အပိုင်း(၂၁)
Vol. 2 Ch. 21
ရှမြန်သည် ဝမ်းသာအားရ ပိုက်ဆံကို ရေတွက်လိုက်ပြီး အဘွားလျိုကို အတိုးနှုန်းက ၁၂ယွမ်သာရှိသည်ဟု ပြောခဲ့သော်လည်း အမှန်တွင်တော့ ကျန်းချီမင်သည် ပစ္စည်းကို ပြန်ရွေးရန် ယွမ်၁၄၀၀ နီးပါးပေးရမည်ဖြစ်သည်။
နောက်ဆုံး သူသည် သူမကို ကိုယ့်ဟာကို အရင်ဖြေရှင်းရန် ပြောခဲ့သည်ဖြစ်ရာ သူ ပြန်လာလျှင် သူမ သုံးထားသည့် ငွေကို သိသွားလျှင်လည်း သူမအတွက် ယဉ်ကျေးနေစရာ မလိုတော့ချေ။
သို့သော် ယခုအချိန်တွင် သူမ စိုးရိမ်နေသည့်အရာက ရက်ပိုင်းအတွင်း သည်ငွေများကို မည်သို့ သုံးပစ်ရမည်ကိုပင်။
ရှမြန်သည် ရှောင်ဖုန်းကို ဖက်ထားလိုက်ပြီး ဆိုဖာပေါ်တွင် မှီချလိုက်ကာ စဉ်းစားလိုက်၏။
“တကယ်တော့ အိမ်တစ်လုံးငှားတာက အကောင်းဆုံးရွေးချယ်မှုပဲ၊ ဒါပေမဲ့ သားရဲ့လူယုတ်မာအဖေက သဘောမတူမှာ စိုးရတယ်”
သူမသည် ထိုအကြောင်းကို မနေ့ကတည်း အကြာကြီး စဉ်းစားလာခဲ့ပြီး ရုတ်တရက် ကျန်းမိသားစုမှ ထွက်သွားရန် ခက်ခဲလိမ့်မည်ဟု ခံစားမိသည်။
နောက်ဆုံး ကျန်းချီမင်သည် ရှောင်ဖုန်း၏ အဖေအရင်းဖြစ်ကာ သူသည် လူကောင်းတစ်ယောက် ပုံရိပ်ကို တည်ဆောက်ချင်နေသည်ပင်။
သူသည် ရှောင်ဖုန်းကို သူနှင့်သာ တစ်ယောက်တည်း နေခိုင်းမည်ကတော့ ပြောရန်ပင် မလိုချေ။ သူက ရှောင်ဖုန်းကို လွှတ်ပေးလိုက်လျှင်ပင် ရှောင်ဖုန်း၏ အုပ်ထိန်းသူအနေဖြင့် သူသည် ရှောင်ဖုန်း၏ ကျောင်းကိစ္စ အဆင့်တိုင်းတွင် ပါနေရလိမ့်မည်။
သူသည် ရှောင်ဖုန်းကို အမှန်ပင် ဖျက်ဆီးချင်လျှင် အလွန်လွယ်ကူလှသည်။
ထို့အပြင် မူလခန္ဓာကိုယ် ကိုယ်၌ကလည်း ပြဿနာရှိသေးသည်။ အခုတော့ ကျန်းချီမင်သည် မူလခန္ဓာကိုယ်၏ ပိုင်ဆိုင်မှုကို မျက်စိကျနေပြီး သူမကို အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်သည်က လုံးဝ သေချာသည်။
မဟုတ်လျှင် သူမကို မောင်းထုတ်ပစ်ရန်ကလည်း အလွယ်လေးပင်။
ရှမိသားစု၏ ဇာတိမြို့သို့ ဖုန်းတစ်ချက်ခေါ်လိုက်သည်နှင့် ရှမိသားစု၏ ဒုတိယဦးလေးသည် သူမကို သေချာပေါက် လာခေါ်သွားမည်ဖြစ်ကာ သူတို့က သူမကို အတင်းခေါ်ပြန်သွားလျှင်ပင် ဘယ်သူက ဘာမှပြောလိမ့်မည်မဟုတ်ပေ။
နောက်ဆုံး အသက်၁၆နှစ်အရွယ်က အသေးအဖွဲသာဖြစ်ပြီး ရှမိသားစုက ဒုတိယဦးလေးသည် အုပ်ထိန်းသူတစ်ယောက်အဖြစ် အပြည့်အဝ လုပ်ဆောင်နိုင်လေသည်။
“ငါတို့တွေ မင်ရှီကို ပြန်ကြမလား” ရှမြန်က ရှောင်ဖုန်းကို ဖက်ထားကာ တိုင်လိုက်၏။
“မင်ရှီက ဒီကနေဆိုရင် တော်တော်ဝေးတယ်၊ သားရဲ့လူယုတ်မာအဖေက သားကို နှောင့်ယှက်ဖို့ လွယ်မှာမဟုတ်ဘူး”
“နှစ်အနည်းငယ်လောက် အေးအေးချမ်းချမ်း သွားနေကြတာပေါ့၊ အန်တီလေး တက္ကသိုလ်ဝင်ခွင့်ရပြီး လူကြီးဖြစ်လာရင် သားကို သားရဲ့လူယုတ်မာအဖေဆီကနေ အုပ်ထိန်းခွင့်ရအောင် နည်းလမ်းတစ်ခု စဉ်းစားလိုက်မယ်”
ဒါသည် အမှန်တော့ အဆိုးရွားဆုံး ရွေးချယ်မှုပင်။ ရှမြန်သည် စီရင်စုမြို့လေးသို့ အမှန်ပင် မပြန်ချင်လှပေ။ လူငယ်များက မြို့ကြီးများကို တောင့်တသည်က သဘာဝပင်။ သူသည် ကလေးဘဝက ကျောင်းများစွာ ပြောင်းခဲ့ရပြီး အရည်အချင်းက တကဏ္ဍ၊ သို့သော် ဆရာများနှင့် ပတ်ဝန်းကျင်ကလည်း လူတစ်ယောက် တိုးတက်ရန် အလွန်အရေးပါမှန်း သူမ ကောင်းကောင်း သိနေသည်။ ရှောင်းဖုန်း မဆိုထားနှင့် သူမသည်လည်း သည်ဘဝတွင် ကြိုးစားပြီး မြို့တော် သာမန်တက္ကသိုလ်ဖြစ်သည့် မိခင်တက္ကသိုလ်ကို ပြန်သွားချင်သည်။
မင်ရှီစီရင်စု အမှတ်(၁)အလယ်ဆင့် ကျောင်း၏ ပတ်ဝန်းကျင်အဆင့်စံနှုန်းက သနားစရာကောင်းလောက်အောင် နိမ့်ပြီး ဒုတိယအဆင့် တက္ကသိုလ်သို့ ဝင်နိုင်ခြင်းကပင် ဝမ်းသာအားရ မီးရှူးမီးပန်းများ ဖောက်ရသည်အထိ တန်ဖိုးရှိနေသည်...။
“ငါ့မှာ ငွေအများကြီး ရှိရင် အရမ်းကောင်းမှာပဲ” ရှမြန်သည် ဆိုဖာပေါ်တွင် လဲလျောင်းရင်း ပြောလိုက်၏။
“သား မင်းသာ မင်းရဲ့လူယုတ်မာအဖေရဲ့မျက်နှာကို ယွမ်တစ်သိန်းနဲ့ ပစ်ပေါက်ပေးနိုင်ရင် သူ သေချာပေါက် သားရဲ့အိမ်ထောင်စုစာရင်းကို အန်တီလေးဆီ လွဲပြောင်းပေးမှာသေချာတယ်၊ နောက်ပြီး သားရဲ့အန်တီလေးကလည်း သားကို သွားချင်တဲ့တိုင်း ခေါ်သွားပေးလို့ရပြီ”
ထိုအကြောင်း စဉ်းစားလိုက်ပြီးနောက် သူမသည် တဖန် မကျေမနပ် ဖြစ်လာပြန်သည်။
“ငါတို့တွေက ဘာလို့ လူယုတ်မာကို ပိုက်ဆံပေးရမှာလဲ၊ ငါတို့ ကိုယ့်ဟာကို သိမ်းထားလို့ရတာပဲမလား၊ ဒီလောကမှာ ငွေနဲ့ မဖြေရှင်းနိုင်တဲ့ ပြဿနာမှမရှိတာ၊ မဖြေရှင်းနိုင်ဘူးဆိုရင်လည်း ဒါက ငွေမလောက်သေးလို့ပဲ”
အင်း...။ ဒါကမှ မှန်ကန်တဲ့အတွေးအခေါ်ပဲ။
ရှမြန်သည် ရှောင်ဖုန်းကို ဖက်ထားလိုက်ပြီး စိတ်ကူးစယဉ်တော့သည်။
“ထီဆုကြီးပေါက်ရင် ကောင်းမှာပဲ၊ လောဘမကြီးပါဘူး၊ ၁သန်းလောက်ပဲ ပေါက်လိုက်၊ ၁သန်းနဲ့သာဆိုရင် မြို့ကြီးတစ်ခုကို သွားလို့ရပြီ၊ သားရဲ့ လူယုတ်မာအမေနဲ့ အန်တီလေးရဲ့ လူယုတ်မာ ဦးလေးတို့ အရည်အချင်းနဲ့ဆိုရင် သူတို့တွေ ငါတို့ကို သေချာပေါက် ရှာနိုင်မှာ မဟုတ်ဘူး”
“အနည်းဆုံးတော့ ငါတို့တွေက နှစ်အနည်းငယ်လောက် အေးအေးချမ်းချမ်း နေနိုင်တာပေါ့၊ သားရဲ့အန်တီလေး ငါ အရွယ်ရောက်လာတဲ့အခါ ဘာမှ ထပ်ပြီး ကြောက်နေစရာမလိုတော့ဘူး၊ တကယ်လို့ ငါတို့သာ သားအရွယ်ရောက်လာတဲ့အထိ စောင့်နိုင်ရင် ငါတို့တွေ သူတို့ကို မြေကြီးထဲ ဖိခြေလိုက်လို့တောင် ရတယ်”
ရှမြန်သည် ပြောရင်းဆိုးရင် တက်ကြွလာပြီး သည်စိတ်ကူးယဉ်မှုက ငွေမည်မျှ ကုန်ကျမည်ကို စတင် တွက်ချက်လေသည်။
“ယန်မြို့က လက်ရှိအိမ်ဈေးက ၁၀၀၀-၂၀၀၀ ဝန်းကျင်လောက် ရှိမှာပေါ့၊ ဟုတ်တယ်မလား၊ အခုနေ ငါ အိမ်တစ်လုံးလောက် ဝယ်မယ်ဆိုရင် နေထိုင်ခွင့်ပါမစ်တစ်ခု ရနိုင်မယ်ထင်တယ်”
“ဒါက တကယ်တန်တာပဲ၊ ၄၀မီတာပတ်လည်အိမ်တစ်လုံး ဝယ်ရအောင်၊ သား ဘာလို့ အပြင်ဆင်မျိုး ကြိုက်လဲ” သူမသည် ကျန်းအိမ်ကို ပတ်ကြည့်လိုက်လေသည်။
သူမက လက်ချောင်းများနှင့် ရှောင်ဖုန်း၏ဆံပင်ကို ပင့်တင်ပေးလိုက်ပြီး ပြောလိုက်၏။
“၄၀မီတာပတ်လည်က နည်းနည်းသေးနေသေးတယ၊ ငါတို့တွေ အနည်းဆုံး ၂ခန်းလိုတယ်၊ အပြင်အဆင်၊ ပရိဘောဂ၊ အသုံးအဆောင်နဲ့ ငါတို့ကျောင်းအတွက် ကျောင်းလခ...”
“အန်တီလေးက လက်ချောင်းနဲ့ တွက်ချက်ကြည့်လိုက်တော့ ၁သန်းက နည်းနည်းလေး အရမ်းနည်းနေတယ်” ရှမြန်သည် သက်ပြင်းချလိုက်ပြီး “လောဘကြီးလိုက်ရအောင်ကွာ၊ ယွမ်၅သန်း ထီပေါက်လိုက်”
“အခုဆိုရင် ငါတို့တွေ သေချာပေါက် ချမ်းသာသွားပြီ၊ ၈၀-၉၀ မီတာပတ်လည် အိမ်တစ်လုံး ဝယ်ကြမယ်၊ အိပ်ခန်း ၃ခန်းနဲ့ ဧည့်ခန်းတစ်ခန်း၊ ငါတို့တွေ တစ်ယောက်တစ်ခန်း ရနိုင်တယ်၊ ကျန်တဲ့အခန်းကို ငါ့စာကြည့်ခန်းနဲ့ သားရဲ့ စတူဒီယို... လှလိုက်တာ”
ရှောင်ဖုန်းသည် ရှမြန်၏စိတ်ကူးယဉ်နေမှုကို နားလည်ပြီး ဝမ်းသာအားရ ပြောလေသည်။
“သားနဲ့ အန်တီလေးပဲ ဒီနေရာမှာ နေမှာလား”
“အင်းပေါ့၊ အန်တီလေးတို့နှစ်ယောက်ပဲ” ရှမြန်က ပြောလိုက်၏။
ရှောင်ဖုန်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျော်ရွှင်မှုပူဖောင်းလေးများ ထုတ်လွှတ်နေလေသည်။ သူက ဒါကို အတည်မှတ်နေသည်ကို မြင်လိုက်သည်တွင် ရှမြန်က အလောတကြီး ပြောလိုက်၏။
“ကနဦးလိုအပ်ချက်က သားမှာ ယွမ်၅သန်း ရှိမှဖြစ်မှာ”
“ယွမ်၅သန်းလား”
“အင်း” ရှမြန်က နှမြောသလိုလို ပြောလိုက်၏။
“ငါတို့ လက်ရှိအခြေအနေကို ကြည့်ရင် ငါတို့မိသားစုကို ကယ်တင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ထီပေါက်တာဖြစ်ဖြစ်၊ ရှေးဟောင်းပစ္စည်းတစ်ခု ရှာတွေ့တာဖြစ်ဖြစ် ဒါမှမဟုတ် စတော့နည်းနည်းပါးပါး ဝယ်တာဖြစ်ဖြစ်ပေါ့”
ညတွင်းချင်း ချမ်းသာရေး နည်းလမ်းကို ရေတွက်ရင်း ရှမြန်သည် တစ်ခုခု လိုနေသည်ကို စိုးရိမ်မိလာတော့သည်။ သူမသည် ခက်ခက်ခဲခဲ စဉ်းစားလိုက်ပြီးမှ တစ်ခုကို ရှာတွေ့သွား၏။
“ဒါမှမဟုတ် ငါတို့ဇာတိမြို့က အိမ်ကို ဖြိုချလိုက်ရင် ငါတို့တွေ လျော်ကြေးအနေနဲ့ ယွမ် ၁၀,၀၀၀- ၂၀,၀၀၀ ရနိုင်တယ်...”
ကလေးက သူမကို အတည်ပေါက်နှင့် ကြည့်နေပြီး သူသည် သူမပြောလိုက်သည့် စကားကို မှတ်မိနေသယောင် သူ့မျက်လုံးများကို တဖျတ်ဖျတ်ခပ်လိုက်လေသည်။ ရှမြန်ကလည်း မျက်တောင်ခတ်လိုက်၏။ ငါ ကလေးကို မကောင်းတာတွေ သင်ပေးမိနေပြီလား။
သူမက ကလေးကို ကောက်ချီလိုက်ပြီး ချိုင်းမှနေ၍ ဆွဲလှည့်ပေးလိုက်သည်။
“ပျံပြီ၊ ပျံနေပြီ” သူမ အခုလေးတင် ပြောခဲ့သည့်ကို မြန်မြန်ဆန်ဆန် မေ့သွားတော့သည်။
ကလေးက တခစ်ခစ်ရယ်မောလိုက်ပြီး သူသည် သည်လိုကစားနည်းမျိုးကို သဘောကျသည်မှာ သိသာလေသည်။
ရှမြန်က ပိုပြီးမြန်မြန် လှုပ်ရှားလိုက်ပြီး ရှောင်ဖုန်း၏ခြေထာက်က တစ်ခုခုနှင့် သွားတိုက်မိကာ ‘ဘုတ်ခနဲ’အသံတစ်ချက်နှင့် တစ်ခုခုက ကြမ်းပြင်ပေါ် ကျသွားလေသည်။
ရှမြန်က ရပ်လိုက်၏။ ရောင်စုံတီဗီဘေးက စင်ပေါ်တွင် တင်ထားသည့် စာအုပ်တစ်အုပ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဒါသည် ရောင်စုံတီဗီကို ရွှေ့စဉ်က ဘေးသို့ မတော်တဆ တိုက်မိသွားတာဖြစ်မည်။
“တံဆိပ်ခေါင်းစုဆောင်းသူများ၏ စုဆောင်းမှုအပြည့်အစုံ ဟုတ်လား” ရှမြန်သည် စာအုပ်ကို လှန်လှောကြည့်လိုက်၏။
“ဟေး.. သားရဲ့ လူယုတ်မာအဖေမှာ ဒီလိုအကောင်းစား ဝါသနာတစ်ခုရှိတယ်လား၊ ဒါက သားအမေရဲ့ ဝါသနာဖြစ်ရမှာလေ”
မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်ထဲတွင် ရှချွန်းသည် တံဆိပ်ခေါင်း စုဆောင်းရသည်ကို အလွန်နှစ်သက်ခဲ့သည်။ ဒါသည် သူမငယ်ရွယ်သည့် နှစ်များက pen palလုပ်ရင်း စလာသည့်ဝါသနာ ဖြစ်ကာ၊ နောက်ပိုင်းတွင် သူမသည် တဖြည်းဖြည်းနှင့် အရူးအမူးဖြစ်လာသည်။ သူမ လက်မထပ်ခင်တွင် အိမ်၌ ရှချွန်း၏ တံဆိပ်ခေါင်းအယ်လ်ဘမ်ကြီး ၅ခု ရှိခဲ့သည်။
ကျန်းချီမင်နှင့်လက်ထပ်ပြီးနောက်တွင် သူတို့၏မိသားစုအခြေအနေသည် မကောင်းခဲ့ချေ။ သူတို့သည် သိပ်မကျယ်ဝန်းလှသည့် သူမဆရာမ၏ အဆောင်တွင် နေခဲ့ကြသည်။ သူမသည် သည်ဝါသနာကို ဆက်လုပ်ဟန် မတူတော့ချေ။
ဒါသည် သူ့အမေ သဘောကျသည့် တစ်စုံတစ်ခုဟု ကြားလိုက်ရသည်တွင် ရှောင်ဖုန်းသည် မနေနိုင်တော့ဘဲ လည်ပင်းလေးဆန့် ကြည့်လိုက်၏။ ရှမြန်သည် သူ့ကို ဆိုဖာပေါ် ပြန်တင်ထားပေးလိုက်ပြီး သေသေချာချာ စတင် ကြည့်လိုက်လေသည်။
အခုအချိန်အထိ အဖိုးအတန်ဆုံး တံဆိပ်ခေါင်းများ ပါနေပြီး ယွမ်သောင်းချီ သိန်းချီဝန်းကျင်အထိ ရှိသည်။
ရှမြန်သည် တံဆိပ်ခေါင်းအကြောင်းကို အများကြီးမသိချေ။ သူမသည် သက်ပြင်းသာ ချနိုင်တော့သည်။
“သားအမေရဲ့ တံဆိပ်ခေါင်း အယ်လ်ဘမ်သာ ရှိနေသေးရင် ဒီတစ်ခုလို တံဆိပ်ခေါင်းမျိုးသာ တွေ့ရင် ဒါကို သန်းတစ်ဝက်လောက်နဲ့ ရောင်းနိုင်တယ်”
ရှောင်ဖုန်းက သူမကို မျှော်လင့်တကြီး မော့ကြည့်လိုက်၏။
“ဒါက ယန်မြို့မှာ အိမ်တစ်လုံးဝယ်ဖို့ လုံလောက်တာလား”
ကောင်ကလေးက မှတ်ဉာဏ်ကောင်းလေသည်။ ရှမြန်က သူ၏နှလုံးသားငယ်လေးကို ထပ်ပြီး မနာကျင်လိုစေတော့ချေ။
“အိမ်တစ်လုံး ဝယ်ဖို့ လုံလောက်သလောက်ပါပဲ၊ ဒါပေမဲ့ ယန်မြို့ကို သွားဖို့တော့ လုံလောက်တယ်”
ရှမြန် စကားဆုံးသွားသည်နှင့် ရှောင်ဖုန်းသည် ပျော်ရွှင်စွာ ဘယ်ညာ ယိမ်းနွဲ့လိုက်ပြီး သူ့ခန္ဓာကိုယ် တစ်လုံးတွင် ပျော်ရွှင်မှုပူဖောင်းများ ပေါ်လာလေသည်။
“ဟုတ်ပြီ”
“ဘာကိုလဲ” ရှမြန်က ကြောင်အမ်းအမ်းဖြစ်သွားသည်။
“ဒါလေ” ရှောင်ဖုန်းက တရုတ်ပြည်၏အနီရောင်ရှုခင်းပုံပါသည့် တံဆိပ်ခေါင်းကို လက်ညှိုးထိုးပြလိုက်ပြိး “သားမှာ ဒါရှိတယ်”
ထိုသို့ ပြောလိုက်ပြီးနောက် သူသည် ပုတိုတိုခြေထောက်လေးများနှင့် သူနေနေကျ အမှောင်ခန်းငယ်လေးသို့ ပြေးသွားလိုက်လေသည်။
ဟွမ်ရှောင်ကျွမ်းသည် ရဲစခန်းမှ ပြန်လာပြီးနောက်တွင် သူမ ပထမဆုံးလုပ်သည့်အရာမှာ အမှောင်ခန်းငယ်လေးကို သန့်ရှင်းရေး လုပ်ပြီး ထိုနေရာက ကလေးဘဝ၏ သဲလွန်စအားလုံးကို ရှင်းလင်းပစ်ကာ တချို့ရှုပ်ပွနေသည့် ပစ္စည်းများကိုသာ ချန်ထားခဲ့လေသည်။
ရှောင်းဖုန်းက ညည်းညူရင်း ထောင့်နားက အိတ်တစ်လုံးကို ဆွဲထုတ်နေသည်။ ရှမြန်က မြန်မြန်သွားပြီး ကူညီလိုက်သည်။
“ဒါက သားပစ္စည်းလား”
ရှောင်ဖုန်းက ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်ပြီး ထိုအိတ်ကို ဧည့်ခန်းထဲသို့ ဆွဲသွားလိုက်ကာ အထဲက တိုလီမုတ်စများကို စတင်ရှာဖွေတော့သည်။
သစ်သားမြင်းရုပ်တစ်ခု၊ ဝါးဖြင့်လုပ်ထားသည့် ပုစဉ်း၊ လေးခွလေးတစ်ခု __ အားလုံးသည် ခြွင်းချက်မရှိဘဲ ကျိုးပဲ့နေလေသည်။
ဆောင်းဦးနှင့် နွေဦးတွင် ဝတ်ဆင်သင့်သည့် အဝတ်အစားနှစ်စုံနှင့် ဖိနပ်တစ်ရံ __ အားလုံးက စုတ်ပြဲနေပြီး ညစ်ပတ်နေသည်။
ပန်းချီစာအုပ်တချို့__ လုံးဝ ညစ်ပတ်နေပြီး ဖိနပ်ရာများနှင့် ဘောပင် ခြစ်ရာများ ပြည့်နေသည်။
ထိုအရာအားလုံးက ရှောင်ဖုန်းပိုင်ပစ္စည်းများပင်။
ရှမြန်သည် ထိုအရာကိုကြည့်ရင်း မသက်မသာ ခံစားနေရသော်လည်း ရှောင်ဖုန်းကတော့ ဝမ်းသာနေလေသည်။ အနက်ရောင်တံဆိပ်အယ်လ်ဘမ်ကို ဝမ်းသာအားရ လှန်လှောလိုက်ပြီးနောက်တွင် သူသည် နောက်ဆုံးတော့ သေးငယ်ပြီး မသိသာလှသည့်သည့် တံဆိပ်ခေါင်းအယ်လ်ဘမ်ကို မြောက်ပြလိုက်လေသည်။
“အန်တီလေး သားတို့မှာ ဒါရှိတယ်”
ရှမြန် : !!!
သို့သော်လည်း ရှမြန်သည် ရှချွန်း၏ တံဆိပ်ခေါင်း အယ်လ်ဘမ်ငါးခုထဲက တစ်ခုဖြစ်သည့် အနက်ရောင်လယ်သာ တံဆိပ်ခေါင်းအယ်လ်ဘမ်၏ ဆွဲဆောင်ခြင်းကို အရင်ဆုံး ခံလိုက်ရသည်။
လွန်ခဲ့သည့် လေးနှစ်က ရှချွန်း ဆုံးပါးသွားပြီးနောက်တွင် ကျန်းချီမင်သည် ရှချွန်း၏ တကိုယ်ရည် ပစ္စည်းများကို ထုပ်ပိုးရန် ရှမိသားစု၏ ဇာတိမြို့သို့ အထူးတလည် ရောက်လာပြီး သူသည် ပစ္စည်းများကို ကြည့်ပြီး ရှချွန်းကို အမှတ်ရနေချင်သည်ဟု ပြောခဲ့သည်။
ထိုအချိန်တွင် ရှအမေက သူနှင့် ဟွမ်ရှောင်ကျွမ်းတို့ ကိစ္စကို သိခဲ့ချေ။ သူမ၏သမက်က သမီးဖြစ်သူကို အလွန်မှ ဂရုစိုက်သည်ဟု ရင်ထဲထိသွားလေသည်။
သို့သော်လည်း သူသည် တချို့ တံဆိပ်ခေါင်းများကို အမှတ်တရအဖြစ် ချန်ထားခဲ့လိုက်ပြီး ရှချွန်း၏ အကြိုက်ဆုံး တံဆိပ်ခေါင်း အယ်လ်ဘမ်ကိုတော့ လက်မလျှော့ခဲ့ချေ။
အဘွားကြီးကလည်း တံဆိပ်ခေါင်းတန်ဖိုးကို မသိဘဲ ထိုပစ္စည်းများက သူမ၏သမီး အသက်ရှိစဉ်က အကြိုက်ဆုံး ပစ္စည်းများဖြစ်ကာ သူမက ဒါကို တစ်သက်လုံး သိမ်ထားနိုင်သော်လည်း သူမ၏သမက်ကတော့ သိမ်းထားစရာမရှိဟု စဉ်းစားလေသည်။ အခုတော့ လူငယ်စုံတွဲက အချင်းချင်း နက်နက်ရှိုင်းရှိုင်း ချစ်ကြပြီး နောက်ပိုင်း သူ့တွင် မိန်းမအသစ်ရလာလျှင်တော့ သူမ၏သမီးဖြစ်သူကို အနှေးနှင့်အမြန် မေ့သွားလိမ့်မည်။
သို့သော် ကျန်းချီမင်က ရှချွန်း၏ တံဆိပ်ခေါင်းအယ်လ်ဘမ်ကို ကိုင်ရင်း ငိုယိုကာ ပြောလေသည်။ သည်ထဲတွင် သူတို့အချင်းချင်း စာအပေးယူ လုပ်စဉ်က သုံးခဲ့သည့် တံဆိပ်ခေါင်းများ ပါသည်ဟု ဆိုသည်။ သူသည် ရှအမေထက်ပင် ပိုပြီး ဝမ်းနည်းနေသည့်ရုပ်နှင့် နောက်တော့ သတိပင် မေ့သွားသေးသည်။
သူသည် တံဆိပ်ခေါင်းအယ်လ်ဘမ်သာ မရှိလျှင် သူ့ဘဝကို ဆုံးရှုံးရတော့မယောင်။ ရှအမေကလည်း စိတ်ပျော့သည်။ သို့နှင့် နောက်ဆုံးတော့ တံဆိပ်ခေါင်းအယ်လ်ဘမ် ငါးခုသည် ကျန်းချီမင်၏လက်ထဲ ကျရောက်သွားတော့သည်။
ရှမြန်သည် တစ်ခုခုကို သဘောပေါက်သွားပြီး တံဆိပ်ခေါင်းအယ်လ်ဘမ်ကို ဖွင့်လိုက်၏။
ဟုတ်ပါသည်။ တံဆိပ်များစွာကို ရှုပ်ပွနေအောင် ထိုးသိပ်ထားသည်။
တစ်ဖက်လူက အယ်လ်ဘမ် ငါးခုစာ တံဆိပ်ခေါင်းများကို အယ်လ်ဘမ်တစ်ခုထဲတွင် ထိုးသိပ်ထားပြီး တစ်ကန့်တွင် တံဆိပ်ခေါင်း ၁၂ခုကျော်ကာ အများကြီး ပျက်စီးသွားခဲ့သည်။ ဒါကို သိမ်းထားသူက လုံးဝ ဂရုမစိုက်သည်မှာ သိသာလေသည်။
သို့သော်လည်း မသိသာလှသည့် တံဆိပ်ခေါင်းအယ်လ်ဘမ်လေးတွင်တော့ တံဆိပ်ခေါင်းတစ်ခုစီကို အကြည်ရောင်အကာအကွယ် အိတ်တစ်ခုတွင်ထဲတွင် ထည့်ထားပြီး အလွန်မှ ဂရုတစိုက် ထိန်းသိမ်းထားလေသည်။
ဟုတ်ပါသည်။ သည်တံဆိပ်ခေါင်းများ အားလုံးနီးပါးသည် သည်အချိန်တွင် ခြွင်းချက်မရှိ အဖိုးတန်ဆုံး တံဆိပ်ခေါင်းများပင်။ ‘၁ယွမ်ဟု ရိုက်နှိပ်ထားသည့် စာလုံးငယ်လေးများ’ ပါသည့် အနီရောင်တံဆိပ်ခေါင်းတစ်စုံ၊ တရုတ်ပြည် တောင်နှင့်မြစ်များ အနီရောင် တစ်စုံ၊ ပီကင်းအော်ပရာ အနုပညာသည်များ တံဆိပ်ခေါင်းတစ်စုံ...
ရှမြန်သည် တံဆိပ်ခေါင်းများကို ရေတွက်လိုက်ပြီး ရှားပါး တံဆိပ်ခေါင်းအမျိုးမျိုး ၁၀ခုကို တွေ့လိုက်ရသည်။
ညတွင်းချင်း ချမ်းသာလာတယ်ဆို ဘယ်လို ခံစားချက်လဲဆိုတာ သိရဲ့လား။ ရှမြန်ကတော့ မည်သို့ပင်ဖြစ်စေ သိလေသည်။ သူမသည် အခုတော့ နည်းနည်းလေးပင် ဘဝင်မြင့်ချင်သလို ဖြစ်လာသည်...။
ဒါပေမဲ့ အခု ဘဝင်မြင့်ရမဲ့ အချိန်မဟုတ်သေးဘူး။ ကျန်းချီမင်က ရှချွန်းရဲ့ တံဆိပ်ခေါင်းတန်ဖိုးကို အစကတည်းက သိနေတာဖြစ်ရမယ်။
ကျန်းချီမင်က စွဲလမ်းမြတ်နိုးချင်ဟန်ဆောင်ပြီး ရှအမေ၏ ယုံကြည်မှုကို လှည့်စားခဲ့ပုံကို စဉ်းစားလိုက်မိပြီးနောက် သူမသည် အမှန်ပင် ရွံရှာသလို ခံစားလိုက်ရတော့သည်။
“ဒါက ဘယ်ကနေ ရောက်လာတာလဲ” ရှမြန်က ရှောင်ဖုန်းကို မေးလိုက်၏။
“အမေ့ဟာလေ” ရှောင်ဖုန်းက အလေးအနက် ပြောနေသည်။
“သားရဲ့လူယုတ်မာအဖေက ဘယ်သူမှ ဒါကို မထိရဘူးလို့ပြောထားတယ်”
“ကျန်းချီမင်က သား ဒီကို ရောက်လာပြီးမှ ဒါကို သားကို ပေးထားတာလား၊ ဒါမှမဟုတ် ဒါက အမြဲတမ်း သားရဲ့လက်ထဲမှာ ရှိနေတာလား” ရှမြန်က သေသေချာချာ မေးမြန်းလိုက်၏။
“သား ယူလာခဲ့တာ...”
ရှောင်ဖုန်း၏ ပြန်ပြောပြချက်နှင့် ပေါင်းစပ်လိုက်ပြီး ရှမြန်သည် မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်ထဲက တချို့ကိစ္စများကို ဆွဲထုတ်လိုက်ပြီး ကျန်းချီမင်က အယ်လ်ဘမ်ကို ရှောင်ဖုန်းနှင့် ထားရသည့်အကြောင်းအရင်းကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်၏။
မြို့ငယ်လေးများတွင် နေသည့်လူများသည် အစပိုင်းတွင် တံဆိပ်ခေါင်းများ၏တန်ဖိုးကို မသိကြချေ။ သို့သော် လူနေမှုအဆင့်အတန်း တိုးတက်လာပြီး သတင်းစာနှင့် တီဗီများ လူသိများလာရာ လူများကလည်း ဒါကို တဖြည်းဖြည်း သိလာလိမ့်မည်။
ရှချွန်းကို သိကြသူတိုင်းနီးပါးက သူမသည် တံဆိပ်ခေါင်းများကို စုတတ်မှန်း သိထားကြသည်။
ကျန်းချီမင်သည် အစပိုင်းတွင် ရှအမေထံမှ တံဆိပ်ခေါင်း အယ်လ်ဘမ်ကို အောင်အောင်မြင်မြင် ယူနိုင်ခဲ့သော်လည်း ရှမိသားစုတွင် ငွေလောဘရှိပြီး တခြားသူအပေါ် အခွင့်အရေးယူရာတွင် ဘယ်တော့မှ မကျေနပ်တတ်ကာ တနေ့လုံး မြန်မြန်ချမ်းသာမည့်အရေး အိပ်မက်မက်နေတတ်သည့် ရှမျိုးနွယ် ဦးလေးတစ်ယောက် ရှိသေးသည်။
တစ်နေ့တွင် ဦးလေးရှသည် တံဆိပ်ခေါင်းများကို ငွေအများကြီးဖြင့် ရောင်းချနိုင်ကြောင့် သတင်းစာထဲတွင် မြင်သွားခဲ့ပြီး သူသည် ရှချွန်း၏တံဆိပ်ခေါင်း အယ်လ်ဘမ်ကို ချက်ချင်း မျက်စိကျသွားသည်။ တံဆိပ်ခေါင်းအယ်လ်ဘမ်ကို ကျန်းချီမင် ယူသွားမှန်းသိလိုက်ချိန်တွင် သူသည် ဒါကို အမှန်ပင် ပြန်တောင်းခဲ့မည်။
ကျန်းချီမင်က သူ့ကို ပေးရန် ငြင်းဆန်ခဲ့သဖြင့် ဦးလေးရှက သူ့အဆောင်တွင် လဝက်ကျော်လောက် နေထိုင်ခဲ့ကာ ကျန်းချီမင်က တံဆိပ်ခေါင်းများကို ရောင်းချလေမလားဟု နောက်ကပင် တကောက်ကောက် လိုက်ခဲ့သေးသည်။
ကျန်းချီမင်က တံဆိပ်ခေါင်းများသည် ရှောင်ဖုန်း အမေ၏ အမွေပစ္စည်းဟုဆိုကာ ပစ္စည်းများကို ရှောင်ဖုန်းထံ ချက်ချင်း ပေးထားလိုက်သည်။
ထိုအချိန်တွင် ရှောင်ဖုန်းကသည် ကလေးလေးသာ ရှိသေးကာ သူတစ်ယောက်တည်း မစောင့်ရှောက်နိုင်သဖြင့် သူက ရှောင်ဖုန်းကို သူ့အမေထံတွင် အပ်ထားရသည်။
ထို့ကြောင့် တံဆိပ်ခေါင်းအယ်လ်ဘမ်သည် ကျန်းချီမင်၏ ဇာတိမြို့၊ သလျန်ရှန်းတွင် ရှောင်ဖုန်းနှင့်အတူ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး ပြီးခဲ့သည့်နှစ်ဝက်လောက်က ရှောင်ဖုန်းကို ပြန်ခေါ်လာချိန်မှ ယူပြန်လာခဲ့ခြင်းပင်။
သို့သော် ကျန်းချီမင်သည် ရှမြန်၏အမေက သည်လိုအရေးကြီးသည့်အဆင့်မှ ဆုံးပါးသွားလိမ့်မည်ဟု ကျန်းချီမင်က မျှော်လင့်မထားချေ။
သူသည် ထိုအချိန်က ရှချွန်းအပေါ် ပြသခဲ့သည့် နက်ရှိုင်းသည် ချစ်မေတ္တာနှင့် လတ်တလောနှစ်အတွင်း အဆက်မပြတ် ထုံးစံအတိုင်း လာရောက်လည်ပတ်နေခဲ့ခြင်းကြောင့် သူသည် လေးစားသမှုကို ပြသရန် အမှန်ပင် ပြန်လာခဲ့ရသည်။
ဒါသည် ဒုတိယဦးလေးရှအား သည်ကိစ္စကို တဖန် သတိပေးသလိုဖြစ်သွားပြီး နောက်ထပ် အရှုပ်အထွေးတစ်ခု ဖြစ်သွားတော့သည်။ ဒါသည်လည်း ကျန်းချီမင်က အလျင်စလို မလုပ်ခဲ့သည့် အကြောင်းအရင်း ဖြစ်မည်ထင်သည်။
နောက်ဆုံး ဦးလေးရှသည် အရိုးခဲထားသည့် ခွေးရိုင်းတစ်ကောင်ထက် ငွေကို ပိုပြီးစွဲလန်းလေသည်။ သူသည် တစ်ခါကဆိုလျှင် သူ့အိမ်နီးချင်က ချမ်းသာရေးနည်းလမ်း တစ်ခုလုပ်နေမလားဟု ရှာဖွေရန် သူသည် တစ်လလုံးလုံး နံရံပေါ်တွင် ခြေချကာ ဆောင့်ကြောင့်ထိုင်ပြီး တိတ်တိတ်လေး စောင့်ကြည့်ခဲ့သည်။
ထို့နောက်တွင် တစ်ဖက်လူက နေ့တိုင်း အသားများကို စတင် စားသောက်နေသည်ဟု ကောက်ချက်ချလိုက်ပြီး နောက်ဆုံးတော့ သူသည် တဖက်လူကို တွယ်ကပ်ထားခဲ့ကာ ကြက်မကြီးတစ်ကောင်ကို အမြတ်ထုတ်ခဲ့ပြီးမှ ခဏလောက် ရပ်သွားတော့သည်။
ထိုကြောင့် တံဆိပ်ခေါင်းအယ်လ်ဘမ်သည်လည်း အခုချိန်ထိ ရှောင်ဖုန်းနှင့်အတူ ရှိနေခဲ့ခြင်းပင်။ ရှချွန်းထံမှ ကြီးမားသည့်လျော်ကြေးပမာဏက သူတို့အတွက် သက်သောင့်သက်သာဘဝတစ်ခုကို နေနိုင်ရန် လုံလောက်နေပြီး တံဆိပ်ခေါင်းများကလည်း အချိန်ကြာလာသည်နှင့်အမျှ ပိုပြီးတန်ဖိုးကြီးလာခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ဒါကို ရှောင်ဖုန်းနှင့် ထားလျှင် လုံခြုံနေသည်။ ထို့ကြောင့် သူက အလျင်မလိုခြင်းပင်။
သို့သော် ကျန်းချီမင်၏သတိနှင့် စိတ်ရှည်မှုက သာမန်လူများလို မဟုတ်ကြောင့် သည်ကိစ္စမှ မြင်ကြည့်နိုင်သည်။ သူသည် စာအုပ်ထဲက အဓိကဗီလိန်များထဲက တစ်ယောက်ဖြစ်လာသည်လည်း မဆန်းတော့ချေ။
သို့သော် ဘာအရေးစိုက်ရပါမည်နည်း။
ရှမြန်သည် မနေနိုင်တော့ဘဲ တခိခိ ရယ်မောလိုက်၏။
အချိန်အကြာကြီး သီးခံလာခဲ့ပြီးနောက်တော့ ပစ္စည်းက နောက်ဆုံးတော့ ငါ့လက်ထဲ ရောက်လာခဲ့ပြီလေ။ ဟုတ်တယ်မလား။
ရှမြန်က ရှောင်ဖုန်းကို ဖက်ထားလိုက်ပြီး ‘ငါကွ’ဟု အသံတစ်ချက်ထွက်ကာ ရယ်မောလိုက်ပြီးနောက် ရှောင်ဖုန်းကို ဝေ့ယမ်းလိုက်၏။
“သားရဲ့လူယုတ်မာအဖေတော့ ဒေါသထွက်ပြီး သေသွားတော့မလားပဲ... ဟား ဟား ဟား ဟား...”
....