← Chapters

Chapter 35

Vol. 4 Ch. 35

Chapter 35

Vol. 4 Ch. 35

[ ဝူးဝူး! Host ရေ ရှန့်ရှင်းဟယ်က အရမ်းသနားဖို့ကောင်းတာပဲ ၊ သူဖြစ်သွားတဲ့ မျက်နှာအမူအရာက ပြိုလဲတော့မယ့် အတိုင်းပဲ]

[ Host ရေ သူ့ကိုကူညီဖို့နည်းလမ်း စဉ်းစားပါဦး၊ အရံဇာတ်ကောင် တစ်ယောက်ရဲ့ ဘဝကလည်း အရေးကြီးတဲ့အထဲ ပါတယ်လေ]

ယန်ရှီ၏စိတ်ထဲတွင် သေးငယ်သော အလင်းလုံးလေးသည် မျက်ရည်များဖြင့် ပြည့်နေသော်လည်း ယန်ရှီသည် တိတ်ဆိတ်စွာပင် ရှန့်ရှင်းဟယ် ရိုက်ကူးနေသည့် ရိုက်ကွင်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေလေသည်။

အဓိကဇာတ်ဝင်ခန်း၏ အရှည်ဆုံးဇာတ်ကွက်များနှင့် အလယ်အလတ်ရှည်သည့် ဇာတ်ကွက်များမှာ ရိုက်ထားနှင့်ပြီးပြီ ဖြစ်သည်။

ယခုတွင် သူတို့သည် အနီးကပ်ရိုက်ကွက်များနှင့် အသေးစိတ်ရိုက်ကွက်များကို ရိုက်ကူးရန် ရှုထောင့်ကို ပြောင်းလဲနေကြသည်။

ရိုက်ကွက်အများစုတွင် ဖြတ်လျှောက်များ မပါဝင်ခဲ့ပေ ၊ အဓိကသရုပ်ဆောင်နှင့် အရံသရုပ်ဆောင်များ၏ မျက်နှာအမူအယာများ ပြောင်းလဲမှုများကို အသားပေးရန်အတွက် အဓိကထားခြင်းကြောင့် ဖြစ်သည်။

သို့သော် မည်သည့်ရိုက်ကွက်အမျိုးအစားပင် ဖြစ်စေ၊ ယန်ရှီသည် ရှန့်ရှင်းဟယ်၏ ရိုက်ကွက်ထဲသို့ နှစ်မြှုပ်ထားသည့် သရုပ်ဆောင်အရည်အချင်းကို သတိထားမိခဲ့သည်။

သူမသည် ချောင်းယန်နှင့်အတူ ဒါရိုက်တာ၏ အနောက်တွင် ရပ်၍ မော်နီတာကို ကြည့်နေလေသည်။

ရှန့်ရှင်းဟယ်၏ မျက်နှာသည် ဝါးနေ၍ သူ၏အသွင်အပြင်ကို မျက်နှာပြင်ပေါ်တွင် ထင်ရှားစွာ မမြင်ရသော်လည်း ရိုက်ကွင်းထဲတွင် သူသည် အပြည့်အဝစိတ်နှစ်ထားတာ ဇာတ်ကွက်တစ်ခုချင်းစီ၏ စိတ်ခံစားမှုများကို မလွတ်သွားခဲ့ပေ။

သူမ၏ မျက်လုံးထောင့်တစ်နေရာမှ ယန်ရှီသည် ရှန့်ရှင်းဟယ်၏ အားကစားလွယ်အိတ်ကို အစောပိုင်းမှ သူထိုင်နေသည့် အပန်းဖြေကျောက်ထိုင်ခုံ ပေါ်တွင် မြင်လိုက်ရပြီး ထိုပေါ်တွင် ဇာတ်ညွှန်းစာအုပ်တစ်အုပ်တင်ထားသည်ကို တွေ့ခဲ့သည်။

အခြားသရုပ်ဆောင်များ၏ ဇာတ်ညွှန်းများဖြင့် နှိုင်းယှဉ်ကြည့်လျှင် ရှန့်ရှင်းဟယ်၏ဇာတ်ညွှန်းသည် ပို၍ ထူနေသည်။

ယန်ရှီသည် ထိုဇာတ်ညွှန်းအား တစ်ချက်လှန်ကြည့်လိုက်ပြီး “လော့မြို့တော် အဆုံးအဖြတ်တိုက်ပွဲ” ဇာတ်ညွှန်းမဟုတ်ကြောင်းကို သိသွားခဲ့ရသည်။

အဖွဲ့ထဲ၌ နာမည်ရှိသည့် ဇာတ်ကောင်များသာ ဇာတ်ညွှန်းအပြည့်အစုံကို ရရှိကြသည်။

စာကြောင်းအနည်ငယ်သာရရှိသည့် ရှန့်ရှင်းဟယ်ကဲ့သို့ ဖြတ်လျှောက်သရုပ်ဆောင်များအတွက်မူ အဖွဲ့မှ ရိုက်ကွင်းဖော်ပြချက်များကို အများဆုံး စာမျက်နှာအနည်းငယ်ကိုသာ ထုတ်ပေးခဲ့သည်။

ထို့ကြောင့် ရှန့်ရှင်းဟယ်၏ ဇာတ်ညွှန်းစာအုပ်အထပ်လိုက်သည် သူသရုပ်ဆောင်ခဲ့သည့် အရံဇာတ်ကောင်များကို စုစည်ထားပြီး များပြားသောမှတ်စုများနှင့် မှတ်ချက်များ ပြည့်နေခဲ့သည်။

“ ဒီကောင်လေးပဲ ၊ သူသရုပ်ဆောင်တာ အတော်လေးကောင်းတယ်”

ဖန်းဆွေ့၏ အနီးကပ်ရိုက်ကွက် ရိုက်နေသည့် အချိန်တွင် လက်ထောက်ဒါရိုက်တာသည် ဖန်းဆွေ့၏ အနောက်တွင် ငြိမ်သက်စွာရပ်နေသည့် ရှန့်ရှင်းဟယ်ကို နောက်ဆုံးတွင် သတိထားမိသွားသည်။

သူ့မျက်နှာပေါ်တွင် သွေးနှင့် ဖုန့်မှုန့်များ ညစ်ပေနေသော်လည်း သူ၏ ကြည်လင်နေသော မျက်လုံးများမှာ ညို့ယူဖမ်းစားနေလေသည်။

“ သူက မဆိုးဘူးပဲ”

မော်နီတာကိုကြည့်နေသည့် ဒါရိုက်တာသည်လည်း ရှန့်ရှင်းဟယ်ကို သတိထားမိသွားခဲ့သည်။

[ Hostရေ! ရှန့်ရှင်းဟယ်က ဒါရိုက်တာရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ပြီ!]

System သည် အလွန်ပင် စိတ်လှုပ်ရှား၍ အနားတစ်ဝိုက်တွင် ခုန်ဆွခုန်ဆွ လုပ်နေခဲ့သည်။

[ ထင်ထားတဲ့အတိုင်းပဲ အရည်အချင်းတွေက ထွက်ပေါ်လာပြီ၊ သူက ဒီထဲမှာ အရမ်းစိတ်နှစ်ထားလို့ ဒါရိုက်တာက သူ့ကို အခန်းအပိုတွေ ရိုက်ဖို့ပေးမယ်လို့ မထင်ဘူးလား]

သို့သော် ဒါရိုက်တာသည် “ Cut” ဟု အော်၍ မိတ်ကပ်ပြင်ပေးသည့်သူ အား လှမ်းခေါ်ကာ ရှန့်ရှင်းဟယ်ဘက်သို့ လက်ညိုးထိုးပြလိုက်သည်။

“ အဲကောင်လေးကို ပိုမှိန်တဲ့ ပေါင်ဒါတွေနဲ့ ထပ်ပြင်ပေးလိုက် ၊သူက အဓိက ဇာတ်ဆောင်ရဲ့ အနောက်မှာ နေတဲ့အချိန် ပိုပြီး ထင်းထွက်နေလို့မရဘူး”

system “....”

ယန်ရှီ “....”

ချောင်းယန်သည် ယန်ရှီ၏ မလွတ်တမ်းစူးစိုက်ကြည့်မှုများသည် ရှန့်ရှင်းဟယ်အပေါ်ကိုရောက်နေသည်ကို သတိထားမိခဲ့ပြီး သူမ၏ ပုခုံးကို ပုတ်လိုက်လေသည်။

“ ဇာတ်ပို့တွေက အဓိက ဇာတ်ဆောင်အတွက် သူတို့ရဲ့ အသွင်အပြင်ကို အမြဲမထင်ရှားအောင်နေရတယ်၊ ဖြတ်လျှောက်တွေဆို ပိုလို့တောင် ထင်ရှားနေလို့မရဘူး၊ ရှေးခေတ်ဇာတ်လမ်းတွဲတွေမှာဆို အဓိက‌ အမျိုးသားဇာတ်ဆောင်တွေက ပိုပြီး ထင်ပေါ်နေရမှာပဲလေ”

သူမ၏ မျက်လုံးများသည် ရှန့်ရှင်းဟယ်၏ အားကစားအိတ်ထဲသို့ ရောက်ရှိနေပြီး သူသည် ဇာတ်ညွှန်းစာအုပ်အထူကြီးအပြင် သူ၏ ကိုယ်ရေးအကျဉ်းကိုလည်း ကိုင်ဆောင်ထားခဲ့သည်။

ကိုယ်ရေးအကျဉ်းဓာတ်ပုံထဲတွင် ရှန့်ရှင်းဟယ်သည် ဖုန်မှုန့်များနှင့် သူ၏ ညစ်ပေနေသည့် မိတ်ကပ်အပြင်အဆင်များ မရှိဘဲ ချောမော၍ သပ်သပ်ရပ်ရပ် မျက်နှာလေးသည် ထင်ပေါ်နေခဲ့သည်။

သူမ၏ သရုပ်ဆောင်နိုင်စွမ်းရည်ကို အကဲဖြတ်နိုင်သည့် ပင်ကိုဗီဇကြောင့် ချောင်ယန်သည် ဒုတိယအကြိမ် ပြန်ကြည့်လိုက်ပြီး သူမအား တိုးတိုးလေး ပြောလာခဲ့သည်။

“ အရပ်က 185cm ရှည်တယ်၊ ရုပ်ရည်ကလည်း ချောတယ် ပြီးတော့ သရုပ်ဆောင်အရည်အချင်းကလည်း ပြည့်စုံတယ်၊ သူက အလားအလာရှိတဲ့သူတစ်ယောက်ပဲ မင်း သူ့ကို သဘောကျလား ၊ ငါ ဒါရိုက်တာကို သူ့အတွက် ဇာတ်ဝင်ခန်းပိုပေးလို့ရလား မေးကြည့်ပေးလို့ရတယ်၊ ဒါပေမယ့် သူက ဖြတ်လျှောက်တစ်ယောက်ဖြစ်နေဆဲပဲ ၊ ငါက အဲထက်တော့ပိုမလုပ်ပေးနိုင်တော့ဘူး”

“ ရှန့်ရှင်းဟယ်မှာ ဒီလောက်အရည်အချင်းတွေရှိတာ နင် သူနဲ့ စာချုပ်မချုပ်ချင်ဘူးလား”

ယန်ရှီမှ စူးစမ်းလိုစိတ်ဖြင့် မေးလာခဲ့သည်။

ယန်ရှီသည် ကျုံချင်းယွီကိုရှာရန်အတွက် ရှင်းယောင်သို့ သွားခဲ့သည့်အခါတွင် သူမသည် ရှင်းယောင်၏ အရည်အချင်းအကဲဖြတ်သူများနှင့် ရင်ဆိုင်ခဲ့ရသည်ကို သတိရသွားခဲ့သည်။

သူတို့သည် သူမ၏ ရုပ်ရည်အပြင်အဆင်ကိုသာ အခြေခံပြီး စာချုပ်ချုပ်ရန် ဆန္ဒရှိခဲ့ကြခြင်းဖြစ်သည်။

“အနုပညာလောကမှာ ကံကောင်းခြင်းကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲ‌လေ ” ချောင်းယန်မှ ပုခုံးတွန့်၍ ပြန်ပြောလာခဲ့၏။

“ ငါက သူ့ကိုယ်ရေးအကျဉ်းကို တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်လို့သာ သူ ချောတယ်ဆိုတာ သိနိုင်တာ၊ ဒါပေမယ့် ကင်မရာပေါ်မှာနဲ့ ဒါရိုက်တာက မော်နီတာကို ကြည့်နေမယ်ဆိုရင် ရှန့်ရှင်းဟယ်က အဲလောက်ထင်းထွက်မနေဘူးလေ”

“ ပြီးတော့လည်း..” ချောင်းယန်သည် သက်ပြင်းကို ပြင်းပြင်းချလိုက်လေသည်။

" ရှန့်ရှင်းဟယ် ဆိုတဲ့ နာမည်ကို မှတ်မိသေးတယ်၊ သူ နာမည်ပျက်စာရင်း တစ်ခါဝင်ခဲ့သေးတယ်”

ယန်ရှီ၏ မျက်လုံးများသည် သိချင်လိုစိတ်ဖြင့် ပြူးကျယ်သွားခဲ့သည်။

ချောင်းယန်သည် အတင်းပြောရန် အလျင်အမြန်ပြင် ပြင်ဆင်လိုက်ပြီး ဖရဲသီးစေ့တစ်ဆုပ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကျန်တစ်ဖက်ကို ရန်ရှီ၏ပခုံးပေါ်တွင် ဖက်၍ ပြောလာသည်။

“ ဒါက ရှင်းယောင် မတည်ထောင်ခင်ကတည်းက ကိစ္စပါ၊ ငါ ဒါကို တစ်ဆင့်ပြောစကားတွေကနေ ကြားခဲ့ရတာ၊ ရှန့်ရှင်းဟယ် ဖြတ်လျှောက်သရုပ်ဆောင်လုပ်တဲ့အချိန်က သူက အရမ်းချောတော့ ဟွားမိန်က သူဌေးရဲ့ အာရုံစိုက်မှုကို ရခဲ့တာလေ ၊ အဲသူဌေးက သူ့ကို sugar baby လေးအနေနဲ့ထားချင်တာ၊ ဒါပေမယ့် ရှန့်ရှင်းဟယ်က ငြင်းလိုက်တော့ ဟွားမိန်က သူ့ကို အမည်ပျက်စာရင်းထဲ ထည့်လိုက်တာ”

“ ဟွားမိန်က ထိပ်တန်းအနုပညာကုမ္ပဏီ မဟုတ်ပေမယ့်လည်း ဘယ်သူကမှ သရုပ်ဆောင်အငယ်လေးအတွက် ရင်းနှီးမြုပ်နှံသူတွေကို ဆန့်ကျင်ဖို့ ဆန္ဒမရှိကြဘူးလေ၊ လူတွေက ဟွားမိန်ကို မျက်နှာသာပေးခဲ့တော့ ရှန့်ရှင်းဟယ်ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းက လမ်းလွဲသွားခဲ့တာလေ”

“ လွန်ခဲ့တဲ့ 2နှစ်တုန်းက ဟွားမိန်အနုပညာရှင်တွေရဲ့ ရေပန်းစားမှုတွေက တစ်ယောက်ပြီးတစ်ယောက် ကျဆင်းလာတာ၊ ပြီးတော့ ဟွားမိန်က သူဌေးလည်း အင်အားကျဆင်းသွားပြီး အမည်ပျက်စာရင်းလည်း မရှိတော့ဘူး၊ ဒါပေမယ့် အနုပညာရှင်တစ်ယောက်ရဲ့ အကောင်းဆုံးနှစ်တွေကို ကန့်သတ်ထားတယ်၊ ပြီးတော့ ရှန့်ရှင်းဟယ်က 29နှစ်ရှိနေပြီ ဘယ်ကုမ္ပဏီက ဒီလို အသက်ကြီးတဲ့အနုပညာရှင်အတွက် ရင်းနှီးမြုပ်နှံဖို့ ဆန္ဒရှိမှာလဲ ”

“ ဘဝက မင်းကို အခွင့်အရေးအနည်းငယ်ပဲ ပေးတာ”

“ The Bottom Line” ဇာတ်လမ်းတွဲသည် ရှန့်ရှင်းဟယ်၏ အခွင့်အရေးဖြစ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့်ပင် အခွင့်အရေးကို လွဲချော်ခဲ့သည်။

နောက်ထပ် အနီးကပ်ရိုက်ကွက်များ ရိုက်ကူးပြီးနောက်တွင် နန်းမြို့ရိုးကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အမျိုးသားဇာတ်ဆောင်၏ ရိုက်ကွင်းသည် တရားဝင်ပြီးသွားခဲ့၏။

ကောင်းကင်တစ်လျှောက်တွင် မိုးခြိမ်းသံ၏ ပဲ့တင်သံများသည် ပျံ့နှံ့နေလေသည်။

ထိုအချိန်သည် နွေရာသီ၏ အပူဆုံးချိန်ဖြစ်ပြီး မိုးကြိုးမုန်တိုင်းများဖြစ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။

မကြာခင်မှာပင် မိုးများ ရွာလာခဲ့သည်။

ကျုံချင်းယွီသည် ယန်ရှီကို ဆက်သွယ်ခဲ့ကာ သူမ၏ ဇာတ်ဝင်ခန်းများ ရိုက်ကူးပြီး၍ ရှောင်မုန့်သည် ကုမ္ပဏီ ဗန်ကားဖြင့် သူမအား လာကြိုမည်ဟု ပြောလာသည်။

၎င်းတို့နှစ်ယောက်သည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ဟိုင်မြို့သို့ ပြန်သွားကြမည်ဖြစ်သည်။

ယန်ရှီသည် ထီးမယူလာခဲ့သောကြောင့် သူမသည် အဆောက်အဦးအောက်တွင် မိုးခိုရန် နေရာရှာ၍ ရှောင်မုန့်ရောက်လာမည့်အချိန်ကို စောင့်နေလေသည်။

သူမ၏ပခုံးပေါ်သို့ ရောက်လာသော နူးညံ့‌သော အထိအတွေ့သည် သူမအားလှည့်ကြည့်စေပြီး ရှန့်ရှင်းဟယ် သည် သူမနောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူသည် ပုံမှန်အဝတ်အစားများကို ပြန်လဲထား၍ ဆံပင်တုကိုလည်း ဖယ်ရှားထားသည့်အပြင် သူ၏မျက်နှာမှ အညစ်အကြေးများနှင့် သွေးများကို ဆေးကြောထားသောကြောင့် ချောမောသန့်ရှင်းသည့် မျက်နှာလေးမှာ ထင်းထွက်နေခဲ့သည်။

သူသည် သူ၏လွယ်အိတ်ထဲမှ ထီးတစ်ချောင်းကို ထုတ်ယူလိုက်ကာ ပြောလာသည်။

“ ထီးမယူခဲ့ဘူးလား ၊ မင်း ကျွန်တော့်ဆီက ငှားလို့ရတယ်နော်”

“ ရှင့်အတွက်ကျရော”

ယန်ရှီသည် ထီးကို ယူလိုက်သည်။

“ ကျွန်တော်က နေ့တစ်ဝက်လောက် အညစ်အကြေးတွေထဲ လူးလှိမ့်နေရတာပဲလေ ၊ ဒီလောက်နည်းနည်းလေးစိုသွားတာက ဘာမှမဖြစ်ပါဘူး” ဟု ရှန့်ရှင်းဟယ်မှ ပြုံး၍ ပြောလာခဲ့သည်။

သူသည် ကောင်းကင်ပေါ်သို့ ကြည့်လိုက်သည့်အခါတွင် နေကို ညိုမည်းနေသောမိုးတိမ်များမှ ဖုံးလွှမ်းသွားပြီး မိုးခြိမ်းသံများကိုလည်း အဝေးမှ ကြားနေရသည်။

“ မင်း မြန်မြန်ပြန်သင့်တယ်၊ တိုင်ဖွန်းမုန်တိုင်း လာနေပြီ ဒီမိုးပြီးရင် မိုးသည်းကြီးမည်းကြီးရွာနိုင်တယ်”

သူပြောပြီးနောက်တွင် သူ၏ အားကစားအိတ်အား ခေါင်းကို ကာရန်အတွက် အသုံးပြုလိုက်ပြီး မိုးရေထဲသို့ ပြေးဝင်မည့်အချိန်၌ ယန်ရှီမှ ရုတ်တရက် လှမ်းခေါ်လိုက်၏။

“ ရှန့်ရှင်းဟယ်!”

ရှန့်ရှင်းဟယ်သည် ရပ်လိုက်ပြီး သူမအား လှည့်ကြည့်လိုက်သည်။

တံစက်မြိတ်မှ မိုးရေများသည် ရှန့်ရှင်းဟယ် ၏ အနက်ရောင်ဆံပင်ပေါ်သို့ စီးကျလာခဲ့သည်။

ရေစိုနေသည့် ဆံနွယ်များအောက်တွင် ခက်ထန်၍ဆွဲဆောင်မှုရှိသည့် မျက်နှာပေါ်တွင် ဖြူစင်ရိုးသားမှုများ ပေါ်လွင်နေခဲ့သည်။

မိုးရေထဲတွင် စိုရွှဲနေသည့် သူ့၏ မက်မွန်ပွင့်ကဲ့သို့ မျက်လုံးလေးများသည် ပို၍ပင် ညို့ယူဖမ်းစားနေလေသည်။

“ ကျွန်မက ရှင့်ရဲ့ ပရိတ်သတ်တစ်ယောက်ပါ ဆက်ကြိုးစားထားနော်၊ ဟုတ်ပြီလား”

ယန်ရှီမှ အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။

ရှန့်ရှင်းဟယ်သည် ခဏတာ မှင်သက်သွားခဲ့ပြီး ယန်ရှီအား စိုက်ကြည့်နေမိသည်။

သူ၏ မက်မွန်ပွင့်ပုံစံမျက်လုံးများမှာ နီရဲလာခဲ့သည်။

“ ကျေးဇူးပါဗျ” ဟု ပြန်ပြောလာခဲ့သည်။

ယန်ရှီသည် ထီးကို ပြန်ပေးရန် ကြိုးစားခဲ့သော်လည်း ရှန့်ရှင်းဟယ်မှ မယူခဲ့ပေ။

ကျေးဇူးတင်ကြောင်း ပြောပြီးနောက် သူသည် လှည့်၍ထွက်သွားခဲ့သည်။

သူ၏ ထွက်ခွာသွားတော့ ပုံရိပ်ကို ကြည့်နေချိန်တွင် ယန်ရှီ၏ စိတ်ထဲမှ system သည် မျက်ရည်များဖြင့် ပြည့်နေခဲ့သည်။

[ဝူးဝူး! Hostရေ ရှန့်ရှင်းဟယ်က အရမ်းချောတာပဲ၊ သူ့ရဲ့မျက်လုံးတွေက ညဘက် ကောင်းကင်ပေါ်မှာတောက်ပနေတဲ့ ကြယ်လေးတွေအတိုင်းပဲ]

[ သူဒီလောက်အလုပ်ကြိုးစားတာကို ထိုက်တန်တဲ့အောင်မြင်မှုမရသေးဘူး၊ ဖျော်ဖြေရေး အနုပညာလောက တကယ်ကို မတရားဘူးပဲ!]

ယန်ရှီသည် သူမ၏လက်ထဲမှ ခေါက်ထီးလေးကို ကြည့်ကာ “ ဟုတ်တယ် ၊တကယ်ကို မတရားဘူး” ဟု ပြောလာလေသည်။

ခဏအကြာတွင် မိုးသက်လေပြင်းသည် ရပ်တန့်သွားခဲ့၏။

မိုးကောင်းကင်သည် တဖြည်းဖြည်း မည်းမှောင်လာပြီး အဝေးတစ်နေရာ၌ နေဝင်ချိန်သည် ရဲရဲတောက်နေသောမီးလုံးတစ်လုံးကဲ့သို့ပင် တောက်ပနေခဲ့သည်။

မိုးကုတ်စက်ဝိုင်းကိုဖြတ်၍ လှပခမ်းနားသော သက်တံ့တစ်စင်းသည် အရောင်ခုနစ်ရောင် ရောယှက်၍ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ချိတ်ဆက်ထားလေသည်။

ယန်ရှီသည် ကုမ္ပဏီ ဗန်ကားဖြင့် လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

သူမရောက်သွားသည့်အချိန်တွင် ကျုံချင်းယွီလည်း ရောက်နေသည်ကို မြင်ခဲ့လေသည်။

ကျုံချင်းယွီသည် ပေါ့ပါးသည့် အဝတ်အစားများကို ပြောင်းလဲ၍ ဝတ်ဆင်ထားသော်လည်း သူမ၏ ရှေးခေတ်ဆံပင်ပုံစံဖြင့် အထာကျနေပြီး အဝေးမှ လှမ်းကြည့်လိုက်သည့်အခါ သူမ၏ ဂန္တဝင်ဆန်သော အလှတရားများ ထင်ဟက်နေလေသည်။

“ တိုင်ဖွန်းမုန်တိုင်းက ဟိန်တျန်းမှာ တိုက်ခတ်တော့မယ်”

ကျုံချင်းယွီသည် ယန်ရှီ၏လက်ကို ဆွဲကာ ကိုယ်ပိုင် ဂျက်လေယာဉ်ပေါ်သို့ တက်သွားခဲ့သည်။

“ ငါတို့ မြန်မြန်လုပ်မှရမယ် ၊ ငါ အမြန်ရထားမစီးချင်ဘူး အရမ်းပင်ပန်းတယ်”

ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်သို့ တက်ခဲ့ပြီးနောက် ကျုံချင်းယွီသည် မိတ်ကပ်ပြင်သူအာ သူမ၏ မိတ်ကပ်ကို ဖျက်ခိုင်းပြီးနောက် စိတ်အေးလက်အေး အနားယူခဲ့သည်။

ရှေးခေတ်ရိုးရာ ဆံပင်ပုံစံအား ဖြုတ်လိုက်သောကြောင့် ဂန္တဝင်အလှတရားမှ ခေတ်ဆန်သည့် အမျိုးသမီးအဖြစ်သို့ ပြောင်းလဲခဲ့သည်။

လေယာဉ် ပျံတတ်ပြီးသည့်နောက် ပြတင်းပေါက်အပြင်ဘက်တွင် မှောင်ရီပျိုးစကောင်းကင်ပြာမှာ တိမ်များသည် ပုဝါပါးပါးလေးဝဲပျံနေသည့်ဟန်ဖြင့် ကောင်းကင်အပြည့်ဖုံးလွှမ်းထားသည်။

မိတ်ကပ်ဖျက်ပြီးနောက်တွင် ကျုံချင်းယွီ၏ မျက်နှာသည် ယန်ရှီဘက်ကို တိုက်ရိုက်လှည့်သွားခဲ့သည်။

သူမ၏ မျက်လုံးများသည် စူးရှ၍ မေးခွန်းထုတ်ချင်နေသည့်ပုံစံဖြင့် ပြည့်နေခဲ့သည်။

“ ကောင်းပြီ ဒါနဲ့ ငါ့ကိုပြောပါဦး၊ နင် ဒီနေ့ လျှောက်သွားလည်ပတ်နေပြီး ငါ့ဆီကျ လာမလည်ပဲ “လော့မြို့တော် အဆုံးအဖြတ်တိုက်ပွဲ” ရဲ့ အဖွဲ့သားတွေဆီကို သွားခဲ့တယ်ပေါ့လေ၊ ဘယ်မင်းသားလေးကို နင်မျက်စိကျနေတာလဲ”

ယန်ရှီ : “ နင်သိပြီးသွားပြီပဲ”

ယန်ရှီသည် အနည်းငယ်ရှက်ကာ တခစ်ခစ်ဖြင့် ရီနေခဲ့သည်။

ချောင်ယန်သည် မည်သည့်လျှို့ဝှက်ချက်မဆိုပင် ကျုံချင်းယွီအား မထိန်ချန်ထားခဲ့ပေ။ထို့ကြောင့် ယန်ရှီသည် ကျုံချင်းယွီမှ ဤအကြောင်းအား သိသွားမည်ကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်၏။

ဤအကြောင်းအရာသည် ထိုမျှ မြန်မြန်ပင် သိသွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေယသူမသည် ရှန့်ရှင်းဟယ်၏ ချောမောမှုကို သဘောကျရုံပင်ဖြစ်ပြီး ကျုံချင်းယွီသည်လည်း အရာအားလုံးအား သိနှင့်ပြီးပြီဖြစ်သည်။

“ အဲမင်းသားလေးက တော်တော်ချောတယ်လို့ မထင်ဘူးလား”

ကျုံချင်းယွီသည် “ လော့မြို့တော် အဆုံးအဖြတ်တိုက်ပွဲ” မှ ရှန့်ရှင်းဟယ်၏ ဇာတ်လမ်းနောက်ကွယ်မှ ပုံများဖြင့် ပြည့်နေသည့် မျက်နှာပြင်ကို ကြည့်နေခဲ့သည်။

သူသည် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာသည် အညစ်အကြေးများနှင့် ပေကျံနေသောကြောင့် သူ့ရုပ်ရည်အား ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ခက်ခဲလှသည်။

သို့သော် နောက်ဆုံးပုံမှာ ယန်ရှီသည် ရှန့်ရှင်းဟယ်၏ ကိုယ်ရေးအကျဉ်းပုံအား ရိုက်လာခဲ့သည့် ပုံဖြစ်ပြီး နောက်ဆုံးတွင် ကျုံချင်းယွီသည် သူ့အား ရှင်းရှင်းလင်းလင်းမြင်လိုက်ရတော့သည်။

“ ဒါ အရင်က ကျန်းတုံရွေးထားတဲ့ အမျိုးသားဇာတ်ဆောင်မလား”

“ ဟုတ်ပါ့”

ယန်ရှီသည် ကျုံချင်းယွီအား စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။

“ ငါ ကျန်းတုံ အရင်တုန်းက ပြဖူးတဲ့ အစမ်းသရုပ်ဆောင်တဲ့ဗီဒီယိုထဲမှာ မြင်ဖူးတယ်၊ သူက တော်တော်လေးချောတယ်လို့တောင် တွေးနေခဲ့တာ…”

“ ဒါဆို နင်က သူ့ကို အရင်ကတည်းက စိတ်ဝင်စားနေတာလား၊ အခုခေတ်ယောကျာ်းတွေက အကုန်လုံး မြေခွေးတွေပဲ၊ သူတို့ရဲ့ ချောမောမှုတွေနဲ့ ငယ်ရွယ်တဲ့ကောင်မလေးတွေကို မြူဆွယ်ပြီးလှည့်စားနေကြတာ”

သူမသည် ရှန့်ရှင်းဟယ်၏ အသက်အား သူ၏ ကိုယ်ရေးအကျဉ်းမှတစ်ဆင့် သတိထားမိခဲ့သည်။

ကျုံချင်းယွီ: “ အသက် ၂၉ နှစ်တဲ့၊ နင့်ထက်တောင် ၉နှစ်ပိုကြီးတာပဲ၊ ဒါက တော်တော်လေးအသက်ကြီးနေပြီမဟုတ်ဘူးလား”

ယန်ရှီသည် ရေသောက်ရင်းဖြင့် ရေ‌သီးသွားကာ နှစ်ကြိမ်ပင် ချောင်းဆိုးသွားခဲ့သည်။

ဟမ်။ အသက် ၂၉ ဆိုတာ ယန်ရှီနဲ့ဘာပတ်သတ်လို့လဲဟင်။ ဘာလို့ သူနဲ့ လိုက်ပြီး ယှဉ်ကြည့်နေရတာလဲ။

ယန်ရှီ : “ ဒါပေမယ့် ရှန့်ရှင်းဟယ်က ကြည့်ကောင်းတယ် ၊ နင် ငါ့အကြောင်းသိတယ်မလား ငါက လေးလေးနက်နက်မရှိပါဘူး၊ ဒီတိုင်း ဆွဲဆောင်မှုရှိတဲ့သူတွေကို သဘောကျရုံပဲလေ”

ယန်ရှီသည် တည်ကြည်လေးနက်စွာဖြင့် ပြန်ပြောလာခဲ့သည်။

“ နင်ပြောတာလည်း ဟုတ်ပါတယ်”

ကျုံချင်းယွီသည် ခေါင်းညိတ်၍ သဘောတူလိုက်လေသည်။

“ အဲလိုမှမဟုတ်ရင်တော့ ငါတို့က သူငယ်ချင်းကောင်းတွေ မဖြစ်နိုင်တော့ဘူး‌”

ယန်ရှီ "..."

ယန်ရှီသည် သူမ၏ ခေါင်းထဲမှ မေးခွန်းပုံသဏ္ဍာန်အမှတ်အသား များကို ခါရမ်းလိုက်ကာ စကားလမ်းကြောင်းကို မှန်အောင် ပြန်တည့်လိုက်သည်။

“ အဓိက အချက်ကလေ ငါတို့တွေ သူ့ရဲ့ ဇာတ်ကားတွေကို ထပ်တွေ့ရတော့မှာမဟုတ်ဘူး၊ ဒါရိုက်တာကျန်းက သူ့ရဲ့ အမျိုးသားဇာတ်ဆောင်နေရာကို ချင်းလီနဲ့ အစားထိုးလိုက်ပြီ၊ ရှန့်ရှင်းဟယ်ကလည်း အခွင့်အရေးဆုံးရှုံးသွားတာပဲ၊ ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ…”

ကျုံချင်းယွီ : “ နင် သူ့ကို ကြိုက်လား”

ကျုံချင်းယွီမှ မေးခဲ့သည်။

ယန်ရှီ : “ ဒါက ပရိတ်သတ်တစ်ယောက်ရဲ့ အချစ်လိုမျိုးပဲလေ”

ယန်ရှီသည် ပြန်ပြင်၍ ပြောလိုက်သည်။

“ နင် ဒါကို စောစောကတည်းက ပြောသင့်တယ်၊ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲတွေက ငွေအများကြီးတော့ သိပ်မမြတ်ပေမယ့် တကယ်လို့ နင်ကြိုက်တယ်ဆိုရင် ကျန်းတုံရဲ့ အစီအစဉ်မှာ ငါ ရင်းနှီးမြုပ်နှံလိုက်မယ်လေ”

“ ငါတို့က ရင်းနှီးမြုပ်နှံ‌သူတွေပဲလေ၊ ဘယ်သူ့ကို အမျိုးသားဇာတ်ဆောင်နေရာ ထားချင်တယ်ဆိုတာကို ဆုံးဖြတ်ဖို့ စကားအနည်းပဲ ပြောဖို့လိုတာ”

ယန်ရှီသည် အတော်ပင် အကြပ်တွေ့နေသည်ဟု ခံစားနေခဲ့ရသည်။

ယန်ရှီ : “ နှစ်မီလီယမ်ဆိုတာက တကယ်တော့ မနည်းဘူးနော်…”

ကျုံချင်းယွီသည် သူမအား မထီမဲ့မြင်စွာဖြင့် ကြည့်လိုက်သည်။

“ နင်က ဘယ်သူ့ကို အထင်သေးနေတာလဲ နှစ်မီလီယမ်လား ငါက အဲလောက်တောင် မတက်နိုင်ဘူးလို့ထင်နေတာလား”

“ ပြီးတော့လည်း”

“ သာ့ကျားကျွမ်က နင့်ကိုနာမည်ပျက်အောင်လုပ်တဲ့ကိစ္စက ချင်းလီ နောက်ကွယ်ကနေ စီစဉ်တာ ဖြစ်နိုင်ချေများတယ်”

ယန်ရှီ :“ သူက ငါ့ကိုဘာလို့ နာမည်ပျက်စေချင်တာလဲ”

ယန်ရှီမှ ရိုးသားဖြူစင်စွာဖြင့် မေးလာခဲ့သည်။

“ ဘယ်သူသိမှာလဲ အဲကောင်က ရွံစရာကောင်လေ!”

ကျုံချင်းယွီသည် ဒေါသတကြီးနှင့် ကျိန်ဆဲနေလေသည်။

ကျုံချင်းယွီ : “ ငါ့လူတွေကို ဝေဖန်တိုက်ခိုက်ပြီး အမျိုးသားဇာတ်ဆောင် ဖြစ်ချင်နေတာလား ဆက်ပြီးအိမ်မက် မက်နေလိုက်! ရှန့်ရှင်းဟယ်က ဒီအခြေအနေမှာ မရှိခဲ့ရင်တောင် သူက အနုပညာလောကထဲမှာ ရပ်တည်ဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး”

ကျုံချင်းယွီသည် အနုပညာလောက၏ အတင်းအချို့အား ပြောပြနေကာ နှစ်ယောက်စလုံးသည် အချိန်အကြာကြီး စကားပြောဖြစ်ခဲ့ကြသည်။

နာရီအနည်းငယ်ကြာသောအခါတွင် လေယာဉ်သည် ဟိုင်မြို့သို့ ဆင်းသက်လာခဲ့ပြီဖြစ်သည်။

သူတို့သည် လေယာဉ်မှ ဆင်းလာချိန်၌ ကျုံချင်းယွီသည် ယန်ရှီလက်မောင်လား လှမ်းချိတ်လိုက်သည်။

“ နွေရာသီပိတ်ရက်တွေ ငါနဲ့တူတူလာနေလေ၊ နင်အဆောင်ကိုပြန်နေရင် စိတ်ရှုပ်နေရလိမ့်မယ်”

ယန်ရှီသည် ခဏတာ ငြိမ်သက်သွားခဲ့သည်။

ယန်ရှီ : ငါက ဘာလို့ စိတ်ရှုပ်ရမှာလဲ။

ကျုံချင်းယွီသည် သူမအား သံသယမျက်လုံးဖြင့် ကြည့်လိုက်လေသည်။

“ နင့်အခန်းဖော်ရဲ့ရည်းစားကို သဘောကျနေတာမဟုတ်ဘူးလား”

ယန်ရှီ: !!!

တစ်ပတ်နီးပါးပင် ရှိနေသောကြောင့် သူမသည် ထိုအကြောင်းအား မေ့လုနီးပါး ဖြစ်နေခဲ့သည်။

ယန်ရှီသည် သူမ၏ ခေါင်းကိုကုတ်ကာ စကားအထစ်ထစ်ဖြင့် ပြောလာသည်။

“ အဲတာက အတော်လေးစိတ်ရှုပ်ဖို့ကောင်းပေမယ့် ငါ့ရဲ့ပစ္စည်းတွေအကုန်လုံးက အဆောင်မှာပဲ ရှိတာလေ၊ ငါသွားပြီး ပစ္စည်းတွေယူဖို့လိုသေးတယ်၊ နွေရာသီမှာ နင်နဲ့အတူတူ ရသစုံရှိုးတွေမှာ ပါဝင်တဲ့အပြင် ငါ အလုပ်အတွေ့အကြုံလည်း ရှာရဦးမယ်လေ..”

“ ဟုတ်ပြီလေ နင်အဆောင်က ပစ္စည်းတွေ သွားပြန်ယူဖို့ ရှောင်မုန့်ကို လိုက်ပို့ခိုင်းလိုက်မယ်၊ စောစောပြန်လာပြီး ငါနဲ့တူတူနေပေးနော်”

ယန်ရှီ: "Okay~"

ကျုံချင်းယွီသည် ဦးစွာပင် သူမ၏ ဇိမ်ခံပစ္စည်းများနှင့်ပြည့်စုံသော တိုက်ခန်းကို ပြန်သွားခဲ့ချိန်တွင် ယန်ရှီသည် စိတ်သက်သာရာရ၍ စိတ်ချမ်းသာသွားကာ ဟိုင်မြို့၏တက္ကသိုလ်သို့သွားရန် ဗန် ကားထဲသို့ဝင်သွားလေတော့သည်။

သွားနေသည့်လမ်းတွင် system သည် ပေါ်လာခဲ့သည်။

[ Hostရေ ယောကျာ်းတစ်ယောက်ကို ထောက်ပံ့ပေးဖို့အတွက် အဲမိန်းကလေးကို လှည့်စားနေတာလား]

ယန်ရှီသည် systemအား ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။

“ ဘာတွေအဓိပ္ပာယ်မရှိတာ ပြောနေတာလဲ၊ ‘ The Bottom Line’ ဇာတ်လမ်းမှာ ရင်းနှီးမြုပ်နှံတာက နောင်အနာဂတ်မှာ ရှင်းယောင်အတွက် အနည်ဆုံး တစ်ရာမီလီယမ်လောက် ရလာမှာ၊ ဒါက ဘယ်လိုလုပ် လှည့်စားဝာာဖြစ်မှာလဲ”

System သည် တုန်လှုပ်သွားခဲ့သည်။

[ မင်းရဲ့ စိတ်ခံစားချက်က အရမ်းပြင်းထန်နေတာပဲ၊ ငါက ဒါကို ရှန့်ရှင်းဟယ်အတွက်လို့ထင်နေခဲ့တာ]

[ ဒါဆို ရှန့်ရှင်းဟယ်က ကြားထဲက ကိရိယာတစ်ခုပဲပေါ့၊ မင်းရဲ့ တကယ့်ရည်မှန်းချက်က ‘ The Bottom Line’ ပဲ ]

ယန်ရှီ - အသေအချာတော့ မဟုတ်ဘူး

ယန်ရှီသည် သူမ၏ မေးစေ့အား လက်ဖြင့်ထောက်ထားကာ ပြတင်းပေါက်အပြင်ဘက်တွင် ရှုပ်ရှက်ခက်နေသည့် ယာဉ်ကြောများကို စိုက်ကြည့်နေခဲ့သည်။

“ ‘ The Bottom Line' ကို ရင်းနှီးမြုပ်နှံလိုက်တာက ပိုက်ဆံလည်းရမယ် ကျုံချင်းယွီရဲ့ ကံကောင်းခြင်းလည်း တိုးလာလိမ့်မယ်၊ ပြီးတော့ ရှန့်ရှင်းဟယ်ကိုလည်း ကူညီနိုင်မယ်လေ၊ ဒါက ခဲတစ်လုံးနဲ့ ငှက်သုံးကောင်ကိုပစ်တာပဲ မဟုတ်ဘူးလား”

အမှန်တကယ်ပင်ဖြစ်ပြီး ရှန့်ရှင်းဟယ် မရှိလျှင်တောင်ပင် ယန်ရှီသည် ကျုံချင်းယွီကို ဆွဲဆောင်စည်းရုံးနိုင်မည်ဟု ယုံကြည်ထားခဲ့သည်။

လွန်ခဲ့သည် နှစ်များကတည်းကပင် ကျုံချင်းယွီသည် သူမအား အန်ပေါင်းအများအပြား ပေးခဲ့သည်။

ယန်ရှီသည် များပြားသည့်ပမာဏကို လက်မခံခဲ့သော်လည်း သေးငယ်သည့် ပမာဏများကို အနည်းငယ် စုဆောင်းနိုင်ခဲ့သည်။

“လော့ချန်း အဆုံးအဖြတ်”အဖွဲ့ထဲသို့ မဝင်ခင် အချိန်၌ ယန်ရှီသည် သာ့ကျားကျွမ်နှင့် ချင်းလီတို့ သီးသန့်တွေ့နေကြသည့် ပုံအား photoshoot လုပ်ရန်အတွက် ကွန်ပျူတာကျွမ်းကျင်သူတစ်ဦးအား ငှားခဲ့သည်။

ထို့နောက် system သည် ထိုဓာတ်ပုံအား ဝူလျောင်ထံသို့ အမည်ဖော်ပြခြင်းမရှိပဲ ပို့ခဲ့၏။

သာ့ကျားကျွမ်သည် သူ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ပျက်စီးသွားပြီးနောက် နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာဖွေသည်မှာ သဘာဝကျလေသည်။

၎င်းဓာတ်ပုံသည် အစစ် သို့မဟုတ် အတုဖြစ်သည်မှာ အရေးမကြီးပေ ၊ ယန်ရှီ၏ ရိုးရှင်းသော ရည်ရွယ်ချက်မှာ ချင်းလီသည် သူမအား မကောင်းကြံစည်ထားသူဖြစ်ကြောင်း ကျုံချင်းယွီကို သိစေချင်ရန်ဖြစ်သည်။

ထိုအရာဖြင့်ပင် လုံလောက်သည်။

ယန်ရှီသည် ရှန့်ရှင်းဟယ်အား စိတ်ဝင်စားခြင်း မရှိခဲ့ဘူးဆိုလျှင်တောင်ပင် ကျုံချင်းယွီသည် ချင်းလီအား အမျိူးသားဇာတ်ဆောင်နေရာ မရအောင်လုပ်မည်မှာ သေချာလေသည်။

ကျုံချင်းယွီသည် ရန်ငြိုးများ အမြဲ ထားတက်သူဖြစ်သည်။

ယန်ရှီသည် ရှန့်ရှင်းဟယ်ကို တွေ့ရန်အတွက် ‘ လော့ချန်း အဆုံးအဖြတ်' သို့ တမင်တကာပင် သွားခဲ့ခြင်း ဖြစ်ပြီး သူ့အား ကူညီရသည်မှာ တန်မတန်ပင် သွားရောက် အကဲဖြတ်ခြင်း ဖြစ်သည်။

အကယ်၍ အဆင်ပြေလျှင် သူမသည် ကူညီပေးမည်ဖြစ်သည်။

အကယ်၍ အဆသ်မပြေခဲ့လျှင် အမျိုးသားဇာတ်ဆောင် ပြောင်းသည်မှာ ကြီးမားသည့် ကိစ္စမဟုတ်ပေ။

…..

ရှန့်ရှင်းဟယ်သည် ရိုက်ကွင်းမှ ထွက်လာချိန်၌ မှောင်နေပြီဖြစ်၏။

ယန်ရှီနှင့် လူချင်းခွဲပြီးနောက် သူသည် “ လော့ချန်း အဆုံးအဖြတ်” ဇာတ်လမ်းထက် စာကြောင်းနှစ်ကြောင်းပိုများသည့် သေသွားသော အမျိုးသမီးဇာတ်ဆောင်၏ အစ်ကိုအဖြစ် သရုပ်ဆောင်ရန်အတွက် နောက်ထပ်ရိုက်ကွင်းတစ်ခုကို အမြန်သွားခဲ့ခြင်းဖြစ်သည်။

ယခင်ပြီးခဲ့သည့်နှစ်များတွင် ဟွားမိန်ကုမ္ပဏီ ဒေဝါလီမခံရသေးသည့်အချိန်၌ ရှန့်ရှင်းဟယ်၏ အခြေအနေမှာ ဆိုးရွားခဲ့ပြီး သူသည် နောက်ခံဖြတ်လျှောက် အခန်းများကိုသာ သရုပ်ဆောင်ခွင့်ရခဲ့၏။

ယခုနှစ်တွင် သူသည် နောက်ဆုံး၌ အစ်ကိုဇာတ်ကောင်ကဲ့သို့ စကားပြောရသည့် ဇာတ်ဝင်ခန်းများ စတင်၍ သရုပ်ဆောင်နိုင်ခွင့် ရခဲ့ပြီး ၎င်းသည် စကားပြောရသည့်စာသားများအပြင် အမည်ပါရှိသည့် ဇာတ်ကောင်တစ်ခုလည်းဖြစ်ပေသည်။

သို့သော်လည်း ထိုအရာသည် နောက်ဆုံးအကြိမ်ပင် ဖြစ်သွားခဲ့ပေမည်။

သူ၏ ဖုန်းထဲတွင် အဖွဲ့သားများမှ ငွေပေးချေထားခြင်းအပြင် သူ၏ အဒေါ်မှပို့လာသည့် စာများလည်း ပေါ်နေခဲ့သည်။

[ ရှင်းဟယ်၊ မင်းအမေရဲ့ အခြေအနေက ပိုပြီးဆိုးလာနေပြီ၊ ဆရာဝန်ကလည်း ဒီထက်ပိုကောင်းတဲ့ဆေးရုံမှာ ကုသမှူခံယူဖို့အတွက် ပြောင်းဖို့လိုအပ်တယ်လို့ ပြောတယ်၊ ဟုန်ချန်းမှာ သူမကို ဂရုစိုက်ရတာ မင်းအတွက် အဆင်မပြေဘူး ဟုတ်တယ်မလား၊ မင်းမှာ အလုပ်က အတည်တကျမရှိဘူး ပြီးတော့ မင်းအသက်လည်း မငယ်တော့ဘူးလေ ဘာလို့ ဟိုင်မြို့ကိုပြန်မလာတာလဲ ၊ ငါ မင်းဦးလေးကို အခြေခိုင်မယ့် အလုပ်တစ်ခုရှာခိုင်းထားလိုက်မယ်၊ ဒါဆိုရင် မင်းလည်း မင်းအမေကို ဂရုစိုက်လို့ရပြီ ]

ရှန့်ရှင်းဟယ်သည် လက်ဆစ်များ ဖြူသွားသည်အထိ သူ၏ ဖုန်းကို တင်းကြပ်စွာ ကိုင်ထားခဲ့သည်။

ခဏအကြာတွင် သူသည် စာပြန်ခဲ့၏။

[ ကျေးဇူးပါ အန်တီ ၊ အန်တီအကြံပေးတဲ့အတိုင်း လုပ်ကြရအောင် ]

ဟုန်ချန်းမြို့တွင် မိုးကြိုးမုန်တိုင်းသည် အစောပိုင်းကတည်းကပင် ရပ်တန့်သွားခဲ့ပြီး လေထုထဲတွင် စိုစွတ်၍ ပူနွေးနေလေသည်။

ရှန့်ရှင်းဟယ်သည် သူ၏ ဖုန်းကို အိတ်ကပ်ထဲသို့ထည့်လိုက်၍ ရှေးဟောင်း အဆောက်အဦးများထဲရှိ လမ်းကြားလေးများကို ဖြတ်လျှောက်လာခဲ့ပြီး နောက်ဆုံးတွင် အသားကင်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။

ထိုဆိုင်သည် ဟုန်ချန်း၏ နာမည်ကြီးသော အသားကင်ဆိုင် တစ်ခုဖြစ်ပြီး ညတိုင်းဖွင့်လှစ်ကာ ဈေးနှုန်းသင့်တင့်၍ အစားအသောက်များလည်း ကောင်း၏။

ဖြတ်လျှောက်များသည် ရိုက်ကရေးပြီးသည့်အခါ၌ ထိုနေရာကို မကြာခဏ လာကြသည်။

ကျန်းတုံသည် ထောင့်တစ်နေရာတွင် ထိုင်နေကာ စားပွဲပေါ်တွင် အသားကင်များနှင့် ပြည့်နေပြီး သူ့၏ အရှေ့တွင် ဘီယာ နှစ်ပုလင်းကိုလည်း ဖွင့်ထားလေသည်။

“ အဲတာ ငါ့အမှားပါကွာ၊ ငါ့ညီရေ”

ကျန်းတုံသည် ရှန့်ရှင်းဟယ်အား ထိုင်ရန် အမူအရာပြပြီးနောက် အမြုပ်ထနေသည့် ဘီယာခွက်အား တစ်ကျိုက်တည်း သောက်လိုက်သည်။

“ ငါပြန်ပြီး အောင်မြင်လာတဲ့အချိန်ကျရင် မင်းကို နောက်တစ်က်ြိမ် အမျိုးသားဇာတ်ဆောင်နေရာမှာ သေချာပေါက်ထားမယ်”

ဆိုင်ပိုင်ရှင်သည် မီးပူပူဖြင့်ကင်ထားသည့် အကင်များကို သယ်ယူလာခဲ့ပြီးနောက် ထိုအသားအနံ့များသည် အလွန်ပင် ဆွဲဆောင်နေလေသည်။

ရှန့်ရှင်းဟယ်သည် မစားခဲ့ပေ သူ၏ ခန္ဓာကိုယ်ပုံပန်းသွင်ပြင် ထိန်းသိမ်းရန်အတွက် ညလယ်ခေါင် အဆာပြေမုန့်များကို နှစ်အတော်ကြာ မထိခဲ့ပေ။

ဖြတ်လျှောက်များသည် ခန္ဓာကိုယ်ပုံပန်းသွင်ပြင် ထိန်းသိမ်းရန်မလိုအပ်သော်လည်း ရှန့်ရှင်းဟယ်သည် အမြဲတမ်း စည်းကမ်းရှိသူပင် ဖြစ်ခဲ့သည်။

ရိုက်ကူးရေးပြီးသည့်အခါတွင် နေ့တိုင်းနေ့တိုင်း အချိန်တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်လေ့ရှိပြီး တစ်ရက်မှ မပျက်ခဲ့ပေ။

ရှန့်ရှင်းဟယ်သည် သူ့အတွက်သူပင် ဘီယာထည့်လိုက်ပြီး ကျန်းတုံနှင့် ခွက်ချင်း တိုက်လိုက်လေသည်။

“ ဒါရိုက်တာကျန်း၊ အကယ်၍ အစ်ကိုက ကျွန်တော့်ကို စရန်ငွေ မပေးခဲ့ဘူးဆိုရင် ကျွန်တော့်အမေရဲ့ ဆေးဖိုးစရိတ်တွေကို ပေးနိုင်မှာမဟုတ်ခဲ့ဘူး၊ ကျွန်တော့် အစ်ကိုကို့ ကျေးဇူးတင်ပါတယ်၊ အစ်ကိုက တကယ်ကို အများကြီး ကူညီခဲ့တာပါ၊ ဒီငွေတွေကိုတော့ ကျွန်တော်နည်းလမ်းတစ်ခုရှာပြီး ပြန်ဆပ်မှာပါ”

‘The Bottom Line’ ဇာတ်လမ်းအတွက် အစမ်းသရုပ်ဆောင်ခဲ့သည့် အချိန်တွင် ရှန့်ရှင်းဟယ်သည် မျှော်လင့်ချက်များ မထားခဲ့ပေ။

ဖြတ်လျှောက်တစ်ယောက်သည် အမျိုးသားဇာတ်ဆောင်တစ်ယောက်ဖြစ်ရန်အတွက် ရွေးချယ်ခံရရန် အခွင့်အရေး နည်းလွန်းလှသည်။

ကျန်းတုံသည် သူ့အား ဇာတ်ဆောင်နေရာပေးလိုက်သည့်အပြင် သူ၏ အမေနာမကျန်းဖြစ်နေခြင်းကြောင့် စရန်ငွေ ကြိုပေးလိုက်သည့် အချိန်၌ ရှန့်ရှင်းဟယ်သည် ထီပေါက်သလိုပင် ခံစားခဲ့ရသည်။

ယခု၌ ‘The Bottom Line’ ဇာတ်လမ်းတွဲ ဆုံးရှုံးသွားခဲ့ပြီး အရာအားလုံးသည် အရင်အတိုင်းပင် ပြန်ဖြစ်သွားခဲ့လေသည်။

တစ်ခါတစ်ရံတွင် ဤကဲ့သို့အဖြစ်အပျက်သည် လက်တွေ့ဆန်သည်ဟု ရှန့်ရှင်းဟယ် တွေးနေခဲ့သည်။

ညတွင်းချင်း ကျော်ကြားတာလား ၊ ဒါက တကယ် လက်တွေ့မဆန်တာပဲ။

“ စတော်ဘယ်ရီကွန်ယက်က ဘယ်လို ရင်းနှီးမြုပ်နှံမှုလုပ်လုပ် မင်းကို ပေးတဲ့ငွေက ကြီးကြီးမားမားမဟုတ်ဘူး၊ ဒီတိုင်းယူထားလိုက်၊ မင်းအမေရဲ့ ကျန်းမာရေးက ပိုအရေးကြီးတယ်”

ကျန်းတုံမှ လက်ရမ်းပြကာ ငြင်းလေသည်။

“ တကယ်လို့ မင်း အမျိုးသားဇာတ်ဆောင်နေရာမှာ သရုပ်မဆောင်နိုင်တော့ဘူးဆိုရင်တောင်မှ ငါ့ရဲ့ဇာတ်ညွှန်းထဲမှာ နေရာတွေအများကြီးရှိသေးတယ်၊ ဟွားမိန်ကလည်း ဒေဝါလီခံသွားပြီဆိုတော့ မင်းကို ဘယ်သူမှ ထိန်းချုပ်ထားနိုင်မှာ မဟုတ်တော့ဘူး..”

ရှန့်ရှင်းဟယ်သည် သူ၏ ခွက်ကို ဆုပ်ကိုင်းထားပြီး သူ့မျက်လုံးများသည်လည်း မှေးမှိန်နေသည်။

အချိန်ခဏအကြာတွင် သူသည် သူ၏ စိတ်ကို လျှော့လိုက်လေသည်။

ရှန့်ရှင်းဟယ် : “ ဒါရိုက်တာကျန်း ကျွန်တောင် အနုပညာလောက ကနေ ထွက်တော့မယ်”

ကျန်းတုံသည် တုန်လှုပ်သွားခဲ့သည်။

ကျန်းတုံ : “ မင်းအမေကြောင့်လား”

ရှန့်ရှင်းဟယ်သည် ခေါင်းငြိမ့်ပြခဲ့သည်။

အကယ်၍ သူသည် 'The Bottom Line' တွင် အမျိုးသားဇာတ်ဆောင်နေရာအား ရရှိခဲ့ပါက သူ၏အမေကို ပိုကောင်းသော ဆေးရုံသို့ ပြောင်းပေးနိုင်ခဲ့ပြီး သူနာပြု ငှားရန် လုံလောက်သည့် ငွေကိုရရှိမည်ဖြစ်၏။

ထိုအခွင့်အရေးမရှိလျှင် ရှန့်ရှင်းဟယ်သည် အခြေတကျ အလုပ်တစ်ခုကိုရှာ၍ သူ့အမေကို ကိုယ်တိုင် ပြုစုရမည်ပင် ဖြစ်သည်။

ဆေးဖိုးများအတွက်သူ၏ အမေသည် အာမခံလည်း မရှိသောကြောင့် သူသည် ထိုကိစ္စကို ဖြေရှင်းရန်နည်းလမ်းတစ်ခုရှာရတော့မည် ဖြစ်သည်။

“ သရုပ်ဆောင်တာကလည်း တကယ်ကို မတည်ငြိမ်သေးဘူး၊ တကယ်လို့ ကျွန်တော် အဲဇာတ်ကောင်ရခဲ့ရင်တောင် ထုတ်လွှင့်ဖို့က အချိန်ကြာဦးမှာလေ”

“ ကျွန်တော်ဒီလောက်ပဲ လုပ်နိုင်တော့တယ်”

ရှန့်ရှင်းဟယ်သည် နာကြည်းသောအပြုံးဖြင့် ပြောလာခဲ့သည်။

“ ဒါပေမယ့် မင်း သရုပ်ဆောင်ရတာကို ကြိုက်တယ်မလား”

ကျန်းတုံမှ ကန့်ကွက်ခဲ့သည်။

နေ့စဉ်ဘဝ၌ ရှန့်ရှင်းဟယ်သည် လှုမှုဆက်ဆံရေးသိပ်မကောင်းသည့် introvert တစ်ယောက်ဖြစ်သော်လည်း ရိုက်ကွင်းတွင် သူ့အား ကင်မရာချိန်လိုက်ပါက သူသည် တက်ကြွလာပြီး ပျင်းစရာကောင်းသော ဇာတ်ညွှန်းသည် ချက်ချင်းပင် အသက်ဝင်လာခဲ့တော့သည်။

ကျန်းတုံသည် သရုပ်ဆောင်တော်တော်များများကို တွေ့ခဲ့ဖူးလေသည်။

အများစုသည် သူတို့၏ ရုပ်ရည်ချောမောမှု ၊ ပိုက်ဆံ သို့မဟုတ် ကျော်ကြားမှုရှိခြင်းတို့ကြောင့် အနုပညာလောကထဲသို့ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်။

သရုပ်ဆောင်ခြင်းကို နှစ်သက်ပြီး ထိုနေရာ၌ ထူးချွန်သူများသည် အနည်းငယ်ပင် ရှိကြသည်။

ရှန့်ရှင်းဟယ်သည် ရုပ်ရည်အသွင်အပြင်နှင့် အရည်အချင်း နှစ်ခုလုံး ပြည့်စုံစွာ ကိုက်ညီခဲ့ပြီး သူသည် အလုပ်ကြိုးစားခဲ့သူလည်း ဖြစ်သည်။

သူ့တွင် မရှိသောအရာသည် အခွင့်အရေး ပင်ဖြစ်သည်။

သို့သော် အခွင့်အရေးသည် ဤ အနုပညာလောကတွင် အရေးပါသော အရာတစ်ခုဖြစ်သည်။

ကျန်းတုံသည် နောင်တရ‌သည်ဟု ခံစားနေခဲ့ရသည်။ ချင်းလီသည် သရုပ်ဆောင် မညံ့သောကြောင့် ပိုကောင်းသည့် ရွေးချယ်မှုကို လုပ်နိုင်မည်မှာ သေ‌ချာလေသည်။

ကျန်းတုံသည် ဘာပြောရမှန်းပင် မသိတော့ဘဲ ဘီယာနောက်တစ်ခွက်အား သောက်လိုက်ပြီးနောက် သူ၏ ဘီယာဗိုက်သည် ပို၍ ပူလာသည်ဟု ခံစားလိုက်ရသည်။

ရှန့်ရှင်းဟယ်လည်း ဘီယာတစ်ငုံသောက်လိုက်သော်လည်း အခြားအစားအစာများမစားခဲ့ပေ။

သူသည် နောက်နေ့မနက်တွင် ဗိုက်ဖောင်းနေသည်စိုး၍ ရေသန့်ကိုပင် နည်းနည်းမျှသာသောက်သည့်အကျင့်သည် နှစ်ပေါင်းများစွာပြုလုပ်ခဲ့သော အလေ့အကျင့်ဖြစ်ကာ နေသားကျနေပြီဖြစ်သည်။

ရုတ်တရက်ပင် ဖုန်းမြည်သံတစ်ခုသည် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ဖြိုခွင်းလိုက်သည် ထိုအရာသည် ကျန်းတုံ၏ ဖုန်းဖြစ်သည်။

ကျန်းတုံသည် အတော်လေး မူးနေပြီ ဖြစ်သောကြောင့် ဖုန်းခေါ်ဆိုမှုများ မူးဝေစွာဖြင့် ပြန်ဖြေလိုက်သည်။

“ဘယ်သူလဲ ညလယ်ခေါင်တောင်ရောက်နေပြီ၊ ယောကျာ်လေးတစ်ယောက်ကို ညလယ်စာ အဆာပြေမုန့်စားဖို့ ခွင့်မပြုဘူးလား”

တစ်ဖက်မှလူသည် အချိန်တစ်ခဏလောက် စကားပြောတာ ရပ်သွားခဲ့သည်။

“ ဟယ်လို ဒါရိုက်ဝာာကျန်း ကျွန်မက ရှင်းယောင်ရဲ့ project ဒါရိုက်တာ ဖန်းယွဲ့ပါ၊ ကျွန်မတို့ ကုမ္ပဏီက ရှင့်ရဲ့အစီအစဉ်မှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားခဲ့လို့ပါ”

“ ရှင်းယောင်၊ ကျုံချင်းယွီရဲ့ ကုမ္ပဏီမလား”

ကျန်းတုံသည် ရှန့်ရှင်းဟယ်ဘက်သို့လှည့်ကာ သူ၏ ဖုန်းကို ထောက်ပြ၍ ရီနေခဲ့သည်။

“ ကျုံချင်းယွီ ကုမ္ပဏီပဲ၊ အဲမိန်းကလေးက ငါ့ဆီမှာ တကယ်ရင်းနှီးမြုပ်နှံချင်တာပေါ့၊ ဟားဟားဟား ငါ စိတ်ဂယောက်ဂယက်ဖြစ်နေပြီ ငါ‌အသက်‌ကြီးလာပြီပဲ၊ နည်းနည်းသောက်ရုံနဲ့တောင် မူးတက်နေပြီ”

ရှန့်ရှင်းဟယ်သည် ကျန်းတုံ၏ ဖုန်းမျက်နှာပြင်ပေါ်သို့ လှမ်းကြည့်လိုက်သောအခါ၌ အမည်မသိသော ဖုန်းနံပါတ်တစ်ခုသည် ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်နေခဲ့သည်။

သူသည် ထိုအကြောင်း အများကြီးမတွေးတော့ဘဲ ကျန်းတုံ အမူးပြေစေရန် ရေအေး‌တစ်ခွက်ကို ကူထည့်ပေးလိုက်သည်။

“ လူလိမ်‌ပဲ!” ကျန်းတုံသည် ဖုန်းထဲသို့ လှမ်းအော်လိုက်သည်။

“ ကျုံချင်းယွီလို ဟန်ဆောင်ပြီး ငါ့ကို လှည့်စားချင်နေတာလား၊ ငါ မနေ့ကမှ သူနဲ့အတူတူ ရသစုံရှိုးမှာ ရိုက်ကူးရေးလုပ်လာတာ၊ သူက ရင်းနှီးမြုပ်နှံမှုအကြောင်းကို တစ်ခါမှတောင် မပြောခဲ့ဘူး၊ မင်းက လူလိမ်ကောင်ပဲ၊ ငါ့မှာ ပိုက်ဆံမရှိဘူး ငါ့ဆီက လိမ်ဖို့ မကြိုးစားနဲ့တော့!”

ထို့နောက် ကျန်းတုံသည် စိတ်တိုစွာဖြင့် ဖုန်းချလိုက်သည်။

“ အခုရက်ပိုင်း လူလိမ်တွေက တကယ်ကို အရှက်မရှိကြဘူး”

ကျန်းတုံမှ ငြီးတွားနေခဲ့သည်။

“ သူတို့က ငါ့လို နာမည်သိပ်မရှိတဲ့ဒါရိုက်တာတွေကို ပစ်မှတ်ထားနေကြတာ၊ ပထမကျရင် ငါ့ဆီ ရင်းနှီးမြုပ်နှံမယ်လို့ လှည့်စားတယ်၊ ပြီးတော့ သူတို့က ငါ့ဆီက ပိုက်ဆံတွေလိမ်ဖို့ ကြိုးစားတာပဲလေ၊ ငါက ဇာတ်လမ်းကောင်းတစ်ခုပဲ ရိုက်ချင်တာပါ ဘာလို့အဲလောက်ခက်ခဲနေတာလဲ”

ဤ ညလယ်စာသည် ကျန်းတုံနှင့် ရှန့်ရှင်းဟယ်တို့အတွက် အဆင်ပြေချောမွေ့၍ ပေါ့ပါးသော ညစာတစ်နပ်ဖြစ်ရမည့်အစား ကျန်းတုံ၏ စိတ်ပျက်ဖွယ်ရာ ကိစ္စများကို အရက်ဖြင့် ဖြေရှင်းကာ အဆုံးသတ်သွားခဲ့လေသည်။

ညစာစားပြီးနောက် ရှန့်ရှင်းဟယ်သည် ကျန်း‌တုံအား ကူတွဲ၍ အကင်ဆိုင်မှ ထွက်လာခဲ့သည်။

ညနက်နေပြီဖြစ်သောကြောင့် ရုပ်ရှင်အဖွဲ့သားများ ရိုက်ကူးနေကြသည့် ညရိုက်ကူးမှုများမှလွဲ၍ လမ်းမပေါ်တွင် ရှင်းလင်းနေခဲ့သည်။

တက္ကစီကားတစ်စီးသည် ဆိုင်၏ မနီးမဝေးနားမှ ရောက်လာခဲ့ပြီး ရှောင်ယွီသည် ကားထဲမှ အလျင်အမြန်ထွက်လာကာ ရှန့်ရှင်းဟယ်ကူတွဲထားသည့်လက်ထဲမှ ကျန်းတုံကို ခေါ်လိုက်လေသည်။

“ ဘယ်လောက်တောင်သောက်ခဲ့တာလဲ”

ရှောင်ယွီမှ ညည်းညူကာ မေးလိုက်သည်။

“ အဖိုးကြီးကျန်း ! အဖိုးကြီးကျန်း အသိရော ရှိသေးရဲ့လား”

“ သိပ်မများပါဘူး”

ရှန့်ရှင်းဟယ်မှ ရိုးသားစွာဖြင့် ဖြေလာခဲ့သည်။

“ ဘီယာ နှစ်ပုလင်းတည်းပါ”

ရှောင်ယွီ : “ သူက အရက်ဒဏ်ကို သိပ်ခံနိုင်တာမဟုတ်ဘူး”

ရှောင်ယွီသည် ကျန်းတုံ၏ ပါးကို ပုတ်ကာ ပြောလာခဲ့သည်။

“ အဖိုးကြီးကျန်း! ထတော့ ငါတို့ ဒီည ဟိုင်မြို့ကို သွားရတော့မှာ”

ကျန်းတုံသည် ငါးကြင်းတစ်ယောက် ရေထဲမှ ခုန်တက်လာသလိုပင် ဆတ်ခနဲ တုန်လှုပ်သွားခဲ့သည်။

“ မိန်းမရေ မင်းရူးနေပြီလား၊ စတော်ဘယ်ရီကွန်ယက်က ငါတို့ကို နှစ်ရက်တောင် အချိန်ပေးထားတာလေ၊ ငါတို့ကဘာလို့ ဟိုင်မြို့ကို စောစောသွားရမှာလဲ”

ရှောင်ယွီသည် သူ၏ ခေါင်းကို ညင်သာစွာ ရိုက်လိုက်၏။

“ ဘာလို့ ဒီလောက်တောင် သောက်ထားတာလဲ ဒီမှာ နားထောင် ကျန်းတုံ၊ ရှင်းယောင်က ကျွန်မတို့ဆီမှာ ရင်းနှီးမြုပ်နှံချင်လို့တဲ့၊ အဲ့တာ အသေးစိတ်ဆွေးနွေးဖို့ အတွက် ဟိုင်မြို့ကိုဖိတ်ထားတယ်”

ရေခဲရေဖြင့် မျက်နှာသစ်ပြီးနောက် ကျန်းတုံသည် နောက်ဆုံးတွင် သတိပြန်ကပ်လာခဲ့သည်။

သူ သန့်စင်ခန်းထဲမှ ထွက်လာချိန်တွင် ရှောင်ယွီနှင့် ရှန့်ရှင်းဟယ်သည် အပြင်မှာ စောင့်နေကြသည်ကို တွေ့လိုက်သည်။

ကျန်းတုံသည် သူ၏ လက်ကို စိတ်လှုပ်ရှားစွာဖြင့် ပွတ်သတ်နေခဲ့ပြီး ရှောင်ယွီနားသို့ ကပ်လာခဲ့သည်။

“ မိန်းမ ဒါက အမှန်ပဲလား၊ ကျုံချင်းယွီက ငါတို့ဇာတ်လမ်းကို ရင်းနှီးမြုပ်နှံချင်တာလား”

“ရှင်းယောင်ဆီက ဖုန်းဝင်လာတော့ ကျွန်မတောင် အရမ်းအံ့ဩသွားတာလေ ၊ ပြီးတော့ ကျွန်မ ချင်းယွီကို WeChatမှာ နှစ်ခါတောင် ပြန်မေးခဲ့တော့ သူကလည်း ဒါမှန်တယ်ဆိုတာ အတည်ပြုပေးခဲ့တယ်၊ ဒါပေမယ့် ရင်းနှီးမြုပ်နှံတဲ့ငွေပမာဏကတော့ သေချာမသိရသေးဘူး၊ သူတို့က ဆုံးဖြတ်ချက်မချခင် ကျွန်မတို့ရဲ့ အစီအစဉ်ကို ပြန်ကြည့်ဦးမယ်တဲ့”

“ ဒါပဲလေ!”

ကျန်းတုံသည် အလွန်ပင် စိတ်လှုပ်ရှားကာ သူ၏ လက်သီးများကိုဆုပ်ထား၍ ရှန့်ရှင်းဟယ်ဘက်သို့ လှည့်လာခဲ့သည်။

“ ရှင်းဟယ် ရေ မင်း ဒီလောကထဲက မထွက်နဲ့ဦး၊ ငါတို့မှာ ရင်းနှီးမြုပ်နှံသူ အသစ်ရပြီ၊ မင်း အမျိုးသားဇာတ်ဆောင်နေရာမှာ ဖြစ်နိုင်သေးတယ်ကွ”

ရှန်းရှင်းဟယ်သည် ခေါင်းငြိမ့်ပြခဲ့ပြီး ယနေ့တစ်နေကုန် ကြုံတွေ့ခဲ့ရသည်မှာ ရိုလာကိုစတာကဲ့သို့ အနိမ့်အမြင့်အတက်အကျ ခံစားချက်များကို စဉ်းစားနေခဲ့သည်။

“ မစ္စကျုံက *The Bottom Line* ရဲ့ အခြေအနေကိုမသိဘဲ မြုပ်နှံပါ့မလား၊ သူ့မှာ တစ်ခြားအကြောင်းပြချက် ရှိနေတာ ဟုတ်တယ်မလား” ရှန့်ရှင်းဟယ်မှ မေးလာခဲ့သည်။

“ ဒါပေါ့ သတ်မှတ်ချက်တွေအများကြီးရှိတယ်” ရှောင်ယွီသည် အေးဆေးစွာဖြင့် ပြောလာခဲ့သည်။

“ သတ်မှတ်‌ချက်တွေ မပါတဲ့ ရင်းနှီးမြုပ်နှံမှုဆိုတာ တကယ်ဖြစ်နိုင်ချေမရှိဘူးလေ”

“ သူတို့က သရုပ်ဆောင် တစ်ယောက်ယောက်ကို ထည့်ဖို့ ဖိအားပေးနေတာများလား ဘယ်သူဖြစ်နိုင်လဲ၊ အမျိုးသမီးဇာတ်ဆောင်လား * The Bottom Line* ရဲ့ အမျိုးသမီးဇာတ်ဆောင်က ကျူံချင်းယွီနဲ့ မကိုက်ညီဘူးလို့ ငါပြောထားပြီးသား၊ ငါကတော့ သူ့ထက် ချင်းလီကိုပဲ ပိုပြီး ရိုက်ခိုင်းချင်တယ်”

ရှန့်ရှင်းဟယ်သည် ဝမ်းနည်းသလိုပင် ခံစားလိုက်ရသည်။

သူသည် ဇာတ်ညွှန်းကိုဖတ်ရှုပြီးသောကြောင့် အမျိုးသမီးဇာတ်ဆောင်၏ အကြောင်းကို သိရှိခဲ့ပြီဖြစ်သည်။

အကယ်၍ ဖြစ်လာခဲ့လျှင် ချင်းလီအား အမျိုးသားဇာတ်ဆောင်အဖြစ် ထားလိုက်ခြင်းသည် ကျုံချင်းယွီကို အမျိုးသမီးဇာတ်ဆောင်အဖြစ် ရွေးလိုက်ခြင်းထက် ပို၍ပင် ကောင်းသည့် ရွေးချယ်မှုဖြစ်၏။

ကျုံချင်းယွီသည် သရုပ်ဆောင်ညံ့သော သရုပ်ဆောင်တစ်ယောက် မဟုတ်သော်လည်း သူမ၏ ပုံစံအသွင်အပြင်သည် အမျိုးသမီးဇာတ်ဆောင်နေရာနှင့် လုံးဝမကိုက်ညီပေ။

ကျန်းတုံသည် ရှန့်ရှင်းဟယ်၏ အရည်အချင်းတန်ဖိုးကိုသိခဲ့ပြီး ရှန့်ရှင်းဟယ်လည်း ထိုနည်းတူပင်။

သို့သော် ကျန်းတုံသည် သူ၏ အစီအစဉ်အတွက် နောက်ဆုံးတွင် အကောင်းဆုံးဖြစ်မည့် အရာကို နောက်ဆုံးတွင် ရွေးချယ်မည်ဖြစ်ကြောင်း ရှန့်ရှင်းဟယ်မှ သိလေ၏။

*The Bottom Line* ဇာတ်လမ်းတွဲသည် အလွန်ထူးကဲပြောင်မြောက်သော ဇာတ်ညွှန်းဖြစ်ပြီး ဇာတ်ကောင်များဖြင့် ကိုက်ညီသည့် သရုပ်ဆောင်များကို ရွေးချယ်ရန် ထိုက်တန်လေသည်။

ထိုအရာကို တွေးပြီးနောက် ရှန့်ရှင်းဟယ်သည် ကျန်းတုံအား အခက်အခဲကြားထဲတွင် မရောက်စေချင်တော့ပေ။

“ ဒါရိုက်တာကျန်း အရမ်းနောက်ကျနေပြီမလို့ ကျွန်တော်ပြန်သင့်ပြီထင်တယ်”

သူ လှည့်ထွက်သွားသည့်အခါ၌ ရှောင်ယွီသည် သူ့အားရုတ်တရက်လှမ်းခေါ်လိုက်သည်။

“ ရှင်းဟယ် ပြန်လာခဲ့၊ ဘာလို့ အကုန်လုံးက စိတ်ဓာတ်ကျနေတာလဲ ငါက ရှင်းယောင်ရဲ့ သတ်မှတ်ချက်ကိုတောင် မပြောပြရသေးဘူးလေ”

ကျန်းတုံသည် ရှန့်ရှင်းဟယ်၏ ဒဏ်ရာများကို မဆွချင်‌တော့သဖြင့် ရှောင်ယွီအား ညင်သာစွာ ပွတ်သပ်လိုက်လေသည်။

“ မိန်းမရေ ရင်းနှီးမြုပ်နှံသူတွေအကြောင်း မင်းလည်းသိတာပဲ၊ သူတို့က တစ်ယောက်ယောက်ကို သရုပ်ဆောင်ခိုင်းဖို့ ဖိအားပေးမှာပဲလေ၊ ဘယ်လိုလုပ် ကောင်းတာတွေဖြစ်လာပါ့မလဲ”

ရှောင်ယွီ: “ ဒါပေမယ့် သူတို့ သရုပ်ဆောင်ခိုင်းချင်တဲ့သူက ရှင်းဟယ်ပဲလေ”

ရှောင်ယွီမှ မျက်စိတစ်ဖက် မှိတ်ကာ ပြောလာသည်။

ကျန်းတုံသည် ခဏတာမှင်သက်သွားခဲ့သည်။

ရှန့်ရှင်းဟယ်သည်လည်း အလွန်ပင် အံ့ဩမှင်သက်သွားကာ ထိုစကားလုံးများကိုနားလည်ရန် အချိန်‌အတော်ယူလိုက်ရလေသည်။

ရှောင်ယွီသည် သူတို့နှစ်ယောက်အား ပြုံး၍ပင် ကြည့်လိုက်လေသည်။

“ ရှင်းယောင်ရဲ့ တစ်ခုတည်းသော သတ်မှတ်ချက်က *The Bottom Line* ဇာတ်လမ်းတွဲမှာ ရှန့်ရှင်းဟယ်က အမျိုးသားဇာတ်ဆောင် ဖြစ်ကိုဖြစ်ရမယ်တဲ့”

All Chapters