ယောက်ဖ
Vol. 15 Ch. 206
အခန်း (၂၀၆) ယောက်ဖ
ကျန်းလန် သေရည်ဆိုင်ထဲမှ ထွက်ခွာလာခဲ့သည်။
ဆိုင်အထွက်တွင် လူငယ်တစ်ယောက်နှင့် ဆုံခဲ့ရသည်။ ထိုလူငယ်မည်သူဖြစ်ကြောင်း ကျန်းလန် ချက်ချင်း မှတ်မိလိုက်၏။
အနောက်ဘက်တောင်တန်းများဆီ ခရီးထွက်စဉ်က တွေ့ဆုံခဲ့ရသည့် နဂါးမျိုးနွယ်မှ အဋ္ဌမမင်းသားဆိုသူ ဖြစ်သည်။
သို့သော် လူငယ်ကိုတွေ့သည်နှင့် ကျန်းလန်က ခြေလှမ်းများရပ်တန့်လိုက်ခြင်း မရှိသလို အံ့အားသင့်ဟန်လည်း မပြခဲ့ပေ။
ထိုလူငယ်ကို ခွန်လွန်တောင်တွင်တွေ့မြင်ရသည်မှာ ထူးခြားသည့်ကိစ္စ မဟုတ်ပေ။
နဂါးမင်းသမီးတစ်ယောက်လုံး ခွန်လွန်တောင်တွင် ပညာသင်နေလေရာ နဂါးမျိုးနွယ်မှ အဋ္ဌမမင်းသားနှင့် နဂါးမင်းသမီးလုန်ယွိတို့ အဆက်အသွယ်ရှိသည်မှာ ပုံမှန်ပင် ဖြစ်သည်။
ထို့ကြောင့် လုန်မန် ခွန်လွန်တေင်တွင် ရှိနေသည်မှာ အဆန်းမဟုတ်ပေ။
နဂါးမင်းသား သူ့ကိုမှတ်မိသွားရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ကြောင်း သိရှိထားသောကြောင့် ကျန်းလန် စိတ်အေးလက်အေးဖြစ်နေခြင်း ဖြစ်သည်။
ထို့နောက် ကျန်းလန်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်၏။
ထိုစဉ်…
"အစ်ကိုကြီး… ခဏလောက်စောင့်ပါဦး…"
ကျန်းလန် အတော်ဝေးဝေးသို့ရောက်မှ အနာက်ဆီမှ ခေါ်သံ ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်တော့ မြေပဲတစ်ထုပ်ယူကာ ပြေးလာသည့် သေရည်ဆိုင်မှ ကလေးငယ်ကို တွေ့လိုက်ရသည်။
"ရော့… အစ်ကိုကြီးအတွက်…"
ကလေးငယ်က ကျန်းလန်ထံ ပြေးလာပြီး မြေပဲထုပ်ကို ကမ်းပေးလိုက်သည်။
ကျန်းလန်က မြေပဲထုပ်ကို ယူလိုက်ရင်း…
"ကျေးဇူးပဲကွာ…"
ကလေးငယ်က လှည့်မပြန်သေးဘဲ ကျန်းလန်ရှေ့တွင် ဆက်ပြီး မတ်တတ်ရပ်နေ၏။ သူ့ကို ကြည့်ရသည်မှာ ကျန်းလန်ကို ပြောစရာစကားတစ်ခုခု ရှိနေဟန်ပင်။
ကျန်းလန်က…
"မင်းမှာ ဘာပြဿနာများရှိလို့လဲ…"
ကလေးငယ်က ခေါင်းညိတ်လိုက်ရင်း…
"ရှိတယ်…"
ပြီးမှ ကလေးငယ်က ဆက်ပြော၏။
"ဟုန်ယာကို ကျွန်တော့်လိုမျိုးဖြစ်အောင် ဘယ်လိုလုပ်ရမလဲ သိချင်လို့…"
ကျန်းလန် စိတ်ရှုတ်ထွေးသွားသည်။
"ဟုန်ယာ… ဟုတ်လား…"
ကျန်းလန် ခန့်မှန်းကြည့်လိုက်သည်။
ကလေးငယ်က ကျန်းလန်ကို ကြည့်လိုက်ရင်း…
"ဆိုင်မှာကူပေးနေတဲ့ ကောင်မလေးလေ… ၊ စောစောက အစ်ကိုကြီး သူ့ကိုတွေ့လိုက်တယ် မဟုတ်လား… ၊ သူက အရမ်းလှတာပဲနော်…"
"………………"
ကျန်းလန်က ကလေးမလေး၏ပုံစံ မည်သို့ရှိကြောင်း အရေးမစိုက်မိသဖြင့် မသိရှိလိုက်ပေ။
သူတို့က ရန်သူများလည်း မဟုတ်သလို မိတ်ဆွေများလည်း မဟုတ်လေရာ ကောင်မလေး ချောလား မချောလား သူ သေသေချာချာပင် မကြည့်မိခဲ့ပေ။
ကျန်းလန်က ကောင်လေး၏မေးခွန်းကို အဖြေမပေးဘဲ မေးခွန်းတစ်ခု ထပ်မေးလိုက်၏။
"သူက မင်းနဲ့ မတူလို့လား…"
ကလေးငယ်က ခေါင်းညိတ်လိုက်ရင်း…
"အင်း… သူက ကျွန်တော်နဲ့ မတူဘူး…"
ကောင်လေးကို ကြည့်ရသည်မှာ စိတ်ပျက်နေဟန် မရှိသော်လည်း သိချင်စိတ်ဖြစ်နေဟန် ရှိသည်။
"အစ်ကိုကြီး… အစ်ကိုကြီးမှာ နည်းလမ်းရှိလား…"
"ကျုပ်မှာ နည်းလမ်းရှိမယ်လို့ မင်းက ဘာလို့ထင်ရတာလဲ…"
ကျန်းလန်က အခြားသူများနှင့် စကားပင်ဟဟ မပြောဘူးသူဖြစ်လေရာ ချစ်ရေးချစ်ရာကိစ္စများတွင် အဘယ်မှာ အတွေ့အကြုံရှိပါမည်နည်း။
သို့ဖြစ်ရာ ကလေးငယ်က သူ့ကို အဘယ့်ကြောင့် လာမေးနေမှန်း နားမလည်ပေ။ သို့တည်းမဟုတ် ကလေးငယ်တွင် မေးစရာဆို၍ သူတစ်ယောက်သာ ရှိသောကြောင့်လည်း ဖြစ်နိုင်သည်။
ကလေးငယ်က…
"အဘိုးပြောတာတော့ အစ်ကိုကြီးမှာ စေ့စပ်ထားတဲ့မိန်းကလေး ရှိတယ်တဲ့… ၊ အဲဒါကြောင့် အစ်ကိုကြီးများ သိမလားလို့ပါ…"
"………………"
သူ့တွင် စေ့စပ်ထားသည့်မိန်းကလေး ရှိနေရခြင်းက ခွန်လွန်တောင် ကောင်းမှုကြောင့် ဖြစ်၏။ ကိုယ်စွမ်းကိုယ်ဖြင့် ရည်းစားတစ်ယောက်ရခြင်း မဟုတ်ပေ။
သို့သော် ကလေးငယ်က သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေလေရာ ကျန်းလန် စကားဆက်ပြောရန် ဆုံးဖြတ်လိုက်ရတော့သည်။
"မင်း ပိုပြီး တန်ခိုးစွမ်းအားမြင့်မားလာဖို့ လိုအပ်တယ်… ၊ ကြည့်ရတာ မင်း သူ့လောက် တန်ခိုးစွမ်းအား မမြင့်မားသေးဘူး မဟုတ်လား…"
ကောင်လေးက ချက်ချင်းပင် ခေါင်းညိတ်ပြသည်။
"ကျွန်တော်က သူ့ထက် နည်းနည်းလောက်ပဲ တန်ခိုးစွမ်းအားနည်းတာပါ… ၊ ပြီးတော့ ကျွန်တော်က အရည်ခွံထူတယ်လေ… ၊ လူသားအင်မော်တယ်တွေတောင် ကျွန်တော့်ကို ဘာမှ မလုပ်နိုင်ဘူး… ၊ ကျွန်တော်လည်း သူတို့ကိုတော့ မတိုက်ခိုက်နိုင်ဘူးပေါ့… ၊ ဒါနဲ့ စကားမစပ် လူသားတွေက အသက် (၁၈)နှစ်ပြည့်ရင် အရွယ်ရောက်ပြီလို့ သတ်မှတ်ကြတာနော်… ဟုတ်တယ်မလား… ၊ အဲဒါဆို ကျွန်တော်လည်း အခု အရွယ်ရောက်ပြီ ပေါ့နော်…"
ကလေးငယ်က ကျန်းလန်ကို မော့ကြည့်ရင်း ပြောလာသည်။
ကျန်းလန်က ကလေးငယ်ကို တစ်ချက်ကြည့်လိုက်၏။ အရင်ကလည်း ဒီကလေး ဒီလိုမေးခွန်းမျိုး မေးဖူးသေးသည်။ ခဏမျှ တိတ်ဆိတ်နေပြီးမှ သူက ကလေးငယ်၏မေးခွန်းကို တိုက်ရိုက်မဖြေဘဲ သွယ်ဝိုက်အဖြေပေးလိုက်သည်။
"ဒီအကြောင်းတွေမစဉ်းစားခင် ကောင်မလေးဘက်က မင်းကို သဘောကျလာအောင် အရင်လုပ်သင့်တယ်…"
ဒီကောင်လေးပုံစံက မည်သည့်နည်းနှင့်မှ အရွယ်ရောက်သူ မဟုတ်သေးပေ။
ကျန်းလန်စကားကို ကြားသည်နှင့် ကလေးငယ် ချက်ချင်း သဘောပေါက်သွားသည်။ အစ်ကိုကြီး၏ စကားအရ သူ့အရွယ်က ချစ်သူထားရန် အချိန်စောနေသေးသည့်ပုံမျိုး ဖြစ်သည်။
ထို့နောက် ကျန်းလန်က ကလေးငယ်ကို နှုတ်ဆက်ပြီး နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။
နာမ်ဝိညာဉ်သေရည်ဆိုင်ကို လေ့လာပြီးနောက် နာမ်ဝိညာဉ်ရောင်ပြန်ပညာကို အနည်းငယ် ထိုးထွင်းသိမြင်လာခဲ့သည်။ ထို့ကြောင့် တောင်ပေါ်ပြန်ပြီး ကျမ်းစာအုပ်ကို ထပ်မံလေ့လာရမည် ဖြစ်သည်။
ထို့ပြင် နတ်မိစ္ဆာများအန္တရယ်ကိုလည်း သတိထားရမည်ဖြစ်သလို နဂါးများကလည်း ရောက်ရှိနေကြပြီ ဖြစ်လေရာ အချိန်မရွေး စိန်ခေါ်မှုပြုလုပ်လာနိုင်သည်။
………………
ကျန်းလန် ထွက်ခွာသွားပြီးနောက် လုန်မန် အသိစိတ်ပြန်ဝင်လာသည်။
သူက ကျန်းလန်ထွက်ခွာသွားရာသို့ ပဟေဠိများစွာဖြင့် လှမ်းကြည့်လိုက်သည်။
တစ်ဖက်လူက သေချာပေါက် မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူ ဖြစ်သည်။ သို့သော် အဘယ့်ကြောင့် သူက ဤမျှ ကြောက်ရွံ့ထိတ်လန့်သွားရပါသနည်း။
လုန်မန်က အင်မော်တယ်အဖြစ် မွေးဖွားလာသူဖြစ်ရာ အန္တရယ်ကို အာရုံခံနိုင်စွမ်း မြင့်မားသည်။ သို့ပေသိ ထိုသူကို ဘာအတွက် ကြောက်ရွံ့သွားရပါကြောင်း အာရုံခံနိုင်စွမ်း မရှိခဲ့ပေ။
ထိုသူတွင် သာမန်မဟုတ်သည့် မှော်ဝင်ပစ္စည်းတစ်ခုခု ရှိနေခြင်းများလား။
"မင်း ဘာတွေကြည့်နေတာလဲ…"
လုန်ရဲ့၏ အသံက ထွက်ပေါ်လာသည်။
လုန်ရဲ့ ဟင်းလျာများဝယ်ယူပြီး ပြန်ရောက်လာစဉ် စိတ်ရှုတ်ထွေးနေသည့် နဂါးမင်းသားကို တွေ့လိုက်ရသောကြောင့် မေးမြန်းလိုက်ခြင်း ဖြစ်၏။
လုန်မန်က…
"ဟိုလမ်းအတိုင်းထွက်သွားတဲ့သူက ဘယ်သူလဲ…"
ထိုသူ မည်သူဖြစ်ကြောင်း သူ သိချင်မိသည်။
သူ့ကို ယခုကဲ့သို့ ကြောက်ရွံ့တုန်လှုပ်သွားအောင် လုပ်နိုင်သည်မှာ တစ်ဖက်လူတွင် ထူးခြားမှုတစ်ခုခု ရှိရပေမည်။ ထိုသူနှင့် ရန်သူမဖြစ်သင့်ဟု လုန်မန် ခံစားလိုက်ရသည်။
လုန်ရဲ့က…
"အဲဒါ ကျန်းလန်လေ… ၊ မင်း ဒီတစ်ခေါက် ခွန်လွန်တောင်မှာ သူနဲ့ရင်ဆိုင်ရမှာ… ၊ ကြားတာတော့ သူက နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်ထားတယ် ဆိုပဲ… ၊ အဲဒီဓားသိုင်းက ကျုပ်တို့ နဂါးတွေအတွက်တော့ အန္တရယ်ကြီးတဲ့အထဲပါတာပေါ့…"
အန္တရယ်ကြီးသည်ဟုပြောလိုက်သော်ငြား လုန်ရဲ့က ထိုကိစ္စကို အလေးအနက်ထားဟန် မရှိပေ။ နဂါးသုတ်သင်ဓားသိုင်းနှင့်ပတ်သက်ပြီး လူအများက ချဲ့ကားပြောဆိုကြသည်ဟုသာ သူက မှတ်ယူထားသည်။
လုန်မန်က အံ့သြတုန်လှုပ်သွားပြီး…
"ဒါဖြင့် သူက ကျုပ်ယောက်ဖပေါ့…"
ယောက်ဖကို ပထမဆုံးအကြိမ် တွေ့တွေ့ချင်းမှာပင် သူက ကြောက်ရွံ့နေခဲ့မိသည်တဲ့လား။
နဂါးသုတ်သင်ဓားသိုင်းကြောင့်များ သူ တည်ငြိမ်မှုပျက်ပြားပြီး ထိုမျှတုန်လှုပ်သွားရခြင်းလား။ သို့ဆိုလျှင် နဂါးသုတ်သင်ဓားသိုင်းကို လျှော့မတွက်သင့်ပေ။
သို့ရာတွင် မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် လူသားကျင့်ကြံသူတစ်ယောက်ကတော့ အထင်ကြီးစရာ သိပ်မရှိဟု သူ့စိတ်ထဲတွေးနေမိဆဲပင်။
လုန်မန်က မွေးရာပါအင်မော်တယ်တစ်ပါးဖြစ်သော်လည်း အသက်ငယ်ရွယ်ပြီး အတွေ့အကြုံရင့်ကျက်ခြင်း မရှိသေးပေ။
နဂါးမျိုးနွယ်များ ခွန်လွန်တောင်နှင့် ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးသည်နှင့် ကျန်းလန်ကို သူ စိန်ခေါ်ရမည် ဖြစ်သည်။
ပထမတောင်ထွတ်မှ အဋ္ဌမတောင်ထွတ်အထိ စိန်ခေါ်ပွဲတွင် မည်သူအနိုင်ရသည်ဆိုခြင်းက အရေးမကြီးပေ။ အရေးကြီးသည်က သူ၏စိန်ခေါ်ပွဲ ဖြစ်၏။
လုန်ရဲ့က…
"လာ… သွားသောက်ရအောင်… ၊ ဒီသေရည်ဆိုင်က အကောင်းစားသေရည်က တကယ်ကောင်းတာ… ၊ အခုအချိန်က ဘာပြဿနာမှ မရှိသေးဘူးကွာ…"
သူတို့ (၂)ယောက် သေရည်ဆိုင်ထဲသို့ ဝင်လိုက်ကြ၏။
မကြာမီ သေရည်ဆိုင်ထဲတွင် သေရည်အိုး ကျကွဲသံများနှင့် ဆူညံသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရလေတော့၏။
"ခွမ်း…"
အသံက ကျယ်လောင်လွန်းသည်။
ထို့နောက် ဒေါသတကြီးအော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
"မင်းက ခွေးစာကျွေးနေတာလားကွ… ဟေ… ၊ ဒီ တစ်ငုံစာသေရည်လေးက ဘယ်လိုလုပ် သောက်ရမှာလဲကွ… ၊ သေရည်အိုးကြီးတစ်အိုးပေးစမ်း…"
ထိုအသံသည်ကား လုန်ရဲ့၏အသံ ဖြစ်တော့၏။
…………
ဆရာဖြစ်သူကို သေရည်လက်ဆောင်ပေးပြီးနောက် ကျန်းလန် မရဏဂူသို့ ပြန်လာခဲ့သည်။
မကြာမီ ငရဲတံခါးတွင် ပြဿနာတစ်ခုခု ဖြစ်လာနိုင်ကြောင်း မော့ကျန်းသုန့်က ကျန်းလန်ကို သတိပေးစကားဆိုလိုက်သည်။ ကျန်းလန်အနေဖြင့် သတိထားရန် လိုအပ်သည်။
တိုက်ပွဲတစ်ခုခု ရင်ဆိုင်ရပါက သူပါဝင်တိုက်ခိုက်နိုင်သည်ဟုလည်း ဆရာဖြစ်သူက သူ့ကို မှာကြားလိုက်၏။
"ငါက အတွေ့အကြုံနည်းလို့ ဆရာက ဝင်တိုက်ခိုင်းတာ ဖြစ်ရမယ်…"
ကျန်းလန် တွေးလိုက်သည်။
သူက တကယ်လည်းအတွေ့အကြုံနည်းပါးသူဖြစ်သည်။ ပြင်ပလောကသို့ သွားရောက်စဉ်ကလည်း တိုက်ပွဲများစွာ မဆင်နွှဲခဲ့ရပေ။
နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကြောင့် ကျန်းလန်က တော်ရုံဖြင့် အန္တရယ်ကျရောက်ခြင်း မရှိပေ။
သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို နှစ်ပေါင်းတစ်ထောင် စုဆောင်းထားရန်မှာ မည်မျှခက်ခဲကြောင်း ကျန်းလန် တဖြည်းဖြည်း သိလာရသည်။
သူက ဆရာဖြစ်သူကို ပြန်လည်အပ်နှင်းရန်အတွက် သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားများကို စုဆောင်းနေသော်လည်း ထိုတန်ခိုးစွမ်းအားများက သိပ်သည်းရန်ခက်ခဲပြီး အလိုလို ပျောက်ကွယ်သွားတတ်ကြသည်။
ထိုတန်ခိုးစွမ်းအားများ စုဆောင်းရန်မှာ အချိန်ယူရမည့်ကိစ္စဖြစ်သည်။ သို့သော် ဤသည်က ကျန်းလန်၏ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်၏။
ကျန်းလန် မရဏဂူထဲတွင် ထိုင်နေ၏။
မရဏဂူပတ်ဝန်းကျင်တွင် ပြုလုပ်ထားသည့် အစီအရင်များနှင့် မရဏဂူကို ဖုံးကွယ်ထားစေရန် ပြုလုပ်ထားသော နာမ်ဝိညာဉ်မရဏဂူကို ကျန်းလန် အာရုံစိုက်နေသည်။
တစ်စုံတစ်ယောက်က မရဏဂူကို နက္ခတ်ပညာအသုံးပြုပြီး အာရုံခံမည်ဆိုလျှင် သူတို့အနေဖြင့် နာမ်ဝိညာဉ်ရောင်ပြန်ပညာဖြင့် ကျန်းလန် အတုအယောင်ဖန်တီးထားသည့် မရဏဂူကိုသာ တွေ့မြင်ရပေလိမ့်မည်။
အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားမှသာ မရဏဂူပုံရိပ်ယောင်ကို တွေ့မြင်ရမည်ဖြစ်ပြီး တန်ခိုးစွမ်းအားနည်းပါးသူများ ဖြစ်ပါက မည်သည့်အရာကိုမှ သိမြင်နိုင်မည် မဟုတ်ပေ။
ကျန်းလန် မရဏဂူထဲမှ ထွက်လာခဲ့ပြီး သူနေထိုင်ရာ ခြံဝန်းဆီသို့ ပြန်လာခဲ့သည်။
ငရဲတံခါးတွင် မရဏအငွေ့အသက်များ ပေါက်ကွဲထွက်နေပြီ ဖြစ်သောကြောင့် သူက အပြင်ဘက်တွင် လာရောက်နေထိုင်ရန် ဆုံးဖြတ်ခြင်း ဖြစ်၏။
နဂါးမျိုးနွယ်များလည်း ခွန်လွန်တောင်သို့ ရောက်ရှိနေကြလေရာ မထင်မှတ်သည့် အဖြစ်အပျက်များ ဖြစ်ပေါ်လာမည်ကို ကျန်းလန် စိတ်ပူမိသည်။
ကျန်းလန်က သတိဖြင့်နေထိုင်ရင်း မျက်လုံးကိုမှိတ်ကာ စိတ်အာရုံထဲမှ နာမ်ဝိညာဉ်ရောင်ပြန်ပညာကို လေ့လာနေလိုက်သည်။
ထိုပညာကို နားလည်ရန် ခက်ခဲနေမည်ဆိုလျှင်တော့ နောက်ဆုံးကျန်နေသေးသည့် တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကို စားရပေလိမ့်မည်။
ထိုလက်ဖက်ခြောက်ကို သိမ်းထားစရာလည်း အကြောင်းမရှိတော့ပေ။
ညဘက်တွင်တော့…
ငြိမ်သက်နေသည့် မရဏဂူပတ်ဝန်းကျင်တွင် အသံတစ်သံထွက်ပေါ်လာပြီး မရဏဂူထက်တွင် အလင်းရောင်များ လင်းလက်တောက်ပလာသည်ကို တွေ့လိုက်ရသည်။
အလင်းရောင်များက အတော်လေး ရှုတ်ထွေးလှ၏။ မသိလျှင် လူတစ်ယောကက်က အလင်းရောင်များကို ထိတွေ့ခြယ်လှယ်နေသကဲ့သို့ ဖြစ်လေသည်။
"ဘုန်း…"
အပြင်ဘက်တွင် ကျယ်လောင်သည့် အသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဂရား…"
ဝံပုလွေအော်သံကြီးက မိုးနဲ့မြေကို တုန်လှုပ်သွားစေသည်။
ကျန်းလန် မျက်လုံးများ ဖွင့်ကြည့်လိုက်ပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
"သူတို့လာကြပြီ…"
မရဏဂူကို ဖုံးကွယ်ထားသည့် အစီအရင်က ချက်ချင်းပင် သက်ဝင်လှုပ်ရှားလာသည်။
တစ်စုံတစ်ယောက်က မရဏဂူရှိရာသို့ နက္ခတ်ပညာအသုံးပြုပြီး အာရုံခံကြည့်ရှုနေပြီ ဖြစ်သည်။ သိုု့သော် ထိုသူ၏ ပစ်မှတ်က ငရဲတံခါးလား ၊ သူ့ကိုလားဆိုသည်ကိုတော့ ကျန်းလန် မသိရှိရသေးပေ။
အတိအကျသိရှိရန် အချိန်အနည်းငယ် စောင့်ကြည့်ရမည် ဖြစ်၏။
ထိုသူ နက္ခတ်ပညာအသုံးပြုခြင်း အဆုံးသတ်သွားသည်နှင့် အစီအရင်မှ တုံ့ပြန်မှုကိုကြည့်ပြီး အဖြေကို သိရမည် ဖြစ်သည်။ ထို့အတူ တစ်ဖက်လူ၏ တည်နေရာကိုလည်း အကြမ်းဖျင်း သိရှိနိုင်မည် ဖြစ်သည်။
သို့သော် ရန်သူက နက္ခတ်ပညာရှင် ကျွမ်းကျင်အဆင့်ဆိုလျှင်တော့ သူ့အနေဖြင့် ခြေရာခံရန် ခက်ခဲနိုင်သည်။
ခြေရာခံနိုင်ပြီဆိုလျှင်တော့ ရန်သူကိုရှာဖွေပြီး အခြေအနေကြည့်ကာ လှုပ်ရှားရမည် ဖြစ်သည်။
"ဘုန်း..."
အပြင်ဘက်မှ ကျယ်လောင်ထစ်ချုန်းသည့် အသံကြီးအသံ ထွက်ပေါ်လာသည်။
ကျန်းလန် အပြင်သို့ တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီး အလျင်လိုခြင်း မရှိဘဲ ဆက်လက်စောင့်ဆိုင်းနေလိုက်သည်။ မကြာမီ နတ်မိစ္ဆာများနှင့် စာရင်းရှင်းရတော့မည် ဖြစ်၏။
ယခင်က သတင်းများအရဆိုလျှင် နတ်မိစ္ဆာများက ငရဲတံခါးကို ဦးတည်တိုက်ခိုက်လိုခြင်း ဖြစ်သည်။
ထို့နောက် ကျန်းလန် မရဏဂူသို့ ပြန်လည်ထွက်ခွာလာခဲ့ပြီး ငရဲတံခါးကို လေ့လာကြည့်လိုက်သည်။ သို့သော် ငရဲတံခါးတွင် မည်သည့်အပြောင်းအလဲမှ မခံစားရပေ။
"နည်းနည်းတော့ ထူးဆန်းတယ်..."
ပုံမှန်ဆိုလျှင် ငရဲတံခါးတွင် အနည်းနှင့်အများ အပြောင်းအလဲ ဖြစ်ပေါ်ရမည် ဖြစ်သည်။ ယခုတော့ တစ်ခုတစ်လေမှပင် ပြောင်းလဲခြင်း မရှိခဲ့ပေ။