Chapter 26
Vol. 3 Ch. 26
လီမြို့တွင် ကျင်းပခဲ့သော ရွက်လှေစီးပြိုင်ပွဲ၌ ကျုံချင်းယွီသည် သူမ၏ အဖွဲ့ထဲမှ ပထမနေရာအား ရရှိခဲ့လေသည်။ကျုံချင်းယွီသည် ရွက်လှေအဖွဲ့မှ ဆုချီးမြှင့်သည့် စိတ်ကြိုက်ရွက်လှေပုံစံကို ယန်ရှီအား လက်ဆောင်ပေးခဲ့သည်။
[ ငါတော့ ဒီကောင်မလေးရဲ့ ဆွဲဆောင်မှုအောက်မှာ 3မိနစ်အတွင်း ကျရှုံးသွားပြီ ]
[ ငါကတော့ ကျုံချင်းယွီမကောင်းကြောင်း လုံးဝ မပြောတော့ဘူး ၊ သူက ဒီပြိုင်ပွဲမှာ အရမ်းမိမိုက်နေတာလေ ]
[ဒါရိုက်တာကျန်း ပြောတာ အရမ်းမှန်တယ် ၊ ဒီအမျိုးသမီးလေးက ဗီလိန်ဇာတ်ကောင်တွေ ၊ မောက်မာပြီးအထက်စီးဆန်တဲ့ ဇာတ်ကောင်တွေကိုပဲ သရုပ်ဆောင်သင့်တာ ၊ အဲ ဇာတ်ကောင်တွေက သူနဲ့ အရမ်းလိုက်ဖက်တယ်လေ]
[ ငါတော့ အရမ်းတွေ့ချင်နေပြီ ၊ ဒီမှတ်ချက်တွေက ငါ့ကို ပိုစိတ်ဝင်စားအောင်လုပ်နေတာပဲ ]
ရဲ့လော့ယီမှာ ပြိုင်ပွဲပြီးသွားသော်လည်း ကျူံချင်းယွီသည် သူမထက် ကျော်၍ အရှေ့ရောက်နေသည်ကို မြင်လိုက်ရသောအခါ၌ ထိတ်လန့်ကာ အယောင်ယောင်အမှားမှားပင် ဖြစ်သွားလေသည်။ ထို့နောက် သူမ၏ ရွက်လှေအား မထိန်းနိုင်ဖြစ်နေ၍ လေပြင်းထန်စွာတိုက်လိုက်သည့်အချိန်၌ နောက်ဆုံးတွင် မြစ်ထဲသို့ ပြုတ်ကျသွားလေတော့သည်။သူမ ရေပေါ်သို့ ပြန်ပေါ်လာသည့် အချိန်၌ စိမ့်မြစ်၏ ရေအနည်းငယ်သည် ရဲ့လော့ယီ၏ ပါးစပ်ထဲသို့ ရောက်သွားကာ သူမသည် ခါးသောအရသာနှင့်အတူ စိတ်မသက်မသာပင် ခံစားလိုက်ရလေ၏။
သူမ ကြည့်လိုက်သောအခါတွင် ယန်ရှီသည် ရဲ့လော့ယီ၏ စိတ်ကြိုက်ရွက်လှေပုံစံအား ပျော်ရွှင်စွာဖြင့် လက်ခံယူနေသည်ကိုပင် မြင်လိုက်ရလေသည်။
ကာတာသည် ရဲ့လော့ယီအား ရေထဲမှ ဆွဲတင်လိုက်၍ ပြောလာသည်။
“ရွက်လှေစီးတာ ပထမဆုံးအကြိမ်ဆိုပေမဲ့ မင်းအကောင်းဆုံးလုပ်ခဲ့တာပဲ၊ ယီယီ မင်းက ပါရမီပါတာပဲ”
သူသည် ရဲ့လော့ယီမှ ကျုံချင်းယွီအား စူးစိုက်၍ကြည့်နေသည်ကို သတိထားမိကာ ထပ်၍ပြောလာလေ၏။
“မစ္စကျုံက ဒီအဆင့်ထိ ရောက်ဖို့ဆိုရင် သေချာပေါက် အများကြီးလေ့ကျင့်ထားရမှာပဲ”
“ ဪ ဟုတ်လား”
ရဲ့လော့ယီ၏ မျက်နှာအမူအရာမှာ အနည်းငယ် စိတ်မသက်မသာဖြစ်နေသည့်ပုံ ပေါ်နေသည်။ သို့သော် သူမသည် ကျုံချင်းယွီထံသို့ သွားလိုက်သည်။
“ ချင်းယွီ ၊ နင်ရွက်လှေစီးတာကို အရင်က သင်ဖူးတာလား ၊ နင် ဘယ်နှနှစ်လောက် လေ့ကျင့်ခဲ့ရတာလဲ ၊ နင်က မယုံကြည်နိုင်စရာကောင်းလောက်အောင်ကို တော်လွန်းတာပဲ”
ရဲ့လော့ယီသည် “ ဘယ်နှနှစ်လောက်” ဟူသော စကားကို တမင်တကာပင် အသားပေး၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရဲ့လော့ယီသည် ကျူံချင်းယွီ၏ အရည်အချင်းမှာ ကျွမ်းကျင်သည့် အဆင့်တွင်ရှ်ိနေသောကြောင့် သူမ အချိန်ယူ၍ လေ့ကျင့်ခဲ့သည်မှာ အသေအချာပင်ဖြစ်သည်ဟု ပြောနိုင်သည်။
အတွေ့အကြုံမရှိသည့် သူများတွင် လိုအပ်ချက်များရှိသည်မှာ ပုံမှန်ဖြစ်ကြောင်းကို ရဲ့လော့ယီ သေချာသိသည့်အပြင် သူမ၏ ပရိတ်သတ်များမှာလည်း ထိုအတွက်နှင့် သူမအား အပြစ်တင်ကြလိမ့်မည် မဟုတ်ပေ။
ကျုံချင်းယွီသည် ရဲ့လော့ယီအား မျက်ခုံးပင့်၍ ကြည့်လိုက်လေသည်။
အရပ် 170cm ရှိသည့် သူမ(ကျုံချင်းယွီ)သည် အရပ် 162cm သာ ရှ်ိသည့် ရဲ့လော့ယီထက် အနည်းငယ်ပင် ပို၍ မြင့်နေသဖြင့် သူမခေါင်းကို အနည်းငယ်ငုံ့၍ ကြည့်ပြောလိုက်သည်။
“ နင့်အပူ မပါဘူး”
ကျုံချင်းယွီ ပြန်ပြောလိုက်သည့် စကားကြောင့် ရဲ့လော့ယီမှာ ပြောစရာစကားပျောက်သွားတော့သည်။
[ကျုံချင်းယွီက တကယ်တည့်တိုးဆန်တာပဲ၊ သူရွက်လှေစီးတာ ကျွမ်းကျင်တာနဲ့ပဲ သူများကို ဒီလိုမျိုး ဆက်ဆံစရာလား]
[ ကျုံချင်းယွီက အမြဲတမ်း ဒီလိုပဲမဟုတ်ဘူးလား ၊ သူက အမြဲ မာနကြီးပြီး သူများကို အထင်သေးတက်တာပဲလေ ၊ ဒါကို အခုထိ မသိကြသေးဘူးလား]
[ ယီယီရေ သူနဲ့ ဆက်ပြီး ပြောမနေနဲ့တော့ ၊ ငါ ကျုံချင်းယွီကို သည်းမခံနိုင်တော့ဘူး ]
ယန်ရှီသည် စိတ်ကြိုက်ပုံစံရွက်လှေကို ကိုင်ထား၍ သူမ၏ မျက်လုံးတစ်ဖက်အား မှိတ်ပြလိုက်လေသည်။
ရဲ့လော့ယီသည် ယခင်ကတည်းကပင် သူမ ပြောဆိုသည့် စကားလုံးတိုင်းအား ဂရုစိုက်၍ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး မည်သည့်အခြေအနေတွင်မဆို အဆင်ပြေမည့် နည်းလမ်းကိုသာ အမြဲရှာနေခဲ့သူ ဖြစ်သည်။
သို့သော် ယန်ရှီသည် သူမ( ရဲ့လော့ယီ) နှင့် နှစ်ရက်လောက် အတူတူရှိနေခဲ့ခြင်းကြောင့် သူမအကြောင်းအား နားလည်လာခဲ့သည်။
အများအမြင်၌ ရဲ့လော့ယီသည် ကျုံချင်းယွီအား မေးလိုက်သည့်မေးခွန်းသည် ရိုးသား၍ သဘာဝကျသည်ဟု ထင်ရသော်လည်း သူမသည် တမင်တကာပင် “ ဘယ်နှနှစ်လောက် လေ့ကျင့်ခဲ့တာလဲ” ဟု မေးလိုက်ခြင်း ဖြစ်သည်။
ကျုံချင်းယွီနှင့် ရဲ့လော့ယီတို့ နှစ်ဦးကြားတွင် တင်းမာသော ဆက်ဆံရေး ရှိနေသောကြောင့် ကျုံချင်းယွီသည် ယဉ်ယဉ်ကျေးကျေးဖြင့် ပြန်မဖြေနိုင်တော့ပေ။
ဤကိစ္စတွင် ရဲ့လော့ယီသည် ကျုံချင်းယွီ၏ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရသည့်အကြောင်းအား ပေါ်လွင်စေခဲ့သည် ၊ ထို့အပြင် အတွေ့အကြုံမရှိသေးသည့် သူတစ်ယောက်ဖြင့် နှိုင်းယှဉ်ကာ အထင်ကြီးနေသည့် ကျုံချင်းယွီ၏ ရိုင်းစိုင်းမှုများကိုလည်း ပေါ်လွင်စေခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့ ခြယ်လှယ်အကွက်ချခြင်းများနှင့်အတူ ရှုယန်ယန်၏ ရလျှင်ရသလို အခွင့်အရေးယူတတ်သောအပြုအမူများဖြင့် ပေါင်းစပ်လိုက်သောအခါ ကျုံချင်းယွီနှင့် ရှုယန်ယန်တို့၏ ခင်မင်မှုမှာ အစစ်အမှန်မဟုတ်ကြောင်း ထွက်ပေါ်လာခဲ့သည်။
ယန်ရှီသည် ရဲ့လော့ယီအား ကြည့်လိုက်ပြီးနောက် ချိုသာစွာဖြင့် ပြောလိုက်သည်။
“ ချင်းယွီ တက္ကသိုလ်တက်တုန်းက ရွက်လှေအသင်းအဖွဲ့မှာ ပါဖူးတယ်လေ ၊ သူက သင်ယူတာ မြန်တဲ့အထဲမှာပါတော့ တစ်နှစ်တောင်မကြာလိုက်ဘူး အတော်ဆုံး ဖြစ်လာတာပဲ”
ထို့နောက် ယန်ရှီသည် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ ဒါပေမယ့် မစ္စရဲ့လည်း လေ့ကျင့်နေတုန်းက ကောင်းကောင်းလုပ်ခဲ့တာပဲလေ ၊ အရင်ကရော တစ်ခါမှ မသင်ဖူးဘူးလား”
သူမ၏ မျက်နှာအမူအရာသည် တင်းမာလာပြီးနောက် လက်သီး တင်းတင်းဆုပ်လိုက်၍ ပြောလိုက်၏။
“မသင်ဖူးဘူး၊ ဒါ ငါရဲ့ ပထမဆုံးအကြိမ်ပဲ”
ယန်ရှီသည် သူမ၏ မေးစေ့ကို ပွတ်၍ အချိန်အတော်ကြာ စဉ်းစားနေလေသည်။
“ ဒါပေမယ့်လေ ဒီဟိုင်မြို့ရဲ့ ရွက်လှေ အသင်းမှာ နည်းပြလုပ်နေတဲ့ ငါ့ သူငယ်ချင်းက နင့်ကို ဒီမှာ ခဏခဏ တွေ့တယ်လို့ ပြောတာပဲ”
ရဲ့လော့ယီ၏ မျက်နှာမှာ သွေးမရှိတော့သလိုပင် ဖျော့တော့သွားတော့သည်။
ယန်ရှီသည် ရွက်လှေအကြောင်းကိုပင် ကောင်းကောင်းမသိသူဖြစ်၍ ရွက်လှေအသင်းအဖွဲ့တွင် သူငယ်ချင်းတစ်ဦး ရှိနေသည်မှာ မယုံနိုင်စရာပင် ဖြစ်နေသည်။
ကမ္ဘာကြီးက အဲလောက်တောင် ကျဉ်းတာလား။
ရဲ့လော့ယီသည် သူမ၏ “ ဉာဏ်ကြီးရှင်” ဟူသော ပုံရိပ်ကိုပင် အမြဲထိန်းသိမ်းထားသူ ဖြစ်လေသည်။ သူမသည် အနုပညာကျောင်း ဝင်ခွင့်ဖြေခဲ့သည့် အချိန်ကာလအတွင်း အတန်းထဲ၌ ယဉ်ကျေးမှုဘာသာရပ်များတွင် အမြင့်ဆုံး အဆင့်ကို ရရှိခဲ့သည့်အပြင် ရသစုံရှိုးများတွင်လည်း အရည်အချင်းအသစ်များကို လျင်မြန်စွာ သင်ယူနိုင်ခဲ့လေခြင်း ဖြစ်သည်။ သူမ၏ မြင့်မားသော နောက်ခံအဆင့်အတန်း ၊ အလုပ်ကြိုးစားမှု နှင့် ဉာဏ်ကောင်းမှုတို့သည် သူမ၏ပရိတ်သတ်များအား ဆွဲဆောင်နေသည့် အဓိက သော့ချက်ပင် ဖြစ်သည်။
ဤ ရွက်လှေစီးပွဲတွင်လည်း ရဲ့လော့ယီသည် သူမအား “ ရွက်လှေပညာကို လျင်မြန်စွာသင်ယူနိုင်သည့် ပါရမီရှင်” ဟု ထင်ပေါ်စေရန်အတွက် ကြိုတင်၍ ပြင်ဆင်လေ့ကျင့်ထားခြင်း ဖြစ်သည်။
ရဲ့လော့ယီသည် ထို ရွက်လွှင့်စီးသင်ပြပေးသည့် နည်းပြအား ငှားရမ်းသည့် အချိန်၌ သူမ၏ သင်ကြားမှုကို လျှို့ဝှက်ပေးရန် အကြိမ်ကြိမ် သတိပေး၍ ပြောခဲ့သည်။
သို့သော် ထိုသဘောတူညီမှုမှာ စာချုပ်ဖြင့်ချုပ်ဆိုထားခြင်း ဖြစ်စေကာမူ ယုံ၍မရကြောင်း ရဲ့လော့ယီ ကောင်းကောင်းသိနှင့်ပြီးသား ဖြစ်သည်။
နည်းပြမှာ ထိုအကြောင်းအား ပရိတ်သတ်များထံသို့ ချပြခဲ့ခြင်းမရှိသော်လည်း သူငယ်ချင်းအချင်းချင်းကြားတွင်မူ အလွယ်တကူ ပြောစရာတစ်ခု ဖြစ်သွားနိုင်သည်။
ဘယ်လောက်တောင် ကံဆိုးလိုက်သလဲ ၊ ဒီသတင်းက ယန်ရှီရဲ့နားထဲ ရောက်သွားရတယ်လို့။
ယန်ရှီ၏ မျက်နှာသည် ဖြူဖျော့ဖျော့ဖြစ်နေရာမှ ပြန်၍လန်းဆန်းလာလေသည်။
“ နင့်ရဲ့ သူငယ်ချင်းက ငါ့ကို တစ်ယောက်ယောက်နဲ့ လူမှားတာ ဖြစ်လိမ့်မယ်နော်”
“ သူက ဘယ်လိုလုပ်မှားနိုင်မှာလဲ”
ယန်ရှီသည် အံ့ဩသွားသည့်ပုံစံဖြင့် ဟန်ဆောင်ကာ ချိုသာစွာဖြင့် ပြုံးလိုက်လေ၏။
“ နင်က ဒီလောက်လှပြီး နာမည်ကြီးနေတာကို သူက ဘယ်လိုလုပ် တစ်ခြားတစ်ယောက်နဲ့ မှားနိုင်မှာလဲ”
ရဲ့လော့ယီသည် သူမ၏ အမြင်အာရုံများမှာ အမှောင်ကျသွားသလိုပင် ခံစားလိုက်ရလေသည်။
ဘာလို့ သူက အဲလောက်တောင် ကံဆိုးရတာလဲ။
“ငါ့သူငယ်ချင်းနဲ့ အရင်တစ်ခါလာတုန်းက မြင်လိုက်တာ ဖြစ်လိမ့်မယ်နော်”
ထိုစကား ပြောလိုက်ချိန်တွင် ရဲ့လော့ယီ၏ စကားများမှာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေလေသည်။
ယန်ရှီသည် အဓိပ္ပာယ်ရှိစွာဖြင့်ပင် “ အိုးး..” ဟု အသံထွက်လိုက်ပြီး သူမ(ရဲ့လော့ယီ) အား စိုက်ကြည့်ကာ သူမ၏နှုတ်ခမ်း၌ အပြုံးတစ်ခု ပေါ်လာတော့သည်။
[ ဟားဟား ၊ ရဲ့လော့ယီရဲ့ မသက်မသာဖြစ်နေတဲ့ မျက်နှာအမူအရာကို ကြည့်လိုက်ကြပါဦး ၊ သူက တကယ် သင်ခဲ့ဖူးတာပဲ ]
[သူက ဒီကိစ္စလေးကို ဘာလို့ဖုံးကွယ်ထားရတာလဲ]
[ တကယ်လို့ ကျုံချင်းယွီသာ ဒီနေ့ရဲ့ အဓိကနေရာကို မယူထားဘူးဆိုရင် ရဲ့လော့ယီက ရေတပ် အဖွဲ့တွေကို ငှားထားပြီး ယန်ရှီနဲ့ လိုက်ပြီး ယှဉ်နေမှာပဲ ၊ ပြီးရင် သူက ဉာဏ်ကောင်းပြီး အရည်အချင်းရှိတဲ့သူလို့ နာမည်ရလာပြီး ပရိတ်သတ်တွေလည်း ပိုတိုးလာတော့မှာလေ ]
[ ရဲ့လော့ယီက သူ့ကိုယ့်ကို စိတ်ကြီးဝင်နေတာပဲ ၊ ဒါက သူ့ရဲ့ ပင်ကိုပုံစံထဲက တစ်စိတ်တစ်ပိုင်းပဲနေမှာ ]
System သည် online ပေါ်နှင့် တိုက်ရိုက်ထုတ်လွှင့်မှူများမှ ကြည့်ရှူသူများ၏ အထင်အမြင်များကို စောင့်ကြည့်၍ စစ်ဆေးနေပြီး ယန်ရှီဆီသို့ ချက်ချင်းပင် အကြောင်းကြားလာလေသည်။
[ Hostရေ မင်းက အရမ်းအံ့ဩဖို့ကောင်းတာပဲ ၊ ရဲ့လော့ယီ အရင်က ဒီအသင်းကိုလာဖူးတာ မင်းဘယ်လိုသိတာလဲ ၊ ငါတောင် မသိခဲ့ဘူး ]
ယန်ရှီသည် အပြစ်ကင်းသည့် ပုံစံဖြင့်ပင် ပြောလာလေ၏။
“ ငါမသိပါဘူး”
System: ?
ယန်ရှီသည် ကျီစယ်သည့် ပုံစံဖြင့်ပင် ထပ်၍ ပြောလာသည်။
“ ဒါပေမယ့် လူးဝစ့်ကို ဟိုင်မြို့မှာ ရွက်လှေစီးသင်လို့ရတဲ့ နေရာတွေ ရှာခိုင်းထားတာလေ ၊ ဒီရွက်လှေအသင်းက နာမည်အကြီးဆုံးလို့ပြောကြလို့ ရဲ့လော့ယီက ဒီကိုလာလောက်တယ်လို့ ခန့်မှန်းလိုက်တာပဲ ၊ ငါက တုံ့ပြန်မှုရှိ မရှိ စမ်းသပ်လိုက်ရုံပါပဲ”
System: ?
[ ရဲ့လော့ယီက မင်းကို ဒီအကြောင်းဖော်လိုက်မှာ မကြောက်ဘူးလား ၊ တကယ်လို့ သူက နိုင်ငံခြားမှာ သင်ခဲ့တာဆိုရင်ရော ဘယ်လိုလုပ်မလဲ ]
ယန်ရှီသည် သူမ၏ ပုခုံးအား တွန့်ပြ၍ ပြောလာသည်။
“ သူဖော်ထုတ်လိုက်တော့လဲ ဘာဖြစ်လဲ ၊ ငါ့သူငယ်ချင်းက သူ့ကို လူမှားပြီး မြင်လိုက်မိတာလို့ ပြောလိုက်လို့ရတာပဲ ၊ ပြီးတော့ ဒါက ငါနဲ့ ဘာမှမပတ်သတ်ဘူးလေ”
ရဲ့လော့ယီအား ရွက်လှေအသင်းတွင် မြင်ခဲ့သည့်မှာ သူမ၏ “ သူငယ်ချင်း ” ဖြစ်ပြီး သူမကိုယ်တိုင် မြင်ခဲ့ခြင်း မဟုတ်ပေ။
ဤအရာသည် ကောလဟာလ တစ်ခုပင် ဖြစ်ခဲ့ပြီး ယန်ရှီသည် ရဲ့လော့ယီအား ဥပဒေအရ စွပ်စွဲခဲ့ခြင်းပင် မဟုတ်ပေ။
System: …
ဝိုးးး သူ့ရဲ့ CPU တစ်ဝက်လောင်ကျွမ်းသွားပြီ။
ကံကောင်းစွာဖြင့်ပင် ယန်ရှီသည် အရံဇာတ်ကောင် တစ်ခုဖြစ်နေသည်။
တကယ်လို့ ကျုံချင်းယွီသာ ဒီလိုမျိုး ဉာဏ်ရည်ရှိနေမယ်ဆိုရင် ရဲ့လော့ယီနဲ့ ပေယွဲ့ပိုင်တို့က ဘယ်လိုလုပ် သူ့ကို အနိုင်ရနိုင်တော့မလဲ။
ထိုအနီးအနားတွင် ချင်းလီနှင့် အခြားဧည့်သည်များသည် ရွက်လှေပြိုင်ပွဲအား ကြည့်ရှုရန် ရောက်ရှိနေခဲ့ကြသည်။
သူတို့သည် ရဲ့လော့ယီနှင့် ယန်ရှီတို့၏ စကားဝိုင်းမှ အနည်းငယ် တင်းမာမှုတို့ကို ခံစားလာရတော့သည်။
အနုပညာလောကတွင် ရှိကြသည့် သူများအားလုံးသည် အတွေ့အကြုံရှိပြီးသားသူများပင် ဖြစ်ကြသောကြောင့် ကွေ့ဝိုက်၍ ပြောနေစရာ မလိုတော့ပေ။
ကံကောင်းစွာဖြင့်ပင် ဤအရာသည် သူမ၏ပုံရိပ်အား ထိခိုက်စေရုံလောက်ပင် ဖြစ်ခဲ့ပြီး ပြင်းထန်သည့် ထိခိုက်နစ်နာမှုများ မဖြစ်ခဲ့ပေ ၊ ထိုအရာသည် online ပေါ်တွင် လှောင်ပြောင်ကြသည့် ကိစ္စတစ်ခုပင် ဖြစ်သွားတော့သည်။
ချင်းလီသည် စကားလမ်းကြောင်းအား ပြောင်းလိုက်ပြီးနောက် ယန်ရှီ၏ မှတ်စုများသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်ကို သတိထားမိလိုက်လေသည်။ ထိုမှတ်စုများတွင် အများစုသည် ခြောက်သွေ့နေပြီး မြစ်၏အညစ်အကြေးများသာ ကျန်နေသည်ကို တွေ့လိုက်သည်။
“ ယန်ရှီရဲ့ မှတ်စုတွေက ပညာအရည်အချင်းပိုင်းမှာ ထူးချွန်တဲ့သူလို့ ဖော်ပြနေတာပဲ” ဟု ချင်းလီမှ ချီးကျူးပြောဆိုလိုက်လေသည်။
“ ငါမှတ်မိပါသေးတယ်၊ မိတ်ဆက်တဲ့အချိန်တုန်းက ယန်ရှီက သူ့ကိုယ်သူ ကျောင်းသူလို့ ပြောခဲ့တယ်မလား”
ကျုံချင်းယွီသည် ဂုဏ်ယူစွာဖြင့်ပင် ယန်ရှီ၏ပုခုံးပေါ်လို့ လက်တစ်ဖက်ဖြင့် သိုင်းဖက်ကာ ပြောလာလေသည်။
“ ငါတို့ရဲ့ ရှီရှီလေးက ဟိုင်မြို့ရဲ့ တက္ကသိုလ်က အတော်ဆုံး ကျောင်းသူပဲလေ ၊ ဒီ သချာ်ပုစ္ဆာလေးလောက်ကတော့ သူ့အတွက် အေးဆေးပဲ”
ဟိုင်မြို့ရှိ တက္ကသိုလ်သည် ဤနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ် သုံးခုထဲမှ တစ်ခုပင် ဖြစ်သည်။
ကျောင်းသူတစ်ယောက်၏ အရည်အချင်း အစစ်အမှန်သည် မည်သို့ပင် ဖြစ်စေကာမူ ထိုနာမည်တစ်ခုတည်းကြောင့်ပင် ယန်ရှီအား " ဉာဏ်ကြီးရှင်" ဟု လူအများက ယူဆကြသည်။
[ ဟိုင်မြို့ရဲ့ တက္ကသိုလ်လား ၊ အဲတာက ငါ့ရဲ့အိမ်မက်ထဲက တက္ကသိုလ်ပဲ ]
[ယန်ရှီက တကယ်ကို အထင်ကြီးလောက်စရာပဲ ]
[ ဟိုင်မြို့ရဲ့တက္ကသိုလ်မှာ တက်တဲ့သူတိုင်းက ထူးချွန်ပြီးတော်ကြတဲ့သူတွေကြည့်ပဲလေ ]
[ ငါအစက အဲလိုဆိုတာ မသိခဲ့ဘူး ၊ ယန်ရှီက သူ့ကိုယ်သူ ကျောင်းသူလို့ မိတ်ဆက်တော့ သူ့ကို ရိုးရိုးတက္ကသိုလ်မှာပဲ တက်တာမလို့ အသေးစိတ်မရှင်းပြတာလို့ထင်ခဲ့တာ ၊ အခုတော့ သူက အရမ်းကို အံဩစရာကောင်းလောက်အောင်ကို တော်နေတာပဲ ]
[ အမှန်အတိုင်းပြောရမယ်ဆိုရင် ကျုံချင်းယွီက ဒီလိုမျိုး ထိပ်တန်းကျောင်းသူနဲ့ သူငယ်ချင်းဖြစ်နေတာက သိပ်မလိုက်ဖက်ဘူး ၊ သူက အတန်းလစ်ပြီး မိတ်ကပ်တွေ ဖက်ရှင်တွေဘက်ကိုပဲ ပိုပြီးအားထားတဲ့သူမျိုးလေ ]
[ ဟားဟား ၊ နင်က သူ့ရဲ့ မိကျောင်းအရေခွံအိတ်နဲ့ ရိုက်တာ ခံချင်နေတာလား ]
ထိုနေရာတွင်ရှိသည့် ဧည့်သည်များအားလုံးသည် အလွန်အမင်း အံ့ဩသွားကြတော့သည်။
နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ် သုံးခုထဲမှ တစ်ခုအား တက်ရောက်နေသည့် သူတစ်ယောက်ကို နေ့တိုင်းတွေ့ဖို့ဆိုသည်မှာ မလွယ်လှပေ။
ရေမွန်နှင့်ကာတာတောင် ဤအကြောင်းကို ကြားဖူးကြသည်။
သူတို့သည် ယန်ရှီအား လေးစားနှစ်သက်စွာဖြင့် စိုက်ကြည့်နေကြသည်။ ထို့နောက် သူမ၏ဘေးတွင် ဂုဏ်ယူစွာဖြင့် ရပ်နေသည့် ကျူံချင်းယွီအား မြင်လိုက်ရသည်မှာ မယုံနိုင်စရာပင် ဖြစ်နေကြ၏။
အထူးသဖြင့် ကျုံချင်းယွီနှင့် ယန်ရှီအား နှိုင်းယှဉ်ခဲ့သည်မှာ ကျန်းတောင်ပင် ဖြစ်သည်။
“ မင်းတို့ နှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေလား ၊ တစ်ယောက်က အတော်ဆုံးထိပ်တန်းကျောင်းသူ ၊နောက်တစ်ယောက်က ပေါ့ပျက်ပျက်နဲ့နေတဲ့သူ၊ ဒါမျိုးကလည်း အဆင်ပြေကြတာပဲလား”
ကျုံချင်းယွီ: ?
ကျုံချင်းယွီသည် မျက်မှောင်ကုတ်ကာ ၊ လက်ဆစ်များကို ချိုးလိုက်ပြီး ကျန်းတုံအား ပြုံး၍ ပြောလာလေသည်။
“ ကြည့်ရတာ စီမံကိန်းအတွက် ငါ့ရဲ့ စပျစ်ဝိုင်ခြံကို မလိုတော့တဲ့ပုံပဲ ၊ ငါ သူများကို သုံးရက်အတွင်း ပိုက်ဆံသောင်းချီနဲ့ ငှားလိုက်လို့ရတယ်နော်”
ကျန်းထောင်: !!!
မဟုတ်ဘူး
သူလိုအပ်တယ်။
ရွက်လှေစီးပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက်တွင် ညစာစားရန်အတွက် အချိန်နီးလာပြီ ဖြစ်လေသည်။
ထုတ်လုပ်ရေးအဖွဲ့သည် ဒီနေ့အတွက် တာဝန်တစ်ခု ချမှတ်ပေးထားသည်။ ဧည့်သည်တော်များသည် မိမိ တည်းခိုသည့်နေရာ၌ ညစာ အတူတူချက်ကြရမည် ဖြစ်သည်။ လူတိုင်းသည် မတူညီတဲ့ အရသာများကို နှစ်သက်ကြပြီး ထိုအချိန်တွင် အားလုံးသည် အပြင်မှာရှိနေခြင်းကြောင့် ဈေးဝယ်စင်တာသို့ သွား၍ Hotpot အတွက် လိုအပ်သည့်ပစ္စည်းများကို အရင်ဆုံးဝယ်ယူရန် ဆုံးဖြတ်လိုက်ကြသည်။
ရဲ့လော့ယီသည် ထို့အဖွဲ့၏နောက်မှနေ၍ တိတ်တိတ်ကလေးပင် လိုက်သွား၏။
သူမသည် တိုက်ရိုက်ထုတ်လွှင့်မှုအား လျှပ်တစ်ပြက်ပင် ကြည့်လိုက်မိသည်။ ထို့နောက်များပြားလှသော ကြည့်ရှုသူများသည် သူမအား “ ကိုယ်ရည်ကိုယ်သွေး ပျက်ပြားသူ” ဟု လှောင်ပြောင်နေသည့် မှတ်ချက်များကိုပင် သတိထားမိသွားပေသည်။
ဤအရာများသည် သူမအား ပို၍ စိတ်ဓာတ်ကျသွားစေတော့သည်။
ဒီနေ့မှာ ရိုက်ကူးရေးလုပ်သည့် သုံးရက်မြောက်နေ့ ဖြစ်ပြီး သူမသည် စ ရိုက်ကူးသည့်နေ့မှစ၍ ကံဆိုးသည့်အရာများသာ ကြုံတွေ့ခဲ့ရပြီး အများ၏ လှောင်ပြောင်ခြင်းကို ခံနေခဲ့ရသည်။
ဤအရာသည် သူမတွေးထားသည်နှင့် တစ်ခြားစီပင် ဖြစ်နေလေသည်။
သူမသည် ဤရသစုံရှိုးကို အသုံးပြု၍ သူမ၏ အောင်မြင်ကျော်ကြားမှုကို ပြန်လည်ရရှိစေရန် ရည်ရွယ်ထားခြင်းပင် ဖြစ်သည်။
ချင်းလီသည် ရဲ့လော့ယီနောက်မှ လိုက်လာ၍ သူမ၏ညိုးငယ်နေသည့် ပုံစံကို မြင်လိုက်ရသည့်အခါတွင် သူ့၏ နှလုံးသားထဲ၌ တင်းကြပ်လာတော့သည်။
အချိန်ခဏကြာသောအခါ ချင်းလီသည် သူ၏ ဖုန်းကိုထုတ်၍ ဖုန်းခေါ်လိုက်သည်။
“ သာ့ကျားကျွမ်” သည် ရေတပ်အကောင့် တစ်ခုဖြစ်သည်။
“ သာ့ကျား” ဆိုသည်မှာ “ အမှန်တရားဖော်ထုတ်ခြင်း” ဟု အဓိပ္ပာယ်ရပြီး သူတို့၏ အဓိကလုပ်ငန်းမှာ အမှန်တရားများကို ရှာဖွေခြင်းပင် ဖြစ်သည်။
သူသည် အဓိကအားဖြင့် အယောင်ဆောင်ထားသည့်အနုပညာရှင်များအား ဖော်ထုတ်ခြင်းဖြစ်သည်။
၎င်းတို့မှာ သင်ခန်းစာအနည်းငယ်သာ သင်ကြားပေးပြီးနောက် ညတွင်းချင်း နာမည်ကြီးသွားခဲ့သော အင်တာနက်ပေါ်မှ ဆရာ၊ဆရာမများ ၊ချောမောလှပသောရုပ်ရည်ကြောင့် မရေမတွက်နိုင်သော မိန်းကလေးများ၏ အိမ်မက်ဖြစ်လာခဲ့သော ရုပ်ဖျက်ထားသည့် ယောကျာ်းလေးများ နှင့် ဝတ္ထုများရေးသား၍ လူအများကြားထဲ၌ ကျော်ကြားခဲ့ကာ စာပေအရည်အချင်းရှိသူများဟု ချီးကျူးခံခဲ့ရသော ကျောင်းသားကျောင်းသူများပင် ဖြစ်သည်။
သူတို့သည် မြန်ဆန်စွာပင် နာမည်ကြီးလာခဲ့ပြီး follower များလည်း အများကြီး တိုးလာခဲ့ကြသည်၊၊ သာ့ကျားကျွမ်သည် ထို “ အနုပညာရှင်” များအား စစ်ဆေးမေးမြန်းဖော်ထုတ်ရသည်ကို အလွန်ကြိုက်နှစ်သက်ပေသည်။
သတင်းအချက်အလက် ခေတ်ဖြစ်သောကြောင့် လူကြည့်များခြင်းသည် ပိုက်ဆံများများရခြင်းနှင့် ညီမျှပေသည်။
များပြားလှသော သာမန်လူတန်းစားများသည် ညတွင်းချင်းပင် နာမည်ကြီးလာကြပြီးနောက် influencerများ ဒါမှမဟုတ် တိုက်ရိုက်ထုတ်လွှင့်ကာ ရောင်းချသူများအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။ ထို့နောက် လူကြည့်များလာခြင်းကြောင့် ပိုက်ဆံများများ ရရှိလာကာ လူအများစုသည် ထိုရေပန်းစားမှုနောက်သို့ ပါသွားကြတော့သည်။
ထိုလူများထဲ၌ အယောင်ဆောင်၍ လိမ်လည်တက်ကြသော သူများလည်း ပါဝင်နေလေသည်။
သို့သော် တကယ်အရည်အချင်းရှိသည့် ပညာရှင်များလည်း ပါဝင်နေပါသေးသည်။
မည်သို့ပင်ဆိုကာမူ သာ့ကျားကျွမ်သည် အရည်အချင်းရှိသည့်ပညာရှင်များမှာ ရှားပါသည်ဟု ယုံကြည်ခဲ့လေသည်။
အကယ်၍ မဟုတ်ခဲ့ဘူးဆိုရင် လူအများက ဘာလို့ ကိုးကွယ်ပြီး ကြည်ညိုလေးစားနေကြမှာလဲ ။
အများစုသည် ထင်ယောင်ထင်မှားဖြစ်စေရန်ဖန်တီးထားပြီး ဈေးကွက်ကိုလွှမ်းမိုးထားကြလေသည်။ နောက်ပိုင်းတွင် ကြည့်ရှူသူများလာပါက ဝင်ငွေများအဖြစ်သို့ ပြောင်းလဲရန် ရည်ရွယ်ထားကြသူများပင် ဖြစ်ကြလေ၏။
တစ်ခါတုန်းကပင် သာ့ကျားကျွမ်သည် အရည်အချင်းမြင့်မားလှသည်ဟု ချီးကျူးခံနေရသည့် ဆရာတစ်ယောက်အား အတုအယောင်ဖြစ်ကြောင်းကို ဖော်ထုတ်ခဲ့လေသည်။
ထိုဆရာသည် သင်ခန်းစာများအား တိုက်ရိုက်ထုတ်လွှင့်၍ သင်ကြားရာမှ ကျော်ကြားလာခဲ့လေသည်။ထို့အပြင် ခက်ခဲသည့် အကြောင်းအရာများအား လွယ်လွယ်ကူကူပင် ဖြစ်အောင် ဖြေရှင်းပေးနိုင်ခြင်းနှင့် မကြာခဏပင် ဂန္တဝင်စာအုပ်များကို ကိုးကားပြောဆိုခဲ့ခြင်းကြောင့် လူကြိုက်များလာခြင်းပင် ဖြစ်လေသည်။
များပြားလှသော အင်တာနက်သုံးစွဲသူများသည် သူ၏ သင်ခန်းစာများအား လိုက်နာ၍ သင်ယူခဲ့ကြပြီးနောက်တွင် သူသည် အင်တာနက်ပေါ်၌ အောင်မြင်ကျော်ကြားသူတစ်ဦး ဖြစ်လာတော့သည်။
သာ့ကျားကျွမ်တို့ အဖွဲ့သည် ထိုဆရာအား ပစ်မှတ်ထားခဲ့လေသည်။ သူ၏ အောင်မြင်မှုနောက်ကွယ်၌ အဖွဲ့တစ်ဖွဲ့ရှိနေသည်ဟု ယုံကြည်ခဲ့ကြလေသည်။
ပို၍နက်ရှိုင်းစွာပင် စစ်ဆေးရှာဖွေခဲ့ပြီးနောက် ထိုဆရာ၏ နောက်ကွယ်တွင် သင်ခန်းစာအတွက် ကြိုတင်စီစဥ်ထားသည့်အစီအစဉ်များနှင့် အင်တာနက်ဈေးကွက်ရှာဖွေရန် ကူညီပေးနေသည့် အဖွဲ့တစ်ဖွဲ့ကို ရှာတွေ့ခဲ့သည်။
ထိုဆရာသည် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြိုတင်ပြင်ဆင်ထားသည့် မှတ်စုများကိုပင် အနည်းငယ်မျှ ပြောရခြင်း ဖြစ်သည်။
တစ်ချိန်တစ်ခါက ဆရာ့၏ အောင်မြင်ကျော်ကြားမှုနှင့် ထူးချွန်ထက်မြက်မှုတို့သည် ညချင်းတွင်းပင် ပြိုကျ၍ ပျက်စီးသွားတော့သည်။
လူအများစုသည် သူ (ဆရာ) မကျော်ကြားခင်အချိန်ကတည်းကပင် ဆရာတစ်ယောက်ဖြစ်ခဲ့သည်ကို မေ့နေခဲ့ကြသည်။
သူ၏ သင်ကြားမှုမှာ အလွန်ကောင်းမွန်သည့်အပြင် သူ၏ ဂန္တဝင်စာပေများကို ကိုးကားပြောဆိုသည်မှာလည်း ပြသာနာမဟုတ်ခဲ့ပေ။
သူသည် ညတွင်ချင်း အောင်မြင်အောင်ပြုလုပ်ခဲ့သည် ဗီဒီယိုသည်လည်း အစစ်အမှန်ပင် ဖြစ်လေသည်။
ထို့နောက်တွင် ရင်းနှီးမြှုပ်နှံသည့်လောကထဲသို့ ဝင်ရောက်လာခဲ့ပြီးနောက် ဈေးကွက်အား ရှာဖွေခဲ့တော့ခြင်းဖြစ်သည်။
သာ့ကျားကျွမ်းသည် အသိပညာကြွယ်ဝသူ ဟုတ်မဟုတ်ကို ဂရုမစိုက်ခြင်း မရှိတော့ပေ။
သူ၏ နောက်ကွယ်တွင် အဖွဲ့တစ်ဖွဲ့နှင့် ဈေးကွက်စီးပွားရေးလုပ်နေသည်ကို သက်သေပြနိုင်လျှင် ထိုဆရာ၏ ကောင်းမွန်၍ ပြီးပြည့်စုံနေသော ပုံရိပ်သည် အစိပ်စိပ်အမွှာမွှာပင် ကြေကွဲသွားလိမ့်မည်ပင် ဖြစ်သည်။
သာ့ကျားကျွမ်သည် ဤ ဖော်ထုတ်ခြင်းမှ အကျိုးအမြတ်များ ရလာမည် ဖြစ်လေသည်။
ဒီနည်းပရိယာယ်က အချိန်တိုင်း အလုပ်ဖြစ်တယ် ၊ ဘယ်သူကမှ ပြီးပြည့်စုံမနေဘူးလေ ပြီးတော့ ဒီကမ္ဘာမှာ အတွင်းရေးထိ နက်နက်ရှိုင်းရှိုင်း စစ်ဆေးမယ်ဆိုရင် ဘယ်သူက ခံနိုင်မှာမို့လို့လဲ။
အကယ်၍ ထိုဆရာ၌ သင်ခန်းစာကြိုတင်ပြင်ဆင်မှု သို့မဟုတ် အဖွဲ့တစ်ဖွဲ့ မရှိခဲ့လျှင်လည်း သူ၏ အားနည်းချက်ဖြစ်သည့် ကိုယ်ပိုင်ဘဝ ၊ ဆွေမျိုးများ ၊ မိသားစုများ သို့မဟုတ်လျှင် အတိတ်မှဖြစ်ခဲ့သည့် ကိစ္စများကို ရှာဖွေစစ်ဆေးနိုင်သေးသည်။
လူတိုင်းတွင် ဝေဖန်ထောက်ပြစရာ နေရာတစ်ခုအမြဲရှိနေသည်။
ထို့ကြောင့်ပင် သာ့ကျားကျွမ်သည် အောင်မြင်မှုရရှိ၍ ရပ်တည်နိုင်ခဲ့လေသည်။
ယနေ့တွင်လည်း သာ့ကျားကျွမ်တို့အဖွဲ့သည် သင့်လျော်သော အချက်အလက်များရရှိရန် အင်တာနက်ပေါ်၌ ရှာဖွေ၍ စစ်ဆေးနေကြသည်။
သာ့ကျားကျွမ်းသည် သူ၏ Weibo မှ သီးသန့် message များတွင် ပရိတ်သတ်များ၏ အကြံပြုချက်များ ရှိမရှိကို စစ်ဆေးနေလေသည်။
စိမ့်မြစ် ဘေးတွင်ထိုင်၍ ကျောက်သင်ပုန်းပေါ်၌ တွက်ချက်နေသည့် ယန်ရှီ၏ postတစ်ခုသည် သူ့အား ဆွဲဆောင်သွားသည်။
လူကြိုက်များ၍ကျော်ကြားသည့် ရသစုံရှိုးမှ လှပသော ထိပ်တန်းကျောင်းသူ ကောင်မလေး ဟူ၍ ခေါင်းစဉ်များသည် ပြည့်နှက်နေ၏။
[သာ့ကျားကျွမ် ၊ ငါအကြောင်းအရာ တစ်ခုတင်ပြချင်တယ် ၊ငါအခု ကြည့်နေတဲ့ “ ခရီးသွားခြင်း” ရှိုးက အတော်လေးကောင်းတယ် ၊ ယန်ရှီက သူ့ကိုယ်သူ ကျောင်းသူတစ်ယောက်လို့မိတ်ဆက်ထားပေမယ့် ငါဆက်ပြီးကြည့်တော့ တစ်ခုခုတော့ လွဲနေတယ်ထင်တယ်]
[ ယန်ရှီက အခုဆို အသက် ၂၀ ရှိနေပြီ၊ ဒါကြောင့် သူက တက္ကသိုလ်မှာ တတိယနှစ် ဖြစ်သင့်နေပြီလေ ၊ ဒါပေမယ့် ဘယ်ကောလိပ်ကျောင်းသူက အလယ်တန်းသချာ်တွေကို သေချာမှတ်မိနိုင်လို့လဲ ၊ သူ့ရဲ့ ကျောက်သင်ပုန်းပေါ်မှာရေးထားတဲ့အရာတွေကလည်း အတုအယောင်တွေ ဖြစ်ပုံရတယ်၊ သူမကြည့်ရတာ တစ်ခုခုစီစဉ်နေတဲ့ပုံပဲ ]
[ ပြီးတော့ ကျုံချင်းယွီကလည်း သူ(ယန်ရှီ)ကို ဟိုင်မြို့ရဲ့ တက္ကသိုလ်က ကျောင်းသူ ပြောခဲ့တယ် ၊ ငါ့ရဲ့သူငယ်ချင်းကလည်း ဟိုင်မြို့တက္ကသိုလ်ကပဲ၊ ပြီးတော့ လက်ရှိတက်နေတဲ့ကျောင်းသားတွေနဲ့ ကျောင်းသားဟာတွေရဲ့ နာမည်တွေ မှတ်တမ်းတင်ပေးထားတဲ့ app ဆိုတာရှိတယ်၊ ငါ့သူငယ်ချင်းကို စစ်ဆေးပေးဖို့ပြောလိုက်တော့ ယန်ရှီဆိုတဲ့နာမည်တောင် မရှိဘူးတဲ့ ]
အိုးဟိုး!
ဤအကြံပြုချက်အား ဖတ်ပြီးနောက်တွင် သာ့ကျားကျွမ်သည် အတော်လေးစိတ်ဝင်စားဖို့ကောင်းသည့် အကြောင်းအရာကို တွေ့ရှိခဲ့သည်။
ထိုပေးပို့သူသည် ဟိုင်မြို့ တက္ကသိုလ်၏ ကျောင်းသားဟောင်းများ appထဲတွင် ရှာဖွေထားသည့် screenshot အား ပို့လာသည်။ “ ယန်ရှီ” ဟူသော နာမည်ဖြင့် ကျောင်းသူမရှိကြောင်း ထိုမျက်နှာပြင်တွင် ဖော်ပြထားခြင်းဖြစ်သည်။
ထိုအရာသည် အတော်လေးပင် စိတ်ဝင်စားဖို့ကောင်းလာခဲ့သည်။
ထို့နောက် သာ့ကျားကျွမ်းသည် “ခရီးသွားခြင်း” ရသစုံရှိုး၏ အချက်အလက်များကို ရှာဖွေခဲ့၏။
ဤရှိုးသည် S-tier ထုတ်လုပ်ရေးတစ်ခုဖြစ်ပြီး ၊ အနုပညာရှင်များသည် မိမိ၏ ပါတနာ တစ်ယောက်ကိုပင် ခေါ်ခဲ့၍ ပါဝင်ရမည် ဖြစ်သည်။
၎င်းသည် တက်သစ်စအနုပညာရှင်များအား ကြေညာပေးသည့် အနုပညာလောက၏ နည်းလမ်းတစ်ခုပင် ဖြစ်သည်။
အဲလိုမှမဟုတ်ရင် S-tier ရှိုးက ဘာလို့ သာမန်လူတစ်ယောက်အတွက် အချိန်ဖြုန်းနေမှာလဲ။
ယန်ရှီသည် လှပ၍ ရိုးသားဖြူစင်သောအသွင်အပြင်ရှိသောကြောင့်ပင် သူမသည် အနုပညာလောကနှင့် အလွန်ပင် ကိုက်ညီလှသည်။
အကယ်၍ ယန်ရှီသည် သာမန်လူတစ်ယောက်ဖြစ်နေပါက သူမ၏ ကိုယ်ပိုင်ပုံရိပ်အား တည်ဆောက်နိုင်မည် မဟုတ်ပေ။
သို့သော် သူမသည် အနုပညာလောကထဲသို့ ဝင်ရောက်၍အခြေချချင်ပြီး influencer တစ်ယောက်ဖြစ်လာချင်သည် ဆိုလျှင် ဤသို့ ပုံရိပ်တည်ဆောင်ခြင်းသည် အဓိပ္ပာယ်ရှိလှပါသည်။
ရဲ့လော့ယီသည် သူမ၏ပုံရိပ်ပျက်ပြားသွားခြင်းကြောင့် ပရိတ်သတ်များ၏ ဝေဖန်မှုအား ရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်သည်။ အနုပညာလောက၏ အောင်မြင်နေသည့်အနုပညာရှင်များသည် မိမိ၏ ပုံရိပ်အား တည်ဆောက်ရသည်ကို အလွန်နှစ်သက်ကြပေသည်။
အကယ်၍ပင် ပရိတ်သတ် များသည် ပုံများအား ပြောင်းလဲပြုပြင်ထားပြီးနောက် ယန်ရှီသည် ဟိုင်မြို့တက္ကသိုလ်၏ ကျောင်းသူဖြစ်ကြောင်း တင်ပြလာလျှင်ပင် သာ့ကျားကျွမ်သည် စိတ်ပူခြင်းမရှိတော့ပေ။
ကျုံချင်းယွီ၏ ယခင်က ပါတနာသည် ရှူယန်ယန်ပင် ဖြစ်သည်။ သို့သော် သူမသည် ရုတ်တရက်ပင် ရှူယန်ယန်ထက် ပိုဆွဲဆောင်မှုရှိသည့် “ သာမန်လူ” တစ်ယောက်အား ရွေးချယ်လိုက်လေသည်။
ရှင်းယောင် အနုပညာကုမ္ပဏီရဲ့ ရည်ရွယ်ချက်က ဘာများလဲ။
ထိုအရာသည် ထင်ရှားပေါ်လွင်နေသည်။
ယန်ရှီက ရှင်းယောင်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ တက်သစ်စလေးဆိုတာ အသေအချာပဲ။
ယန်ရှီမှာ ပွဲဦးထွက်ဖို့ အစီအစဉ်ရှိနေရင် သူရဲ့နောက်ကွယ်မှာ အဖွဲ့တစ်ဖွဲ့ ၊ ဈေးကွက်ချဲ့ထွင်ရေး နဲ့ ပုံရိပ်တည်ဆောက်မှုတို့က မလွဲမသွေ ရှိလာမှာပဲ။
သာ့ကျားကျွမ်းသည် postတစ်ခုတင်ရန်အတွက် အလျင်အမြန်ပင် ပုံကြမ်းရေးဆွဲလိုက်သည်။
ယခုအချိန်သည် တရုတ်နိုင်ငံ၏ နေ့လည်မွန်းတည့်ချိန်ဖြစ်၍ ကြည့်ရှူသူအများဆုံးအချိန်ဖြစ်သည်။
အချက်အလက်များသည် စုံစုံလင်လင်ရှိနေခြင်းကြောင့် Weibo ပေါ်သို့ post တင်ရန်မှာ မခက်ခဲတော့ခြင်းဖြစ်သည်။
ခဏအကြာ၌ သာ့ကျားကျွမ်း၏ စာမျက်နှာတွင် “အမှန်တရားဖော်ထုတ်ခြင်း” ဟူသည့် post အသစ်တစ်ခု တက်လာခဲ့သည်။
သူသည် ယခု postအား လူအများကြားထဲ၌ ပျံ့နှံ့သွားခဲ့မည်ဟု ထင်ခဲ့သော်လည်း အစပိုင်း၌ ရှင်းယောင်ကုမ္ပဏီသည် လူအများရှေ့သို့ မရောက်စေရန် တားဆီးကြတော့သည်။
သူ(သာ့ကျားကျွမ်)သည် ရေပန်းစားနေသည့် ခေါင်းစဉ်နေရာကိုပင် ဝယ်ရန် စဉ်းစားနေခဲ့သည်။ သို့သော် မိနစ်အနည်းငယ်ကြာသောအခါ၌ #ယန်ရှီ၏ပညာရေးလိမ်လည်မှု ဟူသည့် ခေါင်းစဉ်သည် ရေပန်းစားနေသည့်စာရင်းထဲသို့ ဝင်ရောက်သွားတော့သည်။
ပုံမှန်ရေပန်းစားမှုတစ်ချို့ဆိုလျှင် ဤမျှမြန်မြန်ဖြင့် ပျံ့နှံ့သွားမည်မဟုတ်ပေ။ သို့သော် ရှင်းယောင်၏ ပြိုင်ဘက်များမှာ ဤကိစ္စထဲသို့ ပါဝင်လာကြောင်းကိုပင် သာ့ကျားကျွမ်သည် ခန့်မှန်းမိသွားခဲ့သည်။
ယန်ရှီသည် ရှင်းယောင်နှင့် စာချုပ် ချုပ်ဆိုထားသည့် တက်သစ်စအနုပညာရှင် တစ်ယောက်ဖြစ်တာကိုပင် သိရှိခဲ့ရသည်။
နေ့လည်မွန်းတည့်ချိန်၌ လူအများစုသည် နေ့လည်စာစားရန် နားကြသည်။ ထိုအချိန်၌ လူအများစုသည် အားလပ်ချိန်ဖြစ်သောကြောင့် Weibo ပေါ်မှ postများအား ကြည့်ရှုနေကြသည်။
[ ငါ “ခရီးအတူသွားကြစို့” ရှိုးကို ကြည့်ပြီး ယန်ရှီကို အံ့ဩသင့်နေတာ ၊ အခုတော့ သူ့ကို တစ်ယောက်ယောက်က ဖော်ထုတ်နေပြီလား ]
[ ယန်ရှီက ဟိုင်မြို့ရဲ့ တက္ကသိုလ်က ကျောင်းသူမဟုတ်ဘူးတဲ့လား ၊ ဒီကိစ္စကို အတည်ပြုနိုင်တဲ့ ဟိုင်မြို့ရဲ့ တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေ ရှိကြလား ]
[ ကျွန်တော်က ဟိုင်မြို့ရဲ့ တက္ကသိုလ်မှာ တက်နေတဲ့ ကျောင်းသားတစ်ယောက်ပါ ၊ ကျွန်တော်တို့ကျောင်းမှာ ကျောင်းကိစ္စများကိုကိုင်တွယ်ဖို့အတွက် ပြုလုပ်ထားတဲ့ app တစ်ခုရှိပါတယ် ၊ အဲ appမှာ ကျောင်းသားဟောင်းများရဲ့ အချက်အလက်များကို မှတ်တမ်းယူထားပါတယ် ဒါပေမယ့် နာမည် ၊ ဘာသာရပ်နဲ့ အဆင့်တွေကိုပဲ မှတ်တမ်းယူထားတာပါ ၊ အသေးစိတ်တော့ မပါပါဘူး ၊ ကျွန်တော်တို့ စစ်ကြည့်လိုက်တော့ ကျောင်းမှာ ယန်ရှီလို့ခေါ်တဲ့ ကျောင်းသူ မရှိပါဘူး]
[ ကိစ္စက ပြီးပြီပဲ ၊ ယန်ရှီက ဒီလောက်ကြီးမားတဲ့အရာကို လိမ်ခဲ့တာပဲ ၊ သူက ဖော်ထုတ်ခံရမှာကို မကြောက်ဘူးလား ]
[ ကျောင်းတိုင်းမှာ ဒီလို appတွေ မရှိဘူးလေ၊ ဟိုင်မြို့တက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံပရိုဂရမ်က အရမ်းထက်မြက်လို့ သူတို့မှာ ဒီလောက်ကောင်းတဲ့ app ရှိနေတာ၊ ယန်ရှီက အယောင်ဆောင်ထားတဲ့သူဆိုတော့ ဟိုင်မြို့ရဲ့ တက္ကသိုလ်က ဒီလောက်နည်းပညာမြင့်တယ်ဆိုတာ မသိထားဘူးထင်တယ်]
[ ငါကြိုသိနေတယ် ၊ ကျုံချင်းယွီရဲ့သူငယ်ချင်းတွေက ဒီလောက်ဝောာ်နေတာ မဖြစ်နိုင်ဘူးလေ ၊ လူဆိုတာ တူရာတူရာစုကြတာပဲမဟုတ်ဘူးလား]
[ အလယ်တန်းသချာ်ပုစ္ဆာလေးတွေ ဖြေရှင်းနိုင်ရုံနဲ့ ထိပ်တန်းကျောင်းသူဖြစ်သွားတာလား ၊ ဒီလောက်လေးနဲ့ ဟိုင်မြို့ရဲ့ တက္ကသိုလ်မှာ တက်လို့ရမယ်လို့ သူထင်နေတာလား ၊ တကယ်ရီစရာပဲ ]
သာ့ကျားကျွမ် ခန့်မှန်းထားသလိုပင် ဖြစ်လာခဲ့သည်။ ယန်ရှီ၏ ကိစ္စသည် အလျင်အမြန်ပင် အငြင်းပွားစရာကိစ္စတစ်ခုဖြစ်လာသည့်အပြင် လူအများသည်လည်း အကုန်ပါဝင်လာကြတော့သည်။
ဤ hashtagသည် အစပိုင်း၌ ရေပန်းစားမှု၏ အောက်ဆုံးတွင် ရှိနေခဲ့သော်လည်း ယခု၌ အလျင်အမြန်ပင် ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။
အကယ်၍ပင် ယန်ရှီသည် သာမန်လူတစ်ယောက်ပင်ဆိုလျှင် ဤမျှလောက် လွှမ်းမိုးမှုမရှိနိုင်ပေ။ သို့သော် သူမမှာ အောင်မြင်ကျော်ကြားသည့် ကျုံချင်းယွီနှင့် သူငယ်ချင်းဖြစ်နေခြင်းနှင့် လူကြိုက်များသည့် ရသစုံရှိုးတွင် ပါဝင်နေခြင်းကြောင့်ပင် လူအများ၏ စိတ်ဝင်စားမှုကို ပို၍ခံရလေခြင်း ဖြစ်သည်။
လူအများစုသည် “ ခရီးသွားခြင်း” အစီအစဉ်ကို ကြည့်ရှုကြမည်ဖြစ်သည်။
ယန်ရှီသည် သူမ၏ ကျောင်းသားကဒ် သို့မှမဟုတ် ကျောင်းဝင်ခွင့် လက်မှတ်များအား ပြနိုင်မှသာလျှင် သက်သေပြနိုင်မည်ဟု သာ့ကျားကျွမ်မှ တွေးထားခဲ့သည်။
သို့သော် ဟိုင်မြို့၏ တက္ကသိုလ်တွင်တက်ရောက်နေကြသည့် ကျောင်းသားအများစုမှာ သူမ(ယန်ရှီ)သည် ကျောင်းတွင် မရှိကြောင်းကိုပင် မှတ်ချက်များ၌ အတည်ပြုထားကြခဲ့သည်။ ထို့ကြောင့်ပင် ယန်ရှီသည် ဤကိစ္စကိုပင် ပြန်၍ ပြောင်းလဲနိုင်မည် မဟုတ်ကြောင်းကို သာ့ကျားကျွမ်မှ ယုံကြည်ထားသည်။
သိပ်မကြာမီမှာပင် သာ့ကျားကျွမ်ထံသို့ နောက်ထပ်တင်ပြချက်တစ်ခု ရောက်ရှိလာလေသည်။
ထိုတင်ပြချက်သည် ယန်ရှီအား အနုပညာလောကထဲသို့ ဝင်ရောက်ရန် ရည်ရွယ်ထားပြီးနောက် ကိုယ်ပိုင်ပုံရိပ်အား ဖန်တီးမည့်ဖြစ်ကြောင်းကိုပင် ပို၍ သေချာသွားစေတော့သည်။
ဤတင်ပြချက်၌ ရှုယန်ယန်၏ ပုံအနည်းငယ် ပါဝင်နေခဲ့သည်။
သူမသည် ဦးထုပ်နှင့် နေကာမျက်မှန်များကိုပင် ဝတ်ဆင်ထားသည်။ သို့သော် သူမ၏ ခန္ဓာကိုယ်ပုံပန်းသွင်ပြင်နှင့် ရုပ်ရည်အသွင်အပြင်အား ကြည့်ရုံဖြင့် မှတ်မိနိုင်သေးသည်။
သူမသည် ဟိုင်မြို့၏ ရုပ်ရှင်ရုံတွင် လက်မှတ်ရယူရန်အတွက် ကိုယ်တိုင်ဝယ်ယူရသည့် လက်မှတ်စက်ကို အသုံးပြုနေခဲ့သည်။
ထိုဓာတ်ပုံများမှာ ရှုယန်ယန်အားရိုက်ကူးထားသည့် ပုံများဖြစ်ပြီး ထိုလက်မှတ်စက် မျက်နှာပြင်ပေါ်၌ မနေ့ည 12နာရီဟု ပြသနေခဲ့သည်။
အချိန်,နေရာ နှင့် ဓာတ်ပုံအကြောင်းအရာများသည် ဤနေရာ၌ အကုန်ရှိနေသည်။
ထိုပုံများသည် ခိုးရိုက်ထားသောကြောင့် အနည်းငယ်မှုန်ဝါးနေခဲ့သည်။ သို့သော် ရှူယန်ယန်သည် ကျန်းမာရေးကောင်းမွန်နေရုံသာမက ခြေထောက်တွင်လည်း မည်သည့် အဆင်မပြေမှုမျှ မရှိကြောင်းကိုပင် ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရသည်။
လွန်ခဲ့သည့် သုံးရက်၌ သူမ၏ ခြေကျင်းဝတ် အဆစ်လွဲသွားသောကြောင့် အလုပ်မလုပ်နိုင်တော့သည့်အပြင် * ခရီးသွားခြင်း * အစီအစဉ်မှလည်း နုတ်ထွက်သည့်အကြောင်းအား Weiboစာမျက်နှာ၌ တင်ထားခဲ့သည်။
ဒါပေမယ့် အခုမှ တစ်ရက်ပဲရှိသေးတာကို သူ့ရဲ့ခြေကျင်းဝတ်က ပြန်ကောင်းနေပြီလား။
သူ့ရဲ့ ခြေကျင်းဝတ်ထိခိုက်တာက အရမ်းပြင်းထန်လို့ S-tier ရသစုံရှိုးကို လက်လွှတ်လိုက်ခဲ့တာလား။
သာ့ကျားကျွမ်သည် ချက်ချင်းပင် ရှူယန်ယန်၏ ဓာတ်ပုံများအား ဖြန့်ဝေလိုက်သည်။
[ ရှင်းယောင်ကုမ္ပဏီက တက်သစ်စ တစ်ယောက်ကို လမ်းကြောင်းပေါ်ရောက်ဖို့အတွက် ရှူယန်ယန်ကို တွန်းထုတ်လိုက်တာက တကယ်ကို စိတ်ပျက်စရာကောင်းလွန်းတာပဲ]
[ငါနှလုံးသားလေးက ယန်ယန်အတွက် တကယ်ကို စိတ်မကောင်းဘူး ၊ ဖျော်ဖြေရေးအနုပညာလောကမှာ နှစ်ပေါင်းများစွာကြိုးစားလာရပြီးမှ ဒီ S-tier ရသစုံရှိုးမှာ ပါဝင်ဖို့ အခွင့်အရေးရလာတာလေ ၊ အခုတော့ အခွင့်ကောင်းယူတက်တဲ့တက်သစ်စတစ်ယောက်နဲ့ အစားထိုးခံလိုက်ရတယ်တဲ့]
[ဒါက သူ အနုပညာလောကထဲဝင်ဖို့ အစပျိုးနေတာမလား…]
[ယန်ရှီရဲ့ လုပ်ရပ်တွေက တကယ်ကို ရွံစရာကောင်းလွန်းတယ်၊ သူတကယ်လို့ အနုပညာလောကထဲဝင်ချင်ရင် ကိုယ်ပိုင်အရည်အချင်းနဲ့ရအောင်လုပ်လေ ၊သူများရဲ့ အခွင့်အရေးကို လုယူစရာလိုလို့လား ၊ သူ့ကိုယ်သူ “ ဉာဏ်ကြီးရှင်” ဆိုတဲ့ပုံရိပ်တောင် ဖန်တီးချင်နေသေးတယ် ၊ သူက ဒီ အနုပညာလောကထဲဝင် ရောက်လိုက်တာနဲ့ လူတွေက သူ့ကို ကြိုက်ကြပြီး အောင်မြင်တော့မယ် ထင်နေတာလား]
[လှတယ်ဆိုတာက ဘာသုံးစားလို့ရလို့လဲ၊ ဒီလိုမျိုး အရမ်းအောင်မြင်ချင်နေတာက စိတ်ပျက်ဖို့ကောင်းတယ်]
[ ကျုံချင်းယွီက ဘယ်လိုလူစားမျိုးလဲ ၊ သူနဲ့ပတ်သတ်သည့်သူတွေအကုန် တစ်ယောက်မှ မကောင်းကြဘူး ]
ထိုအချိန်တွင် Fနိုင်ငံရှိ လီမြို့ လေယာဉ်ကွင်း၌ လင်းရန်ရန်သည် Weibo မှ အကြောင်းအရာများကို ကြည့်ရှုနေခဲ့သည်။
အင်တာနက်ပေါ်၌ * ခရီးသွားခြင်း* ရှိုးနှင့် ပတ်သတ်သည့် ဆွေးနွေးချက်များ ရှိနေခဲ့ပြီး အဓိက ပစ်မှတ်ထားသည့် အနုပညာရှင်များမှာ ရဲ့လော့ယီ ၊ ကျုံချင်းယွီ နှင့် ချင်းလီတို့ ဖြစ်ကြပြီး အခြား ဧည့်သည်များကိုလည်း အနည်းငယ် ရေးသားဖော်ပြထားကြသည်။
ယန်ရှီအား အပြစ်ပြောသည့် postများအား တက်လာလျှင် လင်းရန်ရန်သည် သေချာပေါက် like ပေးလိုက်သည်။
မနေ့က ယန်ရှီအား မကောင်းပြောကြသည့် မှတ်ချက်များသည် အလွန်ပင် များပြားခဲ့သည်။ သို့သော် ယနေ့၌ အနည်းငယ်သာ ရှိတော့သောကြောင့် လင်းရန်ရန်သည် အလွန်ပင် ပျင်းစရာကောင်းသည်ဟု ခံစားနေခဲ့သည်။
“ ငါ နင့်ကို ပစ္စည်းတွေကူသယ်ပေးဖို့ ပြောနေတယ်လေ၊ နင်က ဘာလို့ အချိန်ဖြုန်းနေတာလဲ ၊ အမြဲတမ်းဖုန်းပဲကြည့်နေတာ ၊ ချမ်းသာတဲ့မိသားစုကလာတဲ့ မိန်းကလေးပုံစံကို မရှိဘူး!”
လင်း၏ မားမားသည် C-brand အဝတ်အစားကိုဝတ်ဆင်ကာ အဝတ်လဲခန်းထဲမှ ထွက်လာလေသည်။
သူမသည် အရောင်းဝန်ထမ်းအား နဂိုဝတ်လာသည့် အကျီများကို အိတ်ထဲထည့်ခိုင်းလိုက်လေသည်။ ထို့နောက် လင်းရန်ရန်အား အိတ်ကိုပေးလိုက်သော်လည်း သူမသည် ဖုန်းထဲတွင်သာ စိတ်ဝင်စားနေခြင်းကြောင့် သူမ၏ မားမားအား လျစ်လျူရှူထားသလိုပင် ဖြစ်ခဲ့၏။
လင်းမားမားသည် သူမ၏ ခေါင်းကို ခေါက်လိုက်သည်။
“ ဟဲ့ ! ငါပြောနေတာကြားလား”
“ ဟုတ် ကြားပါတယ်၊ မားမား ကြားပါတယ်”
လင်းရန်ရန်သည် ကြောက်လန့်သွားကာ သူမ၏ မားမားထံမှ အိတ်များကို ယူလိုက်လေသည်။
သူမသည် များပြားလှသော ဈေးဝယ်အိတ်များအား ကိုင်ထားရခြင်းပင် ဖြစ်သည်။ ထိုပစ္စည်းများသည် လင်း မားမား၏ အခွန်မပေးဆောင်ရသည့်ဆိုင်များမှ ဝယ်ယူထားသော ပစ္စည်းများပင် ဖြစ်သည်။
လင်းမားမားသည် သူမအား စိတ်ပျက်သည့်ပုံစံဖြင့်ကြည့်ကာ ပြောလာသည်။
“ တကယ်ကို စိတ်ပျက်စရာပဲ၊ဘယ်နားမှာ ချမ်းသာတဲ့ အမွေဆက်ခံသူလို ကျက်သရေရှိလဲ ၊နင်က လင်းရှီ လောက်တောင် အသုံးမကျဘူး”
လင်းရန်ရန်သည် မသိမသာပင် ခေါင်းငုံ့သွားခဲ့သည်။ ထို့နောက် ဈေးဝယ်အိတ်များကို သူမ၏ သေးငယ်သောလက်ချောင်းလေးများအား သွေးမရှိတော့၍ အဖြူရောင်ပြောင်း သွားသည်ထိပင် ဆွဲကိုင်ထားခဲ့တော့သည်။
ယန်ရှီ၏ မူလနာမည်မှာ လင်းရှီပင် ဖြစ်သည်။
လင်းမားမားသည် လင်းရန်ရန်၏ မွေးစားအမေ ဖြစ်၏။
ယန်ရှီ သို့မှမဟုတ် လင်းရန်ရန် တို့မှ မည်သူပင် အမွှေဆက်ခံသူ ဖြစ်ဖြစ် သူမအတွက် အရေးမကြီးပေ။ အဘယ့်ကြောင့်ဆိုသော် သူမနှင့် သွေးသားမတော်စပ်ခြင်း ကြောင့်ပင် ဖြစ်သည်။
သို့သော် မွေးစားသမီးတစ်ယောက်အနေဖြင့် အမွေဆက်ခံခွင့်များသည် ရှိနေသေးသည်။
အကယ်၍ ယန်ရှီသည် လီမိသားစုနှင့် အတူတူနေထိုင်ပါက သူမ(ယန်ရှီ) သည် သူမ(လင်းမားမား)၏ သားနှင့် အမွေဆက်ခံရန် ယှဉ်ပြိုင်လာရမည် ဖြစ်၏။
ထို့ကြောင့်ပင် လင်းမားမားသည် အစောပိုင်းကတည်းကပင် လင်းရန်ရန်နှင့် ပူးပေါင်း၍ ယန်ရှီအား နှင်ထုတ်ခဲ့လေခြင်း ဖြစ်သည်။
ယန်ရှီထွက်သွားပြီးနောက်တွင် လင်းရန်ရန်သည် သူမ မိထွေး၏ ပစ်မှတ်တစ်ခု ဖြစ်လာတော့သည်။
လင်းမိသားစုသည်လည်း ဟိုင်မြို့၏ ထင်ရှားသောမိသားစု တစ်ခုပင် ဖြစ်၏။
လင်းရန်ရန်သည် လင်းမိသားစု၏ တရားဝင်သမီး ဖြစ်သောကြောင့် သူမအား လင်းမိသားစု အမွေခွဲရာ၌ ချန်ထားခဲ့ရန် မဖြစ်နိုင်ပေ။
လင်းမားမားသည် ထိုကိစ္စနှင့်ပတ်သတ်၍ မကျေမနပ်ပင် ဖြစ်နေလေသည်။
သို့သော် ယန်ရှီသည် လင်းမိသားစု၏ အမွေဆက်ဆံသူ ဖြစ်သော်လည်း သူမ(လင်းမားမား)သည် ကျောင်းစရိတ် များအတွက် စိတ်ပူစရာပင် မလိုပေ။သူမ(ယန်ရှီ)၏ ပညာသင်ဆုသည် သူမ၏ ကျောင်းစရိတ်များအပြင် နေထိုင်စရိတ်အတွက်ပါ လုံလောက်သောကြောင့်ပင် ဖြစ်သည်။
ယန်ရှီသည် လင်းမိသားစုမှ ထွက်သွားသည့်အချိန်၌ပင် သူမအား ပြုစုပျိုးထောင်ပေးခဲ့သည်ကို ကျေးဇူးဆပ်သည့်အနေဖြင့် ယွမ်ဆယ်သန်း ပေးခဲ့ခြင်းဖြစ်သည်။
သို့သော် လင်းရန်ရန်သည် လင်းမိသားစုထဲသို့ ပြန်လည် ဝင်ရောက်လာသော်လည်း ချမ်းသာသည့် အမွေဆက်ခံသူတွင် ရှိသင့်သည် အရာများအား မသင်ယူသည့်အပြင် ပိုက်ဆံများအား ရေလိုပင် သုံးဖြုန်းနေတော့သည်။
ယခု၌ ဈေးကွက်အခြေအနေသည် အဆင်မပြေသောကြောင့် လင်းမိသားစု၏ စီးပွားရေးမှာ ထိခိုက်နေခဲ့သည်။
လင်းမားမားသည် သူမ၏ အသုံးစရိတ်အား လျော့ချလိုက်သော်လည်း လင်းရန်ရန်အား တစ်လလျှင် ယွမ် တစ်သိန်းကျော်ပင် ထောက်ပံ့နေရသေးသည်။
ဤအရာကို တွေးကြည့်ရုံဖြင့်ပင် လင်းမားမားသည် အလွန်ပင် စိတ်ဒုက္ခရောက်နေလေတော့သည်။
“ နင်နဲ့ ချူမိုရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ”
လင်းမားမားသည် နောက်ဆုံးတွင် လင်းရန်ရန်အပေါ်၌ စိုးရိမ်ပူပန်မှုများအား ထုတ်ပြခဲ့သည်။
လင်းမိသားစုနှင့် ချူမိသားစုတို့သည် စီးပွားဖက်များဖြစ်ကြပြီး ၊ လင်းရန်ရန်နှင့် ချူမို့တို့၏ စေ့စပ်ပွဲသည်လည်း အရေးကြီးသည့် အရာပင် ဖြစ်သည်။
“ အစ်ကိုချူက သမီးအပေါ်မှာ ကောင်းကောင်းဆက်ဆံပါတယ်”
လင်းရန်ရန်သည် ရိုကျိုးစွာဖြင့် ဖြေလိုက်လေသည်။
“ သမီးတို့ရဲ့ စေ့စပ်ပွဲက သေချာပေါက် ဘာပြသာနာမှ မရှိစေရပါဘူး”
လင်းမားမားသည် လေကိုမှုတ်ထုတ်ကာ အနည်းငယ်တင်းမာသည့် လေသံဖြင့် ပြောလာသည်။
“ နင် ချူမိုကို သေချာ ချုပ်ကိုင်ထားသင့်တယ် ၊ တကယ်လို့ ငါတို့မိသားစုရဲ့ အဓိကဖောက်သည်ကို ဆုံးရှုံးသွားရင် နင့်အဖေက နင့်ကို ဒီတိုင်းထားမယ်မထင်နဲ့”
လင်းရန်ရန်သည် “ သမီး သိပါတယ်…” ဟု တိုးတိုးလေးနှင့် ညင်သာစွာပင် ပြန်ပြောလိုက်သည်။
ချူမိုသည် သူမနှင့်အတူ လီမြို့သို့ ရောက်ရှိလာခဲ့ပြီး ဒီနေ့တွင် နှစ်ယောက်အတူတူ ပြန်ကြမည် ဖြစ်လေသည်။
သို့သော် ဒီနေ့မနက်၌ လင်းရန်ရန်သည် ချူမို၏ ဖုန်းအား ခိုးကြည့်ခဲ့ရာ၌ ယန်ရှီ၏ ဓာတ်ပုံအများအပြားကို ရှာတွေ့ခဲ့လေသည်။
ထိုပုံများသည် * အတူခရီးသွားကြစို့* တိုက်ရိုက်ထုတ်လွှင့်မှုမှ ရိုက်ယူထားသည့် screenshot များပင် ဖြစ်နေသည်။
ထိုပုံများထဲ၌ ယန်ရှီ၏ အပြုံများသည် တောက်ပနေပြီး ၊ သူမ၏ ကျယ်ဝန်းလှသော မျက်လုံးများသည်လည်း ကြယ်ကလေးများကဲ့သို့ပင် တောက်ပနေလေသည်။ ထို့အပြင် နေရောင်အောက်တွင် ရှိနေသောကြောင့် သူမ၏ အသားအရည်မှာ တောက်ပနေ၍ နူးညံ့လှပနေသည်။
လင်းရန်ရန်သည် အလွန်ပင် စိတ်တိုသွားကာ ချူမို၏ ဖုန်းအား ရိုက်ခွဲလိုက်ပြီးနောက် သူတို့နှစ်ယောက်သည် အကြီးအကျယ်ပင် ရန်ဖြစ်ကြတော့သည်။
ယခုအချိန်ထိအင် ချူမိုသည် သူမအား တောင်းပန်ရန်အတွက် ရောက်မလာခဲ့ပေ။
လင်းရန်ရန်သည် ထိုအကြောင်းအား ပြန်စဉ်းစားလိုက်သောအခါ၌ တုန်လှုပ်သွားတော့သည်။
သူမသည် Weibo ပေါ်၌ ယန်ရှီ၏ မကောင်းသတင်းများအား ရှာဖွေ၍ ကြည့်နေခဲ့သည့်အပြင် သူမ(ယန်ရှီ) ပုံများအား ရုပ်ဆိုးအောင်ပင် ပြင်နေခဲ့လေသည်။
အခြားသူတွေများမှ ယန်ရှီအား ဝေဖန်ပြောဆိုနေသည်ကိုပင် မြင်နေရသည်မှာ လင်းရန်ရန်အတွက် စိတ်ချမ်းသာစရာပင် ဖြစ်နေလေတော့သည်။
နောက်ဆုံးတွင် လေယာဉ်ပေါ်တက်ရန် အချိန်ကျလာသောအခါ၌ လင်းမားမားသည် ဈေးဝယ်ထွက်ရာမှ ရပ်လိုက်လတော့သည်။
လင်းရန်ရန်သည် လေယာဉ်၏ ပထမတန်းတွင် နေရာယူပြီးနောက် သူမ ဖုန်းအား ပြန်၍ စစ်ဆေးနေသည်။
လူအများသည် ယန်ရှီအား အတော်လေးပင် အကောင်းမြင်ကြသည်။
သူမ၏ အကြောင်းအား သိပ်၍ မဆွေးနွေးကြသော်လည်း မှတ်ချက်အများစုသည် အကောင်းဘက်ကပင် ဖြစ်ကြသည်။
လင်းရန်ရန်သည် စိတ်ဆိုးစွာဖြင့်ပင် Weibo စာမျက်နှာအား ပွတ်ဆွဲနေပြီးနောက် သာ့ကျာ့ကျွမ်း၏ postတစ်ခုသည် သူမ၏ Weibo မျက်နှာပြင်ပေါ်သို့ တက်လာတော့သည်။
သူမ၏ မျက်လုံးများသည် ကျယ်လာပြီးနောက် ပျော်ရွှင်မှုနှင့်အတူ တောက်ပလာတော့သည်။
ဟင် ပညာရေးလိမ်လည်မှုပဲလား။
လင်းရန်ရန်၏ အကြည့်များမှာ ပြန်၍ ညိုးငယ်သွားပြန်သည်။
လင်းရန်ရန်သည် လင်းမိသားစုထဲသို့ ပြန်လည်ဝင်ရောက်လာချိန်၌ ယန်ရှီသည် ထိုအိမ်မှ မထွက်ခွာသေးပေ။ ထို့ကြောင့်ပင် လင်းရန်ရန်သည် ယန်ရှီနှင့် အချိန်တစ်ခုထိ အတူနေဖူးခဲ့သည်။
ထိုအချိန်ကာလ၌ ယန်ရှီ၏ “ အသိုင်းအဝိုင်းထဲ၌ရေပန်းစားသူ” ဟူသော ပုံရိပ်သည် လင်းရန်ရန်အား လွှမ်းမိုးနေခဲ့သည်။ ထို့ကြောင့်ပင် ယန်ရှီ၏ ပညာရေးသည် အလိမ်အညာပင် မဟုတ်ကြောင်းအား သူမ ကောင်းကောင်းသိနေသည်။
ယန်ရှီသည် ဟိုင်မြို့ရှိ တက္ကသိုလ်အား ဝင်ခွင့်ရခဲ့ရုံသာမက သူမသည် ယခု၌ မဟာဘွဲ့အတွက်ပင် တက်ရောက်နေသူဖြစ်၏။
သာ့ကျားကျွမ်၏ postသည် လိမ်လည်မှုတစ်ခုဖြစ်ခြင်းကြောင့် အချိန်ကြာရှည်စွာ ရှိတော့မည် မဟုတ်ပေ။
ပညာအရည်အချင်းမှာ မည်သည်က အစစ်ဖြစ်သည် ၊ အတုဖြစ်သည်ကို သက်သေပြရန် လွယ်ကူလှပေသည်။
ဤအရာ၌ ယန်ရှီသည် သက်သေမပြနိုင်ရန် အတွက် တစ်ခုခုလိုအပ်သည်။
ထိုအရာအား တွေးမိပြီးနောက်တွင် လင်းရန်ရန်၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ်ပင် အပေါ်သို့ တွန့်၍ တက်လာတော့သည်။