← Chapters

အပိုင်း (၃၂)

Vol. 4 Ch. 32

အပိုင်း (၃၂)

Vol. 4 Ch. 32

ကျုံယန်စီသည် Mမှ ဒီဇိုင်နာအမျိုးအဖွဲ့နှင့်အတူ Blue သို့ ရောက်ရှိလာခဲ့သည်။ သူတို့ ယခင်က ယူဆောင်လာခဲ့သော ပွဲတတ်ဂါဝန် (၂၀) သည် အင်မတန် လှပနေပြီဖြစ်သော်လည်း ကျုံယန်စီ ရောက်ရှိလာခြင်းသည် M၏ နောက်ဆုံးပေါ် ပွဲတတ်ဂါဝန်စုစည်းမှုများ၊ အကန့်အသတ်ဖြင့် ထုတ်လုပ်ထားသော အထူးဒီဇိုင်းများစွာကိုပါ ယူဆောင်လာခြင်းဖြစ်သည်။ M၏ အကောင်းဆုံး ပွဲတတ်ဂါဝန်များအားလုံး ဤနေရာတွင် စုဝေးနေသည်ဟု ဆိုနိုင်သည်။

ကျုံယန်စီ ပေါ်လာသည့် အခိုက်အတန့်တွင် တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာသည် သူ့ကို ချက်ချင်းအာရုံစိုက်လိုက်သည်။ ကိုယ်ပိုင်ဂျက်လေယာဉ် အပြင်ဘက်တွင် နောက်ဆုံးအကြိမ် ကျုံယန်စီအား တွေ့ရှိခဲ့ရစဉ်က လက်ထောက်ဆွန်းသည် ထုတ်လုပ်ရေးအဖွဲ့နှင့် ဆက်သွယ်ကာ သူ၏ ပုံရိပ်ကို ဝါးထားခဲ့ပြီး အချိန်ဇယား ပေါ်ထွက်လာခြင်းမှ ရှောင်ရှားခဲ့သည်။

ယခုမူ ကျုံယန်စီနှင့် ကျုံချင်းယွီတို့၏ ဆက်ဆံရေး ပေါ်ပေါက်ပြီးနောက် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

[အိုး! ဒီလူ တော်တော်ချောတာပဲ ဒီနှစ် ဖက်ရှင်ရှိုးက မော်ဒယ်လား]

[အနည်းဆုံး ၁၉၀ စင်တီမီတာတော့ ရှိလိမ့်မယ် ပြီးတော့ သူ့မျက်နှာက အရမ်းထူးခြားတာပဲ]

[သုံးမိနစ်အတွင်း သူ့အချက်အလက်အားလုံးကို လိုချင်တယ်]

[ဟေ့ နင်တို့ အဲမျက်နှာကို မမြင်ဖူးဘူးလား၊ အဲဒါ ကျုံချင်းယွီရဲ့ အစ်ကိုလေ သူတို့မိသားစုပုံကို ဝိုင်စက်ရုံမှာတုန်းက ထုတ်ပြခဲ့ဖူးတယ်]

[အဲဒီတုန်းက သူက အရမ်းကလေးဆန်တဲ့ပုံပေါက်ခဲ့တာ ဒါပေမယ့် အခုကျတော့… အိုး! သူ့လက်မောင်းကြွက်သားတွေနဲ့ သွေးကြောတွေ! *သွားရည်ကျ*]

[ မစ္စကျုံ နောက်ထပ် ညီအစ်မတစ်ယောက်များ ထပ်လိုချင်သေးလား၊ ကျွန်မ စေတနာ့ဝန်ထမ်းလုပ်ပါရစေ]

ယခင်က ပြဿနာရှာရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သော ရဲ့လော့ယီသည် ကျုံချင်းယွီသည် သူမအား ယန်ရှီကို တောင်းပန်ခိုင်းမည်ကို စိုးရိမ်သဖြင့် တိတ်ဆိတ်စွာနေခဲ့သည်။ ရဲ့လော့ယီသည် ကျုံချင်းယွီနှင့် မုန့်ယင်းရုန်တို့အကြား တင်းမာမှုများတွင် ပါဝင်ခြင်းမှ ရှောင်ကြဉ်ရင်း ဆုလင်းလင်းနှင့်အတူ ဘေးနားတွင် တမင်ပင် တိုးတိုးတိတ်တိတ် ရပ်နေခဲ့သည်။

သို့သော် ကျုံယန်စီ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရဲ့လော့ယီ၏ မျက်လုံးများမှာ အရောင်တောက်လာခဲ့သည်။ သူမသည် ရှက်ရွံ့စွာ လက်ချောင်းများကို လိမ်ကျစ်ရင်း ကျုံယန်စီ၏ အာရုံစိုက်မှုကို ရလိုစိတ်ရှိသကဲ့သို့ သူမကို သတိမထားမိမည်ကိုလည်း စိုးရိမ်နေခဲ့သည်။

ကျုံယန်စီသည် သူမကို လှည့်ပင်မကြည့်ဘဲ ဖြတ်လျှောက်သွားပြီး ကျုံချင်းယွီနှင့် ယန်ရှီတို့ထံသို့ ယုံကြည်မှုရှိရှိ လျှောက်လှမ်းသွားသည်။

မုန့်ယင်းရုန်သည် ကျုံယန်စီနောက်မှ ဒီဇိုင်နာများနှင့် M၏ အထူးသီးသန့် ပွဲတတ်ဂါဝန်စုစည်းမှုများကို မြင်လိုက်ရသောအခါ မျက်နှာပင် ဖြူဖျော့သွားသည်။ သူမသည် ကျုံယန်စီကို ဘေးသို့ ဆွဲခေါ်ကာ တိုးတိုးပြောလိုက်သည်။

“မင်း ဘာလုပ်နေတာလဲ၊ ဒါတွေက ငါတို့ရဲ့ အကန့်အသတ်နဲ့ထုတ်ထားတဲ့ဂါဝန်တွေလေ၊ မင်း ကျုံချင်းယွီကို ငှားမလို့လား”

ကျုံယန်စီ၏ မျက်နှာအမူအရာသည် တည်ငြိမ်နေဆဲဖြစ်ပြီး မုန့်ယင်းရုန်၏ လက်သည်းများကြောင့် ဖြစ်ပေါ်လာသော သူ၏ ဂျက်ကတ်ပေါ်ရှိ အတွန့်အရာများကို ပြန်လည်ဖြောင့်တန်းရင်း

“အဘိုး မားကို ဆက်သွယ်ထားပြီးသား မဟုတ်ဘူးလား”

မုန့်ယင်းရုန်၏ မျက်နှာတွင် ရှက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ကျုံယန်စီသည် သူမ၏ မသက်မသာဖြစ်မှုကို သတိမထားမိသကဲ့သို့ တည်ငြိမ်စွာ ဆက်၍ပြောသည်။

“ဒီကိစ္စကို ကျွန်တော် ကိုင်တွယ်လိုက်မယ်”

“မင်းက ဘယ်လို ကိုင်တွယ်မှာလဲ”

မုန့်ယင်းရုန်သည် စိတ်ပျက်သကဲ့သို့ မျက်လုံးလှန်လိုက်ပြီးနောက် ကျုံချင်းယွီကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

“ဒါက ကိုယ့်နှာခေါင်း ကိုယ်ဖြတ်ပြီး မျက်နှာပျက်အောင် လုပ်တာပဲ၊ ကျုံချင်းယွီက ငါတို့ Brand ကို လူသိရှင်ကြား ဝေဖန်ခဲ့တယ် ငါတို့ ထိခိုက်နစ်နာရင် သူက ဘာမှ အပျက်အစီးမဖြစ်ဘဲ ကျန်ခဲ့မယ်လို့ မင်းထင်လား၊ ဒီလိုဖြစ်သွားရင် ဘယ်သူက သူ့ကို ကြော်ငြာမော်ဒယ်အဖြစ် ခန့်ချင်ဦးမှာလဲ”

ကျုံယန်စီသည် “M ကိုဆက်ပြီး မနစ်နာစေချင်ရင် အခုပဲ စကားကို ရပ်တန်းကရပ်ဖို့ အကြံပေးချင်တယ်” ဟု ပြန်ဖြေလိုက်သည်။

“မင်း—!”

မုန့်ယင်းရန်၏ မျက်နှာသည် ဒေါသကြောင့် နီရဲသွားသည်။

“ငါက မင်း အမေလေ၊ မင်း ငါ့ကို ဘယ်လိုတောင် ဆက်ဆံရဲတာလဲ”

ကျုံယန်စီသည် သူမကို တစ်ချက်ကြည့်လိုက်သည်။

“ဒါမှမဟုတ် ကိုယ့်ဘာသာ ကိုင်တွယ်ချင်လား”

မုန့်ယင်းရုန်သည် ဒေါသအတော်ထွက်နေခဲ့သည်။ ကျုံယန်စီ၏ အညိုရောင်မျက်လုံးများသည် သူ၏ တည်ငြိမ်ပြီး သီးခြားဖြစ်နေသော ပင်ကိုယ်စိတ်နေသဘောထားကို ထင်ဟပ်နေသည်။ မုန့်ယင်းရုန်သည် သူဒေါသထွက်သည်ကို မမြင်ဖူးခဲ့ပေ။ အတိတ်က သူမသည် ကျုံယန်စီကို ခံစားချက်ကင်းမဲ့သူဟု ထင်ခဲ့သော်လည်း ယခုမူ သားဖြစ်သူနှင့် ပို၍ စိမ်းကားလာသည်ဟုပင် ခံစားလိုက်ရသည်။ တစ်ခါတစ်ရံ ကျုံယန်စီ၏ မျက်လုံးများကို ကြည့်ရုံဖြင့်ပင် မရှင်းပြနိုင်သော စိုးရိမ်ပူပန်မှုများကို ခံစားရသည်။

ဤမမြင်နိုင်သော ခြိမ်းခြောက်မှုသည် မုန့်ယင်းရုန်ကို အသက်ရှူကျပ်စေပြီး နောက်ဆုံးတွင် သူမ တိတ်ဆိတ်သွားခဲ့သည်။

ကျုံယန်စီသည် ယန်ရှီနှင့် ကျုံချင်းယွီဘက်သို့ လှည့်လိုက်သည်။

“အရင် ဂါဝန်တွေက မှားပို့မိတာပါ ဒါတွေက မင်းတို့ကို ငှားချင်တဲ့ ဂါဝန်တွေပါ”

M၏ ဒီဇိုင်နာသည် စိတ်အားထက်သန်စွာဖြင့် ရှေ့သို့တိုးလာသည်။

“မစ္စကျုံ ဒါတွေအားလုံးက M ရဲ့ နောက်ဆုံးထွက် ရာသီအလိုက်ဂါဝန်တွေပါ၊ တချို့ဆို အကန့်အသတ်နဲ့ထုတ်ထားတာတွေတောင်ပါတယ် မစ္စကျုံက မစ္စတာကျုံရဲ့ ညီမ မလို့ အကောင်းဆုံးတွေကိုပဲ ငှားပေးရမှာပေါ့”

ကျုံချင်းယွီသည် အံ့အားသင့်သွားခဲ့သည်။ သူမသည် ယန်ရှီ၏ လက်မောင်းကို ဆွဲကာ တိုးတိုးပြောလိုက်သည်။

“ကျုံယန်စီက ငါ့ကို ဂါဝန်တွေ ငှားပေးနေတာလား၊ အကန့်အသတ်နဲ့ထုတ်ထားတာ တွေကိုလေ၊ သူဘဲ ရူးနေတာလား ဒါမှမဟုတ် ငါဘဲ အမြင်မှားနေတာလား”

ယန်ရှီသည် ကျုံချင်းယွီ၏ လက်ကို စိတ်ချစေရန် ပုတ်လိုက်သည်။

“စိတ်မပူပါနဲ့ နင် လာမယ့်လ Weibo Night ကို တက်မှာ မဟုတ်လား၊ M က C နဲ့ တစ်တန်းတည်း မဟုတ်ပေမယ့် သူတို့ရဲ့ အကန့်အသတ်နဲ့ထုတ်ထားတာတွေကတော့ တော်တော်လေး ကောင်းတယ်”

ကျုံချင်းယွီသည် နှုတ်ခမ်းဆူလိုက်သည်။

“ထောင်ချောက်လို့ ခံစားနေရတယ်”

ယန်ရှီက ရယ်မောလိုက်သည်။

“ထောင်ချောက်တော့ မဟုတ်လောက်ဘူး၊ ဒါပေမယ့် လွယ်လွယ်နဲ့တော့ မသဘောတူလိုက်နဲ့”

ကျုံချင်းယွီသည် ခေါင်းညိမ့်လိုက်ပြီး ယန်ရှီကို ဆွဲကာ Blue ၏ ပင်မခန်းမဆီသို့ ပြန်သွားသည်။ ကျုံယန်စီကို မျက်နှာချင်းဆိုင်ရင်း သူမသည် ပုံမှန်အတိုင်း ယုံကြည်မှုရှိသော အမူအရာကို ထိန်းသိမ်းထားကာ မာန်ပါပါဖြင့် မေးစေ့ကို မော့ထားသည်။

“ကျုံယန်စီ နင် ငါ့ကို ပါးရိုက်ပြီး အချိုလာသပ်နေတာလား၊ M ရဲ့ နောက်ဆုံးထွက်စုစည်းမှုကို ပို့လိုက်ရုံနဲ့ ငါ့ရဲ့ အရင်မှတ်ချက်တွေကို ပြန်ရုပ်သိမ်းမယ်လို့တော့ မထင်လိုက်နဲ့”

“မလိုပါဘူး”

ကျုံယန်စီသည် တည်ငြိမ်စွာ ပြန်ဖြေသည်။

“စကားထက် အလုပ်က ပိုစွမ်းတယ်”

ကျုံချင်းယွီသည် မည်သည့်အရာကိုမျှ နားမလည်တော့ဘဲ ကျုံယန်စီ ဘာလုပ်နေလဲပင် မသိပေ။ သူ၏ထောင်ချောက်ထဲ မကျရောက်စေရန် သူမသည် ယန်ရှီကို စိတ်ချရမလားဟူသည့် သဘောဖြင့် တစ်ချက်ကြည့်လိုက်သည်။ ယန်ရှီသည် သူမကို ခိုင်မာသော အကြည့်ဖြင့် ကြည့်လိုက်ရာ ကျုံချင်းယွီ အနည်းငယ် စိတ်အေးသွားသည်။

ထို့နောက် တစ်ခဏတွင် ကျုံယန်စီ၏ အသံထွက်ပေါ်လာသည်။

“ဒီဂါဝန်တွေက အရင်တုန်းက မှားခဲ့တာတွေအတွက် လျော်ကြေးပါ ပြီးတော့ မင်းကို M ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တရားဝင် ဖိတ်ခေါ်ချင်ပါတယ်”

ကျုံချင်းယွီ: ???

နေရာတွင် ရှိနေသူတိုင်း: !!!

[ငါ နားကြားများမှားတာလား၊ M က ကျုံချင်းယွီကို သူတို့ရဲ့ ကြော်ငြာမော်ဒယ် ခန့်ချင်တယ်ဟုတ်လား]

[M က ထိပ်တန်း Luxury Brand လေ ပြီးတော့ အမြင့်ဆုံး ရာထူးကို ပေးနေတာ၊ ကျုံချင်းယွီရဲ့ ဖက်ရှင်အရင်းအမြစ်တွေတော့ ချက်ချင်း မြင့်တက်လာပြီ]

[အိုး! M ရဲ့ တချို့ဂါဝန်တွေက တကယ်လှတာပဲ၊ ကျုံချင်းယွီက အရမ်းလှတာဆိုတော့ ဝတ်လိုက်ရင် အရမ်းလှနေမှာ မစောင့်နိုင်တော့ဘူး!]

ကျုံချင်းယွီသည် ယန်ရှီ၏ လက်ကို တင်းတင်းဆုပ်ထားရင်း မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာဖြင့် ပြည့်နှက်နေခဲ့သည်။

“ကျုံယန်စီရူးနေတာလား၊ သူ ငါ့ကို ကြော်ငြာမော်ဒယ် ခန့်ချင်တယ်၊ မျက်နှာဖုံးစွပ်ထားတဲ့ လူလိမ်များလား ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား”

ယန်ရှီသည် မရယ်ဘဲ မနေနိုင်တော့ပေ။

“ဒါ တကယ်ပါဟ နင် ဘာတွေ စဉ်းစားနေတာလဲ”

ယန်ရှီသည် မိုက်ခရိုဖုန်းကို ပိတ်လိုက်ပြီး ကျုံချင်းယွီကို တီးတိုးပြောလိုက်သည်။

“ငါတို့ ခုနက M ရဲ့ ဒီဇိုင်းတွေကို ဝေဖန်ခဲ့တယ် ကျုံယန်စီက နင့်ကို ကြော်ငြာမော်ဒယ်ခန့်ပြီး ပျက်စီးသွားတာတွေကို ပြန်ပြင်နေတာ၊ ဒါက အရင်မှတ်ချက်တွေကို မျက်နှာမပျက်ရဘဲ ပြန်ရုပ်သိမ်းစေဖို့ နည်းလမ်းတစ်ခုပဲ”

ကျုံချင်းယွီသည် ခေတ္တစဉ်းစားလိုက်ပြီး သူမ၏ အမူအရာသည် ခိုင်မာလာသည်။

“ဒီလိုဆိုရင်တော့ ငါ သဘောမတူနိုင်ဘူး၊ သူ့ကို အနိုင်ရအောင် ငါ လုံးဝလုပ်ပေးမှာ မဟုတ်ဘူး”

ယန်ရှီက ခေါင်းခါလိုက်သည်။

“အဲလို ဖြစ်စရာမလိုပါဘူး Win-win အခြေအနေက မဆိုးပါဘူး”

ကျုံချင်းယွီသည် မျက်ခုံးပင့်လိုက်သည်။

“ဒါပေမယ့် ငါ့ကို ဂုဏ်သိက္ခာမရှိတဲ့ပုံစံ ဖြစ်သွားစေတာပေါ့!”

ယန်ရှီက ရှင်းပြသည်။

“နင်က သူတို့ကို ဝေဖန်ခဲ့တာ သူတို့က နင့်ကို တရားမစွဲဘဲ သူတို့ရဲ့ နောက်ဆုံးထွက် ရာသီအလိုက်ပွဲတတ်ဝတ်စုံတွေကို ပို့ပေးတယ်၊ ပြီးတော့ ကြော်ငြာမော်ဒယ်ခန့်ဖို့ ပိုက်ဆံပေးတယ်၊ နင်က သူတို့ကို ရိုက်လိုက်တာနဲ့ ပိုတူတယ် ပြီးတာနဲ့ သူတို့က နင့်ကို ဦးညွှတ်လာကြတာ ကောင်းတယ်လို့ မထင်ဘူးလား”

ကျုံချင်းယွီ ပြန်လည်စဉ်းစားလိုက်သည်။ အနည်းငယ်တော့ ကျေနပ်စရာ ကောင်းသည်ဟု ခံစားရသည်။

ထိုအချက်ကို စိတ်ထဲထားကာ သူမသည် ကမ်းလှမ်းမှုကို လုံးဝလက်မခံနိုင်စရာမရှိဟု ဆုံးဖြတ်လိုက်သည်။ ကျုံချင်းယွီသည် ပါးပြင်ကို ပွတ်သပ်ရင်း မင်းသမီးပီပီ ပုံမှန်အတိုင်း ကြော့ရှင်းတည်ငြိမ်သော အမူအရာကို ပြန်လည်ရရှိလာသည်။ ကျုံယန်စီဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ဂါဝန်တွေကို စမ်းဝတ်ကြည့်မယ် ဒါပေမယ့် မလှရင်တော့ ကြော်ငြာမော်ဒယ်နေရာကို လက်မခံဘူး”

ကျုံယန်စီက ခေါင်းညိမ့်လိုက်သည်။

“ဒါပေါ့”

အကန့်အသတ်ဖြင့်ထုတ်ထားသော ပွဲတတ်ဂါဝန်တစ်ထည်ကို ရွေးချယ်ပြီးနောက် ကျုံချင်းယွီသည် ဝတ်စုံလဲခန်းသို့ ဝင်ရောက်ကာ စမ်းဝတ်ကြည့်သည်။ သူမ၏ fashion week အတွက် ဝတ်စုံများကို ဆုံးဖြတ်ပြီးသားဖြစ်ပြီး ဤဂါဝန်မှာ လာမည့်လ Weibo Night အတွက် ဖြစ်သည်။ ကောင်းစွာလိုက်ဖက်ပါက M သို့ ပြန်လည်ယူဆောင်ကာ ပြင်ဆင်မှုများ ပြုလုပ်ပြီး ပွဲတွင် တရားဝင် ဝတ်ဆင်မည်ဖြစ်သည်။

ကျုံချင်းယွီ ဂါဝန်စမ်းဝတ်နေစဉ် ယန်ရှီသည် လက်ထောက်ဆွန်းနှင့် စာချုပ်အသေးစိတ်များကို ချက်ချင်းဆွေးနွေးသည်။ M သည် ထိပ်တန်း Luxury Brand တစ်ခုဖြစ်ပြီး ဒုတိယတန်းအဆင့် အနုပညာရှင် ကျုံချင်းယွီအတွက် ဤသည်မှာ အမြင့်ဆုံးအဆင့် အခွင့်အလမ်းဖြစ်သည်။ ၎င်းကို အောင်မြင်စွာရယူနိုင်ပါက လက်လွှတ်ခံ၍ မရပေ။

စျေးနှုန်းနှင့်ပတ်သက်၍ M သည် ဒုတိယတန်းအဆင့် celebrity များအတွက် ပုံမှန်နှုန်းထားဖြစ်သော “ဆယ့်ငါးသိန်း”ဖြင့် ကမ်းလှမ်းခဲ့သည်။

M နှင့်ဆင်တူသော နောက်ထပ်ထိပ်တန်း Luxury Brand ဖြစ်သည့် E နှင့် စာချုပ်ချုပ်ထားသော ရဲ့လော့ယီသည် ထိပ်တန်းအဆင့် နာမည်ကျော်တစ်ဦးအနေဖြင့် သန်း (၂၀) ရရှိသည်။

ကျုံးချင်းယွီ၏ အဆင့်အတန်း အနည်းငယ်နိမ့်သောကြောင့် ဆယ့်ငါးသန်းမှာ သင့်လျော်လေသည်။

သို့သော် ယန်ရှီက ခေါင်းခါလိုက်သည်။

“အနည်းဆုံး သန်းသုံးဆယ်”

လက်ထောက်ဆွန်း မျက်လုံးပြူးသွားသည်။

“မင်း ငါတို့ဆီက လုဖို့များ ကြံနေတာလား”

ယန်ရှီသည် သူမ၏ လက်ချောင်းများဖြင့် ရေတွက်ပြသည်။

“ပထမဆုံး ချင်းယွီကို ကြော်ငြာမော်ဒယ်အဖြစ် သုံးတာက ရှင်တို့ Brand ရဲ့ နာမည်ကောင်းကို ပြန်ရစေမှာ အဲဒါက အနည်းဆုံး ဆယ်သန်းတန်တယ်၊ ဒုတိယက ‘ခရီးသွား’ အစီအစဥ် ပြပြီးရင် ချင်းယွီက ထိပ်တန်းအဆင့်ကို တက်လာနိုင်သေးတယ်၊ ဒါကြောင့် သူ့ရဲ့ကြေးကို တိုးပေးသင့်တယ် နောက်ဆုံးအနေနဲ့ ချင်းယွီရဲ့ အံ့မခန်းလှပမှုနဲ့ အနုပညာလောကမှာ အလှဆုံးရုပ်ရည်ပိုင်ရှင်တွေထဲက တစ်ယောက်အနေနဲ့ နာမည်ရှိပြီးသာဖြစ်တာကြောင့် ရှင်တို့ သူ့ကို ကြော်ငြာမော်ဒယ်ခန့်တာက ဈေးပေါပေါနဲ့ ရလိုက်တာပဲ နောက်ထပ် ဆယ်သန်းက အရမ်းများလို့လား”

“ဒီအမြင်နဲ့ ကြည့်ရင် သန်းသုံးဆယ် တောင်းတာက ရှင်တို့အတွက် လျှော့ဈေးပဲ”

လက်ထောက်ဆွန်: "..."

ဒီလောက် တွက်ချက်တတ်တဲ့သူကို တစ်ခါမှ မမြင်ဖူးဘူး! ရှင်းယောင်က အနုပညာရှင်တွေတောင် မင်းလောက် ပါးနပ်မှာ မဟုတ်ဘူး။

ဆယ့်ငါးသန်းသည် M Brand နှင့် စာချုပ်ချုပ်ထားသည့် ဒုတိယတန်းစား အနုပညာရှင်တစ်ယောက်အတွက် ဈေးနှုန်းဖြစ်သည်။ သို့သော် သူတို့ မထွက်ခွာခင်တွင် ကျုံယန်စီသည် မုန့်ဟွေ့ကူအား သန်းသုံးဆယ်မရလျှင် ဤသဘောတူညီချက်က ဖြစ်မလာဘူးဟု ပြောခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကျုံချင်းယွီသည် M Brand ၏ ဒီဇိုင်းများကို ဝေဖန်ခဲ့သော်လည်း အသရေဖျက်သည်အထိတော့ မဟုတ်ခဲ့‌ပေ။ ရိုးရိုးရှင်းရှင်း ဝေဖန်မှုသက်သက်သာ။ ဤသည်မှာမူ ကျုံချင်းယွီ၏ ဖက်ရှင်အရင်းအမြစ်များအပေါ် သက်ရောက်မှုရှိခဲ့သော်လည်း ကျုံချင်းယွီသည် သူမ၏ ဖက်ရှင်အရင်းအမြစ်များကို လုံးဝ ဂရုမစိုက်ခဲ့ခြင်းမရှိ။

သို့သော် M Brand သည် ဂရုစိုက်ပြီး သူတို့အား အားနည်းသည့် အနေအထားသို့ ရောက်စေခဲ့သည်။

လက်ထောက်ဆွန်းသည် ကျုံယန်စီအား အကူအညီတောင်းရန် ကြည့်လိုက်သည့်အခါ ကျုံယန်စီ၏ တည်ငြိမ်သည့် အကြည့်သည် ယန်ရှီဆီသို့ ရောက်သွားသည်။ သူသည် သန်းသုံးဆယ်မှာ သင့်တော်သည့် ကိန်းဂဏန်းဖြစ်သည်ကို ကြိုသိထားပြီးသားဖြစ်၍ ခေါင်းညိမ့်ပြလိုက်သည်။ လက်ထောက်ဆွန်းသည် သွားကြိတ်ပြီး

“သန်းသုံးဆယ်ပဲ ကောင်းပြီ M Brand ရဲ့ စာချုပ်ကို တစ်ချက်ကြည့်လိုက် ပြဿနာမရှိရင် ဒီနေ့ပဲ လက်မှတ်ထိုးလိုက်မယ်”

ယန်ရှီသည် စိတ်လှုပ်ရှားမှုကြောင့် အော်ဟစ်မိတော့မလို ပင် ဖြစ်သွားသည်။

သန်းသုံးဆယ်သည် M Brand အတွက် နစ်နာမှုမရှိချေ။ သူတို့သာ ကျုံချင်းယွီအား မခန့်လျှင် သူတို့၏ ပုံရိပ်ကို ပြန်လည်ကယ်တင်ရန် အဆင့်မြင့် အနုပညာရှင်တစ်ယောက်ကို ရှာရမည်ဖြစ်ပြီး အနည်းဆုံး သန်းနှစ်ဆယ်လောက် ကုန်ကျမည့် အနုပညာရှင်ကြေးပင်။ ထို့အပြင် အဆိုးမြင်သတင်းများကို ဖြေရှင်းရန် PR ကုန်ကျစရိတ် အနည်းဆုံး ဆယ်သန်း ထပ်လိုလိမ့်မည်။ ထို့ကြောင့် သန်းသုံးဆယ်သည် လုံခြုံသည့် ကိန်းဂဏန်းပင်။

သို့သော် မုန့်ယင်းရုန်ကဲ့သို့ အမြင်ကျဥ်းသည့်သူသာ ဆွေးနွေးမှု၏ တစ်ဖက်တွင် ရှိနေမည်ဆိုလျှင် ဤသဘောတူညီချက်သည် မည်သို့မျှ ဖြစ်လာမည် မဟုတ်ပေ။

ယန်ရှီသည် အတွင်းစိတ်ထဲ၌ လှိုက်လှိုက်လှဲလှဲ ဝမ်းသာနေသော်လည်း အပြင်ပန်းတွင်တော့ တည်ငြိမ်နေဆဲပင်။

“ကျွန်မက ဘာမှမသိတဲ့ ကောလိပ်ကျောင်းသူလေးပါ၊ ဒီစာချုပ်ကို ဓာတ်ပုံရိုက်ပြီး ရှင်းယောင်ရဲ့ ဥပဒေအဖွဲ့ကို ပြန်လည်သုံးသပ်ခိုင်းလိုက်ပ့ါမယ်”

လက်ထောက်ဆွန်းက ပြုံးစိစိဖြင့်

“ကျောင်းသူဟုတ်လား၊ သန်းသုံးဆယ်ကို ချက်ချင်းတောင်းတဲ့ ကျောင်းသူကိုတော့ ကျွန်တော် တစ်ခါမှ မတွေ့ဖူးသေးဘူး”

သို့သော်လည်း စာချုပ်ကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဖြစ်၍ လက်ထောက်ဆွန်းသည် ယန်ရှီအား တားဆီးခြင်းမပြုခဲ့ပေ။ ထိုအစား သူက စာချုပ်၏ Electronic Version ကို ယန်ရှီအား ရှင်းယောင်၏ ဥပဒေဌာနသို့ ပို့ပေးရန် ပေးပို့ခဲ့သည်။ ထိုအတောအတွင်း မုန့်ယင်းရုန်၏ မျက်နှာသည် လုပ်ငန်းစဉ်တစ်လျှောက်လုံး မှောင်မိုက်နေခဲ့သည်။ ကျုံးချင်းယွီ အဝတ်အစားများ စမ်းဝတ်ရန် သွားသည်ကို မြင်သောအခါ ယန်ရှီနှင့် လက်ထောက်ဆွန်းတို့သည် စာချုပ်အသေးစိတ်များကို ဆွေးနွေးနေကြပြီး ကျုံယန်စီသည် နောက်ဆုံးတွင် အားလပ်ချိန် ရရှိခဲ့သည်။ သူမသည် ကျုံယန်စီကို သီးသန့်နားနေခန်းသို့ ခေါ်သွားခဲ့သည်။

ဤနေရာတွင် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာများ မရှိသဖြင့် မုန့်ယင်းရုန်၏ မျက်နှာအမူအရာသည် အနည်းငယ် ရက်စက်လာသည်။

“ဘာလို့ ကျုံချင်းယွီကို လက်မှတ်ထိုးခိုင်းတာလဲ၊ မင်း သူ့ကို ကူညီပေးရုံ သက်သက်ဘဲ မဟုတ်ဘူးလား ပြီးတော့ မင်းသုံးနေတာ ငါတို့မိသားစုပိုက်ဆံလေ”

မုန့်ယင်းရုန်သည် နားမလည်နိုင်ဖြစ်နေသည်။ သူမသည် ကျုံချင်းယွီ အကျိုးအမြတ်ရရှိမည့်အစား PR အတွက် ပိုမိုသုံးစွဲလိုစိတ် ရှိသည်။

“ဒါက M Brand အတွက် အကောင်းဆုံး နည်းလမ်းပဲ”

ကျုံးယန်စီသည် လက်ထောက်ဆွန်း အမြဲဆောင်ထားသော တက်ဘလက်ကို ယူကာ M Brand နှင့် ပတ်သက်သော နောက်ဆုံးထွက် အွန်လိုင်းမှတ်ချက် များကို မုန့်ယင်းရုန်အား ပြသခဲ့သည်။

အနုတ်လက္ခဏာဆောင်သော သတင်းများကို ဖယ်ရှားပြီးဖြစ်သော်လည်း ကျုံချင်းယွီ၏ M Brand အပေါ် မှတ်ချက်များသည် ပန်ဒိုရာသေတ္တာနှင့် တူသည်။ တစ်ကြိမ်ဖွင့်လိုက်သည်နှင့် ရပ်တန့်၍ မရတော့ပေ။ “ခရီးသွား” အစီအစဉ်သည် ကျယ်ပြန့်သော လူကြိုက်များမှု ရှိပြီး Marketing Blogger အများအပြားသည် ခေတ်ရေစီးကြောင်းကို လိုက်၍ M Brand ၏ အတိတ်မှ ဖက်ရှင်ချို့ယွင်းချက်များကို တူးဖော်နေကြသည်။ ဖက်ရှင် Brand တစ်ခုအတွက် အနည်းငယ် မကောင်းသော ဒီဇိုင်းများ ရှိနေခြင်းသည် ပုံမှန်ပင်။

“အခု ကျုံချင်းယွီရဲ့ အရောင်းမြှင့်တင်နိုင်စွမ်းကို ကြည့်လိုက်”

ကျုံယန်စီသည် မုန့်ယင်းရုန်အား နောက်ထပ် အချက်အလက်များကို ပြသခဲ့သည်။

ဤသည်မှာ “ခရီးသွား” စတင်ထုတ်လွှင့်ခဲ့ချိန်မှစ၍ ကျုံချင်းယွီ ဝတ်ဆင်ခဲ့သော အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများအားလုံး၏ စုစည်းမှုဖြစ်သည်။ သူမ ဝတ်ဆင်ခဲ့သော အရာအားလုံးသည် ရောင်းကုန်သွားခဲ့သည်။

ကျုံချင်းယွီသည် အနုပညာလောကတွင် ပုံမှန် “ပန်းအိုး” တစ်ခုသာ ဖြစ်သည်။ သိသာထင်ရှားသော အောင်မြင်မှုများ မရှိသော်လည်း သူမ၏ ရုပ်ရည်သည် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံရသည်။ အသွင်အပြင်ကို တန်ဖိုးထားသော လောကတွင် လှပခြင်းသည် အားသာချက်တစ်ခုဖြစ်သည်။ ထို့ကြောင့် ကျုံချင်းယွီအား ကြော်ငြာမော်ဒယ် ခန့်အပ်ခြင်းသည် အနုတ်လက္ခဏာဆောင်သော သုံးသပ်ချက်များကို ဖယ်ရှားပေးရုံသာမက ရောင်းအားကိုလည်း မြှင့်တင်ပေးနိုင်သည်။ ၎င်းသည် အကောင်းဆုံး ဖြေရှင်းခြင်းဖြစ်သည်။

မုန့်ယင်းရုန်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူမသည် ကျုံချင်းယွီကို မကြိုက်သော်လည်း မိုက်မဲသူမဟုတ်ပေ။ မုန့်ဟွေ့ကူက သူမအား ယခင်ကတည်းက ဆူပူခဲ့ပြီး အလျင်စလို လုပ်ဆောင်ခြင်းမပြုရန်နှင့် ကျုံယန်စီကို အရာအားလုံး ကိုင်တွယ်ခွင့်ပြုရန် ပြောခဲ့သည်။ မုန်ယင်းရုန်သည် ထပ်မံဝင်ရောက်စွက်ဖက်၍ မရတော့ပေ။

“အနည်းဆုံးတော့ ကျုံချင်းယွီကို အနုပညာလောကမှာ ဘယ်လိုပဲ အောင်မြင်အောင် လုပ်လုပ် ကျုံကော်အဖွဲ့အစည်းအတွက် ပြိုင်ဆိုင်တဲ့နေရာမှာတော့ သူ့ကို အားသာချက် မပေးနိုင်ဘူး”

မုန့်ယင်းရုန်သည် မိမိကိုယ်ကို နှစ်သိမ့်လိုက်သည်။

ကျုံယန်စီသည် တက်ဘလက်ကို သိမ်းလိုက်သည်။

မုန့်ယင်းရုန်သည် နားနေခန်းဆိုဖာပေါ်တွင် မပျော်မရွှင်ထိုင်ကာ စားပွဲထိုးက ယူလာပေးသော black tea ကို သောက်ရင်း စကားလမ်းကြောင်းပြောင်းလိုက်သည်။

“မင်းအဖေက ကျုံကော်ပိုရေးရှင်းကို မင်းဆီ လွှဲပြောင်းဖို့ ဆုံးဖြတ်ရသေးဘူးလား၊ သူကလည်း ငယ်တော့တာ မဟုတ်ဘူး ဘယ်လောက်ကြာကြာ ဆက်ကိုင်ထားဖို့ စီစဉ်ထားတာလဲ၊ တကယ်ပဲ ကျုံချင်းယွီဆိုတဲ့ ကောင်မလေးကို ပေးဖို့ ရည်ရွယ်ထားတာလား”

ကျုံယန်စီသည် မုန့်ယင်းရုန်၏ တစ်ဖက်ရှိ ဆိုဖာတစ်လုံးပေါ်တွင် ထိုင်နေသည်။

“သူ့မှာ သူ့စီစဉ်မှုတွေ ရှိတယ်”

“မင်း သူ့ကို ဆုံးဖြတ်ခွင့်ပေးလို့ မရဘူး”

မုန့်ယင်းရုန်၏ အသံသည် အလျင်စလိုဖြစ်နေသည်။ သူမသည် လက်ဖက်ရည်ခွက်ကို ပန်းကန်ပြားပေါ်သို့ ခပ်ပြင်းပြင်း ချလိုက်ရာ အနီရောင်ရင့်ရင့်အရည်များ ဖိတ်စင်ကုန်သည်။

“သူ့အမေ ဆုံးသွားလို့ပဲဆိုပြီး ပိုင်ဆိုင်မှုအများစုကို ကျုံချင်းယွီကို ပေးဖို့ စီစဉ်နေတာဆိုရင် မင်းက ဘာဖြစ်သွားမလဲ”

ခဏအကြာတွင် သူမ ထပ်ပြောလေသည်။

“မဟုတ်ဘူး ကျုံချင်းယွီမှာ ပေမိသားစုရဲ့ ထောက်ပံ့မှုရှိတယ် သူ့အခွင့်အလမ်းတွေက မနည်းဘူး၊ မင်းလည်း မင်းကို ကူညီမယ့် အိမ်ထောင်ရေးမိတ်ဖက် လိုတယ် မစ္စလုက အကောင်းဆုံးပဲ မကြာသေးခင်ကမှ လီမြို့ကို ရောက်နေတာ…”

မုန့်ယင်းရုန်သည် စကားများစွာ ပြောနေခဲ့သော်လည်း ကျုံယန်စီသည် သူမ၏အသံနှင့် ပိုမိုဝေးကွာသွားသည်ဟု ခံစားနေရသည်။ ဤနှစ်များတစ်လျှောက် သူတို့၏ တွေ့ဆုံမှုများမှာ အနည်းငယ်မျှသာဖြစ်ပြီး အကြောင်းအရာများမှာ အမြဲတမ်း တူညီနေသည်။ မိသားစုအမွေအတွက် ကျုံချင်းယွီနှင့် ယှဉ်ပြိုင်ခြင်း၊ ချမ်းသာကြွယ်ဝသော အမွေခံမလေးတစ်ဦးနှင့် လက်ထပ်ခြင်း၊ ထို့နောက် သူမ၏ညီမ မိန်ရွှမ်းယွီကို ကူညီခြင်း။

ကျုံယန်စီသည် မုန့်ယင်းရုန်ကို ဖြတ်ပြောလိုက်သည်။

“ကျွန်တော် အိမ်ထောင်ရေးမိတ်ဖက်ကို စိတ်မဝင်စားဘူး”

မုန့်ယင်းရုန် မျက်မှောင်ကြုတ်လိုက်သည်။

“မင်း ကြိုက်တဲ့သူ ရှိလို့လား”

ကျုံယန်စီသည် သူ့နားထင်ကို ပွတ်သပ်ရင်း

“ကျွန်တော် လက်ထပ်ဖို့ အစီအစဉ် မရှိသေးလို့ပါ”

သူ၏ မိဘများလိုပင် ချမ်းသာကြွယ်ဝသော မိသားစုမှ သင့်လျော်သော အမွေခံမလေးတစ်ဦးနှင့် လက်ထပ်ခြင်း၊ ကလေးတစ်ယောက် ရရှိခြင်း၊ ထို့နောက် ကွာရှင်းခြင်း စသည်တို့ကို လုပ်ဆောင်ရမည်လား။

ကျုံယန်စီသည် ထိုသို့သော အိမ်ထောင်ရေးသည် အဓိပ္ပာယ်ရှိသည်ဟု မထင်ခဲ့ပေ။

မုန့်ယင်းရုန်သည် သက်ပြင်းချလိုက်သည်။ ကျုံယန်စီသည် အိမ်ထောင်ရေးမဟာမိတ်ကို မလိုချင်ရုံသာဖြစ်ပြီး သူကြိုက်သောသူလည်း ရှိနေသည် မဟုတ်ပေ။ ထိုအချက်သည် ကိုင်တွယ်ရ လွယ်ကူသည်။ ကျုံယန်စီသည် အခြားသော ချမ်းသာကြွယ်ဝသည့် အမွေခံများကဲ့သို့ “စင်ဒရဲလား” တစ်ဦးကို စွဲလမ်းကာ သူမကို လက်ထပ်ရန် အလွန်အမင်း ကြိုးစားမည်ကို သူမ စိုးရိမ်ခဲ့သည်။ ထိုသို့ဖြစ်ပါက ခေါင်းကိုက်စရာပင်။ သူတို့မိသားစုများအတွက် အိမ်ထောင်ရေးသည် ဝန်ထုပ်ဝန်ပိုးမဟုတ်ဘဲ အရင်းအနှီးတစ်ခုသာ ဖြစ်သင့်သည်။

“ဟုတ်ပါပြီ အလွန်အကျွံတွေ မစဉ်းစားနဲ့”

မုန့်ယင်းရုန်သည် သူမ၏အသံကို နူးညံ့စွာဖြင့် ကျုံယန်စီကို နှစ်သိမ့်လိုက်သည်။

“အိမ်ထောင်ရေးမိတ်ဖက်ကိစ္စကို မားကိုင်တွယ်မယ်၊ သိပ်မကြာသေးဘူး ပွဲတစ်ခုမှာ မစ္စလုနဲ့ တွေ့ခဲ့တယ် ပညာတတ်ပြီး ယဉ်ကျေးသိမ်မွေ့တယ် မင်းအတွက် အကောင်းဆုံးရွေးချယ်မှုပဲ…”

စကားပြောဆိုမှု ပြီးဆုံးသွားပြီးနောက် ကျုံယန်စီသည် နားနေခန်းမှ ထွက်ခွာလာခဲ့သည်။

ကျုံယန်စီသည် သူ၏ ရာထူးအဆင့်အတန်းအရ သူသည် လူအများအပေါ် အေးစက်ခွင့်ရှိသည်။ ကျုံကော်ပိုရေးရှင်း၏ CEO အနေဖြင့် သူ့၌ ထိုအခွင့်အရေးရှိသည်။ သို့သော် မိခင်နှင့်ပတ်သက်၍ကား၊ သူ၏မိဘများ စောစီးစွာ ကွာရှင်းခဲ့ပြီး ငယ်စဉ်က မိသားစုနွေးထွေးမှုများကို ရှားပါးစွာ ခံစားခဲ့ရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ကျုံယန်စီသည် အနည်းငယ် ပို၍ စိတ်ရှည်သည်။

သို့သော်လည်း မုန့်ယင်းရုန်နှင့် စကားပြောဆိုမှုတိုင်းသည် ကျုံယန်စီကို ပိုမို ပင်ပန်းနွမ်းနယ်စေခဲ့သည်။

နားနေခန်းမှ ထွက်လာသည်နှင့် ကျုံယန်စီသည် အနက်ရောင် ပွဲတတ်ဂါဝန်ဝတ်ထားသော အမျိုးသမီးငယ်တစ်ဦး လက်ဖက်ရည်တစ်ခွက် ကိုင်လျက် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ကျုံယန်စီကို မြင်သောအခါ ရဲ့လော့ယီ၏ ပါးပြင်များ နီရဲသွားပြီး သူမ၏ နားများပင် နီမြန်းလာသည်။

“မစ္စတာကျုံ…”

သူမသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။

ကျုံယန်စီသည် ခေတ္တခဏမျှ အံ့အားသင့်သွားသော်လည်း သူ၏ မှတ်ဉာဏ်ကောင်းသည် သူမ၏ နာမည်ကို လျင်မြန်စွာ ပြန်လည်မှတ်မိလိုက်သည်။

“မစ္စရဲ့ မင်္ဂလာပါဗျာ”

ရဲ့လော့ယီသည် တုန်လှုပ်သွားပြီး နှလုံးခုန်နှုန်း မြန်ဆန်စွာ မျှော်လင့်ချက်အပြည့်ဖြင့် ကျုံယန်စီကို ကြည့်လိုက်သည်။

သူမ၏ နှလုံးခုန်သံသည် ရင်ဘတ်ထဲတွင် အဆက်မပြတ် မြည်ဟီးနေသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျုံယန်စီသည် သူမကို မှတ်မိနေဆဲပင်။ သူ တကယ်ပဲ သူမကို မှတ်မိနေခဲ့သည်။

ရဲ့‌လော့ယီသည် ကျုံယန်စီကို လက်ဖက်ရည် ကမ်းပေးလိုက်သည်။

“မစ္စတာကျုံ ရေလေး သောက်ဦးမလားရှင်”

ကျုံယန်စီသည် နားမလည်နိုင်ဖြစ်သော်လည်း လက်ဖက်ရည်ကို ယဉ်ကျေးစွာ လက်ခံလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ထိုအတောအတွင်း—

စနစ်သည် ယန်ရှီကို အခြေအနေများကို အချိန်နှင့်တပြေးညီ အပ်ဒိတ်လုပ်ပေးသည်။

[အိုးဟိုး]

[အဓိက ဇာတ်လမ်းဆင်မှု ပေါ်လာပြီ]

[စွဲမက်ဖွယ်ကောင်းတဲ့ မင်းသမီးလေးက သူ့ရဲ့ တတိယမြောက် “ငါး” နဲ့ ဆုံပြီ]

ယန်ရှီသည် ရှင်းယောင်၏ ဥပဒေအဖွဲ့မှ အကြံပြုချက်များကို လက်ခံရရှိနေစဉ် လက်ထောက်ဆွန်းနှင့် စာချုပ်ပြင်ဆင်မှုများကို ဆွေးနွေးနေခဲ့သည်။ သူမ၏ စိတ်ထဲတွင် စနစ်ကို မေးလိုက်သည်။

“တတိယမြောက်ငါး? ရဲ့လောယီ၏ ပထမဆုံးက ပေယွဲ့ပိုင်၊ ဒုတိယက ချင်းလီ ဒါဆို တတိယမြောက်က ဘယ်သူလဲ”

ယန်ရှီသည် Blue ထဲမှ ထင်ရှားသော ဇာတ်ကောင်များကို စဉ်းစားလိုက်ပြီး သူမ၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာသည်။

“နေဦး ကျုံယန်စီလား”

[ဘင်ဂို!]

စနစ်က လက်ဖြောက်တီးသံကဲ့သို့ အသံထွက်ပေါ်လာသည်။

[မှန်ပေမယ့် ဆုတော့မရဘူး]

ယန်ရှီ: !!!

“မဖြစ်နိုင်ဘူး!၊ မစ္စတာကျုံက ကျွန်မထက်တောင် နောက်ခံဇာတ်ကောင် ပိုဆန်သေးတယ် ပြီးတော့ ခြောက်လအတွင်း အလုပ်ပင်ပန်းလွန်းလို့ သေသွားမှာလေ”

[ကျုံယန်စီက တကယ်ပဲ အရံဇာတ်ကောင်ပါ ဒါပေမယ့် ဝတ္ထုထဲမှာ သူက ကလေးဘဝကတည်းက ရဲ့လော့ယီကို ကယ်တင်ခဲ့ဖူးတယ် သူက ရဲ့လော့ယီ မရနိုင်တဲ့ အဖြူရောင်လမင်းပဲ]

[ကျုံယန်စီက မစ္စလုနဲ့ စေ့စပ်ထားတာမို့ ရဲ့လော့ယီ သူနဲ့ ရင်းရင်းနှီးနှီး နေလို့မရခဲ့ဘူး၊ နောက်ပိုင်းမှာ ကျုံယန်စီ သေသွားတော့ ရဲ့လော့ယီက ဝမ်းပမ်းတနည်း ငိုလိမ့်မယ်!]

[ရဲ့လော့ယီ ဒီလောက်ကြာအောင် မပြတ်မသားဖြစ်နေတာ ဘာကြောင့်လို့ မင်းထင်လဲ၊ သူ့ရဲ့ အဖြေမရှိတဲ့ ချစ်ခြင်းမေတ္တာ သူ့ရဲ့ အဖြူရောင်လမင်းကိုပဲ စွဲလမ်းနေတုန်းမို့လို့ပေါ့!]

ယန်ရှီ: …

ဘယ်လိုရှုပ်ထွေးတဲ့ ဇာတ်ကောင်ဆက်ဆံရေးပါလိမ့်

[အခု မင်းရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ကျုံယန်စီက မစ္စလုနဲ့ မတွေ့ရသေးပေမယ့် ရဲ့လော့ယီနဲ့တော့ တွေ့ပြီးသား ဖြစ်နေပြီ အခြေအနေတွေ ဘယ်လို ဆက်တိုးတက်လာမလဲဆိုတာတော့ ဘယ်သူသိမလဲ~]

စနစ်သည် အားရဝမ်းသာစွာဖြင့် ဒရာမာကို ပျော်ရွှင်စွာ ခံစားနေခဲ့သည်။ ကောလာဟလများအား ပို၍ စပ်စုလို့ကောင်းလေလေ၊ ပို၍ အနုပညာမြောက်လေလေပင်။ ယန်ရှီသည် စာချုပ်၏ နောက်ဆုံးအပိုဒ်ကို လက်ထောက်ဆွန်းနှင့် အပြီးသတ်ခဲ့ပြီး update လုပ်ထားသည့်မူကို ထုတ်ရန် ပြောလိုက်သည်။

ဆိုဖာသို့ ပြန်ရောက်သည့်အခါ ယန်ရှီသည် သူမ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။

"စနစ် နင်ပြောတာကိုကြည့်ရတာ ကျုံယန်စီ ကံဆိုးတော့မယ်လို့ ထင်တယ်"

စနစ်- ???

စနစ်၏ ကောလာဟလ စပ်စုချင်စိတ်များ တက်ကြွလာသည် [ဘာလို့လဲ?]

"ဒီကမ္ဘာက လူတိုင်းက ဇာတ်လိုက်မင်းသားအပေါ် စွဲလမ်းနေတဲ့ 1vN ဝတ္ထုတစ်ပုဒ်ဖြစ်ပေမဲ့ ဇာတ်လိုက်မင်းသား ပေယွဲ့ပိုင်ကိုတော့ ဆုံးဖြတ်ပြီးသားဖြစ်နေပြီ၊ ရဲ့လော့ယီက ကျုံယန်စီကို ကြိုက်တာဆိုတော့ ကျုံယန်စီ မသေရင် ပေယွဲ့ပိုင်က ဘယ်အခန်းကို ဆက်သရုပ်‌ဆောင်စရာရှိမှာလဲ"

"နောက်ပြီး ချင်းယွီရဲ့ တည်ရှိမှုနဲ့ဆိုရင် ကျုံယန်စီအတွက် တစ်ခုတည်းသော ရလဒ်က ရုတ်တရက် သေဆုံးခြင်းပဲ"

စနစ်သည် အင်မတန်ပင် အံ့သြသွားသဖြင့် စကားလုံးများတောင် မဖွဲ့နွဲ့နိုင်သည်အထိ ဖြစ်သွားသည်။ ခဏအကြာတွင် တောက်ပနေသည့် အလင်းလေးသည် မထီမဲ့မြင်ပြောလိုက်သည်။

[အဲလိုပဲ ထင်ပါတယ်…]

ယန်ရှီသည် ဝတ္ထု၏ ရှုထောင့်မှ ယုတ္တိရှိရှိ ရိုးရှင်းစွာ ခွဲခြမ်းစိတ်ဖြာနေခြင်းပင်ဖြစ်သည်။

ရဲ့လော့ယီနှင့် ကျုံယန်စီတို့၏ အစောပိုင်းတွေ့ဆုံမှုသည် butterfly effect ကြောင့်ဖြစ်သော်လည်း ကျုံယန်စီ ရုတ်တရက် သေဆုံးရသည့် အဓိကအကြောင်းအရင်းသည် ဗီလိန်မ ကျုံချင်းယွီ၏ ကံကြမ္မာကြောင့်ပင်။

သန့်စင်ခန်းအပြင်ဘက်တွင် ကျုံယန်စီသည် ရဲ့လော့ယီလှမ်းပေးသည့် လက်ဖက်ရည်ကို လက်ခံယူလိုက်ပြီး အသာလေး ခေါင်းညိမ့်ပြသော်လည်း သူ မသောက်ခဲ့ချေ။

ကျုံယန်စီသည် သူ မသိသည့် အရင်းအမြစ်မှ လာသည့် မည်သည်ကိုမှ မသောက်ပေ။

ရဲ့လော့ယီဘေးမှ ဖြတ်သွားရင်း ကျုံယန်စီသည် လက်ဖက်ရည်အား စတူဒီယိုထဲရှိ လက်ထောက်တစ်ယောက်ထံသို့ လှမ်းပေးလိုက်ပြီး Blue Hall ကို ပြန်လာခဲ့သည်။

ဤအခြေအနေကို မြင်လိုက်ရသည့်အခါ ရဲ့လော့ယီ၏ ရင်ထဲတွင် ခါးသီးမှုတစ်ခုကို ခံစားလိုက်ရသည်။

Blue Hall ထဲ၌ ကျုံချင်းယွီသည် ခမ်းနားသည့် ဂါဝန်ကို ဝတ်ပြီဆင်းသား ဖြစ်နေလေပြီ။ ထိုဝတ်စုံသည် သူမ၏ခန္ဓာကိုယ်နှင့် အတိအကျ ချုပ်လုပ်ထားတာ ခြင်း မဟုတ်သည့်အတွက် အနည်းငယ် မတော်မတန် ဖြစ်နေသည်။ ဒီဇိုင်နာသည် သူမ၏ ခန္ဓာကိုယ် အလှအပကို ပိုပေါ်လွင်စေရန် ယာယီ ချုပ်ပေးထားခဲ့ခြင်းဖြစ်သည်။ ကျုံချင်းယွီ အဝတ်လဲခန်းထဲမှ ထွက်လာသည့်အခိုက်အတန့်တွင် လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။ သူမ၏ အသက်ရှူမှားလောက်သည့် အလှနှင့် အထူးခြားဆုံး ကန့်သတ်ထုတ်လုပ်ထားသည့် haute couture ဂါဝန်၏ ပေါင်းစပ်မှုသည် ဖက်ရှင်လောကတွင် အပြတ်အသတ် အောင်မြင်စေသည့် လှုပ်ရှားမှုတစ်ခုပင် ဖြစ်လေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များ ခဏတာ ရပ်တန့်သွားပြီးနောက် လှိုင်းလုံးကြီးကဲ့သို့ ပေါက်ကွဲထွက်လာသည်။

[အားးးး အားးး အားးးးး အားးးးး]

[ဒီလောက်လှတာ တကယ်ရောဟုတ်ရဲ့လား]

[နတ်သမီးပုံပြင်ထဲက မင်းသမီးလေးအတိုင်းပဲ]

[M ရဲ့ ဂါဝန်တွေက ဒီလောက်လှတယ်လို့ ကျွန်မအရင်က မသိခဲ့ဘူး!]

[နောက်ဆုံးတော့ ဒါက red carpet ရဲ့ ဇိမ်ခံအမှတ်တံဆိပ်ပဲ ပြီးတော့ ဒါက အကန့့်အသတ်ထုတ်ထားတဲ့ဟာလေ]

[ဒီအမျိုးသမီးလေးရဲ့ ဘဝမှာ အကြီးမားဆုံး နောင်တက ကိုယ့်ပါးကို နမ်းမရတာပဲ ဖြစ်ရမယ်]

[ဘယ်ရှုထောင့်က ပုံပဲယူယူ wallpaper လုပ်လို့ရတယ်]

ခန်းမထဲရှိ လူများလည်း အံ့အားသင့်နေကြသည်။ မုန့်ယင်းရုန် ကိုယ်တိုင်တောင် ခဏတာ မှင်သက်သွားခဲ့သည်။ သူတို့မိသားစု၏ ဂါဝန်ကို ကျုံချင်းယွီသည် အင်မတန်ပင် လိုက်ဖက်အောင် ဝတ်နိုင်သည်ဟု သူ ဝန်ခံရမည်။ ကျုံချင်းယွီ၏ တောက်ပသည့် အလှနှင့် အနုစိတ်သည့် စတိုင်တို့ ပေါင်းစပ်လိုက်သည့်အခါ သူမ လုပ်ခဲ့သည့် မည်သည့်အမှားကိုမဆို ခွင့်လွှတ်ပေးနိုင်လောက်အောင်အထိပင်။

ကျုံယန်စီသည် M ရှိ ဒီဇိုင်နာများအား သွယ်ဝိုက်၍ အချက်ပြမှုတစ်ခု လုပ်လိုက်သည်။ သူတို့သည်လည်း ချက်ချင်း နားလည်သွားပြီး ထပ်မံ၍ ကန့်သတ်ထုတ်လုပ်ထားသည့် ပွဲတတ်ဂါဝန်တစ်ထည်အား ယူလာခဲ့သည်။

"နောက်တစ်ထည် ထပ်စမ်းကြည့်"

ကျုံယန်စီသည် ကျုံချင်းယွီအား ညွှန်ကြားလိုက်သည်။

ကျုံချင်းယွီသည် မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ နူးညံ့သည့် မျက်ခုံးများပင် တွန့်သွားသည်။

"ကျုံယန်စီ မင် ငါ့ကို အမိန့်လာပေးနေတာလား"

လက်ထောက်ဆွန်းသည် ပရင့်ထုတ်ထားသည့် ထောက်ခံစာချုပ်အား ကျုံယန်စီလက်ထဲသို့ ထိုးပေးလိုက်သည်။ ကျုံယန်စီသည် ကျုံချင်းယွီအား လှည့်တောင် မကြည့်ဘဲ စာချုပ်အား လှမ်းကြည့်လိုက်သည်။ သူ၏ အသံသည် အေးစက်စက်ပင်။

"မင်း တခြားဝတ်စုံတွေနဲ့ ဘယ်လိုကြည့်ကောင်းလဲဆိုတာပဲ ငါကြည့်ချင်တာ၊ ဒီဂါဝန်တစ်ထည်တည်းနဲ့ပဲ ကြည့်ကောင်းနေတာဆိုရင် ငါတို့လည်း ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်မလိုဘူး"

ကျုံချင်းယွီသည် သူမ၏ လက်များကို တင်ပါးတွင် ထောက်လိုက်သည်။

“အဓိပ္ပာယ်မရှိတာ၊ ငါက ဘယ်ဂါဝန်နဲ့ဖြစ်ဖြစ် လှတယ်၊ စောင့်ကြည့်နေလိုက်"

ထိုသို့ ပြောပြီးသည်နှင့် ကျုံချင်းယီသည် ဒီဇိုင်နာဆီမှ ဂါဝန်ကို ဆွဲယူလိုက်ပြီး စကားတစ်ခွန်းမျှ မပြောဘဲ အဝတ်လဲခန်းထဲသို့ စိတ်ဆိုးမာန်ဆိုး ပြန်ဝင်သွားသည်။

ယန်ရှီ "..."

စနစ် "..."

စနစ်ပင် မည်သည့်စကားလုံးမျှ မပြောနိုင်တော့ပေ။

[ဒီလောက် မသေသပ်တဲ့ စိတ်ဆွတာမျိုးကို ငါတောင် မြင်တယ် ဒီအမျိုးသမီးလေးက ဘယ်လိုလုပ် မမြင်တာလဲ]

ယန်ရှီသည် နှာခေါင်းစည်းကို ဖိရင်း သက်ပြင်းချလိုက်သည်။

“ဒါကြောင့်ပဲ ချင်းယွီနဲ့ ကျုံယန်စီက ပြိုင်ဘက်တွေလို့ ဝတ္ထုထဲမှာ ပြောထားတာကို ငါ သံသယဖြစ်နေတာ၊ ချင်းယွီက ကျုံယန်စီနဲ့ ပြိုင်ဖို့ စွမ်းရည်ရော ရှိရဲ့လား ကျုံယန်စီက ချင်းယွီကို လှောင်နေတာ မဟုတ်ဘူးလား"

ကျုံယန်စီသည် ယန်ရှီ စိတ်ပျံ့လွင့်နေသည်ကို မသိဘဲ ဒီဇိုင်နာများကို ဆက်လက်ညွှန်ကြားနေခဲ့သည်။

“သူမနဲ့ လိုက်ဖက်တဲ့ လက်ဝတ်ရတနာတွေကိုပါ ပေးလိုက်၊ ကန့်သတ်ထုတ်လုပ်ထားတာတွေဘဲ ဖြစ်နေဖို့မလိုဘူး ဝတ်စုံနဲ့ အလိုက်ဖက်ဆုံးကိုပဲ ရွေးပေးလိုက်၊ အဓိကကတော့ ပြည့်ပြည့်စုံစုံ တင်ဆက်မှုပဲ"

ယန်ရှီသည် ကျုံယန်စီ၏ ရည်ရွယ်ချက်များကို ချက်ချင်း နားလည်သွားသည်။

"စနစ် M ရဲ့ ရောင်းအားကို စစ်ကြည့်ပါဦး တက်လာပြီလား"

[ငါကြည့်လိုက်မယ်!]

[သူတို့ရဲ့ e-commerce platform ရဲ့ ရောင်းအားဒေတာကို ကြည့်ရတာ... တကယ်ကို သိသိသာသာ တိုးတက်လာပြီ!]

[အာ ကျုံယန်စီက အမျိုးသမီးလေးကို သူတို့ ထုတ်ကုန်တွေ ကြော်ငြာဖို့အတွက် သုံးနေတာပဲ]

ယန်ရှီသည် အသက်ပြင်းပြင်း ရှူလိုက်သည်။

"သေချာတာပေါ့၊ တကယ် ပါးနပ်တဲ့ စီးပွားရေးသမားပဲ”

All Chapters