← Chapters

တည်ဆောက်သူသစ်ပင်တောင်ကြောရိုး

Vol. 173 Ch. 2591

တည်ဆောက်သူသစ်ပင်တောင်ကြောရိုး

Vol. 173 Ch. 2591

နတ်မိမယ်မိုချင်က ဆူဇီမိုကို လှမ်းခေါ်လိုက်သည်ကို တွေ့ရသောအခါ တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာမှာ မတူညီသော အမူအရာများ ရှိနေကြသည်။

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများသည် မိုချင်က ဆူဇီမိုကို သူမ၏ တခြားသော ဂိုဏ်းသားရောင်းရင်းများနှင့် မတူကွဲပြားစွာ ဆက်ဆံနေသည်ကို ရှင်းလင်းစွာ သတိထားမိကြသည်။

သို့သော်လည်း နတ်မိမယ်မိုချင်နှင့် ဆူဇီမိုကြားမှာ အလွန်တရာ ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေး တစ်စုံတစ်ရာ ရှိပုံမရပေ။

နတ်မိမယ်မိုချင်သည် ဆူဇီမိုကို ပို၍ဂရုစိုက်ပေးနေခြင်းနှင့်သာ တူလေသည်။

အနည်းဆုံးတော့ သူတို့နှစ်ယောက်သည် ပွတ်သီးပွတ်သပ် အပြုအမူများကို ဘယ်တုန်းကမှ မပြသခဲ့ကြပေ။

သို့သော်လည်း နတ်မိမယ်မိုချင်၏ သူ့အပေါ် ထူးခြားသော ပြုမူဆက်ဆံမှုသည် အခြားသူများကို မနာလိုအားကျသွားစေဖို့ လုံလောက်လေသည်။

တက္ကသိုလ်မှ အမွေခံတပည့်အများစုသည် သူတို့၏ အကန့်အသတ်ကို သူတို့သိရှိထားကြသည်။

သူတို့သည် မိုချင်ကို သဘောကျချီးကျူးကြသော်လည်း သူတို့သည် မဟုတ်မဟတ်အတွေးတစ်စုံတစ်ရာကို ဘယ်တုန်းကမှ မထားရှိခဲ့ကြပေ။

သို့သော်လည်း ဓားအင်မော်တယ်ယွဲ့ဟွားကတော့ မတူပေ။

ဓားအင်မော်တယ်ယွဲ့ဟွားက နတ်မိမယ်မိုချင်ကို နှစ်ပေါင်းများစွာကြာအောင် ပိုးပန်းလာခဲ့သည်ကို တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက သိရှိထားကြသည်။

ဓားအင်မော်တယ်ယွဲ့ဟွားအပေါ် နတ်မိမယ်မိုချင်၏ စိတ်သဘောထားက အမြဲတမ်း အပေါ်ယံမျှသာဖြစ်ခဲ့လေသည်။

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲပြီးကတည်းက နတ်မိမယ်မိုချင်သည် ဓားအင်မော်တယ်ယွဲ့ဟွားကို တွေ့သည့်အခါ နှုတ်ပင်မဆက်တော့ပေ။

သူတို့နှစ်ယောက်ကြားမှာ မည်သည့်ဖြစ်နိုင်ခြေမှ ဆက်မရှိနိုင်တော့သည်ကို လူတိုင်းက ပြောနိုင်ကြသည်။

ယခုအချိန်မှာ သူတို့သည် ဂိုဏ်းသားရောင်းရင်းအဖြစ် ဆက်ဆံရေးတစ်ခုကို ထိန်းထားရုံမျှသာ ဖြစ်သည်။

ဓားအင်မော်တယ်ယွဲ့ဟွားသည် မိုချင်နှင့်ဆူဇီမို အတူတကွလျှောက်လှမ်းလာသည်ကို တွေ့မြင်ပုံမရပေ။ သူက အေးစက်နေသော အမူအရာတစ်ခုဖြင့် အဝေးတစ်နေရာသို့ ငေးကြည့်ပြီး နှုတ်ဆက်နေ၏။

“စီနီယာအစ်မ… ခင်ဗျားရဲ့ ကျင့်ကြံမှုက…”

မိုချင်ရှေ့သို့ ရောက်လာပြီးနောက် ဆူဇီမိုက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှုပ်ရှားစေကာ စီနီယာအစ်မမိုချင်က အရင်ကနှင့် မတူတော့ပုံရသည်ကို ခပ်ရေးရေးအာရုံခံမိသွားသည်။

သူက အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့လေပြီ။

အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အားကို အသုံးပြုခြင်းမရှိလျှင်တောင် သူ့စိတ်ဝိညာဉ်အသိစိတ်၏ ခွန်အားသည် ပကတိဧကနယ်ပယ်၏ ကနဦးပုံစံကို ထိတွေ့မိနေပြီဖြစ်ပြီး သူသည် မိုချင်ထံမှ အနည်းငယ်သော အပြောင်းအလဲကို အာရုံခံမိနိုင်သည်။

“အင်း ဟုတ်တယ်”

မိုချင်က ခေါင်းညိတ်ပြလိုက်သည်။

“ငါ့ရဲ့ ကျင့်ကြံမှုက တိုးတက်လာပြီး ပကတိဧကနယ်ပယ်ရဲ့ သုခဘုံလေဟာနယ်နယ်ပယ်ကို ရောက်ရှိသွားခဲ့ပြီ”

ခဏမျှ ရပ်တန့်ပြီးနောက် သူမက ဆက်ပြောလိုက်သည်။

“နင် ငါ့ကို ပေးခဲ့တဲ့ ဂမ္ဘီရဆီးနှင်းမက်မန်းသီးနှစ်လုံးက တော်တော်အသုံးတည့်တာပဲ… ကျေးဇူးပဲ”

“ရပါတယ်… အဲဒါ ဘာမှမဟုတ်ဘူး”

ဆူဇီမိုက ပြုံးပြလိုက်သည်။

ပကတိဧကနယ်ပယ်ကို ပေါင်းစည်းခြင်း၊ အာကာသသက်ရှိ၊ ဗလာနယ်ဝိညာဉ်နှင့် သုခဘုံလေဟာနယ်ဟူ၍ ခွဲခြားထားသည်။ သူမအား ဆူဇီမို ပေးခဲ့သည့် ဂမ္ဘီရဆီးနှင်းမက်မန်းသီးနှစ်လုံးအပြင် မိုချင်သည် သုခဘုံလေဟာနယ်အထိ ကျင့်ကြံလာနိုင်ခဲ့သည်မှာ သူမသည် နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားချပ်ကို ထပ်မံ၍ နားလည်ဆင်ခြင်နိုင်ခဲ့သောကြောင့်ဖြစ်သည်။

ယခင်က သူမသည် နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားချပ်ထဲမှ နတ်ဘုရားရုပ်ပုံကိုသာ နားလည်ဆင်ခြင်နိုင်ခဲ့သည်။

သို့သော် ယခု သူမသည် သူတို့ထဲမှ နောက်ထပ်ရုပ်ပုံတစ်ခု၊ မိစ္ဆာရုပ်ပုံကို နားလည်ဆင်ခြင်မိခဲ့သည်။

မိုချင်သည် တစ္ဆေရုပ်ပုံနှင့် အင်မော်တယ်ရုပ်ပုံကိုကျော်ပြီး မိစ္ဆာရုပ်ပုံကို အရင်ဆုံးနားလည်ဆင်ခြင်ဖို့ ရွေးချယ်ခဲ့သည်မှာ အကြောင်းအရင်းတစ်ခု ရှိလေသည်။

သို့သော်လည်း ဂမ္ဘီရမိုးကောင်းကင်တွေ့ဆုံပွဲက စတင်တော့မည်ဖြစ်ပြီး သူမမှာ သူမ၏ အတွေးများကို အတည်ပြုဖို့ အချိန် သို့မဟုတ် အခွင့်အရေး မရှိတော့ပေ။

သိပ်မကြာခင် တက္ကသိုလ်မှ ပကတိအင်မော်တယ်ရာချီက ဂိုဏ်း၏ ရှေ့မှာ စုဝေးရောက်ရှိလာကြသည်။ သူတို့၏ ကျင့်ကြံမှုမှာ အလွန်တရာ အရေးကြီးသော အခိုက်အတန့်နှင့် ကြုံတွေ့နေရသော ပကတိအင်မော်တယ်တချို့က လွဲလျှင် အမွေခံတပည့်အများစုက မိုးကောင်းကင်ကိုးလွှာအင်မော်တယ်တွေ့ဆုံပွဲသို့ သွားရောက်ဖို့ ပြင်ထားကြသည်။

တကယ်တော့ သူတို့အများစုသည် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်အတွက် တိုက်ခိုက်ဖို့ အဆင့်မမီကြပေ။

သို့သော်လည်း ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်အတွက် ထိပ်သီးပညာရှင်များကြား ယှဉ်ပြိုင်တိုက်ခိုက်မှုသည် လူတိုင်း လက်လွှတ်မခံနိုင်သည့် မဟာပွဲတော်တစ်ခုဖြစ်သည်။

ထိပ်သီးပကတိအင်မော်တယ်များကြား ယှဉ်ပြိုင်တိုက်ခိုက်မှုကို စောင့်ကြည့်ခြင်းဖြင့် သူတို့သည် တစ်စုံတစ်ရာကို သေချာပေါက် သင်ယူရရှိပေလိမ့်မည်။

“သွားကြတာပေါ့”

တက္ကသိုလ်၏ မဟာအကြီးအကဲက သူ၏ လက်ကို ဝှေ့ယမ်းပြီး တခြားသော ဂိုဏ်းနှင့်အဖွဲ့အစည်းများနှင့်အတူ စုဝေးရန် တက္ကသိုလ်၏ ပို့ဆောင်ရေးဝင်္ကပါကို ဖြတ်ကျော်ပြီး ဂမ္ဘီရမိုးကောင်းကင်နန်းတော်သို့ အရင်ရောက်ရှိလာသည်။

အင်မော်တယ်နိုင်ငံသုံးနိုင်ငံနှင့် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းအပြင် ရှေးတော်ဝင်မိသားစုတချို့၊ ကမ္ဘာ့မြေအဆင့်ဂိုဏ်းများ၏ ဂိုဏ်းချုပ်များ၊ အကြီးအကဲအဆင့်ပညာရှင်များနှင့် ခြေသလုံးအိမ်တိုင်ပကတိအင်မော်တယ်ကျင့်ကြံသူများက ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှာ စုဝေးရောက်ရှိလာကြသည်။

ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှာပင် ပကတိအင်မော်တယ်တစ်ထောင် ရှိလေသည်။

ဤတစ်ခေါက် ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှာ စုဝေးရောက်ရှိလာသော ပကတိအင်မော်တယ်များက တစ်သောင်းနီးပါးရှိပြီး ကြီးမားသော လူစုလူဝေးကြီးတစ်ခုကို ဖြစ်နေစေသည်။

အင်မော်တယ်ဘုရင်များကသာလျှင် ဤကဲ့သို့ ကြီးမားသော အစုအဖွဲ့တစ်ခုကို ဖိနှိမ်နိုင်ပေမည်။

အင်မော်တယ်ဘုရင်ချင်းယန်နှင့် တက္ကသိုလ်၏ မဟာအကြီးအကဲက လွဲလျှင် အခြားသော ကောင်းကင်အဆင့်ဂိုဏ်းများသည် သာမန်အင်မော်တယ်ဘုရင်များကိုသာ စေလွှတ်ခဲ့ကြသည်။

ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကနေ စေလွှတ်ပေးသော သာမန်အင်မော်တယ်ဘုရင်လေးပါးနှင့်အတူ သူတို့အဖွဲ့မှာ အန္တိမအင်မော်တယ်ဘုရင်နှစ်ပါး၊ သာမန်အင်မော်တယ်ဘုရင်ဆယ်ပါးနှင့် ပကတိအင်မော်တယ်ပညာရှင် တစ်သောင်းနီးပါးရှိနေသည်။

ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ကောင်းကင်အင်မော်တယ်များ၊ ပကတိအင်မော်တယ်များ၊ အင်မော်တယ်ဘုရင်တချို့၏ လက်ရင်းတပည့်များနှင့်အတူ ဂမ္ဘီရမိုးကောင်းကင်နန်းတော်အုပ်စုက လူအရေအတွက် တစ်သောင်းကျော်လာခဲ့ပြီဖြစ်သည်။

အမျိုးမျိုးသော အဖွဲ့အစည်းများ စုဝေးရောက်ရှိလာသည်ကို အင်မော်တယ်ဘုရင်ချင်းယန် မြင်တွေ့ပြီးသောအခါ သူက ပို့ဆောင်ရေးဝင်္ကပါဆီသို့ လူတိုင်းကို ဦးဆောင်ခေါ်ပြီး ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကနေ ထွက်ခွာသွားကြသည်။

တည်ဆောက်သူသစ်ပင်တောင်ကြောရိုး…။

တည်ဆောက်သူသစ်ပင်သည် ကောင်းကင်ဘုံကမ္ဘာ၏ နတ်ဘုရားသစ်ပင်ဖြစ်ပြီး ကောင်းကင်ဘုံကမ္ဘာ၏ အလယ်ဗဟိုချက်မှာ တည်ရှိလေသည်။ ၎င်းသည် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေ၊ သုခဘုံသန့်စင်ကုန်းမြေနှင့် မိစ္ဆာမဟာနယ်မြေတို့ကို ချိတ်ဆက်ပေးထားသည်။

ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ထဲမှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီတို့ကို စုပ်ယူပြီး ကောင်းကင်ဘုံကမ္ဘာကို အမျိုးမျိုးသော သက်ရှိများ ကျင့်ကြံ၍ ရှင်သန်ကြီးထွားနိုင်သော နေရာတစ်ခု ဖြစ်ပေါ်လာစေသည်မှာ အဓိကအားဖြင့် တည်ဆောက်သူသစ်ပင်၏ တည်ရှိမှုကြောင့်ဖြစ်သည်။

ဥပမာ ဆူဇီမို အရင်ဆုံးတက်လှမ်းခဲ့သော နဂါးအသူရာချောက်နယ်ကြယ်သည် ကောင်းကင်ဘုံကမ္ဘာ၏ အပြင်ဘက်မှာ တည်ရှိလေသည်။ ထိုနေရာမှာ မည်သည့် အင်မော်တယ်သစ်ပင် သို့မဟုတ် မည်သည့် စိတ်ဝိညာဉ်ပစ္စည်းမှ မရှိပေ။ ထို့ကြောင့် ထိုနေရာမှာ ရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီက ပါးလွှာပြီး သက်ရှိများ ကျင့်ကြံဖို့အတွက် မသင့်လျော်ပေ။

တည်ဆောက်သူသစ်ပင်တောင်ကြောရိုးသည် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေဘက်ခြမ်းမှာ တည်ဆောက်သူသစ်ပင်နှင့် အနီးဆုံးတောင်ကြောရိုး ဖြစ်လေသည်။

၎င်းသည် တည်ဆောက်သူသစ်ပင်ကို ဝန်းရံထားသည့်အလား စက်ဝိုင်းခြမ်းပုံသဏ္ဌာန် ရှိနေသည်။

မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲကို နှစ်တစ်သိန်းကြာပြီးတိုင်း တည်ဆောက်သူသစ်ပင်တောင်ကြောရိုးမှာ ကျင်းပလေ့ရှိသည်။

မကြာသေးခင်ရက်များမှာ တည်ဆောက်သူသစ်ပင်တောင်ကြောရိုးက ရုတ်တရက် စည်ကားသက်ဝင်လာခဲ့သည်။ မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေတစ်ဝန်းမှ ကျင့်ကြံသူများသည် ဤနေရာမှာ စုဝေးရောက်ရှိလာကြလေသည်။

အစက ဤတောင်ကြောရိုးမှာ သက်ရှိပေါင်းစုံနှင့် တောကောင်များ ရှိနေခဲ့ကြသည်။ ဤအချိန်အတောအတွင်း သူတို့က တစ်နေရာရာမှာ ပုန်းခိုနေကြပြီး ပေါ်ထွက်မလာရဲတော့ပေ။

တည်ဆောက်သူသစ်ပင်တောင်ကြောရိုး၏ တောင်ထွတ်၌ ပို့ဆောင်ရေးဝင်္ကပါပေါ်မှာ ကျိန်းစပ်နေသော အလင်းရောင်တစ်ခုနှင့်အတူ တွဲဖက်၍ ကျင့်ကြံသူများစွာက ရုတ်တရက် ဆင်းသက်ရောက်ရှိလာကြသည်။ သူတို့က အရေအတွက် တစ်သောင်းကျော်ဖြစ်သည်။

သူတို့၏ ခေါင်းဆောင်မှာ ကြောက်စရာကောင်းသော အော်ရာတစ်ခုရှိပြီး ချောက်ချားစရာကောင်းသော စွမ်းပကားတစ်ခုကို ထုတ်ဖော်ထားသည်။

အင်မော်တယ်ဘုရင်ချင်းယန်နှင့် ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ လူအုပ်စုသည် တည်ဆောက်သူသစ်ပင်တောင်ကြောရိုးသို့ ရောက်ရှိလာကြသည်။

တည်ဆောက်သူသစ်ပင်၏ တောင်ထွတ်ပေါ်မှာ မတ်တတ်ရပ်ရင်း ဆူဇီမိုသည် တည်ဆောက်သူသစ်ပင်ရှိရာဘက်သို့ အလိုလိုကြည့်လိုက်၏။

သူက ကြိုတင်ပြင်ဆင်ထားသော်လည်း သူက တုန်လှုပ်သွားရဆဲဖြစ်သည်။

အဝေးတစ်နေရာမှာ ရှေးဟောင်းသစ်ပင်တစ်ပင်သည် မြေပြင်ထဲကနေ မြင့်မားထိုးထွက်နေ၏။ ၎င်း၏ တုတ်ခိုင်သော ပင်စည်က တိမ်စိုင်များကို ထိုးဖောက်ထားပြီး အပြင်ဘက်ရှိ အကန့်အသတ်မဲ့သော ကြယ်တာရာကောင်းကင်ထဲသို့ ရောက်ရှိနေသည့်အလားပင်။

ရှေးဟောင်းသစ်ပင်သည် လောကကို ထိုးဖောက်ထားပုံရသည်။

ကြီးမားသော သစ်ရွက်များက စိန်းလန်းစိုပြေကာ များပြားပြီး ကောင်းကင်တစ်ခွင် ဖုံးအုပ်နေ၏။

ရှေးဟောင်းသစ်ပင်သည် ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားပြီး မြေအောက်မှာ နက်ရှိုင်းစွာ အမြစ်ကုပ်ယူထားသည်။ မရေမတွက်နိုင်သော သစ်ရွက်များက ကောင်းကင်ဘုံကမ္ဘာကို ချိတ်ဆက်ထားပြီး ၎င်း၏ ပင်စည်က မိုးကောင်းကင်ထက်ရှိ တိမ်စိုင်များကြားမှာ ရပ်တည်ကာ သက်ရှိများအားလုံးကို ငုံ့ကြည့်နေသည်။

မည်သည့်သက်ရှိမဆို ငွားငွားစွင့်စွင့် မြင့်မားသော ဤရှေးဟောင်းသစ်ပင်နှင့် ရင်ဆိုင်ရချိန်မှာ အလွန်တရာသိမ်ငယ်မှုကို ခံစားရပေလိမ့်မည်။

ဤမြင်ကွင်းက တကယ့်ကို တုန်လှုပ်စရာကောင်းလွန်းသည်။

ပကတိအင်မော်တယ်ပညာရှင်များနှင့် အင်မော်တယ်ဘုရင်ချင်းယန်ကဲ့သို့ အန္တိမအင်မော်တယ်ဘုရင်များပင် ကောင်းကင်ဘုံကမ္ဘာ၏ တည်ဆောက်သူသစ်ပင်ရှေ့မှာ သိမ်ငယ်မှုကို ခံစားရပေလိမ့်မည်။

ဤရှေးဟောင်းသစ်ပင်သည် သမိုင်းတစ်လျှောက် ခေတ်အဆက်ဆက်ကို တွေ့မြင်ထားခဲ့သည်။

၎င်းသည် မရေမတွက်နိုင်သော စစ်ပွဲမီးတောက်များနှင့် အချိန်သဲမြစ်များကို တွေ့ကြုံဖြတ်ကျော်လာခဲ့သည်။ ကောင်းကင်ဘုံကမ္ဘာ၏ အရှင်သခင်များက အချိန်နှင့်အမျှ ပြောင်းလဲသွားသော်လည်း ဤရှေးဟောင်းသစ်ပင်က မပြောင်းမလဲဘဲ အမြဲတမ်း မားမားမတ်မတ် ရပ်တည်နေခဲ့သည်။

ဤတစ်ခေါက် ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ ကျင့်ကြံသူများ၏ အနည်းဆုံးထက်ဝက်သည် ပထမဆုံးအကြိမ်အဖြစ် တည်ဆောက်သူသစ်ပင်ကို တွေ့မြင်ရခြင်းဖြစ်သည်။

ကျင့်ကြံသူများသည် တည်ဆောက်သူသစ်ပင်၏ စွမ်းပကားနှင့် ရင်ဆိုင်ရချိန်မှာ တုန်လှုပ်၍ အလိုလိုဒူးထောက်ချလိုက်၏။

ဤသည်က တည်ဆောက်သူသစ်ပင်၏ ဂမ္ဘီရဆန်သော စွမ်းပကားတစ်ခု ဖြစ်လေသည်။

တည်ဆောက်သူသစ်ပင်ကို​ ပထမဆုံးအကြိမ် တွေ့မြင်ရသော သက်ရှိများ အားလုံးနီးပါးသည် ဒူးထောက်ချမိပေလိမ့်မည်။

ဧကရာဇ်များသာလျှင် တည်ဆောက်သူသစ်ပင်၏ ကြီးမားသော စွမ်းပကားကို ခုခံနိုင်ပေမည်။

All Chapters