← Chapters

ဧရာမသွေးမျက်လုံးကြီးခုနစ်လုံး ( ၂ )

Vol. 6 Ch. 76

ဧရာမသွေးမျက်လုံးကြီးခုနစ်လုံး ( ၂ )

Vol. 6 Ch. 76

တောင်တန်းကြီး၏တခြားတစ်ဖက်ခြမ်း၌ ဆည်းဆာနေရောင်ခြည်တန်းများအောက်တွင် တောင်ကြီးခုနစ်လုံးသည် ငွားငွားစွင့်စွင့် တည်ရှိနေပေသည်။ အထူးသဖြင့် ဧရာမမျက်လုံးကြီးခုနစ်လုံးရုပ်တုများသည် ပို၍သာ သိသာပေါ်လွင်နေတော့သည်။ ၎င်းတို့ထံမှ ထွက်ပေါ်နေသော အငွေ့အသက်များသည် ကောင်းကင်ကြီးနှင့် ချိတ်ဆက်နေဟန်တူပြီး တောင်ထိပ်ခုနစ်လုံး၏ပိုင်နက်အတွင်း ဧရာမလေပွေကြီးတစ်ခု ဖြစ်တည်သွားစေသည်။

ထိုလေပွေကြီးထဲ၌ ဧရာမသားရဲကြီးအနည်းငယ် ရှိနေဟန်တူပြီး ဘေးပတ်လည်တွင် မိုးသားတိမ်တိုက်များလည်း ရှိနေသည်။ ထိုလေပွေကြီး ရွေ့လျားသွားသည်နှင့်အမျှ မြင်သူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေနိုင်သည့် တန်ခိုးစွမ်းအားအငွေ့အသက်များ ပြသနေပေသည်။

ယင်းမြင်ကွင်းသည် ရွှီချင်း၏နှလုံးသားကို တုန်ရီသွားစေသည်။

သူ၏ရှေ့၌ရှိနေသောလူသည် စစ်ဆေးခံပြီးသွားပြီး ထုတ်ပေးသည့် ကျောက်စိမ်းပေလွှာကိုယူ၍ ထွက်ခွာသွားသောအခါမှသာ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး အကြည့်လွှဲလိုက်သည်။

“ မင်းရဲ့ဝင်ခွင့်ကိုပြပြီး ဘာကြောင့် ဒီနေရာကို ရောက်လာလဲဆိုတာ ဖြေပါဦး ”

ရွှီချင်း၏ရှေ့ရှိ စားပွဲတစ်လုံး၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။

အမျိုးသားသည် လွန်စွာ ချောမောခံ့ညားပြီး မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုအချိန်၌ သူသည် အနားယူနေသည့်အလား မျက်လုံးများကို မှိတ်ထားသည်။ သို့သော် သူ့ထံမှ ထွက်ပေါ်နေသည့် ဝိညာဉ်စွမ်းအားအငွေ့အသက်များက အလွန် အားကောင်းပေသည်။

အမျိုးသမီးသည်လည်း မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုအမျိုးသမီးသည် အသက်မကြီးသေးဘဲ အသက်ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ် ပတ်ချာလည် ဖြစ်ဟန်တူသည်။ သူမ၏မျက်နှာလေးသည် နုနယ်ပြီး ချောမွေ့သောအသားအရေ ရှိသည်။

သူမ၏မျက်လုံးကလေးများသည် ကြယ်ကလေးများပမာ ဝင်းလက်တောက်ပနေပြီး တစ်ခါကြည့်မိရုံဖြင့် အလွယ်တကူ အကြည့်လွှဲသွားမိမည် မဟုတ်ချေ။

ရွှီချင်းကို စကားပြောလိုက်သည့်လူက ထိုအမျိုးသမီးပင် ဖြစ်သည်။

သူမသည် ရွှီချင်း၏ခန္ဓာကိုယ်နှင့် မျက်နှာပေါ်ရှိ အညစ်အကြေးများကို ဂရုစိုက်မနေဘဲ ရွှီချင်းကို ခေါင်းမော့၍ တစ်ချက်ကြည့်လိုက်သည်။

ဤနေရာ၌ ရွှီချင်းကဲ့သို့ ရတနာမုဆိုးများစွာကို သူမ မြင်ခဲ့ဖူးသည်။ သူမသည် စကားပြောနေရင်း အဖြေကို စောင့်ကာ မှတ်ထားတော့မည့်အလား ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သည်။

ရွှီချင်းသည် တစ်ဖက်လူထံမှ ဝိညာဉ်စွမ်းအားအငွေ့အသက်များကို အာရုံခံကြည့်လိုက်သည်။ ၎င်းတို့သည် မပြင်းထန်သောငြား မည်သည့်အတွက်ကြောင့်မသိ သူ့ကို အန္တရာယ်အငွေ့အသက်များ ပေးနေပေသည်။

သို့သော်လည်း အကျိုးနှင့်အပြစ်ကို သူ ခွဲခြမ်းလေ့လာပြီးနောက် သေရေးရှင်ရေးတိုက်ပွဲတစ်ပွဲသာ ဆင်နွှဲရမည်ဆိုပါက တစ်ဖက်လူကို သူ သတ်ပစ်နိုင်လိမ့်မည်ဟု ခံစားနေရသည်။ ထို့ကြောင့် သူ၏သားရေအိတ်ရှုံ့လေးထဲမှ ဝင်ခွင့်တံဆိပ်ပြားကို ထုတ်၍ တည်ငြိမ်စွာ ပေးလိုက်သည်။

“ အမ် ”

အမျိုးသမီး၏မျက်လုံးများထဲ အံ့အားသင့်သည့်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူမက ဝင်ခွင့်တံဆိပ်ပြားကို ယူကာ စစ်ဆေးကြည့်လိုက်၏။ ထို့နောက် ရွှီချင်းကို ဝင်ခွင့်တံဆိပ်ပြား ပြန်ပေးလိုက်သောအခါတွင် သူမသည် အေးစက်တင်းမာနေသည့်အသွင် ရှိမနေတော့ဘဲ သူ့ကို လေးလေးနက်နက် ကြည့်လိုက်သည်။

“ ဒီတော့ နင်က ဂိုဏ်းတူမောင်လေးတစ်ယောက်ပေါ့။ ချီရွှဲ့ထုံဂိုဏ်းမှာ ပျော်ပါစေလို့ ငါ ဆုတောင်းပေးပါတယ် ”

တစ်ဖက်လူ၏စကားအသွားအလာက အနည်းငယ် ထူးဆန်းနေသယောင်ပင်။ ရွှီချင်းသည် ဝင်ခွင့်တံဆိပ်ပြားကို ယူ၍ တစ်ဖက်လူ၏လက်ထဲရှိ ကျောက်စိမ်းပေလွှာကို ဖျတ်ခနဲ ကြည့်လိုက်သည်။

“ သာမန်လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကျောက်စိမ်းပေလွှာကို နင် မလိုဘူး။ ဒီဝင်ခွင့်တံဆိပ်ပြားပဲ ယူသွားလိုက်။ ဒါက နင့်အရည်အချင်းပဲ။ ပြီးတော့ တတ်နိုင်သလောက် ဂိုဏ်းဝင်ခွင့်စစ်ဆေးပွဲကို မြန်မြန်ဖြေပြီး ချီရွှဲ့ထုံဂိုဏ်းသားဘဝနဲ့ မြန်မြန် အသားကျအောင် လုပ် ”

ထိုစကားများကို ပြောပြီးနောက် အမျိုးသမီးက ရွှီချင်းကို လျစ်လျူရှုထားလိုက်သည်။

ရွှီချင်းသည် အတွေးနက်နေ၏။ စစ်ဆေးသည့်နေရာမှ သူ ထွက်ခွာလာပြီးနောက် သူ့နောက်တွင် စီတန်းနေခဲ့သောလူက သူ့ကို မနာလိုသည့်အကြည့်ဖြင့် ကြည့်နေကြောင်း သတိထားမိခဲ့သည်။

သူ ထွက်သွားသောအခါ အမျိုးသမီးဘေးရှိလူသည် မျက်လုံးများပွင့်လာပြီး ပြုံး၍ ပြောလိုက်သည်။

“ မင်းက ဘာလို့ ရုတ်တရက်ကြီး သဘောတွေကောင်းလာပြီးတော့ လူသစ်ကလေးကို သတိတွေတောင် ပေးနေရတာတုံး ”

“ သူက ငါ့သတ္တမမြောက်တောင်ထွတ်ဝင်ခွင့်တံဆိပ်ပြားကို ရထားတာလေ။ အဲဒါက အဖြူရောင်ဆိုပေမဲ့ နောင်တချိန်မှာ ဘာဖြစ်မလဲ ဘယ်သူပြောနိုင်မှာတုံး။ ချီးကျူးစကားလေးတစ်ခွန်းနဲ့ သတိပေးစကားလေး ပြောတာလောက်တော့ စွမ်းဆောင်မှုရမှတ်တွေ ကုန်မသွားပါဘူး။ ဒါပေမဲ့ အဲဒီကလေး နာမည်ကြီးလာရင် ဒါက ကောင်းမွန်တဲ့မျိုးစေ့တစ်ခု ဖြစ်သွားမှာလေ ”

အမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်ပြီး စစ်ဆေးရန် နောက်ထပ်လူတစ်ယောက်ကို ခေါ်လိုက်သည်။

“ ဘာအနာဂတ်တွေ ရှိနိုင်မှာတုံး၊ တစ်ချက်ကြည့်လိုက်တာနဲ့ ဒီကလေးက ရတနာမုဆိုးတစ်ယောက်ဆိုတာ ငါ ပြောနိုင်တယ်။ အဲဒီအဖြူရောင်ဝင်ခွင့်တံဆိပ်ပြားနဲ့ဆိုရင် သူ ကံကောင်းဖို့အခွင့်အရေး သိပ်ရှိမှာမဟုတ်ဘူးလို့ ငါ ထင်တာပဲ။ သူ ဝင်ခွင့်စစ်ဆေးပွဲကို အောင်မြင်ပြီးတော့ ဂိုဏ်းသားတစ်ယောက်တောင် ဖြစ်နိုင်ပါ့မလား မသိသေးဘူးလေ။ သူ ဂိုဏ်းသားတစ်ယောက် ဖြစ်သွားခဲ့ရင်တောင် ကျင့်ကြံခြင်းရင်းမြစ်အသုံးစရိတ်အတွက် တစ်လ ဝိညာဉ်ကြေးပြားသုံးဆယ်ပေးရမှာ။ နှစ်လထက် ပိုပြီး တောင့်မခံနိုင်ဘူးဆိုတာ ငါ လောင်းရဲတယ်။ သူ သေရင်သေ၊ မသေရင် ဂိုဏ်းထဲကနေ ထုတ်ခံရမှာပဲ ”

အမျိုးသားသည် လက်ကိုမြှောက်၍ လက်သီးဆုပ်ကာ လက်ကို မြန်မြန်ဖြန့်ထုတ်၍ လက်ဟန်ပြလိုက်သည်။

သူတို့စကားသံများသည် လွန်စွာ တိုးညင်း၍ အဝေးကို လျှောက်သွားပြီဖြစ်သော ရွှီချင်းက မကြားရပေ။

ထိုအချိန်၌ ရွှီချင်းသည် တည်နေရာရွှေ့ပြောင်းသည့်နေရာမှ ထွက်ခွာလာခဲ့ပြီဖြစ်ပြီး မြို့ကြီးထဲကို ဝင်သွားသည်။

သူ မြို့ထဲ လျှောက်လာသည်နှင့်အမျှ သူ၏ရင်ထဲတွင် ခံစားချက်လှိုင်းတံပိုးများ တဖြည်းဖြည်း ရိုက်ခတ်လာသည်။

သူ့ကို ကြိုဆိုနေသည်က ကြယ်ဝချမ်းသာခြင်းဟူသော ပြယုဒ်ပင်။

ဆည်းဆာနေရောင်ခြည်တန်းများအောက်တွင် ဤမြို့ထဲရှိ မည်သည့်အဆောက်အအုံမဆို ယခင်က သူ၏မြို့ဟောင်းမှ မြို့စားစံအိမ်ကဲ့သို့ ခမ်းနားထည်ဝါနေသည်။

နေရာအနှံ့ မြင်နေရသော အစိမ်းရောင်အုတ်ကြွပ်များနှင့် အပင်စိမ်းစိမ်းစိုစိုလေးများက ဤမြို့ကို သပ်သပ်ရပ်ရပ်ဖြစ်သွားစေသည်။

မြို့ထဲတွင် လူပို၍ များသည်။ အဆုံးအစမဲ့ လူပင်လယ်ကြီးဖြစ်နေပြီး လူအားလုံး၏အဝတ်အစားများက လွန်စွာ သန့်ရှင်းသပ်ရပ်နေပြီး အများစုက ပိုးဖဲထည်များကို ဝတ်ဆင်ထားကြသည်။ သို့သော် သူတို့က အေးစက်တင်းမာနေပြီး အလျင်လိုနေဟန်ရှိသည်။

ထိုအချိန်တွင် နေဝင်တော့မည်ဖြစ်၍ လမ်းတစ်ဖက်တစ်ချက်ရှိ နေအိမ်များထံမှ အလင်းတန်းများ ဖြာကျလာသည်။ ထိုအလင်းရောင်အောက်တွင် မြို့ကြီးက နေ့နှင့်မခြား ရှိနေတော့သည်။ အိမ်များသည်သာ အလွန် တိတ်ဆိတ်နေပြီး အသံစိုးစဉ်းမျှပင် ထွက်မလာတော့ပေ။

ခပ်လှမ်းလှမ်းရှိ မြစ်ထဲ၌ လှေငယ်လေးတစ်စင်း ရှိနေသည်။ လှေကလေးပေါ်တွင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဇာပဝါတပ်ထားသော အမျိုးသမီးတစ်ဦးရှိသည်။ ထိုအမျိုးသမီးသည် ဆေးလုံးများကို မြစ်ထဲသို့ ပစ်နေရာ လှေကလေးပတ်လည်တွင် ငါးများ မရေမတွက်နိုင်အောင် ဝန်းရံနေတော့သည်။ ၎င်းတို့က ရံဖန်ရံခါ လေပေါ်ခုန်တက်လာရာ ဆည်းဆာနေရောင်ခြည်အောက်တွင် လှိုင်းကြက်ခွပ်ကလေးများ ဖြစ်ပေါ်လာတော့သည်။

ဆိပ်ကမ်းပေါ်ရှိ လူငယ်အများစုက မြစ်ထဲသို့ ခုန်ဆင်းကာ ဆေးလုံးများအတွက် ငါးများကို တိုက်ခိုက်နေကြသည်မှာ လွန်စွာ ထူးဆန်းပေသည်။

ထိုအခြင်းအရာအားလုံးက ရွှီချင်းကို အစိမ်းသက်သက်ခံစားသွားရစေပြီး စိုးရိမ်ကြောင့်ကြစိတ် ဖြစ်ပေါ်စေသည်။

ဤမြို့ကြီးက ရတနာမုဆိုးစခန်းနှင့် မတူညီသည်ကို သူ ခံစားနေရသည်။ ယခင်က သူ နေထိုင်ခဲ့သော ဆင်းရဲသားရပ်ကွက်တည်ရှိရာ မြို့လေးနှင့်လည်း မတူညီပေ။

သို့သော်လည်း တူညီနေသော အရာတစ်ခုတော့ ရှိနေပေသည်။

ဤမြို့၏လမ်းများထက်၌ ရွှီချင်းသည် ရင်းနှီးသောအနံ့တစ်ခုကို အမြဲ ရှူမိနေသည်။

ထိုအနံ့က သိပ်မပြင်းဘဲ ဆင်းရဲသားရပ်ကွက်နှင့် ရတနာမုဆိုးစခန်း၌သာ ရွှီချင်း မနေခဲ့ဖူးလျှင် ထိုအနံ့ကို အာရုံခံမိရန် လွန်စွာ ခဲယဉ်းပေမည်။

ယင်းသည် ဆင်းရဲသားရပ်ကွက်နှင့် ရတနာမုဆိုးစခန်းတွင် တူညီစွာရှိနေသော သွေးနံ့ပင် ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် မြို့ကြီးကို စိုက်ကြည့်၍ ရင်ထဲတွင် စိုးရိမ်စိတ်များ ကြီးစိုးလာသည်။

သူသည် တီးတိုးရေရွတ်နေရင်း လမ်းပေါ် လျှောက်လာသည်။ သူသည် လမ်းအလယ်မှ လျှောက်မသွားဘဲ မှောင်ရိပ်ကျနေသောနေရာများမှသာ လျှောက်သွားသည်။ ယင်းသည် ရွှီချင်း၏ အလေ့အကျင့်ဖြစ်သည်။

ယခုအခါ သူသည် အိပ်စက်အနားယူရန် တည်းခိုခန်းတစ်ခန်းကို ရှာဖွေနေ၏။ ဤနေရာရှိ သွေးညှီနံ့များက သူ့ကို လမ်းများထက်တွင် မနေစေရန် ပြုလုပ်နေသည်။

သွေးညှီနံ့များ၏ ဇစ်မြစ်ကို ရွှီချင်းက လိုက်ရှာနေရန်လည်း စိတ်ကူးမရှိချေ။ ယခု သူ လုပ်ရန်လိုအပ်သည်မှာ ကျင်းကန်းဂိုဏ်း၏ လိုက်လံသုတ်သင်သည့်ရန်မှ ကာကွယ်ရန် ဂိုဏ်းဝင်ခွင့်စစ်ဆေးပွဲကို မြန်ဆန်စွာ ဖြေဆိုပြီး ချီရွှဲ့ထုံဂိုဏ်းသား ဖြစ်လာရန်သာဖြစ်ကြောင်းကို သူ သိထားသည်။

ထိုစဉ် ဆည်းဆာနေရောင်ခြည်တန်းများသည် တဖြည်းဖြည်း ဖျော့တော့လာ၏။ ယခုတိုင်အောင် သင့်တော်သောနေရာ ရှာမတွေ့သေးသော ရွှီချင်းသည် ဘေးပတ်ဝန်းကျင်ကို ကြည့်၍ သူ၏အကြည့်က တဖြည်းဖြည်း စူးရှပြတ်သားလာသည်။

ကောင်းကင်ကြီး မှောင်မည်းလာသည်နှင့်အမျှ တစ်မြို့လုံး ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်လာသည်။ လမ်းများထက်ရှိ လူများသည်လည်း သူတို့နေထိုင်ရာအသိုက်အမြုံကို ခပ်သွက်သွက် သွားနေကြသည်။

အိမ်ပေါင်းထောင်ချီရှိပြီး မီးများထွန်းထားပါသော်လည်း အိမ်တံခါးများကို ပိတ်ထားကာ ပကတိတိတ်ဆိတ်ငြိမ်သက်နေကြ၏။

စားသောက်ဆိုင်များနှင့် စျေးဆိုင်များသည်လည်း ထိုနည်းတူပင်။ ဆိုင်အနည်းအကျဉ်းသည်သာ ဖွင့်ထားဆဲဖြစ်ပြီး ထိုဆိုင်များ၌လည်း စျေးဝယ်သူများ မရှိကြပေ။

မိုးကုတ်စက်ဝိုင်းအောက်တွင် နေမင်းကြီး ပျောက်ကွယ်သွားသောအခါတွင် တစ်လမ်းလုံး ဘာမှမရှိတော့ချေ။

ထိုအခြင်းအရာအားလုံးသည် ရွှီချင်း၏မျက်လုံးများကို မှေးသွားစေသည်။ သူသည် အမှောင်ထဲတွင် ခပ်သွက်သွက်လျှောက်ကာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်ရင်း တည်းခိုခန်းတစ်ခန်းကို ရှာဖွေနေသည်။

အချိန်များ ကုန်လွန်လာခဲ့ပြီး အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကြာသောအခါ နောက်ဆုံးတွင် အဝေးတစ်နေရာရှိ ဖွင့်ထားသော တည်းခိုခန်းတစ်ခန်းကို သူ မြင်လိုက်ရသည်။ သူ ဆက်သွားမည်ပြုစဉ် ရုတ်တရက် အဝေးကို လှမ်းကြည့်လိုက်သည်။

အဝေးတစ်နေရာရှိ မှောင်မည်းပြီး ဘာမှမရှိသော လမ်းထက်၌ လူရိပ်တစ်ရိပ်က ခပ်သွက်သွက် ပြေးနေသည်။ ယောက်ျားကြီးခုနစ်ယောက်၊ ရှစ်ယောက်က သွေးအေးသောအပြုံးများဖြင့် ထိုလူရိပ်နောက်ကို လိုက်နေကြ၏။

“ ပြေးချင်နေတာလား၊ မင်း ဘယ်ကို ပြေးမှာတုံး ကြည့်ရသေးတာပေါ့ ”

“ ဒီလောက်သတ္တိကောင်းတဲ့မိန်းမမျိုး ငါ မမြင်ဖူးတာ အတော်ကြာပြီ။ ငါတို့စောင့်ကြည့်နေတဲ့ လူကို သူက တကယ် အကွက်ရွှေ့သွားဝံ့တာပဲ ”

ရွှီချင်းက အေးတိအေးစက်ဖြင့် ကြည့်နေ၏။ ရှေ့မှ ပြေးသွားသူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ထိုအမျိုးသမီးသည် ဒဏ်ရာရထားဟန်တူပြီး ခြေလှမ်းများ အနည်းငယ် ယိုင်နဲ့နဲ့ ဖြစ်နေသည်။ ထိုအမျိုးသမီး၏ ရှုပ်ယှက်ခတ်နေသော ဆံပင်များအောက်၌ ကြောက်မက်ဖွယ်မျက်နှာတစ်ခု ရှိနေသည်ကို အကြမ်းဖျင်း မြင်နိုင်ပေသည်။

ရွှီချင်းသည် အကြည့်လွှဲလိုက်၏။ ဤကိစ္စသည် သူနှင့် မသက်ဆိုင်သည့်အတွက်ကြောင့် ဝင်ရောက်စွက်ဖက်ရန် စိတ်ကူးမရှိဘဲ ဖွင့်ထားသော တည်းခိုခန်းဆီ လျှောက်သွားသည်။

တချိန်တည်းမှာပင် ပြေးသွားသော အမျိုးသမီးသည်လည်း ရွှီချင်းကို မြင်သွားပြီး မျက်လုံးများ ဝင်းလက်သွားကာ ရုတ်တရက် အော်ပြောလိုက်သည်။

“ ငါ စွမ်းဆောင်မှုရမှတ်တွေရလာပြီ။ နင် ဘာလို့ အဲဒီမှာ အကူအညီ စောင့်နေရသေးတာတုံး။ မြန်မြန်ထွက်ပြေးကြမယ်လေ ”

ရွှီချင်း၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ချက် ဝင်းလက်သွားပြီး ထိုကဲ့သို့ မဟုတ်တရုတ်စကားများ ဆိုခဲ့သည့် အမျိုးသမီးကို ကြည့်လိုက်သည်။

ရွှီချင်း၏အကြည့်ကြောင့် ထိုအမျိုးသမီးမှာ တုန်ရီသွားပြီး ဆောင်းရာသီကို ရောက်သွားသည့်အလား ခံစားလိုက်သည်။ သူမ၏မျက်လုံးများ မှေးသွားကာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သူမ၏ကျောမှ ချွေးစေးများ စီးကျလာပြီး သူမ၏နောက်တွင် လိုက်နေသည့်လူများထက် သာလွန်သော အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်ရသည်။

အခြေအနေ ဆိုးသွားပြီကို ထိုအမျိုးသမီး ရိပ်မိလိုက်ပါသော်လည်း စကားကို ပြန်ရုတ်သိမ်း၍ မရတော့ပေ။ သို့ဖြစ်၍ သူမသည် အံကိုသာတင်းတင်းကြိတ်၍ တခြားတစ်ဖက်သို့ ပြေးထွက်သွားသည်။

All Chapters