အပိုင်း (၆၃၆)
Vol. 43 Ch. 636
“တချို့သောလူတွေက ဒီအကြောင်းအရာကို လွဲမှားနေတယ်ဆိုတာကို အာရုံခံမိကြတယ်။ ဒီတော့ ဒီကျိုးပြတ်နေတဲ့လမ်းကို ပြင်ဆင်နိုင်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ကောင်းကင်တာအိုရဲ့ နိယာမတွေက မပြည့်စုံတဲ့ အစိတ်အပိုင်းတွေ ဖြစ်သွားခဲ့တာကြောင့် လူသားတွေရဲ့ အားသွန်ခွန်စိုက် ကြိုးစားမှုနဲ့ ပြန်လည် ပြုလုပ်လို့ရတဲ့ အရာမျိုး မဟုတ်တော့ဘူး” လီယွင်သည် ပြန်လည်ကာ ရှင်းပြလိုက်၏။
သူပြောဆိုခဲ့သည့် စကားလုံး တစ်ခုချင်းစီတိုင်းသည် တစ်ဖက်လူများ၏ နားထဲတွင် မိုးကြိုးပစ်ချလိုက် သကဲ့သို့ပင် ဝင်ရောက်သွားခဲ့သည်။
စီနီယာ၏ စကားလုံးအရဆိုလျှင် လက်ရှိ ကျင့်ကြံခြင်း၏လမ်းစဉ်အားလုံးတို့သည် တစ်စုံတစ်ယောက်၏ ချိုးဖြတ်ခြင်းကို ခံထားရ၏။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။
တစ်စုံတစ်ယောက်က ကျင့်ကြံခြင်း၏ စနစ်သစ် တစ်ခုလုံးကို ထပ်မံဖန်တီးမှသာလျှင် ဖြစ်နိုင်ပေတော့မည်။ သို့ပေမဲ့ ဤကဲ့သို့သော ပြင်ဆင်နိုင်စွမ်းရှိနေသည့် ပါရမီရှင်သည် လွယ်လွယ်ကူကူဖြင့် ထွက်ပေါ်လာနိုင်သည့် လူမျိုးမဟုတ်ချေ။
“စီနီယာ... ကျု်ပတို့က ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာချင်တယ်ဆိုရင် ကျုပ်တို့က ကျင့်ကြံခြင်း လမ်းစဉ်အတွက် လမ်းသစ်တစ်ခုကို လျှောက်ရမှာလား” ထျန်းမင်တောင်သခင်သည် နာနာကျင်ကျင် အမူအရာဖြင့် မေးမြန်းလိုက်၏။
လမ်းစဉ်တစ်ခုကို ဖန်တီးခြင်းဆိုသည်မှာ ကျိန်းသေပေါက် ခက်ခဲမှာ သေချာ၏။ ကျင့်ကြံခြင်း နည်းစနစ် တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ဖို့ ဆိုလျှင် မယုံကြည်နိုင်ဖွယ်ရာ စွမ်းဆောင်ရည်မျိုး ပိုင်ဆိုင်မှ ဖြစ်ပေလိမ့်မည်။
ထို့အပြင် တစ်စုံတစ်ယောက်၏ အားအင်အဆင့်က ပိုမိုကာ မြင့်မားလေ၊ ကျင့်ကြံခြင်းစနစ်နှင့် ပတ်သက်သည့် ကန့်သတ်ချက်များက ပိုမိုကာ အားကောင်းလေဖြစ်၏။
“ကျုပ်မေးချင်ပါတယ် စီနီယာ။ ဘယ်သူက ဒီလို ပြုလုပ်ခဲ့တာလဲ” လျှိုချင်းယုက လေးလေးနက်နက်ဖြင့် မေးမြန်းလိုက်၏။ သူ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် မဲမှောင်လျက် ရှိနေ၏။ သူ၏ လက်ရှိ စိတ်ဆန္ဒသည် မျက်နှာ၌ ထင်ပေ်လျက် ရှိနေ၏။ ကောင်းကင်တာအို၏ နိယာမလမ်းစဉ်များကို ဖြတ်တောက် ပစ်ခဲ့သည့်လူအား သူ သတ်ဖြတ်ချင်မိသည်။
တစ်ယောက်တည်းလည်း မဟုတ်ချေ။ လူပေါင်းများစွာကို ဒုက္ခရောက်အောင် ပြုလုပ်ခဲ့သည့်လူ ဖြစ်၏။ နောက်လာနောင်သား မျိုးဆက်များသည် ကျင့်ကြံခြင်းလမ်းစဉ် အသစ်တစ်ခုကို ဖန်တီးဖို့ ဆိုသည်မှာ ဖြစ်နိုင်သည့် ကိစ္စရပ်တစ်ခု မဟုတ်ချေ။ ထို့ကြောင့် အားလုံးသောသူတို့သည် ကန့်သတ်ခြင်းကို ခံထားရသကဲ့သို့ပင်။
ထိုကဲ့သို့ ကိစ္စရပ်များကို ပြုလုပ်နိုင်သည့်လူသည် သူ၏ အထင်အရဆိုလျှင် ငရဲလောက၏ အရှင်သာလျှင် ဖြစ်ပေလိမ့်မည်။
“ရီဖန်ရှင်း” လီယွင်က ထိုစကားစုကို ပြောဆိုလိုက်၏။
ထိုစကားကို ကြားရသည့် အချိန်မှာတော့ ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုတို့သည် ဇဝေဇဝါ ဖြစ်သွား၏။ မည်သူ ဖြစ်သနည်း။ သူတို့ တစ်ခါမှ မကြားခဲ့ဖူးချေ။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ငရဲလောက အရှင်၏ အစစ်အမှန် နာမည်တစ်ခုများလား။ ထို့အပြင် ငရဲလောကသည် အသင်္ချေ များပြားသည့် လောကများကို လွှမ်းခြုံပြီးနောက် ၎င်း၏ အစစ်အမှန် နာမည်သည် တားမြစ်ချက်တစ်ခု ဖြစ်လာခဲ့သည်။
ပြောရမည်ဆိုလျှင် မည်သူမှသည် ထိုနာမည်ကို မခေါ်ဆိုရဲတော့ချေ။ ငရဲလောကအရှင်၏ အာရုံစိုက်မှု ရောက်ရှိလာမည် စိုးသောကြောင့် အားလုံးသော သူတို့သည် ထိုနာမည်ကို ပြောဆိုရန် ရှောင်ကျဉ်ကြ၏။ ထို့ကြောင့်ပင်လျှင် အချိန်များစွာ ကြာမြင့်ပြီးနောက် ငရဲလောက၏ တည်ထောင်သူသည် ၎င်း၏ နာမည်ရင်းပင် ပျောက်ဆုံးသွား၏။ မည်သူမှသည် ၎င်း၏နာမည်ကို မသိကြချေ။
“ခင်ဗျားတို့ မှားနေပြီ” လီယွင်သည် ဇဝေဇဝါ အမူအရာမျိုးဖြင့် ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယု တို့ကို လှမ်းကြည့်ရင်း ခေါင်း ခါယမ်းလိုက်၏။ “ခင်ဗျားတို့ ဒီလူကို သိမှာ မဟုတ်ဘူး။ သူ့ဆီမှာ နောက်ထပ် နာမည်တစ်ခု ရှိသေးတယ်။ နတ်ဘုရားအင်ပါယာတဲ့။ သူက ငရဲလောကနဲ့ နှိုင်းယှဉ်လို့ရတဲ့ ဂိုဏ်းဂဏ တစ်ခုကို ဖန်တီး တည်ထောင်ခဲ့တယ်။ သူရဲ့ နာမည်က နတ်ဘုရားအင်ပါယာပဲ”
“နတ်ဘုရားအင်ပါယာ ဟုတ်လား”
ဘေးတစ်ဖက်တွင်တော့ ထျန်းမင်တောင်သခင်၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ခါသွား၏။ သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်သည့် အမူအရာများ ဖြစ်တည်လာခဲ့သည်။
လျှိုချင်းယု အနေနှင့် ငရဲလောကကြီး၏ တိုက်ပွဲကို မတွေ့ကြုံခဲ့ဘူးချေ။ သို့ပေမဲ့ သူကတော့ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ဖူး၏။ ငရဲလောကအရှင်နှင့် နတ်ဘုရားအင်ပါယာတို့သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြ၏။ နှစ်ယောက်လုံးသည် ကြီးမားလွန်းသည့် စွမ်းအင်အဆင့်ကို ထုတ်ဖော်ကာ လောကကြီး တစ်ခုလုံး ပျက်စီးလုမတတ် တိုက်ခိုက်ခဲ့ကြ၏။
ထျန်းမင်တောင်သခင်သည် ထိုနာမည်ကို ကြားရသည့်အချိန်၌ ကြီးမားသည့် ဖိအားဒဏ်ကို ခံစားရ၏။ ထိုနာမည်ကို ကြားရသည်နှင့်တပြိုင်နက် ငရဲလောကဆီသို့ ပြန်လည် ရောက်ရှိသွားသလိုပင် ခံစားနေမိသည်။
အင်မော်တယ်ဘုရင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည် ဆိုလျှင်တောင်မှ သူသည် ဤနာမည်များနှင့် ပတ်သက်လျှင် လုံခြုံမှုကို မခံစားရချေ။ တိုက်ပွဲကြီးတွင် ကျင့်ကြံသူပေါင်းများစွာ ပါဝင်ခဲ့ပြီး အင်မော်တယ် အင်ပါယာများ၊ ကွာစီအင်မော်တယ် အင်ပါယာများမှ အင်မော်တယ်များ၊ တော်ဝင် အင်ပါယာများပင်လျှင် ပါဝင်ခဲ့၏။ သို့ပေမဲ့ အားလုံးသော သူတို့သည် သေဆုံးခဲ့ကြ၏။
“စီနီယာ... နတ်ဘုရားမြို့အရှင်က လမ်းစဉ် တစ်ခုလုံးကို ဖျက်ဆီးခဲ့တယ်လို့ ပြောချင်တာလား” လျှိုချင်းယု သည် အဓိပ္ပာယ်ပါပါနှင့် မေးမြန်းလိုက်သည်။
နတ်ဘုရားအင်ပါယာသည် သမိုင်းတွင် ပထမဦးဆုံး အင်မော်တယ် အင်ပါယာအဖြစ် သမိုင်းဝင်၏။ နတ်ဘုရားအင်ပါယာ၏ အဆင့်တက်ခြင်းသည် တခြားသော ကွာစီအင်မော်တယ် အင်ပါယာများ အနေဖြင့် အဆင့်တက်လှမ်းနိုင်သေးကြောင်း မျှော်လင့်ချက်ကို ရရှိစေခဲ့၏။
နတ်ဘုရားအင်ပါယာသည် အချိန်၏ မြစ်ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့ပြီး သူဖန်တီးတည်ထောင် ခဲ့သည့် နတ်ဘုရားမြို့သည်လည်း ပျက်စီးသွားခဲ့၏။ ထို့ကြောင့် သူချန်ခဲ့သည့် ကျင့်ကြံခြင်း နည်းစနစ် အားလုံးသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
ပြောရမည်ဆိုလျှင် လက်ရှိ လောကထဲတွင် ရှိနေသော လမ်းမှန်ကျင့်ကြံသူ အားလုံးတို့သည် နတ်ဘုရား အင်ပါယာ ချမှတ်ခဲ့သည့် ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေသူများဟု သတ်မှတ်၍ ရသည်။
တိတိကျကျ ပြောရမည်ဆိုလျှင် ထိုသူသည် မယုံရချေ။ ၎င်း၏ ကျင့်ကြံခြင်းလမ်းစဉ် အခြေခံများတွင် အရေးကြီးသည့် အကြောင်းအရာအားလုံးကို ဖြတ်တောက်ထားခဲ့၏။ ဤအရာမှာ နားလည်ရန် ခက်ခဲလှ၏။ အဘယ်ကြောင့် ဤကဲ့သို့ ပြုလုပ်ခဲ့သနည်း။
လမ်းစဉ်တစ်ခုကို ဖြတ်တောက်ချင်သည်ဆိုပါက ငရဲလောကအရှင် ဖန်တီးခဲ့သည့် လမ်းစဉ်ကိုသာ ဖြတ်တောက်သင့်၏။ ငရဲလောကအရှင် ပြန်လည် မွေးဖွားလာမည်ကို ကာကွယ်ချင်သည့် သဘောနှင့် ၎င်းသည် လမ်းစဉ်အားလုံးကို ဖြတ်တောက်ပစ် လိုက်ချင်နေသည်လား။
“ဟုတ်တယ်”
လီယွင်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူသည် လျှိုချင်းယုကို နက်နက်နဲနဲ လှမ်းကြည့်ကာဖြင့် ပြောလိုက်၏။ “ငရဲလောကအရှင် ဖန်တီးခဲ့တဲ့ ကျင့်ကြံခြင်းလမ်းစဉ် အကုန်လုံးလည်း ပျက်စီး သွားခဲ့တာပဲ”
“ကျုပ် ....”
လျှိုချင်းယု၏ ဒေါသများက ဆူဝေလာခဲ့၏။ ဤနတ်ဘုရားအင်ပါယာသည် ကျိန်းသေပေါက် ကြမ်းတမ်းလွန်းလှ၏။ ကျင့်ကြံခြင်းလမ်းစဉ် အားလုံးကို ဖြတ်တောက်ခဲ့၏။ ထိုအရာသည် အားလုံးသော သူတို့၏ တက်လမ်းကို ဖြတ်တောက်ပစ်ခြင်း မဟုတ်ပါလား။
ငရဲလောက၏ အမွေအနှစ်များကို ရရှိရန်အတွက် သူတို့သည် အလွန်အမင်း အလုပ်ကြိုးစားခဲ့ရ၏။ အဆုံးသတ်မှာတော့ ဘာမှမရခဲ့ချေ။ အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်ရခြင်းသည် အန္တိမ ရည်ရွယ်ချက် တစ်ခုသာ ဖြစ်ခဲ့ရသည်။
လက်ရှိအခြေအနေမှာတော့ ၎င်းတို့၏ ကြိုးစားခဲ့မှုများသည် ရယ်ပွဲဖွဲ့စရာပင် ဖြစ်လို့နေခဲ့၏။ ပြဇာတ်ပေါ်တွင် ရှိနေသည့် လူရွှင်တော်များကဲ့သို့ပင်။ အားလုံးသောသူတို့နှင့် မတူညီသည့်လမ်းကို လျှောက်လှမ်းပြီး ရန်သူပေါများစေခဲ့သည်ကလွှဲလျှင် ဘာတစ်ခုမှ ကောင်းမွန်သည့်အရာများကို မရခဲ့ချေ။ နတ်ဘုရားလောက ဆီမှ လူများသည် သူတို့ကို လွယ်လွယ်ကူကူနှင့် လက်လွှတ်ပေးတော့မည် မဟုတ်ချေ။ ကျိန်းသေပေါက် သွေးကြွေးဆပ်မှာ သေချာ၏။
“ပြောရမယ်ဆိုရင် ကျင့်ကြံခြင်းလမ်းစဉ် အသစ်တစ်ခုလုံးကို ပြန်လည် ဖန်တီးဖို့ဆိုတာက ခက်ခဲတာ မဟုတ်ဘူး” လီယွင်က အမှတ်မထင် ပြောလိုက်သည်။
တခြားသောသူများ အနေနှင့် အလွန်ခက်ခဲမည်ဆိုသော်လည်း သူ့အနေနှင့် ထိုကဲ့သို့သော ကိစ္စရပ်မျိုးကို လွယ်လွယ်ကူကူ ပြုလုပ်နိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ ဤလောကကြီး၏ လောကသားများ အတွက် လမ်းစဉ်တစ်ခု လျှောက်လှမ်းနိုင်ရန် ဖန်တီးပေးသင့်လား၊ မပေးသင့်လား သေချာမသိချေ။
လီယွင်သည် အရာအားလုံးကို ထောက်ပံ့ပေးခဲ့သည် ဆိုလျှင်တောင်မှ ကျင့်ကြံခြင်းလမ်းစဉ် တစ်ခုလုံးကို ပြည့်စုံအောင် လျှောက်လှမ်းနိုင်ဖို့ ဆိုသည်မှာ အချိန်ကာလ လိုအပ်လျက် ရှိနေသေး၏။