အခန်း (၁၃၄၈-၁၃၅၀)
Vol. 90 Ch. 1348-1350
အခန်း(၁၃၄၈)
သွေးသောက်ဓား ဧကရာဇ်၏ ကြောက်မက်ဖွယ် ကြုံးဝါးသံသည် ကမ္ဘာတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။
၎င်း၏ဝိညာဥ်သည် သွေးအလင်းများ တောက်ပစွာဖြင့် ကောင်းကင်ယံတွင် တည်ရှိနေခဲ့ပြီး ကြောက်မက်ဖွယ်ရာအရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
သွေးသောက်ဓား ဧကရာဇ်သည် ကျန်းချန်ကို အေးစက်စက်စိုက်ကြည့်နေသည်မှာ ကျန်းချန်၏ တစ်ကိုယ်လုံးကို ဝါးမျိုပစ်တော့မည့်အလားပင်။
သိထားရမည့်အချက်မှာ ရှန်းဝူတိုက်ကြီးတွင် အင်ပါယာအဆင့် ကျင့်ကြံသူ၏ ဝိညာဥ်သာလျှင် နှစ်ထောင်ပေါင်းများစွာ မပျက်မစီးဘဲ တည်ရှိနိုင်မည် ဖြစ်သည်။
သာမန် နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူ၏ ဝိညာဥ်ကမူ နှစ်ပေါင်း ၂၀၀၀ မှ ၃၀၀၀ အထိသာ အကန့်အသတ်ဖြင့် ရှင်သန်နိုင်၏။
သွေးသောက်ဓား ဧကရာဇ်၏ ဝိညာဥ်သည် နှစ်ထောင်ပေါင်းများစွာအထိ ရှင်သန်နေနိုင်သည်မှာ သွေးဝိညာဥ် မျိုးနွယ်စု၏ လျှို့ဝှက်နည်းစနစ်ကို ပိုင်ဆိုင်ထားသောကြောင့်သာ ဖြစ်သည်။
ထိုလျှို့ဝှက်နည်းစနစ်သည် ဝိညာဥ်ကို ရှင်သန်စေနိုင်သော်လည်း ပြန်လည်မွေးဖွားရန် အခွင့်အရေးတစ်ကြိမ်သာ ရရှိ၏။
ထို့အပြင် ထိုနည်းလမ်းဖြင့် မွေးဖွားပြီးနောက် ခန္ဓာကိုယ်ပျက်စီးသွားလျှင် ၎င်းတို့၏ ဝိညာဥ်သည် ဆက်လက်ရှင်သန်နိုင်တော့မည် မဟုတ်ဘဲ သေခြင်းတရားကိုသာ စောင့်ဆိုင်းရတော့မည် ဖြစ်သည်။
ထို့ကြောင့် ယခုကျန်းချန်က သွေးသောက်ဓားဧကရာဇ်၏ ရုပ်ခန္ဓာကို ပိုင်းဖြတ်လိုက်ခြင်းသည် သွေးသောက်ဓား ဧကရာဇ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်နှင့် မခြားပေ။
သူ နှစ်ထောင်ပေါင်းများစွာ စီစဥ်ခဲ့သော ပြန်လည်မွေးဖွားခြင်းအခွင့်အလမ်းသည် ယခုအခါတွင် လုံးဝ ပျက်စီးသွားခဲ့ပြီဖြစ်ရာ သွေးသောက်ဓားဧကရာဇ်သည် အဘယ်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
အံ့ဩစရာကောင်းသော အချက်မှာ သွေးသောက်ဓား ဧကရာဇ်သည် သူ၏ဝိညာဥ်ကို တစ်ခါတည်း မီးရှို့ပစ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဝိညာဥ်စွမ်းအားကို ထုတ်ဖော်လိုက်ခြင်းပင်။
ထိုစွမ်းအားသည် သတ္တမအဆင့် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်း၏ ကောင်းကင်ယံကိုပင် ပြည့်နှက်သွားစေခဲ့သည်။
နတ်သန္ဓေ အင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူ၏ ဝိညာဥ်ကို မီးရှို့၍ လှုံ့ဆော်လိုက်သော စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည်ဟုပင် ဖော်ပြနိုင်တော့သည်။
ကျန်းချန်၏ အနောက်ရှိ ရှားယွမ်ဟောင်နှင့်ချင်ဝူချွယ်တို့ပင် သွေးသောက်ဓားဧကရာဇ်၏ ကြောက်မက်ဖွယ်ရာကောင်းသော ဖိအားအောက်တွင် ၎င်းတို့၏ဝိညာဥ်များသည် တုန်ယင်နေခဲ့သည်။
ဤအချိန်တွင် သွေးသောက်ဓားဧကရာဇ်၏ ဝိညာဥ်ဖြင့် ထိပ်တိုက် ရင်ဆိုင်ရလျှင် သူတို့၏ဝိညာဥ်က ချက်ချင်းပင် ပျက်စီးသွားနိုင်သည်ဟု ခံစားမိခဲ့သည်။
"ကျန်းချန် တကယ်ပဲ တားဆီးနိုင်ပါ့မလား"
ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ်တို့၏ မျက်နှာအမူအရာများသည် လေးနက်နေခဲ့သည်။
ကျန်းချန်သာ သွေးသောက်ဓားဧကရာဇ်၏ ဝိညာဥ်မီးရှို့၍ လှုံ့ဆော်လိုက်သော တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့လျှင် သူတို့သုံးဦးလုံးသည် ဤရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းပေါ်တွင် မြှုပ်နှံခံရမည်မှာ သေချာသလောက်ပင် မဟုတ်ပါလော။
"ကျန်းချန် ဒါက မင်းငါ့ကို အတင်းအကျပ် ဖိအားပေးခဲ့လို့ပဲ.. ဒီအခြေအနေကို ရောက်လာမှတော့ မင်းကိုပါ သေရွာဆီ အပါခေါ်သွားမယ်"
သွေးသောက်ဓားဧကရာဇ်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေခဲ့သည်။
သူ၏ ပုံရိပ်ယောင်ကဲ့သို့ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် ဝိညာဥ်စွမ်းအားကို သယ်ဆောင်ကာ ကျန်းချန်ဆီသို့ ဝင်ရောက်သွားခဲ့သည်။
"ဟားဟား.. သွေးသောက်ဓားဧကရာဇ် မင်းရဲ့ ရုပ်ခန္ဓာရှိစဥ်ကတောင် ငါကျန်းချန်က မကြောက်ရွံ့ခဲ့တာ အခုလို ဝိညာဥ်အခြေအနေနဲ့ဆို ပြောနေစရာတောင်မလိုဘူး.. ငါ့ကို သေရွာဆီအပါ ခေါ်ချင်တယ် ဆိုမှတော့ မင်းမှာ အရည်အချင်းရှိမရှိ ကြည့်ရသေးတာပေါ့"
ကျန်းချန်က မထီမဲ့မြင် လှောင်ရယ်၍ ပြောဆိုလိုက်ပြီးနောက်တွင် သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်တစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် သွေးသောက်ဓား ဧကရာဇ်၏ ဝိညာဥ်စွမ်းအားထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော ဝိညာဥ်စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
ကျန်းချန်က သူ၏လက်ထဲတွင် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို ကိုင်ဆောင်ထားရင်း သွေးသောက်ဓားဧကရာဇ်၏ ဝိညာဥ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ မောက်မာသောအသံသည် ကမ္ဘာတစ်ခုလုံးတွင် ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။
"သွေးသောက်ဓားဧကရာဇ်.. မင်းရဲ့ဝိညာဥ်ကို ငါ့ရှေ့မှာ မီးရှို့တော့ရော မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ.. ရုပ်ခန္ဓာကိုယ် မရှိတဲ့ မင်းက ငါ့ရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်လိုပဲ.. ငါသာ မင်းကိုသတ်ချင်ရင် စည်းတံဆိပ် တစ်ခုတည်းနဲ့တင် လုံလောက်တယ်.. ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်.. ဝါးမျိုလိုက်စမ်း"
ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းကာ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို ထိန်းချုပ်လိုက်သည်။
ထို့နောက်တွင် ပေ ၁၀၀ အချင်းဝက်ရှိသော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် လေထုကို ထိုးဖောက်ကာ ပျံဝဲလာခဲ့ပြီး အနက်ရောင် ဥက္ကာခဲကြီးကဲ့သို့ သွေးသောက်ဓားဧကရာဇ်ကို ဖိနှိပ်လိုက်သည်။
လူသားဧကရာဇ် စည်းတံဆိပ်၏ ပထမဆုံး စည်းတံဆိပ်ဖြစ်သည့် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ဝိညာဥ်အားလုံး၏ရန်ဘက် ဖြစ်သည်။
သွေးသောက်ဓားဧကရာဇ်၏ ဝိညာဥ်သည် အလွန်တရာအားကောင်းသော်လည်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်နှင့် ထိပ်တိုက် တွေ့သည့်အချိန်တွင် ပျောက်ကွယ်သွားတော့မတတ် ခံစားခဲ့ရသည်။
"မသတ်ပါနဲ့"
သွေးသောက်ဓားဧကရာဇ်က သူ၏ခေါင်းအထက်သို့ တဖြည်းဖြည်းသက်ဆင်းလာသော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကိုကြည့်ကာ ရုတ်တရက် အားအင်ကုန်ခမ်းသွားခဲ့ပြီး ကြောက်လန့်တကြား ရေရွတ်လိုက်သည်။
သူက ဝိညာဥ်စွမ်းအားကို အစွမ်းကုန် ထုတ်သုံးကာ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို ခုခံရန်ကြိုးစားခဲ့သော်လည်း အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် သူ၏ဝိညာဥ်စွမ်းအားကို ဖိနှိပ်ထားခဲ့သည်။
သူ၏ ဝိညာဥ်စွမ်းအားသည် အနက်ရောင်လေးထောင့်တုံးစည်းတံဆိပ်ကို ထိတွေ့လိုက်သည်နှင့် ချက်ချင်းနီးပါးပင် ဖျက်ဆီးခံလိုက်ရ၏။
အဆုံးသတ်တွင် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် သွေးသောက်ဓားဧကရာဇ်၏ ခုခံမှုအားလုံးကို ဖျက်ဆီးပစ်ကာ ၎င်း၏ ခပ်ရေးရေး ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သွေးသောက်ဓား ဧကရာဇ်၏ နာကျင်စွာ အော်ဟစ်လိုက်သော အသံက ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် သွေးသောက်ဓားဧကရာဇ်၏ဝိညာဥ်သည် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်၏ စွမ်းအားအောက်တွင် သဲလွန်စပင် မကျန်ရှိဘဲ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
သွေးသောက်ဓားဧကရာဇ်၏ ဝိညာဥ် လုံးဝ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သတ္တမအဆင့် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းသည် ဤအချိန်တွင် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ်တို့သည် ကျန်းချန်ကို ငေးမော၍ ကြည့်နေခဲ့ကြပြီး မှင်တက်ရာကနေ အချိန်အတော်ကြာသည်အထိ မသက်သာလာခဲ့ကြပေ။
ကျန်းချန်သည် သွေးသောက်ဓား ဧကရာဇ်နှင့် ရင်ဆိုင်ရလျှင် ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို မလွဲမသွေ ရင်ဆိုင်ရမည် ဖြစ်ပြီး အနည်းငယ်မျှ ပေါ့ဆမိလျှင်ပင် ကျဆုံးနိုင်သည်ဟု မူလက သူတို့ ထင်ခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် သွေးသောက်ဓား ဧကရာဇ်ကို အလွယ်တကူပင် ဖြေရှင်းနိုင်လိမ့်မည်ဟု သူတို့ တစ်ခါမှ မစဥ်းစားမိခဲ့ပေ။
အတိအကျဆိုရလျှင် ကျန်းချန်သည် ဓားချက်သုံးချက်ထဲဖြင့်ပင် သွေးသောက်ဓား ဧကရာဇ်ကို သတ်ဖြတ်ခဲ့သည်။
သွေးသောက်ဓား ဧကရာဇ်သည် သူ၏ဝိညာဥ်ကို မီးရှို့၍ အစွမ်းကုန်တိုက်ခိုက်သည့်တိုင် အဆုံးသတ်တွင် ကျန်းချန်သည် ဖျက်ဆီးပစ်နိုင်ခဲ့သည်။
သူတို့၏ရှေ့မှ လူ၏ခွန်အားသည် တကယ်ပင် သာမန် မဟုတ်ဘဲ ထိတ်လန့်စရာ ကောင်းနေခဲ့သည်။
"သွားစို့ မင်းတို့တွေ ငါ့ကို ရှုံးနိမ့်ခဲ့တဲ့အတွက် သတ္တမအဆင့်ဟောင်ထျန်းအရက် ငါ့ကိုပေးဖို့ အချိန်တန်ပြီ"
သွေးသောက်ဓား ဧကရာဇ်၏ဝိညာဥ်ကို ဖျက်ဆီးပစ်ပြီးနောက်တွင် ကျန်းချန်သည် မှင်တက်နေဆဲဖြစ်သော ရှားယွမ်ဟောင်တို့ နှစ်ဦးကို ပေါ့ပါးစွာ ပြောလိုက်ပြီးနောက်တွင် သတ္တမအဆင့် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ အဆုံးဆီသို့ ဦးတည်၍ သွားခဲ့သည်။
ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ်တို့သည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကျန်းချန်၏ နောက်ကနေ လျင်မြန်စွာ လိုက်ပါလာခဲ့၏။
နှစ်ဦးစလုံးက သတ္တမအဆင့်ကို ရောက်ရှိပြီးနောက်တွင် ဂိတ်တံခါးစောင့်ကို ကျော်ဖြတ်ကာ ဟောင်ထျန်းအရက် တစ်ခွက်စီကို ခပ်၍ ကျန်းချန်ကို ပေးခဲ့ကြသည်။
ထို့နောက်တွင် သူတို့နှစ်ဦးသည် ကျန်းချန်ကို မစောင့်ဆိုင်းတော့ဘဲ အဋ္ဌမအဆင့် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းဆီသို့ ဦးတည်သွားခဲ့သည်။
သူတို့အနေဖြင့် သတ္တမအဆင့် ဟောင်ထျန်းအရက်ကို လောင်းကြေးအဖြစ် ကျန်းချန်ထံတွင် ရှုံးနိမ့်ခဲ့ရ၍ ဤအဆင့်တွင် ဆက်လက် နေထိုင်ခြင်းသည် သူတို့အတွက် အဓိပ္ပါယ်မရှိတော့ပေ။
ထို့ကြောင့် အဋ္ဌမအဆင့်ကို ဖြတ်ကျော်ကာ အဋ္ဌမအဆင့် ဟောင်ထျန်း အရက်ဖြင့် သူတို့၏ခွန်အားကို မြှင့်တင်ကာ နောက်ဆုံးအဆင့် ဖြစ်သည့် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို ဖြတ်ကျော်ရန် စီစဥ်ခဲ့ကြသည်။
ကျန်းချန်က ရှားယွမ်ဟောင်တို့ နှစ်ယောက် ထွက်ခွာသွားသည်ကို ဂရုမစိုက်အားပေ။
သူက သတ္တမအဆင့် ဟောင်ထျန်းအရက် နှစ်ခွက်လုံးကို တစ်ခါတည်း မော့သောက်ပစ်လိုက်၏။
"ဒင်.. သင်က သတ္တမအဆင့် ဟောင်ထျန်း အရက်တစ်ခွက်ကို သောက်သုံးလိုက်ပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် (၅၆၀၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က သတ္တမအဆင့် ဟောင်ထျန်း အရက်တစ်ခွက်ကို သောက်သုံးပြီး ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် (၅၆၀၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"..........."
သတ္တမအဆင့် ဟောင်ထျန်းအရက်နှစ်ခွက်ကို သောက်သုံးပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် ချက်ချင်းဆိုသလို မြင့်တက်လာခဲ့ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် အလယ်အလတ်သို့ ရောက်ရှိလာခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် သတ္တမအဆင့်တွင် အချိန်အကြာကြီး မဖြုန်းလိုတော့ဘဲ အဋ္ဌမအဆင့် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်း ထဲသို့ ဦးတည်သွားခဲ့သည်။
မကြာမီမှာပင် ကျန်းချန်သည် အဋ္ဌမအဆင့် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းသို့ သူ့ထက် အရင်ရောက်နှင့်နေခဲ့သော ရှားယွမ်ဟောင်တို့ နှစ်ဦးကို လိုက်မီသွားခဲ့ပြီး ထိုနှစ်ဦး၏ အံ့သြတုန်လှုပ်နေသော အကြည့်အောက်မှာပင် အဋ္ဌမအဆင့် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်း၏ အဆုံးသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
သူက အဋ္ဌမအဆင့် ဂိတ်စောင့်ကို အနိုင်ယူလိုက်ပြီး အဋ္ဌမအဆင့် ဟောင်ထျန်းအရက် တစ်ခွက်ကို သောက်သုံးပြီးနောက်တွင် နဝမအဆင့် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းဆီသို့ တုံ့ဆိုင်းမနေဘဲ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။
နဝမအဆင့်ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်း။
ဤအဆင့်သည် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်း၏ နောက်ဆုံးသောအဆင့်လည်း ဖြစ်သည်။
ဆိုလိုသည်မှာ ဤအဆင့်ကို ဖြတ်ကျော်နိုင်သည်နှင့် ကျန်းချန်သည် ဒဏ္ဍာရီလာ ကြယ်တာရာမြို့ထဲသို့ ဝင်ရောက်နိုင်တော့မည် ဖြစ်၏။
အခန်း(၁၃၄၈)ပြီး၏။
အခန်း(၁၃၄၉)
ကျန်းချန်က နဝမအဆင့် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ပေါ်ရှိ အင်ပါယာဥပဒေသကနေ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုတစ်ခုသည် ချက်ချင်းဆိုသလို ကျရောက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ နားထဲတွင် ရင်းနှီးသောစနစ်၏ အချက်ပေးသံများသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
"ဒင်.. သင်က အင်ပါယာဥပဒေသရဲ့ ဖိနှိပ်မှုကို ခံယူပြီး ဓားနယ်မြေ အတွေ့အကြုံရမှတ်(၁၆၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က အင်ပါယာဥပဒေသရဲ့ ဖိနှိပ်မှုကို ခံယူပြီး မိုးကြိုးနယ်မြေ အတွေ့အကြုံရမှတ်(၁၆၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က အင်ပါယာဥပဒေသရဲ့ ဖိနှိပ်မှုကို ခံယူပြီး လေနယ်မြေ အတွေ့အကြုံရမှတ်(၁၆၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က အင်ပါယာဥပဒေသရဲ့ ဖိနှိပ်မှုကို ခံယူပြီး အချိန်နယ်မြေ အတွေ့အကြုံရမှတ်(၁၆၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
သံသယဖြစ်စရာ မရှိလောက်အောင်ပင် ဤနဝမအဆင့် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းမှ အင်ပါယာဥပဒေသည် ကျန်းချန် မျှော်လင့်ထားသည်ထက်ပင် ပိုမိုအားကောင်းသည်မှာ ထင်ရှားသည်။
ဤနဝမအဆင့် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းတွင် အင်ပါယာဥပဒေသ၏ ဖိအားသည် အဋ္ဌမအဆင့်၏ နှစ်ဆနီးပါး ဖြစ်သည်။
ကျန်းချန် ဖြစ်နေလျှင်ပင် ဤအဆင့်၏ အင်ပါယာဥပဒေသဖိအားကို ကိုင်တွယ်ရန် မလွယ်ကူခဲ့ပေ။
ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း ဖွင့်လှစ်သည့်အချိန်တိုင်းတွင် ကြယ်တာရာမြို့တော်သို့ အမှန်တကယ်ဝင်ရောက်နိုင်သူသည် အနည်းငယ်သာ ရှိခဲ့သည်ကို ကျန်းချန်သည် အဆုံးသတ်၌ နားလည်သွားခဲ့သည်။
ဆိုရလျှင် နဝမအဆင့် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ အင်ပါယာဥပဒေသ ဖိနှိပ်မှုသည် သာမန်လူများခံနိုင်ရည်ရှိသည့် အရာ မဟုတ်ပေ။
သာမန် နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူပင် ဤနေရာတွင် အချိန်အကြာကြီး နေနိုင်လိမ့်မည်မဟုတ်ချေ။
အခြားလူများကိုမပြောနှင့်၊ ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ်တို့ကဲ့သို့ ထိပ်တန်း ပါရမီရှင်များပင် ဤအဆင့်ကို ဖြတ်ကျော်ရန် လွယ်ကူသောအလုပ် မဟုတ်ပေ။
နဝမအဆင့်၏ အင်ပါယာဥပဒေသ ဖိနှိပ်မှုသည် ကျန်းချန်မျှော်လင့်ထားသည်ထက် များစွာ အားကောင်းသော်လည်း ၎င်းသည် ကျန်းချန် အတွက်မူ ကြီးမားသော ခြိမ်းခြောက်မှုမျိုး မဖြစ်ခဲ့ပေ။
သူက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး နယ်မြေစွမ်းအား ငါးမျိုးလုံးကို အစွမ်းကုန် ထုတ်ဖော်ကာ အင်ပါယာဥပဒေသ၏ ဖိနှိပ်မှုအလုံးစုံကို ခုခံလိုက်သည်။
ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းသို့ မဝင်ရောက်မီတွင် ကျန်းချန်၏ ကြယ်စင်ကျောက်တုံး၌ ကြယ်စွမ်းအင် (၁၅)ခုခွဲ ရှိခဲ့၍ ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းတွင် ရက်ပေါင်း ၁၅၀ နေနိုင်မည် ဖြစ်သည်။
ယခုအခါတွင် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းဖွင့်လှစ်သည်မှာ နှစ်လကျော်သာ ရှိသေးသဖြင့် ကျန်းချန်၏ ကြယ်စင်ကျောက်တုံးထဲရှိ ကြယ်စွမ်းအင်သည် တစ်ဝက်မျှသာ ကုန်ဆုံးခဲ့သေးသည်။
ထို့ကြောင့် ကျန်းချန် အတွက် အချိန်သည် သံသယဖြစ်ဖွယ်ရာ မရှိ အလွန်ပင် ပေါများနေခဲ့၏။
ထို့ကြောင့် ကျန်းချန်သည် နဝမအဆင့် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းကို လျင်မြန်စွာ ကျော်ဖြတ်ပြီး ကြယ်တာရာမြို့တော်သို့ အလောတကြီး ဝင်ရောက်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
ဆိုရလျှင် ဤနဝမအဆင့် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းသည် နယ်မြေစွမ်းအားကို မြှင့်တင်ရန် အကောင်းဆုံးနေရာ ဖြစ်၍ ကျန်းချန်သည် ကြယ်စင်ကျောက်တုံးထဲရှိ ကြယ်စွမ်းအင်များကို အလဟသ ဖြုန်းတီးပစ်မည် မဟုတ်ပေ။
သူက နဝမအဆင့် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ အင်ပါယာဥပဒေသ ဖိနှိပ်မှုကို အသုံးပြုကာ နယ်မြေစွမ်းအားကို ဆက်လက်မြှင့်တင်ရန် ရည်ရွယ်ထားခဲ့သည်။
"ဒင်.. သင်က အင်ပါယာဥပဒေသ၏ ဖိနှိပ်မှုကို ခံယူပြီး ဓားနယ်မြေ အတွေ့အကြုံရမှတ်(၁၆၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က အင်ပါယာဥပဒေသ၏ ဖိနှိပ်မှုကို ခံယူပြီး မိုးကြိုးနယ်မြေ အတွေ့အကြုံရမှတ်(၁၆၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က အင်ပါယာဥပဒေသ၏ ဖိနှိပ်မှုကို ခံယူပြီး လေနယ်မြေ အတွေ့အကြုံရမှတ်(၁၆၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က အင်ပါယာဥပဒေသ၏ ဖိနှိပ်မှုကို ခံယူပြီး အချိန်နယ်မြေ အတွေ့အကြုံရမှတ်(၁၆၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"............."
နဝမအဆင့် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်း၏ အင်ပါယာဥပဒေသ ဖိအားအောက်တွင် ကျန်းချန်၏ မတူညီသော နယ်မြေစွမ်းအား လေးခုသည် အတွေ့အကြုံ ရမှတ်များ လျင်မြန်စွာ တိုးတက်လာခဲ့သည်။
တစ်လကျော် ကြာမြင့်ပြီးနောက်တွင် ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ် တို့သည်လည်း နဝမအဆင့် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းသို့ ဝင်ရောက်လာခဲ့ကြ၏။
ဤတစ်လကျော် ကာလအတွင်း ၎င်းတို့နှစ်ဦး၏ ခွန်အားသည်လည်း သိသိသာသာပင် တိုးတက်လာသည်မှာ ထင်ရှားသည်။
နဝမအဆင့် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ အင်ပါယာဥပဒေသနှင့် ပတ်သက်၍ သူတို့က အနည်းငယ် ခက်ခဲစွာ ရင်ဆိုင်ရသော်လည်း အဆုံးသတ်တွင် နောက်ဆုံးအတားအဆီးကို ချောမွေ့စွာ ဖြတ်ကျော်နိုင်ခဲ့ကြသည်။
ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ်တို့က နဝမအဆင့် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းကို ဖြတ်ကျော်ခဲ့ကြသော်လည်း ကျန်းချန်သည် အလျင်စလို မဖြတ်ကျော်သေးဘဲ နယ်မြေ စွမ်းအားကို ဆက်လက် မြှင့်တင်နေခဲ့သည်။
"ဒင်.. သင့်ရဲ့ အချိန်နယ်မြေက အလယ်အလတ် နယ်မြေအဆင့်ကို ထိုးဖောက်သွားခဲ့ပါပြီ"
နောက်ထပ် တစ်လကြာမြင့်ပြီးနောက်တွင် ကျန်းချန်၏ အချိန်နယ်မြေသည် အဆုံးသတ်တွင် အလယ်အလတ် နယ်မြေအဆင့်ကို ချောမွေ့စွာ ထိုးဖောက်နိုင်ခဲ့၏။
ဤအချိန်တွင် ကျန်းချန်၏ ကြယ်စင်ကျောက်တုံးထဲတွင် ကြယ်စွမ်းအင် နှစ်ခုမျှသာကျန်ရှိတော့သည်။
"အချိန်နယ်မြေက နောက်ဆုံးတော့ အလယ်အလတ် နယ်မြေအဆင့်ကို ရောက်ရှိလာခဲ့ပြီ.. ကံမကောင်းစွာနဲ့ပဲ ဓားနယ်မြေကတော့ အဆင့်မြင့် နယ်မြေအဆင့်ကို မရောက်ရှိသေးဘူး"
သူ၏စိတ်ထဲမှ စနစ်၏ အချက်ပေးသံများကိုကြားလျှင် ကျန်းချန်သည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
နယ်မြေစွမ်းအားများသည် အလယ်အလတ်နယ်မြေ အဆင့်သို့ ရောက်ရှိပြီးနောက်တွင် နောက်ထပ် အဆင့်တက်ရန် လိုအပ်သော အတွေ့အကြုံရမှတ်သည် မယုံနိုင်စရာကောင်းသော အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
သိရှိထားရမည့်အချက်မှာ ကျန်းချန်၏ ဓားနယ်မြေသည် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းထဲသို့ မဝင်ရောက်မီတွင် အလယ်အလတ် နယ်မြေအဆင့်သို့ ရောက်ရှိခဲ့ပြီးသားဖြစ်၏။
ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းပေါ်တွင် လေးလကျော်ကြာ ရှိနေခဲ့စဥ်အတွင်း ကျန်းချန်၏ ဓားနယ်မြေသည် အတွေ့အကြုံရမှတ် များစွာကို ရရှိခဲ့သည်။
သို့သော်လည်း ထိုသို့ဖြစ်နေလျှင်ပင် ကျန်းချန်၏ ဓားနယ်မြေသည် အဆင့်မြင့်နယ်မြေ အဆင့်သို့ တိုးတက်လာမည့် အရိပ်အယောင်မျိုး မပြသခဲ့ပေ။
သူ့တွင် အဆ ၁၀၀ စနစ် ရှိနေသည့်တိုင် သူ၏ ဓားနယ်မြေကို အဆင့်မြှင့်တင်ရန် မလွယ်ကူခဲ့ချေ။
ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး သိပ်အများကြီးမစဥ်းစားတော့ဘဲ နဝမအဆင့် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို စတင် ကျော်ဖြတ်ရန် ပြင်ဆင်လိုက်သည်။
ယခုအခါ သူ၏ ကြယ်စင်ကျောက်တုံးထဲတွင် ကြယ်စွမ်းအင်များစွာ မရှိတော့သဖြင့် ကျန်းချန်သည် အင်ပါယာ ဥပဒေသကို ဆက်လက် ခံယူကာ သူ၏ နယ်မြေစွမ်းအားကို မြှင့်တင်ရန် ရည်ရွယ်ချက် မရှိတော့ပေ။
မတော်တဆ ကြယ်စင်ကျောက်တုံးထဲရှိ ကြယ်စွမ်းအင်ကုန်ဆုံးသွားပြီး ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကနေ နှင်ထုတ်ခံခဲ့ရလျှင် သူ့အတွက် ကောင်းမွန်သောအခွင့်အလမ်းများ ဆုံးရှုံးသွားလိမ့်မည် မဟုတ်ပါလော။
ထို့နောက်တွင် ကျန်းချန်သည် မီတာရာပေါင်းများစွာ ရှိသော ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို ဖြတ်ကျော်ကာ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ နောက်ဆုံး အတားအဆီး ဆီသို့ ခုန်ဝင်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ နဝမအဆင့် ဂိတ်စောင့်သည် ကျန်းချန်၏ ရှေ့တွင် လျင်မြန်စွာ စုဖွဲ့လာခဲ့သည်။
သူ၏ရှေ့မှ ဂိတ်တံခါးစောင့်ကို မြင်လျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် ဤနဝမအဆင့် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်း၏ ဂိတ်တံခါးစောင့်သည် သူကိုယ်တိုင်ပင် ဖြစ်နေသည်ကို တွေ့ရှိခဲ့သောကြောင့်ပင်။
သူ၏အရှေ့မှ အစောင့်သည် အနည်းငယ် သုန်မှုန်သောမျက်နှာထားရှိနေသည်မှ လွဲလျှင် သူနှင့် အသွင်အပြင်ရော ခန္ဓာကိုယ် အားလုံးပါ တူညီနေခဲ့သည်။
ဤနောက်ဆုံးအဆင့်ကို ဖြတ်ကျော်ရန် သူ့ကိုယ်သူ အနိုင်ယူရတော့မည်ဟုပင် ထင်ရ၏။
သူ၏ရှေ့မှ တစ်ပုံစံတည်းတူသော ဂိတ်တံခါးစောင့်ကို မြင်လျှင် ကျန်းချန်၏ စိတ်နှလုံးထဲတွင် အနည်းငယ် ခါးသီးသွားခဲ့သည်။
သို့သော်လည်း ဤသည်မှာ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ အစီအစဥ် ဖြစ်သောကြောင့် ကျန်းချန်သည် ရှည်ရှည်ဝေးဝေး စဥ်းစားမနေတော့ပေ။
သူက လက်တစ်ဖက်ကိုမြှောက်ကာ ကြောက်မက်ဖွယ်လက်သီးချက်ဖြင့် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ထိုးနှက်လိုက်သည်။
တစ်ချိန်တည်းမှာပင် မျက်နှာချင်းဆိုင်ရှိ ကျန်းချန်သည်လည်း သူ၏ လက်သီးချက်ကို လက်သီးချက်ဖြင့်ပင် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ကျန်းချန်က အံ့သြထိတ်လန့်သွားခဲ့ပြီး အကြိမ်ပေါင်းများစွာ ထပ်မံ တိုက်ခိုက်လိုက်သည်။
ထိုအခါ ကျန်းချန်သည် မျက်နှာချင်းဆိုင်ရှိ ကျန်းချန်သည်လည်း သူ၏ လှုပ်ရှားမှုတိုင်းကို ထပ်တူကျစွာ လုပ်ဆောင်နိုင်ကြောင်း တအံ့တသြ တွေ့ရှိခဲ့သည်။
"လခွမ်း အံ့သြစရာကောင်းလှချည်လား"
သူနှင့် အတိအကျ တူညီသော သူ၏ရှေ့မှလူကို ကြည့်ကာ ကျန်းချန်သည် ရုတ်တရက် စကားမပြောနိုင် ဖြစ်နေခဲ့၏။
ဤဂိတ်တံခါးစောင့်သည် သူ့ကို လုံးဝ ပုံတူ ကူးချထားသည့်အတိုင်းပင်။
၎င်း၏ ကိုယ်ခံပညာဖြစ်စေ၊ အတွေးအခေါ်ဖြစ်စေ၊ သူနှင့်လုံးဝနီးပါး ထပ်တူကျနေခဲ့သည်။
"ဒီနဝမအဆင့်က လုံးဝမရိုးရှင်းဘူး.. ဒီဂိတ်တံခါးစောင့်တဲ့ကောင်က ငါနဲ့ခွန်အား တူညီတဲ့အပြင် ငါ့ရဲ့လှုပ်ရှားမှုတွေအတိုင်း တထေရာတည်း လုပ်နိုင်နေတယ်.. ဒီမေဘေးကို ငါက ဘယ်လို အနိုင်ယူရတော့မှာလဲ"
ကျန်းချန်က ခေါင်းပင် ကိုက်သွားခဲ့သည်။
ဤအတိုင်းသာ ဆက်လက် တိုက်ခိုက်နေလျှင် နှစ်သစ်ကူး သွားသည့်တိုင် သူ၏ ရှေ့မှ ဂိတ်တံခါးစောင့်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ထို့နောက်တွင် ကျန်းချန်သည် မျက်နှာချင်းဆိုင်ရှိ ကျန်းချန်နှင့် ဆက်လက် မတိုက်ခိုက်တော့ဘဲ ခေါင်းကိုငုံ့ကာ စဥ်းစားခန်း ဝင်နေခဲ့သည်။
အခန်း(၁၃၄၉)ပြီး၏။
အခန်း(၁၃၅၀)
ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ နဝမအဆင့်ဂိတ်စောင့်သည် ဖြတ်သန်းလာသူကို တုပ၍ ဆင့်ကဲပြောင်းလဲလာသောပုံတူတစ်ခု ဖြစ်သည်။
၎င်းက ဖြတ်သန်းလာသူ တတ်မြောက်ထားသော ကိုယ်ခံပညာအားလုံးကိုလည်း နားလည်ထား၏။
သူက နယ်မြေငါးခု ပေါင်းစည်းစွမ်းအားဖြင့် တိုက်ခိုက်ခဲ့လျှင် ဂိတ်တံခါးစောင့်ကလည်း နယ်မြေငါးခု ပေါင်းစည်းစွမ်းအားဖြင့် ပြန်လည် တုံ့ပြန်မည်ကို ကျန်းချန်သည် သံသယမရှိခဲ့ပေ။
ထိုသို့ တိုက်ခိုက်ကြလျှင် တစ်ခုတည်းသော ရလဒ်မှာ နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာရရန်သာ ဖြစ်၏။
သို့သော်လည်း ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကို ဖွင့်လှစ်သည့် အချိန်တိုင်းတွင် ဤအဆင့်ကို ကျော်လွန်၍ ကြယ်တာရာ မြို့တော်သို့ ဝင်ရောက်နိုင်သော ပါရမီရှင်များ ရှိခဲ့သည်။
သူ့ထက် အရင် နဝမအဆင့်ကို ဖြတ်ကျော်ခဲ့သော ရှားယွမ်ဟောင်နှင့် ချင်ဝူချွယ်တို့သည်လည်း ဤအဆင့်ကို ဖြတ်ကျော်ပြီးသည်မှာ ထင်ရှား၏။
ထိုအချက်အရ ဖြေရှင်း၍ မရပုံရသော ဤနဝမအဆင့်ကို ရှင်းလင်းနိုင်မည့် နည်းလမ်းတစ်ခု ရှိနေသည်မှာ ထင်ရှား၏။
ကျန်းချန်သည် သူ၏ရှေ့မှ ဂိတ်တံခါးစောင့်ကို အနီးကပ်အကဲခတ်ကာ ၎င်း၏ ခန္ဓာကိုယ်မှ အားနည်းချက်များကို ရှာဖွေရန် ကြိုးစားခဲ့သည်။
ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်း၏ နဝမအဆင့်ကိုဖြတ်ကျော်ရန် ကြမ်းရမ်းစွာ တိုက်ခိုက်ခြင်းသည် ဤအဆင့်ကို ဖြေရှင်းရန်နည်းလမ်း မဖြစ်နိုင်သည်မှာ ထင်ရှား၏။
ထို့ကြောင့် သူက မှန်ကန်သောနည်းလမ်း ဖြစ်သည့် အခြားသော နည်းလမ်းတစ်ခုကို ရှာဖွေရပေမည်။
သို့သော်လည်း ဤနဝမအဆင့်၏ အားနည်းချက်သည် မည်သို့သောအရာနည်း။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက အင်ပါယာ ဟောင်ထျန်းသည် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို ၎င်း၏နတ်လက်နက်မှ တစ်ဆင့် ဆင့်ကဲပြောင်းလဲခဲ့သည်။
ထိုနောက်ပိုင်းတွင် ရှန်းဝူတိုက်ကြီးမှ ကျင့်ကြံသူများထဲ၌ ဤအဆင့်ကို ဖြတ်ကျော်ကာ ကြယ်တာရာမြို့တော်သို့ ဝင်ရောက်နိုင်သူ အနည်းဆုံး ၁၀၀ ကျော်ခန့် ရှိခဲ့၏။
ဆိုလိုသည်မှာ ဤနဝမအဆင့်၏ လျှို့ဝှက်ချက် သို့မဟုတ် ဂိတ်တံခါးစောင့်၏ အားနည်းချက်သည် ထိပ်တန်းပါရမီရှင်များတွင် ဘုံတူညီသည့်အရာ တစ်ခု ဖြစ်နိုင်၏။
ထိုအားနည်းချက်ကို ကျန်းချန်က အလေးအနက် တွေးတောနေခဲ့သည်။
အဆုံးသတ်တွင် သူက တစ်စုံတစ်ရာကို စဥ်းစားမိလိုက်သည်။
ထို့နောက်တွင် သူ၏ မျက်လုံးများသည် ချက်ချင်းဆိုသလို လင်းလက်လာခဲ့၏။
ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကို အသက်(၁၀၀) အောက်ရှိ နတ်သန္ဓေအင်ပါယာများသာ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီ၏။
နှစ်ပေါင်းများစွာအတွင်း ဤအဆင့်ကို ရောက်ရှိလာသူများသည် လျှို့ဝှက်နယ်မြေရှစ်ခုရှိ အင်ပါယာ သွေးစွမ်းအားများပါဝင်သော အင်ပါယာများ၏ မျိုးဆက်များ ဖြစ်ကြသည်။
ထိုသို့မဟုတ်လျှင် အထူးသွေးစွမ်းအား ပါဝင်သော ထိပ်တန်းပါရမီရှင်များ ဖြစ်ကြ၏။
မတူညီသော ခေတ်ကာလများတွင် မွေးဖွားလာကြသည့် ပါရမီရှင်များတွင် ဘုံတူညီသည့်အရာ တစ်ခု ရှိနေမည်ဆိုလျှင် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအားသာလျှင် ဖြစ်နိုင်လောက်၏။
ထို့အပြင် ဤနဝမအဆင့် ဂိတ်တံခါးစောင့်သည် ဖြတ်သန်းသူ၏ ခွန်အားနှင့်ကျင့်ကြံခြင်းအဆင့်ကို အပြည့်အဝ ပုံတူကူးယူထားသော်လည်း ၎င်းသည် ဤနေရာရှိ စွမ်းအားများကနေ ဆင့်ကဲ ပြောင်းလဲလာသော စွမ်းအင်ခန္ဓာကိုယ် တစ်ခုသာ ဖြစ်သည်။
၎င်းထံတွင် အသွေးအသားများ မရှိ၍ သွေးစွမ်းအား ရှိနိုင်ခြေမှာ ပို၍ပင် နည်းနေခဲ့သည်။
ဤသည်က သူ၏ရှေ့မှ ဂိတ်တံခါးစောင့်၏ အကြီးမားဆုံးသော အားနည်းချက် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။
ထိုအချက်ကို စဥ်းစားမိသည်နှင့် ကျန်းချန်သည် မည်သည့်နည်းစနစ်ကိုမှ အသုံးမပြုဘဲ သွေးစွမ်းအားကိုသာ လှုံ့ဆော်ကာ လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
တစ်ချိန်တည်းမှာပင် မျက်နှာချင်းဆိုင်ရှိ ကျန်းချန်သည်လည်း တူညီသော လက်သီးချက်ဖြင့်ပင် သူ့ကို ထိုးနှက်လိုက်၏။
"ဝုန်း.."
သူတို့နှစ်ဦး၏ လက်သီးချက်များက လေထဲတွင် ထိပ်တိုက်ဆုံမိသွားပြီးနောက်တွင် မျက်နှာချင်းဆိုင်ရှိ ကျန်းချန်၏ပုံရိပ်သည် ခြေခုနှစ်လှမ်း၊ ရှစ်လှမ်းခန့် နောက်သို့ ဆုတ်လိုက်ရသည်။
"တကယ်ပဲ ဒီကောင့်မှာ သွေးစွမ်းအား မရှိဘူးကိုး"
အဆုံးသတ်တွင် သူ၏လက်သီးချက်ဖြင့် ပုံတူ ကျန်းချန်က နောက်ဆုတ်သွားသည်ကိုမြင်လျှင် ကျန်းချန်သည် ပျော်ရွှင်သွားခဲ့သည်။
ယခုအခါတွင် အားနည်းချက်ကို ရှာတွေ့သွားခဲ့ပြီ ဖြစ်ရာ ကျန်းချန်သည် အချိန်ဖြုန်းရန် စိတ်မကူးတော့ဘဲ သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်ကို တိုက်ရိုက်လှုံ့ဆော်ကာ ကမ္ဘာဖျက်ဆီး နဂါးမီးလျှံကို အသုံးပြုလိုက်သည်။
ဤသို့ဖြင့် မျက်နှာချင်းဆိုင်ရှိ ကျန်းချန်သည် ကမ္ဘာဖျက်ဆီးနဂါးမီးလျှံ၏အောက်တွင် လျင်မြန်စွာပင် ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
နောက်ဆုံးအဆင့်၏ ဂိတ်စောင့်ကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် နဝမအဆင့် ဟောင်ထျန်းအရက် တစ်ခွက်ကို ယူကာ တစ်ခါတည်း သောက်သုံးလိုက်သည်။
"ဒင်.. သင်က နဝမအဆင့် ဟောင်ထျန်း အရက်တစ်ခွက်ကိုသောက်သုံးပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် (၇၂၀၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့်ကို ထိုးဖောက်သွားခဲ့ပါပြီ"
"ဒင်.. သင်က နဝမအဆင့် ဟောင်ထျန်းအရက် တစ်ခွက်ကို သောက်သုံးပြီး ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အတွေ့အကြုံရမှတ်(၇၂၀၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်က အဋ္ဌမအဆင့် အလယ်အလတ်ကို ရောက်ရှိသွားခဲ့ပါပြီ"
နဝမအဆင့် ဟောင်ထျန်းအရက်တစ်ခွက်ကို သောက်သုံးပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့်သို့ပင် အောင်မြင်စွာ ထိုးဖောက်သွားခဲ့သည်။
"ဒီတစ်ခေါက် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းက တကယ်ကို တန်ဖိုးရှိတာပဲ"
ကျင့်ကြံခြင်းအဆင့်တွင် နောက်ထပ် တစ်ဆင့်သို့ ထပ်မံတက်လှမ်းနိုင်ခဲ့ပြီးနောက်တွင် ကျန်းချန်၏ မျက်နှာထက်၌ ရှားပါးသောအပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဤတစ်ကြိမ် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း ခရီးစဥ်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် နှစ်ဆင့် ဆက်တိုက် ထိုးဖောက်နိုင်ခဲ့ရုံသာမက နယ်မြေစွမ်းအားတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခု အထိ မြှင့်တင်နိုင်ခဲ့သည်။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် သာမန် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူပင် သူ၏ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။
သူသာ အစွမ်းကုန် တိုက်ခိုက်မည်ဆိုလျှင် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူနှင့် ရင်ဆိုင်ရန်ပင် အပြည့်အဝ ယုံကြည်မှု ရှိလာခဲ့သည်။
"စမ်းသပ်သူ.. ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကို ကျော်ဖြတ်ပြီး ကြယ်တာရာ မြို့တော်ထဲကို ဝင်ရောက်ဖို့အရည်အချင်း ပြည့်မီတဲ့အတွက် ဂုဏ်ယူပါတယ်.. ကြယ်တာရာမြို့တော်မှာ ဆယ်ရက် နေထိုင်ခွင့်ရှိတယ်"
ဤအချိန်တွင် ယန္တရားဆန်သော အေးစက်စက် အသံတစ်သံသည် ကျန်းချန်၏နားထဲတွင် မြည်ဟည်းလာခဲ့သည်။
"ကြယ်တာရာမြို့တော်ထဲမှာ အချိန် ကန့်သတ်ချက်တွေ ရှိနေသေးတယ်လား"
သူ၏နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသော အချက်ပေးသံကို ကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
သူက သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြယ်စင်ကျောက်တုံးကို ထုတ်ကြည့်လိုက်ရာ ကြယ်စင်ကျောက်တုံးထဲတွင် ကြယ်စွမ်းအင်တစ်ခုသာ ကျန်ရှိတော့သည်ကို တွေ့ရှိခဲ့သည်။
"အင်ပါယာဟောင်ထျန်းက ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းကို နတ်လက်နက်ကနေ ဆင့်ကဲပြောင်းလဲပြီးတဲ့နောက်မှာ ကြယ်တာရာမြို့တော်ကလည်း အင်ပါယာဟောင်ထျန်းရဲ့စည်းမျဥ်းအောက်ကို ကျရောက်သွားခဲ့ပုံပဲ.. ကြည့်ရတာ ကြယ်စွမ်းအင်ကျောက်တုံးထဲမှာ ကြယ်ဘယ်လောက်ပဲရှိနေပါစေ အဆုံးသတ်မှာ ကြယ်စွမ်းအင်တစ်ခုပဲ ကျန်ရှိမယ် ထင်တယ်"
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် တုံ့ဆိုင်းမနေတော့ဘဲ နဝမအဆင့် ဂိတ်တံခါးအနောက်ရှိ တံခါးပေါက်ဆီသို့ တန်းတန်းမတ်မတ်ပင် လျှောက်သွားခဲ့သည်။
ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်း၏ နဝမအဆင့်ကို ဖြတ်ကျော်ပြီးနောက်တွင် ကျန်းချန်သည် ကျယ်ပြောလှသောနေရာတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
ဤအချိန်တွင် ကျန်းချန်သည် သူ၏ ရှေ့မှမြင်ကွင်းကိုကြည့်ကာ အံ့သြထိတ်လန့်သွားခဲ့သည်။
"ဒီနေရာက တကယ်ပဲ ဒဏ္ဍာရီလာ ကြယ်တာရာမြို့တော်လား"
ဤသည်က ရှန်းဝူတိုက်ကြီး၏ ရှေးဟောင်း ဧရာမမြို့တော်တစ်မြို့ဖြစ်ပြီး သွေးဝိညာဥ်မျိုးနွယ်စုကို ခုခံရန်အတွက် ခံတပ်တစ်ခုလည်း ဖြစ်ခဲ့ရာ အလွန်တရာ ခမ်းနားထည်ဝါသော မြို့တော်တစ်ခု ဖြစ်သင့်သည်။
အထူးသဖြင့် အင်ပါယာမြှုပ်နှံခြင်းချောက်အောက်ရှိ ကြယ်တာရာ မြို့တစ်ဝက်ကို မြင်ပြီးနောက်တွင် ကျန်းချန်သည် အခြားသော ကြယ်တာရာမြို့တစ်ဝက်ကို အတော်လေး မျှော်လင့်ထားခဲ့သည်။
သို့သော်လည်း သူ့ရှေ့မှအခြေအနေသည် ကျန်းချန်၏ စိတ်ကူးကိုပင် လုံးဝ ကျော်လွန်နေခဲ့၏။
တိကျစွာဆိုရလျှင် ဒဏ္ဍာရီလာ ရှေးဟောင်းကြယ်တာရာမြို့တော်သည် မြို့တစ်မြို့ လုံးဝ မဟုတ်ဘဲ အလွန် ကြီးမားသော သင်္ချိုင်းတစ်ခုသာလျှင် ဖြစ်သည်။
ဤနေရာတွင် အနက်ရောင် သင်္ချိုင်းကျောက်တိုင်ပေါင်း ရာချီရှိနေသည်ကို သူတွေ့လိုက်ရ၏။
ကျန်းချန်က အနက်ရောင် သင်္ချိုင်းကျောက်တိုင်များကို တစ်ခုပြီးတစ်ခု စူးစမ်းလိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်တစ်ခု ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀)ခန့်တွင် အင်ပါယာ ဟောင်ထျန်းသည် ရှန်းဝူတိုက်ကြီး၏ အင်ပါယာများကို ဦးဆောင်ကာ ကြယ်တာရာမြို့တော်တွင် သွေးဝိညာဥ် မျိုးနွယ်စုများနှင့်တိုက်ခိုက်ခဲ့သည်။
သို့ဆိုလျှင် သူ့အရှေ့ရှိ သင်္ချိုင်းကျောက်တိုင်များသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက အင်ပါယာအဆင့်ကျင့်ကြံသူများ၏ သင်္ချိုင်းများ ဖြစ်နိုင်ပါသလော။
"ကျန်းချန် မင်းလည်း ရောက်လာပြီကိုး"
ကျန်းချန်က စိတ်နှလုံးထဲတွင် အံ့သြတုန်လှုပ်နေစဥ်မှာပင် ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရသည်။
ထို့နောက်တွင် သူ၏ရှေ့ရှိ သင်္ချိုင်းကျောက်တိုင်များထဲမှ ကျောက်တိုင်တစ်ခုကနေ တောက်ပသော ဓားအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
မကြာမီမှာပင် ကျန်းချန်နှင့် အလွန်ရင်းနှီးသော ပုံရိပ်တစ်ခုသည် သင်္ချိုင်းကျောက်တိုင်ကနေ တစ်ဆင့် လေထုထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။
"ချင်ဝူချွယ် မင်းဘယ်လိုလုပ်ပြီး ဒီမှာ ရှိနေသေးတာလဲ"
ရုတ်တရက် ထွက်ပေါ်လာသော ချင်ဝူချွယ်ကို မြင်လျှင် ကျန်းချန်သည် အံ့သြ ထိတ်လန့်သွားခဲ့သည်။
သိထားရမည့်အချက်မှာ ချင်ဝူချွယ်သည် သူ့ထက် အနည်းဆုံး တစ်လစော၍ ကြယ်တာရာ မြို့တော်ထဲကို ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
သူသိသလောက် ကြယ်တာရာမြို့တော်တွင် ဆယ်ရက်သာနေထိုင်နိုင်သည် ဖြစ်ရာ ချင်ဝူချွယ်သည် အဘယ်ကဲ့သို့ ဤနေရာတွင် ရှိနေပါသနည်း။
ကျန်းချန်ကို ပို၍ အံ့အားသင့်စေသည်မှာ ဤတစ်လတာအတွင်း ချင်ဝူချွယ်၏ခွန်အားသည် သိသိသာသာပင် တိုးတက်လာခြင်းပင်ဖြစ်သည်။
ချင်ဝူချွယ်၏ ကျင့်ကြံခြင်းအဆင့်က နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့်သို့ အနည်းဆုံး ရောက်ရှိနေလောက်ပြီဟု ကျန်းချန် ခန့်မှန်းမိခဲ့သည်။
အခန်း(၁၃၅၀)ပြီး၏။