မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲ
Vol. 173 Ch. 2590
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲသည် တစ်လကြာပေလိမ့်မည်။
သို့သော်လည်း ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက် အဆင့်သတ်မှတ်ချက်တိုက်ပွဲအပြီး၌ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲသည် စည်ကားသိုက်မြိုက်မှုများစွာ မရှိတော့ဘဲ အတော်လေးတည်ငြိမ်လာခဲ့သည်။
မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်တွေ့ဆုံပွဲ မပြီးဆုံးခင် ကျင့်ကြံသူများစွာက လူစုခွဲပြီး သူတို့၏ ဂိုဏ်းများရှိရာသို့ ပြန်ကုန်ကြသည်။
ဤဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲသည် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေတစ်ခုလုံးမှာ ကြီးမားစွာ ဂယက်ရိုက်သွားစေသည်။
မဟာနတ်မိမယ်လေးပါးကြား တိုက်ပွဲက အဓိကမဟုတ်ပေ။
ယွင်ထင်၏ ရှုံးနိမ့်မှုကလည်း မရေမတွက်နိုင်သော ကျင့်ကြံသူများကို တုန်လှုပ်သွားစေသည်။
သို့သော်လည်း မရေမတွက်နိုင်သော ကျင့်ကြံသူများကို တကယ်တမ်း ဆွဲဆောင်နိုင်သည့် အတင်းအဖျင်းမှာ မဟာနတ်မိမယ်လေးပါးနှင့် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်(၁) ဆူဇီမိုနှင့် ပတ်သက်သည့် အမျိုးမျိုးသော ကောလာဟလများ ဖြစ်လေသည်။
ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ ဉာဏ်အလင်းဖွင့်ကွင်းမှာ ဆူဇီမိုသည် အရင်လူများ ချန်ထားခဲ့သည့် ဓမ္မတာအိုအတွေ့အကြုံများကို လေ့လာဖတ်ရှုပြီးနောက် ဆက်လက်၍ တံခါးပိတ်ကျင့်ကြံရန် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ပြန်လာခဲ့သည်။
နောက်ထပ်တစ်လတာ ကုန်ဆုံးသွားခဲ့သည်။
ဤနေ့မှာ ယန်လောရှုနှင့် မင်းသမီးသက်တံနီတို့က လက်ချင်းတွဲ၍ ရောက်ရှိလာကြသည်။
ထောင်ယောင်နှင့် လျှိုဖျင်က သူတို့နှစ်ယောက်ကို လိုဏ်ဂူခန်းဝါထဲသို့ ကြိုဆိုလိုက်သည်။
“အစ်ကိုယန်… သက်တံနီ…”
ဆူဇီမိုက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ခွာပြီး သူတို့နှစ်ယောက်ကို ထိုင်ဖို့ဖိတ်ခေါ်လိုက်သည်။
ယန်လောရှုက မေးလိုက်သည်။
“မိုးကောင်းကင်ကိုးလွှာအင်မော်တယ်တွေ့ဆုံပွဲကိုရောက်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တယ်… ညီအစ်ကိုဆူ မင်းက ဘာတွေပြင်ဆင်ထားလဲ”
“ကျုပ်က ပြင်ဆင်စရာ ဘာရှိမှာလဲ”
ဆူဇီမိုက ပြုံးပြလိုက်သည်။
“မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲက ပုံမှန်ဆို ပကတိအင်မော်တယ်ပညာရှင်တွေအတွက် ဧည့်ခံကျင်းပပေးတဲ့ ပွဲတော်တစ်ခုပဲ… အခုချိန်မှာ ကျုပ်က ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ ရှိသေးတယ်… ကျုပ်က တက္ကသိုလ်က လူအုပ်နဲ့ ရောယောင်လိုက်ပါရုံပါပဲ”
မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲသည် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေကနေ ကျင်းပသော မဟာပွဲတော်တစ်ခုဖြစ်သည်။
ဤမဟာပွဲတော်မှာ မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေ၏ အန္တိမပကတိအင်မော်တယ်နှင့် သုခဘုံသန့်စင်ကုန်းမြေ၏ အန္တိမသူတော်စင်ကို ရွေးချယ်ရန် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ကြပေလိမ့်မည်။
ဆူဇီမိုသည် တက္ကသိုလ်အဖွဲ့နှင့် လိုက်ပါဖို့ အဆင့်မီသည့် အဓိကအကြောင်းအရင်းမှာ သူသည် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်တွေ့ဆုံပွဲမှာ ဒီဘက်မျိုးဆက်၏ ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်ဖြစ်လာသောကြောင့်ပင်။
အတိအကျဆိုရလျှင် ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ရှိ ကောင်းကင်အင်မော်တယ်တစ်ရာစလုံးက သူတို့၏ ဂိုဏ်းများ၊ အဖွဲ့အစည်းများနှင့်အတူ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲသို့ လိုက်ပါဖို့ အဆင့်မီလေသည်။
သို့သော်လည်း တကယ်တမ်းမှာတော့ ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများ၏ ပကတိအင်မော်တယ်ပညာရှင်များကသာ ဤပွဲတော်၏ အဓိကဇာတ်ဆောင်များ ဖြစ်ကြသည်။
“ပေါ့ပေါ့ဆဆမနေနဲ့ဦး”
မင်းသမီးသက်တံနီက ပြုံး၍ပြောလိုက်သည်။
“ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲအပြီးမှာ ရှင့်နဲ့ မဟာနတ်မိမယ်လေးပါးကြားက ကောလာဟလပေါင်းစုံက ထွက်ပေါ်လာခဲ့ပြီ… အခုချိန်မှာ ရှင်က မိုးကောင်းကင်ကိုးလွှာအင်မော်တယ်နယ်မြေမှာ ကျင့်ကြံသူအတော်များများရဲ့ ပစ်မှတ်ဖြစ်လာနေပြီ”
“အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
ဆူဇီမိုက အသံထွက်၍ ရယ်လိုက်၏။
မင်းသမီးသက်တံနီက ပြုံးပြလိုက်သည်။
“ဒါပေါ့… ကျင့်ကြံသူတွေရဲ့ နှလုံးသားထဲမှာ မဟာနတ်မိမယ်လေးပါးက ထိပါးစော်ကားလို့မရတဲ့ မိုးမြင့်နန်းထက်က စွမ်းပကားကြီးမားတဲ့ တည်ရှိမှုတွေပဲ… ဒါပေမဲ့ အခု ရှင်က သူတို့နဲ့ ပတ်သက်နေရုံတင်မကဘူး… ရှင်က တစ်ခါတည်း လေးယောက်စလုံးနဲ့ ပတ်သက်နေတယ်… ဘယ်သူက အဲဒါကို သည်းခံနိုင်တော့မှာလဲ”
ဆူဇီမိုက သူ့၏ ခေါင်းကို ကူကယ်ရာမဲ့စွာ ခါပြလိုက်သည်။
“အဲဒါက အမှန်မှမဟုတ်တာ… အဲဒါတွေက အခြေအမြစ်မရှိတဲ့ ကောလာဟလတွေပဲ”
“ကောလာဟလတွေက တောမီးလို ပျံ့နှံ့တတ်တယ်… ကြားပါပြောပါများလာရင် လူတွေက အဲဒါကို အလိုလို ယုံကြည်လာကြလိမ့်မယ်”
မင်းသမီးသက်တံနီက ပြောလိုက်၏။
ယန်လောရှုက ခဏမျှ စဉ်းစားတွေးတောပြီး ပြောလိုက်သည်။
“အဲဒီအကြောင်းအရင်းမရှိရင်တောင် လူတချို့က မင်းကို စိန်ခေါ်ဖို့ ရောက်လာကြနိုင်သေးတယ်… အဲဒါကို မိုးကောင်းကင်ကိုးလွှာအင်မော်တယ်တွေ့ဆုံပွဲလို့ခေါ်တော့ အဲဒီမှာ ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်(၁) ကိုးယောက်စလုံး ရှိနေမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ… သူတို့အားလုံးက မာန်မာနကြီးတဲ့ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေပဲ… ပဋိပက္ခတွေနဲ့ ရန်ပွဲတွေ ဖြစ်လာဖို့ဆိုတာ မလွဲမသွေပဲ”
“ဘယ်လိုပဲဖြစ်ဖြစ် မင်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ်… ပေါ့ပေါ့ဆဆမနေနဲ့”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။
ပုံရိပ်နှစ်ခုက သူ့၏ စိတ်ထဲမှာ ဖျတ်ခနဲ ပေါ်ထွက်လာသည်။
ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာတုန်းက သူသည် မင်းသားယင်ထျန်နှင့် မင်းသမီးလန်ချင်ချန်တို့နှင့် ကြုံတွေ့ခဲ့ရသည်။
သူသည် ဤတစ်ခေါက် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ဤလူနှစ်ယောက်နှင့် ပြန်တွေ့ရဖို့ အခွင့်များလေသည်။
ယန်လောရှုက ဆက်ပြောလိုက်သည်။
“နောက်ပြီး ဒီတစ်ခေါက် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲက အရင်တုန်းကနဲ့ သိပ်မတူဘူး… ဘာပဲပြောပြော မကြာသေးခင်နှစ်တွေထဲ မိစ္ဆာမဟာနယ်မြေမှာ ဗရုတ်ဗရက်တွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်… ကောင်းကင်ဘုံကမ္ဘာမှာ အနှိုင်းမဲ့မိစ္ဆာနှစ်ဦးနဲ့ အထီးကျန်သိုင်းသခင်လို အန္တိမပြန်ဝင်စားမိစ္ဆာတစ်ဦး ပေါ်ထွက်လာတာက မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေနဲ့ သုခဘုံသန့်စင်ကုန်းမြေကို အတော်လေး ဆွဲဆောင်မိထားတယ်”
“ငါသိရသလောက်ဆိုရင် ဒီတစ်ခေါက် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ အင်မော်တယ်မဟာနယ်မြေတိုင်းက အခြေအနေကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့အတွက် အနည်းဆုံး အန္တိမအင်မော်တယ်ဘုရင်တစ်ပါးစီကို စေလွှတ်ကြလိမ့်မယ်… သုခဘုံသန့်စင်ကုန်းမြေမှာလည်း အတူတူပဲနေမှာ”
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ဂိုဏ်းကြီးများသည် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ သူတို့၏ အဖွဲ့အစည်းကြီးများကို ဦးဆောင်ဖို့ အင်မော်တယ်ဘုရင်တစ်ပါးကိုသာ စေလွှတ်တတ်ကြသည်။
မည်သို့ပင်ဆိုစေ… မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲသည် အဓိကအားဖြင့် ပကတိအင်မော်တယ်ပညာရှင်များကြား ယှဉ်ပြိုင်တိုက်ခိုက်မှုတစ်ခုသာဖြစ်သည်။
သို့သော်ယခု မိစ္ဆာမဟာနယ်မြေမှ ရုတ်ရုတ်သဲသဲ အခြေအနေများကြောင့် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေသည် သတိကြီးကြီးထားလာပြီး အခြေအနေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အန္တိမအင်မော်တယ်ဘုရင်များကိုပင် စေလွှတ်ကြပေလိမ့်မည်။
ဆူဇီမိုက နှုတ်ဆိတ်သွား၏။
ထိုသို့ဆိုပါက သိုင်းတာအိုပင်မခန္ဓာအနေဖြင့် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ပြဿနာရှာဖို့က ပို၍ပင် အန္တရာယ်များလာပေလိမ့်မည်။
အခြေအနေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် အင်မော်တယ်ဘုရင်ပညာရှင်များ သို့မဟုတ် အန္တိမအင်မော်တယ်ဘုရင်များ ရှိနေမည်ဆိုလျှင် သူ့မှာ ငရဲဖိနှိမ်မီးဖို၏ အကူအညီရှိနေမည်ဆိုလျှင်တောင် မထိမခိုက် ထွက်ပြေးနိုင်ချင်မှ ထွက်ပြေးနိုင်ပေလိမ့်မည်။
ဤအချိန်အတောအတွင်းမှာ ဆူဇီမိုသည် သိုင်းတာအိုပင်မခန္ဓာကို အနှောင့်အယှက်မပေးခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ တာအိုနည်းစနစ်များကို ကောက်ချက်ချဖို့အတွက် အဝီစိမှာ တံခါးပိတ်ကျင့်ကြံနေ၏။ သူသည် အရေးကြီးဆုံး အမှတ်တစ်ခုအထိ ကျင့်ကြံထားခဲ့ပြီဖြစ်သည်။
သူက အဲဒါကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် သူသည် သိုင်းတာအိုပင်မခန္ဓာ၏ အနာဂတ်တာအိုကို ဖွင့်လှစ်ကာ လမ်းကြောင်း၏ အခြားတစ်ဖက်ကို တွေ့မြင်ရဖို့ အခွင့်များလေသည်။
ဆူဇီမိုက မေးလိုက်သည်။
“တက္ကသိုလ်ကို ဘယ်အင်မော်တယ်ဘုရင်က ဦးဆောင်မှာလဲ”
“ဂိုဏ်းချုပ်က ငါတို့အဖွဲ့ကို ဦးဆောင်ဖို့ မဟာအကြီးအကဲကို ပြောထားတယ်”
ယန်လောရှုက ပြောလိုက်သည်။
“မဟာအကြီးအကဲက အသက်ကြီးနေပြီဆိုပေမဲ့ သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က ရှိနေတုန်းပဲ… သူကလည်း အန္တိမအင်မော်တယ်ဘုရင်တစ်ပါးပဲ… အဲ့လိုဆိုရင် ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်အဖွဲ့က တစ်ခုခုဖြစ်လာတဲ့အခါ ငါတို့တွေက အဲဒါကို အလွယ်တကူ ကိုင်တွယ်နိုင်မယ်”
“ဂမ္ဘီရမိုးကောင်းကင်နန်းတော်က အင်မော်တယ်ဘုရင်ချင်းယန်က ဒီတစ်ခေါက် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းနဲ့ အင်မော်တယ်နိုင်ငံသုံးနိုင်ငံက ကျင့်ကြံသူတွေကို ဦးဆောင်လိမ့်မယ်လို့ ငါကြားထားတယ်”
အင်မော်တယ်ဘုရင်ချန်ယန်ကလည်း အန္တိမအင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လေသည်။
ဆူဇီမိုက နှုတ်ဆိတ်သွားသည်။
ယန်လောရှုပြောပုံအရ အင်မော်တယ်မဟာနယ်မြေတိုင်းသည် အခြေအနေကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့အတွက် အန္တိမအင်မော်တယ်ဘုရင်တစ်ယောက်စီကို စေလွှတ်ကြပေလိမ့်မည်။
ယခုအခါ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကပင် အင်မော်တယ်ဘုရင်ချင်းယန်နှင့် တက္ကသိုလ်မှ မဟာအကြီးအကဲနှင့်အတူ နှစ်ယောက်ရှိနေပြီဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ အနည်းဆုံး အန္တိမအင်မော်တယ်ဘုရင် ၁၀ပါးရှိနေလိမ့်မည်ဖြစ်ပြီး သာမန်အင်မော်တယ်ဘုရင်များက ပို၍ပင် များပြားနိုင်သည်။
သုခဘုံသန့်စင်ကုန်းမြေဘက်မှာလည်း တိုက်ကြီးလေးတိုက်ရှိလေသည်။
အရှေ့ဘက်မှာ ပုဗ္ဗဝိဒေဟ၊ တောင်ဘက်မှာ ဇမ္ဗူဒီပ၊ အနောက်ဘက်မှာ အပရဂေါယာနနှင့် မြောက်ဘက်မှာ ဥတ္တရကုရုတို့ ဖြစ်လေသည်။
အမှားအယွင်း တစ်စုံတစ်ရာ မရှိလျှင် တိုက်ကြီးတိုင်းက အန္တိမအင်မော်တယ်ဘုရင်များကို စေလွှတ်ကြပေလိမ့်မည်။
အန္တိမအင်မော်တယ်ဘုရင်များချည်းသက်သက် အနည်းဆုံး ၁၀ပါး ရှိနေပေလိမ့်မည်။
ဤတစ်ခေါက် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲသည် ဤမျှများပြားသော ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်များကိုပင် ဆွဲဆောင်ထားနိုင်လေသည်။ ဧကရာဇ်တစ်ပါး ဆင်းသက်မလာသရွေ့ မည်သူကမှ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲကို ပြဿနာလာရှာနိုင်လိမ့်မည် မဟုတ်ပေ။
ဧကရာဇ်တစ်ပါး ပေါ်ထွက်လာမည်ဆိုလျှင်တောင် သူသည် ပြဿနာများစွာ ရှာနိုင်ချင်မှ ရှာနိုင်ပေလိမ့်မည်။
မတော်တဆဖြစ်ရပ်များကို တားဆီးရန် အမှောင်ထဲကနေ စောင့်ကြည့်နေသော ဧကရာဇ်အဆင့်ပညာရှင်တချို့ပင် ရှိနေဖို့များလေသည်။
ထိုသို့ဆိုလျှင်တောင် ဆူဇီမိုသည် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲအတွက် မျှော်လင့်ချက်များစွာထားလေသည်။
အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ တိုက်ပွဲနိုင်ငံမှ လူသားဧကရာဇ်နှင့် အင်မော်တယ်ဘုရင်မ လင်းလုံတို့က ပေါ်ထွက်လာမလား သို့မဟုတ် လူသားဧကရာဇ်၏ ထိခိုက်ဒဏ်ရာများက သက်သာပျောက်ကင်းသွားပြီလား သူ မသိရသေးပေ။
သူသည် ဤတစ်ခေါက်မှာ အင်မော်တယ်ဘုရင်မ လင်းလုံနှင့် တွေ့ခွင့်ရမည်ဆိုလျှင် သူသည် သူမ၏ အသက်ကယ်ကျေးဇူးအတွက် သူမကို သေချာပေါက် ကျေးဇူးတင်ရပေလိမ့်မည်။
သူသည် အထက်ဘုံသို့ တက်လှမ်းလာစဉ်က ကြုံတွေ့ခဲ့ရသည့် လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုနှင့် ပတ်သက်သည့် သဲလွန်စတချို့ကို အင်မော်တယ်ဘုရင်မ လင်းလုံထံမှ ရရှိကောင်း ရရှိနိုင်ပေလိမ့်မည်။
သူသည် ဤတစ်ခေါက် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းတချို့နှင့်လည်း တွေ့ခွင့်ရမလား မပြောတတ်ပေ။
သုံးရက်ကြာပြီးနောက်…
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ခေါင်းလောင်းသံတချို့က ဆက်တိုက်ထွက်ပေါ်လာသည်။
မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲက စတင်တော့မည်ဖြစ်သည်။ ထိုခေါင်းလောင်းသံသည် တက္ကသိုလ်မှ အမွေခံတပည့်များကို ခေါ်ယူစုဝေးလိုက်သည့် ခေါင်းလောင်းသံဖြစ်သည်။
အမွေခံတပည့်များစွာက တံခါးပိတ်ကျင့်ကြံရာကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြလေသည်။ မရေမတွက်နိုင်သော အတွင်းဂိုဏ်းတပည့်များနှင့် အပြင်ဂိုဏ်းတပည့်များ၏ အားကျနေသော အကြည့်များအောက်မှာ သူတို့က ဂိုဏ်း၏ ဝင်ပေါက်ဝမှာ စုဝေးရောက်ရှိလာကြသည်။
ဆူဇီမိုကလည်း သူ၏ လိုဏ်ဂူခန်းဝါကနေ ထွက်လာခဲ့သည်။
သူသည် ဤတစ်ခေါက်မှာ လျှိုဖျင်နှင့်ထောင်ယောင်ကို ခေါ်သွားဖို့ စိတ်ကူးမရှိပေ။
ထောင်ယောင်သည် မည်သို့ပင်ဆိုစေ ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ပေါ်ထွက်ခဲ့ဖူးသည်။ သူ့ကို ဤတစ်ခေါက် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ တစ်ယောက်ယောက်က မှတ်မိသိရှိသွားမည်ဆိုလျှင် မတော်တဆပြဿနာများ ကျရောက်လာပေလိမ့်မည်။
မဟာအကြီးအကဲက ဤတစ်ခေါက် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်အဖွဲ့ကို ဦးဆောင်မည်ဖြစ်သည်။
အမွေခံတပည့်ရာချီကြားမှာ ဓားအင်မော်တယ်ယွဲ့ဟွားက ခေါင်းဆောင်ဖြစ်လေသည်။
မိုချင်ကလည်း တံခါးပိတ်ကျင့်ကြံဖို့ မရွေးချယ်ဘဲ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲသို့ တက္ကသိုလ်အဖွဲ့နှင့်အတူ လိုက်ပါဖို့ပြင်ထားသည်။
ဆူဇီမိုက တက္ကသိုလ်၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာသည့်အခါမှာပင် မိုချင်က သူ့ကို မြင်တွေ့သွားပြီး သူ့ကို လှမ်းခေါ်လိုက်လေသည်။