← Chapters

ဒဏ္ဍာရီလာ စိတ်ဆန္ဒ

Vol. 9 Ch. 127

ဒဏ္ဍာရီလာ စိတ်ဆန္ဒ

Vol. 9 Ch. 127

ဖုန့်လင်း မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များသည် လှိုင်းလုံးကြီးများသဖွယ် ပေါက်ထွက်လာကာ ဟင်းလင်းပြင်ကို လှိုင်းထစေပြီး မျက်စိဖြင့် မြင်နိုင်သော ဆူပွက်နေသည့် လှိုင်းများအဖြစ် ပြန့်ထွက်သွားသည်။

သူ ရပ်နေသော နေရာသည် ရုတ်တရက် မုန်တိုင်း၏ ဗဟိုချက်ဖြစ်လာသည်။

ဖုန့်လင်း တိတ်တဆိတ်ဖြင့် သူ့လက်နှစ်ဖက်နှင့် ခန္ဓာကိုယ်အတွင်းသို့ ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ကြီးမားသော စွမ်းအင်များသည် နွေဦးစမ်းရေပမာ အဆုံးမရှိ ပန်းထွက်နေခဲ့ပြီး သူ၏ ဆဲလ်တစ်ခုချင်းစီ၊ သွေးကြောများနှင့် ကိုယ်အင်္ဂါများအတွင်းသို့ စိမ့်ဝင်နေသည်ကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ အတွင်းအပြင်မကျန် စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး မယုံနိုင်လောက်အောင် ကြီးမားသော စွမ်းအားများကို ပိုင်ဆိုင်ထားခဲ့သည်။

သူ၏ ခန္ဓာကိုယ်သည် ရုပ်ဝတ္ထုဖြစ်သော်လည်း ယခုအခါတွင် စွမ်းအင်တစ်မျိုး၏ ဖြစ်တည်မှုသဘောကို ပိုင်ဆိုင်လာကာ ရုပ်ခန္ဓာနှင့်စိတ်ဝိဉာဥ်ကြားရှိ နက်နဲသော အခြေအနေတစ်ခုသို့ ရောက်ရှိနေခဲ့သည်။

ဒါက 'စွမ်းအင်-ဆင့်ကဲပြောင်းလဲမှု' လား?

ဖုန့်လင်း အနည်းငယ် အံသြသွားသည်။ သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုမှာ အလွန်ကြီးမားလွန်းသဖြင့် သူကိုယ်တိုင်ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။

အကယ်၍ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် 'စွမ်းအင်-ဆင့်ကဲပြောင်းလဲမှု' ဖြစ်စဉ်ကို ပြီးဆုံးအောင်မြင်သွားပါက၊ သူ့အနေနှင့် ဟင်းလင်းပြင်ရှိ စွမ်းအင်များကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး သာမန်ထက် ထူးကဲသော အစွမ်းများကို ပိုင်ဆိုင်လာမည်ဖြစ်သည်။ ဤသည်မှာ လက်ရွေးစင် ကျင့်ကြံသူများ၏ နယ်ပယ်ပင်။

လူသား၏ ခန္ဓာကိုယ်သည် ရုပ်ဝတ္ထုအခြေခံဖြစ်သည်။ အစပိုင်းတွင် လုံးဝရုပ်ဝတ္ထုသက်သက်သာဖြစ်ပြီး၊ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိရန်မှာ 'စွမ်းအင်-ဆင့်ကဲပြောင်းလဲမှု' ဖြစ်စဉ်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန်ပင်ဖြစ်သည်။

သို့သော် ဆဲလ်တစ်ခုချင်းစီသည် 'စွမ်းအင်-ဆင့်ကဲပြောင်းလဲမှု' ဖြစ်စဉ်ကို ပြီးမြောက်သွားပါက၊ လူသား၏ ခန္ဓာကိုယ်သည် အဝေးမှ စကြ၀ဠာနှင့် ဆက်သွယ်မှုရှိလာပြီး ဖော်ပြ၍မရနိုင်သော ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်သည်။

အသက်ရှူလိုက်သည့် အခိုက်အတန့်တိုင်းတွင် စကြ၀ဠာ၏ စွမ်းအင်များကို စုပ်ယူနိုင်မည်ဖြစ်ပြီး၊ ၎င်းတို့ကို မိမိ၏ အားကောင်းသည့် အသက်စွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြုနိုင်မည်ပင်။

'စွမ်းအင်-ဆင့်ကဲပြောင်းလဲမှု' သည် ဆက်လက်တိုးတက်လာပါက၊ ကျင့်ကြံသူများသည် လေနှင့်နှင်းကိုသာ စားသုံး၍ အစာကို မှီခိုစရာမလိုဘဲ ရှင်သန်နိုင်မည်ဖြစ်သည်။ စကြ၀ဠာ၏ စွမ်းအင်များကို တိုက်ရိုက်စုပ်ယူပြီး မိမိ၏ အာဟာရအဖြစ် အစားထိုးနိုင်မည်ဖြစ်ကာ၊ လူသား၏ ခန္ဓာကိုယ်အတွက် စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။

စကြ၀ဠာတွင်၊ အစာမှတစ်ဆင့် စွမ်းအင်ဖြည့်တင်းသည့် နည်းလမ်းမှာ အညံ့ဖျင်းဆုံးနှင့် ထိရောက်မှု အနည်းဆုံးသော နည်းလမ်းဖြစ်သည်။ ၃၀% သော ပြောင်းလဲနိုင်စွမ်းမှာပင် အလွန်ကောင်းမွန်သည်ဟု ယူဆရသည်။

သို့သော် စွမ်းအင်ကို တိုက်ရိုက်ဝါးမျိုပါက၊ အသန့်စင်ဆုံးသော အသက်စွမ်းအင်ကို ရရှိနိုင်ပြီး ၈၀% သော ပြောင်းလဲနိုင်စွမ်းမှာ သာမန်ဖြစ်သည်။ ထို့အပြင် အစာတွင်ပါဝင်သော မသန့်စင်မှုများ၏ လူ့ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်မှုကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်သည်။

ဤနည်းလမ်းမှာ စကြ၀ဠာရှိ အဆင့်မြင့်သက်ရှိများ ရှင်သန်နိုင်ရန် မကြာခဏ အသုံးပြုလေ့ရှိသော နည်းပင် ဖြစ်သည်။ အစားအစာသည် အရသာခံလိုခြင်းကို ဖြည့်ဆည်းရန်အတွက်သာ ဖြစ်ပြီး အခြေခံလိုအပ်ချက်တစ်ခု မဟုတ်ပေ။

ဤကဲ့သို့သော လက္ခဏာရပ်များကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအသီးသီး၏ ဒဏ္ဍာရီများတွင်ပင် မှတ်တမ်းတင်ထားခဲ့သည်။ ဟွာရှ၏ ဒဏ္ဍာရီများတွင် ဤအခြေအနေကို "ဥပုသ်စောင့်ခြင်း" (fasting) ဟု ရည်ညွှန်းလေ့ရှိသည်။

လူသား၏ ခန္ဓာကိုယ်သည် 'စွမ်းအင်-ဆင့်ကဲပြောင်းလဲမှု' ကို ဖြတ်သန်းပြီးနောက်၊ ၎င်း၏ အသက်ရှူခြင်းသည် စကြ၀ဠာနှင့် လိုက်လျောညီထွေဖြစ်လာမည်ပင်။ အသစ်သည် အဟောင်းကို အစားထိုးကာ၊ သက်ရှိ၏ မူလသဘာဝကိုပင် ပြောင်းလဲနိုင်ပေလိမ့်မည်။ ထိုအချိန်တွင် လူသား၏ ခန္ဓာကိုယ်သည် အဆင့်မြင့် သက်ရှိအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပြီး၊ သက်တမ်းသည်လည်း သဘာဝအတိုင်း ရှည်လျားလာမည်ဖြစ်သည်။

လက်ရွေးစင် ကျင့်ကြံသူတစ်ဦးသည် အနည်းဆုံး နှစ် ၃၀၀ ခန့် အသက်ရှည်နိုင်သည်။

ဖုန့်လင်း သူ့ခန္ဓာကိုယ်အတွင်းသို့ ကြည့်လိုက်သည်။ သူ၏ ကျောက်တုံးမျောက်ဗီဇသည် အမှတ် ၆ မှ တစ်ချက်တည်းဖြင့် အများဆုံးအမှတ်ဖြစ်သည့် ၁၀ မှတ် အထိ ခုန်တက်သွားခဲ့သည်။ သူ၏ စိတ်စွမ်းအားဗီဇ နှင့် ဝိဉာဉ်ရေးရာဗီဇ နှစ်မျိုးစလုံးလည်း နိုးထလာခဲ့ပြီး အလွန်မြင့်မားသော အမှတ်သို့ ရောက်ရှိသွားသည်။ သူ၏ အသက်စွမ်းအင်အညွှန်းကိန်းမှာလည်း ၈၈.၉ အထိ ကြီးမားစွာ ခုန်တက်သွားခဲ့သည်။

ဤသည်မှာ လုံးဝပြောင်းလဲသွားသော အခြေအနေတစ်ရပ်ပင်ဖြစ်သည်။

အကယ်၍ ယခင်က သူ့ကို ငါးတစ်ကောင်နှင့် နှိုင်းယှဉ်ခဲ့ပါက၊ ယခုအခါတွင် သူသည် ပါးသိုင်းမွှေးနှင့် ဦးချိုများပါရှိသော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

သူ ငါးတစ်ကောင် ဆက်ဖြစ်နေသော်လည်း၊ အထွတ်အထိပ် ပြောင်းလဲမှုအချို့ ကြုံ့တွေ့ခဲ့ရပြီး ထူးကဲသည့် လက္ခဏာရပ်များကို ပိုင်ဆိုင်လာကာ၊ ထူးချွန်ပြောင်မြောက်သော ပါရမီ၏ ကနဦးလက္ခဏာများကို ပြသလာခဲ့သည်။

နဂါးဂိတ်ကို ခုန်ကျော်နိုင်သော ငါးတစ်ကောင်အဖြစ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုအပ်ပြီး၊ ကောင်းကင်များကို လှည့်လည်သွားလာနိုင်သည့် အစစ်အမှန် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲနိုင်မည်ဖြစ်သည်။

ဤပြောင်းလဲမှုများသည် အလွန်ကြီးမားလွန်းသဖြင့်၊ ဖုန့်လင်းပင် အံ့အားသင့်သွားခဲ့ရသည်။

''ဒါ ဘယ်လိုဖြစ်သွားတာလဲ?''

နတ်ဘုရားသွေးအစီအရင် အတွက် အသုံးပြုခဲ့သော ဖန်လုံခန်းကို သူ ကြည့်လိုက်သည်။ နတ်ဘုရား၏သွေးမှ ကြောက်မက်ဖွယ်ဆဲလ်များသည် လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ကာ၊ ရေဗွက်အနည်းငယ်သာ ကျန်ရှိပြီး သွေး၏လက္ခဏာများကို လုံးဝမတွေ့ရတော့ပေ။

ဖုန့်လင်း ယခင်က သူ၏မှတ်ဉာဏ်အစအနများကို ပြန်လည်သတိရမိပြီး၊ သူ၏မျက်နှာအမူအရာမှာ ထူးဆန်းစွာ ပြောင်းလဲသွားကာ၊ သူ့နှလုံးသားထဲတွင် ထိတ်လန့်ဖွယ် ခန့်မှန်းချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။

''ငါ နတ်ဘုရားရဲ့သွေးထဲက ဆဲလ်အကုန်လုံးကို မျိုချမိလိုက်တာက ငါ့ရဲ့ ဗီဇအလားအလာစွမ်းရည်ကို အရမ်းမြန်တဲ့နှုန်းနဲ့ မြှင့်မိပြီး၊ ဗီဇတွေကို ချက်ချင်းအားဖြည့်မိလိုက်တာလား?''

''ဒါပေမယ့်၊ ဒီလောက်များတဲ့ စွမ်းအင်ကို ငါ ဘယ်လို မြန်မြန်ဆနဆန် ချေဖျက်နိုင်ခဲ့တာလဲ?''

...

မေးခွန်းများစွာသည် ဖုန့်လင်း၏ စိတ်ထဲတွင် ပေါ်ပေါက်နေခဲ့ပြီး၊ သူ့ခန္ဓာကိုယ်ထဲတွင် တစ္ဆေတစ်ကောင် ပုန်းအောင်းနေသကဲ့သို့ ခံစားရကာ၊ အခါအခွင်သင့်တိုင်း သူ့ကို နှောင့်ယှက်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

ဤအမြင်သည် သူ့ကို ကျောချမ်းစေခဲ့သည်!

သူ့နှလုံးသားအောက်ခြေမှ မလွယ်ကူမှုကို ခံစားမိလိုက်ပြီး သူ၏ယခင်က ပြောင်းလဲမှုကို အသေးစိတ်ပြန်လည်သတိရရန် ကြိုးစားလိုက်သည်။ အလွန်အမင်း အထိန်းအကွပ်မဲ့သည့် အော်သံတစ်ခု သူ့စိတ်ထဲတွင် ရုတ်တရက် မြည်ဟီးလာခဲ့သည်။

''ကောင်းကင်နဲ့မြေကြီးက ငါ့ကိုမွေးဖွားပေးခဲ့တယ် စွန်းဝူခုန်း!''

ကျောက်တုံးမှ ချိုးဖျက်ထွက်လာသည့် မျောက်တစ်ကောင်သည် ရိုင်းစိုင်းသော အမူအရာဖြင့် ကောင်းကင်ဘုံဆီသို့ အော်ဟစ်နေသည်ကို ဖုန့်လင်း မြင်ယောင်မိလိုက်သည်။

''မျိုးရိုးအမွေ မှတ်ဉာဏ်တွေလား?''

ဖုန့်​လင်း ခဏတာစဉ်းစားမိပြီး၊ ချက်ချင်းပင် ခေါင်းခါလိုက်သည်။

''မဟုတ်ဘူး၊ အဒါက ဒီလောက် မရိုးရှင်းဘူး!''

သူ မြင်ခဲ့ရသည်မှာ သာမန်မျောက်တစ်ကောင် မွေးဖွားသည့်မြင်ကွင်းဖြစ်ပါက၊ "ကောင်းကင်နဲ့မြေကြီးက ငါ့ကိုမွေးဖွားပေးခဲ့တယ်၊ စွန်းဝူခုန်း!"ဆိုသည့်စကားမျိုး အော်ဟစ်နေမည် မဟုတ်ပေ။

ကောင်းကင်ဘုံနှင့် ညီမျှသော မဟာတန်ခိုးရှင်ကြီးသည်ပင် မွေးဖွားစဉ်က အလွန်အားနည်းခဲ့သည်။ အနာဂတ်မှ သူ့အမည်ကို မည်ကဲ့သို့ သိရှိနိုင်ခဲ့သနည်း?

ပြီးတော့ ဒါက ဘာလဲ?

မှတ်ဉာဏ်နဲ့တူပေမယ့် တကယ် မဟုတ်ဘူးမလား?

ဖုန့်လင်း နက်ရှိုင်းစွာ အိပ်မောကျနေသော ဝိဉာဉ်၏မှတ်ဉာဏ်များကို ပြန်လည်သတိရမိလိုက်သည်။ ၎င်းသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖြတ်ကျော်ခဲ့ပြီး အသိစိတ်တစ်ခု ဖွံ့ဖြိုးလာကာ လနှင့်နေတို့၏အနှစ်သာရများကို မည်ကဲ့သို့ စုပ်ယူရမည်ဆိုသည်ကို သင်ယူခဲ့သည်။ နောက်ဆုံးတွင် အနီရောင်ဒီရေလှိုင်းအတိဒုက္ခနှင့် ကြုံတွေ့ခဲ့ရပြီး၊ စွန်းဝူခုန်းသည် ကျောက်တုံးမှချိုးဖျက်ထွက်လာကာ ဤကမ္ဘာထဲသို့ မွေးဖွားလာခဲ့သည်။

၎င်းတွင် ပြင်းထန်သော ဆိုးယုတ်မှုများဖြင့် ပြည့်နှက်နေပြီး၊ စည်းကမ်းမဲ့၍ ထိန်းချုပ်မရဖြစ်နေကာ၊ လောကသုံးပါးကို ကမောက်ကမဖြစ်စေနိုင်စွမ်းရှိသည်။

ထိုအနီရောင်ဒီရေလှိုင်းအတိဒုက္ခမှာလည်း အလွယ်တကူ ဖျက်ဆီးခံခဲ့ရပြီး၊ လှုပ်ရှားမှုတစ်ခုတည်းဖြင့် ရှင်းလင်းခံလိုက်ရကာ၊ စွန်းဝူခုန်း၏ အပြည့်အဝ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ ၎င်းသည် စွန်းဝူခုန်းအနေဖြင့် ကြီးမားသော အာဟာရဓာတ်ကို ရရှိလိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။

ဖုန့်လင်း ဤမြင်ကွင်းအားလုံးကို ပြန်လည်အမှတ်ရလိုက်သည်။

အနီရောင်ဒီရေလှိုင်းအတိဒုက္ခမှ ထွက်ပေါ်လာသော အော်ရာများသည် အသက်ရှိနေသည့် အရာအားလုံးကို ဖျက်ဆီးပစ်ပြီး အရာအားလုံးကို ဝါးမျိုပစ်ခဲ့သည်။ ဤအရာသည် ဖုန့်လင်းအတွက် အလွန်အမင်း ရင်းနှီးနေခဲ့သည်။

''ဒါ ဖြစ်နိုင်မလား...?''

အစောပိုင်းတွင် နတ်ဘုရား၏သွေးဆဲလ်များထဲမှ မသိနိုင်သည့် ကြီးစိုးချယ်လှယ်လိုသည့် အသိစိတ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာကာ၊ သူ့အသိစိတ်ကို သေဆုံးသကဲ့သို့ အခြေအနေထဲသို့ နစ်မြုပ်စေခဲ့သည်။

ဖြစ်နိုင်တာက ဒီဆဲလ်တွေက သူ့ခန္ဓာကိုယ်အတွင်းပိုင်းထဲထိ ဝင်ပြီး၊ စွန်းဝူခုန်းရဲ့ ဒဏ္ဍာရီလာဗီဇထဲက အကြွင်းအကျန် အသိစိတ်ကို ချိုးဖောက်မိခဲ့တာလား?

ဖုန့်လင်း စဉ်းစားလေလေ၊ ဤဖြစ်နိုင်ခြေကို ပိုပြီးယုံကြည်လာလေလေပင်။

''ဒါက... ဒဏ္ဍာရီလာ စိတ်ဆန္ဒလား?''

ဒဏ္ဍာရီနှင့်ပတ်သက်သည့် အဆုံးမရှိသော သီအိုရီများအရ၊ ဒဏ္ဍာရီလာ ဇာတ်ကောင်များသည် အလွန်အမင်း အားကောင်းလာပြီး ပါရာဂွန်အဆင့်ရှိ နတ်ဘုရားများ၊နတ်ဆိုးများနှင့် တန်းတူအဖြစ်သို့ ရောက်ရှိသောအခါ၊ ၎င်းတို့၏ ဖြစ်တည်မှုကိုယ်၌ပင် ထူးခြားသည့် လက္ခဏာများ ရှိလာပြီး၊ အချို့သော စွမ်းအားတို့၏ ပြယုဂ်ဖြစ်လာခဲ့သည်။ ပါရာဂွန်အဆင့် နတ်ဘုရားနှင့်နတ်ဆိုးတစ်ဦးချင်းစီသည် ကမ္ဘာကြီးထဲရှိ ပြိုင်ဘက်ကင်းဖြစ်တည်မှုများဖြစ်ကာ၊ အစားထိုး၍မရနိုင်ပေ။

၎င်းတို့၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် မှတ်ဉာဏ်များသည်...တစ်ခုတည်း ဖြစ်လာကာ၊ ကမ္ဘာကိုပင် ပြောင်းလဲနိုင်သော ထာဝရရှိနေမည့် မဖျက်ဆီးနိုင်သည့် ဒဏ္ဍာရီဆိုင်ရာ စိတ်ဆန္ဒတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။

၎င်းတို့အနေဖြင့် ဖုန်မှုန့်အဖြစ်ပင် ပြိုကွဲသွားခဲ့စေကာမူ နောက်ဆုံးအသက်တစ်ရှိုက်ကျန်နေခဲ့လျှင် သင့်တော်သော အခွင့်အရေးနှင့် ကြုံတွေ့မိပါက ပြန်လည်ရှင်သန်နိုင်လိမ့်မည်ပင်။

ဟွာရှ၏ ရိုးရာပုံပြင်နှင့် ဒဏ္ဍာရီများထဲမှ ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါးဖြစ်သည့် စွန်းဝူခုန်းအနေဖြင့် သူ၏ဒဏ္ဍာရီလာ စိတ်ဆန္ဒကို လုံးဝ ချန်ထားခဲ့ခြင်းမရှိဟုဆိုလျှင် ဖုန့်လင်း လုံးဝ မယုံပေ။

ဤအချက်ကို စဥ်းစားမိသည်နှင့် ဖုန့်လင်း သဘောပေါက်သွားခဲ့သည်။

ကျောက်တုံးမျောက်ဗီဇသည် ရှေးဦးဗီဇတစ်ခုသာဖြစ်သော်လည်း၊ နောက်ဆုံးတွင် စွန်းဝူခုန်း၏ စမှတ်ဖြစ်နေသောကြောင့်၊ သဘာဝအတိုင်းပင် စွန်းဝူခုန်း၏ ဒဏ္ဍာရီလာ စိတ်ဆန္ဒအနည်းငယ် ကျန်ရှိနေခဲ့သည်။

အလွန်နည်းနည်းသာရှိသော်လည်း၊ နတ်ဘုရား၏သွေးထဲမှ ဆဲလ်များအတွက် ယှဉ်ပြိုင်နိုင်သည့် အရာမဟုတ်ချေ။

မဟာတန်ခိုးရှင်ကြီး၏စိတ်ဆန္ဒသည် အစပိုင်းတွင် နက်ရှိုင်းစွာ အိပ်စက်နေသည့်အချိန်ကာလတွင် ရှိနေခဲ့သည်။ ဖုန့်လင်းအနေဖြင့် သူကိုယ်တိုင်ပင် ၎င်းကို နိုးထစေလိုပါက၊ အချိန်မည်မျှကြာမည်ကို မသိနိုင်ခဲ့ပေ။

သို့သော်၊ နတ်ဘုရား၏သွေးအတွင်းရှိ ဆဲလ်များသည် ကိုယ့်ဒုက္ခကိုယ်ရှာပြီး မဟာတန်ခိုးရှင်ကြီး၏ စိတ်ဆန္ဒကို နှိုးဆွမိခဲ့သည်။ ၎င်းတို့အနေဖြင့် သနားစဖွယ် အခြေအနေနှင့် အဆုံးသတ်ခဲ့ရစဥ်တွင် ဖုန့်လင်းမှာ ပိုမိုကောင်းမွန်သည့် အဆုံးသတ်တစ်ခုကို ရရှိနိုင်ခဲ့သည်။

ဖုန့်လင်း နားလည်လိုက်သည်မှာ၊ ဒဏ္ဍာရီလာ အမွေအနှစ်ဆိုသည်မှာ ဒဏ္ဍာရီလာမှတ်ဉာဏ်များဖြစ်ရုံလောက် မရိုးရှင်းဘဲ ထိုထဲတွင် ဒဏ္ဍာရီလာ စိတ်ဆန္ဒများလည်း ပါဝင်နေသည်ဟူသော အချက်ပင်။

နွီဝါး ကောင်းကင်များကို ပြုပြင်ခြင်းမှစ၍၊ ဟုန်ယွိ နေများကိုပစ်ချခြင်း၊ ကွာဖူး နေကိုလိုက်ခြင်း၊ ယွီကုန်း တောင်ကိုရွှေ့ခြင်း...

ဤဒဏ္ဍာရီလာ ဇာတ်ကောင်များသည် ဖြည်းဖြည်းချင်းနှင့် ပါရာဂွန်အဆင့်ထိ ထိပ်ဆုံးသို့ တစ်လှမ်းပြီးတစ်လှမ်း တက်လှမ်းခဲ့ကြပြီး၊ အခြားသက်ရှိအားလုံး၏အထက်တွင် မြင့်မားစွာ ရပ်တည်နိုင်ခဲ့သည်။ ၎င်းတို့၏ လမ်းကြောင်းမှာ အလွန်အမင်းကြမ်းတမ်းခဲ့ပြီး၊ နောက်ဆုံးတွင် ၎င်းတို့ရောက်ရှိခဲ့သော ထိပ်ဆုံးအဆင့်သည် လူသားတို့၏ မျှော်လင့်ချက်များထက် ကျော်လွန်သည့် အံ့ချီးလောက်သည့် အတိုင်းအတာသို့ ရောက်ရှိခဲ့သည်။

ခန္ဓာကိုယ်တစ်ခုတည်းတွင် ဤမျှကြီးမားသော စွမ်းအားများ စုစည်းမိသောအခါ၊ နေနှင့်လကို လှုပ်ခါစေ၍ တောင်နှင့်မြစ်များကို ရွှေ့ပြောင်းကာ ကောင်းကင်နှင့်မြေကြီးကိုပင် ပြောင်းလဲနိုင်မည်ဖြစ်သည်...

မည်သူတစ်ဦးတစ်ယောက်မျှ မွေးဖွားလာသည့်အချိန်ကတည်းက ​ကြောက်ရွ့ဖွယ် ဖြစ်တည်မှု အဖြစ် မွေးဖွားလာခြင်း မဟုတ်ပေ။ ထို့အတွက် သူတို့တွင် အစဉ်တစိုက် ကြိုးစားအားထုတ်လိုသော စိတ်ဓာတ်ရှိနေခဲ့သည်။

သူတို့၏ စိတ်ဆန္ဒသည် သူတို့ကို ကြံ့ခိုင်စေခဲ့ပြီး သေခြင်းတရားနှင့်ပင် ရင်ဆိုင်ရသော်လည်း၊ စိတ်ဆန္ဒမှာ မည်သည့်အခါမျှ မပျက်စီးခဲ့ပေ။

အကယ်၍ လူတစ်ဦးသည် ဤကဲ့သို့သော ဒဏ္ဍာရီလာ စိတ်ဆန္ဒကို ခံစားမိပါက၊ ရှေးဟောင်းနတ်ဘုရားနှင့်နတ်ဆိုးများ၏ စိတ်ဓာတ်ကို နားလည်နိုင်ပြီး၊ သူတို့၏ နှလုံးသားကို မယိမ်းယိုင်နိုင်လောက်အောင် ခိုင်မာစေကာ ကန့်သတ်ချက် အားလုံးကို ဖြတ်တောက်နိုင်ခဲ့သည်။

ဤသည်မှာ ဖုန့်​လင်း ယခုအချိန်တွင် မည်ကဲ့သို့ ဖြစ်နေသနည်းဆိုသည်ပင်။ အတိတ်က ခံစားခဲ့ရသော ကြောက်ရွံ့မှု၊ စိတ်ရှုပ်ထွေးမှုနှင့် ဇဝေဇဝါဖြစ် းမှုအားလုံး ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူ၏နှလုံးသားသည် ဖုန်မှုန့်အားလုံးထံမှ သန့်ရှင်းသွားသကဲ့သို့၊ အတွင်းအပြင်နှစ်ခုလုံး အပြည့်အဝ သန့်စင်သွားပြီး သလင်းကျောက်များနှင့် တူနေခဲ့သည်။

''ဗောဓိပင်မရှိခဲ့သလို၊ ကြေးမုံလည်း မရှိခဲ့ပေ။''

''အစကတည်းက တစ်ခုမှ မရှိရင် ဖုန်မှုန့်က ဘယ်နေရာမှာ ကပ်ငြိနိုင်လိမ့်မလဲ?''

စွန်းဝူခုန်း၏ လုံးဝ အရှုံးမပေးသည့် စိတ်ဓာတ်ကို သူ အာရုံခံမိလိုက်သည်။

ကျောက်တုံးသည် သက်မဲ့အရာဝတ္ထုဖြစ်သော်လည်း၊ အသက်ရှိသော သွေးသားတစ်ခုသည် ၎င်းမှ မွေးဖွားလာနိုင်ခဲ့သည်။ ''ဒီလို အံ့ဖွယ်ကိစ္စကို အောင်မြင်ဖို့ ဘယ်လောက်ကြီးမားတဲ့ စိတ်ဆန္ဒ လိုအပ်ခဲ့လိမ့်မလဲ?''

စကားလုံးထောင်ပေါင်းများစွာ ပေါင်းစည်းသွားပြီး၊ တစ်ကြောင်းတည်းသော ဝါကျအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤသည်မှာ

"ကောင်းကင်နဲ့မြေကြီးက ငါ့ကိုမွေးဖွားပေးခဲ့တယ်၊ စွန်းဝူခုန်း!"

စွန်းဝူခုန်းတွင် ရုပ်ဝတ္ထုတို့၏ အကန့်အသတ်သို့ ရောက်နေသည့် ဖျက်ဆီး၍မရနိုင်လောက်အောင် အားကောင်းသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တစ်ခု ရှိနေခဲ့သည်။

သူ့ကို ''နှလုံးသားမျောက်" ဟုလည်း ခေါ်ဆိုကြပြီး၊ လောကသုံးပါးကို လှုပ်ခါနိုင်လောက်သည်အထိ အားကောင်းသော စိတ်ဝိဉာဥ်၊ အမျိုးမျိုးသော ပုံစံများကို ပြောင်းလဲနိုင်စွမ်းနှင့် ၎င်း၏ စိတ်ကူးယဉ်ဝါဒ စွမ်းအားသည်ပင် အလွန်ကြီးမားနေခဲ့သည်။

စွန်းဝူခုန်းသည် စကြာဝဠာ၏ စည်းမျဥ်းနှစ်ခုဖြစ်သည့် ရုပ်ဝါဒနှင့် စိတ်ကူးယဉ်ဝါဒတို့၏ ရလဒ်ဖြစ်ပြီး၊ စကြာဝဠာ၏ နက်နဲသော အနှစ်သာရများကို ပိုင်ဆိုင်ခဲ့သည်။ ၎င်း၏မွေးဖွားလာခြင်းပင်လျှင် အံ့ဖွယ်တစ်ခုဖြစ်ပြီး၊ အဆုံးမရှိသော အလားအလာများ ရှိနေခဲ့သည်။ နောက်ပိုင်းတွင် ပါရာဂွန်အဆင့် နတ်ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ခြင်းမှာလည်း သဘာဝကျလှသည်။ သို့သော်၊ ဗုဒ္ဓ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ၎င်း၏အနာဂတ်ကို မသိလိုက်ဘဲ ဖြတ်တောက်မိခဲ့ဟန် တူသည်။

မည်သို့ပင်ဖြစ်စေကာမူ လက်ရှိ ဖုန့်လင်းအတွက်၊ စွန်းဝူခုန်း၏ လမ်းကြောင်းကို လိုက်ပါနိုင်ခြင်းသည် ဧကန်မုချပင် အလွန်ကြီးကျယ်သော ဂုဏ်ယူစရာတစ်ခုပင်ဖြစ်သည်။

ဤကံကောင်းသည့် တွေ့ဆုံမှုမှတစ်ဆင့်၊ ဖုန့်လင်း၏ ဗီဇပုံသေနည်းနှင့်ပတ်သက်သော နားလည်မှုသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။

ဗီဇပုံသေနည်းသည် အလွန်ရိုးရှင်းသော်လည်း၊ ၎င်း၏အစိတ်အပိုင်းတစ်ခုချင်းစီသည် ဒဏ္ဍာရီများ၊ရိုးရာပုံပြက်များ၏ ကျင့်ကြံမှု လမ်းကြောင်းနှင့် နက်ရှိုင်းစွာ ဆက်စပ်နေခဲ့ပြီး၊ အဆန်းကြယ်ဆုံး နက်နဲသိမ်မွေ့မှုများ ရှိနေခဲ့သည်။

ကျောက်တုံးမျောက်ဗီဇသည် ရုပ်ဝါဒဆိုင်ရာ ဗီဇတစ်ခုဖြစ်ပြီး၊ ခန္ဓာကိုယ်ကို သန်မာစေကာ ဓားလှံများဖြင့် မထိုးဖောက်နိုင်စေရန်နှင့် မီးနှင့်ရေတို့ဖြင့် မသက်ရောက်စေရန် ကာကွယ်ပေးနိုင်သည်။ ၎င်းအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ အားကိုသုံး၍ ကမ္ဘာကို လှုပ်ခါနိုင်သည်။

ဝိဉာဥ်ဗီဇသည် စိတ်ကူးယဉ်ဝါဒဆိုင်ရာ ဗီဇဖြစ်ပြီး၊ မမြင်ရသော ဝိဉာဥ်စွမ်းအားများသည် စကြာဝဠာ၏စွမ်းအင်များကို လမ်းညွှန်နိုင်ကာ၊ စိတ်ကူးယဉ်ခြင်းဖြင့် အရာအားလုံးကို ပြောင်းလဲနိုင်သည်။

အင်အားကောင်းသည့် ဝိဉာဥ်မရှိပါက၊ ကျောက်တုံးမှ မျောက်တစ်ကောင် မွေးဖွားလာရန်မှာ မဖြစ်နိုင်ပေ။

...

နက်ရှိုင်းလှသော နားလည်သဘောပေါက်မှုတစ်ခုသည် ဖုန့်လင်း၏ နှလုံးသားတွင် ပြည့်နှက်သွားခဲ့သည်။

"ပစ်မှတ်တွင် အသက်ရှင်နေသည့် လက္ခဏာများ ပြန်လည်တွေ့ရှိပါသည်။ အပြီးတိုင် ဖျက်ဆီးပစ်ပါ!"

အေးစက်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။

ဖုန့်လင်း သူ့အကြည့်ကို ရွှေ့လိုက်ပြီး၊ တောင်ငယ်တစ်လုံးအရွယ် ခန္ဓာကိုယ်ကြီးဖြင့် သူ့ဆီသို့ ခုန်ဝင်လာနေသည့် ကြီးမားသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

သူ၏ကျန်ရှိနေသော မျက်လုံးမှ ထွက်လာသော အလွန်အမင်းမြင့်မားသည့် အပူချိန်ရှိသည့် အလင်းတန်းသည် အရာအားလုံးကို ပိုင်းဖြတ်သွားခဲ့သည်။

ဖန်လုံခန်းမှာ ချက်ချင်းပင် နှစ်ပိုင်းကွဲသွားပြီး၊ ပုံရိပ်သည် ဖုန့်လင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လှီးဖြတ်ရန် ပစ်လွှတ်လိုက်သည်။

ဘက်ဇ်ဇ်ဇ်!

လေဟာနယ်မှာ တုန်ခါသွားခဲ့သည်။

ဖုန့်လင်း၏ မျက်လုံးများမှ အလင်းတန်းများ ထွက်ပေါ်လာပြီး၊ မမြင်ရသော လှိုင်းများသည် သူ့နဖူးမှ တိုးထွက်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိ လေထုမှာ မမြင်ရသော အားတစ်ခု၏ ဆွဲငင်မှုကြောင့် စုစည်းမိသွားပြီး၊ သိပ်သည်းလာကာ အရာဝတ္ထုတစ်ခု၏ပုံစံကို အသွင်ယူနေဟန်တူသည်။ နောက်ဆုံးတွင် ကြေးမုံတစ်ချပ်အဖြစ် ပေါင်းစည်းသွားခဲ့သည်။

ဘွမ်း!

အလင်းတန်းသည် မှန်ကြောင့် တွန့်လိမ်ပုံပျက်သွားပြီး၊ ချက်ချင်းပင် ပြန်ကန်ထွက်ကာ တိုက်တန်ကို ပြင်းထန်စွာ ထိမှန်ခဲ့ပြီး နာကျင်မှုကြောင့် အော်ဟစ်သွားစေခဲ့သည်။

ဖုန့်လင်း ခုန်လိုက်ကာ၊ ကောင်းကင်နှင့်မြေကြီးကို ကျွမ်းထိုးမှောက်ခုံဖြစ်စေနိုင်သည့် အော်ရာတစ်ခုမှာ သူ့ခန္ဓာကိုယ်တွင်း၌ လှိုင်းထနေခဲ့ပုံပင်။ ဒဏ္ဍာရီများထဲမှ ကောင်းကင်ဘုံနှင့် ညီမျှသော မဟာတန်ခိုးရှင်ကြီး သေမျိုးလောကထဲသို့ ပြန်လည်ဝင်ရောက်လာသကဲ့သို့ ဖြစ်နေခဲ့သည်။

ယခင်က သူ ဆိုးရွားစွာ ရိုက်နှက်ခံခဲ့ရပြီး၊ ယခုတွင်မူ ပြန်လည်တုံ့ပြန်ရမည့်အချိန် သို့ရောက်လာပြီဖြစ်သည်။

မဟာတန်ခိုးရှင်ကြီးသည် မသေဆုံးခဲ့ပေ၊ နောက်ကျ၍ ရောက်လာခဲ့ခြင်းသာ။

ယခုအချိန်တွင်မူ...

မဟာတန်ခိုးရှင်ကြီး ပြန်လာခဲ့လေပြီ!

[1] ငါးနှင့်ပတ်သက်သော တရုတ်ရိုးရာဒဏ္ဍာရီများ

https://en.wikipedia.org/wiki/Fish_in_Chinese_mythology

[2] "နှလုံးသားမျောက်" စွန်းဝူခုန်း၏ အခြားအမည်တစ်ခုဖြစ်ပြီး၊ "နှလုံးသား" ဟူသော စကားလုံးသည် စိတ် သို့မဟုတ် ဝိညာဉ်ကို ရည်ညွှန်းသည်။

All Chapters