အတုအယောင်နတ်ဘုရားနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း
Vol. 9 Ch. 122
ဝုန်း~!
၅ မီတာကျော်အမြင့်ရှိသော ဧရာမတိုက်တန်ကြီးမှာ သူ့ကို ချုပ်နှောင်ထားသော လှောင်အိမ်ကို ချိုးဖျက်ကာ ခုန်ထွက်လာခဲ့သည်။ အမျက်ဒေါသမရှိဘဲ ခံ့ညားသည့် အော်ရာတစ်ခု ဖြာထွက်နေခဲ့ပြီး အားကောင်းသည့် ဖိအားတစ်ခုမှာ ဒီရေလှိုင်းများကဲ့သို့ စီးထွက်လာခဲ့သည်ါ
ဖုန့်လင်းအမူအရာမှာ ချက်ချင်း လေးလံသွားခဲ့တော့၏။
"အမြန်...သူ့ကို မြန်မြန် သတ်လိုက်!"
ဖရန့် သွားများကို ဖိကြိတ်ကာ အမိန့်ပေးလိုက်သည်။
ဖုန့်လင်းအမူအရာမှာ ပြောင်းသွားပြီး သူ ဖရန့်ကို သတ်ရန် လုပ်လိုက်သည်နှင့် တိုက်တန်မှာ ရုတ်တရက် လှုပ်ရှားလာခဲ့သည်။ ဖုန့်လင်းလက်များမှာ ဖရန့်လည်ပင်းနှင့်ထိရန်တိုးလာခဲ့ပြီး အသာအယာညစ်လိုက်သည်နှင့် ဖရန့်အသက်ကို ချက်ချင်း အဆုံးသတ်နိုင်လိမ့်မည်ပင်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင်...ဘွမ်း~!
မိုးခြိန်းသံကဲ့သို့ အသံတစ်ခုနှင့်အတူ ဧရာမပုံရိပ်တစ်ခုမှာ ပြေးဝင်လာခဲ့သည်။
ဖုန့်လင်းနှလုံးသားထဲတွင် အန္တရာယ်အငွေ့အသက်တစ်ခု မြင့်တက်လာခဲ့သည်။ ဖရန့်ကိုသတ်ရန် အချိန်မရှိတော့ဘဲ ဘေးဘက်သို့ ရှောင်တိမ်းရန် ရွေးချယ်လိုက်သည်။
ဧရာမလက်သီးတစ်ခုမှာ သူခန္ဓာကိုယ်ဘေးမှ လေဟာနယ်ကို ဖြတ်သန်းသွားပြီး သူ့ကို အနည်းငယ်မျှ ရှပ်ထိသွားသည်။ သို့သော် ဤအနည်းငယ်မျှသော ရှပ်ထိမှုကပင် ဖုန့်လင်းအား ပြင်းထန်သော နာကျင်မှုကို ခံစားသွားရန် လုံလောက်နေခဲ့သည်။
"ဘာ?" ဖုန့်လင်း ခေါင်းငုံ့ကြည့်လိုက်ရာ မူလက သံမဏိကဲ့သို့ မာကျောသော သူ၏အရေပြားမှာ ဒဏ်ရာရသွားခဲ့သည်။ တိုက်ခိုက်မှု၏အကျိုးသက်ရောက်မှုကြောင့် အရေပြားတစ်လွှာ ကွာသွားပြီး အနီရောင်အသားများ ပေါ်လာကာ သွေးများ စိမ့်ထွက်နေသည်ကို တွေ့လိုက်ရသည်။
"ဒီတိုက်တန်ကို တုပဖန်တီးထားတဲ့ နတ်ဘုရားလို့ ခေါ်ထိုက်တာ အမှန်ပါပဲ။ လက်သီးတစ်ချက်တည်းရဲ့ စွမ်းအားကတောင် တကယ့်ကို ကြောက်စရာကောင်းပါတယ်..."
သူ အံ့သြနေရန် အချိန်မရှိပေ။ တိုက်တန်မှာ နောက်တစ်ကြိမ် ပြေးဝင်လာပြီး ဟာရီကိန်းတစ်ခုအသွင် ပြောင်းသွားခဲ့သည်။ တစ်ယောက်အနေဖြင့် ဖုန့်လင်းဆီသို့ မျက်စိတစ်မှိတ်အတွင်း ရောက်လာသည့် တိုက်တန်ကိုကြည့်၍ တိုက်တန် မည်မျှမြန်ကြောင်း ကောင်းကောင်းကြီး စိတ်ကူးကြည့်နိုင်သည်။
"ဘယ်လိုတောင် မြန်တဲ့ အရှိန်လဲဟ! ဒီတိုက်တန်ရဲ့ အမြန်နှုန်းက တစ်စက္ကန့်ကို မီတာ ၁၀၀ ကျော်မှာ အသေအချာပဲ။ သူ ငါ့ထက် အဆပေါင်းများစွာ မြန်နေတယ်!" ဖုန့်လင်း မယှဥ်သာအောင် အံ့အားသင့်နေခဲ့သည်။ သူ့ပြိုင်ဘက်၏ ဤမျှ မြန်ဆန်သော အရှိန်ကြောင့် ရှောင်ရန် မဖြစ်နိုင်ခဲ့ဘဲ တိုက်ရိုက်ရင်ဆိုင်ရန်သာ ဆုံးဖြတ်လိုက်ရသည်။
"ရှေးဦး အလံတံဆိပ်တော်!"
ဖုန့်လင်းလက်များမှာ ရင်ဘတ်ရှေ့တွင် စက်ဝိုင်းပုံသဏ္ဍာန် လှုပ်ရှားကာ ကြီးမားသော ဂိတ်တံခါးကြီးနှစ်ခုသဖွယ် ကာကွယ်မှုပုံစံဖြင့် ရှိနေခဲ့သည်။ သို့သော် နောက်ခဏတွင် သူ့ကို တောင်တစ်လုံးအရွယ်အစားရှိသော တူဖြင့် ထုနှက်ခံလိုက်ရသည်ဟု ခံစားခဲ့ရသည်။
ဂျွတ်!
သူ့အရိုးများမှ ကျိုးပဲ့သံများ ထွက်ပေါ်လာကာ ၎င်းတို့၏ခံနိုင်သော အလေးချိန်အကန့်အသတ်ကို ကျော်လွန်သွားခဲ့သည်။ နာကျင်မှုမှာ သူ့အရိုးများထဲအထိ စိမ့်ဝင်သွားပြီး အက်ကြောင်းများပင် ပေါ်လာခဲ့သည်။
သူ့တစ်ကိုယ်လုံး အမြောက်ဆန်တစ်ခုသဖွယ် လေထဲသို့ ပျံတက်သွားခဲ့သည်။
သို့သော် ဖုန့်လင်း သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင်သေးမီပင် တိုက်တန်၏ အရိပ်မှာ ဖျတ်ကနဲလက်သွားပြီး သူ့ဆီသို့ တဟုန်ထိုး ဦးတည်လာခဲ့သည်။ တိုက်တန်၏မျက်နှာထက်တွင် ခံစားချက်များရှိမနေခဲ့ဘဲ လက်များကို လက်သီးများအဖြစ်ဆုပ်လိုက်ပြီး တူသဖွယ် သုံးကာ ဖုန့်လင်းအပေါ်သို့ ထုချလိုက်သည်။
ဖုန့်လင်းမှာ မြေပြင်ပေါ်သို့ ရက်ရက်စက်စက် ရိုက်ချခံလိုက်ရသည်။
သူ စဉ်းစားနေရန် အချိန်မရှိဘဲ အလိုအလျောက်တုံ့ပြန်မှုကြောင့် ခုန်ထွက်မိလိုက်ပြီး ပေါက်ကွဲနိုင်လောက်သည့် အမြန်နှုန်းဖြင့် ဆုတ်ခွာလိုက်သည်။
တိုက်တန်၏စွမ်းအားမှာ အလွန်အမင်းရက်စက်နေခဲ့ပြီး သူ့လက်သီးများမှာ တူများသဖွယ်ဖြစ်နေကာ အဆက်မပြတ် တိုက်ခိုက်မှုများ ထုတ်ဖော်နေခဲ့သည်။
ဖုန့်လင်းမှာ ဘယ်ညာနှစ်ဖက်ကို ကာကွယ်နေရပြီး အလွန်ဝမ်းနည်းဖွယ်ကောင်းသည့် အခြေအနေသို့ ရောက်သွားခဲ့ကာ ဤပြိုင်ဘက်ကြောင့် သူ လုံးဝဖိနှိပ်ခံလိုက်ရသည်။
တိုက်တန်များမှာ ဂရိဒဏ္ဍာရီထဲတွင် ကောင်းကင်နှင့်မြေကြီးမှ ဆင်းသက်လာသူများဖြစ်ကာ တစ်ချိန်က ကမ္ဘာကို အုပ်စိုးခဲ့သော မွေးရာပါနတ်ဘုရားများဖြစ်သည်။
ယခုရင်ဆိုင်နေရသော တိုက်တန်မှာ တုပထားသည့်တစ်ခုဖြစ်သော်လည်း လူလုပ်သတ်ဖြတ်ခြင်းလက်နက်တစ်ခုပင်။ ရှင်းလင်းစွာပင် ထိုအရာသည် တိုက်တန်ဗီဇကို နိုးထစေရန် စီမံနိုင်ခဲ့ပြီး ယင်းဗီဇ၏ ခွန်အားတစ်စိတ်တစ်ပိုင်းကို ရရှိထားသောကြောင့် အလွန်ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
ဤသည်မှာ ဖုန့်လင်းအနေဖြင့် ပထမဆုံးအကြိမ် အင်အားနှင့် အမြန်နှုန်းအရာတွင် ပြိုင်ဘက်၏ လုံးဝဖိနှိပ်မှုကို ခံရခြင်းပင်။
ဤသတ်ဖြတ်ခြင်းလက်နက်ကို လက်ရွေးစင် ကျင့်ကြံသူတစ်ဦးအဖြစ် အပြည့်အဝ သတ်မှတ်နိုင်ပြီး ဤသည်မှာ ကျင့်ကြံခြင်းနယ်ပယ် ကွာခြားချက်ကြောင့်ဖြစ်လာသော ဖိနှိပ်မှုတစ်ခုဖြစ်သည်။ ဖုန့်လင်း၏ နည်းစနစ်များ မည်မျှပင် အံ့သြဖွယ်ကောင်းနေစေကာမူ ရှုံးနိမ့်မှုကို အနိုင်အဖြစ် ပြောင်းပြန်လှန်ရန်မှာ သူ့အတွက် မဖြစ်နိုင်ပေ။
ဤတိုက်တန်မှာ မည်သည့်နည်းစနစ်ကိုမျှ အသုံးမပြုဘဲ သူ၏အလွန်အမင်းသာလွန်နေသော အင်အားနှင့် အမြန်နှုန်းကိုသာ မှီခိုထားသည်။ သို့သော် ဤအချက်ကပင် သူ့ကို ဤမျှကြောက်မက်ဖွယ်ကောင်းစေခြင်း ဖြစ်သည်။
ယခင်က လုခ် နှင့် ဖုန့်လင်း တိုက်ခိုက်စဉ်ကကဲ့သို့ပင်။ လုခ်၏နည်းစနစ်များမှာ အသိအသာပင် ဖုန့်လင်း၏ အထက်တွင် ရှိနေခဲ့သော်လည်း ဖုန့်လင်းမှာ ရိုးရှင်းစွာပင် သူ၏အကြွင်းမဲ့စွမ်းအားကိုသာ အားကိုးပြီး လုခ်ကို ချေမှုန်းနိုင်ခဲ့သည်။
ဒီဟာက အခုအချိန်မှာ ဖုန့်လင်း ဘယ်လိုခံစားနေရသလဲဆိုတာဖြစ်ပြီး အင်အားကွာဟမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဖိနှိပ်မှုတစ်ခုပဲ ဖြစ်ပါတယ်။
ကျောက်တုံးမျောက်ဗီဇကသာ သူ၏ခုခံမှုကို အလွန်မြင့်မားသည့်အဆင့်ထိ မြှင့်ပေးထားခြင်းမရှိလျှင်
ဖုန့်လင်း၏ ခန္ဓာကိုယ်မှာ ပြိုကွဲသွားလောက်ပြီဖြစ်သည်။
"ဒီလိုဆက်သွားလို့မဖြစ်တော့ဘူး"
ဖုန့်လင်း တိတ်တဆိတ် စဥ်းစားနေခဲ့သည်။ သူ လုံးဝ အရေးနိမ့်နေသည့် အခြေအနေသို့ ရောက်နေခဲ့ပြီဖြစ်သည်။ ဤအတိုင်းဆက်သွားပါက သူ ကြာကြာ ခံနိုင်တော့မည်မဟုတ်ကြောင်း သိထားသည်။
သို့သော် ယခုအချိန်တွင် သူ အသက်ရှူရန်ပင် အချိန်မရှိဘဲ မည်သည့်အရာကိုမျှ မလုပ်နိုင်တော့ပေ။
အန္တရာယ်တွင်းသို့ကျနေချိန်တွင် သူ ရုတ်တရက် ဉာဏ်ကွန့်မြူးမှုတစ်ခု ပေါ်လာခဲ့သည်။ "ငါ ဒီစွမ်းရည်ကို ဘယ်လိုတောင် မေ့နေမိပါလိမ့်..."
သူ့အကြည့်မှာ တည်ငြိမ်လာပြီး ဦးနှောက်မှ အဒရီနလင် ဟော်မုန်းများ စီးဆင်းလာကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ကမ္ဘာကြီးပေါ်တွင်ရှိသည့် သူ၏ရှုထောင့်မှာ ပြောင်းလဲသွားပြီး ယခုအချိန်တွင် အရာရာသည် နှေးကွေးစွာ ရွေ့လျားနေသကဲ့သို့ ဖြစ်နေခဲ့သည်။
ကျည်ဆန်အချိန်!
တိုက်တန်၏အရှိန်မှာ အစက သူ့ကို လိုက်မမှီနိုင်စေခဲ့သော်လည်း ယခုအချိန်တွင် လက်သီးချက်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေပြီဖြစ်သည်။ လက်သီးချက်များမှာ အလွန်မြန်ဆန်နေဆဲဖြစ်သော်လည်း သူ တုန့်ပြန်နိုင်သည့် အတိုင်းအတာအတွင်းသာ ရှိနေသည်။
ဖုန့်လင်းမှာ တိုက်တန်၏လက်သီးချက်များကြားတွင် ကျွမ်းကျင်စွာ ရှောင်တိမ်းနေခဲ့သည်။ အကြိမ်တိုင်းတွင် သူ ဆံခြည်တစ်မျှင်ခန့်ခြား၍ ရှောင်နိုင်ခဲ့ပြီး အသက်ရှူဖို့ အချိန်အနည်းငယ် ယူနိုင်ခဲ့သည်။
ဒါပေမယ့် အနိုင်ရချင်တာလား? ဤနေရာတွင် မျှော်လင့်ချက်မရှိပေ။
ကျည်ဆန်အချိန်သည် စက္ကန့် ၂၀ သာ ကြာမြင့်နိုင်ပြီး ကြာချိန်မှာ အလွန်တိုတောင်းလှသည်။
၎င်းသာကုန်ဆုံးသွားပါက သူ နောက်တစ်ကြိမ် အန္တရာယ်တွင်းသို့ ပြန်ကျသွားမည်ဖြစ်သည်။
ထို့ကြောင့် ဤအကန့်အသတ်ရှိသော အချိန်အတွင်း သူ ရောက်နေသည့် အကျပ်အတည်းကို ပြောင်းပြန်လှန်နိုင်ရန် လုံလောက်သည့် အရာများကို လုပ်ဆောင်ရမည်ဖြစ်သည်။
နေရာတွင်ပင် တုံးအစွာ ရပ်နေသော အစိမ်းရောင် လူသန်ကြီးကို သူ စိုက်ကြည့်လိုက်ပြီး ရုတ်တရက် စိတ်စွမ်းအင်များ သူ့ထံမှ ဖြာထွက်သွားသည်။ "စိတ်ညှို့ခြင်း!"
အစိမ်းရောင် လူသန်ကြီး၏ မျက်လုံးများမှာ ဗလာဖြစ်သွားကာ ရုတ်တရက် ရူးသွပ်စွာ ဟိန်းဟောက်လိုက်ပြီး တိုက်တန်ဆီသို့ တရကြမ်း ပြေးဝင်လာခဲ့သည်။
အစိမ်းရောင် လူသန်ကြီးအရပ်မှာ ၃ မီတာကျော်သော်လည်း ၅ မီတာကျော်ရှိသော တိုက်တန်နှင့်ယှဉ်လျှင်မူ ကလေးတစ်ဦးနှင့်တူနေသည်။ သို့သော် ကံကောင်းစွာဖြင့် အစိမ်းရောင် လူသန်ကြီး၏ အင်အားမှာ လုံလောက်အောင် မြင့်မားနေခဲ့ပြီး အကန့်အသတ်မဲ့သော စွမ်းအားများရှိနေခဲ့သည်။
လူသန်ကြီး တိုက်ခိုက်လာသည်နှင့် တိုက်တန်မှာ အခြေအနေ အနည်းငယ် ရှုပ်ထွေးလာသည်ကို ချက်ချင်းသတိထားမိလိုက်သည်။
အစိမ်းရောင် လူသန်ကြီး၏ မျက်နှာထက်တွင် အရိုင်းဆန်သည့်ဒေါသအကြည့်တစ်ခု ရှိနေခဲ့ပြီး ရူးသွပ်နေသည့် သားရဲရိုင်းတစ်ကောင်ကဲ့သို့ သေရမည်ကို မကြောက်ဘဲ ရှေ့သို့ပြေးဝင်ကာ တိုက်တန်ကို လက်သီးများနှင့်ထိုး၊ သွားများနှင့်ကိုက်၍ တတ်နိုင်သမျှ အစွမ်းကုန် ဟန့်တားနေခဲ့သည်။
တိုက်တန်အနေဖြင့် အစိမ်းရောင် လူသန်ကြီးကို အကြိမ်တိုင်းတွန်းလှန်နိုင်သော်လည်း နောက်ဆုံးတွင် သွေးထွက်လာခဲ့သည်။ အစိမ်းရောင် သွေးများမှာ သူ့ဒဏ်ရာများမှ စိမ့်ထွက်လာခဲ့သည်။ သို့သော် တိုက်တန်မှာ နာကျင်မှုကို မခံစားရသကဲ့သို့ အစိမ်းရောင် လူသန်ကြီးနှင့် အပြင်းအထန် ဆက်လက်တိုက်ခိုက်နေဆဲပင်။
ဖုန့်လင်းအပေါ်ရှိ ဖိအားမှာ ကြီးမားစွာ လျော့ကျသွားခဲ့သည်။
"ဘာ? အစိမ်းရောင် လူသန်ကြီး ဒီကို ချက်ချင်းပြန်လာခဲ့!" အစိမ်းရောင် လူသန်ကြီး၏ နှောင့်ယှက်မှုကို မြင်သည်နှင့် ဖရန့်မှာ အလွန်ဒေါသထွက်လာခဲ့သည်။ အစိမ်းရောင် လူသန်ကြီး၏ ဦးနှောက်အတွင်းတွင် ထည့်သွင်းထားသော မိုက်ခရိုချစ်ပ်သည် ၎င်းအား အမိန့်များကို အလိုအလျောက်လိုက်နာစေခဲ့ကာ ၎င်း၏လှုပ်ရှားမှုများ နှေးကွေးသွားပြီး တိုက်တန်၏လက်သီးတစ်ချက်ဖြင့် ဘောလုံးတစ်လုံးကဲ့သို့ လွင့်စင်သွားခဲ့သည်။
ဖုန့်လင်း ဤအခြေအနေကို အရင်ကတည်းက မျှော်လင့်ထားခဲ့သည်။ ခေါက်သိမ်းထားနိုင်သော အာကာသလွန်းပျံယာဉ်ကို ရရှိပြီးနောက် ဖရန့်မှာသူ့အတွက် အသုံးမဝင်တော့ပေ။ သူ့ကို အသက်ရှင်လျက်ထားခြင်းသည် ဖုန့်လင်း၏ အစီအစဉ်များကို ပျက်စီးစေနိုင်သည်။
ဖုန့်လင်း မည်သည့်သနားညှာတာမှုမှ ပြမနေတော့ပေ။ တိုက်တန်းနှင့် အစိမ်းရောင် လူသန်ကြီး တိုက်ခိုက်နေဆဲအချိန်တွင် သူ စစ်မြေပြင်မှ ထွက်လာခဲ့ပြီး ဖရန့်ဆီသို့ အလျင်အမြန်ပြေးသွားလိုက်ကာ ရက်စက်သည့် ဆုပ်ကိုင်မှုတစ်ခုဖြင့် လည်ပင်းကို ကိုင်လိုက်ပြီး လက်ချောင်းများ၏ဖိအားကို တဖြည်းဖြည်းတိုးမြှင့်လိုက်ရာ သွေးများ အောက်သို့ စီးကျလာပြီး မြေပြင်ပေါ်သို့ စင်နေခဲ့သည်။
ဘယ်လိုတောင် လူမဆန်တဲ့ မြင်ကွင်းလဲ!
ဖရန့်မျက်လုံးများမှာ ပြူးကျယ်နေခဲ့ကာ လည်ချောင်းမှ လေယိုစိမ့်သံများ ကြားနေရပြီး ခဏအကြာတွင် သူ သေသွားသည်။ သူ သေခါနီးတွင် သူ့ကို စိုက်ကြည့်နေသော မျက်လုံးတစ်စုံကိုသာ မြင်နိုင်ခဲ့သည်။
ဖုန့်လင်း ဤမျှရက်စက်ပြီး လျင်လျင်မြန်မြန် ဆုံးဖြတ်ကာ သူ့အသက်ကို ချက်ချင်းနုတ်လိုက်လိမ့်မည်ဟု ဖရန့် ယုံကြည်ရန် မဝံ့ရဲဖြစ်နေခဲ့သည်။
သူ ဘဝ၏လျှို့ဝှက်ချက်များကို ဆက်လက်သိလိုနေဆဲဖြစ်သည်။
ဒီလို ရိုးရိုးလေး သေသွားရမှာလား?
သူ နောင်တများဖြင့် သေသွားခဲ့သည်!
...
ယခုအချိန်တွင် ဖရန့်၏ ကြားဝင်စွက်ဖက်မှုမရှိတော့သဖြင့် အစိမ်းရောင် လူသန်ကြီးမှာ ဖုန့်လင်း၏ ထိန်းချုပ်မှုအောက်သို့ ပြန်ရောက်လာခဲ့သည်။ သူ၏စိတ်ညှို့ပညာရပ်အောက်တွင် အစိမ်းရောင် လူသန်ကြီးမှာ သေရမည်ကို မကြောက်ဘဲ တိုက်တန်ကို ထပ်ခါ ထပ်ခါ တိုက်ခိုက်နေခဲ့သည်။
ဖရန့်သေသွား၍ ကြားဝင်စွက်ဖက်မှုပျောက်သွားပြီဖြစ်သောကြောင့် ဖုန့်လင်းမှာ တိုက်တန်ကို အာရုံပြန်စိုက်နိုင်ခဲ့သည်။ ယခုအချိန်တွင်မူ သူ ဤအားကောင်းလှသည့် ပြိုင်ဘက်ကို သုတ်သင်ရန် အစီအစဉ်များကို စတင်နိုင်ပြီဖြစ်သည်။
ဖုန့်လင်းလည်း ပြေးဝင်လာကာ သူ၏နည်းစနစ်အားလုံးကို စတင် ထုတ်လွှတ်လိုက်သည် - နတ်ဘုရားရိုက်နှက်ခြင်း ကျာပွတ်တံဆိပ်တော်၊ မိုးကောင်းကင်မှောက်လှန်သည့် တူတံဆိပ်တော်၊ အင်မော်တယ်သတ် ဓားတံဆိပ်တော်...
သူ၏တိုက်ခိုက်မှုအားလုံးမှာ အလွန်အားကောင်းပြီး ရက်စက်ကာ တိုက်တန်ကို ထိမှန်သည့်အခါတိုင်း ပေါက်ကွဲသံအတွဲလိုက်များဖြစ်ပေါ်စေခဲ့သည့်အတွက် သူ သတ္တုဘီလူးတစ်ကောင်နှင့် တိုက်ခိုက်နေရသလို ဖြစ်နေခဲ့သည်။
အချိန်အတန်ကြာ လူသားတစ်ယောက်နှင့် အစိမ်းရောင် လူသန်ကြီးတစ်ကောင်တို့မှာ အတုအယောင် နတ်ဘုရားတစ်ပါးကို အပြင်းအထန်တိုက်ခိုက်နေခဲ့ကြသည်။
ဤတိုက်တန်တွင် အထွတ်အထိပ်စွမ်းအားရှိနေခဲ့ပြီး သူ့လက်သီးများဖြင့် နှစ်ယောက်စလုံးကို အတင်းအကျပ် တားဆီးနိုင်ကာ အသာစီးပင် ရနေခဲ့သည်။
ထိုအချိန်တွင် တိုက်တန်၏မျက်လုံးများမှာ ဖရန့်၏အလောင်းပေါ်သို့ ရွေ့သွားပြီး အန္တရာယ်ရှိသည့် အနီရောင်အလင်းတစ်ခု လင်းလာကာ စက်ရုပ်သံတစ်ခု ကြားလိုက်ရသည်။
"ခွင့်ပြုချက်ရရှိထားသော ပိုင်ရှင်သေဆုံးသွားပါပြီ။ စွမ်းအင်ကန့်သတ်ချက်များ ဖြေလျော့ပါမည်။ ပစ်မှတ်- ပတ်ဝန်းကျင်ရှိ သက်ရှိအရာများအားလုံးကို သုတ်သင်ရန်။ စွမ်းအင်ညွှန်းကိန်း တက်လာနေပါပြီ၊ ၅၀%၊ ၅၁%၊ ၅၂%...!"
ဘွမ်း!
ထိတ်လန့်ဖွယ်မုန်တိုင်းထဲမှ လေပြင်းတစ်ခုကဲ့သို့ တိုက်တန်ဆီမှ တက်ကြွသော စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့သည်။ ယခင်က သူ၏စွမ်းအားအပြည့်အဝကို ကန့်သတ်ထားခဲ့သော်လည်း ယခုအခါ သူ၏စွမ်းအားအလုံးစုံမှာ ပေါက်ကွဲထွက်လာကာ ကမ္ဘာကြီးကို ထက်အောက် ပြောင်းပြန်လှန်နိုင်သည့် ခံားချက်တစ်ခုကို ပေးစွမ်းနေခဲ့သည်။
ဖုန့်လင်းမှာ အသွင်မဲ့ဖိအားများကြောင့် နောက်သို့အတင်းအကျပ်ဆုတ်ပေးလိုက်ရကာ သူ့ရန်သူကို တိုက်ရိုက်ကြည့်ရန်ပင် ခက်ခဲနေခဲ့သည်။
တိုက်တန်၏စကားများမှာ သူ့ကို အပြင်းအထန် ရှော့ရသွားစေခဲ့သည်။
ဤသို့ဆိုလျှင် တိုက်တန်သည် အမှန်တကယ်ပင် အလွန်အားကောင်းလှသည်။ ယခင်က တိုက်တန်မှာ သူ့စွမ်းအား၏ ၅၀%သာ အသုံးပြုနိုင်သော ကန့်သတ်ချက်အောက်တွင် ရှိနေခဲ့သည်။ သို့သော် ထိုအချိန်တွင်ပင် သူ၏လှုပ်ရှားမှုတစ်ခုစီတိုင်းသည် ပတ်ဝန်းကျင်ကို ကြီးမားသော ပျက်စီးမှုများ ဖြစ်စေနိုင်ခဲ့သည်။
ယခုအခါ ခွင့်ပြုချက်ရရှိထားသော ပိုင်ရှင် ဖရန့်သေဆုံးသွားပြီဖြစ်သဖြင့် ၎င်းကို ချုပ်နှောင်ထားသော ကန့်သတ်ချက်များ မရှိတော့သည့်အတွက် သူ့စွမ်းအားမှာ အပြည့်အဝ ပေါက်ကွဲထွက်လာခဲ့သည်။
လေထုထဲရှိ ဖိအားမှာ အစိုင်အခဲအဖြစ် ပြောင်းသွားပုံရပြီး ဖုန့်လင်းကို အသက်ရှူရ ခက်စေခဲ့သည်။ ဒါက သူတို့ရဲ့ အသက်စွမ်းအင်အညွှန်းကိန်းချင်း ကွာဟမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကြီးမားတဲ့ ဖိနှိပ်မှုတစ်ခုပါ။
ဒါက လက်ရွေးစင် ကျင့်ကြံသူတစ်ဦးရဲ့ အစစ်အမှန် စွမ်းအားပေါ့?
ဖုန့်လင်းနှလုံးသားမှာ ချိုင့်ဝှမ်းအောက်ထိ နစ်သွားခဲ့သည်။ ဒီလိုသာ ဆက်သွားရင် သေမှာ အသေအချာပဲဆိုတာ သူသိနေပါတယ်။
သူ့မျက်လုံးထဲရှိ တည်ငြိမ်သည့် အလင်းမှာ ပိုမိုတောက်ပလာပြီး မျက်ခုံးနှစ်ခုအလယ်မှ စိတ်စွမ်းအင်ပစ်ချက်တစ်ခု ထွက်လာကာ တိုက်တန်ဆီသို့ ဦးတည်ရွေ့သွားခဲ့သည်။
အစိမ်းရောင် လူသန်ကြီးကို လုပ်ခဲ့သလိုပဲ တိုက်တန်ကို စိတ်ညှို့ပညာနဲ့ သူ့ထိန်းချုပ်မှုအောက်မှာ ထားဖို့ ကြိုးစားနေခဲ့ပါတယ်။ ဘယ်သူသိမှာလဲ? အကယ်၍သာ အောင်မြင်ခဲ့ရင် သူ့အနေနဲ့ အရမ်းအရမ်း အားကောင်းတဲ့ ဖြစ်တည်မှုတစ်ခုကို အကူအဖြစ် ရလာမှာပါ။
သို့သော်လည်း မကြာမီပင် သူ့စိတ်စွမ်းအင်များမှာ သံမဏိတံတိုင်းကြီးကို ဝင်တိုက်နေသကဲ့သို့ ဖြစ်နေသည်ကို ရှာတွေ့လိုက်သည်။
တိုက်တန် ၎င်း၏မျက်လုံးများကို ဖွင့်လိုက်သည်။ တူညီသည့် စိတ်စွမ်းအင်မှာ ပိုမိုများပြားသည့်စွမ်းအားဖြင့် ဖုန့်လင်းအပေါ် ပြန်ကန်လာခဲ့ကာ ထိမိသည့်အားကြောင့် ဖုန့်လင်းမှာ လေထုကို ဖြတ်သန်း၍ ပျံတက်သွားစေခဲ့သည်။
တိုက်တန်တွေရဲ့ စွမ်းအားက နတ်ဘုရားတွေနဲ့နတ်ဆိုးတွေလိုပါပဲ!
(author note - giant က ဘီလူး နဲ့ လူသန်ကြီးနှစ်ခုကွဲနေတာ ဘီလူးလို့ဘဲ ပြန်ပြောင်းတော့မယ်ဗျ တိုက်တန်တွေကိုကြ ဘီလူးနတ်ဘုရားတွေလို့ ရေးမှ ဖတ်လို့ အဆင်ပြေလောက်မှာ နောက်ပြီး ကြယ်တာရာကျင့်ကြံသူဆိုတာ အခြေခံကျင့်ကြံသူနဲ့ အတူတူပါပဲ အင်္ဂလိပ်ဘာသာပြန်ဆရာက ရှေ့တစ်မျိုး နောက်တစ်မျိုး ဖြစ်နေလို့)