ဂမ္ဘီရဆီးနှင်းမက်မန်းပင်
Vol. 173 Ch. 2587
နောက်ဆုံးမှာတော့ ကောင်းကင်အဆင့်သတ်မှတ်ချက်ကို ပြိုင်စံရှားများ၏ ဘွဲ့များနှင့်အတူ ကောင်းကင်ထက်မှာ ခင်းကျင်းပြသပေးလိုက်၏။
သူတို့ကြားမှာ အထင်ရှားဆုံးသည် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ အဆင့်-၁ နေရာဖြစ်သည်။
စာလုံးတိုင်းက ရွှေရောင်အလင်းဖြင့်တောက်ပနေပြီး နေရာတစ်ဝန်းကို ထိန်ထိန်လင်းနေစေ၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ် ဆူဇီမို...။
ဒါ့အပြင် သူသည် အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်အနေဖြင့် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်နေရာကိုရယူခဲ့၏။
ဤသည်က မကြုံစဖူးထူးခြားအံ့မခန်း အခြေအနေတစ်ရပ်ဖြစ်သည်။
ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲမှာ ဆွေးနွေးပြောဆိုသံများက ရပ်တန့်မသွားပေ။
ဤတစ်ခေါက် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမှာ ကိစ္စများစွာက ဖြစ်ပွားခဲ့သည်။
မဟာဓားအင်မော်တယ်သုံးပါးနှင့် မဟာနတ်မိမယ်သုံးပါး အတူတကွစုဝေးရောက်ရှိလာခြင်းက တကယ့်ကိုမကြုံစဖူး ဖြစ်စဉ်တစ်ခုဖြစ်ခဲ့သည်။
ပို၍ပင်တုန်လှုပ်စရာကောင်းသည်မှာ ထိုပကတိအင်မော်တယ်ပညာရှင်များသည် တက္ကသိုလ်၏ ကောင်းကင်အင်မော်တယ်တစ်ယောက်ကြောင့် တိုက်ခိုက်ခဲ့ကြလေသည်။
တကယ်ဆို ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲမှာ ပကတိအင်မော်တယ်များစွာပင် သေဆုံးခဲ့ရသည်။
ဤကဲ့သို့သောဖြစ်ရပ်မျိုးသည် အတိတ်ကာလတုန်းက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမှာ ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့ဖူးပေ။
အင်မော်တယ်ဘုရင်ချင်းယန်သည် လေထဲမှာ သူ၏ လက်ကိုဖိချပြီး သိပ်သည်းပြင်းထန်သောစွမ်းပကားတစ်ခုကို ဖြာထုတ်ကာ ကျင့်ကြံသူများ၏ ဆွေးနွေးပြောဆိုသံများကို ဖိနှိမ်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“အဆင့်သတ်မှတ်ချက်က ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က ကျင့်ကြံသူတစ်ရာက ဒီဘက်မျိုးဆက်ရဲ့ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ အသန်မာဆုံးနဲ့ အထူးချွန်ဆုံး ကောင်းကင်အင်မော်တယ်တွေပဲ”
“ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က လူတိုင်းက ရှေ့ကို ရဲဝင့်စွာနဲ့တက်လှမ်းပြီး ပကတိဧကနယ်ပယ်ကို တတ်နိုက်သမျှမြန်မြန် ချိုးဖျက်တက်လှမ်းနိုင်ဖို့ ငါမျှော်လင့်တယ်... ပကတိအင်မော်တယ်တွေဖြစ်လာဖို့အတွက် မင်းတို့ရဲ့ တာအိုသစ်သီးတွေကို စုဖွဲ့ကြ”
“ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ကို ရောက်လာတဲ့ဆုလာဘ်အနေနဲ့ လူတိုင်းကအရင်ဆုံး မွှေးပျံ့လက်ဖက်ရည်တစ်ခွက်စီကို လက်ခံရရှိလိမ့်မယ်”
အင်မော်တယ်ဘုရင်ချင်းယန်က သူ၏ လက်ကို ဝေ့ယမ်းပြလိုက်၏။
အစက သူ၏ နောက်ဘက်မှာ မတ်တတ်ရပ်နေသော ချောမောလှပသည့် အမျိုးသမီးအစေခံတစ်ရာသည် မွှေးပျံ့လက်ဖက်ရည်တစ်ခွက်စီတင်ဆောင်ထားသည့် လင်ဗန်းများကို ကိုင်ဆောင်ပြီး ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ရှိ ကျင့်ကြံသူများထံသို့ တစ်ယောက်ပြီးတစ်ယောက် လာရောက်ပို့ဆောင်လိုက်ကြသည်။
ဤမြင်ကွင်းသည် ကျင့်ကြံသူပေါင်းများစွာကို ချက်ချင်းပင်မနာလိုအားကျသွားစေ၏။
ဆူဇီမိုက မွှေးပျံ့လက်ဖက်ရည်ကိုလက်ခံယူပြီး အထဲကိုကြည့်လိုက်သည်။
လက်ဖက်ရည်ထဲမှာ မက်မန်းသီးတစ်လုံးမျောနေပြီး ချစ်ချစ်တောက်ပူလောင်သော နွေဦးစိမ့်စမ်းရေနှင့်အတူ တစ်မူထူးခြားသည့် မွှေးရနံ့ကို ဖြာထုတ်ပေးနေသည်။
“အဲဒါက... ဂမ္ဘီရဆီးနှင်းမက်မန်းသီးပဲ”
ယွင်ကျုးက ရှင်းပြလိုက်သည်။
“ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ဂမ္ဘီရဆီးနှင်းမက်မန်းပင်လို့ခေါ်တဲ့ အင်မော်တယ်သစ်ပင်တစ်ပင်ရှိတယ်... လက်ဖက်ရည်ထဲကမက်မန်းသီးတွေက ဂမ္ဘီရဆီးနှင်းမက်မန်းပင်ကနေ ရလာတာပဲ”
ကျောက်းစိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာတုန်းက လင်းလောကလည်း သူ့ကို ထိုသို့ပြောပြခဲ့သည်။
မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာ အင်မော်တယ်မဟာနယ်မြေတိုင်းတွင် ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ကြီးမားစွာစုပ်ယူပေးနိုင်သည့် တစ်မူထူးခြားသော ကိုယ်ပိုင်အင်မော်တယ်သစ်ပင်များရှိကြသည်။
ထိုသစ်ပင်များသည် အမျိုးမျိုးသော အင်မော်တယ်မဟာနယ်မြေများ၏ ဗဟိုချက်လည်းဖြစ်လေသည်။
ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ မက်မွန်အင်မော်တယ်သစ်ပင်ရှိလေသည်။
လူသားဧကရာဇ်၊ လင်းလောနှင့် တခြားသူများနေထိုင်ရာ အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ အင်မော်တယ်မိုးမခပင်ရှိလေသည်။
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာတော့ ဂမ္ဘီရဆီးနှင်းမက်မန်းပင်ရှိလေသည်။
“ဂမ္ဘီရဆီးနှင်းမက်မန်းလက်ဖက်ရည်က ဘာအသုံးတည့်လဲ”
ဆူဇီမိုမေးလိုက်သည်။
ယွင်ကျူးက ပြောလိုက်သည်။
“ဂမ္ဘီရဆီးနှင်းမက်မန်းလက်ဖက်ရည်က ကျင့်ကြံသူတွေကို သူတို့ရဲ့တစ်ဆို့နေတဲ့ အဟန့်အတားတွေကို ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်တယ်... အခုချိန်မှာ နင်က အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ... နင်က အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်ရဲ့ အထွတ်အထိပ်ထိ ကျင့်ကြံပြီး လုံလောက်တဲ့ ကောင်းကင်နဲ့မြေကြီးအမြုတေချီက နင့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေမယ်ဆိုရင် နင်က တခြားအခွင့်အလမ်းတစ်ခုခုကို ရှာစရာမလိုဘဲ တိုက်ရိုက်အဆင့်ချိုးဖျက်တက်လှမ်းနိုင်တယ်”
“ဂမ္ဘီရဆီးနှင်းမက်မန်းလက်ဖက်ရည်က အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် အကောင်းဆုံးအခွင့်အလမ်းပဲ”
“တကယ်တော့... ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးဆယ်ယောက်ကပဲ ဂမ္ဘီရဆီးနှင်းမက်မန်းလက်ဖက်ရည်ကို သောက်နိုင်ကြတာ... ကျန်တဲ့ ကျင့်ကြံသူကိုးဆယ်က ဂမ္ဘီရဆီးနှင်းမက်မန်းရွက်လက်ဖက်ရည်ကိုပဲ သောက်နိုင်ကြမယ်”
“ကွာဟချက်က စကားလုံးတစ်လုံးပဲဆိုပေမယ့် အာနိသင်က မိုးနဲ့မြေလိုပဲ”
ဆူဇီမိုက ခေါင်းညိတ်ပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဂမ္ဘီရဆီးနှင်းမက်မန်းလက်ဖက်ရည်ကို တစ်ကျိုက်တည်းမော့သောက်လိုက်၏။
သူသည် လက်ဖက်ရည်ထဲမှာရှိသော မက်မန်သီးကို အရသာမခံဘဲ မျိုချလိုက်လေသည်။
လက်ဖက်ရည်ထဲမှာရှိသော စိတ်ဝိညာဉ်ချီက ကြွယ်ဝပြီး အပြင်ဘက်ကို လျှံထွက်လာသည်။
ပူပြင်းသောလက်ဖက်ရည်က သူ၏ အစာအိမ်ထဲသို့ ဝင်ရောက်လာစဉ် ထူးဆန်းသောစွမ်းအားတစ်ခုက သူ၏ စိတ်ဝိညာဉ်စံအိမ်ရှိရာသို့ တလိပ်လိပ်တိုးဝင်လာပြီး ဆူဇီမိုကို လန်းဆန်းတက်ကြွလာစေသည်။ သူသည် ယွင်ထင်နှင့် ကျုံးဖေးယွီနှင့် တိုက်ပွဲနှစ်ပွဲတိုက်ခိုက်ခဲ့ရပြီးနောက် သူသုံးစွဲခဲ့ရသည့် စွမ်းအင်များ၏ ထက်ဝက်ကျော်ကို ယခုတင် ပြန်လည်ရရှိထားခါစဖြစ်သည်။
ထို့နောက်ချက်ချင်းပင် အေးစက်နေသောစွမ်းအားတစ်ခုက သူ၏ အစာအိမ်ထဲမှာ ပေါက်ကွဲထွက်ပေါ်လာသည်။
ဆူဇီမို၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
ထိုအအေးဓာတ်သည် လက်ဖက်ရည်ထဲရှိ မက်မန်းသီးကနေလာခြင်းဖြစ်သည်။
၎င်းသည် ဆူပွက်နေသော လက်ဖက်ရည်ထဲမှာ ရှိနေခဲ့သော်လည်း ထိုမက်မန်းသီးမှာ အရည်မပျော်နိုင်သည့် တုန်လှုပ်စရာကောင်းသောအအေးဓာတ်တစ်ခုပါဝင်နေပြီး ဆူဇီမို၏ ခန္ဓာကိုယ်အတွင်းမှာ လျင်မြန်စွာဖြန့်ကြက်သွား၏။
တစ်ခဏချင်းမှာပင် ဆူဇီမို၏ ခန္ဓာအပေါ်ယံမှာ ရေခဲတစ်လွှာဖြစ်ပေါ်လာသည်။ သူ၏ ဆံပင်နှင့် မျက်ခုံးမွေးတို့ကပင် ဖြူဖွေး၍ နှင်းခဲများအဖြစ် ပြောင်းလဲသွားသည်။
သူသည် သူ၏ သွေးချီကို လှည့်ပတ်မည်ဆိုလျှင် ထိုအအေးဓာတ်ကို အလွယ်တကူချေဖျက်နိုင်မည်ဖြစ်သည်။
သို့သော်လည်း ဆူဇီမိုက စိုးရိမ်ပူပန်နေရပြီး မဆင်မခြင်မပြုမူရဲပေ။ ထိုအစား သူက သူ၏ ခန္ဓာကိုယ်တွင်းရှိ အအေးဓာတ်ကို ဖြည်းဖြည်းချင်းစုပ်ယူ၍ သန့်စင်လိုက်၏။
ခဏနေပြီးနောက် သူ၏ ခန္ဓာကိုယ်က ပုံမှန်အတိုင်းပြန်ဖြစ်လာသည်။
သူသည် မကြာသေးခင်ကမှ အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လာခဲ့သည်မှာ နှမြောစရာပင်။
ဂမ္ဘီရဆီးနှင်းမက်မန်းလက်ဖက်ရည်ကို သောက်သုံးပြီးတာတောင် သူသည် ချက်ချင်းအဆင့်ချိုးဖျက်တက်လှမ်းနိုင်ခြင်း မရှိပေ။
ဆူဇီမို၏ စိတ်ကို ဖတ်မိနိုင်သည့်အလား ယွင်ကျူးက ပြုံးပြလိုက်သည်။
“မပူပါနဲ့... နောက်ပြီးကျရင် ဒီထက်ပိုတဲ့ ဆုလာဘ်တွေနဲ့ အခွင့်အလမ်းတွေ ရောက်လာလိမ့်မယ်”
ထိုစဥ်မှာပင် ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ရှိလူတိုင်းက သူတို့၏ အင်မော်တယ်လက်ဖက်ရည်များ သောက်သုံးပြီးသည်ကို အင်မော်တယ်ဘုရင်ချင်းယန်တွေ့မြင်သောအခါ သူကဆက်ပြောလိုက်သည်။
“ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ကလူတိုင်းပဲ... ဂမ္ဘီရမိုးကောင်းကင်နန်းတော်ရဲ့ အထွတ်အမြတ်ကျင့်ကြံရေးကုန်းမြေဆီကိုသွားဖို့ ငါနဲ့လိုက်ခဲ့ဖို့ပြင်ထားကြ... မင်းတို့တွေက အထဲမှာ ဘယ်လောက်ကြာကြာကျင့်ကြံနိုင်မလဲဆိုတာကတော့... မင်းတို့ရဲ့ကံနဲ့အစွမ်းအစပေါ်မူတည်တယ်”
အင်မော်တယ်ဘုရင်ချင်းယန်က သူ၏ ဝတ်ရုံစကိုဝေ့ယမ်းပြီး လေဟာနယ်ကို ဆုတ်ဖြဲလိုက်၏။ အထဲမှာ အေးစက်နေသောလေများက တိုက်ခတ်နေပြီး အမျိုးအမည်မသိနေရာတစ်ခုဆီသို့ ဦးတည်နေလေသည်။
ဆူဇီမိုနှင့် အခြားသော ကောင်းကင်အင်မော်တယ်များသည် လေဟာနယ်ထဲသို့ အင်မော်တယ်ဘုရင်ချင်းယန်၏ နောက်ကနေ လိုက်ပါသွားကြသည်။
သိပ်မကြာခင် လူတိုင်းက အောက်ဘက်သို့ ဆင်းသက်လိုက်ကြ၏။
နေရာတစ်ခုလုံးကို နှင်းခဲများက ဖုံးလွှမ်းထားပြီး အရာရာတိုင်းက အေးခဲနေလေသည်။
ဟာ...
လူတိုင်းသည် အေးခဲကမ္ဘာတစ်ခုသို့ ရောက်ရှိလာသည့်အလားပင်။ ရာသီဥတုက အေးစက်နေပြီး ဘေးပတ်ဝန်းကျင်က အေးစက်နေသော စိတ်ဆန္ဒတစ်ခုဖြင့် ပြည့်နှက်နေလေသည်။ လူတိုင်းက တုန်လှုပ်ချောက်ချားသွားကြသည်။
ကျင့်ကြံသူဆယ်ယောက်ကျော်က ဆက်လက်၍တောင့်မခံနိုင်ဘဲ တစ်စက်စက်တုန်ယင်လာကြသည်။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ စွမ်းအားကြီးမားသောကိုယ်ကာယပေါ်မှီခိုပြီး ဆူဇီမိုက အအေးဓာတ်ကို တောင့်ခံနိုင်ဆဲဖြစ်သည်။
အေးခဲကမ္ဘာမှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီက ကြောက်စရာကောင်းလောက်အောင် ကြွယ်ဝနေသည်ကို ဆူဇီမိုက တုန်လှုပ်ဖွယ်ရာတွေ့ရှိလိုက်ရ၏။
ဘေးပတ်ဝန်းကျင်မှာရှိသော အေးစက်ချီက ချွေးပေါက်များကနေတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာပြီး ကြွယ်ဝသော ကောင်းကင်နှင့်မြေကြီးအမြုတေချီဖြင့် ပြည့်နှက်နေလေသည်။
သူက ထိုအရာကို သန့်စင်မည်ဆိုလျှင် သူ၏ ကျင့်ကြံမှုသည် သေချာပေါက် ခုန်ပေါက်၍မြင့်တက်လာပေလိမ့်မည်။
“အားလုံးပဲ အဲဒါကိုသတိထားမိကြလိမ့်မယ်လို့ ငါထင်တယ်”
အင်မော်တယ်ဘုရင်ချင်းယန်က ပြောလိုက်သည်။
“ဒီနေရာမှာရှိတဲ့ပတ်ဝန်းကျင်က ရက်စက်ကြမ်းတမ်းပေမယ့် မင်းတို့တွေက ဒီနေရာမှာ တောင့်ခံထားနိုင်မယ်ဆိုရင် မင်းတို့တွေရဲ့ ကျင့်ကြံမှုအပေါ် အရမ်းကို အကျိုးရှိလိမ့်မယ်”
“ဒီနေရာမှာအဆောင်တစ်ခုရှိတယ်... မင်းတို့တွေက တောင့်မခံနိုင်တော့ဘူးဆိုရင် မင်းတို့လုပ်စရာရှိတာက အဲဒါကိုဆုတ်ဖြဲပြီး ဒီနေရာကနေ အချိန်မရွေးထွက်လာရုံပဲ”
ထိုသို့ပြောရင်း အင်မော်တယ်ဘုရင်ချင်းယန်က သူ၏ ဝတ်ရုံစကို ဝေ့ယမ်းကာ အဆောင်တစ်ရာကို ကျင့်ကြံသူများထံ ပို့လွှတ်ပေးလိုက်၏။
အင်မော်တယ်ဘုရင်ချင်းယန်က ဆက်ပြောလိုက်သည်။
“ငါမင်းတို့ကိုသတိပေးစရာ နောက်ထပ် အချက်တစ်ချက်ရှိသေးတယ်... မင်းတို့တွေက ဒီနေရာမှာ ဟိုဟိုဒီဒီလျှောက်မသွားကြရင် အကောင်းဆုံးပဲ... နေရာတိုင်းမှာရှိတဲ့ အေးစက်မှုအတိုင်းအတာက မတူကြဘူး... မင်းတို့တွေက သိပ်ပြီးပြီးဝေးဝေးသွားမိမယ်ဆိုရင် ကျင့်ကြံဖို့မပြောနဲ့ ဒီနေရာမှာတင်သေရလိမ့်မယ်”
ကျင့်ကြံသူအားလုံးက အလောတကြီးခေါင်းညိတ်ပြလိုက်ကြသည်။
အင်မော်တယ်ဘုရင်ချင်းယန်က လေဟာနယ်ကိုဆုတ်ဖြဲပြီး ဖျတ်ခနဲပျေက်ကွယ်သွားသည်။
ကျင့်ကြံသူများစွာသည် အလောတကြီးတင်ပျဥ်ခွေထိုင်ချလိုက်ကြ၏။ သူတို့သည် ဤနေရာမှာရှိသော အရိုးထိတိုင်ခိုက်သော အအေးဓာတ်ကိုခုခံရန် သူတို့၏ သွေးချီကို လှည့်ပတ်ပြီး သူတို့၏ ကိုယ်ထဲကို စိမ့်ဝင်လာသည့် အေးစက်ချီကို စုပ်ယူသန့်စင်ရန် အတတ်နိုင်ဆုံးကြိုးစားလိုက်ကြ၏။
ဆူဇီမိုသည် နေရာမှာတင် မလှုပ်မယှက်ရပ်နေပြီး ချက်ချင်းမကျင့်ကြံပေ။
ဘေးပတ်ဝန်းကျင်မှာရှိသော အအေးဓာတ်က သန်မာသော်လည်း သူ့ကို မခြိမ်းခြောက်နိုင်ပေ။
သူက တိတ်တဆိတ်စဥ်းစားတွေးတောနေပြီးနောက် အေးခဲကမ္ဘာ၏ အရပ်တစ်ဘက်သို့ ကြည့်လိုက်လေသည်။
ဘာ့ကြောင့်ရယ်မသိ ထိုဘက်အရပ်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို အလွန်တရာဆွဲဆောင်နေသည့် တစ်စုံတစ်ရာရှိနေသည်ဟု သူက ခံစားနေရသည်။
ထိုစဥ်မှာပင် အသက်ဆယ်ရှိုက်စာမပြည့်ခင် ကျင့်ကြံသူအချို့သည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သူတို့၏ အဆောင်များကိုဆုတ်ဖြဲကာ နေရာကနေထွက်ခွာသွားကြ၏။
ဆူဇီမိုက အနည်းငယ် တွေဝေတုံ့ဆိုင်းနေပြီးနောက် ထိုဘက်အရပ်သို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းသွားသည်။
“စီနီယာအစ်ကို... ရှင်...”
ယန်ပင်းယင်က ထိုသည်ကိုတွေ့မြင်သောအခါ ထိတ်လန့်သွားပြီး အလောတကြီးလှမ်းခေါ်လိုက်၏။
“ရတယ်... ငါဒီတိုင်းလျှောက်ကြည့်ရုံပဲ”
ဆူဇီမိုက သာမန်ကာလျှံကာ ပြောပြီး ရှေ့သို့ဆက်လျှောက်သွား၏။
အနက်ပိုင်းထဲသို့ ရောက်ရှိလာစဥ် သူ၏ ဘေးပတ်လည်မှာရှိသောအအေးဓာတ်က သိသိသာသာပိုမိုပြင်းထန်ကြမ်းတမ်းလာသည်ကို သူက ရှင်းလင်းစွာ ခံစားနေရသည်။ အေးစက်နေသောလေပြင်းက အော်မြည်တိုက်ခတ်ပြီး နှင်းပွင့်နှင်းချပ်များက သူ့ထံသို့ လွင့်ပျံလာလေသည်။
အတန်ကြာလျှောက်လှမ်းလာပြီးနောက် သူ၏ မျိုးဆက်သွေးက အေးခဲတော့မည့်လက္ခဏာများ ပြသလာပြီး ဆူဇီမိုက နောက်ဆုံးရပ်တန့်လိုက်၏။
သိပ်သည်းလေးလံသော နှင်းမုန်တိုင်းကြားကနေတစ်ဆင့် ရှေ့တည့်တည့်မှာ ဧရာမရှေးဟောင်းသစ်ပင်တစ်ပင်ရှိနေသည်ကို သူက ခပ်ရေးရေးတွေ့မြင်နိုင်သည်။ ထိုသစ်ပင်သည် နှင်းကဲ့သို့ ဖြူဖွေးနေပြီး အရွက်များက စိမ်းစိုလန်းဆန်းနေကာ အရွက်တစ်ရွက်ချင်းစီက သလင်းလိုကြည်လင်ပြီး အသီးများက သူတို့ပေါ်ကနေ တွဲလျောင်းကျနေ၏။
ဂမ္ဘီရဆီးနှင်းမက်မန်းပင်။