အခန်း (၁၃၄၅-၁၃၄၇)
Vol. 90 Ch. 1345-1347
အခန်း(၁၃၄၅)
"နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူပါလား"
ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ငေးကြည့်ရင်း မယုံကြည်နိုင်သောအမူအရာဖြင့် တီးတိုးရေရွတ်လိုက်သည်။
အင်ပါယာဟောင်ထျန်း၏ နတ်လက်နက်ကနေ ဆင့်ကဲ ဖြစ်ပေါ်လာသော ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းကို ဝင်ရောက်ရာတွင် အသက်(၁၀၀)ကျော်၍ မရသော စည်းမျဥ်းသည် မည်သူမျှ ဖောက်ဖျက်၍မရသည့် သံမဏိစည်းမျဥ်းတစ်ခု ဖြစ်သည်။
ထိုအချက်ကြောင့် သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အသက်(၁၀၀)မကျော်သေးဟု ဆိုလိုနေ၏။
အသက်(၁၀၀)မကျော်သေးသော နတ်သန္ဓေ အင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူသည် ရှန်းဝူတိုက်ကြီး၏ နှစ်ပေါင်း (၁၀၀၀၀)နီးပါး သမိုင်းတစ်လျှောက်တွင်ပင် အလွန်ရှားပါးသော ပုဂ္ဂိုလ်ဖြစ်သည်။
သိထားရမည့်အချက်မှာ ယနေ့ခေတ် ရှန်းဝူတိုက်ကြီးတွင် အသက်(၁၀၀) မပြည့်မီ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်ကို ထိုးဖောက်နိုင်သူများအား အထွတ်အထိပ် ပါရမီရှင်များအဖြစ် သတ်မှတ်ခဲ့ကြသည်။
အသက်(၃၀) သို့မဟုတ် (၄၀)အရွယ်တွင် နတ်သန္ဓေ အင်ပါယာနယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့သော ထိပ်တန်းပါရမီရှင် ရှားယွမ်ဟောင်ပင်လျှင် အသက်(၁၀၀) မပြည့်မီ နတ်သန္ဓေ အင်ပါယာနယ်ပယ် နဝမအဆင့်ကို ထိုးဖောက်နိုင်လိမ့်မည်ဟု အတပ် မပြောနိုင်ပေ။
ဆိုရလျှင် နတ်သန္ဓေ အင်ပါယာအဆင့်သည် နှောင်းပိုင်းအဆင့်ကို ရောက်လာလေ ထိုးဖောက်ရန် ပို၍ ခက်ခဲလာလေလေ ဖြစ်၏။
အထူးသဖြင့် နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့်ကို ရောက်ရှိပြီးနောက်တွင် ရှားယွမ်ဟောင်၏ ပါရမီဖြင့်ပင် အခွင့်အလမ်းတစ်ခုခု မရရှိပါက နောက်ထပ် အဆင့်တစ်ဆင့်သို့ တက်လှမ်းရန် ဆယ်နှစ် သို့မဟုတ် ဆယ်စုနှစ်များစွာ လိုအပ်လိမ့်မည် ဖြစ်သည်။
ထို့ကြောင့် သူ၏ရှေ့မှ အနက်ရောင် ဝတ်စုံဝတ်လူငယ်သည် အသက်(၁၀၀)မပြည့်မီမှာပင် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနိုင်သည်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ပါရမီ ရှိမှန်း သက်သေပြနေခဲ့၏။
"မင်းလို သွေးနတ်ဆိုးနန်းတော်ရဲ့ အကြွင်းအကျန် တစ်ယောက်က ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းထဲကို ဝင်ရောက်လာရဲတယ်.. မင်းကို ငါတို့ လျှို့ဝှက်နယ်မြေရှစ်ခုက မကိုင်တွယ်နိုင်ဘူးများ ထင်နေလား"
ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို အကဲခတ်နေစဥ်မှာပင် ရှားယွမ်ဟောင်၏ ဒေါသတကြီး ကြုံးဝါးသံသည် ကျန်းချန်၏ နားထဲတွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
ဟောင်ထျန်း သူတော်စင်နယ်မြေနှင့် ကောင်းကင်ပဟေဠိနယ်မြေမှ သူတော်စင်သားတော်များ အနေဖြင့် ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ်တို့သည် မာနကြီးသောသူများ ဖြစ်ကြသည်။
ထို့ကြောင့် သူတို့က ကျန်းချန်ကို ရှုံးနိမ့်ပြီးနောက်တွင် သူတို့၏ ကတိကို တည်ရန် ကြိုးစားခဲ့ကြ၏။
သို့သော်လည်း သူတို့က သတ္တမအဆင့် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းကို ဖြတ်ကျော်ကာ အလောင်းအစား သဘောတူညီချက်ကို ဖြည့်ဆည်းရန်အတွက် ပြင်ဆင်နေစဥ်မှာပင် ဤထူးဆန်းသော အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ တိုက်ခိုက်ခြင်းကို ရုတ်တရက် ခံခဲ့ရသည်။
ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ခွန်အားသည် အလွန်တရာပင် အားကောင်းပြီး နတ်သန္ဓေ အင်ပါယာနယ်ပယ် နဝမအဆင့်သို့ပင် ရောက်ရှိနေခဲ့၏။
လျှို့ဝှက်နယ်မြေရှစ်ခုမှ အသန်မာဆုံး ပါရမီရှင်နှစ်ဦး ပူးပေါင်း တိုက်ခိုက်ခဲ့သည့်တိုင် ထိုလူငယ်၏ ဖိနှိပ်ခြင်းကိုသာ ခံခဲ့ရသည်။
ရှားယွမ်ဟောင်ကို အထိတ်တလန့် အဖြစ်စေဆုံး အရာမှာ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သွေးနတ်ဆိုး နန်းတော်ကနေ အမှန်တကယ် ရောက်လာခဲ့ခြင်းပင်။
နတ်သန္ဓေ အင်ပါယာနယ်ပယ် နဝမအဆင့်ရှိသည့် သွေးနတ်ဆိုးနန်းတော်၏ အကြွင်းအကျန် တစ်ဦးသည် သူ၏ ကိုယ်ပိုင်ဝိသေသ လက္ခဏာကို လျှို့ဝှက်ကာ ဟောင်ထျန်းသူတော်စင်နယ်မြေ ထိန်းချုပ်ထားသည့် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းသို့ ဝင်ရောက်လာလိမ့်မည်ဟု ရှားယွမ်ဟောင် လုံးဝ မထင်ထားခဲ့ပေ။
"ဟားဟား လျှို့ဝှက်နယ်မြေရှစ်ခုက ဘာမို့လို့လဲ.. ငါတို့ သွေးနတ်ဆိုးနန်းတော် ပြန်လည် ထွက်ပေါ်လာတဲ့နေ့က မင်းတို့ လျှို့ဝှက်နယ်မြေ ရှစ်ခု ပျက်စီးမဲ့နေ့ပဲ.. ရှားယွမ်ဟောင်နဲ့ ချင်ဝူချွယ်.. မင်းတို့ အင်အားအကုန်သုံးပြီး တိုက်ခိုက်လည်း ဒီသတ္တမအဆင့် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းက မင်းတို့နှစ်ယောက် ကျဆုံးမဲ့နေရာ ဖြစ်လာလိမ့်မယ်"
အနက်ရောင်ဝတ်စုံဝတ် လူငယ်က အေးစက်စက်ပြုံးကာ လှောင်ပြောင်လိုက်သည်။
ထိုအချိန်တွင် ချင်ဝူချွယ်သည် သူနှင့် မျက်နှာချင်းဆိုင်မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။
"မင်း ဒီရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းပေါ်ကို ရောက်လာတာက ငါတို့နှစ်ယောက်ကို သတ်ဖြတ်ဖို့အတွက်ပဲ မဟုတ်လောက်ဘူး ထင်တယ်"
"မင်းတို့နှစ်ယောက်က နှစ်(၁၀၀၀)မှာ တစ်ကြိမ်သာ တွေ့ရလောက်တဲ့ ပါရမီရှင်တွေ ဖြစ်တဲ့အတွက် ငါတို့ သွေးနတ်ဆိုးနန်းတော်က မင်းတို့တွေ မကြီးထွားခင် ရှင်းပစ်မှာအသေအချာပဲ.. ဒါပေမဲ့ မင်းတို့ကို ရှင်းပစ်ဖို့က ကြုံကြိုက်လို့ စီစဥ်လိုက်တာပဲ.. င့ါရဲ့ရည်ရွယ်ချက် အစစ်အမှန်က တစ်ခုတည်းပဲရှိတယ်.. အဲဒါက ရှေးဟောင်းကြယ်တာရာမြို့တော်ကို အရောက်သွားဖို့ပဲ"
အနက်ရောင်ဝတ်စုံဝတ် လူငယ်က ပြုံး၍ ပြောလိုက်သည်။
သူက သူ၏ရည်ရွယ်ချက်ကို ချင်ဝူချွယ်တို့အား အနည်းငယ်မျှပင် ဖုံးကွယ်မထားခဲ့ပေ။
အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စကားကိုကြားလျှင် ချင်ဝူချွယ်၏ မျက်လုံးများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
"မင်းက ကြယ်တာရာမြို့တော်ရဲ့ အမွေအနှစ်ကို လိုချင်လို့လား"
"မဟုတ်ဘူး မင်းမှားနေပြီ.. ငါဒီကို ရောက်လာတာက အင်ပါယာ အမွေအနှစ်ကို သိမ်းပိုက်ဖို့ မဟုတ်ဘဲ ကြယ်တာရာမြို့တော်ကို ဖျက်ဆီးပစ်ဖို့ပဲ"
အနက်ရောင်ဝတ်စုံဝတ် လူငယ်က ပြုံး၍ ပြန်ဖြေလိုက်သည်။
"ဘာ.. ဘယ်လို"
အနက်ရောင်ဝတ်စုံဝတ် လူငယ် ဤနေရာသို့ ရောက်လာရသည့် ရည်ရွယ်ချက်မှာ ကြယ်တာရာ မြို့တော်ကို ဖျက်ဆီးဖို့ ဖြစ်နေခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စကားကိုကြားလျှင် ချင်ဝူချွယ်နှင့် ရှားယွမ်ဟောင်တို့၏ မျက်နှာ အမူအရာများသည် ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
ရှေးဟောင်း ကြယ်တာရာမြို့သည် ရှန်းဝူတိုက်ကြီး၏ အင်ပါယာ အမွေအနှစ်များ စုဝေးသောနေရာတစ်ခု ဖြစ်ပြီး ရှန်းဝူတိုက်ကြီး၏ စစ်မှန်သော ကိုယ်ခံပညာ နယ်မြေဟုပင် ခေါ်ဆိုလျှင် လွန်အံ့မထင်။
လွန်ခဲ့သော နှစ်(၁၀၀၀၀)က အင်ပါယာ ဟောင်ထျန်းသည် ကြယ်တာရာမြို့တွင် သွေးဝိညာဥ် မျိုးနွယ်စုများနှင့် တိုက်ခိုက်ရန် အင်ပါယာ အားလုံးကို ဦးဆောင်ခဲ့သော်လည်း အဆုံးသတ်တွင် သွေးဝိညာဥ်မျိုးနွယ်စုများနှင့် အတူ သေဆုံးသွားခဲ့သည်။
ထိုစစ်ပွဲကြီးအပြီးတွင် အင်ပါယာ ဟောင်ထျန်းသည် သူ၏ နောက်ဆုံးအချိန်၌ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို ဖန်တီးခဲ့ပြီး ရှန်းဝူတိုက်ကြီး၏ မျိုးဆက်များအတွက် အဖိုးတန်သော အမွေအနှစ်များကို ချန်ထားပေးခဲ့သည်။
ဤနှစ်ပေါင်း (၁၀၀၀၀)အတွင်း အင်အားများစွာ ချည့်နဲ့ခဲ့သော ရှန်းဝူတိုက်ကြီးသည် နှစ်(၁၀၀)တွင် တစ်ကြိမ်သာ ဖွင့်လှစ်သော ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို အားကိုးကာ ပါရမီရှင်များ အလျင်အမြန် ကြီးထွားလာရန် ဆောင်ရွက်ခဲ့သည်။
အထူးသဖြင့် ရှေးဟောင်း ကြယ်တာရာမြို့သို့ ဝင်ရောက်ကာ အင်ပါယာ အမွေအနှစ်ကို ရရှိခဲ့သော ပါရမီရှင် အနည်းစုသည် အဆုံးသတ်တွင် ရှန်းဝူတိုက်ကြီး၏ အဓိက အုတ်မြစ်များ ဖြစ်လာခဲ့ကြသည်။
ယခု အနက်ရောင် ဝတ်စုံဝတ်လူငယ်က ကြယ်တာရာမြို့တော်ကို ဖျက်ဆီးရန် ဆန္ဒရှိနေခြင်းသည် ရှန်းဝူတိုက်ကြီး၏ အခြေခံအုတ်မြစ်ကို ချိုးဖျက်ခြင်းနှင့် ညီမျှနေသည် မဟုတ်ပါလော။
"မင်းက ကြယ်တာရာမြို့တော်ကို ဖျက်ဆီးချင်တာလား.. ငါတို့ ဒီနေရာမှာ ရှိနေသရွေ့ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကနေ မင်းခြေတစ်လှမ်းမှ ရှေ့ဆက်လို့ မရစေရဘူး"
ရှားယွမ်ဟောင်က အနက်ရောင် ဝတ်စုံဝတ်လူငယ်ကို အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့၏။
ချင်ဝူချွယ်၏ မျက်ဝန်းများမှလည်း သတ်ဖြတ်လိုသော အရိပ်အယောင်များ ပို၍ ပြင်းထန်လာခဲ့သည်။
ကြယ်တာရာမြို့တော်သည် ရှန်းဝူတိုက်ကြီး၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ထို့ကြောင့် ယနေ့တွင် မည်မျှပင် ပေးဆပ်ရပါစေ၊ သူတို့နှစ်ဦးသည် အနက်ရောင် ဝတ်စုံဝတ်လူငယ်ကို တားဆီးရလိမ့်မည်ဖြစ်၏။
ထိုသို့ မဟုတ်လျှင် သူတို့ရှေ့မှ သွေးနတ်ဆိုးနန်းတော်၏ အကြွင်းအကျန်က ရှေးဟောင်း ကြယ်တာရာမြို့တော်ကို ဖျက်ဆီးလိုက်သည်နှင့် ရှန်းဝူတိုက်ကြီး အတွက် ပြင်းထန်သော ထိခိုက်မှုကို ဖြစ်ပေါ်လာပေလိမ့်မည်။
"ဟားဟား မင်းတို့နှစ်ယောက်က သန်မာတယ် ဆိုပေမဲ့ မကြီးထွားသေးတဲ့ ကောင်လေးနှစ်ယောက်ပဲ.. မင်းတို့နှစ်ယောက်လောက်နဲ့ ငါ့ကိုတားဆီးဖို့ အရည်အချင်း မပြည့်မီသေးဘူး"
အနက်ရောင်ဝတ်စုံဝတ် လူငယ်က မောက်မာစွာ ပြောလိုက်သည်။
ထိုလူငယ်၏ အသံ ထွက်ပေါ်လာချိန်မှာပင် လေထဲကနေ လေးနက်သော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"သူတို့က အရည်အချင်း မပြည့်မီဘူးဆိုရင် ငါ့ကို သူတို့ရဲ့နေရာမှာ အစားထိုးလိုက်.. ငါတို့ ရှန်းဝူတိုက်ကြီးရဲ့ အင်ပါယာအမွေအနှစ်ကို မင်းတို့ သွေးနတ်ဆိုးနန်းတော်က ဖျက်ဆီးချင်တိုင်း ဖျက်ဆီးလို့မရစေရဘူး"
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ မျက်နှာအမူအရာသည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
သူက အသံလာရာဆီသို့ ကြည့်လိုက်ရာ သတ္တမအဆင့်ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ အဆုံးကနေ ရင်းနှီးသောပုံရိပ်တစ်ခု သူ့ထံသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ထိုအခါ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
သူက ကျန်းချန်ကို ခက်ထန်စွာ စိုက်ကြည့်ကာ အလေးအနက်ပြောလိုက်၏။
"ကျန်းချန် မင်းလို ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ နံပါတ်(၁) ပုဂ္ဂိုလ်က ဒီကို ရောက်လာမယ်လို့ ငါမထင်ထားခဲ့ဘူး"
လွန်ခဲ့သော နှစ်လက ပြိုင်ပွဲတွင် ရှားယွမ်ဟောင်ကို ကျန်းချန်က မည်ကဲ့သို့ ဖိနှိပ်ခဲ့သည်ကို သူ၏ မျက်စိဖြင့် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်။
သူ၏ရှေ့မှ ကောင်လေးသည် ဤရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းတွင် ကြောက်စရာ အကောင်းဆုံးသောပုဂ္ဂိုလ် ဆိုလည်း မမှားပေ။
"ကျန်းချန် မင်းဘာလို့ ပြန်လှည့်လာတာလဲ"
ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ်တို့သည် ကျန်းချန်က သတ္တမအဆင့် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းပေါ်သို့ ပြန်လှည့်လာသည်ကို မြင်လျှင် အံ့အားသင့်သွားကြသည်။
"မင်းတို့ကို ငါ အချိန်အကြာကြီး စောင့်နေခဲ့တယ်.. ဒါပေမဲ့ မင်းတို့တွေက ရောက်မလာခဲ့ဘူး.. ငါက မင်းတို့နှစ်ယောက် အရှုံးကို လက်မခံမှာစိုးလို့ ပြန်လာကြည့်တာပဲ.. ဒီလို သွေးနတ်ဆိုးနန်းတော်ရဲ့ အကြွင်းအကျန် မျိုးဆက်နဲ့ ဆုံတွေ့လိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ဒီလိုဆိုမှတော့ ငါပဲ သူ့ကို တာဝန်ယူပြီး ဖြေရှင်းလိုက်တော့မယ်"
အခန်း(၁၃၄၅)ပြီး၏။
အခန်း(၁၃၄၆)
"မင်းက ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းရဲ့ နံပါတ်(၁)နေရာက ကျင့်ကြံသူဆိုတဲ့ ဟိုနှစ်ကောင်ထက် ပိုအစွမ်းထက်မှာ အသေအချာပဲ.. ဒါပေမဲ့ ငါရှန်းဝူတိုက်ကြီးမှာ ကျင်လည်ခဲ့စဥ်က မင်းတို့ရဲ့ ဘိုးဘေးတွေတောင် မမွေးလောက်သေးဘူးလို့ ထင်တယ်.. မင်းက ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းမှာ နံပါတ်(၁) နေရာမှာ ရှိနေရင်တောင် ငါ့ကို ရှင်းလင်းဖို့အတွက် အရည်အချင်း မပြည့်မီသေးဘူး"
ကျန်းချန်၏ စကားကိုကြားလျှင် အနက်ရောင်ဝတ်စုံဝတ်လူငယ်သည် မထီမဲ့မြင် ပြုံးကာ ပြောလိုက်၏။
ကျန်းချန်သည် နတ်ဆိုးဆန်သော ပါရမီရှိပြီး ထူးခြားသောတိုက်ပွဲဝင်စွမ်းရည် ရှိသော်လည်း အသက်(၂၀)ကျော်အရွယ် ကောင်လေးတစ်ဦးမျှသာ ဖြစ်သည်။
ဤကောင်လေးသာ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်သို့ ရောက်ရှိခဲ့လျှင် ရှန်းဝူတိုက်ကြီး တစ်ခုလုံးမှာပင် ယှဥ်နိုင်သူ အနည်းငယ်မျှသာ ရှိပေတော့မည်။
သို့သော်လည်း လက်ရှိအချိန်တွင် ထိုကောင်လေးသည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်နှင့် အတော်လေး အလှမ်း ဝေးနေသေး၏။
သူ့အနေဖြင့် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် မရောက်ရှိသေးသော်လည်း ထိုကောင်လေးကို ကိုင်တွယ်ရန် လုံလောက်သည်ထက်ပင် ပိုနေ၏။
"မင်း.. မင်းက အသက်(၁၀၀)မကျော်သေးတဲ့ ပါရမီရှင်ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား.. ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စကားကိုကြားလျှင် ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ်တို့၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းတွင် အသက်(၁၀၀)ကျော်သည့် သူများကို ဝင်ရောက်ခွင့် မပြုခြင်းသည် သံမဏိ စည်းမျဥ်း ဖြစ်သည်။
ဟောင်ထျန်း သူတော်စင်နယ်မြေ၏ နတ်သန္ဓေ အင်ပါယာနယ်ပယ် နဝမအဆင့်မှ ကျင့်ကြံသူပင် ထိုစည်းမျဥ်းကို မည်သို့မျှ ဖောက်ဖျက်နိုင်မည် မဟုတ်ပေ။
ဤအနက်ရောင် ဝတ်စုံဝတ်လူငယ်သည် အသက်(၁၀၀) မကျော်သေးသော နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ မဟုတ်လျှင် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းထဲသို့ အဘယ်ကဲ့သို့ ဝင်ရောက်နိုင်ခဲ့ပါသနည်း။
"ငါသိသလောက်တော့ သွေးနတ်ဆိုးနန်းတော်ရဲ့ ထိပ်တန်းသွေးဧကရာဇ်ဆယ်ပါးက ထိပ်တန်း သွေးနည်းစနစ်တွေကို တတ်မြောက်ထားကြတယ်.. အဲဒီနည်းစနစ်က သူတို့ရဲ့ ဝိညာဥ်တွေကို နှစ်ထောင်ပေါင်းများစွာ မပျက်စီးအောင် ထိန်းသိမ်းပေးထားနိုင်တယ်.. ငါခန့်မှန်းတာ မမှားရင် သူရဲ့ဝိညာဥ်က သွေးနတ်ဆိုးနန်းတော်ရဲ့ ထိပ်တန်း သွေးဧကရာဇ်ဆယ်ပါးထဲက တစ်ပါးပဲဖြစ်ရမယ် သူပြန်လည်မွေးဖွားခဲ့တဲ့ ခန္ဓာကိုယ်ရဲ့အရိုးအသက်က အသက်(၁၀၀) မကျော်သေးလို့သာ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းထဲကို ဝင်ရောက်နိုင်ခဲ့တာပဲ"
ထိုစကားကိုပြောရင်း ကျန်းချန်၏ အနက်ရောင် ဝတ်စုံဝတ်လူငယ်ကို ကြည့်နေသော မျက်ဝန်းများသည် ကျဥ်းမြောင်းသွားခဲ့သည်။
ယန်ဒီမြို့တွင် မစ်ရှင်လုပ်ဆောင်စဥ်က ကျန်းချန်က သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်း သွေးဧကရာဇ်ဆယ်ပါးထဲမှ တစ်ပါးဖြစ်သည့် သွေးမြစ်ကို သိမ်းသွင်းနိုင်ခဲ့ပြီး သွေးမြစ်သည် သူနှင့်အတူ အချိန်အတော်အကြာ ရှိခဲ့ဖူးသည်။
ယခုအခါတွင် သွေးမြစ်၏ ဝိညာဥ်သည် လူသားဧကရာဇ်နန်းတော်တွင် အထူးနည်းစနစ်ဖြင့် ဆက်လက် ကျင့်ကြံနေခဲ့၏။
ကျန်းချန်သည် သွေးမြစ်ထံကနေ သွေးနတ်ဆိုးနန်းတော်မှ ထိပ်တန်း သွေးဧကရာဇ်ဆယ်ပါး၏ နည်းစနစ်များကို ကောင်းစွာ သိရှိထားခဲ့သည်။
ထို့ကြောင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စကားများကိုကြားသည်နှင့် ထိုလူငယ်၏ မူလဇစ်မြစ်ကို ချက်ချင်းဆိုသလို ခန့်မှန်းမိခဲ့ခြင်းပင်။
"သွေးနတ်ဆိုးနန်းတော်ရဲ့ သွေးဧကရာဇ်ဆယ်ပါးထဲက တစ်ပါးလား"
သူ၏ စကားကိုကြားလျှင် ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ်တို့၏ မျက်နှာ အမူအရာများသည် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
သူတို့နှစ်ဦးစလုံးသည် လျှို့ဝှက်နယ်မြေ ရှစ်ခုက သူတော်စင်သားတော်များ ဖြစ်၍ သွေးနတ်ဆိုးနန်းတော်၏ အကြောင်းကို သာမန်လူများထက် ပိုမို၍ သိရှိခဲ့ကြသည်။
သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်း သွေးဧကရာဇ်ဆယ်ပါးသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက သွေးနတ်ဆိုးနန်းတော်၏ အထွတ်အထိပ်ကျင့်ကြံသူ ဆယ်ဦးဖြစ်ပြီး တစ်ဦးချင်းစီတိုင်းသည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူများ ဖြစ်ကြသည်။
ရှန်းဝူတိုက်ကြီးတွင် နှစ်ထောင်ပေါင်းများစွာ ပျောက်ကွယ်သွားသော ဤရှေးဟောင်း သွေးနတ်ဆိုးများသည် ဤကဲ့သို့သော ပုံစံဖြင့် ဆက်လက် အသက်ရှင်နေဦးမည်ဟု ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ်တို့ တစ်ခါမှ မတွေးမိခဲ့ပေ။
"ကောင်လေး မင်းက ကိုယ်ခံပညာပါရမီမှာ ထူးချွန်တဲ့အပြင် ဗဟုသုတလည်း ကြွယ်ဝလိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားခဲ့ဘူး"
အနက်ရောင်ဝတ်စုံလူငယ်က ကျန်းချန်ကို ချီးကျူးလိုက်သည်။
"ဟုတ်တယ် ငါက သွေးနတ်ဆိုးနန်းတော်က ထိပ်တန်းသွေးဧကရာဇ် ဆယ်ပါးထဲက တစ်ပါးဖြစ်တဲ့ သွေးသောက်ဓားဧကရာဇ်ပဲ"
သွေးသောက်ဓား ဧကရာဇ်သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက သွေးနတ်ဆိုးနန်းတော်၏ သွေးဧကရာဇ် ဆယ်ပါးထဲတွင် ဆဋ္ဌမမြောက်ပုဂ္ဂိုလ် ဖြစ်သည်။
သူ၏ အထွတ်အထိပ် ကာလတွင် သွေးသောက်ဓား ဧကရာဇ်သည် သာမန် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူကိုပင် ဓားတစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်သည်ဟု ဆိုကြ၏။
ထို့ကြောင့် ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ်တို့သည် သွေးသောက်ဓားဧကရာဇ် ဟူသော နာမည်ကိုကြားလျှင် မျက်နှာ အမူအရာများ ချက်ချင်းပင် လေးနက်သွားခဲ့ကြသည်။
သွေးသောက်ဓား ဧကရာဇ်သည် လူငယ်တစ်ဦး၏ ခန္ဓာကိုယ်တွင် ပြန်လည်မွေးဖွားကာ ဤတစ်ကြိမ် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်း ဖွင့်လှစ်ရာတွင် ရောနှော၍ ဝင်ရောက်လာခဲ့သည်။
ယနေ့ သွေးသောက်ဓား ဧကရာဇ်ကို မဖြေရှင်းနိုင်လျှင် နောက်ဆက်တွဲ ပြဿနာများသည် စဥ်းစား၍ပင် ရနိုင်တော့မည် မဟုတ်ပေ။
"ကျန်းချန် သွေးသောက်ဓားဧကရာဇ်ရဲ့ ခွန်အားက အရမ်းနက်နဲတယ်.. ငါတို့ အတူတူပူးပေါင်းပြီး တိုက်ခိုက်ရအောင်.. ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ငါတို့ သုံးယောက် ဒီနေ့သူ့ကို ဒီနေရာမှာ မရရအောင် ရှင်းလင်းမှ ဖြစ်လိမ့်မယ်"
ချင်ဝူချွယ်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး တည်ကြည် လေးနက်စွာ ပြောလိုက်သည်။
ဤရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းပေါ်တွင် သူတို့၏စွမ်းအား တစ်စိတ်တစ်ပိုင်းကို အင်ပါယာ ဥပဒေသက ဖိနှိပ်နေသောကြောင့် သူတို့အနေဖြင့် ခွန်အားအပြည့်အဝကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။
သို့သော် သူတို့၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကမူ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်ခွန်အားကို ပိုင်ဆိုင်ထားသည့်အပြင် သွေးနန်ဆိုးနန်းတော်မှ ထိပ်တန်းသွေးဧကရာဇ် ဆယ်ပါးထဲမှ တစ်ပါး ဖြစ်သည်။
ထို့ကြောင့် သူတို့သုံးဦး ပူးပေါင်းမှသာ သွေးသောက်ဓားဧကရာဇ်ကို ရင်ဆိုင်ရန် အရည်အချင်း ပြည့်မီလောက်မည် မဟုတ်ပါလား။
"မလိုပါဘူး သူ့ကို ဖြေရှင်းဖို့ ငါတစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
"မင်းတို့ရဲ့ခွန်အားကို ချန်ထားလိုက်ပါ.. အတားအဆီးကို ကျော်ဖြတ်ပြီးရင် ငါ့အတွက် သတ္တမအဆင့် ဟောင်ထျန်းအရက်တစ်ခွက်စီ ပေးဖို့လည်း မမေ့နဲ့ဦး"
လွန်ခဲ့သည့် နှစ်လကဆိုလျှင် ကျန်းချန်သည် သူ၏ရှေ့မှ သွေးသောက် ဓားဧကရာဇ်ကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ယခုအခါတွင် သူသည် နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့်ကို ထိုးဖောက်ပြီးရုံသာမက နယ်မြေငါးခု၏ စွမ်းအားကိုလည်း ပိုင်ဆိုင်ထားခဲ့ပြီး ထိုအထဲတွင် သုံးခုမှာ အလယ်အလတ် နယ်မြေအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သွေးသောက်ဓား ဧကရာဇ်က နတ်သန္ဓေ အင်ပါယာနယ်ပယ် နဝမအဆင့်တွင် ရှိနေပါစေ သူ့အနေဖြင့် ကြောက်လန့်နေမည်မဟုတ်ပေ။
"ဟမ့်.. မင်းက အတော်လေး လေလုံးထွားတဲ့ကောင်ပဲ.. ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ နံပါတ်(၁)နေရာမှာ ရှိတဲ့ ပုဂ္ဂိုလ်က ဘယ်လောက်ထိ အစွမ်းထက်လဲဆိုတာ ကြည့်ရသေးတာပေ့ါ"
စကားဆုံးသည်နှင့် သွေးသောက်ဓား ဧကရာဇ်ထံကနေ သွေးစွမ်းအားများသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းပေါ်ရှိ အဆုံးမဲ့ကြယ်တာရာ ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားခဲ့သည်။
"သေစမ်း"
ထို့နောက်တွင် ကောင်းကင်ထက်ကနေ သွေးစွမ်းအင်များ ပြည့်နှက်နေသော ဓားအလင်း တစ်ခုသည် ကျန်းချန်ဆီသို့ သက်ဆင်းလာခဲ့သည်။
ထိုသွေးဓားအလင်းသည် ၎င်း၏ ပတ်ပတ်လည်ရှိ ကြယ်တာရာ ကောင်းကင်တစ်ခွင်ကို ပေါက်ကွဲစေခဲ့ပြီး မီတာ၁၀၀ ပတ်လည်အတွင်းရှိ နေရာလွတ်များကို ချက်ချင်းပင် သွေးပင်လယ်များ အဖြစ် ပြောင်းလဲသွားစေခဲ့သည်။
"ပျက်စီးစမ်း"
ကျန်းချန်က သွေးသောက်ဓားဧကရာဇ်၏ သွေးဓား အလင်းကို အေးစက်စက် စိုက်ကြည့်ကာ ကြုံးဝါးလိုက်သည်။
ထိုခဏတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကနေ တောက်ပသော ငါးရောင်ခြယ်အလင်းများ ပေါက်ကွဲ၍ ထွက်လာခဲ့၏။
မကြာမီမှာပင် မတူညီသော နယ်မြေငါးမျိုး၏ စွမ်းအားများသည် ချက်ချင်းပင် ပေါင်းစပ်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများပါဝင်သည့် ငါးရောင်ခြယ်နယ်မြေတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုငါးရောင်ခြယ် နယ်မြေသည် သွေးဓားအလင်းကနေ ဖြစ်ပေါ်လာသော သွေးပင်လယ်ကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်၏။
"မင်း.. မင်းက နယ်မြေငါးမျိုးရဲ့ စွမ်းအားကိုတောင် ပိုင်ဆိုင်ထားတယ်လား"
သူ၏တိုက်ကွက်က ကျန်းချန်၏ နယ်မြေစွမ်းအားကြောင့် ပျက်စီးသွားသည်ကို မြင်လျှင် သွေးသောက်ဓားဧကရာဇ်၏ မျက်ဝန်းထဲတွင် အံ့သြသော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။
လွန်ခဲ့သောနှစ်လက ပြိုင်ပွဲတွင် ကျန်းချန်သည် ရှားယွမ်ဟောင်နှင့် ရင်ဆိုင်စဥ်က နယ်မြေလေးမျိုးကိုသာ ပိုင်ဆိုင်ထားခဲ့သည်။
ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကို ဝင်ရောက်ပြီးနှစ်လ အတွင်းမှာပင် ထိုကောင်လေးသည် ပဉ္စမမြောက်နယ်မြေကို ပိုင်ဆိုင်သွားလိမ့်မည်ဟု မည်သူက ကြိုတင်၍ သိနိုင်ပါမည်နည်း။
ထို့အပြင် ကျန်းချန်၏ အခြားသော နယ်မြေစွမ်းအားများသည်လည်း လွန်ခဲ့သော နှစ်လကထက် များစွာပို၍ အားကောင်းနေကြောင်း သူရှင်းရှင်းလင်းလင်းပင် ခံစားမိခဲ့သည်။
ယခု ကျန်းချန်၏ နယ်မြေငါးခု ပေါင်းစည်းစွမ်းအားနှင့် ရင်ဆိုင်ရသောအခါတွင် သွေးသောက်ဓား ဧကရာဇ်သည် ကြောက်ရွံ့စိတ်များပင် စတင် ခံစားလာခဲ့ရ၏။
"ဟားဟား.. ငါပိုင်ဆိုင်ထားတဲ့ စွမ်းအားကို မင်းက ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ.. ဒီနေ့ ငါနဲ့ ထိပ်တိုက် ဆုံတွေ့မှတော့ သွေးသောက်ဓားဧကရာဇ်ဆိုတဲ့ မင်းက ဒီကမ္ဘာကနေ ထာဝရ ပျောက်ကွယ်သွားဖို့သာ ပြင်လိုက်တော့"
ကျန်းချန်၏ ကြုံးဝါးသံ အဆုံးသတ်သည်နှင့် ပတ်ပတ်လည်ရှိ နေရာက ဆူညံကာ အချိန်များ စီးဆင်းသွားခဲ့သည်။
အဆုံးမဲ့ အချိန်မြစ်ထဲကနေ ဆွဲထုတ်လိုက်သကဲ့သို့ ငါးရောင်ခြယ်အလင်းများကို ထုတ်လွှတ်နေသော ငါးရောင်ခြယ်ဓားရှည်တစ်လက်သည် ကျန်းချန်၏ လက်ထဲတွင် ဖြစ်တည်လာခဲ့၏။
ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ နေရာလွတ်သည် အေးခဲသွားခဲ့ပြီး အချိန်များပင် ရပ်တန့်သွားခဲ့သည်။
အခန်း(၁၃၄၆)ပြီး၏။
အခန်း(၁၃၄၇)
ဤငါးရောင်ခြယ် နတ်ဓားသည် ဓားနယ်မြေကို အဓိကထားပြီး အခြားသော နယ်မြေလေးခု စွမ်းအားများကို ပေါင်းစပ်ကာ ကျန်းချန် ဖန်တီးထားသောဓား ဖြစ်သည်။
အထူးသဖြင့် အချိန်နယ်မြေ၏ စွမ်းအားနှင့် ပေါင်းစည်းပြီးနောက်တွင် ပေ ၁၀၀ ပတ်လည် နေရာလွတ်တစ်ခုလုံးရှိ အချိန်များသည် နတ်ဓားအောက်တွင် အေးခဲသွားခဲ့သည်။
ဤအချိန်တွင် သွေးသောက်ဓား ဧကရာဇ်သည် သူ၏ခွန်အားဖြင့်ပင် တစ်ကိုယ်လုံး လှုပ်ရှား၍ မရဘဲ ဝိညာဥ်ပင် အေးခဲသွားတော့မတတ် ဖြစ်နေခဲ့သည်။
"သေစမ်း"
ကျန်းချန်၏ မျက်နှာထားက အေးစက်နေခဲ့ပြီး ငါးရောင်ခြယ်ဓားကို ထိန်းချုပ်ကာ သွေးသောက်ဓားဧကရာဇ်ကို ခုတ်ပိုင်းလိုက်သည်။
"ဝှစ်"
ငါးရောင်ခြယ်နတ်ဓားသည် လေထုကို ထိုးဖောက်သွားခဲ့ပြီးနောက်တွင် သွေးသောက်ဓားဧကရာဇ်၏ မြင်ကွင်းရှေ့တွင် လျင်မြန်စွာ ကြီးမားလာခဲ့သည်။
ထို့နောက်တွင် ငါးရောင်ခြယ်နတ်ဓားသည် သွေးသောက်ဓားဧကရာဇ်၏ အရှေ့မှ သွေးပင်လယ်ကို အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်ပြီး မိုးကြိုးကဲ့သို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် သွေးသောက်ဓားဧကရာဇ်၏ ခန္ဓာကိုယ်ကိုပါ ခုတ်ချသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် မြင်သာထင်သာရှိသော ဓားဒဏ်ရာ တစ်ခုသည် ပခုံးကနေ ဝမ်းဗိုက်အထိ ကန့်လန့်ဖြတ် ပေါ်လာခဲ့သည်။
နီရဲသောသွေးများသည်လည်း စမ်းရေကဲ့သို့ပင် စီးကျလာခဲ့၏။
"ဝုန်း.."
ငါးရောင်ခြယ်နတ်ဓားက သွေးသောက်ဓားဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ပြီးနောက်တွင် ပတ်ဝန်းကျင်တွင် အေးခဲနေသော အချိန်များသည် အဆုံးသတ်တွင် ပြိုလဲသွားခဲ့ပြီး မူလအတိုင်းပင် ပြန်လည် ရောက်ရှိသွားခဲ့သည်။
သွေးသောက်ဓား ဧကရာဇ်သည် အေးခဲနေသော အချိန် ပြိုလဲသွားသည်နှင့် တစ်ပြိုင်နက် နောက်သို့ ချက်ချင်းပင် ဆုတ်ခွာလိုက်သည်။
ထို့နောက်တွင် သူ၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ဤကောင်လေးသည် နယ်မြေစွမ်းအား ငါးမျိုးကို ပိုင်ဆိုင်ထားသည့်အပြင် ဆန်းကြယ်သော အချိန်နယ်မြေကိုပါ တတ်မြောက်ထားခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သာ ကျန်းချန်ထက် မမြင့်မားခဲ့လျှင် ကျန်းချန်၏ ငါးရောင်ခြယ်နတ်ဓားသည် သူ့ကို နှစ်ပိုင်း ဖြတ်သွားလောက်ပြီ ဖြစ်၏။
"သိပ်ကို ကြောက်ဖို့ကောင်းလိုက်တဲ့ နတ်ဓားပါလား"
ရှားယွမ်ဟောင်၏ မျက်လုံးများက ကျဥ်းမြောင်းသွားခဲ့ပြီး မျက်နှာတစ်ခုလုံးတွင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။
ရှားယွမ်ဟောင်က ကျန်းချန် မည်မျှ သန်မာကြောင်း သိထားသော်လည်း ဤမျှအထိ သန်မာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဓားတစ်ချက်တည်းဖြင့်ပင် ပေ၁၀၀ ပတ်လည်ရှိ အချိန်များကို ချက်ချင်း ရပ်တန့်စေခဲ့ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်မှ သွေးသောက်ဓား ဧကရာဇ်ကိုပင် အကြီးအကျယ် ဒဏ်ရာ ရရှိစေခဲ့သည်။
"ဒါ.. ဒါက တကယ်ကို တုန်လှုပ်စရာစွမ်းရည်ပဲ.. ဒီဓားမှာ အချိန်ရဲ့ စွမ်းအားကို ပေါင်းစပ်ထားတယ်.. ဒီကောင်က ပဉ္စမမြောက် နယ်မြေစွမ်းအားကိုပါ နားလည်ထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. အဲဒီအထဲမှာ အဆန်းကြယ်ဆုံးက အချိန်နယ်မြေပဲ"
ချင်ဝူချွယ်သည် ကျန်းချန်ကို အထိတ်တလန့်ကြည့်ကာ စိတ်နှလုံးထဲတွင် အသက်ရှူ ရပ်မတတ်ပင် ဖြစ်နေခဲ့၏။
အမြဲတစေ ကိုယ့်ကိုယ်ကိုယ် မော်ကြွားခဲ့သော ချင်ဝူချွယ်သည်ပင် ဤအချိန်၌ ကျန်းချန်၏ ပါရမီသည် သူ့ထက် များစွာ သာလွန်နေကြောင်း ဝန်ခံရပေတော့မည်။
"သွေးနတ်ဆိုးနန်းတော်ရဲ့ ထိပ်တန်း သွေးဧကရာဇ်ဆယ်ပါးထဲက တစ်ပါးလို့ မပြောရဘူး မင်းက ဘယ်ဆိုးလို့လဲ.. ဒါပေမဲ့ မင်းငါ့ရဲ့ ဓားချက်ဘယ်နှစ်ချက်ကို ခံနိုင်ရည်ရှိမလဲဆိုတာ ကြည့်ရသေးတာပေါ့"
ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး ငါးရောင်ခြယ်နတ်ဓားဖြင့် အချိန်ကို ထပ်မံ ထိန်းချုပ်ကာ သွေးသောက်ဓားဧကရာဇ်ကို ထပ်မံ ခုတ်ပိုင်းလိုက်သည်။
သွေးသောက်ဓား ဧကရာဇ်သည် ချက်ချင်းပင် ထိတ်လန့်သွားခဲ့ပြီး အချိန်နယ်မြေ၏ ဖိနှိပ်မှုမှ ရုန်းကန်ရန် သူ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ လှုံ့ဆော်လိုက်သည်။
သို့သော်လည်း ငါးရောင်ခြယ်နတ်ဓားနှင့် အချိန်၏ စွမ်းအားသည် ခြေရာလက်ရာ မရှိလောက်အောင်ပင် မြန်ဆန်လွန်းနေခဲ့သည်။
သွေးသောက်ဓားဧကရာဇ်သည် ၎င်း၏ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်ခွန်အားကို အားကိုးကာ အချိန်စွမ်းအားဖြင့် ရပ်တန့်ထားသော ပတ်ဝန်းကျင်ကို အတင်းအကျပ်ဖောက်ထွက်ရန် ရုန်းကန်နေသောအချိန်မှာပင် ငါးရောင်ခြယ်နတ်ဓားသည် သွေးသောက်ဓားဧကရာဇ်၏ ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ခုတ်မိသွားခဲ့သည်။
သွေးသောက်ဓား ဧကရာဇ်က နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ဘယ်ဘက်ပခုံးကနေ သွေးများ ပန်းထွက်လာခဲ့သည်။
ကျန်းချန်က သွေးသောက်ဓား ဧကရာဇ်၏ ဘယ်ဘက်လက်တစ်ချောင်းလုံးကို ခုတ်ဖြတ်လိုက်ခြင်းပင် ဖြစ်သည်။
"ငါမင်းကိုသတ်ပစ်မယ်"
ကျန်းချန်က သူ့ကို ဆက်တိုက်ဆိုသလို ဒဏ်ရာရစေခဲ့သဖြင့် သွေးသောက်ဓား ဧကရာဇ်သည် ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကနေ သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့ပြီး သတ္တမအဆင့် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်း၏ ကောင်းကင်ယံ တစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားခဲ့သည်။
ဤအချိန်တွင် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းပေါ်ရှိ အင်ပါယာဥပဒေသပင် သွေးသောက်ဓား ဧကရာဇ်ကနေ ထုတ်လွှတ်ထားသော ကြောက်မက်ဖွယ် သွေးစွမ်းအား၏ ဖိနှိပ်မှုကို ခံခဲ့ရပုံရသည်။
"ကောင်းကင်မျိုချသွေးနဂါး အသက်ဝင်"
သွေးသောက်ဓားဧကရာဇ်က ကြုံးဝါးလိုက်ရာ သတ္တမအဆင့်ရှေးဟောင်း ကြယ်တာရာ ကောင်းကင်တစ်ခုလုံး၏ အသက်စွမ်းအင်သည် သူ၏ ခေါင်းအထက်တွင် ရုတ်တရက် စုဝေးသွားခဲ့ပြီး အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် သွေးနဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကျန်းချန်ဆီသို့ ဖိနှိပ်ရန် ပျံသန်းလာခဲ့သည်။
ထိုအချိန်တွင် ကျန်းချန်၏ မျက်နှာအမူအရာသည် တည်ငြိမ်နေခဲ့ပြီး သူ၏ ငါးရောင်ခြယ်နတ်ဓားကို တတိယတစ်ကြိမ် ထပ်မံ လှုပ်ရှားလိုက်သည်။
ဤသို့ဖြင့် ပေ၁၀၀ ပတ်လည်အတွင်းရှိ အချိန်သည် နောက်တစ်ကြိမ် အေးခဲသွားပြန်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် သွေးသောက်ဓား ဧကရာဇ်၏ သွေးမှော်နဂါးသည် စွမ်းရည် အပြည့်အဝကို ထုတ်လွှတ်ခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ အေးခဲနေသော အချိန်များကို တွန်းလှန်ကာ ကျန်းချန်ဆီသို့ ဝင်ရောက်လာခဲ့သည်။
ထိုအချိန်မှာပင် ကျန်းချန်၏ ငါးရောင်ခြယ်နတ်ဓားသည်လည်း သွေးသောက်ဓားဧကရာဇ်၏ ခန္ဓာကိုယ်ကို ထပ်မံ ထိုးဖောက်သွားပြန်၏။
ထို့အတူပင် သွေးသောက်ဓားဧကရာဇ်၏ သွေးမှော်နဂါး၏ တိုက်ခိုက်မှုသည်လည်း ကျန်းချန်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။
ကျန်းချန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းပေါ်တွင် ခြေဆယ်လှမ်းကျော်ခန့် ချက်ချင်းဆိုသလို နောက်ဆုတ်သွားခဲ့ရသည်။
သူ၏ မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားခဲ့ပြီး နှုတ်ခမ်းထောင့်ကနေ သွေးများက စီးကျလာခဲ့သည်။
သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်း သွေးဧကရာဇ်ဆယ်ပါးထဲမှ တစ်ပါးဖြစ်သည့် သွေးသောက်ဓား ဧကရာဇ်သည် သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် မရောက်ရှိသေးသော်လည်း သာမန် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူထက်ပင် သာလွန်နေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သွေးသောက်ဓားဧကရာဇ် ထုတ်ဖော်လိုက်သောစွမ်းအားသည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းလှ၏။
ကျန်းချန်သာ ရုပ်ပိုင်းဆိုင်ရာကို အထူးပြု ကျင့်ကြံထားခြင်း မရှိလျှင် သူ၏ ခန္ဓာကိုယ်သည် နတ်သန္ဓေ အင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို အမှန်တကယ်ပင် ခုခံရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
သို့သော်လည်း သူ၏ မျက်နှာချင်းဆိုင်မှ သွေးသောက်ဓားဧကရာဇ်သည် ကျန်းချန် ကဲ့သို့ ကံမကောင်းသည်မှာ ထင်ရှား၏။
နယ်မြေငါးခု စွမ်းအားဖြင့် ဖန်တီးထားသော ကျန်းချန်၏ တတိယဓားချက်နှင့် ရင်ဆိုင်ရချိန်တွင် သွေးသောက်ဓားဧကရာဇ်သည် တားဆီးရန် အချိန်မမီလိုက်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုဓားချက်ဖြင့် ထက်ပိုင်းပြတ်သွားခဲ့သည်။
"သွေးသောက်ဓားဧကရာဇ် ရှုံးနိမ့်သွားပြီလား"
ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းပေါ်သို့ ပြုတ်ကျလာသော သွေးသောက်ဓားဧကရာဇ်၏ နှစ်ပိုင်းပြတ် ခန္ဓာကိုယ်ကို မြင်လျှင် ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ်တို့ နှစ်ဦးစလုံးသည် ကျောက်ရုပ်ကဲ့သို့ဖြစ်သွားပြီး အချိန်အတော်ကြာသည်အထိ အံ့သြမှင်တက်ရာကနေ ပြန်လည် မသက်သာလာခဲ့ကြပေ။
သိထားရမည့်အချက်မှာ သွေးသောက်ဓားဧကရာဇ်သည် သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်း သွေးဧကရာဇ်ဆယ်ပါးထဲမှ တစ်ပါးဖြစ်ပြီး အထွတ်အထိပ် အခြေအနေတွင် မရှိလျှင်ပင် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲပင်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို ကျန်းချန်က ဓားချက် သုံးချက်တည်းဖြင့် ထက်ပိုင်း ဖြတ်ပစ်လိုက်မည်ဟု သူတို့ မည်သို့မှ မတွေးမိခဲ့ပေ။
အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းတွင်ပင် ဤကဲ့သို့ စွမ်းဆောင်နိုင်သူ အနည်းငယ်သာ ရှိ၏။
"ဒီကောင်က တကယ်ကို ကြောက်စရာကောင်းတဲ့ မွန်းစတားပဲ"
ချင်ဝူချွယ်သည် မှင်တက်ရာကနေ ပြန်လည် အသိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
သူက စိတ်နှလုံးထဲတွင် ခါးသီးစွာ ပြုံးလိုက်မိ၏။
သူ၏ ပါရမီခွန်အားက ကျန်းချန်လောက် မကောင်းလျှင်ပင် သူနှင့် ကျန်းချန်ကြား၌ များစွာ မကွာလောက်ဟု ချင်ဝူချွယ် အစပိုင်းက ထင်ခဲ့သည်။
သို့သော်လည်း ယခုအခါတွင် ချင်ဝူချွယ်သည် သူနှင့် ကျန်းချန်ကြားမှ ကွာခြားချက်က မိုးနှင့်မြေလောက် ကွာဟနေမှန်း နားလည်သွားခဲ့သည်။
ကျန်းချန်၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် အထွတ်အထိပ် နတ်သန္ဓေ အင်ပါယာစာရင်း၏ ထိပ်ဆုံး(၃၀)စာရင်းတွင် ပါဝင်ရန်ပင် ပြဿနာမရှိနိုင်လောက်ပေ။
ဤကဲ့သို့သော ပုဂ္ဂိုလ်သည် သူတို့လျှို့ဝှက်နယ်မြေ၏ အထွတ်အထိပ် အကြီးအကဲများနှင့်ပင် နှိုင်းယှဥ်နိုင်နေပြီဖြစ်သည်။
ကျန်းချန်နှင့် နှိုင်းယှဥ်လျှင် လျှို့ဝှက်နယ်မြေရှစ်ခု၏ အသန်မာဆုံး ပါရမီရှင်များ ဖြစ်ကြသည့် သူနှင့်ရှားယွမ်ဟောင်သည် ရယ်စရာ ပြက်လုံးတစ်ခုနှင့် မခြားပေ။
ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ်တို့နှစ်ဦးက သူတို့၏ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်နေစဥ်မှာပင် ကျန်းချန် ထက်ပိုင်းဖြတ်ခဲ့သော သွေးသောက်ဓားဧကရာဇ်၏ ရုပ်အလောင်းပေါ်ကနေ သွေးနီရောင် အလင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။
ထို့နောက်တွင် ထိုသွေးနီရောင်အလင်းသည် လေထုထဲတွင် ခပ်ရေးရေး သွေးအရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
တစ်ချိန်တည်းမှာပင် ဒေါသတကြီး ကြုံးဝါးလိုက်သော အေးစက်စက် အသံတစ်သံသည် ကမ္ဘာတစ်ခုလုံးကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့သည်။
"ကျန်းချန် ဒီဧကရာဇ်က ပြန်လည် မွေးဖွားဖို့အတွက် နှစ်ထောင်ပေါင်းများစွာ စီစဥ်ခဲ့ရတယ်.. ဒါပေမဲ့ အခုတော့ မင်းက ဒီအရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ.. ဒီနေ့ ဒီဧကရာဇ်က ဘယ်လောက်ပဲ ပေးဆပ်ရပါစေ မင်းကို သင်္ဂြိုဟ်စရာနေရာမရှိဘဲ သေဆုံးစေရမယ်"
အခန်း(၁၃၄၇)ပြီး၏။