← Chapters

အပိုင်း (၆၃၈)

Vol. 43 Ch. 638

အပိုင်း (၆၃၈)

Vol. 43 Ch. 638

“ဘာကို ဆိုလိုတာလဲ” ထျန်းမင်တောင်သခင်သည် ဇဝေဇဝါ ဖြစ်လို့နေ၏။

“ခင်ဗျားရော၊ ကျုပ်ရောက ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်ဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေ မပေးနိုင်ဘူး။ ဒါပေမဲ့ ဒီသတင်းကို အသင်္ချေ များပြားတဲ့ လောကအသီးသီးကို ဖြန့်ဝေပေးလိုက်မယ် ဆိုရင်ကော” လျှိုချင်းယု၏ အသံက တိုးခဲ့သည်။

“ဒီသတင်းကို တခြားလောက အသီးသီးကို ပေးပို့ချင်တာ ဟုတ်လား” ထျန်းမင်တောင်သခင်က အံ့အားတသင့် ဖြစ်သွား၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီမှ စကားလုံးများကို ကြားရပြီးသည့်နောက် ကွာစီအင်မော်တယ် အင်ပါယာအဆင့်ဆီသို့ တက်လှမ်းနိုင်ဖို့နှင့်ပတ်သက်၍ သူသည် တကယ်ပင် စိတ်ဓာတ်ကျခဲ့မိသည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ထံတွင် တချို့သော အခွင့်အရေးများကို လဲလှယ်ချင်သည့် စိတ်တစ်ခုသာ ရှိ၏။ ထိုမှသာလျှင် သူ၏ အခြေခံ တိုးတက်လာပေလိမ့်မည်။ အဆင့် ချိုးဖြတ်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက် ဖြစ်နေပြီဆိုမှတော့ သူသည် အားအကောင်းဆုံးသော အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာရန်သာ ရည်ရွယ်ချက် ရှိတော့၏။

သို့ပေမဲ့ သူ ထိုအတွေးကို ထုတ်ဖော်မပြောရသေးခင်မှာပဲ လျှိုချင်းယုသည် တည်နေရာဆီမှ ထွက်ခွာသွား ခဲ့လေ၏။ လျှိုချင်းယု၏ စကားများကို ကြားရသည့် အချိန်မှာတော့ သူ၏ မျက်ခုံးများသည် တဆတ်ဆတ်နှင့် တုန်ယင်လျက် ရှိနေ၏။ စိတ်လှုပ်ရှားသည့် အရိပ်အယောင်များကို ခံစားနေမိသည်။

သူနှင့် လျှိုချင်းယုသည် လုံလောက်သည့် အရင်းအမြစ်များ မရှိခဲ့ချေ။ သို့ပေမဲ့ တခြားသောလောကမှ သက်ရှိများ၏ အကူအညီနှင့်ဆိုလျှင် အခွင့်အရေး ရကောင်းရနိုင်၏။ ထို့အပြင် အသင်္ချေ များပြားသည့် လောကများထဲတွင် အင်မော်တယ်ဘုရင်ပေါင်းများစွာရှိ၏။

သို့ပေမဲ့ အရေးအကြောင်း အခြေအနေမျိုးတွင် ဤသတင်းအချက်အလက် ကို တခြားသော လောကများဆီသို့ မည်သို့ ဖြန့်ဖြူးမည်နည်း။

ထို့အပြင် သူတို့အနေနှင့် သတင်းအချက်အလက်များကို ဖြန့်ဖြူး၍ အောင်မြင်သွားပြီဆိုပါက ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ ဂုဏ်သိက္ခာကို တခြားသော လောကများသည် ယုံကြည်ချက် ရှိမလား၊ မရှိဘူးလား ဆိုသည်မှာ မသေချာလှချေ။ အနည်းငယ်သော လူများသည် ယုံကြည်ကောင်း ယုံကြည်နိုင်၏။ သို့ပေမဲ့ မယုံကြည်သည့် လူက ပိုများပေလိမ့်မည်။

“တခြားသော လောကတွေဆီ ဒီသတင်းဖြန့်ဖို့ နည်းလမ်းတစ်ခုခု ရှိလား” ထျန်းမင်တောင်သခင်သည် အားတက်သရောဖြင့် မေးမြန်းလိုက်၏။ သူ၏ ဂိုဏ်းသည် ပျောက်ဆုံး ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ သူသည် ခြေကျိုး၊ လက်ကျိုးနှင့် တစ်ကိုယ်တည်း ကျင့်ကြံသူတစ်ယောက် ကဲ့သို့ပင် ဖြစ်လို့နေ၏။ တခြားသော လောကများဆီသို့ စေလွှတ်စရာ တပည့်ဟူ၍ သူ့၌ မရှိတော့ချေ။ ထို့ကြောင့် သတင်းအချက်အလက်များကို ပေးပို့ဖို့ ဆိုသည်မှာ ဝေလာဝေးပင်။

“တခြား ရှိလို့လား” လျှိုချင်းယုသည် အသာ ရယ်မောလိုက်၏။ သူ၏ ဟန်ပန် အမူအရာသည် တည်ငြိမ်လျက် ရှိနေ၏။ လက်တစ်ဖက်ကို မြှောက်ပြီးသည့်‌နောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ဖော်ပြသလိုက်၏။

“ဒါဘာလဲ”

ထျန်းမင်တောင်သခင်က မျက်မှောင်ကုတ်လိုက်၏။ ပြီးနောက် ကျောက်စိမ်းပြားကို စစ်ဆေး ကြည့်လိုက်၏။ သူသည် လျှိုချင်းယုအား သံသယအပြည့်နှင့် လှမ်းကာ ကြည့်လိုက်သည်။ “ဒါ သတင်း အချက်အလက်တွေ ပေးပို့တဲ့ ကျောက်စိမ်းပြားလား”

“အမှန်ပဲ”

လျှိုချင်းယုက ခေါင်းညိတ်လိုက်၏။ သူသည် ကျောက်စိမ်းပြားကို ပြန်လည် သိမ်းဆည်းပြီးနောက် ယုံကြည်ချက်ရှိရှိဖြင့် ခွန်းတုံ့ပြန်လိုက်၏။ “တောင်သခင်… ကျုပ် ဘယ်သူလဲဆိုတာကို ခင်ဗျား မေ့သွားပြီလား”

“ဟမ်”

ထျန်းမင်တောင်သခင်က ဇဝေဇဝါ ဖြစ်သွားမိသည်။ “နတ်ဘုရားလောကရဲ့ လျှိုကလန်”

ထျန်းမင်တောင် သခင်သည် လျှိုချင်းယု မည်သူဖြစ်သည် ဆိုသည့်အကြောင်းကို ထုတ်ဖော်ပြောလိုက်၏။ ပြီးနောက် သူသည် ဆက်လက်ကာ ပြောဆိုလိုက်၏။ “လျှိုကလန်မှာ ရှိတဲ့လူတွေက ခင်ဗျား ဘက်ပြောင်းသွားပြီဆိုတဲ့ အကြောင်း မသိကြဘူးလား"

နတ်ဘုရားလောကကြီးသည် သေးငယ်သော လောကကြီးတစ်ခု မဟုတ်ပေ။ လျှိုကလန်သည် လက်ရှိ အခြေအနေတွင် အလွန် အားကောင်းသည့် မိသားစုတစ်ခုအဖြစ် တည်ရှိနေသည် မဟုတ်လျှင်တောင်မှ အင်မော်တယ်ဘုရင်များစွာကို ပိုင်ဆိုင်ထား၏။ ၎င်းတို့ကလန်သည်သာ သတင်းအချက်အလက်များကို ဖြန့်ဝေပေးမည် ဆိုပါက ကျိန်းသေပေါက် အကျိုးဖြစ်ထွန်းမှာ သေချာသည် ။

နတ်ဘုရားလောကကြီး တစ်ခုလုံးသို့ ထိုသတင်းပျံ့နှံ့သွားသည်ဆိုပါက အင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများပင်လျှင် သတင်းအတိုင်း လာရောက်ကာ ပူးပေါင်းနိုင်၏။ အလွန် အားကောင်းသည့် လောကကြီး နှစ်ခုသည် အသင်္ချေလောကကြီး၏ ထိပ်ပိုင်း၌ ရပ်တည်နေသည့် လောကကြီးများဖြစ်၏။

တခြားသော လောကများသည် စိတ်မပါဘူး ဆိုလျှင်တောင်မှ ထိုလောကကြီးနှစ်ခု လှုပ်ရှားသည် နှင့်တပြိုင်နက် စိတ်ဝင်တစားဖြင့် လိုက်ပါလာမှာ သေချာ၏။ ထိုသို့ဆိုလျှင် သူတို့၏ အကြံအစည်သည် အောင်မြင်ရန် နီးစပ်လာပေလိမ့်မည်။

လူပေါင်းများစွာတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်ပြီး အခွင့်အရေးများ ရယူလိုစိတ်နှင့် သတင်းအချက်အလက်များကို ဝယ်ယူကြပေလိမ့်မည်။

“သူတို့ သိတော့ကော ဘာလုပ်လို့ ရမလဲ”

လျှိုချင်းယုသည် ထူးမခြားနားသလိုပင် ပြောဆိုလိုက်သည်။ “လျှိုကလန်က နိုင်ငံတစ်နိုင်ငံလိုမျိုး အုပ်ချုပ်ရေး ရှိတာ မဟုတ်ဘူး ဆိုပေမဲ့ ကျုပ်ရဲ့ မျိုးဆက်တွေ အကုန်လုံးက ကလန်ထဲမှာ ကောင်းမွန်တဲ့ ရာထူးတွေ ရယူထားခဲ့တယ်။ ဒီတော့ တချို့ ကိစ္စရပ်ဆိုရင် သူတို့ ကျုပ်ကို ဖုံးကွယ်ထားလို့ မရနိုင်ဘူး”

ကောင်းကင်လျှို့ဝှက်နန်းဆောင်တွင် သူတို့ ရှိနေသည့် အတောအတွင်း ကျောက်စိမ်းပြားမှတဆင့် သတင်း အချက်အလက်များကို ရရှိခဲ့၏။ ထိုကျောက်စိမ်းပြား၏ သတင်းအချက်အလက်များမှ တဆင့် လျှိုကလန်၏ လှုပ်ရှားမှုအားလုံးကို လုံလုံလောက်လောက် သိရှိပြီးသားဖြစ်ခဲ့၏။ အင်မော်တယ် ဘုရင် သုံးယောက်တို့ ထွက်ခွာလာသည်ကိုပင် သိရှိပြီး ဖြစ်နေ၏။

“အမှန်ပဲ” ထျန်းမင်တောင်သခင်၏ ကုတ်လျက်ရှိနေသည့် မျက်မှောင်က ပြေသွားသည်။

“ရက်အနည်းငယ် ကြာရင် အင်မော်တယ်ဘုရင် သုံးယောက်က နတ်ဘုရားလောကကနေ ရောက်လာလိမ့်မယ်။ ဒီတော့ ကျုပ်တို့က အခွင့်အရေးကို အရယူရမယ်”

လျှိုချင်းယုက ထပ်ပြောလိုက်၏။ “နတ်ဘုရားလောကကြီးမှာရှိတဲ့ လောကသားတွေကို ကျုပ်တို့ ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာ မသိဘူး ဆိုပေမဲ့ အင်မော်တယ်ဘုရင် သုံးယောက် ရောက်လာတာက နည်းနည်း အားစိုက် ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်"

………

လျှိုချင်းယုက ဆက်ပြောလိုက်သည် “ကျုပ်ရဲ့ လူငယ်မျိုးဆက်တွေကို နတ်ဘုရားလောကတစ်ခုလုံးဆီ သတင်းဖြန့်ခိုင်းထားပြီးပြီ။ မကြာခင် လောကအသီးသီးရဲ့ လူတွေက ဒီနေရာမှာ ကောင်းကင်လျှို့ဝှက်နန်းဆောင် ရှိတယ်ဆိုတာကို သိရှိကြလိမ့်မယ်။ ပြီးရင် ကောင်းကင်လျှို့ဝှက် နန်းဆောင်က သူတို့ကို အဆင့်တက်နိုင်ဖို့ ကူညီပေးတဲ့အရာ ဖြစ်ကြောင်း သိရှိသွားကြလိမ့်မယ်။ သူတို့သာ အရင်းအမြစ်တွေ ကိုင်ဆောင်ပြီး ရောက်ရှိလာမယ် ဆိုရင် .......”

“တကယ့်ကို ဉာဏ်ကောင်းတဲ့ ရွေ့ကွက်ပဲ”

ထျန်းမင်တောင်သခင်က ချီးကျူးလိုက်၏။ “အင်း… ဒီလို ကောင်းမွန်တဲ့ မဟာဗျူဟာကို ချမှတ်ပြီးပြီဆိုတော့ အင်မော်တယ်ဘုရင်တွေ အလုံးအရင်းနဲ့ ရောက်လာတာကို မစောင့်နိုင်သလိုတောင် ဖြစ်နေပြီ”

All Chapters