အခန်း ၃၆
Vol. 4 Ch. 36
သရုပ်ဆောင်ရန်အတွက် စာချုပ်ချုပ်ရာတွင် ရှန့်ရှင်းဟယ်သည် စကားတစ်ခွန်းအားထပ်ခါထပ်ခါကြားခဲ့ရဖူးသည်။
“ငါတောင်းပန်ပါတယ် ရှောင်ရှန့်ရေ၊ ဒါပေမဲ့ဒီဇာတ်ကောင်အတွက် ပိုကိုက်မဲ့တခြားတစ်ယောက်ကိုရှာတွေ့သွားလို့ပါ”
“ငါတို့ထင်တာတော့ XX ကပိုသင့်တော်မယ်ထင်တယ် သူတို့က ဝေ့ပေါ်မှာဖော်လိုဝါတွေသိန်းချီရှိတယ်လေ”
“ရှောင်ရှန့်ရေ ငါတို့မှာပြသဖို့အချိန်မလောက်တော့
လို့ မင်းအခန်းတွေကိုဖြတ်လိုက်ရတယ် ပြီးတော့ ငါတို့ပလက်ဖောင်းမှာလဲ စိုးရိမ်စရာရှိနေတယ်”
ထိုအရာများအား ကြိမ်ဖန်များစွာကြားပြီးနောက်တွင် ရှန့်ရှင်းဟယ်သည် နေသားကျသွားခဲ့သည်။
သို့သော် အခြားသူတစ်ဦးထံမှ ထိုသို့ပြောခြင်းသည်ပထမဆုံးအကြိမ်ဖြစ်လေသည်။
“ငါတို့မင်းအပေါ်မှာရင်းနှီးမြုပ်နှံချင်တယ် ပြီးတော့ မင်းက ငါတို့လိုချင်တဲ့ပုံနဲ့ ကိုက်ညီတဲ့တစ်ဦးတည်းသောအမျိုးသားဇာတ်ဆောင်ပဲ”
ရှင်းယောင်မှပို့ထားသော တွေ့ဆုံရန်အချိန်နှင့်တည်နေရာအား ကျန်းထောင်စိုက်ကြည့်ကာ တွေးနေမိသည်။ထို့နောက်သူသည် ရှန့်ရှင်းဟယ်ဘက်သို့ လှည့်ကာ
“မင်းနဲ့ကျုံချင်းယွီကဘယ်လိုပတ်သက်တာလဲ”
ရှန့်ရှင်းဟယ်သည် ရိုးသားစွာဖြင့်
“ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်မသိကြပါဘူး၊ ရိုက်ကွင်းတသ်ခုမှာ ကျွန်တော် ဖြတ်လျှောက် အဖြစ်သရုပ်ဆောင်တုန်းက တစ်ခါပဲတွေ့ဖူးကြတာ”
ကျန်းထောင်သည်ပို၍ပင်စိတ်ရှုပ်သွားကာ
“အဲတာဆိုရင် ကျုံချင်းယွီက မင်းကိုသဘောကျသွားတာများလား”
ရှန့်ရှင်းဟယ်သည် ခါးသီးစွာရီမောလျက်
“အဲတာကမဖြစ်နိုင်လောက်ပါဘူး ဟုတ်တယ်မလား”
ရှန့်ရှင်းဟယ်သည်လည်း ကျုံချင်းယွီ၏ပေယွဲ့ပိုင်အပေါ်တွင်ထားရှိသော ခံစားချက်များအကြောင်း ကောလဟာလများကြားဖူးသည်။ ပေယွီပိုင်သည် ပေမိသားစု၏ဒုတိယသားဖြစ်သည်။ သခင်မလေးကျုံသည် ထိုသို့သောသူအားလက်လျှော့ကာ ရှန့်ရှင်းဟယ်ထံသို့မြှားဦးလှည့်လာစရာအကြောင်းမရှိပေ။
ထိုအတွေးသည် ရှန့်ရှင်းဟယ်အတွက် အဓိပ္ပာယ် မရှိဖြစ်နေလေသည်။
ကျန်းထောင်သည် ရှင်းယောင်၏ဒါရိုက်တာများထံသို့ “The Bottom Line” အားပြသရန် အစည်းအဝေးတစ်ခုပြုလုပ်ရန်အတွက် ရှင်းယောင်သို့သွားရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် ရှင်းယောင်မည်မျှရင်းနှီးမြုပ်နှံမည်ကိုအဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ကျန်းထောင်သည် ရှင်းယောင်အား ဇာတ်ညွှန်းတင်ပြဖူးပါသော်လည်း ထိုထဲတွင် ဇာတ်ကောင်မိတ်ဆက်နှင့် ပထမအပိုင်းသုံးပိုင်းသာပါဝင်သေးသည်။ ရှင်းယောင်မှ အတွင်းလူများ၏ဆုံးဖြတ်ချက်အရ ယွမ်18သန်း ရင်းနှီးမြုပ်နှံဖြစ်မည်ဟု ပြောထားသော်လည်း ကျန်းထောင်၏တင်ပြချက်ကောင်းမွန်ပါက ရန်ပုံငွေပိုမိုရရှိနိုင်မည်ဖြစ်သည်။
ရှင်းယောင်သည် ရှန့်ရှင်းဟယ်အား တက်ရောက်ရန်အထူးတောင်းဆိုခဲ့သည်။
သူတို့သုံးဦးသည် ညဘက်တွင်အမြန်ရထား လက်မှတ်အားအမြန်ဖြတ်ကာ ဟိုင်မြို့သို့မနှောင့်နှေးစေပဲပြန်လာခဲ့ကြသည်။
တိုင်ဖွန်းမုန်တိုင်းသည် ဟန်မြို့အားဖြတ်သန်းသွားသည်နှင့် မိုးသည်းထန်စွာရွာသွန်းကာ လမ်းတစ်ဖက်တစ်ချက်ရှိအသီးအရွက်စိုက်ခင်းများလည်း ပျက်စီးသွားခဲ့လေသည်။လေနှင့်အတူသစ်ရွက်များသစ်ကိုင်းများလွှင့်ပါသွားသော်လည်း လမ်းမပေါ်ရှိရထားတစ်စင်းသည် ၎င်း၏ ဦးတည်ရာထံသို့ မရပ်မနားခရီးနင်နေခဲ့သည်။ သန်းခေါင်ယံအချိန်တွင် ရထားပေါ်ရှိလူများအားလုံး အိပ်မောကျနေကြသည်။
ရှန့်ရှင်းဟယ်သည် ဇာတ်ညွှန်းစာရွက်အားဆုပ်ကိုင်ကာ သူ၏အပိုင်းများအား ထပ်ခါတလဲလဲရွတ်ဆိုလျက်ရှိသည်။
သူသည်မည်သည့်ဇာတ်ဝင်ခန်းအား ရှင်းယောင်မှသူ့အား သရုပ်ဆောင်ခိုင်းမည်ကိုမသိသောကြောင့် သူမှတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားမှတ်နေသည်။
ရှောင်းယွီနိုးလာသောအခါတွင် ရှန့်ရှင်းဟယ်သည် လျှောက်လမ်းရှိ ထိုင်ခုံငယ်လေးတွေထိုင်ကာ မီးအိမ်မှ မီးမှိန်မှိန်လေးသည် သူ၏ထင်ရှားသောဘေးမျက်နှာပုံစံအားပေါ်လွင်နေစေသည်။ ထိုခဏတွင် ရှောင်းယွီသည် သူမ ရှန်ဖေးအားကြည့်နေသည်ဟု ထင်မှတ်သွားခဲ့သည်။
ရှောင်းယွီသည် ရှန့်ရှင်းဟယ်အား နှစ်သိမ့်ပေးလိုက်သည်။
“ တကယ်လို့ရှင်းယောင်က မင်းကို စစ်ဆေးဖို့အတွက် သရုပ်ဆောင်ပြခိုင်းမယ်ဆိုရင်တောင်မှ သူမင်းကိုစာသားတွေမှတ်ဖို့အချိန်ပေးမှာပါ”
ရှန့်ရှင်းဟယ် ပြုံးလိုက်ကာ
“ကျွန်တော် အိပ်မပျော်ဘူး အဲတာကြောင့် ဇာတ်ညွှန်းကို ရင်းနှီးသွားအောင်ဖတ်နေတာ”
ဟန်မြို့နှင့် ဟိုင်မြို့သည် သိပ်မဝေးသည်ဖြစ်ရာ သူတို့ရောက်သည့်အချိန်တွင် ကောင်းကင်သည်မှောင်နေဆဲဖြစ်သည်။ သူတို့သုံးယောက်သည် ဟိုတယ်တွင်နာရီအနည်းငယ်ခန့်အနားယူကြကာ မနက်ဖြန် 9 နာရီအတိတွင် ရှင်းယောင်၏ရုံးခန်းထဲသို့ရောက်နေကြပြီဖြစ်သည်။
ကျုံအဖွဲ့အစည်းမှာ လုပ်ငန်းခွဲတစ်ခုဖြစ်သည့်အလျောက် ရှင်းယောင်ရှိရုံးခန်းသည် ဟိုင်မြို့၏ဗဟိုကျသောနေရာတွင်အဆောက်အဦးအဖြစ် တည်ရှိပြီး စတိုင်ကျစွာပြင်ဆင်ထားသည်။
ရှင်းယောင်၏ လက်ထောက်သည် ထိုသုံးယောက်အား အောက်ထပ်တွင်တွေ့လိုက်ပြီးနောက် အစည်းအဝေးခန်းမထဲသို့ ခေါ်ဆောင်သွားပေးခဲ့သည်။ ဖျော်ဖြေရေးကုမ္ပဏီများအတွက် ရင်းနှီးမြုပ်နှံမှုများသည် အရေးကြီးသောကိစ္စရပ်တစ်ခုဖြစ်သည်။ ထိုရင်းနှီးမြုပ်နှံမှုအစည်းအဝေးအား ချောင်ယန်နှင့်ဝူလျောင်သာမက ပရောဂျက်ဌာနဒါရိုက်တာဖြစ်သော ဖန်ယွဲ့သည်လည်း တက်ရောက်ခဲ့သည်။ ယခင်အစည်းအဝေးများနှင့်မတူသည်မှာ ယခုအစည်းအဝေးသည် မည်သည့်နေရာအားရင်းနှီးမြုပ်နှံမည်ကိုဆွေးနွေးကြမည် မဟုတ်ပဲ မည်မျှရင်းနှီးမြုပ်နှံမည်ကိုဆွေးနွေးကြမည်ဖြစ်သည်။
ပရောဂျက်ဌာန၏အကြီးအကဲဖြစ်သည့်အလျောက် ဖန်ယွဲ့သည် မမလေးကျုံ၏ရင်းနှီးမြုပ်နှံမှုအပေါ် စိတ်ဝင်စားလာခြင်းအား မအံ့ဩပေ။ သူသည် “The Bottom line” အတွက်ပရောဂျက်အကြံပြုချက်များအား လှန်လောရင်း ချောင်းယန်အား မေးလိုက်သည်။
“လေးနက်တဲ့ဒရမ်မာလား၊ ထျန်ဟွေ့ရဲ့သွေးစုပ်ဖုတ်ကောင်ကြီးက အခုတလော လေးနက်တဲ့ဒရမ်မာတွေကိုသဘောကျနေတာလား”
“ရှူး! အသံတိုးတိုးပြောစမ်းပါ”
ချောင်းယန်သည် ဖန်ယွဲ့၏ပါးစပ်အားလှမ်းပိတ်ကာပြောလိုက်သည်။
“အဲဒီသွေးစုတ်ဖုတ်ကောင်မှာနာမည်ရှိတယ် သူက သခင်လေးပေ ပဲ၊ သူကိုမမလေးကျုံရှေ့မှာအဲလိုသွားမခေါ်နဲ့၊ မဟုတ်ရင်သူမ ဒေါသထွက်သွားလိမ့်မယ်”
“ထစ်ချ်!” ဖန်ယွဲ့သည်မထီမဲ့မြင်လုပ်နေသည်။
သူမသည် သူဌေးမှာ မမလေးကျုံ၏ပံ့ပိုးမှုအား အားကိုးနေရသည်ဟုမထင်ပေ။ သူမအနေဖြင့် မမလေးကျုံသည် ကန်းနေသည်ဟုသာမြင်မိသည်။
“The Bottom Line” ဇာတ်ကားအတွက်မှာလည်း ဖန်ယွဲ့သည်အကောင်းမြင်ခြင်းမရှိပေ။
လေးနက်သောဒရမ်မာအမျိုးအစားများသည် အမှားပါ၍မရသောအမျိုးအစားများဖြစ်သည်။ ထိုကြောင့် လေးနက်သောဒရမ်မာများရိုက်ရာတွင် ထူးချွန်သောသရုပ်ဆောင်များ၊ ကောင်းမွန်သောထုတ်လုပ်ရေးအသင်းနှင့် ဇာတ်အိမ်ခိုင်မာသော ဇာတ်ညွှန်းများပြီးလျှင် ထူးချွန်သော ဒါရိုက်တာတစ်ယောက်လိုအပ်သည်။ ထိုအချက်များအားလုံးသည် ချို့ယွင်း၍မရသောအချက်များဖြစ်သည်။ ဆန့်ကျင်ဖက်အနေဖြင့် အိုင်ဒေါဒရမ်မာများတွင်မူ ထုတ်လုပ်ရေးအဖွဲ့မှာမည်မျှပင်မကောင်းဖြစ်နေကာစေမူ အမျိုးသားဇာတ်ဆောင်သည် ကြည့်ကောင်းနေပါက အောင်မြင်နိုင်မည်ဖြစ်သည်။
“ဒါပေမဲ့ အဲဒီရင်းနှီးမြုပ်နှံမှုက ထျန်ဟွေ့နဲ့တော့ မဆိုင်ဘူး”
ချောင်ယန်သည်ဖန်ယွဲ့အား တိုးတိုးလေးပြောလိုက်သည်
“ဒါကသရုပ်ဆောင်အငယ်ပိုင်းလေးအတွက် ဖြစ်ပုံရတယ်”
ချောင်ယန်ကြည့်နေသည့်ဘက်အားလိုက်ကြည့်ရင်းဖြင့် ဖန်ယွဲ့သည် ရှန့်ရှင်းဟယ်အား တွေ့သွားသည်။
ဖန်ယွဲ့သည်သူမ၏မျက်လုံးများအား ကျဥ်းမြောင်းကာကြည့်လိုက်သည်။
ရှန့်ရှင်းဟယ်သည် ခုံနောက်ကိုမှီကာထိုင်နေသည်။ သူ့အပေါ်တွင်ရှိနေသော မီးချောင်းများသည်ပိတ်သွားကာ တစ်ဝက်ပိတ်လိုက်ကာများမှထွက်လာသောအရိပ်သည် သူ၏နဖူးပေါ်လို့ကျသွားသည်။ သူ၏ပုံသွင်းထားသောဆံပင်နှင့် ကြည်လင်နေသောမျက်လုံးလေးများသည် ဖြူစင်မှုအားဘောင်ခတ်ထားလေသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ဖန်ယွဲ့သည်
“နောက်ဆုံးသော မမလေးကျုံရဲ့ အရသာခံစွမ်းရည်ကတိုးတက်လာပြီပဲ”
မိနစ်အနည်းငယ်အကြာတွင် ကျုံချင်းယွီသည် အခန်းထဲသို့ဝင်ရောက်လာကာ စားပွဲထိပ်ရှိသူမ၏ထိုင်ခုံတွင်နေရာယူလိုက်သည်။ သူမရောက်ရှိလာသည်နှင့်တကွ ရင်းနှီးမြှပ်နှံမှု အစည်းအဝေးမှာလည်း စတင်လေသည်။
ကျန်းထောင်သည် ဤပရောဂျက်အတွက် ရန်ပုံငွေရရန် မျိုးစုံသောကွန်ရက်များနှင့် ဖျော်ဖြေရေးကုမ္ပဏီများထံ တင်ပြခဲ့ဖူးသော်ညား ယခုမှာသူ၏ ပရောဂျက်အား ရှင်းပြဖူးသည့် ပထမဆုံးအကြိမ်ဖြစ်လေသည်။ သူသည်စ၍မရှင်းပြခင်တွင် ကျုံချင်းယွီအား လေးနက်စွာဖြင့်ဦးညွှတ်လိုက်သည်။ ကျုံချင်းယွီသည်မျက်ခုံးပင့်သွားကာ ကျန်းထောင်၏အမူအရာကြောင့် အံ့ဩမိသွားသည်
“မမလေးကျုံ”
ကျန်းထောင်သည်လေးနက်စွာဖြင့် ပြောလိုက်သည်။
“ဒီအချိန်မှာ ပမာဏဘယ်လောက်ပဲဖြစ်ဖြစ် ရင်းနှီးမြုပ်နှံပါစေ ကျွန်တော် မမလေးကိုကျေးဇူးတင်ချင်ပါတယ်”
“ရှောင်းယွီအမြဲတမ်းပြောလေ့ရှိတယ် ကျွန်တော်ကအမူအရာပိုင်းမှာအတော်ညံ့တယ်တဲ့၊ ပြီးတော့ ကျွန်တော်ကအခြေအနေကိုမကြည့်ပဲပြောတတ်တဲ့လူပါ၊ နောက်ပြီး ရသစုံရှိုးရိုက်ကူးနေစဥ်အတွင်းမှာကျွန်တော် မမလေးကိုဝေဖန်ခဲ့မိဖူးလို့ မမလေးနဲ့ကျွန်တော်ရဲ့ကြားမှာ ဆက်ဆံရေးမပြေလည်မှုတွေရှိခဲ့ဖူးပါတယ်”
“ကျွန်တော်ရဲ့ မတော်တဆမှုပြီးတဲ့နောက်မှာ ကျွန်တော်မမလေးနဲ့ပတ်သတ်ဖို့မစဥ်းစားခဲ့ဖူးပါဘူး၊ ဘာလို့လဲဆိုတော့ကျွန်တော်ထင်ခဲ့တာက မမလေးကကျွန်တော်ကိုမကူညီလောက်ဘူးလို့ထင်ခဲ့တာမလို့ပါ”
“ဒါပေမဲ့ နောက်ဆုံးမှာတော့ မထင်ထားစွာနဲ့ပဲ မမလေးကပဲ ကျွန်တော်ကိုကူညီဖို့ဆန္ဒရှိခဲ့တာပါ”
အစပိုင်းတွင် ကျန်းထောင်သည် ကျုံချင်းယွီအား သဘောကျနှစ်သက်ခြင်းမရှိခဲ့ပေ။ သူမ၏မကောင်းသောကောလဟာလများသည်လည်း အွန်လိုင်းပေါ်တွင်များပြားကာ ရုပ်ရှင်လောကထဲရှိဒါရိုက်တာများသည်လည်း သူမအားဝေဖန်ခဲ့ကြသည်။
သို့ပေမဲ့ သူမနှင့်အတူ ရသစုံရှိုးတွင် အလုပ်အတူလုပ်ပြီးနောက် ကျန်းထောင်သည် ထိုအရာများမှာအမှန်မဟုတ်သည်ကို သိရှိလာသည်။ မမလေးကျုံသည် မောက်မာတတ်သော်လည်း သူမတွင် စိတ်နှလုံးကောင်းရှိသည်။
ကျုံချင်းယွီသည် သူမ၏မေးစေ့အားလက်တွင်ပေါ်တင်လိုက်ကာ ကျန်းထောင်ကို စိုက်ကြည့်လိုက်သည်။
ကျန်းထောင်သည် သူမအပေါ်အပြုသဘောဆောင်သောသဘောထားရှိလိမ့်မည်ဟုသူမ မမျှော်လင့်ထားပေ။ သူမတို့သည် စီးပွားရေးပါတနာများဖြစ်သော်ညားသူ့ထံမှာ ထိုကဲ့သို့အမူအယာများအား မမျှော်လင့်ထားခဲ့ပေ။
ကျုံချင်းယွီသည် မျက်ခုံးတစ်ဖက်အားပင့်လိုက်ကာ
“ကျန်းထောင် ရှင်ဒီလိုသနားစရာဟန်ဆောင်နေလည်း ကျွန်မ ရင်းနှီးမြုပ်နှံမှုတိုးလာမယ်လို့ မထင်နဲ့နော်၊ ကျွန်မတို့ဆီမှာကျွမ်းကျင်တဲ့ အကဲဖြတ်သူတွေနဲ့ပြန်လည်သုံးသပ်သူတွေရှိတယ်၊ ကျွန်မကို လိမ်ဖို့ကြိုးစားနေရင်လည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး”
ကျန်းထောင်ပြုံးလိုက်ပြီးနောက်
“မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်တော်နားလည်ပါတယ်၊ မမလေးရင်းနှီးမြုပ်နှံဖို့စိတ်ကူးရှိတာကိုပဲ ကျွန်တော်ဝမ်းသာပါတယ်၊ ဘယ်လောက်ရင်းနီးမြုပ်နှံချင်လာမလဲဆိုတာကတော့ ကျွန်တော်အရည်အချင်းပေါ်မှာပဲ မူတည်ပါတယ်”
ရင်းနှီးမြုပ်နှံသည့် လိမ်လည်မှူဖြစ်ရပ်ပြီးနောက် ကျန်းထောင်သည်အလွန်အမင်းစိတ်မကောင်းဖြစ်ခဲ့ရသည်။
ကျေးဇူးတင်မှုများအပြီးတွင်မူ ပရောဂျက်တင်ဆက်မှုသည် တရားဝင်စတင်လိုက်ပြီဖြစ်သည်။
ကျန်းထောင်သည်စိတ်လှုပ်ရှားနေခဲ့သည်။ သူ့တွင်များစွာသော အတွေ့အကြုံများရှိနေခဲ့သော်လည်း ရင်းနှီးမြုပ်နှံသူများနှင့် မျက်နှာချင်းဆိုင်ရသောအခါတွင် သူအမြဲတုန်လှုပ်မှုအားခံစားနေရသည်။
သို့သော် သူ၏တင်ပြချက်အား အာရုံစူးစိုက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့စိတ်အဆင်မပြေမှူများနှင့်စိတ်လှုပ်ရှားမှုများမှာ ပြေပျောက်သွားခဲ့သည်။ ကျန်းထောင်သည် ပရောဂျက်အားရှင်းပြရာတွင် နစ်ဝင်နေသည့်ပုံရသည်။ ဤသည်မှာ သူ၏တစ်နှစ်တာကြိုးစားမှုရလဒ်ပင်ဖြစ်သည်။ သူနှင့်ရှောင်းယွီသည် ဇာတ်ညွှန်းအားအကြိမ်ကြိမ်ပြုပြင်ခဲ့ကြပြီး ဇာတ်ညွှန်းပေါ်ရှိစကားလုံးအားလုံးသည် သူအတွက်အသက်ရှိနေသကဲ့သို့ဖြစ်နေလေသည်။ သူသည် “ The Bottom Line” ၏ ဇာတ်ကောင်များနှင့်ဇာတ်ကွက်များ အားလုံးကို ကျေညှက်နေပြီးဖြစ်သည်။
သူ၏တင်ပြချက်ပြီးချိန်တွင် အစည်းအဝေးခန်းသည် တိတ်ဆိတ်သွားခဲ့သည်။ ကျန်းထောင်၏စိတ်အားထက်သန်မှုသည်လည်း ရုတ်တရက်ငြိမ်ကျသွားခဲ့သည်။
ဘာတုန့်ပြန်မှုမှမရှိဘူး။
ဘာလို့ ဘာတုန့်ပြန်မှုမှမရှိရတာလဲ။
ကျုံချင်းယွီဒါကို သဘောမကျလို့များလား။
သူတို့တွေရုတ်တရက် ရင်းနှီးမြုပ်နှံမှုကိုဖြတ်သိမ်းဖို့ဆုံးဖြတ်လိုက်ကြမှာလား။
“ဖန်ယွဲ့”
ကျုံချင်းယွီခေါ်လိုက်သည့် ဖန်ယွဲ့သည် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ရင်းနှီးမြုပ်နှံမှုများအတွက် တာဝန်ရှိသောသူဖြစ်၍ ယခုရင်းနှီးမြုပ်နှံမှုကိစ္စတွင် ဆုံးဖြတ်မှုပေးနိုင်သည့်အာဏာအရှိဆုံးသူဖြစ်သည်။
“ငါတို့ဒီ ပရောဂျက်မှာဘယ်လောက်ရင်းနှီးမြုပ်နှံသင့်တယ်လို့ ရှင်ထင်လဲ”
ဖန်ယွဲ့၏အရှေ့စားပွဲပေါ်တွင် ပရောဂျက်အားထောင့်ပေါင်းစုံမှ အကဲဖြတ်ထားသော ကျွမ်းကျင်အကဲဖြတ်ထားချက်တစ်ခုရှိနေသည်။
အစည်းအဝေးများပြုလုပ်နေချိန်အတွင်းတွင် ဤဇယားအားအခြေခံ၍ ပရောဂျက်များအား အမြဲအမှတ်ပေးလေ့ရှိပြီး တင်ပြချက်ပြီးဆုံးသောအခါတွင် သူမ၏ရမှတ်များသည် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
“သန်း နှစ်ဆယ်”
၏
ဖန်ယွဲ့သည် သူမ၏အကဲဖြတ်ချက်အပေါ်အခြေခံ၍ အကောင်းဆုံးရင်းနှီးမြုပ်နှံမှု ပမာဏအား ဖော်ပြခဲ့သည်။ ဤပမာဏသည် စတော်ဘယ်ရီကွန်ယက်မှ ရင်းနှီးမြုပ်နှံလိုသောပမာဏနှင့် ကိုက်ညီကာ ရှင်းယောင်၏ ဇာတ်ညွှန်းအားဖတ်၍ သုံးသပ်ပြီးခန့်မှန်းထားသည့်ပမာဏထက် အနည်းငယ်သာများသည်။
တကယ်တမ်းတွင် ဖန်ယွဲ့သည် “ The Bottom line” အား အလွန်သဘောကျနေခဲ့သည်။ ဤဇာတ်ကားသည် ပေါက်နိုင်ချေရှိသည်ဟု သူမထင်ခဲ့သည်။
သို့ပေမဲ့ ဖျော်ဖြေရေးနယ်ပယ်တွင် ပရောဂျက်တစ်ခုအောင်မြင်ခြင်း မအောင်မြင်ခြင်းသည် ကံနှင့်ဆိုင်သည်။ ဖန်ယွဲ့သည် ကျွမ်းကျင်သော ရုပ်ရှင်နှင့်ရုပ်မြင်သံကြား ရင်းနှီးမြုပ်နှံသူဖြစ်သည်။ သူမသည် သူမ၏စိတ်ခံစားချက်များကြောင့် အဆုံးအဖြတ်အားပြောင်းလဲမည်မဟုတ်သည့်အပြင် ပရောဂျက်တစ်ခုအား အောင်မြင်မည်ဟုမသေချာမချင်း လောင်းကြေးထပ်မည်လည်း မဟုတ်ပေ။
သန်းနှစ်ဆယ်သည် “The Bottom line” မအောင်မြင်ခဲ့လျှင်တောင် ရှင်းယောင်မှထုတ်ပေးနိုင်သော ပမာဏဖြစ်သည်။
ချောင်ယန်နှင့် ဝူလျောင်သည်လည်း သန်းနှစ်ဆယ်သည် အကောင်းဆုံးပမာဏဖြစ်သောကြောင့် ထိုပမာဏအားလက်ခံကြသည်။ ကျန်းထောင်သည် စိတ်ပျက်အားငယ်မိသွားသည်။ အကောင်းဆုံးရလဒ်များရရှိရန်အတွက် သန်းသုံးဆယ်ရရန်လိုအပ်သည်ဟု သူထင်သည်။ သန်းသုံးဆယ်သည် ရုပ်ရှင်နှင့်ရုပ်မြင်သံကြား ရင်းနှီးမြုပ်နှံမှုများအတွက် ကြီးမားသောပမာဏမဟုတ်သော်ညား “ the bottom line” သည် ၁၂ ပိုင်းသာရှိသောကြောင့် သန်းနှစ်ဆယ်ဟူသောပမာဏသည် သိသိသာသာလုံလောက်သောပမာဏဖြစ်နေဆဲဖြစ်သည်။ အကယ်၍ရန်ပုံငွေမလုံလောက်နိုင်ပါက သူအချို့ဇာတ်ကွက်များအား အနည်းငယ်ဖြတ်ချခဲ့ရမည်ဖြစ်သည်။
*ဟုတ်ပြီ သန်းနှစ်ဆယ်ပဲပေါ့!”
ကျုံချင်းယွီသည် သူမ၏အပြီးသတ်ဆုံးဖြတ်ချက်အား ချလိုက်သည်။
“အမျိုးသားဇာတ်ဆောင်အတွက်ကတော့”
ကျန်းထောင်သည် ရှန့်ရှင်းဟယ်အား ဆွဲခေါ်လိုက်ကာ
“သူပါ၊ သူကရှန့်ရှင်းဟယ်ပါ သူရဲ့လူရွေးပွဲဗီဒီယို ကိုမြင်ဖူးတယ်မလား၊ သူကအမျိုးသားဇာတ်ဆောင်အတွက် အကောင်းဆုံးရွေးချယ်စရာပဲ၊ တကယ်လို့ကျွန်တော်ကိုမယုံဘူးဆိုရင် သူ့ကိုကြိုက်တဲ့ဇာတ်ဝင်ခန်းတစ်ခုကို သရုပ်ဆောင်ခိုင်းကြည့်လို့ရပါတယ်”
ကျုံချင်းယွီသည်ရှန့်ရှင်းဟယ်အား တစ်ချက်ကြည့်၍
“ဟုတ်ပြီလေ အဲတာဆိုတစ်ချက်ကြည့်ကြရအောင်”
သူမသည်ဇာတ်ညွှန်းအားကောက်ကိုင်လိုက်ကာ လှန်လောရင်း ရှည်လျားသောဇာတ်ဝင်ခန်းတစ်ခုအားလက်ညှိုးထိုးလိုက်ကာ
“ဒီတစ်ခုပဲ”
ကျုံချင်းယွီသည် “The Bottom line” အတွက်ဇာတ်ညွှန်းအားမဖတ်ရသေးသော်ညား အတွေ့အကြုံရှိသောမင်းသမီးတစ်လက်အနေဖြင့် ထိုဇာတ်ညွှန်းများသည် ဇာတ်ဝင်ခန်းများအဖြစ် ပိုင်းခြားထားကာ ပို၍တိကျပြီး ပြတ်သားသောဇာတ်ညွှန်းများသည် အဓိကဇာတ်ဝင်ခန်းများဖြစ်ကြောင်းသူမသိသည်။ ရှည်လျားသောဇာတ်ဝင်ခန်းသည် စိတ်ခံစားမှုများနှင့် ရှုပ်ထွေးသောအရာများပါရှိသောကြောင့် အရည်အချင်းစစ်ဆေးဖို့ရာအတွက် အဆင်အပြေဆုံးဖြစ်ပေသည်။
သို့သော် ကျုံချင်းယွီရွေးချယ်လိုက်သည့်ဇာတ်ဝင်ခန်းအား ရှန့်ရှင်းဟယ်မြင်လိုက်သည်နှင့် သူ၏မျက်နှာသည်တစ်ခဏဖြူဖျော့သွားသည်။
သူမည်သို့လုပ်ရမည်နည်း။ ကျုံချင်းယွီသည် အလွန်တရာခက်ခဲသော ဇာတ်ဝင်ခန်းတစ်ခုအားရွေးချယ်ခဲ့သည်။
ထိုဇာတ်ဝင်ခန်းတွင် အမျိုးသားဇာတ်ဆောင်ရှန်ဖေး သည်ပြင်ပဖိအားများနှင့်အတူ ပဋိပက္ခများပြည့်နှက်နေချိန်တွင်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုခံစားချက်များ များစွာပါဝင်နေသည့်အတွက် ဤဇာတ်ဝန်ခန်းအားသရုပ်ဆောင်နိုင်ရန် အလွန်ခက်ခဲစေသည်။ ထပ်ပြောရလျှင်ထိုအပိုင်းသည် အပိုင်း ၈ တွင်ပါသောဇာတ်ဝင်ခန်းတစ်ခုဖြစ်သည်။ ပရောဂျက်၏လျို့ဝှက်ချက်အား ထိန်းသိမ်းရန်အတွက် အပိုင်း ၃ ထက်ကျော်သောဇာတ်ညွှန်းများသည် ကျန်းထောင်နှင့်ရှောင်းယွီ၏ လက်ထဲတွင်သာရှိသည်။ ကျန်းထောင်သည် ရှောင်းယောင်နှင့် ရင်းနှီးမြုပ်နှံမှုအားအတည်ပြုပြီးသည့်တိုင်အထိဇာတ်ညွှန်းများအား မျှဝေခြင်းမပြုခဲ့ပေ။ ရှန့်ရှင်းဟယ်သည်လည်းထို ဇာတ်ဝင်ခန်းအား မမြင်ဖူးပေ။ ခေါင်းကိုက်စရာတော့ဖြစ်ပေတော့မည်။
ရှန့်ရှင်းဟယ်သည် တိတ်ဆိတ်စွာဖြင့် စာသားများအားချက်ချင်းဆိုသလို မှတ်လို့နေလေသည်။
ရှင်းယောင်သည် သူ့အားအချိန်ငါးမိနစ်သာပေးသည့်အတွက် ကျန်းထောင်သည်ထိုဇာတ်ကွက်အားရှင်းပြရန်အချိန်မရှိတော့ပေ။ ငါးမိနစ်ပြီးသွားပြီးနောက် ရှန့်ရှင်းဟယ်သည် စင်ပေါ်သို့တက်ကာ သရုပ်ပြရမည်ဖြစ်သည်။
ကျန်းထောင်သည်သူအသက်ရှူကြပ်လာသည်ကိုခံစားလိုက်ရသည်။ ငါးမိနစ် ငါးမိနစ်ဆိုသည့်အချိန်အတွင်း ရှန့်ရှင်းဟယ်သည် စာသားများအားမှတ်မိနေလျှင်ပင် အထင်ကြီးစဖွယ်ဖြစ်နေပြီဖြစ်သည်။ ထိုအချိန်တိုအတွင်း သူတို့သည် သူ့အား ဇာတ်ကောင်၏စိတ်သဘောထားများအား အပြည့်အဝရယူနိုင်ရန်မျှော်လင့်နေသည်မှာအံ့ဖွယ်ဖြစ်လေသည်။ သူအစောကအချိန်တွင် ထိုကဲ့သို့မကြွားဝါသင့်လိုက်ပဲ သူကိုယ်တိုင်သာလျှင် အရည်အချင်းစစ်ရန်အတွက် ဇာတ်ဝင်ခန်းအားရွေးလိုက်သင့်သည်။
ကျုံချင်းယွီသည် “အက်ရှင်” ဟုအော်လိုက်သည်နှင့်တစ်ပြိုင်နက် တင်ဆက်မှုသည်လည်းစတင်ပြီဖြစ်သည်။ ကင်မရာများသည် ရှန့်ရှင်းဟယ်အား ဦးတည်ကာရိုက်ကူးနေကြပြီး အနီရောင်မီးသည်လည်း လင်းနေပြီဖြစ်သည်။ ရှန့်ရှင်းဟယ်သည် သူမျက်လုံးများအားဖွင့်လိုက်ကာ
ရှန့်ရှင်းဟယ်၏ ဇာတ်ဝင်ခန်းတွဲဖက်သည် ဝူလျောင်ဖြစ်သည်။ ဝူလျောင်သည် ရှန်ဖေး၏ဖုံးကွယ်ထားသော အဆင့်အတန်းအမှန်အားရှာဖွေသိရှိခဲ့သည့် လူမိုက်လေးတစ်ဦးဖြစ်သည်။ ထိုလူမိုက်သည် ရှန်ဖေး၏ ရဲအကယ်ဒမီတက်ရောက်စဥ်မှဓါတ်ပုံအားမြင်ပြီး သူအား အနိုင်ကျင့်ရန်ကြိုးစားနေသူဖြစ်သည်။
ဝူလျောင်သည် သရုပ်ဆောင်တစ်ယောက်မဟုတ်ပေ။ သူသည်ဇာတ်ညွှန်းမှစာကြောင်းများအား ခြောက်သွေ့စွာပြောနေလေပြီးနောက် ကင်မရာသည်သူ့ထံဦးတည်လာသည့်အခါတွင် အခြားသူများသည်ထိုနေရာသို့မဝင်ရဲကြပေ။
သို့သော် ရှန့်ရှင်းဟယ်ထံသို့ ကင်မရာရောက်သွားသည့်အချိန်တွင် လေသံအနိမ့်အမြင့်များသည် အလုံးစုံပြောင်းလဲသွားခဲ့သည်။
ရှန့်ရှင်းဟယ်သည် ထိုလူမိုက်ထံသို့လမ်းလျှောက်သွားနေသည်။ သူလျှောက်သွားသည့်လမ်းတစ်လျှောက်တွင်လည်း အရိပ်များဖုံးလွှမ်းနေကာ မှောင်မိုက်စိုစွတ်သောလမ်းကြားမှ ကြောက်စရာကောင်းသည့် ကိုယ်ရောင်ဝါများထွက်နေသကဲ့သို့ဖြစ်နေလေသည်။
သူ့မျက်နှာသည် ဆေးစွဲနေသူ၏သဘာဝမဆန်စွာဖြူဖျော့နေသောမျက်နှာ သို့မဟုတ် အဆိပ်ပြင်းမြေတစ်ကောင်လျှာအား ထုတ်နေသကဲ့သို့ဖြစ်နေလေသည်။
လူမိုက်သည်လည်း တစ်ခဏမျှလန့်သွားမိသည်။
၎င်းသည် ဇာတ်ညွှန်း၏တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရှန့်ရှင်းဟယ် ရောက်ရှိလာမှုအား ဝူလျောင်၏အစစ်အမှန်တုန့်ပြန်မှုလည်း ဖြစ်လေသည်။
ထို့နောက် ရှန့်ရှင်းဟယ်သည် ပုလင်းတစ်လုံးအားယူကာ သူ၏ခေါင်းအားရိုက်ခွဲလိုက်လေသည်။
ပုလင်းသည် အစိတ်စိတ်အမွာမွာပျက်စီးသွားကာ သွေးကဲ့သို့ စေးပစ်ပစ်အရည်များသည် ရှန့်ရှင်ဟယ်နဖူးမှတစ်ဆင့် စီးဆင်းလာလေသည်။
ပုလင်းကွဲအစများသည် ကြောက်မက်ဖွယ်ကောင်းစွာ အစိမ်းရောင်တောက်ပနေပြီး ချွန်ထက်သောအစွန်းများဖြင့် လူမိုက်၏နှာဖျားသို့ချိန်ရွယ်ထားလေသည်။
“မင်ငါ့ကိုဘယ်သူနဲ့တူတယ်လို့ပြောလိုက်တာလဲ”
ထူးဆန်း၍ထူထဲကာဖျားနာချင်စဖွယ် ခံစားချက်များသည် မထိန်းချုပ်နိုင်စွာတိုးပွားလာသည်။ဝူလျောင်သည်သူ၏ စာသားများအားမေ့ကာ သူ၏ခြေထောက်များမှာမခိုင်တော့ပဲ မြေကြီးပေါ်သို့လဲကျသွားလေသည်။
“ကဒ်!”
ငါးမိနစ်အကြာတွင် ထိုဇာတ်ဝင်ခန်းပြီးဆုံးသွားခဲ့သည်။ ကျန်းထောင်သည် ကြည့်နေရာမှအလျင်အမြန်ထကာ ကဒ်ဟုအော်လိုက်သည်။ ရှန့်ရှင်းဟယ်သည် သူ၏ မူးရစ်ဆေးစွဲနေသူပုံရိပ်မှထွက်ကာ ဝူလျောင်အားကူညီရန်လှမ်းလိုက်ချိန်တွင် သူ၏မျက်နှာတွင်နူးညံ့နွေးထွေးသော အပြုံးတစ်ခုပေါ်ထွက်လာခဲ့သည်။
သို့သော် ဝူလျောင်သည်ရှန့်ရှင်းဟယ်၏ မျက်လုံးထဲမှကြောက်စရာကောင်းဖွယ်အကြည့်အား ကြောက်လန့်နေဆဲဖြစ်သည်။ ရှန့်ရှင်းဟယ် သည်သူ၏လက်အားဆန့်လိုက်ချိန်တွင် ဝူလျောင်သည် အနောက်ဘက်သို့ကြောက်ရွံ့စွာဆုတ်သွားခဲ့သည်။
“ဒါရိုက်တာဝူ”
ကျုံချင်းယွီသည် နေရခက်စွာပြုံး၍
“အဲတာကပြီးသွားပါပြီ”
“အဲတာကပြီးသွားပြီလား”
သို့သော်ဝူလျောင်သည် ရှန့်ရှင်းဟယ် သူ့အား ပုလင်းစဖြင့်အချိန်မရွေးထိုးနိုင်သည် အကြည့်အားယခုအချိန်ထိအမှတ်ရနေနိုင်သေးသည်။
ရိုက်ကွင်းရှိသူများအားလုံးသည်လည်း ရင်တုန်ခဲ့ကြသည်။
ချောင်ယန်သည် ရှန့်ရှင်းဟယ်၏ ယခုတိုက်ရိုက်သရုပ်ဆောင်ပြမှုမှလွဲ၍ ယခင်လူရွေးပွဲ ဗီဒီယိုများအားမမြင်ဖူးပေ။ ထို ဇာတ်ဝန်ခန်းပြီးဆုံးသွားသည့်အချိန်တွင် သူမသည် ကျန်းထောင် ရှန့်ရှင်းဟယ်အား အဘယ်ကြောင့် အမျိုးသားဇာတ်ဆောင်အဖြစ်ထားချင်သည်ကိုသဘောပေါက်သွားလေသည်။
“The battle of loucheng” ရိုက်ကွင်းတွင် ရှန့်ရှင်းဟယ် သရုပ်ဆောင်သည်ကို ချောင်ယန်မြင်ဖူးခဲ့သည်။ ထိုအချိန်တွင် သူမထင်သည်မှာ သူသည်ကောင်းမွန်ပြီး အရည်အချင်းရှိသောသရုပ်ဆောင်တစ်ယောက်အဖြစ်သာ ထင်ခဲ့သည်။ သို့သော် ဇာတ်ကောင်တိုင်းတွင် ကန့်သတ်ချက်များရှိလေသည်။ ပြောရလျှင် လူသေကောင်နှင့်အသက်ရှင်သည့်သူအား သရုပ်ဆောင်ရန်အတွက် လိုအပ်သည့်အရည်အချင်းများသည် မတူပေ။ ချောင်ယန်သည် ရှန့်ရှင်းဟယ်အား “The battle of loucheng” တွင် စစ်သားတစ်ဦးကဲ့သို့သရုပ်ဆောင်သည်ကိုမြင်ခဲ့သောကြောင့် သူ့၏အလားအလာများအားမမြင်နိုင်ခဲ့ခြင်းဖြစ်ပေသည်။
သို့ပေမဲ့ ရှန်ဖေးဇာတ်ကောင်သည် ပို၍ကြွယ်ဝပြီး နူးညံသိမ်မွေ့သောစိတ်ခံစားမှုနှင့် သရုပ်ဆောင်စွမ်းရည်များအား လိုအပ်သည်။
ရှန့်ရှင်းဟယ်တွင် ထိုစွမ်းရည်များအားပေးစွမ်းနိုင်စွမ်းရှိသည်။
ချောင်ယန်သည် ကျုံချင်းယွီအား တိုးတိုးလေးဖြင့် ပြောလေသည်။
“ငါ ချင်လီတို့ဖျော်ဖြေတာကိုမြင်ဖူးတယ်၊ သူတို့ကကောင်းပေမဲ့ ရှန့်ရှင်းဟယ်နဲ့ယှဥ်လိုက်ရင် မှိန်နေတုန်းပဲ”
“ဒီဇာတ်ဝင်ခန်းကိုကြည့်ပြီးတဲ့နောက်မှာ”
ချောင်ယန်သည်တိုးညှင်းစွာဖြင့်
“ငါတို့တွေ “The Bottom line” ရန်ပုံငွေအတွက် ၂သန်းလောက်ထပ်ထည့်ဖို့စဥ်းစားသင့်တယ်လို့ထင်တယ်”
ထိုစကားဝိုင်းအား ကြားနေရသော ဖန်ယွဲ့သည်လည်း အဆက်မပြတ်ခေါင်းငြိမ့်ပြလာသည်။
“မမလေးကျုံ ကျွန်မလည်း ထောက်ခံတယ်၊ *The Bottom Line” မှာ ဒီလိုမျိုးအမျိုးသားဇာတ်ဆောင်နဲ့ဆိုရင် အနာဂတ်ကတော့တောက်ပနေဖို့ အလားအလာအများကြီးရှိပါတယ်”
ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဖန်ယွဲ့သည် ပရောဂျက်များအား အလွယ်တကူရင်းနှီးမြုပ်နှံခြင်း မရှိသော သူပင် ထိုပရောဂျက်တွင်တောက်ပသောအနာဂတ်ရှိမည် မရှိမည်ကိုအား အလောင်းအစားလုပ်နေလေသည်။
သို့သော် ရှန့်ရှင်းဟယ်၏တင်ဆက်မှုသည် သူမအားထိုအလောင်အစားအားထပ်မံလုပ်လိုက်ရန် ဆန္ဒရှိစေသည်။ အမှန်တွင် ရှန့်ရှင်းဟယ် သရုပ်ဆောင်ပြီးချိန်တွင် ဖန်ယွဲ့သည် ကင်မရာာသမားအား သီးသန့်ဆက်သွယ်၍ ထိုအရည်အချင်းစစ်ဗီဒီယိုအား ပို့ပေးရန်တောင်းဆိုခဲ့ပြီးဖြစ်သည်။
သူမသည် ထိုဗီဒီယိုအား ပရောဂျက်အဖွဲ့၏ ဂရုချက်ထဲသို့ပို့ကာ
[မမလေးကျုံက ဒီတတ်သစ်စသရုပ်ဆောင်လေးအပေါ်မှာ ရင်းနှီးမြုပ်နှံလောက်တယ်၊ သူ့အတွက်လိုက်ဖက်မဲ့ဇာတ်ကောင်တွေရှိမရှိရှာကြပါဦး ဒီတစ်ယောက်ကတော့သေချာပေါက်အောင်မြင်တော့မှာပဲ]
ထိုဂရုချက်တွင် ရှင်းယောင်၏ပရောဂျက်အဖွဲ့ဝင်များနှင့်ပြည့်နေသည်။ ယင်းတို့သည် ထိုဗီဒီယိုအားကြည့်ပြီးနောက် မျက်လုံးများဝင်းလက်လာကြသည်။
[ဒီတစ်ယောက်ကတအားချောတာပဲ သားရည်တွေယိုနေပြီ]
[သူက မမလေးကျုံစာချုပ်ချုပ်လိုက်တဲ့သရုပ်ဆောင်အသစ်လား၊ သူမရဲ့အရသာခံစွမ်းရည်ကနောက်ဆုံးတော့တိုးတက်လာခဲ့ပြီပဲ]
[ဘုရားရေ သူကင်မရာကိုကြည့်လိုက်တဲ့အကြည့်က အရမ်းဆွဲဆောင်မှုရှိတာပဲ ငါကတော့သွားပါပြီ]
[ဒီလောက်ထိချောမောတဲ့ ကောင်လေးကဘာလို့အခုထိနာမည်မကြီးသေးတာလဲ၊ ဖျော်ဖြေရေးနယ်ပယ်ကတကယ် အဓိပ္ပါယ်မရှိတာပဲ]
ချောင်ရန်နှင့်ဖန်ယွဲ့သည် ဖျော်ဖြေရေးနယ်ပယ်တွင်နှစ်ပေါင်းများနေဖူးပြီး ချောမောသောယောက်ျားလေးများစွားအားမြင်ဖူးသည်။သို့သော် ရှန့်ရှင်းဟယ်၏ရုပ်ရည်ကြောင့်သာမဟုတ်ပဲနှင့် သူ၏သရုပ်ဆောင်ချက်သည် သူတို့အားစွဲလန်းစေသည့်အရာဖြစ်လေသည်။ ထိုဇာတ်ဝင်ခန်းမှ သူ၏ဆွဲဆောင်မှုသည် သူတို့၏မျက်လုံးများထဲတွင် တစ်ရာရာခိုင်နှုန်းအထိမြင့်တက်သွားခဲ့သည်။
ယခုတွင် သူတို့သည်သူ့အားဗီလိန်တစ်ဦးအဖြစ် တစ်မျိုးပြောင်း၍ပုံဖော်နိုင်ပြီဖြစ်သည်။
မမလေးကျုံသည်သူ့အား အမျိုးသားဇာတ်ဆောင်နေရာကိုပေးခြင်းမှာ အံ့ဩစရာမရှိပေ။ သူမ သရုပ်ဆောင်ကောင်းသောလူအား ရွေးမိပုံရသည်။ ဖန်ယွဲ့သည် ရှန့်ရှင်းဟယ်အား နတ်ဆိုးဘုရင်အဖြစ် တစ်ခဏပုံဖော်ကြည့်လိုက်မိသည်။ သူ၏မျက်နှာသည် လေးနက်သောဒရမ်မာများအတွက် သုံးရန်နှမြောစရာကောင်းလွန်းလေသည်။
ကျုံချင်းယွီသည် ရှန်ရှင်းဟယ်အား စူးစမ်းလေ့လာနေသည်။
ကျန်းထောင်၏ပရောဂျက်တင်ဆက်မှုနှင့် ရှန့်ရှင်းဟယ်၏သရုပ်ဆောင်ပြမှုအပြီးတွင် သန်းနှစ်ဆယ်ရင်းနှီးမြုပ်နှံမှုသည် ဆုံးရှုံးစရာမဟုတ်ပေ။ ဤသည်မှာ ရှင်းယောင်၏ဆုံးဖြတ်ချက်ဖြစ်ကာ ကျုံချင်းယွီသည်မူအခြားအတွေးမျာရှိနေလေသည်။ သူ၏ပုံပန်းသွင်ပြင်အတွက်…… သူမ သူအား ၁၀မှတ်မှ ၉မှတ်ပေးသည်။
သူ၏ဆံပင်သည် ထူ၍ သန်သောကြောင့် ထပ်ပြောင်ဖို့ရာအတွက်စိုးရိမ်စရာမလိုပေ။သူ၏အရပ်သည် ကိုယ်ရေးအကျဥ်းတွင် 185 cm ဟုရေးထားကာ သူသည်ထိုမျှလောက်ရှိသည်ဟုထင်ရသည်။
“ရှင်မိတ်ကပ်တွေလိမ်းထားသေးလား”
ကျုံချင်းယွဲ့သည် ရှန့်ရှင်းဟယ်အား မေးလိုက်သည်။
ရှန်ရှင်းဟယ်သည် သူ့အားဖမ်းမိသွားသကဲ့သို့ ဖြစ်၍
“မလိမ်းထားပါဘူး”
သူသည်မနေ့ညတွင် ဟိုင်မြို့သို့အလျင်အမြန်လာခဲ့ရရာ သူ့တွင် မနက်အိပ်ယာထကာ မျက်နှာသစ်ဖို့ရန်သာအချိန်ရှိခဲ့သည်။ မိတ်ကပ်လိမ်းရန်မဆိုနှင့် သူသည်အသားအရေထိန်းသိမ်းသည့်ပစ္စည်းများပင်မလိမ်းခဲ့ရပေ။
ကျုံချင်းယွီသည် ကျေနပ်စွာခေါင်းငြိမ့်လျက်
“တစ်ပတ်လှည့်ပြ”
ရှန့်ရှင်းဟယ်တွင် အတွန့်တက်စရာမေးခွန်းများရှိနေပါသော်ညား ပြောသည့်အတိုင်း စက်ဝိုင်းပုံစံလှည့်လိုက်သည်။
ကျုံချင်းယွီသည် ပို၍အဆင့်တက်လာကာ
“အင်္ကျီချွတ်လိုက်ပြီးတော့ ဒိုက်ထိုးပြ”
ရှန့်ရှင်းဟယ်:?
ရိုက်ကွင်းရှိသူများ: ??????
ရှန့်ရှင်းဟယ်၏ လည်စေ့သည်အပေါ်အောက်လှုပ်ရှားသွားသည်။
သူသည် ထိုအရာအပေါ်မကောင်းသည့်ခံစားချက်များရနေပါသော်ညား ကျုံချင်းယွီသည် ရင်းနှီးမြုပ်နှံသူဖြစ်ကာ ကျန်းထောင်၏သန်းနှစ်ဆယ်သည်လည်း ရှိနေသေးသည်ဖြစ်၍ သူမငြင်းနိုင်ခဲ့ပေ။သူသည် သူ၏အင်္ကျီအားချွတ်ကာ ကြမ်းပြင်တွင်ဒိုက်များအဆက်မပြတ်ထိုးလေသည်။
ရှန့်ရှင်းဟယ်သည် လေ့ကျင့်ခန်းပုံမှန်လုပ်သူဖြစ်ရာ သူအတွက်ဒိုက်အနည်းငယ်ထိုးခြင်းသည် ခက်ခဲသည့်အရာမဟုတ်ပေ။ ထို့သို့လေ့ကျင့်ခန်းလုပ်ခြင်းကြောင့်သူ၏ ကြွက်သားများသည်သဘာဝအတိုင်းသွားများနှင့်ပြည့်နေကာ သူ့၏လက်မောင်းကြွက်သားများသိသာစေပြီး သူ၏ဗိုက်ကြွက်သားခြောက်ခုအားလည်း သိသာစွာမြင်နေရလေသည်။
ကျုံချင်းယွီသည် သူအားရပ်ရန်မပြောပေ။ ချွေးများသည် ရှန့်ရှင်းယွီ၏ နဖူးမှတစ်ဆင့် သူ၏လည်စိထံမှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ကျသွားလေသည်။
“ကယ်တင်ပေးကြပါဦး”
ချောင်ယန်၏လက်မောင်အားချိတ်ကာ ဖန်ယွဲ့တိုးငြင်းစွာပြောလိုက်သည်
“သူနဲ့စာချုပ်ချုပ်လိုက်ပါတော့ ဗိုက်ကြွက်သားခြောက်ခုတောင်ရှိတယ်၊ မင်းသူလိုလူမျိုးနောက်တစ်ယောက်ထပ်ရှာတွေ့တော့မှာမဟုတ်ဘူး”
“ကိုယ့်ကိုယ်ကိုယ်ထိန်းစမ်းပါ…”
ချောင်ရန်သည်မျက်နှာများနီရဲနေရင်း တိုးငြင်းစွာပြန်ပြောသည်
“ငါတို့တွေအခုထိ ပရောဂျက်အစည်အဝေးမှာပဲရှိသေးတယ်လေ!”
ကျုံချင်းယွီသည် ဆက်လက်ကြည့်ရှူနေဆဲဖြစ်သည်။ သူမသည် ရှန့်ရှင်းဟယ် ဒိုက်ထိုးနေသည်ကိုကြည့်၍ သူမ၏ဖုန်းအားထုတ်ကာဗီဒီယိုရိုက်နေခဲ့သည်။
ရှန့်ရှင်းဟယ်:.....
“ရပြီ ထလိုက်တော့”
သူမစိတ်ကျေနပ်သွားချိန်တွင် ကျုံချင်းယွီသည် သူ့အားရပ်ရန်ပြောခဲ့သည်။
ယခုအချိန်တွင် ရှန့်ရှင်းဟယ်၏မျက်နှာမှာ ချွေးပါးပါးဖြင့် ပြောင်လက်နေပြီး သူ့ပါးများသည် အနည်းငယ်နီမြန်းလျက်ရှိသည်။ သူသည်သူ၏အင်္ကျီအားအနေရခက်စွာ ပြန်လည်ဝတ်ဆင်လိုက်သည်။
ကျုံချင်းယွီသည် ရှန့်ရှင်းဟယ်၏ကိုယ်ရေးအကျဥ်းအား ကြည့်ရင်း မိသားစုနေရာတွင် အမေတစ်ဦးတည်းကိုသာစာရင်းပြုထားသည်ကိုမြင်၍ သူမ၏မျက်လုံများတုံ့ဆိုင်းသွားသည်။
“မင်းရဲ့ မိသားစုအခြေအနေကဘယ်လိုလဲ”
ရှန့်ရှင်းဟယ်သည် တံတွေးအားမြိုချလိုက်ကာ
“ကျွန်တော်မိဘတွေက ကျွန်တော်ငယ်ငယ်ကတည်းကကွာရှင်းထားကြတာပါ အဲကတည်းကကျွန်ကအမေဘက်မှာလိုက်နေခဲ့တာ၊ သူမကအခုကျန်းမာရေးမကောင်းပါဘူး အဲတာကြောင့်ကျွန်တော်သူ့ကို ဟိုင်မြို့ကိုခေါ်ပြီး ဆေးကုသမှုခံယူစေချင်တာပါ၊ ဒါပေမဲ့စိတ်မပူပါနဲ အဲတာက ရိုက်ကူးရေးအတွက်အနှောင့်အယှက်မဖြစ်စေရပါဘူး၊ သူမကိုပြုစုဖို့ရာအတွက် သူနာပြုတစ်ယောက်ငှားထားမှာပါ”
“အို”
ကျုံချင်းယွီသည်စာနာစွာဖြင့်
“ကိစ္စမရှိပါဘူး ကျုံဂရုမှာ ပုဂ္ဂလိကဆေးရုံတွေရှိပါတယ်၊ သူမကိုအဲဒီမှာ ပေးလို့ရပါတယ်၊ ဆေးဖိုးအကုန်လုံးကိုလဲငါတို့ဘက်ကရှင်းပေးမှာပါ”
ထို့နောက်သူမသည် ခေါင်းစဥ်ပြောင်းကာ
“ဆိုတော့ ရှင့်အမေကပေါင်းသင်းလို့လွယ်လား၊ သူမကသူမရဲ့ချွေးမကိုအခက်တွေ့အောင်လုပ်နိုင်လောက်လား”
“?”
ရှန့်ရှင်းယွီသည်
“သူမကအရမ်းကောင်းပါတယ် သူမကကြင်နာတတ်တဲ့သူတစ်ယောက်ပါ”
ကျုံချင်းယွီသည်ခေါင်းငြိမ့်ကာ
“ကောင်းပြီ ဒါကငါ့စိတ်ကိုရှင်းသွားစေတယ်၊ ဒါပေမဲ့ ၂၉ ဆိုတာကနည်းနည်းတော့အသက်ကြီးတယ် အဲတာကလွဲလို့ဘာမှတော့သိပ်မရှိပါဘူး”
လူတိုင်း: !!!!
ထိုစကားဝိုင်းသည် ခေါင်းစဥ်မှလမ်းကြောင်းအတော်လွဲနေပြီဖြစ်သည်။
ဒါကပရောဂျက်အစည်းအဝေးလား၊ သရုပ်ဆောင်လူရွေးပွဲလား၊ ဒါကမိန်းမပျိုလေးက ခင်ပွန်းသည်ကိုရှာနေတဲ့ပွဲပဲမလား။
မိန်းမပျိုလေးကနောက်ဆုံးတော့ သူရဲ့ခံစားချက်တွေကိုသိသွားခဲ့ပြီလား။
ထိုမေးခွန်းများအားမေးပြီးနောက် ကျုံချင်းယွီ၏စိတ်ထဲတွင်ရှင်းလင်းသွားခဲ့သည်။
သူ၏အပြင်ပန်းအခြေအနေသည်ကောင်းမွန်နေပြီး သူပုံပန်းသွင်းပြင်သည်လည်း ကောင်းမွန်သည့်ပုံပေါက်သည်။ မကောင်းသည့်အချက်မှာသူသည် ဆင်းရဲသောမိသားစုမှလာ၍ အနည်းငယ်အသက်ကြီးနေခြင်းသာဖြစ်သည်။ သို့သော် အသက်သည်ပြောင်းလဲမရသည့်အရာဖြစ်သော်လည်း ဆင်းရဲနေသည်အား အလွယ်တကူပြုပြင်၍ရနိုင်လေသည်။ လူတစ်ဦးအား အောင်မြင်မှုရရှိစေရန် ပြုလုပ်ခြင်းသည် ကျုံချင်းယွီ၏ ထိန်းချုပ်မှုအောက်တွင် အလွယ်လေးပင်ဖြစ်သည်။
အဓိကအချက်မှာ ရှန့်ရှင်းဟယ်သည် နှိမ့်ချတတ်သောသဘောထားရှိကာ အခြားသူများအား ဂရုစိုက်မည့် သူတစ်ဦးနှင့်တူသည်။ သူသည်ယန်ရှီအား ကောင်းကောင်းဂရုစိုက်ပေးမည့်သူတစ်ဦးနှင့်တူသည်။ အသက်ကြီးနေခြင်းသည် သူမတွန့်ဆုတ်စွာ လက်ခံလိုက်ရသောအရာဖြစ်သည်။
ကျုံချင်းယွီသည်သူမ၏ အပြီးသတ်ဆုံးဖြတ်ချက်အားချလိုက်ကာ
“ရှောင်းယောင်က သန်းနှစ်ဆယ်ကို ရင်းနှီးမြုပ်နှံလိမ့်မယ် ပြီးတော့ငါက နောက်ထပ်ဆယ်သန်းကို ထပ်ရင်းနှီးမြုပ်နှံမယ်”
ကျန်းထောင်သည် အလွန်ဝမ်းမြောက်သွားသည်။ သူကြားလိုက်သည့်အရာသည် အမှန်ဖြစ်ပေလား သန်းသုံးဆယ် ဘယ်လိုတောင်ကြီးမားတဲ့ကံကောင်းမှုကြီးက ကောင်းကင်ပေါ်ကကျလာခဲ့တာလဲ။
ထိုအချိန်တွင်
ရှင်းယောင်ဖျော်ဖြေရေး ကုမ္ပဏီ၏ HR ဌာနတွင် ယန်ရှီ၏အလုပ်စာချုပ်တွင် တံဆိပ်တုံးအနီရောင်အားထုလိုက်ပြီးနောက် သူမသည်ရှင်းယောင်၏ တရားဝင် အလုပ်သင်ဖြစ်ပြီဖြစ်သည်။
ယနေ့မနက်တွင် သူမသည် ပရောဂျက်အစည်းအဝေးအား မတက်ရောက်ခဲ့ဘဲ ရှင်းယောင်၏ပရောဂျက်အဖွဲ့ အင်တာဗျူးတွင် ပါဝင်ခဲ့သည်။ ကျုံယန်စီ၏ ကျုံဂရုတွင် အာရုံအလုပ်သင်ဆင်းရန်အကြံပြုချက်သည် သူမအားအကြံဥာဏ်တစ်ခုပေးခဲ့သည်။ ဝတ္ထုထဲတွင် ရှန့်ရှင်းဟယ်နှင့်ပတ်သက်သော အဖြစ်အပျက်များမှာ ထိုတစ်နှစ်အတွင်းတွင်သာဖြစ်သည်။ ထိုကြောင့် သူမ ကျုံချင်းယွီ၏ ဘေးကင်းမှုအား ယခုနှစ်တွင်သေချာအာမခံနိုင်လျှင် သူမသည်ဝတ္ထုမှကြိုတင်သတ်မှတ်ထားသော ကံကြမ္မာအား ရှောင်ရှားနိုင်မည်ဖြစ်သည်။ ဟိုင်မြို့တက္ကသိုလ်မှ ဒုတိယနှစ်ဘွဲ့ရ ကျောင်းသူတစ်ဦးအနေဖြင့် သူမတွင်အတန်းများမရှိပေ။ ကျောင်းသားများသည် သူတို့၏အကြံပေးများနှင့်အတူပရောဂျက်လုပ်ခြင်းသို့မဟုတ် အလုပ်သင်များလုပ်နေကြချိန်ဖြစ်သည်။ ထို့ကြောင့် ရှင်းယောင်တွင်အလုပ်သင်ဆင်းခြင်းသည် ကောင်းမွန်သည့်ရွေးချယ်မှုပင်ဖြစ်သည်။
စာချုပ်ချုပ်သည့်လုပ်ငန်းစဥ်ပြီးနောက်တွင် ယန်ရှီသည် system ထံမှသတိပေးချက်အားရရှိခဲ့သည်။
[ဒင် အနာဂတ်တွင်ကျော်ကြားမည့်ပရောဂျက်ဖြစ်သော “ The bottom Line” တွင်ရင်းနှီးမြုပ်နှံခဲ့ခြင်းကြောင့် ကျုံချင်းယွီသည် ကံကောင်းမှုအမှတ် ၁ မှတ်ရရှိခဲ့ပါသည်]
[အမျိုးသားဇာတ်ပို့ ချင်လီအား အကောင်းဆုံးသရုပ်ဆောင်ဖြစ်ဖြစ်လာခြင်းအား တားဆီးခဲ့သည့်အတွက် ကျုံချင်းယွီသည် ကံကောင်းမှအမှတ် ၁ မှတ်ရရှိခဲ့ပါသည်၊ ယခုကံကောင်းမှုအမှတ်စုစုပေါင်းမှာ ၂၁.၁ မှတ်ဖြစ်ပါသည်]
ယန်ရှီသည် ဝန်ထမ်း၏နောက်သို့လိုက်ကာ ရုံခန်းလို့သွားနေသည်။ ထွင်းဖောက်မြင်ရသောမှန်မှ ကျန်းထောင်နှင့် ကျုံချင်းယွီသည် အစည်းအဝေးခန်းအတွင်းတွင် “The bottom line” အတွက် စာချုပ်အားလက်မှတ်ထိုးနေသည်ကို သူမ မြင်နိုင်သည်။ ကျန်းထောင်သည် အလွန်ပျော်ရွှင်နေရင်း ကနေသယောင်ဖြစ်နေလေသည်။ ကျန်းထောင်သည် ထိရောက်စွာအလုပ်လုပ်တတ်သည်ဖြစ်ကာ ရင်နှီးမြုပ်နှံမှု၏ ပထမအရစ်ကျငွေအား အကောင့်ထဲသို့လွဲပြောင်းပြီးဖြစ်သည်။
ယန်ရှီသည် မအံ့ဩပေ။ ကျုံချင်းယွီသည် သူမရင်းနှီးမြုပ်နှံမည်ဟုကတိပေးခဲ့ပြီးဖြစ်ရာ သူမသေချာပေါက်ရင်းနှီမြုပ်နှံမည်ဖြစ်သည်။ ကံကောင်းမှုအမှတ်များ တိုးလာမည်ကိုလည်း ခန့်မှန်းထားပြီးသားဖြစ်သည်။
သို့သော် ရှန့်ရှင်းဟယ်၏ကံကြမ္မာအားပြောင်းလဲမှုအတွက် ကံကောင်းမှုအမှတ်မရရှိခြင်းသည် ယန်ရှီအား စိတ်ရှုပ်ထွေးစေသည်။
သူမ ကျုံချင်းယွီထံမှလက်ဆောင်ရရှိချိန်တွင် ကျုံချင်းယွီသည် ကံကောင်းမှုအမှတ်အား ရရှိခဲ့သည်။ ရှန့်ရှင်းဟယ်၏ကိစ္စတွင်မူ အဘယ်ကြောင့် မရပါသနည်း။
System သည်လည်း သူမနှင့်နည်းတူ စိတ်ရှုပ်ထွေးနေခဲ့သည်
[ကျွန်တော်လည်း မသိတော့ဘူး၊ သီအိုရီအရ ကျုံချင်းယွီက ရှန့်ရှင်းဟယ်ကို ကူညီလိုက်လို့ သူက သူမနဲ့ ဆက်ဆံရေးတစ်ခုရှိသွားပြီး ရှန်ဖေးရဲ့ ဇာတ်ကောင်က အကောင်းဆုံးသရုပ်ဆောင်ဖြစ်လာမယ့်သူရဲ့ ဇာတ်ကောင်ဖြစ်တာကြောင့်မလို့ ကျုံချင်းယွီမှာလည်း သူမရဲ့ကံကြမ္မာမှာ အပြောင်းအလဲတွေရှိလာမှာပါ]
ယန်ရှီသည်နားမလည်ပါသော်ညား သူမသည်ကံကောင်းမှုအမှတ်တိုးသွားပြီဖြစ်သည်။
“The bottom line” ထုတ်လွှင့်မည့်အချိန်တွင် ရှင်းယောင်သည်ပို၍အမြတ်အစွန်းများရှိလာမည်ဖစ်သည်။ ဤအခြေအနေသည် နှစ်ဖက်လုံးအဆင်ပြေသောအခြေအနေတစ်ခုဖြစ်သည်။
ကျုံချင်းယွီသည် အစည်းအဝေးအခန်းမှထွက်လာကာ ယန်ရှီသည်သူမအားအပြင်တွင်စောင့်နေသည်ကိုမြင်လိုက်ရသောအခါ
“နင်တကယ်ရှင်းယောင်မှာအလုပ်သင်ဆင်းမလို့ပေါ့”
ကျုံချင်းယွီသည် ယန်ရှီအားပျော်ရွှင်စွာလက်ချိတ်လိုက်ပြီး
“နင်ငါ့ကိုစောစောပြောပြသင့်တာလေ နင်ဒီမှာဝင်လုပ်ချင်ရင် အင်တာဗျူးဖြေနေစရာမလိုပါဘူး”
ယန်ရှီသည် အနီးနားဆိုင်မှ နို့လက်ဖက်ရည်ဝယ်လာကာ တစ်ခွက်အား ကျုံချင်းယွီထံသို့ကမ်းပေးလိုက်သည်။
“အင်တာဗျူးက အဲလောက်မခက်ပါဘူး၊ ဒီလိုမျိုးကိစ္စရိုးရိုးလေးတွေအတွက် အာဏာသုံးပေးစရာမလိုပါဘူး”
ဝူလျောင်နှင့်ချောင်ယန်သည် အစည်းအဝေးခန်းထဲမှ တစ်ဦးပြီးတစ်ဦး ထွက်လာကြသည်။
“ယန်ရှီ မင်းရှင်းယောင်မှာအလုပ်သင်ဆင်းမလို့လား၊ မင်းဘယ်ဌာနကိုဝင်မှာလဲ တကယ်လို့မင်းမဆုံးဖြတ်ရသေးဘူးဆိုရင် ငါတို့ PR ဌာနကိုလာခဲ့လေ”
ဝူလျောင်သည်သူ ၏လက်များအား စိတ်လှုပ်ရှားစွာပွတ်နေရင်းပြောလိုက်သည်။ ယန်ရှီကို PR ဌာနမှာထားနိုင်မည်ဆိုလျှင် သူတို့၏လုပ်အားကိုနှစ်ဆပိုမိုထိရောက်စေနိုင်မည်ဖြစ်သည်။
“အိမ်မက်မက်နေလိုက်”
ချောင်ယန်သည် ယန်ရှီ၏လက်မောင်းတစ်ဖက်အားဆွဲရင်းပြောလိုက်သည်။
“ယန်ရှီကသေချာပေါက် ငါတို့ရဲ့အရည်အချင်းစီမံခန့်ခွဲတဲ့ဌာနကို လာမှာ”
ချောင်ယန်သည် *အတူခရီးသွားကြစို့* ၏တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုခဲ့ပြီးနောက် ချုံချင်းယွီသည် နောက်ကွယ်မှယန်ရှီမပါခဲ့လျှင် M တံဆိပ်နှင့် သဘောတူညီချက်အား အကောင်ထည်ဖော်မည်မဟုတ်ကြောင်းသူကောင်းစွာသိသည်။
သူမတစ်ဦးထည်းဖြင့် ကုမ္ပဏီအတွက် သန်းသုံးဆယ် ရှာပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့သောအရည်အချင်းမျိုးသည် အရည်အချင်းစစ်ဌာနနှင့် သက်ဆိုင်သည့်အရည်အချင်းမျိုးဖြစ်သည်။
“မဟုတ်ဘူး မဟုတ်ဘူး ယန်ရှီကငါတို့ PR ဌာနနဲ့ပိုပြီးလိုက်တာ သူမကလုံးဝကွက်တိပဲ”
“သူမကငါတို့ အရည်အချင်းစီမံခန့်ခွဲရေးဌာနအတွက်ပဲ သူမကငါတို့ဆီကိုလာမှာ”
ဝူလျောင်နှင့်ချောင်ယန်သည် ယန်ရှီ၏လက်မောင်းတစ်ဖက်စီအားဆွဲထားတာ လွတ်ကြမည့် သဘောလည်း မရှိကြပေ။ဖန်ယွဲ့သည် သူမ၏စာရွက်စာတမ်းများအားလှန်လှောကာ ဝင်၍
“ခဏနေပါဦး အလုပ်ခေါ်စာတင်ထားတဲ့ဌာနကငါတို့ဌာနမလား”
ဝူလျောင်: “တိတ်စမ်း”
ချောင်ယန်: “ဒါကမင်းနဲ့မဆိုင်ဘူး”
ဖန်ယွဲ့: “....”
သုံးယောက်သားငြင်းခုံနေကြချိန်တွင် ရှန့်ရှင်းဟယ်သည်လည်း ယန်ရှီအားစောင့်ကြည်နေလေသည်။ ရှန့်ရှင်းဟယ်သည် သူမအားရှင်းယောင်တွင် တွေ့လိုက်ရသည်ကိုအံ့ဩသွားသော်ညား ထိုနေ့မတိုင်ခင်တွင် သူမသူ့အားဝန်ထမ်းကဒ်ပြဖူးသည်ကိုသတိရသွားသည်။
ဒါဆို သူမကဒီမှာတကယ်အလုပ်လုပ်နေတာပေါ့။ သူမကို အချိန်အတိုအတွင်း ထပ်တွေ့ရတာအရမ်းကောင်းတာပဲ။
ထို့အပြင် သူမသည်အရည်အချင်းရှိသည့်ပုံပေါ်သည်။ မမလေးကျုံချင်းယွီသည် သူမနှင့်ရင်းနှီးကာ ဌာနဒါရိုက်တာများသည်လည်း သူတို့၏ဌာနထံသို့ ခေါ်နိုင်ရန်ပြိုင်ဆိုင်နေကြသည်။
ယန်ရှီသည် ရှန့်ရှင်းဟယ်အား သတိပြုမိသွားကာ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
“ကောင်းပြီ ကောင်းပြီ”
ထိုနှစ်ယောက်သည် ဆက်လက်ငြင်းခုံနေသည်ကိုတွေ့ပြီးနောက် ကျုံချင်းယွီသည် ယန်ရှီအားအလျင်အမြန်ကယ်ထုတ်လိုက်သည်။ သူမသည် ယန်ရှီနှင့်ရှန့်ရှင်းဟယ်အား တစ်ချက်စီကြည့်ကာ ယန်ရှီထံသို့တီးတိုးလေးဖြင့်
“နင်ရှင်းယောင်ကိုလာခဲ့တာ ရှန့်ရှင်းဟယ်ကြောင့်မလား ဟုတ်တယ်မလား”
ယန်ရှီ သည် “သေချာပေါက်မဟုတ်ပါဘူး” ဟုပြန်လည်ဖြေလိုက်သည်။
ကျုံချင်းယွီ၏မျက်နှာသည် သူမအကုန်သိနေသည် ဟူသောပုံစံဖြင့်တောက်ပသွားကာ
“နင်ငါ့ကိုဘာလို့ဖုံးကွယ်ထားနေတာလဲ၊ ငါကသူ့ကိုနင့်အတွက်နည်းနည်းစစ်ဆေးပေးနေတာပါ၊ သူကမဆိုးပါဘူး ဒါပေမဲ့အသက်ကတော့နည်းနည်းကြီးနေပြီ ဒါပေမဲ့လည်း အဆင်ပြေပါတယ်လေ၊ သူလေ့ကျင့်ခန်းပိုလုပ်ပြီးပုံစံကျအောင်လုပ်နေလို့ရတာပဲလေ နင်အနာဂတ်မှာအကြာကြီးပျော်ရွှင်နိုင်မှာပါ”
ယန်ရှီ: ?
ဘာလို့ဒီစကားဝိုင်းကထူးဆန်းနေတယ်လို့ခံစားနေရတာလဲ။
ကျုံချင်းယွီ၏စကားပြောပုံသည် အလုံးစုံပြောင်းလဲသွားသည်ဟု သူမထင်မိသည်။
“တကယ် မဟုတ်ဘူးလို့”
ယန်ရှီသည်ရှင်းပြရန်အခက်တွေ့နေလေသည်။
သို့ပေမဲ့ ကျုံချင်းယွီသည် “ငါနားလည်ပါတယ်” ဟူသည့်အမူအရာဖြင့် ဖန်ယွဲ့ဘက်အားလှည့်လိုက်သည်။
“ပရောဂျက်ဌာနက “The bottom line” အတွက် လူသစ်တွေရှာနေတာမလား”
ဖန်ယွဲ့သည်
“ ဟုတ်ပါတယ် မနေ့ညကရင်းနှီးမြုပ်နှံမှုကိုအတည်ပြုပြီးတာနဲ့ လိုအပ်တဲ့အချက်အလက်တွေကို ရေးဆွဲခဲ့တာပါ၊ ရှင်းယောင်မှာက အခုတစ်ခြားပရောဂျက်တွေရှိနေတာကြောင့်မလို့ ပရောဂျက်ဌာနကအင်အားနည်းတော့ ကျွန်မတို့အခု “The bottom line” အတွက်ရင်းနှီးမြုပ်နှံမှုကို ကြီးကြပ်ဖို့ရာအတွက် လိုအပ်နေပါတယ်”
ထိုရှာဖွေမှုတွင် အဓိကလိုအပ်သူမှာ ကြီးကြပ်သူဖြစ်ပြီး အလုပ်သင်သည် ကြီးကြပ်သူလုပ်ထောက်အဖြစ်လုပ်ကိုင်ရမည်ဖြစ်သည်။ ဖန်ယွဲ့၏မျက်လုံးထဲတွင် ယန်ရှီလုပ်ကိုင်ရမည့် ရာထူးသည်အရေးမပါသည့်ရာထူးဖြစ်လေသည်။
ကျုံချင်းယွီ: “ကြီးကြပ်သူတစ်ယောက်အနေနဲ့ဆိုရင်နင် ရိုက်ကွင်းမှာ ရှန့်ရှင်းဟယ်ကိုအမြဲကြည့်နေလို့ရတယ်မလား”
ဖန်ယွဲ့မှာ တိတ်ဆိတ်သွားသည်။ကြီးကြပ်သူတစ်ဦး၏အလုပ်မှာ ကန့်သတ်ထားသည့်ပမာဏထက်ပိုမသုံးမိစေရန် ဟန့်တားခြင်းဟု သူမထင်မိသည်။
သူမသည် ကျုံချင်းယွီစကားမှားပြောမိသည်ဟု ထင်သော်ညား အမှန်ပြင်မပေးပဲနှင့် သူမ ခေါင်းသာငြိမ့်ပြလိုက်သည်။
ကျုံချင်းယွီ၏မျက်လုံးများတောက်ပသွားကာ
“ဒီအလုပ်ကအဆင်အပြေဆုံးပဲ၊ အဲတာဆိုယန်ရှီကို ကြီးကြပ်သူလုပ်ခိုင်းလိုက်ပါ ကျူစီ”