← Chapters

အခန်း (၂၃)

Vol. 3 Ch. 23

အခန်း (၂၃)

Vol. 3 Ch. 23

[ဘာ သူက တည်းခိုခန်းကို ဝယ်လိုက်တာလား၊ ဘာတွေဖြစ်သွားတာလဲ]

[ကျုံချင်းယွီက တိုက်ရိုက်ထုတ်လွှင့်တာပြီးတဲ့အချိန် ပြန်ရောက်လာတော့ ဝိုင်ထုတ်တဲ့ ခြံထဲမှာပဲနေဖို့ ပြောခဲ့တယ် ၊အဲဒီမှာ‌ နေရတာက တည်းခိုခန်းမှာနေရတာထက် ပိုအဆင်ပြေမယ်လို့ပြောတယ် ဒါရိုက်တာ ယွီက မသဘောတူပေမဲ့ ယန်ရှီက တည်းခိုခန်းကို ပြန်ပြီးတော့ ပြုပြင်မွမ်းမံဖို့ အကြံပေးလိုက်တယ်၊ အဲဒါနဲ့ ဒါရိုက်တာယွီကလည်း တည်းခိုခန်းပိုင်ရှင်က သဘောတူမှာမဟုတ်ဘူးထင်ပြီး လက်မခံချင်ခံချင်နဲ့ လက်ခံလိုက်တာ၊ သူတို့မသိတာက ကျုံချင်းယွီက တည်းခိုခန်းကိုပါ တစ်ခါတည်းဝယ်လိုက်တာလေ အခုဆိုရင်ဘယ်သူမှ ကန့်ကွက်လို့မရတော့ဘူး]

[ငါတို့ရဲ့ ဘုရင်မလေးကျုံက ချမ်းသာပြီး ဆုံးဖြတ်ချက်ပြတ်သားလိုက်တာ]

[ကျုံချင်းယွီရဲ့ခရီးစဉ်က အရမ်းချော‌မွေ့နေတာပဲနော်၊ ထုတ်လုပ်ရေးအဖွဲ့က သူ့ကိုဒုက္ခပေးဖို့ကြိုးစားတိုင်း ငွေအင်အား သုံးပြီး အဆင်ပြေပြေနေလို့ရအောင် လုပ်နိုင်တယ်]

[ယန်ရှီကိုအားကျလိုက်တာ ငါလည်း ကျုံချင်းယွီနဲ့အတူခရီးထွက်ချင်တယ်]

ရဲ့လော့ယီတစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်းဖြင့် အခြားသူများ အခန်း ပြုပြင်နေသည်ကို ကြည့်နေသည်။သူမ၏ သန့်စင်ခန်းမှာမူ ယခင်အတိုင်းပိတ်ဆို့နေဆဲပင်ဖြစ်သည်။

ဆုလင်းလင်းသည် သူမဘေးမှနေ၍ စိတ်လှုပ်ရှားစွာအော်လိုက်သည်။

"ဝိုး နင်တို့က ဂျီအဆင့် မွေ့ရာတွေနဲ့ အစားထိုးမှာလား ၊ အဲမွေ့ရာတွေက အရမ်းနူးညံ့တာပဲ၊ ငါ့အိမ်မှာလည်း တစ်ခုရှိတယ်"

"ကျုံမမလေးက အခန်းအဆင်ပြေမှုကို ဦးစားပေးဆိုလို့ပါ၊ ကျွန်တော်တို့က အခု အိပ်ရာရှစ်ခုမှာထားတာ ဒါပေမဲ့ မစ္စရဲ့တို့က ရှိတယ်ဆိုတော့ နှစ်ခုပြန်ပို့လိုက်ပါမယ်"

ဆုလင်းလင်းက အိပ်ရာကိုလက်ဖြင့် ပွတ်ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်နှစ်မြုပ်သွားမလိုခံစားလိုက်ရသည်။ ရဲ့လော့ယီက သူ့ကိုဆွဲ ခေါ်ကာ အခန်းထဲသို့ပြန်‌သွားသည်။

တံခါးပိတ်သွားသည်နှင့် ဆုလင်းလင်းက စိတ်မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။

"နင်က ဘာလို့ ကျုံချင်းယွီအပေါ်ကို ဒီလောက်တောင်ဖြစ်နေရတာလဲ ငါလည်း နူးညံ့တဲ့မွေ့ယာပေါ်အိပ်ချင်တာ‌ပေါ့၊ သန့်ရှင်းတဲ့ သန့်စင်ခန်းလေးသုံးချင်တာပေါ့၊ ကျန်တဲ့သူတွေအကုန်ရနေပြီ ငါတို့ပဲမရတာ"

ရဲ့လော့ယီ၏ ပုံမှန်နူးညံ့သိမ်မွေ့ခဲ့သော မျက်နှာအမူအရာတွင်အက်ကြောင်းများ စတင်ပေါ်လာသည်။

ညသည် အမည်းရောင်ကန့်လန့်ကာကို ခြုံလွှမ်းလိုက်‌သောအခါ မြို့၏ ဆူညံသံများတဖြည်းဖြည်းငြိမ်သက်လာခဲ့သည်။ Royal ဟော်တယ်ကြီးထဲရှိ နွေးထွေးပြီး နူးညံ့သောအလင်းရောင်များသည် အပြင်ဘက်ရှိ နက်ရှိုင်းသောအမှောင်ထုနှင့် သိသိသာသာကွဲပြားနေသည်။ တစ်ခြမ်းပွင့်နေသော ပြတင်းပေါက်မှတဆင့် မြို့၏မီးများသည် ကြယ်ပျံများကဲ့သို့မှိတ်တုတ်မှိတ်တုတ်လင်းနေသည်။

မဟောဂနီသစ်သားစားပွဲပေါ်တွင် စာရွက်စာတမ်းများနှင့် လက်ပ်တော့ပ်တစ်လုံးကို သပ်ရပ်စွာစီထားပြီး ဖန်သားပြင်မှအလင်းသည် ကျုံယန်စီ၏ စူးစိုက်နေသောမျက်နှာအမူအရာကို ထင်ဟပ်နေသည်။ကျုံယန်စီသည် တစ်နေကုန်အလုပ်လုပ်နေပြီး သူ့အလုပ်များမပြီးဆုံးသေးပေ။

ထိုအချိန်တွင် ညင်သာသော တံခါးခေါက်သံတစ်သံထွက်ပေါ်လာခဲ့သည်။

"ဝင်လာခဲ့ပါ"

လက်ထောက်ဆွန်းချီသည် ချောမွတ်တောက်ပြောင်နေသောငွေရောင်တက်ဘလက်တစ်လုံးကိုကိုင်ပြီး အခန်းထဲဝင်လာသည်။

"ဥက္ကဋ္ဌကြီးကျုံ မမလေးကျုံရဲ့ သတင်းတွေက ပြန်ပြီး ရေပန်းစားနေပါပြီ"

ကျုံယန်စီသည် ဒေါသထွက်သွားပြီး နဖူးကိုပွတ်နေမိသည်။ ကျုံချင်းယွီသည် အနုပညာလောကထဲသို့ စဝင်ကတည်းက နှစ်ရက်တစ်ခါရေပန်းစားနေခဲ့သည်။ သို့သော်လည်း နာမည်ကြီးဆယ်လီအများစုကို ပရိတ်သတ်များက အကောင်းမြင်သော စကားများပြောချိန်တွင် ကျုံချင်းယွီကတော့ အမြဲအငြင်းပွားစရာများဖြင့် ရေပန်းစားနေတတ်သည်။

ကျုံစီးပွားရေးလုပ်ငန်းစုသည် သူမကိုရေပန်းစားသည့် သတင်းခေါင်စဉ်များမှ ဖယ်ရှားပေးရန် မည်သည့်အခါမှ မကြိုးစားခဲ့ပေ။ ကျုံယန်စီ၏ ဖခင်သည် ကျုံချင်းယွီအား အနုပညာလောက၏ကြမ်းတမ်းသောအမှန်တရားများကိုမြင်စေပြီး သူမအနေဖြင့် ချမ်းသာသောအမွေဆက်ခံသူတစ်ဦးအနေဖြင့် ပြန်နေစေချင်သည်။

သို့သော်လည်း ကျုံချင်းယွီက လက်မလျှော့ဘဲ အနုပညာလောကထဲမှာပင်နေပြီး အွန်လိုင်းတွင် ချီးမွမ်းမခံရဘဲနေခဲ့သည်။

"ဒီတစ်ခါရော သူ ဘာအပြစ်တွေလုပ်ထားပြန်ပြီလဲ"

ကျုံယန်စီက မထူးခြားဟန်ဖြင့် မေးလိုက်သည်။

"တကယ်တော့ ဒီတစ်ခါက သူ့ကိုချီးမွမ်းနေကြတာပါ"

လက်ထောက်ဆွန်းချီက အနည်းငယ်ထူးဆန်းသောအမူအရာဖြင့် ပြောလိုက်သည်။

"ချီးမွမ်းနေကြတာလား"

ကျုံယန်စီတစ်ယောက် ယခုအဖြစ်ကိုယုံဖို့ခက်ခဲနေသည်။ သူသည် သူ့ညီမအကြောင်းကို အလွန်သိသည်။ သူမသည်ဂုဏ်ယူဝင့်ကြွားပြီး ခေါင်းမာတတ်သူဖြစ်သည်။ သည်လိုစရိုက်မျိုးသည် အနုပညာလောက၏ ကြမ်းတမ်းသောနယ်ပယ်နှင့်မသင့်တော်ပေ။

သူမကို မည်သူက မည်သို့မည်ပုံချီးမွမ်းနိုင်မည်နည်း။

လက်ထောက်ဆွန်းချီက ထပ်မပြောတော့ဘဲ တက်ဘလက်ကိုကျုံယန်စီအားပြလိုက်သည်။

#ကျုံချင်းယွီရဲ့ခြေချောင်းလေးတွေကအရမ်းချစ်စရာကောင်းတာပဲ

#ကျုံချင်းယွီရဲ့နားရွက်လေးတွေက နတ်သမီးလေးလိုပဲအရမ်းလှတယ်

#မစ္စကျုံရဲ့ဆံနွယ်တစ်ပင်ချင်းစီတိုင်းမှာဆွဲဆောင်မှုရှိပြီး လှပတယ်

#မစ္စကျုံကအပြင်အဆင်လှရုံတင်မကဘူးစိတ်ဓာတ်လည်းကောင်းတယ်ဘယ်သူကမချစ်ဘဲနေနိုင်မှာလဲ

ကျုံယန်စီသည် သူ၏ ရွှေဘောင်ခတ်ထားသည့် မျက်မှန်ကိုချွတ်ပြီး မျက်လုံးများကိုပွတ်လိုက်သည်။ သူသည် စကားလုံးတိုင်းကိုနားလည်သော်လည်း ယခုလို အကုန်မြင်လိုက်ရသည့် အခါတွင်တော့ သူ့အတွက်နားမလည်နိုင်တော့ပေ။

သူသည် လက်ထောက်ဆွန်းချီကို စိတ်ရှုပ်ထွေးစွာကြည့်ပြီးမေးလိုက်သည်။

"ဒီလို Hashtag တွေကိုဝယ်တာက အနုပညာလောကမှာ ရေပန်းစားနေပြီလား"

အကယ်၍ ကျုံယန်စီက သည်ကိစ္စသည် သဘာဝအတိုင်းရေပန်းစားလာသည်ဟု ယုံကြည်မည်ဆိုလျှင် သူ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အထင်သေးသကဲ့သို့ ဖြစ်သွားမည်မဟုတ်‌လော။

လက်ထောက်ဆွန်း - "…"

"အကြီးအကဲကျုံ ဒါတွေက ဝယ်ထားတာမဟုတ်ပါဘူး သူ့ဘာသာသူရေပန်းစားနေတဲ့ အကြောင်းအရာတွေပါ"

"ကျုံယန်စီ - "?"

ကျုံယန်စီ သည် အချိန်အတိုင်းအတာတစ်ခုအထိ ငြိမ်သက်နေခဲ့မိသည်။ သူသည် ရေပန်းစားနေသော အကြောင်းအရာများကို နှိပ်လိုက်ပြီး အချက်အလတ်များအရ ယင်းတို့သည် စစ်မှန်သော အကြောင်းအရာများဖြစ်ကြောင်း သူသိရှိလိုက်သည်။ မှတ်ချက်များတွင် ကျုံချင်းယွီကို ချီးကျူးနေသော ပရိတ်သတ်များဖြင့် ပြည့်နှက်နေသည်။ သူတို့၏ စိတ်ရင်းများ မည်မျှစစ်မှန်သည်ကို မသိရသော်လည်း အနည်းဆုံးတော့ ယင်းတို့သည် အတုအယောင်များ မဟုတ်ကြောင်း သူသိရှိလိုက်သည်။

ဤအကြိမ်တွင် ကျုံချင်းယွီ ၏ ဂုဏ်သတင်းသည် စစ်မှန်စွာ တိုးတက်လာခဲ့သည်။

ကျုံယန်စီ သည် နှစ်စက္ကန့်ခန့်မျှ ကြောင်ကြည့်နေခဲ့မိသည်။

"Star Glory က သူတို့ရဲ့ PR အဖွဲ့ကို ပြောင်းခဲ့သေးလား"

Star Glory သည် ကျုံစီးပွားရေးလုပ်ငန်းစု၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး ကျုံချင်းယွီ သည် ယင်းကုမ္ပဏီတွင် ရှယ်ယာအများစုကို ပိုင်ဆိုင်ထားသည်။ သူမ၏ စီမံခန့်ခွဲမှုအောက်တွင် Star Glory သည် နှစ်စဉ်နှစ်တိုင်း အရှုံးများစွာဖြင့် ရင်ဆိုင်ခဲ့ရပြီး လက်ရှိ PR အဖွဲ့သည် သူမ၏ အရှုပ်တော်ပုံများကို ကူညီဖာထေးပေးခဲ့ရသည်။

ကျုံယန်စီ သည် Star Glory ၏ PR အဖွဲ့သည် ရွက်ကြမ်းရေကျိုအဆင့်သာဖြစ်သည်ဟု အမြဲထင်မြင်ယူဆခဲ့သည်။ သို့သော်လည်း သူ၏ ဖခင်သည် ကျုံချင်းယွီ ကို အနုပညာလောကမှ ထုတ်ပယ်ရန် ဆုံးဖြတ်ထားသောကြောင့် သူ့အနေဖြင့် PR ဌာနကို ပြုပြင်ပြောင်းလဲရန် စိတ်မဝင်စားခဲ့ပေ။

ယခုအခါတွင် အသစ်ဖွဲ့စည်းထားသော PR အဖွဲ့သည် ၎င်းတို့၏ အလုပ်များကို အံ့အားသင့်ဖွယ်လုပ်ဆောင်နေသည်ဟု ထင်မိသည်။ သူတို့သည် ကျုံရှင်းယွီအသုံးပြုပြီးသောပစ္စည်းများ လက်ဆောင်ပေးပို့ခြင်းကို စီစဉ်ဆောင်ရွက်ခဲ့ကြခဲ့ပြီး ဝိုင်ခြံမှ ရရှိသော အမြတ်ငွေများကိုလည်း ပရဟိတလုပ်ပြီး လှူဒါန်းခဲ့ကြသည်။ ကျုံချင်းယွီသည် ငွေကြေးအမြောက်အများ သုံးစွဲနေသည်ဟု ထင်ရသော်လည်း သူအသုံးပြုပြီးသားပစ္စည်းများသည် သိုလှောင်ခန်းတွင် ဖုန်တက်နေသော ပစ္စည်းများသာဖြစ်သည်။ ရဲ့လော့ယီနှင့် လဲလှယ်ခဲ့သော ယွမ်10မီလီယမ်သည်လည်း အရင်အနှီးအဖြစ် ယွမ်တစ်မီလီယမ်သာ အမှန်တကယ်ကုန်ကျခဲ့သည်။

တစ်နည်းအားဖြင့် PR အဖွဲ့သည် ယွမ်တစ်မီလီယမ်ခန့်သာ သုံးစွဲခဲ့ပြီး ကျုံချင်းယွီ၏ ပုံရိပ်ကို ပြောင်းလဲပစ်ခဲ့သည်။ သူမ၏ လူထုကြားမှဂုဏ်သတင်းကို သိသိသာသာ တိုးတက်စေခဲ့သည်။

ဝိုင်ခြံတွင် ရိုက်ကူးထားသော မိသားစုဓာတ်ပုံသည်လည်း ထူးခြားသော စိတ်ကူးတစ်ခု ဖြစ်ခဲ့သည်။ ကျုံယန်စီ သည် ယင်းဓာတ်ပုံသည် အဓိကအိပ်ခန်းတွင်သာ ချိတ်ဆွဲထားသင့်သည်ဟုယူဆခဲ့သည်။

မည်သူက ဝိုင်များထားသည့်မြေအာက်ခန်းကို အလှဆင်ရန်အတွက် မိသားစုဓာတ်ပုံကို ထိုနေရာတွင် ချိတ်ဆွဲလိမ့်မည်နည်း။။

"အကြီးအကဲကျုံ သူတို့ရဲ့ PR အဖွဲ့ကို မပြောင်းသေးပါဘူး"

သူ၏ ဘေးတွင် ရပ်နေသော လက်ထောက်ဆွန်း သည် လေးစားစွာဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

"ကျွန်တော် ဒီနေ့ သူတို့အလုပ်လုပ်နေတာကို ကြည့်ခဲ့ပါတယ် ၊ကျွန်တော်တွေ့တာတော့ သူတို့က မစ္စကျုံနဲ့ ညှိနှိုင်းပြီးတော့ ပြည်သူလူထုအမြင်ကြည်အောင် လုပ်ခဲ့တာပါ ဒါပေမဲ့ လက်ဆောင်ပေးတာနဲ့ လှူဒါန်းတာတွေက ကျုံမိန်းကလေး ကိုယ်တိုင်စဉ်းစားပြီး လုပ်ခဲ့တာတွေပါ"

ကျုံယန်စီ သည် စိတ်ရှုပ်ထွေးသွားခဲ့သည်။

"ကျုံချင်းယွီ က အရင်တုန်းကလိုမဟုတ်တော့ဘူးလား"

"အမ်"

လက်ထောက်ဆွန်း သည် စိတ်ထဲတွင် ပြောနေခဲ့သည်။

"ခင်များက သူအစ်ကိုပဲလေ၊ ဖအေတူမအေကွဲမောင်နှမတွေဆိုပေမဲ့ ခင်များမိသားစုဝင်ပဲမလားသကိုယ့်ညီမကို ဘာလို့ ဒီလောက်ကြီး ကြမ်းကြမ်းတမ်းတမ်း ပြောရတာလဲ"

သို့သော် ကျုံချင်းယွီ သည် တစ်ချိန်က Star Glory ၏ အရင်းအမြစ်များကို ထျန်ဟွေ့အနုပညာကုမ္ပဏီနှင့် ပေယွဲ့ပိုင်အတွက် အသုံးပြုခဲ့သည်ကို စဉ်းစားမိသောအခါ ဥက္ကဋ္ဌကျုံဘက်မှလည်းမှားနေခြင်း မဟုတ်ဟု တွေးမိတော့ပေ။ မစ္စကျုံသည် ထူးချွန်ထက်မြက်သူတစ်ဦး မဟုတ်ပေ။ ထို့အပြင် သူမသည် အချစ်နွံထဲတွင် လမ်းပျောက်နေသူတစ်ဦးဖြစ်သည်။

လက်ထောက်ဆွန်းမှ ရှင်းလင်းသော အဖြေမပေးနိုင်သည်ကို မြင်သောအခါ ကျုံယန်စီသည် ကျုံချင်းယွီတစ်ယောက် ကံကောင်း ထောက်မစွာဖြင့် ရေပန်းစားလာပြီး ဂုဏ်သတင်းကောင်းများ ရရှိလာခြင်းသာဖြစ်မည်ဟု ခံစားမိသည်။

သူသည် ကျုံချင်းယွီ၏ ရသစုံရှိုးမှတ်တမ်းများအားလုံးကို ဖွင့်ကြည့်လိုက်ပြီး ခပ်မြန်မြန်ကြည့်ရှုလိုက်သည်။ ရှိုးပွဲစတင်ပြီး နှစ်ရက်ကြာခဲ့သော်လည်း မှတ်တမ်းများသည် ပို၍ပင်များပြားလာခဲ့သည်။ ကျုံယန်စီသည် ကျုံချင်းယွီ ၏ ရေပန်းစားသော အကြောင်းအရာများ၏ အချက်အလတ်များကို နှိုင်းယှဉ်ကြည့်ပြီးနောက် မကြာမီတွင် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။

ယန်ရှီ။

ဤအကောင်းဆုံးသူငယ်ချင်းသည် ရှိုးပွဲတွင် များသောအားဖြင့် မမြင်ရသော်လည်း ကျုံချင်းယွီ အတွက် အရေးပါသော အခိုက်အတန့်များတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ကျုံချင်းယွီ သည် တောင်းပန်ရန် ဖိအားပေးခံရသောအခါ ယန်ရှီ သည် သူမ၏ ခြေကျင်းဝတ်လိမ်သွားဟန်ဆောင်ပြီး နာကျင်စွာ အော်ဟစ်ခဲ့သည်။ ယင်းသည် ကျုံချင်းယွီ ၏ တောင်းပန်မှုကို ရပ်တန့်စေခဲ့ပြီး အမှန်တရားကို ဖော်ထုတ်ပြသခဲ့သည်။ ထို့အပြင် ရဲ့လော့ယီကိုပင် ပြန်တောင်းပန်စေခဲ့သည်။

သူတို့၏ လေယာဉ်လက်မှတ်များ မရသောအခါ ယန်ရှီသည် ဘာမှမသိဘဲ တုံအ,ဟန်ဆောင်ပြီး ကျုံချင်းယွီကို သူမ၏ ပုဂ္ဂလိက လေယာဉ်ကို အသုံးပြုရန် စည်းရုံးခဲ့သည်။

ကျုံယန်စီသည် ယန်ရှီတစ်‌ယောက် ဟန်ဆောင်နေသည်ဟု အသေအချာသိရှိလိုက်သည်။ ယန်ရှီသည် ကျုံစီးပွားရေးလုပ်ငန်းစုတွင် အနာဂတ်တွင် ဝင်ရောက်လုပ်ကိုင်ရန် ရှိနေပြီး ကျုံယန်စီ သည် သူမ၏ ပညာရေးဆိုင်ရာ စွမ်းဆောင်ရည်များကို စောင့်ကြည့်နေခဲ့သည်။

ယန်ရှီသည် ဟိုင်မြို့တက္ကသိုလ်တွင် တက်ရောက်နေပြီး သူမ၏ ပါမောက္ခများနှင့် နိုင်ငံတကာ ပညာရေးဖိုရမ်များသို့ မကြာခဏ လိုက်ပါခဲ့သည်။

သူမကဲ့သို့သော ထူးချွန်ထက်မြတ်သူတစ်ဦးသည် အသုံးမဝင်သော မြေပုံကို ဝယ်ယူရန် လိုအပ်ပါသလား။ IELTS အမှတ် ခုနှစ်အထိရှိသော သူမသည် ဘာသာပြန်တစ်ဦး လိုအပ်ပါသလား။

သူမ၏ လိမ်လည်မှုများသည် သိသာထင်ရှားနေသော်လည်း ယန်ရှီ၏ အပြစ်မရှိသောအသွင်အပြင်နှင့် နူးညံ့သိမ်မွေ့သော ပြောဆိုဟန်တို့ကြောင့် လူတိုင်းက သူမကို ယုံကြည်ခဲ့ကြသည်။

ကျုံယန်စီသည် ဇိမ်ခံပစ္စည်းများ လက်ဆောင်ပေးပို့သည့် တိုက်ရိုက်ထုတ်လွှင့်သည့် ဗွီဒီယိုကို ခပ်မြန်မြန် သွားကြည့်လိုက်သည်။ လူတိုင်း၏ အာရုံသည် ကျုံချင်းယွီနှင့် ပစ္စည်းများအပေါ်တွင် ရောက်နေသော်လည်း လက်ဆောင်ပေးရန် အကြံပြုခဲ့သူမှာ ယန်ရှီ ဖြစ်သည်။

နောက်ပိုင်းတွင် ရဲ့လော့ယီသည် လူအားလုံးကို ဝိုင်ခြံသို့ ဖိတ်ခေါ်သောအခါ ကျုံချင်းယွီ သည် သွားလိုစိတ်မရှိခဲ့သော်လည်း ယန်ရှီ က သွားချင်ကြောင်းပြောခဲ့သည်။

ရဲ့လော့ယီထံမှ ယွမ်တစ်သန်း ညှဉ်းပန်းယူခြင်းသည်အနာဂတ်တွင် ဝေဖန်မှုများ ရရှိမည်မှာ သေချာသော်လည်း ယန်ရှီသည် ကျုံချင်းယွီထံတွင် ငွေမထားရှိဘဲ ယင်းငွေကို ပရဟိတအတွက် လှူဒါန်း စေခဲ့သည်။

ဤလုပ်ဆောင်ချက်များစွာသည် ကျုံချင်းယွီ ဦးဆောင်နေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ယန်ရှီမှ စီမံခန့်ခွဲခဲ့ခြင်းသာ ဖြစ်သည်။

ကျုံယန်စီ သည် သူ၏ ရုံးကုလားထိုင်ပေါ်တွင် လျှောထိုင်လိုက်ပြီး ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ ယန်ရှီ၏ သန့်စင်ပြီး အပြစ်ကင်းသောမျက်နှာလေးကို ကြည့်ရှုနေခဲ့သည်။ သူမသည် ကျုံချင်းယွီ၏ ဘေးတွင် ရပ်နေပြီး နူးညံ့စွာ ပြုံးနေခဲ့သည်။ မည်သည့်အခါတွင်မျှ အာရုံစိုက်မှုကို မယူခဲ့ပေ။ ကျုံယန်စီသည် အချက်အလတ်များကို မစိစစ်ခဲ့ပါက သူပင် သူမ၏ သိမ်မွေ့သော လှည့်ကွက်များအောက်သို့ကျရောက်သွားလိမ့်မည်သာ ဖြစ်သည်။

နောက်ဆုံးတွင် သူမ၏ လုပ်ဆောင်ချက်များသည် သဘာဝကျနေပြီး ယန်ရှီသည် အစကတည်းကပင် လူများက သူမကို သတိမပြုမိစေရန် ကောလိပ်ကျောင်းသူလေးအဖြစ် နေထိုင်ခဲ့သည်။

"အကြီးအကဲကျုံ ဥက္ကဋ္ဌကြီးက မစ္စကျုံ ကို အနုပညာလောကထဲမှာ မထားချင်ဘူး၊ ဒါဆိုရင် ယန်ရှီပါနေတာက ပိုမကောင်းဘူးလား"

လက်ထောက်ဆွန်း က မေးလိုက်သည်၊

ကျုံယန်စီသည် သူ၏ ရွှေဘောင်ကွပ်ထားသော မျက်မှန်ကို ချွတ်လိုက်ပြီး နှာခေါင်းကို လက်နှစ်ဖက်ဖြင့် အားပါးတရညှစ်လိုက်သည်။

"ကျုံချင်းယွီကို အနုပညာလောကထဲ ပြန်ဝင်လာနိုင်ဖို့အတွက် ယန်ရှီက စွမ်းဆောင်ခဲ့တာ"

ကျုံမိသားစုသည် ကျုံချင်းယွီကို ကူညီမည် မဟုတ်သော်လည်းသူမကို အောက်ကျနေချိန် နင်းမည်လည်း မဟုတ်ပေ။

"ဖြစ်နိုင်တာက မစ္စကျုံ က နာမည်ကြီးလာပြီး သူက ဆရာ့ကို မိသားစုအမွေအတွက် ယှဉ်ပြိုင်လာနိုင်တယ်၊ အကြီးအကဲကျုံ ယန်ရှီ က လွန်ခဲ့တဲ့ငါးနှစ်က ကျုံစီးပွားရေးလုပ်ငန်းစု ထောက်ပံ့မှုရခဲ့တာ ၊သူ့ကို အဆင့်မြင့်စီမံခန့်ခွဲမှုရာထူးအတွက် ပြင်ဆင်ထားတယ်၊ သူသာ ကူညီနေရင် မစ္စ ကျုံက ဆရာ့ကို ရှုံးနိုင်မှာမဟုတ်ဘူး"

ကျုံယန်စီသည် နှုတ်မှအသံထွက်၍ ပြုံးရယ်လိုက်သော်လည်းတုံ့ပြန်မှု မပြုခဲ့ပေ။

သူသည် ယန်ရှီ ၏ ကိုယ်ရေးအကျဥ်းဖိုင်ကို လှန်ကြည့်လိုက်ပြီး သူမ၏ ပထမနှစ် ဘွဲ့လွန်ကျောင်းအမှတ်များကို ကြည့်ရှုလိုက်သည်။ သူမ၏ မူရင်းအမှတ်များသာမက သူမ၏ စာတမ်းမှ ရရှိသော အပိုအမှတ်များတွင်ပါ သူမသည် မျှော်လင့်သည့်အတိုင်း ဖြစ်လာခဲ့ပြီး သူမ၏ အတန်းတွင် ပထမနေရာရခဲ့သည်။

"ကျွန်တော် မှတ်မိတာက ဟိုင်မြို့တက္ကသိုလ်မှာ ကျောင်းသားဖလှယ်ရေးအစီအစဉ်ရှိတယ် ယန်ရှီက ဒါကို စာရင်းသွင်းခဲ့တာလား"

"ဟုတ်ပါတယ် ယန်ရှီရဲ့ အမှတ်တွေက လုံလောက်ပါတယ်၊ တကယ်လို့ မမျှော်လင့်ထားတဲ့ အခြေအနေတွေသာ မဖြစ်ခဲ့ဘူးဆိုရင်သူက ဘွဲ့လွန်ဒုတိယနှစ်မှာ အမေရိကန်ကို တစ်နှစ်သွားပြီးနောက်ထပ်ဘွဲ့တစ်ခုလိမ့်မယ်၊ ယန်ရှီက တစ်ချိန်ချိန် ကျုံစီးပွားရေးလုပ်ငန်းစုထဲကို ဝင်လာတဲ့အချိန်ကျရင် သူက ဟိုင်မြို့တက္ကသိုလ်ဘွဲ့ရဖြစ်ပြီး ဘွဲ့နှစ်ဘွဲ့နဲ့ နိုင်ငံခြားအတွေ့အကြုံရှိတဲ့သူဖြစ်တော့ ဆရာ့ရဲ့ အတွင်းရေးမှူးရုံးကို တိုက်ရိုက်ဝင်လို့ ရတော့မှာ"

ကျုံယန်စီ သည် သူ၏ လက်ချောင်းများဖြင့် မဟော်ဂန်နီစားပွဲကိုဖြည်းညင်းစွာ ခေါက်လိုက်သည်။ အမေရိကန် ကျောင်းသားဖလှယ်ရေးအစီအစဉ်သည် လာမည့်အပတ်တွင် စတင်မည်ဖြစ်သည်။ ထို့အပြင် ပြင်သစ်သို့ ခရီးစဉ်အပြင် အတူခရီးသွားကြစို့ရှိုးပွဲတွင် နောက်ထပ် နေရာနှစ်ခုကို ထပ်မံရိုက်ကူးရန် ရှိသေးသည်။ ယင်းသည် အနည်းဆုံး တစ်လကြာမည်ဖြစ်သည်။

"သူဒီဘွဲ့ကို မရလောက်တော့ဘူးထင်တယ်"

……

ယန်ရှီသည် သူမ လူတစ်ဦး၏ အာရုံကို စွဲဆောင်နေပြီဖြစ်ကြောင်း လုံးဝမသိခဲ့ပေ။ သူမ တည်းခိုခန်းသို့ ပြန်ရောက်သောအခါ ပြင်ဆင်မှုများ ပြီးစီးနေပြီဖြစ်သည်။ အဖြူရောင် အိပ်ရာခင်းများကို ညီညာစွာ ခင်းထားပြီး နူးညံ့သော ဂွမ်းစောင်များကိုလည်း အဆင့်အတန်းရှိစွာ ခင်းကျင်းထားသည်။

အခန်းထဲရှိ ပရိဘောဂအားလုံးမှာ အသစ်စက်စက်ဖြစ်နေသည်။ သစ်သားဗီရိုမှ အနံ့သင်းသင်းလေးထွက်နေပြီး တံခါးလက်ကိုင်များကို ချောမွတ်နေစေရန် အရောင်တင်ဆေးသုတ်ထားသည်။ အသစ်ထည့်ထားသော မှန်တင်ခုံမှာ ရိုးရှင်းပြီး အသုံးဝင်ကာ ကြည်လင်သော မှန်တစ်ချပ်က အခန်း၏ အသေးစိတ်အချက်အလက်များကို ရှင်းလင်းစွာ ရောင်ပြန်ဟပ်နေသည်။

ထောင့်တစ်နေရာရှိ ဖန်စားပွဲပေါ်တွင် လတ်ဆတ်သောပန်းများကို အစီအရီစိုက်ထားပြီး အခန်းအား ရသမြောက်အောင်ပင် လှပတင်တည်နေစေသည်။

ကျုံချင်းယွီသည် နူးညံ့သောအိပ်ရာဖောင်းဖောင်းလေးပေါ်တွင် ဇိမ်ကျစွာ လှဲနေမိနေသည်။

"ဒါမှ ခရီးထွက်ရတာလို့ ပြောရမှာပဲ၊ မနေ့က အိပ်ရာကတော့ မာလွန်းလို့ ကျောတွေတောင်နာသွားတယ်"

အမှန်တကယ်တွင် ဒါရိုက်တာယွီသည် လီချန်းမြို့၏ အလယ်အလတ်တန်းစား တည်းခိုခန်းတစ်ခုကို ရွေးချယ်ပေးခဲ့သည်။ သို့သော် သည်အမျိုးသမီး‌လေးမှာ ငွေဇွန်းကိုက်ပြီးမွေးဖွားလာသူဖြစ်ပြီး တစ်သက်လုံး အခက်အခဲဟူ၍ တစ်လုံးတစ်ပါဒမျှမခံစားခဲ့ဖူးပေ။

မပျော်မရွှင်ဖြစ်လာသည့်အခါတိုင်း ဒေါသထွက်ပြီး ပေါက်ကွဲတတ်သည်။ ဝတ္ထုထဲတွင်လည်း သူမသည် ဤကဲ့သို့ပင် ပြုမူခဲ့သည်။

သူမက ရှုယန်ယန်ကို ယွမ်တစ်သန်းပေးခဲ့သော်လည်း ရှုယန်ယန်က အများစုကိုဝှက်ထားပြီး ငါးသောင်းသာသုံး၍ စျေးပေါသည့် ခရီးစဉ်တစ်ခုကို စီစဉ်ပေးခဲ့သည်။ ထို့ကြောင့် ကျုံချင်းယွီမှာ အစားအသောက်နှင့် အစီအစဉ်များကို မကျေမနပ်ဖြစ်နေခဲ့သည်။ သူမသည် သူ့ဒေါသအားလုံးကို ရှုယန်ယန်အပေါ်သို့ ပုံချလိုက်ပြီး ပရိတ်သတ်များက ၎င်းတို့၏ ဆက်ဆံရေးအား အတုအယောင်သာဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။

လက်တွေ့တွင် ရှုယန်ယန်က ထိုငွေများထဲမှ တစ်ဝက်ခန့်ကိုသာ ခရီးစဉ်အတွက် အသုံးပြုခဲ့လျှင်ပင် ကျုံချင်းယွီသည် သက်တောင့်သက်သာရှိစွာ ခရီးသွားနိုင်ပြီး သူမ၏စိတ်လည်း ပြေလျော့နိုင်မည်ဖြစ်သည်။

ကံမကောင်းစွာပင် လူအများစုမှာ အမြင်ကျဥ်းသောသူများဖြစ်ကြသည်။

အနားယူပြီးနောက် ကျုံချင်းယွီသည် ရေချိုးခန်းအတွင်းသို့ဝင်သွားသည်။

ယန်ရှီသည် သူမ၏နောက်ဆုံးစာ‌မေးပွဲအဆင့်များကို စစ်ဆေးရန် လက်ပ်တော့ပ်ကိုဖွင့်လိုက်သည်။

ဘွဲ့လွန်ကျောင်းတတ်ပြီးသည့်နောက်တွင် ဘာသာရပ်အများစုတွင် စာမေးပွဲများ မရှိတော့ပေ။ ကျင့်ဝတ်ဘာသာရပ်ကဲ့သို့သော ယေဘုယျဘာသာရပ်များမှလွဲ၍ ကျန်အထူးပြုဘာသာရပ်များအတွက် စာတမ်းများတင်ရန်လိုအပ်သည်။ ထို့ကြောင့် ယန်ရှီသည် သူမ၏ရမှတ်များကို အများအားဖြင့် ကြိုတင်သိထားပြီးဖြစ်သည်။ ဤတစ်ကြိမ်တွင် သူမ၏ ပျမ်းမျှရမှတ်သည် တစ်တန်းလုံးတွင်ပထမရခဲ့ပြီး အပိုစာတမ်းအမှတ်များကြောင့် ပညာတော်သင်ဆုလျှောက် ထားနိုင်သည်အထိအရည်အချင်းပြည့်မီသည်။

ထိုအချိန်တွင် ဖုန်းမြည်လာသည်။ သူမ၏ အခန်းဖော်မှ ဖုန်းခေါ်ဆိုနေခြင်းဖြစ်သည်။

"ရှီရှီ အတန်းဂရုချက်ထဲက အကြောင်းကြားစာကို တွေ့ပြီးပြီလား"

"ငါအခုမှ ကွန်ပျူတာဖွင့်တာ ဘာဖြစ်လို့လဲ"

"နင့်ကို ရှိုးပွဲထဲမှာ တွေ့လိုက်တယ် နင်အဲဒါတွေနဲ့ အလုပ်ရှုပ်နေတာနဲ့ အကြောင်းကြားစာကို မတွေ့မှာစိုးလို့"

သူမ၏အခန်းဖော်က ဆက်ပြောသည်။

"ကျောင်းသားဖလှယ်ရေးအစီအစဉ်က စတော့မယ်၊ ငါတို့လျှောက်ထားတာတွေကတော့ အတည်ပြုပြီးသွားပြီ ၊အမေရိကန်နိုင်ငံအတွက် ပရိုဂရမ်က စက်တင်ဘာလကျမှ တရားဝင်စတင်မှာဆိုပေမဲ့ ပါမောက္ခကြီးက ငါတို့ကို နွေရာသီလောက် ရောက်စေချင်နေတယ် ငါတို့မှာ အချိန်တစ်ပတ်ပဲ ကျန်တော့တယ်"

ဟိုင်မြို့တက္ကသိုလ်တွင် နိုင်ငံခြားတက္ကသိုလ်များနှင့် ကျောင်းသား ဖလှယ်ရေးအစီအစဉ်များရှိပြီး ကျောင်းသားများအား မိမိနှစ်သက်ရာကျောင်းများကို ရွေးချယ်ခွင့်ပေးထားသည်။ ယန်ရှီနှင့် သူမ၏ အခန်းဖော်တို့သည် တူညီသောကျောင်းသို့ လျှောက်ထားခဲ့ကြသည်။ ဝတ္ထုထဲတွင် ယန်ရှီသည် သူမ၏ကိုယ်ပိုင်ရှုထောင့်ကို မမြင်နိုင်ဘဲ ဇာတ်လမ်း၏ အဖြစ်အပျက်များကိုသာ မြင်နေရသည်။ သို့သော် ခန့်မှန်းနိုင်သည်မှာ ဝတ္ထုထဲက ယန်ရှီသည်လည်း ဤအချိန်တွင် အလားတူအကြောင်းကြားစာကို လက်ခံရရှိပြီး နိုင်ငံခြားတွင် ပညာသင်ယူရန် ရွေးချယ်ခဲ့မည်ဖြစ်သည်။

သူမသည် ပညာတော်သင်အတွက် အဆင်သင့်ဖြစ်စေရန် အလုပ်များနေသဖြင့် ကျုံချင်းယွီ၏ ရသစုံရှိုးတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရန် အချိန်မရှိခဲ့ပေ။ ကျုံချင်းယွီအတွက် မည်သို့ဖြစ်ခဲ့သည်ကို သူမသတိမထားမိခဲ့ပေ။ ကျုံချင်းယွီသည် အလွန်အကူအညီမဲ့နေခဲ့မည်ဖြစ်သော်လည်း ယန်ရှီသည် သူမ၏ပညာရေးတွင်သာ အာရုံစိုက်နေခဲ့သည်။

ယန်ရှီ: "ကျောင်းကျောင်း နင်အခု ကျောင်းမှာရှိတုန်းပဲလားငါ ကျောင်းသားဖလှယ်ရေးအစီအစဉ်က နုတ်ထွက်စာရေးပြီးပြီ ပါမောက္ခကို ငါ့အစား ပေး‌ပေးပါလား"

သူမ၏အခန်းဖော်မှာ အံ့အားသင့်သွားသည်။

"နင်မသွားတော့ဘူးလား ဒီလိုအခွင့်အလမ်းကောင်းတစ်ခုက နှစ်ခါထပ်မလာဘူးနော်"

ယန်ရှီက ဖြေလိုက်သည်။

"ငါ့မှာ တခြားကိစ္စတွေရှိနေတယ် အချိန်မပေးနိုင်လို့ပါ"

သူမ၏အခန်းဖော်က တိုက်ရိုက်ထုတ်လွှင့်မှုကို သတိရမိသည်။

"ရှီရှီ နင် အနုပညာလောကထဲကို ဝင်ဖို့စဉ်းစားနေတာလား၊ နင်ပါတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်မိသေးတယ်၊ နင်က ကင်မရာမှာ အရမ်းလှတာပဲ အနုပညာရှင်တစ်ယောက်အနေနဲ့လည်း နင်ကအောင်မြင်မှာပါ"

ယန်ရှီက ရယ်မောလိုက်သည်။

"မဟုတ်ဘူး တကယ်က တခြားကိစ္စတစ်ခုကြောင့်ပါ"

အခန်းဖော်နှင့် ဖုန်း‌ပြောပြီးနောက် ယန်ရှီသည် ကျုံယန်စီထံ WeChat မှတစ်ဆင့် မက်ဆေ့ပို့လိုက်သည်။

လွန်ခဲ့သောငါးနှစ်ခန့်က ကျုံယန်စီသည် အသက် ၂၂ နှစ်ရှိပြီး ကျုံချင်းယွီဖခင်၏ လက်ထောက်အဖြစ် အလုပ်လုပ်နေခဲ့သည်။ ကျုံချင်းယွီက သူမ၏ဖခင်ထံမှ ယွမ်ဆယ်သန်းအကူအညီတောင်းရန် မဝံ့မရဲဖြစ်နေခဲ့သည်။ ထိုအခါ ကျုံယန်စီက ကျုံစီးပွားရေးလုပ်ငန်းစု၏ ကိစ္စများဖြင့် အလုပ်များနေသော ဥက္ကဋ္ဌအတွက် ထိုကိစ္စကိုကိုင်တွယ်ပေးခဲ့သည်။ ထိုအချိန်တွင် ယန်ရှီ သည် ကျုံယန်စီကို WeChat တွင် ထည့်သွင်းခဲ့သည်။

အနာဂတ်စွမ်းရည်ဖွံ့ဖြိုးရေးအစီအစဉ်တွင် အခက်အခဲတစ်ခုရှိနေပြီး ယန်ရှီသည် ကျုံယန်စီကို WeChat မှတစ်ဆင့် အသိပေးရန် လိုအပ်သည်ဟု ခံစားမိသည်။

Royal ဟော်တယ်ဥက္ကဌ၏ အခန်းတွင် ကျုံယန်စီသည် WeChat မက်ဆေ့ကို ကြည့်လိုက်သည်။ အချိန်သည် အဖိုးတန်သောကြောင့် သူသည် စာသားဖြင့်ပြန်ရန် အချိန်မဖြုန်းဘဲ တိုက်ရိုက်ဖုန်းခေါ်လိုက်သည်။

"မစ္စတာကျုံ"

တစ်ဖက်မှ ယန်ရှီ၏အသံသည် ယဉ်ကျေးပြီး တည်ငြိမ်စွာဖြင့်ထွက်ပေါ်လာသည်။ ကျုံယန်စီသည် သူ၏နှာတံပေါ်ရှိ ရွှေဘောင်ကွပ်ထားသည့် မျက်မှန်ကို ပြန်တည့်လိုက်ပြီး ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောလိုက်သည်။

"မူရင်းအစီအစဉ်ကတော့ မင်းဘွဲ့ရပြီးတာနဲ့ ကျုံစီးပွားရေးလုပ်ငန်းစုကို ဖိတ်ခေါ်ဖို့ပဲ၊ နိုင်ငံခြားအတွေ့အကြုံနဲ့ဆိုရင် မင်းကို အတွင်းရေးမှူးရုံးမှာထားပြီး ဥရောပနဲ့ မြောက်အမေရိကဈေးကွက်တွေကို ကိုင်တွယ်ခိုင်းဖို့၊ ဒါပေမဲ့ အခုတော့ ဒီလိုမျိုးအတွေ့အကြုံမရှိတော့တဲ့အတွက် မင်းရဲ့ရာထူးကို ပြန်သုံးသပ်ဖို့လိုလာပြီ"

ယန်ရှီက သတိထားပြီးမေးလိုက်သည်။

"ပြန်သုံးသပ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ"

ကျုံယန်စီ က ပြန်ဖြေသည်။

"ဥပမာ‌ပြောရမယ်ဆိုရင် အစက မင်းကို ကျုံစီးပွားရေးလုပ်ငန်းစုမှာ ဆယ်နှစ်အလုပ်လုပ်ပြီး မင်းရဲ့နှစ်စဉ်လစာ တစ်ဝက်က အကြွေးဆပ်ဖို့သုံးမှာပေါ့၊ ဒါပေမဲ့ အခုတော့ မင်းမှာ အရည်အချင်းမပြည့်မီတော့တဲ့အတွက် မင်းရဲ့အလုပ်ကာလကို ပိုတိုးဖို့လိုလာပြီ"

ယန်ရှီ: “....”

ဒါကို အရင်းရှင်ဝါဒဟု ခေါ်နိုင်ပါသည်။

ယန်ရှီသည် အသက်ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး အေးဆေးစွာပြောလိုက်သည်။

"ဟုတ်ကဲ့"

ကျုံယန်စီ ပြောစရာစကားမဲ့သွားသည်။ သူက ယန်ရှီသဘောတူမည်ဟု မျှော်လင့်ထားသော်လည်း သူမ၏သဘောတူညီချက်ကို ကြားရသည်မှာ ထူးဆန်းနေသည်။

"ဘာကြောင့်လဲ"

ကျုံယန်စီက မေးလိုက်သည်။

ယန်ရှီ မှာ အံ့အားသင့်သွားသည်။

"ဘာကြောင့်လဲဆိုတာ ဘာကိုဆိုလိုတာလဲ"

ကျုံယန်စီ : "ဘာလို့ ကျုံချင်းယွီကို ကူညီပေးနေတာလဲ"

အခြားသူများအနေဖြင့် သတိမထားမိဘဲ ယန်ရှီ၏လုပ်ရပ်များကို အနုပညာလောကထဲဝင်ရန် ကြိုးစားနေသည်ဟု ထင်ကောင်းထင်ကြမည်။ သို့သော် ကျုံယန်စီကတော့ တစ်စုံတစ်ခုကို မြင်နေရသည်။ သူမလုပ်နေသည့်အရာတိုင်းသည် ကျုံချင်းယွီ၏ အနုပညာလောကအတွင်းရှိ ဂုဏ်သတင်းကို မြှင့်တင်ရန်အတွက်သာ ဖြစ်နေသည်။

ယန်ရှီသည် ဇာတ်လမ်းအကြောင်းကို ကျုံယန်စီအား ဖွင့်ပြောရန် မဖြစ်နိုင်ကြောင်း သိထားသောကြောင့် အခြားရှင်းလင်းချက်တစ်ခုကို ပေးလိုက်သည်။

"မစ္စတာကျုံ ကျွန်မနဲ့ ချင်းချင်းတို့ရဲ့ ဆက်ဆံရေးအရ သူ့ကိုကူညီတာက သဘာဝကျတယ်မဟုတ်လား"

သူမသည် ဘဝကို ရှည်လျားစွာဖြတ်သန်းရဦးမည်ဖြစ်ပြီး နောင်တွင် နိုင်ငံခြားသင်တန်းတက်ရောက်ရန် လျှောက်ထားနိုင်သည်။ ကျုံစီးပွားရေးလုပ်ငန်းစုအပေါ်တင်နေသည့် ကြွေးမြီအတွက်ဆိုလျှင် အနားယူချိန်မတိုင်မီ နှစ်သုံးဆယ်ကျော်အထိဆပ်‌နေလို့ရသည်။ တစ်စုံတစ်ဦးအတွက် အလုပ်လုပ်ခြင်းသည်လည်း အလုပ်သာဖြစ်သည်။ နှစ်အနည်းငယ်ပို၍ အလုပ်လုပ်ရခြင်းကြောင့်

သူမအနေဖြင့် ဘာမျှထိခိုက်မည်မဟုတ်ပေ။

သို့သော် ကျုံချင်းယွီအတွက်မူ အသက်တစ်သက်သာရှိသည်။

ကံကောင်းခြင်းအမှတ်များ လုံလောက်စွာမစုမိပါက ကျုံစီးပွားရေးလုပ်ငန်းစုသည် ဒေဝါလီခံရမည်ဖြစ်ပြီး ကျုံချင်းယွီသည် ကန်စွန်းဥများတူးနေရမည်ဖြစ်သည်။ ယန်ရှီကိုယ်တိုင်သည်လည်း သစ်ပင်တစ်ပင်သာဖြစ်သွားလိမ့်မည်။

သို့သော်လည်း

"မစ္စတာကျုံ ကျွန်မတို့ လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်မှာ ကျွန်မအနေနဲ့ ဟိုင်မြို့တက္ကသိုလ်က မဟာဘွဲ့ရပြီး ကျုံစီးပွားရေးလုပ်ငန်းစုမှာ ဆယ်နှစ်အလုပ်လုပ်ဖို့ပဲ ပါပါတယ် အခြားသတ်မှတ်ချက်တွေ မပါဘူးမဟုတ်လား"

"နိုင်ငံခြားပညာသင်ကြားရေးလိုအပ်ချက်ဆိုတာ ကျွန်မကို အတွင်းရေးမှူးရုံးမှာထားဖို့ မစ္စတာကျုံက ထည့်ခဲ့တာပါ၊ ကျောင်းသားဖလှယ်ရေးအစီအစဉ်မသွားရင်တောင် မဟာဘွဲ့ရပြီးရင် စာချုပ်ကိုချိုးဖောက်တာမဟုတ်ဘူးမလား"

ကျုံယန်စီ: “.....”

သူမကို လျှော့တွက်ခဲ့မိသည်။ ငယ်ရွယ်သေးသော မိန်းကလေးသည် လွန်ခဲ့သော ငါးနှစ်ခန်က စာချုပ်၏ အသေးစိတ်အချက်အလက်များကို အလွတ်မှတ်မိနေသည်။

အခန်းတံခါးခေါက်သံကြားလိုက်ရသည်။

လက်ထောက်ဆွန်းချီသည် ကျုံယန်စီအား နိုင်ငံတကာအစည်းအဝေးတစ်ခု ဆယ်မိနစ်အတွင်းစတင်မည်ဖြစ်ကြောင်း အသိပေးသည်။

"ငါ့မှာ တခြားကိစ္စလေးတွေလုပ်စရာရှိ‌သေးတယ်"

ယန်ရှီ၏စကားကို ကြားပြီးနောက်တွင်ပင် မတုန်မလှုပ်ဖြင့် ကျုံယန်စီက ပြောသည်။

"ဖုန်းချလိုက်မယ်"

ဖုန်းချလိုက်ပြီးသည့်နောက်တွင် ယန်ရှီ၏နားထဲ၌ ဖုန်းအသံသာကျန်ရစ်ခဲ့သည်။

ယန်ရှီသည် ဖုန်းပေါ်ရှိအချိန်ကို ကြည့်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုပြီးဆုံးသွားသည်မှာ ကြာလှပြီဖြစ်ကာ ည ၁၁ နာရီထိုးပြီဖြစ်သည်။

ကျုံယန်စီသည် ဤအချိန်အထိ အလုပ်လုပ်နေဆဲပင်။

မနေ့က လေယာဉ်ပေါ်တွင် ညနက်သည်အထိ အလုပ်လုပ်ခဲ့ပြီး လီချန်းမြို့ရောက်ပြီးနောက်လည်း အချိန်ပိုအလုပ်လုပ်နေဆဲဖြစ်သည်။ ထိုကဲ့သို့သော အလုပ်ဝန်ထုပ်ဝန်ပိုးမျိုးဖြင့် သူမဟုတ်ဘဲ မည်သူသည် အလုပ်ပိပြီး သေဆုံးနိုင်မည်နည်း။

"ကျွန်မ နောက်တစ်ခါလောက် လူကောင်းလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ"

ယန်ရှီက စိတ်ပိုင်းဖြတ်လိုက်သည်။

System -

[မင်းဘာလုပ်ဖို့စီစဉ်နေတာလဲ]

တစ်နာရီခန့်အကြာတွင် ကျုံယန်စီသည် နိုင်ငံတကာအစည်းအဝေးကို ပြီးဆုံးအောင်လုပ်လိုက်သည်။ သူ၏ဖုန်းသည် ယန်ရှီမှပို့သော စာတိုများဖြင့် လင်းထိန်လာသည်။

ကျုံယန်စီသည် WeChat ကိုဖွင့်ပြီး ယန်ရှီပို့ထားသော "အလုပ်ပင်ပန်းမှု၏ အန္တရာယ် ၁၀ ချက်"၊"ရုံးခန်းအတွင်း အလုပ်ပင်ပန်းမှုကြောင့် ရုတ်တရက်သေဆုံးသည်ဟုသံသယရှိသည့် အသက် ၂၇ နှစ်အရွယ်လူငယ်"၊ "လူငယ်တစ်ဦး၏ရုတ်တရက်သေဆုံးမှုဖြစ်စဉ်အဆင့်ဆင့်"၊ "ကျွန်တော်ထိပ်ပြောင်နေပေမဲ့ အားမကောင်းဘူး အကြောင်းက ကျွန်တော်ကသေနေလို့ပါ" စသည့် စိတ်အားထက်သန်စရာပို့စ်များကို တွေ့လိုက်ရသည်။

အချိန်ပိုအလုပ်လုပ်နေသော ကျုံယန်စီ : “???”

စိတ်တ်ဓာတ်ခွန်အားဖြစ်စေသည် ပို့စ်များကို ပို့ပြီးသည့်အပြင် ယန်ရှီက Wechat မှတစ်ဆင့် မက်ဆေ့များပါထပ်ပို့ပြန်သည်။

[မစ္စတာကျုံ ရှင်က မငယ်တော့ဘူးနော် ညဘက်တွေစောစောအိပ်ပါ ကျုံစီးပွားရေးလုပ်ငန်းစုမှာ ကျွန်မတောင် ဝင်အလုပ်မလုပ်ရသေးဘဲ မသေပါနဲ့ဦး]

ကျုံယန်စီ - ????????

ယန်ရှီသည် ရိုးသားစွာပြောနေခြင်းသာဖြစ်သည်။ ဝတ္ထုထဲတွင် ကျုံယန်စီသည် ယန်ရှီတစ်‌ယောက် ကျုံစီးပွားရေးလုပ်ငန်းစုသို့ ဝင်ရောက်နိုင်သည်အထိ အသက်မရှင်ခဲ့ပေ။

လက်ထောက် ဆွန်းချီသည် WeChat မှ စာကို ကြည့်ပြီး ပြောင်စပ်စပ်ဖြင့် ပြောလိုက်သည်။

"အိုး မကြာသေးခင်က နို့မှုန့်မှာ အဆိပ်ပါသွားတဲ့ဖြစ်စဉ်အပြီး မဒမ်နဲ့ ယန်ရှီတို့က မစ္စတာကျုံကို မနိုင်တဲ့ အကြောင်းသိသွား‌တော့ ထူးဆန်းတဲ့နည်းလမ်း‌တွေကို အသုံးပြုလာတာပဲဖြစ်ရမယ်၊ မစ္စတာကျုံ အဲဒါ ယန်ရှီက ခင်များကိုကျိန်စာတိုက်နေတာ"

ကျုံယန်စီ - “....”

ဤကိစ္စကို မည်သို့နားလည်ပေးရမည်နည်း။

တည်းခိုခန်းတွင် ယန်ရှီသည် ရုတ်တရက်သေဆုံးမှုဆိုင်ရာ စိတ်အားထက်သန်စရာပို့စ်များဖြင့် ပြည့်နေသော ဖန်သားပြင်ကိုကြည့်ကာ ဖုန်းကိုကျေနပ်စွာပိတ်လိုက်သည်။

ဤသို့‌သောသတိပေးမှုများကြောင့် ကျုံယန်စီသည် နောက်ထပ်ညနက်သည်အထိ နေလိမ့်မည်မဟုတ်တော့ပေ။ ယန်ရှီသည် ကျုံယန်စီနှင့် ရင်းနှီးမှုမရှိချေ။ နောင်တွင် အရင်းရှင်တစ်ဦးအနေဖြင့် သူမအား အသုံးချရန် ရည်ရွယ်ချက်ရှိကြောင်း ခံစားမိသော်လည်း ယန်ရှီသည် လူကောင်းတစ်ဦးဖြစ်သည်။ သူသည် ကျုံယန်စီအား အသက်ရှည်စွာနေထိုင်စေလိုသော ဆန္ဒရှိသည်။

ရေချိုးခန်းထဲတွင် ရေငွေ့များဖြင့်ပြည့်နေပြီး မှန်မှတစ်ဆင့် ကျုံချင်းယွီ၏ ချောမောသွယ်လျသော ကိုယ်ဟန်ကို မြင်နေရသည်။ သူမရေချိုးပြီးတော့မည်ဖြစ်ပြီး ယန်ရှီ၏အလှည့်ရောက်တော့မည်ဖြစ်သည်။

ထိုအချိန်တွင် ကျုံချင်းယွီ၏ဖုန်းမြည်လာသည်။

ဖုန်းပေါ်တွင် ပေယွဲ့ပိုင်ဟု ပေါ်နေသည်။

"အို ရွံစရာ‌ကောင်းလိုက်တာ"

ယန်ရှီသည် စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ ဖုန်းသံကိုကြားသော ကျုံချင်းယွီက ရေချိုးခန်းအတွင်းမှလှမ်းအော်လိုက်သည်။

"ရှီရှီရေ ယွဲ့ပိုင်လား ငါ့အတွက်ဖြေပေးလို့ရမလား၊ ငါပြီး‌တော့မယ်လို့ပြောပေး"

"ဒုတိယ သခင်လေးပေ ကျွန်မယန်ရှီပါ၊ ချင်းချင်းရေချိုးနေတုန်းပဲမလို့ မကြာတော့ပါဘူး ပြီးတော့မှာပါ"

ယန်ရှီက ဖုန်းကိုကောက်ယူပြီး ပြောလိုက်သည်။

"အိုကေ သိပြီ"

ပေယွဲ့ပိုင်၏ အသံသည် အမျက်ဒေါသကိုအောင့်ထားသကဲ့သို့ ထွက်ပေါ်လာသည်။

ယွမ်10မီလီယမ် ဆုံးရှုံးပြီးသည့်နောက် ပေယွဲ့ပိုင်သည် စိတ်ဆိုးနေမည်မှာသေချာသည်။ ဤအချိန်တွင် ကျုံချင်းယွီအား ဖုန်းခေါ်ခြင်းသည်သူမအား ဆူဖို့သာဖြစ်မည်မှာသေချာသည်။

ယန်ရှီ၏မျက်လုံးများ တောက်ပလာသည်။ ကျုံချင်းယွီထွက်လာတော့မည်ကိုမြင်တွေ့ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ဖုန်းကို စပီကာဖွင့်ကာ ပေယွဲ့ပိုင်နှင့်စကားပြောသည်။

"ဒုတိယ သခင်လေးက တွစ်တာမှာ ကြက်ခြေနီအဖွဲ့က သူ့ကိုကျေးဇူးတင်လိုက်တာကိုမြင်ပြီး ချင်းချင်းဖုန်းခေါ်လိုက်တာမဟုတ်လား"

"ဟုတ်တယ်"

ပေယွဲ့ပိုင်သည် အလစ်အငိုက်ခံလိုက်ရသကဲ့သို့ ယန်ရှီက သူနှင့်စကားပြောမည်ကို မမျှော်လင့်ဘဲ ပင်ပန်းနေသည့်အသံဖြင့်ဖြေလိုက်သည်။

ယန်ရှီ၏အသံသည် ပျော်ရွှင်နေပုံရသည်။

"ဒါဆို ချင်းချင်းကိုချီးကျူးဖို့ဖုန်းခေါ်တာပေါ့ ၊အိုး…ကျွန်မတော့ ချောမောပြီးကြင်နာတတ်တဲ့ သတို့သမီးလောင်းလေးရှိတဲ့ ရှင့်ကို ကျွန်မအတော်လေးအားကျတယ်သိလား၊ ရှင့်လိုကံကောင်းဖို့ ဘယ်နှစ်ဘဝလောက် ကောင်းမှုတွေလုပ်ခဲ့ရမှာလဲ"

ပေယွဲ့ပိုင် - "..."

ကျုံချင်းယွီသည် ရေချိုးတဘက်ဖြင့်ကာပြီး ထွက်လာကာ မေးလိုက်သည်။

"ယွဲ့ပိုင်လား"

သူမ၏မျက်လုံးများတွင် ဝမ်းသာမှုကို ဖုံးကွယ်၍မရပေ။

"ဟုတ်တယ်"

ယန်ရှီက ဖုန်းကို ကျုံချင်းယွီထံပေးလိုက်သည်။

"ဒုတိယ သခင်လေးက နင်အလှူလုပ်တာကို သိသွားပြီး နင်က အရမ်းကြင်နာတတ်တာပဲလို့ထင်နေတာ၊ အဲဒါနဲ့ နင့်ကိုချီးကျူးဖို့ ဖုန်းခေါ်နေတာ"

"တကယ်ကြီးလား"

ကျုံချင်းယွီသည် ပျော်ရွှင်စွာဖြင့် ဖုန်းကိုယူလိုက်သည်။

"ယွဲ့ပိုင် ငါအခုရေချိုးပြီးပြီ"

ပေယွဲ့ပိုင်သည် တုန်လှုပ်သွားသည်။

ချီးမွမ်းမှုလား။

ဘယ်လိုချီးမွမ်းမှုလဲ။

သူသည် သေလောက်အောင် ဒေါသထွက်နေသည့် ယခုလိုအချိန်မျိုးတွင် ကျုံချင်းယွီအား ချီးမွမ်းရမည်‌လော။

ပိုဆိုးသည်မှာ ကျုံချင်းယွီသည် စပီကာဖွင့်ထားပြီး ပါးနပ်သော ယန်ရှီသည် ဘေးနားတွင်ရှိနေသည်။ ပေယွဲ့ပိုင်သည် မိမိ၏အမျက်‌ ဒေါ သကိုထိန်းချုပ်ကာ မိမိပြောလိုသော ဆူဆဲမည့် စကားများအားလုံးကိုပါ မျိုချလိုက်သည်။

"ချင်းချင်း မင်းဒီနေ့လုပ်တာကောင်းတယ်"

"တကယ်လား"

ကျုံချင်းယွီ၏မျက်နှာသည် မှည့်ပြီးသားပန်းသီးကဲ့သို့ နီရဲလာသည်။

"ငါလည်း အဲလိုပဲထင်ပါတယ်"

ပေယွဲ့ပိုင် - "..."

သူသည် အံကို ခပ်တင်းတင်းကြိတ်လိုက်ပြီး ပြောလိုက်သည်။

"ယန်ရှီအခုမင်းနားမှာရှိသေးလား မင်းနဲ့ နှစ်ယောက်တည်း ပြောချင်တာရှိတယ်"

ယန်ရှီသည် ကျုံချင်းယွီအား သနားစရာကောင်းသည့်မျက်လုံးများဖြင့်ကြည့်ကာ ပြောလိုက်လေသည်။

“အာ ဒုတိယသခင်လေးက ကျွန်မကိုမောင်းထုတ်တာလား ၊စင်္ကြံမှာက အရမ်းပူနေတယ် လေအေးပေးစက်လည်းမရှိဘူး၊ ကျွန်မတော့ပူလို့သေသွားတော့မှာပဲ"

ပေယွဲ့ပိုင်တစ်ယောက် နှုတ်ခမ်းရှုံ့မိသွားသည်။ လီချန်းမြို့သည် သင့်တင့်မျှတသော ရာသီဥတုရှိပြီး နွေရာသီတွင်သာယာကာ ဆောင်းရာသီတွင်အေးသည်။

ညဘက်တွင် မည်မျှပူနိုင်မည်နည်း။

ပေယွဲ့ပိုင်က အကြံပြုသည်။

"တခြားဧည့်သည်တွေအခန်းသွားလည်လို့ရတယ်လေ"

ယန်ရှီက လက်သီးဆုပ်လိုက်မိသည်။

"အကြံကောင်းပါလား ဆရာမရဲ့‌နေတဲ့အခန်းသွားပြီး ရှင်နဲ့ချင်းချင်းဖုန်းထဲမှာ ချစ်ကြည်နူးတစ်တီတူးနေလို့ ကျွန်မလာရတာလို့ပြောလိုက်မယ်လေ သူသေချာပေါက်သဘောတူမှာပါ"

"မဖြစ်ဘူး မဖြစ်ဘူး"

ပေယွဲ့ပိုင်သည် အလွန်တုန်လှုပ်သွားသည်။ သူနှင့်ကျုံချင်းယွီ၏ ဆက်ဆံရေးသတင်းထွက်သွားပါက ရဲ့လော့ယွီအားဆက်လက်ချဉ်းကပ်နိုင်မည်မဟုတ်တော့ပေ။ သူက ရဲ့လော့ယွီအား ကျုံချင်းယွီက သူ့ကိုကြိုက်နှစ်သက်ပြီး ချဉ်းကပ်နေသည်ဟုသာ ပြောခဲ့ပြီး စေ့စပ်ပွဲအကြောင်း တစ်ခွန်းမျှမပြောပြခဲ့ပေ။ ကျုံချင်းယွီက ခဏတွေးပြီး ပြောလိုက်သည်။

"ငါထွက်သွားမယ်"

သူမထသွားပြီး ဖိနပ်စီးကာ ထွက်သွားတော့မည်။

"ချင်းချင်း နင်ထွက်သွားမှာလား အပြင်ဘက်မှာ ခြင်တွေရှိတယ်၊ နင့်အရေပြားက အနီစက်တွေထွက်လွယ်တယ်မဟုတ်လား"

ယန်ရှီက ဖုန်းနားကပ်ပြီး ပေယွဲ့ပိုင်အား အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ဒုတိယ သခင်လေး ရှင်က ကမ္ဘာ‌ပေါ်မှာအချစ်တတ်ဆုံး မိန်းက‌လေးကို ပိုင်ဆိုင်ထားတာနော်၊ ချင်းချင်းဒုက္ခရောက်စေချင်မှာ မဟုတ်ဘူးမလား"

ပေယွဲ့ပိုင် - "..."

ဤသို့ဆိုပါက စင်္ကြံတွင်ဖုန်းပြောခြင်းကို ဒုက္ခတစ်ခုဟုယူဆသလား။

သို့သော် ပေယွဲ့ပိုင်သည် ကျုံမိသားစုနှင့်ယန်ရှီရှေ့တွင် အမြဲလူကောင်းတစ်ယောက်ပုံစံဖြင့်ရှိခဲ့သည်။ သူသည် ကျုံချင်းယွီကိုလိုအပ်နေဆဲဖြစ်ပြီး သူ့အပေါ်ထားရှိသည့် ယန်ရှီ၏ အထင်အမြင်ကိုလည်း မပျက်စီးစေလိုပေ။

"ထားလိုက်ပါတော့ ယွမ်10မီလီယမ်ကလည်း သုံးပြီးသွားပြီပဲချင်းချင်းပြန်လာရင် တခြားလိုအပ်တာတွေကို လျော်ကြေးအနေနဲ့ တောင်းလို့ရတာပဲ"

ပေယွဲ့ပိုင်တစ်ယောက် စိတ်ပိုင်းဖြတ်လိုက်မိသည်။

"ချင်းချင်း ဟုတ်တယ်၊ အရေးကြီးတာမဟုတ်ဘူး ၊အပြင်ထွက်မနေပါနဲ့တော့ အန်တီဖန်းက မင်းကိုလွမ်းတယ်ဆိုပြီး ငါ့ကိုဖုန်းဆက်ခိုင်းလို့"

ဖုန်းထဲတွင် တစ်ဖက်က အသံများ တိတ်ဆိတ်သွားပြီး အတန် ကြာ‌သောအခါ အသက်အလယ်အလတ်အမျိုးသမီးတစ်ဦး၏ အသံထွက်လာသည်။

"ချင်းချင်း နိုင်ငံခြားမှာ ပျော်ရဲ့လား"

"အန်တီဖန်းလား"

ကျုံချင်းယွီက ပြုံးလိုက်မိသည်။

"အရမ်းပျော်ပါတယ် အဒေါ်လည်း ယွဲ့ပိုင်နဲ့အတူတူ လာလည်ပါဦး"

"မလည်တော့ပါဘူး လူငယ်တွေပျော်နေရင်ပဲ ကျေနပ်ပါတယ်၊ ယွဲ့ပိုင်ကိုပဲ စိတ်ပူနေမိတာ သူမင်းကိုဖုန်းဆက်ချင်ပေမဲ့ နောက်ကျနေလို့ စိတ်ညစ်နေတယ်တဲ့၊ မင်းကိုသူဘယ်လောက်ချစ်တယ်ဆိုတာ မင်းသိပါတယ်နော် သူကစကားပြောမတတ်ဘူးကွဲ့၊ ဖုန်းခေါ်ပြီး မင်းအသံကြားချင်နေပေမဲ့ မင်းကိုအနှောင့်အယှက်ဖြစ်မှာစိုးလို့တဲ့"

ကျုံချင်းယွီ၏ မျက်နှာနီမြန်းလာပြီး စာကြည့်စင်ကို ရှက်ရှက်နှင့် ကောက်ကိုင်လိုက်သည်။

"ယွဲ့ပိုင်က သမီးကို အဲဒီ‌လောက်တောင်ဂရုစိုက်တာလား"

အဒေါ်ဖန်းက နူးညံ့စွာ ပြန်ပြောသည်။

"ဟုတ်တာ‌ပေါ့ အန်တီက သူနဲ့ကြီးပြင်းခဲ့တဲ့သူဆိုတော့ သူမင်းကိုဘယ်လောက်ချစ်တယ်ဆိုတာ သိတယ် သူကစကားကို ဖွဲ့ဖွဲ့နွဲ့နွဲ့မပြောတတ်ဘူး ဒါပေမဲ့ ချင်းချင်းရယ်၊ ယွဲ့ပိုင်မင်းကိုအမှန်တကယ်ချစ်တယ်ဆိုတာ ယုံပါ၊ သူအခုဒီလောက်ကြိုးစားနေတာကလည်း နောင်တစ်ချိန်ကျရင် မင်းကိုခမ်းခမ်းနားနားလက်ထပ်နိုင်ဖို့ပါ"

ကျုံချင်းယွီ၏ မျက်လုံးများ နီလာပြီး ချက်ချင်းပင်ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် သမီးသိပါတယ် ယွဲ့ပိုင်လုပ်နေတဲ့အရာအားလုံးက သမီးတို့အနာဂတ်အတွက်ပါ"

နှစ်ယောက်သားစကားဆက်ပြောကြပြီး အန်တီဖန်း၏ စကားများကြောင့် ကျုံချင်းယွီတစ်ယောက် ပြန်လည်လန်းဆန်းသွားသည်။ သူမရယ်မောပြီး နှစ်ယောက်စလုံးကို ဂွတ်နိုက်ပါဟုပြောကာ ဖုန်းချလိုက်သည်။ အိပ်ရာထဲလှဲနေရင်း ကျုံချင်းယွီ၏ မျက်နှာထက်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ယန်ရှီက စိတ်ဝင်စားစွာမေးလိုက်သည်။

"အန်တီဖန်းက ဘယ်သူလဲ"

"အန်တီဖန်းက ပေမိသားစုရဲ့ ကလေးထိန်းလေ"

ကျုံချင်းယွီက ယန်ရှီအား ကလေးထိန်းတစ်ယောက်အကြောင်းစဉ်းစားနေခြင်းကို ပြောရန်မလိုအပ်ဟု ယူဆကာ ဖြေလိုက်သည်။

"မဒမ်ပေက ပေဟန်လီကိုပဲ သဘောကျပြီးတော့ ယွဲ့ပိုင်ကိုလုံးဝမဂရုစိုက်ဘူး အန်တီဖန်းကသူ့ကို ထိန်းကျောင်းပေးခဲ့တာဆိုတော့ ကလေးထိန်းဖြစ်နေပေမဲ့ ယွဲ့ပိုင်က သူ့ကိုမိသားစုလိုမျိုးဆက်ဆံခဲ့တယ်"

"ဟုတ်လား"

ယန်ရှီလည်း အိပ်ရာထဲလှဲပြီး အတွေးနက်နက်ထဲသို့ နယ်ချဲ့နေလိုက်သည်။

မဒမ်ပေက ပေဟန်လီကိုသာဂရုစိုက်ပြီး ပေယွဲ့ပိုင်ကိုလျစ်လျူရှုသည်ကလည်း သဘာဝကျသည်။ ပေယွဲ့ပိုင်က သူမ၏ သားအရင်းမဟုတ်၍ပင်ဖြစ်ပါသည်။ ဝတ္ထုထဲတွင် ပေယွဲ့ပိုင်တစ်ယောက် ပေမိသားစုထံပြန်သွားသည့်အခါ သူ့အမေကလည်း ကလေးထိန်းအနေဖြင့် ပြန်လာခဲ့သည်။ ထိုသည်ကား အန်တီဖန်းပင်ဖြစ်သည်။

အခန်းထဲမီးများ ပိတ်ထားသဖြင့် လပြည့်ဝန်းက ထွန်းလင်းနေသည့်အလင်းတန်းများက အခန်းအတွင်းသို့ဝင်လာသည်။ ကျုံချင်းယွီတစ်ယောက် ပျော်ရွှင်မြူးထူးစွာဖြင့် အိပ်ပျော်သွားသည်။

တိတ်ဆိတ်နေသည့် အခန်းထဲတွင် ယန်ရှီ၏ ရယ်မောသံတိုးတိုးလေးထွက်လာသည်။ ပေယွဲ့ပိုင်သည် ကျုံချင်းယွီကိုဒုက္ခပေးနေသော်လည်း သူမက သစ္စာရှိနေရသည်ကို တွေးမိ၍ဖြစ်သည်။ ပေယွဲ့ပိုင်၏ နောက်ကွယ်တွင် ကြိုးကိုင်နေသူတစ်ယောက်ရှိနေခြင်းကြောင့်ဟုဆိုလျှင် မှားမည်မထင်ပေ။

All Chapters