အပိုင်း (၆၃၂)
Vol. 43 Ch. 632
နောက်တစ်ရက်
နတ်ဘုရားလောက၊ လျှိုကလန်၏ ကန့်သတ်ထားသော တည်နေရာ ....
ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူ သုံးယောက်တို့သည် ကောင်းကင်ယံဆီသို့ လှမ်းတက်လာခဲ့၏။ ၎င်းတို့သည် လက်တစ်ချက်ကို ဝှေ့ယမ်းပြီးသည့်နောက် လေဟာနယ်တစ်ခုလုံးကို ဆွဲခွဲလိုက်၏။ ထိုသုံးယောက်သည် လေဟာနယ်ထဲသို့ တိုးဝင်ပြီးသည့်နောက် ချက်ချင်းပဲ ပျောက်ကွယ် သွားခဲ့၏။
ဤအပြုအမူသည် နတ်ဘုရားလောကတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို အံ့အားသင့်စေခဲ့၏။ လက်ရှိ ခေတ်တွင် အင်မော်တယ် အင်ပါယာနှင့် ကွာစီအင်မော်တယ် အင်ပါယာများ မရှိကြချေ။ အင်မော်တယ် ဘုရင်များသည် အားအကောင်းဆုံး ထိပ်တန်းကျင့်ကြံသူများအဖြစ် သုံးသပ်၍ရ၏။ လက်ရှိ အခြေအနေတွင် အင်မော်တယ်ဘုရင်သုံးယောက်တို့ ပေါ်ပေါက်လာခဲ့ခြင်း ဆိုသည်မှာ ကျိန်းသေပေါက် အုတ်အော်သောင်းနင်း ဖြစ်စေမည့် ကိစ္စရပ်များပင်။
ထိုအခြင်းအရာကို တွေ့ရှိသည့်အချိန်မှာတော့ လူပေါင်းများစွာတို့၏ နှလုံးသားများသည် တုန်ခါသွားမိကြ၏။ အင်မော်တယ်ဘုရင် သုံးယောက်လုံး ထွက်ခွာပြီး ပြုလုပ်ဆောင်ရွက်ရမည့် ကိစ္စသည် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည့် ကိစ္စရပ် ဖြစ်နေမည်နည်း။ ကံကောင်းစွာဖြင့် ၎င်းအင်မော်တယ်ဘုရင် သုံးယောက်တို့သည် ပေါ်လာပြီးသည့်နောက် ချက်ချင်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ကြ၏။ ထို့ကြောင့် အားလုံးသော သူတို့၏ စိုးရိမ်ပူပန်မှုများသည် ပြန်လည် တည်ငြိမ်သွားခဲ့၏။ သို့ပေမဲ့ နှလုံးသား ထဲတွင်တော့ စပ်စုလိုစိတ်များနှင့် ပြည့်နှက်၍ ကျန်ခဲ့၏။
လျှိုကလန်အနေနဲ့ ကြီးမားလှသည့် လှုပ်ရှားမှုမျိုးကို ပြုလုပ်တော့မည်လား။
“အင်း.. တကယ့်ကို ကြီးမားတဲ့ ကိစ္စရပ်ကြီး တစ်ခုခု ဖြစ်လာမှာ စိုးရိမ်ရတယ်”
လက်ရှိအခြေအနေမှာတော့ အားလုံးသောသူတို့သည် ဤကဲ့သို့ တူညီသည့်အတွေးကိုပင် တွေးမိနေကြသည်။
…………
ဤအတောအတွင်း ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်မှာတော့ ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုတို့က အတူတကွ ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် နန်းဆောင်၏ အရှေ့တွင် မတ်မတ်ရပ်လျက် ရှိနေကြ၏။
ထျန်းမင်တောင်သခင်သည် အပြင်ဘက်တွင် ရှိနေသည့် နန်းဆောင်၏ ပုံပန်းသွင်ပြင်ကို လှမ်းကာ ကြည့်ရှု လိုက်၏။ သူ၏ မျက်လုံးများတွင် လေးနက်မှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ သူ၏ အထင်အရဆိုလျှင် ဤနန်းဆောင်ကြီးသည် မနီးမဝေးတွင် တည်ရှိပြီး မြူများနှင့်လည်း ရစ်သိုင်းလျက် ရှိနေ၏။ သေသေချာချာ အာရုံခံ ကြည့်ရှုသည့်အချိန်မှာတော့ တခြားလောကတစ်ခုဆီသို့ ရောက်ရှိသွားသကဲ့သို့ပင် သူ အတွင်းသို့ ကြည့်ရှု၍မရချေ။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က တကယ့်ကို ဂုဏ်သိက္ခာနဲ့ နေထိုင်နေတဲ့ လူတစ်ယောက်ပဲ”
သူက လေးလေးနက်နက် ပြောလိုက်၏။ ထိုစကားစုကို ပြောဆိုပြီးသည့် နောက်မှာတော့ သူသည် အနီးအနားတွင် ရှိနေသည့် အဆောက်အအုံများကို လှမ်းကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “သွားကြရအောင်။ ဂုဏ်ယူရလောက်တဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို သွားတွေ့ရအောင်”
“ကောင်းပါပြီ” လျှိုချင်းယု ကလည်း ခေါင်းညိတ်လိုက်၏။ သူသည်လည်း ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို ချီးကျူးမိသည်မှာ ကြာပြီဖြစ်၏။ ယနေ့ အခွင့်အရေး ပေါ်ပေါက်လာသည် ဖြစ်သောကြောင့် တွေ့ဆုံခွင့်ကို လွဲချော်၍ မဖြစ်ချေ။
နှစ်ယောက်သားအထဲသို့ ဝင်ရောက်ပြီးသည့်နောက် မနီးမဝေးတွင် တည်ရှိနေသည့် အဆောက်အအုံလေး တစ်ခုထဲတွင် ရှိနေသော မုန့်ရှင်းကျီသည် သူ၏ နတ်ဘုရားအသိစိတ်များကို ချက်ချင်း ပြန်လည် ရုတ်သိမ်းလိုက်၏။ ရင်ဘတ်ကို အသာပုတ်ပြီး ကြောက်လန့်တကြားဖြင့် တီးတိုးရေရွတ်လိုက်၏။ “တော်သေးတာပေါ့။ မိသွားတော့မလို့”
တစ်ဖက်လူ၏ အကြည့်တစ်ချက်သည် သူ့အား စိုးရိမ်ထိတ်လန့်သွားစေခဲ့၏။ ရှေးဆန်လှသည့် သားရဲရိုင်းကြီး တစ်ကောင်နှင့် ရင်ဆိုင်တွေ့ရသကဲ့သို့ပင် သူ ခံစားခဲ့မိ၏။ နှလုံးသားတစ်ခုလုံး မွန်းကြပ်လျက် ရှိနေသည်။ ထိုကဲ့သို့သော အတွေ့အကြုံမျိုးကို တစ်ခါမှ မတွေ့ကြုံခဲ့ချေ။
ရောရုဝ၏အရှင်နှင့် ရင်ဆိုင်သည့် အခြေအနေတွငပင်် သူသည် ထိုကဲ့သို့သော ခံစားချက်မျိုးကို မရခဲ့ချေ။ ယခု သူသည်သာ တော်ဝင်သဲကန္တာရမြို့၌ ရှိနေသည် မဟုတ်ပါက ဖိနှိပ်ခံရပြီး သေဆုံးသွားနိုင်၏။ ဟုတ်ပေ၏။ သူသည် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
“ဒီနှစ်ယောက်က ကျိန်းသေပေါက် အန္တိမအဆင့် ကျင့်ကြံသူတွေ မဟုတ်ဘူး” မုန့်ရှင်းကျီက စဉ်းစားလိုက်၏။ သူသည် အန္တိမအဆင့် ကျင့်ကြံသူပေါင်းများစွာနှင့် ယခင်က တွေ့ခဲ့ဖူး၏။ တိုင်ချူး သို့မဟုတ် ရောရုဝအရှင် ထိုသူတို့အားလုံးသည် သူအား ဤကဲ့သို့ ကြီးမားလှသည့်ဖိအားများ မပေးခဲ့ပေ။
အန္တိမအဆင့် ကျင့်ကြံသူများ မဟုတ်ဘူးဆိုလျှင် ဖြစ်နိုင်ဖွယ်ရာမှာ တစ်ခုတည်းသာရှိ၏။ ဒဏ္ဍာရီလာ အင်မော်တယ်ဘုရင်များပင်လျှင်။ ဒဏ္ဍာရီလာဆိုသည့် စကားစုများကို ထည့်သွင်းပြောဆိုရသည် ဆိုသည်မှာ သူသည် အတိတ်တုန်းက ထိုကဲ့သို့သော အဆင့်ကို တစ်ခါမှ မကြားဖူးခဲ့သောကြောင့်ပင်။
သို့ပေမဲ့ နက်နဲလျှို့ဝှက်လောကကဲ့သို့သော စွမ်းအားမြင့်လောကကြီးတစ်ခုနှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် အင်မော်တယ်ဘုရင် အဆင့်ဆိုသည့် စကားလုံးကို သူကသိရှိလာခဲ့၏။
မုန့်ရှင်းကျီသည် ထိုအရာကို ကြားသာ ကြားခဲ့ဖူး၏။ သက်ရှိ အင်မော်တယ်ဘုရင် တစ်ယောက်ကို တွေ့ရလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ တစ်ဖက်လူများ လှမ်းဝင်သွားခဲ့သည်ကို သူ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီဖြစ်သည်။
“အင်း.. အင်မော်တယ်ဘုရင်တွေတောင်မှ စီနီယာ နန်းဆောင်သခင်ကို လာပြီးတော့ အလေးအမြတ် ပြုရတာပဲ” မုန့်ရှင်းကျီသည် မသက်မသာ ခံစားနေမိ၏။
လောကကြီး၏ ပြောင်းလဲမှုသည် အရမ်းကို သိသာလွန်းလှ၏။ အတိတ်တုန်းကဆိုရင် တော်ဝင်အင်ပါယာ တစ်ယောက်သည် ထိပ်တန်းအင်အား စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ယခုအခြေအနေမှာတော့ တော်ဝင်အင်ပါယာတစ်ယောက်သည် ဒုတိယတန်းစား စွမ်းအားမြင့် ကျင့်ကြံသူစာရင်းထဲတွင်ပင် ပါဝင်ခြင်း မရှိတော့ချေ။ လောကကြီးသည် ၎င်းတို့အား စွန့်ပစ်ထားခဲ့သလိုပင်။
သူ၏အားအင်အဆင့်သာ မတိုးတက်တော့ပါက အနာဂတ်တွင် အင်မော်တယ် ဘုရင်တစ်ယောက်၏ အတွေး တစ်ချက်ကြောင့်ပင် ကျိန်းသေပေါက် သေဆုံးသွားနိုင်၏။ သူတင်သာမက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း တစ်ခုလုံးကလည်း ပျောက်ကွယ်သွားပေလိမ့်မည်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ ပြေးရန် အခွင့်အရေးပင် ရရှိလိမ့်မည်မဟုတ်ချေ။
စွမ်းအင်ကွာခြားမှုက အလွန်တရာ ကြီးမားလွန်းလှ၏။ အနည်းငယ်သော လှည့်ကွက်များလောက်နှင့် ဤကဲ့သို့သော လူမျိုးကို ရင်ဆိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ဖြစ်နိုင်မည်ဆိုပါက သူ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းတစ်ခုလုံးကို တော်ဝင်သဲကန္တာရမြို့ အတွင်းဘက်သို့ တည်နေရာ ရွှေ့ပြောင်းမှ ဖြစ်ပေလိမ့်မည်။
“ငါ့ရဲ့အားအင်အဆင့်ကို မြန်မြန်ဆန်ဆန် တိုးတက်စေဖို့ ဘယ်လိုလုပ်ရမလဲ” မုန့်ရှင်းကျီသည် အိုးပူပေါ်တွင် ရောက်လျက်ရှိနေသည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် ဂဏှာမငြိမ်သလို ခံစားနေမိ၏။ သူ့၌ အရင်းအမြစ်များစွာ ရှိ၏။ သို့ပေမဲ့ ထိုအရင်းအမြစ်များသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွား၍ အခွင့်အရေးအဖြစ် လဲလှယ်ရမည့်အရာမျိုး ဖြစ်၏။
လက်ရှိအခြေအနေတွင် သူ အချိန်မရသေးချေ။ ထို့အပြင် အားအင်အဆင့် မြန်မြန်ဆန်ဆန် တိုးတက်အောင် ပြုလုပ်ခြင်းသည် အခြေခံ မခိုင်မာမှုကို ဖြစ်တည်စေနိုင်၏။ အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်လာပြီး အချိန်အတိုင်းအတာတိုအတွင်း အန္တိမ ကျင့်ကြံခြင်း အဆင့်သို့ ဝင်ရောက်ခဲ့သည် ဆိုလျှင်တောင်မှ ဘာလုပ်နိုင်မည်နည်း။ တစ်လှမ်းချင်း လှမ်းသည့်ခြေလှမ်းများက ပိုမိုခိုင်မာသည် မဟုတ်ပါလား။
ကောင်းကင်မူလလောကကြီး၏ နှစ်ပေါင်းများစွာအတွင်း တည်ရှိခဲ့သည့် ပါရမီရှင် တစ်ယောက် အနေနှင့် မုန့်ရှင်းကျီသည် ကျိန်းသေပေါက် ထိုကဲ့သို့သော ကိစ္စရပ်များကို မဖြစ်ပွားစေချင်ပေ။
“အင်း.. အရာအားလုံး ဆုံးရှုံးသွားမယ်ဆိုရင်တောင် ငါ ငရဲလောကရဲ့အမွေအနှစ်တွေကို အမွေဆက်ခံဖို့ စဉ်းစားနိုင်သေးတာပဲ” မုန့်ရှင်းကျီသည် သူ၏လက်ထဲတွင် ရှိနေသည့် သိုလှောင်လက်စွပ်များကို ထိကြည့်လိုက်၏။ သူ၏မျက်လုံးထက်တွင် အေးစက်သည့် အရိပ်အာဝါသများနှင့် ပြည့်နှက်လျက် ရှိနေ၏။
နက်နဲအလင်းလောကကြီးနှင့် တိုက်ပွဲ ပြီးသည့်နောက် သူသည် ငရဲလောကကြီး၏ အားအင်အဆင့်ကို နက်နက်နဲနဲ သိရှိခဲ့၏။ အထူးသဖြင့် လက်ရှိ နက်နဲလျှို့ဝှက်လောကနှင့် ပေါင်းစပ်မှုပြီးသည့်နောက် ဖြစ်တည်ခဲ့သည့် ကိစ္စရပ်များပင်။
ဘာတွေဖြစ်ခဲ့သနည်း ဆိုသည်ကိုတော့ သူ သေသေချာချာတော့ မသိရှိချေ။ သို့ပေမဲ့ ကောလဟာလများအရ ဤအရာတွင် ငရဲလောကနှင့် ပတ်သက်မှုများ တည်ရှိနေခဲ့၏။ ငရဲလောကကြီး၏ အမွေအနှစ်များနှင့် ပတ်သက်သည့် ကောလဟာလများ အရဆိုလျှင် အလွန်အားကောင်းသည့် လောကကြီးနှစ်ခုဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများ ပါဝင်ပတ်သက်လျက် ရှိ၏။ သူသည်သာ ငရဲလောက၏ အမွေအနှစ်များကို ရရှိနိုင်သည် ဆိုပါက အောင်မြင်တိုးတက်ဖို့ ဆိုသည်မှာ ဘာစိတ်စရာ လိုမည်နည်း။
ပြဿနာများ ရောက်ရှိလာလျှင်လည်း ကိစ္စမရှိချေ။ လုံလောက်သည့် အားအင်အဆင့်သာ ရှိသည်ဆိုပါက ကျိန်းသေပေါက် ထိုပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိ၏။ သူ့အတွက် စိတ်ပူရမည့်အရာတစ်ခုမှာ အားအင်အဆင့် မလုံလောက်ခြင်းသာလျှင်သာ ဖြစ်ပေလိမ့်မည်။
“အင်း... စီနီယာနန်းဆောင်သခင်က ငါ့ကို တကယ့်ကို ရှင်းလင်းလှတဲ့ လမ်းစဉ်တစ်ခုကို ညွှန်ပြပေးနိုင်ဖို့ မျှော်လင့်မိတယ်” မုန့်ရှင်းကျီသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းကာ ကြည့်ရှုရင်း တီးတိုး ရေရွတ်လိုက်မိ၏။