← Chapters

ဆေးမီးဖိုမီးဖြင့် နှလုံးသားမျောက်ကို ဆေးကြောသန့်စင်ခြင်း

Vol. 9 Ch. 130

ဆေးမီးဖိုမီးဖြင့် နှလုံးသားမျောက်ကို ဆေးကြောသန့်စင်ခြင်း

Vol. 9 Ch. 130

ဘွမ်း!

တောင်ငယ်တစ်လုံးအရွယ်နှင့်ဆင်တူသည့် တိုက်တန်၏ ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ပြင်းထန်သည့် တုန်ခါမှုများ ဖြစ်စေခဲ့သည်။

ဖုန့်လင်း သူ၏မူလနေရာတွင် ရပ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်မှ လတ်ဆတ်သည့် သွေးများ ကျဆင်းနေပြီး သွေးပင်လယ်မှ ထွက်လာသည့် အသူရာတစ်ပါးကဲ့သို့ ဖြစ်နေခဲ့သည်။ သူ့တစ်ကိုယ်လုံးမှ အလွန်အမင်း အန္တရာယ်ရှိသည့် အော်ရာတစ်ခု ဖြာထွက်နေကာ အခြားသူများကို သူ့ အနားကပ်ရန် မဝံ့ရဲဖြစ်စေခဲ့သည်။

ဘွမ်း! ဘွမ်း! ဘွမ်း!

အနီရင့်ရောင် တလက်လက် တောက်နေသော မီတာဝက်အရွယ် စက်လုံးမှာ ပုံဆောင်ခဲများဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေပြီး သူ့လက်ထဲတွင် ဆက်လက်ခုန်နေသည့် နှလုံးသားတစ်ခုနှင့် တူနေခဲ့သည်။

အမှန်တွင်မူ ဤသည်မှာ နှလုံးသားတစ်ခုဖြစ်သည်။ တိုက်တန်၏ နှလုံးသားပင်!

ဖုန့်လင်း တိုက်တန်၏ နှလုံးသားကို ဆွဲထုတ်ခဲ့သည်။ ဤသည်မှာ သူ အရေးကြီးသည့် တိုက်ခိုက်မှုကို ပြုလုပ်နိုင်ခဲ့ပြီး တိုက်တန်၏ သေဆုံးခြင်းကို တစ်ချက်တည်းဖြင့် မည်ကဲ့သို့ ဖြစ်ပေါ်စေနိုင်ခဲ့သည်ဆိုခြင်းပင်။

သူ ခေါင်းငုံ့ကာ တိုက်တန်၏ နှလုံးသားကို စိုက်ကြည့်နေပြီး အတွင်းတွင် ပါရှိနေသော ကြီးမားသည့် စွမ်းအင်ပမာဏကို အာရုံခံမိလိုက်သည်။ သူ့လက်များထဲတွင် အနုမြူဗုံးတစ်လုံး ရှိနေသကဲ့သို့ ခံစားနေရသည်။

ထိုအရာကို ကြည့်ရသည်မှာ စွမ်းအင်တုံ့ပြန်မှု မရှိသကဲ့သို့ ဖြစ်နေသော်လည်း အတွင်းမှ စွမ်းအင်များ ပေါက်ကွဲထွက်လာပါက ကောင်းကင်နှင့် မြေကြီးကို ပျက်စီးစေနိုင်သည့် စွမ်းအားရှိ​​နေခဲ့သည်။

''ဒါက အထွတ်အထိပ်ဖြစ်တည်မှုတစ်ခုရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းလား?''

ဖုန့်လင်း ကျင့်ကြံသူတိုင်း သိထားသည့် အခြေခံအသိပညာတစ်ခုကို စဉ်းစားမိလိုက်သည်။ ကျင့်ကြံသူတစ်ဦး လက်ရွေးစင် ကျင့်ကြံသူနယ်ပယ်သို့ ရောက်သွားသည်နှင့် ၎င်းတို့မှာ အထွတ်အထိပ်ဖြစ်တည်မှုများအဖြစ်သို့ ဦးတည်နေသော လမ်းကြောင်းပေါ်သို့ တရားဝင် စတင် ခြေချနိုင်မည်ဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ 'စွမ်းအင်ဆင့်ကဲပြောင်းလဲမှု' ကို တဖြည်းဖြည်းချင်း ဖြတ်သန်းရမည်ဖြစ်သည်။

ထို့အပြင် လူ့ခန္ဓာကိုယ်သည် ဤဖြစ်စဉ်ကို ဖြတ်သန်းရာတွင် အစီအစဥ်တစ်ခုရှိသည်။

ယေဘုယျအားဖြင့် စွမ်းအင်ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကို ပထမဆုံး ပြီးဆုံးသော အင်္ဂါအစိတ်အပိုင်း ကျင့်ကြံသူ၏ စွမ်းအင်၊ အလားအလာနှင့် ပါရမီ၏ အနာဂတ်ဗဟိုချက် ဖြစ်လာမည်ဖြစ်သည်။ ကျင့်ကြံခြင်းလောက၏ စကားဖြင့် ထိုကိုယ်အင်္ဂါအစိတ်အပိုင်းကို အထွတ်အထိပ်ကိုယ်အင်္ဂါ ဟု အမည်ပေးထားသည်။

ရှင်းလင်းစွာပင် ဤတိုက်တန်၏ နှလုံးသားသည် တိုက်တန်၏ 'အထွတ်အထိပ်ကိုယ်အင်္ဂါ' ဖြစ်ပြီး တိုက်တန်အား ၎င်း၏စွမ်းအားများကို ပံ့ပေးထားသော စွမ်းအင်ဗဟိုချက် ဖြစ်သည်။

ဖုန့်လင်း ဤအရာကို ရရှိပြီးဖြစ်သောကြောင့် တိုက်တန်တွင်ရှိခဲ့သည့် စွမ်းအား၏ ကြီးမားသည့် အစိတ်အပိုင်းကို ပိုင်ဆိုင်ထားပြီဟု ဆိုနိုင်သည်။

သို့သော် ယခုတွင်မူ ဖုန့်လင်းအနေနှင့် ကျင့်ကြံခြင်းလမ်းကြောင်းပေါ် စတင်ခြေချမိရုံသာ ဖြစ်ပြီး သူ၏အမြင်မှာ ကျဉ်းမြောင်းနေဆဲဖြစ်သည်။ တိုက်တန်၏နှလုံးသားကို နာရီဝက်ခန့် လေ့လာပြီးနောက်တွင်ပင် ဤအရာကို မည်သို့အသုံးချရမည်ကို သူ မသိသေးပေ။

ဤတိုက်တန်နှလုံးသားသည် သာမန်ပစ္စည်းတစ်ခုမဟုတ်သည်မှာ အသေအချာပင်။ ဤအရာတွင် အမျိုးမျိုးသောအသုံးဝင်မှုများ ရှိနေသင့်သည်။

သူ ယခုအချိန်တွင် ၎င်းကိုအသုံးမပြုနိုင်သော်လည်း အနာဂတ်တွင် မသုံးနိုင်ဟု မဆိုလိုပေ။

ထိုကဲ့သို့သော အံ့သြဖွယ်ပစ္စည်းမျိုးအတွက် ၎င်းနှင့်အတူ အကျိုးကျေးဇူးများစွာ ပါလာမည်မှာ သဘာဝပင်။ သူ၏ အခြေခံကို မြှင့်တင်ရန်အတွက်ပင် ဖြစ်နိုင်ပေလိမ့်မည်။

ဖုန့်လင်း ထိုအရာကို ဂရုတစိုက်သိမ်းဆည်းထားပြီး နောင်တွင် ဖြည်းဖြည်းချင်း ၎င်း၏လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် အချိန်ယူမည်ဖြစ်သည်။

သူ့အကြည့်ကို ရွှေ့လိုက်သည်။ ဤနေရာသည် လုံးဝတိတ်ဆိတ်နေပြီး အနံ့ဆိုးများထွက်နေသော အလောင်းများဖြင့် ပြည့်နှက်နေသည်။

ဧရာမဆေးဝါးကုမ္ပဏီ၏ လူများကို သူလုံးဝသုတ်သင်ပြီးဖြစ်၍ ထွက်ခွာရန် အချိန်တန်ပြီဖြစ်သည်။

သို့သော် ဖုန့်လင်း လေးလေးနက်နက် ဆင်ခြင်သုံးသပ်နေမိသည်။ သူ ချက်ချင်းမထွက်သွားဘဲ ထိုအစား ပတ်ဝန်းကျင်ကို ဂရုတစိုက်ရှာဖွေလိုက်သည်။

ဤနေရာသည် ဆေးမီးဖို အင်မော်တယ် ဂိုဏ်းမှ ချန်ထားခဲ့သော ဒဏ္ဍာရီလာ အပျက်အယွင်းတစ်ခုဖြစ်ပြီး ဤနေရာတွင် ပို၍များပြားသော အမွေအနှစ်များ ပုန်းကွယ်နေနိုင်သည်ဟု သူ သိထားသည်။

မည်သို့ပင်ဖြစ်စေ အပြင်ဘက်တွင် ယာယီအားဖြင့် ရုတ်ရုတ်သဲသဲဖြစ်နေခြင်း မရှိသေးသောကြောင့် မားစ်ဂြိုဟ်တော်လှန်ရေးတပ်၏လူများ ရောက်မလာမီ မြန်မြန်ဆန်ဆန် ရှာဖွေရန် အချိန်ရှိလိမ့်မည်ဖြစ်သည်။

ဤနေရာသို့ရောက်ရန် သူ များစွာကြိုးစားအားထုတ်ခဲ့ရသည်။ တကယ်လို့ သူသာ လက်ချည်းသက်သက် ပြန်သွားရင် စိတ်မကျေနပ်စရာ ကောင်းမနေဘူးလား? ဘယ်သူကရော ဒီလိုလုပ်ချင်မှာလဲ?

ဖုန့်လင်းသည်လည်း ခြွင်းချက်မဟုတ်ပေ။ သူ ဤနေရာ၏ အစွန်အဖျားပိုင်းမှ စတင် ရှာဖွေလိုက်ပြီး အလျင်အမြန်ရွေ့လျားနေကာ မကြာမီပင် အပြင်ဘက်နေရာအနှံ့ကို အပြီးသတ် ရှာဖွေပြီးခဲ့သည်။

သူ သိလိုက်ရသည်မှာ ဤနေရာသည် စက်ဝိုင်း ပုံသဏ္ဍာန်ရှိပြီး သတ္တုလုံးတစ်လုံး၏ အတွင်းပိုင်းနှင့် တူနေခဲ့သည်။

ဒေါင်၊ ဒေါင်၊ ဒေါင်။

ဖုန့်လင်း သူ့လက်ချောင်းဖြင့် နံရံများကို ခေါက်လိုက်သည်နှင့် ဤနေရာတွင် လက်ရှိလမ်းကြောင်းတစ်ခုထက် ပိုနေသည်ကို ရှာတွေ့လိုက်ပြီး သတ္တုပြားများဖြင့် အလုံပိတ်ထားသော နောက်ထပ် တံခါးရှစ်ချပ် ဖုံးကွယ်နေဟန်တူသည်။

ဖုန့်လင်း သူ၏ စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ရာ အံ့အားသင့်စွာဖြင့် ဤတံခါးများ၏ အပြင်ဘက်တွင် အင်္ဂါဂြိုဟ်ဗဟိုချက်မှ ပွက်ပွက်ဆူနေသည့် ချော်ရည်ပူများ ကျယ်ပြန့်စွာတည်ရှိနေသည်ကို သိလိုက်ရသည်။ ထို့အပြင် သူ ရောက်ရှိနေသော ဤနေရာသည် အဆိုပါ ချော်ရည်များ၏ အလယ်တွင် မျောနေသည့် ဧရာမစက်လုံးပုံစံ အရာဝတ္ထုကြီး ဖြစ်နေသည်။

ဤထူးဆန်းသော စက်လုံးပုံစံ အရာကြီးသည် ဖုန့်လင်းအား ရင်းနှီးကျွမ်းဝင်နေသည့် အာရုံတစ်ခုကို ပေးနေခဲ့သည်။ ဤအရာကြီး မည်သည့်နေရာမှ လာသည်ကို သူ သိရှိပြီးဖြစ်သည်ဟု ခံစားနေရသည်။

"ထူးဆန်းလိုက်တာ... ငါ ဒီနေရာကို အရင်က တစ်ခါမှ မရောက်ဖူးပါဘူး။ ဘာလို့ ရင်းနှီးသလို ခံစားနေရတာလဲ?"

ဖုန့်လင်း သူ၏အာရုံခံစားမှု မှားယွင်းနေသည်ဟု မခံစားခဲ့ရပေ။ သူ၏ စိတ်စွမ်းအင်နှင့် မှတ်ဉာဏ်စွမ်းရည်များသည် အလွန်အားကောင်းပြီး သူ့အတွက် အမှားလုပ်မိရန် မဖြစ်နိုင်ချေ။

သူ ရင်းနှီးကျွမ်းဝင်နေသည့်ခံစားချက်ကို ခံစားနေရသည်ဆိုလျှင် အဓိပ္ပါယ်မှာ သူ ယခင်က ဤနေရာသို့ ရောက်ဖူးခြင်း (သို့မဟုတ်) အလားတူမြင်ကွင်းကို တစ်ချိန်က မြင်ဖူးခြင်း ဖြစ်နိုင်သည်။

"ဒါပေမယ့်... ငါ ဘယ်နေရာမှာ ဒါကို မြင်ဖူးတာလဲ?"

ဖုန့်လင်း၏ မျက်လုံးများထဲတွင် အတွင်းမီးတောက်တစ်ခု ဝင်းလက်သွားပြီး ရုတ်တရက် သူ သတိရလိုက်သည်။ ရှေးဟောင်းနတ်ဆေးများထဲရှိ သေးငယ်သည့် ပုံဆောင်ခဲသက်ရှိများကို စိတ်စွမ်းအင် သုံး၍ စူးစမ်းလေ့လာခဲ့စဉ်က မြင်ခဲ့ရသည့် ရှေးခေတ်မြင်ကွင်းတစ်ခုကို သူ သတိရလာခဲ့သည်။

ထိုမြင်ကွင်းထဲတွင် သူကိုယ်တိုင် ဆေးလုံးတစ်လုံးအဖြစ် ဆေးမီးဖိုထဲတွင် ချက်ပြုတ်ခံနေရသည့် အခိုက်အတန့်သည် လက်ရှိမြင်နေရသည့်အရာနှင့် အလွန်ဆင်တူနေခဲ့သည်။

"ဆေးလုံးဖော်စပ်တဲ့ ဆေးမီးဖိုလား..."

ဖုန့်လင်း၏ နှလုံးသား တုန်လှုပ်သွားခဲ့သည်။ သူ ရောက်ရှိနေသော ဤစက်ဝိုင်းပုံနေရာသည် ဆေးမီးဖိုတစ်လုံး၏ အတွင်းပိုင်း ဖြစ်နေဟန်တူသည်။ ထိုအရာသည် အလွန်အမင်းကြီးမားနေသော်လည်း ပုံသဏ္ဍာန်မှာမူ ရှေးဟောင်းတရုတ် ဆေးမီးဖိုနှင့် အတိအကျ တူနေခဲ့သည်။

ဒဏ္ဍာရီများထဲတွင် အချို့သော ရတနာပစ္စည်းများသည် အလိုရှိသလို ကြီးသွားခြင်း၊ သေးငယ်သွားခြင်းများ ပြုလုပ်နိုင်သည်ဟု ဆိုထားသည်။ ''ဒီဟာက တကယ်ပဲ ဆေးမီးဖိုတစ်လုံး ဖြစ်နိုင်မလား?

ဖြစ်နိုင်ခြေမှာ အလွန်မြင့်မားသည်!

မယုံနိုင်စရာကောင်းနေသည့်ပုံရသော်လည်း ဖုန့်လင်းအနေနှင့် ဤအရာသည် အမှန်တကယ် ဖြစ်နိုင်သည်ဟု ခံစားနေရသည်။

'ဧရာမဆေးဝါးကုမ္ပဏီက မဟာမြူမှုန်ကံကြမ္မာဆေးလုံးကို ဒီနေရာမှာ တွေ့ခဲ့တာ မဟုတ်လား?'

'ဆေးမီးဖိုတစ်လုံးအတွင်းမှာ မှော်ဆေးလုံးတစ်လုံး တွေ့ရတယ်ဆိုတာက ယုတ္တိရှိတယ်မဟုတ်လား?'

ဤဆေးမီးဖိုသည် အင်္ဂါဂြိုဟ်၏ ဗဟိုချက် မီးတောက်များကို ငှားရမ်း၍ ဆေးဝါးများကို အမြဲလိုလို သန့်စင်နေခြင်း ဖြစ်နိုင်သည်။ ဆေးမီးဖိုအင်မော်တယ်ဂိုဏ်းအတွက် ဤအရာသည် အလွန်တန်ဖိုးကြီးသော ရတနာတစ်ခု သတ်မှတ်နိုင်သည်။

"ဒါဆို... ငါ ဒီဆေးမီးဖိုကို ယူသွားလိုက်ရင် ဘာဖြစ်မလဲ?"

ဖုန့်လင်း၏ နှလုံးသား လှုပ်ရှားသွားပြီး သူ၏အတွေးမှာ အလွန်ယုတ္တိရှိသည်ဟု ခံစားနေရသည်။

သူ ရရှိထားသော အမွေအနှစ်မှတ်ဉာဏ်များထဲတွင် ဆေးမီးဖိုအပေါ်တွင် ''ထိန်းချုပ်ခြင်း'' ကိုသုံး၍ ၎င်း၏ အသိအမှတ်ပြုမှုကိုရယူခြင်းဟူသည့် အခြေခံအကျဆုံး နည်းစနစ်တစ်ခု ပါဝင်သည်။

ဤနည်းလမ်းအပေါ် မှီခို၍ ဆေးမီးဖိုကို ထိန်းချုပ်၍ သူနှင့်အတူ ယူသွားနိုင်ပါက သူ၏အခြေခံအုတ်မြစ်သည်လည်း တိုးမြင့်သွားမည်မှာ အသေအချာပင်။ ထို့အပြင် သူ၏အယ်လ်ခမီနည်းစနစ်များကိုလည်း နဂါးသတ်ဖြတ်ခြင်းနည်းစနစ်ကဲ့သို့ အပြောသက်သက်သာမဟုတ်ဘဲ လက်တွေ့ အသုံးဝင်စေမည် ဖြစ်သည်။

ဖုန့်လင်း ဤအရာကို လုပ်ရန် စဉ်းစားမိလိုက်သည်နှင့် တစ်ပြိုင်နက် သူ တွန့်ဆုတ်မနေဘဲ ချက်ချင်း စမ်းသပ်လိုက်သည်။ သူ၏လက်နှစ်ဖက်လုံးဖြင့် လက်ဟန်များ ဖွဲ့စည်းနေခဲ့ပြီး လေထဲတွင် လိပ်ပြာလေးများ ကနေသကဲ့သို့ ဖြစ်နေရာ မြင်သူတိုင်းကို မှင်တက်သွားစေမည်ဖြစ်သည်။

ဖုန့်လင်း၏ စိတ်စွမ်းအင်များ ပန်းထွက်လာကာ သူ၏လက်ဟန်များမှတစ်ဆင့် စီးဆင်းလာပြီး အသွင်မဲ့ လှိုင်းဂယက်ငယ်များအဖြစ် ဆေးမီးဖိုထဲသို့ ဝင်သွားခဲ့သည်။ တဖြည်းဖြည်းနှင့် သူ့စိတ်နှင့် ဆက်သွယ်မှုတစ်ခု ဖြစ်တည်လာသည်။

ယခုတွင်... ဖုန့်လင်း၏ အတွေးတစ်ချက်နှင့် ဤဆေးမီးဖို၏ စွမ်းအားကို ပြသနိုင်မည်ဖြစ်သည်။

အမှန်တကယ်ပင် ထိရောက်မှုရှိနေခဲ့သည်။

ဖုန့်လင်း၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ သူ ဤဆေးမီးဖိုကို မြန်ဆန်သည့် အရှိန်နှုန်းဖြင့် "ထိန်းချုပ်ရန်" လုပ်နေသည်ကို အာရုံခံမိနေသည်။

သို့သော်... သူ အလွန်မပျော်ရသေးခင်တွင် သူ၏ထက်မြက်သောနားများမှာ သူ့အပေါ်ဘက်ရှိ နေရာလပ်ဆီမှ ခြေသံများကို ကြားလိုက်ရသည်။ ခြေသံများမှာ တဖြည်းဖြည်း ပိုမိုများပြားလာပြီး ဤလျှို့ဝှက်နေရာ၏ အပြင်ဘက်ရှိ ဓာတ်ခွဲခန်းထဲသို့ လူအုပ်ကြီးတစ်အုပ် ဝင်ရောက်လာပုံပေါ်သည်။

လက်ရှိအချိန်တွင် သူသည် ဆေးမီးဖိုကို ထိန်းချုပ်သည့် လုပ်ငန်းစဥ်၏ အလယ်တွင် ရောက်နေခဲ့ပြီး ဤလူများကို ရှောင်တိမ်းရန်မှာ မဖြစ်နိုင်ပေ။

ရုတ်တရက်၊ ဤနေရာသို့ ဦးတည်နေသော လမ်းကြောင်းရှိ တံခါးကို ချိုးဖျက်၍ မားစ်ဂြိုဟ်တော်လှန်ရေးတပ်၏ ယူနီဖောင်းဝတ်ဆင်ထားသော စစ်သားတစ်အုပ် ဝင်ရောက်လာခဲ့သည်။

"နောက်ဆုံးတော့ သူတို့ ဒီနေရာကို ရှာတွေ့သွားပြီလား?"

ဖန့်လင်း မထိတ်လန့်နေခဲ့ပေ။ သူ တည်ငြိမ်စွာဖြင့် စစ်သားများကို စိုက်ကြည့်ရင်း အစီအစဉ်သစ်တစ်ခု ရေးဆွဲနေခဲ့သည်။

"အမြန် ကြည့်စမ်း! ဧရာမဆေးဝါးကုမ္ပဏီက ထွက်ပြေးသွားတဲ့လူတွေ အားလုံးဒီမှာပဲ!"

"သူတို့အားလုံး အသတ်ခံထားရတယ်! ဒါ ဘယ်သူလုပ်တာလဲ?!"

"ဟိုဘက်ကိုကြည့်စမ်း! သတိထား၊ အသက်ရှင်နေသေးတဲ့လူရှိတယ် သူ ခုခံမယ်ဆိုရင် ချက်ချင်းသတ်ပစ်လိုက်!"

အော်သံတစ်ခုထွက်လာပြီး စစ်သားများမှာ ရောင်ခြည်သေနတ်များကို ဖုန့်လင်းဘက်သို့ ချက်ချင်း လှည့်လိုက်သည်။ ဖုန့်လင်း မည်သည့်သံသယဖြစ်ဖွယ် လှုပ်ရှားမှုကိုမဆို ပြုလုပ်မိသည်နှင့် သူ့ခန္ဓာကိုယ်မှာ သေနတ်များကြောင့် ဇကာပေါက်များ ဖြစ်သွားမည်ဖြစ်သည်။

စစ်တပ်အရာရှိတစ်ဦး ရှေ့သို့လျှောက်လာကာ ပတ်ဝန်းကျင်ရှိ အလောင်းများ၊ တိုက်တန်၏ ဧရာမခန္ဓာကိုယ်ကြီးနှင့် ဖရန့် ၏အလောင်းကို စိုက်ကြည့်နေခဲ့သည်။ သူ့မျက်နှာထက်တွင် ရှော့ရနေသည့်အမူအရာတစ်ခုကို မြင်နိုင်သည်။

သွေးများဖြင့်ဖုံးလွှမ်းနေသော်လည်း ဒဏ်ရာတစ်ခုမှမရှိသည့် ဖုန့်လင်းကို သူ ထပ်ကြည့်လိုက်ပြီး သူ့မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်တစ်ခု တောက်ပလာခဲ့သည်။ သူ အေးစက်စွာ အမိန့်ပေးလိုက်သည်။ "သူ့ကို သတ်လိုက်!"

ဆွစ်ရှ်!

ရောင်ခြည်သေနတ်များမှ အလင်းတန်းရောင်ခြည်များ လေထုကို ဖြတ်သန်းကာ ဖုန့်လင်း၏ နောက်ကျောတွင် ပေါက်ကွဲနေခဲ့သည်။ အချို့သော အကြောင်းများကြောင့် ရောင်ခြည်တိုက်ခိုက်မှုအားလုံး တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။

"ဘာလဲဟ?" စစ်သားများ စိတ်ရှုပ်သွားပြီး ရှော့ရသွားသည်။

ဖုန့်လင်း မလှုပ်ရှားခဲ့ပေ။ ထိုလူများကို စိုက်ကြည့်နေခဲ့ပြီး အေးစက်စွာ ပြောလိုက်သည်။ "မီးလျှံများ ဖြစ်ပေါ်စေ"

သူ့လက်များမှာ နောက်ထပ် လက်ဟန်များ ဖွဲ့စည်းကာ အလျဥ်းသင့်သလို နေရာတစ်ခုကို ညွှန်ပြရင်း သူ၏စိတ်စွမ်းအင်အားလုံးကို ထိုနေရာသို့ စုစည်းလိုက်သည်။

ဂျုန်း~

ဆေးမီးဖို၏ တံခါးရှစ်ပေါက် ရုတ်တရက်ပွင့်သွားကာ ဆူပွက်နေသည့် ချော်ရည်များ အတွင်းသို့ စီးဝင်ခဲ့လာသည်။ အပူချိန်မှာ မြန်ဆန်စွာဖြင့် တဟုန်ထိုးမြင့်တက်လာပြီး ဤနေရာသည် မီးလျှံငရဲတစ်ခုဖြစ်လာခဲ့သည်။

မီး...မီး...မီး...

နေရာတိုင်းတွင် မီးတောက်များ လောင်ကျွမ်းနေသည်ကို မြင်နိုင်ပြီး ဤနေရာမှာ မီးပင်လယ်အဖြစ် အပြည့်အဝ ပြောင်းလဲသွားကာ ထိုစစ်သားများကို လုံးလုံး​လျားလျား ဝါးမြိုသွားခဲ့သည်။

စစ်သားများမှာ အော်ရန် အချိန်ပင်မရလိုက်ဘဲ လျင်မြန်စွာနှင့် တစ်ထောင်ဒီဂရီဆဲလ်စီးယပ်စ်အထက်သို့ ရောက်ရှိသွားသည့် မီးတောက်များကြောင့် ပြာချခံလိုက်ရသည်။ အရိုးများပင် ကျန်ခဲ့ခြင်း မရှိပေ။

ချော်ရည်များ ဆက်လက်စီးဝင်နေကာ ဖုန့်လင်းကိုပါ ဝါးမြိုလိုက်သည်။

ဖုန့်လင်း၏ပုံရိပ်မှာ အလိုအလျောက် ကွေးညွှတ်သွားသည်။ သူ့အရေပြားမှာ ကျောက်စိမ်းဖျော့ရောင်အလွှာတစ်ခုဖုံးအုပ်ထားသကဲ့သို့ တောက်ပနေကာ ကြက်ဥခွံကဲ့သို့သော ကျောက်တုံးအပိုင်းအစများ ဖြစ်တည်လာပြီး သူ့အနားတွင် ကာကွယ်ပေးနေခဲ့သည်။

ဤအခြေအနေမှာ စွန်းဝူခုန်း မွေးဖွားမလာမီ ကျောက်တုံးဥတစ်လုံးအတွင်း၌ ရှိနေစဉ်က အခြေအနေနှင့် အလားတူနေခဲ့သည်။ ထိုကျောက်တုံးဥမှာ မီးပင်လယ်ထဲတွင် ငုပ်ချည် ပေါ်ချည် ဖြစ်နေရင်း ဘေးပတ်လည်ရှိ မီးတောက်များ၏ ဆက်လက်သန့်စင်ဆေးကြောပေးခြင်းကို ခံနေရကာ မီးတောက်များမှာ သန့်စင်သည့်အခြေအနေသို့ ရောက်သည်အထိ အညစ်အကြေးအားလုံးကို စေ့စေ့စပ်စပ် ရှာဖွေဖျက်ဆီးနေခဲ့သည်။

ဆေးမီးဖိုမီးဖြင့် နှလုံးသားမျောက်ကို ဆေးကြောသန့်စင်ခြင်းပင်!

---

Note: နှလုံးသားမျောက်သည် စွန်းဝူးခုန်း၏ အမည်ပြောင်များထဲမှ တစ်ခုပင်။

All Chapters