အခန်း (၂၈)
Vol. 3 Ch. 28
ဧည့်သည်တိုင်းသည် ဟော့ပေါ့စားပွဲတစ်ခုစီနှင့် အမျိုးမျိုးသော ပါဝင်ပစ္စည်းများကို စားသောက်ရင်း အရသာခံခဲ့ကြရသည်။
ကျုံချင်းယွီသည် ယန်ရှီအား အဘယ်ကြောင့် အွန်လိုင်းပေါ်တွင် အတင်းအဖျင်းများပြောနေကြသည်ကို ယခုအချိန်အထိ စဉ်းစား၍မရပေ။
ကျန်းတုံနှင့် ရှောင်ယွီတို့သည် အနားယူချိန်တွင် အွန်လိုင်းကြည့်မိသောအခါ ယန်ရှီအား လှောင်ပြောင်နှိမ့်ချပြောဆိုနေကြသည့် မှတ်ချက်များကို မြင်မိသဖြင့် စိတ်ပူပန်နေခဲ့ကြသည်။
ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့မှာ အပြင်ပန်းအေးဆေးနေပုံရသည်။ ရဲ့လော့ယီသည် သူမစိတ်ကိုသူမ ထိန်းနိုင်သော်လည်း ဆုလင်းလင်းမှာမူ မထိန်းနိုင်ဘဲ ဟော့ပေါ့စားနေစဉ်အတွင်း ယန်ရှီအား စိတ်ကျေနပ်စွာဖြင့် ချောင်းကြည့်နေမိသည်။
ချင်းလီနှင့် ကန်းပေါ်ယဲ့တို့ထဲမှ တစ်ဦးသည် အလွန်တည်ငြိမ်အေးဆေးစွာရှိနေပြီး အရာရာကိုမသိသလိုနေကာ နောက်တစ်ဦးကမူ အစား အပေါ်တွင်သာ အာရုံစိုက်နေပြီး လီချန်းတွင် အမဲအူကြမ်းနှင့် ဘဲအူမရှိသည်ကို ညည်းညူနေမိသည်။
(မုန်တိုင်းမကျမီ ငြိမ်သက်ခြင်း!)
[ယန်ရှီက တကယ်ကြီး အေးအေးဆေးဆေးပဲလား သူဘာမှမသိဘူးဆိုတာ မယုံနိုင်ဘူး]
[ယန်ရှီ အခန်းထဲမှာ ဖုန်းပြောနေတုန်းက ကင်မရာပိတ်ထားတာ လူတွေက သူ့ကို ဘယ်လိုမြင်နေပြီလဲဆိုတာ သိသွားတာမလို့ဖြစ်မယ်]
[သာ့ကျားကျွမ်က အစောကြီးဖော်ထုတ်လိုက်တာလေ၊ ယန်ရှီ က သူ့ကိုယ်သူ ဉာဏ်ကြီးရှင်လား ဘာလားတောင် သေသေချာချာသိသေးတာမဟုတ်ဘူး၊ အခုဆို ခခယယနဲ့ လိုက်တောင်းပန်နေရလောက်တယ်]
ညစာစားပြီးနောက် ဧည့်သည်များအားလုံးသည် စားပွဲခုံကို အတူတကွသန့်ရှင်းရေးလုပ်လိုက်ကြသည်။
ယခုလို လူစုံခြင်းမှာ ကြုံတောင့်ကြုံခဲဖြစ်ပြီး တစ်နေ့တာလုံးပင်ပန်းနေခဲ့သောကြောင့် ညနေပိုင်းတွင် အစီအစဉ်မရှိတော့ပေ။ ကန်းပေါ်ရဲ့သည် ဖဲချပ်တစ်ထုပ်ထုတ်ကာ ဘလက်ဂျက်ကစားကြသည်။
ဘလက်ဂျက်ကစားနည်းသည် ပြင်သစ်နိုင်ငံမှ အစပြုခဲ့သော ရိုးရှင်းသည့်ဖဲကစားနည်းဖြစ်ပြီး ရမှတ် ၂၁ မှတ်နှင့် နီးနိုင်သမျှနီးအောင်ကစားရသည်။ သာမန်အားဖြင့် လောင်းကစားရုံများတွင် ငွေကြေးအတွက်ကစားလေ့ရှိသော်လည်း ယခုအခါ အပျော်သာ ကစားကြသည်။
အဖွဲ့လေးဖွဲ့ခွဲပြီး အဖော်တစ်ဦးနှင့်အတူ ဖဲဆွဲကြသည်။ ဘလက်ဂျက်သည် ကံကြမ္မာအပေါ်မူတည်သော်လည်း အတွေ့အကြုံရှိသူများက ဖဲချပ်များကိုမှတ်မိကာ အနိုင်ရနိုင်ချေကိုတွက်ချက်နိုင်သည်။
ကျုံချင်းယွီသည် လောင်းကစားရုံများသွားဖူးပြီး ဤကစားနည်းကိုရင်းနှီးသော်လည်း ဖဲချပ်များကိုမှတ်မိသည်အထိ မတတ်နိုင်သေးပေ။ မကြာမီပင် သူမ ဆက်တိုက်ရှုံးလာသည်။ ထိုအချိန်တွင် ရဲ့လော့ယီမှာ ကံကောင်းစွာဖြင့် ဆက်တိုက်နိုင်နေသည်။
System က ယန်ရှီဘေးတွင် ထွက်ပေါ်လာကာ မှတ်ချက်ပေးလိုက်သည်။
[ဒါက ဇာတ်လိုက်ရဲ့ကံပါပဲ ဖဲကစားတဲ့အခါတိုင်း ကောင်းတဲ့ဖဲတွေရနေတယ်]
ကျန်းတုံသည် ဒိုင်ဖြစ်ပြီး တစ်ချပ်ကိုဖော်ကာ တစ်ချပ်ကိုဖုံးထားသည်။ ချင်းလီသည် ရှုံးနှင့်ပြီးဖြစ်သဖြင့် ကျန်းတုံ၊ ကျုံချင်းယွီနှင့် ရဲ့လော့ယီသာကျန်တော့သည်။
ကျန်းတုံ ကျုံချင်းယွီကိုကြည့်လိုက်သည်။ သူ့အတွက် စိုးရိမ်စရာမရှိပုံ ပေါ်သည်။ ထို့နောက် ရဲ့လော့ယီကိုကြည့်လိုက်သည်။ အလွန်အန္တရာယ်ရှိပုံပေါ်သည်။
ကျန်းတုံ၏ မျက်လုံးများ လျှပ်တစ်ပြက်လှုပ်ရှားသွားသည်။
"လော့ယီ နောက်ထပ်ဖဲချပ်ယူမလား ဒီလိုဖဲနဲ့ဆို မင်းရပ်လိုက်သင့်ပြီထင်တယ်"
ရဲ့လော့ယီတွင် Heart A တစ်ချပ်နှင့် ထောင့်ရှစ်တစ်ချပ်ရှိပြီး စုစုပေါင်း ၁၉ မှတ်ရှိသည်။ ဤအချိန်တွင် ကစားသူအများစုက ရပ်လိုက်ကြသည်။
သို့သော် ကျန်းတုံ၏ဖော်ထားသောဖဲချပ်သည် ထောင့်ကိုးတစ်ချပ်ဖြစ်နေသဖြင့် ၁၉ မှတ်ထက်ပိုမြင့်နိုင်သည့်အခွင့်အလမ်းရှိသည်။
ရဲ့လော့ယီက စဉ်းစားပြီးနောက် ဆုံးဖြတ်လိုက်သည်။
"နောက်ထပ်တစ်ချပ်ယူမယ်"
ကျုံချင်းယွီက နှာခေါင်းရှုံ့လိုက်သည်။ သူမအနေဖြင့် ဖဲချပ်များကိုမမှတ်မိလည်း ရဲ့လော့ယီသည် နှစ် သို့မဟုတ် A ဖဲချပ်မဟုတ်လျှင် ရှုံးမည်မှာသေချာသည်။
ရဲ့လော့ယီက သူမ၏ဖဲချပ်အသစ်ကိုလှန်လိုက်သည်။
စပိက်နှစ်ဖဲဖြစ်နေသည်။
ဆုလင်းလင်းက ဝမ်းသာအားရအော်လိုက်သည်။
"၂၁ မှတ်တောင်ရတယ် လော့ယီ နင်ကအရမ်းတော်တာပဲ"
ကျန်းတုံသည် ၂၁ မှတ်ရရှိပါကပင် ရဲ့လော့ယီနှင့် သရေကျမည်ဖြစ်သည်။
ရဲ့လော့ယီက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး ကစားပြီးသားဖဲချပ်တွေကိုတွက်ကြည့်ရင် လိုချင်တဲ့ဖဲရနိုင်ချေကိုခန့်မှန်းနိုင်တယ် မခက်ပါဘူး"
ကန်းပေါ်ယဲ့က အံ့အားသင့်သွားသည်။
"ဖဲချပ်က လေးမျိုးတောင်ရှိတာ အကုန်လုံးကိုမှတ်မိနိုင်တယ်ဆိုတာ အံ့ဩစရာပဲ လော့ယီ မင်းအရမ်းတော်တယ်"
ကျုံချင်းယွီ၏ အလှည့်ရောက်လာသည်။
"ကျုံချင်းယွီ နောက်ထပ်ဖဲချပ်ယူမလား"
ကျန်းတုံက မေးလိုက်သည်။
ဘလက်ဂျက်ကစားနည်တွင် ကစားသူများသည် ဒိုင်နှင့် ယှဉ်ပြိုင်ရပြီး အခြားကစားသူများနှင့်မဆိုင်ပေ။ သူတို့၏စုစုပေါင်းအမှတ်သည် ဒိုင်၏ အမှတ်ထက်မြင့်လျှင် နိုင်သည်။ ကျန်းတုံသည် သူ၏ဖုံးထားသောဖဲချပ်ကို မပြသေးသဖြင့် ကျုံချင်းယွီတွင် အခွင့်အလမ်းရှိနေသေးသည်။
ကျုံချင်းယွီ၏ လက်ရှိအမှတ်သည် ၁၅ မှတ်သာရှိပြီး သီအိုရီအရ နောက်ထပ်ဖဲချပ်ယူရန်လိုအပ်သည်။ သို့မဟုတ်လျှင် ရှုံးမည်ဖြစ်သည်။
သို့သော် ယန်ရှီက သူမကိုတားလိုက်သည်။
"မယူနဲ့တော့"
ဘလက်ဂျက်ကစားနည်တွင် ကစားသူများသည် အမှတ် ၁၇ မှတ် အောက်ရှိလျှင် ဖဲချပ်ထပ်ယူလေ့ရှိသော်လည်း ယန်ရှီကတားလိုက်သဖြင့် ကျုံချင်းယွီက မယူတော့ပေ။
ကျန်းတုံ၏ အလှည့်ရောက်သောအခါ သူသည် စိတ်လှုပ်ရှားနေသည်။ ရဲ့လော့ယီကို မနိုင်နိုင်လည်း ကျုံချင်းယွီကိုနိုင်မည်မှာ သေချာသည်။ ၁၅ မှတ်ကို သူ မည်သိုရှုံးနိုင်မည်နည်း။
သူသည် သူ၏ဖုံးထားသောဖဲချပ်ကိုလှန်လိုက်သည်။
Heart ခုနှစ်ဖဲချပ်ဖြစ်နေသည်။
Heart ခုနှစ် ဖဲတစ်ချပ်နှင့် ထောင့်ကိုး တစ်ချပ်ပေါင်းလိုက်လျှင် ၁၆ မှတ်ရပြီး ကျုံချင်းယွီ၏ ၁၅ မှတ်ထက် တစ်မှတ်ပိုများသည်။ သို့သော် ဘလက်ဂျက်စည်းမျဉ်းအရ ဒိုင်၏စုစုပေါင်း အမှတ် ၁၇ မှတ်အောက်ရှိပါက ဖဲချပ်ထပ်ယူရမည်ဖြစ်သည်။
ကျန်းတုံသည် နောက်ထပ်ဖဲချပ်တစ်ချပ်ဆွဲလိုက်သည်။
ညှင်း K ဖဲဖြစ်နေသည်။
ကျန်းတုံ၏ မျက်လုံးများ ပြူးကျယ်လာသည်။ ညှင်း K ဖဲတစ်ချပ်သည် ၁၀ မှတ်တန်ပြီး သူ့စုစုပေါင်းမှတ်ကို ၂၆ အထိတက်သွားစေကာ သူရှုံးသွားပြီဖြစ်သည်။
ကျန်းတုံက ကျုံချင်းယွီကိုညွှန်ပြလိုက်သည်။
"မင်းက ကံအရမ်းကောင်းနေတာ"
သူ့အမှတ်မှာ သူမထက်မြင့်နေသော်လည်း အကျည်းတန်သည့်စည်းမျဉ်းများက သူ့ကိုဖဲချပ်ထပ်ယူစေပြီး ရှုံးနိမ့်စေခဲ့သည်။
ထို့ထက်ပို၍ဆိုရလျှင် အကယ်၍ ကျုံချင်းယွီက ဖဲချပ်ထပ်ယူခဲ့လျှင် သူမကိုယ်တိုင်ရှုံးနိမ့်မည်ဖြစ်သည်။
ရဲ့လော့ယီလည်း အံ့အားသင့်သွားသည်။
"ချင်းချင်း နင်က အရမ်းကံကောင်းတာပဲ"
"ဒါကံမဟုတ်ဘူး"
ကျုံချင်းယွီက ယန်ရှီကိုပွေ့ဖက်လိုက်သည်။
"ဒါကယန်ရှီရဲ့တွက်ချက်မှုပဲ၊ ငါတို့အရင်က Macau မှာဖဲကစားတုန်းကလည်း သူဒီကစားနည်းမှာဘယ်တော့မှမရှုံးခဲ့ဘူး"
ယန်ရှီက ရှက်ပြုံးပြုံးလိုက်မိသည်။
"ငါရိုးရိုးလေးတွက်ကြည့်တာပါ နောက်ထပ်ဖဲချပ်ရဲ့ ၆ မှတ်ထက်မြင့်ဖို့ဖြစ်နိုင်ခြေက ခုနှစ်ဆယ်ရာခိုင်နှုန်းပဲရှိတော့ မဆွဲတာက ပိုကောင်းတယ်လေ"
ရဲ့လော့ယီ ၂ မှတ်အောက်နည်းသည့်ဖဲချပ််ဆွဲမိမည့် ဖြစ်နိုင်ခြေကိုလည်း နှစ်ဒဿမလေးရာခိုင်နှုန်းသာဖြစ်ကြောင်း ယန်ရှီတွက်ထားပြီးဖြစ်သည်။
သူတို့သည် ဖဲချပ်လေးမျိုးဖြင့်ကစားနေပြီး Joker ရှစ်ချပ်ဖယ်ထားသဖြင့် စုစုပေါင်း ၂၀၈ ချပ်ရှိသည်။ ရဲ့လော့ယီအလှည့်ရောက်သောအခါ ၄၁ ချပ်ကျန်ပြီး ၂ မှတ်အောက်နည်းသည့် ဖဲချပ်မှာ နှစ် စပိက်ဖဲတစ်ခုသာရှိသည်။
ထိုဖဲချပ်ဆွဲမိမည့်ဖြစ်နိုင်ခြေမှာ ၂.၄% ဖြစ်သည်။
ရဲ့လော့ယီ၏ကံမှာ အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။
[ဟမ် လော့ယီက ၂ မှတ်အောက်နည်းတဲ့ဖဲချပ်ရဖို့ဖြစ်နိုင်ခြေမြင့်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ ဒါဆိုကျန်တဲ့ဖဲချပ်တွေအားလုံး နံပါတ်အနိမ့်တွေရှိရမှာနော်၊ ဒါပေမဲ့ ယန်ရှီကတော့ ၆ မှတ်အထက်ရဖို့ ၇၀% ရှိတယ်လို့ပြောနေတယ် ဒီပြောစကားနှစ်ခု မကိုက်ညီဘူးလားလို့]
[တစ်ယောက်ယောက်က လိမ်နေတာသေချာပြီ!]
[ယန်ရှီပဲပေါ့ သူ့ကိုယ်သူ ပါရမီရှင်ပါဆိုတဲ့ ပုံရိပ်ကိုဆုပ်ကိုင်ထားဖို့ ဇွတ်ကြိုးစားနေတာ သူ့ပုံရိပ်ပျက်စီးသွားပြီဆိုတာတောင် သူမသိသေးဘူးထင်တယ်]
[သရုပ်ဆောင်နေတာလားဟ အိုဗာတင်းကြီးပါဟယ်]
[ဘာလို့ယန်ရှီလို့ခေါ်တာလဲ သရုပ်ဆောင်လို့ပဲခေါ်လိုက်စမ်းပါ]
ရဲ့လော့ယီသည်လည်း သူမ၏ တွက်ချက်မှုနှင့် ယန်ရှီ၏ တွက်ချက်မှုအကြား ကွဲလွဲမှုကိုသတိထားမိသည်။ သူမသည် လိုရင်းကိုသာပြောခဲ့ခြင်းဖြစ်ပြီး သူမ၏ကံကောင်းမှုက သူ့ကိုလိုချင်သည့် ဖဲချပ််ကိုဆွဲနိုင်စေခဲ့သည်ဆိုလျှင် မည်သူမျှယုံမည်မဟုတ်ပေ။
သို့သော် ၇၀% ဖြစ်နိုင်ခြေဆိုသည်က ဘာကိုဆိုလိုသနည်း။
ရဲ့လော့ယီက ရယ်စရာကောင်းသည်ဟုသာထင်လိုက်သည်။ ဖဲချပ်လေးမျိုးစုစုပေါင်း ၂၀၈ ချပ်နှင့် ဤမျှလောက်သော အလှည့်များပြီးသည့်နောက်တွင် ယန်ရှီသည် ကစားပြီးသားဖဲချပ်များကို အမှန်တကယ်သိနိုင်မည်လား။ ရဲ့လော့ယီမယုံပါ။
အင်တာနက်သုံးသူများကဲ့သို့ပင် ရဲ့လော့ယီသည် ယန်ရှီတစ်ယောက် လုပ်ကြံပြောနေသည်ဟု ပို၍ ယူဆမိသည်။ သူမ ရှုံးလျှင်ပြဿနာမရှိသော်လည်း နိုင်လျှင် သူမ၏ ပါရမီရှင်ဟူသောပုံရိပ်ကို ကြွားနိုင်ဦးမည်။ အမှန်တကယ်တွင် ဖဲချပ်များကိုစစ်ဆေး၍ ဖြစ်နိုင်ခြေများကိုတွက်ချက်မည့်သူမရှိပေ။
သို့သော် အခြားသူများမစစ်ဆေးလျှင်ပင် ရဲ့လော့ယီစစ်ဆေးနိုင်သည်။
"ခုနှစ်ဆယ်ရာခိုင်နှုန်းလား"
ရဲ့လော့ယီက ပြုံးလိုက်သည်။
"ယန်ရှီ နင်အဲဒီလောက်တိတိကျကျတွက်နိုင်တယ်တဲ့လား အရမ်းတော်တာပဲနော်"
ချင်းလီကလည်း မီးလောင်ရာလေပင့်လုပ်လိုက်ပြန်သည်။
"ငါတို့ ကစားတာလည်း ပြီးပြီဆိုတော့ ကျန်တဲ့ဖဲချပ်တွေဘာရှိလဲကြည့်ကြရအောင်"
ဤအကြံပြုချက်က လူတိုင်း၏စိတ်ဝင်စားမှုကိုနှိုးဆွလိုက်သည်။ ကန်းပေါ်ယဲ့နှင့် ကျန်းတုံပါ ယန်ရှီ အာချောင်နေခြင်းလား သို့မဟုတ် တကယ်ပင်ဖဲချပ်များကို မှတ်မိနိုင်ခြင်းလားဆိုသည်ကို သိချင်နေကြသည်။
ယန်ရှီမတားဆီးနိုင်ခင်မှာပင် ချင်းလီက ကျန်းတုံထံမှကျန်ရှိသောဖဲချပ်များကိုယူပြီး စားပွဲပေါ်ဖြန့်လိုက်သည်။
ပထမဆုံးပေါ်လာသောဖဲချပ်များမှာ ၃၊ ၄၊ ၅ ကဲ့သို့သော နည်းသည့် အမှတ်များဖြစ်နေသည်။ ရဲ့လော့ယီနှင့် ချင်းလီတို့၏ မျက်နှာများပေါ်ဝယ် အနိုင်ရသည့်အမူအရာပေါ်လာသည်။
သို့သော် ဖဲချပ်များ များလာသည်နှင့်အမျှ ဂဏန်းများကြီးလာပြီး အမှတ်များသည့်ဖဲချပ်များ ပို၍ ပေါ်လာသည်။ ရဲ့လော့ယီနှင့် ချင်လီတို့၏ မျက်နှာများ တဖြည်းဖြည်းဖြူရော်လာသည်။
ကျန်ရှိသောဖဲချပ်များအားလုံးဖြန့်ပြီးသောအခါ အချိုးအစားမှာ ရှင်းနေပြီဖြစ်သည်။
ကန်းပေါ်ယဲ့က မြန်မြန်ဆန်ဆန်ရေတွက်လိုက်သည်။
"ကျန်တဲ့ဖဲချပ်က သုံးဆယ့်ကိုးချပ်ရှိတယ်၊ ၂၇ ချပ်က ၆ မှတ်အထက်ရှိတယ် ဒါဆိုဖြစ်နိုင်ခြေက ခြောက်ဆယ့်ကိုးရာခိုင်နှုန်းပေါ့"
၆၉% နှင့် ၇၀% ။ ၁% သာကွာသည်။
ရဲ့လော့ယီက အားလျော့စွာဖြင့် သက်ပြင်းချလိုက်သည်။ အနည်းဆုံးတော့ အတိအကျမကိုက်ညီသေးပေ။ ဂဏန်းများနီးစပ်နေသော်လည်း ယန်ရှီ၏ ၇၀% ဆိုသည်မှာ ခန့်မှန်းချက်သာဖြစ်နိုင်သေးသည်။
"မဟုတ်သေးပါဘူး"
ရှောင်းယွီက ကန်းပေါ်ယဲ့ကိုပြင်ပြောပြလိုက်သည်။
"ကျန်တဲ့ဖဲချပ်က သုံးဆယ့်ကိုးချပ်ရှိပြီး နှစ်ဆယ့်ခုနှစ်ချပ်က ခြောက်မှတ်အထက်ရှိတယ် ဒါပေမဲ့ ယန်ရှီက ဖဲမဆွဲဖို့ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ ဖဲအချပ်ရေလေးဆယ်ကျန်ပြီး နှစ်ဆယ့်ရှစ်ချပ်က ခြောက်မှတ်အထက်ရှိနေတယ်၊ ဒါဆို ခုနှစ်ဆယ်ရာခိုင်နှုန်းအတိအကျပဲပေါ့"
ရှောင်းယွီက ယန်ရှီကို အံ့အားသင့်စွာကြည့်လိုက်သည်။
"မင်းတကယ်ပဲ ဖဲချပ်အကုန်လုံးကိုမှတ်မိတာလား"
ယန်ရှီ၏မျက်နှာနီမြန်းသွားသည်။
ကျုံချင်းယွီက ဂုဏ်ယူစွာယန်ရှီနှင့်လက်တွဲလိုက်သည်။
"ငါပြောတာမှန်တယ်မလား ငါတို့ရှီရှီက ပါရမီရှင်ပါဆို"
သာ့ကျားကျွမ်ပဲ မှားနေတာလား။
ရဲ့လော့ယီလည်း သံသယအနည်းငယ်ဖြစ်မိသော်လည်း ဟိုင်မြို့ရှိ တက္ကသိုလ်တွင် ယန်ရှီဆိုသူမရှိပေ။ အချက်အလက်များမှာ လိမ်၍မရပေ။ ယန်ရှီ ဤအရာများကိုတွက်နိုင်သည်မှာ မှတ်ဉာဏ်ကောင်းမွန်သောကြောင့်သာဖြစ်မည်။ ရိုးရှင်းသောဖြစ်နိုင်ခြေပြဿနာများအတွက် အထူးကျွမ်းကျင်မှုမလိုပါ။
ရဲ့လော့ယီက နူးညံ့စွာမေးလိုက်သည်။
"ယန်ရှီကအရမ်းတော်တာပဲ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်အရမ်းကောင်းခဲ့မှာပဲနော်"
တက္ကသိုလ်ဝင်ခွင့်အမှတ်များကို ပြောပြလိုက်ပါက ယန်ရှီ၏ အတုအယောင်ပညာရေးမှတ်တမ်းများကို ဖော်ထုတ်ရန်လွယ်ကူသွားမည်ဖြစ်သည်။ အကယ်၍ ယန်ရှီသည် ဟိုင်တက္ကသိုလ်ကျောင်းသူမဟုတ်ပါက တက္ကသိုလ်၏ ဝင်ခွင့်အမှတ်ကိုပင် သိမည်မဟုတ်ပေ။
ယန်ရှီက ခဏတာစဉ်းစားပြီးဖြေလိုက်သည်။
"၆၀၀ လောက်ထင်တယ် နှစ်တွေကြာပြီဆိုတော့ သေချာမမှတ်မိတော့ဘူး"
ရဲ့လော့ယီသည် ဟန်မြို့သူတစ်ယောက်ဖြစ်ပြီး အနုပညာလောကထဲဝင်ပြီးမှ ဟိုင်မြို့သို့ ပြောင်းလာသူဖြစ်သည်။ သူမသည် ဟိုင်မြို့၏ တက္ကသိုလ်ဝင်ခွင့်အမှတ်ကိုမသိသော်လည်း ဆုလင်းလင်းမှာမူ ကောင်းကောင်းမှတ်မိသည်။ သူမသည် အချိုရည်သောက်နေစဉ် ယန်ရှီ၏စကားကိုကြားပြီး ပါးစပ်ထဲမှ အချိုရည်များဖိတ်ကျကာ ချင်းလီ၏ မျက်နှာကို စင်သွားစေသည်။ သူမက ချင်းလီ၏ မျက်နှာကို မသုတ်ပေးဘဲ ယန်ရှီဘက်သို့ အံ့အားသင့်စွာလှည့်ကြည့်လိုက်သည်။
"အမှတ်ခြောက်ရာလား နင်က ဟိုင်မြို့ကနော်၊ ဟိုင်မြို့ရဲ့ တက္ကသိုလ်ဝင်ခွင့် အမှတ်အပြည့်က အမှတ် ခြောက်ရာ့ခြောက်ဆယ်ပဲရှိတာနော်"
ကျုံချင်းယွီက ဆုလင်းလင်းကို ဒေါသဖြင့် ကြည့်လိုက်သည်။
"သူအဲဒီမှာတုန်းက မြို့တော်ရဲ့ထိပ်တန်းဆယ်ဦးထဲပါတယ် နင်မမှတ်မိဘူးလား"
ဆုလင်းလင်း - ?
သူမဘာကြောင့်သတိရ ရမည်နည်း။
သူမက ယန်ရှီအကြောင်းကို ကောင်းကောင်းနားလည်သူတစ်ဦးပုံများပေါက်နေသလား။
[မြို့ရဲ့ ထိပ်တန်းဆယ်ဦးလား ကျုံချင်းယွီက တကယ်ပဲလုပ်ကြံပြောနေတာပဲ]
[ယန်ရှီက အသက် ၂၀ ဆိုတော့ လွန်ခဲ့တဲ့သုံးနှစ်ကတက္ကသိုလ်ဝင်တန်းဖြေခဲ့တာ၊ လွန်ခဲ့တဲ့သုံးနှစ်က ဟိုင်မြို့ရဲ့ထိပ်တန်းဆယ်ဦးစာရင်းကို ရှာကြည့်ရတာ မခတ်ပါဘူး အဲဒိမှာ ယန်ရှီဆိုတဲ့နာမည်ရှိလား]
[လုံးဝမရှိပါဘူး ဟိုင်မြို့က ထိပ်ဆုံးဆယ်ယောက်ကိုဆုချီးမြှင့်တယ်၊ ငါအရင်ကစာရင်းကြည့်ဖူးတယ် ယန်ရှီဆိုတဲ့နာမည်မပါ ပါဘူး]
[ဒီလိမ်ညာမှုကတော့ များသွားပြီ]
ကျန်းတုံသည် ယန်ရှီကိုကြည့်လိုက် အွန်လိုင်းတွင် တက်နေသည့်အကြောင်းအရာများကိုကြည့်လိုက် လုပ်နေသည်။မူလတုန်းက သူလည်း ယန်ရှီသည် ပညာရေးမှတ်တမ်းအတုလုပ်ထားသည်ဟုထင်ခဲ့သည်။ သို့သော် ထိပ်ဆုံးဆယ်ယောက်ထဲဝင်သည့်ဆိုသည့်အချက်ကတော့ များလွန်းသည်။
ကျန်းတုံက သိလိုစိတ်ကိုမထိန်းနိုင်တော့ဘဲ မေးလိုက်သည်။
"မင်းက တက္ကသိုလ်ဝင်တန်းမှာ အမှတ်ကောင်းတယ်ဆိုရင် ဘာလို့ပညာရေးမှတ်တမ်းအတုလုပ်ရမှာလဲ"
"ပညာရေးမှတ်တမ်းအတုလား"
ကျုံချင်းယွီမျက်ခုံးကြုတ်မိသွားသည်။ သူမသည် ကျန်းတုံထံမှ ဖုန်းကိုယူလိုက်ပြီး အွန်လိုင်းပေါ်ရှိမှတ်ချက်များနှင့် ယန်ရှီ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလတ်များ အတုလုပ်ထားကြောင်းကို သက်သေပြသည့် သာ့ကျားကျွမ်တင်ထားသည့်အထောက်အထားများကိုမြင်လိုက်ရသည်။
ကျုံချင်းယွီက နှာခေါင်းရှုံ့လိုက်မိသည်။
"ဒါကြောင့်မလို့ ညစာစားတုန်းက နင်တို့အကုန်လုံး ထူးဆန်းနေတာကိုး"
[ကျုံချင်းယွီက စိတ်မပူဘူးလား ယန်ရှီက အရှက်ကွဲနေပြီ]
[သူ့အကြောင်းတွေဖော်ထုတ်ခံလိုက်ရလို့ ရူးသွားတာလား]
[ဒါပေမဲ့ ကျုံချင်းယွီကအရမ်းယုံကြည်မှုရှိနေတယ် တစ်ခုခု နားလည်မှုလွဲနေတာဖြစ်နိုင်တယ်]
[နင်က ဘာတွေ လျှောက်တွေးနေတာလဲ ထိပ်တန်းကျောင်းသူတစ်ယောက်က ဒီလိုပျင်းစရာကောင်းတဲ့ဇာတ်လမ်းတွဲမျိုးမှာပါပါ့မလား၊ ထိပ်တန်းကျောင်းသားလောကကိုနားမလည်တဲ့လူတွေပဲဖြစ်မယ်၊ အခုဆိုသူလည်း အရှက်ကွဲနေပြီပဲ]
[ကျုံချင်းယွီက ယန်ရှီကိုထိပ်တန်းကျောင်းသားဆိုပြီး ဇွတ်တွေ ပြောနေတာ သူဒီလောက်ယုံကြည်မှုရှိနေရင် အထောက်အထားပြစမ်းပါ]
"အထောက်အထားလား ဒါကလွယ်ပါတယ်"
ကျုံချင်းယွီက မှတ်ချက်များကိုကြည့်ပြီးပြောလိုက်ကာ ယန်ရှီဘက်လှည့်လိုက်သည်။
"နင့်မှာ အောင်လက်မှတ် ဒါမှမဟုတ် ဝင်ခွင့်စာတမ်းတွေ ပါလာလား"
ယန်ရှီ - "မပါဘူး"
သို့သော်လည်း ကျုံချင်းယွီ စိုးရိမ်မှုမရှိဘဲ ဆုလင်းလင်းဘက်သို့လှည့်လိုက်သည်။
"ယန်ရှီက အရင်တုန်းက ကျောင်းရဲ့ထိပ်တန်းကျောင်းသူလေ နင်မှတ်မိတယ်မလား"
ဆုလင်းလင်း - ?
"သူက ထိပ်တန်းကျောင်းသူမှန်း ငါကဘယ်လိုလုပ်ပြီးသိမှာလဲ"
"ကျောင်းရဲ့နှစ်တစ်ရာပြည့်အခမ်းအနားမှာ နင်က အခမ်းအနားမှူးလုပ်ခဲ့တယ်လေ အခမ်းအနားမှာ သူ့အတွက်ဂုဏ်ပြုစာတမ်းတောင်ဖတ်ခဲ့တာလေ မှတ်မိတယ်မလား"
ဆုလင်းလင်း - ????????
ဆုလင်းလင်း၏ မျက်လုံးများက စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသော်လည်း ယန်ရှီကိုကြည့်လိုက်သည့်အခါ တစ်စုံတစ်ခုကို မှတ်မိသွားသလိုခံစားလိုက်ရသည်။
သူမ ကျောင်းပြီးခဲ့သည်မှာ ငါးနှစ်ရှိပြီဖြစ်သည်။ ဆုလင်းလင်းက တတိယနှစ်ကျောင်းသူဖြစ်ပြီး ဇွန်လကုန်ပိုင်းမှာ ပေါ်ဝိန်ကိုယ်ပိုင်အထက်တန်းကျောင်း၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအ နားတွင် အခမ်းအနားမှူးလုပ်ခဲ့သည်။
ထိုအချိန်တုန်းက ကျောင်းရှိ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ထူးချွန်သည့် ကျောင်းသားကျောင်းသူများကို ဆုချီးမြှင့်ခဲ့ပြီး အထူးချွန်ဆုံးကျောင်းသူကတော့ တစ်မြို့လုံးဆိုင်ရာထိပ်ဆုံး (၁၀) ယောက်စာရင်းဝင်ဖြစ်သကဲ့သို့ အတန်းကျော်တက်ခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။ ဆုလင်းလင်းမှတ်မိနေသည်ကား ထိုကျောင်းသူ၏ အမည်က လင်းရှီ ဖြစ်ပါသည်။
ယခုယန်ရှီ၏ မျက်နှာနှင့် ယခင်က လင်းရှီမျက်နှာနှင့် တူနေသည်ကိုတွေ့သောအခါ ဆုလင်းလင်းတစ်ယောက် မျက်လုံးပြူးကျယ်သွားပါသည်။
"နင့်ကို အရင်တုန်းက လင်းရှီလို့ခေါ်တာမဟုတ်လား"
ဆုလင်းလင်းက လင်းရှီ အကြောင်း စကားများပင် ကြားဖူးသေးသည်။
"လင်းမိသားစုရဲ့ အမွေခံသမီး အတု အစစ်ပြဿနာက ပေါ်ဝိန်ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အတော်လေးကို ဂယက်ထခဲ့သေးတယ်နော်"
ယန်ရှီက ဆုလင်းလင်းကိုကြည့်ပြီး ပြုံးလိုက်သည်။
"ဟုတ်တယ်လေ အဲဒါ ငါပါပဲ"
ဆုလင်းလင်း -
ကျုံချင်းယွီ - "ဆုလင်းလင်း နင်တို့ကျောင်းက အခမ်းအနားတိုင်းမှာ နင်က ဗီဒီယိုရိုက်ထားတတ်တယ်မလား၊ ကျောင်းအုပ်ကြီးက ယန်ရှီကိုဆုချတုန်းက ဗီဒီယို နင့်ဆီမှာရှိနေမှာပဲ"
ဆုလင်းလင်းက ဖုန်းထဲမှ ဗီဒီယိုအပိုင်းအစများရှာကြည့် သောအခါ အမှန်တကယ်ပင် ထိုဗီဒီယိုရှိနေသည်ကိုတွေ့ရသည်။ သူမမှာ ထိုဗွီဒီယိုမရှိသော်လည်း ရှိသည့် မိတ်ဆွေတစ်ယောက်ယောက်ကိုရှာခိုင်းပြီးပို့ခိုင်းရသည်မှာ ဘာမျှမခက်ခဲခဲ့ပါ။
ဗီဒီယိုကိုပြသပြီး တိုက်ရိုက်ထုတ်လွှင့်လိုက်သည့်အခါ အရာအားလုံးရှင်းလင်းသွားပါတော့သည်။
ငါးနှစ်ကြာသွားသော်လည်း ဗီဒီယိုထဲရှိ ဆုရကျောင်းသူက ယန်ရှီပဲဖြစ်နေသည်ကို မည်သူမျှငြင်းနိုင်မည်မဟုတ်တော့ပေ။
[အိုး ဒါက တကယ်ကြီးယန်ရှီပါလား]
[ယန်ရှီက တကယ်ပဲ အတော်ဆုံးကျောင်းသူဖြစ်နေပြန်ပြီ]
[ဟိုင်မြို့မှာ ထိပ်ဆုံး (၁၀) ယောက်ထဲပါရင် ဟိုင်တက္ကသိုလ်ဝင်ဖို့ က အေးအေးဆေးဆေးပဲ]
[ယန်ရှီရဲ့ အရင်နာမည်က လင်းရှီလား ဒါဆို ဟိုင်တက္ကသိုလ်အက်ပလီကေးရှင်းထဲမှာ ယန်ရှီဆိုတဲ့ နာမည်ပြထားတာမဆန်းတော့ပါဘူး]
[လင်းရှီနာမည်နဲ့ရှာကြည့်တော့ လင်းရှီက ဘွဲ့ရပြီးသွားပြီလို့ပြတယ်]
[ယန်ရှီဆိုတဲ့နာမည်က ဘွဲ့ရတဲ့ အထဲမှာလည်း ပါနေပြန်ရော]
[ယန်ရှီက ဘွဲ့ရကျောင်းသူလား အသက်က ၂၀ပဲရှိသေးတယ်နော်!]
[အတန်းကျော်တက်တယ်ဆိုပဲ ကျုံချင်းယွီနဲ့ ဆုလင်းလင်းတို့နဲ့ တစ်နှစ်တည်းပဲ အခု ပထမနှစ် ဘွဲ့လွန်တန်းကျောင်းသူဖြစ်နေပြီ!]
[ဒီကိစ္စက ရှင်းသွားပါပြီ ယန်ရှီကပညာရေး ထောက်ခံချက်အတုမလုပ်ခဲ့ပါဘူး သူက တကယ်ကို ထူးချွန်တာပါ]
ရဲ့လော့ယီမျက်နှာအမူအရာတောင့်တင်းသွားပြီး နှလုံးသားထဲရှိ နောက်ဆုံးပျော်ရွှင်မှုလေးပင် ပျောက်ကွယ်သွားပါတော့သည်။ သူမက ပေါ့ပေါ့ပါးပါးပြောနေသော်လည်း ခါးသီးသော ခံစားချက်အနည်းငယ်ပါနေသည်ကိုတော့ ဖုံးကွယ်၍ မရပေ။
"လင်းလင်း နင်နဲ့ယန်ရှီက အထက်တန်းအတူတူတတ်ခဲ့တာလား အဲဒါကို ဘာလို့မှတ်မလဲမိရတာလဲ"
ဆုလင်းလင်းက စိတ်ရှုပ်ထွေးသွားမိပြီး ဦးခေါင်းကိုကုတ်လိုက်သည်။
"ငါဘယ်သိမှာလဲ သူက အဆင့်မြင့်အတန်းက ငါကကျတော့ နိုင်ငံ ပေါင်းစုံတတ်ရတဲ့ အတန်းကလေ ငါတို့ ဆက်ဆံစရာလည်း အကြောင်းမရှိဘူး"
ငါးနှစ်ကြာပြီးနောက်တွင် ယန်ရှီက နာမည်ပါပြောင်းလဲသွားခဲ့ပါသည်။
ယန်ရှီက ရှင်းပြလိုက်သည်-
"ကျွန်မအရင်နာမည်က လင်းရှီပါ တက္ကသိုလ်တက်တုန်းကနာမည်ပြောင်းခဲ့တာရယ်၊ ဟိုင်တက္ကသိုလ်ရဲ့ အက်ပလီကေးရှင်းက ကျောင်းသားရေးရာကိစ္စတွေအတွက် အဓိကဖြစ်တဲ့အတွက် နာမည်ပြောင်းတဲ့စနစ်မရှိသေးပါဘူး၊ အဲဒီအက်ပလီကေးရှင်းက လူတွေရဲ့ အထောက်အထားစစ်ဆေးဖို့အတွက်မဟုတ်တဲ့အတွက် ကျွန်မတစ်ယောက်တည်းအတွက် သီးသန့်နာမည်ပြောင်းစနစ်ထည့်မပေးထားပါဘူး"
သို့သော်လည်း ကျန်းတုံက ယန်ရှီကိုစူးစမ်းသည့်အနေဖြင့်မေးလိုက်သည်။
"ဒါဆို နာမည်ဘာလို့ပြောင်းတာလဲ၊ လင်းရှီဆိုတဲ့နာမည်လည်းကောင်းတာပဲလေ"
ယန်ရှီ၏ ချိုမြကြည်လင်သော မျက်လုံးထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခုလောက်ဖြတ်သွားသော်လည်း ချက်ချင်းပျောက်ကွယ်သွားပါသည်။ သူမက ကျန်းတုံကို တည်ငြိမ်စွာကြည့်ပြီး ပြန်ဖြေလိုက်သည်။
"ဘာဖြစ်လို့ဂရုစိုက်နေတာလဲ ကျွန်မပြောင်းချင်လို့ ပြောင်းလိုက်တာပါ ရတယ်မလား"
ကျန်းတုံ: “ –”
ဝူလျောင် က Star Glory ၏ တရားဝင်အကောင့်မှတစ်ဆင့် ကောလာဟလများအားလုံးကို ရှင်းပြလိုက်သည်။
ပထမအချက်က ယန်ရှီသည် အတန်းကျော်တက်ခဲ့ပြီး နာမည်ပြောင်းခဲ့ခြင်းဖြစ်ပါသည်။ သူမ၏ ယခင်နာမည် လင်းရှီကို ဟိုင်းတက္ကသိုလ်အက်ပလီကေးရှင်း၏ ဘွဲ့ကြိုကဏ္ဌတွင် တွေ့နိုင်ပြီး ယန်ရှီဆိုသည့်အမည်ကိုတော့ မဟာဘွဲ့ကဏ္ဍတွင် တွေ့နိုင်မည်ဖြစ်ပါသည်။ ဆုလင်းလင်း၏ ဗီဒီယိုနှင့် ပေါင်းလိုက်လျှင် ယန်ရှီ၏ ပညာရေးမှတ်တမ်းများအကြောင်းကို အတည်ပြုနိုင်ပြီဖြစ်ပါသည်။
ဒုတိယအချက်မှာ အနိုင်ကျင့်စွပ်စွဲချက်နှင့် ပတ်သက်ပြီး သာ့ကျားကျွမ်တင်ထားသည့် အထောက်အထားအများစုမှာ မှုန်ဝါးနေသောဓာတ်ပုံများနှင့် စကားပြောမှတ်တမ်းများဖြစ်နေပါသည်။ ဓာတ်ပုံထဲမှ ကျောင်းသားများဝတ်ထားသည့် ယူနီဖောင်းသည်အထက်တန်းကျောင်းယူနီဖောင်းဖြစ်နေပြီး ယန်ရှီတက်ခဲ့သော ပေါ်ဝိန်ကိုယ်ပိုင်အထက်တန်းကျောင်း၏ ယူနီဖောင်းနှင့် မတူပါ။
ထို့အပြင် စကားပြောမှတ်တမ်းထဲရှိ စာတိုများမှာ "ယန်ရှီက ကျောင်းက သူငယ်ချင်းတွေကိုအနိုင်ကျင့်တယ်" ဆိုသည့်စကားများအထပ်ထပ်အခါခါ ပါဝင်နေသော်လည်း အထက်တန်းတုန်းက ယန်ရှီကိုလင်းရှီဟု ခေါ်ခြင်းဖြစ်သည့်အတွက် သည်စွပ်စွဲချက်များ မမှန်နိုင်တော့ပါ။
ထို့ကြောင့်ပင် သူမသည် စကားပြောမှတ်တမ်းထဲရှိ စာတိုများထဲကလူတစ်ယောက်မဟုတ်နိုင်တော့ပါ။
တတိယအချက်မှာ စွပ်စွဲချက်များအရ ယန်ရှီက သာယာရိုးရှင်းသောဘဝ ရသစုံရှိုးမှာ ရှူယန်ယန်၏ နေရာကို လုယူခဲ့သည်ဆိုသည့် ကိစ္စနှင့်ပတ်သက်နေသည်။ Star Glory ကုမ္ပဏီသည် သာယာရိုးရှင်းသောဘဝရသစုံရှိုးနှင့် ပက်သတ်ပြီး ရှူယန်ယန်နှင့် ချုပ်ဆိုထားသည့် စာချုပ်ကိုပြသလိုက်သည်။ ရှူယန်ယန်က အတူခရီးသွားကြစို့အစီအစဉ်၌ ဧည့်သည်အဖြစ်ပါဝင်မည့်အစား သာယာရိုးရှင်းသောဘဝအစီအစဉ်တွင်သာ ဧည့်သည်အဖြစ်ပါဝင်မည်ဖြစ်သည်။ ဤသည်ကလည်း ပိုကောင်းသည့်အခွင့်အလမ်းဖြစ်သည့်အတွက် အခွင့်အလမ်းခိုးယူမှုမမြောက်ခဲ့ပါ။
နောက်ဆုံးအချက်မှာ Star Glory ကုမ္ပဏီသည် ၎င်းတို့ထံတွင် ယန်ရှီနှင့် စာချုပ်ချုပ်ဆိုထားခြင်းမရှိကြောင်း ရှင်းလင်းချက်ထုတ်ပြန်လိုက်ပါသည်။ ယန်ရှီသည် ကျုံချင်းယွီ၏ အနုပညာလောကပြင်ပသူငယ်ချင်းတစ်ယောက်သာဖြစ်ပြီး သူမ၏ အဖော်အဖြစ်သာ အစီအစဉ်တွင် ပါဝင်ခဲ့ခြင်း ဖြစ်ကာ အနာဂတ်တွင် အနုပညာလောကထဲဝင်ဖို့ အစီအစဉ်လည်းမရှိသူတစ်ယောက်ဖြစ်သည်။
[ဒီဇာတ်လမ်းက အရမ်းလှည့်စားတာပဲ]
[ဒီကံမကောင်းတဲ့မိန်းကလေးက သူ့သူငယ်ချင်းကိုအားပေးဖို့ အစီအစဉ်မှာပါလာခဲ့တာ၊ အခုလိုမျိုးစုံစွပ်စွဲခံလိုက်ရတယ် Hater တွေက ရူးများနေကြတာလား]
[ယန်ရှီအနုပညာလောကထဲမဝင်တာ သိပ်နစ်နာတာပဲ သူကအရမ်းလှတယ်]
[ငါတော့ ယန်ရှီကို ပိုပိုပြီး သဘောကျလာပြီ အလှတရားနဲ့ဉာဏ်ရည်ပြည့်ဝတဲ့ပါရမီရှင်လေးပဲ]
[သာ့ကျားကျွမ်တော့ ရှုံးသွားပြီ]
[သူ့ပညာရေးမှတ်တမ်းတွေကို သေချာမစစ်ဘဲနဲ့ ကောလာဟလဖြန့်တာပဲ ဒီရသစုံရှိုးမှာ ယန်ရှီရှင်းလိုက်နိုင်လို့ ကံကောင်းသွားတာ တခြားသူဆိုရင် တစ်သက်လုံးအမုန်းခံနေရတော့မှာ]
[သာ့ကျားကျွမ်ရဲ့ ကောလာဟလတွေကြောင့် လူဘယ်နှစ်ယောက်ပျက်စီးခဲ့ရပြီလဲ ဒီ ပေါက်ကရသတင်းတွေတင်တဲ့ အကောင့်တွေကဘာမှအခြေအမြစ်မရှိဘူး!]
သာ့ကျားကျွမ်က ဤဖော်ထုတ်မှုများ၏ အစပျိုးသူဖြစ်သည့်အတွက် အပြင်းထန်ဆုံးပြန်လည်တုံ့ပြန်မှုများခံစားခဲ့ရသည်။
သို့သော်လည်း သာ့ကျားကျွမ်က ဂရုမစိုက်ပေ။ တစ်ယောက် ယောက်ကို ဖော်ထုတ်ရန် မအောင်မြင်ခြင်းမှာ သိပ်အရေးမကြီးပေ။ သူ တောင်းပန်သည့် ဗီဒီယိုတစ်ခုကို အမြန်ဆုံးတင်လိုက်ပြီး အနုပညာလောကထဲမှ အတုအယောင်ပုံရိပ်များကိုသာ ဆန့်ကျင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ဟိုင်တက္ကသိုလ်အက်ပလီကေးရှင်းတွင် အမှန်တကယ်ပင်"ယန်ရှီ"ဆိုသည့် နာမည်မပါ သောကြောင့် သူ့တစ်ယောက်တည်းအပြစ်ဟုလည်း မဆိုနိုင်ပေ။
သာ့ကျားကျွမ်က ယခင်ကလည်း ယခုလိုမျိုးကြုံခဲ့ဖူးပြီး တောင်းပန်လိုက်ရုံဖြင့် ပြီးသွားခဲါသည်။ အင်တာနက်အသုံးပြုသူများက မေ့ပျောက်လွယ်တတ်ကြသည်။
သို့သော်လည်း ယခုတစ်ခါတွင်မူ သာ့ကျားကျွမ်၏ ယခင်က ဖော်ထုတ်ခံရသူများထံကပါ မှတ်ချက်များတက်လာခဲ့ပါသည်။
[ဆရာရှူအကြောင်း ပြောကြရအောင်၊ သာ့ကျားကျွမ်က ရွံစရာကြီး၊ သူက ဆရာရှူကို အရှက်ရအောင်လုပ်ခဲ့ပြီးနာမည်ကြီးခဲ့တာ၊ ဒါပေမဲ့ ဆရာရှူက တကယ်ထူးချွန်တဲ့သူတစ်ယောက်ပဲ]
[ဆရာရှူ MCN နဲ့ စာချုပ်ချုပ်ရတဲ့အကြောင်းရင်းက သူ့မိန်းမကျန်းမာရေးမကောင်းလို့ ဆေးကုဖို့အတွက်ငွေလိုနေလို့ပါ၊ သာ့ကျားကျွမ်ရဲ့ နာမည်ဖျတ်ခဲ့တာကြောင့် သူ့မိန်းမက ကင်ဆာဆေးအတွက် စျေးကြီးပေးမဝယ်နိုင်တော့ဘဲ ဆုံးသွားရရှာတာ]
[ပိုက်ဆံရှာတာမှားလား influencer ဆိုပြီး နာမည်ကြီးတာမှားလား လူတွေချစ်တာက ဆရာရှူ မျှဝေပေးတဲ့အသိပညာနဲ့၊ ရှုပ်ထွေးတဲ့အကြောင်းအရာတွေကို ရိုးရှင်းသွားအောင်ရှင်းပြနိုင်စွမ်းကို ချစ်ကြတာပါ သူ့ သင်ခန်းစာတွေအတွက် ပြင်ဆင်ဖို့ အဖွဲ့နဲ့လုပ်တာဘာမှားလို့လဲ ကျောင်းသားတွေပိုနားလည်အောင်ကူညီတာဘာအမှားရှိလို့လဲ]
[ကျွန်တော်က Green River မဂ္ဂဇင်းက စာရေးဆရာ Salty Fish ပါ]
[ကျွန်တော်ကံကောင်းတာက ကျွန်တော်ရေးတဲ့စာအုပ်တစ်အုပ်ဝက်ဝက်ကွဲအောင်မြင်ခဲ့တယ်၊ ဒါပေမဲ့ သာ့ကျားကျွမ်က ကျွန်တော့်စာအုပ်ကို သေသေချာချာလဲ မဖတ် ပြီးတော့ ယှဉ်ပြီးလည်းမစစ်ဆေးဘဲနဲ့ နာမည်ကြီးစာရေးဆရာတစ်ဦးရဲ့ လက်ရာကိုခိုးယူတယ်ဆိုပြီးစွပ်စွဲခဲ့တယ်၊ အင်တာနက်ပေါ်က လူတွေက ကျွန်တော့်ဝတ္ထုမဖတ်ရဘဲ သာ့ကျားကျွမ်ရဲ့ စွပ်စွဲချက်တွေနဲ့ ကျွန်တော့်ကို တိုက်ခိုက်လာကြတယ်]
[အဲဒိကာလတုန်းက ကျွန်တော့်ရဲ့ သီးသန့်မက်ဆေ့ဂျ်တွေ၊ မှတ်ချက်တွေမှာ အမုန်းစကားတွေနဲ့ပဲ ပြည့်နေခဲ့တာ၊ အဲဒါနဲ့ ကျွန်တော်လည်းစိတ်ကျန်းမာရေးပါထိခိုက်သွားခဲ့တယ်]
[မနှစ်က မိတ်ဆွေတစ်ယောက်ရဲ့ အကူအညီနဲ့ သာ့ကျားကျွမ်ကိုတရားစွဲခဲ့တယ် ခြောက်လကြာပြီးတော့ တရားရုံးက ကျွန်တော်မူပိုင်ခွင့်ချိုးဖောက်မှုမရှိကြောင်းဆုံးဖြတ်ပြီး သာ့ကျားကျွမ်ကိုတောင်းပန်ဖို့အမိန့်ချမှတ်ခဲ့တယ်၊ ဒါပေမဲ့ သူက ပါးစပ်နဲ့ပဲ လူချင်းတွေ့ပြီးတောင်းပန်ခဲ့တယ် ဒီနေ့ထိ လူတွေကျွန်တော့်အကြောင်းပြောရင် တခြားသူရဲ့လက်ရာကိုခိုးယူတဲ့သူလို့ပဲ ထင်နေကြတုန်းပဲ]
[ကျွန်တော်အရမ်းစိတ်ညစ်နေခဲ့ရတယ် စိတ်ကျရောဂါကာကွယ်ဆေးတောင် အခုထိကို ဆက်သောက်နေရတုန်းပဲ၊ ယန်ရှီရေ သာ့ကျားကျွမ်ကို ခွင့်မလွှတ်ပါနဲ့နော်၊ သူကအကြံအစည်နဲ့လုပ်တာ တခြားသူတွေရဲ့ကျော်ကြားမှုကိုအသုံးချပြီး သူ့နာမည်ကြီးအောင်လုပ်တာ]
သာ့ကျားကျွမ်ကို ဆန့်ကျင်သည့်သူများ ပိုပိုများပြားလာခဲ့ပါသည်။
အစပိုင်းတွင် သာ့ကျားကျွမ်ကို ကာကွယ်ပြောဆိုသည့် မှတ်ချက်အနည်းငယ်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် အင်တာနက်သုံးသူများကသတိထားမိလာတာက စတင်ဝေဖန်ကြတော့သည်။
[ဒီလူက တစ်ယောက်ယောက်ကိုကာကွယ်နေတာမဟုတ်ဘူး၊ သူ့အောင်မြင်မှုလမ်းကို တခြားသူတွေရဲ့ ကျောပေါ်ကို ကုန်းပိုးပြီး လျှောက်နေတာပဲ]
[ရွံစရာကောင်းလိုက်တာ ဆရာ Salty Fish က ဘာမှမမှားပေမဲ့ ဒီနေ့ထိပစ်မှတ်ထားခံနေရတာ သနားစရာကောင်းလိုက်တာ]
[အဲဒီစာရေးဆရာသာ မပြောရင် ငါလည်း သူ့ကို မူပိုင်ခွင့်ချိုးဖောက်တဲ့သူလို့ထင်နေဦးမှာပဲ]
[သာ့ကျားကျွမ်ကို ကာကွယ်မနေနဲ့တော့ ယန်ရှီနာမည်ပြောင်းတာက အထောက်အထားရှုပ်သွားစေတာမှန်ပေမဲ့ အနိုင်ကျင့်တဲ့စာတိုတွေကို နည်းပညာပညာရှင်တွေက စစ်ထားပြီးပြီ အဲဒါတွေက Photoshop နဲ့လုပ်ထားတာပဲ၊သာ့ကျားကျွမ်က စာအတုတွေနဲ့ လူတွေကိုလှည့်စားတာ သူ့ရည်ရွယ်ချက်က အရမ်းယုတ်ညံ့လွန်းတယ်]
[တောင်းပန်ရုံနဲ့ ဘာမှပြေလည်သွားမှာမဟုတ်ဘူး!]
အင်တာနက်တစ်ခွင်လုံး အမုန်းစကားများဖြင့် လွှမ်းခြုံသွားသည်။ ပထမဆုံးအကြိမ်အဖြစ် သာ့ကျားကျွမ်တစ်ယောက် သူ၏ ချောက်ချဖော်ထုတ်မှုများကို ခံစားရသူများ၏ နေရာတွင် အမှန်တကယ်ကိုခံစားနေရပြီဖြစ်သည်။ သူ့သီးသန့်မက်ဆေ့ချ်များကို ကြည့်လိုက်တိုင်း အမုန်းစကားများဖြင့်သာ ပြည့်နှက်နေသဖြင့် မကြည့်ရဲတော့ဘဲ ကြောက်လန့်နေရသည်။
Weibo တွင် တိုက်ရိုက်ထုတ်လွှင့်ပြီး တောင်းပန်ဖို့ကြိုးစားရန် ဖွင့်ကြည့်သောအခါ အကောင့်က မကြာခဏ Report အထုခံရသည့်အတွက် ပိတ်သိမ်းခံလိုက်ရပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သည်ကိစ္စသည် အဆိုးဆုံးသောအရာ မဟုတ်သေးချေ။
မကြာမီမှာပင် ယန်ရှီကိုယ်စား Starlight ကုမ္ပဏီမှ ရှေ့နေအဖွဲ့က သာ့ကျားကျွမ်ထံ တရားစွဲဆိုသည့်စာကိုပေးပို့လိုက်ပြီး သူ့အား အသရေဖျတ်မှုနှင့် ထိခိုက်နစ်နာစေရန် ကြံစည်မှုတို့ဖြင့် တရားစွဲခဲ့သည်။
သာ့ကျားကျွမ်၏ influencer အလုပ်အကိုင်လမ်းကြောင်းသည် ထိုနေ့မှာပင် အဆုံးသတ်သွားလေပြီ။
သာ့ကျားကျွမ်နည်းတူ ရှူယန်ယန်သည်လည်း အခြေအနေမကောင်းချေ။
မူလကတော့ သူမနှင့် မသက်ဆိုင်သော်လည်း အခွင့်အလမ်းအလုခံရသည့်သူတစ်ယောက်ပင်ဖြစ်နေပါသေးသည်။ သို့သော် Starlight ကုမ္ပဏီ၏ ဝူလျောင်က ရှုယန်ယန်သည် အတူခရီးသွားကြစို့အစီအစဥ် ရိုက်ကူးမည့်နေ့မတိုင်မီ တစ်ရက်အလိုတွင်သာယာရိုးရှင်းသောဘဝရသစုံရှိုးအတွက် စာချုပ်လက်မှတ်ထိုးခဲ့ကြောင်းဖော်ထုတ်ခဲ့သည်။ သူမသည် အခွင့်အရေးများဆုံးရှုံးမည်စိုး၍ ကျုံချင်းယွီနှင့်ယန်ရှီကို အလှပြင်ဆိုင်တွင် ထားခဲ့ပြီး သာယာရိုးရှင်းသောဘဝ ရသစုံရှိုးအတွက် စာချုပ်ချုပ်ဆိုခဲ့သည်။ ထိုသို့ လက်မှတ်ထိုးခဲ့ခြင်းကြောင့် ယန်ရှီ၏ အခွင့်အရေးလုသည်ဆိုသည့်စွပ်စွဲချက်သည် လုံးဝကြေမွပျက်စီးသွား တော့သည်။
[ ရှုယန်ယန်က အတူခရီးသွားကြစို့ အစီအစဉ်အစား သာယာရိုးရှင်းသောဘဝအစီအစဉ်ကို ရွေးချယ်ခဲ့တာပေါ့၊ ဒါဆိုရင် ယန်ရှီလေး လိုင်းပေါ်မှာ အတိုက်အခိုက်အပြောအဆိုတွေ ခံနေရတုန်းက သူက ဘာလို့မသိချင်ယောင်ဆောင်နေတာလဲ]
[ကျုံချင်းယွီက အစတည်းက ရှူယန်ယန်ကိုရွေးခဲ့ပေမဲ့ အကြောင်းတစ်ခုခုကြောင့် နောက်ပိုင်းမှာယန်ရှီကို ပြောင်းပြီးရွေးလိုက်တာ၊ သာယာရိူရှင်းသောဘဝရသစုံရှိုးမှာပါခိုင်းတာက ရှူယန်ယန်အတွက် လျော်ကြေးလိုမျိုး သဘောပေါ့]
[ဒါဆိုရင် အခွင့်အလမ်းလုတာ မဟုတ်ဘူးလို့ဆိုလိုချင်တာလား]
[ရှူယန်ယန် သာယာရိုးရှင်းသောဘဝရသစုံရှိုးမှာ စာချုပ်မချုပ်ရသေးရင် လုတာလို့ပြောလို့ရတယ်၊ ဒါပေမဲ့ သူကချုပ်ထားပြီးသားဆိုတော့ ဒါက အလဲအလှယ်သဘောမျိုးပဲပေါ့]
[အနုပညာလောကမှာ အခွင့်အလမ်းတွေ လဲတာက ပုံမှန်ဖြစ်နေကျပဲ၊ သာယာရိုးရှင်းသောဘဝရသစုံရှိုးနဲ့ အတူခရီးသွားကြစို့ တီဗွီအစီအစဥ် လဲတာက ရှူယန်ယန်အတွက် အကျိုးရှိခဲ့တာပဲ၊ ဒါပေမဲ့ ဓာတ်ပုံရိုက်ခံတုန်းက ခြေကျင်းဝတ်လည်သွားတာနဲ့ပဲ ဘာမှမပြောတာကြီးကတော့ နားလည်ရခက်တယ်နော်]
[ပြောရရင် ရှူယန်ယန်းးလို အဆင့်နိမ့်တဲ့ အနုပညာရှင်တစ်ယောက်ကိုစျေးဝယ်စင်တာမှာ ညနက်ချိန်ကြီး ဓာတ်ပုံသမားတွေက ဓာတ်ပုံရိုက်ပါ့မလား]
[ ငါတော့လေ ပိုပြောလေ ပိုကြောက်စရာကောင်းလာလေ၊ ပိုတွေးလေ ပိုပြီးနာကျည်းလေလေဖြစ်လာပြီ]
[အဲဒီလို မလုပ်နဲ့လေ ငါအကြိုက်ဆုံးက သာယာရိုးရှင်းသောဘဝရသစုံရှိုးအစီအစဉ်ပဲ ငါတော့လေ အဲဒိလို စံနှုန်းနိမ့်တဲ့သူကို ငါ့အကြိုက်ဆုံးအစီအစဥ်ထဲမှာ မပါစေချင်ဘူး]
အင်တာနက်ပေါ်ရှိ ရှူယန်ယန်းဆန့်ကျင်ရေးလှိုင်းများက တစ်စထက်တစ်စမြင့်တက်လာပါသည်။
ရှူယန်ယန်းက ကြောက်လန့်ပြီး ဝူလျောင်ထံသို့ အလျှင်အမြန်သွားရောက်တွေ့ဆုံသည်။
"ဒါရိုက်တာ ဝူ ကျွန်မ ဒီလိုဖြစ်လိမ့်မယ်လို့မထင်ခဲ့ဘူး"
ဝူလျောင်က ရှူယန်ယန်၏ အပြည့်အဝကျန်းမာနေသော ခြေကျင်းဝတ်ကို လှမ်းကြည့်ကာ အေးစက်စွာပြောလိုက်သည်။
"မင်းကို အစတည်းက ရှင်းပြဖို့ပြောခဲ့တယ် မင်းနားမထောင်ခဲ့ဘူး လေ"
ရှူယန်ယန်းက အကယ်၍ ဓာတ်ပုံထဲမှ လူသည် သူမ မဟုတ်ကြောင်း သို့မဟုတ် အတူခရီးသွားကြစို့တီဗွီအစီအစဉ်မှ အခြားအကြောင်းပြချက်များဖြင့် နုတ်ထွက်ကြောင်း အစောကတည်းကပြောခဲ့ပါက အခြေအနေမှာဤမျှ ဆိုးရွားလာမည် မဟုတ်ပေ။
ယန်ရှီကို ဆန့်ကျင်ရန် ရွေးချယ်မှုနှင့်အတူ ပြည်သူ့ထင်မြင်ချက်များ ယန်ရှီဘက်ပါသောအခါ သူမတစ်ယောက်တည်းသာလှောင်ပြောင်ခံရသူဖြစ်လာခြင်းမှာ သဘာဝကျသည်။
ရှူယန်ယန် အသံကတုန်ကယင်ဖြင့်ပြောလိုက်သည်။
"ယန်ရှီ ယန်ရှီက အနုပညာလောကထဲဝင်မှာမဟုတ်တော့ နည်းနည်းလောက် အပြောခံရတာဘာမှမဖြစ်ပါဘူး၊ ကျွန်မကတော့ ဒီနယ်ပယ်မှာ နေရာတစ်ခုရပြီးသားလူလေ၊ သတင်းအမှားတွေ အပြောခံရမှာကို ကျွန်မလည်းကြောက်တာပဲ"
ဝူလျောင်က မျက်နှာထားအေးစက်စွာဖြင့်ပြောလိုက်သည်။
"နည်းနည်း အပြောခံရတဲ့လား ဟုတ်ပါပြီ ရှူယန်ယန်၊ ပြောတာဝောာ့ ကောင်းသားပဲ အခုဆို မင်းလည်း လိုင်းပေါ်က လူတွေဆီကနေ နည်းနည်းပါးပါး အပြောခံနေရတာပဲလေ အရေးကြီးတဲ့ ကောလာဟလမဟုတ်ဘဲနဲ့ မင်းကဘာတွေကြောက်နေတာလဲ"
ရှူယန်ယန်က သူမ၏ အင်္ကျီကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး စိတ်မသက်သာဖြစ်နေမိသည်။
အင်တာနက်မှ မှတ်ချက်များက သူ့ကိုထိခိုက်နေသော်လည်း ပြန်သုံးသပ်ကြည့်လျှင် အခွင့်အလမ်းလုခြင်းနှင့် နောက်ကျောကိုဓားဖြင့်ထိုးခြင်းဆိုသည်မှာ လှောင်ပြောင်ခြင်းတစ်မျိုးသာဖြစ်ပါသည်။ အနုပညာအလုပ်ကို မထိခိုက်စေနိုင်ပါ။ လိုင်းပေါ်မှ လူများသည် ကောက်ရိုမီးများသာဖြစ်သည်။ ရက်အနည်းငယ်အတွင်းမေ့သွားပေလိမ့်မည်။
ရှုယန်ယန်သည် ချက်ချင်းရိုသေစွာဦးညွှတ်လိုက်ပြီး တောင်းပန်လိုက်သည်။
"ဒါရိုက်တာဝူ ကျွန်မနားလည်ပါတယ် ကျွန်မမှားတာသိပါပြီ နောက်တစ်ခါဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး"
ဝူလျောင်က အေးတိအေးစက်ဖြင့် သူမစကားကို ဖြတ်ပြောလိုက်သည်
"နောက်တစ်ခါဆိုတာ ရှိတော့မှာ မဟုတ်ဘူး၊ ဒါရိုက်တာကျောင်းက ခုဏ ကလေးတင် ဖုန်းဆက်ပြီး ပြောတယ် သာယာရိုးရှင်းသောဘဝရသစုံရှိုးမှာ မင်းလိုအဆင့်နိမ့်တဲ့အနုပညာရှင်ကို ခေါ်ရိုက်ရတာ သူ့အတွက် အရှုံးပေါ်နေခဲ့တာ၊ အဲဒါမလို့ အခုဒီအဖြစ်အပျက်ကြောင့်ပဲ သူတို့က မင်းကို နောက်တစ်ယောက်နဲ့ အစားထိုးဖို့ဆုံးဖြတ်လိုက်ပြီ"