သတ်ဖြတ်ခြင်း နည်းစနစ်သုံးခု
Vol. 173 Ch. 2583
တကယ်တော့ ကျုံးဖေးယွီနှင့်ကျင့်ကြံသူများစွာသည် ဆူဇီမိုနှင့်ယွင်ထင်ကို များစွာလျှော့တွက်မိထားကြသည်။
စောစောက တိုက်ခိုက်ဖလှယ်မှုအပြီးမှာ သူတို့၏ အမြုတေစိတ်ဝိညာဥ်များက စွမ်းအင်အမြောက်အမြားကို တကယ်ပင်သုံးစွဲခဲ့ရသည်။ သို့သော်လည်း အဲဒါသည် သူတို့၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များ၊ နတ်ဘုရားစွမ်းအားများ သို့မဟုတ် လျှို့ဝှက်အတတ်များကို ထပ်မံ၍မထုတ်ဖော်နိုင်သည့် အနေအထားထိ မရောက်သေးပေ။
သူတို့နှစ်ယောက်သည် စောစောက သူတို့၏ တိုက်ပွဲမှာ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို အသုံးမပြုခဲ့ကြပေ။
ဤသည်မှာ သူတို့နှစ်ယောက်ကြားရှိ အလိုက်တသိနားလည်မှုတစ်ခုဖြစ်သည်။
ကျုံးဖေးယွီ၏ မျက်လုံးအနက်ပိုင်းထဲတွင် နက်ရှိုင်းသောအကြောက်တရားတစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီး သူက ရင်တလှပ်လှပ်ခံစားရကာ နောက်သို့ဆုတ်ခွာလို၏။
ဆူဇီမို၏ အခြေအနေကို သူအကဲမဖြတ်နိုင်တော့ဘူးဆိုတာကို နားလည်သိရှိလိုက်သည်။
ယခု... သူသည် ထိခိုက်ဒဏ်ရာမရရှိသော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က လှုပ်ခါသွားပြီး သူ့အနေဖြင့် ဆက်လက်တိုက်ခိုက်ဖို့ မသင့်လျော်တော့ပေ။
ကံဆိုးစွာနှင့်ပင် ကျုံးဖေးယွီက ဆုတ်ခွာလိုသော်လည်း ဆူဇီမိုက သူ့ကိုလွှတ်ပေးဖို့စိတ်ကူးမရှိပေ။
ကျုံးဖေးယွီက သူ၏ ငေးငိုင်ရာကနေ နိုးထ၍ ဆုံးဖြတ်ချက်မချနိုင်ခင်မှာပင်.. ဆူဇီမို၏ တိုက်ခိုက်မှုက နောက်တစ်ဖန်ဆင်းသက်လာသည်။
အန္တိမနတ်ဘုရားစွမ်းအား တဒင်္ဂအခိုက်အတန့်။
မည်သည့်အကဲစမ်းမှုမှမရှိဘဲ သူက သူ၏ အသန်မာဆုံးသတ်ဖြတ်ကွက်ကို ထုတ်ဖော်လိုက်သည်။
ဆူဇီမိုသည် လူတစ်ယောက်၏ ဘဝသက်တမ်းကိုလျှော့ချနိုင်သည့် နတ်ဘုရားစွမ်းအားလျှို့ဝှက်အတတ်တစ်ခုမှာ အထူးကျွမ်းကျင်ထားသည်ကိုသာ ကျင့်ကြံသူအများစုက ကြားဖူးထားကြသည်။
သို့သော်လည်း ထိုနတ်ဘုရားစွမ်းအားလျှို့ဝှက်အတတ်က ဘယ်လောက်ထိစွမ်းအားကြီးမားသလဲ မည်သူကမှ မသိကြပေ။
တကယ်ဆို မဟာဓားအင်မော်တယ်သုံးပါးထဲမှတစ်ပါးဖြစ်သော အရိပ်မဲ့ဓားပင်လျှင် ဆူဇီမို၏ အန္တိမနတ်ဘုရားစွမ်းအားကြောင့် သေဆုံးခဲ့ရသည်ကို သိရှိသည့်သူများစွာမရှိပေ။
ကျုံးဖေးယွီသည် ပေါ့ပေါ့ဆဆမပြုရဲဘဲ လောလောဆယ်မှာ ထွက်ပြေးဖို့အတွေးကို ဘေးဖယ်ထားလိုက်၏။ သူက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို အလောတကြီးစုဖွဲ့ပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် နောက်ထပ်အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်သည်။
အန္တိမနတ်ဘုရားစွမ်းအားနှစ်ခု ထိတွေ့ရိုက်ခတ်မိသည့်ခဏမှာပင် ကျုံးဖေးယွီသည် ထုံထိုင်း၍ မရဏအော်ရာတစ်ခုဖြင့် ပြည့်နှက်နေသည့် ထူးဆန်းသောဗုံသံတစ်သံကို ကြားလိုက်ရသည်။
ဟမ်....
ကျုံးဖေးယွီ၏ အမူအရာက ပြောင်းလဲသွားသည်။
သူ၏ ဘဝသက်တမ်းက လျင်မြန်စွာလျော့ကျလာနေသည်ကို သူက ရှင်းလင်းစွာခံစားမိလိုက်၏။
“အဲဒါတော့ဆိုးပြီ”
ကျုံးဖေးယွီက တုန်လှုပ်သွားပြီး အမျိုးမျိုးသော နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များနှင့် သူ၏ မျိုးဆက်သွေးနယ်မြေကိုပင် ထုတ်ဖော်ပြီး ထူးဆန်းသောထိုစွမ်းအားကို ခုခံလိုက်သည်။
အဲဒါသည် တဒင်္ဂအခိုက်အတန့်မျှသာဖြစ်သည်ဆိုလျှင် ကျုံးဖေးယွီအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း တဒင်္ဂအခိုက်အတန့်သည် ဆည်းဆာဗုံ၏ ဓမ္မတာအိုနှင့် ရောနှောနေသည်။
ဓမ္မတာအိုနှစ်ခုက ယခုအချိန်ထိ ပြီးပြည့်စုံစွာ မပေါင်းစည်းနိုင်သေးလျှင်တောင် ဤအန္တိမနတ်ဘုရားစွမ်းအားသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများ၏ ကနဦးပုံစံနှင့် ထိတွေ့မိနေပြီဖြစ်သည်။
လက်ရှိတဒင်္ဂအခိုက်အတန့်သည် ယွင်ထင်စုဖွဲ့ခဲ့သည့် မျိုးဆက်သွေးနယ်မြေ အင်မော်တယ်နှိမ်နှင်းဓားနှင့်ပင် ယှဥ်နိုင်သော တည်ရှိမှုတစ်ခုဖြစ်သည်ဟုဆိုပါက ချဲ့ကားရာကျလိမ့်မည် မဟုတ်ပေ။
နောက်ဆုံးမှာတော့ များစွာသောနတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ဆက်တိုက်ထုတ်ဖော်ပြီးနောက် ကျုံးဖေးယွီသည် ဘဝသက်တမ်းလျှော့ကျခြင်း၏ အကျပ်အတည်းကနေ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ခဲ့သည်။
ထိုအခိုက်အတန့်မှာ ကျုံးဖေးယွီသည် သူ၏ အမြုတေစိတ်ဝိညာဥ်မှ အားအင်ချိနဲ့မှုကို ခံစားလာရသည်။
ဘက်ပြန်ကြေးခွံနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဥ်က တုန်ခါမှုတချို့ကို ထိခိုက်ခံစားခဲ့ရသည်။
ယခု သူသည် ဤမျှများပြားသော နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို အချိန်တိုတစ်ခုအတွင်းမှာ အတင်းအကျပ်ထုတ်ဖော်ခဲ့ရပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ပေါ် အားအင်ကြီးမားစွာ ကုန်ခန်းသွားလေသည်။
သူ၏ မျိုးဆက်သွေးနယ်မြေကိုပင်လျှင် ကောင်းကောင်းထိန်းမထားနိုင်တော့ဘဲ တဖျပ်ဖျပ်ဖြစ်လာသည်။
ထိုစဥ်မှာပင် သူ၏ ရင်ထဲမှာ သတိပေးချက်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်။
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ကျုံးဖေးယွီက သူ၏ လှုပ်ရှားမှုနည်းစနစ်ကိုအသုံးချကာ နေရာကနေ ထွက်ပြေးချင်လေသည်။
“ဝေါင်း..”
ရုတ်တရက် ကမ္ဘာတုန်လောက်သောကျားဟိန်းသံက ပေါက်ကွဲထွက်ပေါ်လာပြီး နေရာတစ်ဝန်း ပဲ့တင်ထပ်သွားသည်။ ထိုအသံက အလွန်တရာကျယ်လောင်ပြီး အဆုံးမဲ့စွမ်းပကားဖြင့်ပြည့်နှက်နေကာ လူတစ်ယောက်ကို ရင်တလှပ်လှပ်ဖြစ်သွားစေသည်။
ထို့နောက် ချက်ချင်းပင် သန်မာအားကောင်းသော ဆိုးယုတ်အော်ရာတစ်ခုနှင့်အတူ ဧရာမကျားဖြူတစ်ကောင်က ကျုံးဖေးယွီ၏ အနောက်ဘက်လေထဲမှာ ပေါ်ထွက်လာခဲ့သည်။
ကျားကို မည်သည့်ညစ်နွမ်းမှုမှမရှိဘဲ ဖြူဖွေးနေသည့် သားမွေးများက ဖုံးအုပ်ထားသည်။
၎င်း၏ ခေါင်းလောင်းလိုမျက်လုံးများက မနှိုင်းယှဥ်သာအောင်နီရဲနေပြီး ချောက်ချားစရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်ထားသည်။
ကျားဖြူအထွတ်အမြတ်တောကောင်။
၎င်းသည် ဆိုးယုတ်သွေးချီကနေဖြစ်ပေါ်လာသည့် ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်သော်လည်း လက်ရှိကျင့်ကြံသူတိုင်းသည် သူတို့၏ မျိုးဆက်သွေးများ ဖိနှိမ်ခံလာရသည်ကို ခံစားမိလိုက်ကြသည်။
ထိုအရာသည် သူတို့၏ ဝိညာဥ်များ၏ အနက်ပိုင်းထဲကနေ လာသော ဖိအားတစ်ရပ်ဖြစ်ပြီး တားဆီး၍မရနိုင်ပေ။
ကျုံးဖေးယွီ၏ မျိုးဆက်သွေးနယ်မြေသည် အစကတည်းက လဲပြိုကျတော့မည့်ဆဲဆဲဖြစ်သည်။ ကျားဖြူအထွတ်အမြတ်တောကောင် ဆင်းသက်လာပြီးနောက် သူ၏ မျိုးဆက်သွေးနယ်မြေက ချက်ချင်းပင် ပျက်ပြယ်သွားလေသည်။
ကျားဖြူ၏ မျက်လုံးများက နီရဲနေသည်။ သူပေါ်ထွက်လာသည့်ခဏမှာပင် သူက မလှမ်းမကမ်းမှာရှိသော ကျုံးဖေးယွီကို မမှိတ်မသုန်စိုက်ကြည့်ကာ သူ၏ ပါးစပ်ကိုဖြဲပြီး ခုန်အုပ်လိုက်သည်။
ကျားဖြူအထွတ်အမြတ်တောကောင်၏ ဟိန်းဟောက်သံက ကျုံးဖေးယွီကို တုန်လှုပ်စေပြီး သူက တဒင်္ဂမျှငေးငိုင်နေသည်။
ထိုတဒင်္ဂငေးငိုင်မှုသည် သူ့အနေဖြင့် ကျားဖြူ၏ ပါးစပ်ထဲမှာ သေဆုံးရဖို့ လုံလောက်လေသည်။
ဖောက်...
ကျားဖြူက ကျုံးဖေးယွီကို တစ်ချက်တည်းကိုက်ချပြီး ၎င်း၏ ထက်ရှသောသွားများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ သွေးသံရဲရဲအပေါက်များကို အတန်းလိုက်ကျန်ရစ်ခဲ့စေသည်။
လတ်ဆတ်သောသွေးများက ပန်းထွက်လာခဲ့သည်။
ဆိုးယုတ်သွေးချီက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ ကျုံးဖေးယွီ၏ အသက်ဓာတ်အားက ဖြတ်တောက်ခံလိုက်ရသည်။
သူ၏ အမြုတေစိတ်ဝိညာဥ်က ထွက်မပြေးနိုင်ခင်မှာပင် ၎င်းသည် ကျားဖြူ၏ ပါးစပ်ထဲမှာ ဆိုးယုတ်သွေးချီဖြင့် လုံးလုံးလျားလျားပျက်စီးသွားပြီး သူက သေဆုံးသွားရသည်။
ဟာ...
ထိုသည်ကို တွေ့မြင်သောအခါ ကျင့်ကြံသူများစွာက တုန်လှုပ်စွာဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။
ဖြစ်စဥ်တစ်ခုလုံးက ရှည်လျားသည်ဟုထင်ရသော်လည်း အသက်ရှုချိန်အနည်းငယ်အတွင်းမှာ ဖြစ်ပွားခဲ့သည်။
အမြုတေစိတ်ဝိညာဥ်တိုက်ခိုက်မှုအပြီး၌ ဆူဇီမိုသည် အန္တိမနတ်ဘုရားစွမ်းတစ်ခုကိုထုတ်ဖော်ပြီးနောက် ကြောက်စရာကောင်းသော ထိုသတ်ဖြတ်ခြင်းလျှို့ဝှက်အတတ်က လိုက်ပါလာခဲ့သည်။
ကြမ်းကြုတ်ခက်ထန်သောကျားဖြူတစ်ကောင်က အနောက်ဘက်အရပ်ကနေ ပေါ်ထွက်လာသည် ဟိန်းဟောက်သံတစ်သံနှင့်အတူ တွဲဖက်၍ ၎င်းက ကျုံးဖေးယွီကို သေသည့်တိုင်အောင်ကိုက်ချခဲ့လေသည်။
ကျားဖြူသည် သူ၏ ပါးစပ်ထဲမှာ အလောင်းတစ်လောင်းကိုကိုက်ပြီး အနောက်ဘက်အရပ်မှာ မတ်တတ်ရပ်နေသည်။ ၎င်းသည် သိပ်သည်းပြင်းထန်သော ဆိုးယုတ်ချီကိုထုတ်ဖော်ထားပြီး လောကကိုအုပ်စိုးသော သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ကာ သက်ရှိများအားလုံးကို ရိုကျိုးခယသွားစေနိုင်သည်။
ဤသည်မှာ ငရဲဖိနှိမ်မီးဖိုတွင် မှတ်တမ်းတင်ထားသော ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းလျှို့ဝှက်အတတ် ကျားဖြူအလောင်းသိမ်းယူခြင်းဖြစ်သည်။
အဆူရာတိုက်ပွဲမြေမှာတုန်းက ဆူဇီမိုသည် ကျားဖြူအလောင်းသိမ်းယူခြင်းကို ထုတ်ဖော်ပြီးနောက် လှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် စုန့်စဲကိုသတ်ဖြတ်နိုင်ခဲ့သည်မှာ သူသည် ဆိုးယုတ်သွေးကန်၏ စွမ်းအားကို အသုံးချခဲ့သောကြောင့်ဖြစ်သည်။
ယခု... ဆူဇီမို၏ ကျင့်ကြံမှုက အဆင့်-၈ ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိလာပြီး ဤလျှို့ဝှက်အတတ်၏ စွမ်းအားက ပို၍ပင်ကြမ်းကြုတ်ခက်ထန်လာခဲ့လေသည်။
ဒါ့အပြင် စောစောကတင် ဘက်ပြန်ကြေးခွံနှင့် တဒင်္ဂအခိုက်အတန့်ကြောင့် ကျုံးဖေးယွီသည် အားအင်ကြီးမားစွာသုံးစွဲခဲ့ရပြီး ယခုအချိန်မှာ သူက ကျားဖြူအလောင်းသိမ်းယူခြင်းကို လုံးဝမခုခံနိုင်တော့ပေ။
ဖြစ်စဥ်တစ်ခုလုံးက ရိုးရှင်းသည်ဟုထင်ရသည်။ သို့သော်လည်း တကယ်တမ်းမှာတော့ ဘက်ပြန်ကြေးခွံ၊ တဒင်္ဂအခိုက်အတန့်နှင့် ကျားဖြူအလောင်းသိမ်းယူခြင်းတို့သည် ဆူဇီမို၏ အသန်မာဆုံးသတ်ဖြတ်ခြင်းနည်းစနစ်များဖြစ်လေသည်။
သူသည် စောစောက ယွင်ထင်နှင့်တိုက်ခိုက်ခဲ့စဥ် ထိုသူ၏ အသက်ကို ရန်ရှာမိမည်စိုးပြီး ထိုလျှို့ဝှက်အတတ်များကို မထုတ်ဖော်ခဲ့ပေ။
ယခု သတ်ဖြတ်ကွက်သုံးကွက်စလုံးက ကျုံးဖေးယွီအပေါ် စုပြုံကျဆင်းလာပြီး ကျုံးဖေးယွီက ရှင်သန်နိုင်ဦးမည်ဆိုလျှင် ထူးခြားအံ့မခန်းဖြစ်နေပေလိမ့်မည်။
“ဘာဖြစ်သွားတာလဲ... ကျုံးဖေးယွီက တစ်ခါတည်းသတ်ဖြတ်ခံလိုက်ရတာလား”
“အဲဒါ... အဆူရာတိုက်ပွဲမြေမှာတုန်းက စုန့်စဲကို တစ်ခါတည်းသတ်ဖြတ်ဖို့ ဆူဇီမိုအသုံးပြုခဲ့တဲ့ လျှို့ဝှက်အတတ်ဖြစ်လိမ့်မယ်”
“ဘယ်လောက်တောင် ရက်စက်ကြမ်းတမ်းလိုက်လဲ... ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က အဆင့်-၄ ကျုံးဖေးယွီက ဆူဇီမိုရှေ့မှာ လှုပ်ရှားကွက်သုံးကွက်ထပ် ပိုမခံနိုင်ခဲ့ဘူး”
“အဲဒါတင်မကဘူး... ဆူဇီမိုက စောစောကတင်ယွင်ထင်နဲ့ အပြင်းအထန်တိုက်ခိုက်ပြီး စွမ်းအင်အမြောက်အမြားသုံးစွဲခဲ့ရတာကို မမေ့နဲ့”
ခဏမျှရပ်တန့်ပြီးနောက် ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲမှာ အုန်းအုန်းကျက်ကျက်အသံများ ထွက်ပေါ်လာသည်။
လူအုပ်ကြီးက အုတ်အော်သောင်းနင်းဖြစ်လာခဲ့သည်။
ကျုံးဖေးယွီသည် သူ၏ အထွတ်အထိပ်အခြေအနေမှာရှိနေပြီး ဆူဇီမိုက သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုပြီးနောက် အားနည်းနေကာ နှစ်ဦးနှစ်ဖက်စလုံးသည် ခါးသီးသောတိုက်ပွဲတစ်ခုမှာ သေချာပေါက်ကျဆင်းသွားလိမ့်မည်ဟု ကျင့်ကြံသူများစွာက တွေးထင်ခဲ့ကြသည်။
သို့သော်လည်း ကျုံးဖေးယွီသည် အသက်ရှုချိန်အနည်းငယ်အတွင်း ထွက်ပြေးဖို့ပင် အခွင့်အရေးမရဘဲ နေရာမှာပင် သေဆုံးသွားရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
“သူနိုင်သွားပြီကွ”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ကျင့်ကြံသူများစွာက တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ပြီး စိတ်လှုပ်ရှားတက်ကြွစွာဖြင့် အော်ဟစ်အားပေးလိုက်ကြသည်။
မိုချင်၊ ယန်လောရှုနှင့် အခြားသူများကလည်း စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြသည်။
ယွင်ကျူးက ဤမြင်ကွင်းမှာ အံ့အားသင့်သွားခြင်းမရှိဘဲ သူမ၏ မျက်နှာပေါ်မှာ ခပ်ယဲ့ယဲ့ အပြုံးတစ်ခုရှိနေသည်။
အင်မော်တယ်ပျံဂိုဏ်းမှ ကျင့်ကြံသူများသည် သူတို့၏ မိဘများကို ဆုံးရှုံးသွားရသည့်အလား သူတို့၏ အမူအရာများက အကျည်းတန်စွာဖြင့် ပျက်ယွင်းနေကြသည်။
ဒုံမင်းအင်မော်တယ်မုန့်ယောင်၏ အမူအရာက ပို၍ပင်အေးစက်လာပြီး သူမ၏ နှုတ်ခမ်းကို တိတ်တဆိတ်ဖြင့် တင်းတင်းစေ့ထား၏။
ကျုံးဖေးယွီသည် လှုပ်ရှားကွက်သုံးကွက်အတွင်း ဆူဇီမို၏ သတ်ဖြတ်ခြင်းခံရလိမ့်မည်ဟု သူမက ထင်မှတ်မထားပေ။
သူမသာ စောစောကြိုသိခဲ့မည်ဆိုလျှင် သူမသည် ကျုံးဖေးယွီကို အသေခံရဖို့ စေလွှတ်လိမ့်မည် မဟုတ်ပေ။
သူမ၏ အစီအစဥ်က ဤတစ်ခေါက်မှာ လုံးလုံးလျားလျား ကျရှုံးခဲ့ရသည်။
ဤစာပေသမားသည် နုနယ်သည်ဟုထင်ရသော်လည်း သူသည် တကယ်တမ်းမှာတော့ လျင်မြန်စွာကြီးထွားလာသည့် ကြမ်းကြုတ်ကျားတစ်ကောင်ကဲ့သို့ဖြစ်လေသည်။
တကယ်ဆို သူမသည် ထိတ်လန့်မှုကိုပင် စတင်၍ ခံစားလာရပြီဖြစ်သည်။
ဧရာမကျောက်ဖျာတိုက်ပွဲမြေမှာ လက်နှစ်ဖက်နောက်ပစ်ထားသော အစိမ်းရောင်ဝတ်ကျင့်ကြံသူကို ငေးကြည့်ရင်း သူမသည် အနာဂတ်မှာ ဤလူကို ရှင်းပစ်နိုင်မည့်အခွင့်အရေးတစ်ခု ရနိုင်လောက်တော့မည်မဟုတ်ကြောင်း နားလည်သဘောပေါက်လာခဲ့သည်။