တည်ဆောက်သူသစ်ပင်ကို ပစ်မှတ်ထားခြင်း
Vol. 173 Ch. 2592
ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ ကျင့်ကြံသူတစ်သောင်းကြားမှာ ပကတိအင်မော်တယ်များဖြစ်စေ… ကောင်းကင်အင်မော်တယ်များဖြစ်စေ… သူတို့သည် တည်ဆောက်သူသစ်ပင်ကို ပထမဆုံးအကြိမ်တွေ့မြင်ရသည်နှင့် သူတို့၏ စိတ်များက စွမ်းအားကြီးမားသော ရိုက်ချက်တစ်ခုကို တွေ့ကြုံခံစားရပေလိမ့်မည်။ သူတို့၏ တာအိုနှလုံးသားများက လှုပ်ခါသွားပြီး သူတို့က ဒူးထောက်ချမိပေလိမ့်မည်။
တစ်ခဏချင်းမှာပင် ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ ကျင့်ကြံသူတစ်သောင်းထဲမှ ထက်ဝက်ကျော်က ဒူးထောက်ချလိုက်ကြ၏။
သူတို့ကြားမှာ အင်မော်တယ်ဘုရင် ချင်းယန်၊ တက္ကသိုလ်၏ မဟာအကြီးအကဲ၊ ဓားအင်မော်တယ်ယွဲ့ဟွား၊ ဒုံမင်းအင်မော်တယ်မုန့်ယောင်နှင့် အခြားသူများကတော့ တည်ငြိမ်နေသော အမူအရာများဖြင့် နေရာမှာတင် မတ်တတ်ရပ်နေကြ၏။
သူတို့သည် တည်ဆောက်သူသစ်ပင်ကို အရင်က တွေ့မြင်ဖူးထားခဲ့သည်။ သူတို့သည် တည်ဆောက်သူသစ်ပင်၏ ရိုက်ခတ်မှုကို ခံစားမိနိုင်သော်လည်း သူတို့က ဒူးထောက်ချလိမ့်မည် မဟုတ်ပေ။
ထိုခံစားချက်သည် ကျင့်ကြံသူများစွာအတွက် တည်ဆောက်သူသစ်ပင်ထံမှ အဟန့်အတားနှင့် ခန့်ညားမှုတစ်ခုနှင့် ပိုတူလေသည်။
တည်ဆောက်သူသစ်ပင်က အသိစိတ်ကို ပိုင်ဆိုင်ထားပုံရသည်။
သက်ရှိတစ်ဦးသည် အဲဒါကို ပထမဆုံးအကြိမ်တွေ့မြင်ရသည်ဖြစ်သည့်နှင့်အမျှ သူတို့သည် လုံလောက်သည့် ရိုသေလေးစားမှုကို ဖော်ပြရပေလိမ့်မည်။
မဟာနတ်မိမယ်လေးပါးထဲမှာ စစ်တုရင်အင်မော်တယ်ကျွင်းယု၊ စာအုပ်အင်မော်တယ်ယွင်ကျူးနှင့် ဒုံမင်းအင်မော်တယ်မုန့်ယောင်တို့က တည်ဆောက်သူသစ်ပင်ကို အရင်က တွေ့မြင်ထားဖူးပြီး သက်ရောက်ခံရမှုများစွာ မရှိကြပေ။
မိုချင်ကတော့ သူမသည် တစ်နှစ်ပတ်လုံး တက္ကသိုလ်မှာ ကျင့်ကြံနေတတ်သည်။ သူမသည်လည်း တည်ဆောက်သူသစ်ပင်ကို ပထမဆုံးအကြိမ်တွေ့မြင်ဖူးခြင်းဖြစ်သည်။ သူမသည် တုန်လှုပ်သွားပြီး ဒူးထောက်ချလိုက်မိ၏။
ဓားအင်မော်တယ်ယွဲ့ဟွား၊ မုန့်ယောင်နှင့် အခြားသူများသည် ဘေးပတ်လည်မှာ ဒူးထောက်နေသည့် ကျင့်ကြံသူများကို ခပ်ယဲ့ယဲ့ပြုံးကာ ကြည့်နေကြ၏။
ထိုကျင့်ကြံသူများက သူတို့ကို ဒူးထောက်နေခြင်း မဟုတ်ပေ။
သို့သော်လည်း သူတို့သည် သာလွန်ထူးကဲမှု၏ ထူးဆန်းသောခံစားချက်တစ်ခုကို ရရှိနေဆဲဖြစ်သည်။
“ဟမ်…”
ထိုစဉ်မှာပင် ဓားအင်မော်တယ်ယွဲ့ဟွား၊ မုန့်ယောင်နှင့် အခြားသူများသည် တစ်ချိန်တည်းနီးပါးမှာ လူတစ်ယောက်ကို သတိထားမိသွားကြသည်။
မြေပြင်ပေါ်မှာ ဒူးထောက်နေသင့်သည့် လူတစ်ယောက်က နေရာမှာတင် မတ်မတ်ရပ်နေပြီး တည်ဆောက်သူသစ်ပင်ကို လေးနက်သော အတွေးဖြင့် မမှိတ်မသုန် စိုက်ကြည့်နေ၏။
ဆူဇီမို…
သူက ဘာလို့ဒူးမထောက်တာလဲ…
ဓားအင်မော်တယ်ယွဲ့ဟွားက မျက်မှောင်ကြုတ်လိုက်သည်။
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသည် တည်ဆောက်သူသစ်ပင်တောင်ကြောရိုးနှင့် အလွန်တရာဝေးကွာလေသည်။
ဆူဇီမိုသည် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်မလာခင်က တည်ဆောက်သူသစ်ပင်ကို မြင်တွေ့ထားနိုင်စရာ အကြောင်းမရှိပေ။
သူသည် ကမ္ဘာမြေအင်မော်တယ်နယ်ပယ်အထိ ကျင့်ကြံပြီးနောက် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဝင်ရောက်ပြီး တက္ကသိုလ်မှာသာ ကျင့်ကြံနေခဲ့သည်။ သူက ဘယ်အချိန်တုန်းကများ တည်ဆောက်သူသစ်ပင်နှင့် ထိတွေ့ခွင့်ရသွားခဲ့တာလဲ။
ဆူဇီမို ဒူးမထောက်မနေသည့်အချက်က ဓားအင်မော်တယ်ယွဲ့ဟွားကို အနည်းငယ်မကျေမနပ်ဖြစ်သွားစေသည်။
သို့သော်လည်း သူက ထိုအကြောင်းနှင့်ပတ်သက်ပြီး များစွာစဉ်းစားတွေးတောခြင်းမရှိဘဲ ဆူဇီမိုသည် တည်ဆောက်သူသစ်ပင်ကို အရင်က တိုက်တိုက်ဆိုင်ဆိုင် တွေ့မြင်ထားဖူးခြင်းဖြစ်မည်ဟုသာ အလိုလိုမှတ်ယူလိုက်၏။
မည်သို့ပင်ဆိုစေ အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်သော ဆူဇီမိုကို မပြောနှင့် အင်မော်တယ်ဘုရင်ပညာရှင်များပင်လျှင် တည်ဆောက်သူသစ်ပင်ကို ပထမဆုံးအကြိမ်တွေ့မြင်သည့်အခါ ရိုသေလေးစားမှုကိုပြသပြီး ဒူးထောက်ကြရပေလိမ့်မည်။
အမှန်မှာတော့ ဆူဇီမိုသည် တည်ဆောက်သူသစ်ပင်ကို တကယ်ပင် ပထမဆုံးအကြိမ်တွေ့မြင်ဖူးခြင်းဖြစ်ကြောင်း ဓားအင်မော်တယ်ယွဲ့ဟွားက မသိရှိပေ။
သူက တည်ဆောက်သူသစ်ပင်ကို တွေ့မြင်သည့်ခဏမှာပင် သူ၏ ရင်ထဲရှိ တုန်လှုပ်မှုက သူ့ကို တကယ်ပင် ဝပ်ဆင်းသွားစေဖို့ ဖိအားပေးနေ၏။
သို့သော်လည်း ချက်ချင်းဆိုသလိုပင် သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထဲမှာ သန်မာသောတုံ့ပြန်မှုတစ်ခုက ထွက်ပေါ်လာခဲ့သည်။
သူသည် အဲ့ဒါကို တင်းတင်းကျပ်ကျပ် ဖိနှိမ်မထားနိုင်လျှင် တည်ဆောက်သူသစ်ပင်၏ စွမ်းပကားနှင့် ရင်ဆိုင်ရချိန်မှာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးနယ်မြေက ပေါက်ကွဲထွက်ပေါ်လာပေလိမ့်မည်။
ဆူဇီမိုက တိတ်တဆိတ်ဆွံ့အသွား၏။
လောကမှာ တစ်ခုတည်းသာရှိသည်ဟု ကျော်ကြားသော ဖန်တီးခြင်းကြာပဒုမ္မာက တကယ့်ကိုကြောက်စရာကောင်းလွန်းလေသည်။
ရှေးဟောင်းတည်ဆောက်သူသစ်ပင်နှင့် ရင်ဆိုင်ရချိန်မှာတောင် သူက အညံ့မခံလိုဘဲ တစ်ဖက်သူကို စိန်ခေါ်ပြီး ဖိနှိမ်ဖို့ပင် စိတ်ကူးရှိလာခဲ့သည်။
တကယ်တော့ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ လက်ရှိကျင့်ကြံမှုနယ်ပယ်အရ သူသည် တည်ဆောက်သူသစ်ပင်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်စရာ အကြောင်းမရှိပေ။
သို့သော်လည်း တည်ဆောက်သူသစ်ပင်အနေဖြင့် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို အညံ့ခံစေဖို့ကလည်း မဖြစ်နိုင်ပေ။
သို့သော်လည်း ထူးဆန်းသောအရာမှာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ ခုခံငြင်းဆန်မှုအပေါ် တည်ဆောက်သူသစ်ပင်က တုံ့ပြန်မှုရှိမလာခဲ့ပေ။
ကောလာဟလများအရ တည်ဆောက်သူသစ်ပင်မှာ စိတ်ဝိညာဉ်တစ်ခုရှိပြီး အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ ရန်စမှုကို အာရုံခံမိသည့်အခါ ထူးခြားသော တုံ့ပြန်မှုတချို့ ရှိလာသင့်လေသည်။
“ဇီမို… နင် ဘယ်တုန်းက တည်ဆောက်သူသစ်ပင်ကို တွေ့မြင်ဖူးတာလဲ”
ထိုစဉ်မှာပင် ဆူဇီမို၏ နောက်ဘက်ကနေ ယွင်ကျူး၏ အသံက ထွက်ပေါ်လာ၏။
“အမ်…”
ဆူဇီမိုက အနည်းငယ်မှင်တက်သွားသော်လည်း လျင်မြန်စွာ တုံ့ပြန်ပြီး သာမန်ကာလျှံကာ လိမ်ညာလိုက်သည်။
“ကျုပ်က တစ်ခါက ဒီနေရာကို လမ်းမှားရောက်လာပြီး အဲဒီသစ်ပင်ကို အဝေးကနေ တစ်ခါမြင်ဖူးတယ်”
“တည်ဆောက်သူသစ်ပင်မှာ စိတ်ဝိညာဉ်တစ်ခုရှိတယ်လို့ လူတိုင်းက ပြောကြတယ်… အဲဒါအမှန်ပဲလား”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက်မေးလိုက်၏။
ယွင်ကျူးသည် ဗဟုသုတကြွယ်ဝသော လူတစ်ယောက်ဖြစ်ပြီး သူမသည် သမိုင်းကြောင်းများစွာကို သိရှိထားသည်။ တည်ဆောက်သူသစ်ပင်အပေါ် သူမ၏ နားလည်သဘောပေါက်မှုက အခြားသူများထက် သေချာပေါက်သာလွန်ပေလိမ့်မည်။
သူမသည် ဤကိစ္စနှင့်ပတ်သက်သည့်အဖြေတစ်ခုကို သေချာပေါက်ပေးနိုင်ပေလိမ့်မည်။
ယွင်ကျူးက ခေါင်းညိတ်ပြီးပြောလိုက်၏။
“ဟုတ်တာပေါ့ အဲဒါအမှန်ပဲ… တည်ဆောက်သူသစ်ပင်က ဖျက်ဆီးလို့မရနိုင်ဘူး… ဧကရာဇ်တွေတောင်မှ အဲဒါကို မဖြိုခွဲနိုင်ဘူး”
“တည်ဆောက်သူသစ်ပင်က အချိန်အများစုမှာ နိုးထနေတတ်တယ်… သူ့ရဲ့ဘေးပတ်လည်မှာရှိတဲ့ ကောင်းကင်နဲ့မြေကြီးအမြုတေချီက အရမ်းကို ပေါကြွယ်ဝပေမဲ့ အနီးနားဝန်းကျင်မှာ ကျင့်ကြံဖို့နေနေသာ ဘယ်သက်ရှိကမှ သူ့အနားကို မချဉ်းကပ်နိုင်ကြဘူး”
ထိုအရာသည် ဆူဇီမိုမေးလိုသည့် မေးခွန်းများထဲမှ တစ်ခုလည်းဖြစ်သည်။
တည်ဆောက်သူသစ်ပင်သည် ကောင်းကင်ဘုံကမ္ဘာ၏ ဗဟိုချက်ဖြစ်ပြီး ကောင်းကင်နဲ့မြေကြီးအမြုတေချီကို စုပ်ယူနေသည့် သော့ချက်ဖြစ်သည်ဆိုမှတော့ တည်ဆောက်သူသစ်ပင်၏ အနီးနားဝန်းကျင်မှာ ကျင့်ကြံရသည်က ပုံမှန်ထက် များစွာလွယ်ကူလိမ့်မည် မဟုတ်ပါလား။
လူတစ်ယောက်၏ ကျင့်ကြံမှုအလျင်အဟုန်သည် အဆတစ်ရာ၊ အဆတစ်ထောင် သို့မဟုတ် ထို့ထက်ပင်ပို၍ မြင့်တက်လာနိုင်လေသည်။
ယွင်ကျူးက ဆက်ပြောလိုက်၏။
“ဒါပေမဲ့ တည်ဆောက်သူသစ်ပင်က နှစ်တစ်သိန်းကြာပြီးတိုင်း တစ်ခါအိပ်မောကျတတ်တယ်… အဲဒါက တစ်လကနေ နှစ်အနည်းငယ်အထိ ကြာနိုင်တယ်”
“တည်ဆောက်သူသစ်ပင်က အိပ်မောကျနေတဲ့အချိန်မှာ ကျင့်ကြံသူတွေက သူ့အနားကို ချဉ်းကပ်တဲ့အခါ သူက တုံ့ပြန်တိုက်ခိုက်မှာ မဟုတ်တော့ဘူး”
ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့သည်။
“ဒီလိုဆိုရင် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲကို နှစ်တစ်သိန်းတိုင်းမှာ တစ်ကြိမ်ကျင်းပတာက ဒါ့ကြောင့်ပဲပေါ့”
“အတိအကျပဲ”
ယွင်ကျူးက ခေါင်းညိတ်ပြလိုက်သည်။
“ဥပမာ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်ပေါ်က ပကတိအင်မော်တယ်တွေနဲ့ သူတော်စင်အဆင့်သတ်မှတ်ချက်ပေါ်က သူတော်စင်တွေက တည်ဆောက်သူသစ်ပင်ရဲ့အောက်မှာ ကျင့်ကြံခွင့်ရကြလိမ့်မယ်”
“သူတို့တွေက တစ်လပဲ ကျင့်ကြံရမယ်ဆိုရင်တောင် အဲဒါက နှစ်တစ်သောင်း ကြိုးစားအားထုတ်မှုနဲ့တူညီတယ်”
ထိုသို့ဆိုလျှင် စောစောက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ ရန်စမှုအပေါ် တည်ဆောက်သူသစ်ပင်၏ တုံ့ပြန်မလာသည့် အကြောင်းအရင်းကို ရှင်းပြနိုင်ပေမည်။
တည်ဆောက်သူသစ်ပင်က ယခုအချိန်မှာ အိပ်မောကျနေသောကြောင့်ဖြစ်သည်။
ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းပြီး မလှမ်းမကမ်းမှာရှိသော တည်ဆောက်သူသစ်ပင်ကို တိတ်တဆိတ်ကြည့်နေ၏။ သူ၏ မျက်လုံးထဲမှ ထူးဆန်းသော အလင်းရောင်တစ်ခုက တဖြည်းဖြည်းပေါ်ထွက်လာသည်။
သူသည် လူတိုင်း၏ ရှေ့မှောက်မှာ ကျင့်ကြံဖို့အတွက် တည်ဆောက်သူသစ်ပင်ထံ မျက်နှာပြောင်တိုက်ကာ ဆင်းချမသွားနိုင်သော်လည်း…။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့်အတူ သူသည် တည်ဆောက်သူတောင်ကြောရိုး၏ တောင်ထွတ်ပေါ်မှာ မတ်တတ်ရပ်နေမည်ဆိုလျှင် သူသည် တည်ဆောက်သူသစ်ပင်၏ ကိုယ်ထဲမှ အသက်ဓာတ်စွမ်းအင်ကို ဖြည်းဖြည်းချင်း စုပ်ယူသန့်စင်နိုင်မည်ဖြစ်သည်။
သူသည် တည်ဆောက်သူသစ်ပင်၏ အသက်ဓာတ်အားကို ခိုးယူနိုင်မည်ဖြစ်သည်။
ထိုအတွေးက တကယ့်ကို ရဲတင်းလွန်းရာကျလေသည်။
ဆူဇီမိုသည် စဉ်းစားတွေးတောနေသည့်အရာကို သတိထားမိသွားချိန်မှာ သူပင်လျှင် တုန်လှုပ်သွားသည်။
သို့သော်လည်း သိပ်မကြာခင် သူ၏ စိတ်က တည်ငြိမ်လာခဲ့သည်။
ဤသည်ကား ရှားရှားပါးပါးအခွင့်အလမ်းတစ်ရပ်ဖြစ်သည်။
သူသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ် ချိုးဖျက်တက်လှမ်းလာခါစဖြစ်ပြီး သူ့အနေဖြင့် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အထွတ်အထိပ်အထိ ကျင့်ကြံဖို့ အနည်းဆုံး နှစ်တစ်ထောင်လောက် အချိန်ယူရပေလိမ့်မည်။
ယခု မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲကို ကျင်းပနေပြီး လူတိုင်း၏ စိတ်အာရုံက ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်၏ ယှဉ်ပြိုင်တိုက်ခိုက်မှုများအပေါ် ရောက်ရှိနေမည်ဖြစ်ကာ သူက တည်ဆောက်သူသစ်ပင်ကို တိတ်တဆိတ် စုပ်ယူသန့်စင်နိုင်မည်ဖြစ်သည်။
တည်ဆောက်သူသစ်ပင်ထံမှ အသက်ဓာတ်အား တစ်စွန်းတစ်စပင်လျှင် သူ့အနေဖြင့် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အထွတ်အထိပ်ထိရောက်အောင် ကျင့်ကြံဖို့ လုံလောက်နေပေလိမ့်မည်။
သူသည် ဤအခွင့်အလမ်းကို ချိန်ဆနိုင်မည်ဆိုလျှင် သူသည် ပကတိဧကနယ်ပယ်၏ အဟန့်အတားကို ထိတွေ့ခွင့်ရကောင်းရနိုင်လေသည်။
“နင် ဘာတွေတွေးနေတာလဲ… နင့်ရဲ့နှလုံးခုန်သံက ဘာလို့အဲ့လောက်မြန်လာရတာလဲ”
ယွင်ကျူးက ဆူဇီမိုကို ထူးဆန်းသော မျက်နှာအမူအရာဖြင့် တစ်ချက်လှမ်းကြည့်လိုက်၏။
“ဘာ... ဘာရယ်မဟုတ်ပါဘူး”
ဆူဇီမိုက ရှက်ကိုးရှက်ကန်းဟန်ဖြင့် ရယ်မောပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ဒီတစ်ခေါက် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးဆယ်ယောက်ကို အနည်းနဲ့အများဆိုသလို အတည်ပြုထားတဲ့ ပြိုင်ပွဲဝင်တချို့ရှိမှာပဲ ဟုတ်တယ်မလား”
ဆူဇီမိုက တစ်စုံတစ်ရာကို ဖုံးကွယ်လိုက်ခြင်းဖြစ်ကြောင်း ယွင်ကျူးက ပြောနိုင်သော်လည်း သူမက ထပ်မံ၍ မမေးမြန်းတော့ပေ။ သူမက သူ့ကို တစ်ချက်သာ မျက်လုံးစွေကြည့်လိုက်၏။
“ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်မှာ နေရာဆယ်နေရာစီပဲရှိတယ်”
“ဥပမာ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်ကိုပဲ ကြည့်လိုက်… ပုံမှန်ဆိုရင် မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေထဲက နယ်မြေတစ်ခုချင်းစီက အန္တိမပြန်ဝင်စားမွန်းစတားတစ်ယောက်က နေရာတစ်နေရာစီကို သိမ်းပိုက်ကြလိမ့်မယ်”
“အဲ့လိုသာဆိုရင် နေရာဆယ်နေရာထဲမှာ ကိုးနေရာက မရှိတော့ဘူးပေါ့… ယှဉ်ပြိုင်တိုက်ခိုက်ဖို့အတွက် နေရာတစ်နေရာပဲ ကျန်တော့တာပေါ့”
“ဒါပေမဲ့ ဒီတစ်ခေါက် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်က နည်းနည်းထူးခြားနေတယ်”
ထိုနေရာအရောက်မှာ ယွင်ကျူးက ခဏမျှရပ်တန့်ပြီး ဆူဇီမိုကို ပြုံးစစဖြင့်ကြည့်လိုက်၏။
“ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက ပကတိအင်မော်တယ်အများစုက လူတစ်ယောက်ရဲ့သတ်ဖြတ်ခြင်းခံခဲ့ရတယ်… အဲဒါကြောင့် သူတို့တွေက ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မှာ မဟုတ်လောက်တော့ဘူး”