← Chapters

မင်းသားတစ်ပါး ထွက်ပေါ်လာခြင်း

Vol. 173 Ch. 2595

မင်းသားတစ်ပါး ထွက်ပေါ်လာခြင်း

Vol. 173 Ch. 2595

မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှ အင်မော်တယ်ဘုရင်တစ်ပါးက လေထဲကို ရောက်ရှိလာ၏။ သုခဘုံသန့်စင်ကုန်းမြေမှ ကောင်းကင်ဘုရင်တစ်ပါးကလည်း ပေါ်ထွက်လာပြီး သူတို့နှစ်ယောက်က ဘေးချင်းယှဉ်ရပ်လိုက်ကြသည်။

မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေဘက်မှ အင်မော်တယ်ဘုရင်၏ တာအိုဘွဲ့က ဖူရွှမ်ဖြစ်ပြီး သုခဘုံသန့်စင်ကုန်းမြေမှ ကောင်းကင်ဘုရင်၏ တာအိုဘွဲ့က ဟွေ့ဝမ်ဖြစ်လေသည်။

ထိုပညာရှင်နှစ်ဦးသည် ကောင်းကင်လိုဏ်ဂူအသေးနယ်ပယ်မှာသာ ရှိပြီး သာမန်အင်မော်တယ်ဘုရင်များ ဖြစ်သော်လည်း သူတို့သည် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲများစွာကို ဧည့်ခံကျင်းပပေးခဲ့ပြီးပြီဖြစ်ပြီး အတွေ့အကြုံရှိကြလေသည်။

သူတို့နှစ်ယောက်သည် အလ္လာပသလ္လာပ ပြောဆိုပြီးနောက် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲ၏ စည်းမျဉ်းစည်းကမ်းများနှင့် ကြိုတင်သတိထားစရာများကို မိတ်ဆက်ပေးလိုက်သည်။

ဆူဇီမိုသည် စိတ်ဝင်စားခြင်းမရှိဘဲ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်တို့ တတ်နိုင်သမျှ မြန်မြန်စတင်ဖို့သာ မျှော်လင့်ထားသည်။ ထိုအခါမှသာ သူသည် တည်ဆောက်သူသစ်ပင်၏ အသက်ဓာတ်အားကို တိတ်တဆိတ် စုပ်ယူသန့်စင်နိုင်မည် ဖြစ်လေသည်။

ခဏနေပြီးနောက် အင်မော်တယ်ဘုရင် ဖူရွှမ်က ညင်သာစွာ ချောင်းဟန့်ပြီး ပြောလိုက်သည်။

“မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ပါဝင်တက်ရောက်လာနိုင်တဲ့ ကောင်းကင်အင်မော်တယ်တွေ အားလုံးက အင်မော်တယ်မဟာနယ်မြေဒေသအသီးသီးရဲ့ ပြိုင်စံရှားတွေပဲ… အဆင့်သတ်မှတ်ချက်နှစ်ခုရဲ့ ယှဉ်ပြိုင်မှုမစတင်ခင် ကောင်းကင်အင်မော်တယ်တွေက တစ်ယောက်နဲ့တစ်ယောက် လက်ရည်စမ်းနိုင်တယ်”

ဤသည်မှာ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲတိုင်း၏ ဓလေ့ထုံးတမ်းတစ်ခုဖြစ်သည်။

မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲ၏ အဓိကပွဲစဉ်သည် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်လိုက်ခိုက်မှုဖြစ်သည်။

အဲဒါမတိုင်ခင် ကောင်းကင်အင်မော်တယ်များကြား လက်ရည်စမ်းခြင်းကို နောက်ပိုင်းအဆင့်သတ်မှတ်ချက်နှစ်ခုအတွက် စိတ်လှုပ်ရှားမှု အစပျိုးရန် ဖျော်ဖြေမှုတစ်ရပ်အဖြစ် သတ်မှတ်နိုင်သည်။

ကောင်းကင်အင်မော်တယ်များကြား လက်ရည်စမ်းမှုအတွက် တိကျသော စည်းမျဉ်းစည်းကမ်းများ မရှိပေ။

ကောင်းကင်အင်မော်တယ်တိုင်းသည် ရှေ့သို့ထွက်ပြီး ပြိုင်ဘက်တစ်ယောက်ယောက်ကို စိန်ခေါ်နိုင်ကြမည်ဖြစ်သည်။

တကယ်တော့ တစ်ဖက်လူက စိန်ခေါ်မှုကို ငြင်းဆန်နိုင်လေသည်။

အဲဒါက နှစ်ကိုယ်ကြား တိုက်ခိုက်မှုသာ ဖြစ်မည်ဆိုလျှင် မည်သူမဆို စိန်ခေါ်မှုကို ငြင်းဆန်မည်ဆိုလျှင်လည်း ကိစ္စမရှိပေ။

သို့သော်လည်း ဤနေရာက မဟာနယ်မြေဒေသအသီးသီးမှ ပညာရှင်များစုဝေးရာ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲ ဖြစ်နေသည်။ တစ်ယောက်ယောက်က စိန်ခေါ်မှုကို ငြင်းပယ်လိုက်မည်ဆိုလျှင် အဲဒါသည် သူ၏ နာမည်ဂုဏ်သတင်းနှင့် သူ့ဂိုဏ်းအပေါ် ကြီးမားသော ရိုက်ခတ်မှု ရှိလာပေလိမ့်မည်။

ဒါ့အပြင် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ပါဝင်တက်ရောက်နိုင်သော ထိုသူများအားလုံးသည် အမျိုးမျိုးသော အင်မော်တယ်မဟာနယ်မြေများ၏ ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့ထဲ မည်သူကမှ ဤကဲ့သို့ မျက်နှာပျက်မခံနိုင်ကြပေ။

အင်မော်တယ်ဘုရင်ဖူရွှမ်က ထိုသို့ပြောလိုက်သည့်ခဏမှာပင် အခြားသော အင်မော်တယ်မဟာနယ်မြေရှစ်ခုမှ ကျင့်ကြံသူ ၁၀ယောက်ကျော်က ရှေ့သို့ထွက်လာကြသည်။ သူတို့ထဲမှ သုံးယောက်ဆိုလျှင် စိန်လန်းစိုပြေ မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၊ ရှုထောင့်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေနှင့် ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်များပင် ဖြစ်ကြလေသည်။

“ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ် ဆူဇီမိုက အရမ်းကို စွမ်းအားကြီးမားတယ်လို့ ကျုပ်ကြားထားတယ်… ဒါက ရှားရှားပါးပါး တွေ့ဆုံရတာဆိုမှတော့ ကျုပ်က သူ့နဲ့လက်ရည်စမ်းလိုတယ်”

အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ ကောင်းကင်အဆင့်သတ်မှတ်ချက် နံပါတ်တစ်က တိုက်ပွဲနိုင်ငံ၏ လင်းလောဖြစ်လေသည်။

ဤအဆင့်-၉ ကောင်းကင်အင်မော်တယ်၏ တိုက်ခိုက်ရည်ခွန်အားကလည်း အားမနည်းပေ။ သူသည် အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ အဆင့်-၃ ဝင်ခဲ့သည်။

“ကျုပ်လည်း ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက ဆူဇီမိုကို စိန်ခေါ်ချင်တယ်”

နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်က ရှေ့သို့ထွက်လာပြီး အော်ပြောလိုက်သည်။

“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ”

စိမ်းလန်းစိုပြေမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်က ပြုံးကာပြောလိုက်သည်။

“ကျုပ်စိန်ခေါ်ချင်တဲ့လူကလည်း ဂမ္ဘီရမိုးကောင်းကင်က ဆူဇီမိုပဲ”

အခြားသော အင်မော်တယ်မဟာနယ်မြေ ရှစ်ခုသာလျှင်မဟုတ်ဘဲ သုခဘုံသန့်စင်ကုန်းမြေမှ ကိုယ်တော်အချို့ပင်လျှင် ရှေ့ကိုထွက်လာကြသည်။

ဇင်ဆရာ ဟွေ့ဝမ်က ညင်သာစွာပြုံးပြီး နောက်ပြောင်ကျီစယ်လိုက်သည်။

“မိတ်ဆွေလေးတို့ မင်းတို့တွေအားလုံးက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက ဆူဇီမိုကို စိန်ခေါ်ချင်နေကြတာလား”

“ဟုတ်ပါတယ်”

“ကျုပ်လည်းပါတယ်”

ယခုတင် ရှေ့သို့ထွက်လာသော ကျင့်ကြံသူအချို့က တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ပြလိုက်သည်။ အခြားသူများက တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိသော်လည်း သူတို့က တိတ်တဆိတ်ဖြင့် ဝန်ခံလိုက်ကြသည်။

အစကတော့ ဇင်ဆရာ ဟွေ့ဝမ်သည် သာမန်ကာလျှံကာ မေးလိုက်ခြင်းမျှသာဖြစ်သည်။ ယခုတော့ အမျိုးမျိုးသော အင်မော်တယ်မဟာနယ်မြေများမှ ကျင့်ကြံသူများနှင့် သုခဘုံသန့်စင်ကုန်းမြေမှ ကိုယ်တော်များပင်လျှင် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ကို စိန်ခေါ်လိုနေကြသည်။

ချက်ချင်းပင် ဆူဇီမိုသည် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲ၏ အာရုံစိုက်စရာဖြစ်လာခဲ့သည်။

ထိုကျင့်ကြံသူများအားလုံးသည် ဆူဇီမိုနှင့် လုံးဝမသိကြပေ။

သို့သော်လည်း မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲ၌ ဆူဇီမိုနှင့် မဟာနတ်မိမယ်လေးပါး၏ ကောလာဟလများသည် ကောင်းကင်ဘုံကမ္ဘာတစ်ဝှမ်း ပျံ့နှံ့နေခဲ့ပြီဖြစ်ပြီး ကျင့်ကြံသူများစွာထံမှ ရန်လိုစိတ်ကို ဆွဲဆောင်မိလာခဲ့သည်။

“ဟဲဟဲ”

အဖြူရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ဓားအင်မော်တယ်ကျိူးဝူချန်က လှောင်ပြောင်သရော်လိုသော အမူအရာဖြင့် သရော်ပြုံးပြုံးလိုက်သည်။

“တောအုပ်ထဲမှာ အမြင့်ဆုံးသစ်ပင်က လေရဲ့ဖျက်ဆီးခြင်း ခံရမှာပဲ… လူငယ်တစ်ယောက်က ကြွားဝါလွန်းရင် တခြားလူတွေရဲ့ ဆုံးမတာ ခံရလိမ့်မယ်”

လင်းလေက အသံနှိမ့်၍ ပြောလိုက်သည်။

“ညီမ… ဆူဇီမိုရဲ့ သန့်ပြန့်တဲ့ ရုပ်ရည်သွင်ပြင်ကြောင့် အရူးလုပ်တာ မခံရစေနဲ့… သူက တကယ့်ကို ငပွေငရှုပ်ပဲ… ကြည့်စမ်း… သူနဲ့ မဟာနတ်မိမယ်လေးပါးကြားမှာတောင် ကောလာဟလတွေ ထွက်လာပြီ… သူနဲ့ သိပ်ပြီး ရင်းရင်းနှီးနှီးမနေနဲ့”

“အစ်ကို… ရှင်က အဲ့လိုမျိုး ကောလာဟလတွေကို ယုံလို့လား”

လင်းလောက လင်းလေကို မျက်လုံးစွေကြည့်လိုက်သည်။

စိမ်းလန်းစိုပြေမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ နတ်မိမယ်ကျားလန်က ဆူဇီမိုကို စိတ်ဝင်တစားကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။

“လက်စသတ်တော့ သူက ဆူဇီမိုကိုး… သူ့ကိုကြည့်ရတာ သာမန်ပါပဲ… သူနဲ့ပတ်သက်ပြီး ထူးခြားတာလည်း ဘာမှမရှိပါဘူး… မဟာနတ်မိမယ်လေးပါးက သူတို့ရဲ့ နာမည်ဂုဏ်သတင်းနဲ့တောင် သူနဲ့ ဘာလို့ပတ်သက်ငြိစွန်းနေကြတာပါလိမ့်”

အခြားသော ပကတိ အင်မော်တယ်တစ်ဦးက ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ဒီလောက်များတဲ့ ကောင်းကင်အင်မော်တယ်ပညာရှင်တွေက ဆူဇီမိုကို စိန်ခေါ်လာကြပြီ… တခြားအင်မော်တယ်မဟာနယ်မြေက ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်တွေလည်း ပါတယ်… ဒီကောင်လေးက ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ မလွယ်တော့ဘူး”

အခြားသော အင်မော်တယ်မဟာနယ်မြေများမှ ကျင့်ကြံသူများ၏ စိတ်လှုပ်ရှားစွာ ဆွေးနွေးပြောဆိုမှုများနှင့် မတူဘဲ ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေသည်။

ဆူဇီမိုနှင့် ရန်ငြိုးရန်စရှိထားသော ဓားအင်မော်တယ်ယွဲ့ဟွား၊ ပကတိအင်မော်တယ်ဝူဖုန့်၊ မုန့်ယောင်နှင့် အခြားသူများပင်လျှင် သူတို့၏ အမူအရာများက တည်ငြိမ်နေပြီး လှောင်ပြောင်ထေ့ငေါ့ပြောဆိုမှုများ မရှိကြပေ။

သူတို့က ထိုသို့မပြုလုပ်ချင်သောကြောင့် မဟုတ်ဘဲ မိုးကောင်းကင်ကိုးလွှာအင်မော်တယ်တွေ့ဆုံပွဲမှာ သူတို့သည် ဆူဇီမို၏ နည်းလမ်းများကို သူတို့က ကိုယ်တိုင်မြင်တွေ့ထားခဲ့သောကြောင့်ဖြစ်သည်။

အင်မော်တယ်မဟာနယ်မြေအသီးသီးမှ ပြိုင်စံရှားဟုခေါ်သော ထိုသူများသည် ဆူဇီမိုကို ယှဉ်နိုင်မည် မဟုတ်ကြောင်း သူတို့က သိထားသောကြောင့်ဖြစ်သည်။ ထိုသူများက အတူပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်တောင် သူတို့သည် ဆူဇီမိုကို ခြိမ်းခြောက်နိုင်ချင်မှ ခြိမ်းခြောက်နိုင်ပေလိမ့်မည်။

ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားသူများသည် မျှော်လင့်ချက်များစွာ မထားဘဲ မှင်သေသေဖြင့်သာ တုံ့ပြန်လိုက်ကြသည်။

ထိုစဉ်မှာပင် ခရမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေဘက်ကနေ အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်က ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး လူအုပ်ကြားထဲကနေ လျှောက်လှမ်းထွက်ကာ တစ်မူထူးခြားသော အော်ရာတစ်ခုကို ထုတ်ဖော်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“မင်းတို့တွေအားလုံး နောက်ဆုတ်ကြ… ငါနဲ့ နေရာမလုချင်ကြနဲ့”

သူသည် ခရမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် မင်းသားယင်ထျန် ဖြစ်လေသည်။

“ယင်ထျန်ကလည်း ဆူဇီမိုကို စိန်ခေါ်ချင်နေတာလား”

“အဲဒါကတော့ စိတ်ဝင်စားဖို့ကောင်းလာပြီ”

“ယင်ထျန်ကလည်း ဆူဇီမိုရဲ့ကျော်ကြားမှုကို ဖိနှိမ်ချင်နေပြီထင်တယ်… သူ့ရဲ့ ဧကရာဇ်မျိုးဆက်သွေးနဲ့ဆို ဆူဇီမိုက သေချာပေါက် ရှုံးနိမ့်ရတော့မှာပဲ”

လူအုပ်ကြားထဲမှာ နောက်ထပ် ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာသည်။

ယင်ထျန်သည် ဆူဇီမိုကို စိန်ခေါ်လိုသည့် အကြောင်းအရင်းမှာ သူသည် ဆူဇီမို၏ လက်ထဲမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ဖူးသောကြောင့်ဆိုတာကို ကျင့်ကြံသူများက မသိရှိကြပေ။ သူတို့နှစ်ယောက်မှာ လက်တစ်ဖက်ဖြတ်ခံခဲ့ရသော ရန်ငြိုးရန်စ ရှိနေသည်။

ဒါ့အပြင် စင်ကြယ်ခံ့ညားကောင်းကင်ဘုံ၏ လျှို့ဝှက်ကုန်းမြေမှာတုန်းက သူသည် ဆူဇီမိုနှင့်ရင်ဆိုင်ရာမှာ မည်သည့်အသာစီးမှ မရရှိခဲ့ပေ။ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကိုပင် ဆူဇီမိုက ယူဆောင်သွားခဲ့လေသည်။

ထိုအချက်သည် ယင်ထျန်အတွက် လက်မခံနိုင်သော အရှက်ခွဲခံရမှုဖြစ်သည်။

ဧကရာဇ်တစ်ပါး၏ သားတစ်ယောက်အနေဖြင့် သူသည် သူကျင့်ကြံမှု၏ ဤအဆင့်အထိ ဤကဲ့သို့သော ကြီးမားသည့် ထိုးနှက်ချက်တစ်ခုနှင့် ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ရပေ။

ဓားအင်မော်တယ်ယွဲ့ဟွားသည် မင်းသားယင်ထျန် ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ သူ၏ အမူအရာက ပြောင်းလဲသွားပြီး အနည်းငယ်စိတ်ဝင်စားလာခဲ့သည်။

ယင်ထျန်သည် အခြားသော အင်မော်တယ်မဟာနယ်မြေများမှ ကောင်းကင်အဆင့်သတ်မှတ်ချက်များ၏ နံပါတ်တစ်များနှင့် မတူပေ။

အဆင့်တူချင်းမှာ ဆူဇီမိုကို ဖိနှိမ်နိုင်သောလူ တစ်ယောက်ယောက်ရှိနေမည်ဆိုလျှင် ထိုသူက ယင်ထျန်သာ ဖြစ်ရပေမည်။

ဆူဇီမိုကို စိန်ခေါ်ဖို့ ယခုတင် ရှေ့သို့ထွက်လာသော ကျင့်ကြံသူများသည် ယင်ထျန်ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ ကြောက်ရွံ့စွာဖြင့် နောက်သို့ဆုတ်ခွာသွားကြသည်။

တခြားသော အင်မော်တယ်မဟာနယ်မြေသုံးခုမှ နံပါတ်တစ်များပင်လျှင် ခေါင်းမာနေခြင်း မရှိတော့ပေ။

ယင်ထျန်သည် မည်သူပင်ဆိုစေ မြင့်မြတ်သော အဆင့်အတန်းနှင့် မင်းသားတစ်ပါးဖြစ်သည်။ လူတိုင်းသည် သူ့ကို မျက်နှာသာတချို့ပေးရမည်ဖြစ်ပြီး ဆူဇီမိုအတွက်ကြောင့်နှင့် ထိုသူနှင့်အတိုက်အခံ မဖြစ်လိုကြပေ။

ကောင်းကင်အင်မော်တယ်ပညာရှင်တစ်အုပ်စု၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူက အလေးအနက် စဉ်းစားတွေးတောနေ၏။

သူသည် သူ့ရှေ့မှ ပြိုင်စံရှားဟုခေါ်သော ဤလူများကို လုံးဝအလေးအနက်ထားခြင်း မရှိပေ။ သူသည် မင်းသားယင်ထျန်ကိုပင် ဂရုမစိုက်ပေ။

သူတစ်ချိန်လုံးတွေးနေသည်မှာ တည်ဆောက်သူသစ်ပင်ကို ဘယ်လိုစုပ်ယူသန့်စင်ရမလဲသာ ဖြစ်သည်။

“ငါက ဒီကိစ္စကို မြန်မြန်ဖြေရှင်းမှရမယ်… အဲဒါမှ အဆင့်သတ်မှတ်ချက်နှစ်ခုအတွက် ယှဉ်ပြိုင်မှုက တတ်နိုင်သမျှ မြန်မြန်စတင်လာမှာ”

ဆူဇီမိုက စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။

ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက် စတင်ပြီး ကျင့်ကြံသူအများစု၏ စိတ်အာရုံကို ဆွဲဆောင်ထားမှသာ သူသည် အခွင့်အလမ်းကို ချိန်ဆပြီး တည်ဆောက်သူသစ်ပင်၏ အသက်ဓာတ်အားကို တိတ်တဆိတ် စုပ်ယူသန့်စင်နိုင်မည်ဖြစ်သည်။

အစကတော့ ဆူဇီမိုသည် ဤမျှများပြားသော ကျင့်ကြံသူများ၏ စိန်ခေါ်မှုများကို ဘယ်လိုကိုင်တွယ်ရမလဲ စဉ်းစားတွေးတောနေရ၏။

ယခု မင်းသားယင်ထျန်က ပေါ်ထွက်လာပြီး အဲဒါက သူ့အတွက် အံကိုက်ဖြစ်သွားလေသည်။

သူသည် မင်းသားတစ်ပါးကို လှဲချနိုင်မည်ဆိုလျှင် အခြားလူတိုင်းကို အလိုလိုခြောက်လှန့်နိုင်မည် ဖြစ်လေသည်။

All Chapters