Chapter 22
Vol. 3 Ch. 22
[ ဒီပုံက ကျုံချင်းယွီငယ်ငယ်တုန်းက ဓာတ်ပုံလား ၊ သူက ငယ်ငယ်ကတည်းက အလှလေးပဲ ]
[ ဖျော်ဖြေရေးနယ်ပယ်မှာ ထူးခြားတဲ့အလှတရားတွေ ရှိတယ်ဆိုတာ ချဲ့ကားပြီးပြောတာ မဟုတ်ဘူးပဲ]
[ တစ်မိသားစုလုံးက အချောအလှလေးတွေချည်းပဲ၊ သူ့ရဲ့ အစ်ကိုကလဲ အတော်လေးကို ချောတာ]
[ ဒါနဲ့လေ ကျုံပါးပါးကိုကြည့်ရတာ ရင်းနှီးနေတယ်လို့ မခံစားရဘူးလား ငါတော့ သူ့ကို တစ်နေရာရာမှာ မြင်ဖူးတယ်လို့ ခံစားနေရတာ ]
[ ငါ ဟိုတစ်လောက စီးပွားရေးဆိုင်ရာ မဂ္ဂဇင်းတစ်ခုကို လှန်ကြည့်လိုက်သေးတယ် ၊ မဂ္ဂဇင်း မျက်နှာဖုံးက ဒီနှစ်ရဲ့ဟိုင်မြို့မှာ အချမ်းသာဆုံးသူဌေး ကျုံဟုန်ရှန့်တဲ့ ]
[???]
ကျုံချင်းယွီ၏ မိသားစုဓာတ်ပုံ အွန်လိုင်းပေါ်တွင် ပျံနှံ့သွားခဲ့သောအခါ ရေတပ်အကောင့်များသည် ကျုံဟုန်ရှန်း၏ စီးပွားရေးဆိုင်ရာ မဂ္ဂဇင်းမျက်နှာဖုံးနှင့်ယှဉ်တွဲကာ တင်လာကြတော့၏။
မျက်ခုံး၊ နှာခေါင်း၊ နှုတ်ခမ်းများကပင် အလွန်တူညီနေသည်မှာဆန်းကြယ်လွန်းလှသည်။ သူတို့က သားအဖများ ဖြစ်သည်ကို မည်သူမှ ငြင်းဆိုနိုင်မည် မဟုတ်ပေ။
[ ကျုံချင်းယွီရဲ့မိသားစုက ဒီလောက်ထိတောင် ချမ်းသာကြတာလား ]
[ တစ်ချို့လူတွေကတော့ သူ(ကျုံချင်းယွီ) ချမ်းသာတာက ချမ်းသာတဲ့ အိမ်ထောင်ဖက်ကြောင့် လို့ လှောင်ပြောင်နေကြတာ ၊ တကယ်တမ်းကြတော့ သူအဖေကိုယ်တိုင်ကိုက “sugar daddy” ဖြစ်နေတာပဲ ]
[ ငါကတော့ သူတို့ရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ စပျစ်ခြံကြီးကို မြင်ပြီးကတည်းက ကျုံချင်းယွီတို့ မိသားစုက အရမ်းချမ်းသာမယ်ဆိုတာ ထင်ပြီးသား ၊ ဒါမယ့်လဲ ဒီလောက်ထိ ချမ်းသာမယ်လို့တော့ မထင်ထားဘူး…]
[ ဒီလောက် ချမ်းသာတဲ့ အမွေဆက်ခံသူက အနုပညာလောကထဲကို ဝင်ရောက်စွန့်စားနေတာပဲ ၊ ဒါပေမယ့်လဲ တကယ်လို့ သူ မအောင်မြင်ရင်တောင် သူ့မိသားစုဆီ ပြန်ပြီး အမွေဆက်ခံလို့ရတာပဲလေ~]
များပြားလှသော ခေါင်းစဉ်များသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေ၏။ ထို့အပြင် အကြောင်းအရာများအားလုံးမှာ ကျူံချင်းယွီ၏ မိသားစု နောက်ခံ အကြောင်းများပင် ဖြစ်ကြသည်။
ကျုံစီးပွားရေး လုပ်ငန်းစု၏ PR အဖွဲ့သည် ပျံ့နှံ့နေသော သတင်းများကို ထိန်းချုပ်ရန် လုပ်ကြတော့၏။
မည်သို့ပင် ဖြစ်စေကာမူ ကျုံချင်းယွီက ချမ်းသာသည့်အမွေဆက်ဆံသူ ဟူသော သတင်းမှာ ပျံ့နှံ့ပြီး၍ ရှင်းရှင်းလင်းလင်း သိကြပြီး ဖြစ်ပေသည်။
စပျင်ဝိုင်ဂိုထောင်တွင်မူ အိမ်တော်ထိန်းအိုကြီးသည် ဧည့်သည်များအား ဝိုင်အမျိုးအစားအမျိုးမျိုးကို အရသာမြည်းစမ်းကြည့်နိုင်ရန်အတွက် ဧည့်ခံပေးနေ၏။
ထိုအချိန်၌ systemသည် ယန်ရှီအား တိတ်တိတ်လေး သတင်းပို့လာသည်။
( Host ရေ မင်း စပျစ်ဂိုထောင်ထဲမှာ ကျုံမိသားစုရဲ့ ဓာတ်ပုံကို ချိတ်လိုက်တာ မှန်သွားပြီ ၊ အခုတော့ ကျုံချင်းယွီက ငွေအတွက်ကြောင့် လက်ထပ်တယ်ဆိုတဲ့ သတင်းတုတွေကို ဖြေရှင်းနိုင်ခဲ့ပြီ )
“ကျုံချင်းယွီကပိုက်ဆံကြောင့် လက်ထပ်လိုက်တယ်” ဟူသော သတင်းအတုများမှာ hater များဆီမှ ထွက်ရှိလာသော အခြေအမြစ်မရှိသည့် သတင်းများပင် ဖြစ်လေ၏။ ထိုသတင်းများက ကျုံချင်းယွီကို မထိခိုက်စေသော်လည်း ယန်ရှီသည် လူအများ၏ လှောင်ပြောင်သရော်မှုနှင့် မကောင်းမြင်မှုများကို ကာကွယ်ရန်အတွက် လုပ်ဆောင်ခဲ့ခြင်းပင်။
မိသားစုဓာတ်ပုံ ချိတ်လိုက်တာက အကောင်းဆုံး ဖြေရှင်းနည်းပဲလေ ဟုတ်တယ်မလား။
System: အခု ကျန်နေတဲ့ ဝေဖန်မှုတွေကတော့ ကျုံချင်းယွီက သူ့ရဲ့ ဇာတ်ကောင်ပုံရိပ်ကို ပျက်ဆီးစေခဲ့သူတဲ့… ပြီးတော့ မိသားစုဂုဏ်သိက္ခာကိုလဲ ဖျက်စီးမဲ့သူလို့ ပြောနေကြတာ ၊ ဒါမယ့်လဲ အဲ့ဒါတွေက သူ့ကို မုန်းတဲ့သူတွေဆီက ထွက်လာတဲ့ စကားတွေပါပဲ။ တစ်ချို့လူတွေကတော့ အရင်နေ့က ပေးခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေအတွက် ကျေးဇူးတင်နေကြတာ ပြီးတော့ ကျုံချင်းယွီအပေါ်လဲ အကောင်းမြင်လာကြပြီ။
ယန်ရှီသည် ထိုကိစ္စအတွက် စဉ်းစားမရ ဖြစ်နေခဲ့၏။ ကျုံချင်းယွီ၏ သရုပ်ဆောင်အရည်အချင်းသည် သာမန်မျှပင် ဖြစ်သည်မှာ ငြင်း၍မရပေ။
သရုပ်ဆောင်အရည်အချင်းမှာ မွေးရာပါ အရည်အချင်းတစ်ခုဖြစ်သည့်အပြင် ရဲ့လော့ယီသည် သူမကိုယ်တိုင်ပင် ကျုံချင်းယွီနှင့် မည်သည့်ကိစ္စမှ မရှိကြောင်း ရှင်းပြခဲ့ပြီး ဖြစ်၏။ ၎င်းကို မည်သည့်အတွက်ကြောင့် ကျုံချင်းယွီအား မိသားစု၏ ဂုဏ်သိက္ခာဖျက်ဆီးသူ ဟု ဆက်၍ ပြောနေကြရသနည်း။
( ပရိတ်သတ်တွေက သူတို့ရဲ့ အကြိုက်ဆုံးအတွဲကပဲ တကယ့်အတွဲလို့ ယုံကြည်ထားတာ ၊ ပြီးတော့ ရဲ့လော့ယီက သူမရဲ့အလုပ်က အဓိက ဖြစ်တာမလို့ ပရိတ်သတ်တွေကို သူတို့ ဆက်ဆံရေးအကြောင်း မရှင်းပြတာလို့ ထင်နေကြတာ )
( ဝတ္ထုထဲက ဇာတ်ကွက်အရ ရဲ့လော့ယီ နဲ့ ပေယွဲ့ပိုင်တို့က သူတို့ဆက်ဆံရေးကို မကြာခင်မှာ ကြေညာတော့မှာ ၊ အဲ့အချိန်ကျရင် ကျုံချင်းယွီရဲ့ “တတိယလူ” ဆိုတဲ့ နာမည်ဆိုးကို ရှင်းပစ်ဖို့ မလွယ်လောက်တော့ဘူး)
ယန်ရှီသည် ကျုံချင်းယွီနှင့် ပေယွဲ့ပိုင် စေ့စပ်ထားကြောင်းကို လူအများဆီသို့ ကြေညာလိုက်ခြင်းကပင် ထင်ယောင်ထင်မှားဖြစ်နေသော ပရိတ်သတ်များအား တားဆီးနိုင်မည် ဟု ထင်ပေ၏။
သို့သော် ကျုံချင်းယွီအတွက် စေ့စပ်သည့်ကိစ္စအား ကြေညာရန်မှာ အရင်ဆုံး ပေယွဲ့ပိုင်၏ စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်မှုမှ ရုန်းထွက်လွတ်မြောက်နိုင်ရန် လိုအပ်ပေသည်။ ထို့အပြင် အနည်းဆုံး ကံကောင်းခြင်းအမှတ် 60မှတ်လောက်ထိ ရောက်ရန်လည်း လိုသေး၏။
လီမြို့အား ရောက်ရှိသော အချိန်မှစ၍ ကံကောင်းခြင်းအမှတ်တိုးခဲ့သည်မှာ ကျုံချင်းယွီမှ ယန်ရှီအား ဈေးဝယ်စင်တာတွင် အိတ်တစ်လုံးဝယ်ပေးခဲ့ခြင်းကြောင့်ပင်။ ထိုအချိန်ကတည်းက ကျုံချင်းယွီ၏ ကံကောင်းခြင်းအမှတ်သည် ၁၀ ၌ ရပ်တန့်နေခဲ့ပြီး ယခုအချိန်ထိ တိုးတက်လာခြင်း မရှိခဲ့ပေ။
System သည် ယန်ရှီ၏ စိတ်ပူပန်မှုကို သိရှိသွားပြီးနောက် သူမစိတ်ထဲ၌ တောက်ပနေသော အလုံးလေးတစ်ခု ပေါ်လာလေ၏။
( Host ရေ မင်း စိတ်မပူပါနဲ့၊ အခုအချိန်မှာ ဝတ္ထုထဲက ဇာတ်ကြောင်းတွေနဲ့က ကွဲပြားခြားနားနေပြီ၊ ဒါကြောင့်မလို့ system က လက်ရှိအကြောင်းအရာတွေကို အတည်မပြုရသေးပါဘူး ၊ ခန့်မှန်းကြည့်ရသလောက်တော့ ပြင်သစ်ခရီးစဉ်အပြီးလောက်မှာ ကျုံချင်းယွီကို ကံကောင်းခြင်း အမှတ်တွေ ချီးမြှင့်လိမ့်မယ် )
ထိုစကားကို ကြားလိုက်မှပင် ယန်ရှီသည် စိတ်သက်သာရာ ရသွားကာ သူမ၏ မျက်လုံးထဲတွင်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေတော့၏။
အဲ့တာက ဘယ်လောက်လောက်များ ဖြစ်မလဲ။
ကျုံချင်းယွီသည် အင်ဝာာနက်သုံးစွဲသူများ၏ အမုန်းများကို မခံရသေးသည့်အပြင် ယန်ရှီနှင့် သူငယ်ချင်းဆက်ဆံရေးမှာလည်း ပြဒါးတစ်လမ်း သံတစ်လမ်း မဖြစ်သေးပေ။
အဲ့တော့ အနည်ဆုံး 2မှတ်လောက်တော့ ရမယ်မလား။
System ၏ အလင်းလုံးလေးသည် တက်ကြွမှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။
“အဲ့တာက သေချာပေါက်ရမှာပါ”
ညနေ 6နာရီခွဲ အချိန်၌ ဧည့်သည်များသည် ဝိုင်သိုလှောင်ခန်းထဲမှ ထွက်လာကြလေ၏။
ပြင်သစ်နိုင်ငံ၌ နေဝင်ချိန်သည် နောက်ကျသောကြောင့် ကောင်းကင်ကြီးမှာ လင်းထိန်နေသေးပြီး ကြီးမားသော တိမ်တိုက်များက အပြာရောင် မိုးကုတ်စက်ဝိုင်းကို ဖြတ်ကာ ပျင်းရိစွာဖြင့် ရွေ့လျားနေ၏။
ကျုံချင်းယွီသည် သူမ၏ ဖုန်းမှာ ပိတ်နေသည်အား သတိမပြုမိခဲ့ချေ။ သူမသည် ဖုန်းအမြဲ သုံးနေသူ မဟုတ်သောကြောင့် ၎င်းကို သတိမထားမိခဲ့ချေ။
ထိုအချိန်၌ သူမသည် ဤစပျစ်ခြံအား စူးစမ်းလည်ပတ်ရသည်မှာ လုံလောက်ပြီ ဟု ခံစားရကာ နောက်တစ်နေရာသို့ လည်ပတ်ရန် ယန်ရှီ နှင့် လူးဝစ်အား ဖုန်းခေါ်လိုက်လေသည်။
ကျန်းတုံသည် ကျုံချင်းယွီနောက်မှ တိတ်တဆိတ် ကပ်လိုက်လာ၍ အကြောင်းအရာတစ်ခုခုအား ပြောချင်သော်လည်း သင့်လျော်သည့်အချိန်ကို ရှာမတွေ့ခဲ့ပေ။
ရဲ့လော့ယီနှင့် တစ်ခြားသူများ ထွက်သွားပြီးကတည်းကပင် သူ ထိုသို့ဖြစ်နေခဲ့ပြီး ယခုထိပင် တုန့်ဆိုင်းနေခဲ့၏။
အစောပိုင်း၌ သူသည် * The Bottom Line” ရုပ်ရှင်အား ရိုက်ကူးရန်အတွက် ဤစပျစ်ခြံအား ရဲ့လော့ယီဆီမှ အောင်မြင်စွာ ငှားခဲ့ပြီးလေပြီ။
သို့သော်လည်း ယခုအခါမှ အမှန်တကယ် ဤစပျစ်ခြံပိုင်ရှင်မှာ ကျုံချင်းယွီ ဖြစ်ကြောင်း သိရ၏။ ထို့ကြောင့်ပင် ရဲ့လော့ယီနှင့် ပြောခဲ့သော ကတိစကားမှာ အဓိပ္ပာယ်မဲ့သွားတော့သည်။
ကျန်းတုံသည် တုံ့ဆိုင်းနေခဲ့ခြင်းမှာ ကျုံချင်းယွီ၏ စိတ်သဘောထားအား ခန့်မှန်းမိ၍ပင်။ သူ ကျုံချင်းယွီအား တောင်းဆိုလိုက်လျှင် သူမသည် ငြင်းပယ်မည်မှာ မလွဲမသွေပင်ဖြစ်၏။
ဘယ်တောင်တောင် နှမြောစရာကောင်းလိုက်သလဲ၊ ဒီ စပျစ်ဝိုင်ခြံက ရိုက်ကူးရေးအတွက် အကောင်းဆုံးနေရာတစ်ခုပဲ။
တရားဝင်လမ်းကြောင်းမှ ဤနေရာအား ငှားမည်ဆိုလျှင်လည်း ယွမ်သောင်းချီကုန်ကျမည်ဖြစ်ပြီး သူ၏ ငွေကြေးအခြေအနေမှာ ကြပ်တည်းနေပေသည်။ သူ့တွင် ထိုအရာအတွက် အားစိုက်ဖို့ပင် အင်အားမရှိတော့ချေ။
စပျစ်ခြံ၏ ဂိတ်တံခါးများအား ကျယ်အောင် ဖွင့်ထားပြီး ရဲတိုက်ကြီးနှင့်ဝင်ပေါက်မှာ အကွာအဝေးတစ်ခုရှိနေလေ၏။
လူးဝစ်သည် ဒရိုက်ဘာအား limousine ကိုယူ၍ စပျစ်ခြံထဲသို့ လာကြိုရန် ဆက်သွယ်လိုက်သည်။
လူးဝစ်က ကားတံခါးကို ဖွင့်ပေးလိုက်သောအခါ ကျုံချင်းယွီသည် ကားပေါ်သို့တက်ရန် ပြင်လိုက်၏။ ထိုအခါ ကျန်းတုံသည် နောက်ဆုံး၌ သူမကို စကားပြော၍ ငှားရမ်းမည့် ကိစ္စအား ဆွေးနွေးရန် အရဲစွန့်ကာ ပြောလိုက်လေသည်။
“ကျုံချင်းယွီ၊ ကျွန်တော် ဒီခြံကို ၃ရက်ထဲပဲ သုံးမှာပါ မင်းရဲ့ဝိုင်ခြံကို မထိခိုက်စေရဘူးလို့ ကတိပေးပါတယ်။ မင်းရဲ့ခြံက နောက် ၃ရက် ကြာရင်လဲ အခုအတိုင်းပဲ ဖြစ်နေစေရမယ်လို့ ကျွန်တော် အာမခံပါတယ်”
“ ကောင်းပြီလေ အချိန်ကျရင် ဘရူစ့်ကို ဆက်သွယ်လိုက်” ဟု ကျုံချင်းယွီမှ မထင်မှတ်သော အဖြေအား ပေးလာသည်။
ထိုအခါ ကျန်းတုံမှာ အံ့ဩမှင်သက်၍ သူနားကြားမှားနေသည်ဟုပင် ထင်လိုက်၏။
အချိန်အနည်းငယ် မှင်သက်သွားပြီးနောက် သူ၏ မျက်လုံးများသည် မီးအိမ်များကဲ့သို့ တောက်ပလာကာ ကျုံချင်းယွီနားသို့ လျင်မြင်စွာ ပြေးကပ်လိုက်လေသည်။
“ကျုံချင်းယွီ ဒါက သဘောတူလိုက်တာလား၊ ကျွန်တော်က မင်းကို အဲ့လောက် ရက်ရောလိမ့်မယ်လို့ တကယ်မထင်ထားခဲ့ဘူး ”
ကျုံချင်းယွီသည် ကျန်းတုံအား အဝေးသို့ တွန်းထုတ်လိုက်၏။
“နောက်ပြန်ဆုတ် ကျွန်မတို့ အဲ့လောက်မရင်းနှီးဘူး! ခြံငှားခက ဒေါ်လာထောင်ဂဏန်းလောက်ပဲမလား အဲ့တာက ကျွန်မအတွက် မုန့်ဖိုးလောက်လေးပဲ၊ ရှင့်ကိုသာတောင်းလိုက်ရင် ကျွန်မက သဘောထားသေးသလိုဖြစ်သွားမှာပေါ့”
“ဒေါ်လာထောင်ဂဏန်းက သေးမွှားတဲ့ ပမာဏမှမဟုတ်တာ” ဟု ကျန်းတုံမှ ပြုံး၍ပြောလိုက်လေသည်။
“ဟုတ်ပါတယ် မင်းက တစ်မီလီယမ်ကိုတောင် မျက်တောင်မခတ်ဘဲ လှူနိုင်ခဲ့တာပဲ ဟေး ကျုံချင်းယွီ မင်းဒီလောက် အရမ်းချမ်းသာနေတာ ကျွန်တော်ရဲ့ တီဗီ ဇာတ်လမ်းတွဲမှာ ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ စိတ်မဝင်စားဘူးလား။ အခုထုတ်လွှင့်မယ့် ဇာတ်လမ်းတွဲက အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာစေရမယ်လို့ ကျွန်တော်ကတိပေးတယ်”
ယခုအချိန်၌ သူသည် ကျုံချင်းယွီ၏ ငွေကြေးအခြေအနေအား နားလည်သဘောပေါက်သွားသောကြောင့် ချက်ချင်းပင် ကမ်းလှမ်းရန် ဆုံးဖြတ်ခဲ့၏။
သူသည် သူမတွင် ရှိသော အရင်းအနှီးများဖြင့် မြုပ်နှံမည်ဟု ထင်ကာ တိုက်ရိုက် ကမ်းလှမ်းလိုက်ခြင်းပင်။
“ ငွေဘယ်လောက်လိုတာလဲ” ကျုံချင်းယွီသည် သူ့အားစိုက်ကြည့်၍ မေးလာသည်။
“အများကြီးမဟုတ်ပါဘူး 30မီလီယမ်ထဲပါ” ဟု ကျန်းတုံက လက်သုံးချောင်းထောင်ကာ ပြန်ဖြေလိုက်၏။
“အိမ်မက် ဆက်မက်နေလိုက်” ဟု ကျုံချင်းယွီမှ ခနဲ့စွာဖြင့် ပြောလိုက်လေသည်။
ကျန်းတုံသည် သူ၏ ထောင်ထားသော လက်ချောင်းများအား ချကာပြောလိုက်၏။
“ကျုံချင်းယွီ ဒီ 30မီလီယမ်က မင်းအတွက် ဘာမှမပြောပလောက်ပါဘူး ဟုတ်တယ်မလား၊ အဲ့လောက် မတွန့်တိုပါနဲ့”
အမှန်ပင် 30မီလီယမ်မှာ ကျုံချင်းယွီအတွက် မပြောပလောက်သော်လည်း သူမသည် သူမ၏ ပိုက်ဆံများအား ပေယွဲ့ပိုင်အတွက်သာ သီးသန့်ထားခြင်း ဖြစ်ပေသည်။
ဥပမာအနေဖြင့် ပြောရမည်ဆိုလျှင် သူမ “အတူခရီးသွားကြစို့” အစီအစဉ်တွင် ၃၀ မီလီယံ ရင်းနှီးမြုပ်နှံခဲ့သည်မှာ ပေယွဲ့ပိုင်နှင့် အတူတူ ခရီးသွားရရန်ဖြစ်သည်။
ရဲ့လော့ယီသည် နောက်ဆုံး၌ အကျိုးအမြတ်အား ခံစားရသော်လည်း သူမ တကယ်တမ်း ရင်းနှီးမြုပ်နှံခဲ့သည်မှာ ပေယွဲ့ပိုင်အတွက်ပင်။
ကျုံချင်းယွီသည် ယခင်ကတည်းကပင် ရင်းနှီးမြုပ်နှံမှုများအား ပြုလုပ်ခဲ့၏။ ထိုသို့ပြုလုပ်ရခြင်းမှာ ပေယွဲ့ပိုင်အား ပေမိသားစုထဲ၌ ခိုင်မာသော နေရာတစ်ခု ရရှိစေရန်ပင် ဖြစ်သည်။
သူမတွင် ပိုက်ဆံအများအပြား ရှိနေပါသေး၏။ ထို့အပြင် ပိုင်ဆိုင်မှုများစွာနှင့် ပုံမှန်ဝင်ငွေများလည်း ရှိနေပြန်သည်။ သို့သော် သူမသည် ထိုငွေအားလုံးအား ပေယွဲ့ပိုင်ကို ကူညီရန်အတွက်သာ ထားလေ၏။
ငွေပမာဏ ၃၀မီလီယမ်သည် နည်းသော အရေအတွက် မဟုတ်ချေ။
အကယ်၍ သူမ ယခု ကျန်းတုံကို ကူညီလိုက်ပါက ပေယွဲ့ပိုင်အား ကူညီပေးနိုင်တော့မည်မဟုတ်ပေ။
သူမ၏ နှလုံးသားထဲတွင် ပေယွဲ့ပိုင်အား ဦးစားပေးမှုသည် ကျန်းတုံထက် အဆပေါင်းများစွာ သာလွန်ပေသည်။
ကျန်းတုံသည် အားမလျော့ဘဲ ဆက်လက် ညှိနှိုင်းလေ၏။
“ကျုံချင်းယွီ မင်းအခုထိ ကျွန်တော့် ဇာတ်ညွှန်းကို ဖတ်တောင် မဖတ်ကြည့်ရသေးဘူးလေ… တစ်ချက်ကြည့်ကြည့်လိုက်ပါဦး ဒီဇာတ်လမ်းက အလားအလာရှိမှန်းသိသွားမှာ ကျိန်းသေတယ်၊ ဒီဇာတ်လမ်းတွဲ ထုတ်လွှင့်ပြီးတာနဲ့ မင်းရင်းနှီးမြှုပ်နှံထားတာရဲ့ နှစ်ဆ ပြန်ရမယ်လို့ ကျွန်တော်အာမခံတယ်”
ယန်ရှီသည် ဝတ္ထုထဲ၌ *The Bottom Line* ဇာတ်လမ်းတွဲ၏ ကုန်ကျစရိတ်မှာ 20မီလီယမ်ဝန်းကျင်သာ ကုန်ကျသည်ကို သတိရသွား၏။
ချင်းလီက သရုပ်ဆောင်အဖြစ် ပါဝင်လာသော်လည်း ကျန်းတုံသည် ငွေအရင်းအနှီးများ ထပ်မံ မရခဲ့ပေ။
ထုတ်လုပ်ရေးအဖွဲ့သည် ချင်းလီမှလွဲ၍ တစ်ခြား နာမည်ကြီးသရုပ်ဆောင်များကို ခေါ်ယူခဲ့ခြင်းမရှိသည့်အပြင် ပါဝင်ခဲ့ကြသော သရုပ်ဆောင်အများစုမှာ တက်သစ်စလေးများပင် ဖြစ်ကြ၏။
သို့သော် ကျန်းတုံသည် ငွေကြေးအားလုံးအား ရင်းနှီးမြှုပ်နှံလိုက်ကာ 20မီလီယမ်ဖြင့်ပင် အောင်မြင်သော ဇာတ်လမ်းတွဲတစ်ခုဖြစ်အောင် ဖန်တီးခဲ့သည်။
အကယ်၍ ကျန်းတုံသည် “The Bottom Line” ဇာတ်လမ်းတွဲအား ရင်းနှီးမြုပ်နှံမှုငွေ အလုံအလောက်အပြင် အကောင်းဆုံးသရုပ်ဆောင်များဖြင့် ရိုက်ကူးပါက ပို၍ အောင်မြင်ကျော်ကြားလိမ့်ပေမည်။
နောက်ဆုံးမှာတော့ ကျုံချင်းယွီသည် ကျန်းတုံ၏ တောင်းဆိုချက်အား လက်မခံခဲ့ပေ။
ကျန်းတုံမှာ အနည်းငယ် စိတ်ပျက်သွားရသော်လည်း ယခုကဲ့သို့ အငြင်းခံရသည်မှာ အကြိမ်များစွာ ရှိပြီဖြစ်သောကြောင့် အသားကျနေလေပြီ။
သူသည် မျက်နှာအား လက်ဖြင့်ပွတ်ကာ ရှောင်ယွီ၏ ဘေး၌ သွားရပ်လိုက်ရာ ရှောင်ယွီက သူ၏ ကျောအား ညင်ညင်သာသာလေး ပွတ်ကာ နှစ်သိမ့်ပေးနေ၏။
ရင်းနှီးမြှုပ်နှံမှုဈေးကွက်ရှိ ဒါရိုက်တာများသည် ဉာဏ်အလွန်ကောင်းမွန်ပြီး စကားပြောချိုသာရန်အတွက်သာ အဓိကထားကြသူများဖြစ်ကြ၏။ သို့သော် ကျန်းတုံ၌ ထိုအရည်အချင်းများ မရှိပေ။
သူ၏ အရည်အချင်းအားလုံးသည် ရုပ်ရှင်ရိုက်ကူးရန်အတွက် စီမံညွှန်ကြားမှုတွင်သာ ရှိနေပြီး ရန်ပုံငွေကိစ္စနှင့် ပတ်သတ်သည့် နေရာ၌မူ မစီမံတက်တော့ချေ။
သူသည် မျိုးကောင်းသော မြင်းတစ်ကောင် ဖြစ်ပြီး၊ ပြိုင်ပွဲတွင် ပြိုင်ရန်အတွက် အချိန်ကောင်းအား စောင့်နေခြင်းပင်။
နောက်ဆုံး၌ ပေယွဲ့ပိုင်သည် ကျန်းတုံ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု၍ ထျန်းဟွေ့သို့ ခေါ်ဆောင်ကာ လက်ခံခဲ့၏။
ကျန်းတုံသည် များပြားလှသော အောင်မြင်ပေါက်မြောက်သည့် တီဗီဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်ကားများအား ကုမ္ပဏီအတွက် ထုတ်လုပ်ခဲ့လေ၏။ ထိုအချိန်တွင် ထျန်းဟွေ့သည် အောင်မြင်ကျော်ကြားသော ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်လာတော့သည်။
ယန်ရှီသည် ဇိမ်ခံကားပေါ်သို့ တက်သွားကာ ပြောလိုက်၏။
“ ဒါရိုက်တာကျန်းရဲ့ ဇာတ်ညွှန်းအသစ်က အတော်လေးကောင်းတယ်နော်”
ကျုံချင်းယွီသည် မိတ်ကပ်ပြင်နေရင်းပင် ယန်ရှီအား စကားပြန်ပြောလေသည်။
“Platformကအဲ့တာကိုကြည့်ပြီးတော့ အခွင့်အလမ်းရှိတယ်လို့ထင်တယ်လေ၊ ဒါပေမဲ့တခြားအထောက်အပံ့တွေမပေးဘဲ ၂၀မီလီယမ်ထဲပဲ သတ်မှတ်ထားတာ”
ယန်ရှီက ကားတံခါးကိုပိတ်၍ ထိုင်လိုက်ကာ လက်ထဲ၌ အရည်ရွှမ်းသော စပျစ်သီးများထည့်ထားသည့် ပန်းကန်လုံးအား ကိုင်ထား၏။
“ အဲ့ platform က ဒါရိုက်တာကျန်းရဲ့ ဇာတ်ညွှန်းကို မြင်ပြီးပြီမလား”
“ Platform တွေတင် မကဘူး”
ကျုံချင်းယွီသည် သူမ၏ လက်ချောင်းများဖြင့် ရေတွက်နေ၏။
“ ‘The Bottom Line’ ဇာတ်လမ်းရဲ့ ပထမဆုံး 3ပိုင်းက ရုပ်ရှင်နဲ့ တီဗီဇာတ်လမ်းတွဲကုမ္ပဏီတွေအပြင် ရှင်းယောင်ဆီကိုပါ ရောက်ပြီးသွားပြီ။ ချောင်ယန်က ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီးသွားတော့ ဒုတိယတန်းစားသရုပ်ဆောင်တွေအကုန်လုံး အဆင်ပြေတယ်လို့ပြောတယ်၊ ဒါပေမယ့် အဲ့တာ အကုန်ပဲ”
အောင်မြင်သည့် အရာတစ်ခုဖြစ်လာခြင်းမှာ ဆန်းကြယ်သောကိစ္စဖြစ်သည်။ သို့သော် အောင်မြင်ကျော်ကြားသည့် ရုပ်ရှင်တစ်ခုဖြစ်လာရန်အတွက်မူ မည်သည့်အနုပညာကုမ္ပဏီများမှ ကျိန်းသေအာမခံနိုင်ခြင်း မရှိပေ။
သို့သော် ဇာတ်လမ်းတစ်ခုတွင် ပါဝင်သော ဇာတ်ညွှန်း၊ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ အဓိကသရုပ်ဆောင်နှင့် ထုတ်လုပ်ရေး ကုမ္ပဏီများပေါ်တွင် မူတည်၍ ခန့်မှန်းချက်များ ပေးနိုင်သည်။
ဇာတ်ညွှန်းကောင်းတစ်ခုရှိရမည့်အပြင် ဈေးကွက်ထဲ၌ ရေပန်းစားနေသော ဒါရိုက်တာများနှင့် ခေါင်းဆောင် သရုပ်ဆောင်များ အတူတူ တွဲဖက်လုပ်ကိုင်ပါက ကြီးမားသည့် အောင်မြင်မှုရမည်မှာ မလွဲမသွေပင်။
ထိုနည်းလမ်းအတိုင်း မလုပ်သော်လည်း အောင်မြင်နေသည်များ ရှိပေ၏။ သို့သော် ထိုအရာသည် မိမိ၏ ကံအပေါ်၌ အလွန်မူတည်သည်။
ကျုံချင်းယွီနှင့် ယန်ရှီသည် အနုပညာလောက၏ ရုပ်ရှင်ဇာတ်လမ်းနှင့် တီဗီဇာတ်လမ်းတွဲများ အကြောင်းကို အသေးစိတ် ဆွေးနွေးပြောဆိုနေခဲ့ကြ၏။
ယန်ရှီသည် ထိုကိစ္စများကို အပေါ်ယံမျှသာ နားလည်ထားပြီး ကျုံချင်းယွီလည်း ထိုအရာပေါ်၌ စိတ်ဝင်စားမှုမရှိခြင်းကြောင့် သူမ(ယန်ရှီ)သည် အတွင်းကျကျ နားလည်သဘောပေါက်ရန် မဆွေးနွေးတော့ပေ။
စပျစ်ဝိုင်ခြံမှ ထွက်လာပြီးနောက် လူးဝစ်သည် ကျုံချင်းယွီအား ကြက်ခြေနီအသင်းမှ တင်ပြလာပြသောအကြောင်းကို သတိပေးလိုက်၏။ ထိုအကြောင်းအရာမှာ ထျန်းဟွေ့ဘက်မှ လွှဲပေးမည့်ငွေအား ယခုအချိန်ထိ မရသေးကြောင်း ပြောခြင်းပင်။
ရဲ့လော့ယီအတွက် ကန့်သတ်ထားသော ကြာချိန်၂နာရီမှာ ယခု အချိန်ပြည့်ရန် ၁၀မိနစ်သာကျန်တော့၏။
“ သူတို့ အခုထိ ပိုက်ဆံမရသေးဘူးလား”
ကျုံချင်းယွီက အံ့အားသင့်သွားလေသည်။
“ဘာလဲ ရဲ့လော့ယီက ငွေပေးဖို့ မစီစဉ်ထားဘူးလား”
လူးဝစ်လည်း သေချာ မသိပေ။
သူ၏ဖုန်းတွင် ဝေ့ပေါ်၌ ထိုကိစ္စနှင့်ပတ်သတ်၍ အင်တာနက်သုံးစွဲသူများက ဝေဖန်ဆွေးနွေးနေကြသည့် အကြောင်းအရာများ တက်လာ၏။
[ တကယ်လို့ ထျန်းဟွေ့ဘက်က ငွေမပေးရင်ရော…ဒီ လှူဒါန်းမှုက မဖြစ်မြောက်တော့ဘူးလား]
[ ကြက်ခြေနီအသင်း ကို စောစောစီးစီး ဆက်သွယ်လိုက်တာ ယန်ရှီရဲ့အမှားပဲ သူတို့က ငွေအရင်ဆုံး လက်ခံပြီးမှ ဒီလှူဒါန်းမှုကို ကြေညာသင့်တာ၊
ဒီလောက်များတဲ့ ငွေပမာဏကို ထျန်းဟွေ့ဘက်က အရစ်ကျပေးဖို့ လိုလောက်တယ် ]
[ တကယ်လို့ ယန်ရှီက ကြက်ခြေအနီအသင်းကို မဆက်သွယ်ခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာမဟုတ်ဘူး ဒီလှူဒါန်းမှုကို မကြေညာခင် သူက ၂နာရီလောက်တောင် ထပ်မစောင့်နိုင်ဘူးလား။ သူက ရှင်းယောင်ရဲ့ အောင်မြင်ကျော်ကြားတဲ့ကြယ်ပွင့်လေးအဖြစ် သူမရဲ့ပုံရိပ်ကို အလျင်အမြန် တည်ဆောက်ဖို့ အလျင်လိုနေတာပဲ]
[ သူ့လိုလူတွေက မကြာခင် ပြိုလဲမှာပဲ၊ ကိစ္စတွေအားလုံး မပြင်ဆင်ရသေးဘဲနဲ့ သူ့ရဲ့ စာနာသနားတဲ့ ပုံရိပ်ကို အတင်းဖော်ပြနေတာပဲ ]
ကျုံချင်းယွီသည် ထိုအကြောင်းအရာများကို ဖတ်ပြီးနောက် မျက်မှောင်ကျုံ့လိုက်၏။
ဤပြသာနာတွင် ယန်ရှီအား အပြစ်တင်၍ မဝေဖန်သင့်ပေ၊ တကယ်တမ်း ပြသာနာ၏ တရားခံမှာ ရဲ့လော့ယီပင်။
မည်သို့ပင်ဆိုကာမူ အင်တာနက်ပေါ်၌ ယန်ရှီအား ဝေဖန်အပြစ်ဖို့သူများသာ ရှိနေကြပြီး ရဲ့လော့ယီနှင့် ထျန်းဟွေ့ ကုမ္ပဏီမှာ စကားဝိုင်းတွင် မပါကြပေ။
ရဲ့လော့ယီက ယန်ရှီအား တိုက်ခိုက်ရန်အတွက် ထို အပြစ်တင်ဝေဖန်သူများကို ငှားထားသည်မှာ ဦးနှောက်ရှိသောလူတိုင်း သိနိုင်ပေ၏။
ယန်ရှီတွင် အမာခံပရိတ်သတ်အုပ်စု မရှိခြင်းကြောင့် တစ်ခြားသူများအား အလွယ်တကူပင် အထင်လွဲမှားစေနိုင်ခဲ့သည်။
ကျုံချင်းယွီသည် ယန်ရှီ၏ လက်အား တင်းကြပ်စွာ ဆုပ်ကိုင်ကာပြောလိုက်၏။
“ငါတို့တွေ ဒီလှူဒါန်းမှုကို လုပ်မယ်လို့ ကတိပေးထားတာပဲ၊ အဲ့တော့ ငါတို့ သေချာပေါက် လှူဒါန်းရမယ်။ တကယ်လို့ အဆင်မပြေမှုတွေ ဖြစ်လာရင်လည်း ပိုက်ဆံကို ငါစိုက်ပေးမယ်”
“ ချင်းယွီ..”
ယန်ရှီသည် ကျုံချင်းယွီအား အံ့ဩစွာဖြင့် မျက်လုံးပြူးကာ ကြည့်လိုက်သည်။
“ငါ နင့်ပိုက်ဆံတွေ အများကြီး သုံးမိသွားလို့ ငါ့ကို စိတ်မဆိုးဘူးလား”
ကျုံချင်းယွီသည် ရယ်၍ ချိုသာစွာဖြင့် ပြောလိုက်၏။
“ငါက ဘယ်လိုလုပ် နင့်ကို အပြစ်တင်ရမှာလဲ၊ တကယ်လို့အပြစ်တင်ရမယ်ဆိုရင်တောင် ခံရမယ့်သူက ရဲ့လော့ယီပဲ ”
ရဲ့လော့ယီသည် အရှက်မရှိသူ တစ်ယောက်ဖြစ်ပြီး ယန်ရှီက ရဲ့လော့ယီ၏ အခက်တွေ့နေပုံအား ကျုံချင်းယွီကိုမြင်ခွင့်ပေးခဲ့ရာ ကျုံချင်းယွီသည် ယခုထက်ပို၍ မပျော်နိုင်တော့ပေ။
ဤ ပိုက်ဆံ ဆယ်မီလီယမ်လောက်သည် သူမအတွက် ကြီးကြီးမားမားပမာဏ မဟုတ်ချေ။
ထို့အပြင် ဤသို့ လှုဒါန်းမှုသည် အခွန်များအား လျော့ချပေးနိုင်၏။ ကျုံကုမ္ပဏီသည် နှစ်တိုင်း အခွန်ပမာဏ ဆယ်မီလီယမ်ထက် ပို၍ ပေးနေရသဖြင့် ဆယ်မီလီယမ်လှူဒါန်းရသည်မှာ မထူးဆန်းပေ။
“ချင်းယွီရေ ငါ့အထင်တော့ ဆရာမရဲ့က ရဲ့မိသားစုရဲ့ အောင်မြင်ကျော်ကြားနေတဲ့သူ တစ်ယောက်အနေနဲ့ ပိုက်ဆံပေးရမယ့်ကိစ္စကို သေချာပေါက် မငြင်းလောက်ဘူး”
ယန်ရှီသည် သေချာစဉ်းစား၍ ကျုံချင်းယွီအား စိတ်သက်သာရာရစေရန် ပြောလိုက်၏။
ထိုအခါ ကျုံချင်းယွီသည် လက်ပိုက်လိုက်ပြီး လှောင်ပြောင်ကာ ပြောလိုက်လေသည်။
“သူက အခုထိ ပိုက်ဆံမပေးသေးဘူးဆိုမှတော့ ခေါင်းရှောင်ဖို့ ကြိုးစားနေတာကလွဲရင် ဘာများဖြစ်နိုင်သေးလို့လဲ”
ယန်ရှီသည် အံ့ဩသွားကာ သူမ၏ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်၏။
“ဒါဆို ဆရာမရဲ့က ပိုက်ဆံမပေးချင်လို့ တမင်ခေါင်းရှောင်နေတာလား။ သူက ဘာလို့ ဒီလိုလုပ်ရတာလဲ သူပဲ ငါတို့ကို ခုနက သဘောတူခဲ့တာလေ… တကယ်လို့ သူ မပေးချင်ဘူးဆိုရင်လဲ စောစောက ပြောသင့်တာပေါ့ ငါတို့ကလဲ သူ့ကို ဖိအားပေးပြီး ပေးခိုင်းတာမှမဟုတ်တာ”
[ယန်ရှီက တော်တော်ယဉ်ကျေးတာပဲ ]
[ ရဲ့လော့ယီက သူများဆီက ပိုက်ဆံ ဆယ်မီလီယမ်ယူပြီး ပြန်မပေးတာလား သူက တကယ်ကို အရှက်မရှိတာပဲ ]
[ ကျုံရဲ့ပရိတ်သတ်တို့ရေ အဓိပ္ပာယ်မရှိတဲ့ ပေါက်ကရ စကားတွေ မပြောကြပါနဲ့၊ ဒီဝိုင်တွေက တစ်မီလီယမ်လောက်ပဲတန်တာပါ ယန်ရှီကသာ သူ့ကို တမင်တကာ ချောက်ချနေတာ ]
[ တကယ်လို့ ရဲ့လော့ယီက ဒီပိုက်ဆံတွေ မပေးချင်ဘူးဆိုရင်လည်း အစကတည်းက သဘောမတူသင့်ဘူး။ သူက ပရိတ်သတ်တွေကို ဆယ်မီလီယမ် ဆုပေးမယ်လို့ကတိပေးထားပြီး သူချမ်းသာတဲ့အကြောင်း ထုတ်ပြချင်နေတာ…ဒါပေမယ့် ယန်ရှီက လှူဒါန်းမှုအကြောင်းလည်းပြောလိုက်ရော သူက ကျုံချင်းယွီကို တစ်မီလီယမ် တိတ်တိတ်လေး ပြန်ပေးလို့မရတော့ဘဲ ဆယ်မီလီယမ်ပေးရတော့မှာလေ၊ အဲ့ဒါကြောင့် သူ အလန့်တကြားဖြစ်သွားတာပေါ့ ဘယ်သူက သူ့ကို အစကတည်းက ကြွားဖို့ ပြောခဲ့လို့လဲ ]
[အရည်အချင်းမရှိဘူးဆိုရင် ဒီလို အလုပ်တွေမလုပ်နဲ့၊ ရဲ့လော့ယီက သူလုပ်ထားတဲ့လုပ်ရပ်တွေကို ပြန်ရုတ်သိမ်းနေရတာပဲ]
ကျုံချင်းယွီသည် အင်တာနက်ကွန်ရက်ပေါ်၌ ဖြစ်ပျက်နေသော အကြောင်းအရာများကို စစ်ဆေးလိုခဲ့၏။
အကယ်၍ ရဲ့လော့ယီမှ ယန်ရှီအား တိုက်ခိုက်ရန် ဝေဖန်တိုက်ခိုက်သူများကို ငှားထားလျှင် သူမသည်လည်း ရှင်းယောင်ဘက်မှ ပြန်၍တိုက်ခိုက်မည်ပင်။
ဝေဖန်တိုက်ခိုက်တဲ့သူတွေ…ဒါက ဘယ်အနုပညာကုမ္ပဏီမှာများ သရုပ်ဆောင်တွေအတွက် ဒါမျိုးမရှိလို့လဲ။
သူမသည် ဖုန်းကိုကောက်ယူလိုက်သော်လည်း ဖုန်းမှာစက်ပိတ်နေသည်။
“ ဖုန်းအားကုန်သွားတာလား”
ကျုံချင်းယွီသည် ဇိမ်ခံကားပေါ်မှ အားသွင်းကြိုးတစ်ချောင်းကိုယူကာ သွင်းလိုက်လေ၏။
ဖုန်း၏ မျက်နှာပြင်ပေါ်၌ ဖုန်းbrand logo ပေါ်လာခဲ့ပြီး ဖုန်းအား 62% ရှိနေကြောင်းကို မြင်လိုက်ရ၏။
ကျုံချင်းယွီသည် အံ့အားသင့်သော အသံတစ်ခုထွက်လာတော့သည်။
ဖုန်းမျက်နှာပြင်ပေါ်၌ 7နာရီမထိုးခင် 5မိနစ်အလိုဟု ပြနေ၏။
မကြာခင်မှာပင် လိုင်းများ ချိတ်ဆက်ပြီးသွားသဖြင့် များပြားလှသော missed callများက မျက်နှာပြင်ပေါ်၌ ပေါ်လာတော့သည်။
ယန်ရှီသည် မတုန်လှုပ်နိုင်ပင် ဖြစ်သွားရ၏။
သူမ လှမ်းကြည့်လိုက်သောအခါ ထို missed callများ အားလုံးသည် ပေယွဲ့ပိုင်ဆီမှ ဖြစ်နေခြင်းပင်။
“ယွဲ့ပိုင်က ငါ့ကို ဖုန်းခေါ်ထားတယ်”
ကျုံချင်းယွီမှာ သူမ၏ ပျော်ရွှင်နေမှုကို မဖုံးထားနိုင်ခဲ့ပေ။
သူမသည် ကင်မရာနောက်သို့ ကွယ်လိုက်၍ ယန်ရှီအား တိုးတိုးလေး ပြောလာ၏။
“ ငါ သူ့ကို ဖုန်းပြန်ခေါ်လိုက်အုံးမယ်”
“ လုပ်လုပ်” ဟု ယန်ရှီမှ ခေါင်းညိမ့်ပြကာ ပြောလေ၏။
ယန်ရှီသည် ကျုံချင်းယွီအား မနှောက်ယှက်ပေ။ လူးဝစ်၏ ဘေးတွင် ထိုင်ကာ တိုက်ရိုက်ထုတ်လွှင့်မှု ကိစ္စများအား ဆွေးနွေးနေလိုက်သည်။
ပေယွဲ့ပိုင်မှာ ရူးမလိုပင် ဖြစ်နေခဲ့သည်။ ဆယ်မီလီယမ်ဆိုသော ပမာဏသည် သေးငယ်သော ပမာဏ မဟုတ်ချေ။
ရဲ့လော့ယီက ဘာလို့ သူ့ကို ဒီလောက် ရှုပ်ထွေးတဲ့ပြသာနာတွေဖြစ်အောင် လုပ်ခဲ့ရတာလဲ။
ပေယွဲ့ပိုင်သည် အစပိုင်းတွင် ကျုံချင်းယွီ သူ့အပေါ်၌ ခံစားချက်များရှိနေသည်ကို တွေးခဲ့ပြီး ဖုန်းခေါ်၍ အနည်းငယ် ချိုသာသောစကားများ ပြောလိုက်ခြင်းက ဤငွေပေးချေမှုကို ဖြေရှင်းရန် လုံလောက်သည်ဟု ထင်ခဲ့၏။ သို့သော် ကျုံချင်းယွီသည် သူမဖုန်းအား ပိတ်လိုက်လေသည်။
အရေးကြီးဆုံး အချိန်ဖြစ်စေကာမူ ဖုန်းအား ပိတ်လိုက်၏။
ပေယွဲ့ပိုင်သည် ယန်ရှီ၏ဖုန်းနံပါတ်အား ရှာတွေ့သွားသောအခါ ကျုံချင်းယွီနှင့် ဆက်သွယ်ပေးရန် အကူအညီတောင်းဖို့ ပြင်လေသည်။
သို့သော် ခဏအကြာ ဖုန်းခေါ်လိုက်သောအခါတွင် တစ်ဖက်မှ ငယ်ရွယ်သော ကောင်မလေးတစ်ယောက်၏ အော်သံကို ကြားလိုက်ရ၏။
“ နောက်ထပ် လူလိမ်တစ်ယောက် ခေါ်ပြန်ပြီ ၊ ဒီလူလိမ်တွေက တကယ်ကို သတ္တိရှိလာကြပြီပဲ”
ထို့သို့ပြောပြီးနောက် သူမလည်း ဖုန်းကို ပိတ်လိုက်တော့သည်။
ပေယွဲ့ပိုင်သည် မခံမရပ်နိုင်ပင် ဆိုးရွားစွာ ခံစားနေခဲ့ရ၏။
သတ်မှတ်ထားသောအချိန် နီးကပ်လာသော်လည်း သူ ကျုံချင်းယွီဆီမှ မည်သည့်သတင်းမှ မကြားရချေ။
အင်တာနက်ကွန်ရက်ပေါ်၌ ထျန်းဟွေ့ကုမ္ပဏီနှင့် ရဲ့လော့ယီအား လှောင်ပြောင်နေသော အကြောင်းအရာများဖြင့်သာ ပြည့်နှက် နေ၏။
ပေယွဲ့ပိုင်သည် မခံမရပ်နိုင်ဖြစ်ကာ ထိုဖြစ်ပျက်နေသော အကြောင်းအရာများအား ယန်ရှီ့ထံသို့ အာရုံပြောင်း၍ တိုက်ခိုက်စေရန် ထျန်းဟွေ့၏ PR အဖွဲ့အား ညွှန်ကြားလေသည်။
သို့သော် ထိုသို့လုပ်ခြင်းသည် ခဏတာ ဖြေရှင်းနည်းပင်။
နောက်ဆုံး၌ ကန့်သတ်ထားသည့်အချိန် မရောက်ခင်တွင် ကျုံချင်းယွီသည် ဖုန်းပြန်ဖြေလိုက်၏။
ဖုန်းဝင်သွားသောအခါ ပေယွဲ့ပိုင်က သည်းမခံနိုင်တော့ဘဲ စိတ်တိုစွာဖြင့် ပြောလေတော့သည်။
“ဒီမှာ ကျုံချင်းယွီ မင်းဘာလို့ အဲ့လောက်တောင် လှူချင်နေရတာလဲ။ မင်းက ရဲ့လော့ယီကို တမင်သက်သက် အပြစ်ဖြစ်အောင်လုပ်ပြီး ငါ့ကိုလဲ ကိစ္စတွေ အဆင်မပြေဖြစ်အောင် လုပ်နေတာလား”
“အခုအချိန်က ထျန်းဟွေ့ရဲ့ ကျပ်တည်းနေတဲ့အချိန်လို့ ငါမင်းကို ပြောခဲ့တယ်မဟုတ်ဘူးလား။ ဒီအချိန်မှာ ငါတို့အတွက် ဆယ်မီလီယမ်က ကြီးမားတဲ့ ငွေပမာဏပဲ၊ အဲ့လိုပမာဏရဖို့က မလွယ်ဘူး… ကျုံချင်းယွီ တကယ်လို့ မင်းငါ့ကို ဒုက္ခရောက်စေချင်တယ်ဆိုလဲ တည့်သာပြောလိုက်”
“ ဟယ်လို ကျုံချင်းယွီ မင်း ငါပြောနေတာကြားလား ဟယ်လို”
ပေယွဲ့ပိုင်သည် စိတ်တိုစွာဖြင့် အော်ကာ ပြောဆိုနေသော်လည်း တစ်ဖက်မှာတော့ ငြိမ်သက်နေ၍ မည်သည့်စကားမှ မပြောလာပေ။
ကျုံချင်းယွီ၏ အသံသည် မပြတ်မသားဖြစ်ကာ ရှင်းရှင်းလင်းလင်း မကြားရဖြစ်နေသည်။
ဇိမ်ခံကားပေါ်တွင် ထိုင်နေသော ကျုံချင်းယွီသည်လည်း စကားပြန်ပြောနေလေ၏။
“ဟယ်လို ဟယ်လို! ဘယ်လိုတောင် လိုင်းက ဒီလောက် မကောင်းရတာလဲ ငါ ယွဲ့ပိုင်ပြောတာတွေ ဘာတစ်ခုမှ မကြားရဘူး”
ယန်ရှီသည် သူမ၏ ထိုင်ခုံအောက်တွင်ရှိသော အချက်ပြခလုတ်အား ငြင်သာစွာ နှိပ်လိုက်သည်။
ထိုအရာမှာ တိုက်ရိုက်ထုတ်လွှင့်မှုအပေါ် အကျိုးသက်ရောက်သွားသော်လည်း ကြီးမားသည့် ပြသာနာတော့ မဟုတ်ပေ။
လူးဝစ်သည် ထိုအရာကို မြင်လိုက်သော်လည်း ယန်ရှီအား မထုတ်ဖော်ခဲ့ချေ။
သူက ဖော်ထုတ်မည့်အစား PDအား တိုက်ရိုက်ထုတ်လွှင့်မှုအတွက် လိုင်းအခြေအနေမကောင်းသည့် ကိရိယာကို ကူပြင်ပေးပြီး ဟန်ဆောင်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့ရဲ့အစီအစဉ်မှာ သုံးတဲ့စက်တွေက သိပ်ပြီး အရည်အသွေးမကောင်းဘူး။ ကျွန်တော် ကင်မရာအရည်အသွေးကောင်းတဲ့ ကုမ္ပဏီတစ်ခုကို သိထားတယ် ခင်ဗျားတို့ကို သူတို့ရဲ့ပစ္စည်းတွေ စမ်းသုံးကြည့်ဖို့ အကြံပြုချင်တယ်”
ယန်ရှီသည်လည်း ကျုံချင်းယွီ စိတ်သက်သာရာရစေရန် ကူပြောပေးလေ၏။
“ဒါက ဒုတိယသခင်လေးပေ ဘက်က လိုင်းမကောင်းတာလဲ ဖြစ်နိုင်တယ် ဒါကြောင့် သူက နင်ပြောတာကို မကြားနိုင်တာလေ၊ သူ လိုင်းမမိတဲ့ တစ်နေရာရာမှာ ရှိနေလို့ဖြစ်မယ်”
ကျုံချင်းယွီလည်း ထို့သို့ပင် တွေးလိုက်ခြင်းပင်။ သူမရောက်နေသောနေရာမှာ အပြည်ပြည်ဆိုင်ရာမြို့ကြီးဖြစ်သည့် လီချန်းမြို့ဖြစ်သောကြောင့် လိုင်းမကောင်းစရာ အကြောင်းမရှိပေ။
“ နင် စိတ်ပူမနေပါနဲ့ တကယ်လို့ ဒုတိယသခင်လေးက အရေးကြီးကိစ္စရှိရင် နင့်ကို ဖုန်းပြန်ခေါ်လိမ့်မယ်” ဟု ယန်ရှီက ပြောလိုက်သည်။
“ နင်ပြောတာလည်း ဟုတ်တာပဲ” ဟု ကျုံချင်းယွီမှ ပြန်ပြောလိုက်လေ၏။
[ အထင်ကြီးလောက်စရာပဲ] ဟု Systemနှင့် လူးဝစ်က တွေးလိုက်မိသည်။
ခုနှစ်နာရီ မထိုးခင် တစ်မိနစ်အလို၌ ထျန်းဟွေ့ဘက်က ကြက်ခြေနီအသင်းသို့ ဆယ်မီလီယမ်လွှဲပေးလိုက်၏။
အကယ်၍ ပေယွဲ့ပိုင်သည် ကျုံချင်းယွီနှင့် အဆက်အသွယ်ရခဲ့ပါက သူမအား အလွယ်တကူပင် သိမ်းသွင်း၍ ငွေလွှဲခိုင်းမည်ပင်။ သို့သော် သူ ရှုံးနိမ့်သွားခဲ့၏။
ထျန်းဟွေ့၏ ဘဏ်အကောင့်ထဲတွင် ဤမျှ များပြားလှသော ငွေများ မရှိပေ။ ထို့ကြောင့် ပေယွဲ့ပိုင်မှ သူ၏ကိုယ်ပိုင်ငွေများအား ထည့်လိုက်ရသည်။ ထိုအကြောင်းကို တွေးလိုက်သောအခါ သူ့မှာ နှလုံးသားများကြေကွဲ၍ နာကျင်နေသကဲ့သို့ပင်။
သူသည် တရားမဝင်သား ဖြစ်သောကြောင့် ပေလုပ်ငန်းစု၏ ငွေကြေးများကို ထင်ထားသလောက် မကိုင်တွယ်ရပေ။ ငွေကြေးကိစ္စများ အားလုံးအား သူ၏အစ်ကိုဖြစ်သူ ပေဟန်လီက တာဝန်ယူထားလေ၏။
ထျန်းဟွေ့လုပ်ငန်းစုအား ဦးစီးရသည်မှလွဲ၍ သူ့နာမည်ဖြင့် ပိုင်ဆိုင်သော ငွေကြေးများပင် မရှိပေ။
ကြက်ခြေနီအသင်းထံသို့ ဆယ်မီလီယမ် လွှဲပြီးသည့်နောက်တွင် သူတို့က ဝေ့ပေါ်စာမျက်နှာတွင် ချက်ချင်းပင် စာအရှည်ကြီး ရေးတင်လိုက်သည်။ ထိုအကြောင်းအရာမှာ အကူအညီလိုနေသည့် မရေတွက်နိုင်သော လူများအား လှူဒါန်းခဲ့ခြင်းနှင့် စာနာတက်သော စိတ်ထားရှိခြင်းအတွက် ကျုံချင်းယွီအား ကျေးဇူးတင်သည့် အကြောင်းပင်။
ဤလှူဒါန်းမှုသည် အနုပညာလောကထဲ၌ အကြီးမားဆုံး လှူဒါန်းမှု တစ်ခုပင်ဖြစ်၏။
ထိုတင်ထားသောစာထဲတွင် စာလုံးရေအရေအတွက်ပေါင်း ထောင်ဂဏန်းလောက် ရှိသော်လည်း ထျန်းဟွေ့လုပ်ငန်းစုအား ဖော်ပြခဲ့ခြင်းမရှိပေ။
ထျန်းဟွေ့လုပ်ငန်းစုမှာ ကျုံချင်းယွီ ထင်ပေါ်ကျော်ကြားစေရန်အတွက် ဆယ်မီလီယမ်လွှဲပေးလိုက်ရသည့် ကိရိယာတစ်ခုသာ ဖြစ်ခဲ့သည်။
တည်းခိုခန်းရှိ ရဲ့လော့ယီက အင်တာနက်စာမျက်နှာပေါ်တွင် ကျုံချင်းယွီအား ချီးကျူးနေသော အကြောင်းအရာများကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာမှာ ဖြူဖျော့ဖျော့ ဖြစ်နေတော့၏။
ချီးကျူးနေကြသူ တစ်ချို့မှာ အစစ်အမှန် အင်တာနက်သုံးစွဲသူများ ဖြစ်ကြပြီး တစ်ချို့မှာတော့ ရှင်းယောင်ဘက်မှ သတင်းဖန်တီးသူများပင် ဖြစ်ကြလေသည်။
များပြားလှသော လုပ်ငန်းပိုင်ရှင်များသည် ကျုံချင်းယွီ၏ တစ်မီလီယံသာ သုံးစွဲထားသော်လည်း ကြီးမားသည့်အောင်မြင်မှုကြီး ရရှိခဲ့ကြောင်းကို သိရှိခဲ့ကြ၏။
ထိုသို့ လှူဒါန်းမှုသည် အနုပညာလောက၏ ဈေးကွက်ရှာဖွေရေးတွင် ဆရာတစ်ဆူဖြစ်လာခဲ့သည်။
ဤအခြေအနေတွင် ရဲ့လော့ယီသည် အကြီးမားဆုံးသော အရှုံးသမားဖြစ်ကာ သူမ၏ နာမည်အား ဖော်ပြ၍ လှောင်ပြောင်နေခဲ့ကြလေ၏။
သူမ၏ ဖြတ်သန်းခဲ့သော ဘဝတစ်လျှောက်၌ ဤမျှဆိုးဝါးသော အရှက်ရမှုကြီးကို မကြုံခဲ့ရဖူးချေ။
အင်တာနက်စာမျက်နှာပေါ်တွင် ကျုံချင်းယွီ၏ အလှတရားနှင့် အကြင်နာတရားရှိသော လှူဒါန်းမှုအကြောင်းအား ချီးကျူးကြသည့်အပြင် များပြားလှသော အင်တာနက်သုံးစွဲသူများကို ဇိမ်ခံပစ္စည်းများ လက်ဆောင်ပေးခဲ့သည့် အကြောင်းအရာကိုလည်း ချီးကျူးပြောဆိုနေခဲ့ကြ၏။
ထိုလက်ဆောင်များအား မရကြသေးသော်လည်း စိတ်လှုပ်ရှားကာ မစောင့်နိုင်တော့ဘဲ တင်လိုက်ကြခြင်းပင်။
ရဲ့လော့ယီမှာ အလွန်ပင် ဒေါသထွက်နေရသည်။
သူမက ဤအစီအစဉ်တွင် ပါဝင်ခဲ့သည့်အပြင် ဆယ်မီလီယန်ပါ ကုန်ကျခဲ့ရသေး၏။ သို့သော် သူမ၏ ပရိတ်သတ်များမှာ အရှက်ရသည်ဟု ခံစားရကာ ဂုဏ်ပြုသော အကြောင်းအရာများကို မတင်ကြတော့ပေ။
သူမ၏ အကြောင်းအား တင်ကြသည့် လူအနည်းငယ်မှာ သူမ၏ ပရိတ်သတ်များမဟုတ်ဘဲ အပေါ်ယံ ဝင်ကြည့်ကြသူများပင် ဖြစ်၏။
ကျန်သောလူအများစုမှာ ရဲ့လော့ယီအား ကျေးဇူးမတင်သည့်အပြင် ဝိုင်ကိစ္စအား အပြစ်ပြောနေကြသည်မှာ ထိုဝိုင်များက တစ်သိန်းမတန်ကြောင်းနှင့် နှစ်သောင်းဆိုလျှင်ပင် များလွန်းနေပြီဟုပင်။
[တကယ် ယွမ်နှစ်သောင်းလောက်ပဲ တန်တာလား]
ရဲ့လော့ယီသည် ထိုသို့သော မှတ်ချက်များအား မြင်လိုက်ရသည့်အခါ တဆတ်ဆတ်တုန်ကာ ပို၍ပင် စိတ်တိုလာတော့၏။
သူတို့က ဒါလေးအတွက်နဲ့ ပြသာနာရှာနေကြတာတဲ့လား!
ရေချိုးခန်းထဲတွင်မူ ရေသံများနှင့်အတူ ဆုလင်းလင်း၏ ကျိန်ဆဲသံများလည်း ရောနေလေသည်။
“ဒါက ဘယ်လို အမှိုက်စုတ်လဲ ရေလောင်းချတာတောင် မပါသွားဘူး”
သူမသည် ပြောနေရင်းနှင့်ပင် အိမ်သာအား ကန်လိုက်၏။ သို့သော် ပလပ်စတစ် ဖိနပ်အပါးလေးကိုသာ စီးထားသောကြောင့် သူမ၏ခြေမသည် ကြွေပြားနှင့်ရိုက်မိကာ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုအခါ ခြေထောက်အား ကိုင်၍ မျက်နှာသည် မကြည်မသာဖြစ်ကာ ရေချိုးခန်းထဲမှ ထွက်လာလေ၏။
ရဲ့လော့ယီအား မြင်လိုက်ရသည့်အခါ၌ သူမ၏ မျက်နှာမှာ ပို၍ပင် အလိုမကျ ဖြစ်သွားရသည်။
ရဲ့လော့ယီမှာ ကုတင်ပေါ်တွင်ထိုင်၍ စိတ်တိုနေကာ သူမ၏ သူငယ်ချင်းကို လျစ်လျူရှုထား၏။
ဆုလင်းလင်းသည် ခြေထောက်နာနေသေးသောကြောင့် ညင်သာစွာဖြင့် ခြေထောက်ကို ပွတ်နေခဲ့သည်။
ထိုအချိန်တွင် ရဲ့လော့ယီသည် အင်တာနက်ကွန်ရက်ပေါ်တွင် ရေးနေကြသော မှတ်ချက်များအပေါ်တွင်သာ အာရုံစိုက်နေခဲ့ပြီး သူမ၏ သူငယ်ချင်းအား ဂရုမစိုက်ခဲ့ပေ။
[ ဆုလင်းလင်းရဲ့ ခြေထောက်က နာနေတုန်းပဲလား၊ သူ့ကိုကြည့်ရတာ အရမ်းသနားဖို့ကောင်းတာပဲ ]
[ ယီယီရေ ဆုလင်းလင်းကို သွားကြည့်ပါဦး သူထိခိုက်ထားတယ် ]
[ယီယီက တကယ် စိတ်ထိခိုက်နေတဲ့ပုံပဲ ]
[ဒီလိုပါပဲ ဘယ်သူက ပိုက်ဆံ ဆယ်မီလီယမ် အလိမ်ခံရပြီးရင် စိတ်မထိခိုက်တာရှိလို့လဲ ]
ဆုလင်းလင်းသည် နောက်ဆုံး၌ သည်းမခံနိုင်တော့ပေ။ သူမသည် ခံစားချက်များအား သိမ်းထားတက်သော သူများထဲတွင် မပါချေ။
အခန်းထဲတွင် ကင်မရာများစွာရှိသော်လည်း ရေချိုးခန်းထဲ၌ မရှိပေ။
ရဲ့လော့ယီသည် သူမအား လှောင်ပြောင်နေကြသော မှတ်ချက်များကို ပြန်လည်စစ်ဆေးရန် လုပ်နေစဉ်၌ ဆုလင်းလင်းသည် သူမအား ရေချိုးခန်းထဲသို့ ဆွဲခေါ်သွားလေ၏။
“လင်းလင်း ငါ့ကိုလွှတ်၊ နင် ဘာလို့ အတင်းလုပ်နေတာလဲ နာတယ် လွှတ်”
ဆုလင်းလင်းသည် ရေချိုးခန်းတံခါးကို ဆွဲပိတ်လိုက်ကာ ရဲ့လော့ယီအား စိတ်တိုစွာဖြင့် တည့်ပြောလိုက်သည်။
“ရဲ့လော့ယီ နင့်မှာ ဘာပြသာနာတွေရှိနေတာလဲ
ဘာလို့ ဒီနေ့ ကင်မရာရှေ့မှာ ငြင်းလိုက်ရတာလဲ။
အဲ့တာက ငါ့ကို ဘယ်လောက်အရှက်ရစေလဲဆိုတာ နင်သိလား…ငါကတော့ နင့်ကို ကာကွယ်ပေးနေပေမယ့် နင်က ပေယွဲ့ပိုင်နဲ့ ဘာမှမပတ်သတ်ဘူးဘဲ ပြောနေတာ”
ရဲ့လော့ယီသည် သက်တောင့်သက်သာမဖြစ်စွာနှင့် အင်္ကျီများကို ပြင်လိုက်သည်။
လူအများစုသည် နီးစပ်လာကြသော အကြောင်းအရင်းမှာ ဝါသနာတူခြင်း ၊ အကြိုက်ဆုံးအစားအစားများတူခြင်းနှင့် စိတ်တူကိုယ်တူဖြစ်ခြင်းကြောင့်ပင်။
သို့သော် ရဲ့လော့ယီနှင့် ဆုလင်းလင်း သူငယ်ချင်းဖြစ်လာရသည့် အကြောင်းအရင်းမှာ ကျုံချင်းယွီအား ဆန့်ကျင်ရန်အတွက်သာ ဖြစ်၏။
ရဲ့လော့ယီသည် သူမစိတ်ထဲတွင် ရှိသော အကြောင်းအရာများကို ထုတ်မပြောခဲ့ချေ။ အင်တာနက်သုံးစွဲသူတစ်ချို့မှ ကျုံချင်းယွီအား မိသားစုဂုဏ်သိက္ခာ ဖျက်စီးသူဟု ပြောခဲ့ကြခြင်းမှာ သူမကြောင့် ဖြစ်သည်ကို ဆုလင်းလင်းသတိထားမိခဲ့သည်။
ဆုလင်းလင်းမှာ ကျုံချင်းယွီနှင့်အတူတူ အလယ်တန်းကတည်းကပင် ကျောင်းအတူတူတက်ခဲ့ခြင်းပင်။ သို့သော် ကျုံချင်းယွီသည် သူမ၏ တယောအဖွဲ့ခေါင်းဆောင်နေရာအား လုသွားခဲ့ခြင်းကြောင့် မကျေမနပ်ဖြစ်ခဲ့ရ၏။
သူမသည် ရဲ့လော့ယီအား သူမကဲ့သို့ အခွင့်အရေးဆုံးရှုံး၍ နစ်နာသောသူဟု တွေးကာ နီးစပ်လာခြင်း ဖြစ်သည်။
သို့သော် ယနေ့၌ ရဲ့လော့ယီသည် သူမအား ပေယွဲ့ပိုင်နှင့် မည်သည့်ပတ်သတ်မှုမှမရှိကြောင်း ပြောလာ၏။
“ လင်းလင်း အဲ့တာက နင်ထင်သလို မဟုတ်ပါဘူး”
ရဲ့လော့ယီသည် ဤသို့ပြောလိုက်ရခြင်းမှာ သူမနှင့် သူငယ်ချင်းဆက်ဆံရေးအား မဆုံးရှုံးချင်သည့်အပြင် ဆုမိသားစုနှင့် ရဲ့မိသားစုကြားတွင်လည်း စီးပွားရေးပတ်သတ်မှုများ ရှိနေခြင်းကြောင့်ပင်။
“ ယွဲ့ပိုင်နဲ့ ငါက အချင်းချင်း စိတ်ဝင်စားကြပေမယ့် အထက်တန်းလွှာအသိုင်းအဝိုင်းမှာ ဒါမျိုးက လုံလောက်တယ်မဟုတ်ဘူးလား”
ဆုလင်းလင်းသည် အထက်တန်းလွှာ အသိုင်းအဝိုင်းများ၏ ရှုပ်ထွေးပုံများကို နားလည်သဘောပေါက်ပြီးသူဖြစ်၏။
ဆုလင်းလင်းဝန်မခံချင်သော်လည်း ပေမိသားစုနှင့် ကျုံမိသားစုတို့သည် ဟိုင်မြို့တွင်ရှိသော အထက်တန်းလွှာ မိသားစုများဖြစ်ကြပြီး ဆုမိသားစုနှင့် ရဲ့မိသားစုတို့မှာ သူတို့အောက်တွင် ရှိကြသည်။
“ပေယွဲ့ပိုင်က နင့်ကို တကယ်ကြိုက်တယ်ဆိုရင် သူ ပေမိသားစုအကြီးအကဲတွေကို နိုင်အောင် လက်ဦးမှုယူသင့်တယ်” ဟု ဆုလင်းလင်းမှ ခေါင်းမာစွာဖြင့် ပြောလိုက်၏။
ရဲ့လော့ယီကခါးသီးစွာပြုံးလိုက်ကာ
“အဲ့တာအတွက် အချိန်နည်းနည်းလိုသေးလို့ ငါတို့ နှစ်ယောက်လုံး ကြိုးစားနေပါတယ်။ ထျန်းဟွေ့က ပြန်အောင်မြင်လာပြီး ပေယွဲ့ရဲ့ အရည်အချင်းတွေ ဒီထက်မက တိုးတက်လာတဲ့အချိန်ကြရင် ငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိူ အကုန်လုံးဆီ ချပြမှာပါ…ဒါပေမယ့် အခုကတော့ အချိန်ကောင်းမဟုတ်သေးဘူးလေ”
“လင်းလင်း ဒီနေ့ ငါ နင့်ကို အရှက်ရစေဖို့ မရည်ရွယ်ပါဘူး။ ငါ ကိုယ့်ကိုကိုယ် မထိန်းနိုင်ဖြစ်သွားလို့ပါ ငါတကယ်ဖြစ်နိုင်ရင် ထုတ်ပြောချင်ပါတယ်…
ဘယ်သူက ကိုယ့်ရဲ့ဆက်ဆံရေးကို လျှို့ဝှက်ထားချင်ပါ့မလဲ”
ဆုလင်းလင်းမှာ သက်ပြင်းချလိုက်လေ၏။
အထက်တန်းလွှာများ၌ စီးပွားရေးကိစ္စများသာ စိတ်ဝင်စားကြပြီး ယီယီနှင့် ပေယွဲ့ပိုင်အတွက် ခက်ခဲနေသော အခြေအနေဖြစ်သည်။ သူမ၏ အချစ်ဆုံးသူငယ်ချင်းအနေနှင့် ပို၍နားလည်ပေးသင့်၏။
“ နင်က ဘာလို့ ငါ့ကိုစောစောကတည်းက မပြောရတာလဲ” ဟု ဆုလင်းလင်းမှ မကျေနပ်စွာဖြင့် ပြောလိုက်သည်။
“ငါတောင်းပန်ပါတယ် စိတ်မဆိုးပါနဲ့နော်”
ရဲ့လော့ယီသည် သူမ၏လက်မောင်းအား ချိတ်၍ ပြောလိုက်၏။
ဆုလင်းလင်းမှာ ချော့ရလွယ်ကူသောသူမျိုးဖြစ်ရာ ရဲ့လော့ယီ၏ ချိုသာသည့်စကားများကို ကြားလိုက်ရသောအခါ မကျေနပ်မှုများ ပျောက်သွားတော့သည်။
သူမ၏ခြေထောက်မှာ နာကျင်နေသော်လည်း ရေချိုးခန်းထဲမှ တစ်ယောက်နှင့်တစ်ယောက် လက်ချိတ်ကာ ထွက်လာကြ၏။
သူမသည် ပြသာနာဖြစ်စေသော အိမ်သာကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ဒီတည်းခိုခန်းက စုတ်ပျက်နေတာပဲ! ထုတ်လုပ်ရေးအဖွဲ့က အဲ့လောက်တောင်မွဲနေပြီလား ဒီ့ထက်ကောင်းတဲ့နေရာကို မရွေးနိုင်ကြတော့ဘူးလား”
ရဲ့လော့ယီက နောက်ပြောင်လိုက်၏။
“ဒါက သခင်မလေး ဆုရဲ့ စံအိမ်တော်ကြီးနဲ့တော့ ဘယ်တူပါ့မလဲ နည်းနည်းလောက်သည်းခံလိုက်ပါ ငါတို့ ရိုက်ကူးရေး ပထမအပိုင်းကို လေးရက်အတွင်း ပြီးပါလိမ့်မယ်”
"Boom! Boom! Boom!".
ဤအသံများသည် အပြင်ဘက်မှလာသော ဆောက်လုပ်ရေးအသံများပင်။
ရဲ့လော့ယီနှင့် ဆုလင်းလင်းသည် အချင်းချင်းကြည့်လိုက်ကြပြီး တံခါးဖွင့်ကြည့်လိုက်သည့်အခါ သန်မာထွားကျိုင်းသော လူကြီးများမှ ပရိဘောက ပစ္စည်းများအား သယ်ယူနေကြ၏။
ထိုလူများသည် အပေါ်ပိုင်း အဝတ်များမပါကြပေ။ ထို့အပြင် သူတို့ ပစ္စည်းများသယ်သူနေသည့်အချိန်၌ သူတို့၏ သန်မာတောင့်တင်းသော ကြွက်သားများအား အတိုင်းသား မြင်နေရလေသည်။
“ဘာလုပ်နေကြတာလဲ” ဟု ရဲ့လော့ယီမှ အော်၍ မေးလိုက်၏။
ထိုအခါ အလုပ်တွင်ဝတ်ရသော အဝတ်အစားများနှင့် ဦးထုပ်ကို ဆောင်းထားသည့် ခေါင်းဆောင်ဖြစ်ပုံရသော အသက် ၄၀ ဝန်းကျင်ရှိ လူလတ်ပိုင်းတစ်ဦးမှာ သူမဆီသို့ ဦးတည်လာပေသည်။
ထိုလူသည် ချောမော၍ နက်ရှိုင်းသောမျက်လုံးများနှင့် ပြင်သစ်လူမျိုးတစ်ယောက်၏ အသွင်အပြင် ရှိလေ၏။
သူကအင်္ဂလိပ်ဘာသာစကားနှင့် ညက်ညက်ညောညော ရှင်းပြလာသည်။
“မင်္ဂလာပါ ကျွန်တော်တို့က လူးဝစ်ငှားထားတဲ့ ပြန်လည်ပြုပြင်ရေးအဖွဲ့ပါ။ မစ္စကျုံက ဒီတည်းခိုခန်းအဆင်မပြေဘူးဆိုပြီး ကျွန်တော်တို့ကိုပြုပြင်ခိုင်းလို့ပါ”
“တည်းခိုခန်းကို ပြန်ပြင်တာလား”
“ဒါကို မြန်မြန် ပြင်ပေးနိုင်လား” ဆုလင်းလင်းကအတွင်းမှ လှမ်းပြောလိုက်၏။
ထိုအခါ ခေါင်းဆောင်ကပြုံးလိုက်သည်။
“ကျွန်တော်တို့က ဒီနေရာမှာ ကျွမ်းကျင်ပါတယ်၊ နာရီအနည်းငယ်ဆို လုံလောက်ပါပြီ”
ထိုအချိန်၌ အလုပ်သမားတစ်ယောက်မှ ပြင်သစ်စကားဖြင့် မေးလာသည်။
“ဘယ်နှခန်းလောက် ပြန်ပြင်ဖို့လိုတာလဲ”
ခေါင်းဆောင်သည် သူကိုင်ထားသော ကိရိယာပစ္စည်းများကိုချကာ ဖုန်းကိုတစ်ချက်စစ်ကြည့်ပြီး “မသေချာသေးဘူး” ဟု ပြောလိုက်၏။
ထို့နောက် ရဲ့လော့ယီဘက်သို့ လှည့်၍ပြောလာသည်။
“မစ္စကျုံ က မစ္စရဲ့ကို အခန်း ပြန်ပြင်ဖို့လိုသေးလားလို့ မေးခိုင်းလိုက်ပါတယ်”
ရဲ့လော့ယီ၏ ပါးစပ်မှာ တွန့်သွားလေသည်။ သူမ ဤတည်းခိုခန်းတွင် အဆင်မပြေသော်လည်း ကျုံချင်းယွီ၏ အကူအညီအား မလိုချင်ပေ။
“မလိုတော့ပါဘူး ကျေးဇူးတင်ပါတယ်နော် ကျွန်မရဲ့အခန်းက ကောင်းပါတယ်” ဟု ယဉ်ကျေးစွာ ငြင်းလိုက်၏။
“ကောင်းပါပြီ”
“မစ္စရဲ့တို့ အခန်းကလွဲပြီး တစ်ခြားအခန်းတွေအကုန် ပြန်ပြင်ဆင်မယ်”
ခေါင်းဆောင်မှ အလုပ်သမားများအား ပြင်သစ်စကားဖြင့် ပြောလိုက်သည်။
“ဒါရိုက်တာကျန်းနဲ့ ဆရာမချင်းက အခန်းပြန်ပြင်ဖို့ သဘောတူခဲ့ကြတာလား” ဟု ဆုလင်းလင်းသည် ဖုန်းကိုသုံးကာ ဘာသာပြန်၍ မေးလိုက်၏။
ခေါင်းဆောင်မှ ခေါင်းညိတ်လိုက်ကာ
“ဟုတ်ပါတယ် သက်တောင့်သက်သာ မနေချင်တဲ့သူလို့ ဘယ်သူရှိပါ့မလဲ ကျွန်တော်တို့ရဲ့ ပြုပြင်မှုတွေက အရမ်း မရှုပ်ထွေးပါဘူး ဒါပေမယ့် နေရထိုင်ရတာ သေချာပေါက် ပိုပြီး အဆင်ပြေလာပါလိမ့်မယ်”
ရဲ့လော့ယီသည် မျက်မှောင်ကျုံ့လိုက်၏။ သူမ ကျန်းတုံ သဘောတူသည်ကို မအံ့ဩသော်လည်း အဘယ့်ကြောင့် ချင်းလီပါ သဘောတူလိုက်ရသနည်း။
အလုပ်သမားများက ဟိုဝင်ဒီထွက်ဖြင့် စတင်ပြုပြင်မွန်းမံနေတော့သည်။
ရဲ့လော့ယီသည် ဘေးအခန်းများ ရေချိုးခန်းပြင်ဆင်ပုံ၊ ကြမ်းပြင်များအား ကော်ဇော်ခင်းလိုက်ပုံ၊ သက်တောင့်သက်သာရှိသော ပရိဘောကများအား ပြောင်းလဲပေးခြင်းများနှင့် လေအေးပေးစက်များ တပ်ဆင်ပေးနေသည်ကို ကြည့်နေလေ၏။ သူမသည် မနာလိုဖြစ်သော ခံစားချက်များကို စတင်ခံစားလာရသည်။
“ဒါက သူများ ပိုင်တဲ့ဟာလေ၊ ဒီလောက်အထိပြင်ဖို့ဆို ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မလိုဘူးလား”
ခေါင်းဆောင်က သူမဘက်သို့လှည့်ကာ ဖြူစွတ်နေသည့်သွားများဖြင့် ပြုံးပြကာ ပြောလိုက်၏။
“စိတ်မပူပါနဲ့၊ မစ္စကျိုးက ဒီတည်းခိုခန်းကို ဝယ်လိုက်ပါပြီ။ အသစ်ပြန်ပြင်လို့ရပါတယ်”