အပိုင်း ၃၈
Vol. 4 Ch. 38
ကျန်းတုံသည် သူ၏ ဝတ်စုံဓာတ်ပုံရိုက်ပြီးသည်နှင့် အစည်းအဝေးခန်းထဲသို့ အမြန်သွားလေသည်။
ဝူလျောင်၏ လက်ထောက်သည် လူမှုကွန်ရက်ပေါ်တွင် မကြာသေးခင်က လုပ်ကြံဖော်ပြခံထားရသည့် သတင်းများကို ပြသရန် ဖန်သားပြင် ပရောဂျက်တာကို ဖွင့်ထားလေသည်။ လုပ်ကြံသတင်း၏ မူရင်းသည် မားကတ်တင်းအကောင့်အများအပြားမှ တစ်ချိန်တည်း ပေါက်ကြားလာခြင်းဖြစ်ပြီး ကျန်းတုံသည် "Travel" ဟူသည့် ရသစုံအစီအစဉ်တွင် ချင်းလီကို ချက်ချင်းသဘောကျသွားသဖြင့် သူ့အား "The Bottom Line" တွင် သရုပ်ဆောင်ရန် ဖိတ်ခေါ်ခဲ့သည်ဟု ဖော်ပြထားသည်။
သို့ရာတွင် စာချုပ်မချုပ်မီ၌ စတားရှိုင်းမှ ကြားဝင်လာခဲ့ပြီး ကျန်းတုံတွင် ရင်းနှီးမြှုပ်နှံချင်သယောင်ဖြင့် အမှန်တွင် မင်းသားအသစ် ရှန့်ရှင်းဟယ်အား ကြော်ငြာရန် ရည်ရွယ်ခဲ့ခြင်းပင်ဖြစ်သည်။
ပါပါရာဇီများသည် စတားရှိုင်း အဆောက်အအုံတွင် ရှန့်ရှင်းဟယ်နှင့် ကျုံချင်းယွီ တွေ့ဆုံနေသည့်ပုံများ၊ ကျုံချင်းယွီ၏ လက်ထောက် မုန့်လေးက ရှန့်ရှင်းဟယ်၏ မိခင်ကို ဆေးရုံပြောင်းရွှေ့ပေးနေသည်များကိုပါ ဓာတ်ပုံရိုက်မိထားပြီး ယင်းတို့သည် ရှန့်ရှင်းဟယ်နှင့် ကျုံချင်းယွီတို့ နှစ်ဦးကြား ရင်းနှီးသည့် ဆက်ဆံရေးရှိနေသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေကာ စတားရှိုင်းတွင် ဆွေမျိုးရေးဝါဒ ရှိနေသည်ကို ဖော်ပြနေခဲ့သည်။ ဤသတင်းများ ပေါ်လာသည်နှင့် ချင်းလီ၏ ပရိသတ်များသည် ဒေါသအမျက် ထွက်လာကြတော့သည်။
[ကောကောက သူ့ရဲ့ ငါးနှစ်တာ အနုပညာသက်တမ်းတစ်လျှောက်လုံး ဘယ်လောက်တောင်ကြိုးစားခဲ့ရလဲ ကာရိုက်တာကောင်းတွေအတွက် ဘယ်လောက် ပေးဆပ်ခဲ့ရလဲ ဘာကိစ္စ အစားထိုးခံရတာလဲ]
[အဆက်အသွယ်မရှိ အခွင့်အရေးမရှိနဲ့ ကောကောက သနားဖို့အရမ်းကောင်းတာဘဲ]
[ရှန့်ရှင်းဟယ်ဆိုတဲ့ အညတရက ဘယ်က ရောက်လာတာတုန်း၊ ဆိုတော့ သူက စတားရှိုင်းက မင်းသားလေးပေါ့ ပိုက်ဆံနဲ့ ခေါ်လာတာ ဟုတ်တယ်မလား]
[အနုပညာလောကက ဒီလိုလူတွေကြောင့် ပျက်စီးနေတာ၊ ရုပ်ဆိုးတဲ့လူတွေ အနုပညာလောကထဲ ဝင်မလာလို့မရဘူးလား]
မားကတ်တင်းအကောင့်များသည် "The Bottom Line" ၏ ပထမသုံးပိုင်း၏ ဇာတ်ညွှန်းကိုလည်း ဖော်ထုတ်ခဲ့ကြပြီး ချင်းလီ၏ ပရိသတ်များသည် အမျိုးသားဇာတ်ဆောင် ဦးဆောင်မင်းသား ရှန်ဖေး၏ ကာရိုက်တာ ဒီဇိုင်းကို အခြေခံကာ ချင်းလီကို ယူနီဖောင်းဝတ်ဆင်ထားသည့် ပုံများ Photoshop ပြုလုပ်ပြီး ခေတ်စားနေသည့် ရှာဖွေမှုများတွင် တင်ခဲ့ကြလေသည်။
[အစ်ကိုက အရမ်းချောတာပဲ]
[ဒါက ရှန်ဖေးရဲ့ ကံကြမ္မာပဲ]
[ကျန်းတုံက ကန်းများကန်းနေလား ဒီလောက် ပြီးပြည့်စုံတဲ့ ရှန်ဖေးကို လစ်လျူရှုပြီး ရုပ်ဆိုးတဲ့ သူဌေးတစ်ယောက်ကို ကြော်ငြာပေးနေတယ်]
[ရှန့်ရှင်းဟယ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် မရှိဘူးလား၊ လုံးဝအသစ်လား သူ့လိုလူမျိုးက သရုပ်ဆောင်နိုင်ပါ့မလား၊ တည်တည်တံ့တံ့နဲ့ ဒရမ်မာမှာ သရုပ်ဆောင်နိုင်ရဲ့လား]
[ကျုံချင်းယွီ သိမ်းထားတဲ့ ကောင်ချောလေး ဖြစ်ရမယ်၊ ကျုံချင်းယွီက အရမ်းရွံဖို့ကောင်းတာဘဲ ကျန်းတုံ ဒီတစ်ခေါက်က ပိုက်ဆံနောက် မလိုက်ဘူးပြောပြီး အခုက ဘာဖြစ်သွားတာလဲ၊ အခြေခံမူတွေကိုဘဲ လက်ဝယ်ကိုင်ထားတယ်ဆို ဒီတစ်ခေါက်ကျတော့ ဘာဖြစ်သွားတာလဲ]
ပရောဂျက်တာပေါ်မှ မှတ်ချက်များကို မြင်လိုက်ရသည်နှင့် ကျန်းတုံ ဒေါသထွက်သွားလေသည်။
"အဓိပ္ပာယ်မရှိတာတွေ! ဒီလူတွေ ဘာတွေကို လုပ်ကြံဖန်တီးနေကြတာလဲ၊ ရှန့်ရှင်းဟယ်က ငါရွေးထားတဲ့ ဇာတ်ဆောင် မင်းသား! ချင်းလီရဲ့ ပုံစံက ရှန်ဖေးနဲ့ လုံးဝ မကိုက်တာကို"
ရှန့်ရှင်းဟယ်သည် ကျန်းတုံနောက်မှ လိုက်လာပြီး ဖန်သားပြင်ပေါ်မှ ဆဲဆိုမှတ်ချက်များကို မြင်သော် ခေါင်းငုံ့ကာ ဘာမှမပြောပေ။
ဝူလျောင်၏ လက်ထောက်သည် တိုးတိုးလေး ပြောလိုက်လေသည်။
"တကယ်တော့ ဆွေမျိုးရေးဝါဒလို့ ပြောတာက မမှားဘူးလေ ဟုတ်တယ်မလား၊ ဟိုအမျိုးသမီးက 'The Bottom Line' မှာ ရင်းနှီးမြှုပ်နှံပြီး ရှန့်ရှင်းဟယ်ကို ခေါင်းဆောင်မင်းသားအနေနဲ့ တွန်းပို့ခဲ့တာ မဟုတ်လား"
ကျန်းတုံက ဆဲဆိုလိုက်လေသည်။
“မင်း ဘာသိလို့လဲ! အဲ့ဒါက အမှန်မှမဟုတ်တာ ရှန့်ရှင်းဟယ်က ငါ့ရဲ့ ပထမဆုံးရွေးချယ်မှုဘဲ!"
လက်ထောက်သည် မည်သည်ကိုမှ မသိခဲ့သောကြောင့် အပြစ်ကင်းလေသည်။
ဝူလျောင်က ရှင်းပြလေသည်။
"ဒါရိုက်တာကျန်း အရင်က တရားဝင်ကြေညာမထားသေးတာကြောင့် ကျွန်တော်တို့လည်း အသေးစိတ်မသိရသေးပါဘူး၊ ဒါပေမယ့် ရှန့်ရှင်းဟယ်က အစကတည်းက ရွေးချယ်ခံထားရတဲ့ ခေါင်းဆောင်မင်းသားသာဆိုရင် တိုက်ရိုက်ရှင်းပြလိုက်ရုံဘဲလေ”
သူတို့သည် ခိုးကြောင်ခိုးဝှက် ရိုက်ထားသည့် ဓာတ်ပုံအနည်းငယ်နှင့် တရားစီရင်ခံနေရခြင်းဖြစ်ရာ ဤသို့သော PR သည် ရှင်းပြချက်ထုတ်ပြန်လိုက်ရုံနှင့် လုံလောက်လေသည်။
ထိုစဉ်တွင် ရှောင်ယွီသည် အစည်းအဝေးခန်းထဲသို့ ဝင်လာလေသည်။
"အခုမှတော့ ထုတ်ပြန်ချက်ထုတ်ဖို့ နောက်ကျနေပြီ"
ရှောင်ယွီသည် သူမ၏ ဖုန်းကိုဖွင့်ကာ မားကတ်တင်းအကောင့်တစ်ခု၏ နောက်ဆုံး Weibo ပို့စ်ကို နှိပ်လိုက်သည်။ ထိုပို့စ်သည် အသံသွင်းထားသည့် ဖိုင်တစ်ခုနှင့် ချိတ်ဆက်ထားလေသည်။
"မစ္စကျုံက 'The Bottom Line' မှာ အချည်းနှီး ရင်းနှီးမြှုပ်နှံမှာတော့ မဟုတ်ဘူးမလား၊ တခြား အခြေအနေတွေ မရှိခဲ့ဘူးလား”
"ရှိတာပေါ့ အခြေအနေတွေ ရှိတာပေါ့ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ဒီလောက်လွယ်တာမှ မဟုတ်တာ"
"နောက်ထပ် ထည့်ဦးမလို့လား ဘယ်သူလဲ၊ အမျိုးသမီး ဇာတ်ဆောင်လား၊ ကျုံချင်းယွီကို ပြောပြီးပြီ သူမက 'The Bottom Line' ရဲ့ အမျိုးသမီး ဇာတ်ဆောင်နေရာနဲ့ မသင့်တော်ဘူး"
"ရှင်းယောင်က တင်ပြတဲ့ တစ်ခုတည်းသော အခြေအနေမှာ ရှန့်ရှင်းဟယ်က 'The Bottom Line' ရဲ့အမျိုးသားဇာတ်ဆောင် ဖြစ်ရမယ်ဆိုတာပဲ"
ကျန်းတုံ မျက်လုံးပြူးသွားလေသည်။ ဤသည်မှာ ဟုန်ချန်းတွင် ရှောင်ယွီနှင့် သူပြောခဲ့သည့် စကားဝိုင်း မဟုတ်ပါလား။ ထိုစဉ်က သူတို့သည် ရင်းနှီးမြှုပ်နှံမှုအပေါ်၌သာ အာရုံစိုက်နေခဲ့ကြပြီး တစ်စုံတစ်ယောက်က သူတို့၏ စကားဝိုင်းကို ခိုး၍ အသံသွင်းထားလိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ခဲ့ကြပေ။
ကျန်းတုံတစ်ယောက် ဒေါသထွက်နေလေသည်။
"အဲဒီတုန်းက ငါဆိုလိုတာက အဲလိုမဟုတ်ဘူး"
ရှောင်ယွီသည် ဘာမှမတတ်နိုင်စွာဖြင့် ပြန်ဖြေလေသည်။
“ပြောတဲ့လူက ဘာရည်ရွယ်ချက်မရှိပေမယ့် နားထောင်တဲ့လူတွေကတော့ စိတ်ထဲမှတ်ထားကြတယ်၊ အခုအသံသွင်းထားတာက အွန်လိုင်းမှာ ပျံ့နေပြီ"
ယခင်က ဓာတ်ပုံများသည် အထင်အမြင်မှားမှုသက်သက်ဆိုလျှင် ယခုဤစကားဝိုင်းသည် "ရှင်းယောင်၏ မင်းသားလေး ရှန့်ရှင်းဟယ်" ဟူ၍ အထောက်အထား ခိုင်မာစွာ ဖြစ်လာခဲ့ပြီ။ "ကျုံချင်းယွီသည် ရှန်းရှင်းဟယ်ကို သိမ်းသွင်းထားသည်" ဟူသည့် အဓိပ္ပာယ်မရှိသည့် ကောလာဟလကပင် ယုံကြည်နိုင်ခြေရှိလာသည်။
"နာမည်ကြီးတစ်ယောက်က အသံဖိုင်ကို စိစစ်ထားတာ၊ အသံသွင်းထားတဲ့ထဲမှာ လူသုံးယောက် စကားပြောနေတယ်၊ တစ်ယောက်က ရှောင်ယွီ တစ်ယောက်က ကျန်းတုံ ဒါက ရှင်တို့ရဲ့ ခိုင်မာတဲ့ သက်သေပဲ၊ ဒါရိုက်တာကျန်းရော အယ်ဒီတာရှောင်ပါ ကာရိုက်တာတွေ ထည့်သွင်းတာကို ဝန်ခံထားတယ်!"
[ကျုံချင်းယွီက ရသစုံအစီအစဉ်တွေကိုပဲ အာရုံစိုက်သင့်တယ် ရုပ်ရှင်နှင့် တီဗီဈေးကွက်ကို ဘာလို့ လာဖျက်ဆီးနေတာလဲ]
[တစ်ယောက်က ချင်းလီကို အမျိုးသားဇာတ်ဆောင်အနေနဲ့ ပြင်းပြင်းထန်ထန်ကို တောင်းဆိုနေတာ ချင်းလီက ဒါနဲ့ ထိုက်တန်တယ်]
[ချင်းလီက တကယ်ပဲ ရှန်ဖေးအတွက် အသင့်တော်ဆုံး ခေါင်းဆောင်မင်းသားဘဲ]
အသံသွင်းထားသည်က မီးကို လောင်စာထပ်ထည့်သကဲ့သို့ တောက်လောင်သွားသောကြောင့် ချင်းလီ၏ ပရိသတ်များသည် ပိုမို၍ စိတ်အားထက်သန်လာကာ ဟက်ရှ်တက်ဂ်အများအပြားကို ထိပ်တန်းရှာဖွေမှုများဆီ တွန်းတင်လိုက်ကြသည်။ စနေ၊ တနင်္ဂနွေ ဖြစ်နေသောကြောင့် ကြည့်ရှုသူ အများအပြား ပါဝင်လာခဲ့ပြီး ခေါင်းစဉ်များ၏ လူကြိုက်များမှုကို ပိုမိုမြင့်တက်စေခဲ့လေသည်။
ခေတ္တခဏအတွင်းတွင် ရှန့်ရှင်းဟယ်နှင့် "The Bottom Line" သည် အပျက်သဘောဆောင်သည့် ခေတ်စားနေသော ရှာဖွေမှုများဖြင့် ပြည့်နှက်သွားလေသည်။ ဝူလျောင်သည်လည်း ခက်ခဲသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားသည်။ ယခု အသံသွင်းထားခြင်း ပေါ်လာပြီဖြစ်ရာ သူတို့တွင် ခေါင်းဆောင်မင်းသားကို လုယူရန် မူလက ရည်ရွယ်ချက် မရှိခဲ့သော်လည်း၊ ပရိသတ်များသည် "The Bottom Line" တွင် တစ်ခုခု မှားယွင်းနေသည်ဟူသည့် ဘက်လိုက်သည့် အမြင်တစ်ခုကို ရယူပြီးသား ဖြစ်နေသည်ပင်။ "The Bottom Line" ကဲ့သို့ ဒရမ်မာတစ်ခုအတွက် လူထုအမြင်သည် အရေးကြီးသည်။ လူထုအမြင်တွင် မူလအစမှ မကောင်းသည့် စတင်မှုသည် ထုတ်လွှင့်သည့်အခါ သိသိသာသာ ဝေဖန်မှုများကို ဖြစ်ပေါ်စေနိုင်လေသည်။
ဝူလျောင်သည် သူ၏ဖုန်းကို ထုတ်လိုက်လေသည်။
"ပထမဆုံး Weibo ကို ဆက်သွယ်ပြီး ခေတ်စားနေတဲ့ ရှာဖွေမှုတွေကို ဖယ်ရှားပစ်လိုက်"
ယန်ရှီက ဝူလျောင်၏ လက်ကို ဆွဲကိုင်လိုက်လေသည်။
"ဘာလို့ ဖယ်ရှားပစ်မှာလဲ၊ ဒါက အခမဲ့ ကျော်ကြားမှု မဟုတ်ဘူးလား”
မူလ၌ ကျန်းတုံသည် "The Bottom Line" အတွက် ရင်းနှီးမြှုပ်နှံမှုကို သန်းသုံးဆယ် သတ်မှတ်ခဲ့သည်မှာ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ရည်ညွှန်းခြင်းပင်။ သို့သော် ရုပ်ရှင်နှင့် တီဗီ ရင်းနှီးမြှုပ်နှံမှုများတွင် ကြော်ငြာ ကုန်ကျစရိတ်သည် ဘတ်ဂျက်၏ အနည်းဆုံး သုံးပုံတစ်ပုံရှိသောကြောင့် "The Bottom Line" ၏ စျေးကွက်ရှာဖွေရေးအတွက် နောက်ထပ် ဆယ်သန်း ထပ်တိုး ခွဲဝေပေးရန် လိုအပ်လေသည်။ သို့ရာတွင် ဤသည်မှာ "The Bottom Line" အတွက် လုံးဝ မဖြစ်နိုင်သလောက်ပင်။
ယန်ရှီက ရေတွက်လိုက်သည်။
"Weibo မှာ ခေတ်စားနေတဲ့ ရှာဖွေမှု ငါးဆယ် ထိပ်တန်း ဆယ်ခုထဲ နှစ်ခုက 'The Bottom Line' နဲ့ ရှန့်ရှင်းဟယ်ကို အပျက်သဘော ဆောင်နေပြီး နောက်တစ်ခုက ကျုံချင်းယွီကိုပါ ဝေဖန်ထားတာ"
"ခေတ်စားနေတဲ့ ရှာဖွေမှု သုံးခုက တစ်သန်းကျော်တန်တယ်”
ယန်ရှီက ကျေနပ်စွာ ခေါင်းညိမ့်လိုက်လေသည်။ ဝူလျောင်သည် မျက်မှောင်ကြုတ်လိုက်လေသည်။
“ဒါကို ကြော်ငြာတယ်လို့ ခေါ်ရမှာလား၊ အဲလိုဆိုရင် အင်တာနက်သုံးစွဲသူတွေက Douban ကို သွားပြီး 'The Bottom Line' ကို အနိမ့်ဆုံး အမှတ်ပေးနေကြတော့မှာပေါ့"
ယန်ရှီက ပခုံးတွန့်ပြလိုက်လေသည်။
“ကျွန်မတို့သာ ခေတ်စားနေတဲ့ ရှာဖွေမှုတွေကို ဖယ်လိုက်လျှင် သူတို့က အနိမ့်ဆုံး အမှတ်ပေးတာကို ရပ်မယ်လို့ ထင်လား၊ ထိပ်တန်း ရှာဖွေမှုတစ်ခုကို ဖယ်ရှားတာက တင်ထားတာထက် ပိုကုန်တယ် အခုချိန်မှာ အဓိက ချင်းလီရဲ့ ပရိသတ်တွေက 'The Bottom Line' ကို အမှတ်နည်းနည်းပဲ ပေးနေကြတယ်၊ ကျွန်မတို့ ဖယ်လိုက်တာပဲဖြစ်ဖြစ် မဖယ်ပဲ ထားထား သူတို့က ဆက်လုပ်နေကြအုံးမှာပဲ"
ဝူလျောင်သည် ယန်ရှီ၏ ဆိုလိုရင်းကို နားလည်သွားသည်။ ယခင်က ရှန့်ရှင်းဟယ်နှင့် ချင်းလီတို့တွင် ပဋိပက္ခမရှိခဲ့သော်လည်း ဤဖြစ်ရပ်သည် ယခု သူတို့၏ ပရိသတ်များကို သဘာဝရန်သူများ ဖြစ်လာစေခဲ့၏။
"ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ" ဝူလျောင်က မေးလိုက်သည်။
မားကတ်တင်းအကောင့်တစ်ခုသည် အပျက်သဘောဆောင်သည့် သတင်းကို ဖော်ထုတ်လိုက်လျှင် ပထမဆုံးလုပ်ရမည်မှာ Weibo ကို ဆက်သွယ်ပြီး ခေတ်စားနေသည့် ရှာဖွေမှုကို ဖယ်ရှားပစ်ရန် ထို့နောက် ရှင်းပြချက် ထုတ်ပြန်ရန်ပင်။ ဤသည်မှာ စံချိန်မီ PR လုပ်ထုံးလုပ်နည်းပင်ဖြစ်ပြီး ဝူလျောင်သည် တခြားနည်းလမ်းကို မစဉ်းစားမိပေ။
ယန်ရှီက ပြောလိုက်သည်။
"ဒါရိုက်တာ ကျန်းဆီမှာ ရှန့်ရှင်းဟယ်ရဲ့ အစမ်း သရုပ်ဆောင်တဲ့ဗီဒီယို ရှိလား"
"ရှိတယ်..." ကျန်းတုံက တုံ့ဆိုင်းနေလေသည်။
“ဒါပေမယ့် အဲ့ဗီဒီယိုမှာ အချိန်တံဆိပ် မပါဘူး ကျွန်တော်က အစကတည်းက ရှန့်ရှင်းဟယ်ကို အမျိုးသားဇာတ်ဆောင်အနေနဲ့ ရွေးထားခဲ့တယ်ဆိုတာကို ဒါသုံးပြီး အတည်လို့ရပါ့ဦးမလား"
ယန်ရှီသည် မျက်တောင်ခတ်လိုက်သည်။
"ဘာကြောင့် မရရမှာလဲ၊ F နိုင်ငံမှာတုန်းက ကျွန်မနဲ့ ကျုံချင်းယွီကို အဲဗီဒီယို ပြခဲ့သေးတယ်လေ"
ကျန်းတုံ ခေတ္တရပ်တန့်သွားပြီး မျက်လုံးများ ဖြည်းညှင်းစွာ ပြူးကျယ်လာလေသည်။
ဟုတ်ပေသည်။ ထိုဗီဒီယိုကို ယန်ရှီကို သူပြခဲ့သည်။
ထို့နောက် "ခရီး" အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်— မှတ်တမ်းတော့ ရှိကိုရှိရမည်ပင်။
သို့သော် မကြာမီတွင် ကျန်းတုံ နောက်ထပ်ပြဿနာတစ်ခုနှင့် ကြုံတွေ့ခဲ့ရလေသည်။
"ဇာတ်ကွက်တွေ မပေါက်ကြားအောင် မင်းကို ဗီဒီယိုပြတုန်းက PD ကို ကိုင်တွယ်ခိုင်းခဲ့တယ်၊ သူတို့က ဗီဒီယိုအကြောင်းအရာကို မရိုက်ကူးခဲ့ဘူး..."
ယန်ရှီလည်း ဤအရာကို မှတ်မိလေသည်။ ထိုစဉ် သူမနှင့် ကျုံချင်းယွီ ဗီဒီယိုကြည့်နေစဉ်က PD နှစ်ဦးသည် ကင်မရာထောင့်ကို ပြောင်းထားပြီး ဖုန်း၏ နောက်ကျောဘက်ကို မျက်နှာမူထားသောကြောင့် ဗီဒီယိုအကြောင်းအရာကို ဖမ်းမမိခဲ့ပေ။
သို့သော်…
"ကြည့်လိုက်တယ်ဆိုတာနဲ့တင် လုံလောက်ပြီ" ဟု ယန်ရှီက တည်ငြိမ်စွာ ပြောလေသည်။
"အဲဗီဒီယိုနဲ့ ပတ်သက်ပြီး ကျွန်မတို့ ရသစုံအစီအစဉ်မှာ ကြည့်ခဲ့ရတာ ကျွန်မတို့ ဘာမှပြောစရာမလိုပါဘူး၊ အင်တာနက်သုံးစွဲသူတွေက သူတို့ဟာသူတို့ သိကြလိမ့်မယ်"
ဝူလျောင် နားမလည်တော့ပေ။
"သူတို့က ဘယ်လိုလုပ် သိမှာလဲ"
ယန်ရှီက ပြုံးလိုက်လေသည်။
"ချိတ်တစ်ခု ချထားလိုက်ရုံနဲ့ ငါးတွေက သူ့ဘာသာသူ လာဟပ်လမ့်မယ်!"
ဒုတိယတန်းစား အမျိုးသားအနုပညာရှင်တစ်ဦး နေရာလုခံရသည်မှာ အနုပညာလောကတွင် သတင်းကြီးကြီး မဟုတ်ပေ။ သို့သော် ကျုံချင်းယွီသည် ငယ်ရွယ်သည့် ကြယ်တစ်ပွင့်ကို စပွန်ဆာပေးခြင်းနှင့် ချိတ်ဆက်လိုက်ခြင်း၊ "ခရီး" ၏ လူကြိုက်များမှုနှင့် ကျန်းတုံ၏ နာမည်ဂုဏ်သတင်းတို့ ပေါင်းစပ်လိုက်သောအခါ "The Bottom Line" နှင့် ပတ်သက်သော ခေတ်စားနေသည့် ရှာဖွေမှုများသည် မြင့်တက်နေခဲ့ခြင်းပင်ဖြစ်သည်။
ဤအချက်တွင် မည်သည့်ဆက်စပ်သတင်းမျိုးမဆို ငွေကြေးမလိုတော့ပေ၊ မားကတ်တင်းအကောင့်များသည် ပေါက်ကြားအောင် လုပ်လိုစိတ်ရှိကြသည်ပင်။
မားကတ်တင်းအကောင့်များသည် ငွေရှာရန်သာ လိုသည်မဟုတ်။ သူတို့အကောင့်၏ လူကြိုက်များမှုကို ထိန်းသိမ်းထားပြီး ပရိသတ်အသစ်များအား စဉ်ဆက်မပြတ် ဆွဲဆောင်ခြင်းသည်လည်း အရေးကြီးသည်ပင်။
Entertainment dog brotherသည် နာမည်ကြီး မားကတ်တင်းအကောင့်တစ်ခု ဖြစ်လေသည်။ ယခင်က ချင်းလီကို နေရာလုခံရကြောင်း သတင်းပေါက်ကြားစေရန် တစ်စုံတစ်ယောက်က သူ့အား ချဉ်းကပ်ခဲ့သော်လည်း ကမ်းလှမ်းမှုသည် အလွန်နည်းပါးသောကြောင့် ငြင်းပယ်ခဲ့လေသည်။
သူက ဤသည်မှာ သေးငယ်သည့် ကိစ္စဟု ထင်ခဲ့သော်လည်း ထို့နောက် တစ်ဖက်လူတွင် ဓာတ်ပုံများနှင့် အသံသွင်းထားသည်များ ရှိလာသည်။ သတင်းတစ်ခု ပေါ်ပေါက်လာသည်နှင့် နောက်တစ်ခု ဆက်လာပြီး အတင်းအဖျင်းသတင်းကို သိသိသာသာ ပို၍ ပူနွေးစေခဲ့သည်။
Entertainment dog brother ဒေါသတကြီး ဖြစ်နေလေသည်။ သူသည် သီးသန့်သတင်းကို လွတ်သွားပြီး အင်တာနက်သုံးစွဲသူများသည် အခြားမားကတ်တင်းအကောင့်များထံ အတင်းအဖျင်းသတင်းရှာဖွေနေကြသဖြင့် သူ့အား မည်သူမျှ သတိမထားမိကြတော့ပေ။
ထိုစဉ်တွင် တစ်စုံတစ်ယောက်က Entertainment dog brother
ထံ မက်ဆေ့ချ်ပို့လိုက်လေသည်။
[ Entertainment dog brotherရေ၊ ကျွန်တော်က စတားရှိုင်းက ဝန်ထမ်းပါ ကျွန်တော် ချင်းလီရဲ့ မူရင်း အစမ်းသရုပ်ဆောင်တဲ့ ဗီဒီယိုကို အခုဘဲ ရိုက်ထားလိုက်ပြီ]
[ကောင်းကင်ဘုံ၊ ဒါရိုက်တာကျန်း အစက ရှာတွေ့ခဲ့တဲ့ ခေါင်းဆောင်မင်းသား ချင်းလီဘဲ!]
ပို့လိုက်သည့်သူသည် အစမ်းသရုပ်ဆောင်သည့် ဗီဒီယိုကို ဝေမျှခဲ့လေသည်။
ဗီဒီယိုသည် ကော်ပီတစ်ခုဖြစ်ပြီး အနည်းငယ်ဝါးနေခဲ့ကာ မျက်နှာများသည် မရှင်းလင်းပေ။ သို့သော် ပထမသုံးပိုင်းအတွက် ဇာတ်ညွှန်းပေါက်ကြားခဲ့သောကြောင့်Entertainment dog brother သည် ဇာတ်ညွှန်းကို လိုက်၍ ဤဗီဒီယိုသည် "Baseline" ထဲမှ အမျိုးသားဇာတ်ဆောင် ရှန်ဖေးအတွက် အစမ်းသရုပ်ဆောင်ဗီဒီယိုပင်ဖြစ်သည်ဟု ပြောနိုင်ခဲ့လေသည်။
ဤသည်မှာ လတ်လတ်ဆတ်ဆတ် အတင်းအဖျင်းပင်။
ချင်းလီ နေရာလုခံရသည့် သီးသန့်သတင်းကို သူ မရခဲ့လျှင်တောင် အစမ်းသရုပ်ဆောင်ဗီဒီယိုကို ထုတ်လွှင့်နိုင်ခြင်းသည် သူ့အတွက်တော့ သီးသန့်သတင်းတစ်ခုပင်။
ကုံကောသည် ပျော်ရွှင်နေပြီး သရုပ်ဆောင်စမ်းသပ်မှု အကြောင်းအရာကို နှစ်ခါစစ်ဆေးကာ ဗီဒီယိုကလစ်သည် "The Bottom Line" ဇာတ်ညွှန်းထဲမှပင်ဖြစ်သည်ကို အတည်ပြုခဲ့သည်။ သူသည် ချက်ချင်းပင် Weibo တွင် ပို့စ်တင်ပြီး သက်ဆိုင်ရာ ခေတ်စားနေသည့် ခေါင်းစဉ်များကို တွဲလိုက်သည်။
ထိုစဉ်က အင်တာနက်သုံးစွဲသူများသည် သရုပ်ဆောင်ရွေးချယ်မှု ပြဿနာများကို ပူပူနွေးနွေး ဆွေးနွေးနေကြဆဲပင်။ ကုံကော၏ ဖော်ထုတ်မှုသည် ချင်းလီ၏ ပရိသတ်များကို အားအင်များ ထပ်မံပေးလိုက်သည်မှာ သံသယမရှိပေ။
“ဒါက ကျွန်တော့်အစ်ကိုရဲ့ အစမ်းသရုပ်ဆောင် ဗီဒီယိုပဲ"
[ဗီဒီယိုက ဝါးနေပေမယ့် ကောကောရဲ့ ချောတာကိုတော့ ဖုံးကွယ်လို့ မရဘူး]
[ချင်းလီက အရမ်းတော်တာကို ဘာလို့ ကျန်းတုံက သူ့ကို ရှင်းယောင်က တစ်ခြားတစ်ယောက်နဲ့ အစားထိုးဖို့ သဘောတူလိုက်ရတာလဲ၊ သူ ကန်းများကန်းနေတာလား]
[ဗီဒီယိုထဲက လှုပ်ရှားမှုတွေက အရမ်းပြတ်သားတာဘဲ၊ ဇာတ်လမ်းထဲမှာသာဆို ဘယ်လောက်ကောင်းလိုက်မလဲ စဉ်းစားလို့တောင်မရဘူး]
[ကျန်းတုံ အရည်အချင်းထက် ပိုက်ဆံကို ရွေးလိုက်တာ နင့်ရဲ့ဆုံးရှုံးမှုဘဲ၊ နောင်တရလိမ့်မယ်]
"ချင်းလီ" ၏ အစမ်းသရုပ်ဆောင်သည့် ဗီဒီယိုသည် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့လေသည်။
အနုပညာလောကတွင် ဗီဒီယိုဖော်ထုတ်မှုများသည် အယုံကြည်ရဆုံးပင်။ ယခု ချင်းလီ၏ ပရိသတ်များသည် ဤမျှ စိတ်အားထက်သန်နေသောကြောင့် ယခုဗီဒီယိုသည် ချင်းလီ ဦးဆောင်မင်းသားနေရာ အလုယူခံရသည်ဟူသည့် အမြင်ကို ပိုမိုခိုင်မာစေခဲ့လေသည်။
ပရိသတ်များသည် ဗီဒီယိုထဲမှ ဇာတ်ဆောင်၏ စွမ်းဆောင်ရည်ကို ချီးကျူးရန် အားထုတ်ကြသည်။ ဤသည်မှာ ချင်းလီသည် ရှန့်ရှင်းဟယ်ထက် ပိုမိုကောင်းမွန်သည်ကို သက်သေပြရန်ပင်။
ကျန်းတုံသည် အွန်လိုင်းမှ လူထုအမြင်ကို ကြည့်ပြီး အံ့အားသင့်သွားလေသည်။
“ဒီပရိသတ်တွေ မျက်စိများကန်းနေကြလား၊ ဗီဒီယိုထဲက လူက ရှန့်ရှင်းဟယ်ကြီးကို!"
ယန်ရှီက ပြောလိုက်လေသည်။
"ဒါပေမယ့် အရင်က ခေါင်းဆောင်အခန်း အလုခံရတဲ့ ပြဿနာနဲ့ သတင်းပေါက်ကြားသူရဲ့ လမ်းလွဲမှုကြောင့်ပဲ ဗီဒီယိုက ဝါးနေရင်တောင်မှ လူတိုင်းက ဗီဒီယိုထဲက ဇာတ်ဆောင်ကို ချင်းလီလို့ ယုံချင်လွန်းလို့ ဘက်လိုက်နေကြတာ"
"သူတို့က ချင်းလီကို အကြာကြီး ချီးကျူးနေကြတာ၊ ဒါပေမယ့် တကယ်တမ်းကျတော့ သူတို့က ရှန့်ရှင်းဟယ်ကိုပါ ချီးကျူးနေကြတာပဲလေ”
ဤသည်မှာ ယန်ရှီလိုချင်သည့် အကျိုးသက်ရောက်မှုအတိုင်းပင်။
ပရိသတ်အချို့ကလည်း ဤဗီဒီယိုကို ကြည့်ပြီးနောက် "ခရီး" ဟူသည့် ရသစုံအစီအစဉ်ထဲမှ ကျန်းတုံသည် ယန်ရှီနှင့် ကျုံချင်းယွီကို အစမ်းသရုပ်ဆောင်ဗီဒီယိုကို ပြသခဲ့သည့် အပိုင်းအား ပြန်အမှတ်ရခဲ့ကြသည်။
[ညီအစ်မတို့! ကျုံချင်းယွီရဲ့ 'ခရီး' ရသစုံအစီအစဉ်မှာ ကြည့်ခဲ့တဲ့ သရုပ်ဆောင်စမ်းသပ်ဗီဒီယိုက ဒီတစ်ခုဘဲ၊ ဒါဆိုရင် ကျန်းတုံက အဲ့တည်းက ချင်းလီနဲ့ ပူးပေါင်းခဲ့တာလား]
[ကျွန်မ ကျုံချင်းယွီနဲ့ ယန်ရှီတို့ ဗီဒီယိုကိုကြည့်ခဲ့တုန်းက သူတို့ရဲ့ မျက်နှာအမူအရာတွေကို ပြန်ရှာကြည့်လိုက်တာ နှစ်ယောက်စလုံး အံ့သြနေတာကို တွေ့ရတယ်၊ဒါက ကျွန်မတို့ ချင်းလီရဲ့ သရုပ်ဆောင်စွမ်းရည်ကို သက်သေပြနေတာပဲ]
[ညီအစ်မတို့! Bilibili မှာ မာစတာတစ်ဦးက အသံဖိုင်တစ်ခုကို ဆွဲထုတ်လိုက်တာ အဲတုန်းက အစမ်းသရုပ်ဆောင်တဲ့ အကြောင်းအရာကို မရိုက်ကူးခဲ့ပေမယ့် တိုက်ရိုက်အသံကိုတော့ အသံသွင်းထားခဲ့တယ်၊ မာစတာက အသံဖိုင်နှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်တာ ကိုက်ညီနေတာကို တွေ့ရတယ်တဲ့၊ ဒါက ဒီနေ့ ဖော်ထုတ်လိုက်တဲ့ ဗီဒီယိုနဲ့ အတူတူဖြစ်နေတာကို သက်သေပြနေတာပဲ]
[ဒါဆို မူရင်း ခေါင်းဆောင်မင်းသားသည် တကယ်ပဲ ကျွန်မတို့ ကောကောဖြစ်နေပြီး ဘာမှမဟုတ်တဲ့လူတစ်ယောက်နဲ့ အစားထိုးခံလိုက်ရတာပေါ့လေ]
[ဝူးဝူးဝူး ကျွန်မ ကောကောကို အရမ်းသနားတာဘဲ]
[ရှန်ဖေးကို ချင်းလီဆီ ပြန်ပေးပါ]
[ဟုတ်တယ် ချင်းလီက အသင့်တော်ဆုံး ရှန်ဖေးဘဲ၊ ကျန်းတုံ ငွေရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့တော့]
စတော်ဘယ်ရီဖျော်ဖြေရေး အစည်းအဝေးခန်းထဲတွင်။
ရှင်းယောင်သာမက စတော်ဘယ်ရီကွန်ရက်၏ ခေါင်းဆောင်များနှင့် ချင်းလီ၏ မန်နေဂျာ ရှူချန်တို့ပါ အွန်လိုင်းမှ လူထုအမြင်ကို အာရုံစိုက်နေကြလေသည်။
မူလက ချင်းလီသည် ရှန့်ရှင်းဟယ်အား အသရေဖျက်ရန် ဝေဖန်သူများ ငှားချင်ခဲ့စဉ်က ရှုချန်တွင် သံသယများ ရှိခဲ့သည်။ ကျန်းတုံသည် အလွန်ခေါင်းမာသည်ကို သူသိသည်။ အွန်လိုင်းတွင် ချင်းလီကို ထောက်ခံသူများ အများအပြား ရှိနေလျှင်တောင် ကျန်းတုံသည် သရုပ်ဆောင်များကို ပြောင်းလဲမည် မဟုတ်ပေ။
စတားရှိုင်းသည် "The Bottom Line" တွင် ရင်းနှီးမြှုပ်နှံပြီးသားဖြစ်သောကြောင့် ချင်းလီအတွက် ခေါင်းဆောင်အခန်း ရရှိရန် ခက်ခဲလာခဲ့လေသည်။ အံ့သြစရာကောင်းသည်မှာ ခေတ်စားနေသည့် ရှာဖွေမှုများကို ဝယ်ယူပြီး မကြာခင်တွင် စတော်ဘယ်ရီကွန်ရက်၏ အကြီးအကဲသည် ရှုချန်ကို ဆက်သွယ်ခဲ့ပြီး စတော်ဘယ်ရီကွန်ရက်သည် ဇာတ်လမ်းသစ်တစ်ခုတွင် ရင်းနှီးမြှုပ်နှံထားပြီး ချင်းလီကို ခေါင်းဆောင်အခန်းအတွက် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။
တကယ်ပင် အွန်လိုင်းရေတပ်များမှတစ်ဆင့် သြဇာလွှမ်းမိုးမှု ရယူခြင်းသည် အသုံးဝင်ကြောင်း သက်သေပြခဲ့သည်ပင်။ ဤမဟာဗျူဟာသည် ချင်းလီ၏ ပရိသတ်အင်အားကို ခိုင်မာစေပြီး တိုးချဲ့ရာတွင် အထောက်အကူဖြစ်ခဲ့သည်။ ပရိသတ်များသည် သူ့၏ ကာရိုက်တာများ၏ ဗီဒီယိုပေါင်းချုပ်များကို ဖန်တီးခဲ့ကြပြီး ပရိသတ်အသစ်များ အများအပြားပင် ဆွဲဆောင်နိုင်ခဲ့သည်။ ဤသည်မှာ စတော်ဘယ်ရီကွန်ရက်သည် သူ့ကို ခေါင်းဆောင်အခန်းကဏ္ဍတွင် ထားရှိရန် စိတ်အားထက်သန်ခဲ့ရခြင်းဖြစ်သည်။
"ချင်းလီ ဘယ်မှာလဲ"
ရှုချန်သည် စတော်ဘယ်ရီ ဖျော်ဖြေရေးတွင် အစည်းအဝေးကို တစ်ဦးတည်း တက်ရောက်ခဲ့သည်။ ချင်းလီသည် လာရောက်နိုင်ခြင်းမရှိပေ။ ရှုချန်မှ ပြောလိုက်လေသည်။
"ချင်းလီက ဒီနေ့ လုပ်စရာတွေရှိနေတာနဲ့ သူ့ရဲ့ အေးဂျင့်နေရာကနေ ကျွန်တော်ကဘဲ ဆုံးဖြတ်ချက်အားလုံးကို အပြည့်အဝ ကိုယ်စားပြုပါမယ်"
ခေါင်းဆောင်က ခေါင်းညိမ့်လိုက်လေသည်။ သူ၏လက်ပ်တော့ပ် ဖန်သားပြင်တွင် "The Bottom Line" ၏ ခေတ်စားနေသည့် သတင်းများက မီးမောင်းထိုးပြနေဆဲပင်ဖြစ်သည်။
"The Bottom Line" တွင် ရင်းနှီးမြှုပ်နှံရန် မလုပ်ဖြစ်ခဲ့သည်မှာ ဝမ်းနည်းစရာပင်" ဟု ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး ချင်းလီ၏ စီမံကိန်းအပေါ် စိတ်အားထက်သန်မှုကို ဝေမျှခဲ့သည်။ ရှုချန်က စိတ်ဝင်တစား မေးလိုက်လေသည်။
"ဖိအားတွေကြောင့် စတားရှိုင်းက နှုတ်ထွက်သွားမယ်လို့ ထင်မိလား၊ သူတို့ရဲ့ အွန်လိုင်းဂုဏ်သိက္ခာက ထိခိုက်နေပြီး ရင်းနှီးမြှုပ်နှံမှုကို ဆက်လုပ်မယ်ဆိုတာက သိပ်တော့အဓိပ္ပာယ်မရှိဘူး"
“မင်းပြောတာ မှန်သားဘဲ" ဟု ခေါင်းဆောင်က စဉ်းစားလိုက်လေသည်။
"ကျွန်တော် လူတစ်ယောက်ကို စတားရှိုင်းနဲ့ ဆက်သွယ်ခိုင်းလို့ရတယ်၊ သူတို့ နှုတ်ထွက်မယ်ဆိုရင် ကျွန်တော်တို့ ဝင်ဆောင်ရွက်နိုင်ပြီ"
သူသည် အွန်လိုင်းမှ ဆွေးနွေးမှုများကို ကြည့်လိုက်သည်။
"ကိစ္စတွေ ဒီအထိ ရောက်နေပြီမလို့ စတားရှိုင်းက နှုတ်ထွက်ဖို့ အလားအလာ တော်တော်များတယ်"
ရှုချန်၏ မျက်လုံးများက တောက်ပလာသည်။
"အဲသလိုဖြစ်လာရင် ခေါင်းဆောင်မင်းသားက.."
ခေါင်းဆောင်က ရယ်လိုက်လေသည်။
"ငါတို့ လက်ခံလိုက်ရင် ခေါင်းဆောင်မင်းသားက ချင်းလီပေါ့၊ သူက ဒီလောက်လူကြိုက်များတာ ဘယ်လိုလုပ် သူ့ကို မရွေးဘဲ နေလို့ရမလဲ၊ ဒါပေမယ့် ဒါက မင်းရဲ့ အစမ်းသရုပ်ဆောင်ဗီဒီယိုကို ကျေးဇူးတင်ရမယ် တော်တော်လေးကောင်းတယ် အဲဒီဗီဒီယိုသာမရှိရင် စတားရှိုင်းက ဆက်ရပ်တည်နိုင်ဦးမှာ ဒါပေမယ့် အခုတော့ သူတို့ နှုတ်ထွက်ဖို့ အလားအလာ ပိုများလာပြီ"
ရှုချန်က ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်သည်။
"ဟုတ်တယ် အဲဗီဒီယိုကြောင့်ဘဲ ချင်းလီရဲ့ ပရိသတ်အင်အားက သိသိသာသာ တိုးလာခဲ့တာ..."
ရုတ်တရက် ရှုချန်၏ မျက်နှာအမူအရာသည် တောင့်ခဲသွားခဲ့သည်။
"ဒါပေမယ့် အဲ့ဗီဒီယိုကို ကျွန်တော်တို့ မထုတ်လွှင့်ခဲ့ဘူး၊ ချင်းလီက 'The Bottom Line' အတွက် အစမ်းသရုပ်ဆောင်မှု တစ်ခါမှ မလုပ်ခဲ့ဘူး”
ချက်ချင်းပင် ခေါင်းဆောင်၏ မျက်နှာသည် ဖြူဆွတ်သွားခဲ့သည်။
"ချင်းလီက အစမ်းသရုပ်ဆောင်တာ မလုပ်ခဲ့ရင် အဲ့ဗီဒီယိုထဲက ဘယ်သူလဲ”
အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ ချင်းလီ၏ ပရိသတ်များနှင့် အွန်လိုင်းစစ်တပ်၏ ကြိုးပမ်းမှုများကြောင့် "The Bottom Line" နှင့် ပတ်သက်သည့် ရှာဖွေမှုတိုင်းတွင် ချင်းလီ၏ အစမ်းသရုပ်ဆောင်မှု ဗီဒီယို ပါဝင်နေပြီး ထိုဗီဒီယိုအား လူအများ နှစ်သက်ကြကာ ထိပ်တန်း ခေတ်စားနေသည့် နေရာများထံသို့ မျှဝေခဲ့ကြသည်။
အင်တာနက်သုံးစွဲသူများသည် ချင်းလီကို စာနာမှုအပြည့်နှင့် နေရာလုယက်ခံရသည်ဟု ယုံကြည်ကြသည်။ ဓာတ်ပုံများ၊ အသံသွင်းထားသည်များ၊ အစမ်းသရုပ်ဆောင်ထားသည့်ဗီဒီယိုများ... ယခုတော့ ဤဇာတ်လမ်းကို ပြောင်းပြန်လှန်ရန် မဖြစ်နိုင်တော့ဟု ထင်ရသသဲ့သို့ပင်။
ညနေ ၅ နာရီတွင် "The Bottom Line" ၏ တရားဝင်အကောင့်မှ အတည်ပြုပြီး သူ၏ ပထမဆုံး tweet ကို တင်ခဲ့သည်။ ဇာတ်ဆောင်မင်းသား ရှန်ဖေး၏ အကြည်အစမ်းသရုပ်ဆောင်သည့်ဗီဒီယို။ ချက်ချင်းပင် ပရိသတ်များသည် ဗီဒီယိုထဲသို့ အပြေးအလွှား ဝင်ကြည့်ကြသည်။
[မစောင့်နိုင်တော့ဘူး၊ နောက်ဆုံးတော့ ချင်းလီရဲ့ ချောမောလှပတဲ့ ပုံစံလေးကို အကြည်နဲ့ မြင်ရပြီ]
[ဝါးနေတဲ့ အစမ်းသရုပ်ဆောင်ဗီဒီယိုနဲ့တင် ကျွန်မကို စွဲဆောင်လိုက်တာ ဒီတစ်ခုကိုတော့ အခါတစ်ရာလောက်ကို ကြည့်ရမယ်]
[ရွေးချယ်ခံရသူ ရှန်ဖေး၊ ချင်းလီက ဒီဇာတ်ကောင်နဲ့ ထိုက်တန်တယ်]
သို့သော် ဗီဒီယိုထဲမှ ပုဂ္ဂိုလ်သည် ရှင်းရှင်းလင်းလင်း ပေါ်လာသည်နှင့် လူတိုင်း ကြောင်သွားကြလေသည်။
[ဒီလူက ချင်းလီ မဟုတ်ဘူးမလား]
[ဗီဒီယိုမှာ "ရှန့်ရှင်းဟယ်၏ အစမ်းသရုပ်ဆောင်သည့်ဗီဒီယို" လို့ တပ်ထားတယ်၊ ဝိုး ဒီလူက ရှန့်ရှင်းဟယ်လား ကျုံချင်းယွီ စပွန်ဆာပေးထားတဲ့ နာမည်မရှိတဲ့ မင်းသားလား]
[သေပါပြီ! ရှန့်ရှင်းဟယ်ရဲ့ မျက်နှာအမူအရာက ရူးချင်စရာဘဲ၊ လုံးဝချစ်မိသွားပြီ]
[ဒီလူက အရမ်းချောတာပဲ၊ ခပ်ဆိုးဆိုးကောင်လေးပုံစံမျိုးဆိုတာ အနုပညာလောကမှာ ရှားရှားပါးပါးပဲ]
[အိုး ရှန့်ရှင်းဟယ် မူးယစ်ဆေး ကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေလားဆိုတာ ရုန်းကန်နေရတာကို ကြည့်ပြီး ကျွန်မလည်း ရင်ထဲမှာ ရှုပ်ထွေးနေပြီ...]
[ခဏလေး ဒီဗီဒီယိုက အရင်က ပေါက်ကြားခဲ့တဲ့ "ချင်းလီရဲ့ အစမ်းသရုပ်ဆောင်တဲ့ ဗီဒီယို" နဲ့ အတူတူပဲ မလား]
[လုံးဝ အတူတူပဲ အလင်းအမှောင်၊ ရိုက်ထားတဲ့ထောင့်၊ သရုပ်ဆောင်ပုံတွေကအစ အကုန်တူတယ်၊ အစပိုင်းက ထွက်ခဲ့တာကတော့ ရှန့်ရှင်းဟယ်ရဲ့ အစမ်းသရုပ်ဆောင်ထားတဲ့ ဗီဒီယိုပဲ သေချာတယ်]
[ဆိုတော့ ဒီအစမ်းသရုပ်ဆောင်တာက ချင်းလီအတွက် မဟုတ်ဘဲ ရှန့်ရှင်းဟယ် အတွက်ပေါ့၊ ဒါဆို ရှန်ရှင်းဟယ်က "The Journey" ကို မရိုက်ခင်ကတည်းက "The Bottom Line" အတွက် အစမ်းသရုပ်ဆောင်ခဲ့တာလား၊ ဒါဆို သူက ဘာလို့ ချင်းလီရဲ့ နေရာကို လုယူသွားတာ ဖြစ်ရမှာလဲ]
ပရိသတ်များအားလုံး ရှုပ်ထွေးကုန်ကြသည်။ အင်တာနက်အသုံးပြုသူများလည်း အံ့သြကုန်ကြသည်။ လူတိုင်း အနည်းငယ်စီ လမ်းပျောက်နေကြပုံရသည်။
သို့သော် ထို့နောက် အတော်ပင် ဆင်ခြင်တုံတရားရှိသည့် အင်တာနက်အသုံးပြုသူတစ်ယောက်သည် ဤအချက်အလက်များကို ရှင်းပြရန် ဝင်ရောက်လာခဲ့သည်။
[သူစိမ်းတစ်ယောက်ပါဗျာ ချင်းလီပရိသတ်လည်း မဟုတ်ဘူး ရှန့်ရှင်းဟယ်ပရိသတ်လည်း မဟုတ်ရပါဘူး၊ ဒါပေမယ့် ဒီဒရာမာကို အစကတည်းက စောင့်ကြည့်နေတာ ကျွန်တော့်အမြင်ပြောရရင် ရှန့်ရှင်းဟယ်က ချင်းလီရဲ့ နေရာကို မလုခဲ့ဘူး၊ ပထမဆုံးပြောရရင် အရင်ထွက်ခဲ့တဲ့ အစမ်းဗီဒီယိုနဲ့ အခုအသစ်ထွက်လာတဲ့ အစမ်းဗီဒီယိုက အတူတူပဲဆိုတာ သံသယဖြစ်စရာမရှိဘူး၊ အရမ်းကို ထင်ရှားနေတာ တစ်ခုက နည်းနည်းဝါးနေတာပဲရှိတယ် နည်းပညာပိုင်းဆိုင်ရာ အထောက်အထားပြစရာမလိုဘူး ]
[နောက်တစ်ခုက ရှန့်ရှင်းဟယ် အစမ်းသရုပ်ဆောင်ခဲ့တဲ့ အချိန်ကို သတ်မှတ်ဖို့ လိုတယ်၊ သူက ဒီ အစမ်းသရုပ်ဆောင်တဲ့ ဗီဒီယိုထဲက ဇာတ်ဆောင်ဖြစ်တဲ့အတွက်ကြောင့် ပြီးတော့ ကျွမ်းကျင်သူအချို့ ဆွဲထုတ်ထားတဲ့ အသံဖိုင်တွေအရဆိုရင် ကျန်းတုံက ကျုံချင်းယွီကို ဒီအစမ်းသရုပ်ဆောင်ထားတဲ့ဗီဒီယိုကို ရသစုံအစီအစဉ်မှာ ပြတာထက် အရင်ကတည်းက ရှန့်ရှင်းဟယ် အစမ်းသရုပ်ဆောင်ခဲ့တာ သေချာတယ်]
[ဒါ့အပြင် "The Journey" ရဲ့ ပထမဆုံးအပိုင်းကို ကြည့်မယ်ဆိုရင် ချင်းလီနဲ့ ကျန်းတုံ တစ်ယောက်နဲ့တစ်ယောက် မသိကြဘူးဆိုတာ မြင်ရလိမ့်မယ်၊ သူတို့တွေ့တဲ့အခါမှာ အချင်းချင်းတောင် မိတ်ဆက်လိုက်ကြသေးတယ်]
[ရှန့်ရှင်းဟယ်က ရသစုံအစီအစဉ် မတိုင်ခင်ကတည်းက အစမ်းသရုပ်ဆောင်ဝင်ခဲ့တာ၊ ချင်းလီက ကျန်းတုံနဲ့ အစီအစဉ်မှာမှ တွေ့ခဲ့တာ ဒါဆို ရှန့်ရှင်းဟယ်က "The Bottom Line" နဲ့ ပထမဆုံး ဆက်စပ်မှုရှိခဲ့တာ မထင်ရှားနေဘူးလား၊ ဒါ့အပြင် stretch Lincoln ကားထဲမှာ ကျန်းတုံကိုယ်တိုင်ပြောခဲ့တယ် "ကျွန်တော့်ရဲ့ အမျိုးသားဇာတ်ဆောင်ကို ရှာတွေ့ပြီ၊ ဇာတ်ညွှန်းနဲ့ အံဝင်ခွင်ကျဖြစ်ပြီး ကျွန်တော့်အလုပ်အပေါ် ယုံကြည်မှုရှိတယ်” လို့ပြောခဲ့တာ လူသိများတဲ့အချက်ပဲ ကျန်းတုံနဲ့ ချင်းလီက တစ်ရက်အလိုလောက်မှ တွေ့ခဲ့တာဖြစ်ပြီး ရှန့်ရင်းဟယ်ကတော့ အစမ်းသရုပ်ဆောင်တာ ပြီးစီးခဲ့ပြီးသားဖြစ်တယ်၊ ကျန်းတုံရဲ့ ပထမဆုံး ဇာတ်ဆောင်ရွေးချယ်မှုက ရှန့်ရှင်းဟယ်ဖြစ်ခဲ့တာ အသိသာကြီးဘဲ!]
[ဝိုး! တော်တော်လေးကို ရှုပ်တာပဲ]
[ငါက ချင်းလီပရိသတ်တွေကို ရှန့်ရှင်းဟယ်ကိုဘဲ ဝိုင်းတိုက်ခိုက်ဖို့ပဲ ကူညီနေခဲ့တာ၊ အခုတော့ ငါကိုယ်တိုင်က လူပြက်ဖြစ်သွားပြီ]
[ဒါပေမယ့် အမှန်အတိုင်းပြောရရင် ရှန့်ရှင်းဟယ်က အဲဒီ အစမ်းသရုပ်ဆောင်တာမှာ အရမ်း မိုက်တယ်၊ ငါ့ကိုသာ ရွေးခိုင်းရင် ရှန့်ရှင်းဟယ်ကိုပဲ ဇာတ်ဆောင်အဖြစ် ရွေးမှာပဲ]
နောက်ပိုင်းတွင် နောက်ထပ် အင်တာနက်အသုံးပြုသူတစ်ဦးက သတင်းတစ်ခုကို ထုတ်ဖော်ခဲ့သည်။
[ကျန်းတုံက အစီအစဉ်မှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ လှည့်စားတာကို ခံခဲ့ရပြီး မကြာခင် ရိုက်ကူးရေး မစနိုင်ရင် စပေါ်ငွေတွေ ဆုံးရှုံးရမယ်လို့ ကြားတယ်၊ စတော်ဘယ်ရီကွန်ရက်က ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိပေမယ့် ရှန့်ရှင်းဟယ်က နာမည်သိပ်မကြီးဘူးလို့ ယူဆပြီး ချင်းလီကို ဇာတ်ဆောင်အဖြစ် ရွေးခဲ့ကြတယ်]
[နောက်ပိုင်းမှာ ကျုံချင်းယွီက ဒီအကြောင်းကို သိသွားပြီး ရှန့်ရှင်းဟယ်ရဲ့ အစမ်းသရုပ်ဆောင်တာကို မြင်ခဲ့ရတဲ့အတွက် သူကောင်းကောင်း သရုပ်ဆောင်နိုင်တယ်လို့ ထင်ခဲ့တယ်၊ ဒါကြောင့်မို့ "The Bottom Line" မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့ပြီး ရှန့်ရှင်းဟယ်ကို ဇာတ်ဆောင်အဖြစ် ဆက်ထားဖို့ လုပ်ခဲ့တာတဲ့]
[ဒါက တကယ့်ဇာတ်လမ်းအစစ်ပေါ့]
[ငါထင်တာတော့ ဒါက မျှတတယ် ကျုံချင်းယွီက ပေယွဲ့ပိုင်ကို ကြိုက်နေတာ မသိတဲ့လူရှိလို့လား၊ သူမက တခြားသူကို လွယ်လွယ်နဲ့ သဘောကျမှာ မဟုတ်ဘူးမလား LOL]
[ဒီတော့ အသံသွင်းထားတဲ့အထဲမှာ ရှောင်ယွီက ထုတ်လုပ်သူတွေကို အမျိုးသားဇာတ်ဆောင်က ရှန့်ရှင်းဟယ်ပဲဖြစ်ရမယ်လို့ အတင်းအကြပ် ပြောခဲ့တာ၊ ဘာလို့လဲဆိုတော့ ကျုံချင်းယွီက သူ့ အစမ်းသရုပ်ဆောင်တဲ့ ဗီဒီယိုကို မြင်ခဲ့လို့တဲ့ဖ]
[ကျုံချင်းယွီက တကယ်ပဲ ဖိနှိပ်ခံရတဲ့သူကို ကူညီခဲ့တာလား မထင်ထားခဲ့ဘူး]
[ကျွန်တော် အမြဲတမ်း အဲဒီအမျိုးသမီးလေးက လူကောင်းတစ်ယောက်လို့ ထင်ခဲ့တာ]
[အဲလိုသာဆိုရင် ချင်းလီက တကယ့်ကို စိတ်ပျက်စရာကောင်းတာပဲ မဟုတ်လား၊ ရှန့်ရှင်းဟယ်ဆီက ဇာတ်ဆောင်နေရာကို လုယူပြီး အခုမှ သူက နစ်နာသူလို လုပ်နေတာလား]
[ဟမ့်! ခိုးပြီးမှ 'သူခိုး' လို့ အော်တဲ့ဂန္ထဝင်ဖြစ်ရပ်ပဲ]
[စိတ်ပျက်စရာကောင်းလိုက်တာ၊ ရှုပ်ထွေးနေတာပဲ]
အစမ်းသရုပ်ဆောင်သည့် အကြည်ဗီဒီယို ထွက်လာပြီးနောက်တွင် လူထု၏ အမြင်များ ပြောင်းပြန်ဖြစ်သွားခဲ့သည်။
အမှန်ပင်ဖြစ်သည်။ စတော်ဘယ်ရီကွန်ရက်၌ ပေါက်ကွဲထွက်ခဲ့သည့် အချက်အလက်များအားလုံးသည် ယန်ရှီစီစဉ်ခဲ့ခြင်းဖြစ်ပြီး အစမ်းသရုပ်ဆောင်သည့်ဗီဒီယို၏ အသံဖိုင်နှင့် အစမ်းသရုပ်ဆောင်ခဲ့သည့်အချိန်ကဲ့သို့ အခြားအသေးစိတ်အချက်အလက်များကို အင်တာနက်အသုံးပြုသူများကိုယ်တိုင် တူးဖော်ခဲ့ကြခြင်းဖြစ်သည်။
အနုပညာလောက၏ အရှုပ်တော်ပုံများတွင် စိတ်ဝင်စားစရာကောင်းသည့် အချက်တစ်ခုရှိသည်။ အင်တာနက်အသုံးပြုသူများ ကိုယ်တိုင် တူးဖော်ခဲ့သည့် သတင်းများသည် မားကတ်တင်းအကောင့်များမှ တိုက်ရိုက် ထုတ်ဖော်ခဲ့သည်ထက် ပို၍ အရသာရှိတတ်သည်။
ရုတ်ချည်းဆိုသလို "The Bottom Line" ၏ ဂုဏ်သတင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီး "The Bottom Line" ၏ တရားဝင် Weibo နဲ့ ရှန့်ရှင်းဟယ်၏ အကောင့်နှစ်ခုလုံးတွင် Follower အမြောက်အများတိုးလာခဲ့သည်။
ကျန်းတုံသည် "The Bottom Line" ၏ တရားဝင် Weibo ၌ တိုးလာသည့် Follower များကို ကြည့်ကာ အပြုံးမသတ်နိုင်ဖြစ်နေသည်။ ပိုက်ဆံပေး၍ ငှားထားသည့် ဝေဖန်သူများ ဤတစ်ခေါက်တွင် အမှန်တကယ်ပဲ ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ သူတို့သည် လူထုအမြင်ကို လမ်းညွှန်ပေးဖို့ စီစဉ်ထားခဲ့သော်လည်း သူတို့၏ ပါဝင်မှုသည် နည်းပါးခဲ့ပြီး ပိုက်ဆံသည်လည်း သိပ်မကုန်ခဲ့ပေ။ ဤကဲ့သို့ နည်းပါးသည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စကားပြောဆိုမှုများ အများအပြား ဖန်တီးနိုင်ခဲ့ခြင်းသည် ကျန်းတုံ၏ ယခင်က မားကတ်တင်းအတွက် သန်းပေါင်းများစွာ သုံးခဲ့ရသည်ထက် အများကြီး ပိုကောင်းမွန်ခဲ့သည်။
ဇာတ်လမ်းတွဲ မလွှင့်ရသေးခင်တည်းက လူကြိုက်များခြင်းသည် ကောင်းသည့် လက္ခဏာပင်။
ထို့နောက် Weibo တွင် ခေါင်းစဉ်ကြီးများ အမြောက်အများ ပါဝင်ခဲ့သည့်အတွက် ကျန်းတုံသည် အရည်အသွေးကောင်းသည့် ဒရာမာများ ထုတ်လုပ်ရန် စိတ်အားထက်သန်သည်ဆိုသည်ကို ယခုတွင် လူတိုင်း သိသွားကြလေပြီ။ သူ၏ နောက်ထပ် အလုပ်သည် "The Bottom Line" ဖြစ်လာမည်ဖြစ်ပြီး ယင်းသည် အခမဲ့ ကြော်ငြာရခြင်းပင်။ ဇာတ်ညွှန်းပေါက်ကြားခဲ့သည်မှာ သုံးပိုင်းသာဖြစ်သည့်အတွက် သိပ်၍ အရေးမကြီးချေ။ တစ်ချိန်တည်း၌ ရှန့်ရှင်းဟယ်သည် အံ့သြတုန်လှုပ်စွာဖြင့် သူ၏ ကိုယ်ပိုင် Weibo ကို ကြည့်နေခဲ့သည်။
ရှန့်ရှင်းဟယ်တွင် ယခင်က Weibo Account မရှိခဲ့ပေ။ သို့သော် ဤမနက်တွင်ပင် ဝူလျောင်၏ အကြံပြုချက်အရ ကြော်ငြာဓာတ်ပုံများ ရိုက်ခဲ့စဉ်က ဖွင့်ခဲ့သည်။
သူ၏ Weibo တွင် Follower အနည်းသာရှိခဲ့ပြီး အားလုံးသည် "The Bottom Line" ရှိ ဝန်ထမ်းများပင်။ ရှန့်ရှင်းဟယ်သည် သူ၏ ပထမဆုံး Weibo ကိုလည်း တင်ခဲ့သည့် နေထွက်သည့် ပုံတစ်ပုံ၊ မနက်ခင်းနေရောင်ခြည် ထွက်ပေါ်လာပြီး ကောင်းကင်အား ရွှေရောင် တောက်ပအောင် ခြယ်သထားတဲ့ပုံတင်ထားသည့် Post သည် Like သို့မဟုတ် Comment တစ်ခုမှ မရခဲ့ပေ။
"နေရာလုယူတယ်" ဟူသည့် ခေါင်းစဉ်ဖြင့် Weibo တွင် လူကြိက်များပြီးသည့်နောက် ရှန့်ရှင်းဟယ်၏ အသိပေးချက်တွင် အနီရောင်အစက်လေး တစ်စက်၊ ထို့နောက် ဒုတိယ၊ တတိယ... စသည်ဖြင့် ပေါ်လာခဲ့သည်။
အားလုံးသည် ပြင်းထန်သည့် ဝေဖန်မှုများပင်။
ရှန့်ရှင်းဟယ်အား ပြင်းပြင်းထန်ထန် ဝေဖန်ရုံသာမက သူ၏ မိဘများကိုပါ စော်ကားခဲ့ကြပြီး သူ၏ နာရေးကြော်ငြာကိုပါ ပြုပြင်ဖန်တီးခဲ့ကြသည်။
ရှန့်ရှင်းဟယ်သည် တစ်ချက်ကြည့်လိုက်ကာ ဖုန်းကို ပိတ်ပစ်လိုက်သည်။
အနုပညာလောကထဲ ဝင်ရောက်လာခြင်းသည် ဤအရာများကို ကြုံတွေ့ရန် ပြင်ဆင်ထားရခြင်းဖြစ်သည်။ ရှန့်ရှင်းဟယ်သည် ယခင်က ဇာတ်ကွက်နည်းနည်းလေးသာ ပါသည့် ဗီလိန်ဇာတ်ကောင်တစ်ကောင်နေရာတွင် သရုပ်ဆောင်ခဲ့ဖူးသည်။ သို့သော် သူသည် အတော်ပင် ဆိုးသွမ်းခဲ့သည့်အတွက် ပရိသတ်များ၏ အချိန်အတော်ကြာ ဝေဖန်မှုကို ခံခဲ့ရသည်။ ရှန့်ရှင်းဟယ်သည် သူ၏ အမေကို စိတ်ပူနေခဲ့သည်။ သူ့အမေသည် ယင်း မှတ်ချက်များကြောင့် သူ့ထက် ပို၍ စိတ်ပျက်တတ်သည်။
ကံကောင်းစွာဖြင့် ရှန့်ရှင်းဟယ်အား သူ၏ အမေကို ဖုန်းနှင့် ဝေးဝေးနေရန် ကတိပေးထားသည့် ပြုစုစောင့်ရှောက်သူတစ်ဦးနှင့် ဆက်သွယ်ထားခဲ့သည်။
ယခုလေးတင် ကျန်းတုံ၏ သတိပေးမှုကြောင့် ရှန်းရှင်းဟယ်သည် သူ့ဖုန်းကို ပြန်ဖွင့်လိုက်သည်။ အသိပေးချက်မျက်နှာပြင်တွင် ၉၉ နှင့်အထက် မက်ဆေ့ခ်ျများ ပြနေပြီး သူ၏ Weibo သည် Error ပင် တက်နေခဲ့သည်။ ရှန့်ရှင်းဟယ်သည် သတိထား၍ မှတ်ချက်များကို ဖွင့်ကြည့်လိုက်သည်။
[အားးးးးး!]
[သူအရမ်းချောတာပဲ၊ သူ့ကလေးတွေကို မွေးပေးချင်လိုက်တာ]
[ငါလုံးဝကို ရူးသွပ်နေပြီ၊ အဲဒီ အစမ်းသရုပ်ဆောင်ဗီဒီယိုက လုံးဝကို ဆွဲဆောင်မှုရှိတယ်]
[ရှန့်ရှင်းဟယ်ရဲ့ တရားဝင် ယူနီဖောင်းဝတ်ပုံကို ပရိသတ်ဟစ်တိုင်မှာ ခုလေးတင် မြင်ခဲ့ရတာ တကယ်ကို မက်မောချင်စဖွယ်ပဲ!!!]
[ဒီလိုမျိုး ချောမောတဲ့ မင်းသားတစ်ယောက်က ဘာလို့ နာမည်မကြီးရတာလဲ၊ ဒါမတရားဘူး]
ယခင်က ဆဲဆိုပြစ်တင်မှုများကို မမြင်ရတော့ပေ။ မှတ်ချက်အသစ်များသည် အားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ရှန့်ရှင်းဟယ်သည် သူ၏ Weibo တွင်ရှိသည့် မှတ်ချက်များကို ကြည့်ကာ ညင်သာစွာ ရယ်မောလိုက်သည်။