အပိုင်း (၆၃၄)
Vol. 43 Ch. 634
“စီနီယာ ဂျူနီယာ့ဆီမှာ လက်ရှိအဆင့်ကနေ အရှေ့ကို လှမ်းတက်ဖို့ ဆန္ဒရှိတယ်ဆိုရင် အရင်းအမြစ် ပမာဏ ဘယ်လောက် ကုန်နိုင်မလဲ” ထျန်းမင်တောင်သခင်သည် စိတ်ရှည်လက်ရှည်နှင့် မေးမြန်းလိုက်၏။ သူသည် အချိန်ကြာမြင့်စွာ ဤနေ့အတွက် ပြင်ဆင်ထားခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည်သာ သူ့ကို အဆင့်ချိုးဖြတ်နိုင်ရန် ကူညီနိုင်ခြင်း မရှိသည်ဆိုပါက စိတ်ပျက်လက်ပျက် ခံစားမိမှာ သေချာသည်။
“အရမ်းများတယ်”
လီယွင်သည် ထျန်းမင်တောင်သခင်ကို လှမ်းကြည့်ကာဖြင့် အမှတ်မထင် ပြောလိုက်၏။ “ခင်ဗျားရဲ့ စိတ်နေစိတ်ထားအရ ဆိုရင် ဘဝတစ်သက်တာလုံးမှာ ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို ချိုးဖြတ်နိုင်မဲ့ လူမျိုးမဟုတ်ဘူး။ အင်း .... အရှေ့ကို ဆက်ပြီးသွားတယ်ဆိုတာ ကောင်းကင်ကို ပုန်ကန်တာနဲ့ တူညီနေတယ်။ ခက်ခဲမှုတွေအကြောင်းကို ခင်ဗျား နားလည်ရဲ့လား”
ပြောပြီးသည့်နောက် လီယွင်သည် ထျန်းမင်တောင်သခင်၏ လက်ထဲတွင်ရှိနေသည့် သိုလှောင်လက်စွပ်ကို လက်ညိုးညွှန်ကာ ဆက်ပြောလိုက်သည်။ “လောကနှစ်ခုရဲ့ အရင်းအမြစ်တွေအားလုံး ပေါင်းစပ်ထားတယ် ဆိုရင်တောင်မှ ခင်ဗျားအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်းကို လှမ်းဖို့ လုံလောက်တဲ့အရာ မဟုတ်သေးဘူး”
နက်နဲမီးတောက်လောကကြီး၏ အရင်းအမြစ် အားလုံးတို့သည် လူတစ်ယောက်တည်း၏ လက်ထဲသို့ ရောက်ရှိခဲ့၏။ ထျန်းမင်တောင်သခင်သည် ထိုအရာများနှင့် အဆင့်တက်နိုင်မည်ဟု ထင်ကောင်း၊ ထင်မှတ်နိုင်၏။ သို့ပေမဲ့ မလုံလောက်သေးချေ။
“ဲ့လောက်တောင် လိုအပ်တာလား” ထျန်းမင်တောင်သခင်က ဆွံ့အသွားခဲ့၏။ သူသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို တက်လှမ်းနိုင်ရန်အတွက် အရင်းအမြစ် များများကို စုဆောင်းချင်စိတ်ရှိ၏။ သို့ပေမဲ့ ဤမျှ များပြားလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ထို့ပြင် အစစ်အမှန်သိုင်းလောကနှင့် နက်နဲလျှို့ဝှက်လောကတို့ကို လှည့်ပတ်သွားလာခဲ့ပြီးပြီ ဆိုလျှင်တောင်မှ မလုံလောက်သေးချေ။ မည်သူသိနိုင်မည်နည်း။ သူ အဆင့်တက်ရန် အတွက် မည်မျှ များပြားလှသည့်အရာများကို ထပ်မံ ပေးအပ်ရမည်နည်း။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူ့အား ကွာစီအင်မော်တယ် အင်ပါယာအဆင့်ဆီသို့ အဆင့် ချိုးဖြတ်နိုင်ရန် အရည်အချင်းများ လိုအပ်ချက် ရှိနေသေးသည်ဟု ပြောဆိုခဲ့၏။ ထို့ကြောင့် ထျန်းမင်တောင် သခင်သည် စိတ်ပျက်လက်ပျက် ခံစားနေမိ၏။
ကံကောင်းစွာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် မကူညီနိုင်သည့်အကြောင်းကို မပြောဆိုခဲ့ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကူညီချင်စိတ် ရှိနေ၏။ အရင်းအမြစ် လုံလောက်မှုသာ ရှိသည်ဆိုပါက ကျိန်းသေပေါက် ကူညီမည်ဟု ပြောဆိုနေသကဲ့သို့ပင်။
သူသည်လည်း အဆင့်တက်လှမ်းနိုင်မည်ဆိုပါက ကျိန်းသေပေါက် နတ်ဘုရားလောကကြီး တစ်ခုလုံးနှင့် စစ်ဖြစ်ရမည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။
“ခေတ်အဆက်ဆက်မှာ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်တောင် ပေါ်မလာခဲ့ဖူးဘူးလေ။ မလုံလောက်တဲ့ အရည်အသွေးနဲ့ ကံတရားတွေ နည်းပါးတဲ့ ခင်ဗျားက ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို တက်လှမ်းချင်တယ်။ ပြောရမယ်ဆိုရင် တကယ့်ကို ကြီးမားလွန်းတဲ့ တန်ကြေးကို ပေးဆပ်ရလိမ့်မယ်” လီယွင်က တီးတိုးရေရွတ်လိုက်၏။
ကွာစီအင်မော်တယ် အင်ပါယာနှင့် အင်မော်တယ်ဘုရင်တို့ကြားတွင် အဆင့်တစ်ခုသာ ကွာခြား၏။ သို့ပေမဲ့ ဤကွာခြားချက်သည် လောကကြီးတစ်ခုကဲ့သို့ပင် ကွာခြားလျက် ရှိနေသည်။
အင်မော်တယ်ဘုရင်သည် လက်ရှိ ရောက်ရှီနေရာလောကတွင် တစ်ယောက်၊ နှစ်ယောက်လောက်သာ ရှိသည့်လူမျိုး ဖြစ်၏။
နတ်ဘုရားလောကနှင့် အင်မော်တယ်လောကကဲ့သို့သော ကြောက်မက်ဖွယ်ရာ ကောင်းသည့် လောကကြီး များတွင် ခေတ်အဆက်ဆက် အင်မော်တယ်ဘုရင်ပေါင်း များစွာတို့ ပေါ်ထွက်ခဲ့ဖူး၏။ တချို့က သိသိသာသာ ထင်ထင်ရှားရှား ပေါ်ပေါက်ခဲ့ဖူးပြီး တချို့ကတော့ ပုန်းလျှိုးကွယ်လျှိုးနှင့် တည်ရှိနေခဲ့ကြသည်။
လောကပေါင်း မြောက်များစွာတို့ကို လှည့်လည်သွားလာပြီးသည့်နောက် အင်မော်တယ်ဘုရင် အရေအတွက်သည် များများစားစား တည်ရှိနေသည် ဆိုလျှင်တောင်မှ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်မှ မရှိခဲ့ချေ။ ထို့ကြောင့် ကွာစီအင်မော်တယ် အင်ပါယာ အဆင့်ဆီသို့ တက်လှမ်းနိုင်ဖို့ ဆိုသည်မှာ တကယ့်ကို စိန်ခေါ်မှု ဖြစ်လာခဲ့၏။
“စီနီယာ... ကျေးဇူးပြုပြီး အရင်းအမြစ် ဘယ်လောက်များများ လိုအပ်တယ် ဆိုတာကို သေသေချာချာ ပြောပေးနိုင်မလား” ထျန်းမင်တောင်၏သခင်သည် အံကိုကြိတ်လိုက်၏။
သူသည် အဆင့်တက်နိုင်ရန် လိုအပ်နေသည်။ ကွာစီအင်မော်တယ် အင်ပါယာ သာ ဖြစ်မလာပါက ကျိန်းသေပေါက် ရူးသွပ်ကောင်း ရူးသွပ်သွားနိုင်၏။ သူ၏ အခွင့်အရေးသည် နည်းပါးလွန်းသည် ဆိုလျှင်တောင်မှ သူသည် အရင်းအမြစ်များနှင့် လဲလှယ်၍ ထိုနည်းပါးသည့် အခွင့်အရေးအတွက် ကွက်လပ်ဖြည့်ရပေလိမ့်မည်။
“ခင်ဗျားရဲ့ စိတ်နေစိတ်ထားနဲ့ အနည်းဆုံး ကွာစီအင်မော်တယ် အင်ပါယာအဆင့် ပစ္စည်းဆယ်မျိုးလောက် လိုအပ်လိမ့်မယ်”
လီယွင်က အေးစက်စက် ပြောလိုက်၏။ “လက်နက်၊ နည်းစနစ်၊ ဆေးလုံး ဘာဖြစ်ဖြစ်ပေါ့”
ဤစကားစုသည် ထျန်းမင်တောင်သခင်အား မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် တုန်လှုပ်ပြီး ကြက်သေ သေစေခဲ့၏။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် ပစ္စည်းဆယ်ခုဆိုသည်မှ မယုံကြည်နိုင်လုနီးပါးပင်။ သမိုင်းမှတ်တမ်းအရ လောကအသီးသီးတွင် ကွာစီအင်မော်တယ်အင်ပါယာ ဆယ်ယောက်ပင် ပေါ်ပေါက်ခဲ့ရဲ့လား မသိနိုင်ချေ။
ဤမျှ များပြားသည့် ပစ္စည်းများကို မည်သည့်နေရာမှ သွားရောက် ရှာရမည်နည်း။ အကယ်၍ ရှာဖွေနိုင်ခဲ့သည် ဆိုလျှင်တောင်မှ သူ့အနေနှင့် ထိုအရာကို ရရှိအောင် မည်ကဲ့သို့ ကြိုးစားရမည်နည်း။ ထိုအရာများကို ရရှိရန် ကြိုးစားပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခြင်းမျိုးပင် ကြုံနိုင်၏။
ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်၏ ပစ္စည်းများကို သွားရောက်ယူငင်ခြင်း ဆိုသည်မှာ သေဆုံးကောင်း သေဆုံးသွားနိုင်၏။ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် သေဆုံးသွားခဲ့ပြီ ဆိုလျှင်တောင်မှ ၎င်း၏ဝိညာဉ် အသိအမြင်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေတွင် ရှိနေမှာ သေချာ၏။ ၎င်း၏လက်နက်ကို ယူဆောင်လိုက်သည်ဆိုသည်နှင့် ကျိန်းသေပေါက် အစီအရင်များက သတ်ဖြတ်မှာ သေချာသည်။
လျှိုချင်းယုသည် ထျန်းမင်တောင်သခင်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် ထျန်းမင်တောင်သို့ ဝင်ရောက်ခဲ့သည် ဆိုသော်လည်း ထျန်းမင်တောင်သခင်၏ စကားကို အတိအကျ လိုက်နာရန် မလိုချေ။ သူ၏ မျက်လုံးထဲတွင်တော့ ထျန်းမင်တောင်သခင်သည် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ လောကအနှံ့သို့ ခရီးသွားလာနိုင်ရန် အစွမ်းအစရှိသည်ဆိုလျှင်တောင်မှ ကွာစီအင်မော်တယ် အင်ပါယာအဆင့် ပစ္စည်းဆယ်ခုကို ရရှိဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။
“ကျုပ် မေးချင်ပါတယ် စီနီယာ... ဂျူနီယာအနေနဲ့ အဆင့်တက်ချင်တယ် ဆိုရင်ရော ....” လျှိုချင်းယုသည် တည်ငြိမ်စွာ မေးမြန်းလိုက်၏။
ငရဲလောကကြီး ကျဆုံးပြီးသည့်နောက် မွေးဖွားလာခဲ့သည့် လူတစ်ယောက်ဖြစ်ပြီး အချိန်အတိုင်းအတာတို အတွင်းတွင် သူသည် အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းနိုင်ခဲ့၏။ ကျိန်းသေပေါက် ထျန်းမင်တောင်သခင်ထက် ပိုမိုကာ အခွင့်အရေးရှိမှာ သေချာသည်။
ထိုအခြင်းအရာကို စဉ်းစားပြီးသည့်နောက် သူ အဆင့်တက်နိုင်ရန်အတွက် လိုအပ်သည့် အရင်းအမြစ်များမှာ ပိုမိုနည်းပါးလိမ့်မည်ဟု တွက်ချက်ခဲ့၏။ သူသည်သာ အဆင့်ချိုးဖြတ်နိုင်ပါက ထျန်းမင်တောင်သခင်သည် သူ၏ နောက်လိုက်ပင် ပြန်ဖြစ်သွားနိုင်၏။
“တူတူပဲလေ”
လီယွင်သည် တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ ပြောဆိုလိုက်သည်။
လျှိုချင်းယုသည် ကြက်သေ သေသွားမိ၏။ မည်သို့ ဖြစ်နိုင်မည်နည်း။ နတ်ဘုရားလောက၏ နံပါတ်တစ် ပါရမီရှင်သည် ဤကဲ့သို့ပင် အခြေအနေ ရှိနေသည်လား။ ထျန်းမင်တောင်သခင်နှင့် တူညီသည့် အရင်းအမြစ်များ ကို ပေးအပ်ရန် လိုအပ်နေလေသည်လား။
“စီနီယာ... မှားများ မှားနေသလား” လျှိုချင်းယုသည် သေသေချာချာ ထပ်မံကာ မေးမြန်းလိုက်၏။
“ခင်ဗျား ကျုပ်ကို မယုံဘူးလား” လီယွင်၏ အကြည့်သည် ရွေ့လျားသွားခဲ့၏။ သူလေသံသည် ပိုမိုကာ အေးစက်လာခဲ့သည်။
“ဒီတော့ ကွာစီအင်မော်တယ် အင်ပါယာဖြစ်လာဖို့အတွက် ကျုပ်မှာ အရည်အချင်း မရှိဘူးပေါ့” လျှိုချင်းယုက ကြောင်အသွားမိ၏။
စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်နှင့်အညီ သူသည် နတ်ဘုရားလောကထဲတွင် နာမည်တစ်လုံးနှင့် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။ ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာရန်အတွက် ရည်ရွယ်ချက်၊ အရည်အသွေး ဘာတွေလိုအပ်နေလေသနည်း။ ဤအရာမှာ အဓိပ္ပါယ် မရှိလှချေ။
“တိကျတာထက် ပိုပြီးတိကျအောင် ပြောရမယ်ဆိုရင် ခင်ဗျားက သူ့ထက်နည်းနည်းလေး သာတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေကတော့ တူတူပဲ” လီယွင်က အမှတ်မထင် ပြန်လည်ကာ ပြောဆိုလိုက်သည်။
ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုတို့သည် တိတ်ဆိတ် ငြိမ်သက်သွား၏။ ၎င်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုပြီးသည့်နောက် မျက်လုံးထဲတွင် ရှိနေသော တစ်ယောက်၏ စိတ်ပျက်မှုများကို တစ်ယောက်က မြင်နေရ၏။ လူတစ်ယောက်တည်းအတွက် ကွာစီအင်မော်တယ် အင်ပါယာပစ္စည်း ဆယ်ခု၊ နှစ်ယောက်လုံးဆိုရင် နှစ်ဆယ် ဖြစ်လေ၏။ ထိုအရာများကို မည်ကဲ့သို့စုဆောင်းမည်နည်း။
နတ်ဘုရားလောကထဲတွင်သာမက ပိုမိုအားကောင်းသည့် ထူးခြားအင်မော်တယ် လောကထဲတွင်တောင်မှ အင်မော်တယ် အင်ပါယာတစ်ယောက်နှင့် ကွာစီအင်မော်တယ် အင်ပါယာသုံးယောက်တို့၏ မှတ်တမ်းသာ ရှိခဲ့၏။ တခြား ဘာမှမရှိချေ။ အင်္သေချေ များပြားသည့် လောကထဲတွင် ရှိနေသည့် အရင်းအမြစ်များကို လိုက်လံစုစည်းမည် ဆိုလျှင်တောင်မှ ကွာစီအင်မော်တယ်အဆင့် ပစ္စည်းများနှင့် တူညီသည့် အရေအတွက်ကို ရရှိလိမ့်မည် မဟုတ်ချေ။
အင်မော်တယ် အင်ပါယာချန်ခဲ့သည့် ရတနာများအတွက်တော့ သူတို့သည် တွေးပင်မတွေးရဲချေ။ လူတစ်ယောက် အဆင့်ချိုးဖြတ်နိုင်ဖို့ ဆိုသည်မှာ အလွန်ခက်ခဲသည့် အခြေအနေမျိုး ဖြစ်နေသောကြောင့် လူနှစ်ယောက်လုံး အဆင့်ချိုးဖြတ်နိုင်ဖို့ ဆိုလျှင် ပိုမိုကာ ခက်ခဲလွန်းပေလိမ့်မည်။
“ကျုပ်မေးချင်ပါတယ် စီနီယာ... ကျုပ်တို့ အဆင့်တက်နိုင်ဖို့အတွက် တခြားနည်းလမ်းများ ရှိနေသေးလား” ထျန်းမင်တောင်သခင်သည် အဓိပ္ပာယ်ပါပါဖြင့် ထပ်မံကာ မေးမြန်းလိုက်၏။
“မရှိဘူး”
လီယွင်က ခေါင်းကိုမော့လိုက်၏။ ပြီးနောက် တစ်ဖက်လူများကို စူးစိုက်၍ ကြည့်ရှုလိုက်ပြီး လေးနက်သည့်အသံဖြင့် ထပ်မံကာ ပြောဆိုလိုက်သည်။ “ခင်ဗျားက ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်လာဖို့အတွက် နည်းလမ်းတစ်ခုပဲ ရှိတယ်။ ပြီးတော့ လမ်းစဉ် တစ်ခုတည်းပဲ။ ဒါတောင်မှ စွန့်စားရမယ့် အကြောင်းအရာတွေ ရှိနေသေးတယ်။ ကျုပ် ခင်ဗျားကို လမ်းညွှန် ပေးလိုက်မယ် ဆိုရင်တောင်မှ နောက်ဆုံးခြေလှမ်းကို ခင်ဗျား အောင်အောင်မြင်မြင်နဲ့ လှမ်းတက်နိုင်ဖို့ဆိုတာ မသေချာသေးဘူး”