ရှင်သန်ခြင်းမှ သေဆုံးခြင်းဆီသို့
Vol. 9 Ch. 125
သွေးများ ဆူပွက်လာပြီး ဖုန့်လင်းခန္ဓာကိုယ်ရှိ ဒွာရ ခုနှစ်ပေါက်နှင့် အခြားသော ပွင့်နေသည့် နေရာတို့မှတစ်ဆင့် စီးဝင်လာခဲ့သည်။ ၎င်းတို့မှာ ချော်ရည်ကဲ့သို့ ပူလောင်နေခဲ့သည်။
ဖုန့်လင်းမှာ မူလကတည်းက ပြင်းထန်စွာ ဒဏ်ရာရနေပြီးသားဖြစ်၍ ဤသွေးများတွင် အလွန်ပြင်းထန်သော တိုက်စားနိုင်စွမ်းရှိသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ပုပ်သွားမည့်အလား အတွင်းအပြင်မကျန် ပြင်းထန်လှသည့် နာကျင်မှုကို ခံစားနေရသည်။
ဖုန့်လင်း ကျန်ရှိနေသော စိတ်စွမ်းအင်အနည်းငယ်ကို ဆင့်ခေါ်လိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းပိုင်းကို စစ်ဆေးလိုက်သည်။
ထိုသွေးများမှာ ကိုယ်ပိုင်အသက်ရှိနေပုံရပြီး အသားစားငါးများကဲ့သို့ ပြုမူနေရင်း ဖုန့်လင်းကို သားကောင်အဖြစ် ရှုမြင်နေကာ ရှိသမျှ အကုန်သုံး၍ သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်နေကြသည်။
ဖုန့်လင်းမှာ ၎င်းတို့ကို လူ့ခန္ဓာကိုယ်အတွင်းပိုင်းသို့ မရပ်မနား ဝင်ရောက်ကာ လူသားဗီဇများကို ကိုက်ဖြတ်နေသည့် အင်းဆက်ပိုးမွှားငယ်လေးများနှင့် တူနေသည်ဟု သတိပြုမိလိုက်ပြီး ၎င်းတို့သည် သူ့ကို အမျိုးအမည်မသိနိုင်သောအရာတစ်ခုအဖြစ် ပြောင်းလဲလိုနေခဲ့သည်။
သူ ယခင်က ဤနတ်ဘုရားသွေး အစီအရင်ကို ရှောင်ရှားခဲ့သော်လည်း နောက်ဆုံးတွင် ထိုအစီအရင်ထဲ၌သာ အဆုံးသတ်သွားရမည်ဟု မမျှော်လင့်ထားခဲ့ပေ။
အကယ်၍ သူသာ မခုခံပါက ဒဏ်ရာမရဘဲ ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများရှိသော နတ်ဘုရား၏ကလေးငယ်များထဲမှ တစ်ဦးအဖြစ် တိုက်ရိုက်ပြောင်းလဲသွားနိုင်သည်ဟု သိထားခဲ့သည်။
အားနည်းသည့် သုတေသီများပင် ဤနတ်ဘုရားသွေးအစီအရင်ကို တောင့်ခံနိုင်ကြသည်။ ဖုန့်လင်း၏ အသက်စွမ်းအင်မှာ ၎င်းတို့ထက် အဆများစွာ ပိုမိုသန်မာသည်ကို ထောက်လျှင် ရိုးရှင်းစွာပင် သူ ထိုကဲ့သို့ တစ်ထပ်တည်း မလုပ်နိုင်သည်မှာ အဓိပ္ပါယ်မရှိပေ။
သို့သော် ဖုန့်လင်းအတွက် ခုခံနေခြင်းကို အရှုံးပေးရန်မှာ မဖြစ်နိုင်ပေ!
''ဖုန့်လင်းအနေနဲ့ သူရဲ့သွေးမျိုးဆက်ကို စွန့်လွှတ်ပြီး ရွံရာစက်ဆုပ်ဖွယ်ကောင်းတဲ့ ကြက်ဥလူသားအဖြစ် ပြောင်းလဲဖို့လား? လုံးဝမဖြစ်နိုင်ပါဘူး!''
ဤသည်မှာ လူသားတစ်ဦးအနေဖြင့် သူ့တွင် ရှိထားသင့်သော အခြေခံစည်းဖြစ်သည်။ မည်သည့်အခြေအနေထဲသို့ ရောက်နေစေကာမူ ဤအချက်နှင့်ပတ်သက်၍ သူ့စိတ်ကို တွန်းအားပေး ပြောင်းလဲစေရန် မဖြစ်နိုင်ပေ!
စိတ်ခံစားမှုဆိုင်ရာ အခြေခံသဘောတရားများကို ဘေးဖယ်ထားလျှင်ပင် ဖုန့်လင်း သူ၏သွေးမျိုးဆက်ကို ပြောင်းလဲရန် အကြောင်းပြချက်တစ်ခုတည်းပေါ်မူတည်၍ ရွေးချယ်လိမ့်မည် မဟုတ်ပေ။
လူသားတို့၏ သမိုင်းမှတ်တမ်းများအရ ဟွာရှယဉ်ကျေးမှုသည် ရှေးဟောင်းခေတ်မှ နည်းပညာခေတ်၊ ထို့နောက် ကြယ်တာရာခေတ်အထိ တစ်ဆက်တည်းရှင်သန်ခဲ့သည့် တစ်ခုတည်းသော ရှေးဟောင်းယဉ်ကျေးမှုဖြစ်သည်။ ၎င်းတွင် အလွန်ထင်ရှားသော ဒဏ္ဍာရီများနှင့် ရှေးဟောင်းပုံပြင်များလည်း ရှိသည်။
ထိုအထဲတွင် မိုးကောင်းကင်ကို ဆန့်ကျင်တိုက်ခိုက်ပြီး မြေပြင်ကို ဖျက်ဆီးနိုင်သော ဒဏ္ဍာရီများနှင့် ရှေးဟောင်းပုံပြင်များထဲမှ အံ့ဖွယ်ဇာတ်ကောင်များလည်း ချို့တဲ့ခြင်း မရှိပေ။ သဘာဝနိယာမများကိုပင် ထိန်းချုပ်နိုင်သော အထွတ်အထိပ် ဇာတ်ကောင်များလည်းမနည်းမနောပင်။
နှိုင်းယှဥ်ရလျှင် အခြားယဉ်ကျေးမှုများ၏ ဒဏ္ဍာရီများထဲမှ ဇာတ်ကောင်များမှာမူ သဘာဝနိယာမများ၏ ကျေးကျွန်များသာဖြစ်သည်။ ၎င်းတို့သည် အမည်ဂုဏ်သတင်းနှင့်မလိုက်သော ဖြစ်တည်မှုများသာဖြစ်ပြီး သူတို့အနေဖြင့် နတ်ဘုရားအဆင့်အတန်းမှ တစ်ကြိမ် ကျဆင်းသွား၍ လူအများ၏ ယုံကြည်မှုပျောက်ကွယ်သွားသည်နှင့် ဘာမှမဟုတ်နိုင်တော့ပေ။
ဟွာရှ၏ ကောင်းကင်ဘုံ ဖြစ်တည်မှုများနှင့် စစ်ဗိုလ်ချုပ်များမှာမူ ၎င်းတို့၏ ကိုယ်ပိုင်စွမ်းအားပေါ်တွင်သာ မှီခိုပြီး အဆင့်အတန်းကျဆင်းမည်ကို မကြောက်ရွံ့ကြပေ။
လွတ်လပ်မှုနှင့် အလားအလာစွမ်းရည်ကိုသာ အခြေခံမည်ဆိုပါက ဟွာရှရှိ ဒဏ္ဍာရီများနှင့်ရှေးဟောင်းပုံပြင်များ၏ လမ်းကြောင်းသည် အခြားယဉ်ကျေးမှုများထက် ပိုမိုကျယ်ပြန့်သည်။
ဤအကြောင်းကို သူ မသိလျှင်လည်း ပြဿနာမရှိပေ။
သို့သော် ဖုန့်လင်းမှာမူ ရှေးဟောင်းယဉ်ကျေးမှုအသီးသီး၏ ဒဏ္ဍာရီများနှင့်ရှေးဟောင်းပုံပြင်များကို အလွန်ရင်းနှီးကျွမ်းဝင်နေသူဖြစ်သည်။ ''သူ့အနေနဲ့ အရေးမပါတဲ့အရာကို ဦးစားပေးပြီး အရေးကြီးတဲ့အရာကို လျစ်လျူရှုထားတဲ့ ဒီလောက်ထိ မိုက်မဲတဲ့ကိစ္စကို လုပ်ဖို့ ရွေးချယ်ရမှာလား?''
သေချာတာပေါ့ သူ ရွေးမှာမဟုတ်ပါဘူး!
ထို့ကြောင့် ဖုန့်လင်းမှာ ကြက်ဥလူသားအဖြစ် ပြောင်းလဲရန် လုံးဝရွေးချယ်လိမ့်မည် မဟုတ်ပေ။
သူ၏ပြင်းထန်သော ခုခံမှုသည် နတ်ဘုရားသွေးအစီအရင်၏ အမျက်ဒေါသကို နှိုးဆွလိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။
အနီရောင်နတ်ဘုရားသွေးများ ဆူပွက်လာခဲ့ပြီး ပြောမပြတတ်လောက်သည့် အမျက်ဒေါသလက္ခဏာများကို ခပ်ရေးရေး ပြသလာကာ နတ်ဘုရား၏ဆန္ဒကို ဆန့်ကျင်ရန် ကြိုးစားနေသော ဤလူသားကို လုံးဝ ဝါးမျိုပစ်ရန် ဒီရေလှိုင်းကြီးများသဖွယ် လှိမ့်ဝင်လာခဲ့သည်။
နတ်ဘုရား၏သွေးများမှာ ဖုန့်လင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို တွန့်လိမ်နေသော ပိုးကောင်များကဲ့သို့ လွှမ်းခြုံသွားကာ သွေးပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
ဖုန့်လင်း ထိုအတွင်း၌ ခြေချိတ်ထိုင်ကာ ပြင်းပြင်းထန်ထန် ကာကွယ်နေခဲ့သော်လည်း နတ်ဘုရား၏ သွေးများမှာ သူ့ခန္ဓာကိုယ်အတွင်းသို့ တိုးဝှေ့ဝင်ရောက်ရန် နေရာလွတ်ကို ရှာဖွေနေဆဲဖြစ်ကာ အလွန်ပြင်းထန်သည့် နာကျင်မှုကို ခံစားနေရသည်။
နတ်ဘုရား၏သွေးများ ဆက်လက်ဆူပွက်နေခဲ့ပြီး ဤမြင်ကွင်းမှာ အလွန်အမင်း ထူးဆန်းကာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
တိုက်တန်သည်ပင် ဖုန့်လင်း နတ်ဘုရားသွေးအစီအရင်အတွင်း နစ်မြုပ်နေသည်ကိုမြင်လိုက်သည့်အခါ အနားကပ်ရန် မဝံ့မရဲဖြစ်နေခဲ့သည်။ ၎င်း၏ တောင့်တင်းနေသည့် စက်ရုပ်မျက်နှာထက်တွင် သတိထားနေသော အကြည့်များ ပေါ်လာခဲ့သည်။
အတွင်းရှိ ဖုန့်လင်း မှာမူ ပိုမိုပြင်းထန်သော ဝေဒနာ ကို ခံစားနေရသည်။
ဤကဲ့သို့ ဆက်သွားရန် မဖြစ်တော့ပေ!
ဖုန့်လင်းမှာ နတ်ဘုရားသွေး၏ နောက်ကွယ်ရှိ အမှန်တရားကို ရှာဖွေပြီး ၎င်းကို တုံ့ပြန်ရန် နည်းလမ်းကို ရှာရမည်ဟု ခံစားမိနေခဲ့သည်။
သူ၏စိတ်စွမ်းအင်ကို အပြင်းအထန် အသက်သွင်းကာ စကန်ဖတ်မှုကို စတင်လိုက်သည်။ သူ မြင်လိုက်ရသည့်မြင်ကွင်းမှာ အလွန်ထူးဆန်းပြီး ထိတ်လန့်ဖွယ်ဖွယ်ကောင်းနေခဲ့သည်။
သွေးနီရောင် ဆဲလ်များစွာ ထွက်ပေါ်လာခဲ့သည်။ သူ ၎င်းတို့ကို ဆဲလ်များဟု ခေါ်နေသော်လည်း အဏုဇီဝပိုးမွှား မျိုးစိတ်အချို့ဟု ခေါ်ဆိုခြင်းက ပိုမိုသင့်လျော်မည်ဖြစ်သည်။
ဤသွေးနီရောင် ဆဲလ်များတွင် ချွန်ထက်နေသည့် ပါးစပ်များ အလုံးအရင်းဖြင့် ပေါက်နေခဲ့ပြီး ၎င်းတို့၏ပါးစပ်ကိုဖွင့်၍ မရပ်မနား ဝါးမျိုနေခဲ့သည်။ ၎င်းတို့၏အသွင်အပြင်မှာ အလွန်အမင်း ရိုင်းစိုင်းကြမ်းကြုတ်နေခဲ့သည်။
သူ့ခန္ဓာကိုယ်အတွင်းသို့ ၎င်းတို့ ဝင်ရောက်လာသည်နှင့် သူ၏ဆဲလ်များကို ဆက်လက်ဝါးမျိုကာ အခြားပုံစံတစ်မျိုးအဖြစ် ပြောင်းလဲပစ်နေခဲ့ပြီး ၎င်းတို့နှင့်အတူပါလာသော ဗီဇများဖြင့် မူလရှိပြီးသား ဗီဇများကို အစားထိုးလိုက်သည်။
ဖုန့်လင်း စက်ဆုပ်ရွံရှာမှုကို ခံစားလိုက်ရသည်။ ''နတ်ဘုရားသွေးအစီအရင်ဆိုတာက ဒီလိုပေါ့!''
တစ်ယောက်၏ ဗီဇများကို ဤကဲ့သို့ပြောင်းလဲသည့်နည်းသည် သူ၏ ယခင် ဘဝက ကြည့်ဖူးခဲ့သော ကြောက်မက်ဖွယ်ရုပ်ရှင် Dark Water ကို သူ့အား အမှတ်ရစေခဲ့သည်။
ဤသည်မှာ သူ့အား မွန်းစတားတစ်ကောင်အဖြစ် ပြောင်းလဲလိုက်သကဲ့သို့ ဖြစ်နေသည်။ ဤသည်မှာ သူ သည်းမခံနိုင်သော အရာတစ်ခုပင်။
သူ့ကိုယ်သူ ကယ်တင်ရန် နည်းလမ်းရှာရမည်ဖြစ်သည်။ ''သူ ဘာလုပ်သင့်လဲ''
နတ်ဘုရား၏သွေးအတွင်းရှိ ဆဲလ်များသည် အလွန်ထူးဆန်းပြီး အံ့ဩဖွယ်ကောင်းလောက်သည့် အသက်စွမ်းအင်ရှိနေကာ စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
''ဒီဆဲလ်တွေကို သန့်စင်လို့ရနိုင်မလား?''
အတွေးတစ်ချက်ဖြင့် ဖုန့်လင်းမှာ စွမ်းအင် မှ ချီအဖြစ်သို့ ပြောင်းလဲသည့် ဖြစ်စဥ်ကို စတင်လှည့်ပတ်ခဲ့သည်။ သူ၏ အစာအိမ်သည် ဒယ်စောက်အိုးကြီးတစ်လုံးနှင့် တူနေပြီး ခုခံမှုများ မပြုတော့ဘဲ ထိုအစား နတ်ဘုရား၏သွေးကို ကြီးကြီးမားမား တစ်ငုံစာ ဝါးမျိုကာ အကုန်လုံးကို သန့်စင်ရန် စလိုက်သည်။
နတ်ဘုရား၏သွေး သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် ၎င်းသည် ရေငတ်ပြေစေရန် အဆိပ်ကို သောက်လိုက်ရသကဲ့သို့ဖြစ်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
စွမ်းအင်မှ ချီ အဖြစ်သို့ ပြောင်းလဲသည့် နည်းစနစ်မှာ အလိုအလျောက် အလုပ်လုပ်လာကာ မီးဒယ်စောက်တစ်ခုကဲ့သို့ ဤဆဲလ်များကို လောင်ကျွမ်းစေပြီး သန့်စင်လိုက်ကာ အပူလှိုင်းများအဖြစ် သူ့ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းသွားစေခဲ့သည်။
နတ်ဘုရား၏သွေးမှာလည်း အန္တရာယ်အငွေ့အသက်ကို အနံ့ရလိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်း ဆူပွက်လာကာ ဖုန့်လင်၏ အတွင်းအင်္ဂါများကို ဗြောင်းဆန်စေခဲ့သည်။
ဖုန့်လင်းမှာ သူ့ခန္ဓာကိုယ်အတွင်းနှင့် အပြင်နှစ်ခုစလုံးတွင် ပြင်းထန်သည့် နာကျင်မှုကို ခံစားနေရပြီး သတိလစ်လုနီးပါး ဖြစ်နေခဲ့သည်။
သို့သော် သူ ဇွဲနပဲကြီးစွာ တောင့်ခံနေခဲ့သည်။ အကယ်၍ သူ သတိလစ်သွားပါက သေရလိမ့်မည်မှာ အသေအချာပင်။
သူ တောင့်ခံနေရမည်ဖြစ်သည်။
နတ်ဘုးရား၏သွေး အတွင်းရှိ ဆဲလ်များတွင် အံ့ဖွယ်စွမ်းအင်များ ပါရှိနေသည်။ ၎င်းတို့ကို သန့်စင်ပြီးနောက် ကျောက်ရည်ပူများကဲ့သို့ ပျစ်ခဲနေသည်။ ဖုန့်လင်း ဆက်လက်၍ သိပ်ထည့်နေလျှင် ခန္ဓာကိုယ် ကွဲထွက်သွားတော့မည်ဟု ခံစားနေရသည်။
ဤကဲ့သို့သော ထူးဆန်းသည့် အရာသည် ဧရာမဆေးဝါးကုမ္ပဏီက ထုတ်လုပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။
''ကြယ်တာရာ ဌာနချုပ်က ဖြစ်နိုင်မလား?''
ဖုန့်လင်း၏နှလုံးသား တင်းမာသွားခဲ့သည်။ သူ ယခင်က ဖရန့်ထံမှ ဧရာမဆေးဝါးကုမ္ပဏီသည် နေအဖွဲ့အစည်းအတွင်းရှိ လက်အောက်ခံကုမ္ပဏီတစ်ခုသာဖြစ်ပြီး ၎င်းအထက်၌ ဌာနချုပ်ရှိသည်ဟု ကြားဖူးခဲ့သည်။
ဤအတွေးများမှာ သူ့စိတ်ထဲတွင် တဒင်္ဂမျှ ဖြတ်သန်းသွားခဲ့သည်။ ''ဒီလို အရေးကြီးတဲ့ အချိန်မှာ သူ အဲ့လောက်ထိ စဉ်းစားဖို့ အချိန်ရှိမတဲ့လား?''
ဖုန့်လင်း သူ့အားစိုက်မှုအကုန်လုံးကို နတ်ဘုရား၏သွေးကို သန့်စင်ရန်အတွက်သာ အာရုံစိုက်လိုက်သည်။
ဗီဇအလားအလာစွမ်းရည် +၆၀%၊ +၆၀%၊ +၆၀%...
ဗီဇအလားအလာစွမ်းရည်၏ တိုးတက်မှုနှုန်းသည် သူ မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်နေခဲ့သည်။
ဖုန့်လင်း အူမြူးနေခဲ့သည်။ ဤသည်မှာ အမှန်တကယ် ကောင်းမွန်သော အရာတစ်ခုပင်!
သူ့အနေနှင့် ကျောက်တုံးမျောက်ဗီဇကို ပိုမိုအားကောင်းအောင် လုပ်နိုင်ပါက၊ သူ၏ ခုခံနိုင်စွမ်းမှာ အလွန်အမင်း တိုးတက်လာမည်ဖြစ်ပြီး သန့်စင်သည့်နှုန်းလည်း ပိုမိုမြန်ဆန်လာနိုင်သည်။ နောက်ဆုံးတွင် နတ်ဘုရား၏သွေး အတွင်းရှိ ဆဲလ်အားလုံးကို အပြည့်အဝ ချေဖျက်နိုင်မည်ဖြစ်ပြီး ၎င်းတို့သည် သူ့ခန္ဓာကိုယ်အတွက် အာဟာရအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
သူ၏ ဗီဇအလားအလာစွမ်းရည်မှာ ဒုံးပျံကဲ့သို့ အလျင်အမြန် တက်လာကာ အခမဲ့ ရှေးဦးဗီဇအမှတ် တစ်မှတ်သို့ ရောက်ရှိသွားသည်။
ဖုန့်လင်း မတွန့်ဆုတ်ဘဲ ထိုအမှတ်ကို ပေါင်းထည့်လိုက်သည်။ ကျောက်တုံးမျောက်ဗီဇသည် ၆ မှတ်သို့ ရောက်ရှိသွားပြီး အမြင့်ဆုံးသို့ရောက်ရန် နောက်ထပ် ၄ မှတ်သာ လိုအပ်တော့မည်ဖြစ်သည်။
သူ ယခင်က တွေးခဲ့သည့်အတိုင်းပင် မှန်နေခဲ့သည်။
သူ့ခန္ဓာကိုယ်မှာ ပြန်လည်သက်သာလာခဲ့ပြီး အသက်စွမ်းအင်သည်လည်း ပိုမိုအားကောင်းလာခဲ့သည်။ နတ်ဘုရား၏သွေးကို သန့်စင်သည့်နှုန်းမှာလည်း အလွန်အမင်း မြန်ဆန်လာကာ ဗီဇစွမ်းရည်သည်လည်း မရပ်မနား တိုးတက်လာခဲ့သည်။
ဗီဇစွမ်းရည် +၇၀%၊ +၇၀%၊ +၇၀%...
ဖုန့်လင်း တဖြည်းဖြည်းချင်း အခြေအနေကို ပြောင်းလဲကာ နတ်ဘုရား၏သွေးနှင့် ဆန့်ကျင်တိုက်ခိုက်နေခဲ့သည်။
သို့သော် နတ်ဘုရား၏သွေးမှာလည်း ဤအရာကို ကောင်းစွာ သတိထားမိနေပုံရသည်။ ၎င်းတို့မှာ တစ်စုတစ်စည်းတည်း ဖြစ်လာကာ စတင် ဆူပွက်လာခဲ့သည်။
၎င်းတို့အနေဖြင့် သေမျိုးတစ်ဦးအား နတ်ဘုရား၏ အလိုတော်ကို ဆန့်ကျင်ခွင့် မပြုနိုင်ပေ။ ရုတ်တရက်ပင် သွေးများ အလျင်အမြန် စုစည်းလာကာ အကောင်အထည်ရှိသည့် သွေးပုံရိပ်တစ်ခုကဲ့သို့ တစ်စုံတစ်ရာအဖြစိ ပြောင်းလဲသွားပြီး ဖုန့်လင်းဘက်သို့ ခုန်အုပ်လိုက်သည်။
"အားးးးးး!"
ရုတ်ချည်းပင် ချိန်ခွင်လျှာ တစ်ဖက်စောင်းသွားခဲ့သည်။
ဖုန့်လင်းသ မခံမရပ်နိုင်လောက်အောင် ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။
ဤအလိုတော်သည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး သေမျိုးများ၏ အတွေးအခေါ်ထက် အဆမတန် မြင့်မားနေသည့် ပင်ကိုအရည်အသွေးရှိနေခဲ့သည်။ ၎င်းသည် မြင့်မားသော နေရာတစ်ခုတွင်ရပ်၍ အောက်ရှိ ကမ္ဘာကို မောက်မာစွာ ကြည့်နေသကဲ့သို့ ဖြစ်နေပြီး ဖုန့်လင်းအား ပြန်လည် မတိုက်ခိုက်နိုင်စေတော့ဘဲ သူ၏အသိစိတ်ကို တဖြည်းဖြည်းချင်း နစ်မြုပ်သွားစေခဲ့သည်။
ဖုန့်လင်း၏ အတွေးများ ပိုမိုနက်ရှိုင်းစွာ နစ်မြုပ်လာပြီး အောက်ခြေမဲ့နေသည့် နေရာသို့ ကျဆင်းသွားသကဲ့သို့ ဖြစ်နေကာ လူသားတစ်ဦး၏ နှလုံးသားအတွင်းရှိ နက်ရှိုင်းသည့် အရပ်ဆီသို့ တဖြည်းဖြည်းချင်း နစ်မြုပ်သွားခဲ့သည်။
အဆုံးမရှိသော အမှောင်ထုသည် နေရာအနှံ့မှ စုဝေးလာပြီး ဒီရေလှိုင်းကြီးများကဲ့သို့ စီးဝင်လာကာ သူ့ကို နစ်သွားစေပြီး နိုးထရန် ခက်ခဲအောင် ပြုလုပ်နေခဲ့သည်။
ဤသန္ဓေပြောင်းထားသည့် နတ်ဘုရားလက္ခဏာရပ်ကို ရင်ဆိုင်ရာတွင်၊ ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်လိုသော ပြင်းထန်သည့် အတွေးတစ်ခု သူ့နှလုံးသားထဲတွင် မြှင့်တက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ကျောက်တုံးမျောက်ဗီဇမှာ အားကောင်းစွာ လင်းလက်လာကာ နှလုံးသားတစ်ခုကဲ့သို့ တဒုတ်ဒုတ် ခုန်နေခဲ့သည်။
"ဒါက ဘယ်လို နတ်ဘုရားဆန်တဲ့ ချာတူးလံကိစ္စမျိုးလဲ?!"
"ပျက်စီးသွားစမ်း!"
...
ဖုန့်လင်း ခန္ဓာကိုယ်မှာ ထိန်းချုပ်မရစွာပင် သားအိမ်ထဲမှ သန္ဓေသားကဲ့သို့ ကွေးညွှတ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်အလွှာများဖြစ်ပေါ်လာပြီး သူ့အား ကျောက်တုံးအခွံတစ်ခုကဲ့သို့ ဖုံးအုပ်လိုက်ကာ ကျောက်တုံးဥတစ်လုံးအဖြစ်သို့ ပုံသွင်းနေခဲ့သည်။
ကျောက်တုံးအခွံသည် မူလဖရိုဖရဲမှ ဖွဲ့စည်းလာခြင်းဖြစ်ပြီး လုံးဝ စင်းလုံးချောဖြစ်နေကာ မည်သည့်စွမ်းအင်မျှ ယိုစိမ့်ထွက်ခြင်း မပြုခဲ့ပေ။
နတ်ဘုရား၏သွေးမှာ အပြင်ဘက်တွင် အခိုင်အမာ တားဆီးခံလိုက်ရသည်။
ဖုန့်လင်း၏အသိစိတ်မှာ နက်ရှိုင်းစွာ နစ်မြုပ်သွားခဲ့သည်။ အရေးကြီးသည့် အခိုက်အတန့်တွင် သူ အမှတ်မထင် ကျောက်တုံးမျောက်ဗီဇကို နှိုးဆွမိခဲ့သည်။
သူ အချိန်စီးကြောင်းကို ဆန့်ကျင်ကာ ထိုအချိန်မြစ်၏အဆုံးရှိ ရှေးဟောင်းမှတ်ဉာဏ်များနှင့် ဒဏ္ဍာရီလာ အမွေအနှစ်များကို ရှာဖွေနေခဲ့သည်။ သူ့ခန္ဓာကိုယ်၏ စစ်မှန်သော မပျက်စီးနိုင်သည့် သဘာဝကို ရှာဖွေလိုနေခဲ့သည်။
''အကြောင်းရင်းကို အပြင်မှာမဟုတ်ဘဲ မိမိကိုယ်တွင်းမှာရှာပါ။ ရှင်သန်ခြင်းမှ သေဆုံးခြင်းဆီသို့!''