← Chapters

အခန်း (၃၃)

Vol. 4 Ch. 33

အခန်း (၃၃)

Vol. 4 Ch. 33

ကျုံချင်းယွီဝတ်ဆင်ထားသော ဝတ်စုံသည် တစ်ကမ္ဘာလုံးတွင် တစ်စုံတည်းသာ သီးသန့်ထုတ်လုပ်ထားသည့် ဒီဇိုင်းဖြစ်သည်။ နာမည်ကျော်ကြားသူတစ်ဦးအား ဤကဲ့သို့သော အဆင့်မြင့်သည့်အဝတ်အစားကို ငှားရမ်းခြင်းသည် စာချုပ်တွင် သဘောတူထားသည့်အတိုင်း ထိုအမှတ်တံဆိပ်ကို ကြော်ငြာပေးသည့် သဘောမျိုးပင်ဖြစ်သည်။

ဤအဝတ်အစားတစ်ထည်တည်းသည် အကန့်အသတ်ဖြင့် ရောင်းချခြင်းဖြစ်သောကြောင့် ရောင်းအားအနည်းငယ်သာရှိသည်။သို့သော်လည်း ကျုံချင်းယွီဝတ်ဆင်ထားသော အဆောင်အယောင်များဖြစ်သည့် သူမ၏လက်ကိုင်အိတ်၊ ဆံထိုးများနှင် လက်ဝတ်ရတနာများမှာမူ ကွဲပြားသည်။ ဤပစ္စည်းများသည် အကန့်အသတ်နှင် ထုတ်ထားသော ပစ္စည်းများမဟုတ်သောကြောင့် ပရိတ်သတ်များအ‌နေဖြင့် စိတ်ကြိုက်ဝယ်ယူနိုင်သည်။

သရုပ်ဆောင်များ၏ ကြော်ငြာမှုပုံစံများသည် အဓိကအားဖြင့် နှစ်မျိုးနှစ်စားရှိသည်။ ပထမတစ်မျိုးမှာ ပရိတ်သတ်များ၏ စီးပွားရေးအ‌ခြေအနေအပေါ်မူတည်သောပုံစံမျိုးဖြစ်သည်။ ဥပမာအားဖြင့် ပရိတ်သတ်များက သူတို့အားကျရသည့် အိုင်ဒေါက အသုံးပြုခြင်း ကြောင့် လိုက်ဝယ်ကြခြင်းမျိုးဖြစ်သည်။ ဒုတိယအချက်မှာ ကြော်ငြာသရုပ်ဆောင်၏ စတိုင်ကျသောဟန်ပန်အမူအရာကြောင့် ပရိတ်သတ်များသည် သူတို့၏ အိုင်‌ဒေါဖြစ်သူကဲ့သို့ စတိုင်ကျ‌စေရန် အသုံးအဆောင်ပစ္စည်းများနှင့် အဝတ်အစားများကို လိုက်ဝယ်ကြခြင်းမျိုးဖြစ်သည်။ လူအတော်များများသည် ဤအချက်ကြောင့်ပင် ကြော်ငြာပစ္စည်းများကို ဝယ်ယူကြခြင်းဖြစ်ပါသည်။

ကျုံချင်းယွီသည် ဒုတိယအမျိုးအစားတွင် ပါဝင်သူဖြစ်သည်။ သူမသည် ထိပ်တန်းသရုပ်ဆောင်များစာရင်းတွင် မပါဝင်သော်လည်း သူမ၏ ပကတိအလှတရားနှင့် အဝတ်အစားကို သပ်ရပ်စွာဝတ်ဆင်နိုင်မှုက လူများကို ဝယ်ယူလာစေရန် ဆွဲဆောင်နိုင်သည်။

ကျုံယန်စီသည် ကျုံချင်းယွီအကြောင်းကို ကောင်းစွာ လေ့လာထားသည်။ ယခင်က သူမသည် အဆင့်အတန်းမြင့်အဝတ်အစားများနှင့် အကန့်အသက်ဖြင့် ထုတ်လုပ်ထားသော အဆင်တန်ဆာများကို ဝတ်ဆင်ခဲ့သည်။ သို့သော်လည်း ထုတ်လုပ်နိုင်စွမ်းအကန့်အသတ်ရှိသောကြောင့် အမှတ်တံဆိပ်ကုမ္ပဏီများ၏ ရောင်းအားအပေါ် အကျိုးသက်ရောက်မှုနည်းပါးသည်။ ထို့အပြင် ကျုံချင်းယွီသည် ရသစုံရှိုးများတွင် မကြာခဏမပါဝင်ဘဲ သာမန်အဝတ်အစားများကိုသာ လူအများရှေ့တွင် ဝတ်ဆင်လေ့ရှိသောကြောင့် ပရိသတ်များအ‌နေဖြင့်သူမ၏ ဖက်ရှင်ကို အားကျပြီး လိုက်ဝယ်သည်မှာ နည်းပါးခဲ့သည်။

ဤအကြိမ်တွင် အတူခရီးသွားကြစို့ တီဗွီအစီအစဉ်၌ ကျုံချင်းယွီဝတ်ဆင်ခဲ့သော ဖက်ရှင်ပစ္စည်းတိုင်းတွင် ရောင်းအားတိုးတက်မှုများ ရှိခဲ့သည်။ ရိုက်ကူးမှု၏ စတုတ္ထမြောက်နေ့သာရှိသေးသောကြောင့် အမှတ်တံဆိပ်ကုမ္ပဏီများသည် ကျုံချင်းယွီဖက်ရှင်‌လောကတွင် လွှမ်းမိုးနေမှုကို မသိရှိသေးပေ။

သို့သော် ကျုံယန်စီက သတိထားမိခဲ့သည်။

ယန်ရှီသည် သူမ၏ဘေးတွင် ရှိနေသော ကျုံယန်စီကို လှမ်းကြည့်လိုက်သည်။

"ကျွန်မအရင်ပြောခဲ့သလိုပဲ၊ ကျွန်မတို့နဲ့ လက်မှတ်ထိုးရင် ရှင့်အတွက် အကျိုးအမြတ်ရှိမှာပါ"

ကျုံယန်စီသည် ထိုကိစ္စကို ငြင်းဆိုနိုင်ခြင်းမရှိခဲ့ပေ။

သဘောတူညီချက်စာချုပ်များပြီးဆုံးပြီး နှစ်ဦးနှစ်ဖက်စလုံးသည်လည်း သဘောတူကြသောကြောင့် အစီအစဉ်အတိုင်း အဆင်ပြေချောမွေ့စွာ ဆက်လက်ကျင်းပခဲ့သည်။ မိက်ကပ်ပညာရှင်သည် ကျုံချင်းယွီကို ပြင်ဆင်နေစဉ် ယန်ရှီသည် စာချုပ်အသစ်ကို လက်ဆင့်ကမ်းပေးလိုက်သည်။ ချောင်ယန်အနေဖြင့် ရှင်းယောင်ကုမ္ပဏီ၏ တံဆိပ်တုံးထုပေးထားပြီးဖြစ်သောကြောင့် ကျုံချင်းယွီ၏ လက်မှတ်သာ လိုတော့သည်။

ဤသည်မှာ ကျုံချင်းယွီ၏ ပထမဆုံးသော ကြော်ငြာစာချုပ်ဖြစ်သည်။ ယခင်က အမှတ်တံဆိပ်ပိုင်ရှင်များသည် သူမထံ ပူးပေါင်းလိုပါက သူမသည် ထိုအခွင့်အလမ်းများကို ပေယွဲ့ပိုင်ထံသာ လွှဲပြောင်းပေးလေ့ရှိသည်။

ဤအကြိမ်တွင်လည်း သူမသည် အဖြူနှင့်အမည်းသာပါသည့် စာချုပ်ကို ကြည့်ရှုနေစဉ် သူမ၏ ချစ်ခြင်းမေတ္တာတရားကြီးမားသည့် ဗီဇကပြန်လည်နိုးကြားလာသည်။

"နောက်ဆုံးပေါ်ဇိမ်ခံပစ္စည်းအမှတ်တံဆိပ်၊ ဒါကို ယွဲ့ပိုင်ကောကောကိုသာ လွှဲပေးလိုက်ရင် သူ အရမ်းပျော်သွားမှာပဲ"

ယန်ရှီသည် ခဏတာအံ့အားသင့်သွားမိသည်။ သူမသည် ကျုံချင်းယွီ၏ ဆင်ခြင်တုံတရားထက် ချစ်ခြင်းမေတ္တာကို ဦးစားပေးတတ်သော အလေ့အထကို မေ့သွားခဲ့သည်။ ကျုံချင်းယွီသည် ပေယွဲ့ပိုင်ထံ ဆက်သွယ်ရန် ဖုန်းကို ထုတ်ယူနေသည်ကို တွေ့ရှိသောအခါ ယန်ရှီသည် ကျုံယန်စီကို တံ‌တောင်ဆစ်ဖြင့် တွန်းလိုက်သည်။

ရေသောက်နေသော ကျုံယန်စီသည် သူ့အပေါ်သို့ ရေများဖိတ်စင်သွားလုနီးပါးဖြစ်ကာ ယန်ရှီကို နားမလည်သကဲ့သို့ ကြည့်နေသည်။ ယန်ရှီသည် မျက်လုံးများဖြင့် ကပျာကယာအချက်ပြလိုက်သည်။

"ဒီအတိုင်းကြည့်နေတော့မှာလား တစ်ခုခုပြောပါဦး"

ကျုံယန်စီသည် လည်ချောင်းရှင်းရန် ချောင်းတစ်ချက်ဆိုးလိုက်သည်။ သူသည် ကျုံချင်းယွီအ‌နေဖြင့် ပစ္စည်းပစ္စယများနှင့် အခွင့်အလမ်းများကို ပေယွဲ့ပိုင်ထံသို့ လွှဲပြောင်းပေးလေ့ရှိသော အလေ့အထကို သိရှိထားပြီးဖြစ်သည်။ ချောင်ယန်နှင့် ဝူလျောင်တို့က သူ့အား ပြောပြခဲ့ဖူးသော်လည်း သူဘာလုပ်နိုင်မည်နည်း။

ကျုံချင်းယွီသည် သူ့စကားကို မည်သည့်အခါမျှ နားမထောင်ခဲ့ပေ။

ကျုံယန်စီသည် ပခုံးကို တွန့်ပြလိုက်ကာ ယန်ရှီကို အေးစက်သောအကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။

"ငါ သူ့ကို မထိန်းနိုင်ဘူး"

ယန်ရှီသည် အလွန်ဒေါသထွက်သွားသည်။

၁၈၈ စင်တီမီတာအထိပင် အရပ်ရှည်ပြီး စီးပွားရေးလောကတွင် လွှမ်းမိုးနိုင်သူဖြစ်သော်လည်း သူ၏ ညီမကိုပင် မထိန်းနိုင်ရသလား။

အသုံးမကျသူဟုပင် ဆိုသင့်သည်။

ကျုံယန်စီ : “....”

ယန်ရှီသည် ကျုံချင်းယွီဘက်သို့ ပြန်လှည့်ကာ သူမ ဖုန်းနံပါတ်ကို နှိပ်တော့မည့်အချိန်တွင် သူမ၏လက်ကို ဖမ်းကိုင်လိုက်သည်။

"ချင်းချင်းရေ မစ္စတာကျုံက ဒီဝတ်စုံက နင်နဲ့ အရမ်းလိုက်တယ်လို့ ပြောတယ်၊ အဲဒါကြောင့် သူတို့က နင့်ကိုပဲ ကြော်ငြာအပ်ချင်တာ၊ နင်မဟုတ်ရင် သူတို့က စာချုပ်မှာ လက်မှတ်ထိုးမှာမဟုတ်ဘူး"

ကျုံချင်းယွီသည် မျက်မှောင်ကြုတ်လိုက်သည်။

"စာချုပ်ပြီးရင် သူတို့ရဲ့ PR အကျပ်အတည်းကို ဖြေရှင်းရာရောက်မှာ မဟုတ်ဘူးလား ငါမှငါပဲ ဖြစ်မှရမှာလား"

သူမသည် ကျုံယန်စီကို မနှစ်မြို့ဖွယ်အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ကျုံယန်စီ နင်ဘာလို့ ဒီလောက်ခက်ခဲအောင်လုပ်နေရတာလဲ"

ကျုံယန်စီ : “.....”

သူသည် ချောင်းကို နှစ်ခါခန့်ဟန့်လိုက်ကာ လည်ချောင်းရှင်းလိုက်သည်။

"မင်းကြော်ငြာပေးမှပဲ အမြတ်များများရမှာ"

ကျုံချင်းယွီသည် ဒေါသထွက်နေသော်လည်း သူမအနေဖြင့် ဖောက်သည်နှင့် ငြင်းခုံ၍မရပေ။ ဤကြော်ငြာသည် သူမကြိုးစားရယူခဲ့သော အရာမဟုတ်ဘဲ သူ့မထံသို့ ရောက်လာသော အခွင့်အလမ်းဖြစ်သည်။

သူမစိတ်ထဲတွင် တွေးမိသည်။

"ဒီလိုကောင်းတဲ့အခွင့်အလမ်းကို ယွဲ့ပိုင်ကောကောကိုသာပေးလို့ရရင် သူ အရမ်းပျော်ပြီး ငါ့ကို ပိုချစ်လာမှာပဲ"

သို့သော် သူမ မတတ်နိုင်ပေ။ ကျုံယန်စီဆိုသော ကပ်စေးနှဲကော်တစ်ရာလူက သူမကို ပြဿနာရှာရန် ကြိုးစားနေသည်မှာ သေချာသည်။

အလုပ်အပ်သည့်သူ၏ နောက်ဆုံး ဆုံးဖြတ်ချက်အတိုင်း စာချုပ်ကိုအပြီးသတ်လိုက်ပြီဖြစ်သည်။

ကျုံချင်းယွီသည် စာချုပ်ပေါ်တွင် လက်မှတ်ရေးထိုးလိုက်စဉ် ယန်ရှီ၏ စိတ်ထဲ၌ ဒင်ဆိုသည့်အသံတစ်ချက်ကြားလိုက်ရပြီး စနစ်မှအသိပေးချက်ပေါ်လာသည်။

[နောက်ဆုံးပေါ်ဇိမ်ခံကုန်ပစ္စည်းအမှတ်တံဆိပ်ရဲ့ ထောက်ခံချက်ရရှိပါပြီ၊ ကျုံချင်းယွီရဲ့ ကံကောင်းခြင်းအမှတ် ၂ မှတ် တိုးလာပါတယ်၊ လက်ရှိကံကောင်းခြင်းအမှတ်က ၁၄.၁ မှတ်ဖြစ်ပါတယ်]

ယန်ရှီ၏ မျက်လုံးများ တောက်ပလာသည်။

ကံကောင်းခြင်းအမှတ် ၂ မှတ်။

မည်မျှကောင်းလိုက်သနည်း။

သူမထင်ထားသည်မှာ ဤကဲ့သို့သော အခွင့်အလမ်းမျိုးက ကျုံချင်းယွီအား အများဆုံးမှ တစ်မှတ်သာ ပေးနိုင်မည်ဖြစ်သည်။

စနစ်မှာ ပျော်ရွှင်စွာ ရှင်းပြလိုက်သည်။

[ဒီတစ်ခါ မိန်းကလေးကျုံက မင်းကို လက်ဆောင်တွေဝယ်ပေးတဲ့အချိန်တွေနဲ့မတူဘူးလေ၊ သူကိုယ်တိုင် ကြိုစားပြီး ဝင်ငွေရခဲ့တာကိုး ပိုက်ဆံသုံးပြီး ရယူခဲ့တဲ့ အရင်အခွင့်အလမ်းတွေနဲ့‌တော့ မတူဘူးပေါ့]

[ပြီးတော့ ကြော်ငြာခက ၃၀ မီလီယမ်ရှိတယ်]

[Host ရေ၊ မင်းက အရမ်းတော်တာပဲ မိန်းကလေးကျုံကို ၃၀ မီလီယမ် ချက်ချင်းရအောင်ကူညီပေးလိုက်တာပဲ]

ယန်ရှီက အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်သည်။

"သုံးဆယ်မီလီယမ်က ချင်းချင်းအတွက်ပါ ငါက သူမ အတွက်အခွင့်အလမ်းတစ်ခုခုရအောင်ကူညီပေးရုံပါပဲ"

ယန်ရှီနှင့် M အမှတ်တံဆိပ်တို့ ပူးပေါင်းဆောင်ရွက်မှုအောင်မြင်နေစဉ် ရဲ့လော့ယီ၏ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေသည်။

E အမှတ်တံဆိပ်သည် M အမှတ်တံဆိပ်ကဲ့သို့ပင် အဆင့်မြင့်ဇိမ်ခံကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ရဲ့လော့ယီနှင့် ကျုံချင်းယွီတို့သည် ကိုယ်စားလှယ်များဖြစ်ကြသည်။ သူတို့၏ အဆင့်အတန်းမှာ ညီမျှသင့်သော်လည်း ရဲ့လော့ယီမှာ ထိပ်တန်းအနုပညာရှင်ဖြစ်ပြီး ကျုံချင်းယွီမှာ ဒုတိယအဆင့်သာရှိသေးသည်။ အခုအခါ ကျုံချင်းယွီသည် သူမနှင့်အဆင့်ထိုက်တန်သော အမှတ်တံဆိပ်တစ်ခုနှင့် ပူးပေါင်းနေပြီဆိုလျှင် သူမ၏ ဂုဏ်သိက္ခာကို မည်ကဲ့သို့ ဆက်လက်ထိန်းသိမ်းရပါမည်နည်း။

ယခင်က ကျုံယန်စီသည် သူမအား လျစ်လျူရှုပြီး ကျုံချင်းယွီနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ သူမကိုယ်သူမပင် သတိမထားမိဘဲ ရဲ့လော့ယီတစ်ယောက် လက်သီးကို တင်းကြပ်စွာ ဆုပ်မိပြီး ဖြူဖွေးနေသော အရေပြားပေါ်တွင် နီရဲနေသော လက်သည်းရာများ ကျန်ရစ်ခဲ့သည်။

ဖက်ရှင်ရှိုးပွဲ စတင်တော့မည့်အချိန်တွင် ကျုံချင်းယွီက C အမှတ်တံဆိပ်မှ အဝတ်အစားကို ပြန်လဲလိုက်သည်။ M အမှတ်တံဆိပ်နှင့် စာချုပ်ချုပ်ဆိုထားသော်လည်း စာချုပ်ကာလသည် တစ်ပတ်ကြာမှသာ တရားဝင်စတင်မည်ဖြစ်သဖြင့် အခြားအမှတ်တံဆိပ်၏ အဝတ်အစားဝတ်ဆင်ခြင်းသည် စာချုပ်ချိုးဖောက်မှုမဖြစ်စေပေ။

M အမှတ်တံဆိပ်အတွက် ပရိသတ်များနှင့် တွေ့ဆုံမှုပြီးဆုံးသွားသောအခါ ကျုံယန်စီက Royal ဟော်တယ်သို့ ပြန်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။ ညနေပိုင်းတွင် အခြားအစည်းအဝေးတစ်ခုတက်ရန်ရှိ‌ သေးသည်။ ထိုစဉ် ယန်ရှီက ချက်ချင်းပင် သူ့အနားကိုရောက်လာသည်။

"မစ္စတာကျုံ"

ကျုံယန်စီက မတ်တပ်ရပ်လိုက်ပြီး M အမှတ်တံဆိပ်ကုမ္ပဏီကိုပါးနပ်သော ပရိယာယ်ဖြင့် အနိုင်ရခဲ့သော အမျိုးသမီးငယ်လေးကို လှည့်ကြည့်လိုက်သည်။

"ပြောပါ"

ယန်ရှီ၏ မျက်လုံးများက ပတ်ဝန်းကျင်ကို လျင်မြန်စွာ ပတ်ကြည့်လိုက်သည်။

"မစ္စတာကျုံ ကျွန်မနဲ့ လင်းမိသားစုအကြောင်း အွန်လိုင်းက ကောလာဟလတွေ အကုန်လုံးပျောက်သွားပြီ၊ အဲဒါ ကျုံကုမ္ပဏီက ဖြေရှင်းပေးခဲ့တာမလား"

ယန်ရှီက နုံချာသူမဟုတ်ပေ။ သူမ၏ အမည်အစစ်ကို ဖော်ပြပြီးကတည်းက အတိတ်မှ အဖြစ်အပျက်များ ပေါ်လာနိုင်သည်ကို သူမ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ သူမအနေဖြင့် လင်းမိသားစုနှင့် ဆက်နွယ်မှုကို မလိုလားသော်လည်း သမီးအရင်းနှင့် မွေးစားသမီးဟူသည့် ပြဿနာကိုတော့ သူမအနေဖြင့် ရှောင်လွှဲ၍မရနိုင်ခဲ့ပေ။

"ဟုတ်တယ်"

ကျုံယန်စီက မငြင်းခဲ့ချေ။ယန်ရှီသိထားသူများထဲတွင် ဤကဲ့သို့ကိုင်တွယ်ဖြေရှင်းနိုင်သူ နည်းပါးသောကြောင့် ဖုံးကွယ်ရန် ကြိုးစားလျှင်လည်း အဓိပ္ပါယ်ရှိမည် မဟုတ်ပေ။

"ချင်းချင်းက ရှင့်ကို တောင်းဆိုခဲ့တာလား"

"ဟုတ်တယ်"

"အလကားတော့မဟုတ်ဘူး ဟုတ်တယ်မလား"

ကျုံယန်စီက ယန်ရှီ၏ မျက်နှာကို ငုံ့ကြည့်လိုက်သည်။ သူမသည် ကျောင်းသူတစ်ဦးဖြစ်နေသေးသော်လည်း တောက်ပဝင်းလတ်နေသော သူမ၏မျက်လုံးများဖြင့် အကြောင်းအရာများစွာကို မြင်နိုင်သည်။

"အလကားရတာဘာမှမရှိဘူး"

ယန်ရှီနားလည်သည်။ ကျုံချင်းယွီက ကျုံယန်စီထံ အကူအညီတောင်းသည့်အခါတိုင်း ပေးဆပ်ရမည့်တန်ဖိုးရှိသည်။ သူ၏အဆင့်အတန်းကို ထောက်ထားလျှင် ကုန်ကျစရိတ်မှာ နည်းနည်းနောနောမဟုတ်သည်မှာ သေချာသည်။ သူမသည် ကျုံချင်းယွီအား အကြွေးတင်နေပြီဖြစ်ပြီး တဖြည်းဖြည်းချင်းသာ ပြန်လည်ပေးဆပ်နိုင်မည်ဖြစ်သည်။

ယန်ရှီက အပြာရောင်ခန်းမသို့ ပြန်လှည့်သွားတော့မည့်အချိန်တွင် ကျုံယန်စီက ရုတ်တရက် သူ့ကိုလှမ်းပြောလိုက်သည်။

"ကျောင်းသားဖလှယ်ရေးအစီအစဉ်ကို မသွားတော့ဘူးဆိုတာ သေချာပြီလား"

"သေချာပါတယ်"

ယန်ရှီက ခေါင်းညိတ်လိုက်သည်။ နှုတ်ထွက်ရန် စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးပြီးသောကြောင့် နောက်ပြန်လှည့်၍မရတော့ပေ။

ကျုံယန်စီက ရွှေဘောင်ကွပ်ထားသော သူ၏မျက်မှန်ကို နေသားတကျဖြစ်စေရန် ပြန်ညှိလိုက်သည်။

"ဒုတိယနှစ် ဘွဲ့လွန်ကျောင်းသားတွေက အတန်းတက်စရာမလိုဘူးဆိုတာ ငါသိတယ်၊ သူတို့အများစုက နိုင်ငံခြားကို ကျောင်းသားဖလှယ်ရေးအစီအစဥ်နဲ့သွားကြတာ ဒါမှမဟုတ်ရင်လည်း အလုပ်သင်အနေနဲ့သွားကြတာ၊ နိုင်ငံခြားမသွားတော့တဲ့ မင်းအနေနဲ့ ကျုံစီးပွား‌ရေးလုပ်ငန်းစုမှာ အလုပ်သင်စောစောဝင်လို့တယ်၊ ဒါဆို ဘွဲ့ရတာနဲ့ အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်နေလိမ့်မယ် မင်းအတွက်လည်း အဆင်ပြေတယ်"

ယန်ရှီက မေးလိုက်သည်။

"ဒီတစ်နှစ်စာ အလုပ်သင်ကာလကို ဆယ်နှစ်တာ အလုပ်လုပ်ရမဲ့ စာချုပ်ထဲမှာ ထည့်တွက်ပေးမှာလား၊ ကျုံစီးပွားရေးလုပ်ငန်းစုမှာ အလုပ်လုပ်ရမဲ့ကာလကို တစ်နှစ်လျှော့ပေးမှာလား"

ကျုံယန်စီက အေးဆေးတည်ငြိမ်စွာဖြင့် သူမကိုကြည့်လိုက်သည်။

"အလုပ်သင်ကာလကိုလား သေချာပေါက် ထည့်မတွက်ဘူးပေါ့"

ယန်ရှီ : “......”

အရင်းရှင်ဝါဒဆန်သော သူပါလား။

"ဒီလိုလူမျိုးတွေနဲ့ အလုပ်လုပ်နေရင်တော့ ကိုယ့်ကိုယ်ကိုသေအောင် သတ်နေသလို ဖြစ်နေမှာပဲ"

ယန်ရှီစိတ်ထဲတွင် ဒေါသဖြစ်မိသော်လည်း မျက်နှာပေါ်တွင် ယဉ်ကျေးသောအပြုံးဖြင့် ဖြေကြားလိုက်သည်။

"ကျွန်မရဲ့ဘွဲ့လွန်ဒုတိယနှစ်အတွက် အခြားအစီအစဉ်တွေရှိပါတယ်"

ကျုံယန်စီက ထပ်မမေးတော့ပေ။ စာချုပ်အရ ယန်ရှီဘွဲ့ရပြီးသည်နှင့် ကျုံစီးပွား‌ရေးလုပ်ငန်းစုတွင် ဝင်ရောက်လုပ်ကိုင်ရမည်ဖြစ်သဖြင့် ယခုငြင်းဆိုမှုက မလျော်ညီသည်‌တော့ မဟုတ်ပေ။

"မစ္စတာကျုံ"

ယန်ရှီက ရုတ်တရက် လှမ်းခေါ်လိုက်ပြီး သူ၏မျက်နှာကို စူးစိုက်ကြည့်လိုက်သည်။ မျက်ကွင်းညိုများမရှိသကဲ့သို့ ဆံပင်များလည်း ထူထဲစွာရှိနေဆဲပင်။ အလုပ်များလွန်းသည့်အတွက် ပင်ပန်းနွမ်းနယ်နေသည့်လက္ခဏာများလည်း မတွေ့ရပေ။ သို့သော် ဝတ္ထုဇာတ်လမ်းအရ မှားနေမည်မထင်ချေ။ ယန်ရှီသည် ကျုံယန်စီကို စာနာစိတ် လုံး၀မရှိသော သူဌေးတစ်ဦးအနေဖြင့် မနှစ်သက်သော်လည်း သူ၏သေဆုံးမှုကိုလည်း မလိုလားပေ။ သူသည်လည်း လူသားတစ်ဦးဖြစ်ပြီး ကျုံချင်းယွီ၏ အားကိုးရာလည်းဖြစ်နေသည်။

"မစ္စတာကျုံ ကျွန်မက ရှင် နို့တွေသကြား‌တွေနဲ့ မတည့်တာကို မသိခဲ့မိဘူး၊ အရင်က နွားနို့သောက်ဖို့ အကြံပေးခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်"

ယန်ရှီက ယဉ်ယဉ်ကျေးကျေးတောင်းပန်လိုက်သည်။

"ဒါပေမဲ့ ကျွန်မကတော့ ရှင်အလုပ်လုပ်တာ များလွန်းတယ်လို့ ထင်တာပဲ၊ လက်ထောက်ဆွန်းကလည်း ရှင်မနေ့တုန်းက ညနက်တဲ့အထိ အလုပ်လုပ်နေတယ်လို့ ပြောခဲ့တယ်လေ၊ အနားယူဖို့က အရေးကြီးပါတယ် အလုပ်တွေချည်းပဲ အရမ်းမလုပ်နေပါနဲ့"

ကျုံယန်စီက ယန်ရှီကို သံသယနှင့်ကြည့်လိုက်သည်။ ဤကဲ့သို့စကားမျိုးကို လက်ထောက်ဆွန်းထံမှကြားလျှင် သဘာဝကျနိုင်သော်လည်း ယန်ရှီ၏ နှုတ်ဖျားထဲမှ ထွက်လာသည်မှာ နည်းနည်းထူးဆန်းနေသည်။

သူ့အနေဖြင့် ယန်ရှီအား လင်းမိသားစုကိစ္စများတွင် ကူညီပေးခဲ့သော်လည်း လွန်ခဲ့သည့်ငါးနှစ်က တစ်ဆယ်မီလီယံချေးပေးခဲ့ခြင်းဖြစ်စေ၊ ယခုသူမ၏သတင်းများကို ဖုံးကွယ်ပေးခြင်းဖြစ်စေ အရာအားလုံးသည် ကျုံချင်းယွီ၏ တောင်းဆိုမှုကြောင့် လုပ်ပေးခဲ့ခြင်းသာဖြစ်သည်။

သူနှင့်ယန်ရှီသည် တစ်ဦးကိုတစ်ဦး ဂရုစိုက်နေရလောက်သည့် ဆက်ဆံရေးမျိုး မရှိပေ။

ယန်ရှီ ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ သူမ၏အိတ်ထဲမှ ရှေ့ရက်က ကျုံချင်းယွီနှင့်အတူ ဈေးဝယ်ထွက်စဉ် ဝယ်ထားခဲ့သည့် Minion ပုံစံမျက်လုံးအုပ်တစ်ခုကို ထုတ်ယူကာ ကျုံယန်စီထံပေးလိုက်သည်။

"ဒါလေး မစ္စတာကျုံအတွက်ပါ"

ယန်ရှီက လှပစွာပြုံးလိုက်သည်။

"ဒါက မျက်လုံးအုပ်တဲ့ Maskလေးပါ အလင်းရောင်တွေကို ကာပေးတယ်လေ အိပ်ဖို့အချိန်မရှိရင်လည်း ကားထဲမှာ ခဏတဖြုတ်အိပ်လို့ရတာပေါ့ ဘာပဲဖြစ်ဖြစ် အနားယူပါ အလုပ်တွေအရမ်းမလုပ်ပါနဲ့"

ကျုံယန်စီသည် ယန်ရှီ၏ ပြုံးနေသည့် မျက်လုံးများထဲတွင် ဟန်ဆောင်ဖုံးကွယ်ထားသည့် ပုံစံမဟုတ်သည်ကို တွေ့ရသဖြင့် ရိုးရှင်းစွာပြန်ဖြေလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

မျက်လုံးအုပ်ကိုယူရန် လက်ဆန့်လိုက်စဉ် သူ၏လက်ချောင်းများသည် ယန်ရှီ၏လက်ဖျားလေးများကို မတော်တဆထိမိသွားသည်။ ကျုံယန်စီသည် နွေရာသီတွင် အေးမြသောကျောက်စိမ်းကလေးကို ထိတွေ့လိုက်ရသကဲ့သို့ ပျော့ပျောင်းသည့် အထိအတွေ့ကို ခံစားမိလိုက်သည်။ သူကိုယ်တိုင်ပါ လန်းဆန်းသွားသကဲ့သို့ သက်တောင့်သက်သာရှိမှုကိုပါ ခံစားလိုက်ရသည်။

"ယန်စီ"

သူ၏ မိခင်ဖြစ်သူ မုန့်ယင်းရုန်၏ အသံသည် ရုတ်တရက် နောက်မှထွက်ပေါ်လာကာ သူတို့၏စကားဝိုင်းကို ဖြတ်တောက်လိုက်သည်။ ကျုံယန်စီလှည့်ကြည့်လိုက်သောအခါ မုန့်ယင်းရုန်သည် အပြာရောင်ခန်းမထဲမှ လက်ကိုင်အိတ်ကို ဆွဲကာ ထွက်လာနေသည်ကိုတွေ့ရသည်။

ယန်ရှီ၏ ဘေးမှဖြတ်လာစဉ် မုန့်ယင်းရုန်သည် မထီမဲ့မြင်ပြုသည့် အကြည့်တစ်ချက်ကြည့်လိုက်ပြီး ကျုံယန်စီထံသို့ လျှောက်လှမ်းသွားသည်။

မုန့်ယင်းရုန်နှင့် ကျုံယန်စီတို့တွင် ဆွေးနွေးစရာကိစ္စများရှိသည်ကိုသိသော ယန်ရှီသည် အပြာရောင်ခန်းမအတွင်းသို့ ပြန်ဝင်ကာ ကျုံချင်းယွီကိုသာ လိုက်ရှာနေလိုက်တော့သည်။

ယန်ရှီအနားတွင်မရှိသောအခါ မုန့်ယင်းရုန်သည် ကျုံယန်စီ၏လက်ထဲမှ မျက်လုံးအုပ်ကိုဆွဲယူပြီး ဘေးသို့ ပစ်ချလိုက်သည်။

"ဒါက ဘယ်လိုအမှိုက်မျိုးလဲ၊ အထည်ကြီးပျက်မိသားစုက လူတွေက မည်မည်ရရ ဘာမှမလုပ်တတ်ကြဘူးလား"

ကျုံယန်စီ၏ မျက်နှာအမူအရာမှာ ပိုမိုမာကျောလာသည်။

"မား ဒါတော့မလုပ်သင့်ပါဘူး"

မုန့်ယင်းရုန်၏ အသံတွင် ပိုမိုပြီး အထင်သေးသည့် လေသံပါလာသည်။

"ဒီမိန်းကလေး ဘာလုပ်နေတာမှန်းမသိဘူးလား၊ ကျုံချင်းယွီကိုချဥ်းကပ်ပြီး ချမ်းသာတဲ့မိသားစုထဲကိုဝင်ဖို့ကြိုးစားနေတာ‌လေ၊ မင်းက သူ့အတွက်အကောင်းဆုံးပစ်မှတ်ပဲ သူက မင်းကို အပိုင်ကြံဖို့ ဆုံးဖြတ်ပြီးနေလောက်ပြီ"

ကျုံယန်စီသည် ယန်ရှီပေးခဲ့သော မျက်လုံးအုပ်ကိုပြန်ကောက်ယူပြီး ဖုန်မှုန့်များကိုခါချလိုက်သည်။

"ယန်ရှီက အဲဒီလိုရည်ရွယ်ချက်မျိုး ဘယ်တော့မှ ရှိမှာမဟုတ်ဘူး"

"သူက ဟန်ဆောင်တတ်တယ် ငါတောင် လှည့်စားခံခဲ့ရတာ၊ အဲဒါနဲ့ပဲ ကျုံချင်းယွီကို အခွင့်အလမ်းတစ်ခု အလကားပေးလိုက်ရတယ်"

မုန့်ယင်းရုန်သည် M အမှတ်တံဆိပ်စာချုပ်ကိစ္စကြောင့် ဒေါသထွက်နေဆဲဖြစ်သည်။

ကျုံယန်စီသည် မိခင်နှင့်အငြင်းမပွားလိုတော့ပေ။ သူမ၏ မျက်လုံးထဲတွင် သူ့သားအနားရောက်လာသည့်မိန်းမတိုင်းတွင် မကောင်းသောရည်ရွယ်ချက်ရှိသည်ဟု ထင်နေသည်။

သူ့အနေဖြင့် ထိုမိန်းကလေးများထဲမှ အများစုသည် ၎င်းနှင့်အလားတူသော ရည်ရွယ်ချက်မျိုးဖြင့် ချဉ်းကပ်လာခြင်းဖြစ်သည်ကို သိထားသည်။ သို့သော် ထိုအထဲတွင် ယန်ရှီမပါဝင်ဟု သူ၏ အလိုအလျောက်ခံစားမှုက ပြောနေသည်။

"မား ဘာမှ ပြောစရာမရှိရင် သားသွားတော့မယ်"

"ခဏနေဦး"

မုန့်ယင်းရုန်ကတားလိုက်သည်။

"ဘာလို့အလျင်လိုနေတာလဲ ငါပြောလို့မပြီးသေးဘူးလေ"

မုန့်ယင်းရုန်သည် ဖုန်းထဲမှ လုဝမ်နင်း၏ ဖုန်းနံပါတ်ကို ကျုံယန်စီထံပို့လိုက်သည်။

"လုဝမ်နင်းလည်း လီမြို့မှာပြပွဲအတွက်ရောက်နေတယ် သားတို့နှစ်ယောက်တွေ့ပြီး အဆင်ပြေတယ်ဆိုရင် စေ့စပ်ရမယ်"

ကျုံယန်စီမျက်ခုံးကြုတ်မိသွားသည်။

"လုမိသားစုကတစ်ယောက်ယောက်နဲ့ ကျွန်တော်တို့မိသားစုက အခုလိုစေ့စပ်ဖို့လိုလို့လား"

မုန့်ယင်းရုန်က ဒေါသသံစွက်၍ ပြောလိုက်သည်။

"ကျုံချင်းယွီက ပေမိသားစုရဲ့ ဒုတိယသခင်‌လေးနဲ့ အချိတ်အဆက်လုပ်ပြီးပြီ၊ ပေမိသားစု နောက်ခံနဲ့ဆို ကျုံဟုန်ရှန်းက သူ့ကိုပဲ သဘောကျမှာသေချာတယ်၊ မင်းအနေနဲ့ သူ့ကို ယှဉ်နိုင်ဖို့ဆိုရင် အဆင့်အတန်းတူတဲ့ လက်တွဲဖော်တစ်ယောက်လိုတယ်၊ ငါ့စိတ်ထဲတော့ လုမိသားစုက အကောင်းဆုံးပဲ ၊လုဝမ်နင်းက မင်းဘေးက တခြားမိန်းကလေးတွေထက် အပုံကြီးသာတယ်"

"ညစာစားရုံပါပဲ၊ မင်းဆီက အချိန်အများကြီးမယူပါဘူး"

ကျုံယန်စီသည် ရွှေဘောင်ကွပ်ထားသောမျက်မှန်ကို ချွတ်လိုက်ပြီး အေးစက်သောအကြည့်ဖြင့် ပြန်ပြောလိုက်သည်။

"နေ့ခင်းကျရင် တခြားကိစ္စရှိသေးတယ်၊ အမေသွားချင်ရင် ကိုယ်တိုင်သွားလိုက်ပါ"

ထို့နောက် ကျုံယန်စီသည် ဒါရိုက်တာဆွန်းမောင်းနှင်မည့် Bentley ကားလေးထဲသို့ ဝင်သွားသည်။ မုန့်ယင်းရုန်သည် ကားနောက်မှ နေ၍ ဒေါသတကြီး လှမ်းအော်လေသည်။

"ကျုံယန်စီ ဒါက ငါ မင်းကောင်းဖို့အတွက် လုပ်နေတာ၊ မင်းဘာလို့နားမလည်နိုင်ရတာလဲ"

************

ဖက်ရှင်ရှိုးပွဲ ဇာတ်စင်ပေါ်တွင်ဖြစ်သည်။

ကင်မရာမှန်ပြောင်းများနှင့် တလက်လက်ထနေသောအလင်းများက အိပ်မက်ဆန်သည့် ရသကိုဖန်တီးထားကာ ဇာတ်စင်တစ်ခုလုံးကို မှော်ဆန်သောအလှတရားများဖြင့် ဖုံးလွှမ်းထားသည်။

မော်ဒယ်များသည် တစ်ဦးပြီးတစ်ဦး ဇာတ်စင်ပေါ်သို့ထွက်လာပြီး ခန့်ညားသောဟန်နှင့် ယုံကြည်မှုပြည့်စွာ လျှောက်လှမ်းနေကြသည်။

"ဒါဆို ကျုံယန်စီမှာ စေ့စပ်ထားတဲ့သူရှိတယ်ပေါ့၊ ဝတ္ထုထဲမှာ ဒီဇာတ်ကောင်မတွေ့ဖူးဘူးနော်"

ကျုံယန်စီထွက်ခွာသွားပြီးနောက် စောင့်ကြည့်နေသော Systemမှာ ယန်ရှီထံသို့ အချက်အလက်များကို အမြန်အဆန်ပင်ပြန်လည် တင်ပြပေးသည်။

ကျုံချင်းယွီနှင့်အတူ စင်မြင့်ပေါ်မှ အဆင့်မြင့်ဖက်ရှင်ဒီဇိုင်းများကို ကြည့်ရှုနေစဉ် ယန်ရှီသည် System ၏ တင်ပြချက်များကို နားထောင်နေသည်။

System - [လုဝမ်နင်းအကြောင်းကို ဝတ္ထုထဲမှာဖော်ပြထားပါတယ်၊ ကျုံယန်စီက သူ့ကို လျစ်လျူရှုခဲ့လို့ မင်းမသိခဲ့ရတာ]

လုဝမ်နင်းသည် လုမိသားစု၏ အကြီးဆုံးသမီးဖြစ်ပြီး ယန်ရှီအတွက်မူ မစိမ်းသည့် အမည်နာမတစ်ခုဖြစ်သည်။ အကြောင်းမှာ ကျိကျိတက်ချမ်းသာသော မိသားစုများတွင် ကျုံမိသားစု၊ ပေမိသားစုနှင့် လုမိသားစုတို့ ပါဝင်သောကြောင့်ပင် ဖြစ်ပါသည်။

ကျုံချင်းယွီကဲ့သို့ မိဘကအလိုလိုက်ထား၍ ပျက်စီးကာ လူတိုင်းကို အထက်စီးမှ ဆက်ဆံတတ်သော ပုံစံမျိုးမဟုတ်ဘဲ လုဝမ်နင်းသည် ပြည့်စုံပြီး အရည်အချင်းရှိသူတစ်ယောက်၏ ပုံစံမျိုးဖြစ်သည့်အပြင် အထက်တန်းလွှာများကြားထဲမှ အထက်တန်းလွှာအမျိုးသမီးတစ်ဦးဖြစ်သည်။ အသက် ၂၆ နှစ်အရွယ်တွင် လုအုပ်စု၏ စီအီးအိုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သုံးနှစ်အတွင်း စီမံကိန်းများစွာကို အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ကျုံယန်စီ၏ လတ်တ‌လောအောင်မြင်မှုများနှင့်ပင် ရင်ဘောင်တန်းနိုင်သည်။

မိသားစုနောက်ခံနှင့် အရည်အချင်းအရ သူမနှင့် ကျုံယန်စီသည် အလိုက်ဖက်ဆုံးဖြစ်သည်။

မုန့်ယင်းရုန်၏ ဘဝတွင် အမှားများစွာ လုပ်ခဲ့သော်လည်း သားဖြစ်သူ ကျုံယန်စီအတွက် သတို့သမီးရွေးချယ်ရာတွင် မျက်စိအလွန်စူးရှသည်ဟု ဆိုရပေမည်။

system - [ဝတ္ထုထဲမှာ နှစ်ယောက်စလုံးက စေ့စပ်ပြီးတာနဲ့ လက်မထပ်ဖြစ်ခဲ့ဘူး၊ ကျုံယန်စီရုတ်တရက်သေဆုံးသွားတော့ စေ့စပ်မှုကို ဖျက်သိမ်းလိုက်ရတယ် ဒါပေမဲ့ ကျုံယန်စီသာမသေခဲ့ဘူးဆိုရင် ဒီလက်ထပ်ပွဲအောင်မြင်နိုင်မလား]

"ဒါတော့ အဓိပ္ပါယ်ရှိတယ်"

ယန်ရှီက ဆန်းစစ်ကြည့်လိုက်သည်။

"ကျုံမိသားစုနဲ့ လုမိသားစုသာပူးပေါင်းခဲ့ရင် ကျုံယန်စီတစ်ယောက် အခက်တွေ့နေရင်တောင် လုမိသားစုက ကူညီမှာပဲ မဟုတ်လား"

ယန်ရှီက ဝမ်းသာစွာ လက်ခုပ်တီးလိုက်သည်။

"ငါတော်လိုက်တာ"

System ၏ ဝိုင်းစက်နေသောမျက်လုံးများသည် ယန်ရှီဘက်သို့ ငေးကြည့်လိုက်သည်။

[ဘာတွေတွေးနေတာလဲ ပေယွဲ့ပိုင်က သူတစ်ယောက်တည်းနဲ့ ပေဟန်လီကို လှည့်စားပြီး ကျုံမိသားစုကို ချုပ်ကိုင်နိုင်ဖို့ စီစဥ်ခဲ့တယ်၊ သူ့မှာ အဲဒီလို လုပ်နိုင်တဲ့အရည်အချင်းရှိလို့လား မရှိဘူးလေ၊ အခုလို ဖြစ်သွားတယ်ဆိုတာကလည်း သူက လုမိသားစုနဲ့ပူးပေါင်းခဲ့လို့ပဲ]

ဝတ္ထုထဲတွင်လည်း အမျိုးသားဇာတ်ဆောင်အကြောင်းကိုသာ အသားပေးဖော်ပြထားသဖြင့် လုမိသားစုအကြောင်း အသေးစိတ်မဖော်ပြထား‌ချေ။ အမှန်တွင် ကျုံမိသားစုကို ချုပ်ကိုင်ခဲ့သူမှာ ပေယွဲ့ပိုင်နှင့် လုမိသားစုတို့သာဖြစ်သည်။

System က ဆက်လက်၍ ပြောပြသည်။

[ကျုံမိသားစုသာ ဒုက္ခရောက်ရင် လုဝမ်နင်းရဲ့ ပုံစံကြည့်ရတာတော့ဘယ်တော့မှ ကူညီမှာမဟုတ်ဘူး၊ သူက စိတ်ဓာတ်ကြံ့ခိုင်ပြီးတော့ ချစ်ခြင်းမေတ္တာထက် ပိုက်ဆံကိုပဲ အလေးထားသူတစ်ယောက်လေ၊ ကျုံမိသားစုကို နောက်ကျောကနေ ဓားနဲ့ထိုးမှာ သေချာတယ်]

ယန်ရှီ : “.....”

ကြီးမားသောအမှားတစ်ခု လုပ်ခဲ့မိ‌လေပြီ။

System က ထပ်မံ၍ ဖြည့်စွက်ပြောဆိုသည်။

[နောက်ပြီးတော့ လုမိသားစုက ရဲ့လော့ယီကို ထောက်ပံ့ပေး နေတဲ့သူတွေပဲ]

ယန်ရှီနားမလည်နိုင်ခဲ့ပါ။

"ရဲ့လော့ယီက ဘယ်လိုလုပ်ပြီး ပါလာပြန်တာလဲ၊ သူက ဘာလို့များ ဒီလောက်ကောင်းတဲ့ အဆက်အသွယ်တွေ ရှိနေရတာလဲ"

System က ပခုံးလှုပ်ပြလိုက်သည်။

[သူက ဇာတ်လိုက်မင်းသမီးပဲ အထောက်အပံ့ပေးတဲ့သူများတာက ပုံမှန်ပဲလေ]

[သိထားရမှာက လုမိသားစုမှာ မောင်နှမနှစ်ယောက်အပြင် လွန်ခဲ့တဲ့ နှစ်တွေတုန်က ပျောက်ဆုံးနေခဲ့တဲ့ သမီးတစ်ယောက်ရှိခဲ့တယ်၊ ပျောက်တာက နှစ်နှစ်ဆယ်တောက်ကြာပြီဆိုတော့ ပြန်တွေ့ဖို့မျှော်လင့်ချက်မရှိတော့ပါဘူး]

[နောက်ပိုင်းမှာ ရဲ့လော့ယီက လေယာဉ်ပေါ်မှာ လုမားမားရဲ့ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ပြဿနာတစ်ခုကို ကယ်တင်ပေးခဲ့တယ် လုမားမားက ပျောက်ဆုံးနေတဲ့သမီးနဲ့ အသက်တူတဲ့ ရဲ့လော့ယီကို မြင်တော့ သမီးအရင်းလိုပဲ မွေးစားလိုက်တယ်]

[အဲဒါကြောင့် လုမိသားစုက ပေယွဲ့ပိုင်နဲ့ပူးပေါင်းပြီး ကျုံမိသားစုကိုသိမ်းပိုက်ဖို့ သဘောတူခဲ့တာ ဒါကလည်း လုမိသားစုက ရဲ့လော့ယီဘက်က ရပ်တည်ခဲ့လို့ပဲလေ]

ယန်ရှီက ဖက်ရှင်ရှိုးပွဲလက်ကမ်းစာ‌စောင်ကို သတိမထားမိဘဲ ဆုပ်ကိုင်‌ချေမွလိုက်မိသည်။ ယခုကိစ္စသည် ခေါင်းကိုက်ဖွယ်ကောင်း သော အခြေအနေတစ်ခုဖြစ်ပါသည်။

ပေယွဲ့ပိုင်သည် ပေမိသားစု၏ တရားမဝင်သားဖြစ်သော်လည်း ပေမိသားစု၏နောက်ခံရှိသည်။ ရဲ့လော့ယီမှာမူ ရဲ့မိသားစုအပြင် လုမိသားစု၏ နောက်ခံပါရှိနေသည်။

ဤအရာက ကျုံချင်းယွီအတွက် အနှုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများရှိနေပြီဖြစ်ပါသည်။ ကျုံယန်စီမသေဖို့လိုအပ်သည်။ သူသာ သေသွားခဲ့ပါက ကျုံမိသားစုကို မည်သူက ဦးဆောင်ထိန်းသိမ်းမည်နည်း။

ညနေခင်း ဖျော်ဖြေပွဲပြီးဆုံးသွားသောအခါ ယန်ရှီနှင့် ကျုံချင်းယွီတို့နှစ်ဦးစလုံး ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ ညစာစားပြီးနောက် လူးဝစ်က အခြားအစီအစဥ်များမပြောသောကြောင့် သူတို့နှစ်ဦးသည် တည်းခိုခန်းသို့ပြန်ကာ အနားယူခဲ့ကြသည်။ သူ့တို့သည် လုံးလုံးလျားလျားပင်ပန်းလွန်းနေပြီဖြစ်ရာ သက်တောင့်သက်သာရှိသော အဝတ်အစားများကို အမြန်လဲလိုက်ကြသည်။

ယန်ရှီအနေဖြင့် လှုပ်ရှားရသည်မှာပင် သူမအတွက် ပင်ပန်းလွန်းနေပြီဖြစ်သည်။ ယခုအကြိမ်သည် သူမအ‌နေဖြင့် ပထမဆုံးအကြိမ် ခမ်းနားကြီးပျယ်သည့် ဝတ်စုံကိုစဝတ်ရခြင်းမဟုတ်ပေ။ လင်းမိသားစု၏ သမီးအဖြစ် နေခဲ့ရစဉ်က အဆင့်မြင့်ဝတ်စုံများဝတ်ခဲ့ဖူးသည်။

သို့သော် ငါးနှစ်ကြာပြီးနောက် ယခုကဲ့သို့ တခမ်းတနားဝတ်စုံမျိုးကိုပြန်ဝတ်ရပြီး ကင်မရာများရှေ့တွင် တည်ငြိမ်ရင့်ကျက်စွာ နေပြရခြင်းက ပိုမိုပင်ပန်းစေခဲ့သည်။

ည ၁၀ နာရီအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုပြီးဆုံးသွားပြီဖြစ်သည်။ ကျုံချင်းယွီသည် မိနစ်ဆယ်ခန့် အနားယူပြီးနောက် ရုတ်တရက်ထထိုင်ကာ လက်ပ်တော့ပ်ကိုဖွင့်ကြည့်လိုက်သည်။ ယန်ရှီသည် စူးစမ်းသောမျက်လုံးများဖြင့်မေးလိုက်သည်။

"ဘာတွေလုပ်နေတာလဲ"

သူမ စခရင်ထံ လှမ်းကြည့်လိုက်ရာ ခရမ်းရွှေဥယျာဉ်ဟုခေါင်းစဉ်တပ်ထားသော တင်ဒါစာတမ်းတစ်ခုကို တွေ့ရှိလိုက်ရသည်။

"တင်ဒါပ‌ရောဂျက်တစ်ခုရှိနေတယ် ငါထပ်ပြီးစစ်ဆေးကြည့်ရဦးမယ်"

ထိုစဉ် သူမ၏ဖုန်းမြည်လာသည်။ သူမ၏ လက်ထောက်ယူရှောင် ခေါ်နေခြင်းဖြစ်သည်။ ကျုံချင်းယွီသည် ဖုန်းကို ချက်ချင်းပြန်ဖြေလိုက်သည်။

ယန်ရှီသိထားသည်မှာ ကျုံချင်းယွီတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စများအတွက် လက်ထောက်မုန့်လေးဆိုသူနှင့် ကျုံစီးပွားရေးလုပ်ငန်းစုတွင် အလုပ်ကိစ္စများအတွက်တာဝန်ရှိသော လက်ထောက်ယူရှောင်ဟူ၍ လက်ထောက်နှစ်ယောက်ရှိသည်။

ယူရှောင်: "အစ်မကျုံ ကျွန်တော်တို့အဖွဲ့ပြင်ဆင်ထားတဲ့ အဆိုပြုလွှာကို ပို့ပေးထားပါတယ်၊ အစ်မစစ်ပြီးရင် ဥက္ကဋ္ဌကျုံဆီကိုပို့ပါမယ်၊ သူက အစ်မရဲ့ အကြံပြုချက်နဲ့ မစ္စတာကျုံရဲ့ အကြံပြုချက်ကို နှိုင်းယှဉ်ပြီးမှ ဘယ်ဟာကိုသုံးမယ်ဆိုတာ ဆုံးဖြတ်ပါလိမ့်မယ်"

ကျုံချင်းယွီက အဆိုပြုလွှာကို ဖတ်ကြည့်လိုက်သည်။

"ကျုံယန်စီရဲ့ အဆိပြုလွှာက ဘယ်လိုရှိလဲ"

ဗီဒီယိုဖုန်း‌ခေါ်ဆိုမှုဖြင့် စကားပြောနေခြင်းဖြစ်ရာ ယူရှောင်က ခေါင်းကို ခါပြလိုက်သည်။

"မစ္စတာကျုံက လျှို့ဝှက်ချက်ကို ကောင်းကောင်းထိန်းထားတယ်ကျွန်တော်တို့သိပ်မသိဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အဆိုပြုလွှာအပေါ် ယုံကြည်မှုအပြည့်ရှိပါတယ်၊ အစိုးရမြေနေရာအတွက် စီးပွားရေး ဒေသတစ်ခု အကောင်အထည်ဖော်ပေးဖို့ အဆိုပြုတဲ့ ဒီအစီအမံက အလုပ်ဖြစ်နိုင်တယ်"

ကျုံချင်းယွီသည် ယန်ရှီ၏ ရှေ့မှာပင် ကျစ်ကျင်းဥယျာဉ်စီမံကိန်းအကြောင်းကို ယူရှောင်နှင့်ဆွေးနွေးသည်။

ယန်ရှီက အတွေးနယ်ချဲ့နေမိသည်။ သူမသည် ကျစ်ကျင်းဥယျာဉ်စီမံကိန်းအကြောင်း အနည်းငယ်မှတ်မိနေသည်။ စံအိမ်ငယ်များ တည်ဆောက်ရေးစီမံကိန်းတစ်ခုဖြစ်ပြီး လွန်ခဲ့သောနှစ်များတွင် အိမ်ခြံမြေဈေးကွက်ကျဆင်းနေသော်လည်း မြို့ကြီးပြကြီးများရှိ မြေများသည် ဈေးတက်နေဆဲဖြစ်သည်။ ကျုံချင်းယွီနှင့် ကျုံယန်စီတို့သည် ကျစ်ကျင်းဥယျာဉ်၏ ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ပိုင်ခွင့်အတွက် ယှဉ်ပြိုင်နေကြဟန်ရှိသည်။ အနုပညာလောကထဲရှိ သန်းပေါင်းများစွာသော စီမံကိန်းများသည် ငွေကြေးပမာဏကြီးမားသည်ဟုထင်ရသော်လည်း ကျစ်ကျင်းဥယျာဉ်ဖွံ့ဖြိုးရေးစီမံကိန်းသည် ဘီလီယံနှင့်ချီ၍ တန်ကြေးရှိသော စီမံကိန်းတစ်ခုဖြစ်နေသည်။

ယူရှောင်၏ အဆိုပြုချက်မှာ အစိုးရ၏ မြေယာခွဲ‌ဝေရေးအစီအစဉ်ဖြင့် စျေးဝယ်စင်တာတစ်ခုဆောက်လုပ်မည့် အစီအစဉ်ဖြစ်သည်။ အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းတွင် အလုပ်ဖြစ်နိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။ စီးပွားရေးဇုန်တစ်ခုတည်ဆောက်ခြင်းဖြင့် ဒေသတွင်းစီးပွားရေးကို အထောက်အကူဖြစ်စေနိုင်သည်။ အိမ်ခြံမြေဖွံ့ဖြိုးရေးအမှန်တကယ် ဖြစ်မြောက်လာစေရန်အတွက် အကိုက်ညီဆုံးဖြစ်နိုင်သည့် ပရောဂျက်တစ်ခုဖြစ်ပါသည်။

သို့သော်...

ယန်ရှီက သူမ၏ ဖုန်းကိုဖွင့်လိုက်ကာ ကျစ်ကျင်းဥယျာဉ်၏ တည်နေရာကိုကြည့်လိုက်သည်။

"ဒါနဲ့လေ ကျစ်ကျင်းဥယျာဉ်က အသစ်တိုးချဲ့ထားတဲ့ခရိုင်ထဲမှာလား၊ အဲဒီနေရာက မဖွံ့ဖြိုးသေးတဲ့နေရာတစ်ခုပဲ စျေးဝယ်စင်တာဆောက်ရင် လူတွေသွားမှာမလို့လား"

ဟိုင်မြို့သည် ပထမတန်းစားမြို့တစ်မြို့ဖြစ်သည်နှင့်အညီ စျေးဝယ်စင်တာများ အများအပြားရှိမည်မှာ အမှန်ပင်ဖြစ်သည်။

သာမန်စျေးဝယ်စင်တာတစ်ခုက ယှဉ်ပြိုင်နိုင်စွမ်းရှိနိုင်မည် မဟုတ်ပေ။

ယန်ရှီ၏စကားကိုကြားသောအခါ ယူရှောင်တုန်လှုပ်မိသွားသည်။

"မိန်းကလေးယန်ရှီ မင်းက ဘာဆောက်ရင် အဆင်ပြေမယ်ထင်လို့လဲ"

ယန်ရှီက ခဏတာ တွေးတောနေမိပြီး ပြန်ပြောလိုက်သည်။

"ဂေဟစနစ်စိမ့်နယ်မြေ"

ယူရှောင်က တီးတိုးရယ်မောလိုက်သည်။

"မိန်းကလေးယန်ရှီ မင်းက ကျောင်းသူလေးပဲရှိပါသေးတယ် ဒါတွေ နားမလည်ပါဘူး"

ဂေဟစနစ်စိမ့်နယ်မြေကို လူများ သွားလာပါမည်လော။ မသွားနိုင်ချေ။

ယန်ရှီသည် နှုတ်ခမ်းစူလိုက်ပြီး ဘာမှမပြောတော့ပေ။

သူမသည် ဘဏ္ဍာရေးနယ်ပယ်ကိုသာ လေ့လာနေခဲ့ပြီး အိမ်ခြံမြေလုပ်ငန်းများနှင့်ပတ်သက်၍ အနည်းငယ်သာသိထားသည်။

သို့သော် ဝတ္ထုဇာတ်လမ်းတွင် ကျုံယန်စီသည် ကျစ်ကျင်းဥယျာဉ် ဖွံ့ဖြိုးရေးပရောဂျက်ကို လုပ်ပိုင်ခွင့်ကို ရရှိခဲ့ပြီး သူ၏ အဆိုပြုလွှာမှာ အစိုးရကို ဂေဟစနစ်စိမ့်နယ်မြေပန်းခြံတစ်ခု တည်ဆောက်ပေးရန်ဖြစ်သည်။

ဂေဟစနစ်စိမ့်နယ်မြေ၏ စီးပွားရေးအကျိုးကျေးဇူးများသည် စီးပွားရေးဒေသတည်ဆောက်ခြင်းထက် နည်းသည်။ သို့သော် ဟိုင်မြို့၏ မကြာသေးမီက မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများသည် ပန်းခြံမြို့တော်စီမံကိန်းကို ဦးတည်နေခဲ့သည်။ ဂေဟစနစ်စိမ့်နယ်မြေဆိုသည့် အယူအဆသည် ပန်းခြံမြို့တော်တည်ဆောက်ရေးစီမံကိန်းနှင့် လိုက်ဖက်ညီလှသည်။

ထို့အပြင် နောက်ပိုင်းတွင် ဂေဟစနစ်စိမ့်နယ်မြေစီမံကိန်းကြောင့် ကျစ်ကျင်းဥယျာဉ်၏ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး ဟိုင်မြို့၏ ဈေးအကြီးဆုံးတိုက်ခန်းအိမ်ရာများဖြစ်လာခဲ့သည်။

သို့သော် အချိန်တန်သောအခါ ကျုံယန်စီက သေဆုံးခဲ့ပြီး အကျိုးခံစားရသူမှာ ကျုံစီးပွားရေးလုပ်ငန်းအုပ်စုကို ရယူခဲ့သော ပေယွဲ့ပိုင်ဖြစ်နေပြီဖြစ်သည်။

ကျုံချင်းယွီကလည်း ယန်ရှီ၏စကားကို အလေးမထားဘဲ နေခဲ့သည်။ ယူ‌ရှောင်၏ အဆိုပြုလွှာတင်ပြမှုပြီးဆုံးပြီးဖြစ်သည်။

ဟိုင်မြို့တွင် ညနေ ၄ နာရီနီးပါးရှိနေပြီဖြစ်ရာ သူမ၏ ဖခင်ထံမပို့မီ ပြင်ဆင်ရန်အချိန်အများအပြားမကျန်ရှိတော့ပေ။

ကျစ်ကျင်းဥယျာဉ်စီမံကိန်းသည် ကျုံချင်းယွီ၏ လက်ထဲမှ လွတ်မြောက်သွားရန်သာ ကံဇာတာပါနေပုံရသည်။

ကျုံချင်းယွီသည် ဖုန်းပိတ်ပြီးနောက် ကျစ်ကျင်းဥယျာဉ် အဆိုပြုလွှာကို ဆက်လက်လေ့လာနေသည်။ ယန်ရှီအတွက်မူကား သူမယခုလိုကြိုးစားနေခြင်းကို ရှားရှားပါးပါးမြင်ဖူးခြင်းဖြစ်သည်။

သို့သော် စကားပုံတစ်ခုရှိသည်။

"သံချောင်းကို အပ်ဖြစ်အောင်သွေးနိုင်ပေမဲ့ သစ်သားတုတ်ကတော့ သွားကြားထိုးတံပဲဖြစ်မှာပဲ၊ ဘယ်လိုပဲ ကြိုးစားကြိုးစား သူက ကျုံယန်စီကို နိုင်မှာ မဟုတ်ဘူး အခုလိုကြိုးစားနေရတာဟာ ဘာများအဓိပ္ပါယ်ရှိလို့လဲ"

ယန်ရှီ သူမကို ဖောင်းဖျရန်ကြိုးစားကြည့်သည်။

"မိသားစုရဲ့ သမီးအငယ်ဆုံးလေးအနေနဲ့ နှစ်တိုင်းအမြတ်ငွေတွေကိုပဲယူပြီး အေးအေးဆေးဆေးနေနေရတာ ဘယ်လောက်ကောင်းလဲဆိုတာ စဉ်းစားဖူးလား၊ အဲဒီလို နေရတာမကောင်းဘူးလား"

ကျုံချင်းယွီသည် ချက်ချင်းပင် ငြင်းလိုက်သည်။

"အဲဒါက ကျုံယန်စီဆီကို ကုမ္ပဏီလွှဲပေးလိုက်သလိုပဲလေ၊ ငါက ဒါမျိုးဘာလို့ ဖြစ်ခွင့်ပြုလို့ရမလဲ စိတ်မပူပါနဲ့၊ ငါ ကျစ်ကျင်းဥယျာဉ်စီမံကိန်းကိုရမှာပါ ရသွားလို့ရှိရင် နင့်ကို စံအိမ်တစ်လုံးပေးမယ်"

ယန်ရှီ- "ကျေးဇူးတင်ပါတယ်"

သို့သော်လည်း သူမ မအောင်မြင်နိုင်ပေ။

ကျုံချင်းယွီက ရုတ်တရက်မတ်တပ်ထရပ်လိုက်ပြီး ယန်ရှီကို ပြန်ကြည့်ကာ မျက်လုံးများတောက်ပလာသည်။

"ရုတ်တရက်ကြီး ဘာလို့ငါ့ကိုဒီလိုပြောနေတာလဲ ငါက ကျုံယန်စီကိုမနိုင်ဘူးလို့ထင်နေတာလား"

System ၏ အနီရောင်သတိပေးချက်များ ထွက်ပေါ်လာသည်။

[အန္တရာယ်ရှိတဲ့မေးခွန်း! အန္တရာယ်ရှိတဲ့မေးခွန်း! Host ရေ မင်း အဖြေကို သေချာစဉ်းစားပါဦး]

ယန်ရှီက ခေါင်းကို စောင်းကာ ဟန်ဆောင်မှုကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။

"ကောင်းပြီ နင်နိုင်မှာသေချာလား"

ကျုံချင်းယွီ- !!!

"ယန်ရှီ"

ကျုံချင်းယွီက ယန်ရှီကို ခုန်အုပ်လိုက်ပြီး သူမ၏ခါးကို အပျော်သဘောဖြင့် ကလိထိုးလိုက်သည်။

"အခု ပြောတဲ့စကားကိုပြန်စဉ်းစားခွင့်ပေးမယ် ပြော ငါနိုင်မှာလား မနိုင်ဘူးလား"

ယန်ရှီသည် ကလိထိုးလျှင် အလွန်ယားတက်သူတစ်ယောက်ဖြစ်ရာ ရယ်လိုက်ငိုလိုက်ဖြစ်နေတော့သည်။

"ငါမှားပါတယ် ငါမှားသွားပါတယ် ကလိမထိုးပါနဲ့တော့၊ နင်နိုင်မှာပါ ဟုတ်ပြီလား နင်ပဲနိုင်မှာပါ"

ကျုံချင်းယွီက သူမ၏ လက်ကို ပြန်ရုပ်လိုက်ပြီး ကျေနပ်စွာ ပြောသည်။

"ဒီလိုမှပေါ့"

သူမခဏနားပြီးနောက် ထပ်ပြောပြန်သည်။

"တကယ်တော့ ကျုံယန်စီက ရှိန်လောက်တယ်ဆိုတာငါသိပါတယ်၊ ငါအောင်မြင်ဖို့ အခွင့်အလမ်းနည်းတယ်"

သူမက စကားပြောရင်းဖြင့် မျက်လုံးမှတ်လိုက်သဖြင့် ယန်ရှီတစ်ယောက် ထိုခဏလေးအတွင်းတွင် သူမ၏မျက်နှာအမူအရာကိုမမြင်နိုင်တော့ပေ။

ကျုံချင်းယွီက ရုတ်တရက်ခေါင်းမော့လိုက်ပြီး ဆိုသည်။

"ဒါပေမဲ့ ရှုံးမယ်ဆိုရင်တောင် မကြိုးစားလို့ ဘယ်ရမလဲ"

ထို့နောက် ယန်ရှီကို လှမ်းဆွဲပြီး လည်ပင်းညှစ်ဟန်လုပ်လိုက်သည်။

"ပြီးတော့ နင် နင်က ငါ့ရဲ့ အကောင်းဆုံးသူငယ်ချင်းပဲ၊ ဘာတွေပဲဖြစ်လာဖြစ်လာ ငါ့ဘက်ကပဲ ရပ်တည်ပေးပါနော် ရတယ်မလား"

ယန်ရှီ- "ရပါတယ်"

ကျုံချင်းယွီက စိတ်ကျေနပ်စွာဖြင့် သူမ၏လက်များကို ရုပ်သိမ်းလိုက်ပြီး စာရွက်စာတမ်းများကိုပြန်ဖတ်နေသည်။ ယန်ရှီသည် ကျုံချင်းယွီ၏နောက်ကျောကိုသာ ငေးကြည့်နေမိသည်။

သူမ၏မျက်လုံးများထဲတွင် ရုတ်တရက် အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာခဲ့သည်။

"အရူးမလေး၊ ငါက အမြဲတမ်း နင့်ဘက်ကပဲ ရပ်တည်ပေးမှာ"

All Chapters