အပိုင်း (၆၃၇)
Vol. 43 Ch. 637
“စီနီယာ.. နောက်နေတာလား” လျှိုချင်းယုသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်မိ၏။ သူ၏ အမြင်အရဆိုလျှင် သူ၏ ရှေ့တွင် ရှိနေသည့် စီနီယာသည် အင်မော်တယ်ဘုရင်အဆင့်ထက်ပင် သာလွန်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သော လူတစ်ယောက် ဖြစ်၏။ အနည်းဆုံး ကွာစီအင်မော်တယ် အင်ပါယာ သို့မဟုတ် အင်မော်တယ် အင်ပါယာ ဖြစ်ရန်ပင် အလားအလာ ရှိနေ၏။
ထိုကဲ့သို့သောသူသည် ၎င်း၏ ကိုယ်ပိုင် ကျင့်ကြံခြင်း နည်းလမ်းကို ဖန်တီးခဲ့သူ ဖြစ်ရပေလိမ့်မည်။ ၎င်း၏ လမ်းစဉ်ကို လိုက်ပါသည်ဆိုပါက ကျိန်းသေပေါက် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်ရန်အတွက် ခက်ခဲမည် မဟုတ်ချေ။ သို့ပေမဲ့ စီနီယာသည် ၎င်း၏ ကျင့်ကြံခြင်း နည်းစနစ်များကို ပေးအပ်ချင်စိတ် ရှိသည့်ပုံ မပေါ်ချေ။ ၎င်းတို့အား ဆက်လက်ကာ စုံစမ်းခိုင်းနေသည်။
တခြားသော လမ်းစဉ်တစ်ခုကို ဖန်တီးဖို့ ဆိုသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အတွက် ရိုးရှင်းကောင်း ရိုးရှင်းပေမည်။ သို့ပေမဲ့ သူတို့အတွက်တော့ ဘာမှ မမြင်ရသည့် လမ်းတစ်ခုဆီသို့ လှမ်းလျှောက်ရခြင်းနှင့် ဆင်တူ၏။ နတ်ဆိုးကျင့်ကြံသူ အဖြစ်သို့ပင် ပြောင်းလဲသွားနိုင်၏။
“အင်း.. နတ်ဘုရားအင်ပါယာက ဘာကြောင့် ဒီလို ကိစ္စမျိုးကို လုပ်နေတာလဲ။ ငရဲလောကရဲ့ လမ်းတွေ အကုန်လုံးကို ပိတ်ပင်ရုံတင် မကဘူး။ အားလုံးသော သူတို့ရဲ့ ရှေ့မှာရှိတဲ့ လမ်းတွေကို ပိတ်ပစ်လိုက်တာနဲ့ တူတူပဲလေ” လျှိုချင်းယုက သက်ပြင်းချလိုက်သည်။
“သူက အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ရှင်းပစ်ချင်တာပဲ” လီယွင်သည် အမှတ်မထင်နှင့် ပြန်လည်ကာ ပြောဆိုလိုက်၏။
ငရဲလောကကြီးသည် အချိန်ကာလ တစ်ခုတွင် ပြန်လည်ကာ ဖြစ်တည်လာနိုင်မည်လား ဆိုသည်ကို မည်သူမှ အာမ မခံနိုင်ချေ။ ငရဲလောကကြီးသာ ပြန်လည် ထွန်းတောက်လာသည်ဆိုပါက ရည်မှန်းချက် ကြီးမားသည့် လူတစ်ယောက်သည် ကျင့်ကြံခြင်းလမ်းစဉ်သစ်ကို ပြန်လည်ကာ ဖန်တီးကောင်း ဖန်တီးနိုင်၏။ ထို့ကြောင့် နတ်ဘုရား အင်ပါယာသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့်ဆီသို့ တက်လှမ်းနိုင်သော လမ်းစဉ်အားလုံးကို ပိတ်ပင်တားဆီးခဲ့ခြင်း ဖြစ်ပေမည်။
ထို့ကြောင့် ကျင့်ကြံသူအားလုံးသည် အင်မော်တယ်ဘုရင်အဆင့်တွင် အကန့်အသတ်ဖြင့် တစ်နေကြခြင်းပင်။ ထို့ကြောင့်ပင်လျှင် တစ်စုံတစ်ယောက် အနေနှင့် မလိုလားအပ်သည့် ရည်မှန်းချက်မျိုး ရှိနေသည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ကြီးမားသည့် ကိစ္စရပ်ကြီးများကို ပြုလုပ်၍ မရနိုင်ချေ။
ထို့အပြင် အင်မော်တယ်ဘုရင်များသည် ခန့်မှန်း၍ မရနိုင်အောင် အားကောင်းသည် ဆိုသော်လည်း တော်တော်များများ တည်ရှိနေသေး၏။ များပြားသည့် လောကအသီးသီးကို သက်ရောက်နိုင်စွမ်းရှိသည့် အင်မော်တယ် အင်ပါယာများနှင့် မတူပေ။
“စီနီယာ… နတ်ဘုရားအင်ပါယာရဲ့ အားသွန်ခွန်စိုက် ကြိုးစားခဲ့မှုကို ကျုပ် နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်အနေနဲ့ ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို အောင်အောင်မြင်မြင်နဲ့ တက်လှမ်းနိုင်မယ်လို့ စီနီယာ ပြောခဲ့တယ်လေ။ အဲတာ အမှန်ပဲလား” လျှိုချင်းယုသည် စိတ်ဝင် တစားဖြင့် မေးမြန်းလိုက်မိ၏။ သူသည် လက်များကို ပွတ်သပ်လျက် ရှိနေ၏။
စီနီယာသည် သူ၏ လမ်းစဉ်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်၌ ဖြေရှင်းနည်း တစ်ခုတစ်လေ တည်ရှိသည် ဆိုလျှင် သူတို့အနေနှင့် ဤအခွင့်အရေးကို မလွတ်သွားစေချင်ပေ။ နည်းလမ်းတစ်ခုခု သို့မဟုတ် စွန့်စားရမည့် ကိစ္စရပ်မျိုး ဖြစ်နေသည် ဆိုလျှင်တောင်မှ သူသည် ကျိန်းသေပေါက် လိုလိုချင်ချင်နှင့် စမ်းသပ်ချင်စိတ်ရှိသည်။
ဘေးတစ်ဖက်တွင် ရှိနေသည့် ထျန်းမင်တောင်သခင်ကလည်း နားစွင့်ထောင်ထားမိ၏။ သူသည် ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင် ပြောဆိုခဲ့သည် နည်းလမ်းများကို တကယ်ပင် စိတ်ဝင်စားနေမိ၏။ ရှေ့ဆီသို့ တက်လှမ်းနိုင်မည်ဆိုပါက ကျိန်းသေပေါက် အသင်္ချေလောကများထဲတွင် ပြိုင်ဘက်ဟူ၍ ရှိတော့မည် မဟုတ်ချေ။
စီနီယာ ပြောဆိုသလို ကျင့်ကြံခြင်း၏ လမ်းစဉ်သည် ပိတ်ပင်တားဆီးခြင်းကို ခံထားရသည် ဖြစ်သောကြောင့် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာမည်ဆိုပါက ပြိုင်ဘက်ကင်းဖြစ်မည်ဟု သတ်မှတ်၍ ရသည်။
ယခင်တုန်းက အင်မော်တယ် အင်ပါယာများ သို့မဟုတ် ကွာစီအင်မော်တယ် အင်ပါယာများ ရှိနေသေးခြင်း၊ ရှိမနေခြင်းတို့ကို စဉ်းစားစရာမလိုတော့ချေ။ သူ၏အထင်အရဆိုလျှင် ငရဲလောကကြီး၏ တိုက်ပွဲပြီးသည့်နောက် ထိုသူတို့ အားလုံးသည် သေဆုံးသွားခြင်း မရှိဘူး ဆိုလျှင်တောင်မှ အသက်ရှင်သန်ရန်အတွက် တကယ်ပင် ရုန်းကန်နေရပေလိမ့်မည်။ သူတို့အား ကြီးကြီးမားမား အန္တရာယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
“အင်း.. ပြောရမယ်ဆိုရင် အမှန်ပဲ”
လီယွင်က ခေါင်းညိတ်လိုက်၏။ သူသည် အလွန်ကြီးမားလှသည့် ဟိတ်ဟန်ကို ထုတ်ဖော်ကာဖြင့် ဆက်လက်ကာ ပြောဆိုလိုက်၏။ “ကျုပ်ဆီမှာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မယ့် နည်းလမ်းတစ်ခုရှိတယ်။ ဒါပေမဲ့ ခင်ဗျားတို့ နှစ်ယောက်အနေနဲ့ ကုန်ကျစရိတ်ကို တတ်နိုင်မှာ မဟုတ်ဘူး”
“ဒီအချက်ကို ကျုပ်တို့ နားလည်ပါတယ်”
လျှိုချင်းယုက စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ စီနီယာ ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာဖို့အတွက် သတင်း အချက်အလက် အသေးလေးတွေကို စပြီး ပြောဆိုပေးမယ်ဆိုရင် ကောင်းမယ်။ ဒါမှ ကျုပ်တို့ အနေနဲ့ ယုံကြည်ချက်တချို့ ရှိလာမယ်လေ”
ထိုစကားစုသည် အခွင့်အရေး ရယူလိုသောကြောင့် ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ ထျန်းမင်တောင် သခင်သည် တကယ်ပင် လက်တွေ့ကျသူ တစ်ယောက်ဖြစ်၏။ ထို့ကြောင့် ပြောဆိုခဲ့သည့် နည်းလမ်းများမှာ တကယ်ပဲ ဖြစ်နိုင်သည့်အကြောင်းအရာ ဟုတ်သလား ဆိုသည်ကို သူ သိချင်မိသည်။ ကျင့်ကြံခြင်း လမ်းစဉ်သည် ပိတ်ပင်တားဆီးခြင်းကို ခံထားရ၏။ ထို့ကြောင့် သူတို့အနေနှင့် သတိအပြည့်နှင့် ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။
“ငရဲလောက”
လီယွင်သည် ထိုနှစ်ယောက်ကို အသာလှမ်းကြည့်ကာဖြင့် စကားစုကို ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။ ။ “နတ်ဘုရားအင်ပါယာ”
“အမ်”
လျှိုချင်းယုနှင့် ထျန်းမင်တောင်သခင်တို့သည် ဇဝေဇဝါ ဖြစ်သွား၏။ စီနီယာ ဘာကို ဆိုလိုသနည်း။ ကျင့်ကြံခြင်း စနစ် နှစ်ခုလုံးသည် ပျက်စီးသွားခဲ့ပြီဟု ပြောဆိုခဲ့၏။ စီနီယာ၌ ထိုအရာများကို ပြန်လည် ပြင်ဆင်ရန် နည်းလမ်း ရှိနေလေသည်လား။
အမှန်ပင် ဖြစ်၏။ စီနီယာ၏ ဂုဏ်သိက္ခာအရဆိုလျှင် နတ်ဘုရားအင်ပါယာနှင့် နှိုင်းယှဉ်၍ ရနိုင်သည့် လူတစ်ယောက် ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ နတ်ဘုရားအင်ပါယာသည် တစ်စုံတစ်ခုကို ပျက်စီးအောင် ပြုလုပ်ခဲ့သည် ဆိုလျှင်တောင်မှ စီနီယာအနေနှင့် ထိုအရာကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်နိုင်ခြင်း ဆိုသည်မှာ ယုတ္တိဗေဒကျသည့် အကြောင်းအရာပင် ဖြစ်၏။
ထို့အတွက် ကုန်ကျစရိတ်သည် ကျိန်းသေပေါက် ကြီးမားမည်ကို သိရှိ၏။ စီနီယာ၏ အလေ့အကျင့်အရဆိုလျှင် တခြားသော သူများ၏ ကိစ္စရပ်များကို ဝင်ရောက် လှုပ်ရှားတိုက်ခိုက်ခဲ့ခြင်း မရှိချေ။ စီနီယာတွင် နည်းလမ်း ရှိသည်ဆိုမှတော့ ကျိန်းသေပေါက် သူတို့အနေနှင့် ကောင်းမွန်သည့်အရာများ ဖြစ်ပေလိမ့်မည်။
“စီနီယာ.. စီနီယာဆီမှာ နည်းလမ်းရှိတယ် ဆိုမှတော့ ကျုပ်တို့ စိတ်အေးချမ်းသာရပါပြီ”
လျှိုချင်းယုက ဦးညွတ်ကာ ပြောလိုက်၏။ သူသည် ထျန်းမင်တောင်သခင်ကို အသာလှမ်းကြည့်ကာ ပြုံးလိုက်၏။ “ဒါဆိုရင် အခု ကျုပ်တို့ သွားကြအောင်”
“…….”
ထျန်းမင်တောင်သခင်က မျက်မှောင်ကုတ်လိုက်မိသည်။ သူသည် လျှိုချင်းယု၏ အပြုအမူနှင့် ပတ်သက်၍ ဇဝေဇဝါ ဖြစ်နေ၏။ တစ်ဖက်လူ ဘာလုပ်ချင်နေသနည်း။ သူတို့သည် ယခုမှ ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ မည်သည့် သတင်းအချက်အလက်ကိုမှလည်း မရရှိသေးချေ။ ဘာတစ်ခုမှ ဆက်လက်ကာ မမေးမြန်းဘဲ ထွက်ခွာ သွားတော့မည်လား။
ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှ ထွက်ခွာသွားခဲ့သည့် လူတိုင်းသည် လုံလောက်သည့် သတင်းအချက်အလက်များကို ဝယ်ယူသွားခဲ့သည်ချည်းသာ ဖြစ်သည်။ ဘာတစ်ခုမှ မစုံစမ်းဘဲ ထွက်ခွာသွားမည် ဆိုခြင်းမှာ ဘာအဓိပ္ပာယ်နည်း။ သို့သော်ငြား သူသည် ဇဝေဇဝါ ဖြစ်နေသည် ဆိုလျှင်တောင်မှ အနောက်မှ လိုက်ပါရန်သာ ရှိတော့၏။
ထို့ကြောင့် လက်သီးကို ဆုပ်ကာဖြင့် လေးလေးစားစား ပြောလိုက်သည်။ “သွားပါအုံးမယ်”
“လိုက်မပို့တော့ဘူး”
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်သို့ ထွက်ထွက်ချင်းမှာပဲ ထျန်းမင်တောင်သခင်သည် မည်သို့မှ မနေနိုင်ဘဲ ၎င်း၏ သဘောမတူမှုကို ထပ်မံကာ ပြောဆိုလိုက်၏။ သူသည် လျှိုချင်းယုကို မျက်မှောင်ကုတ်ကာဖြင့် မေးမြန်းလိုက်၏။ “တာအိုရောင်းရင်းလျှို… ခင်ဗျား ဘာလုပ်ချင်တာလဲ”
“ကျုပ်တို့ ဘာတွေလိုအပ်တယ်ဆိုတာ ကျုပ်တို့ သိပြီလေ။ အခုအချိန်မှာ ထွက်မသွားဘူးဆိုရင် ဘယ်အချိန် ထွက်သွားမှာလဲ” လျှိုချင်းယုက တည်ငြိမ်စွာ ပြန်လည် ပြောဆိုလိုက်၏။
“ကျုပ်တို့ ဘာသိတာလဲ”
ထျန်းမင်တောင်သခင်သည် အေးစက်စက်နှင့် မေးခွန်းထုတ်လိုက်သည်။ “ကွာစီ အင်မော်တယ် အင်ပါယာ ဘယ်လိုဖြစ်လာဖို့လဲ ဆိုတာလား။ ဒါမှမဟုတ် ကျုပ်တို့ကို နောက်ကွယ်ကနေ တိုက်ခိုက်မယ့်လူတွေရဲ့ သတင်းအချက်အလက်လား”
“ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်ဖို့ဆိုတာ တကယ့်ကို သီးခြားဆန်တယ်။ စီနီယာ နန်းဆောင်သခင်ဆီမှာ နည်းလမ်းရှိတယ် ဆိုပေမဲ့ ကျုပ်နဲ့ခင်ဗျား တက်နိုင်လောက်တဲ့ ပမာဏမျိုး မဟုတ်ဘူးလေ။ ဒါကြောင့် အရင်းအမြစ်ကို ဖြုန်းတီးမယ့်အစား ကျုပ်တို့အနေနဲ့ အရေးအကြောင်း အခြေအနေမျိုးမှာ အသုံးပြုနိုင်ဖို့ သိမ်းထားတာ ပိုပြီး ကောင်းလိမ့်မယ်” လျှိုချင်းယုသည် ပြုံးကာ ရှင်းပြလိုက်၏။