင်းနေကြောင်း တွေ့ရှိလိုက်ရလေသည်။ အကြောင်းမှာ ထိုအရပ်ဆီမှ ဖြာထွက်နေသည့် စွမ်းအင်များမှာ ကျင့်ကြံသူတစ်ဦး ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ရာတွင် ထွက်ပေါ်လာလေ့ရှိသည့် စွမ်းအင်လှိုင်းများနှင့် ဆင်တူနေသော်ငြား အဆင့်ကြီးတစ်ဆင့်သို့ ချိုးဖြတ်ရာ၌ ကြုံရလေ့ရှိသည့် မည်သည့်မိုးမြေကောင်းချီးကိုမှ ရန်ကိုင်မတွေ့ရပေ။ ထိုအရာသည် ကျင့်ကြံသူတစ်ဦး အဆင့်ချိုးဖြတ်ခြင်းသာ မဟုတ်ပါက ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ပေါ်လာခြင်းပေလော။ ထိုအချက်ကို နားလည်လိုက်သည့်အခိုက် ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ထိုအရပ်ဆီသို့ ချက်ချင်း ပြေးထွက်သွားခဲ့လေသည်။

ကြယ်ပျက်ပင်လယ်ထဲတွင် ရံဖန်ရံခါ အဆင့်မြင့်ဧကရာဇ်အဆင့် မှော်ရတနာများ ပေါ်လာကြောင်း ရန်ကိုင် ကြားခဲ့ဖူးပေသည်။ တကယ်တော့ ကြယ်ပျက်ပင်လယ်ထဲတွင် သေသွားခဲ့သည်မှာ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်တစ်ဦးတည်းသာ မဟုတ်ဘဲ အခြားသော မဟာဧကရာဇ်များလည်း ရှိနေသေးသည် မဟုတ်ပေလော။

ထိုမဟာဧကရာဇ်များ ပိုင်ဆိုင်ခဲ့ကြသော အမျိုးမျိုးသော မှော်ရတနာများသည် သူတို့သေသွားသည့်နောက်တွင် ကြယ်ပျက်ပင်လယ်ထဲ ကိန်းအောင်းတည်ရှိနေခဲ့ကြလေသည်။

ထို့အတွက်ကြောင့် ကြယ်ပျက်ပင်လယ်ထဲတွင် ပေါ်လာသည့် ဧကရာဇ်အဆင့် မှော်ရတနာများမှာ သာမန်ဧကရာဇ်အဆင့် မှော်ရတနာများထက် ပို၍ အဆင့်မြင့်ကြပေသည်။ ထိုမှော်ရတနာများ ပေါ်လာသည့်အခါတိုင်း မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုမှော်ရတနာကို ရယူနိုင်ရေးအတွက် တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်တိုက်ခိုက်ကြလေ၏။

မဟာဧကရာဇ်အဆင့် ကျင့်ကြံသူများ အသုံးပြုကြသည့် မှော်ရတနာများနှင့် သာမန်ဧကရာဇ်အဆင့် ပညာရှင်များ အသုံးပြုကြသည့် မှော်ရတနာများမှာ လုံးဝကို ကွာခြားပေသည်။ နှိုင်းယှဉ်ပြရသော် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုနှင့် တာအိုသခင်အဆင့် မှော်ရတနာတစ်ခု ကွာခြားသလိုပင်။ လုံးဝကို သွားယှဉ်၍မရချေ။

ထို့အတွက်ကြောင့် မဟာဧကရာဇ်များ အသုံးပြုခဲ့သည့် မှော်ရတနာများကို ကျင့်ကြံသူများ အသည်းအသန် လိုချင်ကြခြင်းပင်။

ဧကရာဇ်ဖိအား ထွက်ပေါ်နေသည့်ဘက်ဆီသို့ ပျံသန်းနေရင်းမှ လောကကြီးတစ်ခုလုံး တုန်ခါသွားသည်ကို ရန်ကိုင် ရုတ်တရက် ခံစားမိလိုက်သည်။ ထို့နောက်တွင် သူ့ရှေ့တည့်တည့်ဆီမှ ခေါင်းလောင်းမြည်သံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။ ခေါင်းလောင်းအသံလှိုင်းများမှာ အလွန်ကိုမှ သိပ်သည်းလွန်းလှလေရာ လှိုင်းပုံစံများကိုပင်လျှင် မျက်စိနှင့် အတိုင်းသား မြင်နေရလေသည်။ လှိုင်းများသည် မြင်မြင်ရာ အရာမှန်သမျှကို ဒီရေလှိုင်းလုံးများနှယ် ရိုက်ခတ်သိမ်းကျုံး သယ်ဆောင်သွားလေ၏။

ထိုလှိုင်းများကို မြင်လိုက်သည့်အခိုက် ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး အလျင်စလို အောက်သို့ ဆင်းကာ သူ့ဝိဉာဉ်ကို သေချာကာကွယ်ထားလိုက်လေသည်။

ထိုအသံလှိုင်းများကြောင့် မြေပြင်တစ်ခုလုံးသည်ပင်လျှင် လှိုင်းတွန့်များနှယ် တွန့်လိမ်လာပြီး ကြယ်ကြီးတစ်ခုလုံး ပျက်စီးတော့မည့်အလား ဖြစ်သွားခဲ့ရလေသည်။

အသံလှိုင်းများ သူ့အား လာရောက်ရိုက်ခတ်ချိန် ရန်ကိုင့်၏အသိစိတ်တစ်ခုလုံး လှိုင်းထန်သွားခဲ့ရလေသည်။ သူ့ခေါင်းထဲ ကြယ်လများကို မြင်လိုက်ရသလို သူ့အသိစိတ်တစ်ခုလုံးမှာလည်း ဝိုးတိုးဝါးတား ဖြစ်သွားလေ၏။ သူ့စိတ်ထဲ ခေါင်းလောင်းမြည်သံများကိုသာ ကြားနေရတော့လေသည်။

အထိတ်ထိတ်အလန့်လန့်ဖြင့် ရန်ကိုင်လည်း ဝိဉာဉ်ကြာပန်း၏စွမ်းအားကို သုံးကာ သူ၏အသိစိတ်ပင်လယ်ကို အားဖြည့်ပေးလိုက်လေသည်။ ထိုအခါမှသာလျှင် ရန်ကိုင်သည် မိန်းမောနေရာမှ အသိပြန်ဝင်လာနိုင်တော့သည်။

ထို့နောက်တွင် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရန်ကိုင် သက်ပြင်းရှိုက်မိသွားခဲ့သည်။ ပဝန်းကျင်တစ်ခုလုံးမှာ အထက်အောက်ပြောင်းပြန် လှန်ပစ်လိုက်သလို အပြောင်းလဲကြီး ပြောင်းလဲသွားကြောင်း တွေ့လိုက်ရလေသည်။ မြေငလျင်လှိုင်းကြောင့် တောင်များ ပြတ်တောက်ကုန်ပြီး တောင်အသစ်များ ဖြစ်ပေါ်လာကြရသည်။ ထိုနည်းတူစွာပင် မြေပြင်ထက်တွင်လည်း အက်ကြောင်းရာများစွာ ထွက်ပေါ်လာပြီး အချို့သော နေရာများတွင် လျှိုမြောင်ကြီးများနှယ် နက်စောက်သည့် အက်ကွဲကြောင်းကြီးများပင်လျှင် ရှိနေကြ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာ လုံးဝကို မှင်တက်နေမိတော့သည်။

ဤကဲ့သို့သော စွမ်းအားသည် ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်လာသည့် ကျင့်ကြံသူများဆီမှ ထွက်ပေါ်လာနိုင်ခြင်း မဟုတ်တန်ရာ။ အလွန်အားကောင်းသော ဧကရာဇ်အဆင့် မှော်ရတနာများသည်သာ ဤကဲ့သို့သော စွမ်းအားမျိုးကို ထုတ်ပေးနိုင်ကြ၏။

ထို့အပြင် ထိုဧကရာဇ်မှော်ရတနာသည် မဟာဧကရာဇ်တစ်ပါး ပိုင်ဆိုင်သည့် ဧကရာဇ်မှော်ရတနာသာ ဖြစ်ရပေလိမ့်မည်။ ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင် ရင်ခုန်သံ မြန်လာခဲ့လေသည်။ နှာခေါင်းပေါက်မှ စီးကျနေသည့် သွေးများကို သုတ်၍ မှော်ရတနာကို ထိန်းချုပ်ရင်း ဧကရာဇ်အရှိန်အဝါ ထွက်ပေါ်လာသည့် ဘက်ဆီသို့ လျှပ်စီးတန်းတစ်ခုနှယ် ပြေးထွက်သွားလေ၏။

ဤကြယ်ပေါ်တွင် ကျင့်ကြံသူပေါင်းများစွာ ရှိကြပေသည်။ အသံလှိုင်း ထွက်ပေါ်လာသည်မှာ အလွန်ကိုမှ သိသာ ထင်ရှားလွန်းလှသဖြင့် ကျင့်ကြံသူပေါင်းများစွာသည် ရန်ကိုင်ကဲ့သို့ပင်လျှင် အသံလှိုင်းထွက်ပေါ်လာသည့် နေရာဆီသို့ ခြေကုန်သုတ်ကာ အပြေးအလွှား သွားနေကြလေ၏။

ထိုအချက်ကိုမြင်သော် ရန်ကိုင့်စိတ်ထဲ ကြိတ်၍ ကျိန်ဆဲလိုက်လေသည်။ ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်လာသည့် မည်သူမျှ ရိုးရှင်းခြင်းမရှိကြ။ သူကိုယ်တိုင်ပင်လျှင် ဒဏ်ရာ အနည်းငယ်ရသွားသည့်တိုင် အသံလှိုင်းဒဏ်ကို ခံရပြီးနောက် သူ့ကဲ့သို့ ဒဏ်ရာမရဘဲနေသည့် ကျင့်ကြံသူများလည်း ရှိနေဦးမည်ဟု မထင်ထားခဲ့ချေ။

ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် အသံလှိုင်းထွက်ပေါ်လာရာနေရာဆီသို့ ရောက်ရှိလာခဲ့လေသည်။ လေပေါ်တွင်ဝဲလျက် ငုံ့ကြည့်လိုက်သည့်နောက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရန်ကိုင်တစ်ကိုယ်လုံး တုန်ရီသွားခဲ့လေ၏။

ရန်ကိုင်နှင့် မိုင်တစ်ထောင်ခန့်အကွာတွင် တောင်ငယ်လေးတစ်လုံး ရှိနေခဲ့လေသည်။ ထိုတောင်လေးမှာ မီတာသုံးရာခန့် မြင့်ကာ ဧရာမခေါင်းလောင်းကြီးတစ်လုံးပုံစံနှင့် ဆင်တူနေ၏။

ထို့အပြင် တောင်ပေါ်ဆီမှ ကျောက်စကျောက်နများ အောက်သို့ ကျနေခဲ့ပြီး တောင်အတွင်းပိုင်းဆီမှ အားကောင်းလှသည့် ဧကရာဇ်အရှိန်အဝါတစ်ရပ် ဖြာထွက်နေခဲ့လေသည်။

“ဧကရာဇ်အဆင့်မှော်ရတနာ…” တောင်ကြီးသည် ဧကရာဇ်အဆင့် မှော်ရတနာမှန်း သိလိုက်ရပြီးသည့်နောက်တွင် ရန်ကိုင်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့လေသည်။

အခြားသောကျင့်ကြံသူများသည်လည်း ထိုအချက်ကို သတိထားမိကြသည်။ သို့သော်ငြား ဤဧကရာဇ်အဆင့် မှော်ရတနာ၏စွမ်းအားမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလွန်းသည့် အတွက်ကြောင့် အကုန်လုံးမှာ ဤနေရာတွင် စုဝေးလာကြသော်ငြား မည်သူမျှ အနီးသို့ ကပ်မသွားရဲခဲ့ကြပေ။

တောင်၏အရှေ့တွင်တော့ ပြန့်ကျဲနေသော အလောင်းများ ရှိနေကြလေသည်။ ထိုအလောင်းများအားလုံး ဒွါရခုနှစ်ပေါက်မှ သွေးများစီးကျနေ၏။ အလောင်းများ၏ပုံစံကို ကြည့်ရသလောက် ထိုလူများသည် ဤနေရာသို့ ပထမဦးဆုံး ရောက်ရှိလာကြသည့်လူများ ဖြစ်ပြီး ဧကရာဇ်အဆင့် မှော်ရတနာအား သွားအသက်ဝင်စေမိလိုက်သည့် အတွက်ကြောင့် အသံလှိုင်းဒဏ်ကို ခံစားရကာ သေဆုံးသွားရခြင်း ဖြစ်လောက်ပေသည်။

ရုတ်တရက် သေဆုံးသွားသည့် အလောင်းများဆီမှ ကြယ်စည်းတံဆိပ်များ ထွက်ပေါ်လာကြလေသည်။ ၎င်းတို့၏ပိုင်ရှင် သေသွားပြီးသည့်နောက်တွင် ကြယ်စည်းတံဆိပ်များသည် ရုတ်တရက် ပျံသန်းထွက်လာပြီး လေထဲတွင် ဝဲနေကြလေ၏။ ထိုစဉ် တစ်ခုခု၏ ဆွဲငင်ခြင်း ခံလိုက်ရသည့်အလား ကြယ်စည်းတံဆိပ်များသည် အနီးအနားတွင်ရှိနေသော ကျင့်ကြံသူများဆီသို့ ပျံသန်းသွားကြလေသည်။

အလွန်ကိုမှ တောက်ပသည့် ကြယ်စည်းတံဆိပ်တစ်ခုသည် ရန်ကိုင့်ဆီသို့ တိုးဝင်လာခဲ့လေ၏။

ရန်ကိုင်လည်း ထိုကဲ့သို့သော အခွင့်အရေးမျိုးကို မည်ကဲ့သို့များ လက်လွတ်ခံနိုင်ပါမည်နည်း။ ထိုကြယ်စည်းတံဆိပ်ကို ဝမ်းပန်းတသာဖြင့် လက်ခံလိုက်လေသည်။

တစ်ချိန်တည်းတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာလည်း လှုပ်ရှားလိုက်ကြလေ၏။ အကုန်လုံးသည် ကြယ်စည်းတံဆိပ်များကို လုယူနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားကြလေသည်။ အခြားသော တာအိုသခင်တတိယအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူ ခုနှစ်ဦး ရှစ်ဦးလောက်သည် ရန်ကိုင်လိုချင်နေသည့် ကြယ်စည်းတံဆိပ်ကို ပစ်မှတ်ထားနေကြလေ၏။ သူတို့မှာမြန်သော်ငြား ရန်ကိုင်က သူတို့ထက် ပိုမြန်ပေသည်။

လေဟာနယ်နိယာစွမ်းအားကို ထုတ်သုံးလေရာ ရန်ကိုင်သည် ကြယ်စည်းတံဆိပ်ရှေ့သို့ တမုဟုတ်ချည်း ရောက်ရှိသွားခဲ့ပြီး ချက်ချင်း ဖတ်ခနဲ ဆွဲယူလိုက်လေသည်။

သို့သော်ငြား ထိုကြယ်စည်းတံဆိပ် ရန်ကိုင့်လက်ထဲသို့ ရောက်လာသည့်အခိုက် ပုံရိပ်တစ်ခု သူ့ဆီသို့ ပြေးဝင်လာပြီး ရန်ကိုင့်၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းဆွဲကိုင်လိုက်လေသည်။ သို့သော်ငြား တစ်ဖက်လူသည် အရင်းအမြစ်ချီကို လှည့်ပတ်ထားခြင်းမရှိသလို ရန်ကိုင့်အပေါ် မကောင်းကြံလိုသည့် ရည်ရွယ်ချက်လည်း မရှိသည့် အတွက်ကြောင့် ရန်ကိုင်လည်း ခါးသီးသီး ပြန်လည်မတုံ့ပြန်ခဲ့ပေ။

(ဒီကောင်က တကယ်မြန်တာပဲ…) ရန်ကိုင် အနည်းငယ် အံ့အားသင့်နေမိခဲ့လေသည်။ သူ၏ကြယ်စည်းတံဆိပ်ကို လုရန် ကြိုးစားနေသည့်လူမှာ အတော်ကိုမှ မြန်လှသည်။ ရန်ကိုင်သာ ခြေတစ်လှမ်းလောက် နောက်ကျသွားခဲ့လျှင် ဤကြယ်စည်းတံဆိပ်ကို ကျိန်းသေ လက်လွှတ်လိုက်ရပေမည်။

တစ်ဖက်လူကို လှမ်းကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်က ပြုံးဖြီးလျက် ပြောလိုက်လေသည်။ “ငါတို့ ထပ်တွေ့ပြန်ပြီပဲ…”

သူ့ကြယ်စည်းတံဆိပ်ကို လာလုရန် ကြိုးစားနေသည့်လူမှာ အစောပိုင်းက သူတွေ့ခဲ့ရသည့် အမျိုးသမီးမှလွဲ၍ အခြားမဟုတ်ချေ။

“နင်ပဲလား…” ရန်ကိုင့်ကို ထပ်မြင်လိုက်ရသည့်အခိုက် အမျိုးသမီးသည် မျက်မှောင်ကြုတ်လျက် စိတ်ပျက်ပျက်ဖြင့် ပြောလိုက်လေသည်။ “နင် ဘာဖြစ်လို့ ငါ့နောက် တောက်လျှောက်လိုက်ပြီး ငါ့ကိစ္စတိုင်းကို အမြဲတမ်း ကဖျက်ကယက် လိုက်လုပ်နေတာလဲ”

ရန်ကိုင်သည် သူမလိုချင်နေသည့် တိမ်မီးတောက်မှိုကို လုယူသွားခဲ့လေသည်။ ယခုဆိုလျှင်လည်း သူမလိုချင်နေသည့် ကြယ်စည်းတံဆိပ်ကိုပင်လျှင် ထပ်မံ လုယူသွားပြန်လေသည်။

ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်လေသည်။ “ညီမလေး… ငါကပဲ နင့်နောက်လိုက်နေတယ်လို့ ပြောရသေးတယ်… စိတ်ပူမနေနဲ့… ရင်ဘတ်ပြားတဲ့မိန်းမတွေကို ငါစိတ်မဝင်စားဘူး…”

ထိုစကားကိုကြားသည့်အခိုက် အမျိုးသမီး၏မျက်နှာ တမုဟုတ်ချည်း အေးစက်သွားခဲ့ပြီး ဒေါသတကြီးဖြင့် အံကြိတ်လိုက်လေသည်။ သူမ၏ ရင်နှင့်တင်အစုံမှာ အမျိုးသမီးတစ်ဦးတွင် ရှိသင့်သည့်ပုံစံမျိုး ဖြစ်မနေခဲ့ချေ။ ဤသည်မှာ သူမအတွက် အလွန်ကိုမှ စိတ်ပျက်စရာတစ်ခုလည်း ဖြစ်နေခဲ့လေ၏။ ရန်ကိုင်မှ သူမ၏အားနည်းချက်ကို ပွင့်ပွင့်လင်းလင်း ထေ့ငေါ့လာသော် ထိုအမျိုးသမီး ဒေါသမထွက်လျှင်သာ ထူးဆန်းနေပေလိမ့်မည်။

“နင် နောက်တစ်ကြိမ် အဲ့လိုမျိုး ထပ်ပြောရဲရင် နင့်လျှာကို ကျွန်မ ဖြတ်ပစ်မှာနော်…” အမျိုးသမီးက ဒေါမာန်တကြီးဖြင့် ပြောလိုက်လေသည်။

ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေသည်။ “ဒါဆိုရင် ကျုပ်လက်ကို အရင်လွှတ်လိုက်လေ… ခင်ဗျား ဒီတိုင်း ဆက်ကိုင်ထားလို့ရှိရင် ကျုပ်လည်း မလုပ်သင့်တာတွေ လုပ်မိတော့မှာ…”

အမျိုးသမီးသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းတစ်ချက်ရှုံ့လျက် ရန်ကိုင့်၏လက်ကိုလွှတ်ကာ အောက်သို့ ဆင်းသွားလိုက်လေ၏။

ကြယ်စည်းတံဆိပ်ကို မလုယူနိုင်သည့် ကျင့်ကြံသူများမှာ ရန်ကိုင့်အား အံ့ဩတကြီးဖြင့် ကြည့်လိုက်မိကြလေသည်။ ရန်ကိုင့်အား ကြည့်နေသည့် သူတို့၏အကြည့်ထဲ ထူးဆန်းသည့် အရိပ်အယောင်တို့ ရှိနေခဲ့လေ၏။ ရန်ကိုင်မှ သူတို့အား ပြန်စိုက်ကြည့်လာသော် အကုန်လုံးမှာ တုန်ရီသွားခဲ့ပြီး ဖြူဖတ်ဖြူလျော်မျက်နှာများဖြင့် အလိုလို နောက်သို့ ဆုတ်သွားကြလေသည်။

ထိုလူများ ဘာကြောင့် ဤကဲ့သို့ ပြုမူနေမှန်းကို နားမလည်သည့် အတွက်ကြောင့် ရန်ကိုင် မျက်မှောင်ကြုတ်မိသွားခဲ့သည်။ သို့သော်ငြား ချက်ချင်းဆိုသလို တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး မျက်နှာတည်တည်ဖြင့် ရှင်းပြလိုက်လေသည်။ “သူက မိန်းမတစ်ယောက်ဟ… ဘာလဲ မင်းတို့က ငါ ယောက်ျားတွေကို စိတ်ဝင်စားတယ်လို့ ထင်နေတာလား…”

ထိုစကားကို ကြားသည့်အခိုက် အကုန်လုံး၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်နှင့် ဝေးရာသို့ ထွက်သွားကြလေသည်။

ထိုလူများ ဘာတွေးနေသလဲ ဆိုသည်ကို နားလည်လိုက်သည့်နောက်တွင် ရန်ကိုင်၏မျက်နှာကြီး ဒယ်အိုးဖင်နှယ် မည်းမှောင်သွားခဲ့လေ၏။

ပတ်ဝန်းကျင်အား မှုန်ကုပ်ကုပ်အမူအယာဖြင့် လှည့်ပတ်စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရန်ကိုင့်၏အကြည့်သည် တစ်ခုသောနေရာဆီသို့ ရောက်ရှိသွားခဲ့လေ၏။ ထိုနေရာတွင် ရန်ကိုင်ရင်းနှီးနေသည့် လူတစ်ယောက်သည် အခြားသူများနှင့်အတူ ကြယ်စည်းတံဆိပ်ကို လုယူနေခဲ့လေသည်။ ထိုလူ၏ တိုက်ကွက်များမှာ အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်လှသည်။ သူ့ကျင့်ကြံခြင်းမှာ အခြားသူများနှင့် အတူတူ ဖြစ်နေသည့်တိုင် မည်သူမျှ ထိုလူ၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။

ယင်လဲ့ရှန်းပင်။

ယင်လဲ့ရှန်းကို ဤနေရာတွင် လာတွေ့ရလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ ကျုန်းကျန်းယုံမှတစ်ဆင့် ယင်လဲ့ရှန်းသည် ဤကြယ်ပေါ်တွင် ရှိနေရမည်မှန်း သိခဲ့ပေါ်သော်ငြား ဤနေရာတွင်မှ ယင်လဲ့ရှန်းကို လာတွေ့ရမည်ဟု မထင်ထားခဲ့ချေ။

ယင်လဲ့ရှန်းသည်လည်း ဤနေရာရှိ ရုတ်ရုတ်သဲသဲအဖြစ်အပျက်ကြောင့် ရောက်လာခဲ့ခြင်း ဖြစ်ဟန်တူသည်။

ယင်လဲ့ရှန်းကိုမြင်သော် ရန်ကိုင့်စိတ်ထဲ ခံစားချက်ပေါင်းစုံ ပြည့်နှက်လာခဲ့လေသည်။ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် အောက်သို့ ပျံသန်းသွားလိုက်ပြီး သူ့သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူကာ သူ့မျက်နှာသို့ ကပ်လိုက်လေသည်။

အရင်းအမြစ်ချီကို လှည့်ပတ်လိုက်သည့်အခိုက် မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင့်၏ရုပ်ရည်မှာ လုံးဝ မတူကွဲပြားသည့် လူထွားကြီးတစ်ဦး၏ ပုံစံသို့ ပြောင်းလဲသွားခဲ့လေ၏။

ရန်ကိုင်သည် ဆန်းတဲ့၏သိုလှောင်လက်စွပ်ထဲမှ ရခဲ့သည့် မျက်နှာဖုံးကို ထုတ်သုံးလိုက်ခြင်း ဖြစ်ပေသည်။ ဟင်းလင်းပြင်ကမ္ဘာထဲတွင် ဆန်းတဲ့သည် ဤမျက်နှာဖုံးကိုသုံး၍ သူ့ရုပ်ရည်ကို ပြောင်းလဲခဲ့သည်။ ဆန်းတဲ့မှာ လူကောင်းတစ်ယောက်မဟုတ်သော်ငြား သူ၏ ပန်းပဲစွမ်းရည်မှာတော့ တစ်ကယ်ကို မြင့်မားလှပေသည်။ သူဖန်တီးထားသည့် မှော်ရတနာများမှာ အလွန်ကိုမှ အသုံးဝင်လှသည်။ ရန်ကိုင်သာ ဤမျက်နှာဖုံးကို တပ်ထားမည်ဆိုပါက သူနှင့် ရင်းနှီးသည့်လူများပင်လျှင် ဧကရာဇ်အဆင့် မဟုတ်သလို ကောင်းကင်စိတ်အာရုံကိုသုံး၍ မစစ်ဆေးပါက ရန်ကိုင် မည်သူမည်ဝါဖြစ်သလဲ ဆိုသည်ကို သိလိမ့်မည်မဟုတ်ချေ။

သူ့ရုပ်ကို ပြောင်းလဲပြီးသည့်နောက်တွင် သူ့အား တစ်စုံတစ်ဦးမှ စိုက်ကြည့်နေသည်ကို ရန်ကိုင် ခံစားမိလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ အစောပိုင်းက သူနှင့်အချင်းများခဲ့သည့် အမျိုးသမီးဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

အမျိုးသမီးသည် ရန်ကိုင်လုပ်နေသည်ကို မြင်သွားသည့်ပုံပင်။

ရန်ကိုင်ကမူ ဘာမှ ဂရုစိုက်မနေခဲ့ပဲ ပြုံးရင်း အမျိုးသမီးဆီသို့ ပျံသန်းသွားလိုက်ပြီး လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “ခင်ဗျားရဲ့နာမည်ကို ခုထိမသိရသေးဘူးနော်…”

အမျိုးသမီးသည် စိတ်မရှည်ဟန်ဖြင့် မျက်မှောင်ကျုံ့လိုက်လေသည်။ သို့သော်ငြား ပြန်၍တော့ ပြောလိုက်သေး၏။ “လန်ဟဲ…”

“ဒီတော့ ညီမလန်ဟဲပေါ့… ကျုပ်နာမည်က ရန်ကိုင်ပါ…”

All Chapters