အခန်း ၂၅
Vol. 3 Ch. 25
[ကျုံချင်းယွီက ကတကယ့်ကိုရိုင်းစိုင်းလွန်းတာပဲ၊ လူတွေကို ပစ္စည်းပေးတာကိုကမောက်မာလွန်းနေတယ်မလား၊ ငါ့ကိုလည်း အဲလိုမျိုးရိုင်းစိုင်းပေးရင် အရမ်းကျေးဇူးတင်မိမှာပဲ]
[ငါလည်း အပန်းဖြေရွက်လှေတွေ ဒီဇိုင်နာအိတ်တွေ private jet တွေ အမြဲပေးမဲ့ သူငယ်ချင်းတစ်ယောက်လောက်လိုချင်တယ်လေ]
[@အချစ်ဆုံးသူငယ်ချင်း နည်းနည်းပါးပါးသင်ယူစမ်းပါ ငါ့ဆီကိုအမြဲ တစ်ဗူးဝယ်တစ်ဗူးလက်ဆောင်ရတဲ့ဘာဘယ်တီးတွေပဲအမြဲယူလာပေးမနေနဲ့ ဟုတ်ပြီလား!]
[အခုတော့သေချာသွားပြီ၊ ကျုံချင်းယွီက ဒီခရီးသွားအစီအစဥ်မှာ သူရဲ့ချမ်းသာတဲ့ မိန်းကလေးပုံရိပ်ကိုတည်ဆောက်ပြီး ပရိတ်သတ်တွေတိုးလာအောင်လုပ်နေတာပဲ]
[သိန်းတစ်ရာတန်တဲ့ အပန်းဖြေရွက်လှေတစ်စီးကို အခုလေးတင် လက်ဆောင်ပေးလိုက်တာလား၊ ငါအခုထိမယုံကြည်နိုင်သေးဘူး]
[ပြောရမယ်ဆိုရင်သူက အချမ်းသာဆုံးသူတစ်ယောက်ရဲ့သမီးလေ]
[ သိန်းတစ်ရာလုံးကို တစ်စက္ကန့်မှမတွေဝေပဲလှူပစ်နိုင်တယ်၊ ပြီးတော့သူ့ရဲ့ပရိတ်သတ်တွေကို သိန်းပေါင်းများစွာတန်ဖိုးရှိတဲ့ ဇိမ်ခံပစ္စည်းတွေပေးပစ်တယ်၊ အဲတာတွေပြီးတာတောင် သူမရဲ့အချစ်ဆုံးသူငယ်ချင်းအတွက် ဇိမ်ခံရွက်လှေတစ်စီးဝယ်ပေးသေးတာလား]
[ယဲ့မျိုးနွယ်ရဲ့ဖန်တွေ မင်းတို့ idol ရဲ့လိုက်ဖ်ကိုသာပြန်သွားကြစမ်းပါ ဒီဘက်မှာလာမရှုပ်နေနဲ့]
ရွက်လှေကုန်းပတ်ပေါ်တွင် ယန်ရှီသည်မျက်လုံးလေးမှိတ်တုတ်မှိတ်တုတ်ဖြစ်လျက် ဘာပြောရမည်မသိဖြစ်နေလေသည်။
သူမသည် ကျုံချင်းယွီထံမှထိုကဲ့သို့ တန်ဖိုးကြီးမားသော လက်ဆောင်အားတစ်ခါမှမရခဲ့ဘူးပေ။
သူမတို့နှစ်ယောက်သည် အချစ်ဆုံးသူငယ်ချင်းများဖြစ်ပါသော်ညား ထိုမျှလောက်ရင်းနှီးသောသူများမဟုတ်ပေ။ ယန်ရှီသည် လင်မိသားစု၏ ဆက်ခံသူဖြစ်ခဲ့စဥ်က သူမနှင့်ကျုံချင်းယွီသည် ပေါ်ဝိန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင်အတူတက်ရောက်ခဲ့ဖူးသည်။ ကျုံချင်းယွီသည် နိုင်ငံတကာအတန်းကိုတက်ရောက်ခဲ့ပြီး ယန်ရှီသည် အဆင်မြင့်အတန်းတွင်တက်ရောက်ခဲ့သည့်ဖြစ်သောကြောင့် သူမတို့နှစ်ဦးကြားတွင် အဆက်အဆံပြုစရာကိစ္စရပ်များသိပ်မရှိခဲ့ပေ။ နောက်ပိုင်းတွင် ကျုံချင်းယွီသည် ယန်ရှီ၏ဆက်ခံသူအတုအယောင်ကိစ္စ ဖော်ထုတ်ခံရပြီးနောက် လမ်းပျောက်နေသည့် သူ့အား ထောက်ပံ့ပေးခဲ့သောတစ်ဦးတည်းသောသူဖြစ်လာခဲ့သည်။
လင်မိသားစုထံမှယန်ရှီထွက်လာခဲ့ပြီးနောက် နှင့်ကျုံချင်းယွီတို့၏ဆက်ဆံရေးသည်လည်းတိုးတက်လာခဲ့သည်။ သို့ပေမဲ့ ထိုရင်းနှီးလာမှုသည် ယန်ရှီအတွက် အနည်းငယ်ထူးဆန်းသည်ဟုခံစားခဲ့ရသည်။
ကျုံချင်းယွီသည် သူမအားလေးစားမှုမရှိဟုခံစားခဲ့ရသည်။
ဥပမာဆိုလျှင် ယန်ရှီလင်မိသားစုထံမှစွန့်ပစ်ခံရပြီးသော်ညား ကျုံချင်းယွီသည် သူမအား စျေးအလွန်တရာကြီးမားသော စားသောက်ဆိုင်များထံသို့ သူမ၏ပိုက်ဆံအိတ်ထဲတွင် သုံးစရာရှိမရှိကိုပင် ဂရုမစိုက်ပဲခေါ်သွားလေ့ရှိသည်။ ဘေလ်ရှင်းရတော့မည့်အချိန်တွင်လည်း ယန်ရှီသည်သူမ၏ ကဒ်အားထုတ်ရန်တုန့်ဆိုင်းနေပါသော်ညား ကျုံချင်းယွီသည်မူ မျက်တောင်တစ်ချက်ပင်မခပ်ပဲ သူမ၏ကဒ်အားထုတ်ကာ
“ငါ့ကဒ်ကနေပဲဖြတ်လိုက်ပါ၊ ငါကျွေးတာ”
ယန်ရှီသည် ကြောင်အ,သွားသည်။ သူမသည် တစ်ခြားသူများ၏အမြင်တွင်မည်သို့ဖြစ်သွားမည်နည်း။
သူမတို့နှစ်ဦး စျေးဝယ်ထွက်ချိန်တွင်လည်း ကျုံချင်းယွီသည်သူမအား အမြဲတစေဇိမ်ခံပစ္စည်းဆိုင်များအား ဆွဲခေါ်သွားလေ့ရှိပြီး သူမလက်မောင်းထဲသို့ အိတ်များပစ်ထည့်ပြီး
“ဒီဟာကငါ့မှာရှိပြီးသားကြီး နင်ယူလိုက်တော့၊ ဒါရော ဒါရောပဲ ဒါတွေအားလုံးကိုပဲယူလိုက်ပါတော့”
ယန်ရှီသည်အံ့ဩစွာဖြင့်
“ငါကအမှိုက်ပုံးကြီးမလို့လား”
နောက်ပိုင်းတွင် ယန်ရှီသည် ကျုံချင်းယွီ၏ သူမအဒေါ်ထံမကျေမနပ်ပြောသံအားကြားလိုက်ရတယ်
“သမီး ယန်ရှီကိုပစ္စည်းတွေဝယ်ပေးနေရတာက သမီးဝယ်ပေးချင်လို့မဟုတ်ရပါဘူး၊ အဲတာက သူမဝတ်ထားတာတွေက သူတောင်းစားတစ်ယောက်လိုပဲလေ အဲတာကသမီးရဲ့မျက်လုံးကိုပါနာလာစေတယ်”
ထောင်းပေါင်မှာ ယွမ်နှစ်ရာကျော်ပေးဝတ်ရတဲ့အဝတ်တစ်စုံက အခုအမှိုက်ဖြစ်သွားပြီတဲ့လား။
အရမ်းကိုဒေါသထွက်စရာပဲ။
သူမကဘယ်လို အခင်ဆုံးသူငယ်ချင်းမျိုးလဲ။ သူမကငါ့ကိုလုံးဝမလေးစားတာပဲ။
သိူ့သော် တဖြေးဖြေးနှင့်….
တဖြေးဖြေးနှင့် ယန်ရှီမှာ ထိုအရာများကိုကျင့်သားရလာခဲ့သည်။
ယန်ရှီသည် မူလတန်းတွင် အတန်းတစ်တန်းကျော်ခဲ့သောကြောင့် သူမနှင့်ကျုံးချင်းယွီသည် တစ်တန်းတည်းဖြစ်ခဲ့သည်။ ယန်ရှီ သည် ဟိုင်တက္ကသိုလ်တွင် ပညာသင်ကြားနေချိန် နှင့် ကျုံချင်းယွီသည် US တွင်ပညာသင်ကြားနေချိန် အတွင်း သူတို့နှစ်ဦးပိုမိုရင်းနှီးလာခဲ့သည်။ သူမတို့နှစ်ဦးသည် ဖုန်းထဲမှတစ်ဆင့်သာဆက်သွယ်ကြပြီး ပိတ်ရက်များတွင်သာ တစ်ဦးနှင့်တစ်ဦးတွေ့ဆုံနိုင်သောကြောင့် ကျုံချင်းယွီအနေဖြင့် သူမ၏ကြွယ်ဝမှုအားဝင့်ကြွားနိုင်ရန် အခွင့်အရေးများများမရှိခဲ့ပေ။
သို့သော် ယခုတွင် သူမတို့နှစ်ဦးသည် ရှိုးတစ်ခုတွင်အတူတကွပါဝင်နေကြသည် ဖြစ်သောကြောင့် ကျုံချင်းယွီတွင်သူမ၏ အလွန်ကြွယ်ဝသောပုံစံအား ပြနိုင်ရန်အခွင့်အရေးများစွာရှိနေသည်။
“ငါနင့်ကိုနှိမ်နေတာမဟုတ်ရပါဘူး”
ယန်ရှီသည်ကျုံချင်းယွီ၏လက်အားချိတ်၍
“ငါသိပါတယ် နင်ကငါ့အတွက်အကောင်းဆုံးပဲ”
သူမမှာ ယခုအထိ ပိုက်ဆံမရှိသည့် ကျောင်းသူလေးသာသာပင်ဖြစ်သည်။ သို့သော် သူမ၏ ကံကြမ္မာကိုသာ ပြောင်းလဲလိုက်နိုင်ခဲ့လျှင် သူမ အမှန်တကယ်အလုပ်ကြီးစား၍ ကျုံချင်းယွီအတွက် လက်ဆောင်များ ပြန်ဝယ်ပေးမည်။
ယန်ရှီနှင့်ကျုံချင်းယွီသည် တရုတ်လိုပြောနေကြသည်ဖြစ်သည့်အတွက် ရေမွန်သည်နားမလည်နိုင်ပေ။ သူမြင်သည့်အရာမှာကျုံချင်းယွီမှာ မျက်ခုံးများကြုတ်ကာ ဝမ်းနည်းသကဲ့သို့ ဖြစ်နေသည်ကိုသာဖြစ်သည်။
သူ၏နှလုံးသားထဲလေးလံသွားသည်။ သူသည် ထိုမိန်းမငယ်လေးနှစ်ဦးမှာ ရွက်လှေအားမဝယ်နိုင်မည်ကို ရိပ်စားမိသော်လည်း သူမျှော်လင့်နေဆဲဖြစ်သည်။ သို့သော် ယခုတွင် ကျုံချင်းယွီသည် စိတ်ရှုတ်နေသည့်ပုံပေါ်နေလေသည်။
အဲတာကမဝယ်တော့ဘူးဆိုတဲ့သဘောမလား။
နောက်ထပ် စီးပွားရေးအခွင့်အလမ်းလေးကတော့သွားပါပြီကွာ။
ရေမွန်သက်ပြင်းချလိုက်သည်နှင့် သူ၏ခေါင်းပေါ်ရှိ ဆံပင်ဖြူများပေါ်လာလေသည်။
လူးဝစ်သည်ဘေးနားတွင်ရပ်နေကာ ယုံကြည်ရမည့်ပုံပေါ်သည့် အေဂျင့်တစ်ယောက်ဖြစ်သည်။ အကယ်၍သူသာ လူးဝစ်နှင့်မိတ်ဆွေဖြစ်သွားနိုင်လျှင် ရွက်လှေအားရောင်းနိုင်ရန်ခွင့်အရေးရှိနိုင်လေသည်။
ဘာပဲဖြစ်ဖြစ် ချမ်းသာတဲ့သူတွေရဲ့အိမ်တော်ထိန်းတွေမှာ အဆက်အသွယ်ကောင်းတွေရှိတတ်ကြတယ်လေ။
ရေမွန်သည် လူးဝစ်အားပြင်သစ်ဘာသာစကားဖြင့်တိုက်တွန်းနေသည်။
“ကျွန်တော် ရွက်လှေကိုစျေးအလျော့အတင်းလုပ်ပေးနိုင်ပါသေးတယ်၊ မူရင်းစျေးက ယူရို 3 သန်းပေမဲ့ အရင်ပိုင်ရှင်က စရံစျေးပဲပေးပြီးထွက်ပြေးသွားခဲ့တာမလို့ ကျွန်တော် 2.6 သန်းအထိလျော့ပေးနိုင်မှာပါ၊ ဆရာဘယ်လိုထင်လဲမသိဘူး”
ကျုံချင်းယွီသည်အံ့ဩစွာဖြင့်
“အဲတာကဒီထက်ကိုစျေးလျော့ပေးလို့ရသေးတယ်ပေါ့”
လူးဝစ် မလှုပ်မရှပ်ဖြစ်နေခြင်းကို မြင်သည်နှင့် ရေမွန်သည်သူ့သွားများပေါ်သည်အထိ ပြုံးကာ
“ယူရို 2.5 သန်း၊ အဲတာကကျွန်တော်ပေးနိုင်တဲ့အနိမ့်ဆုံးစျေးပဲ”
ကျုံချင်းယွီမှတ်ချက်ပြုလုပ်သည်။
“အဲတာကအရမ်းစျေးပေါလွန်းတာပဲ”
ရေမွန်၏နှလုံးသားအတွင်ထဲထိတိုင်ဝမ်းနည်းမိသွားသည်။
“ အဲတာကတကယ်အနည်ဆုံးပေးနိုင်တဲ့စျေးပါ၊ အဲတာထက်ထပ်လျှော့ရင်ကျွန်တော်ဘက်ကလဲရှုံးတော့မှာ….. ဘာကြီး၊ မင်းဒါကိုစျေးပေါလွန်းတယ်လို့ပြောလိုက်တာလား”
ရေမွန်သည် ကျုံချင်းယွီအား သူ၏မျက်လုံးပြူးကြီးဖြင့် အလန့်တကြားဖြင့်မော့ကြည့်လိုက်သည်။ သူမသည် ထိုစကားအားပြင်သစ်ဘာသာဖြင့်ပြောခဲ့သည်ဖြစ်သောကြောင့် သူသေချာစွာကြားလိုက်ရလေသည်။
လူးဝစ်သည် သူမအား ဤရွက်လှေသည် အနည်းဆုံးယူရို 3 သန်းတန်သည်ဟုပြောပြီးနောက် ကျုံချင်းယွီသည် ဤရွက်လှေမှာခိုးရာပါပစ္စည်းဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။
အဆုံးတွင်တော့ ရွက်လှေသည် ယူရို 2.5 သန်းဖြင့်အဆုံးသတ်သွားခဲ့သည်။ ကျုံချင်းယွီသည် သူမဝယ်ယူလိုက်နိုင်သည်ကိုအလွန်ကျေနပ်နေခဲ့သည်။ ရေမွန်သည်လည်း ရွက်လှေအားရောင်းထုတ်လိုက်နိုင်ပြီဖြစ်၍ ပျော်ရွှင်နေခဲ့သည်။
ဤသည်မှာ နှစ်ဖက်စလုံးပျော်ရွှင်ရသောအပေးအယူတစ်ခုဖြစ်ခဲ့သည်။
လူးဝစ်သည် ရွတ်လှေအတွက် ကျွမ်းကျင်ရွက်လှေစီမံခန့်ခွဲသူတစ်ဦးကို ငှားရမ်းခဲ့ပြီး ရေမွန်ထံသွားကာ ရွက်လှေပိုင်ဆိုင်မှုပြောင်းလဲခြင်းစာရွက်စာတမ်းများ ပြုလုပ်ရန်သွားခဲ့သည်။
ကျုံချင်းယွီနှင့်ယန်ရှီသည် ပျော်ရွှင်နေကြပြီး ရွက်လှေစက်ခေါင်းခန်းထဲသို့သွားကာ ရွက်လှေအားမောင်းနှင်ချင်နေကြသည်။ အခြားခရီးသွားများသည် ရွက်လှေအားကြည့်ရုံသာကြည့်နေနိုင်သည့်အချိန်တွင် သူမတို့သည်ရွက်လှေအားမောင်းနှင်၍ရနိုင်လေသည်။ မကြာမီအချိန်တွင် ရေမွန်နှင့်လူးဝစ်တို့သည် ရွက်လှေစာချုပ်များနှင့်အတူပြန်လာကာ ယန်ရှီအားလွှဲပေးခဲ့သည်။ လူးဝစ်သည်သူမအား ရွက်လှေအဖွဲ့ဝင်စာချုပ်ကိုလည်း ပေးခဲ့သည်။ ယန်ရှီသည် သူမ၏ရွက်လှေအား ယွီရှီ ဟုအမည်ပေးခဲ့ပြီး သူမ၏ရွက်လှေအဖွဲ့ဝင်စာချုပ်နှင့်အတူ သူမနှင့်ကျုံချင်းယွီသည် အခြားရွက်လှေများအပေါ်လွတ်လပ်စွာလိုက်လံကြည့်ရှုနိုင်လေသည်။ သို့သော် ယွီရှီပေါ်တွင် သူမတို့အား ဖျော်ဖြေပေးနိုင်ရန်ပစ္စည်းအစုံအလင်ပါသည့်အတွက် သူမတို့၏အခြားရွက်လှေများအပေါ်စိတ်ဝင်စားမှုသည်အလျင်အမြန်ပဲ ကုန်ဆုံးသွားခဲ့သည်။
ယန်ရှီသည် ရေမွန်ကို အင်္ဂလိပ်ဘာသာစကားဖြင့်မေးလိုက်သည်။
“လူတွေက သူတို့ရဲ့ရွက်လှေကို မသုံးတော့ရင် ဘာလုပ်ကြလဲ”
ယခုလီမြို့မှာရှိနေသောနှစ်ရက်အတွင်းတွင်သာ ယန်ရှီနှင့် ကျုံချင်းယွီသည် ဤရွက်လှေပေါ်တွင်လာလည်ပတ်နိုင်မည်ဖြစ်သည်။ သူမတို့၏ပြင်သစ်ခရီးစဥ်ပြီးဆုံးသွားပါက ယန်ရှီသည်ပြန်လာနိုင်ဖို့ရာမဖြစ်နိုင်ပေ။
လူးဝစ်သည် ယန်ရှီအားရှင်းပြပေးသည်
“မင်းဒါကိုငှားရမ်းလို့ရပါတယ်၊ ပြင်သစ်မှာရှိတဲ့လူချမ်းသာအများစုက ရွက်လှေတွေပေါ်မှာ ပါတီပွဲတွေကျင်းပလေ့ရှိကြတယ်၊ ရွက်လှေတွေရဲ့စျေးက ယူရိုသန်းချီတဲ့အတွက်ကြောင့် သူတို့ကမဝယ်ပဲ ငှားကြလေ့ရှိကြတယ်”
ကျုံချင်းယွီမေးလိုက်သည်။
“ ငှားရမ်းလိုက်မယ်ဆိုရင် ပျက်စီးတာတွေရောမဖြစ်နိုင်ဘူးလား”
ကျုံချင်းယွီမှာ ရွက်လှေနှင့်အိမ်ကြီးတစ််အိမ်ပိုင်ဆိုင်ထားသော််လည်း သူမအသုံးမပြုလျှင်ပင် ငှားရမ်းမည်မဟုတ်ပေ။
ရေမွန် ပြန်လည်ပြောကြားလိုက်သည်။
“ ငှားရမ်းတဲ့ ကုမ္ပဏီက ထိန်းသိမ်းတဲ့စရိတ်ကိုအကုန်အကျခံပေးပါလိမ့်မယ်၊ ပြီးရင်မင်းကငှားရမ်းတဲ့ကုမ္ပဏီက ရတဲ့ဝင်တွေတစ်စိတ်တစ်ပိုင်းကိုရပါလိမ့်မယ်၊ ဒါတွေကလူချမ်းသားတွေကြားမှာ လုပ်လေ့ရှိတဲ့အရာမျိုးတွေပါပဲ၊ အဲတာက အချိန်ကုန်လည်း သက်သာပြီးတော့အလုပ်လဲဖြစ်တယ်လေ”
ယန်ရှီလက်ဖျောက်တီးလိုက်ပြီး
“လုပ်ကြတာပေါ့”
မဟုတ်ပါက ရွတ်လှေကြီးမှာ ဒီတိုင်းကြီး အသုံးမဝင်သည့် ပစ္စည်းဖြစ်သွားနိုင်သည်။
ယေဘုယအားဖြင့် ယန်ရှီသည်ရွက်လှေအား တရုတ်နိုင်ငံသို့ပြန်လည်သယ်ယူ၍ ငှားရမ်းနိုင်ပါသော်ညား လုပ်ငန်းစဥ်များမှာရှုပ်ထွေးလွန်းကာ ရွေ့ပြောင်းခသည် အလွန်စျေးများလွန်းသည်။ ယန်ရှီသည် လူးဝစ်အားမေးမြန်းပြီးပြီဖြစ်သည်။ ငွေလဲလှယ်မှုစံနှုန်းအရ ရွက်လှေအား ပြင်သစ်တွင်ငှားရမ်းခြင်းသည်ပို၍ အမြတ်ရနိုင်လေသည်။ ထိုကြောင့် ရွက်လှေအားလီမြို့တွင်ထားခဲ့ခြင်းမှာ အသင့်တော်ဆုံးဖြစ်သည်။ ကျုံချင်းယွီသည်လည်း ကန့်ကွက်ခြင်းမရှိပေ။ သူမသည် ပစ္စည်းတစ်ခုခုအား ယန်ရှီအားပေးပြီးပါက ထိုပစ္စည်းနှင့်ပတ်သက်၍ ဝင်မစွက်ဖက်တော့ပေ။ သူမသည် ရွက်လှေအားအမှန်တကယ်ငှားရမ်းကြသည်ကို မသိခြင်းဖြစ်သည်။
ဟမ်….. တစ်စီးလောက်ဝယ်ရတာက အဲလောက်စျေးကြီးနေလို့လား။
လူးဝစ် ယန်ရှီအား စာချုပ်ကိုကမ်းပေးလိုက်သည်နှင့်တစ်ပြိုင်နက် သူမ system ထံမှ အချက်ပေးသံကြားလိုက်ရသည်။
[ဒင်! အချစ်ဆုံးသူငယ်ချင်းယန်ရှီသည် ကျုံချင်းယွီထံမှ ပစ္စည်းတစ်ခုလက်ဆောင်ရခဲ့ပါသည်၊ ကျုံချင်းယွီ၏ ကံကောင်းမှုအမှတ် 1 မှတ်မြင့်တက်သွားပါပြီ၊ လက်ရှိ ကံကောင်းမှုအမှတ် 11၊ နောက်ထပ်အောင်မြင်တဲ့နေ့တစ်နေ့ပါပဲ~]
ယွီရှီသည် လေနှင့်အတူရွက်လွှင့်ရင်း စိမ့်မြစ်အဖြူရောင်လှိုင်းများပေါ်မှတစ်ဆင့် ရွက်လှေငယ်လေးများအားဖြတ်ကျော်သွားသည်။ နောက်ရွက်လှေကုန်းပတ်ပေါ်တွင် ရဲ့လော့ယီသည်ပို့စ်ပေးနေပြီး ဆုလင်းလင်းသည် ပုံရိုက်ပေးနေလေသည်။ ယနေ့ ရွက်လှေပွဲတော်အတွင်းတွင် ရဲ့လော့ယီသည် သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုတွင်ရွက်လှေတော်တော်များများအား လိုက်ပြပေးခဲ့သည်။ ထို့ကြောင့်သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုသည် အတော်ကျော်ကြားနေခဲ့ပြီး ကျုံချင်းယွီနှင့်အပြိုင်ဖြစ်နေခဲ့သည်။
သိူ့သော်လည်း သူမသည် တိုက်ရိုက်ထုတ်လွှင့်မှု၏ ကျော်ကြားမှုကိုသိပ်ဂရုမစိုက်နိုင်ခဲ့ပေ။
ဒီလိုမျိုးဖြစ်နေလည်း ကျုံချင်းယွီဘာလုပ်နိုင်မှာမလို့လဲ။
ရွက်လှေအပေါ်မတက်ခင်အချိန်တွင် သူမသည်ဆွန်းချီအား ကျုံချင်းယွီတွင် ရွက်လှေရှိမရှိ မေးခဲ့သည်။
“အခုလောလောဆယ်မှာတော့မရှိသေးဘူး၊ တရုတ်ကလူချမ်းသာတော်တော်များများက speedboat တွေကိုပိုကြိုက်ကြတာ”
ဆွန်းချီဖြေကြားခဲ့သည်။
“တကယ်လို့သူမ မှာရှိမယ်ဆိုရင်တောင် မင်းစိုးရိမ်စရာမလိုပါဘူး၊ ကျုံချင်းယွီရဲ့ရွက်လှေကတရုတ်မှာပဲရှိနေမှာလေ ပြင်သစ်ဘက်ကိုမသယ်လာလောက်ဘူး၊ မင်းသူမ တကယ် ရသစုံရှိုးလေးအတွက်နဲ့ လီမြို့မှာ ရွက်လှေတစ်စီးဝယ်လိုက်မယ်လို့ထင်တာလား”
ဆွန်းချီသည် ရဲ့လော့ယီမှာ ဝိုင်စက်ရုံမတော်တဆမှုကြောင့် အထူးသတိထားနေသည်ဟုထင်ခဲ့သည်။
ယွီရှီဘေးမှ ဖြတ်သွားသည့်အချိန်တွင် ဆုလင်းလင်းသည် ထိုရွက်လှေအကြီးကြီးအား လက်ထိုးပြကာ
“လော့ယီ ဒီရွက်လှေကအကြီးကြီပဲ၊ ငါတို့သွားကြည့်ရအောင်”
ရဲ့လော့ယီပြုံးကာခေါင်းငြိမ့်ပြလိုက်သည်။ သူမသည်ကာတာ၏အကူအညီဖြင့် စည်းမျဥ်းများကိုကျော်ကာ ရွက်လှေကလပ်အဖွဲ့ဝင်များပိုင်ဆိုင်သော ရွက်လှေများထံဝင်ကြည့်ရှူနိုင်သည်။
ထို့နောက် သူမသည် ကျုံချင်းယွီနှင့်ယန်ရှီတို့ စက်ခေါင်းခန်းထဲမှထွက်လာသည်ကိုတွေ့လိုက်ရသည်။ ရဲ့လော့ယီသည်တစ်ခဏမျှကြောင်အသွားသည်။ သို့သော်သူမသည် ကျုံချင်းယွီတို့သည်လည်း လှည့်ပတ်ကြည့်ရန်အတွက်စောင့်နေကြသည်ဟုတွေးကာ မထူးဆန်းဟုတွေးလိုက်သည်။
“ချင်းယွီ ယန်ရှီ နင်တို့လည်း ဒီရွက်လှေကိုလှည့်ပတ်ကြည့်ဖို့ရောက်နေကြတာလား”
ယွီရှီသည် ရဲ့လော့ယီရှိနေသောရွက်လှေထက်ပို၍ကြီးမားသောကြောင့် ကျုံချင်းယွီသည် ရဲ့လော့ယီထက်ခေါင်းတစ်လုံးပို၍ရှည်နေလေသည်။
ကျုံချင်းယွီသည် လက်ပိုက်ကာထောင်လွှားသည့်အမူအရာဖြင့် ရဲ့လော့ယီအားငုံ့ကြည့်လိုက်သည်။
“ဘာလို့လဲ၊ ငါတို့ကနင်ရှိနေတာနဲ့ပဲ ရွက်လွှင့်ပွဲတော်ကိုလာလို့မရဘူးလား”
ရဲ့လော့ယီသည် စိတ်ဆိုးသွားပြီး
“ ချင်းယွီ ငါက အဲလိုဆိုလိုချင်တာမဟုတ်ပါဘူး၊ ငါပြောချင်တာက နင်တို့လိုက်ပြီးကြည့်ချင်တယ်ဆိုရင်လည်း ငါတို့အတူသွားလို့ရတယ်လေ၊ ကာတာကငါ့ရဲ့မိတ်ဆွေလေ သူနဲ့အတူဆိုရင် ငါတို့တွေတန်းစီ စရာမလိုတော့ဘူး”
[ကျုံချင်းယွီကအရမ်းမောက်မာတာပဲ]
[ယီယီကဘာလို့ သူ့လိုလူကိုခေါ်နေသေးတာလဲ၊ သူ့ကို တန်းစီခိုင်းလိုက်စမ်းပါ]
[ကြင်နာမှုတွေကို မသိတတ်တဲ့သူဆီမှာဖြုန်းမိသွားတာပဲ၊ ကျုံချင်းယွီက ဘယ်သူဆီကမှကောင်းကောင်းဆက်ဆံခံရဖို့မတန်ဘူး၊ ယီယီကတအားကြင်နာတတ်လွန်းနေတာပဲ]
“မလိုအပ်ပါဘူး”
ကျုံချင်းယွီသည် ပုခုံးတွန့်လိုက်ပြီးနောက် ယန်ရှီ၏ပုခုံးပေါ်လက်တင်လိုက်သည်။
“ငါတို့လည်း ရွက်လှေပေါ်ကိုလှည့်ပတ်ကြည့်ဖို့အတွက် တန်းစီးစရာမလိုဘူးလေ”
ရဲ့လော့ယီသည် စိတ်ပျက်သွားကာ
“တန်းစီစရာမလိုဘူးလား”
လူးဝစ်သည်ရှင်းပြပေးလိုက်သည်။
“မမလေးကျုံက ဒီရွက်လှေကိုဝယ်လိုက်တာပါ”
ရဲ့လော့ယီသည် သူမမျက်လုံးများဝေဝါးလာသည်ကိုခံစားလိုက်ရသည်။
သူမကဝယ်လိုက်တာတဲ့လား……
သူမကဝယ်လိုက်တာတဲ့လား……
သူမကဝယ်လိုက်တာတဲ့လား……
ကျုံချင်းယွီ၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် လူကြည့်အများဆုံးထပ်ဖြစ်သွားမည်ဆိုလျှင် သူမနှင့်ဆုလင်းလင်းတို့နှစ်ယောက်သည် ရွက်လှေ အများကြီးကိုလိုက်လံပြခဲ့တာကဘာအတွက်ဖြစ်သွားမည်နည်း။
လူတွေကမွေးကတည်းက မညီမျှကြတာပဲ။
ဤသည်ကိုစဥ်းစားမိသည့်အချိန်တိုင်းတွင် ရဲ့လော့ယီ၏တည်ငြိမ်မှုများပြိုလဲလာသည်။
သူမသည် ယွီရှီပေါ်တွင်ရှိနေသော ကျုံချင်းယွီအား မနာလိုစွာကြည့်လိုက်သည်ာ သို့သော်သူမ ယန်ရှီဘက်သို့ကြည့်လိုက်မိသည့်တစ်ခဏတွင် သူမအနည်းငယ်စိတ်ခံစားမှုကောင်းမွန်လာခဲ့သည်။
အနည်းဆုံးတော့ သူမကယန်ရှီလောက်ကျုံချင်းယွီနှင့်မရင်းနှီးပေ။ အကယ်၍သူမသာ ကျုံချင်းယွီနှင့်အတူနေ့တိုင်းဖြတ်သန်းရကာ သူမ၏ကြွယ်ဝမှုအားကြွားဝါနေသည်ကိုကြည့်နေရပါက သူမ မနာလိုလွန်း၍ သေသွားနိုင်သည် မဟုတ်လော။
ညနေ၅နာရီတွင် ကိုယ်တိုင်ပြုလုပ်ထားသော ရွက်လှေများပြိုင်သည့်ပြိုင်ပွဲများ စတင်ရန်အချိန်ကျရောက်လာခဲ့သည်။ လူများသည်လည်း ကြည့်ရှူရန်သို့မဟုတ်ပါဝင်ရန်အတွက် လာခဲ့ကြသည်။
ရဲ့လော့ယီသည် တမင်တကာပင် ယန်ရှီထံသို့ လမ်းလျှောက်သွားကာ စကားစပြောနေခဲ့သည်။
“ငါတကယ် ကျုံချင်းယွီကိုတအားမနာလိုဖြစ်မိတာပဲ၊ သူမက မိသားစုအသိုင်းအဝိုင်းလည်း ကောင်းပြီးတော့ သူမဆန္ဒရှိရင်ရှိသလို သန်းပေါင်းများစွာတန်တဲ့ ရွက်လှေတစ်စီးကိုလည်း ဝယ်ပစ်နိုင်တယ်”
ရဲ့လော့ယီသည် ယန်ရှီမနာလိုမဖြစ်သည်ကို မယုံနိုင်ပေ။ ကျုံချင်းယွီ၏
အနောက်သို့ နေ့တိုင်းလိုက်နေရ၍ သူမ၏ ကိုယ်ပိုင်လေယာဥ်၊ ဝိုင်ခြံများအပြင် ယခုဤကဲ့သို့ ကြီးကျယ်သည့် ရွက်လှေတစ်စီးအား ဝယ်ပစ်လိုက်ခြင်းကို ယန်ရှီမှ မနာလိုမဖြစ်ပဲ အဘယ်ကြောင့် နေနိုင်မည်နည်း။
အဝေးမှဆိုလျှင် အားကျခြင်းမျိုးဖြစ်နိုင်သော်လည်း အနီးကပ်ဆိုလျှင်မူ မနာလိုခြင်း ဖြစ်လာလိမ့်မည်။
သူငယ်ချင်းတစ်ယောက်ကမင်းထက်အများကြီးပိုကောင်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ထားတယ်ဆိုရင် သူတော်စင်တွေတောင်မှ မကောင်းတဲ့အတွေးတွေမိကြမှာပဲ မဟုတ်လား။
“အို”
ယန်ရှီသည်ရဲ့လော့ယီအားတစ်ချက်ကြည့်ကာ
“ငါ နင်တအားမနာလိုနေတာကိုမြင်ရပါတယ်”
သူမသည် ဤအတိုင်း နေနေလျှင်တောင်မှ မနာလိုနေသည် ကိုမြင်နေနိုင်ပါသည်။
ရဲ့လော့ယီသည် သီးသွားကာ တည်ငြိမ်သွားစေရန်ကြိုးစားနေရသည်
“ငါထင်တာက သူငယ်ချင်းတွေကတစ်ယောက်နဲ့တစ်ယောက်ရဲ့ငွေရေး ကြေးရေးအခြေအနေကို လိုက်ကြည့်ပေးသင့်တယ်လေ၊ အမြဲတမ်းတစ်ခြားတစ်ယောက် မတတ်နိုင်တဲ့အရာတွေကို သုံးစွဲပြနေတာက သူငယ်ချင်းဆက်ဆံရေးအစစ်မဟုတ်ဘူးလေ၊ အဲတာကဒီတိုင်းကြွားဝါပြနေတာပဲ….. ချင်းယွီက နင့်ဘယ်လိုခံစားနေရလဲကို စဥ်းစားပေးသင့်တယ်….”
ယန်ရှီသည် ဘာဖြစ်နေသည်ကိုအလျင်အမြန်သဘောပေါက်သွားခဲ့သည်။ ဤသည်မှာ သူတို့ကိုသဘောထားကွဲလွဲစေရန် လုပ်နေခြင်းဖြစ်သည်။
ယန်ရှီသည်စိတ်အားထက်သန်စွာမေးလိုက်သည်
“မိန်းကလေးရဲ့၊ နေတာကပင်လယ်ဘေးမှာလားမသိဘူး”
ရဲ့လော့ယီသည် တွန့်ဆုတ်သွားသည်။ လီမြို့မှာ ကမ်းရိုးတန်းပေါ်မှာဆိုသော်ညား သူမမှာပင်လယ်အနီးမှာပိုင်ဆိုင်မှုမရှိပေ။
“မဟုတ်ဘူး၊ ငါကမြို့လည်ခေါင်က လင်းယွီဗီလာမှာနေတာလေ”
ယန်ရှီကသူ့မျက်လုံးကို လှန်ကြည့်လိုက်ကာ
“အဲတာဆိုရင် ဘာလို့မိန်းကလေးနှာစီးနေရတာလဲ”
ရဲ့လော့ယီ: ?
ထို့နောက် ယန်ရှီသည် ရဲ့လော့ယီအားထားခဲ့ကာ ကျုံချင်းယွီထံသို့ထွက်ခဲ့သည်။ ရဲ့လော့ယီသည်မျက်မှောင်ကြုတ်နေလေသည်။
ကျုံချင်းယွီ ကသူမကိုခြုံချတာကတစ်ခုဆိုပေမဲ့ ယန်ရှီကဘယ်သူမလို့လဲ။ သူမနှင့်အတူရသစုံရှိုးမှာပါဝင်ခွင့်ရတာကိုက သူမအတွက်ကံကောင်းလွန်းနေတာကို သူမကဘယ်လိုလုပ်ပြန်ပြောပြနိုင်ရတာလဲ။
ဆုလင်းလင်းသည် ရဲလော့ယွီထံသို့လျှောက်လာကာ
“ယန်ရှီကိုဘာလို့စကားသွားပြောနေရတာလဲ၊ နင်တကယ်သူကအဲတာလောက်နဲ့ ကျုံချင်းယွီကိုဆန့်ကျင်လိမ့်မယ်လို့ထင်လို့လား”
သူမကရင်ထဲတွင်နာကျင်သွားပါသော်ညား သူမတည်ငြိမ်သွားပဲပြောလိုက်သည်။
“နှိုင်းယှဥ်တာ မနာလိုဖြစ်တာတွေကလူတွေရဲ့သဘာဝပဲလေ”
ဆုလင်းလင်းခဏရပ်တန့်သွားကာ
“ဒါပေမဲ့ငါ့အထင်တော့ ယန်ရှီအတော်ပျော်နေမှာပါ….. တကယ်လိုငါလည်း အဲလို ရွက်လှေအကြီးကြီးလက်ဆောင်ပေးခံရရင်ပျော်နေမှာပဲလေ”
ရဲ့လော့ယီ: ?
“ရွက်လှေကိုပေးတယ်၊ နင်ဘာကိုဆိုလိုတာလဲ”
“နင်မသိသေးဘူးလား”
ဆုလင်းလင်သည် ယွီရှီအားလက်ညှိုးထိုးကာ
“ကျုံချင်းယွီကဒီရွက်လှေအကြီးကြီးကို ယန်ရှီကိုလက်ဆောင်ပေးလိုက်တာလေ”
ရဲ့လော့ယီ: ?????
ရဲ့လော့ယီသည် မည်မျှသနားစရာကောင်းနေသည်ကိုမသိသော်ညား ယန်ရှီသည်လည်း သူမကိုယ်တိုင်ပင်မသိပဲပျော်ရွှင်နေလေသည်။ သူမနှင့်ချင်းယွီတွင် ရွက်လှေဆောက်ရန်အချိန်မရှိခဲ့သော်ညား သို့ပေမဲ့ရေမွန်သည်သူ့တွင်ရှိသော ရွက်လှေအားငှားပေးခဲ့သည်။
ရေထဲတွင်ကစားရသော အားကစားဖြစ်သည့်အလျောက် ရွက်လွှင့်ခြင်းသည် ယောက်ျားပီသသောအားကစားတစ်ခုအဖြစ်သတ်မှတ်ခံရပြီး သင်ယူရန်လွယ်ကူသည့်အားကစားမဟုတ်ပေ။ ကျုံချင်းယွီသည် မြစ်ဘေးကျောက်တုံးပေါ်တွင် စိတ်မပါစွာထိုင်နေချိန်တွင် ယန်ရှီသည်စိတ်အားထက်သန်နေခဲ့သည်။ သို့သော်အတွေ့အကြံမရှိသည့် သူမ၏ ရွက်လှေသည် လမ်းကြောင်းမှသွေဖယ်သွားနေသည်။
ရွက်လွှင့်ရာတွင်လေတိုက်နှုန်းအပေါ်အခြေခံ၍ ရွက်အားထိန်းရန်နှင့် ကျွမ်းကျင်မှုနှင့်အတွေ့အကြုံများသည်လည်း အရေးကြီးသည်။ မကျွမ်းကျင်သေးသောသူများသည် ရွက်လှေအား ကိုင်တွယ်တတ်စေရန် 10 နာရီမှ 20 နာရီတွင် လေ့ကျင့်မှုလိုအပ်သည်။ ယန်ရှီသည် ထိုသို့ ပြီးပြည့်စုံသောအတွေ့အကြုံမရှိသူဖြစ်သည်။ အသက်ကယ်အင်္ကျီဝတ်ထားပါသော်ညား သူမသည်ရေထဲသို့အကြိမ်ပေါင်းများစွာပြုတ်ကျခဲ့သည်။ ထိုအချိန်တွင် ရဲ့လော့ယီသည် ကာတာထံမှ ငှားထားသောရွက်လှေဖြင့် အေးဆေးစွာဖြတ်ကျော်နိုင်ခဲ့သည်။
ရွက်လှေပွဲတော်သည် ရဲ့လော့ယီ၏ မူလခရီးသွားအစီအစဥ်တွင်ပါပြီးသားဖြစ်သည်။ သူမသည် ရွက်လွှင့်လေ့ကျင့်မှုများအားယူခဲ့ပြီး ရသစုံရှိုးတွင် သူမ၏ကျွမ်းကျင်မှုများအား ပြသနိုင်ရန်မျှော်လင့်နေခဲ့သည်။ ကာတာသည် ရဲ့လော့ယီ လျင်မြန်စွာပြီးဆုံးသွားသည်ကိုကြည့်၍အလွန်အံ့ဩသွားခဲ့သည်။
“ယီယီ ဒါကမင်းရဲ့ပထမဆုံးရွက်လွှင့်ဖူးတာမလား၊ မင်းကတကယ်အံ့ဩစရာကောင်းတာပဲ”
ရဲလော့ယီ၏ အနည်းငယ်လက်တွန့်မိသွားသည် သူမသည်ကျွမ်းကျင်အားကစားသမားတစ်ဦးမဟုတ်ပေ။ သို့သော်သူမသည်ရွက်လှေပေါ်တွင် ဟန်ချက်ညီစွာနေနိုင်ခဲ့သည်။
“ဟုတ်တယ် ဒါကျွန်မရဲ့ ပထမဆုံးအကြိမ်ပဲ၊ အဲတာက ရှင် လေမျက်နှာမူရာအရပ်တွေ၊ ရေစီးကြောင်းတွေ နဲ့ ရွက်လှေကိုသေချာထိန်းတတ်မယ်ဆိုရင်ရပါတယ်”
[ယီယီကအရမ်းပါရမီရှိတာပဲ]
[ငါ့ရဲ့နတ်ဘုရားမလေးကဘာမဆို မြန်မြန်သင်ယူနိုင်တာပဲ]
[LOL ယန်ရှီကတော့ရေထဲကို ဘယ်နှကြိမ်လဲမသိဘူးကျပြီးနေပြီ]
[ယီယီကအရမ်းအံ့ဩစရာကောင်းတာပဲ၊ ငါလည်း သူမဆီကသင်ယူချင်တယ်!]
ကျုံချင်းယွီသည် ရွက်ကိုသေချာချော့မွေ့စွာလွှင့်သွားနိုင်သော ရဲ့လော့ယွီနှင့် မြစ်ထဲမှာကုန်းတက်လာရသော ရေနစ်နေသည့်ကြွက်သကဲ့သို့ဖြစ်နေသော ယန်ရှီတို့ထံ တစ်ချက်ကြည့်လိုက်သည်။
ကျုံချင်းယွီသည် စာနာစွာပြောလိုက်သည်
“နင်ဒီတိုင်းပဲအရှုံးပေးလိုက်သင့်တာမလား၊ နင်ကျောင်းတုန်းက စစ်ရေးလေ့ကျင့်မှုတွေကိုတောင်လုပ်မလုပ်နိုင်ခဲ့ဘူးမလား၊ ပြီးတော့ နင်ခွေးကူးနည်းပဲသိတာလေ၊ အားကစားတွေကနင်နဲ့မကိုက်ပါဘူး”
ယန်ရှီ: “......”
သူမ အံကြိတ်လိုက်သည်။ သူမ၏အဘိဓါန်ထဲတွင် အရှုံးပေးသည်ဆိုသောစကားလုံးမပါဝင်ပေ။
ယန်ရှီသည်ဘေးရှိအပ်မှသစ်ကိုင်းတစ်ကိုင်းအားဆွဲယူကာ မြစ်ထဲသို့နှစ်လိုက်ပြီးနောက် စတင်တွက်ချက်လိုက်သည်။
“ငါဖတ်ဖူးတာတော့ ရွက်လွှင့်တယ်ဆိုတာ ငါလေတိုက်နှုန်း ရေစီးနှုန်း
ရွက်ထောင့်တွေကိုနဲ့တစ်ခြားဟာတွေကိုတွက်ချက်နိုင်သ၍ ငါသေချာရွက်လွှင့်လို့ရနိုင်တယ်”
“အခုလောလောဆယ်မှာ ရွက်လှေကဘာနိုလီအကျိုးသက်ရောက်နေတယ်၊ အဲတာကြောင့်မလို့ လှေကို အရှေ့မြောက်ဘက် တစ်နာရီ 13 ကီလိုမီတာနဲ့ 30° မှာ ရေကအရှေ့ဘက်ကိုစီးနေတယ်…”
နောက်ပိုင်းတွင်ကြမ်းတမ်းသောလမ်းကြောင့် သင်္ချာလက္ခဏာများဖြစ်သော vectorများ ထောင့်များ သီအိုရမ်များအားလုံးသည် ရွံများဖြင့်ဖုံးလွှမ်းသွားခဲ့သည်။
များစွာသောတွက်ချက်မှုများပြီးပြီနောက် ယန်ရှီသည်
“ငါအရှေ့မြောက်ဘက်ကို တစ်နာရီ 22.5 ကီလိုမီတာနဲ့ဆိုရင် ငါစိန့်မြစ်ကိုဖြတ်ကျော်နိုင်လိမ့်မယ်”
ကျုံချင်းယွီ၏မျက်လုံးများကျယ်သွားကာ
“နင်အဲတာကိုတွက်နိုင်တယ်လား”
[ဝိုး! သူမကအဲတာကိုတောင်တွက်ချက်နိုင်တာလား]
[ပုံသေနည်းကဘာမှရှုပ်ထွေးတဲ့ပုံမပေါ်ပါဘူး၊ အဲတာကဒီတိုင်းအလယ်တန်းသင်္ချာလေးပါပဲ]
[ငါကတော့တက္ကသိုလ်ရောက်သွားကတည်းက အလယ်တန်းသင်္ချာတွေကိုမမှတ်မိတော့ဘူး…..]
[ငါ လက္ခဏာတွေနဲ့ ပုံသေနည်းတွေအားလုံးကိုမှတ်မိပေမဲ့ ငါချမတွက်နိုင်တော့ဘူး….]
[ယန်ရှီလုပ်နိုင်ပါတယ်၊ သူမထောင့်တွေကိုထိန်းချုပ်နိုင်သ၍ ရွက်လွှင့်ရတာက အဲလောက်ခက်တော့မှာမဟုတ်ဘူး]
[အဲဒီတွက်ချက်မှုတွေပြီးရင် ဘာမှမှားနိုင်စရာမရှိတော့ဘူး]
ယန်ရှီသည် ရွက်လှေထံသို့ယုံကြည်ချက်ရှိစွာဖြင့်ပြန်သွားခဲ့သည်။
သူမသည် ရွက်၏ထောင့်များအားလုံးအားတိကျတိုင်းရန်လူးဝစ်ထံမှစက်ဝိုင်းခြမ်းလည်း တောင်းခဲ့သေးသည်။
ခရီးသွားများသည် ယန်ရှီ၏နောက်တွင်စုဝေးကာရပ်နေကြသည်။ ၎င်းတို့သည် သူမဘာလုပ်မည်ကိုနားမလည်ကြသော်ညား မြေပြင်ပေါ်တွင်ရှိသော ရှုပ်ထွေးသောသင်္ချာလက္ခာဏာများကြောင့် သူတို့သည်
“တရုတ်လူမျိုးတွေကတကယ်သင်္ချာမှာတော်ကြတာပဲ! ဒီမိန်းကလေးကရွက်လွှင့်တဲ့နေရာမှာတကယ်တော်တာပဲဖြစ်ရမယ်”
လူအုပ်စုထဲရှိလူတစ်ယောက်သည် ယန်ရှီအားအားပေးကာချီးကျူးနေသည်။
လူးဝစ်နှင့်ရေမွန်သည်လည်း သူမအား အားပေးနေလေသည်။ ထို့နောက်ယန်ရှီသည် ရွက်လှေထံသို့မားမားမတ်မတ်သွားကာ ရွက်အားတင်လိုက်သည်။ ထို့နောက်လေပြင်းတစ်ချက်တိုက်ကာ ရေများစင်လာခဲ့ပြီး ယန်ရှီနှင့် ရွက်လှေသည်ရေထဲသို့နှစ်မြှပ်သွားခဲ့သည်။
ကျိုချင်းယွီ: “.....”
ခရီးသွားများ: “.......”
[ဟားဟားဟားဟားဟား]
[ယန်ရှီကတော့ ငါ့ကိုရီသေအောင်လုပ်နေတာပဲ]
[သီအိုရီဆရာကြီး ဒါပေမဲ့အပျော်တမ်းလေ့ကျင့်သူ]
[သူမကခုနတုန်းကတော့ကြည့်ရတာပထမနေရာကိုသွားတော့မလို့နဲ့ လှေကတော့တစ်မီတာတောင်မရွေ့သွားခဲ့ဘူး]
[ငါစစ်ကြည့်ပြီးပြီ တကယ်တော့ တစ်မီတာနောက်ဆုတ်သွားတာ]
[ယန်ရှီ ငါပြောတာကိုယုံလိုက်ပါ၊ ကမ္ဘာပေါ်မှာခက်ခဲတဲ့အရာဆိုတာမရှိဘူး ဒီတိုင်းလက်လျော့လိုက်တော့]
[မင်းဒီတိုင်းလေးလှဲလိုက်တဲ့အချိန်မှာ အဲတာထပ်ပိုပြီးဇိမ်ကျတဲ့အရာမရှိဘူးဆိုတာမင်စသိလာလိမ့်မယ်]
ယန်ရှသည်စိန့်မြစ်ထဲမှာထွက်လာကာ မျက်နှာမှရေးများအားသုတ်လိုက်သည်။
တစ်ခုခုတော့မှားနေပြီ တော်တော်ကြီးကိုမှားနေပြီ.
ငါ့ တွက်ချက်မှုတွေကဘယ်လိုမှားသွားနိုင်မှာလဲ။
သိပ်မကြာခင်မှာပင် ပါဝင်ပြိုင်ဆိုင်မဲ့သူများ ကိုနေရာယူရန် အတွကိဝီစီသံတစ်သံထွက်လာခဲ့သည်။ ပြိုင်ပွဲသည်စတင်တော့မည်ဖြစ်သည့်အတွက် ယန်ရှီအတွက်လေ့ကျင့်ရန်အချိန်မရှိတော့ပေ။ ဆုလင်းလင်းသည် မြစ်ကမ်းဘေးမှာရပ်ပြီး ယန်ရှီကိုကြည့်ကာ
“ရွက်လွှင့်တယ်ဆိုတာ ပါရမီလိုအပ်တယ်၊ နင်ကငါတို့ယီယီလိုမျိုးအားလုံးကတော်နေမယ်လို့ထင်နေတာလား”
ကျုံချင်းယွီသည် ယန်ရှီအားရေထဲမှဆွဲတင်ကာ သူမအားပဝါဖြင့်လွှမ်းခြုံပေးပြီး ဆံပင်သုတ်ပေးနေရင်းဖြင့်
“နင်အဲလောက်ကြီးထိ နိုင်ချင်နေတာလား”
ယန်ရှီသည် နေရခက်စွာရီမောရင်း
“ပြောရမယ်ဆိုရင် ငါလည်း ဒီမှာရှိနေတာဆိုတော့လေ…”
“ကောင်းပြီလေ”
ကျုံချင်းယွီသည်ပဝါအားချကာ အသက်ကယ်အင်္ကျီအားဝတ်ရင်း
“ငါကြိုးစားကြည့်ပေးမယ်”
ရေမွန်သည်သိသာစွာစိုးရိမ်နေခဲ့သည်။ အနည်းဆုံး ယန်ရှီလေ့လာကာ အချိန်အနည်းငယ်ခန့်သင်ယူရင်း သီအိုရမ်ဗဟုသုတမျာလည်းအနည်းငယ်ရှိသည်။ သို့သော် ကျုံချင်းယွီမှာ ညွှန်ကြားချက်များကို တစ်ချက်မှနားမထောင်ခဲ့ဘူးပေ။အကယ်၍သူမရွက်လွှင့်မည်ဆိုလျှင် မြစ်ကမ်းနံဘေးအားဝင်တိုက်နိုင်လေသည်။
ရေမွန်ပြောလိုက်သည် “မမလေးကျုံ၊ ကျွန်တော်မမလေးကို ရွက်မလွှင့်ခင် သင်ခန်းစာလေးနည်းနည်းသင်ပေးလိုက်ပါ့မယ်”
ဒိုင်လူကြီးသည် သူတို့အားအမြန်လုပ်ရန်သတိပေးနေသည်။ ဤသည်မှာသာမာန် ပြိုင်ပွဲသာဖြစ်သော်ညား စည်းကမ်းချက်များသည် အရေးပါဆဲဖြစ်သည်။
[အဲတာတွက်အချိန်မရှိတော့ဘူး]
ကျုံချင်းယွီသည် ရွက်လှေငယ်အား ဟန်ချက်ညီစေကာ လမ်းကြောင်း၏အလယ်သို့ဝင်ရောက်လာခဲ့သည်။သူမသည်လျင်မြန်သောအရှိန်ဖြင့် ယန်ရှီအားဆွဲကာ ပဲ့အပိုင်းတွင်လုံခြုံစွာထားလိုက်သည်။
“ချင်းယွီ ရွက်လွှင့်တာကထင်သလောက်မလွယ်ဘူးနော်”
ယန်ရှီသည် ကျုံချင်းယွီရွက်လွှင့်မည်ဟုဆုံးဖြတ်ထားသည်ကိုမြင်သည်နှင့် သူမ၏လှေအားအနီးကပ်တွန်းလိုက်သည်။
“နင်တကယ် လေ့ကျင့်သင့်သေးတယ်၊ မဟုတ်ရင် တစ်ခုခုမှားယွင်းသွားနိုင်တယ်”
“ဘာတွေမှားသွားနိုင်လို့လဲ”
ကျုံချင်းယွီသည် စိုးရိမ်မှုများအားလျှော့ချလိုက်သည်
“အဲတာက ရွက်လေးတစ်ခုကိုထိန်းရုံပါပဲ အဲတာကဘယ်လောက်ခက်မှာမလို့လဲ”
ရဲ့လော့ယီသည် စိုးရိမ်နေဟန်ဆောင်နေပါသော်လည်း သူမသည်တိတ်တဆိတ်ကျေနပ်နေခဲ့သည်။
သူမသည်ဤအဆင့်အားရောက်ရန် တစ်ပတ်တိတိလေ့ကျင့်ခဲ့ရသည်။ ယန်ရှီသည်လည်း သီအိုရီများ နားလည်သော်လည်းအကြိမ်ပေါင်းများစွာနှစ်မြှပ်ခဲရသည်။
[အဲတာတောင်ကျုံချင်းယွီကရွတ်လွှင့်တာကိုအဲလောက်လွယ်မယ်ထင်နေတာလား]
[ကျုံချင်းယွီတကယ် ရွက်လွှင့်တော့မှာလား၊ သူဘာမှသင်ယူထားတာမရှိဘူးလေ]
[သူလည်း ရေထဲကို ကျတာနဲ့ပဲအဆုံးသတ်သွားမှာပဲ၊ ယန်ရှီရေ လှေရဲ့နှစ်ဘက်လုံးကိုကိုင်ထားလိုက် မင်းတော့ရေထဲကိုထပ်ကျတော့မှာ]
[မင်းမှာအရည်အချင်းမရှိဘူးဆိုရင် ဒီတိုင်းနည်းနည်းပါးပါးလျှောက်လုပ်နေပါလား ဘာလို့ပြိုင်ပွဲဝင်ပြိုင်ရတာလဲ၊ မင်းကဒီကို ပိုက်ဆံတွေဖြုန်းဖို့ရောက်နေတာပဲမလား]
[တကယ်လို့နောက်ဆုံးမှဆိုရင်တောင်တစ်ခြားတစ်ဖက်ကိုရောက်သွားမှာပဲလေ၊ ဒါပေမဲ့ ကျုံချင်းယွီကအဲတာတောင်လုပ်နိုင်ပါ့မလား]
ရေမွန်သည် ဒယ်ပူပေါ်ရှိပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့စိတ်လှုပ်ရှားနေမိသည်။ သူသည်ယွီရှီအား ရောင်းထုတ်လိုက်ပြီဖြစ်သော်ညား ကျုံချင်းယွီအား မပျော်မရွှင် မဖြစ်စေချင်ပေ။ သူသည်သူ၏ VIP ဝယ်သူအား သာယာသော ရွက်လွှင့်အတွေ့အကြုံကိုရစေချင်ပါသည်။
ထိုအချိန်တွင် လူးဝစ်သည် တည်ငြိမ်နေခဲ့သည်။ ပြင်သစ်လူမျိုးတစ်ဦးအနေဖြင့် သူသည် သူ၏နေ့လည်ခင်း macarons နှင့် မေပယ်ရည်ပန်ကိတ်များကို နှစ်သက်စွာ လက်ဖက်ရည်သောက်သည်။ ရေမွန်သည်သူ့အား
“မင်းရဲ့ဖောက်သည်အတွက် မင်းစိတ်မပူဘူးလား” ဟုမေးလိုက်သည်။
လူးဝစ်သည် သူ၏လက်ဖက်ရည်တစ်ငုံအားဖြေးစွာသောက်ရင်း
“ငါ့ရဲ့ မမလေးကျုံက US က ဘာနာတက္ကာသိုလ်မှာ ကျောင်းတက်ခဲ့တာဆိုတာကိုပြောဖို့မေ့ခဲ့တာလား”
ရေမွန်သည် အံ့ဩသွားခဲ့သည်။ သူသည် US နှင့် မရင်းနှီးသော်ညား ရွက်လှေရောင်းသူအနေဖြင့် ဘာနာတက္ကသိုလ်သည် ရွက်လွှင့်သင်တန်းများ ပို့ချပေးပြီး နိုင်ငံအတွင်း ထိပ်တန်းရွက်လွှင့်သင်တန်းကျောင်းဖြစ်သည်ကိုသူသိသည်။ သို့ပေမယ့် ဤသည် ကျုံချင်းယွီမှာ ရွက်လွှင့်နည်းကို သိတယ်လို့ မဆိုလိုပါပေ။
ဒိုင်လူကြီး ဝီစီမှုတ်ပြီးသည်နှင့် ရာနှင့်ချီသော ရွက်လှေများသည် တစ်ဖက်ကမ်းသို့ ဦးတည်သွားကြလေသည်။ ရဲ့လော့ယီသည် သူမ၏လှေအား ဟန်ချက်ညီစေရန် ထိန်းထားဖို့ရာ ရုန်းကန်နေရသည်။ စိန့်မြစ်အား ချောချောမွေ့မွေ့ဖြတ်ကျော်နိုင်သရွေ့ သူမအနိုင်ရမည်ဖြစ်သည်။
သူမသည် ပဲ့အားဆုပ်ကိုင်လိုက်သည်နှင့် သူမဘေးနားတွင် "ဝူး" အသံတစ်ခု ထွက်ပေါ်လာကာ ကျုံချင်းယွီ ၏ ရွက်လှေသည် ရှေ့သို့ကျော်သွားခဲ့ပြီးဖြစ်သည်။
စိန့်မြစ်၏ကျယ်ပြန့်သောရေပြင်ထက်တွင် ရာနှင့်ချီသောရွက်လှေများသည် အချင်းချင်းပြုင်ဆိုင်နေကြသည်။ သို့သော်လှေတစ်စင်းသည် လေးမှပစ်လွှတ်လိုက်သောမြှားတစ်စင်းကဲ့သို့ ထွက်ပေါ်လာကာ အဖြူရောင်အမြုပ်များအား၎င်း၏အနောက်တွင်ချန်ထားခဲ့သည်။
အားအပြည့်နှင့် ရွက်လွှင့်လာကာ ပြင်းထန်သောလေကို ဖမ်းယူ၍ အတားအဆီးမရှိ အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးလာနေခဲ့သည်။
[ငါမြင်နေရတာ ကျုံချင်းယွီ မလား ]
[သူက ရဲ့လော့ယွီကို ကျော်သွားပြီ၊ ပြီးတော့ တခြားသူတွေ အများကြီးကိုရောပဲ၊ ကျုံချင်းယွီရဲ့ ရွက်လွှင့်နိုင် စွမ်းကတော့မယုံနိုင်စရာပဲ]