← Chapters

ရန်လိုစိတ်

Vol. 173 Ch. 2593

ရန်လိုစိတ်

Vol. 173 Ch. 2593

ယွင်ကျူးသည် သိုင်းတာအိုပင်မခန္ဓာကို ရည်ညွှန်းပြောဆိုနေသည်မှာ သိသာလေသည်။

ဆူဇီမိုက ညင်သာစွာ ချောင်းဟန့်လိုက်ပြီး ပြန်မဖြေဖြစ်ပေ။

ထိုစဉ်မှာပင် လူကြားထဲမှ အမျိုးသမီးတစ်ယောက်က လျှောက်လှမ်းလာသည်။ သူမ ရောက်မလာခင်မှာပင် သူမက ညင်သာစွာ လှမ်းခေါ်လိုက်သည်။

“ဆူဇီမို…”

ထိုအမျိုးသမီးမှာ မည်သည့်မျက်နှာချေမှ လိမ်းခြယ်မထားဘဲ အလွန်တရာ ချောမောလှပနေသည်။ သူမ၏ ဆံပင်ရှည်ကို ဆံထုံးတစ်ခုအဖြစ် ထုံးချည်ထားပြီး သူမက ကျယ်ပြန့်သော တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ လှပကြော့ရှင်းသော ခန္ဓာကိုယ်ကို ဖုံးကွယ်မထားနိုင်ပေ။

အမျိုးသမီး၏ ကျောထက်မှာ ဧရာမ စတုရန်းစစ်တုရင်ခုံတစ်ခုံ ရှိနေသည်။ အဲဒါက အနည်းငယ်ထူးဆန်းသည့်ပုံပေါ်သော်လည်း အမျိုးသမီးနှင့်အတူ ထူးခြားသည့် အော်ရာတစ်ခုကို ဖြစ်ပေါ်နေစေသည်။

စစ်တုရင်အင်မော်တယ် ကျွင်းယု…။

မဟာနတ်မိမယ်လေးပါးကဲ့သို့ လူများသည် ရောက်လေရာအရပ်မှာ စိတ်အာရုံများ၏ ဗဟိုချက်ဖြစ်နေသည်။

ယခု ပန်းချီအင်မော်တယ် မိုချင်၊ စာအုပ်အင်မော်တယ် ယွင်ကျူး၊ စစ်တုရင်အင်မော်တယ် ကျွင်းယုနှင့် ဆူဇီမိုတို့က အတူတကွ စုဝေးလာပြီး သူတို့က မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်မိသွားသည်။

ကျွင်းယု လျှောက်လှမ်းလာသည်ကို ယွင်ကျူးတွေ့မြင်သောအခါ သူမက ပြုံး၍ နှုတ်ဆက်လိုက်သည်။

မိုချင်ကလည်း ကျွင်းယုကို ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

သူတို့သုံးယောက်မှာ ယခင်က ပတ်သက်ဆက်နွယ်မှုများစွာ မရှိခဲ့သော်လည်း သူတို့သည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲမှာတုန်းက ဘေးချင်းယှဉ်တိုက်ခိုက်ခဲ့ကြသည်။

ထိုအတွေ့အကြုံသည် သူတို့သုံးယောက်ကြား စိမ်းသက်မှုကို လျှော့ချပြီး တစ်ယောက်ပေါ်တစ်ယောက် ယုံကြည်မှုတိုးလာစေခဲ့သည်။

“တာအိုရောင်းရင်း နင် ဘာတွေ ပြင်ဆင်ထားပြီလဲ”

ယွင်ကျူးက ပြောလိုက်သည်။

“ငါသိရသလောက်ဆိုရင် ဒီတစ်ခေါက် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက် ယှဉ်ပြိုင်မှုက အရမ်းကို ပြင်းထန်ကြမ်းတမ်းလိမ့်မယ်… နင့်အပြင် မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက ချင်စဲ၊ အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက လင်းလေနဲ့ အဖြူရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက ကျိုးဝူချန်တို့က ကိုင်တွယ်ရ လွယ်ကူမှာ မဟုတ်ဘူး”

“အစကတော့ ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက စုန့်ရွှမ်ကိုလည်း လျှော့တွက်လို့ မရခဲ့ဘူး… ဒါပေမဲ့ သူက မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင် သတ်လို့ သေပြီ”

ကျွင်းယုက မှင်သေသေဖြင့် ပြန်ပြောလိုက်သည်။

“အဲဒါ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကသာဆိုရင် ငါက ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက် ထိပ်ဆုံးသုံးနေရာထဲ ဝင်ရောက်ဖို့ပဲ ယုံကြည်မှုရှိလိမ့်မယ်… ဒါပေမဲ့ အခုတော့ ငါက အန္တိမပကတိအင်မော်တယ်ဘွဲ့အတွက် ငါ့ရဲ့အစွမ်းကုန်နဲ့ တိုက်ခိုက်တော့မယ်”

“အထင်ကြီးစရာပါပဲ”

ယွင်ကျူးက စိတ်လိုလက်ရ ချီးကျူးလိုက်သည်။ ကျွင်းယု၏ ယုံကြည်မှုနှင့် ရဲဝံ့မှုက အခြားသူများထက် များစွာသာလွန်နေသည်။

ကျွင်းယုသည် ဤကဲ့သို့ ပြောဆိုရဲသည် လွန်ခဲ့သည့် နှစ်တစ်ထောင်က အင်မော်တယ်ဘုရင်မ လင်းလုံသည် သူမအား လင်းလုံချောင်ပိတ်ကွက်ကိုးကွက်ကို သင်ကြားပေးခဲ့ပြီး သူမက အကျိုးအမြတ်ကြီးမားစွာ ရရှိခဲ့သောကြောင့်ဖြစ်သည်။

ဒါ့အပြင် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲအတွင်း ဆူဇီမိုသည် အဋ္ဌမမြောက် လင်းလုံချောင်ပိတ်ကွက်ကို ဖြေရှင်းပြခဲ့သည်။

သူမသည် ဖြစ်စဉ်တစ်ခုလုံးကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး အသိအမြင်တချို့ ရရှိကာ သူမ၏ တိုက်ခိုက်ရည်ခွန်အားကို နောက်တစ်ဖန် မြင့်တက်လာစေသည်။

“တာအိုရောင်းရင်း ကျွင်းယု… ခင်ဗျား ကျုပ်ကို စောစောက ခေါ်လိုက်တာလား”

ဆူဇီမိုက မေးလိုက်သည်။

ကျွင်းယုက ခေါင်းညိတ်ပြပြီး သူမ၏ ကျောထက်မှ ကြယ်တာရာစစ်တုရင်ခုံကို ဖြုတ်ချလိုက်၏။

“လာလေ… မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲက အခုချိန်ထိ မစသေးဘူး… ငါတို့ တစ်ချီနှစ်ချီလောက် ကစားရတာပေါ့”

“အမ်…”

ဆူဇီမိုက အနည်းငယ် ဆွံ့အသွား၏။

ကျွင်းယုသည် စစ်တုရင်အင်မော်တယ်ဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမတိုင်ခင် ပကတိအင်မော်တယ်အများစုသည် သူတို့၏ စွမ်းအင်ကို ထိန်းသိမ်းထားကြသည်။ သို့သော်လည်း ဤအမျိုးသမီးကတော့ သူနှင့် စစ်တုရင်ပင် ကစားလိုနေသည်။

မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲကို ယခုအချိန်ထိ မစတင်ရသေးဘဲ အနီးနားဝန်းကျင်မှာ လူများစွာ ရှိနေသည်။ ဆူဇီမိုအနေဖြင့် တည်ဆောက်သူသစ်ပင်ကို တိတ်တဆိတ် စုပ်ယူသန့်စင်ဖို့က မသင့်လျော်သေးပေ။

သူက ယခုအချိန်မှာ တခြားလုပ်စရာ မရှိဘူးဆိုမှတော့ သူက အဲဒါကို သဘောတူလိုက်သည်။ သူသည် ကျွင်းယုနှင့် စစ်တုရင်ကစားနေစဉ် အခြားသော အင်မော်တယ်မဟာနယ်မြေများနှင့် သုခဘုံသန့်စင်ကုန်းမြေမှ ပြုမူလှုပ်ရှားမှုများကို အာရုံစိုက်ကြည့်နေ၏။

ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေအပြင် စိမ်းလန်းစိုပြေမိုးကောင်းကင်နှင့် နတ်ဆိုးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ ကျင့်ကြံသူများကလည်း ရောက်ရှိလာကြပြီဖြစ်သည်။

ထိုအင်မော်တယ်မဟာနယ်မြေနှစ်ခုမှ ကျင့်ကြံသူများကလည်း အရေအတွက် တစ်သောင်းကျော်လေသည်။

ယန်လောရှု ပြောသည့်အတိုင်းပင် စိမ်းလန်းစိုပြေမိုးကောင်းကင်နှင့် နတ်ဆိုးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေတို့ကလည်း သူတို့၏ အဖွဲ့များကို ဦးဆောင်ဖို့ အန္တိမအင်မော်တယ်ဘုရင်များကို စေလွှတ်ပေးခဲ့ပြီး သာမန်အင်မော်တယ်ဘုရင်များက ၁၀ပါးကျော် ရှိလေသည်။

အင်မော်တယ်မဟာနယ်မြေနှစ်ခုကြားမှာ အမျိုးသမီးနှစ်ယောက်သည် အမြင်အာရုံကို အတော်လေးဆွဲဆောင်နိုင်ထားသည်။ သူတို့နှစ်ယောက်စလုံးသည် ပကတိဧကနယ်ပယ်မှာ ရှိပြီး ပြိုင်ဘက်ကင်းအချောအလှများ ဖြစ်ကာ မဟာနတ်မိမယ်လေးပါးနှင့် ယှဉ်နိုင်လေသည်။

ယွင်ကျူးက ပြောလိုက်သည်။

“စိမ်းလန်းစိုပြေမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက နတ်မိမယ်ကျားလန်နဲ့ နတ်ဆိုးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက နတ်မိမယ်လင်းဟွမ်တို့ နှစ်ယောက်စလုံးက ပကတိအင်မော်တယ် အဆင့်သတ်မှတ်ချက်အတွက် ရေပန်းစားနေတဲ့ ပြိုင်ပွဲဝင်တွေပဲ”

ကျွင်းယုက ဆူဇီမိုနှင့် စစ်တုရင်ကစားနေရင်း ပြောလိုက်သည်။

“ကျားလန်ရဲ့ နည်းလမ်းတွေက အားမနည်းဘူး… ငါသူနဲ့ အရင်က တိုက်ခိုက်ဖူးတယ်… သူက ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်မှာ ရပ်တည်နိုင်ဖို့ ပြဿနာမရှိဘူး… ဒါပေမဲ့ လင်းဟွမ်ကိုတော့ ပြောဖို့ခက်တယ်”

ခဏကြာ စဉ်းစားပြီးနောက် ကျွင်းယုက ယွင်ကျူးကို ကြည့်ကာ ပြောလိုက်သည်။

“နင်က ပကတိအင်မော်တယ် အဆင့်သတ်မှတ်ချက်အတွက် နင့်ရဲ့အစွမ်းကုန်နဲ့ တိုက်ခိုက်လိုစိတ် ရှိမယ်ဆိုရင် နင်က လင်းဟွမ်ရဲ့အထက်မှာ သေချာပေါက် ရပ်တည်လိမ့်မယ်”

“ငါသိပြီ”

ယွင်ကျူးက ညင်သာစွာ ပြုံးပြလိုက်သည်။ သူမသည် ပကတိအင်မော်တယ် အဆင့်သတ်မှတ်ချက်ထဲ ဝင်ရောက်နိုင်ဖို့ စိတ်ဝင်စားခြင်း မရှိပေ။

ထို့နောက် ချက်ချင်းပင် အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက ရောက်ရှိလာသည်။

ဆူဇီမိုက မော့ကြည့်ပြီး အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ လူအုပ်ကြားထဲကို ရှာဖွေကြည့်နေသည်။

ကျွင်းယုကလည်း ကစားနေတာကို ရပ်တန့်ပြီး လှမ်းကြည့်လိုက်၏။

သိပ်မကြာခင် ဆူဇီမိုသည် လင်းလေနှင့် လင်းလောကို တွေ့မြင်သွားသည်။

သူတို့နှစ်ယောက်နှင့် မလှမ်းမကမ်းမှာ ခန့်ညားတင့်တယ်ပြီး ချောမောလှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် မတ်တတ်ရပ်နေသည်။

ဆူဇီမိုက ချောမောလှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးကို တွေ့မြင်သွားသည့်ခဏမှာပင် ထိုသူကလည်း တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး သူ့ကို လှည့်ကြည့်လာခဲ့သည်။

သူတို့၏ အကြည့်များက လေထဲမှာ တွေ့ဆုံသွားသည်။

ချက်ချင်းပင် ဆူဇီမို၏ စိတ်ထဲ အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်။ ဤအမျိုးသမီးသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ နတ်မိမယ်လင်းလုံတစ်ဖြစ်လဲ ယခုအချိန်မှာ အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေနှင့် တိုက်ပွဲနိုင်ငံ၏ အင်မော်တယ်ဘုရင်မ လင်းလုံ ဖြစ်ရပေမည်။

သူသည် အင်မော်တယ်ဘုရင်မ လင်းလုံ၏ အစစ်အမှန် ရုပ်ရည်သွင်ပြင်ကို အရင်က တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

သူတက်လှမ်းလာခဲ့စဉ်က သူသည် ငရဲဖိနှိမ်မီးဖိုထဲမှာ ပုန်းကွယ်နေခဲ့ရပြီး သူမကို တွေ့မြင်ခွင့် မရခဲ့ပေ။

သို့သော်လည်း သူသည် ခန့်ညားတင့်တယ်သော အမျိုးသမီးကို တွေ့မြင်လိုက်သည့်ခဏမှာပင် ဤအမျိုးသမီးက အင်မော်တယ်ဘုရင်မ လင်းလုံ ဖြစ်သည်ဆိုတာကို ဆူဇီမိုက သေချာပြောနိုင်သည်။

တစ်ချိန်တည်းမှာပင် အင်မော်တယ်ဘုရင်မ လင်းလုံကလည်း ဆူဇီမိုကို မှတ်မိသိရှိသွားသည်။

အစကတော့ အင်မော်တယ်ဘုရင်မ လင်းလုံသည် အင်မော်တယ်ဘုရင်များ၏ တစ်မူထူးခြားသော ဖိအားတစ်ရပ်ကို ထုတ်ဖော်ထားသည်။ သို့သော်လည်း ဆူဇီမိုကို တွေ့မြင်ရသည့်အချိန်မှာ သူမ၏ အကြည့်က ရုတ်တရက် ပျော့ပျောင်းသွား၏။

ဆူဇီမိုက မတ်တတ်ထရပ်တော့ဆည့်ဆဲဆဲမှာပင် အင်မော်တယ်ဘုရင်မ လင်းလုံ၏ အသံက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ငါတို့တစ်ယောက်ကိုတစ်ယောက် အခုချိန်မှာ နှုတ်ဆက်နေစရာ မလိုဘူး… မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲ ပြီးရင်သာ ဂိုဏ်းကိုပြန်သွားဖို့ မလောနဲ့… အဲဒီအချိန်ကျရင် ငါနင့်ကို လာရှာမယ်”

အင်မော်တယ်ဘုရင်မ လင်းလုံသည် တစ်စုံတစ်ရာကို စိုးရိမ်ပူပန်နေပုံရပြီး ဆူဇီမိုကို နှုတ်ဆက်လိုခြင်း မရှိပေ။ သူမသည် သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်ပြီးနောက် သူမ၏ အကြည့်ကို ရုပ်သိမ်းလိုက်၏။

အခြားတစ်ဖက်မှာ ဆူဇီမိုကို တွေ့မြင်သောအခါ လင်းလောက ကျေနပ်သဘောကျသွား၏။ သူမက ဝမ်းသာအားရဖြင့် သူမ၏ လက်ကို မြှောက်ပြလိုက်သည်။

ဆူဇီမိုက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

လင်းလေက ထိုသည်ကို တွေ့မြင်သောအခါ သူက အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ သူက လင်းလော၏ လက်ကိုဆွဲပြီး ခပ်သုတ်သုတ်လျှောက်လှမ်းကာ လူအုပ်ကြားထဲ တိုးဝင်ပျောက်ကွယ်သွားသည်။

ထို့နောက် ရှုထောင့်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေနှင့် ခရမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေတို့က ရောက်ရှိလာကြသည်။

ယွင်ကျူးသည် ထိုအင်မော်တယ်မဟာနယ်မြေနှစ်ခုမှ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်အတွက် ရေပန်းစားနေသည့် ပြိုင်ပွဲဝင်များကို သာမန်ကာလျှံကာ ထုတ်ဖော်ပြောဆိုပြလိုက်၏။

ခရမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ဆူဇီမိုသည် သိကျွမ်းခဲ့ဖူးသည့် လူတစ်ယောက်ကိုပင် တွေ့မြင်သွားရသည်။

မင်းသား ယင်ထျန်…။

ထိုအခိုက်အတန့်မှာ ဆူဇီမိုနှင့် မဟာနတ်မိမယ်သုံးပါးက အတူတကွ စုထိုင်နေပြီး ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေဘက်မှာ အလွန်တရာ ထင်ရှားပေါ်လွင်နေသည်။

ယင်ထျန်က ဆူဇီမိုကို အလျင်အမြန် သတိထားမိသွားပြီး သူ၏ အကြည့်က အေးစက်လာခဲ့သည်။ သူက သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး ဆူဇီမိုထံ ရန်စလိုသော အကြည့်တစ်ခုကို ထုတ်ဖော်လိုက်သည်။

ဆူဇီမိုက ယိမ်းယိုင်သွားခြင်းမရှိဘဲ မည်သည့်အရာကိုမှ မတွေ့မြင်ရသည့်အလား စစ်တုရင်ကိုသာ ဆက်လက်၍ ကစားနေသည်။

ထို့နောက် အဖြူရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက ရောက်ရှိလာသည်။

ယွင်ကျူးက ပြောလိုက်သည်။

“အဖြူရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက ပကတိအင်မော်တယ်တွေထဲမှာ ကျိုးဝူချန်က အသန်မာဆုံး ဖြစ်လိမ့်မယ်… သူ့ရဲ့ဓားတာအိုက ဓားအင်မော်တယ်ယွဲ့ဟွားရဲ့အထက်မှာတောင် ရှိတယ်”

“သူပြီးရင် အဖြူရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရဲ့ ယွင်တိုင်းပြည်က ယွင်မူပိုင်ကလည်း ဒီတစ်ခေါက် ရေပန်းစားနေတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ပဲ”

“ဟမ်…”

ထိုစကားကို ကြားသောအခါ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားသည်။

အဖြူရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှ ယွင်တိုင်းပြည်…။

ယွင်တိုင်းပြည်နှင့် ဘုရင်ယွင်ယိုကြား ပတ်သက်ဆက်နွယ်မှု တစ်ခုခုရှိနေမလား သူ မပြောနိုင်ပေ။

အဖြူရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာလည်း သူသိကျွမ်းခဲ့ဖူးသည့် လူတစ်ယောက် ရှိနေသည်။ မင်းသမီး လန်ချန်ချန်၊ အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်…။

သူမသည် မင်းသား ယင်ထျန်လို လှောင်ပြောင်ရန်စလိုခြင်း မရှိသော်လည်း ဆူဇီမိုကို တွေ့မြင်သည့်အခါ သူမက တိုက်ပွဲဝင်စိတ်ဝိညာဉ်ကို ထုတ်ဖော်လိုက်သည်။

အခွင့်အရေးရပြီဆိုလျှင် လန်ချန်ချန်က သူ့ကို သေချာပေါက် စိန်ခေါ်လိမ့်မည်ဖြစ်ကြောင်း ဆူဇီမိုက သံသယမရှိပေ။

ရတနာသူတော်စင်ကျောက်စိမ်းကျမ်းထဲမှာတုန်းက မင်းသားယင်ထျန်နှင့် မင်းသမီးလန်ချန်ချန်၏ ခွန်အားက ကန့်သတ်ခံထားခဲ့ရသည်။ သူတို့သည် ဆူဇီမို၏ ဖိနှိမ်ခြင်းခံခဲ့ရပြီး မကျေမနပ်ဖြစ်နေခဲ့ကြသည်။

တကယ်တော့ သူတို့နှစ်ယောက်သည် ဤကဲ့သို့ အရှက်ရစရာကိစ္စကို ထုတ်ဖော်ပြောဆိုကြလိမ့်မည် မဟုတ်ပေ။

ယခု သူတို့သည် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ဆူဇီမိုကို တွေ့မြင်သည့်အခါ သူတို့နှစ်ယောက်သည် သေချာပေါက် လက်စားချေဖို့ ကြိုးစားလာပေလိမ့်မည်။

အချိန်ကြာလာသည်နှင့်အမျှ အင်မော်တယ်မဟာနယ်မြေကိုးခုထဲမှ ခုနစ်ခုက ရောက်ရှိလာကြသည်။

ခဏနေပြီးနောက် မဟာမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှ ကျင့်ကြံသူများကလည်း ရောက်ရှိလာကြသည်။

ရုတ်တရက်ဆိုသလို…

ဆူဇီမို၏ စိတ်ထဲ သတိပေးချက်တစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာသည်။

မဟာမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေဘက်ကနေ သူ၏ အာရုံခံသတိစိတ်ကိုပင် နှိုးဆွလိုက်သော သန်မာသည့် ရန်လိုစိတ်တစ်ခု ရှိနေသည်။

All Chapters