နှလုံးသားဓား
Vol. 173 Ch. 2584
ကျုံးဖေးယွီ၏ သေဆုံးမှုသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ကျန်ရှိနေသော ကျင့်ကြံသူများကို ကြီးမားစွာတုန်လှုပ်သွားစေသည်။
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှ အဆင့်-၄ ဝင်သော ကျုံးဖေးယွီပင်လျှင် ဆူဇီမို၏ တိုက်ခိုက်မှုများကို မခုခံနိုင်ခဲ့ပေ။ အစက ဂနာမငြိမ်ဖြစ်နေသော ကျင့်ကြံသူအချို့သည် ယခုအခါ ပြန်လည်စဉ်းစားလာရပြီဖြစ်သည်။
သူတို့သည် သူ့ကို ထွက်၍ စိန်ခေါ်မည်ဆိုလျှင် အသက်ရှင်လျက် ပြန်လာနိုင်ပါ့မလား မသိရပေ။
ဒုတိယမြောက်တိုက်ပွဲကွင်းမှာ…
ဆူဇီမိုဘက်မှတိုက်ပွဲ အဆုံးသတ်သွားသည်ကို အာရုံခံမိသွားရင်း ယွင်ထင်၏ တိုက်ခိုက်မှုများက ပို၍ပင် ပြင်းထန်ကြမ်းတမ်းကာ ပိုမိုမြန်ဆန်လာသည်။
ချင်ကူ၏ မျက်နှာက ဖြူဖျော့၍ အံကိုတင်းတင်းကြိတ်ကာ သူ့၏ အစွမ်းကုန်ဖြင့် ခုခံနေရသည်။
ဤတိုက်ပွဲမှာ အနိုင်ရလဒ်ကို အဆုံးအဖြတ်ပေးတော့မည်ဖြစ်သည်။
ယွင်ထင်သည် အချိန်တိုအတွင်းမှာ ချင်ကူကို လှဲမချနိုင်ဘူးဆိုလျှင် သူက နောက်ဆုံးအနိုင်ရရှိမည်ဆိုလျှင်တောင် သူသည် အမြုတေသွေး မြောက်မြားစွာကို သုံးစွဲခဲ့ရပေလိမ့်မည်။ ထိုလုပ်ရပ်သည် သူ့ကို ကြီးမားစွာ ပျက်စီးထိခိုက်စေပြီး သူ၏ အနာဂတ်ကျင့်ကြံမှုအပေါ်ပင် သက်ရောက်လာနိုင်သည်။
ချွင်… ချွင်… ချွင်…
သတ္တုချင်းထိခတ်သံက မိုးပေါက်များကဲ့သို့ အဆက်မပြတ်ထွက်ပေါ်နေ၏။
လူတိုင်း၏ မျက်လုံးထဲမှာ ယွင်ထင်ကို မပြောနှင့် ဂမ္ဘီရမိုးကောင်းကင်ဓားကပါ ပျောက်ကွယ်သွားသည်ဟု ထင်ရသည်။
ချင်ကူ၏ ဘေးနားမှာ ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသောအရာမှာ မိုးကြိုးလျှပ်စီးများဖြင့် တဖျပ်ဖျပ်လက်နေသည့် ဓားရိပ်တစ်ခုသာဖြစ်ပြီး သူ့ကို အဆက်မပြတ်လှည့်ပတ်နေသည်။
နှလုံးသားဓား…
ရုတ်တရက်ဆိုသလို ယွင်ထင်၏ အသံက တစ်ဖန်ထွက်ပေါ်လာသည်။
ထိုအရာက သူ၏ နောက်ထပ်ဝှက်ဖဲတစ်ခုဖြစ်သည်။
နှလုံးသားဓားသည် မမြင်နိုင်ဘဲ ၎င်းကို ထုတ်ဖော်သည်နှင့် တစ်ဖက်လူ၏ တာအိုနှလုံးသားကို ပစ်မှတ်ထားပေလိမ့်မည်။
ဤသည်မှာ တာအိုနှလုံးသားကို ပစ်မှတ်ထားသော သတ်ဖြတ်ကွက်တစ်ကွက်ဖြစ်သည်။
သူ့တာအိုနှလုံးသားက ပျက်စီးသွားသည်နှင့် ချင်ကူက ဤတိုက်ပွဲမှာ သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။
သူသည် သူ၏ တာအိုနှလုံးသားကို ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိလျှင် ချင်ကူသည် သူ၏ လက်ကျန်ဘဝတစ်လျှောက်လုံး ပကတိဧကနယ်ပယ်သို့ တက်လှမ်းဖို့ပင် မျှော်လင့်ချက်ရှိချင်မှ ရှိပေတော့မည်။
ထိုလျှို့ဝှက်အတတ်၏ ခွန်အားသည် လူတစ်ယောက်၏ တာအိုနှလုံးသားခွန်အားနှင့် နီးကပ်စွာ ဆက်စပ်နေသည်။
လူတစ်ယောက်၏ တာအိုနှလုံးသားက လုံလောက်အောင် သန်မာမှုမရှိဘဲ တစ်ဖက်လူ၏ တာအိုနှလုံးသားက ချို့ယွင်းချက်ကင်းမဲ့နေမည်ဆိုလျှင် သူတို့သည် နှလုံးသားဓားကို ထုတ်ဖော်သည့်အခါ အန္တရာယ်ကြီးမားသော တန်ပြန်ရိုက်ခတ်မှုတစ်ခုကို ကြုံတွေ့ရပြီး သူတို့၏ တာအိုနှလုံးသားက ပျက်စီးထိခိုက်သွားနိုင်လေသည်။
နှလုံးသားဓားလျှို့ဝှက်အတတ်သည် အသွားနှစ်ဖက်ပါသော ဓားတစ်လက်ဖြစ်သည်။
လူတစ်ယောက်၏ တာအိုနှလုံးသားက တစ်ဖက်လူလောက် လုံလောက်အောင် သန်မာမှုမရှိလျှင် သူတို့သည် သူတို့၏ အပြုအမူမှာ နောက်ပိုင်းအကျိုးဆက်များကို ထိခိုက်ခံစားရပေမည်။
ယွင်ထင်သည် နှလုံးသားဓားလျှို့ဝှက်အတတ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်မှာ ဧကရာဇ်ဂူသင်္ချိုင်းမှာတုန်းက သူ့အား ဆူဇီမိုပေးခဲ့သည့် ဖိအားကြောင့်ဖြစ်သည်။
ထိုရှုံးနိမ့်မှုက ယွင်ထင်ကို အိပ်မက်ကနေ နိုးထလာစေခဲ့သည်။
သူက ရှုံးနိမ့်သွားပြီးနောက် ထိုအရှုံးသည် သူ၏ တာအိုနှလုံးသားကို ပိုမိုသန်မာစေပြီး ပို၍ထက်ရှလာစေသည်။ ထို့သို့ဖြင့် သူသည် နှလုံးသားဓားတာအိုကို နားလည်ဆင်ခြင်နိုင်ခဲ့ခြင်းဖြစ်သည်။
စောစောက ဆူဇီမိုနှင့်တိုက်ခိုက်ခဲ့ရသော တိုက်ပွဲမှာ ယွင်ထင်သည် နှလုံးသားဓားလျှို့ဝှက်အတတ်ကို အသုံးပြုဖို့ တကယ်ပင် စဉ်းစားမိခဲ့၏။
သို့သော်လည်း သူသည် ခဏမျှတွေဝေတုံ့ဆိုင်းနေပြီး အဲဒါကို မထုတ်ဖော်ခဲ့ပေ။
ဤလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်သည်နှင့် ဆူဇီမို၏ တာအိုနှလုံးသားက ပျက်စီးထိခိုက်ခံရကာ စွမ်းအားကြီးမားသော ပြိုင်ဘက်တစ်ယောက်ကို ဆုံးရှုံးရမည်ကို သူက စိုးရိမ်နေခဲ့သည်။
ထိုအခိုက်အတန့်မှာ သူ၏ ရွေးချယ်မှုက သူ့ကို သွယ်ဝိုက်၍ ကယ်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း ယွင်ထင်က မသိရှိပေ။
သူသာ သူ၏ နှလုံးသားဓားလျှို့ဝှက်အတတ်ကို ဆူဇီမိုအပေါ် ထုတ်ဖော်ခဲ့မည်ဆိုလျှင် သူတို့နှစ်ယောက်ကြား တိုက်ပွဲရလဒ်က ပို၍စောလျင်စွာ အဆုံးသတ်သွားပေလိမ့်မည်။
ဒုတိယမြောက် တိုက်ပွဲကွင်းမှာ…
မမြင်ရသော နှလုံးသားဓားနှင့် ရင်ဆိုင်ရချိန်မှာ ချင်ကူသည် အဲဒါကို ခုခံဖို့အတွက် မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့်လျှို့ဝှက်အတတ်ကိုမှ အသုံးမပြုနိုင်ပေ။ သူသည် သူ၏ တာအိုနှလုံးသားနှင့်သာ ခုခံရပြီး ဆက်လက်၍ တောင့်ခံနေသည်။
သူသည် သူ၏ တာအိုနှလုံးသားနှင့် တစ်သားတည်းကျပြီး မည်သည့်အားနည်းချက်မှ မရှိသည်နှင့် ယွင်ထင်၏ နှလုံးသားဓားက အချည်းနှီးသာ ဖြစ်သွားရပေလိမ့်မည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ချင်ကူ၏ တာအိုနှလုံးသားက တကယ်ပင် လုံလောက်အောင် သန်မာမှုရှိလေသည်။
ပကတိအင်မော်တယ်ပညာရှင်များပင်လျှင် ပြန်လည်မွေးဖွားချင်သည်ဆိုပါက လိုအပ်သောအခြေအနေများက အလွန်တရာ တင်းကျပ်လေသည်။ ထိုသို့ပြုလုပ်နိုင်သောသူက တစ်သန်းမှာ တစ်ယောက်ဖြစ်သည်။
ပကတိအင်မော်တယ်တစ်ဦး ပြန်ဝင်စားဖို့အတွက် ပထမဆုံးလိုအပ်ချက်မှာ သူတို့၏ ဝိညာဉ်က အကောင်းအတိုင်းကျန်ရှိနေဖို့ဖြစ်သည်။
အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာအပြင်းအထန်ရရှိသွားမည်ဆိုလျှင် သို့မဟုတ် သူတို့၏ ဝိညာဉ်က ပျက်စီးထိခိုက်သွားမည်ဆိုလျှင် မည်မျှများပြားသော အန္တိမပညာရှင်များက သူတို့ကို ကာကွယ်ပေးနေသည်ဖြစ်စေ သူတို့က ပြန်လည်မွေးဖွားလာနိုင်တော့မည် မဟုတ်ပေ။
ဝိညာဉ်က ပြန်ဝင်စားခြင်းလမ်းကြောင်းသို့ မဝင်ရောက်ခင် အင်မော်တယ်ဘုရင်အဆင့်ပညာရှင်တစ်ဦးက အဲဒါကို ကာကွယ်ဖို့အတွက် ဓမ္မပညာရပ်တစ်ခုကို ထုတ်ဖော်ရပြီး ၎င်းအပေါ်မှာ အမှတ်အသားတစ်ခုကို ချန်ပေးရလေသည်။
အစောပိုင်းအဆင့်များမှာ အရာရာတိုင်းသည် လူသားများ၏ ထိန်းချုပ်မှုအတွင်းမှာ ရှိနေဆဲဖြစ်သည်။
ပြန်ဝင်စားခြင်းလမ်းကြောင်းသို့ ဝင်ရောက်သည်နှင့် အရာရာတိုင်းက ကံကြမ္မာအပေါ် ကျရောက်သွားပေလိမ့်မည်။
ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်မှာ မည်သည့်အရာမဆို ဖြစ်သွားနိုင်ပြီး ဝိညာဉ်ပေါ်မှာ ချန်ထားခဲ့သည့် အမှတ်အသားက ဖယ်ရှားရှင်းလင်းခံရဖို့လည်း အခွင့်များသည်။
အမှတ်အသားက ပျောက်ကွယ်သွားသည်နှင့် သူက အောင်မြင်စွာ ပြန်ဝင်စားနိုင်မလား သို့မဟုတ် ကြုံရာကျပန်း သက်ရှိတစ်မျိုးမျိုးဖြစ်သွားမလား မသေချာတော့ပေ။
ထိုအခါ သူက ပြန်ဝင်စားလာပြီးတာတောင် ယခင်ပကတိအင်မော်တယ်သည် သူ၏ ယခင်ဘဝနှင့် ဘာသက်ဆိုင်မှုမှ မရှိတော့သည့် သက်ရှိအသစ်တစ်မျိုး ဖြစ်လာပေလိမ့်မည်။
အမှတ်အသားတစ်ခု မရှိဘဲ သူ့ယခင်ဘဝမှ ပညာရှင်များသည် သူ့ကို လမ်းညွှန်ပေးကာ ဂိုဏ်းသို့ ပြန်ခေါ်နိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။
အောင်မြင်စွာ ပြန်ဝင်စားလာနိုင်သော ပကတိအင်မော်တယ်များအားလုံးသည် ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံရသော လူများဖြစ်သည်ဟု ဆိုနိုင်သည်။
ဒါ့အပြင် ချင်ကူသည် ပြန်ဝင်စားလာခဲ့ပြီး နှစ်ဘဝသာ ကျင့်ကြံခဲ့သည်။ သူ၏ တာအိုနှလုံးသားက ဘယ်လောက်တောင်သန်မာသလဲ ချဲ့ကားပြောနေစရာလိုမည် မဟုတ်ပေ။
သို့သော်လည်း တစ်ချိန်တည်းမှာပင် သူ၏ ဘဝနှစ်ခုကူးပြောင်းခြင်းသည် သူ၏ ယခင်ဘဝမှာ မအောင်မြင်ခဲ့ဟုလည်း အဓိပ္ပာယ်ရနေသည်။
ဤတိုက်ပွဲမှာ သူသည် သူ၏ အထွတ်အထိပ်အချိန်မှာ ရှိနေခဲ့သော ယွင်ထင်ကို စိန်ခေါ်ရဲခဲ့ခြင်း မရှိပေ။ ယွင်ထင်က အားနည်းနေသည့်အခါမှသာ သူက အမြတ်ထုတ်လိုခဲ့ခြင်းဖြစ်သည်။ ထိုအချက်သည် ဒီဘက်မျိုးဆက်မှာလည်း သူ၏ မအောင်မြင်မှုကို သက်သေပြပေးနေသည်။
သူသည် ယွင်ထင်ကို စိန်ခေါ်ဖို့ ထွက်လာသည့်ခဏမှာပင် သူ၏ တာအိုနှလုံးသားမှာ အားနည်းချက်တစ်ခု ရှိလာခဲ့ပြီဖြစ်သည်။
“သူ ရှုံးသွားပြီ”
စစ်တုရင်အင်မော်တယ်ကျွင်းယုက တိုက်ပွဲမြေပြင်မှာရှိသော ချင်ကူကို ကြည့်ပြီး သူမ၏ ခေါင်းကို ညင်သာစွာ ခါယမ်းကာ ပြောလိုက်သည်။
အရင်တုန်းက သူသည် ချင်ကူကို တားဆီးလိုခဲ့သည်မှာ သူ၏ တာအိုနှလုံးသားမှ အားနည်းချက်ကို သူမက တွေ့မြင်ခဲ့ရသောကြောင့်ဖြစ်သည်။
ကံဆိုးစွာနှင့်ပင် ချင်ကူက ခေါင်းမာပြီး ဤအခြေအနေအထိ ဖိအားပေးခံလိုက်ရသည်။
ဒုတိယမြောက် တိုက်ပွဲကွင်းမှာ…
ချင်ကူသည် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် နေရာမှာပင် မတ်တတ်ရပ်ပြီး သူ၏ နဖူးကနေ ချွေးပေါက်များက စီးကျနေသည်။ သူ၏ အမူအရာက တစ်လှည့်စီ ပြောင်းလဲနေလေသည်။
“ဖွီး…”
ရုတ်တရက်ဆိုသလို…
ချင်ကူက သူ၏ ပါးစပ်ကို ဖွင့်ဟပြီး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်သည်။
ဒုန်း… ဒုန်း… ဒုန်း…
သူ၏ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး အဆက်မပြတ် နောက်သို့ဆုတ်လာရသည်။ သူ၏ နောက်ဆုံးလက်ကျန်ခွန်အားအပေါ်မှီခိုကာ သူက ဧရာမကျောက်ဖျာတိုက်ပွဲမြေကနေ လှိမ့်ချလိုက်၏။
ဘုန်း…
ချင်ကူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ဖုန်များအလိမ်းလိမ်းဖြစ်ကာ သူက ဆိုးဆိုးရွားရွားအခြေအနေသို့ ကျရောက်သွားလေသည်။
သူ၏ တာအိုနှလုံးသားက ပျက်စီးထိခိုက်သွားပြီး သူ့မှာ တိုက်ခိုက်ဖို့ ဆက်လက်၍ ခွန်အားမကျန်ရှိတော့ပေ။ သူက အသက်ရှင်နိုင်ခဲ့သည်မှာပင် အလွန်တရာ ကံကောင်းနေပြီဖြစ်သည်။
တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများက ရှေ့သို့ အလောတကြီးတက်ပြီး ချင်ကူကို ဖေးမကာ သူတို့၏ ထိုင်ခုံများရှိရာသို့ ပြန်သွားကြသည်။
ယွင်ထင်က သူ၏ လက်ထဲရှိ ဓားနှင့်အတူ ဧရာမကျောက်ဖျာပေါ်မှာ မတ်တတ်ရပ်နေ၏။ သူ၏ မျက်နှာပေါ်ရှိ အသားရောင်ကလည်း သိသိသာသာ လျော့ကျသွားခဲ့သည်။
သူသည် ဆေးလုံးလက်တစ်ဆုပ်စာကို ထုတ်ယူပြီး မြိုချလိုက်သည်။ သူက အနည်းငယ်မောဟိုက်နေပြီး ချင်ကူနောက်သို့ ဆက်လိုက်မသွားပေ။
ပထမတစ်ချက်… သူသည် ဤတိုက်ပွဲမှာ အမြုတေသွေးအမြောက်အများကို သုံးစွဲခဲ့ရပြီး အနားယူဖို့ လိုအပ်နေသည်။
ဒုတိယအချက်… ချင်ကူသည် သူ၏ ယခင်ဘဝမှာ ကျရှုံးခဲ့သည်။ ယခု သူပြန်လည်မွေးဖွားလာပြီး ဒီဘက်မျိုးဆက်မှာလည်း သူက ဤကဲ့သို့သော ကြီးမားသည့် ထိုးနှက်ချက်တစ်ခုကို ကြုံတွေ့ခံစားခဲ့ရသည်။
သူသည် ယနေ့မှာ အသက်ရှင်နိုင်ခဲ့သော်လည်း သူ၏ အောင်မြင်မှုပေါက်မြောက်မှုများက အနာဂတ်မှာ အကန့်အသတ်ရှိလာပေလိမ့်မည်။
တိုက်ပွဲ၏ ဤအခြေအနေအရောက်မှာ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ရှိ ထိပ်သီးလေးဦးအကြား ယှဉ်ပြိုင်မှုများအတွက် ရလဒ်က ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။
ပုံမှန်အခြေအနေမှာဆို ဆူဇီမိုနှင့် ယွင်ထင်သည် အဆင့်-၁ နှင့် အဆင့်-၂ နေရာကို အသီးသီးရရှိကြပေလိမ့်မည်။
ချင်ကူနှင့် ကျုံးဖေးယွီ၏ အစွမ်းအစများအရ သူတို့သည် အဆင့်-၃ နှင့် အဆင့်-၄ ကို သေချာပေါက် သိမ်းပိုက်နိုင်ပေလိမ့်မည်။
သို့သော် ယခု သူတို့ထဲမှာ တစ်ယောက်က သေဆုံးသွားပြီး အခြားတစ်ယောက်က ထိခိုက်ဒဏ်ရာရရှိသွားသည်။ သူတို့သည် ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ရပ်တည်ဖို့ပင် အခွင့်အရေးမရှိတော့ပေ။
ကျင့်ကြံသူများစွာက စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
အစကတော့ ချင်ကူနှင့် ကျုံးဖေးယွီသည် အခြေအနေပေါ်အမြတ်ထုတ်ကာ အကျိုးအမြတ်ကို ရိတ်သိမ်းလိုခဲ့ကြ၏။ ယခု သူတို့သည် တစ်ယောက်သေ တစ်ယောက်ဒဏ်ရာရဖြင့် အဆုံးသတ်သွားကြသည်။
လူတိုင်းသည် ကံကြမ္မာ၏ နောက်ပြောင်ကျီစယ်မှုကို ခံစားမိနေကြသည်။
ဒုတိယမြောက် တိုက်ပွဲကွင်းမှာ ယွင်ထင်က ခပ်လှမ်းလှမ်းမှာရှိသော ဆူဇီမိုကို ကြည့်ပြီး သွားဖြဲပြလိုက်သည်။
"ဆူဇီမို… မင်းနိုင်သွားပြန်ပြီ"
ဤတိုက်ပွဲမှာ သူသည် သူ၏ ရှုံးနိမ့်မှုကို လက်ခံသွားလေသည်။
အဲဒါသည် ဆူဇီမိုက သူ့အရင်အနိုင်ရခဲ့သောကြောင့်သာ မဟုတ်ပေ။
အဲဒါထက် သူ့အနေဖြင့် ဆူဇီမို၏ သတ်ဖြတ်ကွက်သုံးကွက်ကို ခုခံရင်ဆိုင်ဖို့ လွယ်ကူလိမ့်မည်မဟုတ်ကြောင်း ယွင်ထင်က သိရှိလိုက်သောကြောင့်ဖြစ်သည်။
“ဒါပေမဲ့….”
ယွင်ထင်က စကားလမ်းကြောင်းပြောင်းပြီး ထုတ်ဖော်ကြေညာလိုက်သည်။
“ဒီတိုက်ပွဲမှာ ငါရှုံးနိမ့်ခဲ့တာက မင်း ငါ့ကို အမြဲတမ်းအနိုင်ရနေမယ်လို့ မဆိုလိုဘူး… ရှေ့လျှောက်ရမယ့်လမ်းက အရှည်ကြီးကျန်သေးတယ်… တစ်နေ့မှာ ငါ မင်းကို အနိုင်ပြန်ယူမယ်”
ဆူဇီမိုက မည်သည့်စကားမှမဆိုဘဲ ပြုံးပြနေ၏။
ယွင်ထင်သည် ဤတစ်ခေါက်မှာ အနိုင်မရနိုင်ဘူးဆိုလျှင် အနာဂတ်မှာ သူအနိုင်ရနိုင်မည့် အခွင့်အရေးက ပို၍သေးငယ်သွားပေလိမ့်မည်။ သူတို့နှစ်ယောက်ကြား ကွာဟချက်က ပို၍တိုးလာဖို့သာ ရှိပေလိမ့်မည်။