အခန်း (၁၃၄၂-၁၃၄၄)
Vol. 90 Ch. 1342-1344
အခန်း(၁၃၄၂)
ရှေးဟောင်းရေတွင်းဘေးတွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ခွက်တစ်ခွက်ကို ကိုင်ကာ တတိယအဆင့် ဟောင်ထျန်းအရက်ကို ခပ်နေခဲ့သည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်ကိုမြင်လျှင် ကျန်းချန် အံ့အားသင့်သွားခဲ့သည်။
မှန်ပါသည်။ ကျန်းချန် အံ့အားသင့်ရသည့် အကြောင်းအရင်းမှာ ထိုလူငယ်က သူ့ထက် အရင် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ တတိယအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်းကြောင့်မဟုတ်ပေ။
ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ ပထမအဆင့်သုံးဆင့်ကို ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ ထိပ်ဆုံးအယောက်၂၀သည် အေးအေးဆေးဆေးပင် အလွယ်တကူဖြတ်ကျော်နိုင်မည် ဖြစ်သည်။
ထိုပါရမီရှင်များ ဤနေရာသို့ ရောက်ရှိလာလျှင် ကျန်းချန်သည် ဤမျှလောက် အံ့သြနေမည် မဟုတ်ပေ။
သို့သော်လည်း အနက်ရောင် ဝတ်စုံဝတ်လူငယ်ကမူ ထိုအထဲတွင် လုံးဝ မပါဝင်ဘဲ ကျန်းချန်နှင့် အလွန်တရာ စိမ်းနေခဲ့သည်။
ယမန်နေ့က သိုင်းပြိုင်ပွဲတွင်ပင် ကျန်းချန်သည် သူ့ရှေ့မှအနက်ရောင်ဝတ်စုံဝတ် လူငယ်ကို လုံးဝ သတိမပြုမိခဲ့ပေ။
ထိုလူ၏ ဝတ်စားဆင်ယင်မှုအရ အလွန်တရာ လျှို့ဝှက်တတ်သူ တစ်ယောက် ဖြစ်ပုံရ၏။
ယမန့်နေက သိုင်းပြိုင်ပွဲတွင် ရှထျန်းရီ အပြင် နောက်ထပ်ထူးချွန်သော ပါရမီရှင်နှစ်ဦးလည်း ပေါ်ပေါက်ခဲ့သည်။
ထိုနှစ်ဦးသည် ကျန်းချန်၏ မှတ်ဥာဏ်ထဲတွင် ထင်ရှားစွာ ရှိနေခဲ့သည်။
သေချာသောအချက်မှာ သူ့အရှေ့မှ အနက်ရောင် ဝတ်စုံဝတ်လူငယ်သည် ထိုနှစ်ဦးထဲမှ တစ်ဦးမှ မဟုတ်သည်မှာ ထင်ရှားနေ၏။
ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်နေစဥ်မှာပင် အနက်ရောင်ဝတ် လူငယ်သည် ကျန်းချန် ရောက်ရှိလာသည်ကို သတိထားမိခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်က ချက်ချင်းပင် ကျန်းချန် ရှိရာသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။
ထို့နောက်တွင် လူငယ်သည် တတိယအဆင့် ဟောင်ထျန်းအရက်ကို ယူကာ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ စတုတ္ထအဆင့် ဆီသို့ လျှောက်သွားခဲ့သည်။
"ဒီအနက်ရောင်ဝတ်စုံဝတ် လူငယ်က တစ်စုံတစ်ရာကို နက်နက်နဲနဲ ဖုံးကွယ်ထားပုံပဲ"
လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ကျောပြင်ကို ကြည့်ရင်း ကျန်းချန်က စိတ်ထဲကနေ ရေရွတ်လိုက်မိသည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် ဒုတိယအဆင့်သာ ရှိသော်လည်း ကျန်းချန်သည် ထိုလူငယ်ထံတွင် အဆင့်မြင့် လျှို့ဝှက်နည်းစနစ်တစ်ခုခု ရှိနေမှန်း ကောင်းစွာ သိရှိနေခဲ့သည်။
ထိုသို့ မဟုတ်ဘဲ ထိုလူငယ်သည် ဤမျှ တိုတောင်းချိန်တွင် တတိယအဆင့်ကို ကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။
ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ ထိပ်ဆုံး အယောက် နှစ်ဆယ် သို့မဟုတ် ထိပ်ဆုံး ဆယ်ယောက်ထဲမှာပင် ပါဝင်နိုင်လောက်သည့် အစွမ်းထက်သော ကျင့်ကြံသူ တစ်ယောက်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းသို့ မထင်မရှား ဝင်ရောက်လာခဲ့သည်မှာ တစ်စုံတစ်ရာသော လှည့်ကွက်များ ရှိနေပုံရ၏။
အထူးသဖြင့် ကောင်းကင် သူတော်စင်နယ်မြေမှ သူတော်စင်သားတော် မိုကျိရွှယ်၏ သတိပေးချက်ကို ပြန်လည် စဥ်းစားမိလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် သတိထားသော အရိပ်အယောင်များ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် သူ၏ အတွေးများနေမှုကို ချက်ချင်းပင် ရပ်တန့်လိုက်သည်။
ဤလူက ခွန်အားကို ဖုံးကွယ်ပြီး ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကို မည်သည့် ရည်ရွယ်ချက်နှင့်ပင် လာရောက်သည်ဖြစ်စေ သူ့ကို မထိခိုက်သရွေ့ မည်သည့် ပြဿနာမှ မရှိပေ။
အကယ်၍ သူ့ကို ထိခိုက်အောင် လုပ်ရဲလျှင်မူ မည်သို့သောသူပင် ဖြစ်စေ သူက ကြီးမားသော အဖိုးအခကို သေချာပေါက်ပေးဆပ်စေမည် ဖြစ်၏။
ထိုသို့ တွေးလိုက်ပြီးနောက်တွင် ကျန်းချန်သည် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို လျစ်လျူရှုလိုက်ပြီး တတိယအဆင့် ဟောင်ထျန်း အရက်တစ်ခွက်ကို ယူကာ တစ်ခါတည်း သောက်သုံးလိုက်သည်။
"ဒင်.. သင်က တတိယအဆင့် ဟောင်ထျန်း အရက်တစ်ခွက်ကို သောက်သုံးပြီး ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အတွေ့အကြုံ ရမှတ်(၂၄၀၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က တတိယအဆင့် ဟောင်ထျန်း အရက်တစ်ခွက်ကိုသောက်သုံးပြီး ကျင့်ကြံခြင်း အတွေ့အကြုံ ရမှတ် (၂၄၀၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
တတိယအဆင့် ဟောင်ထျန်း အရက်တစ်ခွက်ကို သောက်သုံးပြီးနောက်တွင် ကျန်းချန်၏ ကျင်ကြံခြင်းအဆင့်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး နောက်တစ်ဆင့်သို့ တက်လှမ်းရန် သိပ်မလိုတော့ပေ။
ထို့နောက်တွင် ကျန်းချန်သည် သူ၏ ခြေလှမ်းကို ရပ်တန့်မနေတော့ဘဲ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ နောက်တစ်ဆင့် ဆီသို့ ဆက်လက် ခြေချလိုက်သည်။
ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်း၏ စတုတ္ထအဆင့်ကနေစ၍ ခက်ခဲသောခရီးစဥ်ကို စတင်ရတော့မည် ဖြစ်သည်။
စတုတ္ထအဆင့်တွင် ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ ထိပ်ဆုံးအယောက်နှစ်ဆယ်မှ ပါရမီရှင်တချို့ပင် အင်ပါယာဥပေဒေသ၏ ဖိအားအောက်၌ လှုပ်ရှားမှုများ ကန့်သတ်ခံရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ကျန်းချန်ကမူ အင်ပါယာဥပဒေသ၏ ဖိအားကို သိသိသာသာပင် မခံစားခဲ့ရပေ။
သူက ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ပင် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်း၏ စတုတ္ထအဆင့် အဆုံးသတ်ဆီသို့ ဆက်လက် လျှောက်သွားခဲ့သည်။
ထိုသို့ လျှောက်လမ်းလာရင်း ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းပေါ်တွင် ဖြည်းဖြည်းချင်း လျှောက်လှမ်းနေကြသည့် ပါရမီရှင် နှစ်ဦးသည် ကျန်းချန်၏ အေးအေးလူလူလျှောက်လှမ်းနေမှုကိုကြည့်ပြီး မျက်ဝန်းထဲတွင် လေးစားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"ဟောင်ထျန်း သူတော်စင်နယ်မြေရဲ့ သားတော်ကို လွှမ်းမိုးနိုင်တဲ့ ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ နံပါတ်(၁)ကျင့်ကြံသူ ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. တကယ်ကို အံ့သြစရာပဲ"
သူတို့နှစ်ဦးက မျက်စိတစ်မှိတ်အတွင်း သူတို့ကို ဖြတ်ကျော်သွားသော ကျန်းချန်ကို ကြည့်ကာ တအံ့တသြ ရေရွတ်လိုက်ကြသည်။
ကျန်းချန်က ထိုနှစ်ဦး၏ အံ့သြတုန်လှုပ်မှုကို လျစ်လျူရှုလိုက်ပြီး မကြာခင်မှာပင် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ စတုတ္ထအဆင့် အဆုံးသတ် ဆီသို့ ရောက်ရှိလာခဲ့သည်။
ဤကဲ့သို့ ပန်းခြံထဲတွင် လမ်းလျှောက်ထွက်သည့် ပုံစံဖြင့်ပင် ကျန်းချန်သည် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်း တစ်လျှောက်လုံးကို အေးအေးဆေးဆေး ဖြတ်သန်းလာခဲ့သည်။
တစ်ရက်ပင် မပြည့်သေးခင်မှာပင် စတုတ္ထအဆင့်၊ ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း အားလုံးကို ကျန်းချန်သည် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့၏။
တတိယအဆင့် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကနေ ချီးမြှင့်သည့် ဟောင်ထျန်းအရက်သည် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို နတ်သန္ဓေအင်ပါယာ နယ်ပယ် စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိစေခဲ့သည်။
ကျန်းချန်က သတ္တမအဆင့် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကို စတင် ခြေချလိုက်သည့်အခါ အင်ပါယာဥပဒေသ၏ ကြီးမားသောဖိအားကို အဆုံးသတ်တွင် ခံစားခဲ့ရသည်။
အချိန် အလုံအလောက် ကျန်ရှိနေသေးသည့် ကျန်းချန်သည် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ နောက်ဆုံးသုံးဆင့်ကို ဖြတ်ကျော်ရန် အလျင်မလိုတော့ပေ။
ထိုအစား သူက ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းတွင် ရှိသည့် အင်ပါယာ ဥပဒေသကို အသုံးပြုပြီး ကိုယ်ခံပညာ နယ်မြေ၏ စွမ်းအားကို အပြည့်အဝ မြှင့်တင်ရန် စတင်ခဲ့သည်။
"ဒင်.. သင်က အင်ပါယာဥပဒေသရဲ့ ဖိနှိပ်မှုကို ခံရပြီး ဓားနယ်မြေ အတွေ့အကြုံရမှတ်(၇၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က အင်ပါယာဥပဒေသရဲ့ဖိနှိပ်မှုကို ခံရပြီး မိုကြိုးနယ်မြေအတွေ့အကြုံရမှတ် (၇၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က အင်ပါယာဥပဒေသရဲ့ ဖိနှိပ်မှုကို ခံရပြီး အချိန်စိတ်ဆန္ဒ အတွေ့အကြုံရမှတ် (၇၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ အင်ပါယာဥပဒေသသည် အဆင့်တစ်ဆင့် တက်တိုင်းတွင် ပထမအဆင့်ထက် နှစ်ဆ တိုးလာခဲ့သည်။
ထို့ကြောင့် ဤသတ္တမအဆင့် အင်ပါယာဥပဒေသ၏ ဖိနှိပ်မှုသည် ပထမအဆင့်ထက် ၇ဆ ပို၍ မြင့်မား၏။
ထို့အတူ ဖိနှိပ်ခံရသည့်အချိန်တိုင်းတွင် ကျန်းချန် ရရှိသည့် အတွေ့အကြုံရမှတ်သည်လည်း ၇ဆတိုးလာခဲ့၏။
တစ်ကြိမ်လျှင် ရရှိသည့် အတွေ့အကြုံက သိပ်မများသော်လည်း မိနစ်အနည်းငယ် ကြာလာသည်နှင့်အမျှ ဆက်တိုက် တိုးတက်လာခဲ့ပြီး ကျန်းချန်၏ ကိုယ်ခံပညာရပ်နယ်မြေခွန်အားသည်လည်း အလွန် လျင်မြန်သောနှုန်းဖြင့် တိုးတက်လာခဲ့သည်။
အထူးသဖြင့် အချိန်၏ စစ်မှန်သောအဓိပ္ပါယ် (ဝါ) အချိန်စိတ်ဆန္ဒသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
ဆယ်ရက်အတွင်းမှာပင် ကျန်းချန်၏ အချိန် စိတ်ဆန္ဒသည် ပထမအဆင့်ကနေ တတိယအဆင့်ထိ တိုက်ရိုက်ဖြတ်ကျော်သွားခဲ့သည်။
တစ်လခန့်အကြာတွင် ကျန်းချန်သည် အချိန်စိတ်ဆန္ဒကို မဟာအဆင့် ပြီးပြည့်စုံသော အခြေအနေအထိ ရောက်ရှိသွားခဲ့ပြီး ပဉ္စမမြောက် နယ်မြေစွမ်းအား ဖြစ်သည့် အချိန်နယ်မြေအဖြစ် ချောမွေ့စွာ ပြောင်းလဲနိုင်ခဲ့သည်။
နှစ်လခန့်အကြာတွင် သာယာနာပျော်ဖွယ်ကောင်းသောစနစ်၏သတိပေးချက်နှစ်ခုသည် ကျန်းချန်၏နားထဲတွင် တစ်ဖန် ပဲ့တင်ထပ်လာခဲ့၏။
"ဒင်.. သင့်ရဲ့မိုးကြိုးနယ်မြေက အလယ်အလတ် နယ်မြေအဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ"
"ဒင်.. သင့်ရဲ့လေနယ်မြေက အလယ်အလတ် နယ်မြေအဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ"
သူ၏စိတ်ထဲမှ သတိပေးချက်များကိုကြားလျှင် ကျန်းချန်၏မျက်လုံးထဲတွင် ပျော်ရွှင်သော အရိပ်အယောင်များဖြစ်ပေါ်လာခဲ့သည်။
ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို ဝင်ရောက်ပြီး နှစ်လအတွင်းမှာပင် ကျန်းချန်၏ ခွန်အားသည်လည်း ၁၀ဆကျော်ခန့် တိုးတက်လာခဲ့သည်။
ဓားနယ်မြေ၏ အနောက်တွင် ရှိသည့် မိုးကြိုးနယ်မြေနှင့် လေနယ်မြေ တို့သည်လည်း ဆက်တိုက်ဆိုသလို အလယ်အလတ်နယ်မြေအဆင့်အထိ တိုးတက်လာခဲ့၏။
ထို့အပြင် နယ်မြေစွမ်းအားအသစ် ဖြစ်သည့် အချိန်နယ်မြေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သည်။
လက်ရှိပိုင်ဆိုင်ထားသည့် နယ်မြေငါးခု၏ ထပ်ဆင့်စွမ်းအားဖြင့်ဆိုလျှင် ကျန်းချန်ကိုယ်တိုင်ပင် မည်မျှအထိ အားကောင်းမှန်း မသိနိုင်တော့ပေ။
သို့သော်လည်း စန်းယွဲ့ သူတော်စင်နယ်မြေ၏ အထွတ်အထိပ် အကြီးအကဲနှင့် ထပ်မံ တွေ့ဆုံခဲ့လျှင် အထွတ်အထိပ်အကြီးအကဲကို တိုက်ခိုက်ရန် အတွက် အရည်အချင်း ပြည့်မီပြီဟု ကျန်းချန် ယုံကြည်ခဲ့သည်။
"မင်းက ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းရဲ့ သတ္တမအဆင့်ကို စောစောစီးစီး ဝင်ရောက်နိုင်ခဲ့တယ်.. ပါရမီရှင်နတ်သန္ဓေ အင်ပါယာစာရင်းရဲ့ နံပါတ်(၁)ပုဂ္ဂိုလ်ဆိုတဲ့ နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်"
ကျန်းချန်၏ မိုးကြိုးနယ်မြေနှင့် လေနယ်မြေတို့က အလယ်အလတ် နယ်မြေအဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် ကျန်းချန်၏ ကျောဘက်ကနေ အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အခန်း(၁၃၄၂)ပြီး၏။
အခန်း(၁၃၄၃)
ရုတ်တရက် ထွက်ပေါ်လာသောအသံကြောင့် ကျန်းချန် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
သူက ခေါင်းလှည့်၍ ကြည့်လိုက်ရာ ဆဋ္ဌမမြောက် စစ်ဆေးရေးဂိတ်ကနေ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ဦး ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။
"ချင်ဝူချွယ် မင်းပါလား"
ကျန်းချန်က ရောက်လာသူကို ကြည့်ကာ ပြုံးလိုက်သည်။
ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ သတ္တမအဆင့်သို့ ရောက်ရှိလာသူမှာ ကောင်းကင်ပဟေဠိ သူတော်စင်နယ်မြေမှ သူတော်စင်သားတော် ချင်ဝူချွယ် ဖြစ်၏။
သူတော်စင်သားတော် ချင်ဝူချွယ်သည် လျှို့ဝှက်နယ်မြေ ရှစ်ခုမှ ထိပ်တန်း ပါရမီရှင်တစ်ဦးဖြစ်ပြီး ဟောင်ထျန်း သူတော်စင်နယ်မြေ၏ သူတော်စင်သားတော် ရှားယွမ်ဟောင် နီးပါး နာမည် ကျော်ကြားသူလည်း ဖြစ်သည်။
ထို့ကြောင့် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်း၏ သတ္တမအဆင့်သို့ ချင်ဝူချွယ် ရောက်ရှိလာခြင်းနှင့် ပတ်သက်၍ ကျန်းချန် အံ့သြခြင်း မရှိခဲ့ပေ။
"ကျန်းချန်.. ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းရဲ့သတ္တမအဆင့်မှာ မင်းနဲ့ ဆုံလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ချင်ဝူချွယ်၏အကြည့်က စူးရှနေခဲ့ပြီး နှုတ်ခမ်းထောင့်သည် အနည်းငယ်ကွေးညွတ်နေခဲ့၏။
"လွန်ခဲ့တဲ့နှစ်လက ပြိုင်ပွဲမှာ မင်းနဲ့မယှဥ်ပြိုင်နိုင်ခဲ့တဲ့အတွက် ငါ စိတ်မကောင်းဖြစ်ခဲ့ရတယ် မင်းငါနဲ့ယှဥ်ပြိုင်ချင်စိတ်ရှိလား"
ထိုစကားကိုကြားလျှင် ကျန်းချန်က မျက်ခုံးကို ပင့်လိုက်သည်။
ဘာလဲ မင်းကက ဒီနေရာမှာ ငါနဲ့တိုက်ခိုက်မလို့လား.. ဒီရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းက တိုက်ခိုက်ဖို့သင့်တော်တဲ့နေရာမဟုတ်ဘူး တခြားနေရာ တစ်ခုခုဆိုရင်တော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်"
ကျန်းချန်၏ စကားကိုကြားလျှင် ချင်ဝူချွယ်က ခေါင်းခါရမ်းလိုက်ပြီး ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
"ငါတို့ တခြားနည်းနဲ့ ယှဥ်ပြိုင်လို့ရပါတယ်"
ကျန်းချန်၏ မျက်လုံးက မှေးကျဥ်းသွားခဲ့သည်။
"မင်းက ဘယ်လိုမျိုး ယှဥ်ပြိုင်ချင်တာလဲ"
"ဒါက အရမ်းရိုးရှင်းပါတယ်.. ငါတို့ထဲက ဘယ်သူမဆို သတ္တမအဆင့် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းကို အရင်ဆုံးကျော်ဖြတ်နိုင်ဖို့ပဲ.. အနိုင်ရတဲ့သူက ရှုံးနိမ့်သူရဲ့ ဟောင်ထျန်း အရက်တစ်ခွက်ကို အပိုင်ရမယ်.. မင်းဘယ်လိုသဘောရလဲ"
ချင်ဝူချွယ်က သတ္တမအဆင့် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ အဆုံးသတ်ကို မျှော်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
ဓားပညာရှင်တစ်ဦး ဖြစ်ပြီး ထူးခြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံရှိသည့် ဓားပါရမီရှင် တစ်ဦးအနေဖြင့် ချင်ဝူချွယ်သည် ရှေးဟောင်း ကြယ်တာရာ ွွကောင်းကင်လမ်းပေါ်ရှိ အင်ပါယာဥပဒေသ၏ ဖိအားကို ခံနိုင်ရည်ရှိခြင်းနဲ့ပတ်သက်၍ လုံးဝယုံကြည်မှုရှိခဲ့သည်။
သူက တိုက်ပွဲဝင်စွမ်းရည်တွင် ကျန်းချန်နှင့်ရှားယွမ်ဟောင်တို့ထက် အနည်းငယ်နိမ့်ကျနိုင်သောလည်း ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းကို ဖြတ်ကျော်နိုင်စွမ်းရှိခြင်းနှင့်ပတ်သက်၍မူ ချင်ဝူချွယ်သည် မည်သူ့ကိုမှ မရှုံးနိမ့်နိုင်ဟု ယုံကြည်မှုရှိခဲ့သည်။
ဤပြိုင်ပွဲတွင် ချင်ဝူချွယ်သည် ကျန်းချန်ကို အနိုင်ယူရန်သာမက ကျန်းချန်ပိုင်ဆိုင်သော သတ္တမအဆင့်ဟောင်ထျန်းအရက်ကိုပါ ရယူလိုခဲ့သည်။
သိထားရမည့်အချက်မှာ သတ္တမအဆင့်ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းပေါ်ရှိ ဟောင်ထျန်းအရက်သည် အဋ္ဌမအဆင့်အထွတ်အထိပ်ဆေးဝါးနှင့်ပင် နှိုင်းယှဥ်နိုင်ခြင်းပင်။
ဤနှစ်လအတွင်း ချင်ဝူချွယ်သည် သူ၏ကျင့်ကြံခြင်းအဆင့်ကို နတ်သန္ဓေအင်ပါယာနယ်ပယ်ကို ပဉ္စမအဆင့်အလယ်အလတ်မှ နှောင်းပိုင်းအဆင့်အထိ မြှင့်တင်ထားခဲ့သည်။
ထို့ကြောင့် သူသာ သတ္တမအဆင့် ဟောင်ထျန်းအရက်နှစ်ခွက်ကိုရနိုင်ခဲ့လျှင် နတ်သန္ဓေအင်ပါယာနယ်ပယ်ဆဋ္ဌမအဆင့်ကို ထိုးဖောက်နိုင်ခြေ ကိုးဆယ်ရာခိုင်နှုန်းရှိလာမည်ဖြစ်၏။
ထိုအချိန်သို့ရောက်လျှင် သူ၏ခွန်အားဖြင့် ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်း၏နောက်ဆုံးအဆင့်နှစ်ဆင့်ကို အလွယ်တကူဖြတ်ကျော်နိုင်ပြီး ဒဏ္ဍာရီလာကြယ်တာရာမြို့တော်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
ကျန်းချန်သည် ချင်ဝူချွယ်၏အတွေးကို မသိဘဲမနေခဲ့ပေ။
သို့သော် ကျန်းချန်သည် ချင်ဝူချွယ်၏စိန်ခေါ်မှုကို လိုလိုလားလားပင် လက်ခံခဲ့သည်။
တကယ်တမ်းတွင် ကျန်းချန်သည်လည်း ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းပေါ်ရှိ ဟောင်ထျန်းအရက်ကို အလွန်တရာတပ်မက်နေခဲ့၏။
ယခုအခါတွင် ချင်ဝူချွယ်သည် သူ့ထံသို့ သတ္တမအဆင့်ဟောင်ထျန်းအရက်တစ်ခွက် ပေးပို့ရန် ကမ်းလှမ်းနေသောအခါ သူ့အနေဖြင့် မည်ကဲ့သို့ ငြင်းပယ်နိုင်ပါအံ့နည်း။
ကျန်းချန်က ချင်ဝူချွယ်၏စိန်ခေါ်မှုလက်ခံရန် ပြင်စင်နေစဥ်မှာပင် သိမ်မွေ့သောအသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"မင်းတို့နှစ်ယောက်ရဲ့ပြိုင်ပွဲထဲမှာ ငါလည်း ပါလို့ရမလား"
ကျန်းချန်နှင့်ချင်ဝူချွယ်တို့က နောက်သို့လှည့်ကြည့်လိုက်ရာ ဟောင်ထျန်းသူတော်စင်နယ်မြေ၏သားတော် ရှားယွမ်ဟောင်ကို တွေ့လိုက်ရသည်။
ရှားယွမ်ဟောင်၏စကားကိုကြားလျှင် ချင်ဝူချွယ်၏ မျက်လုံးများသည် လင်းလက်သွားခဲ့ပြီး အလေးအနက်ပင် ပြန်ပြောလိုက်၏။
"ရှားယွမ်ဟောင် မင်းပါဝင်ချင်တယ်ဆိုတာ သေချာရဲ့လား"
"ဘာလဲ မင်းက ငါနဲ့ယှဥ်ရမှာ ကြောက်လို့လား"
ရှားယွမ်ဟောင်က အေးစက်စက် ပြောလိုက်သည်။
"ငါချင်ဝူချွယ်ရဲ့ အဘိဓာန်မှာ ကြောက်တယ်ဆိုတဲ့စကားလုံးမရှိဘူး မင်း ပါဝင်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး ကျန်းချန်သဘောတူသရွေ့ ငါ့မှာ ဘာမှကန့်ကွက်စရာမရှိဘူး"
ချင်ဝူချွယ်က မာနတစ်ခွဲသားအမူအရာဖြင့် ပြုံးကာ ပြောလိုက်သည်။
"ငါလည်း ကန့်ကွက်စရာမရှိပါဘူး"
ကျန်းချန်က ခပ်ပြုံးပြုံးပင် ပြောလိုက်သည်။
ကျန်းချန်က သတ္တမအဆင့်ဟောင်ထျန်းအရက်များကို အလွန်တရာ လိုချင်နေခဲ့၏။
ယခု ရှားယွမ်ဟောင်သည်လည်း သူ့ကို အရက်တစ်ခွက် ပေးလိုနေသည်ဖြစ်ရာ သူ့အနေဖြင့် မည်ကဲ့သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။
"ဘယ်သူမှ မကန့်ကွက်ဘူးဆိုတော့ အသက်ဆယ်ရှိုက်စာအချိန်ပြီးတာနဲ့ ငါတို့တွေ စကြရအောင်"
ချင်ဝူချွယ်က လေးနက်စွာ ပြောလိုက်သည်။
ထို့နောက်တွင် ကျန်းချန်တို့သုံးဦးသားသည် စကားလုံးဝမပြောကြဘဲ စိတ်ထဲကနေ အချိန်ကို တိတ်တဆိတ်ရေတွက်နေခဲ့ကြ၏။
တစ်ရှိုက်စာ၊နှစ်ရှိုက်စာ၊သုံးရှိုက်စာ...
အသက်ဆယ်ရှိုက်စာအချိန်ကို ရောက်သည်နှင့် ကျန်းချန်တို့ သုံးဦးသားသည် မျက်စိရှေ့ရှိ ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းဆီသို့ ကျားသစ်များနှယ် တစ်ဟုန်ထိုး ပြေးထွက်သွားကြသည်။
"ကျန်းချန် မင်းဒီတစ်ခေါက်တော့ သေချာပေါက် ရှုံးနေစေရမယ် ငါရှားယွမ်ဟောင်က လွန်ခဲ့တဲ့နှစ်လက ရှုံးနိမ့်ခဲ့တာအားလုံးကို မင်းဆီကနေ ပြန်လည်ရယူမယ်"
ရှားယွမ်ဟောင်က ကျယ်လောင်စွာကြုံးဝါးလိုက်ပြီး အင်ပါယာသွေးစွမ်းအားနှင့် နယ်မြေသုံးခုစွမ်းအားကို တစ်ချိန်တည်းတွင် ထုတ်ဖော်ကာ ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းပေါ်ရှိ အင်ပါယာဥပဒေသဖိအားကို ခုခံ၍ လျင်မြန်စွာ ပြေးသွားခဲ့သည်။
"ဟားဟား ရှားယွမ်ဟောင် မင်းသိပ်ပြီး အပျော်မစောနဲ့ဦး ဒီတစ်ခါအနိုင်ရမှာက ငါပဲ"
ရှားယွမ်ဟောင်၏နံဘေးရှိ ချင်ဝူချွယ်ကလည်း အားကျမခံ ကြုံးဝါးလိုက်သည်။
သူ၏တစ်ကိုယ်လုံးက ရှေးဟောင်းနတ်ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်း၏အဆုံးသတ်ဆီသို့ ပျံသန်းသွားခဲ့သည်။
နှစ်ဦး၏စကားကိုကြားလျှင် ကျန်းချန်သည် နှုတ်ခမ်းကို တွန့်ကွေးကာ မထီမဲ့မြင် ပြုံးလိုက်သည်။
လွန်ခဲ့သည့်နှစ်လကဆိုလျှင် ကျန်းချန်သည် ဤပြိုင်ပွဲကိုအနိုင်ရရှိရန်အတွက် လုံးဝယုံကြည်မှုမရှိနိုင်ပေ။
သို့သော်လည်း ယခုကျန်းချန်သည် လွန်ခဲ့သောနှစ်လက ကျန်းချန်နှင့်မည်ကဲ့သို့ နှိုင်းယှဥ်နိုင်ပါမည်နည်း။
ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းသို့ ဝင်ရောက်သည့် ဒုတိယနေ့မှစ၍ ကျန်းချန်သည် ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်း၏သတ္တမအဆင့်သို့ ရောက်ရှိနေပြီးသားဖြစ်၏။
ထို့နောက်တွင် ကျန်းချန်သည် နှစ်လတိုင်တိုင် သတ္တမအဆင့်ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်း၏ အင်ပါယာဥပဒေသဖိအားကို ခံယူနေခဲ့သည်။
အစပိုင်းတွင် ဤနေရာရှိ အင်ပါယာဥပဒေသ၏ဖိနှိပ်မှုသည် သူ့အပေါ်ဖိအားတချို့ ဖြစ်ပေါ်စေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ကျန်းချန်၏ နယ်မြေစွမ်းအားသည် ပိုမိုအားကောင်းလာခဲ့ပြီး သတ္တမအဆင့်ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်း၏ အင်ပါယာဥပဒေသ ဖိနှိပ်မှုသည် ကျန်းချန်အပေါ်တွင် သက်ရောက်မှုလည်း နည်းပါးလာခဲ့သည်။
လျှပ်စီးနယ်မြေနှင့်လေနယ်မြေတို့သည် ဆက်တိုက်ဆိုသလို အလယ်အလတ်အဆင့်အထိ ရောက်ရှိလာခဲ့ပြီးနောက်တွင် ဤနေရာရှိ အင်ပါယာဥပဒေသဖိအားသည် ကျန်းချန်အတွက် လုံးဝအရေးမပါတော့ပေ။
သူက စွမ်းအားများကို အသားကုန်ထုတ်နေစရာမလိုအပ်ဘဲ သာမန်လူတစ်ဦးလွတ်လပ်စွာ လမ်းလျှောက်နေသကဲ့သို့ ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းပေါ်တွင် လျှောက်လမ်းနေခဲ့သည်။
သို့သော်လည်း သူ၏အမြန်နှုန်းသည် ရှားယွမ်ဟောင်နှင့်ချင်ဝူချွယ်တို့ထက် မနိမ့်ကျခဲ့ပေ။
တစ်ခဏအတွင်းမှာပင် သူတို့သုံးဦးသားသည် ရှေ့သို့ အတူတကွ ချီတက်လာရင်း ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်း၏ မီတာ၇၀၀၊၈၀၀ခန့်အကွာအဝေးကို ခရီးနှင်ခဲ့သည်။
ထိုအချိန်တွင်မူ ရှားယွမ်ဟောင်နှင့်ချင်ဝူချွယ်တို့သည် အင်ပါယာဥပဒေသ၏ဖိနှိပ်မှုကြောင့် သက်ရောက်မှုများ ရှိလာခဲ့ပြီး သိသိသာသာပင် အားနည်းလာကာ အမြန်နှုန်းသည်လည်း ချက်ချင်းပင် နှေးကွေးသွားခဲ့သည်။
သူတို့သုံးယောက်ထဲတွင် ကျန်းချန်တစ်ဦးတည်းသာလျှင် တည်ငြိမ်နေခဲ့ပြီး အေးအေးလူလူပင် ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်း၏ အဆုံးဆီသို့ ဆက်လက်ချီတက်နေခဲ့၏။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
သူ၏အရှေ့မှမြင်ကွင်းကိုကြည့်ရင်း ရှားယွမ်ဟောင်နှင့်ချင်ဝူချွယ်တို့၏မျက်ဝန်းထဲတွင် မယုံကြည်နိုင်စရာ အံ့အားသင့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူတို့နှစ်ယောက်က နှစ်လကြာ ကြိုးစားကျင့်ကြံပြီးနောက်တွင် ကြီးမားသောခွန်အားများကိုရရှိခဲ့ပြီး ဤပြိုင်ပွဲအတွက် ကောင်းစွာယုံကြည်မှုရှိခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ တိုးတက်မှုက သူတို့နှစ်ဦးထက်ပင် ပိုမိုကြောက်မက်ဖွယ်ရာကောင်းနေလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးမိခဲ့ပေ။
သူတို့က အစွမ်းကုန်ကြိုးစားခဲ့ရသော်လည်း ကျန်းချန်ကမူ ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ အေးအေးလူလူလျှောက်နေခဲ့ပြီး သူတို့ကို အနောက်တွင် ချန်ထားရစ်ခဲ့သည်။
ဤကဲ့သို့သော ပြိုင်ပွဲမျိုးသည် တစ်ဖက်သတ်ဆန်လွန်းသောပြိုင်ပွဲဟုပင် ဆိုရပေတော့မည်။
အခန်း(၁၃၄၃)ပြီး၏။
အခန်း(၁၃၄၄)
ရှားယွမ်ဟောင်နှင့်ချင်ဝူချွယ်တို့၏ အံ့သြတုန်လှုပ်နေသောအကြည့်များအောက်မှာပင် ကျန်းချန်သည် မီတာ၂၀၀ကို ထပ်မံဖြတ်ကျော်ကာ သတ္တမအဆင့် ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်း၏အဆုံးသို့ ဝင်ရောက်သွားခဲ့သည်။
သတ္တမအဆင့်မှ ဂိတ်တံခါးစောင့်သည် နတ်သန္ဓေအင်ပါယာနယ်ပယ်ဆဋ္ဌမအဆင့်ကျင့်ကြံသူနှင့် နှိုင်းယှဥ်နိုင်ပြီး ၎င်း၏ခွန်အားသည် ရှန်းဝူမြို့၏ဘိုးဘေးဖုန်းရွှယ်ခွင်းထက် လုံးဝမနိမ့်ကျပေ။
သို့သော်လည်း ကျန်းချန်၏လက်ရှိခွန်အားသည် ဖုန်းရွှယ်ခွင်းနှင့်တိုက်ခိုက်ခဲ့စဥ်ကထက် များစွာ ပိုမို၍ အားကောင်းနေခဲ့ပြီဖြစ်၏။
ထို့ကြောင့် သတ္တမအဆင့်မှဂိတ်စောင့်တစ်ဦးသည် သူ့အပေါ်တွင် မည်သည့်ခြိမ်းခြောက်မှုမှု မရှိတော့ပေ။
ကျန်းချန်သည် သူ၏အရှေ့ရှိ ဂိတ်တံခါးစောင့်ကို သုံးကွက်အတွင်း အလွယ်တကူအနိုင်ယူကာ သတ္တမအဆင့်သို့ ဝင်ရောက်သွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် ရှေးဟောင်းရေတွင်းဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်ပြီး သတ္တမအဆင့်ဟောင်ထျန်းအရက်တစ်ခွက်ကို ခပ်ယူ၍ တစ်ခါတည်းသောက်သုံးလိုက်သည်။
"ဒင်..သင်က သတ္တမအဆင့်ဟောင်ထျန်းအရက်တစ်ခွက်ကို သောက်သုံးပြီး ကျင့်ကြံခြင်းအတွေ့အကြုံရမှတ်(၅၆၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်..သင့်ရဲ့ကျင့်ကြံခြင်းအဆင့်က နတ်သန္ဓေအင်ပါယာနယ်ပယ်ပဉ္စမအဆင့်ကို ထိုးဖောက်သွားခဲ့ပါပြီ"
"ဒင်..သင်က သတ္တမအဆင့်ဟောင်ထျန်းအရက်တစ်ခွက်ကို သောက်သုံးပြီး ရုပ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းအတွေ့အကြုံရမှတ်(၅၆၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်..သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်က အဋ္ဌမအဆင့်ကို အောင်မြင်စွာရောက်ရှိသွားခဲ့ပါပြီ"
သတ္တမအဆင့်ဟောင်ထျန်းအရက်တစ်ခွက်သည် ကျန်းချန်၏ကိုယ်ခံပညာနှင့်ရုပ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းစွမ်းရည်များကို အဆင့်တက်စေခဲ့သည်။
သူ၏ကျင့်ကြံခြင်းအဆင့်တိုးတက်လာသည်နှင့်အမျှ ကျန်းချန်သည် ဟောင်ထျန်းအရက်၏စွမ်းအားကို စိတ်ထဲကနေ ချီးကျူးမိလိုက်သည်။
သိပ်မကြာခင် နောက်ထပ် အရက်နှစ်ခွက် ထပ်မံရရှိတော့မည်ဟု တွေးမိကာ ကျန်းချန်သည် ခပ်ယဲ့ယဲ့ပြုံးလိုက်၏။
ထိုအရက်နှစ်ခွက်သည် သူ့ကို နတ်သန္ဓေအင်ပါယာနယ်ပယ်ပဉ္စမအဆင့်အလယ်အလတ်သို့ အနည်းဆုံး ထိုးဖောက်နိုင်လိမ့်မည်ဖြစ်၏။
သူသာ ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်း၏နောက်ဆုံးအဆင့်နှစ်ဆင့်ကို ကျော်ဖြတ်နိုင်ခဲ့လျှင် အဋ္ဌမအဆင့်ဟောင်ထျန်းအရက်တစ်ခွက်နှင့်နဝမအဆင့်ဟောင်ထျန်းအရက်တစ်ခွက်ကို ထပ်မံရရှိနိုင်မည်ဖြစ်၏။
ထိုအချိန်သို့ရောက်လျှင် သူ၏ကျင့်ကြံခြင်းအဆင့်သည် နတ်သန္ဓေအင်ပါယာနယ်ပယ်ပဉ္စမအဆင့်သို့ အနည်းဆုံးရောက်ရှိနိုင်မည်ဖြစ်သည်။
နတ်သန္ဓေအင်ပါယာနယ်ပယ်စတုတ္ထအဆင့်သို့ တစ်ခါတည်းထိုးဖောက်ဝင်ရောက်နိုင်ရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ကျန်းချန်က ရှေးဟောင်းရေတွင်းဘေးတွင် ရပ်နေရင်း ရှားယွမ်ဟောင်နှင့်ချင်ဝူချွယ်တို့နှစ်ဦးရောက်ရှိလာမည်ကို စောင့်ဆိုင်းနေခဲ့သည်။
သို့သော် အချိန်အတော်ကြာ စောင့်စားခဲ့သည့်တိုင် ရှားယွမ်ဟောင်နှင့်ချင်ဝူချွယ်တို့သည် ရောက်ရှိလာခြင်းမရှိခဲ့ပေ။
ထိုအခါ ကျန်းချန်၏ မျက်လုံးထဲတွင် သံသယအရိပ်အယောင်များ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ရှားယွမ်ဟောင်နှင့်ချင်ဝူချွယ်တို့၏လက်ရှိခွန်အားသည် သူနှင့်မနှိုင်းယှဥ်နိုင်သော်လည်း သတ္တမအဆင့်ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းကိုဖြတ်ကျော်ရာတွင် ပြဿနာမရှိလောက်ပေ။
ပုံမှန်ဆိုလျှင် ရှားယွမ်ဟောင်နှင့်ချင်ဝူချွယ်တို့သည် ယခုအချိန်တွင် ရှေးဟောင်းရေတွင်းဆီသို့ ရောက်လာသင့်နေပြီဖြစ်၏။
"ဒီနှစ်ကောင်က အရှုံးကို ဝန်မခံချင်လို့များလား"
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် သတ္တမအဆင့်ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းဆီသို့ တန်းတန်းမတ်မတ်ဆုတ်ခွာသွားခဲ့သည်။
ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းသည် နောက်သို့ ပြန်သွားခွင့်မရှိသော်လည်း အစွန်းနှစ်ဖက်ရှိ အဆင့်များသို့မူ အလိုရှိသလို ဝင်ထွက်နိုင်ခွင့်ရှိသည်။
ဆိုလိုသည်မှာ ကျန်းချန်သည် သူ၏ရှေ့ရှိ စစ်ဆေးရေးဂိတ်ကိုဖြတ်ကျော်ကာ အဋ္ဌမအဆင့်ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းကို မဝင်ရသေးသရွေ့ သတ္တမအဆင့်ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းသို့ ပြန်သွားနိုင်သည့်အပြင် ဆဋ္ဌမအဆင့်သို့ပင် ပြန်သွားနိုင်သည်။
သို့သော်လည်း ဆဋ္ဌမအဆင့်၏ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းပေါ်သို့မူ ပြန်သွားခွင့်မရှိတော့ပေ။
သူက အဋ္ဌမအဆင့်ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းသို့ ဝင်ရောက်ခဲ့လျှင် အရှေ့သို့သာ ဆက်လက်သွားရတော့မည်ဖြစ်သည်။
ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်း၏စည်းမျဥ်းသည် ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းသို့ဝင်ရောက်လာသော ကျင့်ကြံသူများကို ဤနေရာတွင် ပိုမိုကောင်းမွန်သောအတွေ့အကြုံများ ရရှိစေရန်ဖြစ်၏။
ဆိုရလျှင် လူတိုင်းသည် ကျန်းချန်တို့ကဲ့သို့ ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းကို သေချာပေါက်ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။
နတ်သန္ဓေအင်ပါယာနယ်ပယ်အစောပိုင်းအဆင့်ရှိ ကျင့်ကြံသူအများစုသည် ပထမအဆင့်ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းကို ဖြတ်ကျော်ပြီးသည့်အချိန်မှစ၍ နောက်ထပ်အဆင့်များတွင် အင်ပါယာဥပဒေသ၏ဖိနှိပ်မှုကိုများစွာ ခံစားရလိမ့်မည်ဖြစ်သည်။
လူတော်တော်များများသည် ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်း၏တစ်ဝက်တစ်ပျက်သို့ အင်ပါယာဥပဒေသ၏ဖိနှိပ်မှုကို ခံနိုင်ရည်မရှိကြတော့ပေ။
ဤကဲ့သို့သော အခြေအနေတွင် ၎င်းတို့သည် ယခင်အဆင့်သို့ ပြန်လည်ဆုတ်ခွာကာ ကျောက်တုံးအခန်းထဲတွင် လေ့ကျင့်ပြီး ၎င်းတို့၏ခွန်အားအဆင့်တစ်ခုသို့ ရောက်ရှိသည့်အချိန်ကို စောင့်ဆိုင်းပြီးမှသာ ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းပေါ်ကို ဆက်လက်လျှောက်လှမ်းနိုင်မည်ဖြစ်၏။
ကျန်းချန်က သံသယဝင်လာသဖြင့် သတ္တမအဆင့်ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းဆီသို့ နောက်ပြန်လှည့်လာခဲ့သည်။
ထိုသို့ နောက်ပြန်လှည့်လာသောအချိန်မှာပင် ကျန်းချန်၏နားထဲတွင် ကြောက်မက်ဖွယ်ကောင်းသောစွမ်းအင်ပေါက်ကွဲသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။
ကျန်းချန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် စွမ်းအင်ပေါက်ကွဲမှုဖြစ်ပေါ်လာသောနေရာကို လှမ်းကြည့်လိုက်သည်။
ထိုအခါ သတ္တမအဆင့်ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်း၏အလယ်တွင် ရှားယွမ်ဟောင်နှင့်ချင်ဝူချွယ်တို့သည် ထူးဆန်းသောလူငယ်တစ်ဦးနှင့် တိုက်ပွဲတစ်ပွဲဆင်နွှဲနေသည်ကို တွေ့လိုက်ရသည်။
၎င်းတို့၏ မျက်နှာချင်းဆိုင်မှ ထူးဆန်းသောလူငယ်မှာ တတိယအဆင့်ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းပေါ်တွင် ကျန်းချန်နှင့်တွေ့ဆုံခဲ့ဖူးသည့် အနက်ရောင်ဝတ်စုံဝတ်လူငယ်ပင်ဖြစ်၏။
ပို၍ပင် အံ့သြတုန်လှုပ်ဖွယ်ကောင်းသည်မှာ ရှားယွမ်ဟောင်နှင့်ချင်ဝူချွယ်တို့ နှစ်ဦးသည် လက်ရှိအချိန်တွင် အနည်းငယ်အရေးနိမ့်နေပုံရပြီး အနက်ရောင်ဝတ်စုံဝတ်လူငယ်ထက် အားနည်းနေသည်မှာ ထင်ရှားနေခြင်းပင်။
သူ၏ရှေ့မှမြင်ကွင်းကို မြင်လျှင် ကျန်းချန်၏မျက်လုံးများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
သိထားရမည့်အချက်မှာ ရှားယွမ်ဟောင်နှင့်ချင်ဝူချွယ်တို့နှစ်ဦးစလုံးသည် လျှို့ဝှက်နယ်မြေ ရှစ်ခုတွင် အစွမ်းအထက်ဆုံးလူနှဈစ်ဦး ဖြစ်ပြီး အလွန်တရာပင် သန်မာကြသည်။
ထို့အပြင် ထိုနှစ်ယောက်၏ခွန်အားသည် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းပေါ်တွင် နှစ်လကြာ နေထိုင်ခဲ့၍ များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းသို့ ဝင်ရောက်လာစဥ်အချိန်ကလိုမျိုးသာဆိုလျှင် လက်ရှိထိုနှစ်ဦး၏ပူးပေါင်းတိုက်ခိုက်မှုကို အနိုင်ယူနိုင်မည်ဟု မသေချာပေ။
လက်ရှိအချိန်တွင်မူ အနက်ရောင် ဝတ်စုံဝတ်လူငယ်သည် ပူးပေါင်းတိုက်ခိုက်နေသော ရှားယွမ်ဟောင်တို့ နှစ်ဦးကိုပင် ဖိနှိပ်နိုင်ခဲ့သည်။
ဤအနက်ရောင် ဝတ်စုံဝတ်လူငယ်က သာမန်မဟုတ်ကြောင်း နဂိုကတည်းက ခန့်မှန်းမိထားသော်လည်း ထိုလူငယ်၏ ခွန်အားသည် ဤမျှအထိ အားကောင်းလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
မှန်ပါသည်။၎င်း၏ သန်မာသောခွန်အားအပြင် ကျန်းချန်ကို အံ့သြထိတ်လန့်စရာအဖြစ်စေဆုံးအရာမှာ အနက်ရောင်ဝတ်စုံဝတ်လူငယ်ထံမှ ထွက်ပေါ်လာသော သွေးအရှိန်အဝါပင်ဖြစ်သည်။
ဤသွေးအရှိန်အဝါသည် သွေးကျင့်ကြံသူများတွင်သာ ရှိသည့်အရှိန်အဝါ ဖြစ်၍ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သွေးကျင့်ကြံသူတစ်ဦး ဖြစ်နေသည်မှာ ထင်ရှားသည်။
ကျန်းချန်သည် ဤအနက်ရောင် ဝတ်စုံဝတ်လူငယ်က ရှေးဟောင်း အင်ပါယာ သန္ဓေပြောင်း သင်္ချိုင်းဂူတွင် သူနှင့်တွေ့ဆုံခဲ့ဖူးသော သွေးကျင့်ကြံသူနှင့် အနည်းငယ် ဆင်တူကြောင်း ခပ်ရေးရေးခံစားမိခဲ့သည်။
သံသယဝင်စရာ မရှိလောက်အောင်ပင် သူ၏အရှေ့မှ အနက်ရောင် ဝတ်စုံဝတ်လူငယ်သည် သွေးနတ်ဆိုးနန်းတော်မှ ဖြစ်နိုင်ခြေရှိပြီး ရှန်းဝူတိုက်ကြီးတွင် ကျန်ရှိနေသော သွေးဝိညာဥ်မျိုးနွယ်စု၏ မျိုးဆက်တစ်ဦး ဖြစ်နိုင်ရန် အလွန်ပင်မြင့်မားသည်။
သွေးဝိညာဥ် မျိုးနွယ်စု၏ မျိုးဆက်တစ်ဦးသည် လျှို့ဝှက်နယ်မြေရှစ်ခု၏ အကြည့်အောက်မှာပင် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းသို့ ဝင်ရောက်နိုင်ခဲ့သည်။
ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို စူးစိုက်ကြည့်ရင်း မျက်နှာအမူအရာ အလွန်တရာ လေးနက်နေခဲ့သည်။
ကောင်းကင်သူတော်စင်နယ်မြေမှ သူတော်စင်သားတော် မိုကျိရွှယ် သတိပေးလိုက်သော ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းပေါ်မှ အပြောင်းအလဲသည် သူ၏အရှေ့မှအနက်ရောင် ဝတ်စုံဝတ်လူငယ်ကို ရည်ညွှန်းသည်မှာ သေချာသလောက်ပင်။
သွေးဝိညာဥ်မျိုးနွယ်စု၏ မျိုးဆက်ဟု သံသယရှိသူတစ်ဦးသည် သူ၏ ကိုယ်ပိုင်ဝိသေသ လက္ခာဏာကို ဖုံးကွယ်ကာ ဟောင်ထျန်း သူတော်စင်နယ်မြေမှ ထိန်းချုပ်ထားသော ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းသို့ ရောနှော၍ ဝင်ရောက်လာခြင်းမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေလောက်၏။
"ဝုန်း.."
ကျန်းချန်၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ပြည့်နှက်နေစင်မှာပင် လေထုထဲ၌ နောက်ထပ် တုန်လှုပ်ဖွယ်ရာ စွမ်းအင် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ်တို့၏ ပုံရိပ်များသည် အနက်ရောင် ဝတ်စုံဝတ်လူငယ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သွေးပင်လယ်နှင့် ရင်ဆိုင်လိုက်ရပြီးနောက် ချက်ချင်းဆိုသလိုပင် ၁၀ပေကျော်အထိ နောက်ဆုတ်လိုက်ရသည်ကို တွေ့လိုက်ရသည်။
"သွေးနတ်ဆိုးနန်းတော်ရဲ့ထိပ်တန်းကိုယ်ခံပညာဖြစ်တဲ့ သွေးနတ်ဆိုးပင်လယ် ကိုယ်ခံပညာပါလား"
ကျန်းချန်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ဤအနက်ရောင် ဝတ်စုံဝတ်လူငယ်သည် သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်း ကိုယ်ခံပညာကို ကျွမ်းကျင်ရုံသာမက နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်သို့ပင် ရောက်ရှိနေခဲ့ရာ လျှို့ဝှက်နယ်မြေရှစ်ခုမှ အထွတ်အထိပ် အကြီးအကဲများနှင့်ပင် နှိုင်းယှဥ်နိုင်နေပြီ ဖြစ်၏။
ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ်တို့သည် အနက်ရောင် ဝတ်စုံဝတ်လူငယ်၏ ဖိနှိပ်မှုကို ခံခဲ့ရသည်မှာ အံ့သြစရာ မရှိတော့ပေ။
ထိုနှစ်ဦးစလုံးသည် တိုက်ပွဲဝင်စွမ်းရည်တွင် မနိမ့်ကျသော်လည်း နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဥ်လျင်မူ ကြီးမားသော ကွာဟချက် ရှိနေပါသေး၏။
အခန်း(၁၃၄၄)ပြီး၏။