အဆင့်-၉ ကောင်းကင်အင်မော်တယ်
Vol. 173 Ch. 2588
ဆူဇီမိုက ခဏမျှစဉ်းစားတွေးတောပြီး စိတ်ပါလာခဲ့သည်။
သူ၏ ကျင့်ကြံမှုအလျင်အဟုန်သည် ဤအေးခဲကမ္ဘာမှာ ကျင့်ကြံမည်ဆိုလျှင် များစွာပိုမိုမြန်ဆန်ပေလိမ့်မည်။
သို့သော်လည်း သူသည် အချိန်တိုအတွင်းမှာ အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အထွတ်အထိပ်ထိ ကျင့်ကြံလိုသည်ဆိုလျှင် သူသည် အစဉ်အလာကို သွေဖယ်သော နည်းလမ်းတချို့ကို ပြုလုပ်ရပေလိမ့်မည်။
ဂမ္ဘီရဆီးနှင်းမက်မန်းပင်ပေါ်ရှိ သလင်းရောင်မက်မန်းပင်များက ဆူဇီမိုအတွက် အကောင်းဆုံးအားဆေးဖြစ်ပေလိမ့်မည်။
တကယ်တော့ ဤလုပ်ရပ်က အနည်းငယ်မဆင်မခြင်လုပ်ရာကျပေမည်။
သို့သော်လည်း အင်မော်တယ်ဘုရင်ချင်းယန်သည် ဤကိစ္စကို ဖော်ပြခြင်းမရှိခဲ့သလို ဤနေရာသို့ ဝင်ရောက်လာသော ကျင့်ကြံသူများကို ဂမ္ဘီရဆီးနှင်းမက်မန်းများကို ခူးယူခွင့်မပြုဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်းမရှိပေ။
တကယ်တော့ အဲဒါသည် အင်မော်တယ်ဘုရင်ချင်းယန်၏ ပေါ့ဆမှုတော့ မဟုတ်ပေ။
သမိုင်းတစ်လျှောက်မှာ ဤနေရာသို့ ဝင်ရောက်လာသော မည်သည့်ကောင်းကင်အင်မော်တယ်မဆို ဘေးပတ်ဝန်းကျင်ရှိ အအေးဓာတ်ကို ခုခံရင်း ကျင့်ကြံရသည်က သူတို့၏ အကန့်အသတ်ဖြစ်နေခဲ့လေပြီ။
ကျင့်ကြံသူအချို့က သူတို့၏ သတ္တိကို စုစည်းပြီး လှည့်ပတ်သွားလာမည်ဆိုလျှင်တောင် သူတို့သည် သိပ်ဝေးဝေးသွားနိုင်မည် မဟုတ်ပေ။
ဆူဇီမိုသည် ဤနေရာသို့ ရောက်ရှိလာခဲ့သည်မှာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ ကိုယ်ကာယသက်သက်ကြောင့်ဖြစ်သည်။
ဂမ္ဘီရဆီးနှင်းမက်မန်းပင်သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ အင်မော်တယ်သစ်ပင်တစ်ပင်ဖြစ်ပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်လာခဲ့သော်လည်း ၎င်းသည် အပင်အမျိုးအစားသက်ရှိတစ်မျိုးဖြစ်နေဆဲပင်။
ထိုသက်ရှိများအားလုံးသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ ရှေ့မှာ ဦးညွှတ်ရပေလိမ့်မည်။
ယခု သူ၏ စိတ်ထဲမှာ အကြံအစည်တစ်ခုရှိလာခဲ့ပြီး ဆူဇီမိုက ဆက်လက်၍ တုံ့ဆိုင်းမနေတော့ပေ။ သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဂမ္ဘီရဆီးနှင်းမက်မန်းပင်ရှိရာသို့ လျှောက်လှမ်းလိုက်၏။
သူက ဤကိစ္စကို ဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့ တွေဝေတုံ့ဆိုင်းနေမည် မဟုတ်ပေ။
ဤကိစ္စ ပေါက်ကြားသွားသည်နှင့် သူ့ကိုတားဆီးဖို့အတွက် တစ်ယောက်ယောက်က သေချာပေါက် ရောက်ရှိလာပေလိမ့်မည်။
သိပ်မကြာခင် ဆူဇီမိုသည် ဂမ္ဘီရဆီးနှင်းမက်မန်းပင်အောက်သို့ ရောက်ရှိလာခဲ့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဆီးနှင်းတစ်လွှာက ဖုံးအုပ်သွားပြီး သူ၏ ဆံပင်နှင့် မျက်ခုံးမွေးတို့အပေါ်တွင် ရေခဲသလင်းများရှိလာခဲ့သည်။ သူ၏ ဝင်သက်ထွက်သက်တိုင်းက အဖြူရောင်မြူခိုးများဖြင့် ပြည့်နှက်နေသည်။
ဆူဇီမိုသည် ဘေးပတ်ဝန်းကျင်ရှိ အအေးဓာတ်ကို ခုခံရန် သူ၏ သွေးချီကို ဖြည်းဖြည်းချင်း လှည့်ပတ်လိုက်သည်။
ထို့နောက် သူက သစ်ကိုင်းတစ်ကိုင်းပေါ်သို့ ခုန်တက်ပြီး ၎င်းပေါ်ရှိ မက်မန်းသီးကို ခူးယူကာ သူ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်၏။
ထိုမက်မန်းသီးကို ကုန်စင်အောင် မဝါးရသေးခင်မှာပင် သူက ဒုတိယမြောက် မက်မန်းသီးကို ခူးယူပြီး သူ၏ ပါးစပ်ထဲသို့ ထပ်မံထိုးထည့်လိုက်ပြီဖြစ်သည်။
အသက်ရှူချိန်အနည်းငယ်မျှနှင့် ဆူဇီမိုသည် မက်မန်းသီး ဆယ်လုံးကျော်ကို ဆက်တိုက်စားသုံးခဲ့ပြီးဖြစ်ပြီး သူတို့ကို အားရပါးရမျိုချနေ၏။
ဂမ္ဘီရမိုးကောင်းကင်ခန်းမမှာ...
ကျင့်ကြံသူများသည် ယခုအချိန်ထိ လူစုမခွဲသေးဘဲ ကောင်းကင်အဆင့်သတ်မှတ်ချက်ကျင့်ကြံသူများ လျှို့ဝှက်ကုန်းမြေကနေ ပြန်ရောက်အလာကို စောင့်ဆိုင်းနေကြသည်။
သိပ်မကြာခင် ကောင်းကင်အဆင့်သတ်မှတ်ချက်ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာပြီး လျှို့ဝှက်ကုန်းမြေကနေ ဂမ္ဘီရမိုးကောင်းကင်ခန်းမသို့ ပြန်လည်ရောက်ရှိလာကြသည်။
လူတိုင်းက ဆိုးဆိုးဝါးဝါး အေးခဲခံထားရသော်လည်း သူတို့၏ ခန္ဓာကိုယ်များက စိတ်ဝိညာဉ်ချီဖြင့် ပြည့်နှက်နေပြီး သူတို့၏ စိတ်ပိုင်းဆိုင်ရာအခြေအနေများက သူတို့၏ အထွတ်အထိပ်မှာ ရှိနေကြသည်။ သူတို့သည် သင့်လျော်သော အခွင့်အလမ်းတစ်ခုကို ရှာတွေ့သည်နှင့် အဆင့်ချိုးဖျက်တက်လှမ်းနိုင်ကြပေလိမ့်မည်။
“အားလုံးပဲ ပြန်ရောက်လာကြပြီပေါ့… ဟုတ်တယ်မလား”
အင်မော်တယ်ဘုရင်ချင်းယန်က တစ်ချက်ဝေ့ကြည့်ပြီး သာမန်ကာလျှံကာ မေးလိုက်သည်။
“တက္ကသိုလ်က ဆူဇီမို အခုထိ ပြန်မရောက်သေးပါဘူး”
တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက အလောတကြီးပြောဆိုလိုက်ကြ၏။
“ဟမ့်...”
အင်မော်တယ်ဘုရင်ချင်းယန်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။
“သူက အထဲမှာ ဒီလောက်ကြာကြာနေနေတာလား”
ထို့နောက် ချက်ချင်းပင် သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား အင်မော်တယ်ဘုရင်ချင်းယန်က တုန်လှုပ်သွားပြီး လေဟာနယ်ကို ဆုတ်ဖြဲကာ ထွက်ခွာသွားလေသည်။
သိပ်မကြာခင် သူသည် လျှို့ဝှက်ကုန်းမြေကနေ ဆူဇီမိုကို ဆွဲခေါ်လာပြီး ပျက်ယွင်းနေသောအမူအရာဖြင့် ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲသို့ ပစ်ထုတ်လိုက်၏။
“ဘာဖြစ်သွားတာလဲ”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတိုင်းက မတ်တတ်ထရပ်လိုက်ကြ၏။
“ဟမ်...”
အင်မော်တယ်ဘုရင်ချင်းယန်က ပျက်ယွင်းနေသောအမူအရာဖြင့် ပြောလိုက်သည်။
“ဆူဇီမို... မင်း ဂမ္ဘီရဆီးနှင်းမက်မန်းသီးတွေကို မင်းသဘောနဲ့မင်း ဘယ်လိုတောင် ခူးယူပြီး စားရဲတာလဲ”
ဆူဇီမိုသည် ကိုင်ပစ်ခံလိုက်ရပြီးတာတောင် သူက တစ်စုံတစ်ရာကို ဝါးနေဆဲဖြစ်သည်။ သူ၏ ပါးနှစ်ဖက်က မို့မောက်နေပြီး သူက ဘယ်လောက်တောင်စားထားသလဲ မသိရပေ။
သို့သော်လည်း သိပ်မကြာခင် ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်မှာ ရေခဲတစ်လွှာပေါ်ထွက်လာပြီး ပို၍ထူထဲလာခဲ့သည်။ တစ်ခဏချင်းမှာပင် သူသည် ဧရာမရေခဲပိုးအိမ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။
ဆူဇီမိုသည် အထဲမှာ အေးခဲနေပြီး လုံးဝမလှုပ်ရှားနိုင်ပေ။ သူ၏ အသက်ဓာတ်အားကပင် အတက်အကျမရှိတော့ပေ။
“ဂျူနီယာမောင်ဆူ...”
မိုချင်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူမက ဆူဇီမိုကို ကယ်တင်ဖို့အတွက် ရေခဲပိုးအိမ်ကို ထိုးခွဲချင်လေသည်။
ယွင်ကျူး၏ အမူအရာက တည်တံ့လာပြီး မိုချင်ကို အလောတကြီးလှမ်းဆွဲကာ လေးနက်စွာပြောလိုက်သည်။
“အရမ်းကာရော မလုပ်နဲ့… ငါတို့တွေက အခုချိန်မှာ ဒီရေခဲပိုးအိမ်ကို ခြေမွှလိုက်မယ်ဆိုရင် ဆူဇီမိုပါ ကြေမွသွားလိမ့်မယ်”
“အဲဒါ အမှန်ပဲ”
အင်မော်တယ်ဘုရင်ချင်းယန်က လှောင်ရယ်လိုက်သည်။
“ဆူဇီမိုက တကယ့်ကို ရဲတင်းလွန်းတာပဲ… သူက ဂမ္ဘီရဆီးနှင်းမက်မန်းသီးတွေ အများကြီးစားပြီး အခုတော့ သေချာပေါက်သေရတော့မယ်”
ထိုနေရာအရောက်မှာ ဓားအင်မော်တယ်ယွဲ့ဟွား၊ မုန့်ယောင်၊ ပကတိအင်မော်တယ်ဝူဖုန့်နှင့် အခြားသူများက အမှန်တကယ်ပင် အံ့အားသင့်ပြီး ကျေနပ်သဘောကျလာသည်။
သူတို့သည် ဦးနှောက်ခြောက်မတတ် စဉ်းစားကာ အကြံအစည်များထုတ်ခဲ့ကြသော်လည်း သူတို့သည် ဆူဇီမိုကို မသတ်ဖြတ်နိုင်ခဲ့ကြပေ။
ယခု ဤလူက သူ့ဘာသာသူ သတ်မိပေတော့မည်။
အင်မော်တယ်ဘုရင်ချင်းယန်က ဆက်ပြောလိုက်သည်။
“ဂမ္ဘီရဆီးနှင်းမက်မန်းထဲမှာပါတဲ့ အအေးဓာတ်က အရမ်းကိုသန်မာတယ်… သူတို့တွေက ပကတိအင်မော်တယ်နယ်ပယ်အထိ ကျင့်ကြံပြီး တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ထားမှပဲ အဲ့ဒါကို တဖြည်းဖြည်းချေဖျက်နိုင်လိမ့်မယ်”
“ဒီကောင်လေးက အခုမှ အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ ရှိသေးတယ်… သူက ဒီလောက်များတဲ့ ဂမ္ဘီရဆီးနှင်းမက်မန်းတွေကို တစ်ထိုင်တည်းစားလိုက်တယ်ဆိုတာကတော့ သူက တကယ့်ကို သေချင်နေတာပဲ”
ဓားအင်မော်တယ်ယွဲ့ဟွားက စိတ်ထဲကနေ ကြိတ်၍ရယ်မောလိုက်သော်လည်း သူ၏ မျက်နှာပေါ်မှာ သနားကရုဏာသက်သော အကြည့်တစ်ခုရှိလာသည်။
“အာ… ဂျူနီယာညီဆူက ငယ်သေးတော့ မစဉ်းစားမဆင်ခြင်တတ်ဘူး… သူက သူ့အကန့်အသတ်ကို သူ မသိဘဲ ဒီလိုအခြေအနေကို ကျရောက်သွားတဲ့အတွက် သူ့ကိုယ်သူပဲ အပြစ်တင်ရတော့မယ်”
“ပကတိအင်မော်တယ်တွေပဲ အဲဒါကို ချေဖျက်နိုင်တာလား”
ယန်လောရှုက မျက်မှောင်ကြုတ်လိုက်သည်။
“ဂျူနီယာညီဆူနဲ့ တခြားသူတွေက စောစောတုန်းက ဂမ္ဘီရဆီးနှင်းမက်မန်းလက်ဖက်ရည်တွေကို သောက်ခဲ့ကြတယ်မလား… အဲဒီထဲမှာလည်း ဂမ္ဘီရစိမ်းနက်မက်မန်းသီးတစ်လုံးပါနေတာပဲ”
အင်မော်တယ်ဘုရင်ချင်းယန်က လှောင်ရယ်လိုက်သည်။
“ကောင်းကင်အင်မော်တယ်တွေက ဂမ္ဘီရဆီးနှင်းမက်မန်းလက်ဖက်ရည်ကို သောက်သုံးနိုင်တယ်ဆိုတာက လက်ဖက်ရည်ကို ကျိုချက်ဖို့ သုံးထားတဲ့ရေက ဂမ္ဘီရမိုးကောင်းကင်နန်းတော်ရဲ့ စိမ့်စမ်းရေပူဖြစ်နေလို့ပဲ… အဲဒါက ဂမ္ဘီရဆီးနှင်းမက်မန်းထဲက အအေးဓာတ်ကို ချေဖျက်ပေးနိုင်တယ်”
“ဒီကောင်လေးက အရမ်းကို လောဘကြီးလွန်းတာကိုး… သူက ဂမ္ဘီရဆီးနှင်းမက်မန်းတွေကို တိုက်ရိုက်စားသုံးဖို့ ရွေးချယ်လိုက်တယ်… အဲဒါကြောင့်ပဲ သူက ဒီလိုအခြေအနေကို ရောက်သွားရတာပဲ”
မိုချင်က ငေးငိုင်နေ၏။
ယွင်ကျူးက သူမ၏ မျက်လုံးထဲရှိ မယုံကြည်နိုင်မှုဖြင့် မျက်မှောင်ကြုတ်ထားသည်။ သူမက အဲဒါကို လက်မခံနိုင်သေးပေ။
စစ်တုရင်အင်မော်တယ်ကျွင်းယုက ညင်သာစွာ သက်ပြင်းချလိုက်သည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာပင်လျှင် နေရာမှာပင် မှင်တက်နေကြ၏။
ဆူဇီမိုသည် ယခုတင် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ် ၁ ကို ရရှိထားခဲ့သည်။ ယခုသူက ဤကဲ့သို့သောအခြေအနေသို့ ကျရောက်သွားခဲ့လေပြီ။
ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုအကြား ရုတ်တရက်ဆန်မှုက လက်ရှိလူတိုင်းအတွက် ကြီးမားပြီး သူတို့က ခဏကြာသည်အထိ မတုံ့ပြန်နိုင်ကြပေ။
“ဟားဟား”
မဟာကျင်းအင်မော်တယ်နိုင်ငံမှ ကျင့်ကြံသူတစ်ယောက်က ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ အသံထွက်၍ ရယ်မောလိုက်၏။
“တကယ့်ဟာသပဲ… ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ် ၁ က သူ့လောဘနဲ့သူ သေရတော့မယ်ဆိုတော့...”
“သမိုင်းတစ်လျှောက်မှာ သူက ဘဝသက်တမ်းအတိုဆုံးနဲ့ ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ် ၁ ဖြစ်လိမ့်မယ်”
“ဘယ်လောက်တောင် ကြောင်တိကြောင်တောင်နိုင်လဲ… ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ် ၁ က အများသူငါရှေ့မှာ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ်သတ်သေရတယ်လို့”
မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းကဲ့သို့ ဆူဇီမိုနှင့် အတိုက်အခံဖြစ်ထားသော ဂိုဏ်းနှင့်အဖွဲ့အစည်းများမှ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ထရပ်ပြီး လှောင်ရယ်ပြောဆိုလိုက်ကြ၏။
“ကျွိ...”
ထိုစဉ်မှာပင် တစ်စုံတစ်ရာ အက်ကွဲသွားသည့်အလား မလှုပ်မယှက်ရှိနေသော ရေခဲပိုးအိမ်ထဲကနေ ထူးဆန်းသော အသံတစ်သံထွက်ပေါ်လာသည်။
ချက်ချင်းပင် ဘေးပတ်လည်မှာရှိသော ဆွေးနွေးပြောဆိုသံများက တိုးတိတ်သွားကြသည်။
လူတိုင်းက လှမ်းမျှော်ကြည့်ရှုပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားသည်။
ရေခဲပိုးအိမ်ပေါ်မှာ ပါးလွှာသော အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာလေသည်။
မရေမတွက်နိုင်သော အကြည့်များအောက်မှာ အက်ကွဲကြောင်းက အဆက်မပြတ်ကျယ်ပြန့်၍ ဆန့်တန်းသွားပြီး သိပ်မကြာခင် ရေခဲပိုးအိမ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။
“ဘာလဲဟ”
ကျင့်ကြံသူများစွာက မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားကြသည်။
အင်မော်တယ်ဘုရင်ချင်းယန်၏ အမူအရာပင်လျှင် အိုးတိုးအမ်းတမ်းဖြစ်လာခဲ့သည်။
ရေခဲပိုးအိမ်ထဲရှိ အက်ကွဲကြောင်းများကနေတစ်ဆင့် အသက်ဓာတ်အား အတက်အကျတစ်ခုကို သူက ခပ်ရေးရေးအာရုံခံမိလိုက်သည်။ ဒါ့အပြင် ထိုအတက်အကျက ပို၍သိသာထင်ရှားလာနေသည်။
“အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
“ဒီကောင်လေးက အသက်ရှင်နေတုန်းပဲလား”
ဘုန်း…
ခဏမျှငြိမ်သက်ပြီးနောက် ကျယ်လောင်သော မြည်သံနှင့်အတူ တွဲဖက်၍ ရေခဲပိုးအိမ်က ရုတ်တရက်ပေါက်ကွဲထွက်ပြီး ပုံရိပ်တစ်ခုက အထဲကနေ ထွက်ခွာလာခဲ့သည်။ သူ့ထံမှ အလွန်တရာစွမ်းအားကြီးမားသော အော်ရာတစ်ခု ဖြာထွက်နေလေသည်။
ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ အငွေ့စီးကြောင်းများက ထွက်ပေါ်နေပြီး သူ၏ ဝင်သက်ထွက်သက်တိုင်းက ကြွယ်ဝသော ကောင်းကင်နှင့်မြေကြီးအမြုတေချီဖြင့် ပြည့်နှက်နေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကင်နှင့်မြေကြီးအမြုတေချီက လွှမ်းခြုံထားပြီး အဆက်မပြတ်အားဖြည့်ပေးနေလေသည်။
လူတိုင်းက သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို လှုပ်ရှားစေပြီးနောက် ပင့်သက်ကို ရှိုက်လိုက်မိကြသည်။
“အဆင့် ၉ ကောင်းကင်အင်မော်တယ်တစ်ယောက်…”
ဂမ္ဘီရဆီးနှင်းမက်မန်းများအပေါ် မှီခိုပြီး ဆူဇီမိုသည် အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်ကနေ နှစ်နာရီမကြာခင် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ် ချိုးဖျက်တက်လှမ်းလာနိုင်ခဲ့လေပြီ။