အချေအတင်
Vol. 173 Ch. 2586
ယွင်ထင်သည် နောက်ပြန်လှည့်ကြည့်ခြင်းမရှိဘဲ လွတ်လပ်ပေါ့ပါးစွာဖြင့် ထွက်ခွာသွားသည်။
သူသည် ဤတစ်ခေါက်မှာ ရှုံးနိမ့်ခဲ့သည်ဆိုလျှင်တောင် ထိုအချက်သည် သူ၏ တာအိုနှလုံးသားအပေါ် မည်သည့်ထိုးနှက်ချက်မှဖြစ်မလာခဲ့ပေ။ ထိုအစား ၎င်းသည် ပို၍ပင်သန်မာသော တိုက်ပွဲဝင်စိတ်ဝိညာဉ်တစ်ခုကို ထွက်ပေါ်လာစေခဲ့သည်။
တကယ်ဆို သူသည် သူ၏ ဓားတာအိုကို မီးဆေးဖို့အတွက် နေရာတိုင်းမှာ ကျင်လည်ကျက်စားရန် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေနှင့် ကောင်းကင်ဘုံကမ္ဘာကနေပင် ထွက်ခွာလိုလေသည်။
ထိုသို့ဖြင့်သာ သူက ဆူဇီမိုကို ဖိနှိမ်နိုင်မည်ဖြစ်ကြောင်း သိထားသည်။
ပုံမှန်အခြေအနေမှာ လူတစ်ယောက်သည် ကောင်းကင်အင်မော်တယ်နယ်ပယ်ထိ ကျင့်ကြံပြီးနောက် ကြယ်တာရာကောင်းကင်ထဲမှာ ခရီးသွားလာနိုင်ကြသည်။
သို့သော်လည်း ကမ္ဘာများအကြား ကြယ်တာရာကောင်းကင်များက မရေမတွက်နိုင်သောအန္တရာယ်များနှင့် ဘာမှန်းမသိရသောအရာများဖြင့် ပြည့်နှက်နေသည်။ ကောင်းကင်အင်မော်တယ်များအနေဖြင့် ကြယ်တာရာကောင်းကင်မှာ ဖြတ်သန်းသွားလာပါက သေရဖို့သေချာသလောက်နီးပါးပင်။
သူတို့သည် တခြားကမ္ဘာသို့မရောက်ခင်မှာပင် အကန့်အသတ်မဲ့သော ကြယ်တာရာကောင်းကင်ထဲမှာ မြှုပ်နှံခံရဖို့ ဖြစ်နိုင်ချေများလေသည်။
သူတို့သည် ပကတိဧကနယ်ပယ်ထိ ကျင့်ကြံပြီးမှသာ ကြယ်တာရာကောင်းကင်ထဲမှာ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ကြမည်ဖြစ်သည်။
ထို့ကြောင့်ပင် ယွင်ထင်ထွက်ခွာဖို့ဆုံးဖြတ်သောအခါ ယွင်ကျူးက စိုးရိမ်ပူပန်နေခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ယွင်ကျူးက သူ့ကို မတားဆီးခဲ့ပေ။
ဤသည်က ယွင်ထင်ရွေးချယ်ထားသည့် လမ်းကြောင်းဖြစ်သည်ဆိုတာကို သူမသိထားသည်။
သူသည် ရှေ့ကိုသာတက်လှမ်းလိုပြီး သေခြင်းရှင်ခြင်းကိုပင်ဂရုမစိုက်ပေ။
ဤသည်က ယွင်ထင်၏ ဓားတာအိုဖြစ်သည်။
“ဘယ်လောက်တောင် အနှောင်အဖွဲ့ကင်းမဲ့လိုက်လဲ”
ရှဲ့ချင်းချန်က ချီးကျုးမိလိုက်သည်။
ယွင်ထင်သည် ဤတိုက်ပွဲမှာရှုံးနိမ့်သွားသော်လည်း ကျင့်ကြံသူများစွာ၏ ရင်ထဲမှာ သူသည် ဂမ္ဘီရမိုးကောင်းကင်၏ နံပါတ်တစ်ဓားအင်မော်တယ်ဖြစ်နေဆဲပင်။
ဓားတာအို၏ မှန်ကန်ဖြောင့်မတ််မှုကို ယွင်ထင်ထံမှာ တွေ့မြင်နိုင်သည်။
သူသည် အကြောက်အလန့်ကင်းမဲ့မှုနှင့် အနိုင်မခံအရှုံးမပေးသော စိတ်ဝိညာဥ်နှင့်အတူ ကွေးညွှတ်ခံရဖို့ထက် အချိုးခံရဖို့ကိုသာ ပိုမိုလိုလားလေသည်။
သူသည် နာမည်ဂုဏ်သတင်းကို ဂရုမစိုက်ပေ။ သူသည် ဆူဇီမိုနှင့်တိုက်ခိုက်ခဲ့သည်မှာ ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်နှင့် သူ၏အနိုင်ရလိုသောစိတ်ဆန္ဒကြောင့်သာဖြစ်သည်။
သူသည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကနေ ပေးအပ်မည့်ဆုလာဘ်များကိုလည်း စိတ်မဝင်စားပေ။ တိုက်ပွဲပြီးဆုံးသွားပြီးနောက် သူသည် ဤနေရာမှာခဏပင်ဆက်မနေလိုဘဲ ထွက်ခွာသွားခဲ့သည်။
ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှိရာဘက်သို့ ပြန်လည်ရောက်ရှိလာသည်။
တက္ကသိုလ်မှ ကျင့်ကြံသူများက စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်ကာ ကြိုဆိုလိုက်ကြ၏။
“စီနီယာအစ်ကိုဆူ... ခင်ဗျားတော်တော်သန်မာတာပဲ”
“ဂုဏ်ယူပါတယ်စီနီယာအစ်ကိုဆူ”
လူတိုင်းက ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်နေရာကို ရရှိလာခဲ့သည့်အတွက် ဆူဇီမိုကို ဂုဏ်ပြုစကားပြောဆိုလိုက်ကြ၏။ သူတို့သည်လည်း ဂုဏ်ယူဝင့်ကြွားမှုကို ခံစားနေရသည်။
အနည်းဆုံးတော့ လာမည့်နှစ်တစ်သိန်းအတွင်း ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ အခြားသောအင်မော်တယ်ဂိုဏ်းသုံးဂိုဏ်းနှင့် အင်မော်တယ်နိုင်ငံသုံးနိုင်ငံ၏ အထက်မှာ သေချာပေါက်ရပ်တည်နေပေလိမ့်မည်။
“ဂုဏ်ယူပါတယ် ဂျူနီယာညီဆူ”
ဓားအင်မော်တယ်ယွဲ့ဟွားက အောင်ပွဲရလာသော ဆူဇီမိုကိုကြည့်ပြီး တည်ငြိမ်သောအမူအရာဖြင့်ပြောလိုက်၏။
“ယွဲ့ဟွား... မင်းစိတ်ပျက်သွားမှာပဲ”
ဆူဇီမိုက ညင်သာစွာပြုံးပြီး ထုတ်ဖော်ပြောဆိုလိုက်၏။
သူက ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ဟန်ဆောင်ပန်ဆောင် ကြားကောင်းအောင်ပြောဆိုနေဖို့ စိတ်ကူးမရှိပေ။
တကယ်ဆို သူသည် သူ့ကို စီနီယာအစ်ကိုဟုပင်မခေါ်ဆိုတော့ပေ။
သူတို့နှစ်ယောက်သည် တက္ကသိုလ်မှာ အရင်ကတည်းက ပြဿနာတချို့ရှိခဲ့၏။ သို့သော်လည်း သူတို့သည် မည်သို့ပင်ဆိုစေ တက္ကသိုလ်၏ တပည့်ဂိုဏ်းသားများဖြစ်ပြီး အပေါ်ယံအားဖြင့် သူတို့၏ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။
ဤတစ်ခေါက်မှာ ဓားအင်မော်တယ်ယွဲ့ဟွားသည် ဂမ္ဘီရမိုးကောင်ကင်အင်မော်တယ်တွေ့ဆုံပွဲတွင် သူ့ကို တိုက်ခိုက်ဖို့ အပြင်လူများနှင့် အမှန်တကယ်ပင်ပူးပေါင်းခဲ့လေသည်။
စစ်တုရင်အင်မော်တယ်ကျွင်းယု အချိန်မီရောက်မလာခဲ့လျှင် သူက ဤနေရာမှာပင် သေဆုံးသွားရနိုင်သည်။
သူတို့က ဤအခြေအနေထိ ခွာပြဲလာခဲ့သည်ဆိုမှတော့... ဆူဇီမိုက ထိန်ချန်ထားဖို့စိတ်ကူးမရှိတော့ပေ။
ယန်လောရှုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ဆူဇီမို၏ အမျက်ဒေါသကို သူက နားလည်နိုင်လေသည်။
သို့သော်လည်း ဓားအင်မော်တယ်ယွဲ့ဟွားသည် မည်သို့ပင်ဆိုစေ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ နံပါတစ်အမွေခံတပည့်ဖြစ်သည်။ ဆူဇီမိုက သူ့ကိုပေါ်ပေါ်တင်တင်ဆန့်ကျင်မည်ဆိုလျှင် ဆူဇီမိုသည် နောက်ပိုင်းတက္ကသိုလ်မှာ ပိုမိုများပြားသော ပြဿနာများနှင့် ကြုံတွေ့ရပေလိမ့်မည်။
ယန်လောရှုက အသံတစ်ခုကို တိတ်တဆိတ်ပို့လွှတ်လိုက်သည်။
“ညီကိုဆူ... မင်းဘာလို့အဲဒါကိုသည်းမခံရတာလဲ.. မင်းက ပကတိဧကနယ်ပယ်ကိုတက်လှမ်းပြီး အမွေခံတပည့်တစ်ယောက်ဖြစ်လာတာနဲ့ အဲဒီအချိန်ကျရင် မင်းကယွဲ့ဟွားနဲ့ စိတ်ကြိုက်ခွာပြဲလို့ရပြီ”
ဆူဇီမိုက နှုတ်ဆိတ်နေ၏။
သူသည် ဓားအင်မော်တယ်ယွဲ့ဟွားကို ခွန်းတုံ့ပြန်ရဲသည်ဆိုမှတော့... သူက ဆုံးဖြတ်ချက်ချပြီးသွားသောကြောင့်ဖြစ်သည်။
“ဂျူနီယာညီဆူ... မင်းစကားကိုသတိထားပြော”
ပကတိအင်မော်တယ်ချန်ရွှမ်က ထက်ရှသောအမူအရာဖြင့်အော်ငေါက်လိုက်၏။
ဓားအင်မော်တယ်ယွဲ့ဟွားသည် ချန်ရွှမ်ကိုဆက်လက်မပြောဆိုရန် ညင်သာစွာလက်ကာပြပြီး မှင်သေသေဖြင့် ပြောလိုက်သည်။
“ဂျူနီယာညီဆူ... မင်းက ငယ်သေးတဲ့အတွက် မင်းရဲ့မထီလေးစားမှုကို ငါဗွေမယူတော့ဘူး... ဒါပေမဲ့ ရှေ့လျှောက်ရမယ့်လမ်းက အရှည်ကြီးကျန်သေးတယ်... မင်းငါ့ကိုစိန်ခေါ်ဖို့ဆိုတာ အဝေးကြီးပဲ”
“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရဲ့ နံပါတ်တစ်အမွေခံတပည့်နေရာကို ငါမစွန့်လွှတ်ဘူးဆိုရင် မင်းအပါအဝင် ဘယ်သူကမှ အဲဒါကို လုယူနိုင်မှာမဟုတ်ဘူး”
“လျှောက်ရမယ့်လမ်းကအရှည်ကြီးတဲ့လား... ဟားဟား”
ရုတ်တရက် ဆူဇီမိုက ရယ်မောလိုက်၏။
“ငါမင်းကို အခုပဲဗေဒင်တွက်ပေးလိုက်မယ်... မင်းအတွက်နေ့ရက်တွေက သိပ်မကျန်တော့ဘူး”
ယနေ့ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ဒုံမင်းအင်မော်တယ်မုန့်ယောင်၏ အပြုအမူများသည် သူ၏ သတ်ဖြတ်လိုစိတ်ကို လုံးလုံးလျားလျားနှိုးဆွမိခဲ့ပြီဖြစ်သည်။
ဤလူများသည် သူ့ကိုတိုက်ခိုက်ဖို့ ပူးပေါင်းခဲ့သည်ဆိုမှတော့ သူကလည်းဆက်လက်၍ ငဲ့ကွက်ထိန်ချန်မနေတော့ပေ။ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ သူသည် သိုင်းတာအိုပင်မခန္ဓာကို ထွက်လာခိုင်းပြီး သူတို့အတွက် ကြီးမားသောလက်ဆောင်တစ်ခုပေးရပေလိမ့်မည်။
ဒုံမင်းအင်မော်တယ်မုန့်ယောင်ဖြစ်စေ၊ ဓားအင်မော်တယ်ယွဲ့ဟွားဖြစ်စေ ဤလူများသည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေသည်။
သူသည် ဤတစ်ခေါက် ချမ်းသာရာရခဲ့သော်လည်း သူကနောက်ပိုင်းမှာ ပိုမိုကြီးမားသော ပြဿနာများနှင့် ကြုံတွေ့လာရနိုင်သည်။
သိုင်းတာအိုပင်မခန္ဓာသည် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်တွေ့ဆုံပွဲမှာ တိုက်ခိုက်ပြီး ကိစ္စများကို တစ်ခါတည်းအပြီးသတ်ရှင်းလင်းနိုင်မည်ဆိုလျှင် ပိုကောင်းပေလိမ့်မည်။
တကယ်တော့ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှ ပြိုင်စံရှားပညာရှင်များ ပြည့်နှက်နေမည်သာမက သုခဘုံသန့်စင်ကုန်းမြေမှ အောင်မြင်ပေါက်မြောက်သော ကိုယ်တော်များစွာလည်းရှိနေပေလိမ့်မည်။
ထိုအချိန်ကျလျှင် အခြေအနေကိုထိန်းသိမ်းစောင့်ရှောက်ပေးမည့် အင်မော်တယ်ဘုရင်များနှင့် ကောင်းကင်ဘုရင်များလည်းရှိနေကြပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာ၏ လက်ရှိခွန်အားအရ သူသည် အင်မော်တယ်ဘုရင်များနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
သူက မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ပြဿနာရှာလိုသည်ဆိုလျှင် နှစ်ဦးနှစ်ဖက်စလုံးအတွက် အလွန်တရာအန္တရာယ်များပြီး ခက်ခဲပေလိမ့်မည်။
တကယ်တော့ ဓားအင်မော်ယွဲ့ဟွားသည် ဆူဇီမို၏ခြိမ်းခြောက်မှုကို စိတ်ထဲမှာထည့်မှတ်ထားခြင်းမရှိပေ။
ဆူဇီမိုသည် ယခုအချိန်မှာ အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်နေသေးသည့် အချက်ကိုအသာထား သူက အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လာမည် သို့မဟုတ် ပကတိဧကနယ်ပယ်သို့ တက်လှမ်းလာမည်ဆိုလျှင်တောင် ဆူဇီမိုက သူ့ကိုခြိမ်းခြောက်နိုင်စရာအကြောင်းမရှိပေ။
ဓားအင်မော်တယ်ယွဲ့ဟွားက မှင်သေသေဖြင့် ပြုံးလိုက်သည်။
“ဂျူနီယာညီဆူ... မင်းက မစဥ်းစားမဆင်ခြင်ဘဲ ပြောချင်တာလျှောက်ပြောနေမယ်ဆိုရင် မင်းကရယ်စရာဟာသတစ်ခုဖြစ်လာလိမ့်မယ်”
ခဏမျှရပ်တန့်ပြီးနောက် သူကစကားလမ်းကြောင်းပြောင်းလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ်မင်းက ကောင်းကင်အဆင့်သတ်မှတ်ချက်နဲ့ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်နှစ်ခုစလုံးရဲ့ နံပါတ်တစ်နေရာကိုရလာတဲ့အချက်က တကယ့်ကို အောင်ပွဲခံထိုက်တဲ့သတင်းပဲ... ဒီနှစ်တွေအားလုံးထဲမှာ ဒီလိုမျိုးအောင်မြင်ပေါက်မြောက်ခဲ့တဲ့ နောက်ထပ်လူတစ်ယောက်ပဲရှိတယ်... သူက လွန်ခဲ့တဲ့နှစ်ပေါင်းသိန်းချီကာလက ဖုန့်စန်းထျန်ပဲ”
“တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်းတို့နှစ်ယောက်စလုံးက အောက်ဘုံလောကကနေလာပြီး တစ်ယောက်ကိုတစ်ယောက် သိနေကြတဲ့ပုံပဲ... ဖုန့်စန်းထျန်က မိစ္ဆာမဟာနယ်မြေမှာ ခြေကုပ်ရယူထားနိုင်ခဲ့ပြီ... ငါသိချင်မိတယ်... မင်းကသူနဲ့များ အဆက်အသွယ်ရှိနေဦးမလား”
ထိုစကားကိုကြားသောအခါ ယွင်ကျူးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
ထိုစကားလုံးများက သတ်ဖြတ်ဖို့ကို ရည်ရွယ်လေသည်။
ကျင့်ကြံသူများစွာသည် ရင်တစ်ချက်ထိတ်သွားကြ၏။
ဆူဇီမိုကိုကြည့်နေရင်း အင်မော်တယ်ဘုရင်ချင်းယန်၏ အမူအရာပင် ပြောင်းလဲသွားလေသည်။
ဓားအင်မော်တယ်ယွဲ့ဟွားသည် ဆူဇီမိုကို ဂုဏ်ပြုပြောဆိုနေခြင်းဖြစ်သည့်ပုံပေါ်သော်လည်း သူ၏ စကားလုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေလေသည်။
သူသည် ဆူဇီမိုကို ဖုန့်စန်းထျန်နှင့် တစ်တန်းတည်းထားပြီး ပြောဆိုလိုက်ခြင်းဖြင့် ဆူဇီမိုသည် ဒုတိယမြောက်ဖုန့်စန်းထျန်ဖြစ်လာနိုင်ကြောင်း ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကို သတိပေးလိုက်ခြင်းဖြစ်သည်။
“ဂျူနီယာမောင်ဆူ... ဒီကိုလာထိုင်လေ”
ဆူဇီမိုက ပြန်မပြောရသေးခင်မှာပင် မိုချင်က သူ့ကို ရုတ်တရက်လှမ်းခေါ်လိုက်၏။
မိုချင်သည် တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း သူမ၏ အပြုအမူသည် ဆူဇီမိုကိုကာကွယ်ပေးလိုသည်မှာ သိသာလေသည်။ ချက်ချင်းပင် ဓားအင်မော်တယ်ယွဲ့ဟွားက မနာလိုအားကျလာသည်။
အစကတော့ မိုချင်သည် ယွင်ကျူ၏ဘေးမှာထိုင်နေ၏။
ဆူဇီမိုလျှောက်လှမ်းလာသောအခါ မိုချင်က အနည်းငယ်ရွှေ့ပြီးလမ်းဖယ်ပေးလိုက်၏။
ဆူဇီမိုက နတ်မိမယ်နှစ်ပါး၏ အလယ်မှာထိုင်ပြီး မနာလိုအားကျနေသော နောက်ထပ်အကြည့်များကို ဆွဲဆောင်မိသွားသည်။
ကောင်းကင်အဆင့်သတ်မှတ်ချက်၏ အဆင့်တစ်နှင့် အဆင့်နှစ်နေရာကို ဆုံးဖြတ်ပြီးသွားပြီဖြစ်သော်လည်း ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲများက မပြီးဆုံးသေးပေ။
ဧရာမကျောက်ဖျာတိုက်ပွဲကွင်းတချို့က ပေါ်ထွက်လာပြီး ယန်ယန်းအင်မော်တယ်နိုင်ငံ၏ လေ့ရွှမ်နှင့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ယန်ပင်းယင်အပါအဝင် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ကျင့်ကြံသူများသည် တိုက်ပွဲမြေသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လိုက်ကြသည်။
အဆင့်သတ်မှတ်ချက်တိုက်ပွဲများကို ဆက်တိုက်ကျင်းပပေးပြီးနောက် ကောင်းကင်အဆင့်သတ်မှတ်ချက်က တဖြည်းဖြည်းထွက်ပေါ်လာခဲ့၏။
အဆင့်သတ်မှတ်ချက်တိုက်ပွဲများက အလွန်တရာပြင်းထန်ကြမ်းတမ်းလေသည်။
သူတို့ကြားမှာ လေ့ရွှမ်၏ မျိုးဆက်သွေးနယ်မြေ နေကိုးစင်းထွက်ပေါ်ခြင်းက အလွန်တရာထင်ရှားပေါ်လွင်နေ၏။
ကျုံးဖေးယွီ၏ သေဆုံးမှုနှင့် ချင်ကူ၏ ဒဏ်ရာအပြင်းအထန်ရရှိမှုအပြီး၌ သူသည် အပြတ်အသတ်စိုးမိုးခြယ်လှယ်မှုဖြင့် အဆင့်-၃နေရာကို တက်လှမ်းလာခဲ့သည်။
သို့သော်လည်း ဆူဇီမို၊ ယွင်ထင်၊ ချင်ကူနှင့် ကျုံးဖေးယွီတို့ကြားမှ တိုက်ပွဲသုံးခုနှင့်ယှဥ်လျှင် နောက်ပိုင်းအဆင့်သတ်မှတ်ချက်တိုက်ပွဲများက ပျင်းစရာကောင်းနေသည်ဟုထင်ရသည်။
တစ်ရက်မပြည့်ခင်မှာပင် သည်ဘက်မျိုးဆက်၏ ကောင်းကင်အဆင့်သတ်မှတ်ချက်က ထွက်ပေါ်လာခဲ့လေသည်။