နှုတ်ဆက်ခြင်း
Vol. 173 Ch. 2585
“တခြားဘယ်သူ စိန်ခေါ်ချင်သေးလဲ”
ယွင်ထင်က ဂမ္ဘီရမိုးကောင်းကင်ဓားကို ဆွဲကိုင်ထား၏။ သူသည် စွမ်းအင်အတော်များများကို သုံးစွဲခဲ့ရသော်လည်း သူ၏ ခန္ဓာကိုယ်က ထက်ရှနေဆဲဖြစ်ပြီး မိုးကြိုးလျှပ်စီးလိုအကြည့်ဖြင့် ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုနေ၏။
စောစောက ချင်ကူနှင့် ကျုံးဖေးယွီကို အော်ဟစ်အားပေးခဲ့ကြသော ကျင့်ကြံသူများထဲ မည်သည့်အသံမှ ထွက်မလာတော့ပေ။
ချင်ကူနှင့် ကျုံးဖေးယွီပင်လျှင် သေသူသေ၊ ဒဏ်ရာရသူရ ဖြစ်ကုန်သည်ဆိုပါက ကြိုတင်ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ အခြားဘယ်ကျင့်ကြံသူက သူတို့နှစ်ယောက်ကို စိန်ခေါ်ရဲတော့မှာလဲ။
သူတို့နှစ်ယောက်မှာ တခြားသော ဝှက်ဖဲများ ရှိနေဦးမလား ဘယ်သူသိနိုင်မလဲ။
ခဏနေပြီးနောက် မည်သူကမှ ရှေ့သို့တက်မလာကြပေ။
ယွင်ထင်က ခန်းမ၏ အလယ်မှာရှိသော အင်မော်တယ်ဘုရင်ချင်းယန်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“အင်မော်တယ်ဘုရင်ချင်းယန်… ဒီတစ်ခေါက် ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ အဆင့်-၁ နဲ့ အဆင့်-၂ ကို ခင်ဗျား ထုတ်ဖော်ကြေညာလို့ရပြီ”
အင်မော်တယ်ဘုရင်ချင်းယန်က ညင်သာစွာပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
“အဲဒါလည်း ကောင်းတာပဲ… ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ အဆင့် ၁ က အများသူငါကို လက်ခံယုံကြည်စေရမယ်… အခု ဘယ်သူကမှ ကန့်ကွက်တဲ့သူ မရှိတော့ဘူးဆိုတော့ ငါက ဒီတစ်ခေါက် ကောင်းကင်အဆင့်သတ်မှတ်ချက်ကို အခုပဲ ထုတ်ဖော်ကြေညာမယ်… ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဆူဇီမိုက အဆင့် ၁… ကျိရွှမ်အင်မော်တယ်နိုင်ငံက ယွင်ထင်က အဆင့် ၂ပဲ”
“ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ တခြားတိုက်ပွဲတွေကို ပုံမှန်အတိုင်း ဆက်ပြီးကျင်းပရလိမ့်မယ်”
ဆူဇီမိုနှင့် ယွင်ထင်က ဧရာမကျောက်ဖျာတိုက်ပွဲမြေပြင်ကနေ ဆင်းလာကြသည်။
ယွင်ထင်သည် သူ့၏ လက်ဖဝါးကို လှုပ်ခါပြီး ဆူဇီမိုရှိရာဘက်သို့ ဝါကျင့်ကျင့်ရှေးဟောင်းစာလိပ်တစ်လိပ်ကို ပစ်ထုတ်ပေးလိုက်၏။
ဆူဇီမိုက တစ်ချက်ဝေ့ကြည့်ပြီးနောက် အဲဒါကို ချက်ချင်းပင် မှတ်မိသိရှိသွားသည်။
ဤရှေးဟောင်းစာလိပ်သည် သူ၏ သိုလှောင်အိတ်ထဲမှ ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းကျမ်းတို့လိုပင် တူညီသောပစ္စည်းဖြင့် ပြုလုပ်ထားလေသည်။
ဒါ့အပြင် ရှေးဟောင်းစာလိပ်က ရိုးရှင်းသည့်ပုံပေါ်သော်လည်း ၎င်းက အလွန်တရာ ထက်ရှနေ၏။
လူသားသတ်ဖြတ်ခြင်းဓားပညာရပ်…။
ဆူဇီမိုက လက်လှမ်းပြီး ရှေးဟောင်းစာလိပ်ကို လက်ခံယူလိုက်သည်။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိန်ခေါ်ခဲ့သည့် အရေးကြီးဆုံး ရည်မှန်းချက်များထဲမှတစ်ခုမှာ မဟာဓားပညာရပ်သုံးခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့ဖြစ်သည်။
ယွင်ထင်သည် ဆူဇီမိုကို ရှုံးနိမ့်လျှင် အဲဒါကို ထုတ်ပေးရမည်ဖြစ်သည်။
ယွင်ထင်၏ စိတ်နေစရိုက်အရ သူသည် သူ၏ ကတိကဝတ်ကို ဖောက်ဖျက်လိမ့်မည် မဟုတ်ပေ။
လူသားသတ်ဖြတ်ခြင်းဓားပညာရပ်ကို လက်ခံယူပြီးနောက် ဆူဇီမိုက ခဏမျှစဉ်းစားတွေးတောလိုက်၏။ ထို့နောက် သူက သူ့၏ သိုလှောင်အိတ်ထဲကနေ ဝါကျင့်ကျင့်ရှေးဟောင်းစာလိပ်နှစ်လိပ်ကို ထုတ်ယူကာ ယွင်ထင်ထံ ပစ်ပေးလိုက်၏။
ဆူဇီမိုက ပြောလိုက်သည်။
“အဲဒါ ကောင်းကင်သတ်ဖြတ်ခြင်းနဲ့ ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်တွေပဲ”
သူတက်လှမ်းလာပြီးကတည်းက ယွင်ထင်သည် သူမိတ်ဆွေဖွဲ့လိုပြီး သူ၏ ရင်ထဲမှာ အသိအမှတ်ပြုထားသည့် ကျင့်ကြံသူအနည်းအကျဉ်းထဲမှ တစ်ယောက်ဖြစ်သည်။
သူတို့နှစ်ယောက်က နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြသော်လည်း သူတို့မှာ နက်ရှိုင်းသော မည်သည့်ရန်ငြိုးရန်စမှ မရှိပေ။
ဆူဇီမိုသည် ယွင်ထင်၏ မာန်မာန၊ ရိုးသားမှုနှင့် တည်ကြည်ဖြောင့်မတ်မှုကို ချီးကျူးမိလေသည်။
ဒါ့အပြင် ယွင်ထင်သည် ယွင်ကျူး၏ မောင်ငယ်ဖြစ်နေသည်။
ယွင်ထင်သည် လူသားသတ်ဖြတ်ခြင်းဓားပညာရပ်ကို ထုတ်ပေးလိုသည်ဆိုမှတော့ သူကလည်း ယွင်ထင်အပေါ် အမြတ်မထုတ်လိုပေ။ သူသည် ယွင်ထင်ထံ ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်တို့ကို ပြန်ပေးလိုက်၏။
ကျင့်ကြံသူများစွာက ထိုမြင်ကွင်းမှာ လှုပ်ရှားယိမ်းယိုင်သွားကြသည်။
အခြားတစ်ယောက်သာဆိုလျှင် သူတို့သည် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်ကဲ့သို့ အန္တိမကျင့်ကြံရေးနည်းစနစ်များကို သူတို့၏ အရင်းနှီးဆုံးသူများကိုပင် ပြသပေးလိမ့်မည် မဟုတ်ပေ။
ယနေ့ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမှာ ကျင့်ကြံသူပေါင်းများစွာသည် ဤကဲ့သို့သော မြင်ကွင်းတစ်ခုကို ရှားရှားပါးပါး တွေ့ကြုံခွင့်ရလိုက်သည်။
သို့သော် မကြာခင် ပို၍ပင်တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုပေါ်ထွက်လာသည်။
ယွင်ထင်က ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်များကို လက်ခံယူပြီးနောက် သူတို့ကို ကြည့်ပင်မကြည့်ဘဲ ဆူဇီမိုထံ ပြန်ပစ်ပေးကာ ခေါင်းခါပြလိုက်၏။
“ငါ အဲဒါတွေကို ထပ်ပြီးမလိုတော့ဘူး”
“ဘာလို့လဲ”
ဆူဇီမိုက တွေးဝေရှုပ်ထွေးစွာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
ယွင်ထင်သည် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်တို့ကို အရင်က မတွေ့မြင်ဖူးခဲ့ပေ။ လူသားသတ်ဖြတ်ခြင်းဓားပညာရပ်တစ်ခုမျှနှင့် သူသည် တစ်ပိုင်းတစ်ပျက် အင်မော်တယ်နှိမ်နင်းဓား၏ မျိုးဆက်သွေးနယ်မြေကို ကျင့်ကြံနိုင်ခဲ့၏။
သူ၏ ပါရမီအရ သူ့မှာ ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်တို့ ရှိလာမည်ဆိုလျှင် သူသည် သူ၏ မျိုးဆက်သွေးနယ်မြေကို အစစ်အမှန် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုအဖြစ်သို့ သေချာပေါက်ကျင့်ကြံနိုင်ပေလိမ့်မည်။
ဒါ့အပြင် ယွင်ထင်သည် အင်မော်တယ်နှိမ်နင်းဓားကို သူ့ထက်အရင် သေချာပေါက်နားလည်ဆင်ခြင်နိုင်လိမ့်မည်ဟု ဆူဇီမိုက ယုံကြည်ထားသည်။
“မင်းသားယွင်ထင်… အဲဒါကို ယူလိုက်လေ”
“ဟုတ်ပါတယ်… မင်းသား စိတ်ကို အလိုမလိုက်ပါနဲ့”
ကျိရွှမ်အင်မော်တယ်နိုင်ငံမှ ကျင့်ကြံသူများစွာက ဖျောင်းဖျလိုက်ကြ၏။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုက လက်တကမ်းအတွင်းမှာ ရောက်ရှိလာသော်လည်း ယွင်ထင်က အဲဒါကို ငြင်းပယ်လိုက်သည်။
“ရှုံးတာက ရှုံးတာပဲ”
ယွင်ထင်က သူ့၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်သည်။
သူ၏ ထင်မြင်ချက်အရ ဆူဇီမိုသည် သူ့အား ထိုဓားပညာရပ်နှစ်ခုပေးလာသည်မှာ သနားကရုဏာသက်မှု သို့မဟုတ် စာနာမှုကြောင့်ဖြစ်နိုင်သည်။
သူက အဲဒါကို လက်ခံလိမ့်မည် မဟုတ်ပေ။
ယွင်ထင်သည် သူ၏ မျက်လုံးထဲရှိ ရွေ့လျားနေသော အလင်းတစ်ခုနှင့်အတူ အဝေးတစ်နေရာကို ငေးကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။
“မဟာဓားပညာရပ်သုံးခုကိုလည်း လူသားတွေက ဖန်တီးခဲ့တာပဲ… တစ်နေ့မှာ ငါက ငါ့ရဲ့ကိုယ်ပိုင်ဓားတာအိုကို ငါကိုယ်တိုင်ဖန်တီးမယ်”
ထိုနေရာရောက်မှာ ဆူဇီမိုက နားလည်သဘောပေါက်လာသည်။
ယွင်ထင်သည် ရှုံးနိမ့်သွားသောကြောင့် သူက ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်တို့ကို လက်မခံခြင်း မဟုတ်ပေ။
ဤသည်က ယွင်ထင်၏ မာန်မာနဖြစ်သည်။
လူတိုင်း၏ မျက်လုံးထဲမှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုသည် အလွန်တရာကြီးမားသည့် အခွင့်အလမ်းတစ်ရပ် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
သို့သော်လည်း ယွင်ထင်အတွက်ကတော့ မတူပေ။
သူ၏ ဓားတာအိုက အနိုင်မခံ အရှုံးမပေးပေ။
ထိုအခိုက်အတန့်မှာ ယွင်ထင်၏ အနာဂတ်အောင်မြင်ထွန်းပေါက်မှုများက တကယ်ပင် စဉ်းစားကြည့်၍ မရနိုင်တော့ကြောင်း ဆူဇီမိုက ခပ်ရေးရေးနားလည်သဘောပေါက်လာသည်။
အနာဂတ်မှာ ယွင်ထင်သည် အထက်ဘုံလောက၏ အန္တိမပညာရှင်များထဲမှတစ်ယောက် သေချာပေါက်ဖြစ်လာပေလိမ့်မည်။
လက်တစ်ကမ်းအတွင်းရောက်ရှိလာသည့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို စွန့်ပယ်နိုင်ရန် လူတစ်ယောက်သည် မည်ကဲ့သို့သော ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ရဲဝံ့မှုတို့ကို လိုအပ်မလဲ။
“ဆူဇီမို ငါသွားတော့မယ်”
ယွင်ထင်က ဆူဇီမိုကိုကြည့်ပြီး ရုတ်တရက်ပြုံးပြလိုက်သည်။
“ဘယ်ကိုလဲ”
ဆူဇီမိုက မေးလိုက်လေသည်။
“ငါမသိသေးဘူး”
ယွင်ထင်က ခေါင်းခါပြလိုက်သည်။
“ငါက အခြားအင်မော်တယ်မဟာနယ်မြေတွေ၊ မိစ္ဆာမဟာနယ်မြေ ဒါမှမဟုတ် အခြားကမ္ဘာတစ်ခုခုကို ရောက်ချင်ရောက်သွားလိမ့်မယ်… ငါက မဟာလောကသုံးထောင်မှာ ခရီးသွားပြီး ပိုပြီးတော့ ကျယ်ဝန်းတဲ့လောကတစ်ခုကို တွေ့မြင်ချင်တွေ့မြင်ရလိမ့်မယ်… ငါက နောက်ထပ်ပညာရှင်တွေနဲ့ ထပ်ပြီးတိုက်ခိုက်ရဦးမယ်… ငါ့ရဲ့ဓားနှလုံးသားကို ပုံသွင်းပြီး ငါ့ရဲ့ဓားတာအိုကို မီးဆေးရဦးမယ်”
“ဆူဇီမို မင်းလည်း ဂရုစိုက်ဦး”
“ငါပြန်လာတာနဲ့ ငါ မင်းကို စိန်ခေါ်ဦးမှာ… အဲဒီအချိန်ကျရင် မင်း ဆိုးဆိုးဝါးဝါး မရှုံးနိမ့်စေနဲ့”
ယွင်ထင်က ပြုံးပြနေသော်လည်း သူ့၏ လေသံမှာ ဝမ်းနည်းမှုနှင့် လွမ်းဆွေးမှု အငွေ့အသက်တစ်ခုရှိနေသည်။
“မင်း အခုပဲ သွားတော့မှာလား”
ဆူဇီမိုက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“အင်း”
ယွင်ထင်က ခေါင်းညိတ်ပြလိုက်သည်။
ပုံမှန်အခြေအနေအောက်မှာ ကောင်းကင်အဆင့်သတ်မှတ်ချက်၏ အဆင့်-၂ သည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ ပေးအပ်သည့် ဆုလာဘ်များကို လက်ခံယူရပေလိမ့်မည်။
သို့သော်လည်း ထိုအရာများက ယွင်ထင်အတွက် ဆက်လက်၍ အရေးမပါတော့ချေ။
သူ၏ မာန်မာနအရ သူက ရှုံးနိမ့်သွားပြီဆိုမှတော့ ဤနေရာမှာ ဆက်လက်၍ မနေလိုတော့ပေ။
“ငါသွားတော့မယ်”
ယွင်ထင်က ဆူဇီမိုကို လက်ပြပြီးနောက် သူ၏ အကြည့်သည် ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ ကျင့်ကြံသူများထဲမှ ယွင်ကျူးအပေါ်သို့ ရောက်ရှိသွား၏။
ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲမှာ ကျင့်ကြံသူပေါင်းမြောက်များစွာ ရှိနေသော်လည်း သူနှုတ်ဆက်ရဖို့ အမှန်တကယ်ထိုက်တန်သည့်သူက နှစ်ယောက်သာလျှင် ရှိလေသည်။
တစ်ယောက်က ဆူဇီမိုဖြစ်ပြီး အခြားတစ်ယောက်က သူ့အစ်မ စာအုပ်အင်မော်တယ်ယွင်ကျူးဖြစ်သည်။
မသိလိုက်မသိဘာသာနှင့်ပင် ယွင်ကျူးသည် မတ်တတ်ထရပ်ပြီး မလှမ်းမကမ်းမှာရှိသော ယွင်ထင်ကို ကြည့်နေ၏။
ယွင်ကျူးသည် တစ်စုံတစ်ရာပြောဆိုခြင်း မရှိသော်လည်း သူမ၏ မျက်လုံးအနက်ပိုင်းထဲတွင် စိုးရိမ်ပူပန်မှုနှင့် ဝန်လေးမှုအငွေ့အသက်တစ်ခု ရှိနေသည်။
သူမသည် များသောအားဖြင့် သူမ၏ ဤမောင်ငယ်ကို စည်းကမ်းတင်းကျပ်ထားပြီး သူ့ကို မကြာခဏ ဆူပူအော်ငေါက်တတ်လေသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ယွင်ထင်က ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကနေ ထွက်ခွာသွားတော့မည်ကို သူမ သိရှိရသောအခါ သူမသည် ဝမ်းနည်းမှုကို ခံစားလာရဆဲဖြစ်သည်။
“အစ်မ… ကျုပ်သွားတော့မယ်”
ယွင်ထင်က ညင်သာစွာ ပြောလိုက်သည်။
“အင်း”
ယွင်ကျူးက တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ညင်သာစွာသာ ပြန်ဖြေလိုက်သည်။
သူမသည် တဖြည်းဖြည်းနီရဲလာသည့် သူမ၏ မျက်လုံးများကို တခြားသူများ မတွေ့မြင်စေလိုဘဲ သူမ၏ ခေါင်းကိုငုံ့ကာ ညင်သာစွာပြောလိုက်သည်။
“နင် အပြင်ကိုရောက်တဲ့အခါ သတိထားဦး… ပြန်လာဖို့မမေ့နဲ့”
ထိုစကားကိုကြားသောအခါ ယွင်ထင်က သူ၏ လည်ချောင်းထဲမှ တစ်ဆို့မှုကို ခံစားလိုက်ရသည်။
သူက သူ၏ ရင်ထဲရှိ ဝမ်းနည်းမှုကို ခါချချင်သည့်အလား သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ရုတ်တရက် ဆူဇီမိုကို ခပ်စိမ်းစိမ်းလှည့်ကြည့်လိုက်၏။
ဆူဇီမိုသည် ယွင်ထင်၏ အကြည့်မှာ တွေဝေရှုပ်ထွေးသွား၏။
“ဆူဇီမို… ငါ မင်းကို သတိပေးလိုက်မယ်… မင်း ငါ့အစ်မကို စိတ်မပျက်စေနဲ့… မဟုတ်ရင် ငါပြန်လာလို့ မင်း သူ့ကို စွန့်လွှတ်လိုက်တယ်ဆိုတာ ငါသိရမယ်ဆိုရင် ငါ မင်းကို သေချာပေါက် သတ်မှာ”
“ဟမ်”
ယွင်ထင်၏ ပါးစပ်ကနေ ထွက်ကျလာသည့် စကားလုံးများကို ဆူဇီမိုက နားမလည်နိုင်ဘဲ နေရာမှာတင် မှင်တက်နေ၏။
ထိုသို့ပြောပြီးနောက် ယွင်ထင်သည် လေထဲသို့ ခုန်တက်ကာ ဓားအလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး တစ်ခဏချင်းမှာပင် လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားလေသည်။