← Chapters

Chapter 2

Vol. 1 Ch. 2

Chapter 2

Vol. 1 Ch. 2

အချိန်အားဖြင့် ဆယ့်နှစ်နာရီထိုးလေပြီ။

သူမအခန်းဖော်များသည် Michelinကြယ်သုံးပွင့်ရထားသော အစားအသောက်ဆိုင်အကြောင်းကို တအားချီးမွမ်းနေကြသည်။ရေသန့်တစ်ခွက်ဆိုလျှင်တောင် တခြားအရာထက် ပို၍အရသာရှိနေခြင်း ဆိုတာမျိုးဖြစ်သည်။

ယန်ရှီ၏ မျက်လုံးမှာ ထိုစားသောက်ဆိုင်၏ ဝင်ပေါက်ကိုသာ မလွတ်တမ်း ကြည့်နေခဲ့သည်။

သူမသည် Michelin ကြယ်သုံးပွင့် စားသောက်ဆိုင်ကို သတိရသွားသည်။ ကျုံးချင်းယွီသည် တစ်ခါတွင် သူမအား ဤနေရာသို့ ခေါ်လာကာ ပေယွဲ့ပိုင်မှာ ဤဆိုင်မှအုန်းနို့ကိတ်ကို ကြိုက်ကြောင်း ပြောပြဖူးသည်။

အစပိုင်းတွင် ယန်ရှီမှာ ဒါဟာ သူမသူငယ်ချင်း၏ ချစ်သူ အကြောင်းတစ်ခုဟုသာ သတ်မှတ်ခဲ့သည်။ သို့သော် ဝတ္ထုထဲတွင် အုန်းနို့ကိတ်အား အမှန်တကယ်ကြိုက်သူမှာ ပေယွဲ့ပိုင်မဟုတ်ပဲ ရဲ့လော့ယီသာ ဖြစ်သည်။

ရဲ့လော့ယီသည် ဝတ္ထုထဲရှိ ဇာတ်လိုက်မင်းသမီး ဖြစ်သည်။

ကျုံးချင်းယွီသည် ပေယွဲ့ပိုင်အတွက် အုန်းနို့ကိတ်အား အထူးတလည် ဝယ်ပေးခဲ့သည်။ သို့သော် ပေယွဲ့ပိုင်မှာ ထိုကိတ်အား ရဲ့လော့ယီထံသို့ ပြန်ပေးလိုက်သည်။

ယနေ့မှာ ကျုံးချင်းယွီသည် မော်လ်အနီးတွင် ရိုက်ကူးရေးရှိသည့် အတွက် ကိတ်ဝယ်ဖို့ အခွင့်အရေး ရနေသည်။

ရင်းနှီးသည့်လူတစ်ဦးသည် အစားအသောက်ဆိုင်ထဲသို့ ဝင်လာသည်။ထိုသူမှာ ခုံတွင် မထိုင်သေးဘဲ ဝန်ထမ်းအား အုန်းနို့ကိတ်အရင်မှာနေသည်။ မျက်မှန်အနက်နှင့် maskအမည်းတပ်ထားသော်လည်း ယန်ရှီအတွက်မူ သူမကိုအလွယ်တကူနှင့်ပင် မှတ်မိနိုင်သည်။

ယန်ရှီသည် သူမအခန်းဖော်၏ လက်ကိုပုတ်လိုက်ပြီး

“ငါ့ကိုရေနဲ့ပက်ပြီး ဆဲလိုက် ငါ့ချစ်သူကို လုယူတဲ့ မကောင်းတဲ့‌ကောင်မလို့ခေါ်လိုက်၊ လုပ်လိုက် မြန်မြန်!”

အခန်းဖော် - “ဘာကြီး”

အနုပညာကလပ်၏ အသင်းဝင်ဖြစ်သည့် သူမအခန်းဖော်သည် ရှုပ်‌ထွေးသွားသော်လည်း သရုပ်ဆောင်ကောင်းသူတစ်ဦးဖြစ်သည်။ “ငါကဆင်ဂယ်၊ ဘယ်မှာချစ်သူ ရှိရမှာလဲ” ဟုပြောကာ ရေခွက်တစ်ခွက်ကို ချက်ချင်းယူလိုက်ပြီး ယန်ရှီကို ရေနှင့်ပက်ချလိုက်သည်။

“မကောင်းတဲ့ကောင်မ! နင့်ကို ဘယ်သူက ငါ့ရည်းစားကို စနိုက်ကြော်ခိုင်းလို့လဲ!”

ထို “မကောင်းတဲ့‌ကောင်မ ” ဟူသည့် စကားလုံးတစ်ခု ထပ်ထည့်လိုက်ခြင်းသည် ဇာတ်ကွက်ကို ပိုမိုထင်ဟပ်စေခဲ့သည်။

ကျုံးချင်းယွီ တုန်လှုပ်သွားသည်။ သူယန်ရှီကိုကာကွယ်ရန် အတွက် ရုတ်တရက်ထွက်လာကာ

“ဘာဖြစ်နေတာလဲ” ဟု မေးလိုက်သည်။

အခန်းဖော်သည် ယန်ရှီမှ မျက်စိမိတ်ပြလိုက်သောကြောင့် အချင်းချင်းနားလည်သောအမူအရာဖြင့် ဆက်သရုပ်ဆောင်ပေးနိုင်မလား ဟု မေးငေါ့၍ မေးလိုက်သည်။

“သူကပဲ ငါနဲ့ငါ့ချစ်သူကြားထဲကို ဝင်လာတာ၊ ငါ့ချစ်သူကို ငါ့ဘေးကနေ ခိုးသွားတာ!”

ကျုံးချင်းယွီသည် ယန်ရှီဘက်သို့ လှည့်ကြည့်လိုက်သည်။ ယန်ရှီသည် သူမခေါင်းကို အောက်ငိုက်စိုက်ချထားလျက် မျက်လုံးထဲတွင် မျက်ရည်များပြည့်နေသည်ကိုမြင်လိုက်ရသည်။

“ဒီမနက်က ငါရည်းစားနဲ့ပြတ်သွားပြီလို့ ပြောတယ်လေ…”

ကျုံးချင်းယွီ၏ စိတ်ထဲတွင် ရှုပ်ထွေးမှုအချို့ရှိနေသော်လည်း သူမသည် ချက်ခြင်း ခေါင်းလှည့်ကာ ယန်ရှီ၏ အခန်းဖော်ဘက်သို့ အကြည့်ပို့လိုက်ပြီးနောက်

“အထောက်အထားမရှိပဲ သတင်းအမှားတွေ လျှောက်ပြောမနေနဲ့၊ ဆက်ပြောနေမယ်ဆို ရှင့်ကို တရားစွဲရလိမ့်မယ်”

ယန်ရှီသည် ကျုံးချင်းယွီ၏ လက်ကိုဆွဲကာ ငိုပြလေသည်။ ကျုံးချင်းယွီမှာ ယန်ရှီ၏ မျက်ရည်ဥများရှိနေသေးသည့် မျက်လုံးအိမ်များနှင့် မျက်ရည်များ ပေပွနေသည့် မျက်နှာလေးအား မြင်လိုက်ရသောအခါ သနားသွားလေသည်။

ယန်ရှီမှာ ကျုံးချင်းယွီအား လှည့်စားနေခြင်းဖြစ်သော်လည်း တဖက်လူမှာ သတိမထားမိပေ။

သူမသည် အခန်းဖော်ဘက်သို့ ပြန်လှည့်ကာ

“ယန်ရှီကို မတရားလုပ်မယ်ဆိုရင် ကျွန်မက ငြိမ်ခံနေမှာမဟုတ်ဘူး၊ ရှင် နောင်တရလိမ့်မယ်”

ပြောပြီးသည်နှင့် ကျုံးချင်းယွီသည် ယန်ရှီ၏ လက်ကိုဆွဲကာ Michelin ကြယ်သုံးပွင့်စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည်။

ကျုံးချင်းယွီ ဆွဲခေါ်သည့်နောက် ပါလာစဉ် ယန်ရှီသည် သူမ အခန်းဖော်အား သရုပ်ဆောင်ကောင်းကြောင်း လက်မ တိတ်တဆိတ်ထောင်ပြလိုက်သည်။

…………

စားသောက်ဆိုင်မှ ထွက်လာပြီးနောက် ကျုံးချင်းယွီသည် ယန်ရှီအား လူရှင်းသည့် လမ်းကြားလေးတစ်ခုထဲသို့ ခေါ်သွားလေသည်။

“ဘယ်လိုဖြစ်တာလဲ ၊ နင်ကြိုက်တဲ့ ကောင်လေးက သူ့ရဲ့ ရည်းစားလား”

ယန်ရှီသည် မသိမသာလေးခေါင်းငြိမ့်ပြလိုက်ရင်းဖြင့်

“သူတို့နှစ်ယောက်ခိုးတွဲ‌နေကြတာ ငါမသိဘူးလေ ၊ သူတို့ကလည်း ပြောမပြဘူး … ချင်းချင်း ငါယောကျာ်းတစ်ယောက်ကြောင့် ခံစားဖူးတာ ဒါပထမဆုံးပဲ၊ သိပ်နာကျင်ရတယ်ဟာ”

ကျုံးချင်းယွီသည် ယန်ရှီကိုဖက်လိုက်ပြီး သူမ၏

ကျောကို‌ဖြည်းဖြည်းလေးပုတ်ပေးနေသည်။

“ယောက်ျားကောင်း တွေအများကြီးရှိသေးတယ် ၊ ယောကျာ်းတစ်ယောက်ကြောင့် ခံစားမနေနဲ့… နင်မနက်က ရည်းစားနဲ့ပြတ်သွားပြီပြောတော့ ငါက နင် အိုင်ဒေါ ဓာတ်ပုံကဒ် မရတာကြောင့်ဆိုပြီး ထင်မိလို့ တောင်းပန်ပါတယ်” ( idol PC )

ယန်ရှီ နှာရည်နှင့် မျက်ရည်‌တွေကိုသုတ်ကာ ခေါင်းငြိမ့် ပြလိုက်သည်။

ထိုအချိန်မှာပင် ကျုံးချင်းယွီ၏ ဖုန်းမှာ အသံမြည်လာသည်။

System သည် ယန်ရှီအား သတိပေးလိုက်သည်

[ကျုံးချင်းယွီက နေ့လည်ပိုင်းကျ ပေယွဲ့ပိုင်နဲ့ ချိန်းထားတယ်]

ယန်ရှီ ခေါင်းမော့၍ ငိုထားသော အသံဖြင့်

“အခု၁၂နာရီတောင် ကျော်သွားပြီပဲ၊ မနက်ကတုန်းက နင် ဒုတိယသခင်လေးပေနဲ့ ချိန်းထားတာရှိတယ်လို့ ပြောခဲ့တယ်နော်… ဒါဆို နင် နောက်ကျနေပြီမလား”

ကျုံးချင်းယွီ၏ လှုပ်ရှားမှုမှာ ရပ်တန့်သွားသည်။

သူမဟာ ပေယွဲ့ပိုင်အား အမှန်တကယ်ပင် အသည်းအသန် သဘောကျနေသူဖြစ်သောကြောင့် မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် သူနှင့်အတူဖြတ်သန်းချင်သည်။ထို့ကြောင့် သူနှင့် ချိန်းထားသည်ကိုလည်း မလွဲချင်‌ပေ။

ယန်ရှီသည် ကျုံးချင်းယွီ ငြိမ်သွားခြင်းအား သတိထားမိလိုက်ပြီး အားယူကာ ပြောလိုက်သည်။

“နင် သွားလိုက်ပါ၊ ငါ့အခန်းဖော်က ပြဿနားမရှိပါဘူး၊ ငါတစ်ယောက်တည်း အဆင်ပြေလောက်မှာပါ”

စကားပြော‌နေချိန်တွင် သူမ၏ မျက်လုံးမှာ မျက်ရည်ပြန်ဝဲလာကာ မျက်ရည်များသည် မထိန်းနိုင်ဘဲ ပြန်လည်ကျဆင်းလာလေသည်။

ကျုံးချင်းယွီသည် လက်ရှိအခြေနေကို နားမလည်နိုင်ဖြစ်သွားပြီး

“အဲဒီမိန်းကလေးက နင့်အခန်းဖော်လား၊ ဒါဆို နင် နေ့တိုင်း သူ့နဲ့တွေ့နေရမှာပေါ့”

ယန်ဆီ ခေါင်းခါ၍ သူမ၏ အင်္ကျီအစလေးကိုဆွဲကာ ပြောလာသည်။

“ငါအဆင်ပြေပါတယ်၊ ဒီတစ်လျှောက်လုံးသူနဲ့အတူနေလာပြီးပြီ၊ နင့်ကိစ္စက အရေးကြီးတယ်လေ… ငါက နင့်ရဲ့အချစ်ဆုံးသူငယ်ချင်းမလား၊ ငါဘယ်လိုလုပ် နင့်ကိုတားရက်မှာလဲ…”

တစ်လျှောက်လုံးလား။ ဒါဆို ဒီပြဿနာက တစ်ပတ်လုံးကြာနေပြီ‌ပေါ့။

အဲတာကြောင့်ပဲ ဒီရက်ပိုင်းထဲ ကျုံးချင်းယွီက ယန်ရှီကို ဆက်သွယ်လိုက်တိုင်း သူမ ဘက်က မရေမရာနဲ့ စကားအကောင်းမပြောခဲ့တာ။ သူအသည်းကွဲနေခဲ့တာကိုး။ ဒါပေမယ့် အခု သူမကို ရေနဲ့ အခြားလူလာပက်မှ တကယ့်အကြောင်းအရင်းအမှန်ကို သိလိုက်ရတာ။

ကျုံးချင်းယွီ၏ စိတ်ထဲတွင် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ယန်ရှီလေး ငိုသည့်ပုံစံကြည့်၍ သူမ နှလုံးသားသည်လည်း နာကျင်လာခဲ့သည်။

ယန်ရှီသည် မကြာ‌သေးခင်အချိန်တွင် အပူအပင်ကင်း၍ စိတ်ဖိစိမှုမရှိသည့် မိန်းကလေးတစ်ဦးဖြစ်သည်။ သို့သော် ယခုတွင်မူ သူမ၏ စိတ်အခြေအနေကို ကြည့်လိုက်လျှင်..။

ကျုံးချင်းယွီသည် အချစ်ရေးတွင် အတွေ့အကြုံမရှိသော်လည်း ပေယွဲ့ပိုင်နှင့် ရဲ့လော့ယီတို့၏ အချစ်ဗွီဒီယိုများ ကြည့်တိုင်းတွင် စိတ်ထိခိုက်သကဲ့သို့ ခံစားရသည်။ ပေယွဲ့ပိုင် သူမအား ငြင်းသည့်အခါတိုင်း ယန်ရှီသည် သူမဘေးတွင် အမြဲရှိနေပေးခဲ့သည်။ဤသို့ဆိုလျှင် ယခုအခါမှာဖြင့်….။

အချစ်ဆုံးသူငယ်ချင်းဖြစ်သူမှာ အမှန်တကယ် အကူအညီလိုအပ်နေချိန်တွင် သူမကတော့ date ဖို့အတွက်ပဲ တွေးနေတယ်တဲ့လား။

အသည်းကွဲနေသည့် အချစ်ဆုံးသူငယ်ချင်းအနားမှာ ရှိနေပေးရမှာသေချာတာပေါ့။

ကျုံးချင်းယွီသည် သူမ ဖုန်းကို ချက်ခြင်းပိတ်ပြစ်လိုက်သည်။

“ချိန်းတွေ့တာလေးတစ်ခုပါပဲ အဲတာကလည်း နောက်ရက်တွေကျမှ တွေ့လို့ရတာပဲ၊ ဒါပေမယ့် အခုတော့ နင်က အရာအာလုံးထက် ပိုအရေးကြီးတယ်”

ယန်ရှီသည် ကျုံးချင်းယွီကို ကြည့်ကာ မကျဖို့ ထိန်းထားသည့် မျက်ရည်ဥများသည် ပုလဲလှိုင်းလေးများကဲ့သို့ အပြည့်အဝ ခုန်ဆင်းလာကြလေသည်။

ကျုံးချင်းယွီမှာ ယန်ရှီ၏မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ပေးလိုက်ကာ

“ကောင်လေးတစ်ယောက်ကြောင့် မျက်ရည်ကျနေရတာ မတန်ဘူးနော်၊ ကဲ… ငါ နင့် ကို ဈေးဝယ်ခေါ်သွားမယ်၊ စိတ်ညစ်နေတဲ့အခါ ဈေးထွက်ထွက်တာက အကောင်းဆုံးပဲ၊ ဒီနေ့တော့ ဖြုန်းတီးပြစ်ကြမယ်”

ယန်ဆီ “ဟုတ်!”

…….

Hongruiစျေးဝယ်စင်တာသည် ဟိုင်ချင်းမြို့၏ ထိပ်တန်းဈေးဝယ်စင်တာတစ်ခုဖြစ်ကာ ပထမတစ်ထပ်လုံးတွင် အဆင့်မြင့် luxury ဆိုင်ကြီးတွေတန်းစီထားသည်။

ကျုံးချင်းယွီသည် ယန်ရှီ လက်ကိုဆွဲ၍ စတိုးတစ်ဆိုင်ထဲသို့ ဝင်သွားသည်။ဝန်ထမ်းများသည် ခါးကိုင်းကာ ကြိုဆိုနေကြသည်။

ယန်ရှီကို ကျုံးချင်းယွီသည် အဖြူရောင်အင်္ကျီတစ်ထည် လက်ထဲထည့် ပေးပြီးနောက် အဝတ်လဲခန်းထဲသို့ အတင်းဆွဲ‌ခေါ်သွားလိုက်သည်။

တံခါးပိတ်ပြီးသည်နှင့် ယန်ရှီ၏ ခေါင်းထဲတွင် system ထံမှ အသံတစ်ခု ထွက်လာသည်။

[Ding! ကျုံးချင်းယွီကို ပေယွဲ့ပိုင်နဲ့ မတွေ့နိုင်အောင် တားလိုက်ခြင်းကြောင့် သူမရဲ့ ကံ‌ကောင်းမှုတန်ဖိုး ၁ မှတ် တိုးလာပါပြီ]

“ကံ‌ကောင်းမှုတန်ဖိုး”

ယန်ရှီ မျက်တောင်ခက်လိုက်သည်။ system ပထမဦးဆုံးပေါ်လာသည့် အချိန်တွင် သူမကို ပြောဖူးသည့်အချက်ကို သတိရသွားသည်။ ဝတ္ထုထဲတွင် ဇာတ်လိုက်နှင့် ဇာတ်လိုက်မသည် “ကံကြမ္မာ၏သားသမီး” ဟု ခေါ်ဆိုကြသည်။

system အသေးစားလေး တစ်ခုဖြစ်သော်လည်း system သည် ယန်ရှီကို သည်းခံပြီး ရှင်းပြလိုက်သည်။

[ကံကောင်းမှုတန်ဖိုးဆိုတာက ဝတ္ထုထဲမှာ အရေးပါဆုံး အရာတစ်ခုပဲ၊ ကျော်ကြားမှာနဲ့ ချမ်းသာမှုတွေကလည်း ကံကောင်းမှုရဲ့ဖော်ပြချက်တွေပဲ၊ ဒါပေမယ့် ဝတ္ထုထဲမှာ ဇာတ်လိုက်နဲ့ဇာတ်လိုက်မက အမြဲတမ်း အရံဇာတ်ကောင်တွေရဲ့အခွင့်အရေးတွေကို ခိုးယူပြီး သူတို့ရဲ့ကံ‌ကောင်းမှုတွေကို ဆုံးရှုံးစေတယ်]

[ကျုံးချင်းယွီက ပေယွဲ့ပိုင်ကို အသည်းအသန်ချစ်တာကြောင့် သူ့(ပေယွဲ့ပိုင်)ကို ငွေထောင်ပံ့နေတာ သူမရဲ့ကံကောင်းမှုတန်ဖိုးကို ပျက်စီးအောင်လုပ်နေတာနဲ့ အတူတူပဲ]

[တကယ်တော့ ကျုံးချင်းယွီက ဝတ္ထုထဲက လမ်းကြောင်းအတိုင်း လိုက်လုပ်မယ်ဆို သူမရဲ့ကံကောင်းမှုတန်ဖိုး ကျသွားတတ်ပါတယ်၊ ဒါပေမယ့် ဝတ္ထုလမ်းကြောင်းကိုသွေဖယ်မယ်ဆိုရင် သူမရဲ့ကံကောင်းမှုတန်ဖိုးက တဖြည်းဖြည်း ပြန်တက်လာမှာ‌]

ယန်ရှီ၏ မျက်လုံးမှာ အရောင်တောက်လာသည်။

“ကံ‌ကောင်းမှုတန်ဖိုး တက်လာရင် ဝတ္ထုဇာတ်ကြောင်းကိုပြောင်းနိုင်မှာပေါ့ ဟုတ်လား”

[ဒါပေါ့! ကံ‌ကောင်းမှုတန်ဖိုး တစ်ဆင့်တက်တာနဲ့ ကျုံးချင်းယွီအပေါ် ဝတ္ထုရဲ့ သက်ရောက်မှုက လျော့လာလိမ့်မယ်၊ ဒါပေမယ့် အကုန်လုံးပြောင်းလဲနိုင်ဖို့ဆိုရင်တော့ တန်ဖိုး ၁၀၀ ရှိမှပဲ ဝတ္ထုရဲ့ မူလသတ်မှတ်ထားတဲ့အဆုံးသတ်ကို ရှောင်လွှဲနိုင်လိမ့်မယ်]

[ အခုဆို ဝတ္ထုက အလယ်ပိုင်းကိုကျော်နေပြီ၊ မင်းဘယ်လောက်ကြိုးစားကြိုးစား ဒီနည်းတစ်ခုတည်းနဲ့တော့ ကျုံးချင်းယွီရဲ့ တန်ဖိုးက ၁၀၀ တောင်မရနိုင်ဘူး]

System သည်ယန်ရှီအောင်မြင်နိုင်လိမ့်မည်မဟုတ်ဟု ထင်နေသည်။ဇာတ်လမ်းအတိုင်း သွေဖယ်မှုမှတဆင့် ကံကောင်းမှုတန်ဖိုး စုမည်ဆိုလျှင် အများဆုံး ရနိုင်သည့် ရမှတ်မှာ 50 အထိသာရှိသည်။ ထို့အပြင် ကျုံးချင်းယွီမှာ ဝတ္ထုထဲရှိ အရေးကြီးသော အဓိက အခန်းများတွင် သူမ မဖြစ်မနေ ပါဝင်ရမည်ဖြစ်သောကြောင့် တချို့အရာများအား သူမ ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ယန်ရှီတွင် သူမအတွက် အစီအစဉ်ရှိသည်။ အင်္ကျီလဲပြီးနောက် သူမသည် အဝတ်လဲခန်းထဲမှ ထွက်လာသည်။

အပြင်‌ဘက်တွင် ဝန်ထမ်းများသည် ကျုံးချင်းယွီအား ဝတ်စုံပြနေကြသည်။

“မစ္စ‌ကျုံးရှင့်၊ ဒီဝတ်စုံက ကျွန်မတို့ရဲ့ နွေရာသီအတွက် အသစ်ထွက်တဲ့ ဒီဇိုင်းပါ၊ ဒီ ဒီဇိုင်းက ရှင်နဲ့ တော်တော်လိုက်တာနော်”

ကျုံးချင်းယွီသည် ဝတ်စုံကို မျက်နှာတည်နှင့်ကြည့်ပြီးနောက်

“ဒီလို ‘ဖျော့တော့တဲ့ပန်း’ စတိုင်လေးတွေကို သဘောမကျဘူး၊ ဒီလောက်ပုံပျက်‌နေတဲ့စတိုင်တွေပဲရှိတာလား၊ မင်းက တကယ့်အရောင်းဝန်ထမ်းရောဟုတ်ရဲ့လား၊ အရည်အချင်းမရှိလိုက်တာ” ဟု ပြောလိုက်သည်။

ဝန်ထမ်းမှာ ဆွံအ,သွားပြီး စကားမပြောနိုင်ဖြစ်သွား‌တော့သည်။ ထိုအချိန်တွင် သူမနောက်သို့ လှည့်ကြည့်လိုက်စဉ် ယန်ရှီသည် အဝတ်လဲခန်းထဲမှ ထွက်လာသည်။

ကျုံးချင်းယွီ၏ မျက်လုံးများမှာ တောက်ပသွားသည်။

“ရှီရှီရေ၊ နင် ဒီဝတ်စုံနဲ့ တကယ်လှတယ်၊ ဝယ်လိုက်တော့ ငါငွေရှင်းလိုက်ပြီ”

ဝန်ထမ်းမှာ ယန်ရှီဝတ်ထားသော အဖြူရောင်ဝတ်စုံကို ကြည့်လိုက်ပြီးနောက် မိမိလက်ထဲတွင် ကိုင်ထားသော ပုံစံတူအဝတ်ကိုလည်းကြည့်လိုက်သည်။

ဝန်ထမ်း: “…”

ထိုအဖြူဝတ်စုံမှာ ဈေးကြီးလှသည်။ သိန်းချီတန်သော်လည်း ကျုံးချင်းယွီသည် မစဉ်းစားဘဲ ဘလတ်ကတ်ကိုထုတ်ကာ ငွေပေးချေဖို့ပြင်လိုက်သည်။

ဝန်ထမ်းလေး၏ စိတ်ညစ်မှုမှာ ချက်ခြင်းပျောက်သွားသည်။ သူမသည် ဝမ်းသာနေသော မျက်နှာနှင့် ကတ်ကိုယူကာ ငွေပေးချေသည့် နေရာသို့သွားတော့သည်။

မစ္စကျုံးက စကားအပြောမတတ်လည်း ဘာဖြစ်လဲ။ ဝန်ထမ်းကို အဲလိုဆက်ဆံလို့ ဘယ်သူက ဘာပြောမှာလဲ။ သူမက ငွေကို ရေလို သုံးနိုင်သရွေ့ ဘုရင်မပဲ။

ယန်ရှီ နည်းနည်းလေး ပြန်တွေးကြည့်နေသည်။ ကျုံးချင်းယွီသည် မိမိအတွက်ပဲ ဝယ်ပေးနေကာ သူ့အတွက် မဝယ်တော့ဘူးလား ဟုစဉ်းစားနေမိသည်။

“ဒါနဲ့နင့်အတွက်မဝယ်တော့ဘူးလား ငါနဲ့ ဒီဝတ်စုံလေးကအရမ်းကို…”

**Ding!**

[ယန်ရှီရေ..မင်းရဲ့အချစ်ဆုံးသူငယ်ချင်း ကျုံးချင်းယွီဆီကနေ လက်ဆောင်တစ်ခုရရှိခဲ့တဲ့ အတွက် ကျုံးချင်းယွီရဲ့ ကံကောင်းမှုတန်ဖိုး ၀.၁ မှတ် တိုးလာတယ်၊ လက်ရှိတန်ဖိုး: ၁.၁ မှတ်]

ယန်ရှီ: “!!”

ယန်ရှီ အံ့ဩသွားသည်။

**ဒီလိုအရာတွေရရင်လည်း .. ကံကောင်းမှုတန်ဖိုး တက်သွားနိုင်တာလား**

System တောင်အံ့အားသင့်သွားပြီး နားလည်ဖို့တော်တော်အချိန်ယူလိုက်ရသည်။

【host၊ မင်းနဲ့ ကျုံးချင်းယွီက တစ်ဖွဲ့တည်းဆိုတော့ သူမဒုက္ခရောက်လို့ မင်းကကူညီလိုက်ရင် သူမရဲ့ကံကောင်းမှုတိုးလာတာဖြစ်နိုင်တယ်၊ မင်းပိုပြီး ကူညီရင် သူမရဲ့ကံကောင်းမှုလည်းပိုတိုးလာမယ်ထင်တယ်】

ထိုရှင်းပြချက်မှာ အဓိပ္ပါယ်ရှိသည်။ အဓိကအချက်သည် ဤကံကောင်းမှုတိုးလာတာဟာ ဝတ္ထုဇာတ်ကြောင်းနှင့် မသက်ဆိုင်ဘဲ ထပ်ဆောင်းရလာဒ်တစ်ခုသာဖြစ်သည်။

0.1 ပဲဖြစ်ဖြစ်၊ ခြင်ခြေထောက်တစ်ချောင်းစာလေးပဲဆိုရင်တောင် ကြိုးစားကြည့်ရမယ်!

ဝန်ထမ်းအမျိုးသမီးသည် ကျုံးချင်းယွီ မဝယ်တော့မှာစိုးရိမ်ကာ ပစ္စည်းကိုအမြန်ထုပ်ပိုးလိုက်သည်။ ယန်ရှီလည်း ငြင်းမနေတော့ဘဲ လက်ခံလိုက်သည်။ နောက်ဆုံးတွင် ဒီလို ကံကောင်းမှုမျိုးကို ဘယ်သူက ငြင်းဦးနိုင်မှာတဲ့လဲ။

ငွေပေးပြီးသည့်နောက် ကျုံးချင်းယွီသည် ယန်ရှီကို တခြားဆိုင်တစ်ဆိုင်သို့ ခေါ်သွားလိုက်သည်။

လမ်းတွင် ယန်ရှီသည် ဝတ္ထုထဲရှိ ဇာတ်ကြောင်းအား ထပ်မြင်လိုက်သည်။

“အတူတူ ခရီးသွားကြစို့” ဆိုသည့် ရသစုံရှိုးထဲတွင် ပါဝင်မှုမှာ ဝတ္ထု၏

အဓိကဇာတ်ကြောင်းဖြစ်သည်။ ဝတ္ထုထဲတွင် ကျုံးချင်းယွီသည် သူမ၏ “အကောင်းဆုံးသူငယ်ချင်း” ရှုယန်ယန်ကို ရသစုံ ရှိုးတွင် ပါခိုင်းခဲ့သည်။ 1 million ပေးကာ ခရီးအတွက် အစီအစဉ်လည်းလုပ်ခိုင်းသေးသည်။ မမျှော်လင့်ထားသည်မှာ ရှုယန်ယန်သည် ထိုပိုက်ဆံများကို ခိုးယူလိုက်ပြီး ကျုံးချင်းယွီအာ ခရီးစရိတ်ခြွေတာ ခိုင်းလိုက်သည်။ ထို့နောက် ကျုံးချင်းယွီ၏ ခန်းမှန်းမရသော စိတ်အခြေအနေသည် ခရီးတစ်လျှောက်လုံး ရှူယန်ယန်အား ဆဲဆိုနေခဲ့ပြီး သူတို့၏ “ပလက်စတစ်ကဲ့သို့ ညီအစ်မဆက်ဆံရေး” မှာ အင်တာနက်သုံးသူများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

နောက်ပိုင်းတွင် ကျုံးမိသားစုတစ်ခုလုံးမှာ နာမည်ပျက်သွားပြီးနောက် ကျုံးချင်းယွီသည် ရှုယန်ယန်၏ အကူအညီတစ်ခုလေးတောင် မရခဲ့ဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ရသည့် အခြေအနေထိ ဖြစ်သွားလေသည်။

“ရှီရှီ၊ အဲဒီအနီရောင်လက်ကိုင်အိတ်က နင်နဲ့အတော်ကိုလိုက်တယ်နော်၊ လာကိုင်ကြည့်ပါဦး”

သူမတွေးနေစဉ်မှာပင် ယန်ရှီကို ကျုံးချင်းယွီမှာ

နောက်ထပ်ဆိုင်တစ်ခုထဲသို့ ခေါ်ဆောင်သွားပြန်သည်။

ကျုံးချင်းယွီသည် လက်ကိုင်အိတ်အမျိုးမျိုးကို ယန်ရှီအား စမ်းကိုင်ကြည့်ခိုင်းပြီး နှိုင်းယှဉ်ကြည့်နေသည်။ ထိုအချိန်အတွင်းမှာပဲ ယန်ရှီ အတွေးတခု‌ ပေါ်လာသည်။အိတ်များ စမ်းကိုင်ကြည့်‌နေချိန်တွင်မူ သူမ စိတ်ဝင်စားမှုမရှိဟန် ပြထားခဲ့သည်။

ကျုံးချင်းယွီသည် အာရုံစိုက်ကာ မေးလိုက်သည်။

“ဘာဖြစ်တာလဲ၊ သူ့အကြောင်းတွေးနေပြန်တာလား၊ မစဉ်းစားနဲ့ သူနဲ့မတန်ဘူး”

ယန်ရှီက စိုးရိမ်မှုနှင့်ပြောသွားသည်။

“ချင်းချင်း၊ နင်ကငါ့ကို စိတ်ချမ်းသာစေတာပဲ ဒါပေမယ့် မနက်ဖြန် နင်သွားရင် ငါတစ်ယောက်တည်း ကျန်ခဲ့ပြီး ဘာလုပ်ရမှာလဲ”

သူမပြောတဲ့အချိန်တွင် မျက်လုံးများသည် အကူအညီလိုအပ်နေသကဲ့သို့ သနားဖွယ်ဖြစ်နေသည်။

ကျုံးချင်းယွီသည် တစ်မိနစ်လောက် ဆွံအ,သွားပြီး သူမ တက်ရောက်ရမည့် ရှိုးပွဲအကြောင်း စဉ်းစားလျက် အနည်းငယ်ရှုပ်ထွေးသွားသည်။

“အဲဒီပွဲက ငါ့အတွက် အရေးကြီးတယ်၊ ဒုတိယသခင်လေးပေကလည်း အဲဒီမှာရှိနေမှာ... ငါ့ကဒ်ကို နင့်ကိုပေးလိုက်မယ်၊ စိတ်ညစ်တဲ့အခါ ဝယ်ချင်တာဝယ်လိုက်၊ အကန့်အသတ်မရှိဘူး ကြိုက်တာသာဝယ်”

ယန်ရှီစိတ်ပျက်သွားသည်။ system ပြောတာ မှန်သည်။ကျုံးချင်းယွီသည် သူမအပေါ်စိုးရိမ်မှုရှိသော်လည်း အဓိကဇာတ်ကြောင်းကိုတော့ လွယ်လွယ်နှင့် မပြောင်းလဲနိုင်ပေ။

သို့သော်လည်း ယန်ရှီမှာ ဤအဖြေကို ခန့်မှန်းထားပြီးသားဖြစ်သည်။ ထိုကြောင့် သူမအသံတိုးတိုးနှင့်ပြောလိုက်သည်။

“ကဒ်တော့ မလိုပါဘူး၊ နင်နဲ့ ဒုတိယသခင်လေးပေတို့ရဲ့ ခရီးကိုမပျက်စေချင်ပါဘူး၊ ဒါပေမယ့် နင့်ရဲ့ရှိုးမှာ သူငယ်ချင်းတစ်ယောက်ခေါ်လို့ရတယ်လို့ ကြားတာပဲ ငါ့ကိုခေါ်လို့ရလား ဟင်၊ နိုင်ငံခြားကို ခရီးသွားလိုက်ရရင်တော့ ငါပိုစိတ်အေးသွားမယ်ထင်တယ်၊ နင်ရောဘယ်လိုထင်လဲ”

ယန်ရှီသည် ရှုယန်ယန်အား အစားထိုးလိုက်သောအခါ ဇာတ်ကြောင်းမပျက်နိုင်မလား မသိသော်လည်း စမ်းကြည့်သင့်သည်ဟု ယူဆခဲ့သည်။

သူမ စိတ်လှုပ်ရှားလျက် ကျုံးချင်းယွီကိုကြည့်နေခဲ့သည်။ သူမ လိုက်ခွင့်မပြုမှာကိုလည်း စိုးရိမ်နေသည်။

စိတ်လှုပ်ရှားဖွယ်ကောင်းစွာ ကျုံးချင်းယွီ၏ မျက်လုံးများမှာ တောက်ပလာသည်။

“ရှီရှီ နင်လိုက်ချင်တာလား အရမ်းကောင်းတာပဲ၊ ငါအစကတည်းက နင့်ကို ဖိတ်ချင်ခဲ့တာ ဒါပေမယ့် နင်က စာသင်နေတာဆိုတော့ မလိုက်လောက်ဘူးထင်လို့”

“အတူသွားကြစို့” ဆိုသည့် ရသစုံရှိုးဟာ မိတ်ဆွေ၊ မိသားစု၊ စုံတွဲများအား ဖိတ်ခေါ်ပြီး ခရီးသွားသည့် အစီအစဥ်တစ်ခု ဖြစ်သည်။ ကျုံးချင်းယွီသည် အစကတည်းက ယန်ရှီကိုဖိတ်ချင်ခဲ့သော်လည်း သူမသည် အနုပညာလောက က မဟုတ်သောကြောင့် မဖိတ်သင့်ဘူးဟု ထင်ခဲ့သည်။

ယန်ရှီ ထပ်မံမေးလိုက်သည်။

“ရှိုးက မနက်ဖြန်စမှာမလား၊ ရှုယန်ယန်ကော ပါမှာဆို အဆင်ပြေရဲ့လား”

ကျုံးချင်းယွီသည် လက်ကို ဝေ့ရမ်းကာ ပြောလိုက်သည်။

“ရှုယန်ယန်က ငါတို့ကုမ္ပဏီက အနုပညာရှင်တစ်ဦးပါ ကြောက်စရာဘာမှမရှိဘူး၊ နောက်မှ အခြား လက်ဆောင်တစ်ခု ပေးလိုက်ရင်ရတာပဲ”

ယန်ရှီက စိတ်အေးစွာ အသက်ရှုချလိုက်သည်။

ပေယွဲ့ပိုင်နှင့် ရဲ့လော့ယီ တို့၏ ဇာတ်ကြောင်းများသာ မဟုတ်ခဲ့လျှင် အခြားဇာတ်ကြောင်းများအား ပြောင်လဲရန် ဒီလောက်ခက်လိမ့်မည်မထင်။

ကျုံးချင်းယွီသည် ယန်ရှီ၏ လက်ကို ဆွဲလြိပ်ပြီးနောက်

“မနက်ဖြန် ရှိုးသွားမှာဆိုတော့ ဒီနေ့ အ၀တ်အစား‌တွေ၊ အိတ်တွေ အများကြီးဝယ်ရအောင် လာ လာ ”

All Chapters