အပိုင်း (၆၄၂)
Vol. 43 Ch. 642
မုန့်ရှင်းကျီသည် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့တော့ချေ။ နှစ်ပေါင်းတစ်သိန်း ကြာမြင့်ပြီးနောက် သူသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်လား။ ဒဏ္ဍာရီလာ အင်မော်တယ်ဘုရင် တစ်ယောက်လား။ သူဤအဆင့်ဆီသို့ တကယ်ပဲ တက်လှမ်းနိုင်ခဲ့လေသည်လား။
“လောကဝတ်တွေ လုပ်နေဖို့ မလိုဘူး”
လီယွင်သည် လက်ကိုမြှောက်လိုက်၏။ ပြီးနောက် အနာဂတ်မှ မုန့်ရှင်းကျီအား အသာစစ်ဆေးလိုက်၏။
မုန့်ရှင်းကျီသည် ငယ်ရွယ်သည့် ပုံပန်းသွင်ပြင်နှင့် သူ၏အတိတ်မှ ပုံရိပ်ကို ကြည့်ရှုနေသည်။
အသက်တစ်ရှိုက်စာအတွင်း လီယွင်သည် ငရဲလောကကြီးနှင့် ပတ်သက်သော နည်းစနစ်များ၏ အရိပ်အယောင်ကို အာရုံခံမိ၏။ သေချာ၏။ ဤလူသည် ကျိန်းသေပေါက် ငရဲလောက၏ အမွေအနှစ် တချို့တလေကို ရရှိခဲ့ခြင်း ဖြစ်ပေမည်။ နှစ်ပေါင်းတစ်သိန်း ကြာမြင့်ပြီးသည့်နောက် ၎င်းသည် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည် ဆိုသော်လည်း ၎င်း၏ အားအင်အဆင့်ကို ယခုမှ ဟန်ချက်ညီအောင် ကြိုးစားနေရပုံပင်။
သာမန်ထက်ပိုကာ ထူးခြားသည့် ကံကောင်းခြင်းကို ပိုင်ဆိုင်သည့်လူများနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် မုန့်ရှင်းကျီသည် အားလုံးသောသူတို့ထက် ပိုမိုကာ ကံကောင်းသည့် လူတစ်ယောက်ဟု သတ်မှတ်ရပေမည်။
သို့ပေမဲ့ ကံဆိုးစွာဖြင့် ကောင်းကင်မူလလောကကြီးထဲ၌ ၎င်းသည် အဓိက ဇာတ်ကောင် တစ်ယောက် မဟုတ်ခဲ့ချေ။ မုန့်ရှင်းကျီအား ဇာတ်ပို့တစ်ယောက်ဟုပင် သုံးသပ်နိုင်ခြင်း မရှိချေ။ သူ့အား ကောင်းကင်မူလ လောကကြီး၏ သာမန်ပါရမီရှင်တစ်ယောက်ဟုသာ သတ်မှတ်နိုင်၏။ အင်မော်တယ်ဘုရင်အဆင့်ဆီသို့ ရောက်ရှိခြင်းသည် အလွန် ကံကောင်းခြင်းဖြစ်၏။ ပိုမိုကာ တိုးတက်ချင်သည်ဆိုပါက ပေးအပ်မည့် တန်ကြေးသည် သာမန်လူများ တတ်နိုင်သည့် ကိစ္စရပ်မျိုး မဟုတ်နိုင်ချေ။
“အင်း... ဒီကိုခေါ်လာတာ ဘာကြောင့်လို့ထင်လဲ” လီယွင်သည် မျက်ခုံးကို ပင့်ကာဖြင့် အသာ မေးမြန်းလိုက်၏။
“နားလည်ပါပြီ”
အနာဂတ် မုန့်ရှင်းကျီသည် အသာဦးညွတ်ကာဖြင့် လေးလေးစားစား ပြန်လည်ကာ ပြောဆိုလိုက်၏။ နှစ်ပေါင်းတစ်သိန်း ကြာမြင့်ပြီးနောက် သူသည် သူ၏ အဆင့် တည်ငြိမ်စေရန် တံခါးပိတ် ကျင့်ကြံလျက်ရှိသည်။ သို့ပေမဲ့ ရုတ်တရက် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ အဘယ့်ကြောင့်နည်း။
သေချာပြန်လည် စဉ်းစားပြီးနောက် သူ နားလည်သွားခဲ့သည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သို့ ရောက်ရှိခဲ့ပြီးသည့်နောက် သူသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်း အတိတ်ကလူကို လှမ်းကာ ကြည့်ရှုလိုက်သည်။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် အနည်းငယ် သဘော မတွေ့သလို ခံစားနေမိ၏။ သူ၏အထင်အရဆိုလျှင် အတိတ်မှသူသည် တကယ့်ကို ဆိုးရွား ညံ့ဖျင်းလွန်း၏။ တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်ဆီသို့သာ ရောက်ရှိခဲ့၏။ ကျင့်ကြံခြင်း၏ အမြန်နှုန်းသည် ပုရွက်ဆိတ် တစ်ကောင် လမ်းလျှောက်သည်ထက် မပိုချေ။ ပြောရမည်ဆိုလျှင် သူသည် သူ့ကိုယ်သူ သဘောမတွေ့ သလိုပင် ခံစားနေမိ၏။ အတိတ်မှ သူ့ကိုယ်သူ ပြန်မြင်ရသည့်အချိန်၌ သူသည် ရှက်ရွံ့မှုမျိုးကိုပင် ခံစားမိ၏။
“အခု ခင်ဗျား နားလည်ထားပြီဆိုတော့ အရာအားလုံးက ပိုပြီးလွယ်ကူသွားပြီပေါ့” လီယွင်က အသာ ပြောလိုက်၏။ အနာဂတ် မုန့်ရှင်းကျီသည် တွန့်ဆုတ်လျက် ရှိနေပြီး တစ်စုံတစ်ခုကို ပြောဆိုရန် ခက်ခဲနေသည့်ပုံပင်။ ယနေ့မြင်ကွင်းသည် ယခင်တုန်းက သူကြုံခဲ့ရသည့် မြင်ကွင်းဖြစ်သည်။ ပြောရမည်ဆိုလျှင် သူရင်းနှီးပြီးသား ဖြစ်သည်။
သို့ပေမဲ့ သူသည် စည်းမျဉ်း စည်းကမ်းဟောင်းများကို လိုက်နာတတ်သည့် လူတစ်ယောက်မဟုတ်ကြောင်း သူ့ကိုယ်သူသိရှိပြီး ဖြစ်၏။ သူ၌ တချို့သော အသက်ကယ်အဆောင်များ တည်ရှိနေသောကြောင့် အတိတ်မုန့်ရှင်းကျီကို ပေးအပ်ဖို့ ဆိုသည်မှာ လွယ်ကူလွန်းလှ၏။
ထို့အပြင် သူသည် ငရဲလောက၏ တချို့သော အမွေအနှစ်များကို ရရှိထားခဲ့၏။ ဤကဲ့သို့သော အမွေအနှစ်များသည် စဦးအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် အသုံးဝင်သည့် အရာမျိုးဖြစ်သော်လည်း များများစားစား သိသာလှသည် မဟုတ်ချေ။
ထို့ကြောင့် သူသည် သမိုင်းကို ပြောင်းလဲရန် စတင် တွေးတောလာမိသည်။ သူသည် ကံကြမ္မာနှင့် အလောင်းအစား ပြုလုပ်ချင်သည်။
နှစ်ပေါင်းတစ်သိန်း ကြာမြင့်ပြီးနောက် အင်မော်တယ်ဘုရင်အဆင့်ဆီသို့သာ ရောက်ရှိခဲ့သည် ဆိုခြင်းမှာ အနည်းငယ် နှေးကွေးသည်ဟု သတ်မှတ်ရပေလိမ့်မည်။ ထို့ထက် အချိန်ပိုမိုကာ မြန်ချင်သည် ဆိုပါက အနာဂတ်မှ သူသည် အတိတ် မုန့်ရှင်းကျီအား မတူညီသော လမ်းစဉ်ကို လျှောက်လှမ်းခိုင်းမှ ဖြစ်ပေလိမ့်မည်။
“စီနီယာ ကျုပ်ကိုယ်တိုင် လှုပ်ရှားလို့ရလား” အနာဂတ် မုန့်ရှင်းကျီသည် အဓိပ္ပါယ်ပါပါဖြင့် မေးမြန်းလိုက်၏။
“ဪ”
ထိုအရာကို ကြားသည့်အချိန်မှာတော့ လီယွင်က မျက်ခုံးပင့်လိုက်မိ၏။ သူသည် အနာဂတ် မုန့်ရှင်းကျီကို အသာ လှမ်းကြည့်ပြီးသည့်နောက် စနစ်ကို ဖွင့်ကြည့်လိုက်၏။ မုန့်ရှင်းကျီရဲ့ အတိတ်၊ အနာဂတ် အရာအားလုံးသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ကြောင်း သတိပြုလိုက်မိသည်။
အစဦးတုန်းက ကောင်းကင်လျှို့ဝှက်နန်းဆောင်သို့ ရောက်ရှိလာပြီးနောက် မုန့်ရှင်းကျီနှင့် ပတ်သက်သော အသေးစိတ် အကြောင်းအရာအားလုံးကို စနစ်က ဖော်ပြခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ ယခု တချို့သော အချက်အလက်များသည် ပြောင်းလဲသွားခဲ့၏။
ထိုအရာသည် ဘာကို ကိုယ်စားပြုသနည်း။ ပြောရမည်ဆိုလျှင် အနာဂတ်မှ မုန့်ရှင်းကျီသည် လက်ရှိ မုန့်ရှင်းကျီနှင့် မတူညီတော့ချေ။ သမိုင်းသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ဤအရာသည် ရှင်းပြရန် အနည်းငယ် အလှည့်အပြောင်း များသည့် အရာမျိုးပင်။
ရိုးရှင်းစွာ ပြောဆိုရမည်ဆိုလျှင် အနာဂတ်မှ မုန့်ရှင်းကျီသည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အနာဂတ်မှ လူ၏ အသစ်တွေးတောမိသည့် အစီအစဉ်ပေါ် မူတည်၍ အတိတ် မုန့်ရှင်းကျီ၏ ခရီးလမ်းသည် ပြောင်းလဲသွားခဲ့ခြင်းပင်။
“အင်း... ဘယ်လိုအခွင့်အရေးကို ဘယ်လိုယူရမလဲဆိုတာ ခင်ဗျား ကောင်းကောင်းနားလည်တာပဲ”
လီယွင်သည် တွေးတွေးဆဆနှင့် ပြောလိုက်၏။
မည်ကဲ့သို့သော ကိစ္စရပ်မျိုးဖြစ်သွားသနည်း။ အဆုံးမဲ့သည့် စက်ဝန်းထဲသို့ လှမ်းကာလျှောက်ခဲ့ခြင်းလား။ ပြောရမည်ဆိုလျှင် မုန့်ရှင်းကျီသည် နှစ်ပေါင်းတစ်သန်းကျော် ထပ်ကြာပြီးနောက် အင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်၏။ ထို့အပြင် ယနေ့ ဖြစ်ပျက်ခဲ့သည့်အရာများသည် အနာဂတ်ကို ကိုယ်စားပြုသည့် အကြောင်းအရာမျိုး ဖြစ်လာခဲ့သည်။
မုန့်ရှင်းကျီ၏ ကိုယ်ရည်ကိုယ်သွေးအရဆိုလျှင် တူညီသည့် ကိစ္စရပ်များကို ကျိန်းသေပေါက် ထပ်မံကာ ပြုလုပ်လိမ့်မည် မဟုတ်ချေ။ အားအင်အဆင့် တိုးတက်ရန်အတွက် ဘာမဆိုပြုလုပ်မည့် လူမျိုးကို လက်ညိုးထိုးပြပါဆိုပါက မုန့်ရှင်းကျီကိုပင် လက်ညိုးထိုးပြရမှာဖြစ်၏။
“စီနီယာ သဘောတူတယ်လို့ ဆိုလိုတာလား”
အနာဂတ်မှ မုန့်ရှင်းကျီသည် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ အကြိမ်ပေါင်းများစွာ ဝင်လိုက်ထွက်လိုက် ပြုလုပ်ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် စီနီယာ နန်းဆောင်သခင်သည် တစ်စုံတစ်ခုကို ချက်ချင်း ငြင်းပယ်လေ့ မရှိကြောင်း ကောင်းကောင်း နားလည်ပြီးဖြစ်သည်။
“အရမ်းကြီး စိတ်လှုပ်ရှားမနေနဲ့”
လီယွင်သည် အနာဂတ်မှ မုန့်ရှင်းကျီကို လှမ်းကြည့်ကာဖြင့် စာနာစွာပင် ပြောဆိုလိုက်၏။ “အခု အင်မော်တယ်ဘုရင် တစ်ယောက်အနေနဲ့ ပြန်လာနိုင်ခဲ့တယ်။ ခင်ဗျား သိဖို့က ခင်ဗျား မပိုင်ဆိုင်တဲ့ အချိန်ကာလတွေမှာ ဝင်ပြီးရှုပ်ထွေးလို့ မဖြစ်ဘူး။ မဟုတ်ရင် အကုန်လုံး ရှုပ်ရှက်ခတ်ကုန်မယ်။
နှစ်ပေါင်းတစ်သန်း ကြာမြင့်ပြီးတဲ့နောက်မှာ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီး ရှိရှိသမျှ မကောင်းမှုတွေ အားလုံး ခင်ဗျားခေါင်းပေါ် ရောက်ရင် ရောက်သွားလိမ့်မယ်။ ဒီလိုကမ္မပြစ်ဒဏ်မျိုးက နတ်ဘုရား အပြစ်ဒဏ်ကို ဆွဲခေါ်သလိုမျိုးတော့ ဖြစ်လိမ့်မယ်။ ခင်ဗျားအနေနဲ့ အင်မော်တယ်အင်ပါယာ ဖြစ်တယ် ဆိုရင်တောင် နတ်ဘုရားအပြစ်ဒဏ် ကျဆင်းလာပြီဆိုရင် ဘာတစ်ခုမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကို ခင်ဗျား နားလည်သင့်တယ်”