အပိုင်း (၆၃၅)
Vol. 43 Ch. 635
ထျန်းမင်တောင်သခင်၏ မျက်နှာသွင်ပြင် တစ်ခုလုံးက အေးခဲသွား၏။ ရုတ်တရက် ဆိုသလိုပဲ သူ၏ နှလုံးသား တစ်ခုလုံး၌ တင်းကြပ်သည့် ခံစားချက်များ ရရှိလာခဲ့၏။ အလိုလိုသိစိတ်အရ ပြောရမည်ဆိုလျှင် သူသည် တော်လွန်းသည့် လူတစ်ယောက်မဟုတ်ချေ။ သို့ပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာအဆင့်ဆီသို့ လှမ်းတက်နိုင်မည်ဟု မိမိကိုယ်ကိုယ် အထင်ကြီးခဲ့မိ၏။
ကွာစီအင်မော်တယ် အင်ပါယာအဆင့်ဆီသို့ လှမ်းတက်နိုင်သည် ဆိုပါက ကွာစီအင်မော်တယ် အင်ပါယာထားခဲ့သည့် ကံကောင်းခြင်း တရားများကိုလည်း ထပ်မံကာ ကြုံတွေ့ရလာနိုင်သေးသည်။
“စီနီယာ... လျှိုချင်းဟုန်အနေနဲ့ ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် အရင်းအမြစ် ဘယ်လောက်များ လိုအပ်လိမ့်မလဲ” လျှိုချင်းယုက အသာမေးလိုက်၏။
လျှိုချင်းဟုန် - လျှိုကလန်ဆီမှ လျှိုချင်းဟုန်သည် တကယ့်ကို ပါရမီရှင်များထဲမှ တစ်ယောက်အဖြစ် သုံးသပ်၍ရပြီး ၎င်း၏အားအင်အဆင့်သည် အင်မော်တယ်ဘုရင် ထိပ်ဆုံးသို့ ရောက်ရှိနေခဲ့၏။ ကွာစီ အင်မော်တယ် အင်ပါယာအဆင့်သို့ လှမ်းတတ်နိုင်ရန် ခြေတစ်လှမ်းသာလျှင် လိုအပ်တော့သည်။
နတ်ဘုရားလောကထဲတွင် လျှိုချင်းဟုန်သည် ကွာစီအင်မော်တယ် အင်ပါယာဖြစ်လာရန်အတွက် ရေပန်အစားဆုံး ဖြစ်သည်။ အားလုံးသောသူတို့က မျှော်လင့်ချက် ထားရသည့် လူတစ်ယောက်ပင် ဖြစ်၏။ ၎င်း၏တည်ရှိမှုသည် ရှေးဆန်လွန်းလှ၏။ တကယ့်ကို ပါရမီရှင်အိုကြီးဟု သုံးသပ်ရမည်ဆိုလျှင် မမှားနိုင်ချေ။
“ခင်ဗျားတို့ လျှိုကလန်ရဲ့ ပါရမီရှင်ကြီးလား” လီယွင်သည် အသာပြုံးကာဖြင့် မေးမြန်းလိုက်၏။
လျှိုချင်းယုက ကြောင်အအ ဖြစ်သွားမိ၏။ လျှိုချင်းဟုန်သည် အနည်းငယ် နောက်ကျမှ မွေးဖွားခဲ့သည် ဆိုသော်လည်း ရှေးဆန်ပြီး ခန့်မှန်း၍ မရသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ပါရမီရှင်အိုကြီးဟု ရည်ညွှန်းခြင်း ဆိုသည်မှာ မလွန်ချေ။
“ခင်ဗျားတို့ နှစ်ယောက်နဲ့ တူတူပါပဲ” လီယွင်က ထပ်မံကာ ပြောဆိုလိုက်၏။
“တူတူပဲ ဟုတ်လား” လျှိုချင်းယုသည် သူကြားခဲ့သည်များကို နဝေတိမ်တောင်ပင် ဖြစ်လို့နေခဲ့၏။ မည်သို့ ဖြစ်နိုင်မည်နည်း။
လျှိုချင်းဟုန်၏ ပါရမီသည် သူကိုယ်တိုင်ပင်လျှင် ကြီးကြီးမားမား ချီးကျူးရမည့် အရာမျိုးဖြစ်၏။ မျိုးဆက်သစ်များ အားလုံး၏ ထိပ်ဆုံးတွင် ရပ်တည်လျက် ရှိနေသည်ဟု သတ်မှတ်ရပေလိမ့်မည်။ နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့သည် ဆိုလျှင်တောင်မှ ၎င်း၏ ကျင့်ကြံခြင်း မှတ်တမ်းများကို မည်သူကမျှ မချိုးဖြတ်နိုင်ခဲ့ချေ။
ကလန်ခေါင်းဆောင်လျှိုသည် သူ၏သားမှာ အင်မော်တယ် အင်ပါယာ ဖြစ်လာမည်ဟု ရဲရဲဝင့်ဝင့် ကြေညာခဲ့ဖူး၏။ တကယ်ပင် လျှိုချင်းဟုန်သည်လည်း လူငယ်အင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်လာပေလိမ့်မည့် အစွမ်းအစမျိုးကို ပြသခဲ့၏။ အတိုင်းအတာတိုအတွင်း အားလုံးသောသူတို့ကို နောက်ကောက်ချခဲ့ပြီးသည့်နောက် စောစောစီးစီး အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာခဲ့၏။
အားလုံးသော သူတို့သည် ၎င်းအား မနာလိုဝန်တိုကြီးစွာဖြင့်သာ ငေးကြည့်ခဲ့ရ၏။ သို့ပေမဲ့ ဤကဲ့သို့ သာမန်ထက်ပိုကာ ထူးချွန်သည့် လူတစ်ယောက်သည်ပင် ကွာစီအင်မော်တယ် အင်ပါယာပစ္စည်း ဆယ်ခု လိုအပ်လိမ့်မည်ဟု စီနီယာ နန်းဆောင်သခင်က ပြောဆိုနေခဲ့သည်။
အင်မော်တယ်ဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူများပင်လျှင် ဤမျှလောက် များပြားသည့် အရင်းအမြစ်များကို လိုအပ်နေသည်လား။ တနည်းပြောရမည်ဆိုလျှင် ကွာစီအင်ပါယာဖြစ်လာရန် လမ်းစဉ် မတည်ရှိ ခဲ့လေသည်လား။ အဆင့်တက်ရန် မဖြစ်နိုင်သောကြောင့် မဖြစ်နိုင်သော ဈေးနှုန်းကို တောင်းဆို ခဲ့လေသည်လား။
“စီနီယာ... ဒီအရာတွေရဲ့အနောက်မှာ ဖုံးကွယ်ထားတဲ့ အကြောင်းအရာတစ်ခုခု ရှိရမယ်လို့ ထင်တယ်” လျှိုချင်းယုက လေးလေးနက်နက်ပုံစံဖြင့် မေးမြန်းလိုက်၏။
တစ်ယောက်ချင်းစီတိုင်းအတွက် မေးမြန်းခဲ့သည့် ရလဒ်သည် ကွာစီအင်မော်တယ် အင်ပါယာပစ္စည်းများ ဖြစ်လာခဲ့၏။ ဘာ့ကြောင့်မှန်း မသိနိုင်ချေ။ သူ၏အထင်အရဆိုလျှင် သူ၊ လျှိုချင်းဟုန် တို့သည် တခြားသော အင်မော်တယ်ဘုရင်များထက် ပိုမိုကာ အားကောင်း၏။
ထျန်းမင်တောင်သခင်ဆိုလျှင် ဟိုးယခင် နှစ်ပေါင်းများစွာထဲက အသက်ရှင် နေထိုင်ခဲ့သောကြောင့် ၎င်း၏ပါရမီသည် အားလုံးထက် သာမည်ဆိုသည်မှာ အထူးအထွေ ပြောနေစရာပင် မလိုပေ။ သို့ပေမဲ့ အားလုံးသော သူတို့သည် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်လာရန်အတွက် များပြားသည့် အရင်းအမြစ်များကို ပေးအပ်နေရ၏။ မဖြစ်သင့်ပေ။
“ဟုတ်တယ်။ ဖုံးကွယ်ထားတဲ့ အမှန်တရား တစ်ခုရှိတယ်”
လီယွင်သည် စားပွဲခုံကို တတောက်တောက်နှင့် ခေါက်ကာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ဒါပေမဲ့ ဒီလျှို့ဝှက်ချက်က အားလုံးသိလို့ရတဲ့ အကြောင်းအရာမျိုး မဟုတ်ဘူး”
ပြီးနောက် လီယွင်သည် ရေနွေးခွက်ကို အသာမကာဖြင့် သောက်လိုက်လေ၏။
“တကယ်လား”
လျှိုချင်းယုက တွေးလိုက်မိ၏။ ခေတ်အဆက်ဆက်တွင် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာဖို့ ဆိုသည်မှာ ခက်ခဲသည် ဆိုလျှင်တောင်မှ တစ်ယောက်၊ နှစ်ယောက်လောက်တော့ အောင်မြင်စွာ ဖြစ်တည်ခဲ့၏။
သို့ပေမဲ့ ငရဲလောကကြီး ဖျက်ဆီးခံရပြီး နှစ်ပေါင်းများစွာအတွင်း ကွာစီအင်မော်တယ် အင်ပါယာဟူ၍ တစ်ယောက်မှ ပေါ်မလာခဲ့တော့ချေ။ မည်သို့ပင်ကြည့်ကြည့် ဤအရာမှာ အဓိပ္ပာယ် မရှိလှချေ။ ယုံကြည်ရန် ခက်ခဲလို့ နေစေ၏။ ကိစ္စရပ်တချို့ ရှိကောင်း ရှိနေနိုင်သည်။
“စီနီယာ… ဒီသတင်းအချက်အလက်က ဘယ်လောက် ထိုက်တန်လဲ” လျှိုချင်းယုက မေးမြန်းလိုက်၏။
စောဏတုန်းက စီနီယာ၏ စကားလုံးများက သိသာထင်ရှားလွန်းလှ၏။ သူသည် အရူးတစ်ယောက် မဟုတ်ချေ။ လုံလောက်သည့် သတင်းအချက်အလက်များကို ရရှိရန်အတွက် တူညီသည့် အရင်းအမြစ်များနှင့် လဲလှယ်ရန် လိုအပ်ကြောင်း သိရှိသည်။
“မများပါဘူး”
လီယွင်သည် ပခုံးကို တွန့်ကာဖြင့် ပြောလိုက်၏။ “အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းတစ်ခုဆို ရပြီ။ ပြီးတော့ လူတစ်ယောက် ထက်ပိုပြီး သိလို့ရတဲ့ အကြောင်းပဲ”
“အမ်”
လျှိုချင်းယုနှင့် ထျန်းမင်တောင်သခင်တို့သည် မျက်ခုံးပင့်လိုက်မိ၏။ သူတို့သည် များများစားစား တွေးတောထားခဲ့၏။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ပဲ ဤလျှို့ဝှက်ချက်အတွက် အင်မော်တယ်ဘုရင် အဆင့် ပစ္စည်းတစ်ခုသာလျှင် လိုအပ်ခဲ့သည်။
စစချင်း တောင်းဆိုခဲ့သည့် ကွာစီအင်မော်တယ် အင်ပါယာအဆင့် ပစ္စည်း ဆယ်ခုနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် သေးငယ်လွန်းသည့် သတင်းအချက်အလက် ဖြစ်နေသည်လား။ သို့ပေမဲ့ သတင်းအချက်အလက်သည် လူတစ်ယောက်ထက် ပိုကာ သိ၍ရသော အကြောင်းအရာ ဖြစ်သောကြောင့် ယုံကြည်ရသည့်အရာဟု သူတို့က ခံစားမိ၏။
ထျန်းမင်တောင်သခင်သည် သေးငယ်လှသည့် ရှေးခန်းဆောင်လေး တစ်ခုကို ထုတ်ယူကာဖြင့် လီယွင်ဆီသို့ ကမ်းပေးလိုက်သည်။ “ကျေးဇူးပြုပြီး ဉာဏ်အလင်းပြပါအုံး စီနီယာ”
ဤရှေးခန်းဆောင်လေးသည် ရှောင်ကလန်ဆီမှ ရရှိထားခဲ့သည့် အရာမှလွဲလျှင် တခြား မဟုတ်ချေ။ တန်ဖိုးကြီး သတင်းအချက်အလက်နှင့် လဲလှယ်ရန်အတွက် လုံလောက်သည့်အရာ ဖြစ်ပေလိမ့်မည်။
လီယွင်သည် အသာ လက်လှမ်းပြီးသည့်နောက် ရှေးခန်းဆောင်ကြီးကို သိမ်းဆည်းလိုက်၏။ သူသည် ရှေ့တွင် ရှိနေသော စိတ်အလောတကြီးဖြစ်သည့် ကျင့်ကြံသူနှစ်ယောက်ကို လှမ်းကာ ကြည့်ရှုရင်း ဖြည်းညှင်းစွာ ပြောလိုက်၏။
“ခေတ်အဆက်ဆက်မှာ ဘယ်သူကမှ ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်မလာခဲ့ဘူး။ အကြောင်းအရာက ရိုးရှင်းတယ်။ ကောင်းကင်တာအိုရဲ့ နိယာမတွေကို တစ်စုံတစ်ယောက်က အားလုံးအတွက် ပိုင်းဖြတ်ခဲ့လို့ပဲ”
“ဘာ”
ထိုအရာကို ကြားသည့်အချိန်မှာတော့ လျှိုချင်းယုနှင့် ထျန်းမင်တောင်သခင်တို့သည် တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်သလို ကြည့်ရှုလိုက်မိသည်။ “ကောင်းကင်တာအိုရဲ့ နိယာမ ဟုတ်လား”
ဘာဖြစ်သနည်း။ ကောင်းကင်တာအို၏ နိယာမ ဆိုသည်မှာ လောကကြီး၏ အခြေခံ စည်းမျဉ်းစည်းကမ်း မဟုတ်ပါလား။ အဘယ့်ကြောင့် အားလုံးသည် ထိုတားမြစ်ချက်ကို ခံစားနေရသနည်း။
စီနီယာနန်းဆောင်သခင် ပြောဆိုခဲ့သောကြောင့် သူတို့သည် ထိုအရာကို ယုံကြည်လို့ နေခဲ့၏။ ထို့ကြောင့် လီယွင် ဆက်လက် ပြောဆိုမည့် အကြောင်းကို ဆက်လက်ကာ စောင့်လျက်ရှိ၏။
လီယွင်က တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။ “တိတိကျကျ ပြောရမယ်ဆိုရင် ခင်ဗျားတို့ ကျင့်ကြံခြင်း လမ်းစဉ်တွေက ဆက်ပြီး တိုးတက်မလာတော့ဘူး။ ဘာလို့လဲဆိုတော့ ကောင်းကင်တာအိုရဲ့ နိယာမတွေက ခွင့်ပြုမပေးလို့ပဲ။ တစ်စုံတစ်ယောက်က ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ လမ်းစဉ်တစ်ခုကို ဖွင့်လှစ်လိုက်မယ် ဆိုရင် ဖြစ်နိုင်လိမ့်မယ်။ မဟုတ်ရင် ဒုတိယ ကွာစီအင်မော်တယ် အင်ပါယာ ဒါမှမဟုတ် ဒုတိယမြောက် အင်မော်တယ် အင်ပါယာဆိုတာ ဘယ်သောအခါမှ ဖြစ်လာတော့မှာ မဟုတ်ဘူး”