အပိုင်း (၆၄၁)
Vol. 43 Ch. 641
သူ၏ အားအင်အဆင့်နှင့်ပတ်သက်၍ မုန့်ရှင်းကျီသည် အကောင်းဆုံးတော့ နားလည်၏။ အင်ပါယာအဆင့် စွမ်းအင်များသည် အတိတ် ကောင်းကင်မူလလောကကြီးထဲတွင် ထိပ်တန်း စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်ခဲ့သော်လည်း ယနေ့ခေတ်၏ စံချိန်၊ စံညွှန်းများအရဆိုလျှင် လိုအပ်ချက် များလွန်းခဲ့၏။ အင်ပါယာဆိုသည်မှာ ခွေးတစ်ကောင်ထက် မပိုလှချေ။ အစစ်အမှန် အင်မော်တယ်များသည် တည်နေရာအနှံ့တွင် တည်ရှိလို့နေသောကြောင့်ပင်။ အထူးသဖြင့် တော်ဝင်သဲကန္တာရ မြို့ထဲတွင် ဖြစ်၏။
“မမေ့နဲ့အုံး။ ကျုပ်က ခင်ဗျားကို လမ်းညွှန် ပေးရုံပဲလေ။ ဒါပေမဲ့ ခင်ဗျားကို ကူညီဖို့အတွက် ကျုပ် ဘယ်တုန်းကမှ ဝင်ပြီး မလှုပ်ရှားခဲ့ဘူး” လီယွင်က အသာပြောလိုက်သည်။
အနာဂတ်ကို သိရှိခြင်းဆိုသည်မှာ ကောင်းမွန်သည့် အသာစီးရယူနည်း တစ်မျိုးပင် ဖြစ်သည်။ ကောင်းကင်၏ လျှို့ဝှက်ချက်များကို သိရှိနားလည်သည် ဆိုလျှင်တောင်မှ အားအင်အဆင့်သည် အကန့်အသတ်ဖြင့် တည်ရှိ၏။
မုန့်ရှင်းကျီ၏ လက်ရှိအခြေအနေကို ပြောဆိုရမည်ဆိုလျှင် ၎င်းသည် အနာဂတ်ကို ကြိုတင်ကာ သိရှိသည် ဆိုလျှင်တောင်မှ ၎င်း၏ အသက်အန္တရာယ်ကို မကာကွယ်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ အားအင်အဆင့်သည် အလွန်အားနည်းလွန်းသောကြောင့်ပင်။ စနစ်၏ တွက်ချက်မှုများကို အမှီအခိုမပြုဘူး ဆိုလျှင်တောင်မှ လီယွင်သည် မုန့်ရှင်းကျီတစ်ယောက် အသက်ရှင်သန်ရန် အခွင့်အရေး မရှိနိုင်ဘူးဆိုသည်ကို ကောင်းကောင်းသိရှိပြီး ဖြစ်လေသည်။
“ကျုပ် ဒါကို နားလည်ပါတယ်။ ဒါပေမဲ့ စီနီယာ... လူတွေကို အလွန်အားကောင်းတဲ့ စွမ်းအင်တွေပေးနိုင်တဲ့ နည်းလမ်းများ မရှိဘူးလား”
မုန့်ရှင်းကျီသည် အသာပြုံးလိုက်၏။ ပြီးနောက် အနားသို့ ချဉ်းကပ်ကာ မျှော်လင့်တကြီးဖြင့် ပြောဆိုလိုက်၏။ “ဥပမာအားဖြင့် ဖန်းဟန်ကို ပေူခဲ့တဲ့ နည်းလမ်းမျိုးပေါ့”
မုန့်ရှင်းကျီက ဆက်လက်ကာ ပြောဆိုလိုက်သည်။ “အခု ကျုပ်ကို အဲလိုမျိုး ကူညီလို့ ရပါသေးတယ်”
“ဪ”
လီယွင်သည် မျက်ခုံး ပင့်လိုက်၏။ သူသည် မချိပြုံး ပြုံးလိုက်မိ၏။ “ခင်ဗျားက အနာဂတ်မှာ ထိပ်ဆုံးအဆင့်ကို ရောက်လိမ့်မယ်ဆိုတာ သေချာလှချည်လား။ ခင်ဗျားအတွက် အနာဂတ် မရှိတော့ဘူး ဆိုရင်ရော။ အချိန်ရဲ့မြစ်ရေစီးကြောင်းကို ဖွင့်လိုက်တဲ့အချိန်မှာ ခင်ဗျားက အနာဂတ်ထိ တည်ရှိတဲ့သူ မဟုတ်ဘူး ဆိုရင်ရော ...”
လီယွင်က အသာရယ်မောလိုက်သည်။ “ဒါဆိုရင် ခင်ဗျား ပေးပြီးသား အရင်းအမြစ်ကို ပြန်ရမှာ မဟုတ်ဘူးနော်”
“ဒါက ....”
မုန့်ရှင်းကျီသည် ခဏလောက် တွန့်ဆုတ်သွားသည်။ ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်၏။ “ဒီလိုဆိုရင်တောင် ကျုပ် စမ်းကြည့်ချင်ပါသေးတယ်”
ပထမဦးဆုံးအနေနှင့် သူသည် ဖန်းဟန်ကဲ့သို့သော ပြုလုပ်ပြီး ငရဲလောက၏ အမွေအနှစ်များကို လုယူနိုင်သည့် ကျင့်ကြံသူတစ်ယောက်အဖြစ် ဖြစ်လာချင်မိ၏။ ဒုတိယအားဖြင့် သူ၏ အနာဂတ်ကိုလည်း သူ သေချာ သိရှိချင်မိ၏။ အသက်ရှင်လျက် ရှိမလား၊ မရှိမလား ဆိုသည်ကို စစ်ဆေးချင်သေးသည်။
သူသည်သာ သေဆုံးခဲ့သည်ဆိုပါက ကျိန်းသေပေါက် မည်ကဲ့သို့ သေဆုံးမည်ဖြစ်ကြောင်းကို စီနီယာကို မေးမြန်းနိုင်၏။ ထိုသို့ဆိုလျှင် အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှည့်ကာဖြင့် သူ့ကို သတ်ဖြတ်ခဲ့သည့် လူအနားသို့ မသွားခြင်း (သို့မဟုတ်) တစ်ဖက်လူကို ကြိုတင်ကာ သတ်ဖြတ်ခြင်း ထိုအရာများကို ပြုလုပ်နိုင်စွမ်းရှိ၏။
“အင်း... ခင်ဗျားက စိတ်ဆုံးဖြတ်ထားပြီ ဆိုမှတော့ ကျိန်းသေပေါက် လိုလိုချင်ချင်နဲ့ ဘယ်လောက်ဖြစ်ဖြစ် ပေးဖို့ ရည်ရွယ်ထားတဲ့ပုံပဲ။ ဒါပေမဲ့ ခင်ဗျား ထုတ်ဖော်လိုက်တဲ့တန်ဖိုးက ကြီးမားလေ အချိန် တော်တော်ဝေးဝေးကို သွားဖို့ ကျုပ် ကူညီနိုင်လေပဲ” လီယွင်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
“တကယ်လို့ အင်ပါရီယာလက်နက်တစ်ခုလောက်ဆိုရင်တော့ နောင်နှစ်ပေါင်း တစ်ထောင် ထပ်ပိုပြီး သွားလို့ မရတော့ဘူး”
ရှေ့နှစ်ပေါင်းတစ်ထောင် ဆိုသည်မှာ တခြားသောသူများအတွက် ရှည်လျားသည့် သမိုင်းတစ်ခုဟု သုံးသပ်ရမည်ဆိုသော်လည်း မုန့်ရှင်းကျီကဲ့သို့ နှစ်ပေါင်းသန်းချီ နေထိုင်ခဲ့သည့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက် အတွက်တော့ အချိန်၏ မြစ်ရေစီးကြောင်းထဲတွင် လက်ဖျောက်တစ်ချက်တီးစာလောက်ပင် ကြာမြင့်၏။
မုန့်ရှင်းကျီ၏ အမြင်အရဆိုလျှင် သူ၏ အနာဂတ်လူသည် နှစ်ပေါင်းတစ်ထောင်လောက် ကြာမြင့် ပြီးသည့်နောက် အစစ်အမှန် အင်မော်တယ်အဆင့်သို့ ရောက်ရှိကောင်း ရောက်ရှိနေပေလိမ့်မည်။ ထိုအတူ အဆင့်ချိုးဖြတ်နိုင်ခြင်း မရှိတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်၏။ နှစ်ပေါင်းတစ်သိန်းလောက် ကြာမြင့်ခဲ့သည် ဆိုပါက လောကကြီး၏ ထိပ်ဆုံးအဆင့်၌ ရပ်တည်နိုင်လိမ့်မည်ဟု သူ မျှော်လင့်ထားသည်။
စီနီယာ၏ အကူအညီနှင့်ဆိုလျှင် နှစ်ပေါင်းတစ်သိန်းလောက် ကြာမြင့်ပြီးသည့်နောက် သူ၏အားအင် အဆင့်သည် ခန့်မှန်း၍ မရနိုင်သည့် ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနိုင်လောက်သည် မဟုတ်ပါလား။
ထိုအကြောင်းကို တွေးကြည့်ပြီးသည့်နောက် မုန့်ရှင်းကျီသည် လက်ကိုအသာဆန့်တန်းပြီး လက်ထဲတွင် ရှိနေသော သိုလှောင်လက်စွပ် ကိုးကွင်းကို ချွတ်ယူကာ လီယွင်ရှေ့သို့ ချလိုက်၏။ သူသည် နောက်ဆုံး တစ်ခုကို အသာချွတ်ယူရန် ပြင်ဆင်နေတုန်းမှာပဲ တွန့်ဆုတ်စွာဖြင့် မေးမြန်းလိုက်၏။
“စီနီယာ ဒီအရင်းအမြစ်တွေ အားလုံးက ကျုပ် နောက်အနာဂတ် နောက်ခုနှစ် ဘယ်လောက်များများကို သွားလို့ရမှာလဲ”
“အင်း ..... နှစ်ပေါင်းတစ်သန်းလောက်ပေါ့” လီယွင်သည် အသာလှမ်းကြည့်ကာဖြင့် ပြန်လည် ဖြေဆိုလိုက်သည်။
“နှစ်ပေါင်းတစ်သန်းလား။ ဒီလောက်ဆိုရင် လုံလောက်ပြီ”
မုန့်ရှင်းကျီက တီးတိုးရေရွတ်လိုက်၏။ သူသည် ခေါင်းကိုမော့ပြီးသည့်နောက် ဆုံးဖြတ်ချက်ကို ချလိုက်လေ၏။ “စီနီယာ... ကျေးဇူးပြုပြီး လှုပ်ရှားပါတော့”
နှစ်ပေါင်းတစ်သန်း - မည်သို့ပင်ကြည့်ကြည့် ကြောက်မက်ဖွယ်ရာကောင်းသည့် ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိကောင်း ရောက်ရှိနိုင်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ရှိနေသည်ကိုတောင်မှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်မလာခဲ့လျှင် သူ အလွန်ညံ့ဖျင်းခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
“အင်း”
လီယွင်သည် အမှတ်မထင်နှင့် ပြောဆိုလိုက်၏။ သူသည် ရှေ့တွင် ရှိနေသည့် လေဟာနယ်တစ်ခုလုံးကို လှမ်းဆွဲလိုက်သည်။ အဆုံးမဲ့ ရှည်လျားလွန်းလှသည့် အချိန်မြစ်ကြီးတစ်စင်းက ပေါ်ပေါက် လာခဲ့၏။ ထိုမြစ်ကြီးသည် ရှုပ်ထွေးလှသည့်မြူများ ရစ်သိုင်းလျက် ရှိနေပြီး အရာအားလုံးကို ဖုံးကွယ်ထား၏။ ရေထဲတွင် ရှိနေသည့် ရေပွက်တစ်ခုချင်းစီတိုင်း၌ တည်နေရာ၏ စွမ်းအင်များ ထွက်ပေါ်လျက် ရှိနေ၏။
“ကြည့်ရတာ ခင်ဗျား က တစ်စုံတစ်ခုကို ရရှိခဲ့ပုံပေါ်တယ်”
လီယွင်သည် အချိန်၏ မြစ်ရေစီးကြောင်းကို အသာလှမ်းကြည့်လိုက်၏။ တစ်ချက် ကြည့်ရှုလိုက်သည်နှင့်တပြိုင်နက် မြစ်ကြီးသည် ရုတ်တရက် ပေါက်ကွဲထွက်သွားမည်သကဲ့သို့ပင် လှုပ်ယမ်းလာသည်။ ပြီးနောက် ရေစက်လေးတစ်ခုသည် သူ၏ ရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။ ထိုရေစက်လေး သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ အသာဆွဲယူခြင်းကို ခံလိုက်ရခြင်းပင်။
ထိုရေစက်ကလေး ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်လာပြီးနောက် တဖြည်းဖြည်းနှင့် ဆန်းကြယ်လွန်းသည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်၏ ပုံပန်းသွင်ပြင်က ထင်ပေါ်လာသည်။ ထိုသူသည် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို အနောက်သို့ပစ်ထား၏။ ဆံပင်များကို သပ်ရပ်စွာ စည်းနှောင်ထားပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် နတ်ဆိုးအော်ရာများကို ထုတ်ဖော်လျက် ရှိနေသည်။
ဤနေရာသို့ ရောက်ရှိလာပြီးနောက် သူသည် ဇဝေဇဝါဖြစ်နေပုံပေါ်၏။ သို့ပေမဲ့ ဘေးတစ်ဖက်တွင် ရှိနေသည့် လူနှစ်ယောက်ကို အသာလှမ်းကြည့်ပြီးသည့်နောက် တစ်စုံတစ်ခုကို မှတ်မိသွားသလိုပင် မြန်မြန်ဆန်ဆန်ပင် တုံ့ပြန်လာခဲ့၏။ သူသည် လီယွင်ကို လေးလေးစားစားဖြင့် ဦးညွတ်လိုက်၏။
“ဂျူနီယာ မုန့်ရှင်းကျီ စီနီယာကို ဂါရဝပြုပါတယ်”
ဘေးတစ်ဖက်တွင်တော့ အင်ပါယာအဆင့် အားအင်ကိုသာ ပိုင်ဆိုင်သည့် မုန့်ရှင်းကျီသည် စိတ်လှုပ်ရှားစွာဖြင့် ဤမြင်ကွင်းကို ကြည့်ရှုနေမိ၏။ သူ့အတွက် အံ့အားသင့်စရာ အကောင်းဆုံး၊ သဘောအကျရဆုံး ကိစ္စရပ်သည် နှစ်ပေါင်းတစ်သိန်း ကြာမြင့်ပြီးသည့်နောက် ခန့်မှန်း၍ မရသော အားအင်အဆင့်ကို ပိုင်ဆိုင်လျက် ရှိနေခြင်းပင်။
ထိုသို့ဆိုလျှင်တောင်မှ အနာဂတ်မှသူ သည် စီနီယာနန်းဆောင် သခင်ကို ကြီးမားသည့် လေးစားမှုမျိုးကို ပြသနေခဲ့၏။
ကြည့်ရမယ်ဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ အပြင်ဘက်မှာ ငါမြင်ခဲ့တဲ့ စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်နဲ့ အားအင်အဆင့် ကွာခြားပုံ မပေါ်ဘူး။ ဟုတ်တယ်မလား။