← Chapters

အဋ္ဌမမင်းသားနှင့်ကျန်းလန်တွေ့ဆုံခြင်း

Vol. 15 Ch. 205

အဋ္ဌမမင်းသားနှင့်ကျန်းလန်တွေ့ဆုံခြင်း

Vol. 15 Ch. 205

အခန်း (၂၀၅) အဋ္ဌမမင်းသားနှင့်ကျန်းလန်တွေ့ဆုံခြင်း

ဝူလျဲ့က ဝူမူကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

ဝူမူက ပြုံးလိုက်ရင်း…

"ဘာလဲ… အံ့သြသွားတာလား…"

ဝူလျဲ့က…

"ဒီညတိုက်ဖို့ အကုန်အဆင်သင့်ပြင်ထားတာလား…"

ယနေ့ တကယ်တမ်းလှုပ်ရှားမည်ဆိုလျှင် များစွာသောကိစ္စများကို ပြင်ဆင်ရမည် ဖြစ်သည်။

ဝူမူက…

"ဘာမှ ပြင်ဆင်စရာမလိုဘူး… ၊ တစ်ယောက်ယောက်က ခွန်လွန်တောင်ကအကြီးအကဲတွေကို အချိန်ဆွဲထားလိုက်ရင် ကျုပ်တို့ အောင်မြင်မှာပဲလေ… ၊ ဒါပေမဲ့ ဘယ်လောက်အောင်မြင်မယ်ဆိုတာကတော့ အခြေအနေပေါ် မူတည်တယ်… ၊ ပြီးတော့ သူတို့တွေရောက်မလာခင် ကျုပ်တို့ ကျန်းလန်ကို အရင်ရှာရမယ်… ၊ ဒါက အောင်မြင်မှုကို အမြင့်ဆုံးဖြစ်စေမယ့် အစီအစဉ်ပဲ…"

ဝူမူက ခွန်လွန်တောင်တည်ရှိရာအရပ်သို့ လှမ်းကြည့်လိုက်ပြီး စကားဆက်ပြောသည်။

"အခုဆို ခွန်လွန်တောင်အကြီးအကဲတွေက နဂါးမျိုးနွယ်တွေနဲ့ ရင်ဆိုင်ဖို့ ခေါင်းချင်းဆိုင်နေလောက်ကြပြီ… ၊ ဒီနေ့ညသာလှုပ်ရှားလိုက်လို့ကတော့ သူတို့ အရမ်းအံ့သြသွားကြလိမ့်မယ်… ၊ အချိန်ဆွဲနေရင်သာ ပြဿနာရှိလာနိုင်တယ်…"

ဝူလျဲ့က သိချင်စိတ်ဖြင့်…

"ဒါဖြင့် ကျန်းလန်ကို ဘယ်လိုရှာရမှာလဲ…"

ဝူမူက အင်းသင်္ကေတများဖြင့်ပြည့်နေသည့် ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်ပြီး…

"ဒါကိုအသုံးပြုပါ…"

ဝူမူက ဆက်ရှင်းပြသည်။

"ဒီကျောက်တုံးကို မိုးကောင်းကင်လျှို့ဝှက်ကျောက်တုံးလို့ ခေါ်တယ်… ၊ ကျန်းလန်ကို ရှာဖွေနိုင်ဖို့ ဒီကျောက်တုံးကို အသုံးပြုပါ… ၊ ဒါပေမဲ့ သူ့ကို မျှားခေါ်နိုင်ဖို့ကတော့ မင်းရဲ့စွမ်းရည်အပေါ် မူတည်တယ်… ၊ သူ့ကို မျှားမခေါ်နိုင်ရင်တော့ သွားရှာရမှာပဲ… ၊ ဒီည ကျုပ်တို့ သူ့ကိုမိမှဖြစ်မယ်… ၊ ဟက်… အစစ်အမှန်အင်မော်တတယ် (၂)ပါး သူ့ရှေ့ရောက်လာတာတွေ့ရင် ဒီကောင် ဘယ်လိုခံစားရမလဲ သိချင်မိတယ်…"

ဝူလျဲ့ ခေါင်းညိတ်လိုက်သည်။

သူ့အကြည့်များသည်လည်း ခွန်လွန်တောင်ဆီသို့ ဦးတည်လျှက် ရှိ၏။

မရှိမှုအာကာသအဆင့်သို့ပင် မရောက်သေးသည့် ထိုသူသားကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ကြရသည်။ ကျန်းလန်၏ ထူးခြားချက်က ဘာလဲဆိုသည်ကို သူ သိချင်လှသည်။

………………

လေပြေက နူးညံ့စွာတိုက်ခတ်နေပြီး နေရောင်ခြည်ကလည်း နွေးထွေးလျှက် ရှိသည်။

နှစ်ပေါင်းရာနှင့်ချီသည့်တိုင် သေရည်ဆိုင်အိုကြီးက မူလနေရာတွင် မပြောင်းမလဲ တည်ရှိနေဆဲပင်။

ကျန်းလန်က လမ်းမကြီးအတိုင်းမသွားဘဲ လမ်းလွှဲမှ ကွေ့ပတ်သွားရင်း သေရည်ဆိုင်အိုကြီးဆီသို့ ရောက်ရှိလာသည်။

ထိုသေရည်ဆိုင်က နာမ်ဝိညာဉ်ရောင်ပြန်ပညာဖြင့် တည်ဆောက်ထားသည့် သေရည်ဆိုင်ဖြစ်သည်။ သို့သော် သေရည်ဆိုင်ဆောက်လုပ်ထားပုံက သူ နားလည်သည့် နာမ်ဝိညာဉ်ရောင်ပြန်ပညာနှင့်မတူညီဘဲ တစ်မူထူးခြားသည်။ အမှားအယွင်းနှင့်ဟာကွက်ဆို၍ တစ်ခုတစ်လေမှ မရှိပေ။

သာမန်သေရည်ဆိုင်တစ်ဆိုင်မျှ ဖြစ်သော်လည်း အခြေခံအုတ်မြစ်က ထူးခြားလှသည်။

ခွန်လွန်တောင်သို့ သွားရာလမ်းက အကြိမ်ပေါင်းများစွာ ပြောင်းလဲခဲ့သည့်တိုင် သေရည်ဆိုင်ကတော့ မပြောင်းမလဲ တည်ရှိနေခဲ့သည်။

ကျန်းလန် သေရည်ဆိုင်အတွင်းသို့ဝင်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။ ထုံးစံအတိုင်းပင် သေရည်ဆိုင်က လူရှင်းနေ၏။

နေ့လည်ခင်းအချိန်ဖြစ်သော်လည်း ကောင်တာတွင် သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုကို မတွေ့ရပေ။

ဆိုင်ရှင်မရှိသည့်အတွက် အကောင်းစားသေရည် ရနိုင်ပါဦးမည်လားဟု ကျန်းလန်တွေးလိုက်သည်။ ဆိုင်ရှင်အဘိုးသာမရှိလျှင် အကောင်းစားသေရည်လည်း ဝယ်ယူနိုင်မည် မဟုတ်ပေ။

ကျန်းလန်က နာမ်ဝိညာဉ်သေရည်ဆိုင် တည်ဆောက်ထားပုံကို လေ့လာရန် ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း ဆရာဖြစ်သူအတွက် အကောင်းစားသေရည်တစ်အိုး လက်ဆောင်ဝယ်သွားမှ သင့်တော်ပေမည်။

ကျန်းလန်က ဆိုင်ကောင်တာသို့ လမ်းလျှောက်သွားလိုက်၏။

သူက ကောင်တာနောက်တွင် ကလေးငယ်ကို တွေ့မြင်ရမည်ဟု ထင်မိသော်လည်း တကယ်တမ်းတွေ့လိုက်ရသည်က ကလေးမလေးတစ်ယောက် ဖြစ်၏။

ကလေးမလေးက ဆံပင်အနီရောင်လေးနှင့်ဖြစ်ပြီး ကောင်တာနောက်တွင် ငုတ်တုတ်ထိုင်ကာ အကြမ်းပန်းကန်အကွဲများကို သိမ်းဆည်းနေသည်။

ကျန်းလန်ရောက်လာသည်ကို အာရုံခံမိသည်နှင့် သူမက ခေါင်းမော့ကြည့်လိုက်သည်။

"လူသားမျိုးနွယ် ၊ မူလဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူ…"

ကလေးမလေးက ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ကို ချက်ချင်း ခန့်မှန်းလိုက်သည်။

"ဘာများ လိုချင်ပါသလဲ…"

သူမ၏အသံက တည်ငြိမ်သော်လည်း အနည်းငယ် ရှက်ရွံ့နေဟန် ရှိသည်။

ကျန်းလန်က…

"အကောင်းစားသေရည်များ ရနိုင်မလားလို့ပါ…"

ဆံပင်အနီရောင်နှင့် ကလေးမလေးက လူသားတစ်ယောက် မဟုတ်ပေ။ တန်ခိုးစွမ်းအားမြင့်မားသည့် ဇာမဏီမျိုးနွယ်ဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။

သူမ၏ ကျင့်ကြံခြင်းအဆင့်က လူသားအင်မော်တယ် ၊ အလယ်ဆင့် ဖြစ်၏။ မွေးရာပါ အင်မော်တယ်တစ်ပါး ဟုတ် မဟုတ်ကိုတော့ ကျန်းလန်မသိနိုင်ပေ။

"ဆိုင်ရှင်အဘိုးက နေ့လည်ပိုင်းမှ ပြန်လာလိမ့်မယ်…"

မိန်းကလေးက မတ်တတ်ရပ်ရင်း အဖြေပေးလိုက်သည်။

သူမ၏ နာမည်က ဟုန်ယာ ဖြစ်၏။ အသက်က (၁၄)နှစ်ခန့်ရှိပြီး သေရည်ဆိုင်မှ ကောင်ငယ်လေးနှင့် မတိမ်းမယိမ်း ဖြစ်သည်။

ကျန်းလန်က ခေါင်းညိတ်ပြလိုက်ပြီး မည်သည့်စကားမှ မပြောတော့ဘဲ ဆိုင်ထောင့်တစ်နေရာတွင် သွားထိုင်နေလိုက်သည်။

သေရည်ဆိုင်တွင် ဇာမဏီမလေးတစ်ယောက် ရောက်နေသည်ကို သူ စိတ်မဝင်စားပေ။ လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀)ခန့်ကလည်း ဤနေရာတွင် နဂါးမလေးတစ်ယောက် ရောက်နေသည်ပဲ မဟုတ်ပါလား။

ပျက်သုန်းတစ်စပြင်လောကတွင် ကလေးမလေးများ ၊ ကလေးငယ်လေးများကို အထင်မသေးလိုက်ပါနှင့်။ အားလုံးက စွမ်းအားပြင်းထန်သည့် သားရဲများ ဖြစ်နေတတ်ကြသည်။

ကျန်းလန် မျက်လုံးများ မှေးမှိတ်လိုက်ပြီး နာမ်ဝိညာဉ်သေရည်ဆိုင်ကို စတင်အာရုံခံကြည့်လိုက်သည်။

သူက ကျင့်ကြံခြင်းတန်ခိုးစွမ်းအားများကို အသုံးမပြုဘဲ စိတ်စွမ်းအားကိုသာ အသုံးပြုပြီး နာမ်ဝိညာဉ်သေရည်ဆိုင်၏ တည်ရှိမှုကို အာရုံခံလိုက်သည်။

သူက နာမ်ဝိညာဉ်သေရည်ဆိုင် မည်သို့ တည်ဆောက်ထားသည်ကို သင်ယူလိုခြင်း ဖြစ်၏။

………………

ဟုန်ယာက ကျန်းလန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အရေးမစိုက်တော့ပေ။

သူမက ခဏခဏကျကွဲနေတတ်သည့် လက်ဖက်ရည်ကြမ်းပန်းကန်များကိုကြည့်ရင် မျက်မှောင်လေး ကြုံ့ထားလေသည်။

ထိုအချိန် ဆိုင်အနောက်ဘက်မှ ကလေးငယ် ထွက်လာ၏။

သူက ကျန်းလန်ကိုတွေ့သည်နှင့် ဝမ်းသာအားရဖြင့်…

"ဟာ… အစ်ကိုကြီး ရောက်နေတာလား…"

ယခုနှစ်များအတွင်း သူ အတော်လေး ကြိုးစားကျင့်ကြံခဲ့သည်ဖြစ်ရာ တိုးတက်မှု အများအပြား ရရှိခဲ့သည်။ ယခုတစ်ကြိမ်တော့ ကျန်းလန်၏ စိတ်ထဲဝင်ရောက်ရန် မည်သည့်ပြဿနာမှ ရှိနိုင်တော့မည် မထင်ပေ။

ဟုန်ယာက ကောင်ငယ်လေးကို သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်သည်။

သို့သော် ကောင်ငယ်လေးက ကောင်တာနောက်တွင ်မလှုပ်မယှက် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူမစိတ်ထဲ ပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရသော်လည်း အရေးစိုက်မနေတော့ဘဲ နေရာတွင်ပင်ရပ်ကာ တစ်စုံတစ်ခုကို စဉ်းစားနေမိသည်။

ခဏအကြာတွင်တော့…

ကောင်ငယ်လေးက ပြန်လည်လှုပ်ရှားလာပြီး စိတ်ပျက်လက်ပျက်ဖြင့် မြေပဲများကို ဝါးစားနေကြောင်း တွေ့လိုက်ရ၏။

ဟုန်ယာက…

"နင် ဘာလုပ်နေတာလဲ…"

ကောင်ငယ်လေးက ဟုန်ယာကို လှည့်ကြည့်လိုက်ပြီး…

"ငါ ဟိုအစ်ကိုကြီးရဲ့ စိတ်ထဲဝင်ဖို့ ကြိုးစားနေတာ…"

ပြီးမှ ကောင်ငယ်လေးက ဆက်ပြောသည်။

"အဲဒီအစ်ကိုကြီးရဲ့ စိတ်ထဲကို ဝင်နိုင်ပြီဆိုရင် ငါ ဘာမဆို လုပ်လို့ရပြီလို့ အဘိုးက ပြောထားတယ်…"

ဟုန်ယာက ခဏမျှ စဉ်းစားနေရင်း…

"ဟုတ်လား… ဒါဖြင့် ငါလည်း လုပ်ကြည့်ချင်တယ်… နင့်အဘိုးပြန်လာရင် လုပ်လို့ရလားလို့ မေးကြည့်ပေးပါလားဟင်…"

ကောင်ငယ်လေးက ချက်ချင်းခေါင်းခါရမ်းလိုက်၏။

"မဖြစ်ဘူး… မဖြစ်ဘူး…"

ခဏတုံ့ဆိုင်းနေပြီးမှ ကောင်ငယ်လေးက…

"ဝူထုန်တောင်မှာ တိုက်ပွဲဖြစ်တော့ လူတွေအများကြီး သေကြေပျက်စီးကြတာ… ၊ နင့်ကို ကယ်ပြီး ဒီမှာနေခွင့်ပြုဖို့ အဘိုးကို ငါ မနည်းတောင်းပန်ခဲ့ရတာ… ၊ အဲဒါကြောင့် ငါ နောက်ထပ်ကိစ္စတစ်ခုကို အဘိုးကို ထပ်မပြောရဲတော့ဘူး…"

"ဒါဖြင့်လည်းပြီးရော… ငါ နင့်ကို မခေါ်တော့ဘူး…"

ပြောပြီးသည်နှင့် ဟုန်ယာက ကောင်ငယ်လေးကို မျက်နှာလွှဲလိုက်သည်။

ကောင်ငယ်လေးက စိတ်ညစ်သွားဟန်ဖြင့်…

"အေးပါ… အေးပါ… အဘိုးကို ပြောမနေတော့ဘူး… နင် စမ်းချင်ရင် စမ်းကြည့်လေ…"

ဟုန်ယာက ခဏမျှတုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ဒါဖြင့်လည်း ပြီးရော…"

ပြီးမှ သူမက ဆက်ပြောသည်။

"ဟွန်း… ပြီးတော့ ငါ့ကိုကယ်လာလို့လည်း ငါက ကျေးဇူးတင်မယ်မထင်နဲ့… ၊ ငါက အိမ်မှာပဲ နေချင်တာ… ၊ အခုလည်း အိမ်ပြန်ချင်နေပြီ… သိလား…"

ကလေးမလေးစကားကြောင့် ကောင်ငယ်လေး မဝံ့မရဲ ခေါင်းညိတ်ပြလိုက်သည်။

စောစောက ပြောခဲ့မိသည့် စကားများအတွက်လည်း နောင်တရသွားမိသည်။

ဟုန်ယာက ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် ကျန်းလန်၏ စိတ်ထဲကို ဝင်ရောက်ရန် ကြိုးစားလိုက်သည်။ မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်က သူမကို တားဆီးရန် အဘယ်မှာ ဖြစ်နိုင်မညနည်း။

အချိန်အတန်ကြာပြီးနောက်…

ဟုန်ယာ မျက်နှာက ရှုံ့မဲ့လျှက်ဖြင့်…

"သူက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်လား…"

ကြည့်ရသည်မှာ ဟုန်ယာလည်း ကျန်းလန်၏ စိတ်ထဲသို့ ဝင်ရောက်နိုင်ခြင်း ရှိဟန်မတူပေ။

ဟုန်ယာ၏ ပုံစံကိုမြင်ရတော့မှ ကလေးငယ်မှာ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်ရင်း…

"မဟုတ်ဘူး…  ငါစမ်းသပ်ကြည့်ပြီးပြီ… ၊ အဲဒီ အစ်ကိုကြီးရဲ့ အရည်အချင်းက သာမန်ပဲ…"

"……………"

ဟုန်ယာ တိတ်ဆိတ်သွား၏။

သာမန်အရည်အချင်းပဲ ရှိတာလား။

လူသားတွေက ဒီလောက်တောင် စွမ်းအားကြီးမားကြသလား။ သို့မဟုတ် သူမက ကျင့်ကြံခြင်းကို အာရုံမစိုက်မိသောကြောင့် အသုံးမကျတော့ဘူးလား။

………………

နာမ်ဝိညာဉ်သေရည်ဆိုင်ကို လေ့လာနေသည့် ကျန်းလန်မှာ သူ့စိတ်တံခါးကို တစ်စုံတစ်ယောက် လာခေါက်ကြောင်း ခံစားလိုက်မိသည်။

သူက နာမ်ဝိညာဉ်သေရည်ဆိုင်အကြောင်း လုံလောက်စွာ နားလည်ထားသော်လည်း ကောင်တာအပြင်ဘက်မှနေပြီး နာမ်ဝိညာဉ်သေရည်ဆိုင်အတွင်းသို့ ဝင်ရောက်ရန် မဖြစ်နိုင်ခဲ့ပေ။

ကျန်းလန်က သေရည်ဆိုင်ထောင့်တွင်ထိုင်နေရင်း သူ့စိတ်တံခါးဝတွင် ပျောက်သွားလိုက် ၊ ပြန်ပေါ်လာလိုက်ဖြစ်နေသည့် ကောင်လေးနှင့် ကောင်မလေးကို တွေ့နေရသည်။

ဤ (၂)ယောက်က သူ့စိတ်ထဲကို ဝင်ရောက်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ သို့သော် သူမတို့ မည်မျှ ကြိုးစားပါစေ ကျန်းလန်၏စိတ်တံခါးကို ဖြတ်ကျော်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြပေ။

သူတို့ (၂)ယောက်က သူ့ကို အန္တရယ်ပြုမည့်အရိပ်အယောင်မရှိသောကြောင့် ကျန်းလန် စိတ်ထဲမထားတော့ပေ။

ဇာမဏီမလေးနှင့်ပတ်သက်၍လည်း သူ စိတ်ပူပန်စရာ မရှိပေ။ လိုအပ်လျှင် သူက လှုပ်ရှားမည် ဖြစ်သည်။

ထို့နောက် သူက နာမ်ဝိညာဉ်သေရည်ဆိုင်ကို နားလည်အောင် ငြိမ်သက်စွာပင်လေ့လာနေခဲ့ပြီး အချို့အကြောင်းအရာများကို သိရှိနားလည်ခဲ့ရသည်။

နာမ်ဝိညာဉ်သေရည်ဆိုင်တွင် ကွန်ယက်များသဖွယ် ချိတ်ဆက်ထားသည့် နေရာများစွာ ရှိသည်။

အမှန်တော့ နာမ်ဝိညာဉ်သေရည်ဆိုင်တစ်ဆိုင် ဆောက်လုပ်ရန် မခက်ခဲပေ။ နာမ်ဝိညာဉ်သေရည်ဆိုင်နှင့် ပြင်ပမှ သာမန်သေရည်ဆိုင်ကို ချိတ်ဆက်ရန်က ခက်ခဲခြင်း ဖြစ်၏။

ထိုသို့ချိတ်ဆက်ထားသည်ကို အခြားသူများ သတိမထားမိအောင် ပြုလုပ်နိုင်ရန်လည်း လိုအပ်သည်။

ကျန်းလန် အချိန်အတန်ကြာအောင် လေ့လာနေစဉ် ရုတ်တရက် သူ့စိတ်တံခါးပွင့်သွားပြီး ကောင်တာတွင်ရပ်နေသည့် ဆိုင်ရှင်အဘိုးအို သူ့စိတ်ထဲ ဝင်ရောက်လာသည်။

သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုက လက်ထဲမှ သေရည်အိုးကို သူ့ထံ ဝှေ့ရမ်းပြနေ၏။

ကျန်းလန် ချက်ချင်း သတိပြန်ဝင်လာလေသည်။

ဆိုင်ရှင်အဘိုးအို ပြန်ရောက်လာသည်ကိုပင် သူ သတိမထားခဲ့မိပေ။ အဘိုးအိုရောက်လာသည်နှင့် အိမ်ကွင်းတွင်ကစားနေရာမှ အဝေးကွင်းတွင် ကစားရသည့်အလား ချက်ချင်းပုံစံပြောင်းသွားသည်။

သေရည်ဆိုင်ပိုင်ရှင်က အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်လား။

ထို့ပြင် သေရည်ဆိုင်ပိုင်ရှင်၏ ကျင့်ကြံခြင်းအဆင့်ကို သူ သိမြင်နိုင်ခြင်း မရှိပေ။

ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိမြင်နိုင်ခြင်း မရှိသေးသလို သေရည်ဆိုင်ပိုင်ရှင်၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း ရှင်းရှင်းလင်းလင်း သိမြင်ရခြင်း မရှိပေ။

……………

လုန်မန်တစ်ယောက် ခွန်လွန်တောင်မှ ထွက်ခွာလာသည်။

လုန်ရဲ့က တောင်ခြေသေရည်ဆိုင်မှ အကောင်းစားသေရည် အလွန်ကောင်းသည်ဟုဆိုသောကြောင့် မြည်းစမ်းကြည့်ရန် ထွက်လာခြင်းဖြစ်၏။

လုန်ရဲ့က သေရည်ဆိုင်မှ ဟင်းလျာများက ညစ်ပတ်သည်ဟုဆိုကာ လုန်ရဲ့က အခြားနေရာတွင် ဟင်းလျာဝယ်ယူရန် ထွက်ခွာသွားသည်။

သေရည်ဆိုင်မှ အစားအသောက်များက ဝက်ချေးနှင့်တူသည်ဟု လုန်ရဲ့ကဆို၏။

လုန်မန်ကတော့ ဝက်ချေးဆိုသည်မှာ မည်သို့သောအရသာရှိမှန်း မသိရှိပေ။ သို့သော် မကောင်းသည့်အရသာတစ်ခုခု ဖြစ်ပေမည်ဟု တွေးလိုက်၏။

လုန်ရဲ့ ဟင်းလျာများ သွားဝယ်စဉ် လုန်မန်တစ်ယောက်တည်း သေရည်ဆိုင်သို့ ထွက်လာခဲ့သည်။

သေရည်ဆိုင်အဝသို့ရောက်သည်နှင့် သေရည်ဆိုင်ထဲမှ ထွက်လာသည့် ခွန်လွန်တောင်တပည့်တစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုသူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံနွယ်တို့က ပခုံးထက်ဝဲကျနေသည်။ မျက်နှာက တည်ငြိမ်လွန်းပြီး မျက်ဝန်းများက အညိုရောင်ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်က မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် ဖြစ်၏။

အရာအားလုံးက ပုံမှန်ပင် ဖြစ်လေသည်။ သို့သော် ထိုသူကိုတွေ့သည်နှင့် လုန်မန် နှလုံးခုန်သံများ ရပ်တန့်သွားမတတ်ခံစားလိုက်ရသည်။

သူ့မျက်လုံးထဲတွင် ကြောက်ရွံ့သည့်အငွေ့အသက်များ ဖြတ်သန်းသွားပြီး မတ်တတ်ပင် မရပ်နိုင်တော့ဘဲ သေရည်ဆိုင်တံခါးကို မသိမသာ ဆုပ်ကိုင်ထားလိုက်မိ၏။

ထိုသူ ထွက်ခွာသွားမှ လုန်မန်၏နှလုံးခုန်သံ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။

"သူ ဘယ်သူလဲ…"

သူ့ရင်ထဲ နက်နက်ရှိုင်းရှိုင်းတစ်နေရာတွင် ကြောက်ရွံ့မှုတစ်ခုက အလိုလို ဖြစ်တည်လာခဲ့လေသည်။

All Chapters