အခန်း (၁၃၃၆-၁၃၃၈)
Vol. 90 Ch. 1336-1338
အခန်း(၁၃၃၆)
"ဝုန်း.."
မရေမတွက်နိုင်သော အံ့သြထိတ်လန့်နေသည့် အကြည့်များအောက်မှာပင် ရှားယွမ်ဟောင်၏ ခန္ဓာကိုယ်ကနေ ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ရှားယွမ်ဟောင်၏ ပုံရိပ်သည် ရုတ်တရက် ပေ၁၀၀ခန့် မြင့်တက်လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကို ထောက်ကန်ထားသော ငွေရောင် ဧရာမလူကြီး တစ်ဦးအဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့သည်။
ငွေရောင် ဧရာမလူကြီးသည် ငွေရောင် သံချပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ငွေရောင် အလင်းတန်းများဖြင့် တလက်လက် တောက်ပနေခဲ့သည်မှာ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
"ဒါ.. ဒါက ဘာသိုင်းပညာလဲဟ"
စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ ဖြစ်နေသော ရှားယွမ်ဟောင်ကိုကြည့်ရင်း ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူ အများအပြားသည် အံ့သြတုန်လှုပ်နေခဲ့ကြသည်။
ကြီးကျယ်ခမ်းနားသော လျှို့ဝှက်နယ်မြေရှစ်ခုမှ ပါရမီရှင်များပင် မျက်မှောင်များ ရုတ်တရက် ကြုတ်သွားကြ၏။
ဟောင်ထျန်း တိုက်ခိုက်ရေးခန္ဓာကိုယ်။
ဤသိုင်းပညာကို လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဟောင်ထျန်း သူတော်စင်နယ်မြေ၏ နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ်ကို ရောက်ရှိနေသည့် ရုပ်ပိုင်းဆိုင်ရာ အထူးပြု ကျင့်ကြံသူ ဘိုးဘေးတစ်ဦး ဖန်တီးခဲ့သည်ဟု ဆိုကြသည်။
ဟောင်ထျန်း တိုက်ခိုက်ရေးခန္ဓာကိုယ်သည် ဧကရာဇ်အဆင့်ကိုယ်ခံပညာ ဖြစ်သော်လည်း ဟောင်ထျန်းသူတော်စင်နယ်မြေ၏ အင်ပါယာအဆင့် ခန္ဓာကိုယ်ကျင့်စဥ်နှင့် ပေါင်းစပ်၍ ဖန်တီး တီထွင်ခဲ့ခြင်းဖြစ်၍ ၎င်း၏ စွမ်းအားသည် သာမန် ဧကရာဇ်အဆင့် ကိုယ်ခံပညာရပ်များထက် များစွာ ပို၍အားကောင်း၏။
ထိုအချိန်က ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ရုပ်ပိုင်းဆိုင်ရာ အထူးပြုကျင့်ကြံသူ ဘိုးဘေးသည် ထိုဟောင်ထျန်းတိုက်ခိုက်ရေး ခန္ဓာကိုယ်ကို အားကိုးပြီး တိုက်ပွဲအားလုံးတွင် ရှုံးပွဲမရှိ တိုက်ခိုက်နိုင်ခဲ့ကာ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်း ဟုပင် ကျော်ကြားခဲ့သည်။
သို့သော်လည်း ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ရုပ်ပိုင်းဆိုင်ရာ အထူးပြု ကျင့်ကြံသူဘိုးဘေး နောက်ပိုင်းတွင် ဟောင်ထျန်း သူတော်စင်နယ်မြေတွင် ရုပ်ပိုင်းဆိုင်ရာ အထူးပြု ကျင့်ကြံသည့် ပါရမီရှင် မရှိတော့၍ ဟောင်ထျန်း တိုက်ခိုက်ရေးခန္ဓာကိုယ် ကျင့်စဥ်ကို တတ်ကျွမ်းသည့်သူလည်း မရှိတော့ချေ။
နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်တွင် ရှားယွမ်ဟောင်သည် တစ်ချိန်က ရှန်းဝူတိုက်ကြီး၏ နာမည် ကျော်ကြားသော ဤတိုက်ခိုက်ရေးပညာကို မမျှော်လင့်ဘဲ ထုတ်ဖော်လာလိမ့်မည်ဟု မည်သူမှ မတွေးမိခဲ့ပေ။
"ကျန်းချန်.. မင်း ငါ့ရဲ့ဟောင်ထျန်း တိုက်ခိုက်ရေး ခန္ဓာကိုယ်ကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်"
ရှားယွမ်ဟောင်က ကျန်းချန်ကို အထက်စီးကနေ ငုံ့ကြည့်လိုက်ရင်း လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ထို့နောက်တွင် သူ၏ ကြီးမားသော လက်သီးချက်သည် ငွေရောင်ဥက္ကာခဲ ကဲ့သို့ ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်ခါနိုင်သောစွမ်းရည်ဖြင့် ကျန်းချန် ဆီသို့ ထိုးနှက်လိုက်၏။
"ဟားဟား ရှားယွမ်ဟောင်.. ရုပ်ပိုင်းဆိုင်ရာ ထိပ်တန်းကိုယ်ခံပညာကို မင်းတစ်ယောက်တည်းပဲ ပိုင်ဆိုင်ထားတယ်လို့ ထင်နေတာလား.. ဒီနေ့ မင်းရဲ့အရှုံးကို မင်းလုံးဝ လက်ခံယုံကြည်စေရမယ်.. အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဥ် အသက်ဝင်"
ကျန်းချန်က လှောင်ရယ်၍ ပြောလိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ရွှေရောင် အလင်းတန်းများသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် ပေရာပေါင်းများစွာ မြင့်မားသော ရွှေရောင်ဧရာမလူကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူ၏ပုံစံက ရှေးခေတ်က နတ်ဘုရားတစ်ပါး ကဲ့သို့ပင်။
ကျန်းချန်က ရွှေရောင်အလင်းတန်းများ တောက်ပနေသော လက်ညှိုး တစ်ချောင်းကို တိုက်ရိုက် ဆန့်ထုတ်ကာ ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်ခါနိုင်စွမ်းရှိသော ရှားယွမ်ဟောင်၏ ငွေရောင်လက်သီးချက်ကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။
ဤမြင်ကွင်းသည် ရင်ပြင်ပေါ်ရှိ လူတိုင်းကို အသက်ရှုဖို့ပင် မေ့လျော့စေခဲ့သည်။
သူတို့အားလုံးသည် ရင်ပြင်အလယ်ရှိ လူနှစ်ဦးကို မှင်တက်၍ ကြည့်နေခဲ့ကြပြီး အံ့သြထိတ်လန့်မှုကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ဟောင်ထျန်း တိုက်ခိုက်ရေးခန္ဓာကိုယ်ကို ရှားယွမ်ဟောင်ထုတ်ဖော်လိုက်သည့်အခါတွင် ကျန်းချန် အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းတွင် ရှားယွမ်ဟောင်နှင့် ဆက်လက် ယှဥ်ပြိုင်ရန် မဖြစ်နိုင်တော့ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။
သို့သော်လည်း ကျန်းချန်က မည်သည့်နေရာတွင်မှ ရှားယွမ်ဟောင်ထက် အားနည်းမနေဘဲ ချက်ချင်းဆိုသလို ရွှေရောင်ခန္ဓာကိုယ်ကို ထုတ်ဖော်ကာ လက်ညှိုးတစ်ချောင်းတည်းဖြင့် ရှားယွမ်ဟောင်၏ လက်သီးချက်ကို တားဆီးနိုင်လိမ့်မည်ဟု မည်သူမှ မတွေးမိခဲ့ပေ။
သူတို့ရှေ့မှ ဤလူငယ်နှစ်ဦးသည် ရှန်းဝူတိုက်ကြီး၏ ထိပ်တန်းလူငယ် ပါရမီရှင်များ ဖြစ်သည်မှာ သံသယဝင်စရာပင် မလိုပေ။
ထိုနှစ်ဦးကြားရှိ တိုက်ပွဲသည် တကယ်ကိုပင် လက်ဖျားခါစရာ ကောင်းလှ၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူ့ရှေ့မှမြင်ကွင်းကို ကြည့်ရင်း ရှားယွမ်ဟောင်၏ မျက်လုံးများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့ပြီး မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူအလွန်အားထားရသည့် ဟောင်ထျန်း တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကို ထုတ်ဖော်လိုက်သည်နှင့် ကျန်းချန်ကို အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။
သို့သော်လည်း ကျန်းချန်က ဟောင်ထျန်း တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ထက်ပင် မနိမ့်ကျသည့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေး ကျင့်စဥ်တစ်ခုကို တတ်မြောက်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဟောင်ထျန်း တိုက်ခိုက်ရေးခန္ဓာကိုယ် လွှမ်းမိုးစမ်း"
ရှားယွမ်ဟောင်က ရုတ်တရက် ကြုံးဝါးလိုက်ပြီး သန့်စင်အားကောင်းသော ချီ နှင့် သွေးကနေ စုစည်း၍ ဖြစ်ပေါ်လာသော ငွေရောင်ချီစွမ်းအားကို ချက်ချင်းပင် လှုံ့ဆော်လိုက်သည်။
ထိုငွေရောင်ချီစွမ်းအားက တောင်တစ်လုံး၏ အရိပ်အဖြစ် လျင်မြန်စွာ စုစည်းသွားခဲ့ပြီး ထိုက်စန်းတောင်ကဲ့သို့ အပေါ်စီးကနေ ကျန်းချန်ကို ပြင်းပြင်းထန်ထန်ပင် ဖိနှိပ်လိုက်သည်။
"ဟားဟား ရှားယွမ်ဟောင်.. မင်းရဲ့ ဟောင်ထျန်း တိုက်ခိုက်ရေးခန္ဓာကိုယ်က ငါ့ကိုဖိနှိပ်နိုင်မှာမဟုတ်ဘူး"
ကျန်းချန်က လှောင်ပြောင်၍ ရယ်မောလိုက်သည်။
ထို့နောက်တွင် သူ့တစ်ကိုယ်လုံးကနေ ရွှေရောင်အလင်းတန်းများစွာ ပေါက်ကွဲ၍ ထွက်လာခဲ့သည်မှာ ကောင်းကင်ကနေ ဆင်းသက်လာသော နတ်ဘုရားတစ်ပါး ကဲ့သို့ပင်။
"ဝုန်း.."
သူ၏ လက်သီးချက်က ကောင်းကင်ကနေ ကျဆင်းလာသော တောင်၏ အရိပ်ကို ထိုးနှက်လိုက်၏။
ပေရာပေါင်းများစွာမြင့်သော တောင်၏ အရိပ်သည် ကျန်းချန်၏ လက်သီးချက်အောက်တွင် လေထုထဲ၌ တိုက်ရိုက်ပင် ပေါက်ကွဲထွက်သွားခဲ့သည်။
တောင်၏ အရိပ်ကို လက်သီးဖြင့် ချိုးဖျက်ပြီးနောက်တွင် ကျန်းချန်၏ ရွှေရောင်ခန္ဓာကိုယ်သည် ရွှေရောင်သက်တန့် တစ်ခုနှယ် ပြောင်းလဲသွားခဲ့ပြီး ရှားယွမ်ဟောင် ဆီသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။
သူက တုနှိုင်းမဲ့ နတ်ဘုရားတစ်ပါးကဲ့သို့ ရှားယွမ်ဟောင်ကို လက်သီးချက်များဖြင့် ထိုးနှက်လိုက်သည်။
"ဝုန်း.."
သူ၏ ကြောက်မက်ဖွယ်လက်သီးချက်ကြောင့် ရှားယွမ်ဟောင်၏ ဟောင်ထျန်းတိုက်ခိုက်ရေး ခန္ဓာကိုယ်ပေါ်ရှိ ငွေရောင်သံချပ်ဝတ်စုံသည် လုံးဝကို ကွဲကြေသွားခဲ့သည်။
သံချပ်ဝတ်စုံ ပျက်စီးသွားပြီးနောက်တွင် ရှားယွမ်ဟောင်၏ ကြီးမားသော ငွေရောင်ခန္ဓာကိုယ်သည် ပေ၁၀၀အကွာသို့ လွင့်စင်သွားခဲ့၏။
သူ၏ခန္ဓာကိုယ်မှ ငွေရောင်အလင်းများသည် မတည်မငြိမ် ဖြစ်လာခဲ့ပြီး ရှားယွမ်ဟောင်သည် အဆုံးသတ်တွင် သွေးများကို အန်ထုတ်လိုက်ရကာ ဟောင်ထျန်း တိုက်ခိုက်ရေးခန္ဓာကိုယ်သည်လည်း ပျက်စီးသွားခဲ့သည်။
ဤအချိန်တွင် မိုးမြေတစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းသည် ရင်ပြင်အလယ်တွင် ဝင့်ကြွားစွာ ရပ်နေသည့် ရွှေရောင်ခန္ဓာကိုယ်ကို မှင်တက်၍ ကြည့်နေခဲ့ကြပြီး အချိန်အတော်အကြာပင် စကားမပြောနိုင် ဖြစ်နေခဲ့ကြသည်။
အထူးသဖြင့် ကြီးကျယ်ခမ်းနားသော လျှို့ဝှက်နယ်မြေရှစ်ခုမှ ပါရမီရှင်များသည် သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်ဖြစ်နေခဲ့ကြ၏။
ကျန်းချန်က အင်အားအပြည့်အဝ ထုတ်ဖော်၍ ရှားယွမ်ဟောင်ကို အဆုံးသတ်၌ အနိုင်ရသွားခဲ့လျှင် သူတို့ လက်ခံနိုင်ပါသေးသည်။
သို့သော်လည်း သူတို့ရှေ့မှ အခြေအနေသည် သူတို့စိတ်ကူးထားသည်ကိုပင် လုံးဝ ကျော်လွန်နေခဲ့၏။
ရှားယွမ်ဟောင်သည် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းတွင်လည်း ထူးချွန်ပြီး ဟောင်ထျန်း တိုက်ခိုက်ရေးခန္ဓာကိုယ် ကျင့်စဥ်ကို တတ်မြောက်ထားသည်။
ရုပ်ပိုင်းဆိုင်ရာကို အထူးပြုကျင့်ကြံသည့် လူငယ် မျိုးဆက်ထဲတွင် ရှန်းဝူတိုက်ကြီး တစ်ခုလုံးမှာပင် ရှားယွမ်ဟောင်သည် ပြိုင်ဘက်ကင်း ဟုပင် ဆို၍ရ၏။
သို့သော်လည်း သူတို့ရှေ့မှ ကျန်းချန်သည် ရုပ်ပိုင်းဆိုင်ရာကိုပင် သီးသန့် အားကိုးပြီး ရှားယွမ်ဟောင်၏ ဟောင်ထျန်းတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ကို အနိုင်ယူနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ဒါ.. ဒါက တကယ်ကို မယုံနိုင်စရာပဲ"
မှန်ပါသည်။ ဤလျှို့ဝှက်နယ်မြေရှစ်ခုမှ သူတော်စင်သားတော်၊ သမီးတော်များသည် ကျန်းချန်၏ အင်မော်တယ်ရွှေခန္ဓာကိုယ်က မည်မျှ အားကောင်းမှန်း မည်သို့မှ သိမည် မဟုတ်ပေ။
ရှားယွမ်ဟောင်၏ ဟောင်ထျန်း တိုက်ခိုက်ရေးခန္ဓာကိုယ် ကျင့်စဥ်သည် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ နတ်သန္ဓေအင်ပါယာ အထွတ်အထိပ်အဆင့် ဘိုးဘေးက ဖန်တီးထားသည့် ဧကရာဇ်အဆင့် တိုက်ခိုက်ရေး ကျင့်စဥ်သာ ဖြစ်သည်။
သို့သော်လည်း ကျန်းချန်၏ အင်မော်တယ် ရွှေခန္ဓာကိုယ်ကျင့်စဥ်ကမူ အင်ပါယာအဆင့် ကျင့်ကြံသူက တီထွင်ထားသည့် ကျင့်စဥ်တစ်ခု ဖြစ်ရာ ကျင့်စဥ်နှစ်ခုကြားရှိ ကွာခြားချက်သည် မိုးနှင့်မြေ ကဲ့သို့ ကွာဟနေခဲ့သည်။
သို့ဖြစ်ရာ ကျန်းချန်၏ အင်မော်တယ်ရွှေခန္ဓာကိုယ် ကျင့်စဥ်ကို ဟောင်ထျန်း တိုက်ခိုက်ရေးခန္ဓာကိုယ်ကျင့်စဥ်က မည်ကဲ့သို့ ခံနိုင်ရည် ရှိပါအံ့နည်း။
"ဟားဟား ရှားယွမ်ဟောင်.. မင်းအားကိုးရတဲ့ ဟောင်ထျန်း တိုက်ခိုက်ရေး ခန္ဓာကိုယ်က ဒီလောက်ပဲလား"
ရှားယွမ်ဟောင်၏ ဟောင်ထျန်း တိုက်ခိုက်ရေး ခန္ဓာကိုယ်ကို ရွှေရောင် ခန္ဓာကိုယ်ဖြင့် ချိုးဖျက်ပြီးနောက်တွင် ကျန်းချန်သည် ခနဲ့လိုက်သည်။
ထို့နောက်တွင် ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ လက်ဖဝါးကို တိုက်ရိုက် ဆန့်ထုတ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် ကောင်းကင်ထံ၌ ဧရာမ ရွှေရောင်လက်ဖဝါး တစ်ဖက် ထွက်ပေါ်လာခဲ့သည်။
ထိုလက်ဝါးကြီးက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံနေပြီး နေမင်းကိုပင် ဖိနှိပ်ကာ အရာအားလုံးကို ကြေမွစေတော့မည့်ပုံစံ ဖြစ်နေခဲ့၏။
ထိုမြင်ကွင်းကို မြင်လျှင် ရှားယွမ်ဟောင်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။
သူက ချက်ချင်းပင် နတ်သန္ဓေ အင်ပါယာနယ်ပယ် ပဉ္စမအဆင့် ခွန်အားကို ထုတ်ဖော်လိုက်၏။
အဆုံးသတ်တွင် ရှားယွမ်ဟောင်သည် ကျန်းချန်ကို ရင်ဆိုင်ရန် ဧကရာဇ်အဆင့် သိုင်းပညာရပ်အား ထုတ်သုံးရန် ဆုံးဖြတ်လိုက်တော့သည်။
"ဘုံကိုးပါး မိုးကြိုးနဂါးသိုင်း"
ရှားယွမ်ဟောင်က အေးစက်စက် ကြုံးဝါးလိုက်ရာ သူ၏ အားကောင်းသော အသက်စွမ်းအင်သည် ချက်ချင်းပင် ပေ၁၀၀ခန့် ရှည်လျားသော ငွေရောင်မိုးကြိုး နဂါးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ဆီသို့ ပြေးဝင်သွားခဲ့သည်။
"ဝုန်း.."
ငွေရောင်မိုးကြိုး နဂါးကြီးသည် ကျန်းချန်၏ အင်မော်တယ်ရွှေခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်၏။
အဆုံးသတ်တွင် ကျန်းချန်၏ အားကောင်းသော အင်မော်တယ် ရွှေခန္ဓာကိုယ်သည် ရှားယွမ်ဟောင်၏ ကြောက်မက်ဖွယ်ကောင်းသော ထိုးနှက်ချက်ကို ခံနိုင်ရည် မရှိတော့ဘဲ လေထုထဲတွင် ကွဲကြေသွားခဲ့သည်။
အခန်း(၁၃၃၆)ပြီး၏။
အခန်း(၁၃၃၇)
ရှားယွမ်ဟောင်၏ ဟောင်ထျန်း တိုက်ခိုက်ရေးခန္ဓာကိုယ်ကို အစောပိုင်းက ဖျက်ဆီးပြီးနောက်တွင် ကျန်းချန်၏ အင်မော်တယ်ရွှေခန္ဓာကိုယ်၏ စွမ်းအားသည်လည်း များစွာ ကုန်ဆုံးနေခဲ့ပြီလဖြစ်သည်။
ထို့ကြောင့် ယခု ရှားယွမ်ဟောင်၏ အင်အားအပြည့်အဝနှင့် ထိုးနှက်မှုကို ရင်ဆိုင်ရသောအခါတွင် ခံနိုင်ရည် မရှိတော့ဘဲ လေထုထဲတွင် ရွှေရောင်အလင်းစများ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့၏။
"ကျန်းချန် မင်းရဲ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားက သန်မာတာနဲ့ပဲ ဒီတိုက်ပွဲကို အနိုင်ရမယ်လို့ ထင်မနေနဲ့.. မင်းသိထားဖို့က တကယ့်တိုက်ပွဲက အခုမှစမှာ"
ကျန်းချန်၏ အင်မော်တယ် ရွှေခန္ဓာကိုယ်ကို တစ်ချက်တည်းဖြင့် ချိုးဖျက်ပြီးနောက်တွင် ရှားယွမ်ဟောင်သည် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဟားဟား မင်းပြောတာမှန်တယ် အစောပိုင်းက တိုက်ခိုက်မှုက ငါ့အတွက် သွေးပူလောက်ပဲ.. ငါတို့ နှစ်ယောက်ကြားက တိုက်ပွဲက အခုမှစမှာ.. ဒါပေမဲ့ ငါကျန်းချန်က မင်းကို ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းမှာ ချေမှုန်းနိုင်သလို ကိုယ်ခံပညာရပ်မှာလည်း ချေမှုန်းနိုင်တယ်"
ကျန်းချန်က ရှားယွမ်ဟောင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
သူ၏ လေသံတွင် ယုံကြည်မှုများ ပြည့်နှက်နေခဲ့သည်။
"မင်းဘယ်လောက်ထိ လေကျယ်နိုင်ဦးမလဲ ကြည့်ရသေးတာပေ့ါ"
ရှားယွမ်ဟောင်၏ မျက်လုံးထဲတွင် အေးစက်သောအလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ ၃၀၀မီတာ အကျယ်အဝန်း ရှိသည့် နေရာလွတ်တွင် လျှပ်စီးများ ချက်ချင်း တလျှပ်လျှပ်ဖြစ်ပေါ်လာခဲ့ပြီး ကြီးမားသော စွမ်းအားများ ရှိသည့် ငွေရောင်မိုးကြိုး နယ်မြေတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ဒီနယ်မြေက ပေ၃၀၀ အကျယ်အဝန်းကို လွှမ်းခြုံထားပါလား.. ဒါက အလယ်အလတ်အဆင့်ကို ရောက်နေတဲ့ မိုးကြိုးနယ်မြေပဲ"
ဤမြင်ကွင်းကို မြင်လျှင် ကျင့်ကြံသူ အများအပြားသည် ရုတ်တရက် အံ့သြ ထိတ်လန့်သွားကြသည်။
အင်ပါယာဟောင်ထျန်း ပြန်လည်ဝင်စားသည်ဟုပင် တင်စားခံရသော ဟောင်ထျန်း သူတော်စင်သားတော် ရှားယွမ်ဟောင်သည် အမှန်တကယ်ပင် ပါရမီ ထူးချွန်လွန်းပြီး အလယ်အလတ် အဆင့်နယ်မြေကိုပင် နားလည်နေခဲ့သည်။
"မင်းရဲ့ မိုးကြိုးနယ်မြေက အလယ်အလတ်အဆင့်ကိုတောင် ရောက်နေခဲ့ပြီကိုး.. ဒါနဲ့ ဒီကမ္ဘာမှာ မင်းတစ်ယောက်တည်း အလယ်အလတ်အဆင့် နယ်မြေကို နားလည်နိုင်တာ မဟုတ်ဘူး.. ဒီအလယ်အလတ်အဆင့် မိုးကြိုးနယ်မြေလောက်နဲ့ ငါ့ကို ဖိနှိပ်ချင်တယ်ဆိုရင် မဖြစ်နိုင်သေးဘူး"
ကျန်းချန်က ပေါ့ပါးစွာ ပြုံး၍ ပြောလိုက်ပြီးနောက်တွင် သူ၏ အလယ်အလတ်အဆင့် နယ်မြေ ဖြစ်သည့် ကောင်းကင်လောင်ကျွမ်း ဓားနယ်မြေကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီး ရှားယွမ်ဟောင်၏ မိုးကြိုးနယ်မြေနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဟားဟား မိုးကြိုးနယ်မြေ တစ်မျိုးတည်းက မင်းကို ဖိနှိပ်ဖို့ မလုံလောက်ရင် လေနယ်မြေကိုပါ ထပ်ထည့်လိုက်တော့မယ်"
ရှားယွမ်ဟောင်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လေနယ်မြေကို ထုတ်ဖော်ကာ မိုးကြိုးနယ်မြေနှင့် ပေါင်းစပ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် နယ်မြေနှစ်ခု၏ ထပ်ဆင့် စွမ်းအားကြောင့် ရှားယွမ်ဟောင်၏ နယ်မြေစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။
ကျန်းချန်၏ အလယ်အလတ် ဓားနယ်မြေသည်ပင် ရှားယွမ်ဟောင်၏ လေနယ်မြေနှင့် မိုးကြိုးနယ်မြေအောက်တွင် တုန်ခါလာခဲ့သည်။
"နယ်မြေနှစ်ခုရဲ့ ထပ်ဆင့်စွမ်းအားလောက်နဲ့ ငါ့ကို ဖိနှိပ်ချင်ရင်တော့ မလုံလောက်သေးဘူး"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး အလယ်အလတ်ဓားနယ်မြေနှင့် အတူ လေနယ်မြေကိုပါ ထပ်မံ ထုတ်ဖော်လိုက်ပြီး ရှားယွမ်ဟောင်၏ နယ်မြေထပ်ဆင့် စွမ်းအားနှင့် တစ်ဖန် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"နယ်မြေထပ်ဆင့် စွမ်းအားနဲ့တောင် မင်းကို ဖိနှိပ်ဖို့ မလုံလောက်သေးဘူး ဆိုတော့ ရေခဲနယ်မြေကိုပါ ထပ်ထည့်လိုက်မယ်"
ရှားယွမ်ဟောင်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ထို့နောက်တွင် သူက ရေခဲနယ်မြေကို ထုတ်ဖော်ကာ ယခင်က ထုတ်ဖော်ထားသော နယ်မြေစွမ်အား နှစ်ခုနှင့် ပေါင်းစည်းလိုက်၏။
"ဟားဟား ငါကျန်းချန်က နယ်မြေစွမ်းအားနဲ့ ပတ်သက်ရင် ဘယ်သူ့ကိုမှ မကြောက်ရွံ့ဖူးဘူး"
ကျန်းချန်က ပေါ့ပါးစွာ ပြုံးလိုက်ပြီးနောက်တွင် မီးနယ်မြေကိုပါ ထုတ်ဖော်လိုက်သည်။
"ဘုရားသခင်.. ဒီကောင်လေးနှစ်ယောက်က လူမှဟုတ်ရဲ့လား"
ထိုမြင်ကွင်းကိုမြင်လျှင် လူတိုင်းသည် မှင်တက်၍ စူးစိုက်ကြည့်နေခဲ့ကြပြီး တုန်လှုပ်နေခဲ့ကြသည်။
နှစ်ဦးစလုံးသည် တစ်ခဏအတွင်း နယ်မြေသုံးမျိုးကို ထုတ်ဖော်ခဲ့ပြီး ထိုအထဲမှ တစ်မျိုးသည် အလယ်အလတ်နယ်မြေအဆင့်ကိုပင် ရောက်ရှိနေခဲ့သည်။
ဤကောင်လေးနှစ်ယောက်၏ သိုင်းပညာ ပါရမီသည် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။
ဤအချိန်တွင် ချင်ဝူချွယ်နှင့်ရှထျန်းရီအပါအဝင် ပြိုင်ဘက်ကင်း ပါရမီရှင်အားလုံးသည် အလွန်လေးနက်သော အမူအရာဖြင့် ကျန်းချန်တို့၏ တိုက်ပွဲကို ကြည့်ရှုနေခဲ့ကြသည်။
"အရမ်းကို သန်မာလွန်းတာပဲ"
ထိုနှစ်ယောက်၏ ခွန်အားသည် သူတို့ စိတ်ကူးထားသည်ထက်ပင် လုံးဝကို ကျော်လွန်နေခဲ့သည်။
"ဆရာပြောတာမှန်တယ်.. တောင်တစ်တောင်ထက် တစ်တောင်မြင့်တယ် ဆိုတဲ့ ဆိုရိုးစကားက တကယ်ကို အမှန်တရားပဲ"
ရှထျန်းရီက ခေါင်းခါရမ်းလိုက်ပြီး မချိပြုံး ပြုံးလိုက်သည်။
သူက ကျန်းချန်၏ ပြိုင်ဘက် မဟုတ်လျှင်ပင် အစွမ်းကုန်ကြိုးစားပါက ကျန်းချန်နှင့် သိပ်မကွာလောက်ဟု မူလက သူထင်ခဲ့သည်။
သို့သော်လည်း ယခုအခါတွင် သူနှင့် ကျန်းချန်ကြားမှ ကွာဟချက်သည် သူထင်ထားသလို အနည်းငယ်သာ ကွာဟနေခြင်း မဟုတ်မှန်း သိလိုက်ရ၏။
ယန်ယောင်တို့ သုံးယောက်နှင့် တိုက်ခိုက်စဥ်က ကျန်းချန်သည် တကယ့်ခွန်အား အစစ်အမှန်ကို မထုတ်ဖော်ခဲ့ပုံရသည်။
ကျန်းချန်နှင့် ရှားယွမ်ဟောင်တို့ ထုတ်ဖော်ခဲ့သည့် ခွန်အားအရဆိုလျှင် သူ့အနေဖြင့် အစွမ်းကုန် ကြိုးစားလျှင်ပင် ထိုနှစ်ယောက်၏ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ချေ။
"ကျန်းချန်.. မင်းလည်း င့ါလို နယ်မြေသုံးမျိုးရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ မထင်ခဲ့မိဘူး"
ကျန်းချန်က ကိုယ်ခံပညာအရာတွင် သူ့ထက် မနိမ့်ကျသည်ကိုမြင်လျှင် ရှားယွမ်ဟောင်၏ မျက်နှာထက်တွင် အဆုံးသတ်၌ လေးစားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ထို့အပြင် ကျန်းချန်သည် ရုပ်ပိုင်းဆိုင်ရာတွင်လည်း သူ့ထက် မနိမ့်ကျဘဲ ဟောင်ထျန်း တိုက်ခိုက်ရေး ခန္ဓာကိုယ်ကိုပင် အလွယ်တကူ ချေမှုန်းနိုင်ခဲ့သည်။
ကိုယ်ခံပညာရပ်အပေါ် နားလည်မှုနှင့် ပတ်သက်၍လည်း ကျန်းချန်သည် သူ့ထက်ပင် မနိမ့်ကျသော နယ်မြေစွမ်းအားသုံးမျိုးကို နားလည်ထားခဲ့သည်။
ဆိုရလျှင် ရှားယွမ်ဟောင်သည် မွေးဖွားလာစဥ်ကတည်းကပင် သူ၏ မျိုးဆက်ထဲ၌ ကျန်းချန်ကဲ့သို့ သူ့ကို ရှုထောင့်ပေါင်းစုံကနေ ဖိနှိပ်နိုင်သည့် သူမျိုးနှင့် တစ်ခါမှ မဆုံဖူးခဲ့ပေ။
သူ့ရှေ့မှ ကောင်လေးသည် သူကြုံတွေ့ဖူးသမျှ ပြိုင်ဘက်များထဲတွင် အားအကောင်းဆုံး ဖြစ်သည်မှာ သံသယဝင်စရာ မရှိချေ။
"မင်းမှားနေပြီ.. ငါက နယ်မြေသုံးမျိုးထက် ပိုနားလည်တယ်"
ကျန်းချန်၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် မိုးကြိုးနယ်မြေသည် လေထုထဲတွင် ကျယ်လောင်သော အသံဖြင့် မြည်ဟည်းကာ ထွက်ပေါ်လာခဲ့သည်။
မိုးကြိုးနယ်မြေ ထွက်ပေါ်လာပြီးနောက်တွင် နယ်မြေထပ်ဆင့် စွမ်းအားသည် ရုတ်တရက် အဆပေါင်းများစွာ ပိုမိုအားကောင်းပြီး ရုန့်ရင်းသော စွမ်းအားအဖြစ် ပေါက်ကွဲထွက်လာခဲ့ကာ ရှားယွမ်ဟောင်၏ နယ်မြေသုံးခု ထပ်ဆင့်စွမ်းအားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
ချက်ချင်းဆိုသလိုပင် ရှားယွမ်ဟောင်၏ နယ်မြေသုံးခုသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လေထုထဲတွင် ပြိုကျသွားခဲ့သည်။
နယ်မြေစွမ်းအားများ ထိပ်တိုက် ဆုံတွေ့ရာကနေ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ဖျက်ဆီးခြင်းမုန်တိုင်းသည် ရင်ပြင်တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့သည်။
ရှားယွမ်ဟောင်၏ ပုံရိပ်သည် ချက်ချင်းဆိုသလိုပင် ပေရာပေါင်းများစွာ အထိ လွင့်စင်သွားခဲ့၏။
ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသည့် ရှားယွမ်ဟောင်၏ မျက်လုံးထဲ၌ မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"မင်း..မင်းက နယ်မြေလေးမျိုးရဲ့ စွမ်းအားကိုတောင် နားလည်ထားတယ်လား"
သူ နားလည်ထားသော နယ်မြေ သုံးမျိုးထက်ပင် ကျန်းချန်သည် တစ်မျိုး ပိုများနေခဲ့သည်။
ဤတစ်ကြိမ်တွင်လည်း ရှားယွမ်ဟောင်သည် ကိုယ်ခံပညာရပ်တွင် ကျန်းချန်၏ ဖိနှိပ်ခြင်းကို ထပ်မံ ခံလိုက်ရပြန်သည်။
"............."
ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူ အများအပြားသည် သူတို့ရှေ့မှအခြေအနေကို မှင်တက်၍ ငေးကြည့်နေခဲ့ကြပြီး အချိန်အတော်ကြာသည် အထိ စကားမပြောနိုင်ခဲ့ကြပေ။
ဤအချိန်တွင် သူတို့အားလုံးသည် အံ့အားသင့် တုန်လှုပ်မှုကြောင့် မျက်နှာအမူအရာပင် ပြောင်းလဲသွားခဲ့သည်။
ဟောင်ထျန်း တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကို ရှားယွမ်ဟောင် အသုံးပြုခဲ့သောအချိန်တွင် ကျန်းချန်သည် ပိုမိုအားကောင်းသည့် တိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ကို အသုံးပြုကာ အနိုင်ယူခဲ့သည်။
ရှားယွမ်ဟောင်က ကိုယ်ခံပညာရပ်၏ နယ်မြေ သုံးမျိုးကို ထုတ်ဖော်ခဲ့သောအချိန်တွင် ကျန်းချန်သည် နယ်မြေ လေးခုကို ထုတ်ဖော်ကာ ရှားယွမ်ဟောင်ကို ထပ်မံ ဖိနှိပ်ခဲ့ပြန်သည်။
ကျန်းချန်၏ ခွန်အားသည် မည်မျှ အနက်ရှိမှန်း မသိရသည့် အဆုံးမဲ့ တွင်းနက်ကြီး ကဲ့သို့ပင် သူ၏ အကန့်အသတ်ကို မည်သူမျှ မသိကြပေ။
ပြိုင်ဘက်ကင်း ပါရမီရှင် ဆိုသည်မှာ အဘယ်နည်း။
ယနေ့တွင် သူတို့ရှေ့မှ ကောင်လေးသည် သူတို့ကို ပြိုင်ဘက်ကင်းပါရမီရှင်၏ အဓိပ္ပါယ်အား ပြီးပြည့်စုံစွာ ရှင်းပြခဲ့သည်။
"ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းလာရတာလဲ"
ရှားယွမ်ဟောင်၏ အမူအရာသည် အလွန်တရာပင် သုန်မှုန်နေခဲ့သည်။
ထိုအချိန်က ရှားယွမ်ဖုန်းသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲတွင် ကျန်းချန်နှင့် တွေ့ဆုံခဲ့ပြီး သူ၏ ကိုယ်ပွားကို ထုတ်သုံးခဲ့ဖူးသည်။
ထို့ကြောင့် သူသည် ကျန်းချန်ကို ဝိညာဥ်ကိုယ်ပွား အဖြစ် ထိုအချိန်က တိုက်ခိုက်ခဲ့ဖူး၏။
ထိုအချိန်က ကျန်းချန်၏ ခွန်အားသည် အမှန်တကယ်ကို အားကောင်းပြီး သူ၏ ကိုယ်ပွားကို သတ်နိုင်လောက်သည့် အနေအထား ရှိသော်လည်း ယခုလောက်အထိ ကြောက်မက်ဖွယ်ရာ မကောင်းခဲ့ပေ။
လအနည်းငယ် အတွင်းမှာပင် ကျန်းချန်သည် ကောင်းကင်ကိုပင် ဆန့်ကျင့်ပြီး ဤမျှအဆင့်အထိ အစွမ်းထက်လာလိမ့်မည်ဟု ရှားယွမ်ဟောင် မထင်ထားခဲ့ပေ။
အခန်း(၁၃၃၇)ပြီး၏။
အခန်း(၁၃၃၈)
"ဒီကောင်လေးရဲ့ပါရမီက တကယ်ကို ထူးခြားလွန်းတယ်.. သူတော်စင်သားတော် အတွက် မလွယ်လောက်ဘူး"
လေထုအလယ်တွင် ရပ်နေသည့် ရှားချန်ခုန်း၏ မျက်နှာအမူရာသည် အလွန်တရာပင် လေးနက်နေခဲ့သည်။
ရှန်းဝူတိုက်ကြီးတွင် ရှားယွမ်ဟောင်ကိုပင် လွှမ်းမိုးနိုင်သည့် တုနှိုင်းမဲ့ ပါရမီရှင်တစ်ဦး ရုတ်တရက် ထွက်ပေါ်လာသည်ကို ဟောင်ထျန်း သူတော်စင်နယ်မြေမှ အကြီးအကဲ ရှားချန်ခုန်းသည် မယုံကြည်နိုင်ခဲ့ပေ။
သို့သော်လည်း ကျန်းချန်၏ တစ်ဆထက်တစ်ဆ ဖိနှိပ်ခြင်းကိုခံနေရသည့် ရှားယွမ်ဟောင်ကို မြင်ပြီးနောက်တွင် ရှားချန်ခုန်းသည် ကျန်းချန်၏ သိုင်းပညာပါရမီက သူတို့ သူတော်စင်သားတော်ထက်ပင် ပိုမို အားကောင်းမှန်း လက်ခံခဲ့သည်။
"ရှားယွမ်ဟောင်.. ငါက မင်းကို ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းမှာ အနိုင်ယူနိုင်သလို ကိုယ်ခံပညာမှာလည်း အနိုင်ယူနိုင်တယ်လို့ ပြောခဲ့သားပဲ.. မင်းမှာ တခြားဝှက်ဖဲတွေ ကျန်နေသေးရင် ထုတ်သုံးလိုက်ပါ"
ရင်ပြင်ပေါ်ရှိ လူတိုင်းက သူတို့ရှေ့မှ အခြေအနေကြောင့် မှင်တက်နေကြစဥ်မှာပင် ကျန်းချန်သည် လက်နှစ်ဖက်ကိုနောက်ပစ်ကာ ရှားယွမ်ဟောင်ကို အထက်စီးဆန်စွာ ကြည့်၍ ပြောလိုက်သည်။
သူ၏ မောက်မာသောအသံသည် ကမ္ဘာတစ်ခုလုံးတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
ကျန်းချန်၏ စကားကို ကြားလျှင် ရှားယွမ်ဟောင်၏ မျက်နှာသည် သုန်မှုန်သွားခဲ့ပြီး မျက်ဝန်းထဲတွင် ရှက်ရွံ့သော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက ဂုဏ်သိက္ခာ ကြီးမားသော ဟောင်ထျန်း သူတော်စင်နယ်မြေ၏ သူတော်စင်သားတော်တစ်ပါး ဖြစ်ပြီး ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းကို နှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့သည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ဤနှစ်များတစ်လျှောက်တွင် ရှားယွမ်ဟောင်သည် တခြားသူများကို အထင်မြင်သေးစွာ ဆက်ဆံခဲ့ဖူးသည်။
ယခုတော့ သူကိုယ်တိုင်ပင် ထိုကဲ့သို့ ပြန်လည် ဆက်ဆံခံနေရပြီ ဖြစ်၏။
"ကျန်းချန်.. နယ်မြေစွမ်းအားတစ်မျိုး ပိုတတ်မြောက်တာနဲ့ ငါ့ကို အနိုင်ရမယ်လို့ ထင်မနေနဲ့.. မင်းဘယ်လောက်ပဲ နတ်ဆိုးဆန်ပါစေ.. ငါ့ရဲ့ ခြေဖဝါးအောက်မှာ သေချာပေါက် နင်းချေပစ်မယ်.. ဘာလို့လဲဆိုတော့ ငါရှားယွမ်ဟောင်သာလျှင် ဒီရှန်းဝူတိုက်ကြီးမှာ အင်အားအကောင်းဆုံး ပါရမီရှင် ဖြစ်နေလို့ပဲ ဟောင်ထျန်း မျက်လုံးအသက်ဝင်"
ရှားယွမ်ဟောင်က ကြုံးဝါးလိုက်ရာ သူ၏ ပုံရိပ်သည် ချက်ချင်းပင် ပေတစ်ရာကျော် အထိ မြင့်တက်သွားခဲ့သည်။
သူ၏ လူသတ်ငွေ့များ လွှမ်းခြုံနေသော လေသံသည် လေထုထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
ပတ်ဝန်းကျင်ရှိ ပါရမီရှင် အများအပြားသည် အဆုံးမဲ့ချောက်နက်ထဲကို ကျသွားသကဲ့သို့ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရှင်းမပြနိုင်သော အအေးဓာတ် လွှမ်းခြုံသွားခြင်းကို ခံလိုက်ရ၏။
သူတို့က လေထုထဲကို ရုတ်တရက် မော့ကြည့်လိုက်ရာ ရှားယွမ်ဟောင်ကို နတ်ဘုရားတစ်ပါး ကဲ့သို့ မြင်လိုက်ရသည်။
ရှားယွမ်ဟောင်က လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
ရုတ်တရက် သူ၏ မျက်လုံးထဲကနေ ရွှေရောင်အလင်းတန်းတစ်စုံ ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်တောက်ပနေသော နေနှစ်စင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် လေထုကို ထိုးဖောက်သွားခဲ့သည်။
ရှားယွမ်ဟောင်၏ ရုန့်ရင်းသော အင်ပါယာ သွေးစွမ်းအား အရှိန်အဝါက ကြည့်ရှုနေသူများကို လွှမ်းမိုးသွားခဲ့ပြီး မရေမတွက်နိုင်သောသူများအား အသက်ရှုကြပ်မတတ် ခံစားရစေခဲ့သည်။
ထိုအချိန်တွင် လျှို့ဝှက်နယ်မြေရှစ်ခုမှ ပါရမီရှင် အများအပြားသည် သူတို့၏ ခန္ဓာကိုယ်ထဲရှိ အင်ပါယာ သွေးစွမ်းအားများပင် ဖိနှိပ်ခံလိုက်ရသလို ခံစားခဲ့ရသည်။
"သိပ်ကြောက်ဖို့ကောင်းတဲ့ အင်ပါယာသွေးစွမ်းအားပါလား"
ရှားယွမ်ဟောင်၏ ကြောက်မက်ဖွယ်ကောင်းသော သွေးအရှိန်အဝါကို ခံစားမိလျှင် ပါရမီရှင် အများအပြား၏ ရင်ထဲတွင် အံ့သြထိတ်လန့်နေခဲ့သည်။
အင်ပါယာ ဟောာင်ထျန်းသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရှန်းဝူတိုက်ကြီး၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ရှန်းဝူတိုက်ကြီး၏ ခေါင်းဆောင်လည်း ဖြစ်သည်။
ဆိုရလျှင် အင်ပါယာ ဟောင်ထျန်းသည် လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)ခန့်တွင် ရှန်းဝူတိုက်ကြီး၏ နံပါတ်တစ် ကျင့်ကြံသူ တစ်ဦးလည်း ဖြစ်သည်။
ဟောင်ထျန်း သူတော်စင်နယ်မြေသည် အင်ပါယာ ဟောင်ထျန်း၏ သွေးမျိုးဆက်ကို ဆက်ခံထားသည်ဖြစ်ရာ ဖြစ်ရာ ၎င်းတို့ ပိုင်ဆိုင်ထားသော သွေးစွမ်းအားသည် လက်ရှိ အင်ပါယာ သွေးစွမ်းအားများ ထဲတွင် အားအကောင်းဆုံးဟုပင် ဆို၍ ရ၏။
ထို့အပြင် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ သူတော်စင်သားတော် ရှားယွမ်ဟောင်သည် ကြယ်ကိုးပွင့် သွေးစွမ်းအားကို ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်သည်။
အင်ပါယာဟောင်ထျန်း၏ သွေးစွမ်းအားကို ကြယ်ကိုးပွင့်အဆင့်အထိ အမွေဆက်ခံထားသည့် ရှားယွမ်ဟောင်သည် ရှန်းဝူတိုက်ကြီးတွင် အင်အားအကောင်းဆုံး သွေးစွမ်းအားပိုင်ရှင် ဆိုသည်မှာ သံသယဝင်စရာမရှိပေ။
ရှားယွမ်ဟောင်၏ အင်ပါယာသွေးစွမ်းအားနှင့် ဟောင်ထျန်းသူတော်စင်နယ်မြေ၏ သဘာဝလွန် သွေးမျိုးဆက် စွမ်းရည်တို့ ပေါင်းစပ်လိုက်သောအခါတွင် ထိုစွမ်းအားသည် အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းသော အဆင့်အတန်းသို့ ရောက်ရှိသွားခဲ့သည်။
"ဝုန်း.."
လူတိုင်းက အံ့သြထိတ်လန့်နေသော အချိန်မှာပင် တောက်ပသော နေနှစ်စင်းကဲ့သို့ ရွှေရောင်အလင်းတန်း နှစ်ခုသည် အရာအားလုံးကို လောင်ကျွမ်းစေမည့် အရှိန်အဝါဖြင့် လေထုကို ချက်ချင်းဆိုသလို ထိုးဖောက်ကာ ကျန်းချန်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။
ဤအချိန်တွင် ရှားယွမ်ဟောင်၏ မျက်လုံးများသည် အဆုံးမဲ့နတ်အလင်းများဖြင့် တောက်ပနေသော ကောင်းကင် မျက်လုံးများကဲ့သို့ ဖြစ်နေခဲ့သည်။
"ဝုန်း.."
ထိုရွှေရောင်အလင်း၏ စွမ်းအားအောက်တွင် နယ်မြေလေးခု ထပ်ဆင့် စွမ်းအားဖြင့် ကျန်းချန် ဖွဲ့စည်းထားသော အကာအကွယ် အတားအဆီးသည် လုံးဝ ပျက်စီးသွားခဲ့သည်။
"သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်.. ကမ္ဘာဖျက်ဆီးနဂါးမီးလျှံ"
ကျန်းချန်၏ မျက်လုံးများက လေးနက်သွားခဲ့သည်။
သူက ချက်ချင်းဆိုသလိုပင် အစစ်အမှန် နဂါးခန္ဓာကိုယ်၏ သွေးစွမ်းအားများကို အမြင့်ဆုံးအဆင့်ထိ မြှင့်တင်လိုက်ပြီး သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်ကို ထုတ်ဖော်လိုက်ရာ ရွှေရောင်နဂါးကြီး၏ ပုံရိပ်သည် သူ၏ နောက်ကျောဘက်တွင် စုစည်းလာခဲ့သည်။
ထိုရွှေရောင်နဂါးကြီးက ရှားယွမ်ဟောင်၏ ရွှေရောင်အလင်းတန်းများကို ရွှေရောင်မီးလျှံများဖြင့် မှုတ်ထုတ်ပစ်လိုက်၏။
"ဝုန်း.."
ကွဲပြားသော သွေးစွမ်းအားနှင့် သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်နှစ်ခုသည် လေထုထဲတွင် ထိပ်တိုက် ဆုံတွေ့မိသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် လေဟာနယ်ကို လွှမ်းခြုံသွားခဲ့သည်။
ပေထောင်ပေါင်းများစွာရှိသော နေရာလွတ်သည်ပင် ပေါက်ကွဲထွက်ကာ ပြိုလဲတော့မည့်အလား ဖြစ်နေခဲ့၏။
ကမ္ဘာပျက်တော့မည့် အလား ထင်ရသည့် တိုက်ပွဲမြင်ကွင်းသည် ရင်ပြင်ပေါ်ရှိ တိုက်ပွဲကို ကြည့်ရှုနေသော ပရိသတ်အားလုံးကို အားကောင်းသည့် သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။
လူတိုင်းက အလွန်အမင်း တုန်လှုပ်သွားခဲ့ပြီး အချိန်အတော်ကြာသည် အထိ မှင်တက်နေခဲ့ကြသည်။
လေထုထဲရှိ ရှားယွမ်ဟောင်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး ဆယ်ပေခန့်အထိ နောက်ဆုတ်လိုက်ရသည်။
သူနှင့် ဆန့်ကျင်ဘက်ရှိ ကျန်းချန်ကမူ ခြေခုနှစ်လမ်း၊ ရှစ်လမ်းခန့်သာ နောက်ဆုတ်ခဲ့ရသည်ကို မြင်လျှင် ရှားယွမ်ဟောင်၏ မျက်နှာသည် ချက်ချင်းပင် အကျည်းတန်သွားခဲ့သည်။
ဤကောင်လေးသည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွင် သူ့ထက်အားကောင်းသည်ကို သူအသိအမှတ်ပြုခဲ့သည်။
ထို့အပြင် နယ်မြေစွမ်းအားတွင်လည်း သူ့ထက် ပို၍ နားလည်သည်ကို သူအသိအမှတ်ပြုခဲ့သည်။
ဤတစ်ကြိမ် သွေးစွမ်းအားနှင့် သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်ကို ပြိုင်ဆိုင်ရာတွင်လည်း သူသည် ကျန်းချန်ထက် မည်သည့်နေရာတွင်မှ အားသာချက် မရှိခဲ့ပေ။
သိထားရမည့်အချက်မှာ သူ၏ သွေးစွမ်းအားသည် ကြယ်ကိုးပွင့်အဆင့် ရှိသည့် အင်ပါယာဟောင်ထျန်း၏ သွေးစွမ်းအား ဖြစ်သည်။
"မဖြစ်နိုင်ဘူး ဒီကောင်ရဲ့ သွေးစွမ်းအားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ"
ရှားယွမ်ဟောင်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်ပြီး သူ၏ မျက်လုံးထဲကနေ နတ်အလင်းနှစ်ခုကို ထပ်မံ ထုတ်ဖော်လိုက်သည်။
"ဟားဟား ရှားယွမ်ဟောင်.. မင်းရဲ့ အင်ပါယာ သွေးစွမ်းအားက မဆိုးပါဘူး.. ဒါပေမဲ့ ငါ့ကို ဖိနှိပ်ဖို့အတွက်တော့ မလုံလောက်သေးဘူး.. မင်းမှာ တခြားဝှက်ဖဲတွေ မရှိတော့ဘူးဆိုရင် ငါ့ကို အရှုံးပေးလိုက်တော့"
ကျန်းချန်က ပေါ့ပါးစွာ ပြုံး၍ ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ၏ ရွှေရောင်နဂါးကြီးသည် ရွှေရောင်မီးလျှံကို ထပ်မံ ထုတ်ဖော်လိုက်၏။
တစ်ချိန်က ကျန်းချန် ပိုင်ဆိုင်ခဲ့သည့် နဂါးပြာ သန္ဓေခန္ဓာကိုယ်သည် သာမန်အင်ပါယာ သွေးစွမ်းအားများထက် မနိမ့်ကျပေ။
နောက်ပိုင်းတွင် ကျန်းချန်သည် အင်ပါယာအမွေအနှစ် နယ်မြေတွင် အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ်၏ သွေးအဆီအနှစ်ကို မျိုချလိုက်ပြီး အစစ်အမှန် နဂါးခန္ဓာကိုယ် အဖြစ်သို့ အောင်မြင်စွာ ဆင့်ကဲ ပြောင်းလဲသွားခဲ့သည်။
ဆိုရလျှင် သူ၏ သွေးစွမ်းအားသည် ဒဏ္ဍာရီလာ သန္ဓေနတ်ခန္ဓာကိုယ်များနှင့်ပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိ၏။
ရှားယွမ်ဟောင်၏ သွေးစွမ်းအားက အားကောင်းသော်လည်း ဒဏ္ဍာရီလာ နတ်ခန္ဓာကိုယ်များနှင့် မည်ကဲ့သို့ ယှဥ်နိုင်ပါအံ့နည်း။
"ဝုန်း.."
သဘာဝလွန် သွေးမျိုးဆက် စွမ်းရည်နှစ်ခုသည် လေထုထဲတွင် ထပ်မံ၍ ထိပ်တိုက် ဆုံတွေ့သွားကြသည်။
ကျယ်ပြောလှသော လေထုထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး မြေပြင်တစ်ခုလုံး တုန်ရီကာ ဖုန်မှုန့်များပင် ဖုံးလွှမ်းသွားခဲ့သည်။
ရှားယွမ်ဟောင်က နှုတ်ကနေ နာကျင်စွာ ညည်းညူလိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ပေရာပေါင်းများစွာ အထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။
လွင့်စင်သွားသော ရှားယွမ်ဟောင်ကို ကြည့်ကာ ကျန်းချန်သည် ရှားယွမ်ဟောင်နှင့် အချိန်ဖြုန်းရန် ရည်ရွယ်ချက်မရှိတော့ပေ။
သူက မြေပြင်ကို ခြေတစ်ချက် ဆောင့်နင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ လက်ဖဝါးပေါ်၌ လူတိုင်း၏ စိတ်ဝိညာဥ်ကို တုန်လှုပ်စေသည့် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ် တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
"ကျန်းချန် ရပ်လိုက်တော့"
ကျန်းချန်၏ လက်ထဲမှ စိတ်ဝိညာဥ် ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို မြင်လျှင် ရှားချန်ခုန်း၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ရှားယွမ်ဟောင်၏ ရှေ့သို့ အလျင်အမြန် ဆင်းသက်လာခဲ့သည်။
ကျန်းချန်က သူ့ရှေ့မှ ရှားချန်ခုံးကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
"အကြီးအကဲ ဒါက ဘာသဘောလဲ.. ပြိုင်ပွဲရဲ့ ဒိုင်တစ်ယောက်က ပြိုင်ပွဲအတွင်းမှာ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး ထင်တယ်"
"မင်းဘာမှစိတ်မပူပါနဲ့ ကျန်းချန်.. ငါတို့ ဟောင်ထျန်း သူတော်စင်နယ်မြေက ပြိုင်ပွဲအတွင်း ဘယ်တော့မှ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး"
ရှားချန်ခုန်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီးနောက်တွင် ကျန်းချန်ကို ပြောလိုက်သည်။
"မင်းတို့ တိုက်ပွဲက ဒီမှာပဲပြီးဆုံးသွားပြီ.. သူတော်စင်သားတော် ကိုယ်စား ငါ မင်းကို အရှုံးပေးတယ်"
ထိုစကားကို ပြောနေစဥ် သူ၏မျက်ဝန်းများသည် ကျန်းချန်၏ လက်ထဲရှိ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ် ဆီသို့သာ ရောက်ရှိနေခဲ့သည်။
သူ၏ မျက်နှာထက်တွင် စိုးရိမ်သော အမူအရာများလည်း ဖြစ်ပေါ်နေခဲ့၏။
အခန်း(၁၃၃၈)ပြီး၏။