အပိုင်း (၆၄၃)
Vol. 43 Ch. 643
“ဒီအကြောင်းကို ကျုပ်ကောင်းကောင်းနားလည်ပါတယ်” အနာဂတ်မှ မုန့်ရှင်းကျီသည် အသာဦးညွတ်ကာ ပြောဆိုလိုက်၏။
နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက် သူသည် များပြားသည့် ကိစ္စရပ်များကို တွေ့ကြုံခဲ့၏။ ထို့ကြောင့် ကိုယ်နှင့်မသက်ဆိုင်သည့် လောကနှင့် ခေတ်ကာလတွင် ဝင်ရောက်ကာ ရှုပ်ထွေးခြင်း ဆိုသည်မှာ ကြီးမားသည့် သက်ရောက်မှုကို ခံစားရမည့် အရာမျိုးဖြစ်ကြောင်း သိရှိ၏။ သူသည် အဓိက ဇာတ်ကောင် တစ်ယောက် ဖြစ်နေသည်ဆိုလျှင်တောင်မှ ရုတ်တရက် သတ်ဖြတ်ခြင်းကို ခံရသည့်ကမ္မသည် သူ့အပေါ်သို့ ကျဆင်းလာခဲ့ပေလိမ့်မည်။
အနာဂတ်လောကသည် လက်ရှိလောကနှင့် မတူညီတော့ချေ။ အနာဂတ်လောကတွင် ကောင်းကင် တာအိုသည် အလွန်တရာ အားကောင်းလွန်း၏။ အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်သည် ဆိုလျှင်တောင်မှ သူသည် ကောင်းကင်တာအိုနှင့် ယှဉ်ပြိုင် မတိုက်ခိုက်ရဲချေ။ ထို့ကြောင့် အဆင်ခြင်မဲ့ ပြုလုပ်ခြင်းသည် နတ်ဘုရား ပြစ်ဒဏ်ကို ဆင့်ခေါ်သလို ဖြစ်မည်ကို နားလည်ပြီးဖြစ်သည်။
သို့ပေမဲ့ သူ၏ ကိုယ်ပိုင်အားအင်အဆင့်ကို ချိန်ဆပြီးသည့်နောက် အလိုမကျသလို ခံစားနေမိ၏။ မကြိုးစားကြည့်ဘဲနှင့် အလုပ်ဖြစ်မလား၊ မဖြစ်လား ဆိုသည်ကို မည်သို့ သိရှိမည်နည်း။ အလုပ်မဖြစ်ဘူး ဆိုပါက လက်ရှိ မုန့်ရှင်းကျီသည် အတိုင်းအတာတစ်ခုအထိသာ တိုးတက်လာမည်ဖြစ်ပြီး နောင်နှစ်ပေါင်းတစ်သန်း အကြာတွင် သေဆုံးကောင်းပင် သေဆုံးသွားနိုင်၏။
အနာဂတ်မုန့်ရှင်းကျီ၏ လိုချင်လောဘ ပိုမိုကာ တိုးတက်သွားခဲ့သောကြောင့် သမိုင်းမှတ်တမ်း သည် ပြောင်းလဲသွားပေမည်။ ရှုပ်ထွေးသည့် ကိစ္စရပ်မျိုးဖြစ်ခဲ့ပါက လက်ရှိ မုန့်ရှင်းကျီ သည်လည်း သေဆုံး သွားပေလိမ့်မည်။ အရာအားလုံးကို အစမှ ပြန်လည်စတင်ရန် အခွင့်အရေး ရှိပါ့မလားပင် မသေချာပေ။
“အင်း.. ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို အသုံးပြုပြီးတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အကြံအစည်ကို ရဲရဲဝင့်ဝင့် ပြုလုပ်ဖို့ အဆိုပြုရဲတာ ..... ခင်ဗျားက သမိုင်းမှတ်တမ်းထဲမှာ ပထမဦးဆုံးပဲ” လီယွင်သည် မုန့်ရှင်းကျီ၏ အတွေးများကို မြင်လိုက်၏။ ထို့ကြောင့် ပြောဆိုလိုက်သည်။
တခြားသော ကျင့်ကြံသူများသည် နောင်နှစ်ပေါင်းတစ်သန်းဆိုသည်ကို အချိန်ကာလတစ်ခုအဖြစ်သာ သတ်မှတ်ကြပေလိမ့်မည်။ သို့ပေမဲ့ မုန့်ရှင်းကျီသည် ထိုအချိန်ကာလ အတွင်း ပြောင်းလဲသွားနိုင်သည့် အကြောင်းအရာများကို နားလည်ပြီး မိမိကိုယ်ကိုယ် တိုးတက်လာစေရန် ကြံစည်လေသည်။
သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်တွင် ရှိနေသည့် ကယ်ပေါက်များကို ကောင်းကောင်းနားလည်၏။ နန်းဆောင်သည် သူ့အား အချိန်၏ မြစ်ရေစီးကြောင်းဆီမှ လက်ရှိအချိန်သို့ ပြန်လည်ကာ ခေါ်ဆောင်ခဲ့၏။ ဤအရာသည် သူ့အတွက် ကြီးမားသည့် အခွင့်အရေးကောင်းကြီး တစ်ခုသာလျှင် ဖြစ်၏။
မုန့်ရှင်းကျီသည် ဤရှားပါးသည့်အခွင့်အရေးကို အသုံးပြုပြီးသည့်နောက် သူ၏ကျင့်ကြံခြင်း အဆင့်ကို ပိုမို တိုးတက်ချင်စိတ် ရှိလို့နေ၏။ ပြောဆိုရမည်ဆိုလျှင် ထိုကဲ့သို့သော အကြံအစည်နှင့် ထိုကဲ့သို့သော အရာများကို ရူးရူးမိုက်မိုက် ပြုလုပ်ရန် စိတ်ဆန္ဒရှိသူနှင့် သတ္တိရှိသူသည် မုန့်ရှင်းကျီသာလျှင် ရှိသည်။
လက်ရှိ အခြေအနေမှာတော့ တော်ဝင်အင်ပါယာ အဆင့်သာ ရှိနေသော မုန့်ရှင်းကျီသည် ပုံမှန် မဟုတ်သည့် အကြောင်းအရာတစ်ခုကို ခံစားနေမိ၏။ သူသည် အရူးတစ်ယောက် မဟုတ်ချေ။ တစ်ချက် တွေးလိုက်သည် ဆိုသည်နှင့် တစ်စုံတစ်ခု လွဲမှားနေကြောင်း အာရုံခံမိ၏။ ထို့အပြင် သူ၏ ရှေ့၌ ရှိနေသော လူသည် နောင်နှစ်ပေါင်း တစ်သန်းဆီမှ သူ၏ အနာဂတ်ကို ဖော်ညွှန်းပြသနေ၏။
အရာအားလုံးသည် အဆင်ပြေ ချောမွေ့ခဲ့ပုံပေါ်၏။ သို့ပေမဲ့ လူတစ်ယောက်၏ သဘောသဘာဝ ပြောင်းလဲသွားခြင်း ဆိုသည်မှာ စိန်ခေါ်မှုပင်ဖြစ်၏။ ပြောဆိုခဲ့သည့် စကားလုံးများကို နားထောင်ပြီးနောက် မုန့်ရှင်းကျီသည် အနာဂတ်မှ မုန့်ရှင်းကျီ၏ ရည်ရွယ်ချက်အားလုံးကို အတော်အသင့် နားလည်ပြီး ဖြစ်သည်။
ပြောရမယ်ဆိုလျှင် ကျုပ်ရှေ့မှာရှိနေတဲ့ ကျုပ်က နှစ်ပေါင်းတစ်သန်းလုံးလုံး များပြားတဲ့ အတွေ့အကြုံတွေ၊ မတူညီတဲ့အတွေ့အကြုံတွေကို ရရှိခဲ့ကြတယ်။ ဒီတော့ ဒီသံသရာ စက်ဝိုင်းကြီးကနေ ချိုးဖြတ်ဖို့အတွက် သူ ကြိုးစားချင်နေတာလား။
တော်ဝင်အင်ပါယာအဆင့် အားအင်သာရှိသော မုန့်ရှင်းကျီသည် မျက်မှောင်ကုတ်ကာ စဉ်းစားနေမိ၏။
လီယွင်သည် တော်ဝင်အင်ပါယာအဆင့်သာရှိသော မုန့်ရှင်းကျီကို လှမ်းကာကြည့်ရှု၏။ ပြီးနောက် အနာဂတ် မုန့်ရှင်းကျီကို ထပ်မံကာ ကြည့်ရှုလိုက်၏။ သူသည် တကယ်ကို ဆွံ့အလို့နေ၏။ ဤလူနှစ်ယောက်သည် တစ်ယောက်တည်းဖြစ်သည်။ သို့ပေမဲ့ ပြောပုံဆိုပုံ၊ အမူအရာနှင့် စိတ်နေစိတ်ထားသည် အလုံးစုံ ပြောင်းလဲလျက် ရှိနေသည်။
“စီနီယာ.. အချိန်ရဲ့မြစ်ရေစီးကြောင်းထဲမှာ ကျုပ်ဝင်ပြီး လှုပ်ရှားမယ်ဆိုရင် လောကကြီးရဲ့ ကောင်းကင် တာအိုက ကျုပ်ကို ဖိနှိပ်ထားနိုင်မှာလား” အနာဂတ်နှစ်ပေါင်းတစ်သန်းမှ မုန့်ရှင်းကျီသည် ရှက်ရွံ့နေသည့် ဟန်ပန်မျိုးဖြင့် မေးမြန်းလိုက်၏။
ပထမဦးဆုံး သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် တားဆီးခြင်း ရှိလား၊ မရှိလား ဆိုသည်ကို မေးမြန်းခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ရန်ပြုမိသည်ဆိုပါက ကျိန်းသေပေါက် ပြဿနာ များပေလိမ့်မည်။ အခြေအနေကို သေချာသိရှိပြီနောက် စကားလမ်းကြောင်းပြောင်းကာဖြင့် ကောင်းကင်တာအို အကြောင်း ထပ်မံမေးမြန်းလိုက်သည်။
“အခြေအနေပေါ် မူတည်မှာပေါ့” လီယွင်က အသာမှတ်ချက်ပြုလိုက်၏။
“အခြေအနေပေါ် မူတည်မှာ ဟုတ်လား” အနာဂတ်မှ မုန့်ရှင်းကျီသည် မျက်မှောင်ကုတ်လိုက်မိသည်။
သူသည် အင်မော်တယ်ဘုရင်အဆင့်ကို ရောက်ရှိခဲ့သည် ဆိုလျှင်တောင်မှ အင်မော်တယ်ဘုရင်များထဲတွင် အားအနည်းဆုံး ဖြစ်ခဲ့၏။ ဤကဲ့သို့သော အားအင်အဆင့်သည် အန္တိမအဆင့်ကျင့်ကြံသူများကို ဖိနှိပ်နိုင်စွမ်း ရှိသည်ဆိုလျှင်တောင်မှ ပါရမီရှင် အင်မော်တယ်ဘုရင်တစ်ယောက်နှင့် တိုက်ခိုက်ရမည်ဆိုလျှင် အနိုင်ရရန် အခွင့်အရေးဟူ၍ ရရှိလိမ့်မည် မဟုတ်ချေ။ ကောင်းကင်တာအိုဆိုလျှင် ဝေလာဝေးပင်။
“ဒါပေမဲ့ ဒီလောက်ဆိုရင် ရပါပြီ” အနာဂတ် မုန့်ရှင်းကျီသည် စိတ်သက်သာရာ ရသလို သက်ပြင်းချကာဖြင့် ပြောလိုက်၏။
“စီနီယာအနေနဲ့ ကူညီဖို့ သဘောတူတယ်ဆိုရင် အကူအညီမဲ့ နေတာမျိုးနဲ့စာရင်တော့ တော်ပါသေးတယ်။ အချိန်ကိုက်မှာ ဝင်ရောက် လှုပ်ရှားနိုင်မယ်ဆိုရင်...... ဥပမာ တခြားသူတွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေတဲ့ အခြေအနေမျိုးပေါ့။ တခြားကိစ္စ မရှိဘူးဆိုရင် ကျုပ်သွားလိုက်ပါအုံးမယ်” အနာဂတ်မှ မုန့်ရှင်းကျီသည် လီယွင်ကို ဦးညွတ်ကာဖြင့် လေးလေးနက်နက် ပြောလိုက်၏။
သူသည် သတင်းအချက်အလက်များကို မဝယ်ယူခဲ့ချေ။ သူသည် အနာဂတ် နှစ်ပေါင်းတစ်သန်းမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် အကြောင်းအရာ အကုန်လုံးအား သိရှိပြီးသား ဖြစ်၏။ လက်ရှိ အချိန်၌ သူသည် သူ၏ ခရီးလမ်းကို ရွှေ့ပြောင်းသွားလာရန်အတွက် ရွေးချယ်ခဲ့ပြီဖြစ်၏။
တွက်ချက်မှုအရဆိုလျှင် မကြာခင်မှာ ထျန်းမင်တောင်သခင်နှင့် တခြားသောသူများသည် နတ်ဘုရား လောကမှ လောကဖြတ်သန်းကာ ရောက်ရှိလာမည့် အင်မော်တယ်ဘုရင်များနှင့် တိုက်ခိုက် ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူသည် ကျိန်းသေပေါက် အကျိုးအမြတ်များကို ရရှိပေလိမ့်မည်။
“နေအုံး”
မုန့်ရှင်းကျီတစ်ယောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီက ထွက်သွားရန် ပြင်ဆင်လျက် ရှိနေတုန်းမှာပဲ လီယွင်က တားဆီးလိုက်သည်။
“စီနီယာ.. ဘာတွေ ညွှန်ကြားချင်လို့ပါလဲ” မုန့်ရှင်းကျီနှစ်ယောက်လုံးသည် ခေါင်းကို အသာလှည့်ကာဖြင့် ဇဝေဇဝါ ပြန်လည် ကြည့်ရှုလိုက်၏။
“အနာဂတ်ကနေ ခင်ဗျား လာခဲ့တယ်ဆိုတာ မမေ့နဲ့။ ခင်ဗျားရဲ့ လှုပ်ရှားမှုတွေက လက်ရှိလောကကို သက်ရောက်မယ်ဆိုရင် နတ်ဘုရားအပြစ်ဒဏ် ကျဆင်းလာလိမ့်မယ်။ ဒါဆိုရင် အချိန်ရဲ့ မြစ်ရေစီးကြောင်းထဲကို ခင်ဗျားကို ခေါ်ဆောင်ခဲ့တဲ့လူကလည်း လွတ်မှာမဟုတ်ဘူး။ ကျုပ်လည်း နတ်ဘုရား အပြစ်ပေးမှုကို ခံရတော့မှာပေါ့” လီယွင်သည် အသာရယ်မောကာ ပြောဆိုလိုက်သည်။
“ကျုပ်တို့ ....”
ဒီစကားစုကို ကြားရသည့်အချိန်မှာတော့ အနာဂတ် ၊ လက်ရှိ မုန့်ရှင်းကျီ နှစ်ယောက်လုံးသည် နဝေတိမ်တောင် ဖြစ်မိနေ၏။ ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီးသည့်နောက် တစ်ယောက်၏ မျက်နှာထက်တွင် ရှိနေသည့် ဇဝေဇဝါဖြစ်မှုများကို တစ်ယောက်က မြင်နေရ၏။
“အင်း ဒီနည်းလမ်းက သိပ်ပြီးတော့ အလုပ်ဖြစ်တဲ့ပုံ မပေါ်ဘူး” အနာဂတ်မှ မုန့်ရှင်းကျီသည် အသာ သက်ပြင်းချလိုက်၏။ ပြီးနောက် ကြိတ်ကာ တွေးတောလိုက်မိ၏။ စီနီယာ၏ စကားလုံးများအရ ပြောရမည်ဆိုလျှင် မုန့်ရှင်းကျီအနေနှင့် သတ်မှတ်ထားသည့် တန်ကြေးကို ပေးအပ်ရမည်ဖြစ်၏။ ထို့အပြင် အရှုပ်အထွေးများကြားထဲတွင် စီနီယာပါ ပါဝင်ပတ်သက်လာပြီ ဖြစ်သောကြောင့် နတ်ဘုရားအပြစ်ဒဏ်ကိုပင် ခံစားရနိုင်၏။ မုန့်ရှင်းကျီတစ်ယောက် ဘာတစ်ခုကိုမှ မစဉ်းစားဘဲ ကြုံရာလျှောက် ပြုလုပ်မည်ဆိုပါက စီနီယာသည် ကျိန်းသေပေါက် ဝင်ရောက် လှုပ်ရှားပေလိမ့်မည်။
ဤနေရာတွင် မုန့်ရှင်းကျီ မသိသည့် အကြောင်းအရာတစ်ခုရှိ၏။ လီယွင်သည် နတ်ဘုရားအပြစ်ဒဏ်ကို တစ်ချက်ကလေးမှ ဂရုစိုက်သူတစ်ယောက် မဟုတ်ချေ။
“စီနီယာ... ဂျူနီယာဆီမှာ တန်ဖိုးကြီးမားတဲ့အရာတွေ မပါပါဘူး။ ဒီသိုလှောင်လက်စွပ်တစ်ခုပဲ” အနာဂတ်မှ မုန့်ရှင်းကျီသည် နာနာကျင်ကျင် ပြုံးပြီးသည့်နောက် သူ၏တစ်ခုတည်းသော လက်စွပ်ကို ချွတ်ယူလိုက်၏။ ဤအရာသည် သူ၏ ရှိရှိသမျှ အရာအားလုံးပင်ဖြစ်၏။